10811

မာတိကာသို့

ဝိဝေက သုံးပါး ကျင့်ရမည်

ကျေးဇူးတော်ရှင် အဂ္ဂမဟာ ပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့ မင်္ဂလာရိပ်သာကျောင်းပေါ်၌

ဟောကြားတော်မူသော

ဝိဝေကသုံးပါး ကျင့်ရမည်

ညအလုပ်ပေး-တရာတော်

(၂၇-၁၁-၆၁)

အနာတွေ ပြည့်နေတယ်

ဒကာ ဒကာမတို့ လူတစ်ယောက်မှာ အနာတွေ ပြည့်နေတယ်တဲ့၊ တကိုယ်လုံး အနာတွေ ပြည့်နေတယ်၊ အနာတွေပြည့်နေတဲ့ပုဂ္ဂိုလ်ဟာ ဆူးတောထဲ ဝင်သွားလို့ရှိရင်ဖြင့် ဘယ်နေရာမှာ မထိခိုက်ဘူးဆိုတာတော့ ပြောဖို့ရာ မလိုတော့ပါဘူး။

သူကလဲ အနာတွေ ပြည့်နေတယ်၊ ဆူးတွေရှိတဲ့ ခြုံတွေထဲလဲ ဝင်မယ်ဆိုလို့ရှိရင်ဖြင့် မောင်သစ်တို့ ဘယ်နေရာက များလွတ်စရာရှိသေးလဲ (မရှိပါ ဘုရား) သူ့မှာ ထိခိုက်မှာချည့်ဘဲ (မှန်ပါ့) သူ့မှာ ထိခိုက်မှာချည့်ဘဲတဲ့။

ထို့အတူပဲတဲ့ ဒီဒကာ-ဒကာမတွေမှာ ကိုယ်ကလဲ မျက်လုံးပေါက်ကလဲ ကိလေသာရှိ၊ နားပေါက်ကလဲ ကိလေသာရှိ၊ နှာခေါင်းပေါက်ကလဲ ကိလေသာရှိ၊ လျှာပေါက်ကလဲရှိ၊ ကိုယ်ပေါက်ကလဲရှိ၊ မနောပေါက်ကလဲရှိ၊ ကိလေသာ ခြောက်မျိုးတောင်ရှိနေတယ် (မှန်ပါ့)။

အဲဒီ ကိလေသာ ခြောက်မျိုးတောင် ရှိနေတော့ မြို့ထဲ ခြုံထဲသွားလဲ မျက်လုံးပေါက်က ကိလေသာ လာမှာဘဲ၊ နားပေါက်ကကော (လာမှာပါ ဘုရား) နှာခေါင်းပေါက်၊ လျှာပေါက်တွေကကော (လာမှာပါ ဘုရား) လာမှာချည့်ဘဲ၊ ကိုယ်ပေါက်၊ မနောပေါက်တွေကကော (လာမှာပါ ဘုရား)။

ကိုယ်ကလဲ ကိလေသာ အနာတွေက ရှိနေတော့ ဆူးတောထဲ တိုးတာကွလို့ ဘုရားကဟောတယ် (မှန်ပါ့ ဘုရား) ကြောက်စရာ မကောင်းဘူးလား (ကောင်းပါတယ်)။

ဆူးတောထဲ တိုးတာ

ခင်ဗျားတို့ကလဲ ကိုယ့်အကြောင်း ကိုယ်သိတော့ ဟိုနေရာဖြင့်လဲ သွားဦးမှတော်မယ်၊ ဒီနေရာဖြင့်လဲ သွားဦးမှတော်မယ်၊ သွားရမည့်တော့ကလဲ ဆူးတော (မှန်ပါ့) ဟိုက အာရုံဆူးတွေက စူးမှာ (မှန်ပါ့) ရူပါရုံကစူး၊ သဒ္ဒါရုံကစူး၊ ဂန္ဓာရုံကစူး၊ ရသာရုံကစူး၊ ဖေါဋ္ဌဗ္ဗာရုံကစူး၊ ဓမ္မာရုံကစူး၊ စူးတိုင်းလဲ ကိလေသာ အနာတွေက နဂိုရ်က အနာတွေက ရှိနေတော့ ဟိုကစူးလိုက် ဒီကထကြွလိုက်၊ လိုချင်လိုက်-ကြားချင်လိုက်-စားချင်လိုက်-အိပ်ချင်လိုက်-ပြန်ချင်လိုက် စီစဉ်လိုက်၊ ဒါတွေက အကုန်ထကြွလာတာဘဲ (မှန်ပါ့ ဘုရား)။

ကိုယ်ကလဲ ကိလေသာ အနာကလဲ မချုပ်သေး၊ ဆူးတောထဲလဲ တိုးပြန်တယ်ဆိုတော့ သက်သာခွင့် ရကြပါ့မလား (မရပါ ဘုရား) မရနိုင်ဘူးဆိုတဲ့ဥစ္စာ ဒကာ ဒကာမတို့ မှတ်ထားဖို့ သိပ်အရေးကြီးတယ်။

ဒါကြောင့် ကာယဝိဝေဆိုတာ ဆိတ်ငြိမ်တဲ့ နေရာမှာ နေဖို့ရာ ဆူးမစူးအောင်လို့ ဘုရားကဟောတော်မူရှာတာ (မှန်ပါ့ ဘုရား)။

ခင်ဗျားတို့လဲ ဆူးမစူးရလို့ရှိရင် မနေနိုင်တဲ့ လူနာသည်တွေဖြစ်ပြီး သကာလ နေတော့တယ်ဆိုရင်လဲ မလွဲဘူး (မလွဲပါ ဘုရား)။

ကိုယ်သွားကြည့်ချင်တယ်၊ ကိုယ်သွား နားထောင်ချင်တယ်၊ ကိုယ့်သွားပြီး ပြောလိုက်ချင်တယ်၊ ကိုယ်သွားပြီး

သကာလ မျက်နှာကလေးပြချင်တယ်၊ မောင်သစ်တို့ ဦးသံဒိုင်တို့ လူစုတွေကလဲ အရှုပ်သားဘဲ (မှန်ပါ့ ဘုရား)။

အနာသမား ဆူးထဲတိုးတာ

အနာကလဲ အပြည့်၊ ဆူးတော့ထဲကိုလဲတိုးချင်၊ အန္တရာယ်မှကင်းပါ့မလား (မကင်းပါ ဘုရား) သေသေချာချာ စဉ်းစားကြဦးကွ (မှန်ပါ့) သေသေချာချာ စဉ်းစားကြဦး၊ ဘုရားသခင်ကိုယ်တော်မြတ်ကြီး ဟောတာ၊ အနာသမား ဆူးထဲတိုးတာလောက် ဆိုးတာတော့ မရှိဘူးဟေ့ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ)။

ကိလေသာအနာက ကိုယ့်မှာ တကိုယ်လုံး ရှိနေတယ် (မှန်ပါ့) ရူပါရုံ၊ သဒ္ဒရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖေါဋ္ဌဗ္ဗာရုံ၊ ဓမ္မာရုံဆိုတဲ့ဆူးတွေကလဲ ဦးသံဒိုင် ဝိုင်းနေတယ် (ဝိုင်းနေပါတယ် ဘုရား) ခင်ဗျားတို့ကလဲ ဒီကထဲဘဲ ဟိုပြေးလိုက်-ဒီသွားလိုက်၊ ဘာလုပ်ကြတာတုံးလို့ မေးရင် ဘယ့်နှယ်ဖြေကြမလဲ (ကိလေသာဆူးတောထဲ တိုးတာပါ ဘုရား)။

ကိလေသာ ဆူးတောထဲတိုးတော့ အနာမှ ကြွပါ့မလား (ကြွပါတယ် ဘုရား) အနာကြွလို့ရှိရင်ဖြင့် အပါယ်ဒုက္ခ၊ ဦးသံဒိုင် သက်သာပါ့မလား (မသက်သာပါ ဘုရား)။

သူဘာဖြစ်လို့ အပါယ် ကျချင်လို့ ကျတာလား၊ လူနာသမား ဆူးတော့ထဲ တိုးချင်လို့ ဖြစ်ရတာလား (ဆူးတောထဲ တိုးချင်လို့ ဖြစ်ရတာလား (ဆူးတောထဲတိုးချင်လို့ဖြစ်ရတာပါ) အနာသမား ဆူးတောထဲ တိုးချင်လို့ ဖြစ်ရတာ (မှန်ပါ့) မသိကြဘူး၊ ကိုယ်သွားမှပြီးတယ်၊ ကိုယ်ပြောမှ၊ ကိုယ့်ကြည့်မှ ကြည့်ရင် လောဘနဲ့ဒေါသလာလိမ့်မယ် (မှန်ပါ့) မလာပေဘူးလား (လာမှာပါ ဘုရား)။

နားထောင်ရင်လဲ လောဘ ဒေါသနဲ့ မောဟ၊ မောဟဆိုတာ သဟဇာတ အဖြစ်နဲ့ပါနေမှာဘဲ (မှန်ပါ့) နားထောင်ရင်လဲ ထို့အတူဘဲ ဒေါသနဲ့ မောဟနဲ့ လာနေမှာဘဲ (မှန်ပါ့)။

အနာသမား အငြိမ်မနေတာ

အဲဒီတော့ ဒီအနာသမား အငြိမ်မနေတာကလဲ တော်ဆိုးတယ် (မှန်ပါ့) အနာသမား အငြိမ်မနေတာကလဲ အတော်ဆိုးတယ် (မှန်ပါ့) အနာသမား အငြိမ်မနေတာက (အတော်ဆိုးပါတယ် ဘုရား) ဘယ်ထဲတိုးလာသလဲ (ဆူးတော့ထဲပါ ဘုရား)။

ဆူးတောထဲ တိုးလာတယ်၊ ဆူးဆိုတာ ခင်ဗျားတို့က သိပ်မယုံဘူး၊ ရူပါရုံက ဥပမာမယ် မကောင်းတဲ့ အနိဋ္ဌာရုံ မြင်လိုက်မယ်ဆိုရင် ထိပ်ကနဲ လန့်ကနဲ စူးသွားတယ် (မှန်ပါ့)။

ဆူးမဟုတ်လား၊ ထိတ်ကနဲ လန့်လန့်သွားတယ် (မှန်ပါ့ ဘုရား) ကောင်းတဲ့အာရုံ ဆိုလို့ရှိရင်လဲ ပြုံးကနဲ ရွှင်ကနဲသွားတယ် (မှန်ပါ့ ဘုရား) ဆူးမစူးဘူးလား စူးသလား (စူးပါတယ် ဘုရား)။

ဟာ ဒီအသံကောင်းတွေနဲ့ သီချင်းဘာညာ ဆိုနေလို့ ရှိရင်လဲ တဏှာက ရပ်ပြီး နားထောင်ချင်တယ် ဆိုတော့လဲဆူးစူးလို့ရပ်တာဘဲ (မှန်လှပါ ဘုရား)။

ဂန္ဓာရုံတွေကလဲ ဣဋ္ဌ အနိဋ္ဌ နှစ်မျိုးရှိတာဘဲ၊ အနိဋ္ဌအာရုံတွေ တွေ့ပြန်လို့ရှိရင် တံတွေးတွေ ဘာတွေ ဖြစ်လာတယ် (မှန်ပါ့) ဘာဖြစ်တာလဲ ဂန္ဓာရုံဆူးစူးတာ (မှန်ပါ့ ဘုရား) ဆူးစူးလို့ အနာကြွတာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) ဆူးစူးလို့ (အနာကြွတာပါ ဘုရား)။

ဂန္ဓာရုံက မွှေးတယ် ကြိုင်တယ် ဆိုလို့ရှိရင် ရှူချင် ရှိုက်ချင်တဲ့တဏှာအနာက ကြွလာတာဘဲ (မှန်ပါ့) မကြွဘူး လား (ကြွပါတယ် ဘုရား)။

ရသာရုံကလဲ ထို့အတူဘဲ ကောင်းတာစားမိရင် တခါတည်း ပြုံးရွှင်လာတာဘဲ၊ မကောင်းတာ စားမိရင်ဖြင့် ဒေါသအမျိုးမျိုး ဒေါသအနာနုတွေ မလာဘူးလား (လာပါတယ် ဘုရား) ဒေါသကြီးတဲ့ ပုဂ္ဂိုလ်ဖြစ်ရင်လဲ ဒေါသကြီးတဲ့ ပုဂ္ဂိုလ်ဖြစ်ရင်လဲ ဒေါသကြမ်းတွေမလာဘူးလား (လာပါတယ် ဘုရား)။

အဲဒီတော့ ခင်ဗျားတို့မှာ အနာက ရှိနေတော့ဆူးထဲတိုးရင်တော့ ဒီအနာတွေ ခဏ-ခဏ ကြွလာတာ တွေ့ရမှာ ဘဲ (မှန်ပါ့ ဘုရား)။

သက်သာခွင့်တော့ မမြင်ဘူး

ဒါကြောင့်ကာယ ဝိဝေက စိတ္တဝိဝေဆိုတာ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ကိုယ်ဆိတ်တဲ့နေရာ စိတ်ဆိတ် တဲ့နေရာ နေကြစမ်းပါကွာ၊ မင်းတို့ဆူးစူးမှာ စိုးရိမ်လို့-လို့ ဟောတာများ ခင်ဗျားတို့က သေးသေးသိမ်သိမ် မှတ်နေလို့ရှိရင် ဖြင့်-တဲ့၊ ကိုယ်ကတော့ အနာမျိုးစုံ ပေါက်နေတဲ့ပုဂ္ဂိုလ်၊ ဆူးအမျိုးစုံနဲ့ စူးမယ်ဆိုလို့ရင် သက်သာခွင့်တော့ မမြင်ဘူး (မမြင်ပါ ဘုရား) သိပ်ကြောက်စရာကောင်းပါကလား(မှန်ပါ့)။

ကျုပ်တို့က မြို့ထဲမှ ပျော်တာ၊ တောဆိုရင်ကျုပ်တို့မပျော်ဘူး၊ ဘာဖြစ်လို့တုံး- ဆူးစူးခံရလို့၊ အနာ ဖျောက်နေရမှ ကုတ်ကင်းထိုးတဲ့လူလို စုပ်နေရမှ ဖျောက်နေရမှ ကောင်းတဲ့ အဓိပ္ပါယ်ရောက်နေတယ် (မှန်ပါ့ ဘုရား) မဆိုးဝါးဘူးလား (ဆိုးဝါးပါတယ် ဘုရား)။

အံမလေး ဒကာ-ဒကာမတွေ တောထဲ ကျုပ်တို့မပျော်ဘူး၊ မြို့ထဲမှဘဲကျုပ်တို့ နေတတ်-စားတတ်-သွားတတ်-လာတတ်တယ်၊ ဘာဖြစ်လို့တုံး၊ အနာပေါက်နေရမှ ကျေနပ်တယ်ပြောတာနဲ့ မောင်သစ် ထူးသေးလား (မထူးပါ ဘုရား)။

ဒါလောက် ပုထုဇန် ရူးနေတယ်ဆိုတာကော ပေါ်ကြရဲ့လား (ပေါ်ပါပြီ) အရူးမှာ တန်းကုန် နေတယ်လို့ ဆိုလို့ရှိရင် ခင်ဗျားတို့ ငြင်းဘို့ မလိုပါဘူး (မလိုပါ ဘုရား)။

အနာဖျောက်နေရရင် ကျေနပ်တယ်

အနာဖျောက်နေရယင် ကျေနပ်တယ် (မှန်ပါ့) အနာပေါက်လို့ အနာဖျောက်နေရရင် ကျေနပ်တယ်၊ အနာ ကင်းနေရင် (မကျေနပ်ပါ ဘုရား)။

မကျေနပ်ဘူး၊ ဒီနေရာ ဘာသံမှ မကြားရဘူး (မှန်ပါ့) သတင်းစာလဲမရောက်ဘူး၊ ရေဒီယိုသံလဲမကြားဘူး။ ဒါကြောင့်မို့ တောများ လူဖြစ်ရတာများမကောင်းပါဘူး၊ အစရှိသည်နဲ့ခင်ဗျားတို့က အနာမပေါက်ရရင် မကျေနပ်ဘူး၊ ညည်းလာတယ် (မှန်ပါ့)။

ဘာဖြစ်လို့တုံး ( အနာမပေါက် ရလို့ပါ ဘုရား) အနာမပေါက်ရလို့ (မှန်ပါ့) ဖြစ်မှ ဖြစ်ရလေ-ဟင်၊ ပုထုဇန်တွေ၏ ရူးပုံပြောပါတယ် (မှန်ပါ့) ဒါနဲ့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက အင်မတန် မြင်တော်မူသောကြောင့် သတ္တဝါတွေလဲ သနားသောကြောင့် အနာကင်းတဲ့ နိဗ္ဗာန်၊ အဗျာဓိဆိုတဲ့ အနာကင်းတဲ့နိဗ္ဗာန်ကို သူက ပို့ချင်ရှာတယ်၊ ခင်ဗျားတို့ကလဲ အနာမရ-မနေတတ်နဲ့ ဪ- ဘုရားအဆူဆူတွေ ဒို့ိကို ဘယ်လိုများထာာခဲ့ပါလိမ့်မတုံးဆိုတော့ ဒို့အကြိုက်နဲ့ ဘုရား အကြိုက်နဲ့ မကိုက်လို့ နေရစ်ရတာ ဟ လို့သာ မှတ်ကြပေရော့ (မှန်လှပါ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ)။

ဒို့အကြိုက်နဲ့ ဘုရားအကြိုက်နဲ့ (မကိုက်လို့ နေ့ရစ်ရတာပါ ဘုရား)။

ဒါကြောင့် ဘုရားက ကရုဏာမရှိလို့လား လို့ မေးလို့ရှိရင် ကိုယ်ဘက် တိုက်လို့သာ အဲဒါသာ အဖြေထွက်ပါတော့ (မှန်ပါ့) ဒါမှ ကိုယ်ဆိုးမှန်းသိတော့မယ် (မှန်ပါ့) ဘုရားက ဂင်္ဂါဝါဋ္ဌရှိပေတယ် ဦးသံဒိုင်ရ (မှန်ပါ့) မောင်သစ် ဂင်္ဂါထဲက သဲမှုန်နဲ့အမျှ ဘုရားများ ပွင့်တော်မူတယ် (မှန်ပါ့ ဘုရား)။

ပွင့်သွားတဲ့ ဘုရားက များပါသေးတယ်

ဒီကိုယ်တော်မြတ်ကြီးတွေ တစ်ဆူမတွေ့- တဆူတွေ့ပြီးတော့ ကျွတ်တမ်းဝင်ကြဘို့ ဒုက္ခပင်လယ်ဝေနေတဲ့ အထဲက ချမ်းသာတဲ့ဆီရောက်ဘို့ ကိုယ်-ကိုယ်တိုင် စဉ်းစားကြည့်ကြ စမ်းပါတဲ့၊ ဘုရားနဲ့ ကျုပ်တို့နဲ့ မမျှပါဘူး၊ ပွင့်သွားတဲ့ ဘုရားက များပါသေးတယ် (မှန်ပါ့ ဘုရား) မဟာကရုဏာမရှိတဲ့ ဘုရားလဲတဆူမှ မပါဘူး (မှန်ပါ့)။

ဘယ့်နှယ်တုံး၊ မဟာကရုဏာမရှိတဲ့ဘုရား (တဆူမှမပါပါ ဘုရား) မဟာကရုဏာနဲ့ ချည်းလာတာဘဲ (မှန်ပါ့) ရင်ဝယ်သားကဲ့သို့ သနားသောသဘောနဲ့ချည်း လာတာဘဲ (မှန်ပါ့)။

ကျုပ်တို့က မသနားပါနဲ့ ကိုယ်တော် ကိစ္စ-ကိုယ်တော်လမ်း ကိုယ်တော်သွားပါ၊ ကျုပ်တို့လမ်း ကျုပ်တို့လမ်း ကျုပ်တို့သွားပါမယ်ဆိုပြီး သကာလ ဘက် တိုက်တယ် (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား) ဘာဖြစ်နေသတုံး (ဘက် တိုက်နေပါတယ်)။

ဘက် တိုက်နေလိုက်တာ ဘုရားက ဆူးတောထဲ မတိုးနဲ့တဲ့ ဥစ္စာ ခင်ဗျားတို့က ဘယ့်နှယ်တုံး (တိုးပါတယ် ဘုရား) မတိုးရ မနေနိုင်ဘူး (မှန်ပါ့ ဘုရား)။

ဘုရားကလဲ ဆူးတော့ထဲဆိုတာ သေသေချာချာ ပြောရှာတယ်၊ ခင်ဗျားတို့ကလဲ မတိုးရလို့ရှိရင် ပျင်းသလေး ချောက်သလေးနဲ့ တစ်ခါတည်းဘက် ချည့်တိုက်တဲ့စကားတွေ ပြောနေတော့ ဘုရားသာ ပရိနိဗ္ဗာန်စံသွားတယ်၊ ခင်ဗျားတို့ ကျုပ်တို့မှာဆူးတောထဲက မထွက်ရတော့ဘူး (မှန်ပါ့) ထွက်ရသေးလား (မထွက်ရပါ ဘုရား) ဘာဖြစ်လို့လဲ ကိုယ်- ပျော်ရာ ကိုယ်နေလို့၊ (မှန်ပါ့ ဘုရား)။

ပြာပုံကြိုက်ဖြစ်နေတယ်

အဲဒီတော့ ခင်ဗျားတို့က ပုံရိုင်းရိုင်းပြောတော့ ပြာပုံကြိုက်ဖြစ်နေတယ် (မှန်ပါ့) ကော်ဇောကြိုက် မဟုတ်ဘူး (မှန်ပါ့) ခွေးဟာ ကော်ဇောပေါ်မှာ အိပ်ပါဆိုလို့မရဘူး၊ ပြာပုံမှ သူကြိုက်တယ်၊ (မှန်ပါ့) ဘာဖြစ်လို့တုံး သူ့ထုံးစံ၊ ရှင်းပလား (ရှင်းပါပြီ) ဒီအတိုင်း ဖြစ်နေတယ် ဆိုတာကော ရိပ်မိပလား (ရိပ်မိပါပြီ)။

ပုံက ရိုင်းသလား ဖြစ်ပုံကမှန်သလားလို့လဲ အကဲခတ်ပါဦး (ဖြစ်ပုံက မှန်ပါတယ် ဘုရား) ဖြစ်ပုံက မှန်ပါတယ်၊ ပုံကတော့မရိုင်းပါဘူး (မှန်ပါ့) ပုံကမရိုင်းပါဘူး၊ ဖြစ်ပုံက ဒီထက်ဆိုးတယ်လို့ အောက်မေ့ကြပါ (မှန်ပါ့ ဘုရား) ဖြစ်ပုံ ဒီထက်ဆိုးတယ်ဆိုတာ သေသေချာချာမှတ်ပါ။

အဲဒါ ဒီတရားကို ဟောလိုက်သဖြင့် ဪ ဒို့ဘယ်လိုနေမှတော်မယ်ဆိုတာကိုလဲ ယနေ့ဆုံးဖြတ်ချက်ချဖို့ အချိန်ရောက်ပါပြီ (ရောက်ပါပြီ ဘုရား)။

ငါးပါးအာရုံ ကာမဂုဏ်ထဲမှာ နေလို့ရှိရင်ဖြင့် တစူးထဲစူးနေမှာဘဲ၊ ထိတ်ခနဲ လန့်ကနဲ ပြုံးကနဲ မလာပေဘူးလား (လာပါတယ် ဘုရား) အဲဒါကြောင့် ခင်ဗျားတို့မှာတဲ့ အသက်တိုခြင်း၏အကြောင်းတွေက ဒီဆူးစူးလို့ တိုကုန်တာ (မှန်ပါ့) ကံကပေးတဲ့ အသက်ကတော့ ရှည်ပါရဲ့၊ ဆူးစူးဒဏ်ကြောင့်အသက်ထွက်ရတာက ဝိညာဏ်ချုပ်ရတာ သိပ်များတယ် (မှန်ပါ့ ဘုရား)။

ဆူးစူးနာနဲ့ သေရတဲ့သူ

သားကလေးဘာဖြစ်တယ် ထိတ်ခနဲ သမီးကလေး ဘာဖြစ်တယ် (ထိတ်ခနဲ) ဘာဖြစ်တာတုံး (ဆူးစူးတာပါ ဘုရား) အဲဒီ ဆူးစူးနာနဲ့ သေတဲ့လူတွေလဲ ဦးသံဒိုင် မနည်းဘူး (မှန်ပါ့) သက်တမ်းမစေ့ဘဲနဲ့ ဘာနဲ့ သေတာလဲ (ဆူးနာနဲ့ သေပါတယ်)။

ဆူးစူးနာနဲ့ သေရတဲ့သူနဲ့ အသက်တမ်းစေ့ပြီး သေရတဲ့လူနဲ့ မောင်သစ် ဂဏန်းချတွက်စမ်းကွာ- ဘယ်သူကများ မယ်ထင်သလဲ (ဆူးစူးနာနဲ့ သေတဲ့လူက များပါတယ် ဘုရား) ဒါဖြင့်လဲ ဆတ်ဆော့မှုပေါ့ (မှန်ပါ့ ဘုရား) ဦးသံဒိုင် ဘယ်နှယ့်ဆိုမလဲ (ဆတ်ဆော့မှုပါ ဘုရား)။

အဲဒီတော့ ခင်ဗျားတို့က ဪ ဒီလူဟာ ကံမကောင်းရှာဘူး၊ အသက်တိုသွားတယ်၊ စွဲချက်က သိပ်လွဲသွားတယ်၊ ကံမကောင်းလို့ အသက်တိုတဲ့လူက အတော်နည်းပါတယ်၊ ဆူးဒဏ်ချက်ကြောင့် ဝိညာဏ်ချုပ်ရတဲ့လူက (များပါတယ် ဘုရား) များတယ်ဆိုတာ သဘောကျပလား (ကျပါပြီ)။

ကိုင်းဒါဖြင့် အဲဒီလိုချည့် ယူနေကြမယ်ဆိုလို့ရှိရင် ဘုန်းကြီး ပြောတာကိုလဲ မှတ်ကြပါ မှတ်ကြပါ၊ ကမ္မဝါဒီ ဒိဋ္ဌိတဲ့ (မှန်ပါ့ ဘုရား)။

ကံကြောင့်သေတာ မဟုတ်ဘဲနဲ့ ဦးသံဒိုင် ဆူးစူူးလို့သေတာကို ကံက နည်းရှာလို့ သေသွားတယ်လို့ယူယင် မှန်ပါ့မလား (မမှန်ပါ ဘုရား) အဲဒါ ဘာဒိဋ္ဌိခေါ်မလဲ (ကမ္မဝါဒီ ဒီဋ္ဌိပါ ဘုရား)။

ကမ္မဝါဒီ ဒိဋ္ဌိတဲ့၊ သူကံ တလုံးသာ နားလည်ပေတယ်လို့သေတာက ကံကြောင့် မဟုတ်ဘူးတဲ့ (မှန်ပါ့) ဥပပီဋ္ဌက ဥပစ္ဆေဒက ဥပဃတက ဒါတွေ ဘယ့်နှယ်ဆိုကြမတုံး တဲ့၊ ခင်ဗျားတို့ ဆတ်ဆော့မှုတွေ မရှိဘူးလား (ရှိပါတယ် ဘုရား)။

မူးပြီးသေတဲ့ ပုဂ္ဂိုလ်ရှိတယ်၊ အမူးလွန်လို့ သေတဲ့ပုဂ္ဂိုလ်ရှိတယ်၊ မောင်သစ် ကံမကောင်းလို့လား (မဟုတ်ပါ ဘုရား)။

လော်လည်မှုကြောင့် သေတဲ့ ပုဂ္ဂိုလ်တွေကော မရှိဘူးလား (ရှိပါတယ် ဘုရား) ဒါတွေဘယ်နှယ့် ဆိုကြမလဲ (ဆူးစူးလို့ပါ) ဆူးစူးလို့ သေတာ ကံနဲ့မဆိုင်ဘူး (မှန်ပါ့) ဆိုင်ရဲ့လား (မဆိုင်ပါ ဘုရား)။

ဒါဖြင့် ကံနဲ့သေတဲ့ ပုဂ္ဂိုလ်နဲ့ ဆူးခြောက်ချက် တချက်ချက်မိပြီး သေတဲ့ပုဂ္ဂိုလ်နဲ့ ဘယ်ဟာများပါလိမ့် (ဆူးနဲ့သေတာက များပါတယ် ဘုရား)။

အဲဒါ ဒီတရားမျိုးကို မနာဘူးလို့ ဪ ဒါတွေဆူးတွေပါကလား၊ ဆူးနာနဲ့ဝိညာဏ်ချုပ်ရတဲ့ ပုဂ္ဂိုလ်က များပါလိမ့်မယ် (မှန်ပါ့)။

ဥပမာ ငွေလိုချင်လို့ ငှက်တော့ ခွေးတော သွားလိုက်တယ်၊ တော်တော်ကြာ ငှက်မိပြီး ရေတွေ မသန့်တာ သောက်ရလို့ အစားအသောက် တရပ် တဒေသပြောင်းလို့ သေတဲ့ပဂ္ဂိုလ်ကျတော့ဟာ ကံကုန်လို့ သေတယ်ဆိုကြမလား တဲ့ သူဟာမနောဒွါရမှာ ဆူးစူးလို့ သေတယ် ဆိုကြမလား (မနောဒ္ဒါရမှာ ဆူးစူးလို့သေတာပါ ဘုရား) ရှင်းပလား (ရှင်းပါပြှီ)။

အင်း-ဒါဖြင့်ခင်ဗျားတို့ မသာတထောင်မှာဆူးစူးတဲ့မသာက ဘယ်လောက်၊ ကံကုန်လို့သေတဲ့မသာက ဘယ်လောက်ဆိုတာ ဦးသံဒိုင် ရေတွက်လို့ရှိရင် ဘယ်သူက များမယ် ထင်သတုံး (ဆူးစူးသေတာက များပါမယ် ဘုရား)။

အဲဒါ ကံချည်း ချနေကြတယ်ဆိုတော့ မောင်သစ် သိပ်လွဲတယ် (မှန်ပါ့) မလွဲဘူးလား (လွဲပါတယ် ဘုရား)။

ကမ္မဝါဒီဒိဋ္ဌိတွေလဲ မနည်းဘူးကွ

အဲဒါကြောင့် ဘုရားက ကမ္မဝါဒီဒိဋ္ဌိတွေလဲ မနည်းဘူးကွတဲ့ (မှန်ပါ့ ဘုရား) မဟောသင့် ဘူးလား (ဟောသင့်ပါတယ် ဘုရား)။

ခင်ဗျားတို့က တလုံးတည်း မှတ်ထားတာကိုး၊ သယ်သူသေတယ် ဪ ကံကုန်ရှာပြီ၊ ဘယ်သူသေ ကံကုန်ရှာပြီ၊ဆတ်ဆော့မှုကို မထည့်ဘူး (မှန်ပါ့ ဘုရား)။

ဆတ်ဆော့ မှုတော့ မထည့်ပါဘူး၊ ကံကုန်တယ်ချည်းဘဲ ဦးသံဒိုင်တို့က နှုတ်တတ်နေတာဘဲ (မှန်ပါ့) လွဲ- မလွဲ အကဲခတ်စမ်း (လွဲပါတယ် ဘုရား)။

လွဲတယ် တဲ့ဘုရား ဒီကံ တစ်လုံးတည်းကို ဟောတာမှ မဟုတ်ဘဲတဲ့ အမျိုးမျိုးအဖုံဖုံ သေခြင်းတရားတွေ ဟောပြီး သကာလ ထားတာတွေအများကြီး ရှိနေတာဘဲ။

အဲဒီတော့ ဥပမာမယ် တနေ့က တံတားကြီးပေါ်မနေပြီး ဒကာမတယောက် ခုန်ချသေတယ်ဆိုတာ သတင်းစာ ထဲ ပါတယ် မဟုတ်လား (ပါပါတယ် ဘုရား) ကံကုန်လို့ သေတာလား၊ သူ့ ပယောနဲ့သူ သေတာလား (သူ့ ပယောဂနဲ့သူ သေတာပါ ဘုရား)။

အင်း ဒါ ကံနဲ့ဘာဆိုင်သတုံး ဆိုင်သေးရဲ့လား (မဆိုင်ပါ ဘုရား) မဆိုင်ဘူး တဲ့ သူ့ ပယောဂနဲ့သူ သေတဲ့ဥစ္စာဒါ မနောဒွါရမှာ ဆူးစူးပြီး သူ့ဟာသူ မကျေမနပ်ပွဲနဲ့သေတာ (မှန်လှပါ ဘုရား)။

အဲဒါကို သြော် ကံက သူ့ဘဝ ဝိပါကဝဋ် မကင်းလို့ ထင်ပါရဲ့ ဟ-ဒါဖြင့် ဝိပါကဝဋ် မကင်းလို့ ထင်ပါရဲ့ ဟ-ဒါဖြင့် ဝိပါကဝဋ်မကင်းလို့ ထင်ပါရဲ့ ဆိုလို့ရှိရင် ခက်ရချည်ရဲ့၊ အခုမှလုပ်တာတွေ အကုန်အဟောသိကံ ဖြစ်ကုန်မှာဘဲ (မှန်ပါ့ ဘုရား) အခုမှ လုပ်တာတွေကောမများဘူးလား (များပါတယ် ဘုရား)။

အဲဒီတော့ကိုတဲ့ အတိတ်ကံချည်း ချနေရင် ကမ္မဝါဒီ ဖြစ်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ) အဲဒါ ဒိဋ္ဌိကျမ်းတွေမှာ ဦးသံဒိုင် အများကြီး ရှိသနော် (မှန်ပါ့) ကမ္မဝါဒီဒိဋ္ဌိဆိုတာ နည်းသလား (မနည်းပါ ဘုရား)။

အဲဒီတော့ ကျုပ်တို့ ဗုဒ္ဓဘာသာထဲမှာလဲ တဲ့ ကမ္မဝါဒီ ဒိဋ္ဌိတွေဟာ သိပ်များတယ်လို့ ဆိုလို့ရှိရင် မောင်သစ် မငြင်းနဲ့နော် (မှန်ပါ့ ဘုရား)။

မနောဒွါရ ဆူးစူးလို့ဖြစ်ရတာ

ဘာဖြစ်ဖြစ် သူတို့က အကြောင်းမညီညွတ်ယင် ကံချည်းဘဲချတာ (မှန်ပါ့) မဟုတ်ဘူးလား (ဟုတ်ပါတယ်) ဆူးပေါ်ကိုယ်ပယောဂနဲ့ကိုယ် တခါတည်းစိတ်ဆိုးလို့ နင်းလိုက်တယ် စိတ်ဆိုးလို့ မီးပုံထဲခုန်ချလိုက်တယ်၊ အင်း ဒါကံ ဆိုကြမလား (မဆိုရပါ ဘုရား) မနောဒွါရ ဆူးစူးလို့ဖြစ်ရတာ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ)။

ဒါဖြင့် ခင်ဗျားတို့ ငြိမ်ငြိမ်နေမှဖြစ်မယ် (မှန်ပါ့) ခင်ဗျားတို့က အနာမျိုးစုံ ပေါက်နေတယ်၊ ဆူးထဲ တိုးလို့ရှိရင်ဖြင့် ဆူးတိုးလာမယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ဘယ်လိုနေမှ တော်ကြမလဲ (ငြိမ်ငြိမ်နေမှ တော်မှာပါ ဘုရား)။

မငြိမ်ဘူး၊ ခင်ဗျားတို့ကလဲမငြိမ်ကိုမငြိမ်ဘူး ဟင်-ငြိမ်ငြိမ်ကိုနေလို့မရဘူး (မှန်ပါ့) ဟိုနေရာလဲ ငါပါမှ၊ ဒီနေ ရာကော (ငါပါမှပါ) ဘာဖြစ်တာတုံး ဒါ (ဆူးစူးတာပါ) ဆူးစူးချင်လို့သွားတာ (မှန်ပါ့)။

ဒီ ဆူးဒဏ်ချက်တွေကိုလဲသူတို့က မသိတော့ကို-တဲ့ ခင်ဗျားတို့ စဉ်းစားကြည့်ပါတဲ့၊ အိုချိန် မရောက်ဘဲနဲ့ အိုရတယ်၊ ရုပ်ရုပ်ချင်း ထိခိုက်တာ နာလွန်းလို့ (မှန်ပါ ဘုရား) မျက်ရည်များထွက်လာတယ် ရုပ်ရုပ်ချင်း ထိခိုက်လို့ (မှန်ပါ့)။

ဒီ ဆူးဒဏ်ချက်တွေကိုလဲသူတို့က မသိတော့ကို-တဲ့ ခင်ဗျားတို့ စဉ်းစားကြည့်ပါတဲ့၊ အိုချိန် မရောက်ဘဲနဲ့ အိုရတယ်၊ ရုပ်ရုပ်ချင်း ထိခိုက်တာ နာလွန်းလို့ (မှန်ပါ့ ဘုရား) မျက်ရည်များထွက်လာတယ်- ရုပ်ရုပ်ချင်း ထိခိုက်လို့ (မှန်ပါ့)။

ဟိုက အသံရုပ်နဲ့ ဒီက ကမ္မဇရုပ်နဲ့ သွားပြီး ထိခိုက်ပြီးသကာလ တခါတည်း မျက်ရည်တွေများ ဖြစ်တယ် (မှန်လှပါ ဘုရား)။

ဟိုက ငိုသံကြားနဲ့ ဒီကမျက်ရည်ထွက်တာတွေများမရှိကြဘူးလား (ရှိပါတယ်) ဒါတွေ ရုပ်-ရုပ်ချင်း ထိခိုက်တာ (မှန်ပါ့)။

ပင်ကိုယ်ရုပ်လား ဆူးစူးတဲ့ရုပ်လား

အဲဒါတွေကျတော့ကို ပင်ကိုယ်ရုပ်လား ဆူးစူးတဲ့ရုပ်လား (ဆူးစူးတဲ့ရုပ်ပါ ဘုရား) အဲ ဆူးစူးတဲ့ ရုပ်ဆိုတာ သေချာတယ် (မှန်ပါ့)။

ဘုန်းကြီး ဟို ငယ်ငယ်တုန်းက ညောင်လေးပင်ဘက် သွားတုန်းက ဒီတရားပွဲထဲမှာဘဲ တရားနာနေတယ် ဒကာမတယောက် ဒီဘက်ကလဲ လမ်းကလေးတလမ်း ရှိတယ်။ အုတ်လမ်းကလေး ဒီအုတ်လမ်းကလေးပေါ်က သူ့သားနဲ့ အဆင်တူ အဝတ်တွေ ဝတ်ပြီးသကာလ လာတာ၊ သူ့သားက သေပြီးတာ မကြာသေးဘူး။

အဆင်တူ ဝတ်ပြီးသကာလ ပုံကလဲ သူ့သားနဲ့ ခပ်ဆင်ဆင်၊ အဝတ်တွေကလဲ သူ့သားဝတ်တဲ့ အဝတ်မျိုးဆိုတော့ အဲဒါကြည့်ပြီး သေတဲ့တယောက် တွေ့ခဲ့သေးတယ်၊ ရူပါရုံလက်ချက် (မှန်ပါ့ ဘုရား) ရူပါရုံသတ်တာဘဲ (မှန်ပါ့) ရူပါရုံသတ်တာဘဲဆိုတာ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

အဲဒါ မျက်လုံးပေါက်ကနေ သတ်လိုက်တာ၊ ဆူးစူးပြီးဒီနေရာတွင်ကို တခါတည်းတတ်တာဘဲ၊ အိမ်ယူသွား သေတာဘဲ- (မှန်ပါ့ ဘုရား)။

ကဲ ဘာဖြစ်တာတုန်းလို့မေးရင် ဘယ်နှယ့် ပြောကြမယ် (ရူပါရုံဆူးစူးတာပါ ဘုရား) ရူပါရုံဆူးစူးတာ။

ဥပမာမယ် မန်ကျည်းပင်ကြီး ရှိလျက်သားနဲ့ သူရဲရယ်လို့ စိတ်ကလုပ်ပြီး ထင်လိုက်လို့ရှိရင်ဖြင့် သေပြန်တာဘဲ(မှန်ပါ့ ဘုရား) ရူပါရုံဆူးစူးချလိုက်တာ (မှန်ပါ့)။

သဒ္ဒါရုံဆူးစူးချလိုက်တာများ ဗုံးတွေကျတုန်းက တတ်ပြီး သေတဲ့လူတွေ မနည်းဘူးဗျ (မှန်ပါ့ ဘုရား) သဒ္ဒါရုံဆူးကပေမဲ့ အသံ ပြင်းထန်လွန်းလို့ဆိုပြီး တွင်းထဲအောင်းရင်း သေနေတဲ့လူတွေ ဗုံးမကျပါဘူး၊ အသံနဲ့ သေတာ (မှန်ပါ့ ဘုရား) မရှိဘူးလား (ရှိပါတယ် ဘုရား)။

ဒါတွေက နို့ ဒကာ ဒကာမတွေက တွက်ပါလား ဪ ကိုယ်ကလဲ အနာက မကင်းသေးတဲ့ အထဲမှာ ဒီအနာတွေကလဲ သေအောင်သတ်မည့် အနာတွေ၊ ဒီအနာ တိုးပွားတဲ့ဆီကို သွားပြီး ကျုပ်တို့ကလဲ တိုးမိနေတယ် (မှန်ပါ့ ဘုရား) ဒီတော့ ဦးသံဒိုင် အန္တရာယ် ကင်းနိုင်ပါ့မလား (မကင်းနိုင်ပါ ဘုရား)။

အဲဒါ ခင်ဗျားတို့ အန္တရာယ်မကင်းတာ ကျုပ်က စိတ်အေးလက်အေး နေချင်တာဗျ၊ ဘယ်သွားသွားဆိုတော့ ခက်တယ် ခင်ဗျားတို့၊ ခက်တယ် (မှန်ပါ့) သူကသွားလဲ သွားချင်သေးတယ်၊ စိတ်အေး လက်အေးလဲ နေချင်သေးတယ် (မှန်ပါ့ ဘုရား)။

ဖြစ်နိုင်ပါ့မလား (မဖြစ်နိုင်ပါ ဘုရား) မဖြစ်နိုင်ဘူးတဲ့၊ သွားတယ်ဆိုကတည်းကဘဲ အာရုံအမျိုးမျိုးနဲ့တော့ တွေ့ရမှာဘဲ (မှန်ပါ့ ဘုရား)။

ပြီးတော့ သူက စိတ်အေး လက်အေးလဲ နေချင်သေးသတဲ့- (မှန်ပါ့) သွားလဲ သွားချင်တယ်၊ ဆူးတောလဲ တိုးချင်တယ်၊ အနာလဲ မပေါက်ချင်ဘူး ဆိုလို့ရှိရင် ဘုန်းကြီးတို့ မတတ်နိုင်ဘူး (မှန်လှပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။

ဆူးတောထဲလဲ သွားချင်သေးတယ်၊ အနာလဲ မပေါက်ချင်ဘူးဆိုတော့ ဘုရားလဲ ကု-မရဘူး၊ သိကြားလဲ ကုမရဘူး၊ စိတသာချ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

အဲဒါ ခင်ဗျားတို့ကလဲ ဆူးတော မသွားပါနဲ့ဆိုရင် အို-တပည့်တော်မပါရင် မပြီးဘူးတဲ့ (မှန်ပါ့) ခင်ဗျားတို့ ဆင်ခြေကလဲ ဘယ်နှယ် ပြောလေ့ရှိသတုံး (တပည့်တော်တို့မပါမပြီးပါ)။

မပါရင် မပြီးဘူး၊ ဒတည့်တော အနာမပေါက်ရင် သေခြင်းဆိုး မသေဘူး ပြောတာဘဲ (မှန်ပါ့ ဘုရား) ပေါက်ချင်သေးတယ်၊ ဒီ အဓိပ္ပါယ် မပြောကြဘူးလား (ပြောပါတယ် ဘုရား)။

ဆပ္ပါဏကောပမသုတ်

အဲဒီတော့ အားလုံး ဒကာ ဒကာမတွေ ဒါဟာ မနေ့က သုတ်အစမှာ ဒီက စ-တယ် (မှန်ပါ့) မနေ့က ဆပ္ပါဏကောပမသုတ် လို့၊(သဠာယတနဝဂ္ဂ သံယုတ်၊ အာသီဝိသဝဂ်၊ ဆပ္ပပါဏကောပမသုတ်။)

ဆ-က ခြောက်ခု ပါဏကော ပမာ-က သားကောင်ခြောက်ကကောင်၊ သားကောင် ခြောက်ကောင် ဟောတဲ့သုတ်မှာ ဒီက စ, ဟောတာ (မှန်ပါ့ ဘုရား) သဘောပါကြလား (ပါ-ပါပြီ)။

ဒါဖြင့် ဒကာ ဒကာမတို့ ဘယ်လိုနေမှ သင့်မလဲ (ငြိမ်ငြိမ်နေမှ သင့်ပါမယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ) နေရဲကြပါ့မလား (နေရဲပါတယ်) နေရဲပါတယ် အံမာလေး သိပ်မကြွားနဲ့နော် ၊ သိပ်မကြွားနဲ့၊ ဘာဖြစ်ပါလိမ့်မတုံး ၊ မျက်စိကွယ်ရာမှာ နေရတာ ကျုပ်က မအေးဘူးတဲ့၊ မြင်လိုက်ရမှ အေးတယ်၊ မြင်လိုက်ရမှ သေသေချာချာ စူးတာကိုး (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)။

မမြင်လိုက်ရလို့ရှိရင် ဟဒယဝတ္တု စူးတယ် (မှန်ပါ့) မမြင်လိုက်ရတော့ ဓမ္မာရုံက=

စူးတယ် (မှန်ပါ့) မြင်လိုက်ရတော့ ရူပါရုံကစူးတယ် (မှန်ပါ့)။

ကဲ ဘယ်အစူ ကြိုက်သတုံး (ဘယ်အစူးမှ မကောင်းပါ ဘုရား)။

ဒီစူးနှစ်ချောင်းက မမြင်ယင်

စူးတော့ထားတာဖြင့်- ဒါဟာ ဝိပသာနာ အလုပ်ကင်းနေတဲ့ ပုဂ္ဂိုလ် သမာဓိပညာကင်းနေတဲ့ ပုဂ္ဂိုလ် သမာဓိပညာကင်းနေတဲ့ ပုဂ္ဂိုလ်ဟာ ဒီစူးနှစ်ချောင်းက မမြင်ယင် မနောဒွါရမှာ လာစူးတယ်၊ မြင်ယင် စက္ခုဒွါရက ဝင်စူးတယ် (မှန်ပါ ဘုရား)။

ဘယ်စူးက အန္တရာယ် ကင်းလိမ့်မယ်လို့ ထင်ကြသလဲ (ဘယ်စူူးမှ မကင်းပါ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ဟာက မနောဒွါရကလဲ ဟိုကိုအာရုံမပြုပါနဲ့ (မှန်ပါ့) စက္ခုဒွါရကလဲ သားဆီ- သမီးဆီ- ပစ္စည်းဆီကို အာရုံမပြုပါနဲ့၊ ပြုယင်စူးမှာဘဲ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။

ဒီလိုဆိုလို့ရှိရင်ဘုရား မခက်ဘူးလားဘုရား=၊ ခင်ဗျားတို့က ပြောချင်ပြောမယ်၊ မခက်ပါဘူးပြောတော့ ခင်ဗျားတို့က မခက်ဘူးလားနဲ့ ပြန်ကိုင်နေတယ် (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။

ဒီလိုဆိုရင် မခက်ဘူးလားဆိုတော့ သူတို့က ဆူးစူးနေကျလူက မစူးရရင် မခက်ဘူးလားလို့ ပြောမယ် (မှန်ပါ့ ဘုရား)။

မှန်ကြရဲ့လား (မှန်ပါတယ်) ဆူးစူးနေကျလူက ဘာတဲ့ (မခက်ဘူးလားလို့ ပြောမှာပါ ဘုရား) မစူးရရင် မခက်ဘူးလားလို့ ပြောမယ် (မှန်ပါ့)။

သြော် စူူးလို့ခက်တာ သူမသိဘူး၊ မစူးလို့ခက်တာသာသူသိတယ် (မှန်ပါ့ ဘုရား)။

ကဲ=ဒါဖြင့် ဒီဒကာ- ဒကာမတွေဟာ တကယ့်ကိုဘဲ အကျိုးအပြစ်ကိုဖြင့် အမှန်အကန်မသိသေးတဲ့ ပုဂ္ဂိုလ်တွေ ပဲဆိုတာ အခုတရားပေါ်သွားပြီ (ပေါ်သွားပါပြီ ဘုရား) မပေါ်သေးဘူးလား (ပေါ်ပါပြီ)။

ပေါ်ပြီ=တဲ့၊ ဘာမှ ပြန်မကြည့်ရဘူး ဆိုလို့ ရှိရင်ဖြင့် အကုန်ကစင့်ကရဲ ဖြစ်ကုန်မှာပေါ့- တဲ့၊ အင်း ဒီကလာတာ (မှန်ပါ့) ပြန်ကြည့်ချင်တဲ့သဘောက သိပ်များတာ (မှန်ပါ့ ဘုရား)။

ပြန်ကြည့်ရလို့ရှိရင်ဖြင့် အလိုကျမှုလဲ ပါမှာဘဲ၊ အလိုမကျမှုကော (ပါ-ပါတာ ဘုရား) ပါရင် အလိုကျမှုကလဲ စူးတစ်ချောင်းဘဲ (မှန်ပါ့) အလိုမကျမှုကလဲ (စူးတစ်ချောင်းပါ ဘုရား)။

ဝိပသာနာ ရှုနေမယ်ဆိုရင် ဘယ်ဆူးက လာစူးဦးမှာလဲ

ကဲ ပြန်ကြည့်ချင်တဲ့လူ စွမ်းရည် သတ္တိကတော့ ဒါဘဲ ရှိတယ် (မှန်ပါ့ ဘုရား) ကဲ ကိုယ့်ဟာကိုယ် ဝိပသာနာ အာရုံကလေးနဲ့ သမာဓိကလေး ကြီးကြီးနဲ့ ပညာကလေး ထက်ထက်နဲ့ ဝိပသာနာ ရှုနေမယ်ဆိုရင် ဘယ်ဆူးက လာစူးဦးမှာလဲ (မစူးပါ ဘုရား)။

ဒီလိုနေစမ်းပါဆိုတဲ့ အခါကျတော့ ခင်ဗျားတို့က တော်လောက်ပါပြီထင်ပါရဲ့၊ အနာမှ မပေါက်ရတာ တော်လောက်ပြီ ထင်ပါရဲ့တဲ့၊ ခက်တယ် ဒီဥစ္စာ (မှန်ပါ့)။

ဘယ့်နှယ်တွေးရမှာတုံး၊ ဘယ်ဆေးနဲ့ ကုရမှာတုံး၊ ခင်ဗျားဖို့ဟာ အတော်ခက်နေပြီ (မှန်ပါ့) နားလည် ကြရဲ့လား (လည်ပါတယ် ဘုရား)။

ခင်ဗျားတို့ ရွာ့အကြိုက် ရွာ့စရိုက် ရွာ့အလိုက်၊ မြို့အကြိုက် မြို့စရိုက် မြို့အလိုက်တွေကတော့ ဦးသံဒိုင် အလွဲမှအချော်ချည့်ဘဲ (မှန်ပါ့ ဘုရား) အကောင်းကို ပါရဲ့လား (မပါ-ပါ ဘုရား)။

မကျေနပ်ဘူးတဲ့၊ မမြင်ရ မတွေ့ရဘူး ဆိုလို့ရှိရင်ဖြင့် ဘယ့်နှယ်နေမှန်း မသိဘူးတဲ့ မြင်ရတွေ့ရတော့လဲ သာပြီးဆိုတာပေါ့ ဒါဘဲပြောစရာရှိတယ် (မှန်ပါ့)။

မမြင်ရ မတွေ့ရတော့ အဲဒါကမှ အဝေးပူ ရှိသေးတယ် (မှန်ပါ့) မဟုတ်လား (မှန်ပါ့) မြင်ရတွေ့ရတော့ အနီးပူဖြစ်တယ်။

ဒါဖြင့် ဆူးအနီးစူးတာနဲ့ အဝေးကနေစူးတာနဲ့ ခင်ဗျားတို့အဝေးကနေ စူးတာကသက်သာသေးတယ် (မှန်ပါ့) အနီးစူးတာက (မသက်သာပါ ဘုရား) မသက်သာပေမဲ့ ခင်ဗျားတို့က မျက်စေ့အောက်မှ ကျေနပ်တယ် (မှန်ပါ့) ဘာပြောကြသလဲ (မျက်စေ့အောက်မှကျေနပ်တယ်)။

တိုက်ရိုက်စူးမှ ကျုပ်ကျေနပ်တယ်

တိုက်ရိုက်စူးမှ ကျုပ်ကျေနပ်တယ်၊ သွယ်ဝိုက်စူးယင် ကျုပ်မကြိုက်ဘူး (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ) တိုက်ရိုက်စူးယင်တော့ (ကျေနပ်ပါတယ် ဘုရား) သွယ်ဝိုက်စူးရင်တော့- (မကျေနပ်ပါ ဘုရား)။

ဟာ မောင်သစ် ဒီလောက်ရူးတာတော့ ငါရှာမတွေ့ဘူးကွာ၊ ဒီလောက်ရူးတာတော့ ဦးသံဒိုင် ရှာစမ်းဗျာ-ခင်ဗျား- (မတွေ့ပါ ဘုရား) မတွေ့တော့ ဒီလူဘဲတွေ့တယ်ဆိုကြပါတော့ (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ)။

အဲဒါ ခင်ဗျားတို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဆပ္ပါဏ ကောပသုတ်မှာ မင်းတို့ကလဲ အနာတွေနဲ့၊ ဆူးထဲလဲ တိုးဦးမယ်ဆိုတော့ သေခြင်းဆိုး ကဖြင့်ကွာ သေချာပါရဲ့ (မှန်ပါ့) မဟောသင့်ဘူးလား (ဟောသင့်ပါ တယ် ဘုရား)။

ဒါဖြင့် ခုနကပြောတဲ့ စကားဘဲ နိဂုံးချုပ်လိုက်ပါတော့ ဒကာ-ဒကာမတွေ၊ သေခြင်းဆိုး မသေရလို့ရှိရင် မကျေနပ်တဲ့သူ အတော်များလိမ့်မယ် (မှန်ပါ့) သေခြင်းဆိုးသေရရင်တော့ (ကျေနပ်ပါတယ်)။

ကျေနပ်တယ်ဆိုတော့ ခက်လိုက်တာ ခင်ဗျားတို့ ညည်းလုံးတွေများတွေးလိုက်လို့ရှိရင်ဖြင့် အတော်ဆိုးပါတယ်၊ တော်ရာမှာ တယောက်တည်း သေရမယ်ဆိုရင် တကောင်ကြွက် တမျက်နှာတဲ့ (မှန်ပါ့) လာသေးတယ်၊ တကောင်ကြွက် တမျက်နှာတဲ့ (မှန်ပါ့)။

သားနား-မယားနား ခြေရင်းမှာသေရမယ်ဆိုရင် ပြုံးများသေဦးမလား မပြောတတ်ဘူး၊ အဲဒီဆူးက အတော်ကြီးတာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) သဘော ပါကြရဲ့လား (ပါ-ပါတယ် ဘုရား)။

တကောင်ကြွက် တမျက်နှာ ဆိုတာက စိတ်ထားတတ်လို့ရှိရင် သူူ့မှာ သံယောဇဉ် အတော်ကင်းတယ် (အတော်ကင်းပါတယ် ဘုရား)။

ဆွေကြား မျိုးကြားမှာသေချင်တယ်

သို့သော် အဲဒီနေရာ သေချင်ကြသလားလို့ မေးလို့ရှိရင်ဖြင့် မလွဲသာလို့ သေရရင်-ဟာ အရှင်ဘုရား ဒီမသာတော့ မဖြစ်ချင်ဘူး၊ ဆွေကြား မျိုးကြားမှာသေချင်တယ် (မှန်ပါ့)

ဘာဖြစ်လို့တုံး၊ သူတို့နဲ့ သံယောဇဉ်က မကင်းဘူး ဒါမှ တပည့်တော် အပါယ်သွားရမှာ၊ အဓိပ္ပာယ်က ဒီရောက် တယ် (မှန်ပါ့) ရှိသေးရဲ့လား (မရှိပါ ဘုရား)။

တစ်ကောင်ကြွက် တစ်မျက်နှာ သေရလို့ရှိရင် ဘယ်အာရုံဖြစ်ဖြစ် ကိုယ်နဲ့မဆိုင်တာတွေချည်း မြင်ရတဲ့အတွက် မဆိုင်တာနဲ့ ဆိုရင် လောဘ၊ ဒေါသ၊ မောဟ တော်တော်ငြိမ်းတယ် (ငြိမ်းပါတယ် ဘုရား) မငြိမ်းဘူးလား (ငြိမ်းပါတယ်)။

ပြီး ဝိုင်းပြီးသကာလ ဟိုခြေနှိပ်တဲ့လူနဲ့ လက်မ,တဲ့လူနဲ့ ဆိုလို့ရှိရင်တော့ဖြင့် အင်း ဒီဟာတွေဟာဖြင့် မတတ်သာလို့ ထွက်ရမယ်ဆိုတဲ့ အဓိပ္ပာယ်တော့ဖြင့် ရမှာပဲ (မှန်ပါ့) မရပေဘူးလား (ပါတယ် ဘုရား)။

ရတော့ကို ဥပါဒါန်ရှိပြီးသေသလား၊ ဥပါဒါန်မရှိဘဲနဲ့သေသလား (ဥပါဒါန်ရှိပြီး သေတာပါ ဘုရား)။

ဒါဖြင့် ‘ဥပါဒါနပစ္စယာ ကမ္မဘဝေါ’ လုပ်ပေတော့ (မှန်ပါ့ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ) ဥပါဒါနပစ္စယာ (ကမ္မဘဝေါပါ ဘုရား)။

ကမ္မဘဝပစ္စယာ အပါယ်ဇာတိ (မှန်ပါ့အပါယ်ဇာတိပါ ဘုရား) သေချာပလား (သေချာပါပြီ)။

အဲဒါ ခင်ဗျားတို့အကြိုက်ပဲ (မှန်ပါ့) ဆွေနား၊ မျိုးနားမှာပဲ ၊ အခု တစ်ကောင်ကြွက်တစ်မျက်နှာတော့ တပည့်တော် ဆုတောင်းထားတယ်ဘုရား မသေပါရစေနဲ့ (မှန်ပါ့) ဆုများတောင်းထားလိုက်သေးသတဲ့ (မှန်ပ့ါ) ဘာဖြစ် ကြတာတုန်း၊ ဟိုသေရင် အပါယ်လွတ်သွားမှာ စိုးရတယ်၊ ရှင်းပလား (ရှင်းပါပြီ)။

အင်း ဆွေကြား မျိုးကြားမှာ တစ်ခါတည်း ခေါင်းစိုက်သေရလို့ရှိရင်တော့ အပါယ်သွားရမှာကိုး (မှန်ပ့ါ)။

အဲဒီ့နေရာကျတော့ ဆုတောင်းထားတယ်တဲ့၊ သေခြင်းသေလဲ အဲဒီလို သေပရစေ၊ ဒီအသေမျိုးဖြင့် ကျုပ်ဖြင့် မျက်နှာငယ်လွန်းလို့ (မှန်ပါ့) သဘောပါကြရဲ့လား (ပါပါတယ်)။

ကဲ-ဦးသံဒိုင် ပြောင်းပြန်မှ ဟုတ်ကဲ့လား (မှန်ပါ့ ပြောင်းပြန်ပါ ဘုရား) ခင်ဗျားတို့ ကြိုက်တဲ့နေတဲ့ ဥစ္စာ (မှန်ပါ့)။

အားလုံး ဒကာ ဒကာမတွေ ဘယ်လိုများကြိုက်သတုံး၊ တကောင်ကြွက် သေချင်သလား ၊ ဆွေနဲ့မျိုးနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် မသာကြီးချကြိုက်သလား၊ ပြောကြစမ်းဦးပါဦး၊ လှုပ်ကိုမလှုပ်ဘူး၊ ဟင် မသာကြီးချကြိုက်တာ သိလား၊ ဟင် ဘာကြိုက်သလဲ (မသာကြီးချကြိုက်ပါတယ်)။

မသာကြီးချ ကြိုက်ရင် ဆွေကြားမျိုးကြား သေမှပဲ ကိုက်မယ် (မှန်ပါ့) မဟုတ်ဘူးလား (မှန်ပါ့)။

ဆွေကြားမျိုးကြား သေရလို့ရှိရင်ဖြင့် ဒီအာရုံတွေကလဲ ဝိုင်းလာမှာပဲ (မှန်ပါ့ဝိုင်းလာမှာပါပဲ) ဆူးတွေကလဲ ဝိုင်းစူးမှာပဲ။

အဲဆူးစူးပြီး သကာလ အနာကြီးရပြီး သေရပါလို၏။ အဓိပ္ပာယ်က ဒါပဲရတယ် (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။

ကွယ်ရာမှာ ဥတလုံး တကောင်ကြွက် ဖြစ်ရလို့ရှိရင်ဖြင့် ခင်ဗျားတို့က အင်မတန် ကံနည်းတယ်လို့ ထင်ကြတယ် (မှန်ပါ့) ကံနည်းတာလား၊ သူက ကံကောင်းတာလား (ကံကောင်းတာပါ ဘုရား)။

ဆွေကြားမျိုးကြား သေတဲ့ပုဂ္ဂိုလ်ပဲ ဒီအာရုံတွေကို နဂိုက ငြိတွယ်ထားတဲ့ အာရုံတွေကို နဂိုက ငြိတွယ်ထားတဲ့ အာရုံတွေကို ချက်ခြင်း သေခန်းပြတ်ခွဲရတော့မယ်ဆိုတော့ နောက်က ဒကာ ဒကာမတွေ လွယ်ပါ့မလား (မလွယ်ပါ ဘရား) ရှင်းပြီနော် (ရှင်းပါပြီ)။

ဒါဖြင့် ဥပါဒါန်နဲ့ သေတယ်(မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ) ဘာနဲ့သေသလဲ (ဥပါဒါန်နဲ့ သေပါတယ် ဘုရား)။

ဪ ဒါဖြင့် ဘုရားက ဥပါဒါန်နဲ့သေတဲ့ ပုဂ္ဂိုလ်ဟူသ၍တော့ကွာ တဲ့ ဇာတိသေချာတယ်တဲ့ (မှန်ပါ့) မသေချာဘူးလား (သေချာပါတယ် ဘုရား)။

ပဋိစ္စသမုပ္ပါဒ်ပဲ ရွတ်လိုက်

ဘာမှ ရွတ်မနေနဲ့ ခင်ဗျားတို့ ရထားတဲ့ ပဋိစ္စသမုပ္ပါဒ်ပဲ ရွတ်လိုက်တည့်နေတာပဲ (မှန်ပါ့)။

ဥပါဒါနပစ္စယာ (ကမ္မဘဝပါ။ ကမ္မဘဝပစ္စယာ (ဇာတိပါ ဘုရား) ဘယ်ဇာတိထင်ကြသလဲ (အပါယ်ဇာတိပါ ဘုရား) အပါယ်လေးပါး ဇာတိပဲ အဲဒါခင်ဗျားတို့ ဆုတောင်းပြည့်တာပဲသာ မှတ်လိုက်ပါ (မှန်ပါ့ ဘုရား) ဘာဖြစ်ကြ တာလဲ (ဆုတောင်းပြည့်တာပါ ဘုရား)။

နဂိုက ဘယ်လိုတောင်းထားသတုံး၊ ဥတလုံး တစ်ကောင်ကြွက်တော့ မသေပရစေနဲ့၊ မဟုတ်ဘူးလား (မှန်ပါ့ ဘုရား) ဆွေနဲ့မျိုးနဲ့ သိုက်သိုက်ဝန်းဝန်း သေခြင်းလဲ ဒီကြားထဲ သေပရစေလို့ဆိုတော့ သူ ဥပါဒါန်ရှိတဲ့နေရာ သေဖို့ရာ သူသဘောကျတယ် (မှန်ပါ့) သဘောကျတော့ ဥပါဒါနပစ္စယာ ကမ္မဘဝေါ၊ ကမ္မဘဝပစ္စယာ အပါယ်ဇာတိ (မှန်ပါ့ ဘုရား)။

ဒါက ငြင်းလို့လဲမရဘူး (မှန်ပါ့) ရပါ့မလား (မရပါ ဘုရား) မရဘူးတဲ့ အဲဒီတော့ ခင်ဗျားတို့ဟာ သျှိုးလမ်းချည့် မြုပ်လမ်းချည့် ကြံတဲ့နည်း (မှန်ပါ့) ဘယ်လိုကြံစည်မိကြသလဲ (သျှိုလမ်း မြုပ်လမ်းချည်း ကြံစည်ပါတယ်)။

မြုပ်လမ်းချည့် ကြံစည်တယ်၊ တကယ်လို့ ဥတစ်လုံး-တစ်ကောင်ကြွက် ဖြစ်နေရင် မြန်မြန်ကြေးနန်းရိုက် စမ်းပါဦး၊ ခေါ်ကြစမ်းပါဦး၊ မတော်လို့ ‘ဥပါဒါနပစ္စယာ ကမ္မဘဝ အပါယ်ဇာတိ မဖြစ်မှာ ကျုပ်သိပ်စိုးရိမ်တယ်၊ ‘ကမ္မဘဝပစ္စယာ အပါယ်ဇာတိ’ လွတ်သွားမှာ ကျုပ် သိပ်စိုးရိမ်တယ်၊ ကျုပ်မထင်လို့ရှိရင် ဘယ်သူ့ဘယ်သူကို ကြေးနန်း ရိုပ်ပါ။

ဘာဖြစ်တာတုံး ဦးသံဒိုင်၊ ဘယ့်နှယ်ကြောင့် ဒီလောက်တောင် ကြေးနန်းတွေ ကဲနေရတာတုံး၊ အပါယ်ဇာတိ လိုချင်လို့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

ဘာဖြစ်တာတုံး ဦးသံဒိုင်၊ ဘယ့်နှယ်ကြောင့် ဒီလောက်တောင် ကြေးနန်းတွေ ကဲနေရတာတုံး၊ အပါယ်ဇာတိ လိုချင်လို့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

ဘာဇာတိတုံး (အပါယ်ဇာတိလိုချင်လို့ပါ) ဟုတ်မှဟုတ်ကဲ့လား (ဟုတ်ပါတယ် ဘုရား)။

ဒီလိုဖြင့် ကြေးနန်း ရိုက်ကတည်းက မခင်တဲ့လူရိုက်တာလား၊ ခင်တဲ့လူ ရိုက်တာလား ပြောစမ်း (ခင်တဲ့လူကို ရိုက်တာပါ ဘုရား)။

ခင်တဲ့လူ အနားရှိပြီး သေရလို့ရှိရင် ဥပါဒါန်ဖြစ်မဖြစ် အကဲခတ်ကြစမ်း (ဖြစ်ပါတယ် ဘုရား) အရိယာမဟုတ် သေးရင် ဖြစ်ရမယ်(မှန်ပါ့) မဖြစ်ပေဘူးလား (ဖြစ်ပါတယ် ဘုရား) ဥပါဒါနပစ္စယာ (ကမ္မဘဝေါပါ ဘုရား) ကမ္မဘဝ ပစ္စယာ (ဇာတိပါ ဘုရား) ထည့်ပေးဦး (အပါယ်ဇာတိပါ ဘုရား)။

အပါယ်ဇာတိ ထည့်ပေး (မှန်ပါ့) ဒီဟာမှ သူက မူသေကိုး၊ နို့မဟုတ်ရင် ပဋိစ္စသမုတ်ပါတ်လွဲကုန်လိမ့်မယ် (မှန်ပါ့ ဘုရား)။

ကျောချင်းကပ်ဖြစ်နေပြီ

ကိုင်း ဒါဖြင့် ဒကာ ဒကာမတွေ ကိုယ့်အလွဲတွေကို ယနေ့အမှန်အကန်ပြောတော့ ဪ ဒို့အကြိုက်နဲ့ ဘုရားအကြိုက်နဲ့တော့ဖြင့် တော်တော့်ကိုပဲ ကျောချင်းကပ်ဖြစ်နေပြီ၊ ဆိုထိုက်မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား)။

ဒို့အကြိုက်နဲ့ ဘုရားအကြိုက်ဟာ (ကျောချင်းကပ်ဖြစ်နေပါတယ်) ကျောချင်းကပ်နေပြီဆိုတာ သေချာပလား (သေချာပါတယ် ဘုရား)။

အဲဒါကြောင့် ဘုရားတစ်ဆူပွင့်လဲ သူက မျက်နှာပြုသွားတာက နိဗ္ဗာန်၊ ခင်ဗျားတို့က အပါယ်လေးပါး (မှန်ပါ့ ဘုရား) ဒါ ကျောချင်းကပ်ဖြစ်နေတာပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

ဒါဖြင့် ခင်ဗျားတို့က ဘယ်ဘုရားပွင့်ပွင့် လက်ဦးစွာ ဒို့ဖူးချင်တယ်၊ ဖူးပြီး ကျောချင်းကပ် နေချင်တယ် (မှန်ပါ့) ဖူးတော့ (ဖူးချင်ပါတယ်) သူများပြောသံကြား ဖူးချင်တာပါ (မှန်ပါ့)။

နေတော့ ဘယ်လိုနေချင်သတုံး (ကျောချင်းကပ်နေချင်ပါတယ် ဘုရား) အင်း အတော်ကြောက်စရာ ကောင်း ပါကလား၊ ပေါ်ပလား မောင်သစ် (ပေါ်ပါပြီ ဘုရား) ဖူးတော့ကို (လက်ဦးဖူးချင်ပါတယ် ဘုရား) ပြီးတော့ ဘယ်လို နေချင်သတုံး (ကျောချင်းကပ်နေချင်ပါတယ်)။

ကျောချင်းကပ်ဆိုတော့ ဘုရားက သနားပင် သနားငြားသော်လည်း သူက ကျောချင်းကပ်နေတဲ့အတွက် ဘယ်နည်းနှင့်မှ သူဟောတဲ့ တရားတွေ ကြားစရာကော ရှိရဲ့လား (မရှိပါ ဘုရား) မရှိဘူး တဲ့။

အဲဒီ့ဝါသနာ အထုံကြီးဟာ ဘယ်သူ့ဝါသနာ အထုံကြီးတုံးလို့ မေးစမ်းပါ။ ခုနင်က အနာပေါတဲ့ ပုဂ္ဂိုလ်၏ ဝါသနာအထုံ (မှန်ပါ့ ဘုရား) ဆူးထဲမှာတိုးလို့ သေခြင်းဆိုးသေချင်တဲ့ ပုဂ္ဂိုလ်၏ ဝါသနာ အထုံတွေမို့ ဂင်္ဂါဝါဠု ဘုရား တွေနဲ့ အလွဲကြီးလွဲတာ၊ ဦးသံဒိုင် အဓိပ္ပာယ်ပေါ်သွားပြီ (မှန်ပါ့ ဘုရား) မပေါ်သေးဘူးလား (ပေါ်ပါပြီ)။

စရိယသုံးပါး

ဘုရားတိုင်းပဲ လောကတ္ထ စရိယံကွ၊ လောကကြီးကို ငါ ကယ်တင်မလို့ ငါကျင့်တယ်ကွ၊ ဉာတတ္တစရိယံ-ငါ့ဆွေမျိုးတွေ ငါကယ်တင်မလို့ ငါကျင့်တယ်ကွ၊ မပါဘူးလား (ပါပါတယ် ဘုရား)။

ဗုတ္ထဒ္ဓစရိယံ= ငါဘုရားဖြစ်အောင်လို့ ငါ့ကိုယ်အတွက်လဲ ငါကျင့်တယ်ကွ ဆိုတော့ စရိယသုံးပါးမှာ သွားကြည့် လိုက်လို့ရှိရင်ဖြင့် တဲ့ လောက လူသားတွေအတွက် နတ်တွေအတွက် လောကထဲနေတဲ့ ပုဂ္ဂိုလ်တွေအတွက် ပါတာချည်းပဲ (မှန်ပါ့) မပါတဲ့ဘုရား တွေ့ဖူးကြရဲ့လား (မတွေ့ဖူးပါ ဘုရား)။

ဒီစရိယသုံးပါး မကျင့်လို့ရှိရင်လဲ ခင်ဗျားတို့ မှတ်ထားပါ၊ ဘုရားကို မဖြစ်နိုင်ဘူး (မှန်ပါ့) ဖြစ်နိုင်ပါ့မလား (မဖြစ်နိုင်ပါ ဘုရား) စရိယသုံးပါးကင်းပြီးတော့လေ (မှန်ပါ့)။

ဒါဖြင့် ဘုရားတွေ၏အပြစ်လား ကျောချင်းကပ်နေချင်တဲ့ ပုဂ္ဂိုလ်၏အပြစ်လားဆိုတာ အကဲခတ်ပါ (ကျော ချင်းကပ်နေချင်တဲ့ ပုဂ္ဂိုလ်တွေ၏ အပြစ်ပါ ဘုရား)။

ခင်ဗျားတို့က အရေးကြုံတော့ ဘုရား ဘုရားဆိုပြီး လက်အုပ်ကလေး ချီကာ ချီကာနဲ့ ကယ်တော်မူပါဘုရား ယူတော်မူပါဘုရားနဲ့၊ ဟင် (မှန်ပါ့) တော်တော် ကြာကျတော့ သူက ဆူးတောထဲ မတိုးနဲ့ဆိုတာ ခင်ဗျားတို့က ဘယ့်နှယ်တုံး (တိုးပါတယ် ဘုရား) ဟင် ခင်ဗျားတို့ လုပ်အုပ်ချီတာနဲ့ တူးတောထဲ ကန့်လန့်လုပ်တာနဲ့ ဘယ့်နှယ် တုံး၊ အတော်ဆိုးဝါးနေတာ (မှန်ပါ့ ဘုရား) ဒကာမကြီးကော ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) ရိပ်မိပြီနော်။

တယ်ကောင်းတဲ့ ဥပမာပဲ (မှန်ပါ့) အနာရှိလျက်နဲ့ ဆူးတောထဲ တိုးကြတာကွ မင်းတို့ အနာဆိုတာက ကိလေသာ နာတေါ (မှန်ပါ့) ဟိုက အာရုံက ခြောက်အာရုံက ဘယ်အာရုံကစူးစူး ခင်ဗျားတို့မှာ အနာကြွမှာပဲ (မှန်ပါ့) မကြွစရာ ရှိရဲ့လား (မရှိပါ ဘုရား)။

အဲဒီတော့ကို တဲ့ ဓမ္မပဒမှာ လာပါတယ်၊ အနာမရှိတဲ့ ပုဂ္ဂိုလ်အဆိပ်ကို ကိုင်ငြားသော်လဲ အဆိပ်ကမ ဝင်နိုင်ဘူးကွ တဲ့၊ (မှန်ပါ့) ဝင်နိုင်ကြရဲ့လား (မဝင်နိုင်ပါ ဘုရား)။

အနာမရှိတဲ့လက် အဆိပ်မတက်

အဆိပ်မတွေ မြှားဆိပ်ရိုင်းတွေ ကိုင်ပါ (မှန်ပါ့) အနာမရှိတဲ့ ပုဂ္ဂိုလ်က ကိုင်လို့ရှိရင်ဖြင့် ဘာမှမဖြစ်ဘူး၊ အနာရှိတဲ့ပုဂ္ဂိုလ် သွားမကိုင်နဲ့ ဒီအနာထဲဝင်သွားရင် သေတာပဲ (မှန်ပါ့)။

အဲဒီတော့ ခင်ဗျားတို့ကလဲ အနာရှိတဲ့ပုဂ္ဂိုလ်၊ ခုနင်က အဆိပ်တွေမှလဲ ရူပသဒ္ဒ ဂန္ဓရသ ဖေါဋ္ဌဗ္ဗဓမ္မဆိုတဲံ အာရုံအဆိပ်တွေမှလဲ ကိုင်ချင်ပါတာဆိုတော့ ဦးသံဒိုင် သေမှသေပါ့မလား (သေပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သေသေချာချာ စဉ်းစားကြည့်ပါတဲ့၊ အနာမရှိတဲ့ ပုဂ္ဂိုလ်ဟာ ကွာ တဲ့ အဆိပ်က သက်ဖို့ရာ ဝတ္တရားမရှိဘူး (မှန်ပါ့) သဘောကျရဲ့လား (ကျပါတယ်)။

အနာရှိတဲ့ပုဂ္ဂိုလ် သွားကိုင်လို့ရှိရင်တော့ (သေမှာပါ) သေမှာပဲ (မှန်ပါ့) ဒါ မုဆိုးကတော်လေး ဟောတာဂ (မှန်ပါ့)။

မုဆိုးကတော်လေးက လင်မုဆိုးကြီး သွားတယ်ဆိုရင် လေးတွေပြင်ပေးရ-သေနတ်တွေ ပြင်ပေးရ၊ ပိုက်တွေ ပြင်ပေးရ၊ သူက သောတာပန်ပြီးတော့ (မှန်ပါ့)။

သောတာပန်က ဒီလက်နက်တွေကိုင်တာ သူ့မှာ အပြစ်မရှိဘူးကွ တဲ့၊ (မှန်ပါ့) သဘောပါပလား (ပါပါပြီ)။

(ကုက္ကုဋ မိတ္တနေသာဒဝတ္ထု။)

သေခြင်းဆိုးမှ သေပါ့မလား

အဲဒီလို တည်ပြီးမှ ခင်ဗျားတို့ အာရုံတွေထဲ တိုးပြန်တော့လဲ အပါယ်လဲမကျပါဘူး (မှန်ပါ) ပေါက်တဲ့အနာကလဲ အပါယ်ကျနာမပေါက်ဘူး (မှန်ပါ့) ခုတော့ ခင်ဗျားတို့ဟာက အနာကလဲ မန်းမသိမ်းသေး (မှန်ပါ့) အညှော်တွေ အမျိုးမျိုးကလဲ တိုးချင်ပြန် (မှန်ပါ့) သေခြင်းဆိုးမှ သေပါ့မလား (သေပါတယ် ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ)။

တယ်ကောင်းတဲ့ ဥပမာ- မောင်သစ်ရေ (မှန်ပါ့) ဘုရားသခင်ကိုယ်တော်မြတ်ကြီး ဆပ္ပါဏကောပမသုတ်- ဒီနေရာမှာ ဒါစ,ဟောတာပဲ (မှန်ပါ့) ဒါဟောပြီးတော့မှ မနေ့က တရားစ,တယ် (မှန်ပါ့)။

ကာယဝိဝေက စိတ္တဝိဝေက

ကိုင်း ဒါဖြင့် သို့သော် ဒီအဓိပ္ပာယ်ကလေးကိုလဲ ခင်ဗျားတို့ ကာယဝိဝေကနဲ့ သိမ်းနိုင်ရင်လဲ မောင်သစ် ကောင်းတာပဲ၊ ကိုယ်ဆိတ်ဆိတ်နေနိုင်ရင်လဲ (မှန်ပါ့ ဘုရား) စိတ္တဝိဝေကနဲ့ ဆိတ်ဆိတ်နေနိုင်ရင်လဲ (ကောင်းပါတယ် ဘုရား)။

ကောင်းတယ် တဲ့၊ အနာတော့ မကြွနိုင်ဘူး၊ ဒီ ဝိဝေက နှစ်ခုကင်းပြီးသကာလ နေကြမယ်ဆိုလို့ရှိရင်ဖြင့် အဝိဝေက ဆိုတဲ့အတိုင်း မဆိတ်တဲ့အထဲ- တိုးကြမယ်ဆိုရင်တော့ဖြင့် အင်း အပါယ်နာပေါက်ပြီး သကာလ ကိလေသာတွေ ထ-ပြီး တဏှာ ဥပါဒါန် ကံ ဇာတိ ဆိုတာကတော့ဖြင့် မောင်သစ်လွတ်စရာ မမြင်ဘူး (မမြင်ပါ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ)။

ဒါဖြင့် ဘယ်လိုနေမှ တော်မလဲ၊ ကိုယ်ရင်လဲ ဆိတ်ဆိတ်နေမှ (မှန်ပါ့) စိတ်ရင်လဲ (ဆိတ်ဆိတ်နေမှပါ ဘုရား)။

ဒီနှစ်ခုမှတပါး ဦးသံဒိုင် ကယ်မည့် ယူမည့်သူ မရှိဘူး (မရှိပါ ဘုရား) ကာယဝိဝေကနဲ့ စိတ္တဝိဝေကနော် (မှန်ပါ့)

ဥပမဓိဝိဝေက ဆိုတာကတော့ကိုတဲ့ ခင်ဗျားတို့ ဒုက္ခဆုံးတဲ့ နိဗ္ဗာန်မြင်မှ ဥပဓိဝိဝေကကိုး (မှန်ပါ့)

ခုအချိန်နေရာမှာက ကာယဝိဝေက= အာရုံတွေ ဆိတ်တဲ့နေရာ နေရမယ် (မှန်ပါ့) စိတ္တဝိဝေက= စိတ်ကိုလဲ သမာဓိတည်အောင် ဒီဖြစ်ပျက် အာရုံမှတပါး ဘယ်မှမသွားတဲ့ သမာဓိမျိုးနဲ့ နေမှ (မှန်ပါ့)။

ဒီလိုမှသာလျှင် ဆူးစူးသက်သာမယ် (မှန်ပါ့ ဘုရား) နို့မဟုတ်လို့ရှိရင်ဖြင့် ခင်ဗျားတို့မှာ အနာရှိလျက်နဲ့ အဆိပ်ကိုင်လို့ရှိရင်ဖြင့် သေမှာပါပဲ (မှန်ပါ့ ဘုရား)။

အနာရှိလျက်နဲ့ အဆိပ်ကိုင်ရင် (သေမှာပါ ဘုရား) သဘောပါပလား (ပါပါပြီ)။

ဒါဖြင့် ဘာအားကိုးရမှာတုံး ၊ ကာယဝိဝေကဖြစ်အောင်လုပ် (မှန်ပါ့ ဘုရား) ပြီးတော့မှ စိတ္တဝိဝေက ဖြစ်အောင်လုပ်၊ လုပ်ပြီးတော့မှ ကာယဝိဝေက စိတ္တဝိဝေက ဖြစ်တဲ့အခါကျတော့မှ ဝိပဿနာ ကြိုးစား (မှန်လှပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။

ကာယဝိဝေက ဆိုတာက တခြားမဟုတ်ဘူး၊ အာရုံတွေထဲက ခန္ဓာကိုယ်ကို ဆွဲနှုတ်ထားရမယ် (မှန်ပါ့) ကိုယ့်ဟာ ကိုယ်တစ်ယောက်တည်း နေတဲ့သဘောက အများကြီးရှိရမယ် (မှန်ပါ့ ဘုရား)။

ဒီနား ဘယ်သူရှိနေနေ ငါတစ်ယောက်တည်းလို့သာ မှတ်ကြရမယ်၊ ဒါ ဘာခေါ်ကြမယ် (ကာယဝိဝေကပါ ဘုရား)။

စိတ္တဝိဝေကဆိုတာ အာရုံတွေ ဘယ်လိုပင် များသော်လဲ ဟုတ်လား မရောက်စေရဘူးကွ (မှန်ပါ့) ဒါ ဘာခေါ်ကြမယ် (စိတ္တဝိဝေကပါ ဘုရား)။

အဲ ကာယဝိဝေနဲ့ စိတ္တဝိဝေကကို မူတည်ပြီးတော့မှ ခင်ဗျားတို့ ဝိပဿနာလုပ်ပါ (မှန်ပါ့ဘုရား ရှင်းပလား (ရှင်းပါပြီ) ဒါဟာ တော်တော် အရေးမကြီးဘူးလား (ကြီးပါတယ် ဘုရား) နို့မဟုတ်လို့ရှိရင် အနာရှိ အဆိပ်ကိုင်ဆိုလို့ ရှိရင်ဖြင့် မောင်သစ် သွားမှာပဲ (မှန်ပါ့ ဘုရား) အနာရှိဆိပ်ကိုင်ဆိုလို့ရှိရင် (သွားမှာပါ ဘုရား) သေပွဲဝင်မှာပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

လက်မဆော့ပါနဲ့

ဒါဖြင့် ခင်ဗျားတို့ကလဲ လက်မဆော့ပါနဲ့၊ ကိုယ့်မှာ အနာကရှိနေတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ) လက်မဆော့ပါနဲ့လို့ မှာရတယ် (မှန်ပါ့) ဘာဖြစ်လို့တုံး (အနာရှိနေလို့ပါ ဘုရား) အနာရှိတော့ လက်ဆော့တော့ အဆိပ် သွားကိုင်မှာကိုး (မှန်ပါ့) ရူပါရုံအဆိပ် သွားကိုင်လဲ စူးမှာပဲ (မှန်ပါ့) သဒ္ဒါရုံအဆိပ်တွေ သွားကိုင်လဲ (သေမှာပါပဲ) ရှင်းပလား (ရှင်းပါပြီ)။

ဒါဖြင့် ဘယ်လိုဆိတ်ငြိမ်အောင် နေမှတုံးဆိုတာကော ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား) ကာယဝိဝေက စိတ္တ ဝိဝေက နှစ်ခုနဲ့ ဝိပဿနာအလုပ်-လုပ်ပါ (မှန်ပါ့)။

ကိုယ်ဆိတ်တဲ့ နေရာမှာ စိတ္တဝိဝေကဖြစ်ပြီး သမာဓိတည်အောင် လုပ်ပြီးတော့မှ ဖြစ်ပျက် ရှုလို့ရှိရင်ဖြင့်တဲ့ ဥပဓိ ဝိဝေကဆိုတဲ့၊ ဥပဓိဆိုတာ ခန္ဓာငါးပါး၊ အဲဒီ့ ခန္ဓာငါးပါးဆတ်သုဉ်းသွားပါလိမ့်မယ် (မှန်ပါ့)။

ဒါဖြင့် ဆူးတောမတိုးမှပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) ဘယ်လိုလုပ်ရမှာပါလိမ့် (ဆူးတောမတိုးမှပါ ဘုရား)။

နို့ ဒါဖြင့် ခရီးထွက်တော့မယ် စိတ်ကူးလို့ရှိရင် ခင်ဗျားတိ့ ကိုယ့်ကိုယ်ကိုယ် ဆုံးမ၊ ငါတော့ ဆူးတောထဲ တိုးတော့မှာပဲ (မှန်ပါ့)။

လူလိမ်မာတွေ သွားမေးကြည့် ဦးသံဒိုင် ဒါ ဘာလုပ်တာတုန်း (ဆူးတောတိုးတာပါ ဘုရား) ပြန်လာလို့ရှိရင် စိတ်မချ-လက်မချ၊ ပါ-မပါ (ပါပါတယ်) ထိုကဲ့သို့ သွားလို့ရှိရင်ဖြင့် ဖောက်ပြန်တာ (ပါပါတယ်) ထိုကဲ့သို့ိ သွားလို့ ရှိရင်ဖြင့် ဖောက်ပြန်တာ တွေ့နေရင် ထိတ်ကနဲ-လန့်ကနဲ လာ-မလာ (လာပါတယ်)။

ဘာဖြစ်တာတုန်း ဒါ (ဆူးတောတိုးလို့ပါ) ဆူးစူးတာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

ကျုပ်တော့ဖြင့် အိမ်တွေ လှည့်မေးနေရတာပဲ၊ မအားဘူး၊ အင်း ဆူးတွေလှည့်ပြီး အစူးခံနေရတာ (မှန်ပါ့ ဘုရား) မအားဘူး၊ ဘယ်အားနိုင်မတုန်း ကိုယ့်မှာ လူကြီးဆိုတော့ ဒီလိုသွားနေရတယ် (မှန်ပါ့)။

အံမာလေး ရိပ်မိပလား (မှန်ပါ့) လူကြီးမို့လို့ ဟိုအိမ်လဲ မတ်တတ်၊ ဒီအိမ်လဲ မတ်တတ် သွားလိုက်ရသေးတယ်၊ ဂုဏ်များ ယူလိုက်ကြသေးတယ် (မှန်ပါ့)။

ကျုပ်က ဆူးများများအစူးခံနိုင်တယ်

ဘာဂုဏ်ယူတာတုံး၊ ကျုပ်က ဆူးများများအစူးခံနိုင်တယ်၊ ဒါမှ ကျုပ်သေသွားလို့ရှိရင် အပါယ်ပွဲ ဆင်နွှဲရမှာ (မှန်ပါ့) အဓိပ္ပာယ်က ဒီရောက်နေတယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)။

ခင်ဗျားတို့ ဒီတရားမျိုး မနာဘူးလို့ရှိရင် ဆူးစူးမှန်းလဲ မသိပါဘူး၊ (မှန်ပါ့ ဘုရား) သိသေးရဲ့လား (မသိပါ ဘုရား)။

ဟိုနေရာလဲ စပ်စပ်၊ ဒီနေရာလဲ စပ်စပ်-စပ်စပ်နဲ့ ဦးသံဒိုင် မသွားချင်ဘူးလား (သွားချင်ပါတယ် ဘုရား)။

ဘာဖြစ်လို့ သွားချင်တာတုန်းမေးတော့ ဘယ့်နှယ်ဖြေကြမလဲ (ဆူးစူးခံချင်လို့ သွားချင်တာပါ) ဆူးမစူးရတာ ကြာလို့ အိမ်တွင် နေရလို့ရှိရင် ကာယဝိဝေက ဖြစ်နေတယ်၊ ကိုယ်ဆိတ်နေတယ် (မှန်ပါ့) စိတ်ငြိမ်နေတယ် (မှန်ပါ့) မဟုတ်ဘူး၊ တုန်တုန်လှုပ်လှုပ် ဖြစ်ချင်သေးတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

ဒါဖြင့် ဒကာ ဒကာမတို့၏ စရိုက်နဲ့ အကြိုက်ကဖြင့် ဘာမှမသိတော့ အတော်ဆိုးဝါးနေတယ်လို့ပဲ အပြစ်တင်ရ မှာပဲ (မှန်ပါ့ ဘုရား) မတင်ရပေဘူးလား (တင်ရပါတယ်)။ သာမညဆိုးတာလား- အလွန့်အလွန်ဆိုးတာလား (အလွန့် အလွန် ဆိုးတာပါ ဘုရား)။

ကျုပ်က မကင်းတရားများတယ်၊ ဒါကြောင့် ကျုပ်က နေရာတိုင်းမှာ သွားရတယ်၊ မပြောကြဘူးလား (ပြော ပါတယ် ဘုရား) ဘာဖြစ်လို့တုန်း နေရာတိုင်း ဆူးကို ကျုပ်စူးရမှ ကျေနပ်တယ်ပြောတာနဲ့ အတူတူပဲ မကျဘူးလား (မှန်ပါ့ ဘုရား)။

သူက မကင်းတရား ရှိတယ်ဆိုတော့ မကင်းတာက သမုဒယသစ္စာဗျ၊ (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

အဲဒီ သမုဒယ နာတွေက ရှိနေလို့ ဆူးမစူးရလို့ရှိရင် ဒီအနာ ငန်းမန်းမထဘူး (မှန်ပါ့) ငန်းမန်းထရမှ အလိုလေး အမာလေး အော်နေရမှ သူက ကျေနပ်တဲ့သဘော (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။

သတ္တဝါအကြိုက်နဲ့ တရား၏သဘောအလိုက်

အံမာလေး ကြောက်စရာကြီးပါကလား ခင်ဗျားတို့ ဒီတရားတွေ ဟောရတာ ဦးသံဒိုင် မလွယ်ဘူးနော် (မလွယ် ပါ ဘုရား) ဘာဖြစ်လို့ မလွယ်သတုံးဆိုတော့ သတ္တဝါအကြိုက်နဲ့ တရား၏သဘောအလိုက်နဲ့ဟာ အတော်ခြားနားနေ တယ် (မှန်ပါ့) မခြားနားဘူးလား (ခြားနားပါတယ် ဘုရား)။

သတ္တဝါအကြိုက်က ဆူးစူးရမှ (မှန်ပါ့) တရားအလိုက်က အန္တရာယ်ကင်းရမှ (မှန်ပါ့) အန္တရာယ်ကင်းက နိဗ္ဗာန်ရောက်မှာကိုးဗျ (မှန်ပါ့)။

အဲဒီတော့ သတ္တဝါအကြိုက်နဲ့ တရားအလိုက်နဲ့ ဘယ့်နှယ်နေကြသတုံး (ခြားနားပါတယ် ဘုရား) ကွာခြား တယ်ဆိုတာ မပေါ်လာသေးဘူးလား (ပေါ်လာပါပြီ)။

ကဲ ဒီနေ့ညမှာ ခင်ဗျားတို့ ဟိုသွားချင်တဲ့စိတ်က ပေါ်လဲ အင်း မင်းဟာ ငြိမ်ငြိမ်မနေဘူး၊ ဆူးစူးချင်လို့ (မှန်ပါ့) မင်းက နဂိုက အနာရှိတဲ့အထဲမှာ ဆူးထဲတိုးမလို့လား (မှန်ပါ့) ကိုယ်ဟာကိုယ်မေးပါ (မှန်ပါ့) မမေးရဲဘူး လား (မေးရဲပါတယ် ဘုရား)။

အခုလို မေးမေးပြီးတော့ မသွားပဲနေဦးမှ (မှန်ပါ့) မေးပြီးသွားပြန်လဲ စူးမှာပဲ (မှန်ပါ့စူးမှာပါပဲ) ရှိပ်မိပလား (မှန်ပါ့) မေးပြီးသွားပြန်လဲ (စူးမှာပါပဲ ဘုရား) စူးမှာပဲဆိုတော့ တော်တော်ကြာကျတော့ ခင်ဗျားတို့တဏှာက တရား ဟောလိုက်ပြန်တော့ ဘုရားဟောတာလဲ ဟုတ်ပါတယ်၊ ဘုန်းကြီးဟောတာလဲ ဟုတ်ပါတယ်၊ မင်းက လူထဲနေတော့ လူလိုနေဦးမှတော်မယ်၊ အင်း တဏှာက ဝင်ဟောလိမ့်မယ် (ဟောပါတယ် ဘုရား) မဟောပေဘူးလား (ဟောပါတယ် ဘုရား)။

ဟောလို့ရှိရင် ဘုန်းကြီးက ကျောင်းကနေ ဟောနေတာ၊ တဏှာက ဝမ်းထဲကနေဟောနေတာ (မှန်ပ့ါ ဘုရား) ဘယ်သူက စွမ်းသာမယ်ဆိုတာတော့ ပြောဖို့မလိုဘူး (မှန်ပါ့) မဆိုးဝါးဘူးလား (ဆိုးဝါးပါတယ်)။

ကိုယ့်အကြိုက်ဟာ အမှားချည်းပဲ

ကိုင်း-ဒါဖြင့် ဒကာ ဒကာမတွေမှာ-တဲ့၊ ဘုရားဟောတာကို ဘုန်းကြီးကတစ်ဆင့် ပြောသည် ဖြစ်လေသော ကြောင့် ဒါကိုသာ အမှန်ယူ (မှန်ပါ့) ကိုယ့်အကြိုက်ဟာ အမှားချည်းပဲလို့ ဆုံးဖြတ်ချက်ပေး (မှန်လှပါ ဘုရား)။

ဘယ်လိုချကြမယ် (ကိုယ့်အကြိုက်အမှားချည်းပါ ဘုရား)၊ ကိုယ့်အကြိုက်ကဖြင့် ဘယ်လိုဆိုဆို အမှားချည်းပဲလို့ ဆုံးဖြတ်ချက်ချ (မှန်ပါ့) ဘယ်သွားချင်ပြန်တယ်၊ ဘယ်သွားချင်ဘာရှိလို့တုန်းလို့သာ မေးလိုက် (မှန်ပါ့)။

ဟ ဘယ်သူရှိလို့၊ ဘယ်သူ့ဖြင့် စူးစိမ့်မယ်၊ ဘယ်သူ့ဆူးစူးလိမ့်မယ် (မှန်ပါ့) ဘယ်ပြန်ချင်ပြန်ပြီပဲ၊ ဘာလို့ ပြန်ချင်တာတုန်းလို့ မေးရင်၊ ဟိုမှာ ဘယ်သူရှိလို့ပါဘုရား (မှန်ပါ့)။

ဘာဖြစ်လို့ ပြန်တာတုန်း ဟိုရောက်ရင်၊ အလိုလေး- အမာလေး အောချင်လို့ (မှန်ပါ့ ဘုရား) ဒီ့ပြင်ကိစ္စ ရှိသေးရဲ့လား (မရှိပါ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ)။

ဒါဖြင့် ခင်ဗျားတို့ မသွားကောင်းတဲ့လမ်းတွေ သိပလား (သိပါပြီ ဘုရား)။

ဘုန်းကြီးက ခင်ဗျားတို့အရှင်နဲ့ သုသာန်သွားတာ ကြိုက်သေးတယ်၊ အိမ်ပြန်တာမကြိုက်ဘူး (မှန်လှပါ ဘုရား)။

သုသာန်သွားတော့ သံဝဂပါလာတယ် (မှန်ပါ့) မပါဘူလား (ပါပါတယ် ဘုရား) အိမ်ပြန်တေ့ သံဝေဂပါသေး ရဲ့လား (မပါပါ ဘုရား) မပါဘူး၊ သို့သော်လဲ ခင်ဗျားတို့က မသွားချင်ဘူး ဟိုမှာဆူးမဟူးဘူး၊ သုသာန်သွားရင် ဆူးမစူးဘူး၊ (မှန်ပါ့) သဘောကျပလား (သဘောကျပါပြီ) ဆူးစူးတာကိုး (မှန်ပါ့)။

အယားဖျောက်နေရတယ်

ဘယ့်နှယ် ကုတ်ကင်းသမားပဲ ဟင်၊ (မှန်ပါ့) ကုတ်ကင်းအသားထဲထိုးပြီး သကာလ ငြိမ်ငြိမ်နေရသလား၊ အယားဖျောက်နေရသလား (အယားဖျောက်နေရပါတယ် ဘုရား)၊ ဒီလိုနေရမှ (မှန်ပါ့)။

အဲဒီတော့ ခင်ဗျားတို့ဟာ ခွေးဝဲစားသဘောတော့ ရောက်နေပြီ (ရောက်နေပါပြီ) ခွေးဝဲစားဟာ ထမင်းခေါ် ကျွေးတော့လဲ လမ်းမှာ အယားဖျောက်ရသေးတယ် (မှန်ပါ့) ဘာဖြစ်လို့တုန်း (အနာပေါက်လို့) ရိပ်မိပလား (ရိပ်မိပါပြီ) ခွေးဝဲစားစိတ်က ပျောက်ကိုမပျောက်ဘူး (မပျောက်ပါ ဘုရား) သဘောပါပလား (ပါပါပြီ)။

ကဲဒါဖြင့် ဒါဘာနဲ့ နိဂုံးချုပ်ပြီး ခင်ဗျားတို့ ထွက်ရပ်လမ်း ရှာမတုံးဆိုတော့ ကာယဝိဝေက, စိတ္တိဝိဝေကနဲ့ ယူပါ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) ဘာနဲ့ယူရမလဲ (ကာယဝိဝေက, စိတ္တဝိဝေကနဲ့ ယူရမှာပါ ဘုရား)။

အဲ ကာယဝိဝေကဖြစ်တဲ့ ဆိတ်ငြိမ်တဲ့ နေရာဆိုတာက သမာဓိထူထောင်ပါပြောတာ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။

အဲ ကာယဝိဝေကဖြစ်တဲ့ ဆိတ်ငြိမ်တဲ့ နေရာဆိုတာက သမာဓိထူထောင်ပါပြောတာ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။

အဲ ဒီ ကာယဝိဝေက စိတ္တဝိဝေက ဖြစ်ပြီးတော့ ဘုန်းကြီးပြောတဲ့ အန္တရာယ်ကင်းတဲ့ နေရာကိုအနိစ္စရျိတဲ့ နေရာ ဉာဏ်သာတည့်နေ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ)၊ ဘယ်ဉာဏ်တည့်ရမလဲ (အနိစ္စရှိတဲ့နေရာ ဉာဏ် တည့်ပေးရပါမယ်)။

သူက တည့်ဖို့ရာလဲ မလွယ်ဘူးနော်၊ ကာယဝိဝေကလဲ ရဦးမှ (မှန်ပါ့) စိတ္တဝိဝေကကော (ရဦးမှပါ ဘုရား) ရဦးမှ၊ ဟိုမှာ ဉာဏ်တည့်လို့ရတယ်၊ နို့မဟုတ်လို့ရှိရင် (မရပါ ဘုရား) မရဘူးဆိုတာ သဘောကျပလား (ကျပါပြီ)။

ဪ ဒါဖြင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီး အခုဥစ္စာတွေ ဟောတာက ဆူးတောထဲတိုးမှာစိုးလို့ ဟော ရှာတာကိုးဆိုတာ မှတ်ပါ (မှန်ပါ့)။ ရိပ်မိပလား (ရိပ်မိပါပြီ)။

ဝိပဿနာရှုကွာ

အဲ အင်္ဂုတ္တိုရ်နဲ့ သံယုတ်တွဲဟောတာလို့ မှတ်ရမယ် (မှန်ပါ့) အင်္ဂုတ္တိုရ်နဲ့ (သံယုတ်တွဲဟောတာပါ ဘုရား)။

သံယုတ်ကလာတာကတော့ဖြင့် ဆူးတွေ ဆူးတွေ ဆူးတောထဲမတိုးဖို့ (မှန်ပါ့) မတိုးလို့ရှိရင် ဘယ်လိုနေမတုံး ဆိုတော့ အင်္ဂတ္တိုရ်က ကာယဝိဝေက, စိတ္တဝိဝေက ဖြစ်အောင်နေကွာ၊ ဝိပဿနာရှုကွာ၊ နောက် ဥပဓိဝေက ဖြစ်သွား လို့ရှိရင် အပါယ်ဆူး မတိုးချင်တော့ဘူး၊ ဥပဓိ ဝိဝေကဆိုတာ ခန္ဓာကြီးပါ ပျောက်သွားတာ (မှန်ပါ့ ဘုရား)။

ခင်ဗျားတို့ ကဲ ဒုက္ခချုပ်နေတဲ့ ဒကာ ဒကာမတွေကျတော့ ဟိုအသံကော ကြားသေးရဲ့လား (မကြားပါ ဘုရား) ဟိုအနံ့တွေကော (မနံပါ ဘုရား)။

ဘယ်ဆူးကလာလာ၊ ခင်ဗျားတို့မှာ အနာဂတ်မရှိလို့ (မှန်ပါ့) အနာဂတ်မရှိလို့ ‘တဏှာပစ္စယာ ဥပါဒါနံ့၊ ဥပါဒါနပစ္စယာ ကမ္မဘဝေါ’ဆိုတဲ့ ပဋိစ္စသမုပ္ပါဒ်ကြီးဟာ လာသေးရဲ့လား (မလာပါ ဘုရား)။

ဒါဖြင့် ကာယဝိဝေက ဖြစ်ပြီးမှ စိတ္တဝိဝေက ဖြစ်မယ် (မှန်ပါ့) စိတ္တဝိဝေကဖြစ်ပြီးသကာလ အလုပ်လုပ်မှ ဥပဓိဝိဝေက ဖြစ်မယ် (မှန်ပါ့ ဘုရား) ဥပဓိဆိုတာ ခန္ဓာငါးပါး၊ ဝိဝေကဆိုတာ ဆိတ်သုဉ်းတာ၊ ခန္ဓာဆိတ်သုဉ်းမှ ခင်ဗျားတို့ သွားချင်တဲ့နေရာ သွားပါပြောတာ (မှန်ပါ့)။

ဘာပြုလို့တုံး ခန္ဓာမရှိတော့ အနာကြွစရာ နာနေစရာရှိသေးရဲ့လား (မရှိပါ ဘုရား) သဘောပါပလား (ပါပါပြီ) အဲဒီတော့ ခင်ဗျားတို့က အခုတော့ ဘယ်လိုဖြစ်နေသတုံးမေးတဲ့အခါကျတော့ ခင်ဗျားတို့မှာ တဲ့၊ ခန္ဓာကြီးက ဇရပ် ကြီးနဲ့တူတယ်လို့ ဆရာဘုန်းကြီးဟောထားတယ် (မှန်ပါ့)။

ခန္ဓာကြီးက ဇရပ်ကြီးနဲ့တူတယ်၊ ဒီခန္ဓာကိုယ် ဇရပ်ကြီးဆိုတော့ ရူပါရုံကြောင့် ဖြစ်တဲ့အနာပေါက်လာတယ်၊ သဒ္ဒါရုံကြောင့် ဖြစ်တဲ့အနာလဲ (ပေါက်လာပါတယ်) ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံ၊ ဓမ္မာရုံကြောင့် ဖြစ်တဲ့အနာကော (ပေါက်ပါတယ်)။

ဥပဓိဝိဝေက

အဲဒါ ဥပဓိဝိဝေက မဖြစ်သေးလို့ ပေါက်တာ (မှန်ပါ့ ဘုရား) သေသေချာချာမှတ်ပါ ဥပဓိဝိဝေကဆိုတဲ့ ခန္ဓာငါးပါး မချုပ်သေးလို့ပေါက်တာ (မှန်ပ့ါ)။

သူသာလျှင် ခင်ဗျားတို့က ကဲ ဒုက္ခခန္ဓာကြီးချုပ်အောင်တော့ ရှုပါတော့မယ်၊ ကဲ ဒုက္ခခန္ခာကြီးချုပ်ရင် ငါးမိနစ် ချုပ်ရင် ငါးမိနစ် အနာမပေါက်ဘူး (မှန်လှပါ) သဘောကျပလား (ကျပါပြီး) ဆယ်မိနစ်ချုပ်ရင် (ဆယ်မိနစ် အနာမပေါက်ပါ ဘုရား)။

အဲ နာရီဝက်ချုပ်တယ်ဆိုရင် (နာရီဝက်အနာမပေါက်ပါ ဘုရား) ဘယ်ဆူးကမှ ခင်ဗျားတို့ကို စူးလို့မရဘူး (မှန်ပါ့)။ ဘာဖြစ်လို့တုန်းဆိုတော့ ဥပဓိဝိဝေက ဖြစ်နေလို့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) ဥပဓိဆိုတာ ခန္ဓာငါးပါး၊ ခန္ဓာငါးပါးချုပ်နေတယ် (မှန်ပါ့)။

ခန္ဓာငါးပါး ချုပ်နေတဲ့အခါကျတော့ကို တဲ့ အင်း-ဟိုက ဆူးတွေက ဘယ်သွားစူးမတုံး မေးတဲ့အခါကျတော့ အထည်မရှိလို့ စူးစရာမရှိဘူး (မှန်ပါ့ ဘုရား)။

အထည်မရှိလို့ (စူးစရာမရှိပါ ဘုရား) အဲဒါတွေ သဘောကျထားတော့မှ နိဗ္ဗာန်သဘောကျမှာပါ (မှန်လှပါ) ဪ နိဗ္ဗာန်ဆိုတာ အဗျာဓိ-အနာမရှိသော ဆိုတာ ဟုတ်သားပဲ၊ အနာပေါက်စရာ နေရာမှမရှိတော့ဘဲ (မှန်ပါ့) သဘောပါပလား (ပါပါပြီ ဘုရား)။

ဥပဓိမရှိတော့ဘူးဆိုရင် အနာပေါက်စရာ (မရှိတော့ပါ ဘုရား) မရှိတော့ဘူးဆိုတော့မှ ဪ ခင်ဗျား တို့ ခန္ဓာကိုယ်ကြီးဟာ ရောဂတောဆိုတာ ဒီကျတော့မှ ပေါ်လာတယ် (မှန်ပါ့) ရောဂတော အနာမျိုးစုံနဲ့ နေသောအား ဖြင့်လည်းကောင်း (မှန်ပါ့)။

တော်တော်ကြာ ရူပါရုံက ထိခိုက်တဲ့အနာ၊ သဒ္ဒါရုံက ထိခိုက်တဲ့အနာ (မှန်ပါ့) ဂန္ဓာရုံက ထိခိုက်တဲ့အနာ ဓမ္မာရုံက ထိခိုက်တဲ့အနာ အနာတွေကဖြင့် ပိုနေတာပဲ (မှန်ပါ့ ဘုရား)။

ဟို ဒီ့ပြင်ကြည့်ပါလား၊ ဥပမာမယ် ရုရှားက လက်နက်ကြီးတွေ အမျိုးမျိုးအဖုံဖုံနဲ့ အမေရိကန်တို့ကိုလဲ ကာကွယ်မယ်ဆိုရင် အို ဒီစ်ကြီးများ ဖြစ်လာရင် မခက်ဘူးလား (မှန်ပါ့) ဓမ္မာရုံကနေပြီးသကာလ မခက်ဘူးလား ကနေစ-နေပြီ (မှန်ပါ့)။

ဘာဖြစ်နေတာတုံးဆိုတော့ ဒကာ ဒကာမတို့ ဓမ္မာရုံကနေပြီ ဓမ္မာရုံစူးလိုက်တာ၊ ဒီမခက်ဘူးလားဆိုတဲ့ ဥစ္စာ အဝေးကြီး (မှန်ပါ့) ဟိုမှာ အဝေးကြီးကျန်သေးတယ် (မှန်ပါ့) ဒီမှာစူးနေပြီ၊ မစူးဘူးလား (စူးပါတယ် ဘုရား)။

အဲဒီတော့ ခင်ဗျားတို့ဟာ အတိတ်တွေ့ စူးတာကတစ်မျိုး ပစ္စုပ္ပန်က ဝိုင်းစူးတာကတော (တစ်မျိုးပါ ဘုရား) အနာဂတ်လှမ်းပြီးသကာလ ဒီလိုများလာခက်သေးတယ်ဆိုပြီး သကာလ စူးနေတာတွေကော (တစ်မျိုးပါ ဘုရား)။

ခန္ဓာငြိမ်းတာ နိဗ္ဗာန်

အဲဒါကြောင့် ဒီခန္ဓာကြီးဟာ အနာတို့၏ တည်နေရာဌာန သူတည်တရာ ဆေးရုံကြီးဆိုတဲ့ အဓိပ္ပာယ်ဖြင့် ရှင်းသွားပါပြီ (ရှင်းပါပြီ)။

ဒါဖြင့် ဒီဥပဓိခန္ဓာကြီးမရှိအောင် လုပ်နိုင်တဲ့ပုဂ္ဂိုလ်ဖြင့် အနာမှကင်းပါ့မလား ရောဂါမှကင်းပါ့မလား ဆိုတဲ့ဥစ္စာ ပြောဖို့မလိုတော့ဘူး (မလိုပါ ဘုရား)။

ဒါဖြင့် နိဗ္ဗာန်ဆိုတာ ဒီခန္ဓာငြိမ်းတာ နိဗ္ဗာန် (မှန်ပ့ါ) ခန္ဓာငြိမ်းတာ (နိဗ္ဗာန်ပါ ဘုရား) သဘောကျပလား (ကျပါပြီ) နိဗ္ဗာန်ကို နောက်ဆုံးပိတ်မှာ ဒါအခု အဘိဓမ္မာသတ်တာပါပဲ (မှန်ပါ့) နိဗ္ဗာန်သဘောကျဖို့ ပြောနေတာ (မှန်ပါ့) အနာပေါက်မှန်းသိမှ အနာကင်းချင်တယ် (မှန်ပါ့) အနာပေါက်မှန်းမသိရင် (အနာမကင်းချင်ပါ ဘုရား) အနာမကင်းချင်ဘူးဆိုတာ သေချာပလား (သေချာပါပြီ)။

ဒါဖြင့် ခဗျားတို့ ခန္ဓာကိုယ်ကြီးကို အနာပေါက်တာလဲ သိပါပြီ၊ သိတဲ့အခါကျတော့ ဒီအနာကြီးနဲ့မနေချင်ပါဘူး ဆိုတဲ့ မဂ်ဉာဏ် ပေါ်အောင်လုပ်ရမယ် (မှန်ပါ့)။

ညှာတာမဖက် အမြဲနှိပ်စက်တယ်

ဒီအနာကြီးနဲ့ မနေချင်ပါဘူးဆိုတဲ့ မဂ်ဉာဏ်ပေါ်မှသာလျှင် မောင်သစ် အနာခန္ဓာကြီးသည် ဪ ပီဠနတ္ထဆိုတဲ့အတိုင်း ပီဠနတ္ထော- သတ္တဝါကို ညှာတာမဖက် အမြဲနှိပ်စက်တယ် (မှန်ပ့ါ)။

၉၆-ပါး အနာတွေ ခုနင်ကပြောတဲ့ အာရုံတွေက တိုက်ခိုက်တဲ့အနာတွေ ဒါတွေက မနှိပ်စက်ဘူးလား နှိပ်စက် ပါတယ် ဘုရား)။

အဲဒါ ကံမကောင်းအကြောင်းမသင့်လို့ နှိပ်စက်တာလားတဲ့ ဥပဓိရှိလို့ နှိပ်စက်တာလား (ဥပဓိမရှိလို့ နှိပ်စက် ခံရတာပါ ဘုရား)။

အင်း ခန္ဓာရှိလို့ အနှိပ်စက်ခံရတာ ကံတွေ ဘာတွေမထည့်ပါနဲ့ (မှန်ပါ့) ကံတွေဘာတွေ မထည့်ပါနဲ့၊ ကံတွေက ဥပစ္ဆေဒက ဥပဃာတက ဥပပီဠကဆိုတာ ခင်ဗျားတို့မှာ အတော်နည်းပါတယ်၊ ခန္ဓာရှိလို့ ဘေးဆူးတွေက ဝိုင်းစူးလို့ အနာရတာကသာ များပါတယ်၊ ဟိုကံတွေက တစ်ခါတလေမှ လာတာပါ (မှန်ပါ့ ဘုရား) သဘောပါပလား (ပါပါပြီ)။

ဒါမှ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဘာမမရှိမှသင့်မယ်ဆိုတာ ယနေ့ဆုံးဖြတ်ချက် ချစမ်း (ခန္ဓာမရှိမှ သင့်ပါမယ် ဘုရား) ခန္ဓာမရှိရင်ဖြင့် ဘယ်က ဆူးစူးစရာကော (မရှိပါ ဘုရား) ဆူးတွေ ဘယ်လိုဝိုင်းတဲ့အထဲမှာ နေငြား သော်လဲ စူးစရာအထည်က (မရှိပါ ဘုရား) မရှိလို့ရှိရင် အဲဒါ ဥပဓိဝိသေက မရောက်ရောက်အောင် လုပ်ရမယ် (မှန်ပါ့ ဘုရား) ခန္ဓာမရှိတဲ့နည်းကို မရောက်ရောက်အောင် (လုပ်ရမှာပါ)။

ဒါမှ အန္တရာယ် ကင်းတော့မယ် (မှန်ပါ့) တခြားနည်းအန္တရာယ်ကင်းတဲ့နည်း ဦးသံဒိုင်-ရှိကိုမရှိဘူး (မရှိပါ ဘုရား) သဘောပါပလား (ပါပါပြီ)။

ကာယဝိဝေက ဖြစ်အောင်နေပါ

ဒါဖြင့် ခင်ဗျားတို့ ရှေးဦးစွာ စ,ကျင့်ရမယ် (မှန်ပါ့) ဆူးထဲ မတိုးရဘူးဆိုတာ ကာယဝိဝေက ဖြစ်အောင်နေပါ (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ဆူးထဲမတိုးပါနဲ့ဆိုတာ ဘာပါလိမ့် (ကာယဝိဝေကဖြစ်အောင်နေပါ)။

အေး ကာယဝိဝေကဖြစ်အောင် ရှေးဦးစွာ နေလိုက်ပါ၊ တရားအားထုတ်မည့် ပုဂ္ဂိုလ်မှာ (မှန်ပါ့) ပြီးတော့မှ သမာဓိ အလုပ်လုပ်လိုက်ပါ (မှန်ပါ့) အာနာပါနသမာဓိ လုပ်လိုက်ပါ (မှန်ပါ့)။

အဲဒါ ဘာလုပ်တာတုံးဆိုတော့၊ စိတ္တဝိဝေက လုပ်လိုက်တာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) ပြီးတော့မှ ဝိပဿနာရှုတာက ဥပဓိဝိဝေကကို ယူလိုက်တာ (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ)။

ကဲ ဒါဖြင့် တစ်ယောက်တည်းနေ တစ်ထပ်တည်း စားပြီးသကာလ တစ်နေရာတည်း အိပ်တာဟာ ဘာပါလိမ့် (ကာယဝိဝေကပါ ဘုရား) ကာယဝိဝေက (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

တစ်ထပ်တည်းစား၊ တစ်ယောက်တည်းနေ၊ တစ်နေရာတည်း အိပ်တာ ဘာပါလိမ့် (ကာယဝိဝေကပါ ဘုရား) အဖော်မရှာဘူး၊ အဲဒါ ဘာပါလိမ့် (ကာယဝိဝေကပါ ဘုရား)။

စိတ္တဝိဝေက

အဲဒီ ကာယဝိဝေကကို ကျင့်သားရမှ၊ ပြီးတော့မှ စိတ္တဝိဝေကဆိုတဲ့ အာနာပါန သမာဓိကို တစ်ခုခုသော အာရုံကို တည်အောင်လုပ်ပါ (မှန်လှပါ ဘုရား)။

အဲ့ဒီ တစ်ခုခုသော အာရုံ၌ တည်ပြီဆိုရင် ဒါ ဘာဖြစ်ပြီတုံး (စိတ္တဝိဝေက ဖြစ်တာပါ ဘုရား)။

ဥပဓိဝိဝေက စ,ကြစို့

ကဲ ဒါဖြင့် ကာယဝိဝေကနဲ့ စိတ္တဝိဝေက အောင်မြင်ပြီးလို့ရှိရင်ဖြင့် ဥပဓိဝိဝေက စ,ကြစို့ ဆိုလို့ရှိရင်ဖြင့် ခန္ဓာကိုယ်ခုနင်က အနာတွေကို ရောဂတောဆိုတဲ့ အနာတွေကို၊ ဒုက္ခသစ္စာတွေကို ခင်ဗျားတို့က အနာဒုက္ခသစ္စာကြီးကို မမြင်-မြင်အောင် ကြည့်ရမယ် (မှန်ပါ့ ဘုရား)။

ဖျတ်ဖျတ်-ဖျတ်ဖျတ်နဲ့ တစ်ခါတည်း အနာတွေ ပေါက်လိုက်တဲ့ဖြစ်ခြင်း၊ ဟင်- (မှန်ပါ့) ဒီအနာတွေပေါက်ပြီး သကာလ ခန္ဓာတွေ ခဏခဏ လဲနေတာတွေ ခင်ဗျားတို့ မြင်ရပါလိမ့်မယ် (မှန်ပါ့ ဘုရား)။

မြင်ရလို့ရှိရင်ဖြင့် ဒီခန္ဓဥပဓိရှိလို့ အနာရှိတာပဲ (မှန်ပါ့) ဒီခန္ဓာဒုက္ခသစ္စာကြီး သူတစ်ပါးနှိပ်စက်တိုင်း ခံနေ ရတယ် (မှန်ပါ့ ဘုရား)။

ရူပါရုံက ထိုးချလိုက်လဲ သူကခံပဲ (မှန်ပါ့)။ သဒ္ဒါရုံဆူးက စူးလိုက်လဲ (ခန္ဓာကခံရပါတယ်) ဂန္ဓာရုံဆူးက စူးလိုက်ရင်ကော (ခန္ဓာကခံရပါတယ်)

ခန္ဓာကချည့်ပဲ၊ ဥပဓိကချည့်ပဲ (မှန်ပါ့) ရိပ်မိကြပလား (ရိပ်မိပါပြီ) ဓမ္မာရုံက စူးပြန်ရင်ကော (ခန္ဓာကခံရပါ တယ်) ဓမ္မာရုံကစူးတာလဲ ခန္ဓာကခံပဲ (မှန်ပါ့) ဒါဖြင့် ဒီခန္ဓာကြီးသည် ခင်ဗျားတို့ ဥပဓိ ဝိဝေကဖြစ်အောင် မလုပ်နိုင် လို့ ဒဏ်မိနေတာ (မှန်ပါ့ ဘုရား)။

ဘယ်လိုဆိုကြမယ် (ဥပဓိဝိဝေက ဖြစ်အောင်မလုပ်နိုင်လို့ ဒဏ်ချက်မိနေတာပါ) ဥပဓိဝိဝေက မဖြစ်နိုင်လို့ ဒကာ ဒကာမတို့တဲ့၊ ဒဏ်ချက်တွေအများကြီး ခံနေရတာ (မှန်ပါ့)။

အဲဒါကြောင့် ဥပဓိဝိဝေက ဖြစ်ချင်လို့ရှိရင်ဖြင့် ခန္ဓာဖြစ်ပျက်ကစပြီး ဖြစ်ပျက်မုန်းအောင်လုပ်ရလိမ့်မယ် (မှန်ပါ့)၊ ဖြစ်ပျက်မြင်အောင် လုပ်ရလိမ့်မယ် (မှန်ပါ့)။

ရှေးဦးစွာ ယထာဘူတဉာဏ်နဲ့ ဖြစ်ပျက်မြင်ရမယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

နိဗ္ဗာန်ကြီးနှစ်ထပ် ဖုံးခံနေရတယ်

နောက်ကြတော့ ဒီဥပဓိကြီးရှိနေလို့ ဒုက္ခ-သစ္စာကြီး ရှိနေလို့- ဒို့မှာဖြင့် နိဗ္ဗာန်ကွယ်နေတာပဲ (မှန်ပါ့) ဒါကြောင့် တစ်နေ့ကဟောတယ်၊ ခန္ဓာက နိဗ္ဗာန်ကွယ်နေတယ်ကွ (မှန်ပါ့) တဏှာက ဉာဏ်ပေါ်မှာ ဖုံးနေတယ် (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ)။

ဉာဏ်ကို တစ်ခါ ခန္ဓာက ကွယ်နေပြန်တော့ နိဗ္ဗာန်ကွယ်နေတယ် (မှန်ပါ့) ဒါဖြင့် ကိလေသာက ဉာဏ်ပေါ်မှာ ဖုံး (မှန်ပါ့) ကိလေသာ ဖယ်ထုတ်ပြန်တော့ ခန္ဓာက ဖုံးသွားတယ်၊ ဒါကြောင့် နိဗ္ဗာန်ကြီးနှစ်ထပ် ဖုံးခံနေရတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

နိဗ္ဗာန် ဘယ်နှထပ် အဖုံးခံနေရသလဲ (နှစ်ထပ်အဖုံးခံရပါတယ်) ဉာဏ်ပေါ်မှာ ဘယ်သူက ဖုံးသလဲ (ကိလေသာ က ဖုံးပါတယ်)။

ကိလေသာတွေ တော်တော်ကလေးပါးအောင် လုပ်နိုင်ပြန်တော့ ခန္ဓာကြီး ဒုက္ခသစ္စာကြီးက ကွယ်နေတယ် (မှန်ပါ့ ဘုရား) ဒုက္ခသစ္စာကြီးက မချုပ်တော့ နိရောဓသစ္စာက ပေါ်နိုင်ရဲ့လား (မပေါ်နိုင်ပါ ဘုရား)။

အဲဒါတွေကိုလဲ ဉာဏ်နဲ့ သေသေချာချာ စဉ်းစားတော့မှ ဪ ဥပဓိဝိဝေကဖြစ်ချင်လို့ရှိရင် ရှေးဦးစွာ အနာမပေါက်ဖို့အရေးကြီးတယ် (မှန်ပ့ါ ဘုရား) သဘောကျပလား (ကျပါပြီ)။

အနာမပေါက်ဖို့ အရေးကြီးတယ်

အဥပဓိဝိဝေကဖြစ်ချင်ရင် (အနာမပေါက်ဖို့ အရေးကြီးပါတယ်) ကိလေသာနာမပေါက်ဖို့ (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ) ကိလေသာနာ မပေါက်မှသာလျှင် ဒကာ-ဒကာမတို့ ဒီခန္ဓာကြီးဟာ ကိလေသာနာ မပေါက်လို့ရှိရင်ဖြင့် တဲ့ အနာတွေဟာ မရှိပါဘူး (မှန်ပါ့)။

အနာတွေ မရှိလို့ရှိရင်ဖြင့် သူသည်ကားလို့ဆိုရင် ဒုက္ခသစ္စာအဖြစ်မှ လွတ်မသွားဘူးလား (လွတ်သွားပါတယ်) ဒုက္ခသစ္စာမို့ မလိုချင်တော့ဘူး၊ ဒုက္ခသစ္စာ မဟုတ်တော့ဘူး ဆိုလို့ရှိရင် နိရောဓပေါ်လာမယ် (မှန်ပါ့)။

ဒုက္ခသစ္စာ မဟုတ်မှန်းသိရင်တော့ (နိရောဓ ပေါ်လာမယ်) အင်း ဒုက္ခသစ္စာမှန်း သေသေချာချာ ခင်ဗျားတို့ သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ပိုင်ပိုင်နိုင်နိုင် အနာပေါက်ရာဋ္ဌာန သူပဲလို့ သိလို့ရှိရင်ဖြင့် သူ့ကို မလိုချင်ပါဘူး (မှန်ပါ့ ဘုရား)။ လိုချင်သေးရဲ့လား မလိုချင်ပါဘုရား။

ထိုကဲ့သို့ မလိုချင်လို့ရှိရင်ဖြင့် မလိုချင်တဲ့ဉာဏ်လဲ လာပါရောတဲ့ ဉာဏ်သည် ဒီခန္ဓာဘက် မလှည့်ဘဲနဲ့ ဥပဓိ ကင်းတဲ့ နိဗ္ဗာန်ဘက် လှည့်သွားတယ် (မှန်ပါ့)။

ပဋ္ဌမ ဥပဓိဘက် လှည့်နေတာ (မှန်ပါ့) နောက်ကျတော့ ဥပဓိက ဒုက္ခသစ္စာပဲလို့ သိတဲ့အခါကျတော့ ဘယ် လှည့်သွားသလဲ (ဥပဓိချုပ်တဲ့ဘက် လှည့်ပါတယ်) ဥပဓိချုပ်တဲ့ဘက် (မှန်ပါ့)။

ဥပဓိချုပ်တဲ့ဘက် လှည့်သွားတယ်

ခန္ဓုပဓိဆိုတဲ့ ဥပဓိချုပ်တဲ့ဘက် လှည့်သွားတယ် (မှန်ပါ့) မလှည့်ဘူးလား (လှည့်ပါတယ်) အဲဒီတော့ကို ခန္ဓာကွယ်နေတာကြီး လွင့်သွားတယ်၊ ခန္ဓာကွယ်နေတာကြီး လွင့်သွားတော့ကို ခုနင်က ခန္ဓာနေလို့ မမြင်တဲ့ ဒီဥပဓိ ဝိဝေကဆိုတဲ့ နိဗ္ဗာန်ကြီး ပေါ်လာတယ် (မှန်ပါ့) ဥပဓိ ဆိတ်သွားလို့ နိဗ္ဗာန်ပေါ်တာ (မှန်ပါ့)။

ခန္ဓုပဓိ ဆိတ်သွားလို့ ဘာပေါ်တာတုံး (နိဗ္ဗာန်ပေါ်တာပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ) ဒါဖြင့် ဒကာ ဒကာမတို့ ဒီခန္ဓာကြီး ကွယ်နေတာကိုလဲ ဖယ်နိုင်မှရမှာပါ (မှန်ပါ့) ခန္ဓာကြီးကွယ်နေတာ (ဖယ်နိုင်မှရမှာပါ ဘုရား) မဖယ်နိုင်လို့ရှိရင် (မရပါ ဘုရား) မရဘူးဆိုတာ သေချာပလား (သေချာပါပြီ)။

ဥပဓိမရှိရာ နိဗ္ဗာန်ပေါ်လာတယ်

ဒါဖြင့် ဒီနေ့ည စ,ပါတဲ့၊ ရှေးဦစွာ တစ်ယောက်တည်းနေကြည့် ကာယဝိဝေကနဲ့ (မှန်ပါ့) နောက်ကျတော့ သမာဓိကလေးဖမ်းပြီး စိတ္တဝိဝေကနဲ့လုပ်ပါ (မှန်ပါ့)။

နောက် ဥပဓိဝိဝေက တက်ချင်တော့ ခယ-ဝယ မြင်အောင်လုပ်ပါ (မှန်ပါ့) မြင်လို့ရှိရင် ခယ-ဝယအဆုံးမှာ ဥပဓိပျောက်ထွက်သွားတယ် (မှန်ပါ့)။

ပျောက်သွားလို့ရှိရင်ဖြင့် နိရုပဓိဆိုတဲ့ ဥပဓိမရှိရာ နိဗ္ဗာန်ပေါ်လာတယ် (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ)။

ကဲ ဒီနေ့ တော်ကြဦးစို့။

သာဓု သာဓု သာဓု။