10708

မာတိကာသို့

အရှင်သာရိပုတ္တရာနှင့် မြတ်စွာဘုရားအမေးအဖြေ

ကျေးဇူးတော်ရှင် – အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့ မင်္ဂလာရိပ်သာဓမ္မာရုံ၌

ဟောကြားတော်မူသော

အရှင်သာရိပုတ္တရာနှင့် မြတ်စွာဘုရားအမေးအဖြေ

ပဋိစ္စသမုပ္ပါဒ် တရားတော် (၁၈)

(၉-၁၂-၆၁)

မိမိခန္ဓာအကြောင်း မိမိကောင်းကောင်းသိဖို့

ဒကာ ဒကာမတို့ မိမိခန္ဓာအကြောင်း မိမိကောင်းကောင်းသိဖို့ဟာ အရေးအကြီးဆုံးပဲဆိုတာ မှတ်ကြပါနော် (မှန်လှပါ)၊ မိမိခန္ဓာအကြောင်း မိမိကောင်းကောင်းသိဖို့ရာ အရေးကြီးပါတယ် (မှန်လှပါ ဘုရား)၊ မိမိခန္ဓာအကြောင်း မိမိကောင်းကောင်းသိဖို့ဆိုတဲ့ဥစ္စာ ခန္ဓာပဋိစ္စသမုပ္ပါဒ်ဟာ ဦးလှဘူး သိပ်ပြီးအရေးကြီးတယ် (ကြီးပါတယ် ဘုရား)။

ဒီခန္ဓာပဋိစ္စသမုပ္ပါဒ်မှ မသိပါဘူးဆိုလို့ရှိရင်ဖြင့် ဒီအထဲမှာ ငါတွေ ဝင်ရှုပ်နေမှာပဲ (မှန်လှပါ ဘုရား)။

ခန္ဓပဋိစ္စသမုပ္ပါဒ် မသိရင် (ငါတွေ ဝင်ရှုပ်နေမှာပါ ဘုရား)၊ ငါဝင်ရှုပ်နေလိမ့်မယ်ဆိုတာ ဒကာ ဒကာမတွေ က မှတ်ထားပါနော် (မှန်လှပါ ဘုရား)။

အဲဒီတော့ အတိတ်ဘဝက ကြည့်လိုက်လို့ရှိရင်လည်း ပဋိစ္စသမုပ္ပါဒ်ကြီးမှာ ဒကာ ဒကာမတွေ မြင်တဲ့အတိုင်း ငါမပါ-ပါဘူး (မှန်လှပါ ဘုရား)၊ အဝိဇ္ဇာသင်္ခါရပဲ ပါတယ် (မှန်ပါ့)၊ ဒါ အတိတ်ဘဝနော် (မှန်ပါ့)၊

(စက်ဝိုင်းထောက် ပြသည်။)

အတိတ်ဘဝက အဝိဇ္ဇာသင်္ခါရ

အတိတ်ဘဝတုန်းက ရုပ်နာမ်ဆိုတဲ့ ငါရုပ်နာမ်ပဲရှိတယ်ဆိုတော့ ရုပ်ကိုတော့ ဒီအထဲမထည့်လို့ နာမ်က ချယ် လှယ်တာဖြစ်နေတော့ အတိတ်ဘဝက အဝိဇ္ဇာသင်္ခါရ ပြုလုပ်ခဲ့တာပဲ (မှန်လှပါ ဘုရား)။

တစ်ဘဝလုံး အဝိဇ္ဇာသင်္ခါရတွေနဲ့ နေခဲ့တယ်ဆိုလို့ရှိရင် မမှားဘူးပေါ့ (မမှားပါ ဘုရား)၊ အဲဒါ ဒီကနေပြီး အဝိဇ္ဇာသင်္ခါရက လာခဲ့တော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ သူသည် အကြောင်းသမုဒယသစ္စာဆိုတာ ကျုပ်တို့ က လုပ်ပြီးသားဖြစ်နေတယ် (မှန်လှပါ ဘုရား)၊ ဘာသစ္စာလုပ်ပြီးသားဖြစ်နေသလဲ (အကြောင်းသမုဒယသစ္စာ လုပ် ပြီးသားဖြစ်နေပါတယ် ဘုရား)။

အကြောင်းသမုဒယသစ္စာ လုပ်ပြီးသားဖြစ်နေတော့ စုတိမနေ သေလွန်တော့ကို တဲ့၊ မင်းတို့ ဟိုဘက်က ရုပ်နာမ်တော့ ဘာမှမပါဘူးကွာ (မှန်လှပါ)၊ ဟိုဘက်က ရုပ်နာမ်တော့ (ဘာမှမပါပါ ဘုရား)၊ သို့သော် အကြောင်း အကျိုးတော့ ဆက်စပ်နေလို့ ဒါကလေးကပြတယ် (မှန်ပါ့ ဘုရား)။

ဒီအကြောင်းနဲ့ ဒီအကျိုး ဆက်စပ်တယ် (မှန်ပါ့)၊ ဟိုဘက်က ရုပ်နာမ်တော့ ဘာမှမပါဘူး (မပါပါဘုရား)၊ ပါသေးရဲ့လား (မပါပါ ဘုရား)၊ အကြောင်းအကျိုးတော့ (ဆက်စပ်ပါတယ် ဘုရား)။

အဲဒါသိရတော့မှ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ဪ နောက်ဘဝက ရုပ်နာမ်ဆိုတာ တတိုတစမှ ဒီဘဝမှာ မပါပါကလား (မှန်ပါ့)၊ အကြောင်းအကျိုးကျတော့ (ဆက်စပ်ပါတယ် ဘုရား)။

အကြောင်းအကျိုး ဆက်စပ်တာတော့ ဒကာ ဒကာမတို့ မြင်တဲ့အတိုင်း ဒီမြားကလေးက ဝိညာဏ်နဲ့ ဆက်ပါ တယ်လို့ ပြောတယ် (မှန်ပါ့ ဘုရား)။

အဝိဇ္ဇာသင်္ခါရနဲ့ ဝိညာဏ်နာမ်ရုပ်တွေနဲ့ ဘယ့်နှယ်တုံး (ဆက်ပါတယ် ဘုရား)၊ ဆက်စပ်နေတယ်ဆိုတာ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက သိထားတယ် (သိထားပါတယ် ဘုရား)။

ဝိစိကိစ္ဆာ လာသေးရဲ့လား

ဪ နောက်ဘဝက ငါ ဘာဖြစ်ခဲ့ပါလိမ့်မလဲဆိုတဲ့ ဝိစိကိစ္ဆာ လာသေးရဲ့လား (မလာပါ ဘုရား)၊ နောက်ဘဝက ဪ ရုပ်နာမ်ထဲ အဝိဇ္ဇာသင်္ခါရ ချယ်လှယ်နေတာပဲဆိုတာ ပေါ်သွားတယ် (မှန်ပါ့)၊ မပေါ်သေး ဘူးလား (ပေါ်ပါတယ် ဘုရား)။

အင်း ဒီဘဝကျတော့ ငါဘာဖြစ်လာပါလိမ့်မတုံးဆိုတဲ့ ဝိစိကိစ္ဆာလည်း ဦးဘအုန်း သိမ်းလိုက်တယ် (မှန်ပါ့)။

ဒီဘဝမှာ ဘာမှမဖြစ်ဘူး၊ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာပေါ်တာပဲရှိတယ် (မှန်လှပါ ဘုရား)၊ ခန္ဓာငါးပါးပေါ်တာပဲ ရှိတယ်၊ တခြားပေါ်တာ ရှိရဲ့လား (မရှိပါ ဘုရား)။

အင်း ရှေးဘဝက ငါဘာဖြစ်ခဲ့ပါလိမ့်မတုံးဆိုတဲ့ ဝိစိကိစ္ဆာလည်း သေပါပြီ (မှန်လှပါ ဘုရား)၊ ဒီဘဝ ငါဘာပါလိမ့်မတုံးဆိုတဲ့ဥစ္စာ ဒီထဲ ငါကိုမပါဘူး (မပါပါ ဘုရား)၊ ဒီဘဝမှာလည်း ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဆိုတဲ့ အကျိုးတရားတွေ ပေါ်လာတာပဲရှိတယ် (မှန်ပါ့ ဘုရား)၊ သဘောကျပလား (ကျပါပြီ)။

ဒါဖြင့် အကြောင်းကြောင့် အကျိုးဖြစ်နေတယ် (မှန်ပါ့ ဘုရား)၊ အကြောင်းကြောင့် (အကျိုးဖြစ်နေပါတယ် ဘုရား)၊ အကြောင်းက အတိတ် (မှန်ပါ့)၊ အကျိုးက (ပစ္စုပ္ပန်ပါ ဘုရား)။

ပစ္စုပ္ပန်ပဲဆိုတာ ထင်ရှားနေတော့ ယခု မိမိတို့သည် တဲ့ အကျိုးထဲမှာ ရောက်နေကြတယ်ဆိုတဲ့ဥစ္စာ ထင်ရှားတယ် (ထင်ရှားပါတယ် ဘုရား)၊ မိမိတို့ ဘယ်ထဲရောက်နေသလဲ (အကျိုးထဲမှာ ရောက်နေပါတယ် ဘုရား)၊ အကျိုးထဲ ရောက်နေတော့ကို အကြောင်းက သမုဒယသစ္စာ၊ အကျိုးက ဘာပါလိမ့် (ဒုက္ခသစ္စာပါ ဘုရား)၊ အကျိုးက ဒုက္ခသစ္စာဖြစ်နေတော့ အို-ဒို့ခန္ဓာကြီးဟာ ဘယ်သူက ဘာပြောပြော လူချမ်းသာလို့ ပြောငြားသော်လည်း အကုန် ဒုက္ခသစ္စာ (မှန်လှပါ ဘုရား)၊ ခန္ဓာထဲပေါ်လေသ၍ဟာ ဘာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

ဖြစ်မှုနဲ့ပျက်မှုပဲ ရှိ တယ်

ခန္ဓာထဲ ပေါ်လေသ၍ဟာ ဒုက္ခသစ္စာဆိုတော့ မသိမှာစိုးတော့ ဉာဏ်နဲ့ကြည့်လိုက်တော့ ဖြစ်မှုနဲ့ပျက်မှုပဲ ရှိ တယ် (မှန်လှပါ)၊ ဝိညာဏ်ကလေးကြည့်လိုက်ပြန်လည်း ဖြစ်မှု ပျက်မှုပဲရှိတယ်၊ နာမ်ရုပ် ကြည့်လိုက်ပြန်ကော (ဖြစ်မှု ပျက်မှုပဲ ရှိပါတယ်)၊ သဠာယတန ကြည့်လိုက်ပြန်ကော (ဖြစ်မှု ပျက်မှုပါ ဘုရား)၊ ဖဿ ဝေဒနာကြည့်လိုက်ပြန်ကော (ဖြစ်မှု ပျက်မှုပါ ဘုရား)၊ ဖြစ်မှုပျက်မှုကို ဘာသစ္စာဆိုမလဲ (ဒုက္ခသစ္စာပါ ဘုရား)။

အဲ ဒုက္ခသစ္စာဆိုတာ ခင်ဗျားတို့က နာမှ, ကျင်မှ, ကိုက်မှ, ခဲမှ ဒီလိုမယူပါနဲ့ (မှန်ပါ့ ဘုရား)၊ ဖြစ်ပျက် ရှိနေတဲ့အတွက် ဒုက္ခသစ္စာလို့ မှတ်လိုက်ပါ (မှန်လှပါ ဘုရား)။

ဒါဖြင့် ပစ္စုပ္ပန်အကျိုးတစ်လွှာ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ ဒီအကြောင်းတစ်လွှာကြောင့် ဒီအကျိုး တစ်လွှာဖြစ်တယ်ပြောတာ (မှန်ပါ့ ဘုရား)၊ အကြောင်းတစ်လွှာကြောင့် (အကျိုးတစ်လွှာဖြစ်တယ် ပြောတာပါ ဘုရား)၊ အကျိုးတစ်လွှာဖြစ်တယ်ဆိုတဲ့ဥစ္စာကို ဒါဟာ ဒကာ ဒကာမတွေ မျက်မြင်အားဖြင့်ပဲ ရှင်းပါပြီ၊ ခန္ဓာစဉ် ဒီအတိုင်းလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။

ကောင်းကောင်း ရှင်းကြပလား (ရှင်းပါပြီ ဘုရား)၊ ဒီအကျိုးတစ်လွှာထဲမှ ယခု ဒို့ စားကြ သောက်ကြ သားနဲ့ မယားနဲ့ ဆွေနဲ့ မျိုးနဲ့ နေကြ ထိုင်ကြတာ ဒို့လုပ်သ၍ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)၊ မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်ရောက်ကြောင်းကိုသာ မလုပ်တော့ပါဘူးဆိုလို့ရှိရင် ဒကာ ဒကာမတို့ စားနေတာလည်း ဒုက္ခသစ္စာ (မှန်ပါ့)၊ ဝတ်နေတာလည်း (ဒုက္ခသစ္စာပါ ဘုရား)၊ ဒုက္ခသစ္စာချည်းပဲဆိုတာ ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)။

မသိလို့ မသိမ်းချင်တာ

ဒီဒုက္ခသစ္စာကြီးကို ဒကာ ဒကာမတွေက ဒုက္ခသစ္စာမှန်း မသိတော့ မသိမ်းချင်ကြဘူး၊ မဆည်းချင်ကြဘူး ဆိုတာ မောင်ဘသော်တို့ ဦးလှဘူးတို့ မသိလို့ မသိမ်းချင်တာ (မှန်လှပါ ဘုရား)။

အဲဒီတော့ သိအောင် ဆရာဘုန်းကြီးက ပြောရတယ် (မှန်ပါ့)၊ သိအောင် ဒီ ဒကာ ဒကာမတွေ မပြောလို့ ရှိရင် သိမ်းချင်တဲ့ဉာဏ်ဟာ လာမယ်မဟုတ်ပါဘူး (မလာပါ ဘုရား)။

သိမ်းချင်တဲ့ဉာဏ် မလာတော့ ဘာဖြစ်နေသတုံးလို့ မေးတော့ မသိမ်းချင်တဲ့ ဒီခန္ဓာကြီး ခင်တဲ့ တဏှာ မလာပေဘူးလား (လာပါတယ် ဘုရား)၊ ဒီခန္ဓာကြီး စွဲလမ်းတဲ့ (ဥပါဒါန် ပါလာပါတယ်ဘုရား)၊ ဒီခန္ဓာကြီးကို နောက် ဘဝ အားထုတ်တဲ့ ကာယကံ ဝစီကံ (လာပါတယ် ဘုရား)၊ ကမ္မဘဝ မလာပေဘူးလား (လာပါတယ် ဘုရား)။

ဒါက မောင်ဘသော်တို့ ဦးဘအုန်းတို့ မေးရမယ်နော် (မှန်ပါ့)၊ ဘယ့်နှယ်ကြောင့် ဒါတွေ ပေါ်တာပါလိမ့်မတုံး လို့ မေးတော့ ခန္ဓာဒုက္ခသစ္စာ မသိလို့ (မှန်လှပါ ဘုရား)။

ဘယ့်နှယ်ကြောင့် ဒီဟာတွေ ပေါ်ပါလိမ့် (ခန္ဓာဒုက္ခသစ္စာ မသိလို့ပါဘုရား)၊ တဏှာ ဥပါဒါန် ကံတွေ ပေါ်လာ တာသည် ဒကာ ဒကာမတို့ ခင်ဗျားတို့ ငါပဲ အားထုတ်လို့ပေါ်တာ (မှန်ပါ့ ဘုရား)။

ဒီအားထုတ်လို့ပေါ်တဲ့နေရာမှာ ဆရာဘုန်းကြီးက ဘုရားဟောတဲ့အတိုင်း ဒါအားမထုတ်နဲ့၊ သတိပေးလိုက် တယ် (မှန်ပါ့)၊ ဒါအားမထုတ်ပါနဲ့၊ သတိပေးလိုက်တယ် (မှန်ပါ့)၊ ဒါ အားမထုတ်ပါနဲ့၊ ဒါအားထုတ်လို့ရှိရင် မင်းတို့ နောက်ဒုက္ခပြန်ရလိမ့်မယ် (မှန်လှပါ ဘုရား)၊ သတိမပေးရဘူးလား (ပေးရပါတယ် ဘုရား)။

ဒီဟာမပေါ်စေနဲ့ (မှန်ပါ့)၊ ဒီခန္ဓာကြီးထဲက ယခု ပစ္စုပ္ပန်ဘဝ ခန္ဓာကြီးက တားတယ် (မှန်လှပါ)၊ ဒီအထဲက ဒါတွေမပေါ်စေနဲ့တဲ့ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒီကျတယ် (မှန်ပါ့)၊ ဒီကျတဲ့အခါကျလို့ရှိရင် ပစ္စုပ္ပန်အကြောင်းခြင်းရာငါးပါးပေါ်မှာ စိုးရိမ်တယ် (မှန်ပါ့)၊ ဒီဟာ ဒီငါးပါးပေါ်လာမှာကိုး (မှန်ပါ့)။

ကောင်းပြီ ဒီငါးပါးပေါ်လာတာက ဘာမသိလို့ ပေါ်လာတာတုံး (သစ္စာမသိလို့ ပေါ်လာတာပါ ဘုရား)၊ ၂ နံပါတ် ဒုက္ခသစ္စာ မသိကြတာနဲ့ပဲ ပေါ်လာတာပါ ဘုရား)၊ ၂ နံပါတ် ဒုက္ခသစ္စာ (မသိတာနဲ့ ပေါ်လာပါတယ် ဘုရား)။

ဪ ဒါကြောင့် ကိုယ်ခန္ဓာ ကိုယ်ခင်တဲ့ တဏှာ၊ ကိုယ့်ခန္ဓာ ဘာမှတ်လို့တုံးဆိုတဲ့ မာနတွေ မလာဘူး လား (လာပါတယ် ဘုရား)၊ ဥပါဒါန်တွေ တဏှာတွေ ဒိဋ္ဌိတွေကော (လာပါတယ် ဘုရား)။

ပြောပေးမည့် သူလည်း မရှိ ကိုယ်တိုင်လည်း မသိ

ဪ ဘယ့်နှယ်ကြောင့် ဒါတွေချည်းပဲ လှိုင်လှိုင်လာနေပါလိမ့်မတုံးလို့ ဦးဘအုန်း မေးရင် ဘယ့်နှယ် ပြောပါ့မလဲ (၂ နံပါတ် ဒုက္ခသစ္စာမသိလို့ ပေါ်လာပါတယ် ဘုရား)၊ ၂ နံပါတ် ဒုက္ခသစ္စာကို ဟောပေး ပြောပေးမည့် သူလည်း မရှိ ကိုယ်တိုင်လည်း မသိ (မှန်လှပါ)၊ ဟောပေးပြောပေးမည့်သူလည်း (မရှိပါ ဘုရား)၊ ကိုယ်တိုင်လည်း (မသိပါ ဘုရား)။

ဟောပေး ပြောပေးမည့်သူရှိလို့ ကိုယ်တိုင်လည်း သိမယ်ဆိုတော့ ဪ ဒါ ဒုက္ခသစ္စာပါကလားဆိုလို့ ရှိရင် မဂ်ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)၊ မပေါ်ဘူးလား (ပေါ်လာပါတယ် ဘုရား)။

ဒါဒုက္ခသစ္စာပဲ၊ ဒို့ခန္ဓာကြီးလည်း ယခုအမျိုးမျိုး ဖြစ်ပေါ်ပေါက်နေတဲ့ စိတ်ကလေးတွေ ဖြစ်လည်း ပျက်တာပဲ၊ ဖဿဖြစ်လည်း ပျက်- ဝေဒနာဖြစ်လည်း ပျက်တာပဲ၊ ဖြစ်ပျက် ဒုက္ခသစ္စာပါကလားလို့ ကိုယ့်ခန္ဓာ ကိုယ်သိမယ်ဆိုရင် ဟောဒီအစပ်ကလေး မစပ်ပါဘူး (မှန်လှပါ ဘုရား)၊ စပ်နိုင်ပါ့မလား (မစပ်နိုင်ပါ ဘုရား)၊ မစပ်ပါဘူး တဲ့၊ ကိုယ့်ခန္ဓာ ကိုယ်ဒုက္ခသစ္စာရယ်လို့ သိရင် (မှန်လှပါ)။

အခုသိနေတာကတော့ အင်း ယောကျ်ားပဲဆိုပြီး ကိုယ့်ကိုယ်ကိုယ် ယောကျ်ားပဲဆိုပြီး ကိုယ့်ကိုယ်ကိုယ် ခင်တယ်၊ ကိုယ့်ကိုယ်ကိုယ် စွဲလမ်းတယ်၊ သူ့ကို ကျွေးဖို့မွေးဖို့ အားထုတ်တယ်ဆိုတဲ့ တဏှာ ဥပါဒါန် ကံတွေနဲ့ အချိန် ကုန်နေကြတယ် (မှန်လှပါ ဘုရား)၊ မကုန်ကြဘူးလား (ကုန်ပါတယ် ဘုရား)။

ဝိပါကဝဋ်ရှစ်ပါး

အဲဒီကဲ့သို့ တဏှာ ဥပါဒါန် ကံတွေနဲ့ အချိန်ကုန်နေတော့ စုတေမနေ သေလွန်တော့ ဒီဘက်သွားစပ်တာပေါ့ (မှန်ပါ့)၊ စပ်လိုက်တဲ့အခါကျတော့ ဇာတိ ဇရာ မရဏတို့ ဒီဘက်က ဝိညာဏ် နာမ်ရုပ်တို့ဆိုတာ အကုန်ရတာပဲ (မှန် ပါ့)၊ ရတော့ ဘာတွေ့ရသတုံးဆိုတော့ အို မင်းတို့ မနေတတ်တာနဲ့ ဝိပါကဝဋ်ရှစ်ပါး (မှန်လှပါ ဘုရား)၊ ဘာတွေ ရသလဲ (ဝိပါကဝဋ်ရှစ်ပါး ရပါတယ် ဘုရား)။

ဝိပါကဝဋ်ရှစ်ပါး ရလာတယ် ဒကာ ဒကာမတို့ (မှန်ပါ့)၊ ရတာပဲ တဲ့၊ ဝိပါကဝဋ်ရှစ်ပါးဆိုတာက ဒကာ ဒကာမတွေ သိတဲ့အတိုင်း ဒီဘက်က ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ငါးပါးမနေဘူးလား (နေပါတယ်)၊ ဒီဘက်က နှစ်ပါး ဇာတိ နောက်ပြီးတော့ ဇရာ မရဏ ရောပြီးယူလိုက် (မှန်ပါ့)၊ ဥပပတ္တိဘဝနဲ့ ပေါင်းလိုက်တော့ ရှစ် ပါး (မှန်ပါ့)၊ ဥပပတ္တိဘဝဆိုတာက ခင်ဗျားတို့ ဇာတိကိုဆိုတာပါ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါမနေတတ်တာနဲ့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ငြိမ်ငြိမ်မနေတာနဲ့ ဆရာကောင်း သမားကောင်းကလည်း မတွေ့တာနဲ့ ဒီအကြောင်းတွေ အားထုတ်ပြန်တာနဲ့ ဒီအကျိုးတွေ ပြန်ရတယ် (ရပါတယ် ဘုရား)၊ အားထုတ်တာက သမုဒယသစ္စာ (မှန်ပါ့)၊ ရတာက (ဒုက္ခသစ္စာပါ ဘုရား)၊ ပစ္စုပ္ပန် ခန္ဓာထဲက ဒါပေါက်ပွားလာတယ်လို့ ပြောတယ် (မှန်ပါ့)၊ ဒါပေါက်ပွားလာတဲ့အတွက် ပစ္စုပ္ပန်အကြောင်းခြင်းရာ ငါးပါးကြောင့် အနာဂတ်အကျိုးခြင်းရာငါးပါး ဒီမှာ ပေါ်ပါတယ် (မှန်လှပါ ဘုရား)၊ မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။

နောင်ဖြစ်လတ္တံ့သော အနာဂတ်ကာလဆိုတာ ဒါပဲ (မှန်လှပါ ဘုရား)၊ ဒါကြောင့် အနာဂတ်အကျိုးတစ်လွှာ (မှန်လှပါ ဘုရား)။

ဒီအလွှာ အတိတ်အကြောင်း တစ်လွှာပေါ်မှာ ပစ္စုပ္ပန်အကျိုးတစ်လွှာက သွားထပ်တယ် (မှန်လှပါ)၊ တစ်ခါ ပစ္စုပ္ပန်အကြောင်းတစ်လွှာက ဒီအပေါ် သွားထပ်တော့ သုံးထပ် (မှန်ပါ့)၊ ဒီက အကျိုးတစ်လွှာက သွားထပ်တော့ လေးထပ်ဖြစ်သွားတယ် (မှန်ပါ့ ဘုရား)၊ အလွှာလေးထပ်ဆိုတာ ဒါပဲ (မှန်လှပါ ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

အလွှာလေးထပ်ဆိုတာ ဒကာ ဒကာမတွေ ဘာတွေ့တုံး အကြောင်းနှစ်ထပ်၊ အကျိုးနှစ်ထပ်ပေါ့ (မှန်လှပါ ဘုရား)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)၊ ဦးဘအုန်းတို့ ရှင်းရဲ့လား (ရှင်းပါတယ် ဘုရား)၊ ဦးလှဘူးကော (ရှင်းပါတယ် ဘုရား)၊ အကြောင်းနှစ်ထပ်၊ အကျိုးနှစ်ထပ် ဖြစ်နေတယ် (မှန်ပါ့)။

အကြောင်းနှစ်ထပ်၊ အကျိုးနှစ်ထပ်

အကြောင်းနှစ်ထပ်၊ အကျိုးနှစ်ထပ်ကို လက်သည်ရှာလိုက်တော့ သမုဒယသစ္စာပေါ်မှာ ဒုက္ခသစ္စာ ထပ်တယ် (မှန်လှပါ)၊ ဒုက္ခသစ္စာပေါ်မှာ (သမုဒယသစ္စာ ထပ်ပါတယ်)၊ သမုဒယသစ္စာပေါ်မှာ (ဒုက္ခသစ္စာ ထပ်ပါတယ်ဘုရား)၊ နောက် ဒီလိုချည်း ထပ်စမ်းပါဦးဆိုတော့ မောင်ဘသော် ဆုံးနိုင်ပါ့မလား (မဆုံးနိုင်ပါ ဘုရား)။

အဲဒါကြောင့် အလောင်းပေါ် အလောင်းထပ်တယ် (မှန်လှပါ ဘုရား)၊ အလောင်းပေါ် အလောင်းထပ် တယ်ဆိုတာ ဒကာ ဒကာမတွေ ရိပ်မိကြပါပြီ (ရိပ်မိပါပြီ ဘုရား)၊ ဘယ်တော့ စခန်းသတ်လို့ ဘယ်တော့ရပ်ကြမှာ တုံးလို့ မေးတဲ့အခါကျတော့ ဒကာ ဒကာမတို့ ဘယ်တော့မှမရပ်ဘူး (မရပ်ပါ ဘုရား)။

အဝိဇ္ဇာဆိုတာ သစ္စာမသိဘူး (မှန်ပါ့)၊ မသိတော့ ပြုချင်တာပြုတယ်လို့ မနေ့က ပြောခဲ့တယ် (မှန်လှပါ)၊ မပြောဘူးလား (ပြောပါတယ် ဘုရား)။

အဲဒီတော့ ဒီနေရာမှာ ခင်ဗျားတို့က ဒီခန္ဓာကြီးကို ဝိဇ္ဇာနဲ့ပြန်ကြည့် (မှန်လှပါ)၊ ဝိဇ္ဇာဆိုတာက ဉာဏ် (မှန်ပါ့)၊ အဝိဇ္ဇာဆိုတာက မောဟ မသိတာ (မှန်ပါ့ ဘုရား)။

ဝိဇ္ဇာက လာဖြတ်တယ်

အဲဒီတော့ ဝိဇ္ဇာဉာဏ်နဲ့ ပြန်ကြည့်လိုက်တော့မှ ခန္ဓာကြီးက ဘာသစ္စာတွေ့သလဲ (ဒုက္ခသစ္စာ တွေ့ပါတယ် ဘုရား)၊ အဲဒီတွေ့တော့ ဒီမှာ ဝိဇ္ဇာက လာဖြတ်တယ် (မှန်ပါ့)၊ မဖြတ်ဘူးလား (ဖြတ်ပါတယ် ဘုရား)၊ ဝိဇ္ဇာက ဖြတ် လိုက်တဲ့အခါကျတော့ ဒီဘက်လာသေးရဲ့လား (မလာပါ ဘုရား)၊ မလာလို့ရှိရင် ဖြတ်တဲ့ပုဂ္ဂိုလ်က ဒီဘက်သွားတယ် (သွားပါတယ် ဘုရား)၊ ဝေဒနာနိရောဓော နိဗ္ဗာနံ၊ ဝိညာဏ နိရောဓော နိဗ္ဗာနံဆိုပြီး နိဗ္ဗာန်ချည်းသွားတော့ (မှန်လှ ပါ ဘုရား)၊ သဘောပါကြပလား (ပါပါတယ် ဘုရား)။

ဪ ဒါဖြင့် ဒကာ ဒကာမတို့ ဒီအဝိုင်းကြီးသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် အခုဝိုင်းပြသလား၊ ထပ်ပြသလား (မှန်လှပါ)၊ ဒီနေ့တော့ ထပ်ပြတယ်၊ သဘောကျပလား (ကျပါတယ်)။

အတိတ်အကြောင်းသည် မကောင်းတာတွေ အားထုတ်သောကြောင့် ပစ္စုပ္ပန်အကျိုးက သူ့ပေါ်မှာ ပေါ်တာ (မှန်ပါ့)၊ ဒီအကြောင်းက ထပ်ပြီး အားထုတ်တော့ ဒီအကျိုးပေါ် ထပ်ပေါ်တယ် (မှန်ပါ့)၊ ဒီအကြောင်းပေါ်မှာ တစ်ခါ ဒီအကျိုးထပ်ပေါ်တယ် (မှန်ပါ့)။

တစ်ခါ ဒီအကျိုးပေါ်မှာလည်း သူ ဒီအကြောင်းတစ်ခုသာ ထပ်လုပ်ရင် ဒါလည်း ထပ်ပေါ်ဦးမှာပဲ (ပေါ်မှာပါ ဘုရား)၊ ပေါ်တော့ အဝိုင်းလည်ဆိုလည်း ဟုတ်ပါတယ်၊ ထပ်တယ်ဆိုလည်း (ဟုတ်ပါတယ် ဘုရား)။

ဪ ထပ်တာကလည်း ဘာသစ္စာ ဘာသစ္စာထပ်နေသတုံး (သမုဒယသစ္စာနဲ့ ဒုက္ခသစ္စာ ထပ်နေပါတယ် ဘုရား)၊ သမုဒယနဲ့ ဒုက္ခပဲ ဆက်ထပ်တယ် (မှန်ပါ့ ဘုရား)။

ထင်းမီးချည်း ထပ်နေပါပေါ့ကလား

ဒကာ ဒကာမတို့ အောက်ကမီး အပေါ်ကထင်း (မှန်ပါ့)၊ ထင်းပေါ်ကမီး မီးပေါ်ကတစ်ခါ (ထင်းပါ ဘုရား)၊ ထင်းမီးချည်း ထပ်နေပါပေါ့ကလားဆိုတဲ့ဥစ္စာဖြင့် ဦးဘအ ငြင်းဖို့မလိုဘူး (မလိုပါ ဘုရား)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ နောက်တုန်းက တပည့်တော်တို့ဘုရား ဘယ်လိုနေလို့ ဘယ်လို ထိုင်ခဲ့ကြတယ်တုံးလို့ ဘုရားသွား မေးမေး၊ ဆရာဘုန်းကြီး မေးမေး၊ မီးပေါ် ထင်းထပ်တာပဲဟေ့၊ ထင်းထည့်တာ (မှန်ပါ)၊ နောက်မီးပေါ်ကော (ထင်းထည့်တာပါပဲ)၊ ဟင် နောက်မီးပေါ်ကော (ထင်းထည့်တာပါပဲ ဘုရား)။

ဘယ်တော့ မီးသေမလဲ (မသေပါ ဘုရား)၊ ထင်းထည့်ကကော ဘယ်တော့ရပ်သလဲ (မရပ်ပါ ဘုရား)။

ဪ မီးကလည်းမသေ ထင်းကလည်း ထည့်မြဲတိုင်း ထည့်နေကြတော့ သုံးဆယ့်တစ်ဘုံ တဟုန်းဟုန်း တောက်နေတာ ဒီခန္ဓာအစဉ်ဘဲ (မှန်လှပါ ဘုရား)၊ သုံးဆယ့်တစ်ဘုံ တဟုန်းဟုန်းတောက်နေတာ (ဒီခန္ဓာအစဉ်ပါ ဘုရား)၊ ဦးဘအုန်း ဒါတွေ သဘောမကျလို့ရှိရင် ဘယ်မှာ သစ္စာသဘောကျမတုံး (မကျပါ ဘုရား)။

အခုတော့ဖြင့် ဒကာ ဒကာမတွေက ဪ အထပ်လေးလွှာပြလိုက်သဖြင့် ၁ ပေါ် ၂ ထပ်ဘက် (မှန် ပါ့)၊ ၂ ပေါ်ကို (၃ ထပ်ပါတယ် ဘုရား)၊ ၃ ပေါ်မှာ (၄ ထပ်ပါတယ် ဘုရား)၊ တစ်ခါ ၄ ပေါ်မှာ ဘာထပ် (၅ ထပ်ပါ တယ် ဘုရား)၊ အေး ၁ ထပ်ချင်လည်းထပ်၊ ၅ ပြောင်းပြီး ထပ်ချင်လည်း ထပ်ရမှာပဲ (မှန်ပါ့)၊ မရပေဘူးလား (ရပါတယ် ဘုရား)။

အဲဒီတော့ ဒီအထပ်တွေဟာ အောက်ကမီး အပေါ်ကထင်း ထင်းကနေပြီး မီးဖြစ်၊ မီးပေါ်မှာ တစ်ခါ ထင်း ထည့် (မှန်ပါ့)၊ မထည့်ဘူးလား (ထည့်ပါတယ် ဘုရား)၊ ထင်းကနေပြီး မီးဖြစ် (မှန်ပါ့)၊ အင်း ဟင် မီးကနေ ပြီး ဘာလုပ်ကြတယ် (ထင်းထည့်ပါတယ် ဘုရား)။

အဲဒီ ထင်းကတစ်ခါ မီးထတောက်ပြန်ပြီ (မှန်ပါ့)၊ ထင်းထပ်ထည့်တော့ ဦးဘအုန်း ဒီမီးပုံကြီးဟာ အကနိဋ္ဌ ဗြဟ္မာ့ပြည်တိုင်အောင် ဆုံးပါဦးမလား (မဆုံးပါ ဘုရား)။

ဪ ဒို့သည်ကားလို့ဆိုရင် ဆရာကောင်း သမားကောင်းလည်း မတွေ့တော့ဘူးဆိုရင် ဒီမီးငြိမ်းဖို့ ဒီထင်းသိမ်းဖို့အရေးဟာ ဝေးပါသေးတယ် (ဝေးပါသေးတယ် ဘုရား)၊ မီးငြိမ်း ထင်းသိမ်းဖို့လေ (ဝေးပါသေးတယ် ဘုရား)။

အင်မတန် ဝေးပါသေးတယ်ဆိုတဲ့ဥစ္စာဖြင့် ဦးလှဘူး ကျေကျေနပ်နပ် သဘောကျဖို့ကောင်းတယ် (ကျပါပြီ ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ကိုယ့်အဖြစ်ဆိုးဖြင့် ကိုယ်သိကြပါပြီ

အားလုံး ဒကာ ဒကာမတွေ ကိုယ့်အဖြစ်ဆိုးဖြင့် ကိုယ်သိကြပါပြီ (မှန်ပါ့)၊ ဘာတွေ ထပ်ထပ်နေသတုံး (ထင်းနဲ့ မီးထပ်ထပ်နေပါတယ် ဘုရား)။

ထင်းပေါ်က (မီးပါ ဘုရား)၊ မီးပေါ်က (ထင်းပါ ဘုရား)၊ ထင်းထပ်တယ်ဆိုတာ ထည့်ပေးတာ (မှန်ပါ့)၊ ခင်ဗျာတို့က ထည့်ထည့်ပေးနေတယ် (မှန်ပါ့)။

မယုံကြည်လိုက် ထင်းထည့်ပုံခင်ဗျားတို့ လူ့ပြည်ရ ရပါလို၏ဆိုတော့ လူတဏှာမီးပေါ်တယ် (ပေါ်ပါတယ် ဘုရား)၊ နောက် စုတိမနေ သေလွန်တော့ ထင်းပေါ်တယ် (ပေါ်ပါတယ် ဘုရား)၊ လူကောင်းထင်းကြီးပေါ်တယ် (မှန် လှပါ)၊ မီးပေါ်မှာ ထင်းထည့်လိုက်တာကိုး (မှန်ပါ့)။

တစ်ခါ ထင်းကနေပြီးသကာလ အရှိန်ကောင်းတော့ ဦးဘအုန်း မီးပြန်ဖြစ်တယ် (မှန်ပါ့ ဘုရား)၊ ပြီးတော့ ထင်းထဲကနေပြီးသကာလ လူ့ဘဝ မကျေနပ်လို့ နတ်ဘဝ တောင်းလိုက်ပြန်တော့ ဒီမီးကလေး အညွန့်ထွက်လာတယ် (မှန်ပါ့)၊ မီးညွန့်ထွက်လာပြန်တယ် (ထွက်ပါတယ် ဘုရား)၊ မီးညွန့် ထွက်လာပြန်တော့ နောက် နတ်ထင်းထည့်တယ် (ထည့်ပါတယ် ဘုရား)။

နတ်က နတ်အဖြစ် မကျေနပ်တော့ ဒီ့ထက် အထက်တန်းဖြစ်တဲ့ နတ်ဖြစ်ရပါလို၏ဆိုတော့ မီးကလေးချွန် ထွက်လာတယ် (မှန်ပါ့)၊ အဲဒီမီးပေါ် ဒီ့ထက်ကြီးတဲ့ နတ်ဖြစ်လာတော့ ထင်းပြန်ဖြစ်တယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ထင်းနဲ့မီးပဲ ရှိတာပဲ (မှန်ပါ့)၊ ဒါ့ကြောင့် သမုဒယသစ္စာနဲ့ ဒုက္ခသစ္စာသာ ထပ်နေတယ် (မှန်ပါ့ ဘုရား)၊ ဘာသစ္စာသိမှ မထပ်ဘူးဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

ထင်း၊ မထည့်ဖို့ ဟောရမည့်တရား

အဲဒီတော့ ဘုန်းကြီးတို့ အခုဟောရမည့်တရားက ဒကာ ဒကာမတို့ ထင်း၊ မထည့်ဖို့ ဟောရမည့်တရား (မှန်ပါ့)၊ ထင်းမထည့်ရင် နဂိုရ်မီးဟာ ပွားစရာမရှိလို့ ဒီနေရာ သေရတော့မယ် (သေရပါမယ် ဘုရား)၊ ဦးဘအုန်း ထင်းမထည့်ရင် (နဂိုမီးသေရပါမယ် ဘုရား)။

ဒါဖြင့် ခင်ဗျားတို့က ဘုရားရှေ့သွားပြီး လူ့ဘဝ, လူဘဝပြီး နတ်ဘဝ အကြိမ်ကြိမ် ခံစားရပါလို၏လို့ဆိုတော့ တောင်းတာက မီး ၊ ရတာက (ထင်းပါ ဘုရား)၊ တောင်းတာက (မီးပါ ဘုရား)၊ ရတာက (ထင်းပါ ဘုရား)၊ တောင်းတာက မီးဆိုတာ ကိလေသာနဲ့ တောင်းတာ (မှန်ပါ့)၊ ရတာက ခန္ဓာကြီးရတော့ ထင်းဖြစ်တယ် (မှန်လှပါ ဘုရား).

ဪ တပည့်တော်သည် မီးနှင့်ထင်း ဖြစ်ရပါလို၏၊ မီးနဲ့တောင်းပြီးသကာလ ဒီမီးပုံထဲမှာ ထင်းအဖြစ် ရပါလို၏၊ ထင်းအဖြစ်နဲ့ လောင်စာဖြစ်ရပါလို၏ဆိုတာနဲ့ မထူးပါဘူး (မထူးပါ ဘုရား)။

ဘယ်မှာသွားပြီး ခင်ဗျားတို့ ထင်းမီးဖြစ်ဖို့ ဆုတောင်းကြပါလိမ့်မလဲလို့ မေးတော့ ဘုရားမကြိုက်တာ သွား တောင်းတယ် (မှန်ပါ့ ဘုရား)၊ ဘုရားကတော့ ဒကာ ဒကာမတွေ မီးသိမ်း၍ ထင်းကုန်တာ ကျေနပ်တယ် (မှန်ပါ့)၊ ခင်ဗျားတို့က မီးသိမ်း၍ ထင်းကုန်တာ မကျေနပ်တော့ ဆုတောင်းပြည့်ဘုရား ရှာလိုရှာ၊ တန်ခိုးကြီးဘုရားကော (ရှာလိုရှာပါ ဘုရား)။

ဉာဏ်နားနဲ့ ထောင်ကြည့်မှ

အဲဒီသွားရှာပြီး တပည့်တော်သည်ဘုရား ဒီဘဝဖြင့် ဆင်းရဲပါတယ်၊ နောက်ဘဝတော့ ဒီ့ထက်ချမ်းသာ တဲ့ လူကောင်း, နတ်ကောင်းဖြစ်ရပါလို၏ဆိုတော့ ခင်ဗျားတို့ ဪ ဘုရားရှေ့သွားပြီးသကာလ မီးနဲ့ထင်းသည် ကားလို့ဆိုလို့ရှိရင်ဖြင့် အစဉ်အတိုင်း ဆက်ပြီးသကာလ လောင်ကျွမ်းပြီး သေရပါလို၏ (မှန်လှပါ)၊ လောင်ကျွမ်းပြီး (သေရပါလို၏ ဘုရား)၊ တောင်းကောင်း, မတောင်းကောင်း (မတောင်းကောင်းပါ ဘုရား)၊ ဉာဏ်နားနဲ့ထောင်ကြည့်မှ ဦးဘအုန်း သိတာ (မှန်ပါ့)၊ ဦးလှဘူး ဉာဏ်နားနဲ့ ထောင်ကြည့်မှ (သိရပါတယ် ဘုရား)။

နို့မို့လို့ရှိရင်ဖြင့် ကိုယ်တောင်းတဲ့ဆုဟာ တောင်းတုန်းကလည်း မီးနဲ့တောင်းတယ် (မှန်ပါ့)၊ ကိလေသာမီးနဲ့ တောင်းတယ် (မှန်ပါ့)၊ ရတော့ခန္ဓာထင်းရတယ် (မှန်ပါ့)၊ ရတော့ (ခန္ဓာထင်းရပါတယ် ဘုရား)၊ တောင်းတုန်းက ဘာနဲ့တောင်းသလဲ (မီးနဲ့တောင်းပါတယ် ဘုရား)။

ဒါဖြင့် မီးပေါ် ထင်းထပ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ တစ်ခါ ဒီထင်းထဲတနေပြီးသကာလ ရတဲ့ ဘဝ မကျေနပ်ပြန်ဘူး၊ မကျေနပ်ပြန်တော့ မီးထွက်လာပြန်ရော (မှန်ပါ့)၊ ဆုတောင်းချင်တဲ့ မီးက (လာပါတယ် ဘုရား)၊ လာပြီ (မှန်ပါ့)။

နောက်ပြီး အကုသိုလ်လုပ်တဲ့ မီးတွေကကော (လာပါတယ် ဘုရား)၊ လာတော့ ဘာရမယ်ထင်သတုံး (ထင်း ရပါတယ် ဘုရား)၊ ထင်းပဲရမှာပဲ (မှန်ပါ့)။

ဪ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက လောင်စာသိမ်း၍ မီးငြိမ်းမှ နိဗ္ဗာန် (မှန်ပါ့ ဘုရား)၊ ဘုရားက ဘာတဲ့ (လောင်စာသိမ်း၍ မီးငြိမ်းမှ နိဗ္ဗာန်ပါတဲ့ ဘုရား)၊ ခင်ဗျားတို့ကလည်း လောင်စာကြီး၍ မီးကြီးမှ ကြိုက်တယ် (မှန်ပါ့)။

ဟာ ကန့်လန့်ကြီးပါကလား (ကန့်လန့်ကြီးပါ ဘုရား)၊ ခင်ဗျားတို့က ဘာကြိုက်သလဲ (လောင်စာကြီးပြီး မီးကြီးမှ ကြိုက်ပါတယ် ဘုရား)၊ လောင်စာကြီးကြီးနဲ့ မိုးပုံကြီး ကြီးကြီးတည်မှ ခင်ဗျားတို့က ကြိုက်ပြီ (မှန်ပါ့)၊ ဘုရား ကလည်း လောင်စာသိမ်း၍ မီးငြိမ်းတာ ကြိုက်တယ် (မှန်ပါ့)။

ခင်ဗျားတို့အကြိုက်က ပြောပါဦး (လောင်စာကြီး၍ မီးကြီးမှ ကြိုက်ပါတယ် ဘုရား)၊ လောင်စာကြီး မီးကြီးမှ (မှန်လှပါ ဘုရား)၊ ဦးလှဘူး မျက်စိလည်နေတယ် (လည်နေပါတယ် ဘုရား)၊ ဒကာ ဒကာမတွေ ယခုပြောတာကို ကောင်းကောင်းနားလည်ကြရဲ့လား (လည်ပါတယ် ဘုရား)။

အင်း ခင်ဗျားတို့ အဖြစ်တွေကဖြင့် မိုက်လက်စ မသတ်သေးပါကလားဆိုတာ ပြောရတော့မှာပဲ (မှန်ပါ့)၊ မပြောရဘူးလား (ပြောရပါတယ် ဘုရား)။

လောင်စာသိမ်း၍ မီးငြိမ်းတာ ဘုရားက ကြိုက်တယ်

လောင်စာကြီး၍ မီးကြီးတာကို ဒကာ ဒကာမတွေက ကြိုက်တယ်၊ လောင်စာသိမ်း၍ မီးငြိမ်းတာ ဘုရားက ကြိုက်တယ် (မှန်ပါ့ ဘုရား)။

ဪ ခင်ဗျားတို့ ဘုရားရှေ့သွားပြီးသကာလ လောင်စာကြီး၍ မီးကြီးရပါလို၏လို့ သွားတောင်းတော့ တယ်ဆိုးဝါးပါလား (ဆိုးဝါးပါတယ် ဘုရား)၊ ဦးဘအုန်း ဘယ့်နှယ်ဆိုမယ် (ဆိုးဝါးပါတယ် ဘုရား)။

ဘုရားအကြိုက်ကို ခင်ဗျားတို့က ပေးပါလို့ တောင်းတာလား၊ ဘုရားမကြိုက်တာကို ပေးပါလို့ တောင်းတာ လား (ဘုရားမကြိုက်တာကို ပေးပါလို့ တောင်းတာပါ ဘုရား)။

ရော ခက်ပြီကော (မှန်ပါ့)၊ ရူးလွန်းတယ် မိုက်လွန်းတယ် အ,လွန်းတယ် ထူလွန်းတယ်ဆိုတဲ့ဥစ္စာဖြင့် အထူးပြောစရာ ဦးလှဘူး (မလိုပါ ဘုရား)။

ဘုရားကြိုက်တာကို ဒကာ ဒကာမတွေ တောင်းတာလာတဲ့၊ ဘုရားမကြိုက်တာ တောင်းတာလား (ဘုရား မကြိုက်တာ တောင်းတာပါ ဘုရား)။

ဪ တော်တော့်ကို ရူးချက်သန်ပါလား (ရူးချက်သန်ပါတယ် ဘုရား)၊ ဦးဘအုန်း ဒါ ဘုန်းကြီးက အပြောကြီးတာလား၊ ခင်ဗျားတို့က အကြီးအကျယ်မှားတာလား (တပည့်တော်တို့က မှားတာပါ ဘုရား)၊ အလုပ်က အကြီးအကျယ် မှားတယ်ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

အဲဒီတော့ ဘုရားဆီကို ခင်ဗျားတို့ ဒီဘဝ စုတေမနေ သေလွန်ရလို့ရှိရင် ဘုရား နောက်ဘဝ လူကောင်း နတ်ကောင်း ဖြစ်ရပါလို၏ဆိုတော့ မီးနဲ့တောင်းလိုက်တာ (တောင်းပါတယ် ဘုရား)၊ ကိလေသာမီးနဲ့ တောင်းလိုက်တာ (မှန်ပါ့)။

နောက်ဘဝတော့ ဒီမီးပေါ်မှာ ထင်းတစ်ခါတည်း ကျမယ် (မှန်ပါ့)၊ နတ်ခန္ဓာကြီး ထွက်လာတယ် (ထွက်ပါ တယ် ဘုရား)၊ ထင်းကြီးတစ်ခု ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)။

ပေါ်လာတဲ့အခါကျတော့ မီးနဲ့ ထင်းနဲ့ လောင်ကြပြန်တယ် (လောင်ကြပါတယ် ဘုရား)၊ သဘောကျပလား (ကျပါပြီ)။

အဲဒီတော့ ခင်ဗျားတို့သည်ကားလို့ဆိုရင် လုပ်ကောင်း မလုပ်ကောင်းလည်း အကဲခတ်ကြပါဦး (မလုပ်ကောင်း ပါ ဘုရား)၊ မလုပ်ကောင်းတာကို အရဲကွန့်လုပ်လို့ရှိရင်ဖြင့် အမိုက်ဘက်သန်တာမှတစ်ပါး ဘာမှ ပြောစရာ အခွင့် အရေး မရှိတော့ဘူး (မရှိပါ ဘုရား)၊ အတော်မဆိုးဘူးလား (ဆိုးပါတယ် ဘုရား)။

အဲဒါ ဒကာ ဒကာမတွေ သစ္စာနားလည်မှ ဪ ဟုတ်ပါလားဆိုတဲ့ နားထဲမှာ တရားနာ အစစ်သွား ဖြစ်တယ် (ဖြစ်ပါတယ် ဘုရား)၊ သစ္စာ နားမလည်တုန်းကတော့ ဒီဘုန်းကြီး ဘာပြောနေပါလိမ့်မတုံး၊ ဒို့ကောင်းစားတာ မနာလိုလို့ ထင်ပါရဲ့တောင် ခင်ဗျားတို့က စွဲချက်အလွဲတင်ချင်တင်ဦးမှာ (တင်ချင်ပါတယ် ဘုရား)၊ မတင်ပေဘူးလား (တင်မှာပါ ဘုရား)။

တော်တော်ကြာတော့ ခင်ဗျားတို့က အင်း ဒီလို အိုလိမ့်မယ်မထင်ဘူး (မှန်ပါ့)၊ ဒီလိုနာလိမ့်မယ် မထင် ဘူး (မှန်ပါ့)၊ ဒီလိုသေခြင်းဆိုး သေလိမ့်မယ် မထင်ဘူး ဘုရာ့ ၊ မှားခဲ့တယ် ဘုရာ့ (မှန်လှပါ)။

ဝိပဿနာ အားထုတ်ချိန်က မရဘူး

အဲဒီကျတော့လည်း ဝိပဿနာ အားထုတ်ချိန်က မရဘူး ဦးလှဘူးရဲ့ (မှန်လှပါ)၊ မောင်ဘသော် ရသေးရဲ့လား (မရပါ ဘုရား)၊ မရတော့ သူရှာချင်တယ် (မှန်ပါ့)၊ ရှာချင်တဲ့အချိန်ကျတော့လည်း သေမင်းနိုင်ငံလိုက်ဖို့က အချိန်က ကပ်နေတယ် (ကပ်နေပါတယ် ဘုရား)၊ ကပ်နေတော့ ရှာခွင့်ရသေးရဲ့လား (မရပါ ဘုရား)။

ကဲ ဦးဘအုန်း ဘယ်လောက် ကြောက်စရာကောင်းသလဲ (ကြောက်စရာကောင်းပါတယ် ဘုရား)၊ သိပ် မဆိုးသွားဘူးလား (ဆိုးသွားပါတယ် ဘုရား)။

အဲဒီတော့ ခင်ဗျားတို့ကိုတဲ့ ဒီလို ပဲ့ပြင်သွန်သင်ဆုံးမတဲ့ ဆရာသမားကို ရှာကြရမယ်ဆိုတာ သတိပေးတယ် (မှန်လှပါ)၊ သစ္စာဟောတတ်တဲ့ ဆရာကိုရှာပါ (မှန်ပါ့)၊ ဘာတုံး (သစ္စာဟောတတ်တဲ့ ဆရာကိုရှာပါ)။

မရှာသ၍ကာလပတ်လုံး မီးနဲ့ထင်းကိုပဲ ဆုတောင်းယူနေမှာပဲ (မှန်ပါ့)၊ ဘာဖြစ်လို့တုံး မီးသေသွားမှာစိုးလို့ (မှန်လှပါ)။

ဘာဖြစ်လို့တုံး (မီးသေသွားမှာစိုးလို့ပါ ဘုရား)၊ ကိလေသာမီး သေသွားမှာစိုးလို့ (မှန်ပါ့)၊ လူထင်း နတ်ထင်း ကလေး အဆင်သင့် ထည့်ပေးရတယ် (မှန်ပါ့)။

ဘာပြုလို့တုံး (မီးသေမှာစိုးလို့ပါ ဘုရား)၊ လူထင်း နတ်ထင်း ထည့်တယ် (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါ ပြီ ဘုရား)။

အဲဒီတော့ ခင်ဗျားတို့ ကိုယ့်ကိုယ်ကိုယ် လောင်စာအဖြစ် ဆုတောင်းတာဟာဖြင့် ဦးဘအုန်း ဒီထက် အရုပ်ဆိုး အကျည်းတန်တာများ ရှိသေးလား (မရှိပါ ဘုရား)။

ဆုတောင်းလို့ လုပ်တာလည်းရှိတယ်၊ ဆုမတောင်းဘဲနဲ့ အကုသိုလ်တွေလုပ်လို့ မီးတွေလုပ်တဲ့အတွက် နောက် ဘဝ တိရစ္ဆာန်အပါယ်လေးပါး လောင်စာကြီးရတာလည်း ရှိတယ် (မှန်ပါ့)၊ မရှိပေဘူးလား (ရှိပါတယ် ဘုရား)။

အဲဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးကဖြင့် ဒီဟာမကြိုက်ဘူးဆိုတာကိုဖြင့် ခင်ဗျားတို့ တထစ်ချမှတ် ပါ (မှတ်ပါတယ် ဘုရား)။

လူ့ဘဝ နတ်ဘဝ ဆုတောင်းတာသည်တဲ့ ဒကာ ဒကာမတို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီး၏ ဉာဏ်တော် နဲ့တော့ဖြင့် မကြိုက်ဘူး၊ ခင်ဗျားတို့က အရွဲ့တိုက်တောင်းရင်ဖြင့် အင်း ဥဒ္ဒိဿကိုယ်တော်တွေမို့ ဦးဘအုန်း မပြောဘူးပေါ့ဗျာ (မှန်ပါ့)၊ ဘုရားစင်စစ်ကဖြင့် ကြိုက်-မကြိုက် အကဲခတ်စမ်း (မကြိုက်ပါ ဘုရား)။

မီးသွားကိုင်တာ ကြိုက်နိုင်ပါ့မလား

ဘယ်ကြိုက်ပါ့မတုံး-မသိလို့ ကလေးကလေးက မီးသွားကိုင်တာ အမေမိဘက ကြိုက်နိုင်ပါ့မလား (မကြိုက်နိုင် ပါ ဘုရား)၊ ကလေးကတော့ မီးကျီးခဲကလေး နီနီလှလှကလေး မြင်တော့ ကလေးဆိုတာ မသိရှာဘူး (မသိပါ ဘုရား)၊ မသိရှာတော့ သွားကိုင်တော့ သိတဲ့အမေမိဘက ဘယ့်နှယ်တုံး (မကြိုက်ပါ ဘုရား)၊ ဘယ့်နှယ်ကြောင့်တုံး ဆတ် ဆတ်လူးအောင် လောင်မှာမို့ (မှန်ပါ့)၊ ဆတ်ဆတ်လူးအောင် လောင်မှာဆိုတော့ အမေမိဘက ဦးလှဘူး ကြိုက်ပါ့မလား (မကြိုက်ပါ ဘုရား)၊ ကလေးကတော့ ဘာဖြစ်လို့ ကိုင်ပါလိမ့် (မသိလို့ကိုင်တာပါ ဘုရား)။

မသိလို့ကိုင်တာ (မှန်ပါ့)၊ သိတဲ့ပုဂ္ဂိုလ်ကတော့ (မကိုင်ပါ ဘုရား)၊ မကိုင်နဲ့ဆိုတော့ ဒီကလေးကလည်း ငိုပြန် သေးတယ် (မှန်ပါ့)၊ ဦးဘအုန်း ဘာတုံး (ငိုပါသေးတယ် ဘုရား)။

ဪ မသိတဲ့အထဲ ပိုလာသေးတယ် (မှန်ပါ့)၊ မီးကိုကိုင်ရင် ပူမှာစိုးလို့ အမေမိဘက ကယ်ယူလိုက်တဲ့ ဥစ္စာပဲ သူကိုင်ချင်တာ မကိုင်ရမလားလို့ သူကများ ငိုလိုက်သေးတယ် (ငိုပါတယ် ဘုရား)။

ဒါဖြင့် ကိုင်မယ်ကြံတုန်းက တစ်ခါမိုက် (မှန်လှပါ)၊ မကိုင်ရလို့ ငိုတော့ တစ်ခါမိုက် (မှန်လှပါ)၊ ဘယ်နှစ်ခါ မိုက်ကြသလဲ (နှစ်ခါမိုက်ကြပါတယ် ဘုရား)။

ဒီမှာလည်း ခင်ဗျားတို့ ဘုန်းကြီးကဖြင့် ပြောပြီ၊ ခင်ဗျားတို့ကတော့ဖြင့် ဘုရားရှေ့သွားပြီး လူချမ်းသာ နတ် ချမ်းသာဆိုတဲ့ မီးခဲတော့ ကိုင်တော့မှာပဲ (မှန်လှပါ ဘုရား)၊ ဟုတ်လား (မှန်ပါ့)၊ ဘုန်းကြီးက မတောင်းရဘူးတဲ့ ဆိုပြီး စိတ်ဆိုးရင် နှစ်ခါမိုက်ကြဦးမယ် (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)၊ ဘုန်းကြီးက မတောင်းရဘူးတဲ့ဆိုရင် ဘယ့်နှယ်ဆိုကြမယ် (နှစ်ခါမိုက်ပါ ဘုရား)၊ မတောင်းရဘူးလို့ မကျေနပ်တဲ့ ပုဂ္ဂိုလ်ဆိုတာပါ (မှန်ပါ့)။

ကျေနပ်တဲ့ ပုဂ္ဂိုလ်ကတော့ ဪ ကလေးစိတ် ပျောက်ပြီး လူကြီးစိတ် ရောက်ပဟေ့ (မှန်လှပါ)၊ မကျေ နပ်တဲ့ ပုဂ္ဂိုလ်အတွက်ကတော့ (ကလေးစိတ်ပါ)၊ ကလေးစိတ် နှစ်ခါမိုက်ကလေး (မှန်လှပါ)၊ တစ်ခါမိုက် ကလေးလား နှစ်ခါမိုက် ကလေးလား (နှစ်ခါမိုက် ကလေးပါ ဘုရား)၊ ခင်ဗျားတို့ အမေမိဘ လုပ်ကြည့်ပါ (မှန်လှပါ)၊ ခင်ဗျားတို့ သားကလေး လေးဘက်သွားကလေး ရှေ့ထားပါ (မှန်လှပါ)၊ မီးခဲကလေး လှလှကလေး နီတယ်ဆိုပြီး သွားကိုင်ချင် လိမ့်မယ် (မှန်ပါ့)၊ ခင်ဗျားတို့ ကိုယ်တိုင်ကြည့်နိုင်ရဲ့လား (မကြည့်နိုင်ပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ)။

ခန္ဓာမီးခဲကို သွားသွားပြီး ဆုတောင်းကိုင်တယ်

ဒီမှာလည်း ဘုရားက ခင်ဗျားတို့က ကလေးလိုဖြစ်နေတော့ ခန္ဓာမီးခဲကို သွားသွားပြီး ဆုတောင်းကိုင်တယ် (မှန်ပါ့)၊ ဘုရားက မကြိုက်ရှာဘူး (မှန်ပါ့)၊ ဘာကြိုက်မတုံး မီး လက်စမသတ်မည့်ဥစ္စာ၊ ထင်းကိုပြန်ပြီး သူ ဆုတောင်း ယူတော့ ထင်းထည့်ပြန်ပြီ (မှန်လှပါ ဘုရား)။

ထင်းထည့်ရင် သူ အပူကြီး ပူမှာပဲ၊ မီးလက်စမသတ်တော့ဘူးဆိုပြီး မကြိုက်ရှာဘူး (မှန်လှပါ ဘုရား)၊ အဲဒီ မကြိုက်တာကိုပင် ဒကာ ဒကာမတွေက ဪ နိဗ္ဗာန်ကလည်း ဗြုန်းခနဲရမှာမဟုတ်ဘူး တဲ့ (မှန်လှပါ)။

နိဗ္ဗာန် ဗြုန်းခနဲမရ ဘာဖြစ်သလဲဗျ မီးကိုင်တာနဲ့စာရင် မီးကိုင်တာက သာပြီး အရုပ်ဆိုးတာပေါ့ (မှန်လှပါ ဘုရား)၊ မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။

မီးကိုင်တာနဲ့ နိဗ္ဗာန် ဗြုန်းခနဲမရတာနဲ့ ဘယ်ဟာသာ ကြောက်စရာကောင်းသတုံး (မီးကိုင်တာက ကြောက် စရာကောင်းပါတယ်)။

ဒါဖြင့် ခင်ဗျားတို့ဟာက ဘယ့်နှယ်များ ဆင်ခြေလဲတယ်လို့ ရိပ်မိပလား (ရိပ်မိပါပြီ)၊ အတော်ကြောက်စရာ ကောင်းတဲ့ ဒကာတွေ ဒကာမတွေပဲ၊ အတော်ရွဲ့တာပဲလို့ ဆိုလို့ရှိရင် လွဲပါ့မလား (မလွဲပါ ဘုရား)။

မီးကိုင်တာနဲ့ နိဗ္ဗာန်မရတာနဲ့ ဘယ်ဟာက သက်သာခွင့်ရှိသလဲ၊ နိဗ္ဗာန်မရတာက သက်သာခွင့်ရှိသေးတယ် (မှန်ပါ့)၊ မီးကိုင်တာက ချက်ချင်း ဒုက္ခရောက်တယ် (မှန်ပါ့)၊ မရောက်ဘူးလား (ရောက်ပါတယ်)၊ သဘောပါကြလား (ပါပါတယ် ဘုရား)။

ဒါဖြင့် ဘယ့်နှယ်လုပ်ကြမယ်၊ မီးပဲ ကိုင်မလား ၊ နိဗ္ဗာန်မရသေးလို့ရှိရင် ရရာရကြောင်းပဲ လုပ်မလား (ရရာရကြောင်းပဲ လုပ်ပါမယ် ဘုရား)၊ မီးတော့ဖြင့် (မကိုင်ပါ ဘုရား)။

မီးတော့ဖြင့် မကိုင်တော့ပါဘူး

အဲဒါ ယနေ့ဆုံးဖြတ်ချက် ချစေချင်တယ် ဦးဘအုန်းရ (မှန်လှပါ)၊ မီးတော့ဖြင့် မကိုင်တော့ပါဘူး၊ ဘယ်ဘဝ မှတော့ဖြင့် ဆုမတောင်းတော့ပါဘူး ဘုရား နိဗ္ဗာန်သာရရင် ယူပါတော့မယ် (မှန်လှပါ)၊ ဒီလိုဆိုပြီး ခင်ဗျားတို့ အား ထုတ်ကြပါ (မှန်လှပါ ဘုရား)။

ဒီဘဝ နိဗ္ဗာန်မရဘူး ရအောင် အားထုတ်မယ်၊ မရ ဘာကိစ္စရှိသတုံး၊ မီးကိုင်တာနဲ့စာလို့ရှိရင်ဖြင့် ဦးလှဘူး အများကြီး သက်သာတယ် (သက်သာပါတယ် ဘုရား)။

ကဲ ရှေးဘဝကျတော့ ရှေးဘဝတစ်ခု ပေါ်လာတယ် ထားပါတော့ (မှန်လှပါ)၊ လိုချင်လို့ ရတာလား မလိုချင်ဘဲနဲ့ ရတာလား (မလိုချင်ပဲနဲ့ ရတာပါ)၊ မလိုချင်ပဲနဲ့ ရတယ်ဆိုရင် နောက်ဘဝကျရင် နိဗ္ဗာန်ရောက်မှာပဲ (မှန်လှပါ ဘုရား)၊ မလိုချင်တဲ့ခန္ဓာကြီးဟာ ဒုက္ခသစ္စာဆိုတာ သူသိပြီ (သိပါပြီ ဘုရား)၊ သိရင် ဒုတိယဘဝ နိဗ္ဗာန် ရတော့ ဪ ဒါဖြင့် မကိုင်ဘဲနေတာက နိဗ္ဗာန်နီးတယ် (နီးပါတယ်)၊ ကိုင်မိတာတဖြင့် မီးလက်စမသတ် (မသတ်ပါ ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဘယ်ဟာ ကြောက်စရာကောင်းပါလိမ့် (မီးကိုင်တာ ကြောက်စရာကောင်းပါတယ် ဘုရား)၊ ဒါဖြင့် ခင်ဗျားတို့ ဆုတောင်းကြီးက သိပ်ကြောက်စရာကောင်းပါကလား (ကောင်းပါတယ် ဘုရား)၊ ဘုရားကြိုက်တာ တောင်း တာလား မကြိုက်တာပေးပါလို့ တောင်းတာလား (မကြိုက်တာကို ပေးပါလို့ တောင်းတာပါ ဘုရား)၊ မကြိုက်တာ ပေးပါလို့ တောင်းပါတယ် (မှန်လှပါ)၊ ဦးဘအုန်း ဘယ့်နှယ်တုံးဗျ၊ ဒီလူတွေ အတော်ဆိုးပြီဗျ (ဆိုးပါတယ် ဘုရား)၊ မဆိုးကြဘူးလား (ဆိုးပါတယ် ဘုရား)။

ဘုရားက လောင်စာသိမ်း၍ မီးငြိမ်းတာကိုမှ နိဗ္ဗာန်မှ သူပေးချင်တယ် (မှန်ပါ့)၊ မပေးနိုင်လို့သာ အသာနေရ တယ်၊ နည်းသာ ပေးရတယ် (မှန်ပါ့)၊ ခင်ဗျားတို့က တစ်ခါတည်း ဒီဥစ္စာကြီး ပေးတော်မူပါ၊ ထင်းပေးတော်မူပါ၊ မပြည့်မရှိပါရစေနဲ့ ဆုတောင်းပြည့်ပါရစေ (မှန်ပါ့ဘုရား)။

ထင်းမဖြစ်ရမှာကို အတော်စိုးရိမ်တယ်

အံမာ ထင်းမဖြစ်ရမှာကို အတော်စိုးရိမ်တယ် (စိုးရိမ်ပါတယ်)၊ ဘယ့်နှယ်ဖြစ်နေတာတုံး (မိုက်လို့ပါ ဘုရား)၊ မိုက်ဆိုတော့ ဒီအထဲက အဝိဇ္ဇာက ဒီအထဲ ပြန်ဝင်တယ် (မှန်ပါ့)၊ ၁-အဝိဇ္ဇာက ၂-ထဲပြန်ပြီး စားမြုံ့ပြန် ပြန်တက်တယ် (မှန်လှပါ)၊ မတက်လာဘူးလား (တက်လာပါတယ် ဘုရား)။

ဒါ့ကြောင့် အဝိဇ္ဇာပါ တောင်းပါတယ်၊ ကြည့်ပါလား ဒီအထဲ အဝိဇ္ဇာပါတယ်၊ ၃ နံပါတ်မှာ ပါလာတယ် (ပါပါတယ် ဘုရား)၊ ခင်ဗျားတို့ စာရွက်ကြည့်၊ ဒီမှာလည်း အဝိဇ္ဇာပါလာတယ်၊ မပါဘူးလား (ပါပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် နောက်ထပ် မိုက်ပြန်တာပဲ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)၊ ဘယ်လိုဆုံးဖြတ်ချက်ချမလဲ (နောက်ထပ် မိုက်ပြန်တာပါပဲ ဘုရား)။

အေး ဒါဖြင့် ဆုမတောင်းပါနဲ့ တဲ့၊ ခင်ဗျားတို့၊ ကိုင်း တောင်းချင်လို့ နှုတ်ကို တက်နေလို့ ပါးစပ်က ထွက်လိုက်လို့ရှိရင်လည်း ခန္ဓာဝဋ် ကျွတ်ရပါလို၏ (မှန်ပါ့ ဘုရား)။

ခန္ဓာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ)၊ အဲဒီဝဋ် ကျွတ်သွားရပါလို၏ဆိုလို့ရှိရင်ဖြင့် ဦးလှဘူး သိပ်ကောင်းမယ် (ကောင်းပါတယ် ဘုရား)၊ ထင်းသိမ်းရပါလို၏ဆိုတာနဲ့ အတူတူပေါ့ဗျာ (မှန်လှပါ)။

ဒုက္ခဝဋ်မှ ချုပ်ရပါလို၏

ဘယ်လိုမှတ်ကြမယ် (ထင်းသိမ်းရပါလို၏ဆိုတာနဲ့ အတူတူပါ ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)၊ ကောင်းပြီ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဆုတောင်းချင်လို့ရှိရင်လည်း ထင်းသိမ်းရပါလို၏၊ ဒုက္ခဝဋ်မှ ချုပ်ရပါလို၏၊ ဒုက္ခဝဋ်ကြီး ကျွတ်ရပါလို၏ (မှန်ပါ့ဘုရား)၊ ဒုက္ခဝဋ်ဆိုတာ ဒါကြီးနော် (မှန်ပါ့)၊ ဒုက္ခသစ္စာကိုးဗျ (မှန် ပါ့)၊ ပေါင်းယူလိုက်တော့ ဒီငါးခုလုံး ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

ဒါကြောင့် ဒုက္ခဝဋ်မှ ကျွတ်ရပါလို၏ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)၊ ဒုက္ခဝဋ်မှ ကျွတ်ရပါလို၏ဆိုတော့ ဉာဏ်ပါတယ် (ပါပါတယ် ဘုရား)၊ တောင်းတာက တဏှာနဲ့ တောင်းတာလား၊ ဉာဏ်နဲ့ တောင်းတာလား (ဉာဏ်နဲ့ တောင်းတာပါ ဘုရား)၊ ဉာဏ်နဲ့တောင်းလိုက်တယ် (မှန်လှပါ)။

ဉာဏ်နဲ့က ဒုက္ခသိတယ် ၊ သိတော့ ဒီဒုက္ခဝဋ်မှ ကျွတ်ရပါလို၏၊ ဘာလှူလှူ ဘာတန်းတန်းပေါ့ဗျာ၊ ဘယ် တော့ ဘုရားရှိခိုး,ရှိခိုး (မှန်လှပါ)၊ ရှိခိုးပြီးသကာလ ဒီဒုက္ခဝဋ်မှ ကျွတ်ရပါလို၏ (မှန်ပါ့)၊ လုပ်ပါ ၊ ၂ နံပါတ်မှ လွတ်ရပါ၏၊ ၂ နံပါတ် ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား)၊ အဲဒါမှ လွတ်ရပါလို၏ဆိုတော့ ပြီးသွားတယ် (မှန်လှပါ)၊ မပြီးဘူးလား (ပြီးပါတယ် ဘုရား)။

ထင်းပြန်ထည့်တဲ့သဘောလား၊ ထင်းသိမ်းတဲ့သဘောလား (ထင်းသိမ်းတဲ့သဘောပါ ဘုရား)။

ကိုင်း ဒါဖြင့် ဦးလှဘူး ကျေနပ်ပလား (ကျေနပ်ပါပြီ)၊ သံသရာမလည်ပါနဲ့ဆိုတာဖြင့် ပေါ်သွားပြီ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

ဝတ္ထုကလေးတစ်ခု ထုတ်ကြစို့

ကိုင်း ဒါဖြင့် ဝတ္ထုကလေးတစ်ခု ထုတ်ကြစို့ ဒကာ ဒကာမတို့နော် (မှန်လှပါ)၊ ဘုရားသခင် ကိုယ်တော် မြတ်ကြီးဟာ သက္ကတိုင်းမှာ သီတင်းသုံးနေတယ်နော် (မှန်လှပါ)။

သက္ကတိုင်းမှာ သီတင်းသုံးပြီးသကာလနေတော့ ရဟန်းက လေးဆယ်ပါးက ခုလိုဝါကျွတ်တဲ့အချိန်မှာ အရှင် ဘုရား တဲ့၊ ပစ္ဆာဘူမကဆိုတဲ့ အရပ်ကို တပည့်တော်တို့ သွားချင်ပါတယ် အဲဒီအရပ်ကို သွားဖို့ရာ ခွင့်ပြုပါ လို့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးကို သူတို့လျှောက်ကြတယ် (မှန်လှပါ)၊ သွားမှာက ပစ္ဆာဘူမကနော် (မှန်လှပါ)၊ ဘုရားက သက္ကတိုင်းမှာ နေတယ် (မှန်ပါ့)။

သူတို့လည်း သက္ကတိုင်းမှာနေရင်း မတ္တနဲ့ ပစ္ဆာဘူမကဆိုတဲ့နေရာကို သွားချင်လို့ ရဟန်းတွေက အရှင်ဘုရား တဲ့ တပည့်တော်တို့ ပစ္ဆာဘူမကကို သွားဖို့ ခွင့်ပြုပါလို့ ဘုရား သွားလျှောက်တယ် (မှန်လှပါ ဘုရား)။

ဘုရား သွားလျှောက်တဲ့အခါကျတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သိတယ်၊ ဪ ဒီရဟန်းတွေ ဟာ ဒုက္ခသစ္စာလည်း မသိသေး၊ သမုဒယသစ္စာလည်း မသိသေးဘူးဆိုပြီးသကာလ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက သူလည်း ညွှန်ပြတော်မူတယ်၊ မင်းတို့ကွာ ပစ္ဆာဘူမက သွားမယ်ဆိုတာ သွားတာပေါ့၊ သို့သော်လည်း မင်းတို့ နောင် တော်ကြီးဖြစ်တဲ့ အရှင်သာရိပုတ္တရာများ ပန်ကြားပြီးကြပလား၊ ဒီလိုမေးလိုက်တယ် (မှန်ပါ့)။

အရှင်သာရိပုတ္တရာ ပန်ကြားပြီးကြပလား

နောင်တော်ကြီးဖြစ်တဲ့ အရှင်သာရိပုတ္တရာ ပန်ကြားပြီးကြပလား (တပည့်တော်တို့ မပန်ကြားရသေးပါ ဘုရား)။

အေး မပန်ကြားရသေးလို့ရှိရင်ကွာ အဲဒီနောင်တော်ကြီးဖြစ်တဲ့ အရှင်သာရိပုတ္တရာဆီ သွားကြကွာ၊ မင်းတို့ အကျိုးအလိုရှိတဲ့အထဲမှာဖြင့် သူဟာ ငါဘုရားအောက် တစ်ယောက်ထဲရှိတယ် (မှန်လှပါ)၊ လူငယ်တွေကို ကောင်းစေချင်တယ်၊ လိမ္မာစေချင်တယ်၊ သွန်သင်ချင်တယ်၊ ပြသချင်တယ် ယဉ်ကျေးစေချင်တယ်၊ နိဗ္ဗာန်ကို မြန်မြန် ကြီး ရောက်စေချင်တဲ့ ဆန္ဒနဲ့ဖြင့် အရှင်သာရိပုတ္တရာဟာ အလွန်ပြင်းပြတဲ့စိတ်ရှိတဲ့ ပုဂ္ဂိုလ်ပဲဟေ့ (မှန်လှပါ ဘုရား)။

ဒါကြောင့် မင်းတို့ နောင်တော်ကြီးဆီ သွားပြီး ပန်ကြားကြကွာ ၊ သူခွင့်ပြုရင် သွားတာပေါ့လို့ ဘုရားက ဟိုဘက်လွဲချတယ် (မှန်လှပါ ဘုရား)။

ဒါနဲ့ အရှင်သာရိပုတ္တရာကလည်း တစ်ခုသောခြုံမှာ မဏ္ဍပ်လုပ်ပြီး တိုင်လေးတိုင်နဲ့ အောက်က သဲတွေခင်း, အုဋ္ဌိတွေကာပြီး ခြုံမဏ္ဍပ်ကြီးတစ်ခု ဦးဘအုန်း လုပ်ထားတယ် (မှန်လှပါ)၊ လုပ်ထားပြီး အဲဒီထဲ သီတင်းသုံးနေတော့ ခုနက သံဃာလေးငါးဆယ်ပါးကလည်း ကြွလာတယ် (မှန်ပါ့)။

အရှင်ဘုရား ၊ ဘုရားတပည့်တော်တို့ လူငယ်တွေဖြစ်တဲ့အတွက် သီတင်းဝါလကျွတ်လို့ ပစ္ဆာဘူမကဆိုတဲ့ အရပ်ကို သွားချင်ပါတယ်၊ အဲဒါကြောင့် တပည့်တော်များကို သွားခွင့်ပြုပါလို့ ရဟန်းများက တောင်းပန်တယ် (မှန် ပါ့)။

အဲဒီတော့ အစဉ်တစိုက် မေးရတာပေါ့ ဦးလှဘူးရဲ့ (မှန်လှပါ ဘုရား)၊ အင်း မင်းတို့ ဘုရားဆီကော တောင်းပန်ပြီးပလား၊ သူ့လက်ထဲကျလို့ရှိရင် မေးရတယ် (မှန်ပါ့)။

ဘုရားဆီလည်း တောင်းပန်ခဲ့ပါပြီ ဘုရား၊ သို့သော်လည်း မင်းတို့ နောင်တော်ကြီးဟာ မင်းတို့ အကျိုး စီးပွား အင်မတန် အလိုရှိတယ်၊ လိမ္မာယဉ်ကျေးအောင် သွန်သင်ဆုံးမတတ်တဲ့ ပုဂ္ဂိုလ်ကြီး တစ်ဦးတစ်ယောက်ဖြစ် တယ် မင်းတို့ ကောင်းကျိုး ဆိုးကျိုးကို သူမှပဲ ကောင်းကျိုး ကယ်တင်ပြီးသကာလ ဆိုးကျိုးပယ်ပေးနိုင်တဲ့ ပုဂ္ဂိုလ်ဖြစ် တယ်၊ အဲဒီသွားကြဆိုတာနဲ့ တပည့်တော်များ အရှင်ဘုရားဆီ လာခဲ့ရပါတယ် (မှန်လှပါ)။

အဲဒီတော့ အရှင်သာရိပုတ္တရာ ရိပ်မိတယ်၊ ဪ ငါ့ကို တရားဟောခိုင်းလိုက်တာပဲ (မှန်လှပါ)။

ငါ့ကို ဒီရဟန်းငယ်တွေအား တရားဟောခိုင်းတာပဲဆိုတာ အရှင်သာရိပုတ္တရာက ရိပ်မိတယ် (မှန်ပါ့ဘုရား)။

ရိပ်မိတော့ အရှင်သာရိပုတ္တရာက မင်းတို့ ပစ္ဆာဘူမက သွားကြမလို့ ၊ အေး ပစ္ဆာဘူမက သွားတဲ့အခါကျလို့ ရှိရင် မင်းတို့ကလည်း ဘုရားထံကသွားကြမှာဖြစ်ပြီးသကလာနေတော့ ဟိုမှာကွာ တဲ့ ဗိမ္ဗိသာရမင်းကြီးတို့ကလည်း ပစ္ဆာဘူမကမှာ ရှိတယ် (မှန်ပါ့)၊ တာရုက္ခပုဏ္ဏားတို့ကလည်း ရှိတယ်၊ စိတ္တ သူကြွယ်တို့ဆိုတဲ့ လူပညာရှိ, ရဟန်းပညာရှိ တွေက ပုံနေတယ် ကွ၊ အဲဒီပစ္ဆာဘူမကမှာ (မှန်လှပါ)။

ဟိုကမေးလိမ့်မယ်

မင်းတို့က ဒီကသွားတဲ့အခါကျတော့ အရှင်ဘုရားများက ဘယ်ကကြွလာသတုံးဆိုတာ မေးမယ် (မှန်ပါ့)၊ ဟာ သက္ကတိုင်း ဘုရားဆီက ကြွလာတယ်ဆိုတာ မင်းတို့ကလည်း ဖြေရလိမ့်မယ် (မှန်ပါ့)၊ ဖြေတော့ ဒီပုဂ္ဂိုလ် တွေကလည်း ဘုရားနဲ့ ဝေးနေတဲ့ပုဂ္ဂိုလ်တွေဖြစ်နေတော့ အရှင်ဘုရားတို့ ၊ ဘုရားသည် ဘယ်ဝါဒ, ဘယ်အယူ ရှိပါလိမ့်မလဲဆိုတာ ရှေးဦးစွာ ကောက်မေးမှာပဲ (မှန်လှပါ)။

ဘယ်ဝါဒရှိပါသတုံးဆိုတာ ကောက်မေးလိမ့်မယ် (မှန်လှပါ ဘုရား)၊ ဘယ်လိုဟောလေ့ရှိသတုံးဆိုတာလည်း မေးလိမ့်မယ် (မှန်လှပါ)။

အဲဒီတော့ မင်းတို့က ဘာမျှမသိဘဲနဲ့ တောင်ဖြေ, မြောက်ဖြေနဲ့ဆိုရင် ဘုရားလည်း မင်းတို့ကြောင့် ဂုဏ်ပျက် ရဦးမယ် (မှန်လှပါ ဘုရား)။

အဲဒါကြောင့် မင်းတို့သည်ကားလို့ဆိုလို့ရှိရင်ဖြင့် တဲ့၊ ဒါတွေ ဘုရားမြင်တော်မူသောကြောင့် ငါ့ဆီ လွှတ် လိုက်တာပဲ (မှန်လှပါ)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

အဲဒီတော့ မင်းတို့ ဟိုမှာ ဗိမ္ဗိသာရမင်းကြီးတို့၊ တာရုက္ခပုဏ္ဏားတို့၊ စိတ္တသူကြွယ်တို့ အမျိုးမျိုး ပညာရှိတွေက မင်းတို့ဘုရားဆီကလာတော့ ဘုရားသည် ဘယ်အယူရှိသတုံး၊ ဘယ်ဝါဒရှိသတုံး (မှန်လှပါ)၊ ဘယ်လိုများ ဟောလေ့ ဆိုလေ့ရှိသတုံးဆိုတာကို မင်းတို့ကိုတော့ မေးတော့မှာပဲ (မှန်လှပါ)။

ရှေးကတော့ ဦးလှဘူးတို့ မောင်ဘသော်တို့က မှတ်ပါ ၊ ဘယ်လိုမှတ်ရမတုံးဆိုတော့ တစ်ရပ်နဲ့တစ်ရပ် ရောက်ဖို့ရာ အတော်သွားရတယ် (သွားရပါတယ် ဘုရား)၊ ယာဉ်တို့ ဘာတို့ဆိုတာ မရှိဘူး၊ လှည်းဆိုတာ တန်းကုန်ပဲ (မှန်လှပါ)။

အဲဒီလိုဖြစ်ပြီးသကာလနေတော့ မရောက်တော့ ရောက်တဲ့ပုဂ္ဂိုလ်ကို ဘုရားဆီက လာတယ်ဆိုရင် အရှင် ဘုရားတို့ ဆရာဘုရားသည် ဘယ်ဝါဒရှိပါသတုံး၊ ဘယ်လိုဟောလေ့ ပြောလေ့ ရှိပါသတုံးဆိုတာ မင်းတို့ကို မေးလိမ့် မယ် (မှန်လှပါ ဘုရား)။

မေးတဲ့အခါကျတော့ မင်းတို့ကလည်း လူငယ်တွေလည်း ဖြစ်ပြန်။ ဒီမှာ ရေရေလယ်လယ် ပေါက်ပေါက်ရောက် ရောက်လည်း မရှိသေးတော့ မင်းတို့ တောင်ဖြေ မြောက်ဖြေနဲ့ ဖြေကြလို့ရှိရင်ဖြင့် ဘုရား စွပ်စွဲရာ ရောက်လိမ့်မယ် (မှန်လှပါ)။

မင်းတို့ ဘယ်လိုဖြေကြမတုံး

အဲဒါကြောင့် မင်းတို့ ဘယ်လိုဖြေကြမတုံး လို့ အရှင်သာရိပုတ္တရာက မေးလိုက်တယ် (မှန်လှပါ)၊ တပည့် တော်များ ဘုရား အဝေးကြီးက လာရတာပဲတဲ့၊ အရှင်ဘုရားများ ပြောမှ ဆို,ဆုံးမမှဘုရား ဘယ်ဝါဒရှိတယ် ဘုရား ဘယ်လိုပြောလေ့ဆိုလေ့ရှိတယ်ဆိုတာ သိရပါမယ် ဘုရား (မှန်လှပါ)။

ကြည့်စမ်း ဒကာ ဒကာမတို့ ဒုံးသမားတွေ (မှန်ပါ့)၊ ဒုံးသမားတွေဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ)၊ ဘုရားနားမှာနေတိုင်းလည်း တော်လှပြီ တန်လှပြီလို့ ဒီလိုသွားအောက်မေ့မနေနဲ့ (မှန်လှပါ)။

အခု ကြည့်စမ်း အရှင်သာရိပုတ္တရာက ဒို့ဘုရား ဘယ်အယူရှိတယ်ဆိုတာ သူတို့မသိတာ သေချာနေတယ် (သေချာနေပါတယ်)၊ ဘယ်လို ဟောလေ့ ပြောလေ့ရှိတယ်ဆိုတာလည်း မသိဘူး (မသိပါ ဘုရား)၊ မသိတာကို သူတို့ ဝန်ခံပြီမဟုတ်လား (ဝန်ခံပါပြီ ဘုရား)။

ဝန်ခံတော့ အရှင်ဘုရား တဲ့ တပည့်တော်များ ဘာမှမသိပါဘူး၊ အရှင်ဘုရားပြောမှ ဆိုဆုံးမမှ သိရမည့် ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်လို့ ရဟန်းတွေက တာဝန်ခံကြတယ် (မှန်လှပါ)။

ရာဂကို ပယ်ခြင်းဝါဒရှိတယ်

ဒါဖြင့်ကွာ တဲ့ ဘုရားဟာ ဘယ်လိုဝါဒရှိသတုံးဆိုတော့ ရာဂကို ပယ်ခြင်းဝါဒရှိတယ်လို့ မင်းတို့ဖြေပါ့တဲ့ (မှန်လှပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ)၊ ဘုရားဝါဒက ဘာတဲ့တုံး (ရာဂကို ပယ်ခြင်းဝါဒရှိပါတယ် ဘုရား)၊ ရာဂကို ကုန်အောင်လုပ်တဲ့အလုပ်ဟာ ဘုရား၏ဝါဒလမ်းစဉ် (မှန်လှပါ ဘုရား)၊ ရာဂကုန်အောင်လုပ်တဲ့အလုပ်ဟာ ဘယ်သူ၏ လမ်းစဉ်ပါလိမ့် (ဘုရား၏လမ်းစဉ်ပါ ဘုရား)။

ကိုင်း ဒကာ ဒကာမတို့ ဘုရားရှေ့ ဆုတောင်းတာက ရာဂနဲ့တောင်းတာ (တောင်းပါတယ် ဘုရား)။

ကဲ ဘုရား၏ဝါဒနဲ့ ညီညွတ်ပါသလား မညီညွတ်ပါသလားဆိုတာကိုလည်း အကဲခတ်ကြည့်ပါ (မညီညွတ် ပါ ဘုရား)၊ ဦးဘအုန်းရေ လုံးဝ, လွဲကုန်ပြီ (မှန်လှပါ)၊ မလွဲသေးဘူးလား (လွဲပါတယ် ဘုရား)။

ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီလို ထိုးထိုးထွင်းထွင်း ပြောတတ်တဲ့ ဆရာသမားနဲ့ မတွေ့လို့ရှိရင်ဖြင့် ဘုရားဝါဒ မဟုတ်တာကိုပင်လျှင် ကိုယ့်ပါးစပ်ထဲက ဘုရားဆီ တောင်းလိမ့်မယ် (တောင်းပါတယ် ဘုရား)။

ရာဂ ဝိနယက္ခာယီ ခေါသတ္ထာ၊ သတ္ထာ=ငါတို့၏ သင်တို့၏ ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည်၊ ရာဂ ဝိနယက္ခာယီ=ရာဂကုန်အောင်ကို ဟောလေ့ရှိ၏ တဲ့ (မှန်ပါ့ ဘုရား)၊ ရာဂကုန်တာကို တစ်ခါတည်း သူလုပ်လေ့ရှိ တယ် (မှန်ပါ့)။

ဘုရား၏ဝါဒ

ဒါဖြင့် ဒကာ ဒကာမတို့ ရာဂကုန်အောင် ကျင့်လေ့ရှိတဲ့ ဝါဒဟာ ကျင့်ရတဲ့ဝါဒဟာဖြင့် ဘုရား၏ဝါဒမှတ်ပါ (မှန်လှပါ ဘုရား)။

လောဘ,ကုန်အောင် ကျင့်တဲ့ဝါဒဟာ (ဘုရား၏ ဝါဒပါဘုရား)၊ ဘုရား၏ဝါဒလို့ မှတ်လိုက်စမ်းပါ (မှန်လှပါ)၊ ရာဂ,ကုန်အောင် ကျင့်တဲ့ဝါဒဟာ (ဘုရား၏ဝါဒပါ ဘုရား)၊ ရာဂကုန်အောင် ဟောလေ့ရှိတဲ့ တရားသည် ဘုရား၏ ဟောလေ့ရှိတဲ့တရား (မှန်လှပါ)၊ ဦးဘအုန်း မှတ်မိပလား (မှတ်မိပါပြီ ဘုရား)၊ ရာဂကုန်အောင် ကျင့်တဲ့အကျင့်ဟာ လည်း ဘုရား၏ ဝါဒ (မှန်ပါ့)၊ ရာဂကုန်အောင် ဟောတဲ့အလေ့ဟာလည်း ဘုရား၏ ဟောလေ့ (မှန်ပါ့)၊ သဘောကျ ပလား (ကျပါပြီ)၊ ဒကာ ဒကာမတွေ နေရာကျပလား (ကျပါပြီ)။

ဘုရားဟာ ဘယ်လိုဝါဒရှိပါလိမ့် (ရာဂ,ကုန်အောင် ကျင့်တဲ့ဝါဒ ရှိပါတယ်ဘုရား)၊ ရာဂ,ကုန်အောင် ကျင့်လေ့ ရှိတယ် (မှန်လှပါ)၊ ဟောတဲ့အခါ သူများဟောပြန်တော့လည်း ဘယ်ဟာဟောလေ့ရှိပါလိမ့် (ရာဂကုန်အောင် ဟော လေ့ရှိပါတယ် ဘုရား)။

ဦးဘအုန်းရေ ၊ ဘုရား၏ ဝါဒလမ်းစဉ်ပဲ (မှန်လှပါ)၊ ခင်ဗျားတို့ အခုအခါမှာသာ ဘယ်သူက ဘယ်ဝါဒ၊ ဘယ်သူက ဘယ်ဝါဒလို့ ဦးဘအုန်း ဆိုနေကြတယ်နော် (မှန်ပါ့)၊ ဘုရားမှာလည်း ဝါဒလမ်းစဉ်ရှိတယ် (မှန်ပါ့)၊ ပေါ် ကြပလား (ပေါ်ပါပြီ)၊ ဘုရားမှာ ဘယ်လိုဝါဒရှိပါလိမ့် (ရာဂကုန်အောင် ကျင့်တဲ့ဝါဒပါ ဘုရား)၊ ရာဂ, ကုန်တဲ့အကျင့် ကို ကျင့်လေ့ရှိတဲ့ ဝါဒဟာဖြင့် ဘုရား၏ဝါဒ (မှန်လှပါ)၊ ဟောလေ့ရှိတာကလည်း သူစကားပြောလာလို့ရှိရင် ရာဂ ကုန်အောင် ဟောလေ့ရှိတဲ့အဟောဟာ ဘုရား၏ ဟောလေ့ပဲ (မှန်ပါ့)၊ ရှင်းပြီ (ရှင်းပါပြီ)။

ဒါဖြင့် ဘုရားရှေ့မှာဖြင့် ဒကာ ဒကာမတို့ ရာဂစကားကိုဖြင့် အသံကောင်းလုပ်ပြီး သကာလ မအော်ကြပါ နဲ့ (မှန်လှပါ)၊ အော်သင့်ပါသလား (မအော်သင့်ပါ ဘုရား)၊ သူ့ဝါဒနဲ့ ညီညွတ်ကဲ့လား (မညီညွတ်ပါ ဘုရား)၊ သူဟော လေ့ရှိတာနဲ့ကော ကိုက်ကဲ့လား (မကိုက်ပါ ဘုရား)၊ ဘယ်ကိုက်တော့မလဲဆိုတာ ဒကာ ဒကာမတွေ သေချာပြီ (သေချာ ပါပြီ)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ သေသေချာချာပဲ ဘုရားသခင်ကိုယ်တော်မြတ်ကြီးဝါဒဟာလည်း သိနေ ပါပြီ ယနေ့ (မှန်လှပါ)၊ ဟောလေ့ရှိတဲ့ တရားကော (သိပါပြီ ဘုရား)။

ရာဂကုန်အောင်ကျင့်တဲ့ အကျင့်သည် ဘုရား၏ ဝါဒအကျင့် (မှန်လှပါ)၊ ရာဂကုန်အောင် ဟောတဲ့အလေ့သည် ဘုရား၏ တရားဟောစဉ် (မှန်လှပါ)၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ ဘယ်နှစ်မျိုးပါလိမ့် (နှစ်မျိုးပါ ဘုရား)။

အဲဒါ မင်းတို့မှတ်ထားလို့ ရဟန်းတွေကို အရှင်သာရိပုတ္တရာက ဖြေလိုက်ပါတယ် ဦးဘအုန်းရ (မှန်လှပါ)၊ ကဲ့ ဦးလှဘူး ရိပ်မိပလား (ရိပ်မိပါပြီ)။

သို့သော် တဲ့ မင်းတို့က ဒီလောက်ကလေးဖြေရုံနဲ့ပဲ မင်းတို့ကို ကျေနပ်မှာမဟုတ်ပါဘူးကွ တဲ့၊ ဗိမ္ဗိသာရ မင်းကြီးတို့၊ တာရုက္ခပုဏ္ဏားတို့၊ စိတ္တသူကြွယ်တို့က ပညာရှိတွေကွ (မှန်လှပါ)၊ မင်းတို့က ဒီလောက်ပြောရုံနဲ့ သူတို့က မကျေနပ်ပေဘူးတဲ့ တစ်ဆင့်တက်ပြီ မေးလိမ့်မယ် (မှန်ပါ့)။

အဘယ်၌စွဲနေတဲ့ ရာဂ

အဘယ်၌ရှိတဲ့ ရာဂကိုကုန်အောင် ကျင့်တဲ့အလေ့လည်း (မှန်ပါ့)၊ အဘယ်၌စွဲနေတဲ့ ရာဂကို ဟောလေ့ရှိတဲ့ အလေ့လည်းဆိုတာလည်း မင်းတို့ကို ဆက်မေးရင် မင်းတို့ ခက်ဦးမယ် (မှန်လှပါ)၊ ရာဂဆိုတာ တစ်ခုခုမှီနေရမယ် (မှန်လှပါ ဘုရား)။

အဲဒါမေးလိုက်ပြန်လို့ရှိရင်လည်း မင်းတို့က တောင်ဖြေ မြောက်ဖြေနဲ့ဆိုရင် ဘုရားစွပ်စွဲရာ ရောက်မယ် (မှန်လှပါ)၊ ကဲ ဒီလိုဖြေကြကွ တဲ့၊ အရှင်သာရိပုတ္တရာက (မှန်လှပါ)၊ ရူပက္ခန္ဓာပေါ်၌ ရှိတဲ့ရာဂကို ကုန်အောင် ကျင့်တဲ့ဝါဒသည် ဘုရား၏ဝါဒ (မှန်လှပါ)၊ ဝေဒနာက္ခန္ဓာပေါ်မှာ ခင်တဲ့ ရာဂကို ကုန်အောင်ကျင့်တဲ့ အလေ့သည် (ဘုရား၏ဝါဒပါ ဘုရား)၊ ဘုရား၏ ဝါဒပဲဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် တိုတိုပြောကြစို့နော် (မှန်ပါ့)၊ ခန္ဓာငါးပါးပေါ်၌ ခင်တွယ်တဲ့ရာဂကို ကုန်အောင်ကျင့်တဲ့ အလေ့အကျင့် ဝါဒဟာဖြင့် ဘုရား၏ဝါဒ (မှန်ပါ့)၊ ခန္ဓာငါးပါးပဲ လာတယ် (မှန်ပါ့)၊ ရိပ်မိကြပလား (ရိပ်မိပါပြီ)၊ ပုစ္ဆာ ဘယ်နှစ်ခု ရှိသွားပြီလဲ ဖြေလိုက်တာ (နှစ်ခုပါ ဘုရား)။

ဒါလောက်နဲ့ကွ တဲ့ မင်းတို့ကို ဟိုက ဗိမ္ဗိသာရမင်းကြီးတို့ ပစ္ဆာဘူမကမှာရှိတဲ့ လူပညာရှိ၊ ရဟန်းပညာရှိ တွေက ဒါလောက်နဲ့ ကျေနပ်ဦးမှာ မဟုတ်သေးဘူးတဲ့ (မှန်လှပါ)။

ဦးဘအုန်းရေ တယ်မြင်ပါကလား (မြင်ပါတယ်)၊ ဒါဟာ ခင်ဗျားတို့ ကျုပ်တို့တွေ့လည်း ဒီကိုယ်တော် ဒီလိုပဲ မေးမှာပဲ (မေးမှာပါပဲ ဘုရား)။

ဒီလိုပဲ ဆင့်ဆင့်ပြီး မေးလိမ့်မယ်ဆိုတဲ့ဥစ္စာဖြင့် ဒါလမ်းစဉ်အတိုင်းလို့ဆိုလို့ရှိရင် မောင်ဘသော် ငြင်းဖို့လိုသေး သလား (မလိုပါ ဘုရား)။

မပယ်ရင် ဘယ်အပြစ်သင့်လို့လဲ

ဒါနဲ့ မင်းတို့ကို ဆက်မေးလိမ့်မယ်တဲ့၊ တကယ်လို့ ရူပက္ခန္ဓာပေါ်၌ ခင်တဲ့ရာဂကို ပယ်ပါပြီ၊ ခန္ဓာငါးပါးရှိတဲ့ ရာဂကို ပယ်ပါပြီ၊ မပယ်ရင် ဘယ်အပြစ်သင့်လို့လဲဆိုတာ ကောက်မေးမယ် (မှန်လှပါ ဘုရာ)။

ဟိုက လူပညာရှိ, ရဟန်းပညာရှိတွေက ခန္ဓာငါးပါးမှာရှိတဲ့ ရာဂကို မပယ်ရင် ဘယ်အပြစ်သင့်မတုံးဆိုလို့ ရှိရင်လည်း မင်းတို့ကို မေးလိမ့်ဦးမယ်တဲ့ (မှန်လှပါ)။

သုံးချက်ရှိသွားပြီ (မှန်ပါ့ သုံးချက်ရှိသွားပါပြီ)၊ ခန္ဓာငါးပါးကို ခင်တွယ်တဲ့ ရာဂကိုမပယ်ရင် ဘယ်အပြစ်သင့် မတုံးဆိုတာလည်း မင်းတို့ကို မေးလိမ့်ဦးမယ်တဲ့၊ မင်းတို့ကလည်း မဖြေတတ်ဘူးဆိုလို့ရှိရင် တောင်ဖြေ-မြောက်ဖြေနဲ့ ဆိုရင်ဖြင့် ဘုရားအာဘော်လည်း မကျဘဲနဲ့ မင်းတို့ဘုရားကို စွပ်စွဲရာရောက်မယ်တဲ့ (မှန်လှပါ ဘုရား)။

ဒါကြောင့် တရားဟောတယ်ဆိုတာ လွယ်တာမဟုတ်ဘူး (မလွယ်ပါ ဘုရား)၊ တရားဟောမှားရင် ဘုရားစွပ်စွဲ တာပဲ (မှန်လှပါ)၊ တရားဟောမှားရင် (ဘုရားစွပ်စွဲတာပါ)။

ဘုရားစွပ်စွဲတာပဲဆိုတော့ မသိရင် ဒကာ ဒကာမတွေ ကိုယ့်ဟာကိုယ်သာ ဝမ်းထဲက ကိုယ်သိတာကလေး ကိုယ်ကျင့် သူတစ်ပါးကို သွားဟောမနေနဲ့၊ ဘုရားအာဘော် မကျရင် ဘုရား စွပ်စွဲတာပဲ (မှန်လှပါ)၊ ရှင်းပါလား (ရှင်းပါပြီ)။

ရူပက္ခန္ဓာ အစရှိသော ခန္ဓာငါးပါးအပေါ်၌ ခင်တဲ့ ရာဂကို မပယ်ရင် ဘယ်အပြစ်သင့်မတုံးဆိုတာ မင်းတို့ကို မေးလိမ့်မယ်တဲ့ (မှန်လှပါ ဘုရား)။

အဲဒီတော့ ဒီလိုဖြေကြကွ ၊ အကယ်၍တဲ့ ဒကာ ဒကာမတို့ ဒါက ရုပ်, ဝေဒနာ, သညာ, သင်္ခါရဆိုပါတော့၊ ဒီအပေါ်မှာ ခင်တဲ့ရာဂ မပယ်လို့ရှိရင် တဏှာ ဥပါဒါန် ကံတွေ မလာပေဘူးလား (လာပါတယ် ဘုရား)၊ လာရင် သောက, ပရိဒေဝ, ဒုက္ခ, ဒေါမနဿတွေကော (လာပါတယ် ဘုရား)၊ မပယ်လို့ သောက, ပရိဒေဝ, ဒုက္ခ ဒေါမနဿ တွေလာတာ (မှန်ပါ့ဘုရား)။

ဒီအပေါ်မှာ ခင်တွယ်တဲ့ တဏှာ ရာဂကို မပယ်လိုက်တဲ့အတွက် တဲ့၊ တဏှာ ဥပါဒါန် ကံတွေပေါ့ဗျာ (မှန်ပါ့)၊ မပယ်လိုက်တော့ ဒကာ ဒကာမတို့ ဒီရူပက္ခန္ဓာက ဖောက်ပြန်ပျက်စီးသွားတဲ့အခါကျတော့ မပယ်တဲ့ပုဂ္ဂိုလ်မှာ သောက, ပရိဒေဝ, ဒုက္ခ, ဒေါမနဿ လာမယ် (မှန်လှပါ ဘုရား)၊ မလာပေဘူးလား (လာပါတယ် ဘုရား)။

ကြည့်ပါ ခင်ဗျားတို့ သားမယားသေလို့ တချို့ငိုကြတာတွေဟာ ဘာထင်ကြသတုံး (သောက ပရိဒေဝတွေ လာတာပါ)၊ သားမယားကို ရာဂနဲ့ခင်နေလို့ (မှန်လှပါ)၊ နောက်ဆုံးပိတ် ဘာအမွေရလိုက်သလဲ (သောက ပရိဒေဝပါ ဘုရား)၊ သောက, ပရိဒေဝ, ဒုက္ခ, ဒေါမနဿ အမွေတွေရတယ် (မှန်လှပါ ဘုရား)။

ခန္ဓာငါးပါး ခင်နေလို့

ဘာဖြစ်လို့တုံး မေးတဲ့အခါကျတော့ ခန္ဓာငါးပါး ခင်နေလို့ (မှန်လှပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ ခန္ဓာငါးပါးခင်နေလို့ ဘာတွေများ ရလိုက်ပါလိမ့် (သောကပရိဒေဝ ဒုက္ခ ဒေါမနဿတွေ ရပါတယ်ဘုရား)။

အဲ အဲဒီ အပြစ်သင့်တယ်ဆိုတာ မင်းတို့က ပြောတဲ့ (မှန်လှပါ ဘုရား)၊ ခန္ဓာငါးပါးခင်လို့ရှိရင်ဖြင့် အပြစ် သင့်တယ်လို့ မင်းတို့ဟောတဲ့ဥစ္စာ ဘာတုံးမသိဘဲ နေမှာစိုးလို့ ခန္ဓာငါးပါးမှာပဲ အပြစ်ရှိတယ် (မှန်ပါ့)။

တဏှာ ရာဂနဲ့ ခင်နေတဲ့ ပုဂ္ဂိုလ်များမှာ နောက်ဆုံးပိတ် သောက ပရိဒေဝ ဒုက္ခ ဒေါမနဿလာမယ် (လာပါ မယ်)၊ အခု ကြည့်စမ်းပါလား ဒကာ ဒကာမတို့ အိမ်ထောင်ရတာ ကြပ်လို့နော် (မှန်ပါ့)၊ လင်သွားရင် မယားက စိတ် မချဘူး (စိတ်မချပါ)၊ သောက ပရိဒေဝ ကျန်နေတယ် (မှန်ပါ့ ဘုရား)၊ မယားသွားလို့ရှိရင် ယောကျ်ားက (စိတ်မချ ပါ)၊ အချိန်လွန်ရင် သာဆိုးတယ် (ဆိုးပါတယ် ဘုရား)။

ဟ ဘာဖြစ်ကြတာတုံး မေးတော့မှ ဟိုပေါ်မှာ ခင်နေလို့ ခန္ဓာငါးပါးခင်နေလို့ (မှန်လှပါ)၊ သောက ပရိ ဒေဝ ဒုက္ခ ဒေါမနဿတွေ ချက်ကောင်းမှ ပေါ်တယ် (မှန်ပါ့)၊ မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)၊ အင်း သမီးကလေး သွားတယ်၊ အဖော်နဲ့ပဲ သွားတာပါပဲ၊ ဒီအချိန်ကျအောင် မလာသေးဘူးဆိုရင် ဘယ့်နှယ်ဖြစ်သလဲ (သောက ပရိဒေဝ ဒုက္ခ ဒေါမနဿဖြစ်ပါတယ်)၊ ဘာဖြစ်လို့တုံး (ခန္ဓာငါးပါးမို့ပါ)။

အဲ ခန္ဓာငါးပါးအပေါ် ရာဂမစွန့်ရင် ဒီအပြစ်သင့်တယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)၊ ခန္ဓာငါးပါးအပေါ်၌ ခင်တဲ့ ရာဂ မစွန့်ရင် (ဒီအပြစ်သင့်ပါတယ် ဘုရား)။

ဒီအပြစ်သင့်တယ်ဆိုတာ ဘာပါလိမ့် (သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဖြစ်တာပါ)၊ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသ အဝိဇ္ဇာကျအောင် ဆက်တယ် (မှန်ပါ့)၊ ဘယ်လောက်ဆိုးသွားသလဲ (မှန်ပါ့ ဘုရား)။

ရာဂမစွန့်လို့ရှိရင် ဘယ်အပြစ်သင့်သတုံး

ဒကာ ဒကာမတို့ ခန္ဓာငါးပါးခင်တဲ့ ရာဂမစွန့်လို့ရှိရင် ဘယ်အပြစ်သင့်သတုံးလို့ မေးတဲ့အခါကျတော့ လင်သွား မယားစိတ်ကူးတာ အကဲခတ် (မှန်ပါ့)၊ မယားသွားလို့ရှိရင် လင့်စိတ်ကူး ဘယ်လိုဖြစ်နေတယ်ဆိုတာသာ အကဲခတ် (မှန်ပါ့)၊ သားသွားလို့ရှိရင် အမေ-အဖေ့စိတ်ကူး ဘယ်လိုဖြစ်နေတယ်ဆိုတာ အကဲခတ် (မှန်ပါ့)၊ သမီးသွားလို့ရှိရင် အမေ-အဖေ့စိတ်ထဲ ဘယ်လိုဖြစ်နေတယ်ဆိုတာ အကဲခတ် (မှန်ပါ့ ဘုရား)။

အကဲခတ်လိုက်တော့ ဘာတွေချည်းပေါ်လာသလဲ (သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသ အဝိဇ္ဇာ ပေါ်လာပါတယ်)၊ သွားပြီပေါ့ မောင်ဘသော်ရာ (မှန်ပါ့)၊ မလာဘူးလား လာသလား (လာပါတယ် ဘုရား)၊ ဦးဘအုန်း မပေါ်သေးဘူးလား (ပေါ်ပါတယ် ဘုရား)၊ ဦးလှဘူး ပေါ်ပလား (ပေါ်ပါပြီ ဘုရား)၊ ပေါ်ပြီ တဲ့၊ ဒါနဲ့ တစ်ခါစဉ်းစား ပါဦး ကိုယ်က သူတို့သွားလို့ သောကပရိဒေဝ ဒေါမနဿက နောက်ကဖြစ်တာ (မှန်ပါ့)၊ ဟိုကိုသွားတဲ့ပုဂ္ဂိုလ်ကလည်း ဒီအချိန်ကျရင် မျှော်ရှာရော့မယ်ဆိုပြီး သောက ပရိဒေဝ ဟိုကလည်း ရှိလျက်ပဲ (ရှိလျက်ပါပဲ ဘုရား)။

အံမာလေး ခင်ဗျားတို့ဟာ မီးကို တစ်ခါတည်း ဟုန်းဟုန်းတောက်နေတယ် (တောက်နေပါတယ် ဘုရား)၊ တစ်ခါတည်းတောက်ပဲ၊ ဟိုကကော (တောက်ပါတယ် ဘုရား)၊ မြင်တော့မှ အေးသွားတော့တယ် (မှန်ပါ့)၊ မြင်တော့ လည်း ဘာတဲ့ (အေးသွားပါတယ် ဘုရား)။

ဟ ဘာ အေးသွားတာတုံးဆိုတော့ ခုနက မီးပူလောင်တာ (မှန်ပါ့)၊ ယခုတော့ မီးအေးလောင်တာ (မှန် လှပါ ဘုရား)၊ ဘယ်ဟာကြိုက်သတုံး ခင်ဗျားတို့ (ဘယ်ဟာမှ မကြိုက်ပါ ဘုရား)။

ဪ ခက်ပြီပေါ့ ခင်ဗျားတို့ဥစ္စာ အကောင်းက တစ်ခုမှ မလာဘူးဆိုတာ ရိပ်မိကြပလား (ရိပ်မိပါပြီ)၊ အင်း နင်တို့ကို မျှော်လိုက်ရတာကြာလှပြီ၊ ဒို့မှာဖြင့် ရင်တမမနဲ့တောင် ပြောသေးတယ် (ပြောပါတယ် ဘုရား)။

ဘာဖြစ်နေတာတုံး ဒီရင်မ ရတာက၊ ရင်က နဂိုကအောက်ကျသွားလို့လား (မဟုတ်ပါ ဘုရား)၊ ဘယ့်နှယ် ကြောင့် မရတာတုံး (သောကပရိဒေဝ ဒုက္ခ ဒေါနဿကြောင့်ပါ ဘုရား)။

ဘာမှမဟုတ်ဘူး၊ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဖြစ်နေတာ (မှန်လှပါ ဘုရား)၊ ရိပ်မိပလား (ရိပ်မိပါပြီ)။

ဒါဘယ့်နှယ်ကြောင့်တုံး (ခန္ဓာငါးပါးခင်လို့ပါ ဘုရား)၊ ခန္ဓာငါးပါးခင်မိလို့ ဘာတုံး အပြစ်သင့်တယ် (မှန်ပါ့)၊ ခန္ဓာငါးပါးကို (ခင်မိလို့ အပြစ်သင့်ပါတယ် ဘုရား)၊ ခန္ဓာငါးပါးခင်မိလို့ ဦးဘအုန်းရေ အပြစ်သင့်ပြီ (မှန်ပါ့)၊ ကိုယ်နဲ့ မဆိုင်တဲ့အိမ်က ဟိုဘက်အိမ်က သွားတယ်၊ ဒီမှာတော့ ဘာမှမဖြစ်ဘူး (မဖြစ်ပါ ဘုရား)၊ ဖြစ်သေးရဲ့လား (မဖြစ်ပါ ဘုရား)။

အင်း ခုထက်ထိ ဟိုအိမ်ကလူ မပြန်လာသေးဘူးလို့ မစဉ်းစားပါဘူး (မှန်ပါ့)၊ ပြန်လာတော့လည်း သူ့ ဟာသူ ပြန်လာတာ ကျုပ်တို့နဲ့ ဘာဆိုင်လို့တုံး (မှန်လှပါ)။

အဲ မခင်တော့ ဘာမှမဖြစ်ဘူး (မဖြစ်ပါ ဘုရား)၊ ဖြစ်သေးသလား (မဖြစ်ပါ ဘုရား)။

အံမာလေး အခုတော့ ဒကာ ဒကာမတွေကဖြင့် သမီးကလေးသွားလို့ရှိရင်လည်း ဒီအချိန်ကျအောင် မပြန်လာသေးလို့ရှိရင်ဖြင့် ဒီက ဘာဖြစ်ကြသလဲ (သောက ပရိဒေဝ ဒုက္ခ ဒေါမနဿဖြစ်ပါတယ် ဘုရား)။

သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ အဝိဇ္ဇာ သင်္ခါရ

အဲဒါ ခန္ဓာငါးပါးခင်လို့ အပြစ်သင့်တာနော် (မှန်လှပါ)၊ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ အဝိဇ္ဇာ သင်္ခါရ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)၊ ဘာဖြစ်လို့ ဒါတွေပေါ်ရပါလိမ့် (ခန္ဓာငါးပါးခင်မိလို့ပါ ဘုရား)၊ ရှင်းပြီနော် (ရှင်းပါ ပြီ)။

ဒါဖြင့် ခင်နေသ၍ဖြင့် ဒီအပြစ်သင့်ရမယ် (မှန်ပါ့)၊ ခင်တဲ့ပုဂ္ဂိုလ်မှာ (ဒီအပြစ်သင့်ရပါမယ် ဘုရား)။

အဲဒါ ဒကာ ဒကာမတွေက ခင်ဗျားတို့က လောကွတ်သိပ်ချော်မနေနဲ့ (မှန်လှပါ)၊ ခင်ဗျားတို့ကလည်း အင်မတန် မျက်နှာချိုသွေးပြီး ဒီလောကွတ်ကို ချော်လေ့ရှိတယ် (မှန်ပါ့)၊ ဘယ်လိုချော်လေ့ရှိသတုံး ကျုပ်တို့ခင်တတ်တယ်နော် မျက်စိမျက်နှာမှတ်ထား၊ လမ်းတွေ့လိုတောင်မခေါ်ရင် စိမ်းတယ်လို့ မထင်နဲ့ (မှန်ပါ့)။

အံမာလေး ခင်တတ်တယ်တဲ့ (မှန်ပါ့)၊ ဘယ့်နှယ်ဖြစ်တာတုံး (ခန္ဓာလောဘပါ)၊ ဘာဖြစ်ချင်လို့တုံး (သောက ပရိဒေဝ ဒုက္ခ ဒေါမနဿဖြစ်တာပါ)၊ ဒီအိမ်တွင်ဖြစ်ရတဲ့ သောကနည်းသေးတယ်ထင်လို့ (မှန်ပါ့)၊ အဝေးမိတ်ဆွေ တွေနဲ့လည်း ဘာဖြစ်ချင်သေးသတုံး (သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသဖြစ်ချင်သေးလို့ပါ ဘုရား)။

ဪ မီးမလောင်ရလို့ရှိရင် သူ့စိတ်ထဲ မကျေနပ်ဘူး (မှန်ပါ့)၊ မီးမလောင်ရလို့ရှိရင် (သူ့စိတ်ထဲ မကျေနပ် ပါဘုရား)၊ ဒီလောက်ရူးတာများ မောင်ဘသော် ငါကိုယ်တိုင်ပဲလို့ ဆိုရဲရဲ့လား (ဆိုရဲပါတယ် ဘုရား)၊ တော်သေးတယ်၊ ဒါကို မင်းဆိုရဲလို့ (မှန်လှပါ)၊ တော်တော်သေးတယ်ကွာ (မှန်လှပါ)။

ကဲ ငယ်ရာက ကြီးလာတော့ ဒီအဖြစ်တွေကတော့ဖြင့် သူများတွေ့လား ကိုယ်တွေ့လား (ကိုယ်တွေ့ပါ ဘုရား)။

အေး ဒါ ဘာဖြစ်လို့ တွေ့ရပါလိမ့် (ခန္ဓာငါးပါး ခင်မိလို့ပါ ဘုရား)၊ ခန္ဓာငါးပါး ခင်မိလို့၊ ကိုယ့်ခန္ဓာခင် လည်း ဒီအတိုင်းလာမှာပဲ၊ သူများခန္ဓာခင်လည်း (ဒီအတိုင်းလာမှာပါပဲ ဘုရား)။

ဒါဖြင့် ဘုရားက ဒီခင်တဲ့ ရာဂပယ်ဖို့ရာ ဝါဒသူ့ဝါဒပါပဲ (မှန်ပါ့)၊ တယ်ကောင်းတဲ့ ဝါဒပါလား (ကောင်း ပါတယ် ဘုရား)၊ ဘုရားဝါဒ ခင်ဗျားတို့ သိပလား (သိပါပြီ ဘုရား)။

ကဲ ဒါဖြင့် ဘုရားဝါဒက ဘာတဲ့ဗျာ (ခန္ဓာငါးပါးခင်တဲ့ ရာဂပယ်ရတဲ့ ဝါဒပါ)၊ ခန္ဓာငါးပါးခင်တဲ့ ရာဂကို ပယ်တဲ့ဝါဒဟာ ဘုရားဝါဒ (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အံမာလေး ဒို့ဘုရား ဘယ်ဝါဒရှိပါလိမ့်မလဲလို့ မသိဘူး ခင်ဗျားတို့ ခက်လိုက်တာ (မှန်ပါ့)၊ ဒို့ဘုရားသည် ကားလို့ဆိုရင် ဘယ်ဝါဒရှိတယ်လို့ ခေတ်နဲ့လိုက်ပြီးသကာလ ဦးလှဘူး မတွေးမိဘူး (မတွေးမိပါ ဘုရား)၊ အခုတော့ တွေးမိပါပြီ (တွေးမိပါပြီ ဘုရား)၊ ဘုရား၏ဝါဒက ဘာတဲ့ (ခန္ဓာငါးပါးခင်တဲ့ ရာဂကို ပါယ်တဲ့ဝါဒပါ ဘုရား)။

ခန္ဓာငါးပါး ခင်တွယ်တဲ့ရာဂကို ပယ်တဲ့ဝါဒ (မှန်ပါ့)၊ ဘယ်သူ့ဝါဒလဲ (ဘုရားဝါဒပါ ဘုရား)၊ သူများဟောပြန် တော့လည်း ရာဂပယ်ဖို့ပဲ ဟောလေ့ရှိတယ် (ဟောလေ့ရှိပါတယ် ဘုရား)၊ ရိပ်မိပလား (ရိပ်မိပါပြီ)။

ဒီကတည်းက မောင်ဘသော်တို့ ဦးလှဘူးတို့ ဒီဘုရားနဲ့ တည့်ဖို့ မြင်သေးရဲ့လား (အရင်ကတော့ မမြင်ခဲ့ပါ ဘုရား)၊ အရင်ကတော့ မမြင်ဘူး၊ အခုတော့ ခပ်စမ်းစမ်းရှိလေသလား လုပ်ကြပါတော့ ဒီဥစ္စာ တစ်ခါတည်း သောက ပရိဒေဝ ဒုက္ခ ဒေါမနဿဟာ ခင်မှုက လာတာဆိုတာ သေချာပြီ (သေချာပါပြီ)၊ မလာဘူးလား (လာပါတယ် ဘုရား)။

မတော် မရော်တာတွေနဲ့ မပေါင်းပါနဲ့

အဲဒီတော့ကို တဲ့ အမေ အဖေများက မီးတောက်အောင် မလုပ်ပါနဲ့တဲ့၊ သမီးတွေ သားတွေကို ဆုံးမတယ်၊ အမေ အဖေတွေက (မှန်ပါ့)၊ ကြောက်လွန်းလို့ (မှန်ပါ့)၊ ဒို့များ စိတ်ဆင်းရဲရအောင် တစ်ခါတည်း နင်တို့သည်ကားလို့ ဆိုလို့ရှိရင် မတော် မရော်တာတွေနဲ့ မပေါင်းပါနဲ့၊ မသင်းပါနဲ့၊ မပြောမဆိုဘဲနဲ့ ဘာမှမလုပ်ပါနဲ့၊ ကိုယ် သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဖြစ်ရမှာ ကြောက်လွန်းလို့ (မှန်လှပါ)။

ဘယ်ကြောက်ရမှာတုံး၊ ခင်နေကတည်းက မကြောက်ဘူး (မကြောက်ပါ ဘုရား)၊ ခင်နေကတည်းက ဘာတုံး (မကြောက်ပါ ဘုရား)။

ဒါဖြင့် သူပြောတာကတစ်မျိုး (တစ်မျိုးပါ)၊ ဒကာ ဒကာမတို့ ခင်ဗျားတို့ ပြောတာက တစ်မျိုး (တစ်မျိုးပါ ဘုရား)၊ အဲ သိသိသာသာ ပြောပြောဆိုဆိုနဲ့ လုပ်ကြပါ၊ ကိုင်ကြပါ (မှန်လှပါ)၊ ဒါက ခင်လို့ပြောတာလား မခင်လို့ ပြောတာလား (ခင်လို့ပြောတာပါ ဘုရား)၊ ဟာ ခင်ရင် လာရမယ် စိတ်ချ (မှန်ပါ့ ဘုရား)၊ ခင်ရင် ဘာ ဖြစ်သတုံး (လာရမှာပါ ဘုရား)၊ သော, ပရိဒေဝ, ဒုက္ခ, ဒေါမနဿ လာရမယ် (မှန်ပါ ဘုရား)။

အဲဒါ နင်တို့များ အကျိုးအကြောင်း သိပြီးသကာလ ငါတို့လူကြီးမို့ အမေမိဘဆိုတဲ့ဥစ္စာ အင်မတန် စိုးရိမ် တတ်တယ်ဆိုတဲ့ဥစ္စာ နင်တို့မသိဘူးလား (မှန်လှပါ ဘုရား)၊ မခင်ရင် ဒီစကားမထွက်ဘူး (မထွက်ပါ ဘုရား)။

ကလေးက မလိမ္မာလို့ ခင်ရင် ဖြစ်ရမယ်လို့ ပြန်ပြောရင် အေးသွားမယ် (မှန်ပါ့)၊ မဟုတ်ဘူးလား (မှန်ပါ့)၊ အခုတော့ လူကြီးက ဖာတာ ထေးတာနဲ့ ဒီလိုလုပ်နေတော့ လူကြီးက ပိုမိုက်နေတာ (မှန်လှပါ)၊ သဘောကျပလား (ကျပါပြီ)။

ပြီးတော့မှ ခင်ဗျားတို့က ကလေးများ မိုက်လိုက်တာ ဒီက ဘယ်လိုမျှော်လိမ့်မယ်လို့ မသိဘူး၊ ခုထက်ထိ မပြန်လာသေးဘူး (မှန်ပါ့)၊ ကလေးများ တယ်မိုက်တာပဲ (မှန်ပါ့)။

ကိုယ်မိုက်တာက စောနေတယ်

အင်း ကိုယ်မိုက်တာက စောနေတယ် (စောနေပါတယ် ဘုရား)၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ ဘယ်သူက စောပါလိမ့် (ကိုယ်မိုက်တာက စောပါတယ် ဘုရား)။

ဟိုကဖြင့် ဘာမှ မသိရှာဘူး၊ ကိုယ်က အမိုက်စောနေတယ် (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)၊ ဦးလှဘူး ရေ ကလေးနဲ့လူကြီး ဘယ်သူက ပိုမိုက်သလဲ (လူကြီးက ပိုမိုက်ပါတယ် ဘုရား)။

ပြောသားပဲဗျ၊ လူကြီးဆိုတာ အမျှော်အမြင်နဲ့ အလွန်စိုးရိမ်တတ်တယ် (မှန်ပါ့)၊ ကလေးက အမျှော်အမြင် ရှိတာ မဟုတ်ဘူးဆိုတော့ သူက ရှေ့လှမ်းပြီး မိုက်ထားတယ် (မှန်လှပါ)၊ ကလေးက မိုက်ရသေးတာ မဟုတ်ဘူး (မမိုက်ရသေးပါ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ဦးလှဘူး လူကြီးနဲ့ကလေး ဘယ်ဟာက စောသလဲ (လူကြီးက စောပါတယ် ဘုရား)၊ အမိုက်စောတယ် (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ)။

အံမာလေး ဒကာ ဒကာမတွေ စောင်းပြောနေတယ် အောက်မေ့မနေနဲ့နော်၊ ကိုယ်တွေ့နော် (မှန်ပါ့ ဘုရား)၊ စောင်းပြောတာ မဟုတ်ဘူး (မှန်ပါ့ ဘုရား)၊ ခင်ဗျားတို့ကိုယ်က ဒီအတိုင်းကိုဖြစ်နေတာ (မှန်ပါ့)၊ ခင်ဗျားတို့ ညည်းပုံထဲပါပြီးသား မဟုတ်လား (ပါပါတယ် ဘုရား)။

မောင်ဘသော် မင်းတို့ ညည်းပုံထဲ မပါဘူးလား (ပါပါတယ် ဘုရား)၊ ကလေးတွေဟာ တယ်ခက်တယ် ဆိုသွား ပြီ၊ ဒါကို သူ ပူပင်လို့ ပြောလာတာ (မှန်ပါ့)၊ ခုထက်ထိ ဒီအချိန် ဒီနာရီကျအောင် မပြန်လာဘူး၊ သူတို့က သိပ်မိုက် တယ်ဆိုတော့ ဒီပြောတဲ့အချိန်မှာ ကိုယ်က မိုက်ပြီးပြီ (မိုက်ပြီးပါပြီ)၊ သောက ပရိဒေဝဖြစ်ပြီးပြီ (ဖြစ်ပြီးပါပြီ)၊ မဖြစ် သေးဘူးလား (ဖြစ်ပါတယ် ဘုရား)။

ဒါဖြင့် ကလေးမိုက်တယ်ဆိုတာ ဖြစ်ပြီးမှ ထွက်တဲ့အသံလား မဖြစ်ခင်က ထွက်တဲ့အသံလား (ဖြစ်ပြီးမှ ထွက် တဲ့အသံပါ ဘုရား)၊ မိုက်ပြီမှ ထွက်တဲ့အသံဆိုတာ ရိပ်မိပလား (ရိပ်မိပါတယ်)။

အဲဒါ ဘယ်ကလာတာတုံးဆိုတော့ ရာဂမပယ်နိုင်လို့ မိုက်သံထွက်လာတာ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)၊ ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ ဖုံးသ၍ ဖိသ၍ဖြင့် ဘုရားဟောတော်မူတဲ့ တရားနဲ့ ပေါ်ကုန်ပြီ (ပေါ်ကုန်ပါပြီ ဘုရား)၊ ကလေးက စမိုက်သလား လူကြီးက စမိုက်သလားဆိုတာ ဦးဘအုန်း ဆုံးဖြတ်ချက်ချပါ (လူကြီးက စမိုက်ပါ တယ် ဘုရား)။

ဟာ ဦးလှဘူး ခက်ကုန်ပြီ (မှန်ပါ့)၊ ဒီတရားပွဲ အတော်ခက်နေပြီ ဒကာ ဒကာမတို့ (မှန်ပါ့)၊ အင်မတန် ခက်နေပြီဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ)။

ဒါဖြင့် ဒကာ ဒကာမတို့ အဲဒါ ဘယ်ကလာတာတုံးဆိုတော့ လူကြီးမှာ သားသမီး ခန္ဓာငါးပါး ခင်မှုကြောင့် (မှန်ပါ့)၊ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ရောက်တဲ့အပြစ်သင့်တယ်ဆိုတာ သေချာပလား (သေချာပါပြီ)။

ဒါဖြင့် သောက ပရိဒေဝ ဒုက္ခ ဒေါမနဿဆိုတာ အပြစ်မသင့်ခင် မခင်နဲ့ (မှန်လှပါ)၊ မခင်ရင်(အပြစ်မသင့် ပါ ဘုရား)၊ မခင်ပဲကလည်း (မနေနိုင်ပါ)၊ ဒါဖြင့် အပြစ်တော့ သင့်ဖို့ပဲ (မှန်လှပါ)၊ သဘောကျပလား (ကျပါပြီ)၊ အင်မတန် ကြောက်စရာမကောင်းဘူးလား (ကောင်းပါတယ် ဘုရား)။

ကိုင်း နာရီစေ့ပြီး နက်ဖြန်မှ ဆက်ကြဦးစို့။

သာဓု သာဓု သာဓု။