10905

မာတိကာသို့

ဒိဋ္ဌိ ဝိပ္ပလ္လာသပြုတ်ရေး

ဒိဋ္ဌိဖြစ်ခြင်း၏အကြောင်း ရှစ်ပါး ပါဝင်ပါသည်။

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

ဟောကြားတော်မူသော

ဒိဋ္ဌိ ဝိပ္ပလ္လာသပြုတ်ရေး

ညအလုပ်ပေး တရားတော်

(၄-၁၂-၆၁)

ဝိပ္ပလ္လာသ ဒဏ်ချက်မိလို့

ဒီ ဝိပ္ပလ္လာသတွေ ဟောရခြင်း၏အကြောင်းက ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဝိပ္ပလ္လာသ ဒဏ်ချက်မိလို့ အပါယ်လေးပါးရောက်ရတယ်၊ ဝိပ္ပလ္လာသ ဒဏ်ချက်မိလို့ သုဂတိသို့ရောက်ရတယ်၊ ဝိပ္ပလ္လာသ ဒဏ်ချက်လွတ်မှ နိဗ္ဗာန် ရောက်တယ် ဆိုတော့ ဝိပ္ပလ္လာသသည် သုဂတိ မပို့ဘူးလားဆိုရင် ပို့တယ်လို့ဆုံးဖြတ်ချက်ချ (မှန်ပါ့) ဒုဂ္ဂတိ မပို့ဘူးလား ဆိုရင် ပို့တယ်လို့ဘဲ ဆုံးဖြတ်ချက်ချ၊ အပါယ်လေးပါလဲ သူပို့တာဘဲ (မှန်ပါ့)။

သုဂတိ မပို့ဘူးလားလို့ဆိုတော့ သုဂတိပို့လို့ပေါ့ သောတာပန်မတည်တဲ့ ပုဂ္ဂိုလ်တွေလဲ အချို့မှာ သုဂတိ ရောက်နေကြတာဘဲ၊ နိဗ္ဗာန်ရောက်သလားဆိုတော့ နိဗ္ဗာန်ကိုတော့ဖြင့် သူအမြဲတမ်း ကန့်ကွက်မှာဘဲ (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဝိပ္ပလ္လာသကြောင့် ဪ ဒုဂ္ဂတိ ရောက်နေတာလဲ ဝိပ္ပလ္လာသဘဲ (မှန်ပါ့) သုဂတိရောက်နေတာလဲ (ဝိပ္ပလ္လာသပါပဲ ဘုရား)။

သုဂတိလဲ မကန့်ကွက်ပါဘူး၊ နိဗ္ဗာန်ကျလာတော့ ကန့်ကွက်တယ်၊ ရှင်းကြပလား (ရှင်းပါပြီ)။

ဒါဖြင့် ဒီအရေးဟာ အရေးကြီးတဲ့နေရာ ကန့်ကွက်တယ်လို့ မှတ်ရမယ် (မှန်ပါ့) အရေးမကြီးတဲ့နေရာ ခွင့်ပြုတယ် လို့ မှတ်ရမယ် (မှန်ပါ့ ဘုရား)။

သစ္စာသိတဲ့ပုဂ္ဂိုလ်

ဒါဖြင့် ကျုပ်တို့လိုချင်တာက သစ္စာသိတဲ့ပုဂ္ဂိုလ်က ဒုဂ္ဂတိလဲ မကြိုက်ဘူး၊ သုဂတိလဲ မကြိုက်ဘူး (မှန်ပါ့)။

သစ္စာသိတဲ့ ပုဂ္ဂိုလ်မှန်က (ဒုဂ္ဂတိလဲမကြိုက်ဘူး၊ သုဂတိလဲမကြိုက်ပါ ဘုရား)။

သုဂတိလဲမကြိုက်ဘူး၊ ဒုဂ္ဂတိလဲ မကြိုက်ဘူး၊ သုဂတိလဲ ဒုက္ခသစ္စာ၊ ဒုဂ္ဂတိလဲ ဒုက္ခသစ္စာဘဲ (မှန်ပါ့)။

ဂတိပါနေကတည်းကိုက ဒါ သစ္စာထိုက်သည်လို့ ဆိုတာဆုံးဖြတ်ချက်ချ (မှန်ပါ့)။

ဂတိဆိုတာ လားရာ၊ လားရာပါရင် ဘာဆုံးဖြတ်ချက်ချရမလဲ (သစ္စာထိုက်သည်လို့ ဆုံးဖြတ်ချက် ချရပါမယ်)

သစ္စာထိုက်နေတော့ လားရာပါရင် ဒုက္ခသစ္စာ၊ ရှင်းပလား (မှန်ပါ့)။

လားရာပါရင် (ဒုက္ခသစ္စာပါ ဘုရား)။

အဲဒီတော့ ဒကာ ဒကာမတွေက သုံးနေကြတယ်၊ လားရာဂတိကလေးများမှ ကောင်းရဲ့လား၊ ဒါက သစ္စာမသိတဲ့ လူကပြောတာ (မှန်ပါ့)။

လားရာဂတိကလေးများမှ ကောင်းရဲ့လားလို့ ပြောတဲ့ဥစ္စာ ဘာပြောတာတုံး (သစ္စာမသိတဲ့လူက ပြောတာပါ)။

ဒီ-ဂတိဆိုတာသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် လားရာကို ဆိုပါတယ်၊ သွားရာကို ဆိုပါတယ် (မှန်ပါ့) ဒါဖြင့် ခရီးလမ်းမဆုံးတဲ့ ပုဂ္ဂိုလ်၏အလုပ် (မှန်ပါ့)။

ဘယ်လိုဆုံးဖြတ်ချက်ချမလဲ (ခရီးလမ်းမဆုံးတဲ့ ပုဂ္ဂိုလ်၏ အလုပ်ပါ ဘုရား)။

ခရီးလမ်းမဆုံးတဲ့ ပုဂ္ဂိုလ်၏အလုပ်ဆိုလို့ရှိရင်ဖြင့် သံသရာခရီးသည်ပဲ ပြန်ကျတယ် (မှန်ပါ့ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ)။

ဘာပြန်ကျသလဲ (သံသရာခရီးသည်ဘဲ ပြန်ကျပါတယ်)။

သံသရာခရီးသည်ဆိုလို့ရှိရင်ဖြင့် ဇာတိ ဇရာ မရဏရှိတယ် (မှန်ပါ့)။

ဇာတိ ဇရာ မရဏရှိပြီး သကာလ နေလို့ရှိရင် ခရီးမဆုံးတဲ့ ပုဂ္ဂိုလ်၏ အလုပ်သာ မှတ်ပေတော့ (မှန်ပါ့)။

ခရီးဆုံးပြီးသော ပုဂ္ဂိုလ်

ဒါ့ကြောင့် ဘုရားက-

ဂတဒ္ဓိနော ဝိသောကဿ၊

ဝိပ္ပမုတ္တဿ သဗ္ဗဓိ၊

သဗ္ဗဂန္တ ပ္ပဟီနဿ၊

ပရိဠာဟော နဝိဇ္ဇတိ။(ဓမ္မပါဠိ၊ ၂၆)

ဓမ္မပဒ ပါဠိတော်မှာ ။

ဂတဒ္ဓိနော=ခရီးဆုံးပြီးသော ပုဂ္ဂိုလ်အား၊ ပဋိသန္ဓေနေမှမရှိတဲ့ ပုဂ္ဂိုလ်ဆိုပါတယ်၊ ဝိသောကဿ=သောက ကင်းပါတယ်တဲ့၊ ဝိပ္ပမုတ္တဿသဗ္ဗဓိ=အလုံးစုံသော ဘေးရန်အပေါင်းတို့မှ သူလွတ်ပါတယ်တဲ့၊ သဗ္ဗဂန္တပ္ပဟီနဿ=သူ့ကို နှောင်ဖွဲ့ထားတာတွေ အကုန်ဖြုတ်ပစ်ပါတယ်တဲ့ ဆိုတော့ သညာတွေအကုန်ဖြုတ်ပစ်တယ် (မှန်ပါ့ ဘုရား) ပရိဠာဟော နဝိဇ္ဇတိ=ပူပန်သောက အကုန်ငြိမ်းသွားတယ်တဲ့၊ ဒါ ရဟန္တာဟောလိုက်တာ (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ)။

ဒါဖြင့် လားရာဂတိကလေးများမှ ကောင်းရဲ့လားလို့ဆိုတဲ့ ပုဂ္ဂိုလ်ဟာ သစ္စာမသိတဲ့ပုဂ္ဂိုလ် (မှန်ပါ့)။

လားရာဂတိမှ ကောင်းရဲ့လားဆိုတာ ခင်ဗျားတို့နှုတ်တက်နေတယ် (မှန်ပါ့) နှုတ်မတက်ကြဘူးလား (တက်ပါ တယ် ဘုရား)။

ဘာဖြစ်လို့ နှုတ်တက်နေတာတုန်းမေးရင် ဘယ့်နှယ်ဖြေမလဲ (လားရာဂတိ မသိလို့ပါ ဘုရား)။

သစ္စာမသိတော့ လားရာဂတိ ကောင်းရင်ဖြင့် အင်း-သူကလဲနဂိုက အနေကောင်းသကိုး၊ ဒါ့ကြောင့် အသေ ကောင်းတယ်လို့ ခင်ဗျားတို့ ချီးမွမ်းကြတယ် (မှန်ပါ့ ဘုရား)။

အဲဒီ ရှေးမူတွေက နေ့လယ်က ဖြစ်သလိုဘဲတဲ့ ရှေးမူတွေက နှုတ်တက်ရာပြောပြီး သစ္စာမသိတဲ့ပုဂ္ဂိုလ်တွေက ခေါင်းဆောင်ပြီးထားတော့ ဒါ ဝိပ္ပလ္လာသနယ်က မလွတ်သေးတာကိုပင် အကောင်းလုပ်နေသေးတယ်ဆိုတဲ့ အဓိပ္ပာယ် ပါတယ် (မှန်ပါ့) မဆိုးဝါးဘူးလား (ဆိုးဝါးပါတယ် ဘုရား)။

ဒါဖြင့် ဒီလူတွေ ဘယ်လိုလူတွေတုန်းလို့ မေးကြလို့ရှိရင်ဖြင့် သစ္စာမသိသေးလို့ ပြောမိပြောရာ ပြောနေတာဘဲလို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့ ဘုရား) မဆိုထိုက်ဘူးလား-(ဆိုထိုက်ပါတယ် ဘုရား)။

ဂတိကလေးမှ ကောင်းရဲ့လား

ဒါဖြင့် ဂတိကလေးမှ ကောင်းရဲ့လားလို့ဆိုတဲ့ ပုဂ္ဂိုလ်ဟာ သစ္စာမသိလို့၊ လားရာဂတိ ကောင်းသွားတယ်၊ တော်ပါတယ် တော်ပါတယ်ဆိုပြီး သူတို့ချီးမွမ်းကြတာသည် ဒီဒုက္ခပြီး ဟိုဒုက္ခဆက်တာပဲလို့ မှတ်ရမယ် (မှန်ပါ့ ဘုရား)။

လူဒုက္ခပြီး နတ်ဒုက္ခ ဗြဟ္မာဒုက္ခဆက်တယ်၊ ဆက်တော့ကို ခုနင်က “တယောဘဝေ အဒ္ဓုဠရံဝိယ ဒဋ္ဌဗ္ဗော”လို့ ပြောထားသောကြောင့် ဘုံသုံးပါးဟာ မီးပုံကြီးချည်းပဲလို့ တနေ့ကလဲဟောခဲ့ပြီ၊ ဒီအထဲပြန်ကျတယ် (မှန်ပါ့ ဘုရား)။

ဘယ်ပြန်ကျသလဲ (ဒီအထဲ ပြန်ကျပါတယ် ဘုရား) မီးပုံထဲ ပြန်ကျတယ် (မှန်ပါ့ ဘုရား) အဲ လားရာဂတိ ကောင်းတဲ့ ပုဂ္ဂိုလ်လဲ မီးပုံထဲပြန်ကျတာဘဲ(မှန်ပါ့) လားရာဂတိမကောင်းတဲ့ပုဂ္ဂိုလ်ကော (မီးပုံထဲ ပြန်ကျပါတယ် ဘုရား)။

မီးပုံထဲဘဲ ပြန်ကျတော့ကိုတဲ့ ခရီးဆုံးအောင် လုပ်ကြပါဆိုတာ ဝိပ္ပလ္လာသဆုံးမှ ခရီးဆုံးမယ်လို့ ဒကာ ဒကာမတွေ အားလုံးမှတ်ရမယ် (မှန်ပါ့ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား) ဘာပယ်ရမလဲ (ဝိပ္ပလ္လာသ ပယ်ရပါမယ် ဘုရား)။

ဝိပ္ပလ္လာသ ပယ်တဲ့အလုပ်ကတော့ဖြင့် နေ့တိုင်းလဲ ပြောနေတော့ ဒကာ ဒကာမတွေ သတိထားဖို့ ကောင်းပါ တယ် (မှန်ပါ့)။

ဝိပ္ပလ္လာသ ပယ်နိုင်တာကတော့ကို ဥဒယဗ္ဗယ ဉာဏ်ကစပြီး ဝိပ္ပလ္လာသကို တော်တော် အညွန့်ကျိုးအောင် လုပ်နိုင်တယ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။

ဥဒယဗ္ဗယဉာဏ်ရရင် ဝိပ္ပလ္လာသ အညွန့်ကျိုးပြီး (မှန်ပါ့) ဘာဖြစ်လို့တုန်းဆိုတာတော့ ဘာ-ကြည့်လိုက် ကြည့်လိုက် ဥဒယဗ္ဗယချည်းရှိတာကိုး၊ ဖြစ်မှုနဲ့ ပျက်မှုချည်းရှိတယ် ဆိုကတည်းကိုက ခုနင်က သားဟူသောအမှတ်၊ သမီးဟူသောအမှတ် ဒါတွေ အကုန်ပျောက်ကုန်တယ် (မှန်ပါ့)။

သားဟူသော ခင်မှု သမီးဟူသော ခင်မှုကော (ပျောက်ပါတယ် ဘုရား) သားဟူသော အယူ သမီးဟူသော အယူတွေကော (ပျောက်ပါတယ် ဘုရား)။

အဖြစ်အပျက်ကိုမြင်တဲ့ပုဂ္ဂိုလ် ခရီးဆုံးလမ်း စ,တွေ့တာဘဲ

ပျောက်သွားပြီတဲ့၊ ဒါဘယ်နှယ့်ကြောင့် ပျောက်သွားပါလိမ့်မတုံး၊ ဥဒယဗ္ဗယဉာဏ်ရလို့ (မှန်ပါ့)ဒါကြောင့် ခင်ဗျားတို့ အဖြစ်အပျက်ကိုမြင်တဲ့ ပုဂ္ဂိုလ်များမှာ မည်မျှလောက်ကျေးဇူးများသလဲဆိုရင် ဪ ခရီးဆုံးသွားမည့် ပုဂ္ဂိုလ်မှာ ခရီးဆုံးလမ်း စ,တွေ့တာဘဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ခရီးဆုံးသွားမည့် ပုဂ္ဂိုလ်မှာ (ခရီးဆုံးလမ်း စ,တွေ့ပါတယ် ဘုရား) အင်း ဒီခရီးဆုံးဖို့ရာ အစ,တွေ့ပြီလို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့)၊

အဲဒါကြောင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဘယ်ကျမ်းမှာ ဘယ်နေရာမှာ ဟောဟော ဟေ့ ဥဒယဗ္ဗယ ဆိုတာ ထိုးဖောက်နိုင်ဖို့ အရေးကြီးသကွ၊ ဥဒယဗ္ဗယမြင်အောင် ထိုးဖောက်နိုင်ဖို့ အရေးကြီးသကွ၊ ဒါ နေရာတိုင်းမှာ ပါတယ် (မှန်ပါ့ ဘုရား)။

ဖြစ်ပျက်မြင်ရင် ဖြစ်ပျက်ကို ထိုးဖောက်ပြီး သကာလ မြင်ဖို့ရာ ဒါ အရေးကြီးတယ်ဆိုတာ ခရီးဆုံးလို့သော ပုဂ္ဂိုလ်၏အစတွေ့တာဘဲလို့ မှတ်ပါ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ခရီးဆုံးလိုသော ပုဂ္ဂိုလ် ဘယ်က စ,တွေ့မှ ဆုံးမှာတုံး (ဥဒယဗ္ဗယက စ,တွေ့ရပါမယ်)။

ဥဒယဗ္ဗယဆိုတာ ဒကာ ဒကာမတွေ နားလည်အောင် ဆိုတော့ဖြစ်မှု ပျက်မှုပဲ (မှန်ပါ့) ဖြစ်ပျက်မြင်လို့ရှိရင် ဖြင့် ခရီးဆုံးဖို့ရာ သူ အစ တွေ့ပါပြီ (မှန်ပါ့ ဘုရား)။

ဒါမှ မတွေ့သေးဘူး ဆိုလို့ရှိရင်ဖြင့် ခရီးဆုံးဖို့ရာ အကြောင်း ဒီပုဂ္ဂိုလ်အတွက် မျှော်လင့်ချက်မရှိလို့ မှတ်ပါ-(မှန်ပါ့) သဘောပါကြပလား (ပါပါပြီ)။

ကိုင်း ဒီနေ့ ဟောရမှာက ဝိပ္ပလ္လာသကို ဒိဋ္ဌိဝိပ္ပလ္လာသကို ယနေ့ ဟောမယ်။

ဒိဋ္ဌိ ဝိပ္ပလ္လာသဟာ ခိုင်တယ် မြဲတယ် ကျုပ် နက်ဖြန်လာခဲ့မယ် (မှန်ပါ) ကျုပ် နက်ဖြန်လာခဲ့မယ်လို့ ဒကာ ဒကာမတွေ တယောက်နဲ့တယောက် အချိန်းအချက်ရှိလို့ ပြောကြတဲ့အခါကျလို့ရှိရင် ပြောလေ့ရှိတယ် (မှန်ပါ့ ဘုရား) သဘက်ခါလာခဲ့မယ်လို့ ပြောလေ့ရှိတယ် (မှန်ပါ့ ဘုရား)။

သဿတဒိဋ္ဌိ

ပြောချင်လို့ ပြောတာလားလို့ မေးလို့ရှိရင် ကိုယ့်ခန္ဓာကြီးကို ခိုင်တယ်မြဲတယ်ယူတဲ့ သဿတဒိဋ္ဌိက ပြောတာ (မှန်ပါ ဘုရား) သဘောပါပလား (ပါပါပြီ)။

ဘယ်သူက ပြောတာပါလိမ့် (သဿတဒိဋ္ဌိက ပြောပါတယ် ဘုရား)။

ဒီ အချိန်မှာ သူ ခုနင်က ခဏ ခဏဖြစ်မှုပျက်မှုကို သူနှလုံးမသွင်းဘူး (မှန်ပါ့) နှလုံးမသွင်းတာနဲ့ ပြောရိုးပြောစဉ် အတိုင်းဘဲ ပြောလိုက်ပါတယ် (မှန်ပါ့) နက်ဖြန် လာခဲ့မယ်၊ သဘက်ခါ လာခဲ့မယ်လို့ ဘာဒိဋ္ဌိနဲ့ ပြောတာတုံး (သဿတဒိဋ္ဌိနဲ့ ပြောတာပါ)။

အဲ အဲဒါ ဒိဋ္ဌိဝိပ္ပလ္လာသ (မှန်ပါ့ ဘုရား)။

မခိုင်မမြဲတဲ့ ခန္ဓာကိုယ်ကြီးကို တခါတည်း ကန့်သတ်ရက်တွေ ကန့်သတ်နှစ်တွေနဲ့ ပြောလိုက်တာ (မှန်ပါ့) အရိယာများကတော့ ဒီလို မပြောဘူး (မှန်ပါ့)။

အရိယာများကျတော့ ဒီလို မပြောဘူး၊ အရှင်ဘုရား နက်ဖြန် ဆွမ်းအလှူခံကြွပါ၊ အခန့်သင့်ရင် လာနိုင်ကောင်း ပါရဲ့၊ ဒီလိုဘဲ သုံးတယ် (မှန်ပါ့ ဘုရား) တထစ်ချစကား မသုံးဘူး (မသုံးပါ ဘုရား)။

တထစ်ချစကားကို (မသုံးပါ ဘုရား)။

ဘာဖြစ်လို့ မသုံးသတုံးလို့ မေးတဲ့အခါကျတော့ ဒကာ ဒကာမတွေ ဒိဋ္ဌိခွါပြီးသား အသုံးကိုး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒိဋ္ဌိခွါပြီးသား အသုံးကတော့ အခန့်သင့်ရင် အကြောင်းညီညွတ်ရင် လာနိုင်ကောင်းပါရဲ့ (မှန်ပါ့)။

တနည်းအားဖြင့်လဲ သည်းခံနေလိုက်တယ်၊ သည်းခံနေတာကို မှတ်ပြီး ဒကာ ဒကာမတွေက ဪ ဘုရားဖြင့် ကြွလာမှာဘဲ၊ သူ ဘာမှပြန်မှ မပြောဘဲကိုး (မှန်ပါ့) ပြောထိုက်တဲ့ စကားကို ပြောပြန်လို့ရှိရင်လဲ အခန့်သင့်ရင် လာနိုင်ကောင်းပါရဲ့ (မှန်ပါ့)။

ဘာသံဆိုတာကော ရိပ်မိကြပလား (ရိပ်မိပါပြီ) ဝိပ္ပလ္လာသခွါပြီးတဲ့ အသံ (မှန်ပါ့ ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ)။ ဘယ်လိုများသုံးပါလိမ့် (ဝိပ္ပလ္လာသခွါပြီးတဲ့ အသံပါ ဘုရား)။

အဲ ခွါပြီးတဲ့အသံဆိုတော့ သူတို့မှာ ဒကာ ဒကာမတွေငဲ့ပြီး သကာလ လိုက်ရငြားသော်လဲ သူ့ခန္ဓာ အကြောင်း သူသိပြီးသားဖြစ်နေတော့ အခန့်သင့်ရင် လာနိုင်ကောင်းပါရဲ့ဆိုတော့ ခင်ဗျားတို့လိုဆက်ဆက်လာခဲ့ ပါမယ် ဗျာဆိုတာ မသုံးဘူး (မှန်ပါ့) သုံးရဲ့လား (မသုံးပါ ဘုရား)။

ခင်ဗျားတို့ကတော့ ဘယ်လိုသုံးလေ့ရှိသတုံး (ဆက်ဆက်လာပါမယ်)။

ခင်ဗျား စိတ်ချရပါ့မလားဆို-အို မင်းစိတ်သာချ၊ ဆက်ဆက်လာမယ်၊ မလာမရှိဘူးကွ (မှန်ပါ့) အမလေး အတော်သုံးချလိုက်တယ် (မှန်ပါ့ ဘုရား)။

ဘယ့်နှယ်ကြောင့်တုံး ဆိုတော့ ဝိပ္ပလ္လာသက ရှိနေတယ်၊ ဒိဋ္ဌိဝိပ္ပလ္လာသရှိနေတယ် (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပါပြီ ဘုရား)။

ဘာပေါ်သတုံး (ဒိဋ္ဌိဝိပပ္ပလ္လာသရှိနေလို့ပါ ဘုရား)။

အဲ ဒိဋ္ဌိဝိပပ္ပလ္လာသရှိနေတော့ ဒိဋ္ဌိသံကြီးရှင်း ထွက်လာတယ် (မှန်ပါ့) ဒိဋ္ဌိသံကို တခါတည်း လာတာဘဲဆိုတဲ့ ဥစ္စာ ဒါအမှတ်တမဲ့ ပြောလိုက်တာလားလို့ အဟုတ်ကို ပြောလိုက်တာလားလို့ မေးရင် ခင်ဗျားတို့ ဒိဋ္ဌိပေါ်လာလိမ့်မယ် (ပေါ်ပါတယ် ဘုရား)။

အမှတ်တမဲ့ ပြောလိုက်တာလား-အဟုတ်ကိုပြောလိုက်တာလား (အဟုတ်ကို ပြောလိုက်တာပါ) ဒါဖြင့် ဒိဋ္ဌိဘဲ (မှန်ပါ့) သေချာပလား (သေချာပါပြီ)။

အမှတ်တမဲ့ ပြောတယ်ဆိုရင်တော့ဖြင့် အင်း သတိလွတ်ကင်းတယ်ဆိုစရာ ရှိသေးတယ်၊ ဆက်ဆက်လာ ပါ့မယ်ဆိုတော့ ဒိဋ္ဌိသံပါနေတယ် (မှန်ပါ့) မပါဘူးလား (ပါ-ပါတယ် ဘုရား)။

ဘုရားအရိယာတွေဟာ ဒီလိုသုံးသလား (မသုံးပါ ဘုရား)။

မသုံးဘူးတဲ့၊ အကြောင်းညီညွတ်ရင် လာနိုင်ကောင်းပါရဲ့၊ ဒီလိုသာသုံးလေ့ရှိတယ် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါဘာသံဆိုတာ (ဒိဋ္ဌိခွါပြီးတဲ့အသံပါ) ဒိဋ္ဌိဝိပပ္ပလ္လာသကင်းတဲ့အသံ (ဒိဋ္ဌိခွါပြီးတဲ့အသံပါ) ဒိဋ္ဌိဝိပပ္ပလ္လာသ ကင်းတဲ့အသံ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒိဋ္ဌိဝိပပ္ပလ္လာသ အသံသည် ခိုင်တယ် မြဲတယ်လို့ ယူလေ့ရှိပါတယ်တဲ့၊ ပေါ်ကြပလား (ပေါ်ပါပြီ)။

ဒိဋ္ဌိဘယ်ကလာသတုန်း

အဲဒီ ဒိဋ္ဌိဟာ ဘယ်ကလာတုန်းလို့ မေးဖို့လိုပါတယ် (မှန်ပါ့) ဒိဋ္ဌိကဘယ်ကလာသတုန်းဆိုတော့ ဒကာ ဒကာမတို့ ခန္ဓာအမြင်မှားမှုက လာတယ် (မှန်ပါ့)။

ဒိဋ္ဌိဘယ်ကလာသတုန်း (ခန္ဓာအမြင်မှားမှုက လာပါတယ်) ခန္ဓာအမြင်မှားမှုကလာတယ်လို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့)။

ခန္ဓအမြင်မှားမှုက လာတယ်၊ ဘာ့ကြောင့်တုန်း ဆိုလို့ရှိရင်ဖြင့်တဲ့ ဒီခန္ဓာကြီးဟာ ခိုင်တယ်၊ မြဲတယ် တည်တံ့တယ် ဆိုတဲ့ အယူမှားကြီးက မခိုင်မမြဲတာကို ခိုင်တယ် မြဲတယ်ဆိုတဲ့ အယူမှားကလာတာ (မှန်ပါ့)။

ဒိဋ္ဌိဝိပပ္ပလ္လာသသည် ဒကာ ဒကာမတို့ သူ့ပင်ကိုယ့်သဘောက ခိုင်တယ် မြဲတယ်ဆိုတာ သူဒိဋ္ဌိဝိပပ္ပလ္လာသဘဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါကြောင့် ဧကန်အနေဖြင့် ဟို-နှစ်ကျရင် ဘာဖြစ်လိမ့်မယ်၊ ဒီ-နှစ်ကျရင် ဘာဖြစ်လိမ့်မယ်၊ ဟိုလ,ကျတော့ ဘယ်ဈေးဟာ လိုက်တတ်တယ်၊ ဟိုလ, ကျလို့ရှိရင် ဘယ်ကုန်က ဘာပြတ်လို့ ဘယ်ရက်က ဘာပေါ်လာပြီး ဘယ်လို အရောင်းအဝယ်မှာ ဖွဲ့ဖြိုးတတ်တယ် အစရှိသည်နဲ့ဟာ အဲဒါ ဒိဋ္ဌိသမား၏အတွေးလုံးတွေ (မှန်ပါ့ ဘုရား) ရိပ်မိကြပလား (ရိပ်မိပါပြီ)။

ဘယ်သူ၏ တွေးလုံးတုန်း (ဒိဋ္ဌိသမား၏ တွေးလုံးတွေပါ ဘုရား)။

ဒိဋ္ဌိသမား၏ တွေးလုံးဆိုတာ ခင်ဗျားတို့က တွေးနေတော့ ကိုယ့်အတွေးနဲ့ ကိုယ်တော့ဟုတ်နေတာဘဲ၊ ဘယ်သူက ဝင်ပြီး အုပ်ချုပ်နေတယ်ဆိုတာ ဖြုန်းကနဲ မရိပ်မိပါဘူး (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ဒိဋ္ဌိကဝင်အုပ်ချုပ်နေ တယ် (မှန်ပါ့)။

တွေးလုံးပေါ်မှာ (ဒိဋ္ဌိက ဝင်အုပ်ချုပ်နေပါတယ်) ဒိဋ္ဌိကဝင်အုပ်ချုပ်နေလို့ သူဟာ ဒါ့ကြောင့် တချို့ ဒကာ ဒကာမတွေ ပြောကြတယ်၊ ဪ မသေမည့်ပုံဘဲ လုပ်နေလိုက်တာ (မှန်ပါ့) မပြောကြဘူးလား (ပြောကြပါတယ်)။

မသေမည့်ပုံလုပ်နေတာဘဲ

ပြောကြတယ်တဲ့၊ အဲ့ဒီပြောတဲ့စကားထဲမှာ တော်တော်ကလေးအဖိုးတန်တယ်လို့ မောင်သစ်တို့ ဆုံးဖြတ်ချက်ချ (မှန်ပါ့)။

တော်တော်အဖိုးတန်တယ်၊ မသေမည့်ပုံလုပ်နေတာဘဲ-ဆိုတော့သူဟာ ဒိဋ္ဌိတော့ လုံးလုံးပြုတ်လို့တော့ မဟုတ်ဘူး၊ မရဏာနုဿတိ ကလေးပါတယ် (မှန်ပါ့ ဘုရား) မပါဘူးလား (ပါပါတယ် ဘုရား)။

မရဏာနုဿတိကလေးပါတဲ့အတွက်တဲ့ သူ့မှာ ဒိဋ္ဌိကို သတ်ဖို့ရာ အရိပ်ကငွေ့ကလေးလောက်တော့ ပါတယ် (မှန်ပါ့ ဘုရား)။

ကဲ ဒါဖြင့် ဒိဋ္ဌိဆိုတဲ့ ဥစ္စာသည်ကားလို့ ဆိုလို့ရှိရင် ဝိပ္ပလ္လာသဘဲ၊ ဝိပ္ပလ္လာသလို့ သူ့ထည့်ပါ၊ မခိုင်တာကို ခိုင်တယ် အယူက ရှိနေတယ် (မှန်ပါ့)။

အဲဒီတော့ မခိုင်တာကို ခိုင်တယ်ယူထားပြန်တော့ ယူတာက ဒိဋ္ဌိ၊ ဝိပ္ပလ္လာသက ဖောက်ပြန်တယ်၊ ဖောက်ပြန်ပြီး ယူထားတယ် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဖောက်ပြန်ပြီးယူထားတာ ဘာပါလိမ့် (ဒိဋ္ဌိဝိပ္ပလ္လာသပါ) ဒိဋ္ဌိဝိပ္ပလ္လာသလို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့)။

ဖောက်ပြန်ပြီးယူထားတာ (ဒိဋ္ဌိဝိပ္ပလ္လာသပါ) ဒိဋ္ဌိဝိပ္ပလ္လာသလို့ မှတ်လိုက်စမ်းပါ တဲ့။

အဲဒီ ဒိဋ္ဌိဝိပ္ပလ္လာသကို ပဏ္ဏာသ အဋ္ဌကထာ ဆရာက ဘယ်လိုဥပမာ ပြသတုန်းလို့ မေးတဲ့အခါကျလို့ရှိရင် ဖြင့်တဲ့ ဒီ-ခန္ဓာကြီးကို သူ ငါ့သဘောလိုက်တယ်လို့ ယူထားတယ်၊ ဒီခန္ဓာကြီးဟာ ငါသွားချင်သွားနိုင်တာဘဲ၊ ငါ ပြောချင် ပြောနိုင်တာဘဲ၊ ငါဆိုချင် ဆိုနိုင်တာဘဲ ဆိုပြီး သကာလ ခန္ဓာနဲ့ ငါနဲ့ဟာ တသားတည်းဖြစ်နေတယ် (မှန်ပါ့)။

ခန္ဓာနဲ့ ငါနဲ့ တသားတည်းဖြစ်နေတယ်

ခန္ဓာနဲ့ ငါနဲ့ (တသားတည်း ဖြစ်နေပါတယ် ဘုရား)။

တသားတည်း ဖြစ်နေတယ်တဲ့၊ အဲဒီတော့ကိုတဲ့ ခန္ဓာနဲ့ ငါနဲ့တသားတည်းဖြစ်နေတဲ့အတွက် ငါက ဒိဋ္ဌိ၊ ခန္ဓာက-ခန္ဓာ၊ ဒီ-ခန္ဓာကြီးကို ငါ မှီနေတယ်ဆိုတဲ့ အဓိပ္ပာယ် မပါဘူးလား (ပါပါတယ် ဘုရား)။

ဒါဖြင့် ဒိဋ္ဌိဘယ်က လာသတုံး-ခန္ဓာကလာတယ် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ)။

ဒိဋ္ဌိဘယ်က လာသတုန်း (ခန္ဓာက လာပါတယ် ဘုရား) ခန္ဓာက လာတယ်ဆိုတာ သဘောကျပလား (ကျပါပြီ)။

ကောင်းပြီတဲ့၊ ဒါဖြင့် ခန္ဓာသည်ကားလို့ဆိုရင် ဒကာ ဒကာမတွေ သိတဲ့အတိုင်း အနိစ္စ ဒုက္ခ အနတ္တဆိုတာ ခဏ-ခဏဖောက်ပြန်ပျက်စီးနေတဲ့ သဘောရှိတယ် (မှန်ပါ့)မရှိဘူးလား (ရှိပါတယ် ဘုရား)။

ဉာဏ်နဲ့ ကြည့်လိုက်ရင် ရှိပါတယ်၊ ရှိပင် ရှိငြားသော်လဲ ဒီခန္ဓာကြီးကို သူသည်ကားလို့ဆိုရင် ခိုင်တယ်မြဲတယ်လို့ ဒိဋ္ဌိက စွဲထားတော့ ခန္ဓာနဲ့ ငါနဲ့ဟာ ရောနေတယ် (ရောနေပါတယ် ဘုရား)။

အဲဒီတော့ ခန္ဓာ့ဖြစ်စဉ်-ငါ့ဖြစ်စဉ်၊ ငါ့ ဖြစ်စဉ်က အခိုင်၊ ခန္ဓာဖြစ်စဉ်က မခိုင် (မှန်ပါ့) မခိုင်တာနဲ့ ဒကာ ဒကာမတို့ ခိုင်တယ်တဲ့ ဒိဋ္ဌိနဲ့ရောနေတယ် (မှန်ပါ့ ဘုရား) မရောဘူးလား (ရောပါတယ် ဘုရား)။

ရောပြီး သကာလ နေတော့ ဒကာ ဒကာမတွေမှာ ဖောက်ပြန်နေတယ် (မှန်ပါ့) ဖောက်ပြန်တာက ဘယ်လို ဖောက်ပြန်တာတုန်း၊ နောက် ဒီ-ခန္ဓာကြီးက ဖျတ်ဆို မခိုင်တဲ့ဘက် ရောက်သွားတော့ ဒိဋ္ဌိကလဲ ခိုင်တယ်ယူထားတော့ တခါတည်း ငိုခြင်းချကြတာဘဲ (မှန်ပါ့)။

ဘာဖြစ်လို့ ငိုခြင်းချသတုန်းလို့ မေးတဲ့အခါကျတော့ နဂိုဝိပ္ပလ္လာသက ချခိုင်းတာလို့ မှတ် (မှန်ပါ့ ဘုရား)။

ငိုခြင်းချတာကို (ဝိပ္ပလ္လာသက ချခိုင်းပါတယ်)။

အဲ ဝိပ္ပလ္လာသရှိနေရင် သောက ပရိဒေဝ ဒုက္ခ ဒေါမနဿလာရမယ် (မှန်ပါ့ ဘုရား)။

ဝိပ္ပလ္လာသရှိနေရင် (သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ လာရပါမယ် ဘုရား)။

သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ လာလို့ရှိရင် မှတ်လိုက် အဝိဇ္ဇာလာရမယ် (မှန်ပါ့ ဘုရား)။

အဝိဇ္ဇာလာလို့ရှိရင် အဝိဇ္ဇာ ပစ္စယာ သင်္ခါရာက (လာပါတယ် ဘုရား)။

ဝိပ္ပလ္လာသကနေပြီး ပဋိစ္စသမုပ္ပါဒ်ဆက်တာ-(မှန်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။

ဘယ်ကနေဆက်လိုက်သလဲ (ဝိပ္ပလ္လာသကနေပြီးဆက်လိုက်ပါတယ် ဘုရား)။

အဲဒီတော့ ဝိပ္ပလ္လာသဟာ သာမည ပြောတော့ကို ဒါလောက် အကျိုးပေး တက်လှမည်လို့ မထင်လှဘူး-နော် (မှန်ပါ့) အခုတော့ဖြင့် ဝိပ္ပလ္လာသရှိတဲ့ ပုဂ္ဂိုလ်ဟာ နဂိုက ဒီ-ခန္ဓာကြီးကို ကျားကိုးစီး စားပစ်လို့ မကုန်ဘူး၊ ခိုင်လိုက်တာ တောင့်လိုက်တာ အစရှိသည်နဲ့ ယူထားတယ်၊ နောက် ဒီ-ခန္ဓာကြီးဟာ ဖောက်ပြန် ပျက်စီးသွားတဲ့အခါကျတော့ ဒီလို ဖြစ်လိမ့်မယ်လို့ မလာဘူးလား လာသလား (လာပါတယ် ဘုရား)။

ဒီလိုဖြစ်လိမ့်မယ် မထင်ဘူးဆိုတော့ကို ဘယ်ကလာတာတုန်းဆိုလို့ရှိရင် သောက ပရိဒေဝက လာသည်၊ မလာဘူးလား (လာပါတယ် ဘုရား) သောက ပရိဒေဝလာရင် ဒုက္ခ ဒေါမနဿက (လာပါတယ် ဘုရား) ဒုက္ခ ဒေါမနဿ လာလို့ ရှိရင် အဝိဇ္ဇာက တွဲသလား မတွဲသလား (တွဲပါတယ် ဘုရား) သူက သဟဇာတကိုး (မှန်ပါ့)။

အဝိဇ္ဇာ ပစ္စယာ သင်္ခါရာလမ်း ပြန်ရောက်သွားပြီ

သဟဇာတ လုပ်တွဲလိုက်တော့ ဪ ဒကာ ဒကာမတို့ အဝိဇ္ဇာ ပစ္စယာ သင်္ခါရာလမ်း ပြန်ရောက်သွားပြီ (မှန်ပါ့ ဘုရား)။

အဝိဇ္ဇာ ပစ္စယာ သင်္ခါရာလမ်း ပြန်ရောက်တာသည် ရောက်ချင်လို့ ရောက်တာလားလို့ မေးတဲ့အခါကျလို့်ရှိရင် ဖြင့်တဲ့၊ ဒိဋ္ဌိဝိပ္ပလ္လာသကြောင့်ရောက်တာ (မှန်ပါ့ ဘုရား)။

ဘယ်လိုဆိုကြမယ် (ဒိဋ္ဌိဝိပ္ပလ္လာသကြောင့် ရောက်ရတာပါ ဘုရား)။

ဒိဋ္ဌိဝိပ္ပလာသကြောင့် ရောက်တာ သေချာပလား (သေချာပါပြီ ဘုရား)။

ဒါဖြင့် မြို့ထဲ ရွာထဲမှာ အကြောင်းကိစ္စရှိရင် ဟိုမှာလဲ အသံအမျိုးမျိုးထွက်၊ ဒီမှာလဲ အသံအမျိုးမျိုးထွက်၊ မြို့ထဲရွာထဲမှာ နှိပ်စက်နေတာ၊ အသုဘတွေ တွေ့တိုင်း-တွေ့တိုင်း နှိပ်စက်နေတယ်၊ ဝေဒနာတွေ ရတိုင်း-ရတိုင်း နှိပ်စက်နေတယ်၊ သောက ပရိဒေဝတွေ ဘယ့်နှယ်နေကျသတုန်း ကျုပ်ဖြင့် စိတ်မအေးပါဘူး၊ ဘယ့်နှယ်ဖြစ်သွားသတုံး၊ စိတ်ကိုမချသေးပါဘူး-အစရှိသည်နဲ့ ဘယ်ကလာကြတာတုံး၊ စိတ်မချတာ စိတ်မအေးရတာတို့ ဘယ်ကလာကြ တာတုံး (ဒိဋ္ဌိဝိပ္ပလ္လာသက လာပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒိဋ္ဌိဝိပ္ပလ္လာသမရှိလို့ရှိရင် သူလာပါ့မလား (မလာပါဘူး ဘုရား)။

ဒိဋ္ဌိဝိပ္ပလ္လာသရှိတဲ့ ပုဂ္ဂိုလ်ဖြင့် စိတ်မအေးရဘူး၊ စိတ်မချရတာနဲ့ ဒကာ ဒကာမတို့ သိတဲ့အတိုင်းတဲ့၊ ဪ ဝိပ္ပလ္လာသဟာ သောကကို ဖြစ်စေနိုင်တယ် (မှန်ပါ့ ဘုရား) ပရိဒေဝကို (ဖြစ်စေနိုင်ပါတယ်) ဒုက္ခဒေါမနဿကို (ဖြစ်စေ နိုင်ပါတယ်) ဖြစ်စေနိုင်တယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ)။

ဒါဖြင့် ပဋိစ္စသမုပ္ပါဒ်ကို လည်စေနိုင်တယ်ဆိုတာ (ပေါ်ပါပြီ ဘုရား)။

သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသ လာတဲ့အခါကျတော့ ပဋိစ္စသမုပ္ပါဒ် အဆုံးကနေ ပြန်ပတ်ပါတယ် (မှန်ပါ့)။

ဦးသံဒိုင် ဘယ့်နှယ်နေသတုံး (အဆုံးကနေ ပြန်ပတ်ပါတယ် ဘုရား)။

သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ရှိတဲ့ပုဂ္ဂိုလ်ဟာ မသိတဲ့ အဝိဇ္ဇာအုပ်ချုပ်နေတယ်ဆိုတာ ငြင်းနေဖို့ လိုသေးသလား (မလိုပါ ဘုရား) မလိုတော့ အဝိဇ္ဇာ ပစ္စယုာ သင်္ခါရာ သူပြန်မပတ်ဘူးလား (ပတ်ပါတယ် ဘုရား)။

အဲဒါ ဒကာ ဒကာမတွေ ဒီ-အဝိဇ္ဇာ ပစ္စယာ သင်္ခါရာဆိုတဲ့ ပဋိစ္စသမုပ္ပါဒ်ဟာ ဘယ်ကလာတာတုံးလို့ မေးလို့ ရှိရင်ဖြင့် ဒိဋ္ဌိဝိပ္ပလ္လာသက ဆက်ပေးလိုက်တာ (မှန်ပါ့ ဘုရား) ရှင်းကြပလား (ရှင်းပါပြီး ဘုရား)။

ဘယ်ကလာတာတုံး (ဒိဋ္ဌိဝိပ္ပလ္လာသက ဆက်ပေးတာပါ ဘုရား)။

ဗျသနတွေ တွေ့ပြီဆိုကြပါစို့

ဒါဖြင့် မြို့ထဲရွာထဲမှာဖြစ်စေ တိရစ္ဆာန်တွေမှာ ဖြစ်စေ၊ အင်း-သားသေလို့ သမီးသေလို့ ဆွေမျိုးပျက်စီးလို့ ဗျသနတွေ တွေ့ပြီဆိုကြပါစို့၊ ဉာတိ ဗျသနတို့ ဘောဂ ဗျသနတို့ ရောဂဗျသနတို့ တွေ့ပြီဆိုကြပါစို့၊ ပျက်စီးတဲ့သဘောတွေ တွေ့ပြီဆိုကြပါစို့၊ ဦးသံဒိုင်-ဟင် (မှန်ပါ့ ဘုရား) တခါတည်း သောက ပရိဒေဝ မလိုက်ဘူးလား-လိုက်သလား (လိုက်ပါတယ် ဘုရား) လိုက်ရင် အဝိဇ္ဇာပါ-မပါ (ပါပါတယ် ဘုရား) ပါလို့ရှိရင် ပဋိစ္စသမုပ္ပါဒ် ဆက်-မဆက် (ဆက်ပါတယ် ဘုရား)။

ဟ ဘယ်သူက စ,ပေးလိုက်တာပါလိမ့် (ဒိဋ္ဌိဝိပ္ပလ္လာသက စ,ပေးပါတယ် ဘုရား)။

အဲ ဘယ်လောက်ကြောက်စရာ ကောင်းသတုံး (မှန်ပါ့) မပေါ်ကြသေးဘူးလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဒီ-ဒိဋ္ဌိဝိပ္ပလ္လာသရှိတဲ့ ပုဂ္ဂိုလ်ဟာ အပါယ်မှလွတ်ပါ့မလားလို့ မေးလို့ရှိရင် ဘယ့်နှယ်ဖြေကြမလဲ (မလွတ်ပါ ဘုရား)။

မလွတ်တော့ဘူး-တဲ့၊ ဒါတွေက သီလရှိပြီး သကာလ သီလနဲ့ ငိုနေ (မှန်ပါ့) သီလကငိုလို့တော့ ဒါလောက် မပျက်လှပါဘူး ညှိုးရုံဘဲရှိမယ် (မှန်ပါ့)။

ဒါနလုပ်နေတာလဲ လုပ်သာလုပ်၊ ငိုရင်းပဲ ချက်ကြ-ပြုတ်ကြ၊ ကိစ္စမရှိပါဘူး-တဲ့၊ ဒါနလဲ မြောက်တာပါဘဲ၊ သီလလဲ ထိုက်တန်သလောက် ပြည့်စုံတာပါဘဲလို့ ဦးသံဒိုင် ဆိုသာဆို (မှန်ပါ ဘုရား)။

သို့သော် မနောကံအနေနဲ့ ပြောရရင်တော့ဖြင့် အပါယ်ပို့နေပြီ (မှန်ပါ့ ဘုရား)။

ဘယ့်နှယ်ဆိုကြမယ်-(မနောကံအနေဖြင့်ပြောရင် အပါယ်ပို့နေပါတယ် ဘုရား)။

မနောကံအနေကတော့ အပါယ်ပို့နေပြီဆိုတော့ အဝိဇ္ဇာပစ္စယာ သင်္ခါရာကို ဘယ်သူငြင်းနိုင်သေးသတုန်း (မငြင်းနိုင်ပါ ဘုရား)။

မငြင်းနိုင်ဘူး၊ ဖြစ်စဉ်ကို ကိုက်နေတယ် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ဝိပ္ပလ္လာသ မပယ်နိုင်သေးသ၍ ကာလပတ်လုံး အပါယ်လွတ်ရေး ကျွတ်ရေး မရှိသေးဆိုတဲ့ဥစ္စာ မှတ်ထားပါ (မှန်ပါ့ ဘုရား)။

အပါယ် လွတ်ရေး ကျွတ်ရေး (မရှိပါ ဘုရား)။

မရှိသေးဘူးဆိုတော့ ဪ ဒါဖြင့် ဒီ-ဝိပ္ပလ္လာသဖြင့် လက်သည်တွေ့ပြီ၊ ဒိဋ္ဌိဝိပ္ပလာသကြောင့် သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ လာတယ်၊ သူလာလို့ အဝိဇ္ဇာ သင်္ခါရ ပြန်ဖြစ်ရတယ် (မှန်ပါ့) ရှင်းကြပလား(ရှင်းပါပြီ)။

ဒါဖြင့် ဘယ့်နှယ်လုပ်ကြမှာတုန်း ဒိဋ္ဌိပြုတ်အောင် လုပ်ရလိမ့်မယ် (မှန်ပါ့ ဘုရား) သဘောပါကြလား (ပါပါတယ် ဘုရား)။

ဒိဋ္ဌိပြုတ်မှ၊ ဒိဋ္ဌိဆိုတာ ဝိပ္ပလ္လာသဘဲ (မှန်ပါ့) မိစ္ဆာဒိဋ္ဌိကိုး-(မှန်ပါ့)။

ကဲ ဒါဖြင့် ဒိဋ္ဌိဝိပ္ပလ္လာသပြုတ်မှ ဖြစ်မယ်ဆိုတဲ့ အဓိပ္ပာယ်လဲ ရှင်းသွားပါပြီ (ရှင်းသွားပါပြီ ဘုရား)။

သောတာပန် အပါယ်လွတ်တာ ဘယ့်နှယ်ကြောင့်ပါလိမ့်

ဒါဖြင့် သောတာပန် အပါယ်လွတ်တာ ဘယ့်နှယ်ကြောင့်ပါလိမ့်-သူပြုတ်တာ (မှန်ပါ့ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ)။

သောတာပန် အပါယ်လွတ်သွားတာ (ဒိဋ္ဌိဝိပ္ပလ္လာသ ပြုတ်သွားလို့ပါ ဘုရား)။

ဒိဋ္ဌိဝိပ္ပလ္လာသပြုတ်တော့ကို ဥပမာ လူတစ်ယောက်က ဖျတ်ကနဲ ရောဂါရတယ်၊ ရောဂါရပြီး သကာလ နေတော့ ခုနင်က ဖြစ်မှဖြစ်ရလေခြင်းတွေ ဘာတွေ လာသေးရဲ့လား (မလာပါ ဘုရား)။

မလာတော့ဘူး ဆိုတော့ အဝိဇ္ဇာကကော လာနိုင်သေးသလား (မလာနိုင်ပါ ဘုရား)။

မလာနိုင်တော့ ပဋိစ္စသမုပ္ပါဒ်က အဆက်ပြတ်သွားတယ် (မှန်ပါ့) ဒိဋ္ဌိက စပြတ်လို့ သွားပြတ်တယ် (မှန်ပါ့) ဒိဋ္ဌိကမပြတ်ရင် (မပြတ်ပါ ဘုရား) မပြတ်ဘူးဆိုတာ ပေါ်လာကြပြီ (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဒီ ဒိဋ္ဌိဟာ တော်တော်အရေးကြီးတယ်၊ သူကိုတော်လှန်ပစ်ဖို့ရာ အရေးဟာဖြင့် မသေးလှဘူးဆိုတဲ့ ဥစ္စာဖြင့် ဦးသံဒိုင်တို့ သေသေချာချာမှတ်ရမယ် (မှန်ပါ့ ဘုရား) မမှတ်ထိုက်ဘူးလား (မှတ်ထိုက်ပါတယ် ဘုရား)။

သူက အဝိဇ္ဇာပစ္စယာ သင်္ခါရာကျအောင် ကျေးဇူးပြုတယ် (မှန်ပါ) ဒါကလဲ အခု တရား အရည်လည်သွားလို့ သာလျင် ဒိဋ္ဌိ ဝိပ္ပလ္လာသက အခုထပ်ပြောပါဦးမယ်တခေါက်၊ ကိုယ့်သမီးကလေး ကိုယ်ခိုင်တယ် ထင်တယ်၊ ကိုယ့်သား ကလေးကိုယ်ခိုင်တယ်ထင်တယ်၊ ခိုင်ရာကနေပြီး မခိုင်တဲ့ သဘောရောက်သွားတော့ အမေမိဘမှာ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿရောက်မရောက် (ရောက်ပါတယ် ဘုရား)။

ရောက်လို့ရှိရင် သောက ပရိဒေဝ ဒုက္ခ ဒေါမနဿထဲမှာ အဝိဇ္ဇာက ပါ-မပါ (ပါပါတယ် ဘုရား) ပါလို့ရှိရင် အဝိဇ္ဇာကတော့ သူဆက်ရမဲ့ ဝတ္တရားအတိုင်း (မှန်ပါ့)။

အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ ဆက်ရမယ် (မှန်ပါ့) သင်္ခါရ ပစ္စယာ ဝိညာဏံ (ဆက်ရပါမယ်)ဟ ဒါဖြင့် ဒီ အဝိဇ္ဇာ ဘယ်ကလာသတုန်း ဒိဋ္ဌိကလာတယ် (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒီ အဝိဇ္ဇာ ဘယ်က လာသတုန်း (ဒိဋ္ဌိက လာပါတယ် ဘုရား)။

ဒိဋ္ဌိကလာတယ်၊ ဒိဋ္ဌိကလာလို့ အဝိဇ္ဇာပစ္စယာ သင်္ခါရာဆိုတဲ့ ပဋိစ္စသမုပ္ပါဒ်ကြီး ပေါ်ပေါက်ပြီး သကာလ သင်္ခါရ ပစ္စယာ ဒီညာဏ’ ဆိုတဲ့ အပါယ်ဝိညာဏ်တွေ ပေါ်လာတယ် (မှန်ပါ့ ဘုရား)။

အင်း ဘယ်သူက စ,ပေးလိုက်သတုန်း ဒိဋ္ဌိက စ-ပေးလိုက်ပါတယ်ဘုရား၊ ဒိဋ္ဌိမှာလဲ ဝိပ္ပလ္လာသ၊ ဒိဋ္ဌိ ဝိပ္ပလ္လာသ ကလာတာ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒီမျက်ရည် ဘယ်သူပေးတာပါလိမ့်

ဘယ်က လာသတုန်း (ဒိဋ္ဌိဝိပ္ပလ္လာသက လာပါတယ် ဘုရား) ဪ ဒါဖြင့် မျက်ရည်ပေးလေသမျှ ဒိဋ္ဌိ ဝိပ္ပလ္လာသကဘဲ (မှန်ပါ့ ဘုရား)။

ဘယ်အိမ်မှာဖြင့် မျက်ရည်နဲ့ မျက်ခွက် ဖြစ်နေတယ်လို့ ဦးသံဒိုင် မြင်ဘူးပါပြီ (မှန်ပါ့) ကြားကော (ကြားဘူးပါပြီ ဘုရား)။

အင်း ဒီမျက်ရည် ဘယ်သူပေးတာပါလိမ့် (ဒိဋ္ဌိဝိပ္ပလ္လာသက ပေးတာပါ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဪ ဒိဋ္ဌိဝိပ္ပလ္လာသသည် သောက ပရိဒေဝဆိုတဲ့ မျက်ရည်တွေကို သူပေးတတ်တယ်ဆိုတဲ့ဥစ္စာဖြင့် ရှင်းသွား ပါပြီ (မှန်ပါ့)။

နဂိုကခိုင်တယ်ဟူသော အမှတ်ကထားတော့ ဖျတ်ကနဲမခိုင်တဲ့ အနတ္တလဲပြလိုက်ကရော ဒိဋ္ဌိက မကျေနပ်ဘူး (မှန်ပါ့) ကျေနပ်ကဲ့လား (မကျေနပ်ပါ ဘုရား)။

မကျေနပ်တာသည် ဘာဖြစ်လို့ မကျေနပ်တာတုန်းလို့ဆိုတော့ ဒိဋ္ဌိကိုက ဒကာ ဒကာမတို့ နဂိုက ဖောက်ပြန်ပြီး သကာလ ခိုင်တယ်ယူထားတဲ့ ဒိဋ္ဌိ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။

ဒိဋ္ဌိက ဘယ်လိုယူထားသတုန်း (ဖောက်ပြန်ပြီး ခိုင်တယ်ယူထားပါတယ် ဘုရား) ခိုင်တယ်ယူထားတဲ့ဒိဋ္ဌိ၊ ဟိုကလဲ အနတ္တပြပါရော ဒီကမျက်ရည်ကျတယ် (မှန်ပါ့) အနတ္တပြရင် (မျက်ရည်ကျပါတယ် ဘုရား) ဪ ဘုရားသခင်ကိုယ်တော် မြတ်ကြီးကလဲ အနတ္တဆိုတာ နိဗ္ဗာန်ဝင်ပါတယ်ကွာ တဲ့၊ ဒီလိုဟောတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

အနတ္တဆိုတာ (နိဗ္ဗာန်ဝင်ပါတယ် ဘုရား) နိဗ္ဗာန်ရောက်တဲ့တရားပါ၊ ခင်ဗျားတို့ ဝိပ္ပလ္လာသ မပါယ်နိုင်သေးတဲ့ ပုဂ္ဂိုလ်ကျတော့ အပါယ်ရောက်တဲ့တရား သွားဖြစ်နေတယ် (မှန်ပါ့) ဘယ်လောက်ကြီးကျယ်သတုန်း (ကြီးကျယ်ပါတယ် ဘုရား)။

နဂိုက အနတ္တလဲ ပြလိုက်ပါရော ဒိဋ္ဌိ ဝိပ္ပလ္လာသ သမားက တခါတည်း သောက ပရိဒေဝဘက်လှည့်တယ် (မှန်ပါ ဘုရား) မလှည့်ဘူးလား (လှည့်ပါတယ် ဘုရား) ဒါဖြင့် အားလုံး ဒကာ ဒကာမတို့ ဪ-ဒိဋ္ဌိဝိပ္ပလ္လာသ မပျောက်သ၍ ကာလပတ်လုံးအပါယ်လေးပါး မလွတ်ဘူးဆိုတဲ့ဟာ သေချာသွားပလား (သေချာပါပြီ ဘုရား)။

ဝိသာခါ အပါယ်မကျဘူး

ဒါကြောင့် သောတာပန်မှာကျတော့ ဒိဋ္ဌိပယ်သောကြောင့် ဒိဋ္ဌိပယ်လိုက်တဲ့အတွက်တဲ့ ဒိဋ္ဌိဝိပ္ပလ္လာသ ပယ်ပြီးသားဖြစ်သောကြောင့် ငိုတော့ ငိုတယ်တဲ့၊ ဝိသာခါ သူ့မြေးသေတော့ငိုတာပါဘဲ (မှန်ပါ့) သောက ပရိဒေဝ လိုက်တော့လိုက်တယ် (မှန်ပါ့) သို့သော် ဒိဋ္ဌိကပယ်ပြီးသားဖြစ်နေတော့ ဝိသာခါ အပါယ်မကျဘူး (မကျပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဝိသာခါ အပါယ်မကျတာ ဘယ့်နှယ်ကြောင့်ပါလိမ့် (ဒိဋ္ဌိပယ်ပြီးသား ဖြစ်လို့ပါ ဘုရား) အဲ သောက ပရိဒေဝတော့ မကျန်ဘူးလား .(ကျန်ပါတယ် ဘုရား)။

ကျန်ပင် ကျန်ငြားသော်လဲ ဒိဋ္ဌိ ပြုတ်ပြီးသားဖြစ်နေတော့ သောကပရိဒေဝ ဒုက္ခ ဒေါမနဿ အဝိဇ္ဇာပင် ဖြစ်ငြားသော်လဲ ဒိဋ္ဌိ ဝိပ္ပလ္လာသ ပြုတ်ထားလိုက်တဲ့အတွက် သောက ပရိဒေဝပင် လိုက်ငြားသော်လဲ အဝိဇ္ဇာသင်္ခါရ ပဋိစ္စသမုပ္ပါဒ် ပါငြားသော်လဲတဲ့ မူရင်းက အပယ်ကျတဲ့တရားကို ပယ်ပြီးသားဖြစ်နေလို့ ဒါ အပါယ်မကျတဲ့ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ အဝိဇ္ဇာသာ ကျန်တော့တယ် (မှန်ပါ့ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် သောက ပရိဒေဝ ဒုက္ခဒေါမနဿဖြစ်တိုင်း အပါယ်ကျရမှာလား အဝိဇ္ဇာဖြစ်တိုင်း အပါယ် ကျရမှာ လားဆိုတော့ သူတို့က ဒါလောက်မထက်ဘူး ဒိဋ္ဌိကထက်တယ် (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါ သဘောနော် (မှန်ပါ့) ဒါဖြင့် ဒိဋ္ဌိနဲ့အဝိဇ္ဇာဘယ်ဟာ ကြောက်စရာကောင်းသတုန်း (ဒိဋ္ဌိက ကြောက်စရာကောင်းပါတယ် ဘုရား)။

ပေါ်ပြီ ခင်ဗျားတို့ ဒါ သေချာသွားပြီ (မှန်ပါ့) ဒိဋ္ဌိနဲ့သောက ပရိဒေဝနဲ့ကော (ဒိဋ္ဌိက ပိုကြောက်စရာ ကောင်းပါတယ် ဘုရား)။

သောက ပရိဒေဝ ဖြစ်ငြားသော်လည်း အပယ်မကျတာရှိသေးတယ် (မှန်ပါ့) အဝိဇ္ဇာဖြစ်ငြားသော်လဲ အပယ်မကျတာရှိတယ်။

ဒါဖြင့် အဝိဇ္ဇာ အင်မတန် ကြောက်စရာကောင်းတယ်ဆိုငြားသော်လဲ အပါယ်ကျတဲ့အရေးမှာကျတော့ကို ဒိဋ္ဌိလောက် မသွက်ဘူးဆိုတာ ပေါ်လာတယ် (မှန်ပါ့ ဘုရား)။

ဒိဋ္ဌိကမှ အပါယ်ပို့တယ်

ဘယ်လိုပေါ်လာသတုံး (ဒိဋ္ဌိလောက် မသွက်ပါ ဘုရား) ဒိဋ္ဌိကမှ အပါယ်ပို့တယ် (မှန်ပါ့) သောက ပရိဒေဝ ဒုက္ခ ဒေါမနဿက အဝိဇ္ဇာ သင်္ခါရက (အပါယ်မပို့တာရှိပါတယ်) အပါယ်မပို့တာ ရှိတယ်ဆိုတဲ့ ဥစ္စာသည် ဝိသာခါတို့ ဘုရားသခင်ကိုယ်တော်မြတ်ကြီး ကျောင်းတော် သွားတော့ ဝိသာခါ နင့်မှာရေလဲမချိုး ဆံပင်တွေလဲ ဖါးယားနဲ့ မျက်နှာကလဲ မကောင်းနဲ့ ဘာဖြစ်လာတာတုန်းလို့ ဘုရားကသိလျက်နဲ့ မေးတယ် (မှန်ပါ့)။

ဟာ တပည့်တော် သံဃာတော်ကွေ ဝတ်ပြုတဲ့နေရာ ဒီမြေးမကလေး ဆွဲသွားနေကြ၊ ခုတော့ ဒီမြေးမကလေး ဖျတ်ကနဲ့ ပျက်စီးသွားတယ်၊ ဒါ့ကြောင့် တပည့်တော် ဒီလိုဖြစ်နေပါတယ်၊ ရေမချိုးနိုင် မစားနိုင် မသောက်နိုင် ဖြစ်နေပါတယ်ဆိုတော့ သူက ခုနှစ်နှစ်က သောတာပန်ဖြစ်သောကြောင့် ဒိဋ္ဌိပယ်ပြီးသားဖြစ်နေသောကြောင့် အပါယ်တော့ မကျဘူး (မှန်ပါ့) ရှင်းပလား(ရှင်းပါပြီ)။

ဒါဖြင့် သောကပရိဒေဝ ဒုက္ခဒေါမနဿထက် အဝိဇ္ဇာထက် ဒိဋ္ဌိကြောက်ပါ (မှန်ပါ့ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဘာကြောက်ရမှာတုံး (ဒိဋ္ဌိကြောက်ရမှာပါ ဘုရား)။

သောကပရိဒေဝကို ဒါလောက်မကြောက်နဲ့ (မှန်ပါ့) အဝိဇ္ဇာကို (ဒါလောက်မကြောက်ရပါ ဘုရား)။

အဝိဇ္ဇာလဲ ဒါလောက်မကြောက်ပါနဲ့တဲ့၊ ဘာကြောက်ရမတုံး (ဒိဋ္ဌိကြောက်ရပါမယ်)။

အဲ ဒိဋ္ဌိလဲ-ဒိဋ္ဌိဝိပ္ပလ္လာသကို ကြောက်ပါ (မှန်ပါ့)ရှင်းကြပလား (ရှင်းပါပြီ)။

ဘယ်ဟာ အဓိကထားမတုန်း (ဒိဋ္ဌိဝိပ္ပလ္လာသကို အဓိကထားပါမယ်)။

ဒါ့ကြောင့် ဘုန်းကြီးတို့ နေ့တိုင်းတရားဟော နေတာက ဒီ့ပြင်တရားကို ဒါလောက်မပြောတဲ့ပါဘူး၊ ဒိဋ္ဌိဖြုတ်ဖို့ကို အရေးတကြီး ပြောတယ် (မှန်ပါ့)။

ပြောထိုက်-မပြောထိုက် (ပြောထိုက်ပါတယ် ဘုရား)။

ဒီ့ပြင် သောက ပရိဒေဝ ဒုက္ခ ဒေါမနဿတွေ သိမ်းဖို့ကို ဒါလောက်မပြောပါဘူး (မှန်ပါ့) ဒိဋ္ဌိပြုတ်ဖို့ကို ရုပ်နာမ်ခွဲပြီး သကာလ ရုပ်နာမ်တို့၏ ဖြစ်ပျက်ကို မြင်ဖို့ ဒိဋ္ဌိပြုတ်သွားဖို့ ဒါကို အရေးကြီးနေတယ်ဆိုတာက အရင်သတ် ရမည့်တရားကို အရင်သတ်တယ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။

အရင်သတ်ရမည့်တရား

ဘယ်လို မှတ်ကြမယ် (အရင်သတ်ရမည့်တရားကို အရင်သတ်ပါတယ် ဘုရား)။

အေး ဒါကြောင့် မင်းကကွာ သောကလျှော့မှပေါ့၊ ပရိဒေဝ လျှော့မှပေါ့ဆိုရင်လွဲပြီ (မှန်ပါ့) ဒိဋ္ဌိကလာတာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ပြင်းပြင်းထန်ထန် လာတာက ဘယ်က လာတာတုန်း (ဒိဋ္ဌိက လာတာ ပါ ဘုရား) ဒိဋ္ဌိဝိပ္ပလ္လာသက လာတာ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဒိဋ္ဌိဝိပ္ပလ္လာသသည် သူ့ကို ဘယ်ကလာသတုံးလို့ ဒီ ဒိဋ္ဌိဝိပ္ပလ္လာသက ဘယ်က လာသတုံးလို့ မေးတဲ့အခါ ကျလို့ရှိရင်ဖြင့် ခုနင်က ပြောတဲ့အတိုင်း နှလုံးသွင်းမှားက လာတာ (မှန်ပါ့ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ) အယောနိသော မနသိကာရက လာတာ (မှန်ပါ့)။

ဒိဋ္ဌိဝိပ္ပလ္လာသ ဘယ်ကလာ (အယောနိသော မနသိကာရက လာပါတယ် ဘုရား)။

အယောနိသောမနသိကာရက လာတယ်၊ ဪ ဒါဖြင့် အယောနိသောမနသိကာရသည် ဒိဋ္ဌိ၏ လက်သည်ဘဲ (မှန်လှပါ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ)။

အယောနိသောမနသိကာရသည် (ဒိဋ္ဌိ၏ လက်သည်ပါ ဘုရား)။

ဒိဋ္ဌိဖြစ်ခြင်း၏ အကြောင်းတရား အယောနိသောမနသိကာရကြောင့်ဘဲဆိုတာ ပေါ်လာတယ် (ပေါ်ပါ တယ် ဘုရား)။

ဒါဖြင့် အယောနိသောမနသိကာရကို ဘုန်းကြီးတို့က ပြင်ပေးရမယ် (မှန်ပါ့ ဘုရား)။

သူ့ ပြင်လိုက်လို့ရှိရင်ဖြင့် ဒိဋ္ဌိဝိပ္ပလ္လာသဟာ သမ္မာဒိဋ္ဌိဖြစ်ပြီး သကာလ အမှန်သို့ ရောက်ပါမယ် (မှန်ပါ့)။

သမ္မာက-မှန်ကန်တာ၊ ဒိဋ္ဌိက-မြင်တာ၊ အမှန်မြင် မရောက်ပေးဘူးလား (ရောက်ပါတယ် ဘုရား)။

ဒါဖြင့် ဒိဋ္ဌိဝိပ္ပလ္လာသ ပယ်ချင်လို့ရှိရင်ဖြင့် ဘာပြောင်းယူရမတုံးဆိုတော့ ယောနိသောမနသိကာရဘက် လှည့် ပြောင်း (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ) ယောနိသော မနသိကာရဘက် မပြောင်းလို့ရှိရင် မရဘူး (မှန်ပါ့)။

ဒါဖြင့် ဒိဋ္ဌိ၏အကြောင်း ဘာတွေ့သတုန်း (အယောနိသောမနသိကာရပါ) အယောနိသောမနသိကာရ သွားတွေ့တယ် (မှန်ပါ့)။

ဒိဋ္ဌိဖြစ်ကြောင်း ဘယ်ကလာ (အယောနိသော မနသိကာရက လာပါတယ် ဘုရား) ဒါကြောင့် ဒီနေ့ ခပ်ကျယ်ကျယ်ကလေး မှတ်ချင်တော့ ခင်ဗျားတို့ ဒိဋ္ဌိ ဖြစ်ခြင်း၏ အကြောင်းဟာတဲ့ အယောနိသော မနသိကာရလဲ တကြောင်းပါတယ် (မှန်ပါ့) ရှစ်ပါးတောင်ရှိတယ်၊ ဒိဋ္ဌိဖြစ်ခြင်း၏ အကြောင်း (မှန်ပါ့)။

ဒိဋ္ဌိဖြစ်ခြင်း၏အကြောင်း ရှစ်ပါး

ဒိဋ္ဌိဖြစ်ခြင်း၏ အကြောင်းဘယ်နှစ်ပါးရှိပါသတုံး (ရှစ်ပါးရှိပါတယ် ဘုရား)။

ခန္ဓာ အဝိဇ္ဇာ ဖဿောစ၊

သညာ တက္ကော၊ အယောနိသော။

ဒုမ္မိတ္တော ပရတော ဃောသော။

ဒိဋ္ဌိဋ္ဌာနာနိ အဋ္ဌဓာ။

အင်္ဂုတ္တိုရ်ပါဠိတော်က (မှန်ပါ့) ခန္ဓာကို မသိလို့လဲ ဒိဋ္ဌိဖြစ်တယ်၊ သဘောကျပလား (မှန်ပါ့ကျပါပြီ) ခင်ဗျားတို့ ခန္ဓာကြောင့်လဲ ဒိဋ္ဌိဖြစ်တယ် (မှန်ပါ့)။

ကြည့်စမ်း ခန္ဓာကြီးကြည့်လိုက်တော့ ခန္ဓာက အတုံးအခဲကြီးဖြစ်နေလို့ရှိရင်ဖြင့် ဗြုန်းကနဲတော့ မသေနိုင် သေးပါဘူး။ မပျက်စီးနိုင်သေးပါဘူးဆိုတဲ့ ခန္ဓာမြင်တာနဲ့ ဒိဋ္ဌိကလာဖြစ်တယ် (မှန်ပါ့ ဘုရား) မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။

ခန္ဓာသည် ဒိဋ္ဌိဖြစ်ကြောင်း

ဟိုခပ်ပိန်ပိန် ခပ်ချဲ့ချဲ့ တောင်ဝှေးကလေးထောက် ဟိုနွဲ့ဒီယိုင်နဲ့ သွားနေတဲ့ပုဂ္ဂိုလ်ကျတော့ ခင်ဗျားတို့ ဒါလောက်ဒိဋ္ဌိမဖြစ်ပါဘူး၊ တာရှည်မှာ မဟုတ်ဘူး ပြောလာမယ် (မှန်ပါ့) မပြောကြဘူးလား (ပြောပါတယ် ဘုရား)။

ခုနင်က ဝဝဖြိုးဖြိုး ဖြူဖြူစင်စင် သန့်သန့်ရှင်းရှင်း တွေ့ပြီဆိုမှဖြင့် တခါတည်း ဒိဋ္ဌိဖြစ်တယ် (မှန်ပါ့) မဖြစ်ကြဘူးလား (ဖြစ်ပါတယ် ဘုရား)။

ဒိဋ္ဌိဖြစ်တယ်တဲ့၊ မသေနိုင်သေးပါဘူး၊ အခု ဘာမှဗိုင်းကနဲလဲစရာ အကြောင်းတစ်ခု မမြင်ပါဘူး၊ ခိုင်ပါသေးတယ် တောင့်ပါသေးတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား) အဲဒါ ဘယ်က လာတာတုန်း (ဒိဋ္ဌိက လာတာပါ) ခန္ဓာကလာတာ (မှန်ပါ့) ခန္ဓာကပေးလိုက်တဲ့ ဒိဋ္ဌိ (မှန်ပါ့ ဘုရား) ခန္ဓာ ခိုင်ခံ့တဲ့သဘောက ပေးလိုက်တဲ့ ဒိဋ္ဌိ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

ဒါဖြင့် ခင်ဗျားတို့၏ ခန္ဓာသည် ဒိဋ္ဌိဖြစ်ကြောင်း (မှန်ပါ့ ဘုရား) သဘောပါပလား (ပါပါပြီ)။

–အဝိဇ္ဇာကြောင့်လဲ ဒိဋ္ဌိဖြစ်တယ်

အဝိဇ္ဇာတဲ့၊ အဝိဇ္ဇာကြောင့်လဲ ဒိဋ္ဌိဖြစ်တယ် (မှန်ပါ့ ဘုရား) အဝိဇ္ဇာကတော့ သိမှ-မသိဘဲကိုး၊ ခန္ဓာပျက်တတ်တယ်ဆိုတာ ဒုက္ခသစ္စာလို့ သူသိသေးရဲ့လား (မသိပါ ဘုရား) မသိလိုရှိရင် သူ့ကြောင့်ကော ဘာဖြစ်နိုင်သတုန်း (ဒိဋ္ဌိဖြစ်နိုင်ပါတယ် ဘုရား)။

ပျက်တတ်တာ မသိဘူးဆိုတာကတည်းက ခိုင်တာရောက်တာဘဲ (မှန်ပါ့) ခိုင်တာရောက်ကတည်းက သဿတဒိဋ္ဌိဘက် မပြေးဘူးလား (ပြေးပါတယ်) သဘောကျပလား (မှန်ပါ့)။

ဒါဖြင့် ဘယ်နှစ်ခု ပြီးသွားပလဲ (နှစ်ခုပြီးသွားပါပြီ ဘုရား)

ခန္ဓာကြောင့်လဲ ဒိဋ္ဌိဖြစ်တယ်၊ ဒိဋ္ဌိဝိပ္ပလ္လာသ (မှန်ပါ့)ရှင်းပြီ (ရှင်းပါပြီ) အဝိဇ္ဇာကြောင့်လဲ (ဒိဋ္ဌိ ဖြစ်ပါတယ် ဘုရား)

ဒါ့ကြောင့် တနေ့ကဆက်ပြလိုက်တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အယောနိသော မနသိကာရကြောင့်လဲ ဒိဋ္ဌိဖြစ်တယ်

အဝိဇ္ဇာကြောင့်လဲကွ အယောနိသောမနသိကာရ ဖြစ်တယ်၊ အယောနိသော မနသိကာရကြောင့်လဲ ဒိဋ္ဌိဖြစ်တယ်ကွ (မှန်ပါ့) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ဖဿကြောင့် ဒိဋ္ဌိဖြစ်တယ်

”ခန္ဓာ အဝိဇ္ဇာ ဖဿော”တဲ့ ဖဿဆိုတဲ့ဥစ္စာလဲ ခင်ဗျားတို့ အဝတ်တခုကိုကိုင်ကြည့်၊ အထည်ကလေးကို စမ်းသပ်ကြည့်ကြည့်၊ ဟ ဒီအထည်ခိုင်မယ်၊ ဒီပစ္စည်းခိုင်မယ်၊ တွေ့တဲ့သဘောကလေးဟာ ဖဿမဟုတ်လား (မှန်ပါ့)။

အဲ့ဒီ ဖဿကလေးနဲ့သာ စမ်းကြည့်၊ ကွမ်းအစ်ကလေးတွေ ကိုင်ကြည့်လိုက်၊ ငွေဖလားကလေးတွေ ကိုင်ကြည့် လိုက်၊ အထည်ကလေးတွေကို လက်ညှိုးနဲ့ လက်မနဲ့ ကြားထဲမှာ ရှဲကနဲ့ဆွဲကြည့်လိုက်၊ ဟာ ဒီအသားဟာ တော်တော် ကောင်းတယ်၊ ခိုင်မယ် ဒီဥစ္စာ (မှန်ပါ့) ဖဿကြောင့်ဖြစ်တဲ့ ခိုင်မယ်လာတာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဖဿကြောင့်ဖြစ်တဲ့ (ခိုင်မယ်လာတာပါ ဘုရား) ဒါဖြင့် ဖဿကြောင့် ဒိဋ္ဌိဖြစ်တယ် (မှန်ပါ့) မခိုင်တတ်တဲ့ တရားကို ဖဿနဲ့တွေ့ထိလိုက်တာနဲ့ ဘယ့်နှယ်ဖြစ်နေသလဲ (ဒိဋ္ဌိဖြစ်ပါတယ် ဘုရား)။

ခိုင်တယ်လို့ ယူလိုက်တော့ ဪ ဒါဖြင့် ဖဿကြောင့်လဲ ဒိဋ္ဌိဖြစ်နိုင်သကိုး ဒိဋ္ဌိ ဝိပ္ပလ္လာသ (မှန်ပါ့)။

ဒါဖြင့် ဒိဋ္ဌိ ဝိပ္ပလ္လာသဖြစ်ခြင်း၏ အကြောင်းသည် အခုသုံးပါးပြီးသွားပြီ (မှန်ပါ့ ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ)။

သညာကြောင့်လဲ ဒိဋ္ဌိဖြစ်တယ်

”သညာ”တဲ့ သညာဆိုတာတော့ အမှတ်မှားဘဲ (မှန်ပါ့) ဒီ သညာကြောင့်လဲ ဒိဋ္ဌိဖြစ်တယ် (မှန်ပါ့)။

ဒီ အပင်မျိုးဟာ တော်တော်နဲ့ မပျက်စီးဘူးဗျ၊ ကျုပ်တို့ အဘိုးလက်ထက်က စိုက်ထားတာ ကြာလှပြီ မပျက်စီးဘူး (မှန်ပါ့)။

အမေ မိဘတွေ ပြောထားတဲ့ သဘောနဲ့ သူကလဲမှတ်ပြီး သကာလ ပြောပြန်တာဘဲ ဒီအပင် တွေ့လိုရှိရင် (မှန်ပါ့) ဒီအသား ဒီပစ္စည်းတွေ့လို့ရှိရင် သူမှတ်ထားတဲ့သဘောအတိုင်း မပြောဘူးလား (ပြောပါတယ် ဘုရား)။

ခိုင်မြဲတယ် ဒါမျိုးဟာ အင်မတန်ပျက်စီးခဲ့တယ် (မှန်ပါ့) သူ့အမေအဖေက ပြောထားတဲ့ အမှတ်နဲ့တော (ပြောပါတယ် ဘုရား) သူကလဲ ဒီအတိုင်းမှတ်ထားတော့ မပြောပေဘူးလား (ပြောပါတယ် ဘုရား)။

ဒါဖြင့် သညာကြောင့်လဲ ခိုင်တယ်ဆိုတဲ့ ဒိဋ္ဌိလာပါတယ် (မှန်ပါ့) ဒါဖြင့် သညာကြောင့်လဲ ဘာဖြစ်သတုန်း (ဒိဋ္ဌိဖြစ်ပါတယ် ဘုရား) ဒိဋ္ဌိ ဝိပ္ပလ္လာသ လာတာဘဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကြံလုံးကြောင့်လဲ ဒိဋ္ဌိဖြစ်တယ်

”တက္ကော”တဲ့ တက္ကောဆိုတာ တခြားမဟုတ်ပါဘူး ကြံတာ (မှန်ပါ့) ခင်ဗျားတို့က ကြံတာကိုး ဒီလိုလုပ်ရင် ခိုင်တယ်၊ ဒီလိုမလုပ်ရင် မခိုင်ဘူး ဆိုတော့ ခိုင်အောင် လုပ်တတ်တဲ့ အကြံတွေနဲ့ ခင်ဗျားတို့ ကြံလိုက်တော့ ပစ္စည်းတစ်ခုဟာ ခိုင်တဲ့သဘော မရောက်ပေဘူးလား .(ရောက်ပါတယ် ဘုရား)။

ခိုင်တဲ့သဘောရောက်တော့ကို သူ့အမြင်သာခိုင်တာကိုးဗျ၊ အတွင်းမှာ ပရမတ်တွေက ခဏခဏ အနတ္တ ရောက်နေတာ သူသိသေးရဲ့လား (မသိပါ ဘုရား)။

မသိတော့ကို သူ့ကြံလုံးကြောင့်လဲ ဒိဋ္ဌိဖြစ်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

သူ ကြံလုံးကြောင့်လဲ (ဖြစ်ပါတယ်) ဦးသံဒိုင် ရိပ်မိပလား (ရိပ်မိပါပြီ)။

ဘယ်နှစ်ခု ရှိသွားပြီတုံး (ငါးခုရှိသွားပါပြီ ဘုရား) ငါးခုရှိသွားပြီနော် (မှန်ပါ့)။

နှလုံးသွင်း မှားလို့လဲ ဒိဋ္ဌိဖြစ်တယ်

”အယောနိသော မနသိကာရတဲ့” နှလုံးသွင်း မှားလို့လဲ ဒိဋ္ဌိဖြစ်တယ်ဆိုတာတော့ တနေ့က ရှင်းပြီးလို့ အထူး မပြောတော့ပါဘူး (မှန်ပါ့)။

နှလုံးသွင်းမှားတာနဲ့ ဘယ့်နှယ်တုံး (ဒိဋ္ဌိဖြစ်ပါတယ်)။

ဒါဖြင့် ဒိဋ္ဌိဖြစ်ခြင်း၏ အကြောင်း ဘယ်နှစ်ပါးရမလဲ (ခြောက်ပါးရပါပြီ)။

ခန္ဓာ-အဝိဇ္ဇာ-ဖဿောစ-သညာ တက္ကော အယောနိသော-နော်-ခြောက်ပါးရသွားပြီ (မှန်ပါ့)။

မိတ်ဆွေအပေါင်း လွဲလို့လဲ ဒိဋ္ဌိဖြစ်တယ်

”ဒုမ္မိတ္တော”တဲ့၊ ဪ-ပါပမိတ္တ မိုက်တဲ့ပုဂ္ဂိုလ်နဲ့ ပေါင်းမိလို့လဲ ဒိဋ္ဌိဖြစ်တယ် (မှန်ပါ့)။

မင်းကွာ ဒီဥစ္စာ-မိုက်တဲ့ပုဂ္ဂိုလ်နဲ့ ပေါင်းမိတဲ့အခါ ကျလို့ရှိရင်ဖြင့်တဲ့ ဒကာ ဒကာမတို့ သိတဲ့အတိုင်း သူက မဟုတ်တာတွေ လုပ်နေတော့ ကိုယ်လဲမဟုတ်တာ လုပ်ချင်တဲ့ သဘောတွေမလာဘူးလား (လာပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ သူက အမေသတ်တာမြင်သဖြင့် ကိုယ်လဲအမေသတ်မယ်၊ အဖေမဟုတ်ဘူးကွ- ဒါ၊ သမုတိသစ္စာ ပယ်လိုက်တယ် (မှန်ပါ့)။

ဒီလိုကျတော့ ပါပမိတ္တနဲ့ ပေါင်းတာနဲ့ အဇာတသတ်သည် ဒေဝဒတ်တည်းဟူသော ပါပမိတ္တနဲ့ ပေါင်းတာနဲ့ အမေ-အဖေသတ်တာ အပြစ်မရှိဘူး ယူချလိုက်တယ် (မှန်ပါ့ ဘုရား) ဒိဋ္ဌိဖြစ်မဖြစ် (ဖြစ်ပါတယ် ဘုရား)။

ဒါဖြင့် မိတ်ဆွေအပေါင်း လွဲလို့လဲ ဘာဖြစ်နိုင်သလဲ (ဒိဋ္ဌိဖြစ်နိုင်ပါတယ်) ဒိဋ္ဌိဖြစ်နိုင်တယ်။

တရားနာလွဲလို့လည်း ဒိဋ္ဌိဖြစ်တယ်

”ပရတော ဃောသော”တဲ့၊ ပရတောက သူတပါး၊ ဃောသောက တရားသံ၊ ခရစ္စယန်တရား နာမိလို့ရှိရင်လဲ ခင်ဗျားတို့ ထာဝရဘုရားက အကုန်ဖန်ဆင်းတာ၊ ဒါ ဘယ်ကံ-ကံ၏အကျိုးမပါဘူး၊ ဘယ်သူမှ ပြုလုပ်တာမဟုတ်ဘူး၊ ဗြဟ္မာကြီးက ဖန်ဆင်းတယ် ဟိန္ဒူတရား နာမိပြန်လို့ရှိရင်လဲ၊ မဟုတ်ဘူးလား (မှန်ပါ့) မဟာမက်တရား နာမိပြန်လို့ ရှိရင်လဲ မဟာမက်ကဘဲ အလုံးစုံအကုန် ပြုပြင်တာဘဲ အစရှိသည်နဲ့ ဒီတရားတွေနာရလို့လဲ အခုခလေးတွေ ဘာတွေမှာ ဒိဋ္ဌိဖြစ်နေတာတွေကော မရှိဘူးလား (ရှိပါတယ် ဘုရား)။

အဲဒီတော့ ဒိဋ္ဌိဖြစ်ခြင်း၏ အကြောင်းဘယ်နှစ်ပါးရှိသွားပလဲ (ရှစ်ပါးရှိပါပြီ ဘုရား)။

အင်း ဒါဖြင့် လူအပေါင်းအသင်း ဒီနေ့ရွေးဖို့၊ တရားနာလဲရွေးဖို့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)

တရားနာကော (ရွေးရမှာပါ ဘုရား) ရွေးရမယ် (မှန်ပါ့)။

ကဲ အခုပြောခဲ့တာက အကြမ်းတရား ထားပါတော့၊ ခရစ္စယန်တရား၊ မဟာမေဒင်တရား၊ ဟိန္ဒူတရားနော် (မှန်ပါ့) ဗုဒ္ဓဘာသာတရားထဲက ဦးသံဒိုင် ပြဦးမယ်။

ဗုဒ္ဓဘာသာတရားထဲက မင်းလုပ်ရင် မင်းရမယ် ဆိုတာလဲ ဒိဋ္ဌိဘဲ (မှန်ပါ့ ဘုရား)။

မင်းလုပ်ရင် မင်းရမယ်

မင်းလုပ်ရင် (မင်းရမယ်ဆိုတာဒိဋ္ဌိ) မင်းရမယ်ဆိုတာသည် ကားလို့ဆိုရင်ဒိဋ္ဌိဘဲ၊ မင်းဘဲသွားခံစားရမှာ ဆိုပြီး သဿတ ဒိဋ္ဌိဘက်လှည့်လာတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

မင်းလုပ်ထားတဲ့ဥစ္စာ မင်းဘဲခံစားရမှာပေါ့ကွ၊ သူများကိုယ်လုပ်ကိုယ်ရဆိုတာ မသိဘူးလား- အစရှိသည်နဲ့ တခါတည်း ဒီခန္ဓာနဲ့ဟိုခန္ဓာတဆက်တည်း ဖြစ်သွားအောင် ပြောတဲ့သဘော မရှိဘူးလား (ရှိပါတယ် ဘုရား)။

ဒါကျတော့ ဘာဒိဋ္ဌိလဲ (သဿတဒိဋ္ဌိပါ ဘုရား)။

ဒါလဲ ဒီဒိဋ္ဌိက တူတူဘဲ၊ ဝိပ္ပလ္လာသကလာတာဘဲ (မှန်ပါ့)။

ဒိဋ္ဌိဝိပ္ပလ္လာသကလာတာ၊ အဲဒါ သာမညအောက်တန်းတရားဆိုရင် ဒိဋ္ဌိဘက်ကူးသေးတယ် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

သာမညတရားဆိုရင် (ဒိဋ္ဌိဘက်ကူးပါတယ် ဘုရား) ဒိဋ္ဌိဘက် ကူးတယ်ဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် မင်းလုပ်-မင်းရတာပေါ့ကွာ၊ မင်းမလုပ် မင်းမရတာပေါ့ဆိုတော့ ဒီနေရာမှာ သဿတဒိဋ္ဌိ မလာဘူးလား လာသလား (လာပါတယ် ဘုရား)။

လာတယ်ဆိုတော့ ဒကာ ဒကာမတွေမှာ ဒိဋ္ဌိကဝင်ပြီး ဒါကြောင့် ကမ္မဿကတာဉာဏ်ကို ဒိဋ္ဌိမခွါနိုင်ဘူးဆိုတာ ပေါ်သွားပြီ (ပေါ်သွားပါပြီ ဘုရား)။

ကမ္မဿကတာ ဉာဏ်ဟာ (ဒိဋ္ဌိမခွါနိုင်ပါ ဘုရား) ကံ-ကံ၏အကျိုးယုံကြည်ပြီး လုပ်တာတွေဟာ ဒိဋ္ဌိမခွါနိုင်ဘူး၊ ကိုယ်လုပ်ကိုယ်ရတာဘဲထင်တယ် (မှန်ပါ့) သူလုပ်ရင် (သူရတယ်ထင်ပါတယ် ဘုရား)။

ဒါက ဗုဒ္ဓဘာသာတရားထဲမှာကို ဒိဋ္ဌိမခွါတဲ့တရား (မှန်ပါ့)။ သို့သော် သုဂတိမရောက်ဘူးလားဆိုတော့၊ အို-ဘယ့်နှယ်ရောက်တာပေါ့၊ သူလုပ်လို့ သူ သုဂတိမှာသွားပြီ သကာလ အကြောင်းတိုက်ဆိုင်လို့ ပေါ်ရတာဘဲ။

ဒီဥစ္စာ ကမ္မဿကတာဉာဏ်နဲ့ ဟောလိုက်တော့လဲ ဟုတ်နေတာဘဲ ဒိဋ္ဌိသာမကွာတာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)။

ကမ္မဿကဘာဉာဏ်နဲ့ ဟောလိုက်တော့ (ဟုတ်ပါတယ် ဘုရား) ဒိဋ္ဌိတော့ (မကွာပါ ဘုရား)။

ဒိဋ္ဌိတော့ မကွာဘူး၊ ရှင်းကြပါလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဗုဒ္ဓဘာသာ တရားပေမဲ့လဲ ဟောတုန်း ပြောတုန်း ရှင်းရှင်းလင်းလင်းနဲ့ ဒိဋ္ဌိကွာအောင် ပြောမှသာလျှင် ဒီ ဒကာ ဒကာမတွေမှာ ဒိဋ္ဌိကွာမှာ (မှန်ပါ့ ဘုရား) နို့မဟုတ်လို့ရှိရင် ဗုဒ္ဓဘာသာတရားထဲမှာကိုဘဲ ဒိဋ္ဌိရောနေတယ် (မှန်ပါ့) မရောဘူးလား (ရောပါတယ် ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒီဟာကို နားလည်အောင် လုပ်ပါတဲ့ ခင်ဗျားတို့ တရားက ပြောစရာတွေက သိပ်များ တယ် ဦးသံဒိုင်ရ (မှန်ပါ့ ဘုရား) တရားတွေက သိပ်များတယ်။

တိုက်ရိုက်ယူတာတမျိုး ဆောင်ယူရတာတမျိုး

မြတ်စွာဘုရား ဟောထားတဲ့တရားဟာ နှစ်မျိုးရှိတယ်လို့ ယူရမယ် (မှန်ပါ့)။

မြတ်စွာဘုရားဟောထားတဲ့ တရားဟာ ဘယ်နှစ်မျိုးတုံး (နှစ်မျိုးပါ ဘုရား)။

တိုက်ရိုက်ယူတာတမျိုး၊ သဘောကျပလား (ကျပါပြီ) ဆောင်ပြီး သကာလ ယူရတာကတမျိုး (မှန်ပါ့) ဘယ်နှစ်မျိုးရှိသတုန်း (နှစ်မျိုးရှိပါတယ် ဘုရား)။

တိုက်ရိုက်ယူရတာက (တမျိုးပါ ဘုရား) ဆောင်ပြီးယူရတာက (တမျိုးပါ ဘုရား)။

အဲ ကမ္မဿကတာဉာဏ်နေရာ ဟောလိုက်တဲ့အခါကျတော့ တခါတည်း ဖားနတ်သားကလေးက နေ့လယ်က ပြောသလိုပေါ့လေ၊ ဖားကလေးက နတ်သားဖြစ်သွားတယ်(မှန်ပါ)ဟောတာဘဲ ဘုရားလဲ (မှန်ပါ့) မဟောဘူးလား (ဟောပါတယ် ဘုရား)။

ဖားကလေးက-(နတ်သားဖြစ်သွားပါတယ် ဘုရား) အင်း-ဖားကလေးက နတ်သားဖြစ်သွားတယ်လို့ ဟောလိုက် တယ်၊ လူ့ပြည်မှာ ဖားနော် (မှန်ပါ့) နတ်ပြည်ကတော့ (နတ်သားပါ) နတ်ဖြစ်တယ်ဆိုတော့ ဖားက သွားဖြစ်တဲ့ နတ် (မှန်ပါ့) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

အဲဒါ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သတ္တဝါတွေ သဒ္ဓါတရား ပွားအောင်လို့ ကြည်ညိုဖွယ် ရှိအောင်လို့ ဖားတိရစ္ဆာန်တောင်မှ နတ်သားဖြစ်နိုင်တယ်ကွဆိုပြီး ဆောင်ဟောထားတာ (မှန်ပါ့)။

စင်စစ်တော့ဖြင့် ဒီဖားသည်ကားလို့ဆိုရင် ဒီမှာရှိတဲ့ ရုပ်နာမ်ဟာ ဒီမှာဘဲ ချုပ်တယ် (မှန်ပါ့ ဘုရား)။

ဒီမှာရှိတဲ့ ရုပ်နာမ်ဟာ (ဒီမှာဘဲ ချုပ်ပါတယ် ဘုရား) ဟိုကိုမပါဘူး (မှန်ပါ့) ပါသေးရဲ့လား (မပါပါ ဘုရား)။

မပါဘူးတဲ့၊ ဟိုမှာရှိတဲ့ ရုပ်နာမ်က အသစ် (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ)။

ဟိုမှာ နတ်ရုပ်နာမ်က (အသစ်ပါ ဘုရား) အသစ်ဘဲ၊ ဖားကဖြစ်တာ ဟုတ်ကဲ့လား (မဟုတ်ပါ ဘုရား)။

တိုက်ရိုက်ဟောတဲ့ ဒေသနာ ဆိုရင်

မဟုတ်ဘူးတဲ့၊ ဖားက ဖြစ်တာ မဟုတ်ပါဘူးတဲ့၊ အဲဒါ နိတ္ထဟောတဲ့ ဒေသနာနဲ့ တိုက်ရိုက်ဟောတဲ့ ဒေသနာ ဆိုရင် တိုက်ရိုက်ဟောတဲ့ ဒေသနာကတော့ ဒီနေရာမှာဘဲ “သဗ္ဗေ ဓမ္မာအနတ္တာ” (မှန်ပါ့) ဘယ်သူမှ အစိုးမရဘူး၊ ခယ-ဝယကွ ကုန်တာဘဲ ပျောက်တာဘဲ (မှန်ပါ့)။

ဟာ ဖားရုပ်နာမ်ကလေးဟာ ဒီမှာတွင် ကုန်တယ် ပျောက်တယ် (မှန်ပါ့) ဟိုမှာ မပါဘူးဆိုတာ သဘောကျပလား (ကျပါပြီ)။

အဲ အဘိဓမ္မာဒေသနာတော်နဲ့ ဟောလိုက်တော့ကို ဖားကဖြစ်တာလို့ သွားမယူနဲ့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

ဒါဖြင့် ဘယ်လို ဆက်သွယ်ပြီး ဘယ်လိုများ အဓိပ္ပာယ်ရှင်းရမှာတုံးဆိုတော့ မေးခွန်းဟာ ထွက်လာတာဘဲ (မှန်ပါ့ ဘုရား) မထွက်လာဘူးလား(ထွက်လာပါတယ် ဘုရား)။

ဖားက နတ်သားဖြစ်တယ်လို့လဲ ဘုရားက ဟောထားတယ်၊ ဆောင်ပြီး ဟောထားတယ် (မှန်ပါ့)။

ခုနင်က ခယ-ဝယနဲ့ ကြည့်လိုက်ပြန်တော့လဲ “အနိစ္စာ ဝတ သင်္ခါရာ(ပ)နိရုဇ္ဈန္တိ”ဆိုတဲ့ နေရာနဲ့ ကြည့်လိုက် ပြန်တော့ ဒီနေရာတွင် ဖြစ်ပြီး ဒီနေရာတွင် ပျောက်တာ ဘာမှရှာမတွေ့ဘူး (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ)။

အဲဒီတော့ကို ဒီလို ယူပါတဲ့၊ ဒီကျတော့ ပဌာန်းဝင်မှ ရမယ်(မှန်ပါ့) ပဋ္ဌာန်း ဘယ်လို ဝင်ရမတုန်းဆိုတော့ ဒီလိုပါတဲ့ ဒီကရုပ်နာမ်နဲ့ သူ တရားနာလိုက်တာ၊ ရှင်းပလား (ရှင်းပါပြီ) ဟိုမှာ အလားတူ ရုပ်နာမ် မပေါ်ဘူးလား ၊ ပေါ်သလား (ပေါ်ပါတယ် ဘုရား) နတ်လို့တော့ မထည့်လိုက်နဲ့ (မှန်ပါ့)။

ရုပ်နာမ်က ဒီမှာ တရားနာတဲ့ကိစ္စပြုလုပ်လိုက်တယ်၊ ဒီမှာဘဲ ချုပ်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ဟိုဘက် ဘာသွားပေါ်သတုံးလို့ မေးတော့ ဘယ့်နှယ်ပေါ်ကြသတုန်း (ရုပ်နာမ်ပေါ်ပါတယ် ဘုရား)။

အဲ ရုပ်နာမ် အကြောင်းကြောင့် ရုပ်နာမ်ပေါ်တယ် (မှန်ပါ့ ဘုရား) ဖားက နတ်သားဖြစ်တာ မဟုတ်ဘူး (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။

ဖားက နတ်သားဖြစ်တာ မဟုတ်ဘူး (မှန်ပါ့) သဘောပါကြပလား (ပါပါပြီ)။

ဖားက (နတ်သားဖြစ်တာ မဟုတ်ပါ ဘုရား) ဖားကနတ်သားဖြစ်ရင် သဿတဒိဋ္ဌိ သွားဖြစ်နေပါလိမ့်မယ် (မှန်ပါ့)။

ဖားရုပ်နာမ် ဒီတွင် အကုန် ချုပ်တယ် (မှန်ပါ့) လူ့ပြည်မှာဘဲ ဒီရေအိုင်နားဘဲ အကုန်ချုပ်လိုက်တယ်၊ ဟုတ်လား (မှန်ပါ့) ချုပ်ပေမဲ့ တရားနာရင်း ချုပ်ရတဲ့အတွက် တရားတန်ခိုးစွမ်းရည်သတ္တိကြောင့် ဟိုမှာ ရုပ်နာမ် အလားတူ ပေါ်တယ် (မှန်ပါ့ ဘုရား) ဒီက ရုပ်နာမ်နဲ့ လုပ်လို့ ဟိုမှာ ရုပ်နာမ်ပေါ်တာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

ဒီမှာ ရုပ်နာမ်နဲ့ လုပ်လို့ ဟိုမှာ ရုပ်နာမ်ပေါ်တယ်

ဒီမှာ ရုပ်နာမ်နဲ့ လုပ်လို့ (ဟိုမှာ ရုပ်နာမ်ပေါ်ပါတယ် ဘုရား)။

ဒီလိုဆိုတော့ကို အကြောင်းအကျိုးကော မဆက်ဘူးလား-(ဆက်ပါတယ် ဘုရား) ဥစ္ဆေဒဒိဋ္ဌိကော ဝင်သေးရဲ့လား (မဝင်ပါ ဘုရား) နို့ သဿတကော-ဖားက နတ်ဖြစ်လာတာကောဟုတ်သေးရဲ့လား (မဟုတ်ပါ ဘုရား)။

မဟုတ်ပါဘူးတဲ့၊ ဒီမှာ ရုပ်နာမ် ချုပ်ပျောက်သွားတယ် (မှန်ပါ့) ချုပ်ပျောက်သွားတဲ့အခါကျတော့ ဒီရုပ်နာမ်သည် ကားလို့ဆိုလို့ရှိရင် တရားနာတဲ့ ရုပ်နာမ်ဖြစ်နေသောကြောင့် ဟိုမှာလဲ တရားနာတဲ့ ရုပ်နာမ်၏ စွမ်းရည် သတ္တိကြောင့်အကျိုးဖြစ်တဲ့ ရုပ်နာမ်ဘဲ ပြန်ဖြစ်တယ် (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။

ဒါဖြင့် အတူပေါ်တာ (မှန်ပါ့) ဒီလို ဆုံးဖြတ်ချက်ချ (မှန်ပါ့)။

ဘယ်လို ဆုံးဖြတ်ချက်ချမလဲ (အတူပေါ်တာပါ ဘုရား)။

ဒီက ရုပ်နာမ် ဟို လိုက်သလား

အတူပေါ်တာဘဲ၊ ဒီမှာ ရုပ်နာမ်ကြောင့် ဟိုမှာ ရုပ်နာမ်ပေါ်တာဘဲ၊ ဒီက ရုပ်နာမ် ဟို လိုက်သလားလို့ မေးတော့ (မလိုက်ပါ ဘုရား)။

မလိုက်ဘူးတဲ့၊ မလိုက်လို့ရှိရင်ဖြင့် ဥစ္ဆေဖြစ်သွားသလားလို့ မေးတော့ ဥစ္ဆေဒလဲ မဟုတ်ဘူး (မှန်ပါ့) ဒီက ရုပ်နာမ်နဲ့ အလားတူ ဟိုမှာ ရုပ်နာမ်သွားပေါ်တာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

ဒီမှာ ပေါ်တဲ့ ရုပ်နာမ်နဲ့ (အလားတူ ရုပ်နာမ်ပေါ်တာပါ ဘုရား) အလားတူ ရုပ်နာမ်ပေါ်တာကို ဆိုပါတယ် (မှန်ပါ့)။

ဘယ်ပါဠိတော်က လာသတုန်းလို့ မေးတဲ့အခါကျတော့မှ တိုက်ရိုက်ဟောတဲ့ ပါဠိတော်က-”အနန္တရနိရုဒ္ဓါ စိတ္တစေတသိကာ ဓမ္မာ ပဠုပ္ပန္နာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော”။

အနတ္တရနီရုဒ္ဓါ = အခြားမဲ့ဖြစ်၍ ချုပ်ကုန်ပြီသောဆိုတော့ ဖားချုပ်ကုန်ပြီးသောဆိုတာ (မှန်ပါ့) ကဋုပ္ပန္နာနံ= အတူဖြစ်ကုန်သော ဆိုတာက နတ်သားဆိုတာက နတ်သားဆိုတာ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲ ဒါဖြင့် ဒီမှာ ရုပ်နာမ်ချုပ်ပြီး သကာလ ဟိုမှာ ရုပ်နာမ်အတူပေါ်တာကို အကျိုးပေးတယ်လို့ ဆိုသည် (မှန်ပါ့ ဘုရား) ဒီတော့ သဿတ,ဥစ္ဆေဒ လွတ်သွားတယ် (လွတ်သွားပါတယ် ဘုရား) လွတ်သွားပြီဆိုတာ သဘောကျ ပလား (ကျပါပြီ ဘုရား)။

ကဲ ဒါဖြင့် ဒီလိုဆိုတော့ ကမ္မဿကတာမှာလဲ ဪ ကိုယ်က ဒီလိုနားလည်ထားတော့ မိမိပြုထားတဲ့ အကြောင်းရုပ်နာမ်သည်ကားလို့ဆိုရင် နိဗ္ဗာန်မရသေးရင် ရုပ်နာမ်ပေါ်ဦးမှာဘဲ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

မိမိသည် ရုပ်နာမ်နဲ့ ပြုလုပ်ထားတဲ့အတွက် ဘာတုန်း (ရုပ်နာမ်ပေါ်ဦးမှာပါဘဲ ဘုရား)။

ဒီရုပ်နာမ်လိုက်တာလား (မဟုတ်ပါ ဘုရား) ဒီရုပ်နာမ်၏ စွမ်းရည်သတ္တိကော ချုပ်တာလား၊ မဟုတ်ဘူးတဲ့၊ ဟိုမှာအလားတူ ပေါ်တာကြည့်လိုက်တော့ ဒီမှာမလုပ်လို့ရှိရင်လဲ ဟိုမှာ အလားတူမပေါ်ဘူး (မှန်ပါ့ ဘုရား) ပေါ်နိုင်ပါ့မလား (မပေါ်နိုင်ပါ ဘုရား)။

ဒီလိုဆိုတော့ သဿတ ဥစ္ဆေဒလွတ်သွားမယ် (လွတ်ပါမယ် ဘုရား)။

အဲဒါ ကမ္မဿကတာဉာဏ်သမားမှ ဒါသေသေချာချာ ရှင်းရှင်းလင်းလင်း မှတ်ရတယ် (မှန်ပါ့ ဘုရား)။

ကဲ ဒီတွင် တော်ပါဦး။

သာဓု သာဓု သာဓု။