10707

မာတိကာသို့

ရှေ့နှင့်နောက် ခွဲခြားသော ပဋိစ္စသမုပ္ပါဒ်တရားတော် (၁၇)

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့ မင်္ဂလာရိပ်သာဓမ္မာရုံ၌

ဟောကြားတော်မူသော

ရှေ့နှင့်နောက် ခွဲခြားသော

ပဋိစ္စသမုပ္ပါဒ်တရားတော် (၁၇)

(၈-၁၂-၆၁)

မိမိခန္ဓာ ဖြစ်စဉ်

ဒကာ ဒကာမတို့ ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်းကြီးဟာ ဒကာကြွယ်တို့ တခြားက ပစ္စည်းလား၊ မိမိခန္ဓာ ဖြစ်စဉ်လားဆို တာ အကဲခတ်ပါနော် (မိမိခန္ဓာ ဖြစ်စဉ်ပါ ဘုရား)။

မိမိခန္ဓာ အတိတ်က ဖြစ်ခဲ့ပုံ၊ ယခုဖြစ်နေပုံ ယခုမနေတတ် မထိုင်တတ်လို့ တတိယအကွက်ကူးပုံ၊ တတိယကွက် ကူးလို့ သေသည်၏အခြားမဲ့၌ စိတ်မချရပုံ ဤလေးမျိုးပြတယ် (မှန်လှပါ ဘုရား)။

ဒါဖြင့် ၁-နံပါတ် ကတော့ဖြင့် ဒကာ ဒကာမတို့ အတိတ်က မသိမှုတွေကြောင့် အတိတ်က ဒကာ ဒကာမတွေ မှာ ဆရာကောင်း၊ သမားကောင်း မတွေ့ခဲ့ဘူး။ ထိုကဲ့သို့ မတွေ့ခဲ့တော့ကို မသိမှုတွေက များတယ် (မှန်လှပါ ဘုရား)။

မသိမှုတွေက များခဲ့တော့ ကုသိုလ် ပြုပြန်လည်း ခန္ဓာရဖို့ (မှန်လှပါ) သီလဆောက်တည်ပြန်လည်း (ခန္ဓာရဖို့ပါ ဘုရား)။

ခန္ဓာရဖို့ဆိုတော့ ဟုတ်တယ် မဟုတ်တယ် ဒီ ပဋိစ္စသမုပ္ပါဒ် ကြည့်လိုက်တော့ ကိုယ့်ခန္ဓာဟာ ၂-နံပါတ်ထဲမှာ ဆိုတာ မသိရဘူးလား (သိရပါတယ် ဘုရား)။

အခု ဒီတရားနာနေကြတဲ့ ဒကာ ဒကာမတွေ ခန္ဓာဟာ နံပါတ် ၁-လား၊ နံပါတ် ၂-လာား၊ ဒီစက်ဝိုင်းကြည့်လိုက် တာပေါ့ (နံပါတ် ၂-ပါ ဘုရား)။

ဒါဖြင့် ဒို့သည် ရှေးဘဝက သိခဲ့သလား၊ မသိခဲ့ဘူးလားဆိုတဲ့ဥစ္စာ ဒီခန္ဓာက သက်သေခံတယ် (မှန်လှပါ ဘုရား) ၂-နံပါတ်က သက်သေပဲ၊ ၂-နံပါတ်က ခန္ဓာက ဒုက္ခသစ္စာ (မှန်လှပါ)။

ဒုက္ခသစ္စာကြီး ရထားတာကို ထောက်သဖြင့် ဪ ရှေးတုန်းက မသိသလိုလှူခဲ့၊ မသိသလို အကုသိုလ် တွေ ပြုခဲ့တဲ့အတွက် မသိသလို ဆုတောင်းမှားတွေကြောင့် အခု ၂-နံပါတ်ထဲမှာဖြင့် ဒုက္ခသစ္စာကြီးကို မောင်ဘသော် တို့၊ ဒကာကြွယ်တို့၊ ဦးလှဘူးတို့ ရနေကြတယ် (မှန်လှပါ ဘုရား)။

မသိသလို ပြုခဲ့လို့ ရတာလား

အခု ဘာသစ္စာရကြသလဲ (ဒုက္ခသစ္စာရပါတယ် ဘုရား) ရချင်လို့ ရတာလား၊ မသိသလို ပြုခဲ့လို့ ရတာလား (မသိသလို ပြုခဲ့လို့ရတာပါ ဘုရား) မသိသလို ပြုတာက နံပါတ်ဘယ်လောက်ပါလိမ့် (နံပါတ် ၁-ပါ ဘုရား) ရထားတာက (နံပါတ် ၂-ပါ ဘုရား) နံပါတ် ၂-ဆိုတော့ ဒကာ ဒကာမတွေ ဪ ဒို့- ရှေးဘဝက ဆရာကောင်း၊ သမားကောင်း တွေ့ခဲ့လေရော့လား၊ တော်အောင်ပဲ နေခဲ့လေရော့လားဆိုတာ သက်သေခံပါပြီ ဒကာ ဒကာမတို့ နော် (မှန်လှပါ ဘုရား)။

ဒို့လည်း ရှေးဘဝက ဆရာကောင်း၊ သမားကောင်းနဲ့ ဝဋ်ကျွတ်အောင် ဟောတတ်တဲ့ဆရာကို ဒို့တွေ့ခဲ့-မတွေ့ခဲ့ ဆိုတာ အတိတ်ဘဝက အကြောင်းသိလိုက်သဖြင့် ပစ္စုပ္ပန် ယခုရထားတဲ့ ဝိညာဏ်နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဆို တဲ့ ခန္ဓာငါးပါးရထားတော့ ဒုက္ခသစ္စာကြီး ရထားတော့ ဪ ဒို့ရှေးဘဝတုန်းကဖြင့် အတော် မသိမှုများခဲ့တဲ့လူတွေ ပဲ (မှန်လှပါ ဘုရား)။

ဆိုနိုင်ကြသလား (ဆိုင်နိုင်ပါတယ် ဘုရား) နံပါတ် ၁-က ပြတယ် (မှန်ပါ့) မသိတာက အဝိဇ္ဇာ၊ ပြုတာကသင်္ခါရ (မှန်လှပါ) မသိတာက (အဝိဇ္ဇာပါ ဘုရား) ပြုတာက (သင်္ခါရပါ ဘုရား)။

အေး အဲဒီတော့ ဒကာကြွယ် ဒီဘဝက ဒကာကြွယ်တို့ ဖြစ်နေတဲ့အဖြစ်ဟာ ဒုက္ခသစ္စာနော် (မှန်ပါ့ ဘုရား) ဘယ့်နှယ်ကြောင့် ဒကာကြွယ်တို့မှာ အိုဘေး၊ နာဘေး၊ သေးဘေးတွေ သင့်နေပါလိမ့်မလဲလို့ မေးလိုက်တဲ့အခါကျတော့ တပည့်တော်တို့အကြောင်းက မကောင်းခဲ့ဘူးဘုရား (မှန်လှပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲ မကောင်းတာ ကြည့်လိုက်တော့ ဒကာ ဒကာမတွေ ကိုယ်တိုင် မြင်ရပါတယ် (မှန်ပါ့) ဒကာကြွယ် ဒီကြည့် မကောင်းတာက (အဝိဇ္ဇာ မသိခဲ့လို့ပါ ဘုရား) အေး ပြုတာက (သင်္ခါရပါ ဘုရား)။

ရှေးအကြောင်း မကောင်းခဲ့ဘူး

ဪ တပည့်တော်တို့ ရှေးအကြောင်း မကောင်းခဲ့ဘူး (မှန်ပါ့) သူများပြော မဟုတ်တော့ဘူး (မဟုတ်ပါ ဘုရား) သူများပြောတာ မဟုတ်ပါဘူး။ ဒါ ဒကာကြွယ်တို့အားလုံး တရားနာတဲ့ ဒကာ ဒကာမတွေ၏ အတိတ်တုန်းက မှားမှု၊ ပြုလုပ်မှု မသိတော့ သစ္စာမသိဘဲနဲ့ ပြုလုပ်မှု အမှားကြောင့် ယခုတော့ဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဘယ်နေရာ ဘယ်ဌာနများ ရောက်နေပါလိမ့်မလဲလို့ မေးလို့ရှိရင် ၂-နံပါတ်ထဲ ရောက်နေတယ် (ရောက်နေပါတယ် ဘုရား)။

နံပါတ် ဘယ်လောက်တဲ့ (၂-နံပါတ်ထဲ ရောက်ပါတယ် ဘုရား) ၂-နံပါတ်ထဲရောက်နေတော့ ဪ ဒါ ဝိညာဏ်ဆိုတာ ဒို့ ဝိညာဏ် နာမ်ရုပ်ဆိုတာလည်း ဒို့ ရုပ်နာမ်ပဲ၊ သဠာယတနဆိုတာလည်း ဒို့ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ့်စိတ်ပဲ (မှန်လှပါ ဘုရား) ဖဿဝေဒနာဆိုတာ ဒို့ သန္တာရှိတာတွေပဲ၊ အကျဉ်းချုပ် ပြောလိုက်တော့ ခန္ဓာငါးပါး (မှန်လှပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား) ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား)။

ဪ မောင်ဘသော်တို့၊ ဒကာကြွယ်တို့ ဘယ့်နှယ်ကြောင့် ဒုက္ခသစ္စာကြီးနဲ့ ယခု နေကြရပါလိမ့်မလဲဆိုတော့ အတိတ်အကြောင်း မကောင်းခဲ့ဘူးဘုရား (မှန်ပါ့) ရှေးကတော့ မှန်းပြီးရေးတာ (မှန်ပါ့)။

ရှေးကတော့ မှန်းပြီး အတိတ်အကြောင်းက မကောင်းခဲ့ဘူးဘုရား (မှန်လှပါ) ဒကာကြွယ် အခုတော့ မှန်းပြီး ရေးရတာလား၊ လက်တွေ့ပဲလား (လက်တွေ့ပါ ဘုရား) အတိတ်အကြောင်းက ဘာပါလိမ့် (မကောင်းခဲ့ပါ ဘုရား) မကောင်း တာ ကြည့်လိုက်ပါဦး၊ ဘယ်သူပါလိမ့် (အဝိဇ္ဇာပါ ဘုရား) အဝိဇ္ဇာသင်္ခါရ နှစ်ခုစလုံးယူပါ (မှန်ပါ့ဘုရား။

ကျယ်ကျယ် ယူချင်လို့ရှိရင် အဝိဇ္ဇာ သင်္ခါရ တဏှာ ဥပါဒါန်ဘဝ (မှန်ပါ့) ကျဉ်းကျဉ်း ယူချင်လို့ရှိရင် အဝိဇ္ဇာ သင်္ခါရ၊ ဒီထဲ ပါတာတွေဟာ ဒီဖြစ်ကြောင်းချည်းပဲ (မှန်လှပါ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒကာကြွယ်ရေ အခု မျက်စိကလည်း မကောင်းဘူးနော် (မှန်ပါ့) သွားလို့၊ လာလို့ကကော (မကောင်းပါ ဘုရား) မကောင်းပါဘူး၊ မကောင်းတာတွေ အကုန်စုပြီးသကာလ ပူရ ဆွေးရနဲ့ မအေးရတာတွေကလည်း မနည်းလှပါဘူး (မှန်လှ ပါ) ဘယ့်နှယ်ကြောင့် ဒီဒုက္ခတွေ လှလှကြီး တွေ့နေပါလိမ့်မလဲလို့ မေးလို့ရှိရင် အတိတ်အကြောင်း မကောင်းလို့ဘုရား (မှန်လှပါ ဘုရား)။

အတိတ်အကြောင်းက ကိုယ်ကိုယ်တိုင် မြင်ရပါပြီ

ဦးဘအုန်း ဒါပဲ ညည်းချ (မှန်ပါ့) ညည်းသာ ညည်းတယ် ရှေးကတော့ မှန်းဆပြီး ညည်းတာကိုး (မှန်လှပါ) အခုတော့ဖြင့် အတိတ်အကြောင်းက ကိုယ်ကိုယ်တိုင် မြင်ရပါပြီ (မြင်ရပါပြီ ဘုရား) ဒကာ ဒကာမတို့ အတိတ်အကြောင်း ကိုယ်ကိုယ်တိုင် မြင်ရပါပြီ (မြင်ရပါပြီ ဘုရား) လွန်းခဲ့တဲ့ ဘဝတွေကလေ (မှန်ပါ့)။

အင်း ဘာတွေ့ပါလိမ့် (အဝိဇ္ဇာ သင်္ခါရပါ) ဪ အဝိဇ္ဇာဆိုတာ သစ္စာလေးပါး မသိတာ (မှန်ပါ့) ဒါဖြင့် ဒကာကြွယ်တို့ ရှေးဘဝက စုံလုံးကန်း (ကန်းပါတယ် ဘုရား) ဘယ့်နှယ်ဆိုကြမလဲ (စုံလုံးကန်းပါ ဘုရား) စုံလုံးကန်း လို့ဆိုတာ မနာပါနဲ့ သစ္စာလေးပါးစလုံးမသိတာ (မှန်လှပါ ဘုရား)။

အဲဒီတော့ ရှေးဘဝက စုံလုံးကန်း၊ စုံလုံးကန်း လမ်းသွားခဲ့တယ် (မှန်လှပါ ဘုရား) သဘောကျပလား (ကျပါပြီ) စုံလုံးကန်းဆိုတာ သစ္စာလေးပါး မသိတာ လမ်းသွားတာက သင်္ခါး (မှန်လှပါ ဘုရား) ပြုလုပ်တာကိုး (မှန်ပါ့) စုံလုံးကန်း လမ်းသွားတဲ့အခါကျတော့ ဒကာ ဒကာမတို့ ချော်လဲပါတယ် (မှန်လှပါ ဘုရား) စုံလုံးကန်း လမ်းသွားတော့ (ချော်လဲပါ တယ် ဘုရား) ချော်လဲတယ်ဆိုတာ ဒီဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဆိုတဲ့ အနာခန္ဓာကြီးရတယ် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဪ ဒါဖြင့် ဒကာ ဒကာမတွေ ယခု ဘယ်သစ္စာနဲ့ အတူနေရပါလိမ့် (ဒုက္ခသစ္စာနဲ့ အတူနေရပါတယ် ဘုရား)။

ဪ ကံမကောင်း မကြောင်း မသင့်လို့လားဆိုတော့ မဟုတ်ပါဘူးဘုရား၊ မိုက်မှု သင့်တာပါ (မှန်လှပါ) ကံမကောင်းအကြောင်း မသင့်လို့-လို့ ဦးဘအုန်း မယူလိုက်ပါနဲ့ (မှန်ပါ့) ဒီမှာ ကြည့်ပါလား သူဟာ ပါနေတာပဲ (မှန်ပါ့) အဝိဇ္ဇာ သင်္ခါရ၊ အဝိဇ္ဇာက မိုက်တာ၊ သင်္ခါရက ပြုလုပ်လိုက်တာ (မှန်ပါ့) မိုက်ပြီး ပြုလုပ်လိုက်တဲ့အတွက်တဲ့၊ တပည့်တော် တို့ ယခုတော့ဖြင့် မရှောင်သာ မလွှဲသာ အိုဘေး၊ နာဘေး၊ သေဘေးနဲ့ အဖော်လုပ်နေရတယ် (မှန်ပါ့ ဘုရား)။

ဘာနဲ့ အဖော်လုပ်နေရသလဲ

ဦးဘအုန်း ဘာနဲ့ အဖော်လုပ်နေရသလဲ (အိုဘေး၊ နာဘေး၊ သေဘေးနဲ့ အဖော်လုပ်နေရပါတယ်) အိုဘေး၊ နာဘေး၊ သေဘေးနဲ့ အဖော်လုပ်နေတယ်။ ဒါ့ကြောင့် အိုဘေး၊ နာဘေး၊ သေဘေးနဲ့ အဖော်လုပ်နေရတော့ အင်း ဘယ်အချိန်မှ ချမ်းသာတယ်ဆိုတဲ့ အချိန်ဟာ ဉာဏ်မျက်လုံး သုတ ဝါ အရိယ သာဝကော ဖြစ်ခဲ့လို့ရှိရင် အကြားအမြင် များတဲ့ပုဂ္ဂိုလ်အဖြစ်နဲ့ အဲဒီမျက်လုံးကလေး တပ်ကြည့်မယ်ဆိုရင် ဘယ်အချိန်မှ မချမ်းသာဘူး (မချမ်းသာပါ ဘုရား)။

ဒကာကြွယ် ချမ်းသာရဲ့လား (မချမ်းသာပါ) ဘယ်သစ္စာနဲ့ အတူနေရလို့လဲ (ဒုက္ခသစ္စာကြီးနဲ့ အတူနေရလို့ပါ ဘုရား)။

အဲဒါ မောင်ဘသော်တို့၊ ဦးဘအုန်းတို့က တွေးတာပေါ့၊ တပည့်တော်တို့က ကံမကောင်း အကြောင်း မသင့်ဘဲ ကိုး (မှန်ပါ့) ဘာမှမဆိုင်ဘူး (မှန်လှပါ) ဘာမှမဆိုင်ဘူး အရင်တုန်းက ညည်းတာတွေ ဖြုတ်ပစ်ပါ၊ ကံမကောင်း အကြောင်း မသင့်လို့ဆိုတာ မဟုတ်ပါဘူး (မှန်လှပါ ဘုရား)

စုံလုံးကန်း လမ်းသွားမှုကြောင့်

ခင်ဗျားတို့၏ စုံလုံးကန်း လမ်းသွားမှုကြောင့်ပါ (မှန်လှပါ) ရိပ်မိပလား (ရိပ်မိပါပြီ) ဘယ်လိုကြောင့်ပါလိမ့် (စုံလုံးကန်းလမ်းသွားမှုကြောင့်ပါ ဘုရား) စုံလုံးကန်းဆိုတာက အဝိဇ္ဇာ (မှန်ပါ့) လမ်းသွားတာဆိုတာက သင်္ခါရ-ကာယကံ ဝစီကံကို ဆိုပါတယ် (မှန်ပါ့) စုံလုံးကန်း လမ်းသွားမိလို့ ဒကာ ဒကာမတို့ ဂျောက်ကျတယ် (မှန်ပါ့) ဒုက္ခသစ္စာ ဂျောက်ထဲ ကျတယ် (ကျပါတယ် ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

အင်း ဘယ်သူများ ဘယ်လို လမ်းသွားခဲ့လို့ (စုံလုံးကန်း လမ်းသွားခဲ့ပါတယ် ဘုရား) စုံလုံးကန်း လမ်းသွား ခဲ့တာက အတိတ်ဘဝ (မှန်ပါ့) ယခု ပစ္စုပ္ပန်ဘဝကျတော့ ဂျောက်ကျနေတယ် (မှန်ပါ့)။

ဂျောက်ကျနေပြီ၊ ဒကာ ဒကာမတို့ ဘာသစ္စာနဲ့ နေရသလဲ (ဒုက္ခသစ္စာနဲ့ နေရပါတယ် ဘုရား) ဝဋ်ကျွတ်ပလားလို့ မေးရင် (မကျွတ်သေးပါ ဘုရား)။

ဝဋ်လည်း မကျွတ်သေးဘူး

ဝဋ်လည်း မကျွတ်သေးဘူးတဲ့၊ ဦးဘအုန်း ဒကာကြွယ်ရ (မှန်ပါ့) ဝဋ်လည်း မကျွတ်သေးဘူးတဲ့။ ဘယ်ကျွတ် ရမတုံး ဒီခန္ဓာကြီး သယ်ရတုန်း၊ ပိုးရတုန်း သူ့ကို ပြုရတုန်း၊ စုရတုန်း (မှန်ပါ့) သူ့ကို ပူဇော်ရတုန်း၊ ပသရတုန်းဆိုရင်လည်း ဦးဘအုန်း လွဲသလား (မလွဲပါ ဘုရား)။

ဆောင်းထည်နဲ့ ပူဇော်လိုက်ရတယ် (မှန်ပါ့) နွေထည်နဲ့ကော (ပူဇော်ရပါတယ် ဘုရား) ပူဇော်လိုက်ရတယ်။ တစ်ခါတလေ မီးဖိုနားသွားပြီး သူ့ကို မီးကလေးနဲ့များ ပူဇော်လိုက်ရတယ် (မှန်ပါ့ ဘုရား) နွေကျတော့ ယပ်ကလေးနဲ့ ပူဇော်လိုက်ရတယ် (မှန်လှပါ ဘုရား)။

ဘုရားကို ခင်ဗျားတို့ နွေခါသွားပြီး ဘယ်လောက် ယပ်ခတ်သလဲ (မခတ်ပါ ဘုရား) မခတ်ဘူးဗျ (မှန်ပါ့) ဘုရား တော့ မခတ်ဘူး၊ ခင်ဗျားတို့ ဘုရားထက် ကြည်ညိုတယ် (မှန်ပါ့) ဒီခန္ဓာကြီးကို ဘယ်သူ့ထက် ကြည်ညိုသလဲ (ဘုရားထက် ကြည်ညိုပါတယ် ဘုရား)။

အမယ်လေး ဒီဘဝတောင် အသိက အတော်နည်းနေပါကလား (မှန်ပါ့ ဘုရား) ဒကာကြွယ် ဘုရားကို ယပ်ခတ်လှူဘူးတာ အတော်နည်းတယ်နော် (နည်းပါတယ် ဘုရား)။

ကိုယ့်ကိုယ်ကိုယ်ဖြင့် ယပ်တောင် တခတ်ခတ်နဲ့ ဒကာကြွယ်ရေ မဏ္ဍပ် ကန္နားတွေထဲမှာဖြစ်စေ ကိုယ့်တိုက် ကိုယ့်တာတွေထဲမှာဖြစ်စေ နေတဲ့အခါကျတော့ ယပ်ကလေး တခတ်ခတ်နဲ့၊ ဟာ ဒကာကြွယ်ရေ ဘာလုပ်နေသလဲ။ အို ပူဇော်နေတာဘုရာ့ (မှန်ပါ့ ဘုရား)။

ဘာပူဇော်နေတာလဲ (ခန္ဓာ ပူဇော်နေတာပါ ဘုရား) အမယ်လေး ဒကာကြွယ်တို့ ဘုရားထက် ကြည်ညိုနေပါ ကလား (မှန်လှပါ ဘုရား) ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား) ဪ ဒုက္ခသစ္စာကြီးကို ဘုရားထက်ကြည်ညိုနေရင် ငါးပါးမှောက်ပါလိမ့်မယ် (မှန်လှပါ ဘုရား) ဒုက္ခသစ္စာကြီး ဘုရားထက် ကြည်ညိုနေလို့ရှိရင် (ငါးပါးမှောက်ပါလိမ့်မယ် ဘုရား)။

ကြည်ညိုတာလည်း ဒကာကြွယ်တို့က လွန်လွန်းတယ်နော် (မှန်လှပါ) အင်း ပန်ကာလည်း ဝယ်ပေး၊ ယပ်တောင်ကလေး ခတ်ပေး၊ ခြင်ကလေး ကာကွယ်ပေး၊ ဦးဘအုန်း လုပ်ရရဲ့လား (လုပ်ရပါတယ် ဘုရား) ဘာသစ္စာမို့ပါ လိမ့် (ဒုက္ခသစ္စာပါ ဘုရား)။

ဒုက္ခသစ္စာကြီးကို ကာကွယ်ပေးနေရပါတယ်ဘုရား (မှန်လှပါ) အငြိမ်ကို နေလို့ရရဲ့လား (မရပါ ဘုရား) တစ်ခါ တလေ ထမင်းစားရင်းများတောင် ခတ်ရသေးတယ် (ခတ်ရပါသေးတယ် ဘုရား) မအားဘူး (မှန်ပါ့)။

ဒကာကြွယ် ထမင်းစားရင်း ဘာလုပ်ရတယ် (ယပ်တောင်ခတ်ပေးရပါတယ် ဘုရား) ဘာဖြစ်လို့ ဒီလောက် ပူဇော် သရတာတုံး မေးလို့ရှိရင် ကြည်ညိုလွန်းလို့ (မှန်လှပါ ဘုရား)။

ဒုက္ခသစ္စာကြီး ကြည်ညိုနေ

ဘာသစ္စာကြီး ကြည်ညိုနေကြသလဲ (ဒုက္ခသစ္စာကြီး ကြည်ညိုနေကြပါတယ် ဘုရား) ဒုက္ခသစ္စာကြီး ကြည်ညိုနေ တယ်ဆိုတော့။ ကဲ ကြည်ညိုတာ မကြည်ညိုတာတော့ အပထားပါတော့ ဒုက္ခသစ္စာတော့ဖြင့် သိပါပြီ (သိပါပြီ ဘုရား) ဒုက္ခရောက်လျက်နဲ့ သေသွားတာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒီခန္ဓာကြီးဟာ ဘာသစ္စာကြီး ရသလဲ (ဒုက္ခသစ္စာကြီး ရပါတယ် ဘုရား) ဟာ ကံမကောင်း အကြောင်း မသင့်လို့ ရခဲ့ကြတာလား၊ ရှေးဘဝက စုံလုံးကန်း လမ်းသွားမိတာလား (စုံလုံးကန်း လမ်းသွားမိတာပါ ဘုရား) ပေါ်ပြီနော် (ပေါ်ပါပြီ)။

ဒီမှာ ကြည့်ပါ။ အဝိဇ္ဇာက စုံလုံးကန်း (မှန်ပါ့) သစ္စာလေးပါးကို လုံးဝမသိဘူး (မှန်လှပါ ဘုရား) လမ်းသွားတယ် ဆိုတော့ သူက ပြုချင်သလို ပြုတော့ လူ့ဘဝရအောင် ကုသိုလ်တွေပြု (မှန်ပါ့) အပါယ်လေးပါးရောက်တဲ့ အကုသိုလ်တွေ ကော (ပြုပါတယ် ဘုရား) ပြုလိုက်တဲ့အခါကျတော့ သေသည်၏ အခြားမဲ့၌ ဟောဒီမှာ စပ်သွားတယ် (မှန်ပါ့) သူတို့နှစ်ခု နဲ့တဲ့ ဟောဒီ ခန္ဓာကြီးနဲ့ စပ်ပါပြီတဲ့ (မှန်လှပါ ဘုရား) စုံလုံးကန်း လမ်းသွားလိုက်တာ ချော်လဲတဲ့ ခန္ဓာကြီးရတယ် (ရပါ တယ် ဘုရား) ရိပ်မိပြီနော် (ရိပ်မိပါပြီ ဘုရား)။

အင်း ဟင်၊ ဒကာ ဒကာမတွေက လူ့ဘဝရခဲတယ်၊ လူ့ဘဝ ရခဲတယ်လို့ ပြောကြတယ် (ပြောပါတယ် ဘုရား) တိရစ္ဆာန် ဘဝနဲ့စာလို့ ပြောတာမှတ် (မှန်လှပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ) တိရစ္ဆာန်ဘဝနဲ့ စာရင်တော့ လူ့ဘဝရခဲ တယ် (မှန်ပါ့) သစ္စာအမြင်နဲ့ သေသေချာချာ ဟောကြစို့၊ နိဗ္ဗာန်ဝင်တဲ့တရား တကယ် အစစ်အနှစ်ကို ပြောကြစို့ဆိုတော့ ရလာတာကြီးက ဒုက္ခသစ္စာဖြစ်နေတော့ ရှေးတုန်းက မိုက်ပြစ်သင့်တာ (မှန်လှပါ ဘုရား)။

ဘယ်လိုဆိုကြမယ် (ရှေးတုန်းက မိုက်ပြစ်သင့်တာပါ ဘုရား) မိုက်တာ ဘယ်သူပါလိမ့် (အဝိဇ္ဇာပါ ဘုရား) မိုက်လို့ ထင်သလို လုပ်တာက ဘာပါလိမ့် (သင်္ခါရပါ ဘုရား) ဒကာကြွယ် ရိပ်မိပြီ (ရိပ်မိပါပြီ ဘုရား)။

အတိတ်ဘဝက လူမိုက်ကြီးတွေ

ဒီဘဝကျမှ ဒကာကြွယ်တို့က ဘုရားနဲ့ တရားနဲ့ သံဃာနဲ့ လိမ္မာသယောင်လုပ်နေကြတာ (မှန်လှပါ ဘုရား) အတိတ်ဘဝကတော့ လူမိုက်ကြီးတွေပဲ (မှန်လှပါ ဘုရား)။

ဒီ ဒကာ ဒကာမတွေ ဘယ်လိုဆုံးဖြတ်ချက်ချမလဲ (အတိတ်ဘဝက လူမိုက်ကြီးတွေပါ ဘုရား) သေသေချာချာ စဉ်းစားကြည့် ဒီဥစ္စာ ဘယ်သူမှ အပြစ်တင်မနေနဲ့။ ကိုယ့် ပဋိစ္စသမုပ္ပါဒ် ကိုယ်ကြည့်ရင် ကိုယ်သိတယ် (မှန်လှပါ ဘုရား) ဒကာကြွယ် အတိတ်က ဘယ့်နှယ်ဆိုကြမလဲ (လူမိုက်ကြီးတွေပါ ဘုရား)။

လူမိုက်ကြီးတွေ ထင်သလို ကျင့်နေတယ် (မှန်ပါ့) လူမိုက်ကြီးတွေ ထင်သလို ကျင့်နေတယ်ဆိုတော့ လူမိုက်ကြီး တွေက အဝိဇ္ဇာ၊ ထင်သလို ပြုလုပ်နေတာက သင်္ခါရ (မှန်လှပါ ဘုရား) ဦးဘအုန်း ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ဒီဘဝကျမှ လူမိုက်ကြီးတွေ ဘာလုပ်နေကြသတုံး တရားတွေ နာနေကြတယ်ဆိုတော့ ဪ ဒီဘဝ ဆိုတော့ အင်း ဟင်၊ ရှေးပြစ်ကလေးတွေကိုဖြင့် ဒီတစ်ခါ မလိမ္မာရင် ခက်ရချည်ရဲ့ဆိုတာသိလို့ တရားနာ၊ တရား အားထုတ်ကြတာ (မှန်လှပါ)။

ဒီလိုမှ တရားနာ၊ တရား အားမထုတ်တဲ့ ပုဂ္ဂိုလ်ကတော့ကို ဒကာ ဒကာမတို့ မိုက်ပြစ် သင့်တာတောင်မှ မိုက် တယ်လို့ မသိသေးဘူး (မသိသေးပါ ဘုရား) ဒကာကြွယ် သိပလား ၊ ကဲ (မသိသေးပါ ဘုရား)။

တခြားပုဂ္ဂိုလ်တွေပေါ့ဗျာ။ ခင်ဗျားတို့ အခု တရားနာကြတဲ့ တရားအားထုတ်တဲ့ ဒကာ ဒကာမတို့က မိုက်ပြစ် သင့်ထားတဲ့ဥစ္စာ နောက်တစ်ခါ မမိုက်ဖို့ အလုပ်တော့ လုပ်ဦးမှပဲဟေ့ (မှန်လှပါ ဘုရား)။

ခန္ဓာကြီး ရမှုအလုပ်ကြီးတော့ ဇာတ်သိမ်းမှပဲဟေ့

နောက်တစ်ခါ ဒီချော်လဲတဲ့ ခန္ဓာကြီး ရမှုအလုပ်ကြီးတော့ ဇာတ်သိမ်းမှပဲဟေ့ (မှန်လှပါ ဘုရား) ဒီလို စိတ်ကလေး ရှိလို့ တရားနာဖြစ်တာ (မှန်ပါ့) ဒီလို စိတ်ကလေးရှိလို့ တရားအားထုတ်ဖြစ်တာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

ကိုင်း ဒါဖြင့် ဒကာကြွယ်ရေ ရှေးဘဝက ကိုယ့်အကြောင်းသိပြီဗျာ (သိပါပြီ ဘုရား) လူမိုက်လား၊ လူလိမ္မာ လား (လူမိုက်ပါ ဘုရား)။

အင်း ဘယ်သူက သက်သေခံနေပါလိမ့်ဗျာ (အဝိဇ္ဇာသင်္ခါရက သက်သေခံပါတယ် ဘုရား) ရှေးဘဝက မိုက်ခဲ့တာ အဝိဇ္ဇာ သင်္ခါရက သက်သေခံတယ် (မှန်ပါ့ ဘုရား) တစ်နည်း ဒီ့ထက် လုံလောက်အောင် ပြောစမ်းပါဆိုရင် ယခု ရထားတဲ့ခန္ဓာက ဒုက္ခသစ္စာကြီး ရထားတော့ မိုက်တဲ့လူမို့ ရတာပေါ့ဗျ (မှန်လှပါ ဘုရား) မမိုက်တဲ့လူဖြင့် (မရပါ ဘုရား) ရကို မရဘူးဆိုတာ ဒကာ ဒကာမတို့ သေသေချာချာ ကြည့်ပါ။ ကိုယ့်ပဋိစ္စသမုပ္ပါဒ် ကိုယ် (မှန်လှပါ ဘုရား) မပေါ်သေးဘူး လား (ပေါ်ပါပြီ ဘုရား)။

ဒီထဲက နောက်ထပ် မိုက်ဦးမယ်ဆိုလို့ရှိရင် ၃-နံပါတ် ကူးရှာတော့မယ် (ကူးပါတော့မယ် ဘုရား) ဦးဘအုန်း ဘာတဲ့တုံး (၃-နံပါတ် ကူးပါတော့မယ် ဘုရား)။

အဲဒါက ဘယ်ပုဂ္ဂိုလ် ဆိုကြမတုံး (မိုက်တဲ့ပုဂ္ဂိုလ်ပါ ဘုရား) မိုက်သထက် ထပ်မိုက်ပြန်တာဟေ့ (မှန်လှပါ) ဘယ့်နှယ် ဆိုကြမယ် (မိုက်သထက် ထပ်မိုက်တာပါ ဘုရား)။

မိုက်ချင်သေးသလား

ဒီထဲက ဒကာ ဒကာမတွေ မိုက်သထက်များ မိုက်ချင်သေးသလား (မမိုက်ချင်ပါ ဘုရား) မိုက်သထက် မိုက်ချင်လို့ ရှိရင် ၂-နံပါတ်ထဲက ၃-နံပါတ် ပေါက်ပွားရမှာပဲ (မှန်လှပါ ဘုရား) ၂-နံပါတ်ထဲက (၃-နံပါတ် ပေါက်ပွားရမှာပါ ဘုရား) ၃-နံပါတ် ပေါက်ပွားလို့ရှိရင် တဏှာ ဥပါဒါန် ကံလာဦးမှာပဲ (မှန်ပါ့) အဝိဇ္ဇာ သင်္ခါရတွေကော (လာမှာပါပဲ ဘုရား) လာလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ သွားပြန်ပြီ။ မိုက်လက်စ မသတ်ပြန်ဘူး (မှန်လှပါ ဘုရား) အနာဂတ်ဘဝ ဒုက္ခသစ္စာ ပေါ်ဦးမယ် (ပေါ်ဦးမှာပါ ဘုရား) ဘာဖြစ်လို့တုံး၊ မိုက်တဲ့အထဲ ထပ်မိုက်လို့ (မှန်လှပါ) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒကာ ဒကာမတွေ ဘယ့်နှယ်တဲ့ (မိုက်တဲ့အထဲ ထပ်မိုက်လို့ပါ ဘုရား) မိုက်လို့ရထားတဲ့ ၂-နံပါတ် (မှန်ပါ့ ဘုရား) ဒီအထဲကနေ ထပ်မိုက်တာ ၃-နံပါတ် လာဖြစ်တယ် (မှန်ပါ့) မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား) ထပ်မိုက်တဲ့အခါကျတော့ (၃-နံပါတ် လာဖြစ်ပါတယ် ဘုရား) ဘယ်လို စိတ်ကူးနဲ့ တရားအားထုတ်သလဲ (မိုက်ပြစ်ပျောက်ဖို့ တရားအားထုတ်ပါတယ် ဘုရား)။

အဲဒီစိတ်ကလေးပေါ်ဖို့ကို ဒကာကြွယ် မလွယ်ဘူး (မလွယ်ပါ ဘုရား) ဒကာကြွယ်တို့ လယ်ပြီးသကာလ သိစေချင် လို့ လျှောက်ပြီး ပြောငြားသော်လည်း မအားလို့၊ မလပ်လို့နဲ့ ဦးဘအုန်း ဆင်ခြေတွေ ပေါလိုတာ (ပေါပါတယ် ဘုရား) ဘာပြုလို့ မအားတာတုံးဆို မိုက်လက်စ မသတ်နိုင်သေးလို့ (မှန်ပါ့ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ) ဘာဖြစ်လို့ မအားလပ် လို့ ဒီတရားထူး တရားမြတ်တွေကို မသိမ်းဆည်းနိုင်သတုံးလို့ မေးလို့ရှိရင် သူ့အဖြေထွက်ပြီ ဒကာကြွယ်ရေ (မှန်လှပါ ဘုရား)။

ဘယ့်နှယ်ထွက်သလဲ (မိုက်လက်စ မသတ်သေးလို့ပါ ဘုရား) မိုက်လက်စ မသတ်ချင်သေးဘူးဗျာ၊ ဒါ့ကြောင့် မအားဘူးလို့ သုံးလိုက်တော့ (မှန်ပါ့ ဘုရား)။

နောက်က ဒကာ ဒကာမတွေ ရှင်းကြရဲ့လား (ရှင်းပါတယ် ဘုရား) မအားမလပ်လို့ တရားအားမထုတ်မိတဲ့အခါ ကျတော့ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုဆုံးမမလဲ (မင်းမိုက်လက်စ မသတ်သေးဘူး)။

မင်း မိုက်လက်စ မသတ်သေးဘူးလား။ ယခု တွေ့ရမည့် ဒုက္ခတောင်မှ နည်းတဲ့ဒုက္ခမဟုတ်ဘူး။ နောက် ဒီ့ထက် ကြီးတဲ့ အပါယ်ဒုက္ခခန္ဓာကြီးရမယ်ဆို မင်း ခုထက်ထိ မိုက်လက်စ မသတ်ချင်သေးဘူးလား။ သွား-ထိုင် အားထုတ်၊ ကိုယ့်ကိုယ်ကိုယ် ဆုံးမ (မှန်လှပါ ဘုရား) ဦးဘအုန်း ဘာလုပ်ရမယ် (ကိုယ့်ကိုယ်ကိုယ် ဆုံးမရပါမယ် ဘုရား)။

ကိုယ့်ကိုယ်ကိုယ် စွဲချက်တင်ပါ

ဒကာကြွယ် ဒီဥစ္စာမမေ့နဲ့နော် (မှန်လှပါ ဘုရား) မင်းဟာ ယခုလက်ရှိ ဒုက္ခသစ္စာကြီးက အိုဘေး၊ နာဘေး၊ သေဘေးတွေနဲ့လည်း ရောထွေးနေတယ်ကွ။ ကိလေသာ မီးတွေကလည်း လောင်နေတယ်ကွ။ ဒီခန္ဓာကြီးမှာလေ (မှန်လှ ပါ ဘုရား) ၉၆-ပါး ရောဂါဝေဒနာတို့၏ ကိန်းရာ၊ အောင်းရာ၊ ခန္ဓာကြီးလည်း ဖြစ်နေတယ် (မှန်လှပါ) မင်းကလည်း ဒုက္ခ အကြီးအကျယ် ရောက်နေတဲ့အထဲက ဒုက္ခသိမ်းတဲ့ အလုပ်-မလုပ်ဘဲနဲ့ မအားသေးဘူးလေး၊ ဘာလေးနဲ့ မင်းသည်ကားလို့ဆိုရင် အင်မတန် မိုက်လက်စ မသတ်ချင်တဲ့အထဲ မင်း လူကြီး လူကောင်းတစ်ယောက် မဟုတ်ဘူး။ မိုက်သထက် ပိုမိုက်တဲ့ သူတစ်ဦးတစ်ယောက်ဖြစ်တယ်လို့ ကိုယ့်ကိုယ်ကိုယ် စွဲချက်တင်ပါ (မှန်လှပါ)။

တင်လိုက်သလား (တင်ထိုက်ပါတယ် ဘုရား) တင်ရဲပါ့မလား ဒကာကြွယ် (တင်ရဲပါတယ် ဘုရား) တင်သာတင်၊ ဒါက ကိုယ့်အကျိုးငှာတင်ရတယ် (မှန်လှပါ ဘုရား) သူများအကျိုးငှာ တင်ရတာလား (ကိုယ့်အကျိုးငှာ တင်ရတာပါ ဘုရား)။

အဲ သားကိစ္စ၊ သမီးကိစ္စ၊ ပစ္စည်းကိစ္စတဲ့။ ဟေ့ ဒါတွေ အပိုထားဟေ့၊ ကိုယ့်ဒုက္ခမှ မကျွတ်သေးရင် ဘယ်သူမှ ဂရုမစိုက်နိုင်သေးဘူးဟေ့ (မှန်လှပါ) ဒီကျအောင် ပြင်းထန်ကြပါ (မှန်လှပါ ဘုရား)။

ဒါက ကိုယ်မှဒုက္ခမကျွတ်သေးလို့ရှိရင် သူတစ်ပါးအရေးကို ကိုယ့်အရေးထဲ သွင်းနေလို့ရှိရင်ဖြင့် မိုက်တွန့်တက် လာဦးမှာပဲ (မှန်ပါ့ ဘုရား) မတက်ပေဘူးလား၊ တက်ပလား (တက်ပါမယ် ဘုရား)။

အဲဒါတွေ ဉာဏ်နဲ့ သေသေချာချာ စဉ်းစားကြည့်တော့မှ ဪ ငါ့နှယ် အတိတ်က မိုက်ခဲ့လို့ ပစ္စုပ္ပန်အကျိုး သင့်နေတယ်။ မိုက်ပြစ်တွေ သင့်နေတယ် (မှန်ပါ့) မိုက်ပြစ်သင့်တဲ့အထဲက မိုက်တွန့်တက်ဦးမယ်ဆိုရင်ဖြင့် ဒကာကြွယ် သွားပေါ့ (သွားပါပြီ ဘုရား) မသွားသေးဘူးလား (သွားပါတယ် ဘုရား)။

မိုက်တွန့်တက်တယ်ဆိုတာ ၂-နံပါတ်ထဲက ၃-နံပါတ်တရားတွေပေါ်ပေါက်တာ (မှန်လှပါ) တဏှာ ဥပါဒါန်ကံ တွေ ပေါ်ပေါက်တယ်ဆိုတာ ကျေနပ်ပလား (ကျေနပ်ပါပြီ) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ဒို့အကြောင်း ဒို့ကောင်းကောင်းသိပဟ

ဒါဖြင့် ဒကာ ဒကာမတို့ ဒီပဋိစ္စသမုပ္ပါဒ်ကြီးဟာ ခင်ဗျားတို့အတွက်မှာဖြင့် အလွန့်အလွန် ကျေးဇူးများတော့တယ် ဆိုတဲ့ ဥစ္စာ ဒီအဝိုင်းကြီးကလည်း ကျေးဇူးများ၊ ခင်ဗျားတို့ ရထားတဲ့ ကတ်ပြားတွေကလည်း ကိုက်ကြည့်လိုက်တဲ့အခါ ကျတော့ ဪ ဒို့မှာတော့ဖြင့် ဒို့ဖြစ်စဉ် ဒို့အကြောင်း ဒို့ကောင်းကောင်းသိပဟ (မှန်လှပါ ဘုရား) ဖြတ်ချင်လည်း ဒို့သိပဟ၊ လည်ချင်လည်း ဒို့သိပဟဆိုတော့ နှစ်ချက်ရတယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဒါတစ်ခေါက်ပြောပါ့မယ်။ အတိတ်က ခင်ဗျားတို့ လိမ္မာခဲ့သလား၊ မိုက်ခဲ့သလား (မိုက်ခဲ့ပါတယ် ဘုရား)။

ဪ ဒါဖြင့် ယခုဘဝမှာဖြင့် ခန္ဓာကြီးရတာက လိမ္မာလို့ရတာလား၊ မိုက်လို့ရတာလား (မိုက်လို့ရတာပါ ဘုရား) မမိုက်ခဲ့ရင် ခန္ဓာဒုက္ခသစ္စာကြီး ဘယ်သူမှရမှာမဟုတ်ဘူး (မရပါ ဘုရား)။

ဒါဖြင့် အတိတ်ဘဝကမိုက်ခဲ့လို့ ယခု ဒုက္ခသစ္စာကြီးနဲ့အတူ တူနေရတယ် (နေရပါတယ် ဘုရား) ဒကာကြွယ် ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒီ ဒုက္ခသစ္စာကြီးထဲကနေပြီး အရင် မိုက်သလိုပြန်ပြီး မိုက်တွန့်တက်ဦးမယ်ဆိုလို့ရှိရင်ဖြင့် မင်းဟာဖြင့်ကွာ မင်း ကိုယ်မင်း သနားတဲ့အဓိပ္ပာယ် မင်းမပါလာဘူးလို့ ဆုံးဖြတ်ချက်ချပါ (မှန်လှပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။

သူ့ကိုယ်သူ သနားတဲ့ အဓိပ္ပာယ်ပါလာသေးရဲ့လား (မပါပါ ဘုရား) မိုက်တဲ့အကျိုးထဲကနေပြီးသကာလ မိုက် ကြောင်းတွေ ပြန်ပြီး ၃-နံပါတ်ပေါ်အောင် ကြိုးစားဦးမယ်ဆိုလို့ရှိရင်ဖြင့် ကိုယ်ကျိုးနည်းပြီ (နည်းပါပြီ ဘုရား) ဦးဘအုန်း ကိုယ်ကျိုးနည်းပြီ (နည်းပါပြီ ဘုရား)။

ကိုယ်ကျိုးနည်းတာက

ကိုယ်ကျိုးနည်းတာက ဘာနည်းသတုံးလို့မေးတော့ ဒီမှာကြည့်ပါ ဒကာ ဒကာမတို့ ၃-နံပါတ် ကူးလာတော့ တဏှာ ဥပါဒါန်ကံတွေနဲ့ ခင်ဗျားတို့က သားခင်၊ သမီးခင်၊ ဆွေခင်၊ မျိုးခင်ဆိုတော့ တဏှာ ဥပါဒါန်တွေကမလာလား (လာပါတယ် ဘုရား) လာတော့ သေသည်၏အခြားမဲ့၌ ဟောဒီ အစပ်ကလေးက မင်းနှယ်ကွာတဲ့၊ ၄-နံပါတ်နဲ့ မင်းနဲ့တော့ မခွဲနဲ့တော့ စပ်တော့မှာပဲ (မှန်လှပါ) ဘာသစ္စာနဲ့ သွာစပ်သလဲ (ဒုက္ခသစ္စာနဲ့ သွားစပ်ပါတယ် ဘုရား)။

ဒုက္ခသစ္စာနဲ့ သွားစပ်လိုက်ရတယ်ဆိုတော့ ဒကာကြွယ် ဒုက္ခထဲ နဂိုရ်ကလည်း မကောင်းတဲ့လူ မကောင်းလို့ဖြစ် တဲ့အထဲ နောက်ထပ် မကောင်းအောင်လို့ မကောင်းသလိုဖြစ်ပြန်ပြီ (မှန်လှပါ ဘုရား) မကောင်းတာတွေ ထပ်နေတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

ဘာတွေများ ထပ်နေသလဲ (မကောင်းတာတွေ ထပ်ပါတယ် ဘုရား) မကောင်းတာတွေ ထပ်နေတော့ ခင်ဗျားတို့ ကလည်း ကျုပ်တို့အိမ် ဂြိုဟ်ဝင်ထင်ပါရဲ့။ ကလေးတွေ၊ လူကြီးတွေက မမာ (မှန်လှပါ ဘုရား)။

ဂြိုဟ်မဝင်ပါဘူး ဒကာ ဒကာမတို့ ခင်ဗျားတို့ဥစ္စာ နဂိုရ်က မကောင်းတဲ့ခန္ဓာက မကောင်းတဲ့ အညွန့်တွေ ပေါက်တာပါပဲ (မှန်လှပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ) ဘယ်ဂြိုဟ်မှ ဝင်တာမဟုတ်ဘူး ဦးဘအုန်းရ၊ ကိုယ်က အတိတ်က မကောင်းလို့ မကောင်းကျိုးပေးနေတာ (မှန်လှပါ) ဘယ်ဂြိုဟ်မှ မဝင်ဘူး။ ကောင်းကင်ကဂြိုဟ်က သူ့ဟာသူသွားနေတာ (မှန်လှပါ) နက္ခတ်တွေကလည်း သူ့ဟာသူသွားနေတာ။ သူတို့က ခင်ဗျားတို့ဆီ ဘာမှမဝင်လာဘူး။ ဝင်လာနိုင်ရဲ့လား (မဝင်လာနိုင်ပါ ဘုရား)။

ခင်ဗျားတို့က အတိတ်ဘဝက ကောင်းခဲ့သလား၊ မကောင်းခဲ့ဘူးလား (မကောင်းခဲ့ပါ ဘုရား) မကောင်းခဲ့ဘူး၊ မကောင်းခဲ့လို့ ယခုဘာအကျိုးပေးနေသလဲ (မကောင်းကျိုးတွေ ပေးနေပါတယ် ဘုရား) ကြည့်ပါလား၊ ပါနေတယ်။မကောင်း ကျိုးပေးပါတယ်တဲ့ ဒုက္ခသစ္စာတွေကို (မှန်လှပါ)။

ဒီလိုဆိုတော့ ဒို့ အိမ်ဂြိုဟ်ဝင်ထင်ပါရဲ့လို့တော့ ဘယ်တော့မှ မတွေးနဲ့ (မှန်လှပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ) ဒို့ အိမ်ဂြိုဟ်ဝင်ထင်ပါရဲ့ (ဒီလိုမတွေးရပါ ဘုရား) မတွေးနဲ့၊ အခု ပဋိစ္စသမုပ္ပါဒ်နားလည်ပြီ (မှန်ပါ့ ဘုရား)။

နို့မို့ ဂြိုဟ်ဝင်တယ်ဆိုရင် ခင်ဗျားတို့က ဂြိုဟ်ပြေနံပြေလုပ်ဦးမည့်လူတွေ၊ နောက်ထပ် ထပ်မိုက်ဦးမှာ (မှန်လှပါ ဘုရား) ဘာဂြိုဟ်မှမဝင်ဘူးဆိုတာ သေသေချာချာမှတ်ပါ (မှန်လှပါ) အတိတ်က မကောင်းခဲ့လို့ ဘာတုံး (မကောင်းကျိုး ခံစားရတာပါ ဘုရား)။

မကောင်းကျိုး ခံစားရတာ ယားတယ်၊ နာတယ်၊ ပူတယ်၊ ခဲတယ် အမျိုးမျိုး၊ ဟုတ်လား (မှန်ပါ့) ရထားတာက ဒုက္ခ သစ္စာ သုခ မပါဘူးဆိုကတည်းက ဒို့မှာ ဂြိုဟ်ဝင်ထင်ပါရဲ့လို့ ပြောမနေနဲ့ (မှန်လှပါ ဘုရား) လိုသေးသလား (မလို ပါ ဘုရား)။

ဒကာ ဒကာမတွေ ဒီအထဲ ဗေဒင်ဆရာနဲ့ ရန်တိုက်ရတာလည်း မလွယ်လှဘူး။ ရန်တိုက်ရသေးတယ် (မှန်ပါ့ ဘုရား) နို့မို့လို့ရှိရင် ခင်ဗျားတို့က ဒိဋ္ဌိအယူနဲ့ တစ်ခါတည်း ဂြိုဟ်ပြေနံပြေ လုပ်ဦးမှာပဲဆိုပြီး ဘုရားပြောင်းသွားတယ် (ပြောင်းပါတယ် ဘုရား) မပြောင်းပေဘူးလား (ပြောင်းပါတယ် ဘုရား)။

ဘယ်လမ်း ဘယ်သစ်ပင်သွားပြီးသကာလ ဘယ်အသီး စားလိုက်၊ ဘယ်အညွန့်ကလေး ကိုင်လိုက်နဲ့ကိုး (မှန်လှပါ) ဂွကျကုန်ပြီ ဒိဋ္ဌိ ရောဝင်သွားတယ် (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ) ဒါဖြင့် မိုက်တဲ့အထဲ မိုက်တွန့်တက်သွားတော့ သာမဆိုးဘူးလား (ဆိုးပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် ယခုတော့ဖြင့် ပိုင်ပိုင်နိုင်နိုင် ဒကာကြွယ်သိပြီ (သိပါပြီ ဘုရား) အတိတ်ဘဝက ဘာတုံး (မကောင်းခဲ့လို့ပါ ဘုရား) ယခု ခန္ဓာကြီးမှာ ဘာဖြစ်နေသလဲ (မကောင်းကျိုးတွေ ရနေပါတယ်)။

ကလေးတွေမှာလည်း မကောင်းလို့ ဒီကလေးမှာ မကောင်းကျိုးပေးတာ (မှန်ပါ့) လူကြီးတွေမှာလည်း (မကောင်း ကျိုးရနေပါတယ် ဘုရား) သူများပြောလား၊ မျက်မြင်လား (မျက်မြင်ပါ ဘုရား)။

အဲဒါ ဂြိုဟ်ဝင်တယ်လို့ ယခု ဒီဘဝ ဘယ်ကများ ဂြိုဟ်ဝင်လိမ့်မယ်ဆိုတဲ့ဥစ္စာ ခင်ဗျားတို့ခက်တယ်၊ ဘာမှ ဂြိုဟ်ဝင်စရာမရှိဘူး ဒကာကြွယ် (မှန်ပါ့) မယောင်နဲ့နော် (မှန်လှပါ ဘုရား)။

အို ဒကာကြွယ်ကပေမယ့် တော်တော်ကြာ ဒကာမတွေကို ပြောမယ်။ အေး လုပ်ချင်လည်း လုပ်တာ ပေါ့။ သွားမလုပ်နဲ့ဦး။ ငါ့သဘော လက်မှတ်ထိုးလိုက်တာ ပါသွားတယ်။ မပါဘူးလား (ပါ-ပါတယ် ဘုရား) အဲဒီတော့ ဂြိုဟ်ပြေ နံပြေ တွေကလည်း အတော်ဆိုးတယ် (မှန်လှပါ ဘုရား) စင်စစ် ဒီပဋိစ္စသမုပ္ပါဒ် နားမလည်မှုကြောင့် ဦးဘအုန်း ဒါတွေ ပေါ်လာတယ် (မှန်လှပါ ဘုရား)။

အခုတော့ဖြင့် ဒကာ ဒကာမတွေ နားလည်ကြပြီ (နားလည်ပါပြီ ဘုရား) အတိတ်က (မကောင်းခဲ့လို့ပါ ဘုရား) ယခုတော့ ဘာအကျိုးပေးနေသလဲ (မကောင်းတဲ့ အကျိုးတွေပေးနေပါတယ် ဘုရား)။

မကောင်းကျိုးလက်စသတ်ဖို့သာ စိတ်ကူး

မကောင်းကျိုးပေးနေတဲ့ဥစ္စာကို မကောင်းကျိုးလက်စသတ်ဖို့သာ စိတ်ကူး (မှန်လှပါ) ဂြိုဟ်ပြေ နံပြေနဲ့ မရဘူး (မရပါ ဘုရား) ဂြိုဟ်ပြေနံပြေနဲ့ မရဘူး ဒကာကြွယ်ရ (မှန်လှပါ) ဂြိုဟ်ပြေနံပြေက ဒီခန္ဓာကြီး ဘယ်လို ဂြိုဟ်ပြေနံပြေ လုပ်ပေမယ့် ခန္ဓာကြီးကတော့ နေကောင်းလည်း ဒုက္ခသစ္စာပဲ (မှန်ပါ့) နေမကောင်းလည်း (ဒုက္ခသစ္စာပါပဲ ဘုရား)။

ကဲ ဦးဘအုန်း ဂြိုဟ်ပြေနံပြေ လုပ်စမ်းဗျာ။ သုခသစ္စာဖြစ်အောင် (မဖြစ်နိုင်ပါ ဘုရား) ဖြစ်ပါ့မလား (မဖြစ် ပါ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အေး ရိပ်မိတဲ့အခါကျတော့မှ အင်း ဂြိုဟ်ပြေနံပြေဆိုတာဟေ့ သက်သက် စိတ်လှည့်စားတာပဲ။ အကြောင်းမသိတဲ့ ပုဂ္ဂိုလ်မို့ အကျိုးမပိုင်လို့ (မှန်လှပါ ဘုရား)။

အခုတော့ဖြင့် အကျိုးပိုင်ကြပလား (ပိုင်ကြပါပြီ ဘုရား) အကြောင်းက ဘာတဲ့ (မကောင်းခဲ့လို့ပါ ဘုရား) မကောင်း ခဲ့လို့၊ ယခု အကျိုးပေးကြတော့ (မကောင်းတာ အကျိုးပေးပါတယ် ဘုရား) မကောင်းတော့ ဂြိုဟ်ဝင်တာလား၊ ရှေးက မကောင်းလို့ မကောင်းတာလား (ရှေးက မကောင်းလို့ မကောင်းတာပါ ဘုရား)။

ရှေးကမကောင်းလို့ မကောင်းတာကို ဒကာကြွယ် ကောင်းကင်ကဂြိုဟ်က ခင်ဗျားတို့ဆီကို မလာရဲပါဘူး (မလာပါ ဘုရား) ဦးဘအုန်းမလာရဲဘူး (မှန်ပါ့) စိတ်သာချပါ (မှန်ပါ့ ဘုရား) ကောင်းကင်ကဂြိုဟ်က ခင်ဗျားတို့ဆီများ လာမယ်ဆိုလို့ ရှိရင်ဖြင့် ခင်ဗျားတို့က ဘုန်းကြီးတဲ့ ပုဂ္ဂိုလ်မို့ လာလိမ့်မယ်၊ မဟုတ်ဘူးလား (မှန်ပါ့ ဘုရား)။

ခင်ဗျားတို့ဆီ ဂြိုဟ်ဝင်စရာမရှိဘူး

ခင်ဗျားတို့ဆီလာရမှာဝေးလို့ သူ့မှာ ဟို-ကမ္ဘာကြီးလှည့်နေရတာနဲ့ မြင့်မိုရ်တောင် ပတ်နေရတာနဲ့ အားကိုမအား ဘူး (မှန်လှပါ ဘုရား) ဘယ်မှ ခင်ဗျားတို့ဆီ ဂြိုဟ်ဝင်စရာမရှိဘူး (မှန်ပါ့ ဘုရား)။

စနေဂြိုဟ်ကလည်း ကောင်းကင်မှာ ရှိတာပဲ (မှန်ပါ့) ရာဟုဂြိုဟ်ကကော (ကောင်းကင်မှာပါပဲ ဘုရား) သူတို့က ခင်ဗျားတို့ဆီ ဝင်စရာများ မြင်သေးသလား (မမြင်ပါ ဘုရား)။

အဲဒါ ခင်ဗျားတို့က ဂြိုဟ်ဝင်ထင်ပါရဲ့၊ ဘယ်က ပြောသံကြားနဲ့ ဘာဖြစ်နေတယ်မသိပါဘူး။ ဒကာကြွယ်ရေ၊ ဖြစ်ချင်သလိုဖြစ်နေတာ (မှန်လှပါ ဘုရား)။

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ မကောင်း အကြောင်းကြောင့် ဘာတုံး (မကောင်းကျိုးဖြစ်ပါတယ် ဘုရား) မကောင်းကျိုးပေးထားတော့ အဲဒီ့ မကောင်းကျိုးကို ကျုပ်တို့သည် လက်စသတ်ရင် ကောင်းမယ် (မှန်လှပါ)။

ဒီ မကောင်းကျိုးကို (လက်စသတ်ရပါမယ် ဘုရား) မကောင်းကျိုးဆိုတော့ ခန္ဓာငါးပါးပါ (မှန်လှပါ) ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဆိုတဲ့ ခန္ဓာငါးပါးပါ (မှန်လှပါ) ဒါကို ဘာခေါ်ကြမယ် (မကောင်းကျိုးပါ ဘုရား) မကောင်းကျိုး ဒီမှာ ကြည့်ကြည့်၊ အကျိုးလို့ပါနေတယ် (မှန်ပါ့) မပါဘူးလား (ပါ-ပါတယ် ဘုရား)။

ဘာအကျိုးတဲ့တုံး (မကောင်းကျိုးပါ ဘုရား) အဲ ပစ္စုပ္ပန်အကျိုးလို့ မပါဘူးလား (ပါ-ပါတယ် ဘုရား) ပစ္စုပ္ပန် ဆိုတာ အတိတ်ကလုပ်ခဲ့လို့ ပေါ်တာ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ပစ္စုပ္ပန် မကောင်းကျိုး ပေးနေတာ ဦးဘအုန်း စာရွက်ကလည်း သက်သေခံ၊ ဘုရားဟောကလည်း သက်သေခံပြီ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

မိစ္ဆာဒိဋ္ဌိ စိတ်တွေ ဝင်လာမယ်ဆိုလို့ရှိရင်

ဒါဖြင့် မကောင်းကျိုး ပေးနေတဲ့အထဲကနေပြီးသကာလ မိစ္ဆာဒိဋ္ဌိ စိတ်တွေ ဝင်လာမယ်ဆိုလို့ရှိရင်ဖြင့် ဒကာကြွယ် သွားပြီ (မှန်ပါ့) မသွားပေဘူးလား (သွားပါတယ် ဘုရား)။

အဲဒီတော့ မကောင်းကျိုး လက်စသတ်တဲ့နည်းကို ဆရာဘုန်းကြီးက နည်းပေးလိုက်ပါတယ် (မှန်လှပါ) မကောင်း ကျိုး လက်စသတ်တော့။ ဒါက မကောင်းကျိုး (မှန်ပါ့) ဒီဘက်ကို ဒီမကောင်းကျိုး မလာဖို့ ဒီနေရာမှာ ခင်ဗျားတို့ သူ့ကို မလိုချင်ရင် ပြီးတာပဲ (မှန်ပါ့) သူ့ကို အနိစ္စ မြင်အောင်ကြည့် (မှန်ပါ့) ဒုက္ခမြင်အောင် (ကြည့်ရမှာပါပဲ ဘုရား) အင်း ဟင်၊ ဖြစ်ပျက်မြင်အောင် ကြည့်လိုက်ရင် ပြီးတာပဲ (မှန်ပါ့)။

ကြည့်လိုက်တဲ့အခါကျတော့ သူ့ကို ဒုက္ခသစ္စာလို့ မှန်မှန်သိသွားတယ် (မှန်ပါ့) မှန်မှန်သိသွားလို့ရှိရင်ဖြင့်တဲ့၊ မဂ်နဲ့မှ မှန်မှန်သိမယ် (မှန်ပါ့ ဘုရား) မဂ်က ဒီနေရာပေါ်ရင် မှန်မှန်သိပြီ (မှန်ပါ့ ဘုရား)။

မှန်မှန်သိတော့ ဒီ ဒုက္ခသစ္စာကြီးဟာ ခင်ဗျားတို့က ဒုက္ခသစ္စာလို့ အမှန်သိလိုက်ရင်ပဲ ဒကာကြွယ် ဆုတ်သွား တယ် (မှန်လှပါ) ဘာ ဆုတ်သွားသတုံး မေးတော့ ဘယ့်နှယ် ဖြေကြမလဲ (ဒုက္ခဆုတ်သွားပါတယ် ဘုရား) မကောင်းကျိုး ဆုတ်သွားတယ်လို့ ယူလိုက်ပါ (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ) မကောင်းကြောင်းကြောင့် ဖြစ်တဲ့ မကောင်းကျိုး ဘာဖြစ်သွားသတုံး (ဆုတ်သွားပါတယ် ဘုရား)။

ဒါဖြင့် ဂြိုဟ်ဝင်တာကို ခင်ဗျားတို့က ထင်နေတယ်။ ကိုယ်လုပ်ထားတဲ့ မကောင်းကျိုးကြီးကို ဆုတ်အောင် လုပ် လိုက်လို့ရှိရင်ဖြင့် ဦးဘအုန်း ဂြိုဟ်ပြေနံပြေ လုပ်ဖို့ လိုသေးသလား (မလိုပါ ဘုရား) တစ်ခါတည်း ဒုက္ခတွေ ဇာတ်သိမ်း မသွားဘူးလား (သိမ်းသွားပါတယ် ဘုရား)။

အဲဒီ့ သိမ်းတဲ့နည်း ဖြစ်လျက်သားနဲ့ ဂြိုဟ်ပြေနံပြေကို ဒကာကြွယ် မလိုပါဘူး (မလိုပါ ဘုရား) လိုသေးသလား (မလိုပါ ဘုရား)။

ဒါဖြင့် ဒုက္ခသိမ်းချင်ရင် ဒီ ၂-နံပါတ်မှာရှိတဲ့ တရားတွေကို ဝေဒနာဖြင့် ဝေဒနာ၊ စိတ်ဖြင့် စိတ်ပေါဗျာ။ အဲဒါတွေ ကို ဖြစ်ပျက် ဒကာ ဒကာမတွေက ရှုပေးပါ (မှန်လှပါ ဘုရား)။

ရှုပေးတော့ ဪ ဖြစ်ပျက်ဟာ ဘာပါလိမ့်မတုံးမေးတဲ့အခါကျတော့ ဒုက္ခသစ္စာ (မှန်ပါ့) ဒီ ဒုက္ခသစ္စာကြီး ထင်လွန်းမက ထင်အောင်သာ ရှုပေးပါ (မှန်လှပါ) ထင်လွန်းမက ထင်အောင် ရူနေတော့ ဒီဒုက္ခသစ္စာကြီးမှန်းလို့ ဒီဒုက္ခသစ္စာကြီး မရှိရင် ကောင်းလေစွဆိုတဲ့ ဉာဏ်တွေ မောင်ဘသော် ပေါ်မပေါ် (ပေါ်ပါတယ် ဘုရား) ပေါ်လာရင် သူ ချုပ်ပါတယ် (မှန်ပါ့ ဘုရား)။

သူချုပ်သွားတော့ ဒကာ ဒကာမတွေက ဘယ်လို စဉ်းစားမလဲဟာ မကောင်းကျိုး ချုပ်တယ် (မှန်ပါ့) ဘာချုပ် သလဲ (မကောင်းကျိုးချုပ်ပါတယ် ဘုရား)။

မကောင်းကျိုးချုပ်၊ ဒုက္ခတွေချုပ်သွားပဟေ့ ဆိုကတည်းကိုက ဒကာကြွယ် နိဗ္ဗာန်ပေါ်တယ် (ပေါ်ပါတယ် ဘုရား) ဒုက္ခချုပ်ရင် (နိဗ္ဗာန်ပေါ်ပါတယ် ဘုရား)။

ဒုက္ခချုပ် နိဗ္ဗာန်ပေါ်တယ်

ဒုက္ခချုပ် နိဗ္ဗာန်ပေါ်တယ်ဆိုတာ ပိုင်ပိုင်နိုင်နိုင် ဒကာ ဒကာမတွေက သိနေတော့ ဪ ကိုယ်လုပ်လာတဲ့ မကောင်းကျိုးကို ဘုရားပေးတဲ့နည်း၊ ဆရာဘုန်းကြီး ပေးတဲ့နည်း၊ ဒကာကြွယ်တို့က မကောင်းကျိုး သိမ်းတဲ့နည်းကို မမှန်ရင်သာ ကူးတယ် (မှန်ပါ့) မှန်ရင်တော့လည်း သိမ်းသွားတယ် (မှန်လှပါ ဘုရား)။

မမှန်လို့ရှိရင် မကောင်းကျိုးကို ဒါကြီးဟာ မကောင်းကျိုး (မှန်ပါ့) ဒီက မကောင်းခဲ့လို့ မကောင်းကျိုး ပေါ်တယ် (မှန်လှပါ)။

ဒီထဲကနေ ဂြိုဟ်ပြေနံပြေတွေ လုပ်မယ်ဆိုရင် ဒါတွေ ပေါ်ဦးမှာပဲ (ပေါ်မှာပါပဲ ဘုရား) မပေါ်လာဘူးလား (ပေါ်ပါတယ် ဘုရား)။

ကဲ ဒါဖြင့် မကောင်းကျိုးထဲက မကောင်းညွန့်တွေ ပြန်ထွက်တယ် (မှန်လှပါ ဘုရား) ၃-နံပါတ် မထွက်လာဘူး လား (ထွက်လာပါတယ် ဘုရား)။

ဒါဖြင့် သေသည်၏ အခြားမဲ့၌ ၄-နံပါတ်၊ မကောင်းကျိုး အကြီးအကျယ် ပြန်ရမယ် (မှန်ပါ့) မရဘူးလား (ရပါ တယ် ဘုရား)။

အဲဒါကြောင့် မကောင်းကျိုးကို ဇာတ်သိမ်းနည်း မကောင်းကျိုးကို ပွားနည်းဆိုတာ ဒကာကြွယ် နှစ်မျိုးရှိတယ် (မှန်လှပါ ဘုရား)။

မကောင်းကျိုး ဇာတ်သိမ်းတဲ့နည်းက မကောင်းတဲ့အကျိုးတွေကို မကောင်းတာမြင်အောင် ကြည့်ဖို့ပဲ (မှန်လှပါ ဘုရား) ဒုက္ခသစ္စာဖြစ်အောင် ကြည့်ဖို့ပဲ (မှန်လှပါ)။

ကြည့်လိုက်သည်နှင့် တစ်ပြိုင်နက်တည်း မကောင်းကျိုးတွေ ချုပ်ငြိမ်း ရုပ်သိမ်းသွားပါလိမ့်မယ် (မှန်ပါ့) မသိမ်း ပေဘူးလား (သိမ်းပါတယ် ဘုရား)။

ထိုကဲ့သို့ သိမ်းတဲ့အခါကျလို့ရှိရင်ဖြင့် ခင်ဗျားတို့ ဝမ်းသာကြတာပေါ့ (မှန်ပါ့ ဘုရား) ဘယ်လို ဝမ်းသာရမလဲဆို တော့ အင်း ဒုက္ခခပ်သိမ်းဖြင့် ငြိမ်းပေပေါ့ဆိုတော့ ခင်ဗျားတို့ ပြောနေကျ ဂြိုဟ်တွေဟာက ဟုတ်သေးရဲ့လား (မဟုတ်ပါ ဘုရား) ခန္ဓာဟာ ဂြိုဟ်ဗျ (မှန်ပါ့) ယူချင်လည်း အဲဒါကို ယူလိုက်ပါ (မှန်ပါ့ ဘုရား)။

ဒီခန္ဓာကြီးဟာ ခင်ဗျားတို့ မကောင်းတာ လုပ်လာလို့ မကောင်းကျိုးကြီးနဲ့ အတူနေရတာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

ဒါဖြင့် သူ့ကို သိမ်းတဲ့နည်းသည် အကောင်းဆုံးနည်း (မှန်လှပါ ဘုရား) ဒကာကြွယ် ဘယ်လိုဆုံးဖြတ်ချက်ချမလဲ (သူ့သိမ်းတဲ့နည်းဟာ အကောင်းဆုံးနည်းပါ ဘုရား)။

သူ့သိမ်းချင်ရင် သူ့ဖြစ်ပျက် မုန်းအောင်လုပ်

သူ့သိမ်းချင်ရင် သူ့ဖြစ်ပျက် မုန်းအောင်လုပ်ဗျာ (မှန်ပါ့) သို့မဟုတ် ဖြစ်ပျက်မုန်းအောင် လုပ်ဗျာ (မှန်ပါ့ ဘုရား) သူ့ဖြစ်ပျက်ကို ဒုက္ခသစ္စာလို့ အမှန်သိပြီး မုန်းအောင်လုပ်ပါ (မှန်ပါ့ ဘုရား) ဦးဘအုန်း မပြီးဘူးလား (ပြီးပါတယ် ဘုရား)။

ဒါသည် ဒကာ ဒကာမတို့ မကောင်းညွန့်ကလေး တိုးလာကတည်းက ပြတ်ထွက်သွားတယ် (ပြတ်သွားပါတယ် ဘုရား) အဲ ၃-နံပါတ် မကူးတော့ဘူး (မကူးပါ ဘုရား) ကူးသေရဲ့လား (မကူးပါ ဘုရား) ရှင်းကြရဲ့လား (ရှင်းပါပြီ)။

ဒီတရားကို နာရတဲ့ပုဂ္ဂိုလ်များမှာဖြင့် ဒိဋ္ဌိပါပြုတ်တယ် ဦးဘအုန်းရ (မှန်လှပါ ဘုရား) ဒို့အိမ် ဂြိုဟ်ဝင် ထင်ပါရဲ့ ဆိုတာတွေဟာ အကုန်ပျောက်ကုန်တယ် (ပျောက်ပါတယ် ဘုရား)။

ဒို့ မကောင်းကျိုးကို သိမ်းတဲ့နည်းဟာ ဒါပဲ၊ ဝိပဿနာနဲ့ သိမ်းလိုက်ရင်ရတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား) ဘာနဲ့သိမ်းကြမယ် (ဝိပဿနာနဲ့ သိမ်းပါ့မယ် ဘုရား)။

ဝိပဿနာနဲ့သိမ်းလိုက်ရင်

ဝိပဿနာနဲ့သိမ်းလိုက်ရင် ပြီးသွားတာပဲ (မှန်ပါ့) ဒီနေ့ရာ မဂ်ကလေးဝင်ပြီးသကာလ ဝေဒနာဖြစ်ပျက်ရှု၊ စိတ်တွေ ကို (ဖြစ်ပျက်ရှုရပါမယ် ဘုရား) ကြိုက်တာဖြစ်ပျက်ရှု၊ တစ်ခုခုကိုမှတ်သာရှုပါ (မှန်ပါ့) စိတ္တာနုပဿနာကြိုက်ရင် စိတ္တာ နုပဿနာရှု၊ ဝေဒနာနုပဿနာ ကြိုက်ရင် ဝေဒနာနုပဿနာ ရှုပါ (မှန်လှပါ ဘုရား)။

ရှုလိုက်လို့ ဖြစ်ပျက်မြင်၊ ဖြစ်ပျက်မုန်း၊ ဒီဖြစ်ပျက်တွေ ဆုံးသွားလို့ရှိရင်ဖြင့် ၂-နံပါတ် ရှိသေးရဲ့လား (မရှိပါ ဘုရား) ၂-နံပါတ် မရှိတော့ကို ၂-နံပါတ် ဆုံးသွားလို့ရှိရင် တဏှာ နိရောဓော နိဗ္ဗာန်ဆိုတော့ ၂-နံပါတ်ထဲ ပြန်ပေါ်တယ် (မှန် လှပါ ဘုရား) မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။

ကြည့်လေ ရေးထားတဲ့စာကြည့်ပါ ဒကာ ဒကာမတို့ ဝေဒနာ နိရောဓာ တဏှာနိရောဓောဆိုတာ ဘယ် နံပါတ်မှာလာပေါ်သလဲ (၂-နံပါတ်မှာ လာပေါ်ပါတယ်)။

အင်း ဦးဘအုန်း ၂-ကို အဟုတ်လုပ်လိုက်တော့ ၂-ထဲမှာ နိဗ္ဗာန်ရမယ် (မှန်လှပါ ဘုရား) တခြားမှာ သွားရ သလားတဲ့ ၂-နံပါတ်ထဲမှာပဲ ပြန်ရသလား (၂-နံပါတ်ထဲမှာပဲ ပြန်ရပါတယ် ဘုရား)။

ဒါဖြင့် ၂-ဒုက္ခ သိမ်းတော့ကို ၂-ထဲမှာပဲ နိဗ္ဗာန်ရတယ် (မှန်လှပါ ဘုရား) ၂-ဒုက္ခသိမ်းလို့ (၂-ထဲမှာပဲ နိဗ္ဗာန်ရပါ တယ် ဘုရား)။

ဪ နိဗ္ဗာန်ကလည်း အဝေးကြီးလား အောက်မေ့နေတယ် ၂-ကို မသိမ်းတတ်လို့ ၂-ထဲမှာ ရှိလျက်နဲ့ မရတာ (မှန်လှပါ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား) ဒကာကြွယ်ရေ ဘာမသိမ်းတတ်လို့ပါလိမ့် (၂-မသိမ်းတတ်လို့ ပါ ဘုရား) ၂-မသိမ်းတတ်တာနဲ့ ၂-ထဲက နိဗ္ဗာန်ကွယ်ပျောက်နေတယ် (မှန်ပါ့ ဘုရား) ၂-နံပါတ် ဒုက္ခသစ္စာ မသိမ်းတတ် တာနဲ့ ၂-နံပါတ်ထဲမှာရှိတဲ့ သုခသစ္စာ ကိုယ်ပိုင် မရလိုက်ဘူး (မှန်ပါ့ ဘုရား) နာလိုက်တာ (နာပါတယ် ဘုရား)။

ဒီ ၂-ထဲမှာ ရှိလျက်သားနဲ့ (ကိုယ်ပိုင် မရလိုက်ပါ ဘုရား) ၂-ဒုက္ခမသိမ်းတတ်တာနဲ့ ၂-သုခမရဘူး (မရပါ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) ၂-ဒုက္ခ မသိမ်းတတ်တာနဲ့ (၂-သုခ မရပါ ဘုရား)။

ကြည့်လေ ဒီမှာ မြှားကလေးပြထားတယ်။ ဒီဘက်သွားတာက ဒါ နိဗ္ဗာန်ပြတာ (မှန်ပါ့ ဘုရား) ဒီဟာသာ ချုပ်လို့ ရှိရင် ဒီဘက်ရမယ်တဲ့ (မှန်ပါ့) ၂-နံပါတ်ထဲပဲ ရတယ် (မှန်လှပါ ဘုရား)။

ဝဋ်ထဲက ထွက်သွားပါပြီ

ဘာတုံးဆိုတော့ ဝဋ်ပဋိစ္စသမုပ္ပါဒ် ထွက်လမ်းလို့ ဆိုထားကတည်းက ဒကာ ဒကာမတို့ ဒီဥစ္စာ ဝဋ်ထဲကထွက်သွား ပြီ (မှန်ပါ့ ဘုရား) ရိပ်မိပသား (ရိပ်မိပါပြီ ဘုရား) ဘာတဲ့တုံး (ဝဋ်ထဲက ထွက်သွားပါပြီ ဘုရား) ဒါဖြင့် ၂-နံပါတ်ထဲက ကိုယ်ကပြောင်းရဲ့လား၊ မပြောင်းဘူးလား (ပြောင်းပါတယ် ဘုရား)။

အဲဒီတော့ ဒကာ ဒကာမတွေ ယနေ့ ဒီဥစ္စာ တစ်လုံး၊ နှစ်လုံး ကျန်နေတာကလေးဟာ နေ့တိုင်း ဖြည့်ဖြည့်ပေး ရတယ် (မှန်လှပါ ဘုရား) ဒကာကြွယ် ၂-ဒုက္ခမြင်ရင် နိဗ္ဗာန်သည် ၂-ထဲမှာရတယ် (မှန်လှပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ယခုဘဝရတယ်ပြောမယ် (မှန်ပါ့) ဒါဖြင့် ဘယ်သူက သက်သေခံသလဲ၊ ဒီပဋိစ္စသမုပ္ပါဒ်က သက်သေခံ တယ် (မှန်လှပါ) ဘယ်သူက သက်သေခံသတုံး (ဒီပဋိစ္စသမုပ္ပါဒ်က သက်သေခံပါတယ် ဘုရား)။

ဒီဒုက္ခသိမ်းအောင် လုပ်နိုင်တဲ့ လူဟာ သောတာပန်ဖြစ်ရင် သောတာပန် နိဗ္ဗာန်ဟာ ဒီ ၂-နံပါတ်ရတာပဲ (မှန်လှပါ ဘုရား) သကဒါဂါမ်ဖြစ်အောင် လုပ်တဲ့ပုဂ္ဂိုလ်ဖြစ်ရင် ဒီ ၂-နံပါတ်ထဲမှာ သကဒါဂါမ်ရတဲ့ နိဗ္ဗာန်ရတာပဲ (မှန်လှ ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။

ဒကာကြွယ် ဘယ်လောက် ကျေးဇူးများသလဲ (များပါတယ် ဘုရား) ၂-ဒုက္ခချုပ်အောင် လုပ်နိုင်လို့ရှိရင်၂-သုခ ရပါတယ် (မှန်လှပါ ဘုရား) ဦးဘအုန်း ဘာတဲ့တုန်းဗျာ (၂-ဒုက္ခချုပ်အောင်လုပ်နိုင်လို့ရှိရင် ၂-သုခ ရပါတယ် ဘုရား)။

ကြည့်လေ ဒီခန္ဓာတွေ ဒုက္ခသစ္စာတွေ ချုပ်သွားမယ်ဆိုလို့ရှိရင်ဖြင့်တဲ့ ဒီဘက်က တဏှာဥပါဒါန် မလာတော့ ဝေဒနာ နိရောဓာ တဏှာနိရောဓော ဝဋ်မှထွက်ခဏ်း (မှန်ပါ့) ထွက်လမ်းဖြစ်သွားတယ် (မှန်ပါ့ ဘုရား)။

ဝိပါကဝဋ်မှ ထွက်သွားပြီဆိုတာ ဒကာ ဒကာမတို့ အလုပ်က သက်သေခံတယ် (ခံပါတယ် ဘုရား) ဒါနိဗ္ဗာန်ပဲ မဟုတ်လား (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာတဲ့ မသိတာ သိပ်ခက်ပါလား (မှန်လှပါ ဘုရား) ထွက်လမ်းမသိတာ သိပ်ခက်ပါလား (မှန်ပါ့ ဘုရား)။

နိဗ္ဗာန်ဟာ အနီးကလေး

ကိုင်း ရှေးက ရှင်းရှင်းကလေးပြတဲ့ ဒကာ ဒကာမတွေက နိဗ္ဗာန်ဟာ အဝေးကြီးကွာ (မှန်လှပါ) ပြောကြ တယ် (ပြောကြပါတယ် ဘုရား) ဘုရားကလည်း နိဗ္ဗာနဿေဝသန္တိတေ သံယုတ်ပါဠိတော်မှာလည်း ဟောရက်ပဲ (မှန်ပါ့)။

”ယဿာ ဧတာဒိသံ ယာနံ၊

ဣတ္ထိယာ ပုရိသဿဝါ။

သဝေဧတေန ယာနေန၊

နိဗ္ဗာနဿေဝ သန္တိကေ”။ နိဗ္ဗာန်ဟာ အနီးကလေးကွတဲ့ (မှန်ပါ့ ဘုရား)။

ဘုရားကလည်း နိဗ္ဗာန်အနီးကလေး၊ ခင်ဗျားတို့ ရှေးကျကျ လူတွေကလည်း နိဗ္ဗာန်ဆိုတာ တော်တော် ဝေးတယ် ဟေ့၊ ဒို့နေပုံ ထိုင်ပုံနဲ့ဆိုရင် ဝေးပါ့သေးတယ်ကွာ (မှန်လှပါ ဘုရား) တစ်စတစ်စ ရောက်ရမှာပဲ (မှန်လှပါ)။

တစ်စတစ်စဟာလည်း ဘုန်းကြီးတို့က ပြောချင်တယ် မရပါဘူး။ တုံးသွားတယ် (မှန်လှပါ ဘုရား) နဂိုရ်ကမှ အစကလေးကိုး (မှန်လှပါ ဘုရား) ဒီအစကလေးဟာက ချွန်မထွက်တဲ့ပြင်တုံးသွားပြီ (မှန်လှပါ) ဘာဖြစ်လို့တုံး အမေမှား အဖေမှားတွေနဲ့ တွေ့ဦးမှာ (မှန်လှပါ ဘုရား) တွေ့ရင် မိစ္ဆာဒိဋ္ဌိဘက်ကူးသွားမယ် (ကူးမှာပါပဲ ဘုရား) ကူးသွားရင် ဒီကပါ လာတဲ့ အစကလေးဟာ အညွန့်ထွက်လာလည်း တုံးသွားတယ် (တုံးပါတယ် ဘုရား) မဂ်ညွန့်၊ ဖိုလ်ညွန့် မထွက်ဘဲနဲ့ ဒိဋ္ဌိညွန့် သန်လာတယ် (မှန်လှပါ ဘုရား) သဘောပါလား (ပါ-ပါတယ် ဘုရား)။

ဒါ့ကြောင့် တစ်စတစ်စတွေ ဒကာကြွယ်တို့က သူများပြောသံကြားနဲ့ ယုံမနေနဲ့ (မှန်လှပါ ဘုရား)။

ဒီ ပဋိစ္စသမုပ္ပါဒ်ကြည့်ပါ၊ ၂-ဒုက္ခသစ္စာချုပ်ရင် ဒီ ၂-ထဲမှာပဲ နိရောဓသစ္စာ ထွက်လမ်းပါတယ် (မှန်လှပါ ဘုရား) မပါဘူးလား (ပါ-ပါတယ် ဘုရား)။

အဲဒီတော့ ဒီဥစ္စာကို သေသေချာချာ ခင်ဗျားတို့ သိမ်းထားပါ (မှန်လှပါ) ဒီစာရွက်တွေ ကိုယ်စီကိုယ်ငှ ရထားပါ တယ် (မှန်ပါ့ ဘုရား) ရထားပြီး ညောင်ရေအိုးစင်မှာ ချိတ်ထားလို့လည်း မဖြစ်သေးဘူး (မှန်လှပါ ဘုရား)။

၂-က ၃-ဘယ်နှစ်ခါ ကူးသလဲ

ငါ ဒီနေ့ဘယ်နှစ်ခါ ဖြတ်သလဲ၊ ၂-က ၃-ဘယ်နှစ်ခါ ကူးသလဲ မကူးဘူးလား (မှန်ပါ့) အကူးဘူးဆိုလို့ရှိရင်လည်း ဝမ်းသာပြီး အိပ်လိုက် (မှန်လှပါ ဘုရား)။

၂-က ၃-မကူးဘူးဆိုရင် ဘာလုပ်ရမလဲ (ဝမ်းသာပြီး အိပ်ရပါ့မယ်) မကူူးရုံတွင်မကဘူး ၂-နံပါတ်မှာရှိတဲ့ ခန္ဓာ တွေ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿဝေဒနာတွေ အကုန်ပျောက်ပါတယ်ဆိုရင်ဖြင့် ငါသည် ၂-အဆုံးဖြတ်တဲ့ ဝေဒနာ နိရောဓာ တဏှာ နိရောဓော နိဗ္ဗာနံဆိုတာဖြင့် ဝဋ်မှ ထွက်လမ်းဖြင့် ရောက်ပေပေါ့လို့ ကိုယ့်ဟာကိုယ်ဝမ်းသာ (မှန်လှပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကဲ ဦးဘအုန်း မြတ်စွာဘုရား ဟောကြားခဲ့တဲ့ ဒီ ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်ကြီးကို သေသေချာချာ နာရတော့မှ နိဗ္ဗာန် နီးသလား၊ ဝေးသလား (နီးပါတယ် ဘုရား) နီးရက်နဲ့ မရောက်တာ လမ်းမမှန်လို့ မှတ် (မှန်လှပါ) နီးရက်နဲ့ မရောက်တာ (လမ်းမမှန်လို့ပါ ဘုရား) မိစ္ဆာဒိဋ္ဌိလမ်း လိုက်နေလို့ သမ္မာဒိဋ္ဌိလမ်း ဖြစ်ပျက် မြင်တဲ့ သမ္မာဒိဋ္ဌိလမ်း မလိုက်လို့ ဖြစ်ရတာလို့ ဒကာကြွယ် မှတ်စမ်း (မှန်လှပါ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဪ ဒါဖြင့် ဒို့သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ၁-က မိုက်ပေမယ့် ၂-မှာ မမိုက်ရင် နိဗ္ဗာန်ရနိုင်တယ် (မှန်လှပါ ဘုရား) ၁-က မိုက်ငြားသော်လည်း (၂-မှာ မမိုက်ရင် နိဗ္ဗာန်ရပါတယ်) ၂-ထဲမှာ ဆရာကောင်း သမားကောင်းတွေ့လို့ ခင်ဗျားတို့ မိုက်ညွန့် မတက်လို့ရှိရင်ဖြင့် ဦးဘအုန်း ရမှာပဲ (ရမှာပါပဲ ဘုရား) မိုက်ညွန့် မပေါက်ရင်လေ (မှန်လှပါ ဘုရား)။

ဒါက မိုက်လို့ ရထားတာ၊ ဒီထဲကနေပြီး ဒီခန္ဓာကြီး ခင်တဲ့တဏှာ ဥပါဒါန်တွေ၊ ဘဝတွေ လာဦးမယ်ဆိုရင် မိုက်ညွန့်တက်တာ (မှန်လှပါ ဘုရား) ဒီမှာတာက မိုက်ပြစ်သင့်တယ် (မှန်လှပါ)။

မိုက်ပြစ် သင့်တဲ့အထဲက ဒါတွေခင် ခန္ဓာတွေ၊ သားတွေ၊ သမီးတွေ၊ ဆွေတွေ၊ မျိုးတွေကို တဏှာ ဥပါဒါန်ကံတွေ နဲ့ ဒကာကြွယ်တို့က ကြိုးစားနေမယ်ဆိုရင်ဖြင့် မိုက်တဲ့အထဲက အညွန့်ပေါက်ပြန်တာပဲ (မှန်ပါ့)။

ဘယ်လိုဆိုကြမယ် (မိုက်တဲ့အထဲက အညွန်ပေါက်ပြန်တာပဲ ဘုရား) ဒါဖြင့် အညွန့် မပေါက်ချင်ဘူးဆိုရင် ဒီ အညွန့်တွေ ချိုးကြပေရော့ (မှန်လှပါ ဘုရား) ဒီအညွန့်တွေ ချိုးတော့ ဒကာ ဒကာမတို့ ဒီထဲမှာ ကြိုက်ရာကို သတိပဋ္ဌာန် လေးပါးထဲက တစ်ပါးပါးကြိုက်ရင် တစ်ပါးပါးရှု၊ ဝေဒနာကြိုက်ရင် ဝေဒနာရှုပါ (မှန်ပါ့) သဠာယတနထဲက စိတ်ကြိုက် ရင် (စိတ်ရှုပါ) စိတ်ရှုတော့ ကိုယ့်စိတ်ကိုယ်ရှုလို့ မနေ့က သင်ထားတယ် (မှန်ပါ့)။

ဒီကနေပြီး ရှုလိုက်တဲ့အခါကျတော့ ဒီအဆက်ဟာ ပြတ်သွားတယ် (ပြတ်ပါတယ် ဘုရား) မိုက်ညွန့်တက်သေးရဲ့ လား (မတက်ပါ ဘုရား)။

မတက်တော့ ဘယ်သွားသတုံး မေးတဲ့အခါကျတော့ ဒကာ ဒကာမတွေ သိတဲ့အတိုင်းတဲ့ ဒီကနေ မဆက်ပါဘူး လို့ ဒီဘက်သွားပါတယ်။ မြှားက ဒီမှာပြတယ် (မှန်လှပါ)။

ဒါတွေသာ ခင်ဗျားတို့ ဝိပဿနာရှုလို့ ဝိပဿနာဆုံးရင် ဒီဘက်မှာ နိဗ္ဗာန်တွေ့ပါတယ် (မှန်လှပါ ဘုရား)၂-က ၃-မသွားပါဘူး (မသွားပါ ဘုရား) ၂-ထဲတွင် နိဗ္ဗာန်ရှိတယ် (မှန်ပါ့ ဘုရား)။

၂-နံပါတ်မှာ ဒုက္ခလည်းရှိ၊ နိရောဓလည်းရှိ

ဒါဖြင့် ၂-နံပါတ်မှာ ဒုက္ခလည်းရှိ၊ နိရောဓလည်းရှိ (မှန်လှပါ ဘုရား) ဦးဘအုန်း ပေါ်ပလား (ပေါ်ပါပြီ ဘုရား) ၂-နံပါတ်မှာ (ဒုက္ခလည်းရှိ နိရောဓလည်း ရှိပါတယ် ဘုရား) နိရောဓဆိုတာ ဟောဒီဘေးက ပြထားတာတွေ (မှန်ပါ့) ဝေဒနာ နိရောဓာ တဏှာ နိရောဓော၊ စာမဆန့်လို့ ဝဋ်မှ ထွက်လမ်းလို့ ရေးလိုက်တာ (မှန်လှပါ ဘုရား) စင်စစ်နိဗ္ဗာန် ပဲ (မှန်လှပါ) ဝေဒနာ နိရောဓာ တဏှာ နိရောဓော နိဗ္ဗာနံပဲ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ) သို့သော် အားလုံးသိအောင် ဆိုတော့ ဒါ ဝဋ်မှ ထွက်သွားပြီ (မှန်လှပါ)။

အင်း ကိလေသဝဋ်မှကော မထွက်သေးဘူးလား (ထွက်ပါပြီ ဘုရား) ဒီရထားတဲ့ ဝိပါက ဝဋ်မှကော (ထွက်ပါ ပြီ ဘုရား) ဒီ ကိလေသာတွေကော လာသေးသလား (မလာပါ ဘုရား) ကိလေသာဝဋ်မှလည်းထွက်ပြီ (မှန်ပါ့) ဝိပါကဝဋ် အကျိုးပေးကြီးမှကော (ထွက်ပါပြီ ဘုရား) အဲ အကျိုးပေးမှလည်း ထွက်သွားပါပြီ (မှန်လှပါ ဘုရား)။

ကိလေသာငြိမ်း ခန္ဓာသိမ်း

ဒါဖြင့် ကိလေသာငြိမ်း၊ ခန္ဓာသိမ်း (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား) ဘယ်လိုပါလိမ့် (ကိလေသာငြိမ်း ခန္ဓာသိမ်းပါပြီ ဘုရား)။

အေး ကိလေသာငြိမ်း၍ ခန္ဓာသိမ်းတာသည် နိဗ္ဗာန်ဆိုတော့ ဦးဘအုန်း ကိုယ်လုပ်ဖို့ရာသာ အရေးကြီးတော့ တယ်နော် (မှန်လှပါ ဘုရား) ၃-တော့ မကူးတာကဖြင့် သေချာပြီဆိုတဲ့ အဓိပ္ပာယ်ဖြင့် ဒကာကြွယ် ဘာမှ သံသယမရှိနဲ့ (မှန်ပါ့ ဘုရား) ရှိသေးရဲ့လား (မရှိပါ ဘုရား)။

ကဲ ဒါဖြင့် လုပ်တတ်ကြပလား (လုပ်တတ်ပါပြီ ဘုရား) လုပ်တတ်ပြီ ၂-ကိုဆုံးအောင် လိုက်လို့ရှိရင်ဖြင့် ၂-ထဲမှာ နိဗ္ဗာန်တွေ့တယ် (မှန်ပါ့) ၂-ခန္ဓာဆုံးအောင်လိုက်ရင် (၂-ထဲမှာ နိဗ္ဗာန်တွေ့ပါတယ် ဘုရား)။

ဪ ဒါဖြင့် ဒို့ဘဝကူးကောင်းဖို့ဆိုတာ ဘဝ မကူးတော့ဘူး (မှန်လှပါ) ဒီကူးမှ ဘဝကူးတယ် (မှန်ပါ့) မဟုတ်ဘူးလား (ဟုတ်ပါတယ်)။

ဒီမှာ ကြည့်ပါလားတဲ့ ဥပပတ္တိဘဝ (မှန်ပါ့) ဒါ ဘဝကူးသွားတာ၊ ကူးသေးရဲ့လား (မကူးတော့ဘူး) ဒီကနေ တစ်ခါတည်း နိဗ္ဗာန်ဝင်သွားတာပဲ (မှန်ပါ့) ဒကာကြွယ် နေရာကျပလား (ကျပါပြီ ဘုရား)။

ဟာ ဒါဖြင့် ဘုန်းကြီးက ပြောတော့ အလွယ်ကလေးလို့ ခင်ဗျားတို့က ဆင်ခြေမလဲပါနဲ့ (မှန်ပါ့) မလဲနဲ့၊ ပြောတော့ အလွယ်ကလေးလို့ ဆိုတော့ မလုပ်ချင်တဲ့လူ အသံထွက်လာတာ (မှန်ပါ့) ဦးဘအုန်း ဘာတဲ့တုံး (မလုပ်ချင် တဲ့လူ အသံထွက်လာတာပါ ဘုရား)။

ဘုန်းကြီးက ပြောတော့ အလွယ်ကလေး၊ လူဆိုတာ လွယ်တာမဟုတ်ဘူး (မှန်လှပါ) မလွယ်လို့ရှိရင် ဒါလည်း မလုပ်နဲ့လေ (မှန်ပါ့) ဒါတော့ လုပ်တတ်တယ် (မှန်လှပါ) ဒကာကြွယ် လူဆိုတာ မလွယ်ဘူးဆိုတော့ တဏှာ ဥပါဒါန် ကံတော့ လုပ်တတ်တယ် (မှန်ပါ့ ဘုရား) ပြတ်အောင်တော့ (မလုပ်တတ်ပါ ဘုရား)။

နို့ လူဆိုတာ အခက်သားလို့ ခင်ဗျားတို့ မဟုတ်တာတော့ လုပ်တတ်တယ်။ ဟုတ်တာကျတော့ (မလုပ်တတ် ပါ) မလုပ်တတ်ဘူးဆိုတော့ ညည်းတဲ့ ပုဂ္ဂိုလ်က မလွယ်ဘူးဘုရား။ ဘာ့ကြောင့် မလွယ်တာတုံး ပြောစမ်းပါဦး။ ဒီနှစ်ခု ရှိတဲ့ဟာ တစ်ခုတော့ လုပ်တတ်တယ် (မှန်လှပါ) တစ်ခုတော့ မလုပ်တတ်ဘူးတဲ့ (မှန်လှပါ) ဒါ ဘယ့်နှယ် ပြောတာတုံး ဒကာကြွယ် ဘယ့်နှယ်ဆိုမတုံး (မပြောတတ်ပါ ဘုရား) မပြောတတ်ပါဘူးဘုရား၊ ပြောနေကျ နှုတ်တက်လို့ တပည့်တော် သုံးလိုက်တာပဲ (မှန်ပါ့) ဒါပဲရှိတယ်။ တဏှာ ဥပါဒါန်ပွားနည်းတော့ လုပ်တတ်တယ် (မှန်ပါ့) တဏှာ ဥပါဒါန်ချုပ်နည်း တော့ (မလုပ်တတ်ပါ ဘုရား)။

တဏှာ ဥပါဒါန်ချုပ်နည်း

အဲဒီတော့ အခုနည်းတွေ့ပြီ ဒကာကြွယ်ရ (မှန်လှပါ) တဏှာ ဥပါဒါန်ချုပ်နည်းကတော့ ဝေဒနာလာရင် ဖြစ်ပျက် ရှု၊ စိတ်လာရင် (ဖြစ်ပျက်ရှုရပါမယ် ဘုရား) ရုပ်ကြိုက်တဲ့ ပုဂ္ဂိုလ်က (ရုပ်ဖြစ်ပျက်ရှုရပါမယ် ဘုရား)။

ဖြစ်ပျက်ရှုလိုက်တဲ့ အခါကျတော့ တဏှာဥပါဒါန်ကံလာသလား၊ မဂ်လာသလား (မဂ်လာပါတယ် ဘုရား) မဂ်လာ ရင် ဖိုလ်လာရမယ် (မှန်ပါ့ ဘုရား) ဝိပဿနာ မဂ်ပြီး လောကုတ္တရာမဂ်လာပြီးတော့ ဖိုလ်လာမှာပဲ (မှန်ပါ့ ဘုရား)။

ဒါတော့ လူဆိုတာ အခက်ကြီးလို့ လုပ်မနေနဲ့ (မလုပ်ပါ ဘုရား) တစ်ခုလုပ်တတ်ရင် တစ်ခုတော့ လုပ်တတ်ရလိမ့် မယ် (မှန်လှပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကိုင်း ဒကာကြွယ် ညည်းချင်သေးသလား (မညည်းချင်ပါ ဘုရား) မညည်းဘဲနေရင် မလုပ်ဘဲလည်း မနေနဲ့ ဗျ ခင်ဗျားတို့ (မှန်ပါ့ ဘုရား) ဒါလည်း စိုးရိမ်ရသေးတယ် (မှန်ပါ့) တကယ့်ညည်းတော့ မနေဘူး။ ဪ ကိစ္စက များလိုက်တာဆိုပြီး ဒီဥစ္စာလို့ရှိရင် ကိစ္စက များတယ်ဆိုလို့ရှိရင် ဒကာ ဒကာမတို့ သွားပြီ (မှန်လှပါ ဘုရား) ကိစ္စက များတယ်ဆို ဒါတွေပေါ်ပြီသာ အောက်မေ့ (မှန်ပါ့) ၃-နံပါတ်ပေါ်ပြီ (ပေါ်ပါပြီ ဘုရား)။

ကိစ္စများတယ်ဆိုတာ ဘာပြောတာပါလိမ့် (၃-နံပါတ် ပေါ်တာ ပြောတာပါ ဘုရား) ၃-နံပါတ်ဟာ ဒီခန္ဓာကိုယ်ထဲ က ပေါ်လာတဲ့ တဏှာ ဥပါဒါန်ကိစ္စတွေ ဦးဘအုန်းရ (မှန်လှပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒီတော့ လူဆိုတာ ဘုရား ၊ အရှင်ဘုရားများလိုလည်း မလွယ်တော့ ကိစ္စက သိပ်များတယ်။ ဘုရားကလည်း “ဃာရာဝါသော ဗဟုကိစ္စော” လို့ ဟောထားတယ် (မှန်လှပါ) အင်း ဘုရားတိုင်ပြန်ပြီး သူ့ဟာက (မှန်လှပါ ဘုရား) တပည့်တော် အပါယ်သွားဦးမယ်တဲ့ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

”ဃရာဝါသော ဗဟုကိစ္စော” ဆိုတော့ တပည့်တော် ကိစ္စတယ်များဆိုတော့ ၃-နံပါတ်သူသွားမယ် (သွားပါမယ် ဘုရား) ဘုရားကလည်း အဟောသားဆိုတော့ ဘုရားတိုင်ပြီး သွားမယ်ပြောတာ (မှန်လှပါ ဘုရား) ဘုရားတိုင်ပြီး ဘယ် သွားမှာတုံး (အပါယ်သွားမှာပါ ဘုရား)။

စကားတတ်ပုံများ ဂွကျလိုက်တဲ့ဖြစ်ခြင်း

အမယ်လေး ဒကာကြွယ်တို့ စကားတတ်ပုံများ ဂွကျလိုက်တဲ့ဖြစ်ခြင်းမှ မပြောပါနဲ့တော့ဟင် (မှန်လှပါ ဘုရား) ဒကာ ဒကာမတွေ ခင်ဗျားတို့ ဒီဥစ္စာ အရေးတကြီး ပြောနေတယ်ဆိုတာ မှတ်လိုက်စမ်းပါ (မှန်လှပါ ဘုရား) ခင်ဗျားတို့က ဃရာဝါသော ဗဟုကိစ္စော ဆိုတဲ့ဥစ္စာနဲ့ပဲ ဒါကလေး ဆင်ခြေလဲတယ်။ ဆင်ခြေလဲတာက မောင်ဘသော်က စဉ်းစား၊ ဆင်ခြေသည် ဘယ်နှစ်နံပါတ်ထွက်လာတာတုံး (၃-နံပါတ်ထွက်လာပါတယ် ဘုရား)။

ဒါဖြင့် ဘုရားကလည်း မဟောဘူးလား၊ ဃရာဝါသော ဗဟုကိစ္စောလို့ (ဟောပါတယ် ဘုရား) ဟောတာက ပယ်ဖို့ ဟောတာ ခင်ဗျားတို့ အသုံးချဖို့ ဟောတာ မဟုတ်ဘူး (မှန်လှပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ခုတော့ ဘုရားဟောတဲ့အထဲ ဒကာကြွယ်တို့က ဘုရားက ဒီလိုဟောတာ ပယ်ဖို့ဟောတာလား၊ အလုပ်လုပ်ဖို့ ဟောတာလားဆိုတာလည်း မရွေးဘူး (မရွေးပါ ဘုရား) အရေးရှိ ဘုရားကို တိုင်တတ်တယ် (မှန်လှပါ ဘုရား)။

အပြီးသတ်တော့ ဒီဥစ္စာက အခြေအနေ သေသေချာချာသိတော့ ဃရာဝါသော ဗဟုကိစ္စောဆိုတာ မင်းတို့ ဗဟုကိစ္စများလို့ရှိရင် မဂ်တားတော့မှာပဲလို့ ပြောတာ (မှန်လှပါ) သဘောကျပလား (ကျပါပြီ ဘုရား) မဂ်တားမည့် အလုပ် ကို ဒကာကြွယ်တို့က ဘုရားကိုက ဒီလိုဟောထားတယ် လုပ်ရဦးမယ်ဆိုတဲ့ အဓိပ္ပာယ်ရောက်နေတယ် (ရောက်နေပါတယ် ဘုရား)။

ဒါဖြင့် ဒီဆင်ခြေကို လဲချင်လဲထား (မလဲချင်ပါ ဘုရား) နောက် ပါဠိကလေးဖြုတ်ပစ်ကြနော် (မှန်လှပါ) ဖြုတ်ပစ်၊ ဖြုတ်ပစ်၊ ဘာဖြစ်လို့တုံးဆိုလို့ရှိရင် ၃-နံပါတ်ကူးတဲ့ ပါဠိ (မှန်လှပါ ဘုရား) ဘယ်ကူးတဲ့ ပါဠိတုံး (၃-နံပါတ်ကူးတဲ့ ပါဠိ ပါ ဘုရား)။

ခင်ဗျားတို့၏ လူ၏ ကိစ္စဆိုတာကတော့ဖြင့် မကောင်းလို့ သွားရတာနဲ့ မနေသာတာနဲ့ ဟုတ်လား (မှန်ပါ့) မျက်နှာကလေးများ မပြလို့ရှိရင် မလှတာနဲ့ဆိုတော့ ဒီဥစ္စာ မကင်းရားက လာတာ (မှန်လှပါ ဘုရား)။

မကင်းတရားဆိုတာ သိပလား

မကင်းတာ တဏှာ၊ တဏှာလာရင် ဥပါဒါန်လာမယ် (လာပါမယ် ဘုရား) ဥပါဒါန်လာရင် အဝတ်ပြင်ဆင်ပြီး ကာယကံ ဝစီကံနဲ့ သွားနိုင်တယ် (သွားနိုင်ပါတယ် ဘုရား) မသွားပေဘူးလား (သွားပါတယ် ဘုရား)။

ဒါဖြင့် ဦးဘအုန်း မကင်းတရားဆိုတာ သိပလား (သိပါပြီ ဘုရား) မကင်းတရားဆိုတာ ၃-နံပါတ် အစသာမှတ် (မှန်လှပါ ဘုရား) မကင်းတရားဆိုတာ (၃-နံပါတ်အစပါ ဘုရား) ၃-နံပါတ် အစမှာ ဘာတွေ့သတုံး (တဏှာတွေ့ပါတယ် ဘုရား) တဏှာက မကင်းတာ (မှန်လှပါ)။

ဒါဖြင့် ဒီလို မကင်းလို့ရှိရင် ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်က တဏှာလာရင်တော့ ဥပါဒါန်က မလျှော့နိုင်ဘူးတဲ့ (မှန်လှပါ ဘုရား) ဖြစ်ရမှာပဲ (မှန်ပါ့ဖြစ်ရမှာပါ ဘုရား) ဥပါဒါန်လာတဲ့ တစ်နေ့ကျလို့ရှိရင်ဖြင့် ကာယကံ ဝစီကံနဲ့ ခင်ဗျားတို့ သွားရတော့မယ်၊ လာရတော့မယ်၊ ပြောရတော့မယ် ဆိုရတော့မယ် (မှန်လှပါ ဘုရား)။

နောက်ကျနေတာတောင်မှ ဘာလို့ နောက်ကျနေတာတုံး ဒီမှာ ကိစ္စတောင် အတော်ခရီးပေါက်နေပြီ။ အို သက်သက်လာတာပဲ အစရှိသည်နဲ့ ဝစီကံကလည်း ပြောတယ် (မှန်ပါ့) ကာယကံကကော (လုပ်ပါတယ် ဘုရား) သွားတာပဲ ကာယကံကလည်း ခပ်သွက်သွက်၊ ဝစီကံကလည်း ခပ်ဖုံးဖုံး (မှန်လှပါ) ဒီလို မလုပ်ကြရဘူး (မလုပ်ပါ ဘုရား)။

အဲဒါ ခင်ဗျားတို့က ဒီကံ အတိတ်ကံလို့ ယူမနေနဲ့၊ ခင်ဗျားတို့ အခုပြောတဲ့ကံ (မှန်လှပါ ဘုရား) သွားတာက ကာယကံ၊ ပြောတာက (ဝစီကံပါ ဘုရား)။

အဲဒါ မသေခင်ပေါ်တာ၊ သေမှက ဒီကြားထဲကျမှ သေမှာ (မှန်လှပါ) မသေသေးခင် လုပ်နေတဲ့ကံတွေ (မှန်ပါ့) ဒကာကြွယ် ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒကာကြွယ်တို့ လုပ်နေတာ ဃရာဝါသော ဗဟုကိစ္စောဆိုတဲ့ အသွားတွေက ယခုလုပ်တာလား၊ နောက်မှလုပ် တာလား (ယခုလုပ်တာပါ ဘုရား) သေတော့ အကျိုးပေးမှာပဲ (ပေးမှာပါ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဖုံးလိုက်၊ ဖိလိုက်တာက လွန်နေ တာပဲ

ဒါတွေ ပဋိစ္စသမုပ္ပါဒ်ကြီးကို ရှင်းလင်းအောင်ပြောပြီး သကာလ နေခြင်းဟာ ဦးဘအုန်းရေ ခင်ဗျားတို့ ဖုံးတာတွေ၊ ဖိတာတွေ အကုန်ပေါ်အောင်လုပ်နေတာ (မှန်လှပါ ဘုရား) ခင်ဗျားတို့က ဖုံးလိုက်၊ ဖိလိုက်တာက လွန်နေ တာပဲ (မှန်လှပါ) အပါယ်သွားတာတောင်မှ လျှိုးသွားချင်သေးတယ် (မှန်လှပါ) မောင်းတီးပြီး မထွက်ချင်ဘူး (မှန်လှပါ)။

ဒကာကြွယ် ဘယ့်နှယ်ဖြစ်နေတာတုံး (မှန်လှပါ) အင်း ဟင်၊ ဖုံးကာ၊ ဖိကာနဲ့ အကုသိုလ်ဆိုတာတော့ ကျုပ်တို့ ကြောက်ပါတယ်။ မနေသာလို့ ဖုံးကာ၊ ဖိကာနဲ့ (မှန်လှပါ) မလာဘူးလား (လာပါတယ် ဘုရား) မတတ်သာလို့ မုသားကလေးပါသွားတယ် (မှန်ပါ့) ဖုံးတာ၊ ဖိတာပဲ လာပြန်တာပဲ (မှန်ပါ့ ဘုရား) အင်း အကုသိုလ်ကို မောင်းတီး မတွက်ဘူးပေါ့လေ။ တစ်ယောက်တည်း ငါ့ဟုငါ ဂျွန်းထိုးထွက်လိုက်မယ်ဆိုတဲ့ အဓိပ္ပာယ်မျိုး (မှန်လှပါ) ဒကာကြွယ် ဒီဥစ္စာတွေက မဟုတ်တာတွေက သိပ် ဖုံးလေ့၊ ဖိလေ့ရှိတယ် (မှန်လှပါ) မရှိဘူးလား (ရှိပါတယ် ဘုရား)။

အဲ ဒီဥစ္စာတွေဟာ ခင်ဗျားတို့က ဖုံးလိုက်၊ ဖိလိုက်ရှိပေမယ့် ပဋိစ္စသမုပ္ပါဒ်ကတော့ ဟ ၃-နံပါတ်ကူး (မှန်ပါ့) ကူးရင် မပေါ့နဲ့တဲ့၊ ၄-နံပါတ် အပါယ်လေးပါး ဒုက္ခသစ္စာတော့ (ရပါတယ် ဘုရား) ရ-ရမှာပဲဆိုတာ မငြင်းမဆန်ခံရုံ ပဲ (မှန်လှပါ ဘုရား)။

ဒါ့ကြောင့် ဖုံးဖုံးဖိဖိ ပရိယာယ် မာယာများတဲ့ ဒကာ ဒကာမတွေကျတော့ ဒကာကြွယ် ကြောက်စရာကြီးပါလား (မှန်လှပါ) မကောင်းဘူးလား (ကောင်းပါတယ် ဘုရား) ပရိယာယ်နဲ့ ပြောလိုက်ဆိုလိုက်၊ မာယာနဲ့ ပြောလိုက် ပြောလိုက် ဒီကူးပြီ (ကူးပါပြီ ဘုရား) မကူးသေးဘူးလား (ကူးပါပြီ ဘုရား) ဘယ်နံပါတ်ကူးသလဲ (၃-နံပါတ်ကူးပါတယ် ဘုရား) ၃-နံပါတ်ကူးတော့ ဘာသစ္စာဖြစ်သလဲ (သမုဒယသစ္စာ ဖြစ်ပါတယ် ဘုရား)။

ဟာ သမုဒယသစ္စာဖြစ်ရင် ဒကာ ဒကာမတို့ အကြောင်းသစ္စာပဲ (မှန်ပါ့) ဒုက္ခသစ္စာတော့ လှလှကြီးရတော့ မှပဲ (မှန်ပါ့) မရပါနဲ့ဆိုလို့ (မရပါ ဘုရား) တစ်ခါတည်း တိုက်ရိုက်အကျိုးပေးမှာပဲ (မှန်ပါ့ ဘုရား)။

အဲဒါကြောင့် ဒီအထဲမှာ ဒကာတွေလည်း များပါတယ်။ ဒကာမတွေလည်း များပါတယ် (မှန်ပါ့) အဲဒီများတဲ့အထဲ က နေပြီးသကာလ အင်း မင်းဟာ ဆင်ခြေတွေလည်းနေတာလည်း ၃-နံပါတ်ကွ၊ ပရိယာယ် မာယာတွေ သုံးနေတာ လည်း (၃-နံပါတ်ပါ ဘုရား) အင်း အလကားနေရင်း နှုတ်ချိုနေတာကော (၃-နံပါတ်ပါ ဘုရား)။

နှုတ်ချိုလိုက်ရသေးတယ်၊ နှုတ်ချိုတာကလည်း သူ့ဆီက ပစ္စည်းနဲ့ အကြောင်းညီညွတ်အောင် ချိုနေတာ (မှန်လှပါ) မဟုတ်ဘူးလား (မှန်ပါ့)။

အဲဒီတော့ နှုတ်ချိုတယ်ဆိုတာလည်း ဒကာကြွယ် တဏှာက ထိုင်ပါဦး၊ ကြည့်သွားပါဦး ဘယ်လို၊ ဘယ်ညာ အစရှိသဖြင့် သုံးရ၊ နှုန်းရတာတွေလေ (မှန်လှပါ) ဘယ်နံပါတ်ကူးသွားသလဲ (၃-နံပါတ် ကူးသွားပါတယ် ဘုရား)။

အင်း ဘယ်နေရာမှာ ကူးတာတုံးဆို ဆိုင်ထဲတွင် ကူးတာ (မှန်လှပါ ဘုရား) တိုက်ထဲမှာ ရောင်းရင်ကော (တိုက်ထဲမှာပဲ ကူးတာပါပဲ ဘုရား) တိုက်ထဲတွင် ၃-နံပါတ် ကူးသွားတယ် (မှန်ပါ့) မကူးဘူးလား (ကူးပါတယ် ဘုရား) အဲ ဒါဖြင့် ၄-နံပါတ် နှုတ်ဆက်လိုက်တာပဲ (မှန်လှပါ ဘုရား)။

ဘယ်လိုဆိုကြမယ် (၄-နံပါတ် နှုတ်ဆက်ပါတယ် ဘုရား) ဟာ အာ ဒကာကြွယ် ကြောက်စရာကြီးပါ ကလား (မှန်လှပါ ဘုရား)။

သောတာပတ္တိမဂ် ရအောင်လုပ်လိုက်

အဲဒါကြောင့် ဝိပဿနာလှည့်လုပ်လို့ရှိရင် နေရာမကျဘူးလား (ကျပါတယ် ဘုရား) အဲ ဒါဖြင့် ဘုန်းကြီးက သတိပေးလိုက်ပါ့မယ်တဲ့၊ ဒကာ ဒကာမတို့ သောတာပတ္တိမဂ် ရအောင်လုပ်လိုက် (မှန်ပါ့ ဘုရား)။

သောတာပတ္တိ မဂ်ဉာဏ်ရအောင် လုပ်လိုက်ပါ (မှန်ပါ့) ဖြစ်ပျက်မြင်အောင်လုပ်လို့ရှိရင်လည်း ယထာဘူတဉာဏ် ရတာပဲ (မှန်ပါ့ ဘုရား) ကိုယ့်ခန္ဓာကြီး ဖြစ်ပျက် မြင်လာလို့ရှိရင် နိဗ္ဗိန္ဒဉာဏ်ရတယ် (မှန်လှပါ ဘုရား) ကိုယ့်ခန္ဓာကြီး ဖြစ်ပျက် ဒုက္ခသစ္စာပဲလို့ အမှန်သိရင် ဆုံးတာပဲ၊ ဆုံးရင် သောတာပတ္တိမဂ် ရပြီ (မှန်လှပါ ဘုရား) ဒီဘက်ရောက်သွားပါပြီ (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

အဲဒီရောက်ပြီးမှ နောက်ကျန်တဲ့ ကိလေသာတွေကတော့ ဒီဘက်ကူးတော့ ကူးသေးတယ် (မှန်လှပါ ဘုရား) ကူးပင်း ကူးငြားသော်လည်း အပါယ်လေးပါးတော့ မရောက်ဘူး (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ကူးပင် ကူးငြား သော်လည်း (အပါယ်လေးပါးတော့ မရောက်ပါ ဘုရား)။

အဲဒီတော့ အပါယ်စိတ်ချရပြီးမှ ဒကာကြွယ်ရေ ခင်ဗျားတို့ ကူးချင်ကူးချ (မှန်လှပါ ဘုရား) အပါယ်သွား တတ်တဲ့ တရား၊ အပါယ်ကို မသွားတတ်တဲ့တရား၊ အပါယ်ကို မပို့ဆောင်တတ်တဲ့တရား ကိုယ်ပိုင်ကလေးရအောင် လုပ်ဖို့ကောင်းတယ် (မှန်ယူပါ ဘုရား)။

ပြီးတော့မှ ရောင်းခြင်း၊ ဝယ်ခြင်း ပြုလုပ်နေမယ်ဆိုရင် ဝိသာခါတို့ နည်းတာတွေမှ မဟုတ်ဘဲ လုပ်နေကြတာ (မှန်ပါ့ ဘုရား) အနာထပိဏ်တို့ ကုဋေပေါင်းချီပြီး အရင်းအနှီးပြုပြီးလုပ်တယ် (မှန်ပါ့ ဘုရား) လုပ်ပင် လုပ်ငြားသော်လည်း အပါယ်ရောက်သေးရဲ့လား (မရောက်ပါ ဘုရား) ဘာပြုလို့တုံး၊ ဒိဋ္ဌိ ဝိစိကိစ္ဆာ သီလဗ္ဗက ပရာမာသတွေက ပယ်ပြီးသား ဖြစ်ပါတယ် (မှန်ပါ့ ဘုရား)။

အဲဒီတော့ ဒကာကြွယ်ရေ ဘုန်းကြီးပြောနေကျအတိုင်းပဲ ရှေ့နောက် ခွဲလိုက်ဆိုတာ မကိုက်ဘူးလား (ကိုက်ပါ တယ် ဘုရား) အသေနဲ့ အပါယ်စိတ်ချရတာကို အရင်လိုက် (မှန်ပါ့) စိတ်မချရတဲ့ သားရေး၊ သမီးရေး၊ စီးပွားရေးအလုပ် ကို နောက်မှလုပ်ပါ (မှန်ပါ့) ဖြစ်တာပါပဲ၊ မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။

နိဗ္ဗာန်အာရုံကြီး တစ်ခါလောက် ပြုထားနိုင်အောင်လုပ် ပြီးတော့မှ သားတွေ၊ သမီးတွေ၊ ဆွေတွေ၊ မျိုးတွေကို ထောက်ပံ့ ကူညီ မစဖို့ ဘာပဲလုပ်နေနေ အပါယ်တော့ မကျတော့ဘူး (မှန်ပါ့ ဘုရား) ကျသေးရဲ့လား (မကျပါ ဘုရား)။

ရှေ့နောက်ခွဲလိုက်တာပေါ့

အဲဒီတော့ ဒကာကြွယ် ပြောရတယ်၊ မောင်ဘသော်တို့ ပြောရတယ်၊ ရှေ့နောက်ခွဲလိုက်တာပေါ့ (မှန်ပါ့ ဘုရား)။

အင်း ဒါကလေးတော့ တချီတော့ ရအောင် လုပ်လိုက်တာပေါ့ (မှန်ပါ့) ပြီးတော့မှ ရောင်းရေး၊ ဝယ်ရေးတွေ ကို တစ်ခါတည်း ကိုယ့်ဝတ္တရားရှိတဲ့အတိုင်း ရွက်ဆောင်ပေးမယ် (မှန်ပါ့) မကူးဘူးလား၊ ကူးတယ်၊ ကူးပေမယ့် ကူးတဲ့ တရားက အပါယ်မပို့ဘူး (မှန်လှပါ) သဘောကျပလား (ကျပါပြီ) ကူးတဲ့တရားက (အပါယ်မပို့ပါ ဘုရား)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ရှေ့နောက်ကလေးခွဲတာကို ဝန်လေးဖို့မရှိဘူး (မရှိပါ ဘုရား) ရှေ့နောက် လွဲသွားရင် အပါယ်ပွဲနဲ့နွှဲရမယ် (မှန်လှပါ ဘုရား)။

သားရေး၊ သမီးရေး၊ စီးပွားရေး ရှေ့ထားပြီး မဂ်ရတဲ့အရေး နောက်ထားရင်လေ အင်မတန် နစ်နာသွားမှာ မဟုတ်လား (မှန်ပါ့ ဘုရား)။

အဲဒီတော့ ဘုန်းကြီး ဒကာ ဒကာမတွေ ဘယ်လို ဆုံးမသတုံးလို့ မေးတဲ့တစ်ခါ ဒကာ ဒကာမတွေ ခင်ဗျားတို့ ဝိပဿနာရှေ့ထား (မှန်ပါ့ ဘုရား) ခရီးပေါက်သလား၊ ပေါက်ပြီးပြီ၊ ကဲ သားရေး၊ သမီးရေး၊ ခင်ပွန်းရေးတွေလည်း လုပ်ကြ (မှန်လှပါ ဘုရား) ကိစ္စမရှိပဲကိုး (မှန်လှပါ ဘုရား)။

ဘာ့ကြောင့်တုံး ဆိုလို့ရှိရင် ဘုရားသခင်ကိုယ်တော်မြတ်ကြီးကလည်း ဟောပါတယ် (မှန်ပါ့) ဒကာကြွယ် မှတ်ထား အနာမရှိတဲ့လက်ဟာတဲ့၊ အဆိပ်ကိုင်ငြားသော်လည်း အဆိပ်က သူ့ကို သေအောင်မလုပ်နိုင်ဘူး (မှန်လှပါ ဘုရား) အနာရှိ တဲ့ လက်နဲ့ အဆိပ်ကိုင်လိုက်ရင်တော့ (သေပါတယ် ဘုရား) အဆိပ်ဝင်သွားမယ် (မှန်ပါ့ ဘုရား) အနာရှိသကိုးဗျ (မှန်ပါ့)။

အဲ ဒီမှာလည်း ခင်ဗျားတို့ ဒိဋ္ဌိဝိစိကိစ္ဆာ အနာရှိနေတုန်း သားရေး၊ သမီးရေး၊ စီးပွားရေးဆိုတဲ့ ကိလေသာ အဆိပ်တွေ ကိုင်ရင်တော့ဖြင့် သေပွဲဝင်ရလိမ့်မယ် (မှန်ပါ့)။

အဲ သောတာပန်တည်ပြီးပြီဘုရား၊ ဒုက္ခအဆုံး နိဗ္ဗာန်မြင်ပြီးပြီဆိုတော့ အနာက ငြိမ်းတယ် (မှန်ပါ့) ဒိဋ္ဌိ ဝိစိကိစ္ဆာ အနာရှိသေးရဲ့လား (မရှိပါ ဘုရား)။

မရှိတော့မှ သားရေး၊ သမီးရေး၊ စီးပွားရေးဆိုတဲ့ လောဘ၊ ဒေါသ၊ မောဟ၊ အဆိပ်တွေကိုင်တာပေါ့ (မှန်ပါ့) ကိုင်ပေမယ့် သူက လူကို မသတ်တော့ဘူး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား) သဘောပါပလား (ပါ-ပါပြီ ဘုရား)။

မဂ်ရမှုကို ရှေ့ထား

ဒါ့ဖြင့် ဒကာကြွယ် ဒီနေ့တရားမှာ ရှေ့နောက်ခွဲလိုက် (မှန်ပါ့) မဂ်ရမှုကို (ရှေ့ထားရပါမယ် ဘုရား) သားရေး၊ သမီးရေး၊ စီးပွားရေးကို (နောက်ထားရပါမယ်) မကြာပါဘူး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကဲ ယနေ့ဒီတွင် တော်ကြစို့

သာဓု သာဓု သာဓု။