10904

မာတိကာသို့

ဝိပ္ပလ္လာသတံတိုင်းကြီး ဖြိုဖျက်ရန်

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

ဟောကြားတော်မူသော

ဝိပ္ပလ္လာသတံတိုင်းကြီး ဖြိုဖျက်ရန်

တရားတော်

(၂-၁၂-၆၁)

ဝိပလ္လာသ ဘယ်နှစ်ပါးရှိသတုန်း

သညာ ဝိပ္ပလ္လာသ၊ စိတ္တဝိပလ္လာသ၊ ဒိဋ္ဌိဝိပလ္လာသ၊ အကျဉ်းကသုံးပါး၊ သညာ ဝိပလ္လာသဆိုတာက အမှတ်မှား နေတာ၊ စိတ္တဝိပလ္လာသ ဆိုတာက အသိမှားနေတာ၊ ဒိဋ္ဌိဝိပလ္လာသဆိုတာကတော့ အယူကိုမှားနေတာ၊ အယူဖောက်ပြန်နေ တာ။

ဝိပလ္လာသ ဘယ်နှစ်ပါးရှိသတုန်း (ဆယ့်နှစ်ပါးရှိပါတယ်) အကျဉ်းချုပ်လိုက်လို့ရှိရင် သုံးပါး (မှန်ပါ့) အကျဉ်းချုပ် လိုက်လို့ရှိရင် သုံးပါးလို့မှတ်ထားကြပါ (မှန်ပါ့)။

အကျယ်ဖြန့်လိုက်လို့ရှိရင်တော့ အနိစ္စမှာ နိစ္စလို့မှတ်ထားတဲ့ သညာ ဝိပလ္လာသ၊ နိစ္စလို့သိထားတဲ့ စိတ္တဝိပလ္လာသ၊ နိစ္စလို့ယူထားတဲ့ ဒိဋ္ဌိဝိပလ္လာသ၊ အနိစ္စမှာ သုံးချက်။

ထို့အတူဘဲ ဒုက္ခမှာလည်း သုံးချက်၊ အနတ္တမှာ သုံးချက်၊ အသုဘမှာ သုံးချက် အားလုံးဘယ်နှစ်ချက်ရသတုန်း (ဆယ့်နှစ်ချက် ရပါတယ် ဘုရား)။

အဲဒီ ဆယ့်နှစ်ချက်ကို မတော်လှန်နိုင်သရွေ့ ကာလပတ်လုံး ဘယ်အခါကာလမှ ချမ်းသာခွင့်မရဘူးဆိုတာ မှတ်ထားရမယ် (မှန်ပါ့)။

အဲဒီတော့ကို အနိစ္စမြင်လို့ရှိရင် မနေ့က မာနစင်တယ်လို့ ပြောခဲ့တယ်။

အနိစ္စမြင်ရင် မာနစင်တယ်

အနိစ္စမြင်ရင် ဘာစင်သတုန်း (မာနစင်ပါတယ် ဘုရား)။

မာနစင်လို့ရှိရင် မာနပဉ္စ ချုပ်တယ်လို့ မှတ်ထားပါ (မှန်ပါ့)။

ဒီနေ့တော့ကို ဒုက္ခကို သုခထင်တဲ့ သညာဝိပလ္လာသ၊ ဒုက္ခတရားကြီးကို ခန္ဓာကိုယ်ကြီးဟာ ဒုက္ခသစ္စာကြီး၊ ဒီ-ဒုက္ခသစ္စာကြီးကို သုခလို့ ဪ ကျန်းမာလိုက်တာ၊ ဪ ချမ်းသာလိုက်တာ အစရှိသည်နဲ့ သိနေတယ်၊ တကယ့်ကို ချမ်းသာတာဘဲလို့ ယူပစ်လို့ရှိရင်လည်း ဒိဋ္ဌိဝိပလ္လာသဖြစ်တယ်-(မှန်ပါ့)။

အဲဒီတော့ ဒုက္ခသုံးချက်ကို ပြောရမယ်တဲ့၊ ခန္ဓာကိုယ်ကြီးဟာ ဘာသစ္စာလဲ(ဒုက္ခသစ္စာပါ ဘုရား)။

အဲဒီ ဒုက္ခသစ္စာကြီးကို စီးပွားရေးကလည်းဖြောင့်၊ လူကလည်းကျန်းမာသုခလို့ ခန္ဓာကိုယ်ကြီးကို မှတ်ထား ရင်လည်း အမှတ်မှား သညာဝိပလ္လာသ၊ ဒါကို သုခလို့ သိနေပြန်လို့ ရှိရင်လည်း အသိမှား၊ ဒါ သုခအစစ်ဘဲ ဒီပြင် သုခမရှိတော့ဘူးလို့ ယူလို့ရှိရင်လည်း အယူမှားလို့မှတ်ထားပါ။

အမှတ်မှား၊ အသိမှား၊ အယူမှား

ကောင်းပြီ ဒါဖြင့် ဒီအမှတ်မှား၊ ဒီအသိမှား၊ ဒီအယူမှားသည် ဘာကို ကျေးဇူးပြုပါလိမ့်မလဲလို့ မေးလို့ရှိရင်ဖြင့် တဏှာကို ကျေးဇူးပြုပါတယ်လို့ မှတ်ပါ (မှန်ပါ့) ကောင်းပြီ ဒါဖြင့် တဏှာကို ဘယ်လိုကျေးဇူးပြုသလဲလို့ မေးလို့ရှိရင် သုခလို့ မှတ်ရင်လည်း သာယာတာဘဲ၊ သုခလို့သိရင်ကော (သာယာပါတယ်) သုခလို့ ယူထားရင်ကော (သာယာပါတယ်) ဒါဖြင့် တဏှာပပဉ္စ သွားကျေးဇူးပြုတယ် (မှန်ပါ့)။

တဏှာပပဉ္စ သွားကျေးဇူးပြုတဲ့အတွက် တဏှာ ဥပါဒါန် ကံ ဇာတိ ဇရာ မရဏဆိုတော့ ပြိတ္တာလမ်းသွားတဲ့ ပဋိစ္စသမုပ္ပါဒ်ကို ကျေးဇူးပြုတယ် (မှန်ပါ့ ဘုရား)။

ဘယ်လမ်းသွားတဲ့ ပဋိစ္စသမုပ္ပါဒ် ကျေးဇူးပြုသတုန်း (ပြိတ္တာလမ်းသွားတဲ့ ပဋိစ္စသမုပ္ပါဒ်ကျေးဇူးပြုပါတယ်) ပြိတ္တာလမ်းသွားတဲ့ ပဋိစ္စသမုပ္ပါဒ်ကို ကျေးဇူးပြုတယ်လို့ သေသေချာချာမှတ်ထားကြပါ။

ဪ ဒို့မှာ အိမ်မှာ တအိမ်လုံး ကျန်းမာတယ်လို့ မှတ်နေကြလို့ ရှိရင်လည်း ဒီအမှတ်ကလေး တခုကနေပြီး အသိလာဦးမှာဘဲ၊ အယူကလည်း လာဦးမှာပဲ၊ လာခဲ့လို့ရှိရင်ဖြင့် တဏှာဘက်ကျေးဇူးပြုပြီလို့ မှတ်လိုက်ပါ (မှန်ပါ့)။

ဒါဖြင့်သူက တဏှာပပဉ္စ သွားပြီး ကျေးဇူးပြုတယ်၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒုက္ခကို သုခလို့ မှတ်နေလို့ ရှိရင်လည်း တဏှာ ပပဉ္စ ကျေးဇူးပြုမှာဘဲ၊ ဒုက္ခကို သုခလို့သိနေလို့ ရှိရင် လည်း (တဏှာ ပပဉ္စ ကျေးဇူးပြုပါတယ်) ဒုက္ခကို သုခလို့ ယူထားပြန်ရင်လည်း (တဏှာပပဉ္စ ကျေးဇူးပြုတယ်)။

တဏှာပပဉ္စဘဲ ကျေးဇူးပြုတယ်လို့ ဦးသံဒိုင်တို့ လူစုတွေမှတ်ရလိမ့်မယ် (မှန်ပါ့)။

ခင်ဗျားတို့အိမ်မှာ ပျော်နိုင်ကြတယ်၊ သားနဲ့၊ မယားနဲ့၊ ဆွေနဲ့၊ မျိုးနဲ့၊ ပစ္စည်းနဲ့ ပျော်နိုင်ကြတယ်ဆိုတော့ ဝိပ္ပလ္လာသ မပယ်သေးလို့ ပျော်တာဘဲ (မှန်ပါ့)။

ဘာကြောင့် ပျော်နိုင်တာတုန်း (ဝိပ္ပလ္လာသ မပယ်သေးလို့ ပျော်တာပါ ဘုရား)။

ဝိပ္ပလ္လာသ မပယ်သေးလို့ ပျော်နိုင်ကြတယ်ဆိုတော့ နောက်ဆုံးပိတ် တဏှာပပဉ္စကို ဒီသုံးချက်ကနေပြီး ကျေးဇူးပြုလိုက်တယ် (မှန်ပါ့ ဘုရား) အမှတ်မှား၊ အသိမှား၊ အယူမှားကနေပြီး သကာလ တဏှာ ဥပါဒါန်ကံဘက်ကို သွားပြီး ကျေးဇူးပြုလိုက်တယ်၊ ကျေးဇူးပြုလိုက်တော့ ကိုယ့်အိမ်မှာ ကိုယ်နေရင်း ဒါအပါယ်သွားတာပဲ (မှန်ပါ့ ဘုရား)။

ကိုယ့်သားမယားနဲ့၊ ကိုယ့်သားသမီးတွေနဲ့၊ ခင်ရင်း-မင်ရင်း ကျင်နာရင်းနဲ့ဘဲ အပါယ်သွားတာပဲ (မှန်ပါ့)။

ဟာ ဒါဖြင့် ဘုန်းကြီးကို ဒကာ ဒကာမတွေက လျှောက်ရမယ်၊ အကုန်သွားဖို့ဘဲ ဒီအတိုင်းဆိုရင် (မှန်ပါ့) အကုန်သွားမှာဘဲလို့ ဘုရားကလည်း ဖြေရတော့မယ် (မှန်ပါ့)။

အကုန်သွားမှာဘဲ၊ ဒီအတိုင်းဆိုလို့ရှိရင်တော့၊ ဟာ-အကုန်သွားမှာပဲလို့ ပြောရမှာဘဲ၊ ဒီ-ပဋိစ္စသမုပ္ပါဒ်က သူများလုပ်တဲ့ ပဋိစ္စသမုပ္ပါဒ်မှ မဟုတ်ဘဲ-ဘဲ (မှန်ပါ့) ကိုယ့်အမှတ်မှား၊ ကိုယ့်အသိမှား၊ ကိုယ့်အယူမှားကြောင့် ဖြစ်လာတဲ့ ပဋိစ္စသမုပ္ပါဒ်ဖြစ်နေတော့ အကုန်သွားဖို့ပါဘဲ (မှန်ပါ့ ဘုရား)။

ဒါလျှော့ဈေး မဟောနိုင်တော့ဘူး၊ ဘုရားကလည်း (မှန်ပါ့)ဘုန်းကြီးများကလည်း ဘုရားတပည့်သားဖြစ် နေပြန်တော့ လျှော့ဈေးတော့ ဟောကို မဟောနိုင်ဘူး (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

ဒါဖြင့် အိပ်နေတာလား၊ အပါယ်သွားတဲ့ အလုပ်-လုပ်နေတာလားလို့ မေးရင် ဘယ့်နှယ်ဖြေကြမလဲ (အပါယ်သွား တဲ့ အလုပ်-လုပ်နေကြတာပါ ဘုရား)။

အပါယ်သွားတဲ့အလုပ်-လုပ်နေတယ်၊ ဒါက မသိလိုက်ဘူး၊ ဘာဖြစ်လို့ မသိသတုန်းလို့ မေးတဲ့အခါကျတော့ ကာယကံမဟုတ်လို့မထင်ရှားဘူး (မှန်ပါ့) ဝစီကံလည်း မဟုတ်လို့ (မထင်ရှားပါ ဘုရား) မနောကံ သက်သက် ဖြစ်နေတယ် (မှန်ပါ့ ဘုရား)။

တဏှာကတော့ နှစ်ချက်ပို့ပဲ

မနောကံသက်သက်ဖြစ်နေတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ၌ ဒီဝိပ္ပလ္လာသအလုပ်မှ ဖြတ်ပေးမည့်လူ မရှိရင်တော့ဖြင့် အပါယ်သော်လည်းကောင်း၊ သုဂတိ အိုရာ နာရာသော်လည်းကောင်း တဏှာကတော့ နှစ်ချက်ပို့ပဲ (မှန်ပါ့ ဘုရား)။

ပြိတ္တာလမ်းလည်း ပို့လိုက်တာပဲ၊ ဒို့ကျန်းမာတယ်ကွာ၊ ကျန်းမာတယ်လို့ အယူရှိတယ်ကွာ၊ ကျန်းမာသထက် ကျန်းမာအောင်ဟေ့၊ ပရိတ်ကလေး ရွတ်ကြရအောင်၊ ဘုန်းကြီးတွေပင့်ဆွမ်းကလေး ဘာကလေးကျွေးကြဦးစို့ကွ ဆိုတော့ ဒီအမှတ်မှားတွေကပေမယ့် ဆွမ်းကျွေး ကွမ်းကျွေး ပြုသေးတာကိုး (မှန်ပါ့ ဘုရား)။

ဆွမ်းကျွေး-ကွမ်းကျွေးတော့ ကျေးဇူးပြုတယ်၊ ဒီလိုနောက်လည်း ကျန်းမာရအောင်ကွ၊ ချမ်းသာရအောင်ကွ၊ ဘဝကောင်းစားရေး မလာဘူးလား (လာပါတယ် ဘုရား)။

ဒီတဏှာကျတော့ တဏှာ ဥပါဒါန် ကံဆိုပေမယ့်လည်း ခုနက အလှူပေးကံဖြစ်နေပြန်တော့ သုဂတိဘက် ပို့ချလိုက်တယ် (မှန်ပါ့) နိဗ္ဗာန်တော့ ပို့သလားလို့ မေးပြန်တော့ နိဗ္ဗာန်တော့ မပို့ဘူးကွ၊ ဒီအမှားသုံးချက်က ကျေးဇူးပြုတာ (မှန်ပါ့ ဘုရား)။

အမှားသုံးချက်က ကျေးဇူးပြုတာ

ဘယ်လိုမှတ်ကြမလဲ (အမှားသုံးချက်က ကျေးဇူးပြုတာပါ ဘုရား) အမှားသုံးချက်က ကျေးဇူးပြုနေတာဖြစ် တော့ နိဗ္ဗာန်တော့ မသွားဘူးကွ၊ သုဂတိတော့သွားလိမ့်မယ် (မှန်ပါ့)။

ဒါဖြင့် သူ့ကို ဘာတုန်းမေးတော့ ကာမာသဝလို့ခေါ်တယ်(မှန်ပါ့) တဏှာကို ဘာခေါ်ကြမယ် (ကာမာသဝလို့ ခေါ်ပါတယ်) ဒါဖြင့် ကာမာသဝဖြင့် ကာမဘုံဘဲ သူအကျိုးပေးမှာဘဲ (မှန်ပါ့) ကာမာသဝက နိဗ္ဗာန်အကျိုးပေးတယ်လို့ ထုံးစံမရှိဘူး (မရှိပါ ဘုရား)။

ဒါဖြင့် ကာမာသဝက ဘယ်ကိုအကျိုးပေးမယ် (ကာမဘုံပါ) ကာမဘုံဘဲ အကျိုးပေးမယ်၊ ဒီ့ပြင်ကို မသွားနိုင်ပါ ဘူး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကာမာသဝကိုး အာသဝက နိဗ္ဗာန်ပို့တယ်လို့ မရှိဘူး (မှန်ပါ့) အာသဝချုပ်မှ နိဗ္ဗာန်ပို့မှာကိုး (မှန်ပါ့) ကိုင်းဒါဖြင့် ဒီအမှားသုံးချက်ကြောင့် ဖြစ်တဲ့ ကာမာသဝ-လောဘ (မှန်ပါ့) လောကဘဆိုလို့ရှိရင်ဖြင့် တဏှာ၊ တဏှာဆို ဥပါဒါန်၊ ဥပါဒါန်ဆို-ကံ၊ ကမ္မဘဝပစ္စယော-သုဂတိဇာတိ၊ အပါယ်ဇာတိ၊ ဒီဇာတိနှစ်ခုတော့ သူကျေးဇူးပြုနိုင်တယ် (မှန်ပါ့ ဘုရား)။

အဲဒါကြောင့် နိဗ္ဗာန်လိုချင်လို့ ရှိရင်တော့ဖြင့် ဒီဝိပ္ပလ္လာသတွေတော့ မပယ်ရင် မဖြစ်ဘူး (မှန်ပါ့) ဝိပ္ပလ္လာသ တွေတော့ မပယ်ရင် (မဖြစ်ပါ ဘုရား) မဖြစ်ဘူးဆိုတာကို လေးလေးစားစားမှတ်ပါ (မှန်ပါ့ ဘုရား)။

ဝိပ္ပလ္လာသ ပယ်နိုင်မှရမယ် (မှန်ပါ့) ဝိပ္ပလ္လာသပယ်ဖို့ရာလည်း ခင်ဗျားတို့သိတဲ့အတိုင်းတဲ့၊ သူကပပဉ္စကျေးဇူး ပြုနေတော့ ဒီဝိပ္ပလ္လာသကြောင့် သုခထင်တဲ့ ဝိပ္ပလ္လာသကြောင့် တဏှာလာတာ(မှန်ပါ့) သုခလို့မှတ် သုခလို့သိ-သုခ လို့ ယူထားလို့ တဏှာလာတ (မှန်ပါ့ ဘုရား)။

အမှားသုံးချက် ဝိုင်းနေတယ်

အဲဒါကြောင့် နာမရူပပရိစ္ဆေဒကျမ်းက အမှားသုံးချက် ဝိုင်းနေတယ်ကွတဲ့၊ ဒီအမှားသုံးချက်ကလည်း ဘုန်းကြီး ရှင်းပြပါမယ်တဲ့၊ ခင်ဗျားတို့နတ်ဖြစ်လည်း အမှားသုံးချက် အုဋ္ဌ်တွေက ဝိုင်းပြီးကာထားတယ် (မှန်ပါ့ ဘုရား)။

နတ်ဖြစ်လည်း (အမှားသုံးချက်အုဋ္ဌ်တွေက ဝိုင်းပြီးကာထားပါတယ်) ဝိုင်းကာထားတယ်၊ ဒါဖြင့် အဲဒီ ဘဝမှား ထားတာကြီးကို ဖျက်ခဲ့ရဲ့လားလို့မေးတော့ မဖျက်ခဲ့ဘူး (မှန်ပါ့) မဖျက်ခဲ့တော့ ဒါကြီးဟာ အနုသယသဘောနဲ့ ကိန်းနေတာ ပဲ (မှန်ပါ ဘုရား)။

နောက်ဘဝရောက်ပြန်တော့ ဒီအမှားသုံးချက်က ဖြတ်ပါသလားလို့မေးပြန်တော့ (မဖြတ်ပါ ဘုရား) မဖြတ်နိုင် ဘူး၊ သူကထပ်ဆင့်တယ် (မှန်ပါ့ ဘုရား)။

ဒီလိုချည်း ထပ်ဆင့်ဆင့်-ဆင့်ဆင့်ပြီး လာတဲ့အတွက် ပုဂ္ဂိုလ်တစ်ယောက်မှာ ဒီအမှားသုံးချက်ဆိုတဲ့ အုဋ္ဌ်တွေက တစ်ခါတည်း ရံရံ-ရံရံပြီး ပတ်သွားတဲ့ဥစဎာ အုဋ္ဌ်တံတိုင်းကြီးသဖွယ် ဖြစ်ပြီးသကာလ လေးဘက်လေးတန်က ဝိုင်းပြီး မြင့်မားလိုက်တာလည်း ဘုရားက မပြောနိုင်ဘူးဟေ့ တဲ့၊ သူတို့က ဘယ်တော့မှဖြိုဖျက်ခဲ့တာလဲ မဟုတ်ဘူးတဲ့ (မှန်ပါ့ ဘုရား)။

သညာဝိပ္ပလ္လာသ စိတ္တဝိပ္ပလ္လာသ ဒိဋ္ဌိဝိပ္ပလ္လာသအုဋ္ဌ်တွေဟာ ခန္ဓာဝိုင်းနေတာဘဲ (မှန်ပါ့ ဘုရား) ခန္ဓာဝိုင်းပြီး ဆင့်ဆင့်-ဆင့်ဆင့်ပြီးသကာလ အပေါ်က မိုးသည့်တိုင်အောင်ဘဲ ဦးသံဒိုင်ဖြစ်တယ်လို့ အောက်မေ့လိုက်ပါ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့မှာ အုဋ္ဌ်တွေဘယ်လောက် ဝိုင်းနေသတုံးမေးရင် ဘယ့်နှယ်ဖြေကြမလဲ (မရေတွက်နိုင်အောင် ဝိုင်းပါတယ် ဘုရား)။

ထူထပ်တာက ဘယ်လောက်ထူထပ်သတုံးမေးရင် (မရေတွက်နိုင်ပါ ဘုရား) မရေတွက်နိုင်ဘူး၊ တစ်နေ့လည်း သားကလေးကြည့်ရတာလည်း ချမ်းသာတယ်မှတ်တာပဲ (မှန်ပါ့) မမှတ်ဘူးလား (မှတ်ပါတယ်) သားကလေးရယ်လို့ပဲ သားကလေးကြည့်ရတာမှတ်တယ်၊ သားကလေးကိုပဲ ခင်တယ်လို့သိတယ်၊ ဒါသားအစစ်ပဲလို့ဘဲ ယူလိုက်တယ် (မှန်ပါ့) သမီးအစစ်ဘဲ၊ ခင်ပွန်းမအစစ်ပဲလို့ဘဲ ယူလိုက်တယ် (မှန်ပါ့) ယူပြီးသကာလ သူတို့နဲ့နေရတာ ချမ်းသာတယ်ဆိုပြီး တစ်နေ့ ဘယ်နှစ်ကြိမ် ခင်ဗျားတို့ ကိုယ့်သားနဲ့ ကိုယ့်သမီးနဲ့ ကိုယ့်ပစ္စည်းနဲ့ ဒီသုခထင်နေတဲ့ အမှားဟာ တနေ့အုဋ္ဌ် ဘယ်နှစ်ချပ် ထပ်မတုန်းဆိုလို့ရှိရင် ဘယ့်နှယ်ပြောကြမလဲ (မရေတွက်နိုင်ပါ ဘုရား)။

ဘုရားမဝင်နိုင်အောင် ကာထားတယ်

ဒါ့ကြောင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက-

အနောကပ္ပန ပါကာရံ၊

ဝိပ္ပလ္လာသ ပရိက္ခိတ္တံ။

ဣရိယာပထသဉ္စန္နံ၊

နောပဋိတ္တန္တိ ဒုက္ခိတာ။ ကွာ-တဲ့၊ သူတို့မှာ ငါဘုရားမဝင်နိုင်အောင် သူတို့ဟာသူတို့ ကာထားတယ် တဲ့။ ဒီတံတိုင်းကြီးတွေ ခတ်ပြီးကာတယ် (မှန်ပါ့ ဘုရား)။

သညာဝိပ္ပလ္လာသ တံတိုင်းကြီးကလည်း မြင့်လိုက်တာ၊ စိတ္တဝိပ္ပလ္လာသတံတိုင်းကြီးကလည်း ထူထပ်မြင့်မားလိုက် တာ၊ ဒိဋ္ဌိဝိပ္ပလ္လာသအယူမှားကြီးကကော (မြင့်ပါတယ် ဘုရား) မြင့်မားတယ် ထူထပ်တယ်။

ဒါကြီးဟာ ဒီအလယ်မှာ ပုထုဇဉ်တစ်ယောက်-ရောက်နေတယ်လို့ အောက်မေ့ပါ (မှန်ပါ့ ဘုရား) ဘုရားတွေ ဘယ်လိုပွင့်ပွင့် ကိုယ်ကာထားတဲ့ အုဋ္ဌ်ထဲမှာ ဘုရား၏ အသံတော်တွေ ဘုရား၏ ဉာဏ်တော်တွေနဲ့ ပြောဆိုတဲ့ စကားတွေ မဝင်နိုင်ဘူးတဲ့ (မှန်ပါ့ ဘုရား)။

ဘာဖြစ်လို့တုံးဆိုတော့ ဘဝတိုင်း ဆင့်ဆင့်-ဆင့်ဆင့်ပြီး ဘယ်တော့မှ မဖြိုခဲ့တော့ တရုတ်ပြည်တံတိုင်းကြီး လိုနေတယ် (မှန်ပါ့ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ)။

ဒါဖြင့် ခင်ဗျားတို့ ကျွတ်တမ်းမဝင်တာ ဘုရားတွေက ဂင်္ဂါသဲမှုန့်နဲ့ အမျှ တမှုန့် တဆူ၊ တမှုန့် တဆူ ပွင့်သွား ငြားသော်လည်း ဒို့ ဘာကြောင့် ဒုက္ခပင်လယ်ဝေပြီး ကျန်ရစ်ပါလိမ့်မလဲလို့မေးတော့ ကိုယ်ခတ်ထားတဲ့ တံတိုင်း ထဲမှာ ဘုရားမတိုးနိုင်လို့သာမှတ် (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။

ကိုယ်ခတ်ထားတဲ့ တံတိုင်းကြီးထဲမှာ (ဘုရားမတိုးနိုင်လို့ပါ ဘုရား)။

ဝိပ္ပလ္လာသတံတိုင်းကြီး ဘယ်တော့မှ မဖြိုခဲ့ဘူး

ဝိပ္ပလ္လာသတံတိုင်းကြီးက ဘယ်တော့မှလည်း မဖြိုခဲ့ဘူးတဲ့ (မှန်ပါ့) ဘယ်တော့မှလည်း အနိစ္စ ဝိပဿနာ ဒုက္ခ ဝိပဿနာလို့ ခင်ဗျားတို့က မရှုခဲ့ဘူး (မှန်ပါ့)။

မရှုခဲ့တဲ့ အတွက်တဲ့ တစ်နေ့လည်း ဒီနေ့ဘာလုပ်ကြသတုံး၊ တံတိုင်းဆင့်နေတယ်သာ မှတ်ပေတော့ (မှန်ပါ့) နက်ဖြန် ဘာလုပ်မှာတုန်းမေးရင် (တံတိုင်းဆင့်နေတာပါ ဘုရား) ဘယ်သူကာတာတုန်းမေးတော့ မိမိကာတာ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ)။

ဘယ်သူ့ကာတာတုန်း (မိမိကာတာပါ ဘုရား) ဒါ တစ်နေ့ကိုလည်း အကြိမ်ပေါင်းမရေးနိုင်ဘူး၊ ဘဝပေါင်း ကလည်း ဘယ်လောက်များခဲ့သတုန်း (မရေတွက်နိုင်ပါ ဘုရား) ဒါဖြင့် ဒီခန္ဓာကြီးဒုကို ရေတွက်မယ်ဆိုလို့ရှိရင် ငါဘုရား တိုင်းထွာလို့ မရဘူးတဲ့ (မှန်ပါ့) မြင့်မားတာကိုလည်း ငါဘုရား မပြောနိုင်ဘူးတဲ့ (မှန်ပါ့) အုပ်မိုးနေတာကိုလည်း ငါဘုရား မပြောနိုင်ဘူးတဲ့၊ အထက်ကနေ လွှမ်းမိုးနေတာ (မှန်ပါ့)။

ဒီအထဲမှာ ခင်ဗျားတို့က ကိုယ့်နေရာကလေးနဲ့ကိုယ် ဟုတ်နေတယ် ထင်နေတာကတော့ ဘုရား မဝင်နိုင်တာ အမှန်ပဲ (မှန်ပါ့) ရိပ်မိကြပလား (ရိပ်မိပါပြီ)။

ဪ ဒို့ ကံမကောင်း အကြောင်းမသင့်လို့ ပါရမီနုလို့ ကျန်ရစ်တာလားလို့ဆိုတာ မမေးပါနဲ့ တဲ့၊ ကိုယ့်တံတိုင်း ကိုယ်ကာပြီး ဘုရား-တရား မဝင်နိုင်အောင် ကာနေတာက နေ့တိုင်းကာလို့ မလာတာပါ(မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

ဒီဟာကို ဟောလိုက်တော့မှ ဪ ဒို့ ကျွတ်တမ်းမဝင်ဘဲနဲ့ ဒီတံတိုင်းတွင်းမှာဘဲ အိမ်ထောင်ကျ၊ ဒီထဲမှာဘဲသေ၊ ဒီထဲကနေ အပါယ်သွား၊ ဒီထဲပြန်ဖြစ်၊ ကျွတ်လမ်းလွတ်လမ်းမြင်ကြသေးရဲ့လား (မမြင်ပါ ဘုရား)။

မြင်နိုင်စရာ တကွက်မှမရှိဘူး (မှန်ပါ့) တံတိုင်းက ဒီဝိပ္ပလ္လာသဆယ့်နှစ်ခု ရှိသည့်အနက်က ဆယ့်နှစ်ခုစလုံးဘဲ နေ့တိုင်းထပ်နေတယ် (မှန်ပါ့) နေ့တိုင်းဝိုင်း နေ့တိုင်းထပ် နေ့တိုင်းဆင့်၊ ထွက်ပေါက် မြင်ကြသေးရဲ့လား (မမြင်ပါ ဘုရား)။

ဒါ ဘယ့်နှယ်ကြောင့်တုန်း လို့ မေးတဲ့အခါကျတော့ ခင်ဗျားတို့မှာ အနိစ္စ ဝိပဿနာဉာဏ် မလာလို့လည်း တံတိုင်းကမပြို (မှန်ပါ့) ဒုက္ခ ဝိပဿနာဉာဏ် မလာလို့လည်း (တံတိုင်းကမပြိုပါ ဘုရား)။

မပြိုဘူး၊ မပြိုတဲ့အပြင် ဘာလုပ်နေသေးသတုန်း မေးရင်ဘယ်နှယ့်ဖြေမလဲ (ထပ်ကာနေပါတယ် ဘုရား)။

ဪ ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက အာစယဂါမိနောဓမ္မာ၊ စုတိ ပဋိသန္ဓေရောက်ကြောင်း ချည်းဆင့်နေတာ၊ ဒီအထဲတွင် ပဋိသန္ဓေနေ၊ ဒီအထဲတွင် အသေချည်း သူတို့ဆင့်နေတာကွ (မှန်ပါ့) ဒီပြင်ထွက်မယ်လို့ သူတို့စိတ်ထဲမှာ တစ်စက်မှပါဘူးကွတဲ့ (မှန်ပါ့ ဘုရား)။

ကဲ ဒကာ ဒကာမတို့ ခင်ဗျားတို့က သားနဲ့ မယားနဲ့ ဆွေနဲ့ မျိုးနဲ့ နေရတော့ ဪ လူ့ဘဝ အရတော်လေစွလို့ ခင်ဗျားတို့က ထင်ချင်ထင်နေကြမှာ (မှန်ပါ့)။

စက္ကန့်တိုင်းကာနေတယ်

ထင်ပင်ထင်ငြားသော်လည်း ဘုရားမဝင်နိုင်အောင် တရားမဝင်နိုင်အာင် လက္ခဏာရေးသုံးပါး မဝင်နိုင်အောင် နေ့တိုင်း ကာနေတာ (မှန်ပါ့ ဘုရား) နာရီတိုင်း၊ မိနစ်တိုင်း၊ စက္ကန့်တိုင်းကာနေတယ်လို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့ ဘုရား)။

ကြည့်လိုက်ရင် ဒါတွေက ဝိပ္ပလ္လာသဆယ့်နှစ်ချက်က ကာပြီးသားဘဲ (မှန်ပါ့) တစ်ခါကြည့် တစ်ခါကာတာပဲ (မှန်ပါ့) ဝိပဿနာဉာဏ်သာ မပါဘူးဆိုရင် တစ်ခါကြည့်ရင် (တစ်ခါ ကာပါတယ် ဘုရား)။

ပစ္စည်းကလေး တစ်ခါယူလိုက်တယ်၊ လက်ကလေးနဲ့ လှမ်းပြီး၊ စာရင်းကလေး တစ်ခါချုပ်လိုက်တယ်၊ စာရင်းက လေးကနေပြီး ပေးစရာရှိတာပေးတယ်၊ ကျွေးစရာရှိတာ ကျွေးတယ်၊ ဘယ်သူမည်ဝါ မည်သူ့ကိုပေး၊ ဒါ ဘာလုပ်နေတာ တုန်းမေးလို့ရှိရင် ခင်ဗျားတို့ (တံတိုင်းခတ်နေတာပါ) ကိုယ့်တံတိုင်းကိုယ်ခတ်နေတယ် (မှန်ပါ့)။

အမှားချည်းကိုးဗျ၊ အမှန်ပါရဲ့လား (မပါ-ပါ ဘုရား) သညာဝိပ္ပလ္လာသ စိတ္တဝိပ္ပလ္လာသ ဒိဋ္ဌိဝိပ္ပလ္လာသ တံတိုင်းဘဲ ခတ်နေတာပဲ(မှန်ပါ့ ဘုရား)။

ဒါဖြင့် မိနစ်တိုင်း စက္ကန့်တိုင်း ဒီဒကာ ဒကာမတွေ ဘာလုပ်ကြတာလဲ (တံတိုင်း ခတ်နေကြတာပါ ဘုရား) ဘယ်သူ့ကာကွယ်တာတုန်း မေးရင် (မိမိကိုယ် ကာကွယ်တာပါ) မိမိကိုယ်ကို မိမိကာကွယ်တာ (မှန်ပါ့)။

ဘယ်သူမဝင်နိုင်အောင်လို့တုန်း မေးတဲ့အခါကျတော့ လက္ခဏာရေးသုံးပါး မဝင်နိုင်အောင်လို့ ကာတာ (မှန်ပါ့) နိဗ္ဗာန်ရောက်မည့်တရား မဝင်နိုင်အောင်လို့ ကာလိုက်တာ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။

ဒီထဲ ဦးသံဒိုင်တို့ လူစုတွေက မအားလို့များ ပါလိုက်သေးတယ် (မှန်ပါ့) ဟ ဘာမအားတာတုန်း၊ ဒီတံတိုင်း ခတ်နေရလို့ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ)။

ဘာဖြစ်လို့ မအားတာတုန်း (တံတိုင်းခတ်နေလို့ မအားတာပါ)။

အံမာလေး ခင်ဗျားတို့ မအားမှာကလည်း ကြောက်စရာကြီး ပါကလား (မှန်ပါ့)။

ဘာကြောင့် မအားကြတာတုံး(တံတိုင်းခတ်နေလို့ မအားတာပါ ဘုရား)။

တံတိုင်းက ဘယ်သူ့ကာကွယ်တာတုံးလို့ မေးတော့ ဘယ့်နှယ်ဖြေကြမလဲ (မိမိကိုယ်ကာကွယ်တာပါ ဘုရား)။

မိမိကိုယ်မိမိ မှောင်ကျအောင် ကာတာ (မှန်ပါ့ ဘုရား) သဘောပါကြသလား (ပါပါပြီ)။

ဘယ်သူ မဝင်နိုင်အောင်လို့တုန်း မေးတော့ လက္ခဏာရေးသုံးပါဉာဏ်မဝင်နိုင်အောင် သစ္စဉာဏ် မဝင်နိုင် အောင် (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ)။

မှောင်ထဲမွေး၍ မှောင်ထဲသေ

ဒါဖြင့် ခင်ဗျားတို့ အခုဆရာသမားပြောတဲ့ တရားမျိုးကို မနာရတော့ဘူး၊ တံတိုင်းဖျက်တဲ့ နည်းကို မနာရတော့ ဘူးဆိုလို့ရှိရင်ဖြင့် မှောင်ထဲမွေး၍ မှောင်ထဲသေဘဲရှိမယ်၊ ဒီ့ပြင် ဘာမှရှာမတွေ့ဘူး (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ)။

ဘယ်ထဲ မွေးသတုန်း (မှောင်ထဲမွေး၍ မှောင်ထဲသေပါ ဘုရား)။

မှောင်ထဲမွေး မှောင်ထဲသေ၊ မှောင်ထဲမှာ လုပ်စားတယ်(မှန်ပေါ့)။

ဒီမှောင်ထဲ နေပြီးသကာလ အအားနေသလားလို့ မေးတော့ မလုံ-လုံအောင် ကာနေတယ် (မှန်ပါ့ ဘုရား)

ဘုရားအဆူဆူ ပွင့်ငြားသော်လည်း ဒကာ ဒကာမတို့ မကျွတ်နိုင်ဘူးဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား) ဘာတွေ ကာကြတာတုန်း (တံတိုင်းတွေ ကာနေပါတယ် ဘုရား)။

တံတိုင်းတွေက ဝိပ္ပလ္လာသ ဆယ့်နှစ်ချက် ကာချလိုက်တယ်-(မှန်ပါ့)။

တစ်နေ့ ဘယ်နှစ်ကြိမ် ဆင့်သတုံးမေးရင် (မရေတွက်နိုင်ပါ ဘုရား)။

ဒါ ခင်ဗျားတို့ ဝမ်းနည်းစရာမလိုပါဘူးတဲ့ (မှန်ပါ့) ဘုရား ကရုဏာ မရှိလို့လား ကိုယ်က ချက်တဲ့ မတိုးနိုင်လို့ လားသာ မေးပါ (ကိုယ့်ကာချက်ထဲ မတိုးနိုင်လို့ပါ ဘုရား)။

အခုသေသေချာချာ တရားထူး နာရတော့မှ ခင်ဗျားတို့ သိပ်ဝမ်းနည်းစရာကောင်းတဲ့ လူတွေဘဲ (မှန်ပါ့) မသိလိုက်တာကလည်း လက္ခဏာရေးသုံးပါး ဟောမည့်ကိုယ်တော်ကြီး မဝင်နိုင်လောက်အောင်ဘဲ ကာကြတာဘဲ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။

တချို့များပြောကြတယ်၊ နေစမ်းပါဦး၊ ဒါတရားနေရာမဟုတ်ပါဘူး တဲ့၊အံမာလေး ကြောက်စရာကြီးပါလား (မှန်ပါ့ ဘုရား) ဘာဖြစ်နေတာတုန်း မေးတော့ ဘယ့်နှယ်ဖြေမလဲ (တံတိုင်း ကာနေတာပါ)။

မအားသေးဘူး၊ ကျုပ် ကာရတုန်းရှိသေးတယ် (မှန်ပါ့) ဖြစ်ပျက်အရှုခိုင်းရင် မအားလို့၊ အင်းဒီက တံတိုင်း အဖျက်ခိုင်းတာ (မှန်ပါ့)။

ဒီက တံတိုင်း အဖျက်ခိုင်းတာ၊ သူနေရာနဲ့သူမှ ကောင်းပါတယ်၊ ကိုယ်ဘာလို့ ကောင်းနေသေးတဲ့ဥစ္စာကို မဖွင့်ပါနဲ့ဦးပေါ့လေ (မှန်ပါ့) မဖျက်ပါနဲ့ဦး။

ခင်ဗျားတို့ ဆင်ခြေတွေများဗျာ၊ ကြောက်စရာကောင်းလိုက်တဲ့ ဖြစ်ခြင်း (မှန်ပါ့) ဒီလိုနက်နက်နဲနဲကို မသိရတဲ့ ပုဂ္ဂိုလ်ကတော့ ပြောရိုး-ပြောစဉ် ပြောလိုက်တာဘဲ၊ ဘေးကလည်းပြောကြတာဘဲ၊ ဘေးကလည်းပြောတယ် ဟုတ်သားပဲ၊ နေရာတိုင်းတရားဆိုတော့ ဘယ်တော်ပါ့မလဲ။

အင်း ဘေးကလည်း အားပေးလိုက်သေးတယ် (မှန်ပါ့) သူကလည်း ကာတဲ့လူကိုး (မှန်ပါ့ ဘုရား)။

ခုနင်က ငြင်းပယ်တဲ့ လူကကော ကာတဲ့လူဘဲ၊ ဘေးကအားပေးတဲ့ လူကကော (ကာတဲ့လူပါပဲ)။

ဒါကြောင့် တရားဟာ နေရာတိုင်း မတော်ပါဘူး၊ ကြည့်ပြီးသုံးကြပါ၊ အံမာလေး ဘာဖြစ်ကြတာလဲ ပြောပါဦး (တံတိုင်းကာတာပါ ဘုရား)။

ဘယ်သူမဝင်နိုင်အောင်လို့တုန်း (ဖြစ်ပျက် မဝင်နိုင်အောင်လို့ပါ) ဘုရား မဝင်နိုင်အောင်လို့ ဆိုလိုက်ပါတော့ ဗျာ (မှန်ပါ့) ဟောမည့် ကိုယ်တော်ကြီး မဝင်နိုင်အောင်လို့ ကာနေရတယ်၊ ဒါ့ကြောင့် သူ့အချိန် မဟုတ်သေးပါဘူးလို့ ကန့်ကွက်ရတယ်-(မှန်ပါ့) မတော် ကျွတ်တမ်းဝင်လို့ရှိရင် ချမ်းသာသွားမှာ စိုးလွန်းလို့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

ခင်ဗျားတို့ဖြစ်စဉ်ဆိုးလွန်းလို့ ပြောပါတယ် (မှန်ပါ့) ဒါဘုန်းကြီးက တရားဟောလည်လို့ စကားတတ်လို့ ပြောတယ်လို့ ဒီလိုမယူပါနဲ့ နာမရူပ ပရိစ္ဆေဒကျမ်းမှာ ဒီအတိုင်းလာတယ် (မှန်ပါ့)။

တံတိုင်းကာတဲ့အချိန်နဲ့ တံတိုင်းဖျက်တဲ့အချိန်

အနောကပ္ပနပါကာရ၊ ခုန်ကျော်လွှား၍ သွားဖို့မလို၊ ကြီးကျယ်မြင့်စိုင်း၊ တံတိုင်းပမာ၊ ဝိပ္ပလ္လာဖြင့်၊ ကွယ်ကာ ရစ်ဆိုင်း၊ ဝန်းဝိုင်း၍ နေခြင်းကြောင့်လည်းကောင်း၊ ဘုရားမဝင်နိုင်ဘူးကွတဲ့ (မှန်ပါ့) သဘောပါပလား (ပါ-ပါပြီ)။

ကဲ တစ်နေ့ တစ်နေ့ စဉ်းစားကြည့်ပါ၊ အခု ဆရာသမားနဲ့ တွေ့နေတော့ အသိဉာဏ်ကလေးတွေ ထိုက်တန် သလောက်ရှိတဲ့ ပုဂ္ဂိုလ်တောင်မှ တံတိုင်းကာတဲ့အချိန်နဲ့ တံတိုင်းဖျက်တဲ့အချိန်နဲ့ ၊ ဖျက်ဆိုတာက ဝိပဿနာ ရှုလိုက်တဲ့အခါ ကျတော့ ပျက်သွားတာကိုး (မှန်ပါ့) ဘယ်သူက များသတုန်း (တံတိုင်းကာတဲ့ အချိန်က များပါတယ် ဘုရား)။

အင်း နိဗ္ဗာန်နဲ့ တော်တော်နီးပြီလားလို့ မေးရင်း ဘယ့်နှယ်ဖြေကြမလဲ (မနီးပါ ဘုရား)။

မနီးသေးပါဘူးဆိုတာ နာရီနဲ့တွက်တွက် စက္ကန့်နဲ့တွက်တွက် ပေါ်ပါတယ် (မှန်ပါ့ ဘုရား) မပေါ်သေးဘူးလား (ပေါ်ပါတယ်)။

ဒါတွေကို ဒကာ ဒကာမတွေက ဒါလောက် နက်နက်နဲနဲကလည်း မသိတော့ ကျုပ်တို့ အားကိုးကလေးတော့ ရှိပါသေးတယ်၊ ကျောင်းကလေး ဆောက်ထားတယ်၊ ဘုရားကလေးတည်ထားတယ်၊ ဆွမ်းကလေး ပြုစုနေတယ်။ အင်း မိုးကြိုးပစ်တာ ထန်းလက်တော့ ကာပြန်ပါပြီ (မှန်ပါ့) မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။

မိုးကြိုးပစ်တာ(ထန်းလက်ကာပါတယ် ဘုရား) ထုံးစံမှာ ထန်းလက်က နိုင်ရဲ့လား (မနိုင်ပါ ဘုရား) မနိုင်တာ သွားအားကိုးနေကြတယ် (မှန်ပါ့ ဘုရား)။

ဘာဖြစ်နေကြသလဲ (မနိုင်တာ အားကိုးနေပါတယ်) မနိုင်တာ အားကိုးနေတယ်ဆိုတော့ ဦးသံဒိုင် ဘုရား မျက်လုံးနဲ့ကြည့်ကြည့်၊ ဘုန်းကြီးတို့လို အသိဉာဏ်ကျယ်တဲ့ ပုဂ္ဂိုလ်မျက်လုံးနဲ့ ကြည့်တာတောင်မှ ဪ သူက ထန်းလက် ကာနေတာကလေး အဟုတ်မှတ်နေရှာတာကိုး၊ ဒီတံတိုင်းကြီး သူ့ဟာသူဖျက်မှ သူအလင်းရောက်မှာ (မှန်ပါ့) ဒီတံတိုင်း မဖျက်နိုင်ရင် (အလင်းမရောက်ပါ ဘုရား) အလင်းမရောက်နိုင်ဘူးဆိုတာပေါ်ပလား (ပေါ်ပါပြီ)။

အဲဒါတွေ မသိတော့ကို ရေနစ်နေတဲ့လူ ဆွဲမိဆွဲရာ ဆွဲသလိုဖြစ်နေတယ် (မှန်ပါ့ ဘုရား)။

ဘယ့်နှယ်ဖြစ်နေသလဲ (ရေနစ်တဲ့လူ ဆွဲမိဆွဲရာ ဆွဲသလိုဖြစ်နေပါတယ်) ဆွဲသာဆွဲတယ် သေတာပဲ (မှန်ပါ့ ဘုရား)။

ဆွဲသာ ဆွဲတယ် ရေနစ်တဲ့လူသွားကြည့် (သေတာပါဘဲ ဘုရား)ဆွဲရင်း သေတာပဲ၊ သဘောပါပြီလား (ပါပါပြီ ဘုရား)။

အဲဒီတော့ သူဆွဲတာကလေးတွေကလည်း ဆွဲရင်း သေစရာ ဆွဲတာကိုး (မှန်ပါ့ ဘုရား) ငါ့ဘုရားတွေ ရှိသားဘဲ၊ ဘုရားကလေးဆွဲမဟ ဆွဲရင်း အဲဒီ့ သုဂတိရောက် သေပြန်တာပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

အသေလွတ်တော့ ရရဲ့လား (မရပါ ဘုရား) ဆွဲတော့ဆွဲတာပဲတဲ့၊ အသေလွတ်တော့ မရဘူး (မှန်ပါ့)။

နားကြီးကြီးနဲ့လည်း ထောင်မှ ဒီအဓိပ္ပါယ်ကလည်း ရှင်းတယ် (မှန်ပါ့ ဘုရား) နားသေးလို့ရှိရင် အံမာလေး တပည့်တော်တို့အဖြစ်က တပည့်တော်တို့ ကြားဖူးထားတာနဲ့တော့ တခြားစီဘဲလို့ ခင်ဗျားတို့ ထင်လိမ့်မယ် (မှန်ပါ့ ဘုရား)။

အောက်တန်းတရား နာထားလို့ ရှိရင်

အဲဒါက အောက်တန်းတရား နာထားလို့ ရှိရင်တော့ တခြားစီနေမှာပဲ (မှန်ပါ့ ဘုရား) ရှင်းပြီလား (ရှင်းပါပြီ)။

အောက်တန်းတရား နာထားရင်(တခြားစီနာမှာပါ ဘုရား) အထက်တန်းတရားနဲ့ ဆိုလို့ရှိရင်ဖြင့် ဒါမှပဲ တံတိုင်း ပျက်တယ် (မှန်ပါ့) ဝိပဿနာမှ တံတိုင်းပျက်တယ်၊ ကျန်တာတွေဟာ ကာတာချည်းပဲ (မှန်ပါ့ ဘုရား)။

တစ်ခါတည်း ကိုယ့်အားကိုးတာကလေး ဆွဲလိုက်ပြန်တော့လည်း ခုနက ရေနစ်တဲ့သူပဲ၊ ဆွဲရင်သေပဲ (မှန်ပါ့ ဘုရား)။

နတ်ပြည်ရောက်လို့ နတ်ပြည် ကိုယ့်ဒါနကလေးစွဲပြီး သေသွားပြန်လည်း နတ်ပြည်တော့ ရောက်တာဘဲ၊ ဆွဲရင်း သေတာပဲ (မှန်ပါ့ ဘုရား) ဗြဟ္မာပြည်ရောက်လည်း ဆွဲရင်းသေပဲ (မှန်ပါ့ ဘုရား)။

ရေနစ်တဲ့လူပဲ ဆွဲမိဆွဲရာတာသာ ဖြစ်ပါတယ်တဲ့၊ အသေတော့ မလွတ်ပါဘူး (မှန်ပါ့ ဘုရား) ဘာကြောင့်တုန်း လက္ခဏာရေးသုံးပါး မဝင်နိုင်လို့ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေ နေ့တိုင်း ဘာလုပ်ကြသလဲလို့ဘဲ မေးတဲ့အခါ ဘယ့်နှယ်ဖြေကြမလဲ (တံတိုင်းကာပါ တယ် ဘုရား)။

သူများကာပေးတာလား၊ ကိုယ့်ဟာကိုယ် ကာနေတာလား (ကိုယ့်ဟာကိုယ် ကာနေတာပါဘုရား။)

ကိုယ့်ဟာကိုယ်ကာနေတာနော်၊ စဉ်းစားကြည့်ပါ၊ ကာတယ် မကာတယ်ဆိုတာ ကိုယ့်သားမယားကိုလည်း သူ့ကြည့်ရတာ သူက နေကောင်းထိုင်သာရှိနေတော့ တစ်ခါတည်းတဲ့ နေကောင်း ထိုင်သာကလေးလို့လည်း မှတ်ထားလိုက် တယ်၊ နေကောင်းထိုင်သာကလေးလို့ပဲ သိတယ်၊ နေကောင်း ထိုင်သာလို့ပဲ သူ့လုပ် သူ့ပေးပြီး သူ့အားကိုးရတာပဲ (မှန်ပါ့) မလာဘူးလား (လာပါတယ် ဘုရား)။

ဘာလုပ်ကြတာတုန်း ဒါ(တံတိုင်း ဆင့်တာပါ ဘုရား)။

တံတိုင်းဆင့်ပေးတာ (မှန်ပါ့) ဘယ်နှစ်ခါ ဆင့်သတုန်း (မရေတွက်နိုင်ပါ ဘုရား)။

တစ်ဘဝထဲတင် ခင်ဗျားတို့ဘုရားကို မဖြိုနိုင်အောင် ဒီအထဲ မဝင်နိုင်အောင်ကို ဆင့်ပါတယ်(မှန်ပါ့)။

နို့ ဘဝပေါင်းများစွာက ပြိုခဲ့သလားလို့မေးတာ တစ်ဘဝမှာ အရင်တံတားပေါ်ကို ဒုတိယဘဝလည်း ဆင့်တာ ပဲ (မှန်ပါ့) တတိယ ဘဝကော (ဆင့်ပါတယ်)။

ဘယ့်နှယ်တုန်း ဒကာ ဒကာမတို့ မှောင်များ၊ မနေသေးဘူးလား (မှောင်ပါတယ်)။

မှောင်နေပြီ၊ အဲဒီတော့ကိုတဲ့ ငါဘုရားသခင် ကိုယ်တော်မြတ်ကြီးဟာ အင်မတန်မှပဲ ဖြစ်ပျက်ဥဒယဗ္ဗယ ဉာဏ်တွေများ ငါကြိုးစားလိုက်တဲ့ အခါကျတော့ကွာတဲ့ ငါ့ကိုယ်ထဲက ထွက်တဲ့ ဩဘာသဆိုတဲ့ အရောင်တွေဟာ အကနိဋ္ဌဗြဟ္မာ့ပြည်ရောက်အောင် တက်ပါတယ်တဲ့ (မှန်ပါ့) အောက်လဲ အဝီစိကျအောင် ငါ၏ ကိုယ်ရောင်တွေသွားပါ တယ်၊ ဘုရားဖြစ်တော့မည့် နိမိတ်တွေဟာ (မှန်ပါ့) အဲဒါ မင်းတို့အထဲမဝင်နိုင်ဘူးတဲ့ (မှန်ပါ့)ထူထပ် လွန်းလို့ (မှန်ပါ့) မြင်ကြပလား ကဲ (မြင်ပါပြီ)။

တံတိုင်း ထူလွန်းလို့

ဘုရားတွေဖို့ ထားပါဦးတော့ အကနိဋ္ဌဗြဟ္မပြည်ကျအောင် ဒီဩဘာသဆိုတဲ့ အရောင်တွေ ဥဒယဗ္ဗယဉာဏ် အားထုတ်တဲ့ ဥစ္စာကို ကျုပ်တို့ ခင်ဗျားတို့ဆီကို မဝင်နိုင် (မှန်ပါ့)ဘာဖြစ်လို့ မဝင်နိုင်တာတုန်း (တံတိုင်း ထူလွန်းလို့ပါ ဘုရား)။

ထူလွန်းလို့ မြင့်မာလွန်းလို့ ဒုကြီး-ကြီးလွန်းလို့ ပေါ်ကြပြီလား (ပေါ်ပါပြီ)။

အင်း ဒါဖြင့် ဘုရားဟာ မဟာကရုတော်ကြီးနဲ့ ပွင့်ထွန်းပေါ်ပေါက်လာတာ၊ မဟာဆိုတာ-ကြီးတယ်၊ ကရုဏာဆို တာက သနားတယ်၊ အင်မတန်ကြီးကျယ်တဲ့ ကရုဏာတော်ကြီး၊ တွေ့သရွေ့အကုန် ချွတ်မဟေ့ဆိုတာတောင်မှ ကျုပ်တို့ အထဲမဝင်နိုင်ဘူးတဲ့ (မှန်ပါ့) သဘောပါပလား (ပါ ပါပြီ)။

ဘာဖြစ်လို့ မဝင်နိုင်တာတုန်းဆိုတော့ ကာချက်သန်လွန်းလို့ (မှန်ပါ့) မြင့်မားလွန်းလို့ (မှန်ပါ့) အမှောင်ထဲကို မတိုးနိုင်လို့ (မှန်ပါ့)။

ဝမ်းလဲ မနည်းကြပါနဲ့တဲ့ ဖြစ်စဉ်က ဒီအတိုင်းပါပဲ (မှန်ပါ့ ဘုရား)။

ခင်ဗျားတို့ ဝိပ္ပလ္လာသ သေးသေးမှတ်နေမှာစိုးလို့ ဘုရားက ဟောရှာတာ (မှန်ပါ့ ဘုရား) အင်မတန် ကြီးကျယ်တဲ့ တရားဆိုတာ ပေါ်ကြပြီလား (ပေါ်ပါပြီ)။

အဲဒီတော့ ဒီတစ်ခါ အခုဘုရားသာသနာရှိလို့ ဆရာဘုန်းကြီးများကလည်း ထူးထူးခြားခြားပေါ်လာလို့ ခင်ဗျားတို့ တံတိုင်းဖြိုနည်း နိဿယျည်းကို ပေးတာပဲ (မှန်ပါ့)။

ဖြိုလိုက်လည်း ရပါတယ်(မှန်ပါ့) ဆင့်လာတာကဖြင့် ဘဝပေါင်းများစွာက ဆင့်ပြီးသကာလ လာတော့ ဘုရားအဆူဆူနဲ့ လွဲခဲ့တာလည်း သေချာပါပြီ (သေချာပါပြီ ဘုရား)။

ဒီတစ်ခါ ဖွင့်ပေးမှာပဲ (မှန်ပါ့) ဖွင့်ပေးတဲ့အလုပ်ကို ခင်ဗျားတို့ လုပ်ကြလို့ရှိရင်ဖြင့် အလင်းရပြီးသကာလ “ဉာဏဥဒပါဒိ အာလောကော ဥဒပါဒိ” ဆိုတဲ့ဥစ္စာ ပေါ်မှာပဲ (မှန်ပါ့) အာလောကော= ဉာဏ်ရောင်အလင်းသည် ဥဒပါဒိ=ထင်ရှားပေါ်လာ၏။

ဒီဘဝလဲ ထပ်ဆင့်နေဦးမယ် ဆိုရှိရင်

ဟာ ဒီတံတိုင်းကို ဘုန်းကြီးပြောတဲ့အတိုင်း ခင်ဗျားတို့မချိုးမဖောက်ဘဲနဲ့ ဒီဘဝလဲ ထပ်ဆင့်နေဦးမယ် ဆိုလို့ ရှိရင်ဖြင့် မေတ္တယျဘုရားလည်း ခင်ဗျားတို့ ဘုရားမဟုတ်ပါဘူး (မှန်ပါ့ ဘုရား) နောင်လာမည့် ဂင်္ဂါဝါဠုသဲစု ဘုရားတွေ ကော (မဟုတ်ပါ ဘုရား) မဟုတ်ပါဘူး။

အဲဒီဘုရားတွေ လက်ထက်ကျတော့ ခင်ဗျားတို့တံတိုင်းက ဒီထက်ပဲ ကြီးစရာများတယ် (မှန်ပါ ဘုရား) မများဘူး လား (များပါတယ်)။

ကဲကိုယ့်အဖြစ်ဟာ ခင်ဗျားတို့က နဂိုကတော့ ဦးသံဒိုင်တို့ လူစုက တော်သေးရဲ့လို့ အောက်မေ့နေမှာ၊ ဘာတော် တာပါသလဲ (မပါ-ပါ ဘုရား) ပါကြရဲ့လား (မပါပါ ဘုရား)။

အဲ အခုဝိပဿနာ အားထုတ်တဲ့ ပုဂ္ဂိုလ်ဘဲ တံတိုင်းဖြိုတယ် (မှန်ပါ့) ကျန်တဲ့ပုဂ္ဂိုလ်ကဖြင့် ဆင့်နေတာချည်း မှတ်လိုက်ပါ (မှန်ပါ့)ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။

ဝိပဿနာ အားမထုတ်တဲ့ ပုဂ္ဂိုလ် ဘာလုပ်နေသတုန်း (တံတိုင်းဆင့်နေပါတယ် ဘုရား)။

တံတိုင်းဆင့်နေတယ်၊ တစ်နေ့လည်း အမှတ်မှား-အသိမှား-အယူမှား၊ တော်တော်ကလေး နေပြန်တော့ကော (အမှတ်မှား-အသိမှား-အယူမှားပါ ဘုရား)။

ကိုင်း ဒကာ ဒကာမတို့ အိမ်နေတာ ခင်ဗျားတို့ကို မကြည်ညိုလို့ မဟုတ်ပါဘူး၊ စီးပွားရှာနေတာလည်း ခင်ဗျားတို့ကို မလိုလို့ မဟုတ်ပါဘူး၊ သို့သော်လည်း ခင်ဗျားတို့ လုပ်ချက်က ကိုယ့်ဟာကိုယ် လုံခြုံကာနေတဲ့ အဓိပ္ပါယ်သိပ် ပါပါတယ်(မှန်ပါ့)။

ခြကလေးတွေဟာ တောင်ပို့လုပ်တယ်၊ ကြီးကြီးလာတယ်(မှန်ပါ့) တောင်ပို့က သေးသွားသလား ကြီးလာ သလား (ကြီးလာပါတယ် ဘုရား) ကြီးလာပြီး နောက်ဆုံးပိတ်ကျတော့ ပိတ်လိုက်တယ် (မှန်ပါ့) ပိတ်လိုက်တော့ ဘယ်သူမှ မဝင်နိုင်အောင်ဟေ့ ဆိုတဲ့ စိတ်ထား ပါ-မပါ (ပါ ပါတယ် ဘုရား)။

ခြလို လုပ်နေတာ

အဲခင်ဗျားတို့က အဲဒီ့ခြလို လုပ်နေတာ (မှန်ပါ့) ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

ဘာမျိုးတွေတုန်း ခင်ဗျားတို့ (ခြမျိုးတွေပါ ဘုရား) ခြမျိုးတွေ ဟ ဘယ်သူမှ မဝင်နိုင်အောင် ဘုရားသံ တရားသံ သံဃာသံ တကယ်နက်နဲတဲ့ သဘောတွေ ဦးသံဒိုင် အလုံးစုံ အဝင်မခံဘူး (မှန်ပါ့ ဘုရား) ခံပါ့မလား (မခံပါ ဘုရား)။

ဘုရားပွင့်နေတာတောင်မှ ကာလျက်တွေဖြစ်နေလို့ အကုန်ကျန်ရစ်တယ် (မှန်ပါ့ ဘုရား) ပွင့်သွားတဲ့လူနဲ့ ကျန်နေရစ်တဲ့ လူနဲ့ ဘုရားက လက်သည်းပေါ် ချိန်ကြည့်တော့ လက်သည်းပေါ်တင်တဲ့ မြေမှုန့်လောက် ရှိပါတယ်ကွာ တဲ့ ပျမ်းမျှကြေးချိန်လိုက်လို့ရှိရင် (မှန်ပါ့ ဘုရား)။

ပွင့်ပြီး ငါ့နောက်လိုက်လာတာ အလင်းရာလာတဲ့ ပုဂ္ဂိုလ်ဟာ လက်သည်းပေါ်တင်တဲ့ မြေမှုန့်လောက်ရှိပါတယ် တဲ့ (မှန်ပါ့) ကျန်တာတွေကာ ကာလျက် ဆီးလျက်နဲ့ ဒီထဲမွေး ဒီထဲသေပါပဲတဲ့ (မှန်ပါ့)။

တံတိုင်းကြားထဲမှာမွေး (တံတိုင်းကြားထဲမှာ သေပါတယ် ဘုရား) တံတိုင်းကြားထဲမှာသေ ဆိုတဲ့ဥစ္စာ ဒါကြောင့်ခင်ဗျားတို့ ပြောပါတယ်၊ ကိုယ့်ငါးချဉ် ကိုယ်ချဉ်မနေကြနဲ့ ဘာမှမဟုတ်သေးဘူးဟေ့ (မှန်ပါ့ ဘုရား) မပြောထိုက် ဘူးလား (ပြောထိုက်ပါတယ် ဘုရား)။

ကိုယ်ငါးချဉ် (ကိုယ်ချဉ်မနေကြပါနဲ့) ဘာမှမဟုတ်သေးဘူးဆိုတဲ့ အဓိပ္ပါယ် ရှင်းပလား (ရှင်းပါပြီ)။

တံတိုင်းက မျက်လုံးဖွင့်လိုက်ရင် (တံတိုင်းခတ်တဲ့ အလုပ်လုပ်ပြီ (မှန်ပါ့) နားကြားရင်ကော (တံတိုင်းခတ်တဲ့ အလုပ်လုပ်ပါတယ် ဘုရား) ဒွါရခြောက်ပေါက်ကနေ လုပ်တဲ့အလုပ်ဟူသရွေ့ ဝိပဿနာအလုပ်မှတပါး ကျန်တဲ့အလုပ် တွေကို ခင်ဗျားတို့ လုပ်နေကြလို့ရှိရင်ဖြင့် ကိုယ့်ကာကွယ်ရေး ဘုရားနဲ့ တရားနဲ့ လွဲရေး နိဗ္ဗာန်နဲ့လွဲရေး ဒါကိုသာ နေ့တိုင်း လုပ်တယ်လို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။

ဘယ်ဟာတွေ မဝင်နိုင်အောင်လို့ ကာပါလိမ့်

အဲဒီ မအားတာတွေဆိုတာတော့ ဦးသံဒိုင် ဘုန်းကြီးထည့်ပြောဖို့ မလိုတော့ပါဘူး (မှန်ပါ့) မအားတာဟာ တံတိုင်းခတ်နေတာ (မှန်ပါ့) ဘယ်သူ့ကာကွယ်ရေးတုန်း (ကိုယ့်ကာကွယ်ရေးပါ ဘုရား) ဘယ်ဟာတွေ မဝင်နိုင်အောင်လို့ ဒါလောက် ကာပါလိမ့်လဲလို့ဆိုရင် (ဘုရားနဲ့ တရားနဲ့လွဲအောင်ပါ ဘုရား)။

ဘုရားဟောမည့် လက္ခဏာရေးသုံးပါး (မှန်ပါ့) ဘုရားလည်း ဒီထဲရောင်ခြည်တော် မလွှတ်နိုင်အောင် (မှန်ပါ့) ဟောတဲ့ တရားလည်း ဒီအထဲမရောက်နိုင်အောင် (မှန်ပါ့ ဘုရား)။

သူ့ဟောတဲ့ အသံဟာက ဘုရားသခင် ကိုယ်တော်မြတ်ကြီး သေသေချာချာ ပြောပါတယ်၊ မဟာဝါပါဠိတော်များ သူကိုယ်တိုင်ဟောထားတယ်၊ ငါ့တရားစည်ကြီးဟာ ကြားချင်တဲ့လူအတွက်မှာ တံတိုင်းမကာတဲ့ ပုဂ္ဂိုလ်ကိုတဲ့ အကနိဋ္ဌ ဗြဟ္မာ့ပြည်ကလည်း ကြားပါတယ်ကွာတဲ့ (မှန်ပါ့) ခင်ဗျားတို့ ကျုပ်တို့က မကြားဘူး(မှန်ပါ့)။

ဘာ့ကြောင့်တုန်း (တံတိုင်း ကာတာ ထူလွန်းလို့ပါ ဘုရား) ထူလွန်းလို့ ဘေးဒုခဲလည်း မတိုးနိုင်ဘူး၊ မြင့်မား တဲ့ အထက်ကိုလည်း အသံကလျှံမသွားနိုင်ဘူး (မှန်ပါ့) ခြလိုတောင်ပို့ထိပ်ကနေ ပိတ်ထားပြန်လို့ အတွင်းလည်း မရောက်နိုင်ဘူး (မရောက်နိုင်ပါ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ)။

အသေလမ်းချည်း သွားလိမ့်မယ်

အဲဒီတော့ ခင်ဗျားတို့အတွက် ဒီဝိပဿနာအလုပ်နဲ့မှ တံတိုင်းဖျက်တဲ့ နိဿယည်းကို အပြီးတိုင် မလုပ်ကြ တော့ဘူးဆိုလို့ရှိရင်ဖြင့်တဲ့ ငါသည်ဘယ်သွားမှာတုန်းလို့ မေးမနေနဲ့ အသေလမ်းချည်း သွားလိမ့်မယ်လို့ မှတ်ပါ (မှန်ပါ့ ဘုရား)။

ဘယ့်နှယ် မှတ်ကြမယ် (အသေလမ်းနဲ့ သွားမယ်လို့မှတ်ပါ) နတ်ပြည်မရောက်ဘူးလို့ ဘုန်းကြီး မဟောပါဘူး၊ အသေလမ်းပဲ (မှန်ပါ့) ဗြဟ္မာပြည် မရောက်ဘူးလို့ ဗြဟ္မာအလုပ်လုပ်ရင် မရောက်ဘူးလို့ မပြောပါဘူး၊ သို့သော် အသေလမ်းပဲ (မှန်ပါ့ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ)။

ဪ ဒါဖြင့် ခင်ဗျားတို့ အဖြစ်ဟာ ဒီလိုဆရာသမားကောင်းနဲ့ ကျကျနနမတွေ့တော့ပါဘူး၊ သာမညဆရာ သမားတွေနဲ့သာ တွေ့ကြုံပြီးသကာလ သာမည စာအုပ်တွေ ဖတ်ပြီးတော့ ကျုပ်တို့ သိတန်သလောက် အသိသားပဲဆိုတဲ့ ပုဂ္ဂိုလ်တော့ သွားပြီဟေ့ (မှန်ပါ့ ဘုရား) ကယ်မည့်လူ ယူမည့်လူကို မရှိဘူး၊ ရှိပါ့မလား (မရှိပါ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

အခု ဒီတရား ခင်ဗျားတို့ စဉ်းစားကြည့်တော့မှ ကြည့်ပါလား ငါဘုရား မတိုးနိုင်ဘူးကွတဲ့၊ ခုန်ကျော်သွားဖို့ ငါခုန်ဝင်လို့တောင်မရဘူးတဲ့ (မှန်ပါ့) ဘာဖြစ်လို့တုန်း ကြီးကျယ်မြင့်မားလွန်းလို့ (မှန်ပါ့ ဘုရား)။

ကဲ ဒကာ ဒကာမတို့ ဂင်္ဂါဝါဠုသဲစု ဘုရားတွေ မဝင်နိုင်ဘူးတဲ့ (မှန်ပါ့) ဘာဖြစ်လို့ မဝင်နိုင်သတုန်း (မြင့်မားလွန်းလို့ပါ ဘုရား) မြင့်မားလွန်းလို့ ဒုထည်ကြီးလွန်းလို့ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သူများ ကာပေးတာလား သူ့ဟာသူပဲ ထပ်ဆင့်ပြီးဖို့နေတာလားမေးရင် ဘယ့်နှယ်ပြောကြမယ် (သူ့ ဟာသူ ထပ်ဆင့်ပြီးဖို့နေတာပါ ဘုရား) သူ့ဟာသူဆင့်၊ သူ့ဟာသူ ဒု-တူအောင်ဖို့ (မှန်ပါ့)။

ဘယ့်နှယ်တုန်း ဒကာ ဒကာမတို့ ခင်ဗျားတို့ကတော့လည်း ဪ ဘုန်းကြီးများလိုတော့ အလွယ်သာပေါ့၊ တပည့်တော်များတော့လည်း စားရေးနဲ့ သောက်ရေးနဲ့ ဝတ်ရေးနဲ့ နေရေးနဲ့ သားနဲ့သမီးနဲ့ ဆွေနဲ့မျိုးနဲ့ ရပ်နဲ့ရွာနဲ့ သာခမ်းနဲ့ နာခမ်းနဲ့ တဲ့ အံမာလေး ခင်ဗျားတို့ ဆင်ခြေတွေကလည်း လွန်နေတာပဲ (မှန်ပါ့ ဘုရား)။

ဘာလုပ်နေကြတာတုန်းမေးပြန်တော့ ဘယ့်နှယ်ဖြေမလဲ (တံတိုင်းဆင့်နေကြတာပါ) ဘာကိစ္စဆိုဆို ခင်ဗျားတို့ လောကီကိစ္စဟူသရွေ့ ကိုယ့်ကိုယ်ကို ကာကွယ်တဲ့ တံတိုင်းချည်းမှတ် (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

နောက် ဒီညည်းလုံး မထုတ်စမ်းပါနဲ့လို့ သတိပေးလိုက်ပါတယ် (မှန်ပါ့ ဘုရား)

ခင်ဗျားတို့ကလည်း ဒီညည်းလုံးကို ဆရာသမားတွေက တစ်ခါတည်း စကားတရား မဝင်နိုင်လောက်အောင် ပိတ်လိုက်တာပဲ (မှန်ပါ့)။

ဘာဖြစ်နေတုန်း ဒီနေ့တရားလည်း အားမထုတ်ဘူး၊ တရားလည်း မနာဘဲနဲ့ ဘာလုပ်နေသတုန်း၊ ဟာ ဘုန်းကြီး ပြောတော့ အလွယ်ကလေး တပည့်တော်တို့ ကာရတုန်းရှိသေးတယ် (မှန်ပါ့) ရိပ်မိသလား (ရိပ်မိပါပြီ)။

ဘာဖြစ်နေတုန်း (ကာရတုန်း ရှိပါသေးတယ်)။

ဟ ဘာကာတာတုန်းဆိုတော့ အို ဘုရား ကာတာဘုရာ့ (မှန်ပါ့) တရားကို (ကာတာပါ)။

ဂေါတမဘုရားနဲ့လည်း လွဲခဲ့ပြီ

သူတီးလိုက်တဲ့ တရားစည်ကြီးဟာ ကြားစေချင်လို့ရှိရင်ကြားလောက်တဲ့ ပုဂ္ဂိုလ်နားမှာ ဆိုလို့ရှိရင် အကနိဋ္ဌ ဗြဟ္မာ့ပြည်ကျအောင် ကြားတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

အဲဒီ ဒါလောက်ပြင်းထန်တဲ့အသံကြီး၊ ဒါလောက် တန်ခိုးတော်နဲ့ ရထားတဲ့ အသံကြီး ဒါကို ခင်ဗျားတို့ ကျုပ်တို့ နောက်ဘဝတွေက မဝင်ခဲ့ဘူး (မှန်ပါ့ ဘုရား)။

ဒါကြောင့် ဂေါတမဘုရားနဲ့လည်း လွဲခဲ့ပြီ (လွဲခဲ့ပါပြီ) ရှေ့ဘုရားတွေနဲ့ကော (လွဲခဲ့ပါပြီ)။

တရားသံက အတော်တိုးနေလို့လားလို့မေးရင် ဘယ့်နှယ်ဖြေမလဲ (မတိုးပါ ဘုရား) ကိုယ့်အတွက်က မလာခဲ့ နဲ့ မလာခဲ့နဲ့ နေ့တိုင်းဆင့်နေတာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

အံမာလေး ကြောက်စရာကြီးတွေပါလား၊ ဒီဘုန်းကြီး ပေဟောနေတာ အံ့စရာ ခင်ဗျားတို့ (မှန်ပါ့ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ)။

ဒီဘုန်းကြီးကို ကျေးဇူးတင်ကြဦး၊ တော်တော်မိုက်တဲ့ ဘုန်းကြီးတဲ့ ဟောနေတာ(မှန်ပါ့) သဘောပါပလား (ပါ-ပါပြီ)။

အတော့်ကို ဆိုးတာ (မှန်ပါ့) ဒီတရားကို သေသေချာချာစဉ်းစားကြည့်တော့မှ ဘာပြောနေသတုံးလို့ ဒကာ ဒကာမတွေ မေးတဲ့အခါကျတော့ မအားလို့ဘုရား၊ လူဆိုတာ အင်မတန်ရှုပ်တယ်ဘုရာ့၊ “ဃရာဝါသော ဗဟုကိစ္စော” လို့ ဘုရားက အဟောသားပဲ တဲ့။

ဟုတ်တယ်၊ ဘုန်းကြီးတို့လည်း မဟောဘူးလို့ မပြောပါဘူး (မှန်ပါ့) သို့သော် “ဃရာဝါသော ဗဟုကိစ္စော” လို့သာဆိုတာ ဝိပ္ပလ္လာသ အလုပ်လုပ်နေတာ (မှန်ပါ့ ဘုရား)။

ဘယ့်နှယ်ဖြေကြမလဲ (ဝိပ္ပလ္လာသအလုပ် လုပ်နေတာပါ ဘုရား) အမှတ်မှား၊ အသိမှား၊ အယူမှားပဲ (မှန်ပါ့)။

ဒါတွေသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ဘယ်လောက်ကြာကြာလုပ်နေကြမှာတုံး မေးလို့ရှိရင်လည်း မသိမချင်း လုပ်နေမှာပဲ (မှန်ပါ့)။

မသိမချင်းလုပ်နေလို့ ရှိရင်လည်း ဒီဘဝ ဒုကလည်းထူ၊ နောက်ဘဝထပ်ဆင့်၊ ဒကာ ဒကာမတွေ ဘယ့်နှယ် တုန်း ပြိုစရာ ပျက်စရာမြင်သေးရဲ့လား (မမြင်ပါ ဘုရား)။

ဒါ သံဝေဂ ရအောင် ဟောတာလား၊ အမှန်ကိုပြောနေတာလား (အမှန်ကိုပြောနေတာပါ ဘုရား)။

သံဝေဂ မပါဘူးတဲ့၊ ဒီဥစ္စာက အမှန်ကို ပြောနေပါတယ် (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ)။

ကိုင်း ဒါဖြင့် ဒီဝိပ္ပလ္လာသဟာ တခြားသော တရားထက် ပိုမိုပြီး သကာလ ကြောက်စရာကောင်းလို့ ဆိုတဲ့ဥစ္စာ ဒကာ ဒကာမတွေ လေးလေးစားစား မှတ်လိုက်စမ်းပါ (မှန်ပါ့)။

ဝိပ္ပလ္လာသက ခင်ဗျားတို့က ဒီဥစ္စာကို အကုသိုလ်ထဲ မသွင်းဘူး (မှန်လှပါ ဘုရား)။

ဘယ့်နှယ်တုန်း (အကုသိုလ်ထဲမသွင်းပါ ဘုရား)။

သားမို့ သားပြောတာ၊ ဘာအပြစ်ရှိသေးတုန်း

သားမို့ သားပြောတာ၊ ဘာအပြစ်ရှိသေးတုန်း (မှန်ပါ့) ဪ ခက်ပြီကော (မှန်ပါ့)။

သားမို့ ခင်တာ ဘာအပြစ်ရှိသေးသတုန်း၊ သားမို့ အားကိုးတာ ဘာအပြစ်ရှိသေးသတုန်း။

ဘာအပြစ်မှမရှိပါဘူး၊ တံတိုင်းကာတာဘဲ (မှန်ပါ့)ရိပ်မိပလား (ရိပ်မိပါပြီ)။

ဘာအပြစ်မှတော့မရှိပါဘူး၊ ခင်ဗျားတို့နောက်က လိုက်ပါတယ် (မှန်ပါ့)သို့သော် ကျွတ်တမ်းတော့ မဝင်တော့ ပါဘူး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) ဒုက္ခပင်လယ်ဝေဖို့ကတော့ သေချာပါတယ် (သေချာပါတယ် ဘုရား) သဘောပါ ပလား (ပါ ပါပြီ)။

အဲဒီတော့ကိုတဲ့၊ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးကလည်း ဪ သူတို့တရားဟောရတာ ငါမလွယ် ပါလား၊ သူတို့ဆင်ခြေကလည်း သိပ်ပေါပါလား၊ သူတို့ဆင်ခြေလည်း သူတို့က မသိရှာ၊ ကိုယ့်ဒုက္ခရောက်ရေးကို ဒုက္ခ ထဲမှာပဲ နေပြီး သကာလ ဒုက္ခထဲက မကျွတ်ပါရစေနဲ့ ဆိုတဲ့ ဆင်ခြေဘဲ လဲနေတယ် (မှန်ပါ့ ဘုရား)။

ဘာလဲ နေကြတာလဲ (ဒုက္ခထဲက မကျွတ်ပါစေနဲ့ ဆိုတဲ့ ဆင်ခြေဘဲလဲ နေပါတယ်) ဆင်ခြေလဲနေတယ်။

မအားတာဟူသရွေ့ ဆင်ခြေလဲဟာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

ကောင်းပြီ အခုအခါမှာလည်း အတော်ခက်တယ် ဦးသံဒိုင်ရဲ့၊ မအားတာဂုဏ်ယူတဲ့လူက တစ်ပုံကြီးပဲ (မှန်ပါ့)။

မအားတာ သူကတော့ဖြင့် ကျုပ်ဖြင့် လုပ်ရတာ ကိုင်ရတာကို မောနေတာပဲ၊ ဒါတောင် အလုပ်ပြီးပြတ်သွား တာ မဟုတ်ဘူးတဲ့၊ သူ့တံတိုင်းကာတာကို သူဂုဏ်ယူနေတယ် (မှန်ပါ့) မယူကြဘူးလား (ယူပါတယ်)။

ဘယ်လောက်များ အတယ်ဆိုတာတော့ ပြောဖို့လိုသေးသလား (မလိုပါ ဘုရား)။

ဒါ ငွေဟူသော အမှတ်မထားပဲနဲ့ ငွေဟူသော အသိမရှိပဲနဲ့ ငွေကိုအားကိုးတဲ့ အလုပ်မပါပဲနဲ့ ငွေရှာတဲ့ အလုပ်ကို ဘယ်သူမှ မလုပ်ဘူး (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

ငွေဟူသော အမှတ်မရှိပဲနဲ့ ငွေလို့ မသိဘဲနဲ့ ငွေကိုအားမကိုးဘဲနဲ့ ငွေရှာတဲ့အလုပ် ဘယ်သူမှမလုပ်ဘူး (မှန်ပါ့ ဘုရား) ဒါဖြင့် ဝိပ္ပလ္လာသ ပါ မပါ (ပါပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ) သိပ်ကြောက်စရာ ကောင်းပါလား (ကောင်းပါတယ် ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ စီးပွားရှာတာဟာ ဘယ်အတွက်တုန်း ၊ တံတိုင်းကာဖို့ဘုရာ့ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)။

ဘာလုပ်ကြတာတုန်း (တံတိုင်းကာဖို့လုပ်ကြတာပါ) အင်း ဘယ်သူမှ မဝင်နိုင်အောင်လို့တုန်းတဲ့ (ဘုရားမဝင် နိုင်အောင်လို့ပါ)။

ဘုရားနဲ့တရား မဝင်နိုင်အောင်လို့ပါ

ဘုရားနဲ့တရား မဝင်နိုင်အောင်လို့ပါ (မှန်ပါ့) ကြောက်စရာ့လူတွေပါလား (မှန်ပါ့)။

ကြောက်စရာ့လူတွေပါလား ကျေးဇူးရှိတဲ့လူဆိုမလာခဲ့နဲ့ကွ၊ ဟုတ်လား (မှန်ပါ့)။

မှောင်ထဲမှာမွေးပြီး မှောင်ထဲမှာသေပြီး ဒီကနေ အပါယ်သွားမယ်၊ ဒီနေရာ လူပြန်ဖြစ်မယ် (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။

ဒီနေရာပဲ နေတော့မယ်၊ ဒီနေရာ ဒီတံတိုင်းပဲ ဆင့်နေတော့မယ်ဆိုတဲ့ အဓိပ္ပာယ် မပါဘူးလား (ပါ-ပါတယ် ဘုရား)။

ကဲ နောက်က ဒကာ ဒကာမတွေ ခင်ဗျားတို့ဖြစ်စဉ်ဟာ မျက်ရည်ကျလောက်အောင် အရုပ်ဆိုးနေတယ် (မှန်ပါ့ ဘုရား) မဆိုးဘူးလား (ဆိုးပါတယ် ဘုရား)။

ဒီလို နက်နက်နဲနဲ ဒီပါဠိတော်မျိုးကိုလည်း မတွေ့တော့ ခုနင်က ထန်းလက်ကာကလေးနဲ့ တော်တော် အားကိုး ပစ်လိုက်တယ် (မှန်ပါ့) မကိုးဘူးလား (ကိုးပါတယ်)။

မိုးကြိုးပစ်တာ ထန်းလက်ကာလို့တော့ ဘယ်နည်းနဲ့မှ မရဘူး (မှန်ပါ့) ရပါ့မလား (မရပါ ဘုရား)။

မရနိုင်တာကို ခင်ဗျားတို့က ရနိုင်တယ်လို့လည်း အထင်မှားကလည်း ရှိနေသေးတယ် (မှန်ပါ့)။

ရှိနေသေးတယ်ဆိုသဖြင့် ဘုရားကလည်း ဪ အာစယဂါမိ နောဓမ္မာ=ဒါ စုတိ ပဋိသန္ဓေသို့ ရောက်ကြောင်း ကွ၊ ဒီအုဋ္ဌ်တွေကာနေတဲ့ ဥစ္စာ၊ ဒီထဲမှာ စုတေရမယ်၊ ဒီထဲမှာ ပဋိသန္ဓေ နေရမယ် (မှန်ပါ့) ဒီထဲ သေရမယ်၊ ဒီထဲနေ အပါယ်သွားရမယ် သဘောကျပလား (ကျပါပြီ)။

ဒီထဲမှာပဲ မွေး၊ ဒီထဲ သေ၊ ဒီထဲကပဲ အပါယ်သွား၊ ဒီထဲပြန်ဖြစ် (မှန်ပါ့) ဆိုတော့ဘုရားက အပြင်ဘက်ကနေ လျှောက်ပြီး သက်တမ်းစေ့တော့ ပရိနိဗ္ဗာန် စံသွားတယ်၊ ဒီအထဲ မဝင်နိုင်ဘူး (မှန်ပါ့ ဘုရား) သဘောပါကြလား (ပါ ပါတယ်)။

ဒါဖြင့် ဒကာ ဒကာမတွေ ကိုယ့်တံတိုင်း ကိုယ့်တံတိုင်းနဲ့ အသီးသီးတော့ ရှိနေကြပြီ (ရှိပါပြီ ဘုရား)။

တယောက် တံတိုင်း တစ်မျိုး၊ တစ်ယောက်တံတိုင်း တစ်မျိုးနဲ့ မရှိဘူးလား (ရှိပါတယ် ဘုရား)။

ဟ ဘယ့်နှယ်ကြောင့် ဒါလောက် မဖျက်ကြတာလို့မေးတော့ အို ဘုန်းကြီးတို့ကသာ ဖျက်ဖို့ ဟောတယ်၊ တပည့်တော်တို့ ကာလို့ ကောင်းတုန်း ရှိသေးတယ် (မှန်ပါ့)။

ဘယ့်နှယ်နေကြသလဲ (တပည့်တော်တို့က ကာလို့ ကောင်းတုန်းပါ ဘုရား)ကာလို့ ကောင်းတုန်း ရှိသေးတယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)။

ကာလို့ ကောင်းဆိုတာက သားနဲ့ပျော် သမီးနဲ့ပျော် ပစ္စည်းအရောင်းအဝယ်ဖြောင့်လို့ ပျော် (မှန်ပါ့) ဒါ ဘာလုပ်နေကြတာတုန်း (တံတိုင်းကာနေကြတာပါ)။

ဘုန်းကြီးတို့က ဖျက်ပါ လျှော့ပါလို့ ပြောနေတယ်၊ တပည့်တော်တို့ အခုလိုလုပ်နေတာက ဘယ်အားနိုင်ပါ့မတုန်း ဘုရား၊ ဒီသားတွေ သမီးတွေကလည်း ကြီးလာပြန်၊ သူတို့က မွေးဖွားတဲ့ မြေးတွေ မြစ်တွေကလည်း အတုံး အရုံးနဲ့၊ ဒါတွေ ကိုယ်မှမစောင့်ရှောက် ဘယ့်နှယ်လုပ်မလဲဘုရာ့၊ ဟာ ဒီလို လာပစ်လိုက်တာ (မှန်ပါ့ ဘုရား) မလာဘူးလား (လာပါတယ် ဘုရား)။

ဟ ဒီဥစ္စာ ခုနင်က တံတိုင်းအကြောင်း မသိတဲ့ ပုဂ္ဂိုလ်ကတော့ ဟုတ်ပေလိမ့်မယ် လိုက်မှာပဲ (မှန်ပါ့) တံတိုင်းအကြောင်း သိတဲ့ ပုဂ္ဂိုလ်ကတော့ ဪ ခုအချိန်ကျအောင်ဘဲ ကာတဲ့အလုပ်ကြီး မရပ်စဲသေးဘူး (မှန်ပါ့) ဘုရားအဆူဆူ လွဲရေးကို ကြိုးစားတုန်းပဲ (မှန်ပါ့ ဘုရား) ဆိုထိုက် မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား)။

ဘုရားအဆူဆူ လွဲရေးကို ကြိုးစားတယ်

ဘာကြိုးစားသတုန်း (ဘုရားအဆူဆူ လွဲရေးကို ကြိုးစားတယ် ဘုရား)။

ဘုရားအဆူဆူလွဲရေး (မှန်ပါ့) တည့်ရေး မပါဘူး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

ဘာကြောင့်တုန်းဆိုတော့ သားဟူသော အမှတ်၊ သမီးဟူသော အသိ၊ သားဟူသော အားကိုးလုံး၊ သားကို တစ်ခါ မြင်လိုက်ရင် ဒီသုံးချက် လာတာပဲ (မှန်ပါ့) သမီး တစ်ခါ မြင်လိုက်ရင် (သုံးချက်လာပါတယ်)။

တစ်နေ့ ဘယ်နှစ်ကြိမ် ခတ်ကြသတုန်း မေးလိုက်ရင် (မရေတွက်နိုင်ပါ ဘုရား) မရေတွက်နိုင်ဘူးဆိုတာ ကောင်းကောင်းပေါ်ပလား (ပေါ်ပါပြီ)။

ဒါဖြင့် ဒီဝိပ္ပလ္လာသတွေမှ မပယ်နိုင်လို့ ရှိရင်ဖြင့် အရူးကမပျောက် (မှန်ပါ့) အရူးတရားဟောလို့ရှိရင် အပိုဘဲ (မှန်ပါ့) ရှင်းပလား၊ (ရှင်းပါပြီ)။

ဒါဖြင့် ဒီဝိပ္ပလ္လာသကို ခင်ဗျားတို့ မြင့်မားနေတာကြီး ဘယ်လောက် မြင့်မား မြင့်မား အခုဂျပန်ပြည်ကြီးမှာ အနုမြူ ချသလိုပေါ့ဗျာ၊ ဘယ်လောက်ပင် သံတိုင် သံထုပ် သံယောက်တွေနဲ့ ကွန်ကရစ်တွေနဲ့ လုပ်ထားငြားသော်လည်း သူ့လက်နက်ကောင်းပြန်တော့လည်း အကုန်သွားတာပဲ (မှန်ပါ့ ဘုရား)။

ဒီမှာလည်း ခင်ဗျားတို့ ဝိပဿနာလက်နက် ရှေးဦးစွာပစ်ပါ (မှန်ပါ့) သူက နေပြီး ထုတေထားပြီးဆိုမှဖြင့် မဂ်လက်နက်နဲ့ ပစ်လိုက်ပြီ ဆိုလို့ရှိရင် ဒီတံတိုင်းတွေဟာ နှစ်ပေါင်းများစွာကာထားငြားသော်လည်း အကုန်ပြိုပျက် သွားတာဘဲ (မှန်ပါ့ ဘုရား) အကုန်ပြိုပျက်သွားရင် အလင်းရောက်လာတာဘဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

ဒါဖြင့်သာပဲ အားကိုးရမှာပါလိမ့် (ဝိပဿနာမဂ်ပဲ အားကိုးရပါမယ်) ဝိဿနာမဂ်ပဲ အားကိုးရမယ် ဆိုတာဖြင့် ပေါ်ကြပါပြီ (ပေါ်သွားပါပြီ)။

အဲဒီတော့ ဒီတရားစပြီး ပြောတာသည် ဒကာ ဒကာမတို့ ကျုပ်တို့ဖြင့် ဒီအနေဆိုရင် ခံသာရည်ရှိပါပြီဆိုတဲ့ အားကိုးလုံးကလေးဟာ ခင်ဗျား၏ ဘာမှမဟုတ်သေးဘူးဆိုတာပြင်လိုက်စမ်းပါဦး (မှန်ပါ့ ဘုရား)။

ဪ တပည့်တော်တို့ လူ့ပြည်မှာ ဘုရား ရေတွင်း ရေကန် ဘုရား ကျောင်းကန် စုံပြီဘုရားတဲ့၊ အင်း တံတိုင်းဖျက် လက်နက်ကတော့ မလုပ်သေးဘူး (မှန်ပါ့)ရှင်းပလား (ရှင်းပါပြီ)။

ဒါဖြင့် တံတိုင်းဖျက် လက်နက်ကိုလည်း ခင်ဗျားတို့ အရေးကြီးပါသေးတယ် (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ)။

ကောင်းပြီတဲ့၊ ခင်ဗျားတို့မှာ အခု ဒီတံတိုင်းတွေကို ဘာနဲ့ ဖျက်မတုန်းဆိုတော့ ဪ အနိစ္စဉာဏ်လက်နက် နဲ့ သမ္မာဒိဋ္ဌိလက်နဲ့ ပစ်ပါမှ ရမယ်(မှန်ပါ့) ဒုက္ခသိတဲ့ သမ္မာဒိဋ္ဌိလက်နဲ့ (ပစ်မှ ရပါမယ်) အနတ္တကို နိုင်တဲ့ သမ္မာဒိဋ္ဌိ လက်နက်နဲ့ (ပစ်မှ ရမှာပါ)။

အဲ အနတ္တဆိုတဲ့ ဉာဏ်နဲ့ ထိုးဖောက်ပစ်နိုင်မှ ဦးသံဒိုင်လို ရင်းရမှာ (မှန်ပါ့) နို့မဟုတ်လို့ ရှိရင်တော့ (မရနိုင်ပါ ဘုရား) မရနိုင်ဘူးဆိုတာ သေချာပလား (သေချာပါပြီ)။

ဆင့်လာတာ ဒုကြီးနေတာ အင်မတန် ကြီးနေငြားသော်လည်း ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် သဗ္ဗညုတ ဉာဏ်နဲ့ ဪ ဒီလက်နက်ကလေး တစ်ခုရှိသေးတယ်ဆိုပြီး ကိုယ်တော်မြတ်ကြီးက ပေးရှာတာဘဲ (မှန်ပါ့) သူက ပေးပေမယ့်လည်း ကိုယ်တိုင်ကျင့်မှ ဒါကွဲသွားမှာ (မှန်ပါ့) ကိုယ်တိုင်ကျင့်တော့ ပြိုပျက်မယ်ဆိုတာတော့ သေချာပလား (သေချာပါပြီ)။

ဒါဖြင့် ဘယ့်နှယ်လုပ်ကြမလဲ (ကိုယ်တိုင် ကျင့်ရပါမယ် ဘုရား)။

အနိစ္စဉာဏ်လက်နက်နဲ့ ပစ်ပါ

အဲ အနိစ္စဉာဏ်လက်နက်နဲ့ ပစ်ပါ၊ ဒုက္ခဉာဏ်လက်နက်နဲ့ ပစ်ပါ၊ အနတ္တဉာဏ်လက်နက်နဲ့ ပစ်ရလိမ့်မယ် (မှန်ပါ့) ပစ်လို့ရှိရင်ဖြင့် ဘယ်လောက် မြင့်မားပြီး ဘယ်လောက်ဒုထူနေစေကာမူ ပြိုပျက်ရမယ်ဆိုတာ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဟောထားပါတယ် (မှန်ပါ့)။

ဒါဖြင့် ဒီအလုပ် မလုပ်သေးတဲ့ ပုဂ္ဂိုလ်မှာဖြင့် ပြိုစရာ ပျက်စရာမရှိဘူး၊ လုံခြုံရေးသာ လုပ်နေတယ်ဆိုတာ ဒီအထဲမှာပဲ သေပွဲဝင် ဒီအထဲမှာပဲ သားကောင် ငါးကောင်ဖြစ်၊ ဒီအထဲမှာပဲ နိုင်ရာစားအဖြစ်နဲ့ သေကြကြေကြ၊ ဒီတံတိုင်းအတွင်းမှာပဲ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ)။

ဒါဖြင့် ဘယ့်နှယ်လုပ်ကြမယ် (ဝိပဿနာမဂ်နဲ့ ပစ်ရပါမယ် ဘုရား) ဝိပဿနာမဂ်နဲ့ ရှေးဦးစွာ ပစ်ရမယ် (မှန်ပါ့) ပြီးတော့မှ မဂ်စစ်ရလာတဲ့အခါ မဂ်စစ်နဲ့ ပစ်လိုက်ရင်တော့ဖြင့် အပါယ်သံသရာ ကာထားတဲ့ တံတိုင်းကြီး ခြောက်ဌာနကာထားတဲ့ တံတိုင်းကြီးတွေကတော့ သွားတာပဲ (မှန်ပါ့)။

သောတာပတ္တိမဂ် ရတယ်ဆိုရင် အပါယ်သံသရာ ကာထားတဲ့ တံတိုင်းကြီးဟာ (သွားပါတယ် ဘုရား) သွားပြီ၊ အကုန်ပြိုပျက်တယ် (မှန်ပါ့) ဒါဖြင့် ကျုပ်တို့မှာ အပါယ်ပျောက်နေတယ် (မှန်ပါ့)။

ခြောက်ဋ္ဌာနဆိုတဲ့ “ဆစ္စာဘိဋ္ဌိနာနိ အဘဗ္ဗကာတုံ” ဆိုတော့ ခြောက်ဋ္ဌာနမဖြစ်ရဘူး အနူ-အရွဲ-မိစ္ဆာဒိဋ္ဌိ- အ,အ အဆွံ-အသညသတ် အရူပ အစရှိသော ဘုံတို့။ ဒီဘုံတွေမှာ မဖြစ်ရတော့ဘူးဆိုကတည်းက ဪ ဒို့ သည်ကားလို့ ဆိုရင်ဖြင့် “စက္ခုံ ဥဒပါဒိ-ဉာဏံ ဥဒပါဒိ-အာလောကော ဥဒပါဒိ” အာလောကော-အလင်းသည် ဥဒပါဒိ-ငါတို့ရပြီဆိုတာ ခင်ဗျားတို့ အဲဒီကျတော့မှပဲ အဖိုးတန်တော့မယ်ဆိုတာ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား) သဘောပါပလား (ပါပါပြီ)။

တံတိုင်းဖြိုရမယ်

ဒါဖြင့် ဘာလုပ်ကြမလဲ တံတိုင်းဖြိုရမယ် (မှန်ပါ့) တံတိုင်းဖျက်ရမယ် (မှန်ပါ့) ဒကာ ဒကာမတွေ ဘာလုပ်ကြမယ် (တံတိုင်းဖြိုရပါမယ် ဘုရား) တံတိုင်းဖြို တံတိုင်းဖျက်တဲ့ အလုပ်သည် ခင်ဗျားတို့ ဒါနနဲ့ဖျက်လို့လည်း မရဘူး (မရပါ ဘုရား) သီလနဲ့ ဖျက်လို့လည်း (မရပါ ဘုရား) သမထနဲ့ဖျက်လို့လည်း မရပါ ဘုရား) ဝိပဿနာပဲရှိတယ် (မှန်ပါ့)။

ဒါက အစစ်တရားလို့ ပြောတော့ကို ဒါဘဲအားကိုးရမယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် ဘုရား တပည့်တော်တို့ ဒါနသီလတွေ မလုပ်ရတော့ဘူးလားဆိုတော့ လုပ်ရမယ်၊ ဘယ့်နှယ် လုပ်ရမှာတုန်းလို့ မေးတဲ့အခါကျတော့ကို တံတိုင်းဖြိုချင်လို့လုပ်တာ (မှန်ပါ့)ရှင်းပလား (ရှင်းပါပြီ ဘုရား) သီလဆောက် တည်ပြန်လည်း (တံတိုင်းဖြိုချင်လို့ပါ) ဒါနပေးလှူပြန်ကော (တံတိုင်းဖြိုချင်လို့ လုပ်တာပါ ဘုရား)။

ဒီလို ဝိပ္ပလ္လာသ တရားတွေ ပယ်ချင်လွန်းလို့ လုပ်တယ်ဆိုတော့ကို ဒကာ ဒကာမတို့ ဝိပဋ္ဋဒါန အစစ်သွား ဖြစ်တယ် (မှန်ပါ့ ဘုရား) မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။

ကဲ ဒါဖြင့် တံတိုင်းဖြိုချင်လို့ လုပ်တာမှသာလျှင် ကိုယ့်အလင်းရရေး (မှန်ပါ့) တံတိုင်းဖြိုချင်လို့ မလုပ်ဘဲနဲ့ တံတိုင်း ထပ်ချင်တဲ့အလုပ်ဆိုလို့ရှိရင်ဖြင့် ဒါ ကိုယ့်လုံခြုံရေး (မှန်ပါ့ ဘုရား) ဘုရားသခင်ကို မဝင်နိုင်အောင် ကာကွယ် ရေးဆိုတဲ့ အဓိပ္ပါယ်ရပါတယ် (မှန်ပါ့)။

ကဲ သဘောပေါက်ပလား (ပါ ပါပြီ) ဒါဖြင့် ဒီဟာဖြင့် ဘယ့်နှယ်လုပ်ရမှာတုန်းဘုရာ့ ဆိုတော့ ဒကာ ဒကာမတို့ စိတ္တာနုပဿနာ ကြိုက်ရင် စိတ်ကိုရှုပါ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)

ရှုလိုက်သည်နဲ့ တစ်ပြိုင်တည်း ဪ ဒီဥစ္စာသည်ကားလို့ ဆိုရင်ဖြင့် သုခမဟုတ်ပါလား၊ သုခသညာလည်း မဟုတ်၊ သုခလို့ မှတ်စရာလည်း မဟုတ်ပါလား ဆိုတော့ သညာဝိပ္ပလ္လာသတံတိုင်း ပြုတ်သွားတယ် (ပြုတ်ပါတယ် ဘုရား)။

ဒီစိတ်ကလေးရှုလိုက်တဲ့အခါ ကျလို့ရှိရင်ဖြင့် သာယာစရာမဟုတ်ပါလားဆိုတာလည်း ပျက်သွားတယ် ဒီခန္ဓာ ကိုယ်လေ(မှန်ပါ့) အားကိုးစရာ မဟုတ်ပါလား ဆိုတာကော (ပျက်သွားပါတယ် ဘုရား)။

ဒါဖြင့် သညာရော စိတ်ရော ဒိဋ္ဌိရော အဖြစ်အပျက်ကို မြင်တဲ့ ဉာဏ်မှ ဖြိုနိုင်တယ် (မှန်ပါ့ ဘုရား) သဘော ကျပလား (ကျပါပြီ)ဘုရား။

ဖြစ်ပျက်မြင်တဲ့ ဉာဏ်မှဖြိုနိုင်တယ်

ဖြစ်ပျက်မြင်တဲ့ ဉာဏ်မှ (ဖြိုနိုင်ပါတယ် ဘုရား) ဖြိုမှလည်း “စက္ခုံ ဥဒပါဒိ” ဖြစ်မယ် (မှန်ပါ့) စက္ခုံ= ဉာဏ် မျက်စိသည်၊ ဥဒပါဒိ=အမြင်သို့ ရောက်လာ၏။ ဒီကျမှ နိဗ္ဗာန်မြင်မှာ (မှန်ပါ့) အာလောကော=ဉာဏ်ရောင် အလင်းသည်၊ ဥဒပါဒိ=ဖြစ်ပေါ်လာ၏။ ဆိုတော့ ဒါ ဖျက်ပြီးမှပဲ ခင်ဗျားတို့အလင်းရမှာဘဲ (မှန်ပါ့ ဘုရား) ဒါ မဖျက်နိုင်သရွေ့ ကာလပတ်လုံး (အလင်းမရပါ ဘုရား)။

ဒါဖြင့် အရှင်ဘုရား ဟောတာသည် တပည့်တော်တို့ ကာကွယ်ရေး အလုပ်တွေချည်း ဖြစ်နေတာ ဖျက်ရေး အလုပ် မပါပါလားဆိုတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးကကွာ ဓမ္မသင်္ဂဏီမှာ ငါအဟောသားဘဲ “အာစယဂါ မိနောဓမ္မာ” မင်းတို့လုပ်နေတာ တံတိုင်း စီပြီးသကာလ ဆင့်ဆင့်နေတာ အာစယကွ (မှန်ပါ့)။

ဘာဖြစ်လို့ဆင့်တာတုန်းလို့ စုတိ ပဋိသန္ဓေတွေကို များများတွေ့အောင်လို့ ဆင့်တာ (မှန်ပါ့) ဘယ့်နှယ်ကြောင့်

တုန်း (စုတိ ပဋိသန္ဓေတွေ များများကြီးတွေ့အောင်လို့ပါ ဘုရား) စုတိစုတိ ပဋိသန္ဓေတွေများများကြီးတွေ့အောင်လို့ (မှန်ပါ့) စုတိကဘာသစ္စာ (ဒုက္ခသစ္စာပါ) ပဋိသန္ဓေက (ဒုက္ခ သစ္စာပါ ဘုရား)

ဪ ဒုက္ခများများတွေ့ချင်လို့ ဆင့်တာဘုရာ့ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ) အဲဒီတော့ကို ဘုရားက “အပစယ ဂါမိနောဓမ္မာ” မဂ်နဲ့ ဖျက်ပစ်တဲ့၊ ဟုတ်လား (မှန်ပါ့)။

အပစယဂါမိနော ဆိုတဲ့ဥစ္စာကလည်း စီစီလာတဲ့ တံတိုင်းတွေပေါ် “အပစယဂါမိနော ဓမ္မာ” ဆိုတဲ့ မဂ်နဲ့ ဖျက်ချကွ (မှန်ပါ့) သဘောပါပလား (ပါ ပါပြီ ဘုရား)။

အာစယဂါမိနောက ဒကာ ဒကာမတို့ ဝိပ္ပလ္လာသကဆင့်ဆင့်စီတာ (မှန်ပါ့) “အာစယ ဂါမိနော” ဆိုတာ ဝိပဿနာမဂ် လောကုတ္တရာမဂ်နဲ့ ဖျက်ဖျက်ဖြစ်ရမယ် (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ) အဲဒီတော့ ခင်ဗျား တို့ဟာ အခုဖြစ်နေတဲ့ အခြေအနေက စီသာစီတတ်၍ မဖျက်တတ်ဘူး (မှန်ပါ့ ဘုရား) ဘယ့်နှယ်ဖြစ်နေသတုန်း (စီသာ စီတတ်၍ မဖျက်တတ်ပါ ဘုရား)။

အခု ဖျက်နည်းပေးပါပြီ (မှန်ပါ့) ဖျက်နည်းပေးပါပြီ ဒကာ ဒကာမတို့ ခင်ဗျားတို့ ခန္ဓာထဲမှာရှိတဲ့ အနိစ္စကို မြင်အောင်ကြည့် (မှန်ပ့ါ ဘုရား) ဒုက္ခကို (မြင်အောင်ကြည့်ရပါမယ် ဘုရား)။

သောတာပတ္တိမဂ်ဉာဏ် ဝင်ရင်တံတိုင်း ရှစ်ထပ်ပြုတ်တယ်

မြင်အောင်ကြည့်လိုက်လို့ ရှိရင်ဖြင့် အနိစ္စဉာဏ် ဒုက္ခဉာဏ် ပထမရှေးဦးစွာရမယ်၊ အနတ္တဉာဏ်ရမယ်၊ (မှန်ပါ့) ရပြီးသည့် နောက်ကို အနစ္စမြင်တဲ့ဉာဏ် ဒုက္ခဉာဏ် အနတ္တမြင်တဲ့ ဉာဏ်ရတော့ ဒါတွေ ဖောက်ထွင်းပစ်လိုက် တာ (မှန်ပါ့)။

နောက်ကျတော့ အနိစ္စ ဒုက္ခ အနတ္တ ရင့်ကျက်လာပြီ၊ နိဗ္ဗိန္ဒိတက်လာပြီ၊ မလိုချင်တဲ့ဉာဏ် ရလာပြီ ဒီခန္ဓာကြီး ကိုဖြင့် မလိုချင်တဲ့ဉာဏ်ပေါ်ပြီဆိုရင်ဖြင့် မဂ်ဝင်လာတာပဲ (မှန်ပါ့ ဘုရား)။

မဂ်ဉာဏ်သည် ဝင်လာသည်နဲ့ တစ်ပြိုင်နက်တည်း တံတိုင်းနှစ်ထပ် သောတာပတ္တိမဂ်ဉာဏ် ဝင်ရင်တံတိုင်း ရှစ်ထပ်ပြုတ်တယ် (မှန်ပါ့)။

သောတာပတ္တိ မဂ်ဉာဏ်ဝင်ရင် (တံတိုင်းရှစ်ထပ်ပြုတ်ပါတယ် ဘုရား)။

ဒိဋ္ဌိတံတိုင်းလေးခု အကုန်ပြုတ်တယ် (မှန်ပါ့) နိစ္စသညာဆိုတဲ့ သညာကလည်း ပြုတ်တယ်(မှန်ပါ့) နိစ္စစိတ္တ ဆိုတဲ့ ဥစ္စာပြုတ်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ) အတ္တသညာလို့ဆိုတဲ့ သညာလည်းပြုတ်တယ် (မှန်ပါ့) အတ္တစိတ္တဆိုတဲ့ အဲဒါလည်း ပြုတ်ပါတယ် (မှန်ပါ့ ဘုရား)။

အဲဒီတော့ သောတပတ္တိမဂ်ရမှ ဒီတံတိုင်းက ရှစ်ခုဖြိုလို့ဖျက်လို့ရတယ် (မှန်ပါ့) သောတာပတ္တိမဂ် မရသေးရင် ကာလျက် ကာလျက်ပဲသာ အောက်မေ့လိုက်စမ်းပါ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

သောတာပတ္တိမဂ်ရရင် တံတိုင်းရှစ်ခု ဘာဖြစ်သွားသတုန်း (ပြုတ်သွားပါတယ်)။

အေး ရှစ်နေရာ ရှစ်ပေါက်တွေ့လို့ အလင်းရတယ် (မှန်ပါ့) ဒီ့ပြင် တံတိုင်းဖြိုနိုင်သေးတာ မဟုတ်သေးဘူး (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

ဒါဖြင့် ဒကာ ဒကာမတို့ အလုပ်တရားမှ တစ်ပါး ခင်ဗျားတို့ကို ဖြိုဖျက်ပြီးသကာလပေးလို့ အလင်းရအောင်လို့ မှောင်ထဲမွေး မှောင်ထဲသေ ဇာတ်ထုပ်ကို ဝိပဿနာတစ်ပါး ဝိပဿနာမဂ်နဲ့ လောကုတ္တရာမဂ်မှတစ်ပါး ခင်ဗျားတို့ အလင်းပေးမည့်သူ မရှိပါ (မရှိပါ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဝိပဿနာမဂ်တစ်ပါး အလင်းပေးမည့်သူ မရှိပါဘုရား။

သူကတော့ ဖျက်နိုင်တယ် (မှန်ပါ့) သူက အပစယဂါမိနောဓမ္မာ စုတိပဋိသန္ဓေသို့ရောက်ကြောင်း မဟုတ်ဘူး ကွတဲ့၊ တံတိုင်းဆင့်တဲ့ အလုပ်မဟုတ်ဘူးကွတဲ့ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ) အဲ ဘာလုပ်ကြမယ် (ဝိပဿနာ ရှုရပါမယ် ဘုရား)။

ဝိပဿနာပေမယ့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေက မဂ်ဆိုက်အောင် လုပ်ပစ်ပါ (မှန်ပါ့ ဘုရား) မဂ္ဂင်ငါးပါး က ရှစ်ပါးဖြစ်အောင်လုပ်ပစ်ပါ (မှန်ပါ့)။

မဂ္ဂင်ငါးပါးက (ရှစ်ပါးဖြစ်အောင် လုပ်ပစ်ပါ ဘုရား)။

ရှစ်ပါးဟာဆုတောင်းလို့ မပြည့်ဘူး

ရှစ်ပါးဟာ ဘယ်အချိန် တပည့်တော်တို့ ပြည့်မှာတုံးလို့ မေးတဲ့အခါ ရှစ်ပါးဟာဆုတောင်းလို့ မပြည့်ဘူး (မှန်ပါ့) ရှစ်ပါးသည်ကားလို့ ဆိုရင် ဖြစ်ပျက်ကို မြင်အောင်ကြည့်လို့ရှိရင် ငါးပါရမယ် (မှန်ပါ့) ဖြစ်ပျက်မုန်းလည်း ငါးပါးရတာဘဲ (မှန်ပါ့)။

ဟာဒီဖြစ်ပျက်တွေဟာ ဒုက္ခသစ္စာတွေပဲလို့ ပိုင်ပိုင်နိုင်နိုင်သိလို့ရှိရင် ရှစ်ပါးရတယ် (မှန်ပါ့) နိဗ္ဗာန်လည်း မြင်သွားတော့တာပဲ (မှန်ပါ့) ဒုက္ခပရိညေယျနဲ့ ပိုင်းခြားပြီး နိရောဓကို မျက်မှောက်ပြုတော့တာပဲ (မှန်ပါ့) မျက်မှောက် ပြုတယ်ဆိုတာ မြင်တယ်ဆိုတာပါပဲ (မှန်ပါ့)။

အဲဒီလို မြင်တော့မှ တံတိုင်းကြီးဟာတဲ့ ဆယ့်နှစ်ထပ်ကာထားရာက ရှစ်ထပ်တော့ သေသေချာချာပြုတ်တယ် (မှန်ပါ့)။

ဆယ့်နှစ်ထပ် ကာထားတာ (ရှစ်ထပ် သေသေချာချာ ပြုတ်ပါတယ်) ရှစ်ထပ်ပြုတ်ထွက်သွားတယ်။

ဒါဖြင့် ဒကာ ဒကာမတို့ အလင်းရတန်သလောက် ရပြီလို့ မဆိုနိုင်ဘူလား (ဆိုနိုင်ပါတယ် ဘုရား)။

ဆိုနိုင်ပါတယ်ဆိုတော့ ဒါ ဘာနဲ့ ဖျက်ပစ်လိုက်တာတုန်းဆိုတော့ ရှေးဦးစွာ ဝိပဿနာမဂ်နဲ့ ထုချေနေတယ် (မှန်ပါ့) နောက်ကျတော့ လောကုတ္တရာမဂ်နဲ့ ပစ်ချလိုက်တယ် (မှန်ပါ့) ပစ်ချလိုက်တော့မှ ဆယ့်နှစ်ထပ် ကာထားတာက ရှစ်ထပ်ပြုတ်ထွက်သွားတယ် (မှန်ပါ့) ကျန်တော့ လေးထပ်တည်း ကျန်တော့တယ် (မှန်ပါ့)။

လေးထပ်ထဲက သိပ်ဝန်မလေးတော့ဘူးတဲ့၊ ဆယ့်နှစ်ထပ်ဖျက်ရတာလောက် သူမခဲယဉ်းတော့ဘူ (မှန်ပါ့ ဘုရား)။

ဆယ့်နှစ်ထပ်ဖျက်ရတာလောက် (မခဲယဉ်းတော့ပါ ဘုရား)။

အေး ဒါကြောင့် ဒိဋ္ဌိဝိပ္ပလ္လာက လေးခု၊ နိစ္စသညာ နိစ္စစိတ္တ ၂-ခု (မှန်ပါ့) သဘောကျပြီ (ကျပါပြီ) အတ္တသညာ အတ္တစိတ္တ ၂-ခု၊ ပေါင်းလိုက်တော့မှ ဘယ်နှစ်ခုတုန်း (ရှစ်ခုပါ ဘုရား)။

အဲဒီရှစ်ခု တံတိုင်းကို ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဝိပဿနာမဂ်ရှေ့ထားပြီး သောတာပတ္တိမဂ် ရမှသာလျှင် ပြိုတော့မယ် (မှန်ပါ့)။

ဒါပြိုသွားတယ် ဆိုလို့ရှိရင်လည်း ခင်ဗျားတို့ အမှောင်တော်တော်နည်းသွားပြီ (မှန်ပါ့) ဘုရားသခင် ကိုယ်တော် မြတ်ကြီးလည်း ဆက်ပြီးသကာလ ဝင်ခွင့်ရသွားပါပြီ (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

အဲဒီတော့ကို ခင်ဗျားတို့ ငါတို့မှာ ဒီဥစ္စာ တစ်ထပ်မှ မပျက်သေးဘူးရင်ဖြင့် အမှောင်ထဲမှာပဲ ရှိနေသေးတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

ခင်ဗျားတို့ အခုဘယ်ထဲမှာတုန်း (မှောင်ထဲမှာပါ) မှောင်ထဲမှာ ဆယ့်နှစ်ထပ်ဝိုင်းကာတယ် (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ)။

ဆယ့်နှစ်ထပ် ဝိုင်းကာထားတော့ ငါဘယ်လိုသိပါတယ် ဆိုငြားသော်လည်း ငါ အနိစ္စ ဒုက္ခ အနတ္တ သိပါတယ်၊ မရသေးဘူး ကာလျက်ပဲ (မှန်ပါ့) ကာလျက်ပဲ၊ အနိစ္စ ဒုက္ခ အနတ္တလောက်တော့ သူက ကာလျက်ပဲ ရှိသေးတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ) အနိစ္စ ဒုက္ခ အနတ္တတို့၏ အဆုံးဖြစ်တဲ့ နိဗ္ဗာန်မြင်မှ ဆယ့်နှစ်ထပ်ကပြုတ်တာ (မှန်ပါ့)။

နိဗ္ဗာန်မြင်မှ ဘာတုန်း (ဆယ့်နှစ်ထပ်က ပြုတ်ပါတယ် ဘုရား)။

နို့မဟုတ်ရင်ဖြင့် ဘယ်နှစ်ထပ်ကာနေသတုန်း (ဆယ့်နှစ်ထပ်ကာနေပါတယ်) ဆယ့်နှစ်ထပ်ကာနေတယ်ဆို တာ ရိပ်မိပလား (ရိပ်မိပါပြီ)။

ဒါကြောင့် ခင်ဗျားတို့ ဝေဒနာကြိုက်ရင် ဝေဒနာဖြစ်ပျက်ရှုပါ၊ စိတ်ကြိုက်ရင် (စိတ်ဖြစ်ပျက်ရှုရလိမ့်မယ်) ရှုရလိမ့်မယ်၊ တစ်ခုတည်းရှုပါ (မှန်ပါ့) စိတ်ကြိုက်ရင် စိတ်တစ်ခုတည်းရှု၊ ဝေဒနာကြိုက်ရင် ဝေဒနာတစ်ခုတည်းရှု၊ ရုပ်ကြိုက်ရင် ရုပ်တစ်ခုတည်းရှု၊ သစ္စာကြိုက်ရင် သစ္စာတစ်ခုတည်းရှု (မှန်ပါ့ ဘုရား)။

ရှုလိုက်လို့ရှိရင် ခင်ဗျားတို့ဖြစ်ပျက်ကိုမြင်၊ ဖြစ်ပျက်ကိုမုန်း ဖြစ်ပျက်တွေ ဒုက္ခသစ္စာလို့ အမှန်အကန်သိလို့ရှိ ရင် ဒီဒုက္ခသစ္စာချုပ်ငြိမ်းထားပြီး ချက်ချင်း ဒုက္ခသစ္စာကွယ်နေတဲ့ နိဗ္ဗာန်ဟာ ပေါ်လာတာပဲ (မှန်ပါ့ ဘုရား) မပေါ်လာဘူး လား (ပေါ်လာပါတယ်)။

ပေါ်လာသည်နဲ့ တစ်ပြိုင်နက်တည်း ဪ ကိုယ်သည် သောတာပတ္တိမဂ်ပုဂ္ဂိုလ်, သောတာပတ္တိဖလဋ္ဌာန် ပုဂ္ဂိုလ်ဖြစ်လာတယ်၊ ဖြစ်လာသည်နဲ့ တစ်ပြိုင်နက်တည်း ဘယ့်နှယ်ကြောင့် ဒီနာမည်ကလေး ရပါလိမ့်မတုန်း၊ အို ရှစ် ထပ်ကွာလို့ ရတာ (မှန်ပါ့ ဘုရား) သဘောပါပလား (ပါ ပါပြီ)။

ဘယ်လိုကြောင့် ရသတုန်း (ရှစ်ထပ်ကွာလို့ ရပါတယ် ဘုရား)။

ရှစ်ထပ်ကွာလို့ရတာဆိုတော့ အခုအချိန်မှာ လက်ခမောင်းမခတ်ပါနဲ့ဦး (မှန်ပါ့) ဒီထဲကမွေး ဒီထဲသေ ဒီထဲက အပါယ်လေးပါးဆိုတာ ဒီထဲမှာပဲ (မှန်ပါ့) နတ်ရွာသုဂတိကရော (ဒီထဲမှာပါပဲ) ဒီတံတိုင်း ဆယ့်နှစ်ထပ်ထဲမှာပဲ၊ ဒီထဲ မွေး၊ ဒီထဲသေ၊ ဒီထဲမှာပဲ အပါယ်သွား (မှန်ပါ့) ဒီထဲကနေပြီး သကာလ အနူ အရွဲအဝဲဖြစ်၊ ဒီထဲမှာပဲ အရူးအနှမ်းဖြစ် လိုက်၊ ဒီထဲမှာ ကျင်ကြီးစားတဲ့ အကောင်ဖြစ်လိုက် (မှန်ပါ့)။

မဖြစ်နိုင်ဘူးလို့ ဒီတံတိုင်း ဆယ့်နှစ်ခုထဲမှာ ငါဘာမဖြစ်နိုင်ဘူးလို့ မရှိဘူး (မှန်ပါ့) သဘောပါပလား (ပါပါပြီ)။

ဒါဖြင့် ဘယ့်နှယ်လုပ်ကြမတုန်း၊ ဖြိုဖျက်မှု ကိုက်တော့မယ် (မှန်ပါ့) ဘာနဲ့ဖြိုဖျက်မတုန်း (ဝိပဿနာနဲ့ ဖြိုဖျက်ပါ မယ်)။

အဲ အနိစ္စဉာဏ်မြင်တဲ့ သမ္မာဒိဋ္ဌိလက်နက်နဲ့ ပစ်မှရမယ် (မှန်ပါ့ ဘုရား) ဒုက္ခဉာဏ်မြင်တဲ့ သမ္မာဒိဋ္ဌိလက်နက် နဲ့ (ပစ်မှရပါမယ် ဘုရား) အနတ္တမြင်တဲ့ သမ္မာဒိဋ္ဌိလက်နက်နဲ့ (ပစ်မှရပါမယ် ဘုရား)။

ဝိပဿနာမဂ် အားကိုးရမယ်

အဲဒီလို ပစ်လိုက်တဲ့အခါ ကျတော့မှပဲ သူ့ပစ်ပြီးသကာလ ဒါလည်း ပစ်ဆဲမှာ မမြင်သေးပါဘူး၊ မပြိုသေးပါ ဘူး၊ တေရတုန်း၊ ထုရတုန်းပဲ ရှိပါသေးတယ် (မှန်ပါ့) တကယ့် လောကုတ္တရာမဂ်သောတာပတ္တိမဂ်ရမှ ရှစ်ထပ်က ဝုန်းကနဲ ပျောက်ထွက်သွားတာ (မှန်ပါ့) နို့မဟုတ်လို့ရှိရင် (မရပါ ဘုရား) ကာလျက် ဆီးလျက် ပိတ်လျက် ဆို့လျက်ပဲ ဆိုတာ သေသေချာချာမှတ်မိပြီ (မှန်ပါ့)။

ဒါဖြင့် ဘာအားကိုးကြမယ် (ဝိပဿနာမဂ် အားကိုးရပါမယ် ဘုရား)။

ခင်ဗျားတို့ အခုတော့ အမှောင်ထဲမှာ နေမှန်းမသိတော့ အလင်းရှာရမှန်းမသိဘဲ ဖြစ်နေတယ် (မှန်ပါ့) သဘော ကျပလား (ကျပါပြီ)။

ခင်ဗျားတို့အခုဘယ်ထဲမှာ နေရသလဲ (အမှောင်ထဲမှာ နေရပါတယ်)။

သို့သော် ခင်ဗျားတို့က အမှောင်ထဲမှာ နေငြားသော်လည်း အလင်းကိုမရှာတတ်ဘူး (မှန်ပါ့)။

ဘာ့ကြောင့်မရှာတတ်သတုန်း မေးတဲ့အခါကျတော့ ဪ အမှောင်ထဲမွေးတော့ အမှောင်ထဲပဲ သေတတ်တဲ့ စိတ်ကလည်းရှိနေတော့ အလင်းဆိုတာ ဘယ်တော့မှ မကြုံဘူးတဲ့ ပုဂ္ဂိုလ်ဟာ ဘယ်တော့မှ မတောင်းတဘူး (မှန်ပါ့) အဲဒီလောက် အရုပ်ဆိုးနေတယ် (မှန်ပါ့)။

အလင်းကို ဘယ်တော့မှ မကြုံဘူးတော့ (ဘယ်တော့မှ မတောင်းတပါ ဘုရား) ဘယ်တော့မှ မတောင်းတဘူး၊ ဘယ်တော့မှ မတောင်းတတော့ ဘယ်တော့မှမတွေ့ဘူး (မှန်ပါ့)။

ကိုယ့် ဒုက္ခနဲ့ကိုယ်သာ ဟုတ်နေတော့တာပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

ဒါဖြင့် ဘယ့်နှယ်လုပ်မလဲ (ဝိပဿနာမဂ် လက်နက်နဲ့ ပစ်ရပါမယ်) ဝိပဿနာမဂ်လက်နက်နဲ့ ပစ်လိုက်ပြီး နောက်လောကုတ္တရာမဂ် လက်နက်နဲ့ ပစ်လိုက်တဲ့အခါ ဆယ့်နှစ်ထပ်ရှိတဲ့ တံတိုင်းကြီး ဘယ်လောက်မြင့်မား မြင့်မား ရှစ်ထပ်တော့ သွားတာပဲ (မှန်ပါ့) မသွားဘူးလား (သွားပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ)။

ဒါဖြင့် ဝိပဿနာမှတစ်ပါး တကယ်တမ်း အားကိုးစရာမရှိပါဘူး (မရှိပါ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ)။

ကောင်းပြီ ဒါဖြင့် ဒီဒကာ ဒကာမတွေ ကိုယ့်ကာကွယ်ရေး ကိုယ်လုပ်တာသည် ကိုယ့်ဟာကို မဖျက်တတ်တာ လောက် အရုပ်ဆိုးတာတော့ မရှိဘူး (မရှိပါ ဘုရား) မဟုတ်ဘူးလား (မှန်ပါ့)။

ကိုယ့်ဟာကိုယ်ကတော့ ကာတတ်တယ် (မှန်ပါ့) ဖျက်တော့ မဖျက်တတ်ဘူးဆိုတော့ ဖျက်နည်းလဲ အခုဆရာ ဘုန်းကြီးကပေးပြီ၊ ဘုရားပေးတဲ့ နည်းနဲ့နော် (မှန်ပ့ါ)။

တံတိုင်းဖြိုနည်း နိဿယည်း

ဝိပဿနာဉာဏ်နဲ့ဖျက်ကွ၊ နောက်မဂ်ဉာဏ်နဲ့ ဖြိုကွ(မှန်ပါ့) မဂ်ဉာဏ်နဲ့ အစပျောက်အောင် လုပ်လိုက်ကွဆို လို့ရှိရင် မပြီးသေးဘူးလား (ပြီးပါတယ် ဘုရား) ရှင်းပြီးနော် (ရှင်းပါပြီ)။

ဒါဖြင့် ဒီအလုပ်မှတစ်ပါး ခင်ဗျားတို့ တံတိုင်းဖြိုနည်း နိဿယည်း မရှိဘူး (မှန်ပါ့) ဒီဟာ မလုပ်တော့ဘူး ဆိုရင်ဖြင့် ဆယ့်နှစ်ထပ်ကြားထဲမှာ အိုပွဲ နာပွဲ သေပွဲ အပါယ်လေးပါးပွဲနဲ့ပဲနေရုံပဲ ဒီ့ပြင် ဘာမှ မရှိဘူး (မှန်ပါ့) ပေါ် ကြပလား (ပေါ်ပါပြီ) ရှင်းပြီနော် (ရှင်းပါပြီ)။

ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။