10706

မာတိကာသို့

ကိုယ်သာနာ၍ စိတ်မနာစေနဲ့မှ အဆက်

ပဋိစ္စသမုပ္ပါဒ်တရားတော် (၁၆)

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့ မင်္ဂလာရိပ်သာဓမ္မာရုံ၌

ဟောကြားတော်မူသော

ကိုယ်သာနာ၍ စိတ်မနာစေနဲ့မှ အဆက်

ပဋိစ္စသမုပ္ပါဒ်တရားတော် (၁၆)

(၇-၂-၆၁)

ခန္ဓာကြီးဟာ ဒုက္ခသစ္စာ

ဒကာ ဒကာမတို့ ခန္ဓာကိုယ်ကြီးကို ကျွေးရတာဟာ ဒုက္ခသစ္စာပဲလို့ မှတ်ကြစမ်းပါ (မှန်ပါ့)၊ ကျွေးချင်လို့ ကျွေးရတာလားလို့ မေးလို့ရှိရင် ဆာလောင်မွတ်သိပ်တဲ့ အနာပေါက်လို့ ကျွေးရတာ (မှန်ပါ့ ဘုရား)။

ဒီအနာကြီးကလဲ ခဏခဏနှိပ်စက်ပါတယ်။ အဲဒီ နှိပ်စက်မှု ခံနေရသောကြောင့်လဲ ခန္ဓာကြီးဟာ ဒုက္ခ သစ္စာ (မှန်ပါ့ ဘုရား)။

ကျွေးပြီးပြန်လို့ ရှိရင်ဖြင့် ကျွေးတဲ့အစာတွေကို မကျေကျေအောင် လုပ်ကိုင်နေရတဲ့ အလုပ်ကြီး တစ်ခုဟာလဲ ဆေးတို့၊ လျှက်ဆားတို့ အစရှိသည်နဲ့ ပြုပြင်ပေးနေရတာလဲ ဒုက္ခသစ္စာ (မှန်လှပါ ဘုရား)။

မကောင်းလို့ ပြုပြင်ရတာ မကောင်းတာ ဒုက္ခသစ္စာဆိုတော့ မပြုပြင်ရင် မရဘူးပေါ့ (မှန်ပါ့)။ (ရှင်းပါပြီ)

တစ်ခါသွားပါဦး တဲ့၊ ဒါကလေးရော ကျင်ကြီးသွားတဲ့လမ်းလဲ ကျင်ကြီးသွားရအောင်၊ ကျင်ငယ်သွားတဲ့ လမ်းလည်း ကျင်ငယ်သွားရအောင် ဆိုပြီးသကာလ ပြုပြင်ပြီး ပေးရပြန်တာလဲ (မှန်ပါ့)။ ပေးရပြန်တာ ကျင်ကြီးကျင်ငယ် အစရှိသည် တို့လှုပ်ရှားမှုတွေ ဖြစ်လာပြန်လဲ ဒကာ ဒကာမတို့ အငြိမ်နေလို့ မရဘူး (မရပါ ဘုရား)။

နှိပ်စက်လွန်းလို့နော်(မှန်ပါ့)၊ ကျင်ကြီးစွန့်လိုတဲ့ ဝေဒနာကနှိပ်စက် ၊ ကျင်ငယ်စွန့်လိုတဲ့ ဝေဒနာက နှိပ်စက် ၊ ကျင်ငယ်စွန့်လိုတဲ့ ဝေဒနာက နှိပ်စက်တော့ဪ ခန္ဓာကိုယ်ကြီးဟာဖြင့် အမြဲ နှိပ်စက်ခံနေရတာပါကလား ဆိုတဲ့ဥစ္စာကို ကျင်ကြီးစွန့်လဲ အနှိပ်စက်ခံရပြန်ပြီလို့တွေးပါ (မှန်လှပါ ဘုရား)၊ ကျင်ငယ်စွန့်ချင်လဲဪ- ဝေဒနာကနှိပ်စက်ပြန်ပြီလို့ တွေးလိုက်တဲ့အခါကျတော့ အနှိပ်စက်ခံဖို့တွေးပါ (မှန်လှပါ ဘုရား) ကျင်ငယ်စွန့်လဲ ဪ-ဝေဒနာကနှိပ်စက် ပြန်ပြီလို့ တွေးလိုက်တဲ့အခါကျတော့ အနှိပ်စက်ခံဖို့ ဆုတောင်းယူထားတာကြီးပါကလားဆိုတာ ပေါ်လာတယ် (မှန်ပါ့ ဘုရား) ဘာသစ္စာပါလိမ့် (ဒုက္ခသစ္စာပါ ဘုရား)။

နှိပ်စက်နေတယ်

ဒုက္ခသစ္စာဘဲဆိုတာ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက သေသေချာချာ မှတ်နော် (မှန်ပါ့) တစ်ခါ ကျင်ကြီး ကျင်ငယ်စွန့်ပြီးသကာလ ပြီးပြန်တော့တစ်ခါ ရေသောက်ချင်တယ်ဆိုတဲ့ ကိစ္စလာပြန်တယ်၊ ရေမသောက်ရလို့ရှိရင် အာတွေ ဘာတွေခြောက်ပြီး ဝမ်းတွေ ဘာတွေ ခြောက်ပြီး၊ ဝမ်းတွေ ဘာတွေ ပူပြီးလာတော့ သူက ဝေဒနာ တစ်ခုပေါ်လို့ (ဆေးကုရပြန်ပါတယ် ဘုရား) ဆေးကုရတာ ထောက်လို့ရှိရင် ဦးဘအုန်း ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား) ဒီဝေဒနာ ကြီး ခဏခဏပေါ်ပြီး ဘုန်းကြီးတို့ ဒကာ ဒကာမတွေကို နှိပ်စက်နေတယ် (မှန်လှပါ)။

ကောင်းပြီ တစ်ခါရေသောက်ပြီးပြန်ပါပြီဆိုလို့ ရှိရင်ဖြင့် ဆေးလိပ် ကြိုက်တဲ့သူက ဆေးလိပ်၊ လက်ဖက်ရည် ကြိုက်တဲ့သူက လက်ဖက်ရည် အချိုကြိုက်တဲ့သူက အချို၊ ဒါတွေကလဲ စားလိုတဲ့ အာသာတွေက ပေါ်ပေါက်ပြီးသကာလ လာပြန်တာကလဲ ဆာလောင်မွတ်သိပ်လို့ မဆာရင် ဘယ်သူမှမစားဘူး (မစားပါ ဘုရား)။

ဆာလောင်မွတ်သိပ်လို့ စားပြန်တော့လဲ ဪ-ဒို့မှာဆာတဲ့အနာက နှိပ်စက်ပြန်လို့ တောင်းပန်ရပြန်ပြီဆိုတာ မှတ်ထားစမ်းပါ (မှန်ပါ့ ဘုရား)

ဒါဖြင့် ဒီခန္ဓာကြီးဟာ ဒကာ ဒကာမတို့ သူ့ကျွန်ခံနေရတယ် (မှန်ပါ့ ဘုရား)၊ အိမ်သာလိုက်ပို့ပါဦးဆိုတာလဲ သူ့ကျွန်ခံရတာဘဲ၊ ကျင်ငယ်အိမ် လိုက်ပို့ပါဦးဆိုတာ (သူ့ကျွန် ခံရတာပါ ဘုရား)။

သူ့ကျွန်ခံတော့ ခင်ဗျားတို့ လူ့ဘဝရ ရပါလို၏၊ နတ်ဘဝရရပါလို၏ဆိုတော့ ကျွန်မျိုးစုံခံရပါလို၏လို့ ဆုတောင်း လိုက်တယ် (မှန်ပါ ဘုရား)။

ကျွန်မျိုးစုံခံရပါလို၏

အားလုံး ဒကာ ဒကာမတွေ ဒုက္ခသစ္စာမသိတော့ ဦးဘအုန်းတို့ ဒကာကြွယ်တို့ ကျွန်မျိုးစုံခံရပါလို၏လို့ ဆုတောင်းလိုက်တယ် (တောင်းပါတယ် ဘုရား) ဘာဆုပြန်သလဲ (ကျွန်မျိုးစုံခံရပါလို၏လို့ ဆုတောင်းပါတယ် ဘုရား)။

အဲဒါ ဖော်ပြောမှ သိတယ်၊ ဖော်မပြောဘဲနဲ့ဆို ဘုန်းကြီးတို့ဒကာ ဒကာမတွေက ထုံးစံထဲသွင်းထားတယ် (မှန်လှပါ) ဘယ်ထုံးစံ ဟုတ်ရမှာလဲ ဒကာ ဒကာမတွေ ဒုက္ခခပ်သိမ်းငြိမ်းတဲ့ နိဗ္ဗာန်ရှိသားဘဲ ဦးဘအုန်းရ (မှန်လှပါ) ထုံးစံထဲ သွင်းရမှာလား (မသွင်းရပါ ဘုရား)။

ထုံးစံဆိုတာက ခင်ဗျားတို့ချင်း အနာပေါက်တဲ့လူချင်းပြောတဲ့စကား၊ အနာကင်းတဲ့လူက ဒို့ကို မထည့်ပါနဲ့လို့ ပြောတယ် (မှန်ပါ့)၊ ရင်းပလား (ရှင်းပါပြီ)။

အဲဒီတော့ ကိုယ့်ဟာကိုယ် ဒုက္ခသစ္စာဖြစ်နေတာ မသိတော့ ထုံးစံပြိုင်ပြီးသကာလ သူတို့လဲ ဒီလိုဘဲ ဒို့လဲ ဒီလိုနေရတာဘဲ၊ လူ့ဘဝဆိုတာ ဒါထုံးစံဘဲလို့ တကာကြွယ်တို့က ယူလိုက်တာဟာ ထုံးစံမရှိတဲ့ သဘောတွေ မသိလို့ (မသိပါ ဘုရား)။

ထုံးစံမရှိတဲ့ သဘောတွေက ဒကာ ဒကာမတွေက ယခုသေသေချာချာပြောတော့ အင်း နိဗ္ဗာန်ဆိုတာ ကျင်ကြီး စွန့်ခြင်း၊ စားရခြင်း၊ သောက်ရခြင်း၊ ဆာလောင်မွတ်သိပ်တဲ့ အနာပေါက်ခြင်း၊ ချွေးထွက်လို့ သုတ်ရတဲ့အနာမရှိခြင်း၊ မသာမြှုပ်ရတဲ့ကိစ္စမရှိခြင်း၊ ဆေးသမားခေါ်ရတဲ့ ကိစ္စမရှိခြင်း (မှန်လှပါ ဘုရား) ချမ်းသာ သက်သက်နဲ့နေတော့ ဦးဘအုန်း ဘာလိုသေးသတုံး (မလိုပါ ဘုရား)။

အဲဒီတော့ ထုံးစံထဲမသွင်းလိုက်ပါနဲ့လို့ မသိတဲ့ လူချင်းတော့ ခင်ဗျားတို့ ထုံးစံထဲသွင်းတာ အပြစ်မဆိုပါဘူး၊ ဪ မသိရှာလို့ကိုး (မှန်လှပါ) သိတဲ့ ပုဂ္ဂိုလ်ချင်း စဉ်းစားလိုက်တဲ့အခါကျတော့ ဒို့ ဒုက္ခရောက်နေတာ ကျင်ကြီး စွန့်ရ ကျင်ငယ်စွန့်ရ အစာကျွေးရ တစ်နေ့နေ့တည်းတွင် ကျွေးရ မွေးရတာ ဒကာ ဒကာမတို့ အကြိမ်ဟာ ရေတွက်နိုင် တယ်လို့ မရှိပါဘူး (မရှိပါ ဘုရား)။ဆေးကူရ ဝါးကူရ ရေကူရနဲ့ ဟင် (မှန်လှပါ ဘုရား)။

မီးလောင်တာတောင်မှ ဒီလောက် ပြုစုရတာ မဟုတ်ဘူး မီးလောင်တယ်ဆိုရင် ရေတစ်မျိုးတည်းနဲ့ ဦးဘအုန်း ပြီးသွားတယ် (ပြီးသွားပါတယ် ဘုရား) ရေတမျိုးတည်း လောင်းလိုက်လို့ရှိရင် မီးအေးသွားတယ် (အေးသွားပါတယ် ဘုရား)။

မီးလောင်တာထက် အလုပ်ရှုပ်

ခင်ဗျားတို့ ခန္ဓာကိုယ်ကြီးက ရေတစ်မျိုးတည်းနဲ့ အေးချမ်းသွားသလားလို့မေးရင် ဘယ့်နှယ်ဖြေမလဲ (မအေး ပါ ဘုရား) ထမင်းထည့်ပါဦး၊ ဟုတ်လား (မှန်ပါ့) ဒါဖြင့် မီးလောင်တာထက် အလုပ်ရှုပ်သေးတယ် (ရှုပ်ပါတယ် ဘုရား) ဦးဘအုန်း ဘယ့်နှယ်ထင်သလဲ မီးလောင်တာထက် အလုပ်ရှုပ်သေးတယ် (ရှုပ်ပါတယ် ဘုရား) ဦးဘအုန်း ဘယ့်နှယ် ထင်သလဲ (မီးလောင်တာထက် အလုပ်ရှုပ်ပါသေးတယ် ဘုရား)။

ဒါတွေ တွေးပြီး ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ဪ ဘာလုပ်လုပ် ဒီခန္ဓာကြီးအတွက် လုပ်ရလို့ရှိရင် သူနှိပ်စက်တာဘဲ (မှန်လှပါ ဘုရား) သူ နှိပ်စက်တာဘဲဆိုတော့ နှိပ်စက်မှု သိလာတော့မှ ခန္ဓာကြီးဟာ အနှိပ်စက်ခံဖို့ရာ ဖြစ်ပေါ်လာတဲ့ ဒုက္ခသစ္စာကြီးဆိုတာ ရှင်းသွားတယ် (ရှင်းပါတယ် ဘုရား) ဘာသစ္စာကြီးလဲ (ဒုက္ခသစ္စာကြီးပါ ဘုရား) ခင်ဗျားတို့က ဒုက္ခသစ္စာကြီးကို ဘယ်သူ တည်ထောင်လိုက်ပါလိမ့်မတုံးလို့ မေးတဲ့အခါကျတော့မှ ဒကာ ဒကာမတို့ သမုဒယသစ္စာ တည်ထောင်လိုက်တာ (မှန်လှပါ ဘုရား)။

ဒီ အဝိဇ္ဇာတို့ တဏှာတို့ သင်္ခါရတို့ ၁-နံပါတ်ထဲကတရားတွေက တည်ထောင်တဲ့ တရားတွေ (မှန်လှပါ ဘုရား)

တည်ထောင်လိုက်တော့ ခင်ဗျားတို့၏ ကျင်ကြီးစွန့် ကျင်ငယ်စွန့် ဆေးလိပ်ကျွေး၊ အမျိုးမျိုးနှိပ်စက်နေတာ တွေဟာ ဒီ ဒုတိယပိုင်း ရောက်လာတယ် (ရောက်လာပါတယ် ဘုရား) ၂- နံပါတ်ရောက်လာတယ် (ရောက်လာပါ တယ် ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

အဲဒီတော့ ဘာသစ္စာ အားထုတ်ခဲ့လို့ ဒီဒုက္ခမျိုးစုံ ဆုံကြုံရပါလိမ့်မလဲလို့ ဒကာကြွယ်တို့မေးမယ်၊ မောင်ဘသော် တို့မေးမယ်၊ ဘယ်နှယ်ဖြေကြပါ့မယ် (သမုဒယသစ္စာ အားထုတ်ခဲ့ပါတယ် ဘုရား)။

ကိုယ့်ဒုက္ခကိုယ်ရှာကြတယ်

ဪ ကိုယ်အားထုတ်လို့ ကိုယ်အပြစ်သင့်တယ် (မှန်လှပါ ဘုရား) ဘယ်လို ဆုံးဖြတ်ချက်ချမလဲ (ကိုယ်အား ထုတ်လို့ ကိုယ်အပြစ်သင့်ပါတယ် ဘုရား)။

ဪ ခင်ဗျားတို့ဟာနော် ကိုယ့်ဒုက္ခကိုယ်ရှာကြတယ် (မှန်လှပါ ဘုရား) ဒကာအုန်း ဘယ်နှယ့်ဆိုပါ့မယ် (ကိုယ့်ဒုက္ခ ကိုယ်ရှာကြပါတယ် ဘုရား) ဒကာကြွယ် မရိပ်မိဘူးဗျ (မရိပ်မိပါ ဘုရား) မရိပ်မိဘူး၊ ကိုယ်ဒုက္ခကိုယ်ရှာတယ်လို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက မရိပ်မိဘူး (မှန်လှပါ) စင်စစ်တော့ဖြင့် ကိုယ်ဒုက္ခကိုယ်ရှာလို့ ကိုယ်ရတာ (မှန်လှပါ ဘုရား) ဘယ့်နှယ်ပါလိမ့် (ကိုယ်ဒုက္ခကိုယ်ရှာလို့ ကိုယ်ရတာပါ) အတိတ်ဘဝက ကိုယ်ရှာခဲ့တဲ့တရား၊ ဒီတရားတွေကြောင့် ဒီခန္ဓာကြီးဟာ ယခုပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား) ကြည့်ပါလား၊ ဒီမှာ ဒုက္ခသစ္စာ (မှန်ပါ့) ကိုယ်ရှာတာက သမုဒယ (မှန်ပါ့) ရှာတာက သမုဒယသစ္စာ၊ ရတာက (ဒုက္ခသစ္စာပါ ဘုရား) ဒုက္ခသစ္စာ ခန္ဓာကြီးရတယ် (မှန်လှပါ ဘုရား)။

ဪ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ကံမကောင်း အကြောင်းမသင့်လို့ ဝေဒနာအမျိုးမျိုး အစာအမျိုးမျိုး ဆေးကုနေရတာလားလို့ ဦးဘအုန်း မေးလို့ရှိရင် ဘယ်နှယ်ဖြေပါ့မလဲ (ဒုက္ခမသိလို့ သမုဒယ လုပ်လာခဲ့လို့ပါ ဘုရား)။ ဒုက္ခမသိတော့ မသိသလိုလုပ်လာခဲ့တယ် (မှန်ပါ့ ဘုရား) မသိတော့ (မသိသလိုလုပ်လာခဲ့ပါတယ် ဘုရား)။

မသိတာနဲ့ မသိသလိုလုပ်လာ

ဒါဖြင့် မသိတာက အဝိဇ္ဇာ၊ မသိသလို လုပ်တာက (သင်္ခါရပါ ဘုရား) မသိတာနဲ့ မသိသလိုလုပ်လာတဲ့အတွက် တဲ့၊ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ လူများကတော့ ကံကောင်းတယ် ပြောကြတယ် (မှန်ပါ့ ဘုရား) အဲဒီလို ကံကောင်း တယ် ပြောကြပါလိမ့်မယ် ဒကာ ဒကာမတို့ ၊ ကိုယ့်ဖြစ်စဉ်ကိုဘဲကြည့်ပါ၊ ကျင်ကြီးစွန့်ချင်လဲ ဒုက္ခသစ္စာဘဲ၊ နှိပ်စက်လို့ သွားရပြန်ပြီ (မှန်ပါ့ ဘုရား) ကျင်ငယ်စွန့်ချင်လဲ နှိပ်စက်လို့ သွားရပြန်ပြီ (မှန်ပါ့) ဆေးလိုပြန်လဲ နှိပ်စက်လို့ (သွား ရပြန်ပြီ ဘုရား)။

ခန္ဓာချည်း နှိပ်စက်နေတယ် (မှန်ပါ့) လဖက်ရည်ကလေး တိုက်ရပြန်ယင်ကော နှိပ်စက်နေတယ် (မှန်ပါ့) လက်ဖက်ရည်ကလေး တိုက်ရပြန်ယင်ကော (နှိပ်စက်လို့ပါ ဘုရား) ခန္ဓာက နှိပ်စက်တယ်၊ သဘာဝကျပလား (ကျပါပြီ)။

ဟိုနားစောင်းပေးရပြန်ရင်ကော (ခန္ဓာနှိပ်စက်လို့ပါ ဘုရား) ထည့်ပေးရပြန်ယင်ကော (ခန္ဓာနှိပ်စက်လို့ပါ ဘုရား) ကွေးပေးရပြန်ကော (ခန္ဓာနှိပ်စက်လို့ပါ ဘုရား) ဆန့်ပေးရပြန်ကော (ခန္ဓာက နှိပ်စက်လို့ပါ ဘုရား) ဒကာ ဒကာမတို့ ခွေးနေရာမရဘူးလို့ ခင်ဗျားတို့ကပြောတယ် (ပြောပါတယ် ဘုရား)။

ဣန္ဒြေမရလိုက်တာ

ခွေးနေရာမရဘူးဘုရား၊ ခွေးများဖြစ်ရတာ ဣန္ဒြေမရလိုက်တာလို့ဆိုတာ ကိုယ့်အကြောင်း ကိုယ်ပြန် မကြည့်လို့ ဦးဘအုန်း ဖြစ်ရတာ (ဖြစ်ပါတယ် ဘုရား)။

ကိုယ်လဲ အမြဲနေလို့ ဘယ်နေရာရသတုံးလို့မေးရင် ဘယ့်နှယ်ဖြေကြမလဲ (ဘယ်နေရာမှ မရပါ ဘုရား) ပြုလိုက် ပြင်လိုက် စောင်းလိုက် ငဲ့လိုက်၊ တည့်လိုက်၊ ကွေးလိုက်၊ ဆန့်လိုက် (မှန်ပါ့) ဘာလုပ်ကြတာတုံးလို့ မေးရင် ဒုက္ခရောက်လို့ ဘုရား (မှန်လှပါ ဘုရား)။

ဘယ်လို ဆုံးဖြတ်ချက်ချမလဲ (ဒုက္ခရောက်လို့ပါ ဘုရား) ဒုက္ခရောက်လို့ တပည့်တော်တို့မှာ ပြောင်းရရွေ့ရတယ် (မှန်ပါ့ ဘုရား) ဒါဖြင့် ဒီဒုက္ခရောက်လို့ ပြောင်းရွှေ့ပြီး နေရတာဟာ တစ်နေ့အကြိမ်ပေါင်း ဘယ်လောက်တုံးလို့ မောင်ဘသော်တို့ ဒကာကြွယ်တို့မေးရင် ဘယ်နှယ့်ဖြေကြမလဲ (မရေတွက်နိုင်ပါ ဘုရား)။

ဘာဖြစ်တာတုံး (ဒုက္ခရောက်လို့ပါ ဘုရား) ဒုက္ခရောက်လို့ (မှန်လှပါ) ဘယ်သူက ဒုက္ခပေးပါလိမ့်မလဲလို့ မေးတော့ ခန္ဓ္ဓာကပေးတာ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား) ဘယ်သူက ဒုက္ခပေးတာလဲ (ခန္ဓာက ဒုက္ခ ပေးတာပါ ဘုရား)။

မေးတာတော့ ရှိပါစေတော့၊ ယခု လက်ရှိခန္ဓာကြီးကဘဲ စောင်းပေးဦး ငဲ့ပေးဦး ကွေးပေးဦး ဆန့်ပေးဦး ခြုံပေးဦး ခွါပေးဦး အမျိုးမျိုးနှိပ်စက်နေတာ ခင်ဗျားတို့ ဘာမှ သစ္စာမသိတဲ့ ပုဂ္ဂိုလ်ကျတော့ ဘယ့်နှယ်ဖြစ်နေသတုံး လို့မေးတဲ့အခါကျလို့ရှိရင်ဖြင့် တဲ့ဒီဥစ္စာ ဒုက္ခသစ္စာလို့ မသိဘဲနဲ့ ကျုပ်တို့မှာ ချမ်းသာတယ်လို့လဲ ထင်နေတယ် (မှန်လှပါ)။

ဒုက္ခသစ္စာကို (မသိဘဲနဲ့ ချမ်းသာတယ်လို့ဘဲ ထင်နေတယ်) သုခသစ္စာလို့ တောင်ထင်လိမ့်ဦးမယ် (မှန်ပါ့ ဘုရား)ကိုယ်ခြုံချင် ခြုံနိုင်တယ်၊ ကိုယ်ရုံချင် ရုံနိုင်တယ်ဘဲ (မှန်လှပါ) ဆိုပြီးသကာလ ခန္ဓာက နှိပ်စက်တယ်လို့ တခါမှ ပေါ်မလာဘူ(မပေါ်လာပါ ဘုရား) ခန္ဓာက နှိပ်စက်တယ်လို့ (တခါမှမပေါ်လာပါ ဘုရား)။

တခါမှ မပေါ်လာတာတွေ ထောက်လိုက်တဲ့အခါကျတော့ ခင်ဗျားတို့ ဒုက္ခသစ္စာမသိပါဘူး (မသိပါ ဘုရား) ဒုက္ခသစ္စာမသိတော့ ဘယ့်နှယ်ဖြစ်လာပြန်သတုံးဆိုတော့ယခုဒီ ၂-နံပါတ်မှာက ခင်ဗျားတို့ ယခု ဆုံရကြုံရကျွေးရမွေးရ တဲ့ ဒုက္ခသစ္စာ (မှန်လှပါ ဘုရား)။

မသိပြန်ဘူးဆိုတော့ ဒီမှာ ဒကာ ဒကာမတို့ သိတဲ့မတိုင်း အဝိဇ္ဇာ ပြန်ပေါ်တယ် (ပေါ်ပါတယ် ဘုရား) အဝိဇ္ဇာ တွေ သင်္ခါရတွေ တဏှာဥပါဒါန် ဘဝတွေ ပြန်မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။

ဒုက္ခသစ္စာမသိလို့

ဟာ-ဒါဖြင့် လက်ရှိဒုက္ခသစ္စာကို မသိတာနဲ့ ဒုက္ခထဲကနေပြီး တဏှာဥပါဒါန် ကံ အဝိဇ္ဇာသင်္ခါရတွေ ဦးဘအုန်းပွားလာတယ် (ပွားလာပါတယ် ဘုရား) ဘယ့်နှယ်ကြောင့် ဒီလိုပွားပါလိမ့်မတုံး လို့ မေးရင် ဘယ့်နှယ်ဖြေကြမလဲ (ဒုက္ခသစ္စာလို့ မသိလို့ပါ ဘုရား) ဒုက္ခသစ္စာမသိလို့ (မှန်ပါ့)။

အဲဒီတော့ ယနေ့ကစပြီး ဒကာ ဒကာမတို့ ကျင်ကြီးစွန့်သွားလဲ နှိပ်စက်ပြန်ပြီလို့ စိတ်ထဲက အောက်မေ့လိုက် (မှန်ပါ့) ကျင်ငယ်စွန့်သွားတာလဲ (နှိပ်စက်ပြန်ပြီလို့ စိတ်ထဲက အောက်မေ့ ရပါမယ်)။ တံတွေး ထွေးရပြန်ရင်ကော (နှိပ်စက်ပြန်ပြီလို့ အောက်မေ့) ရေကလေးတိုက်ရပြန်ရင်ကော (နှိပ်စက်ပြန်ပြီလို့ အောက်မေ့) ဒကာ ဒကာမတို့ လူမမာမို့ အမျိုးမျိုးပြုရတာပေါ့ (မှန်လှပါ) ဘယ်လိုထင်ကြသလဲ (လူမမာမို့ အမျိုးမျိုးပြုရတာပါ ဘုရား)။

လူမမာမို့ အမျိုးမျိုးပြုရတာသိတော့ ဪ ဒုက္ခသက်သက်ပါကလား၊ ချမ်းသာဆိုတာ မရောလို့ ပြုလို့ စုလို့ ကြည့်လို့ ကိုမပြီးနိုင်ပါကလားဆိုတာ ဒကာကြွယ် ခန္ဓာကြီး သေသေချာချာကြည့် (မှန်လှပါ ဘုရား) ပြုလို့ စုလို့ ပြီးကြရဲ့လား (မပြီးပါ ဘုရား) မပြီးပါဘူး၊ မပြီးဘူးဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ပြုလို့ စုလို့ မပြီးတာဟာ ဦးဘအုန်း အကဲခတ်စမ်း ဘာကြောင့်လဲ (ဒုက္ခရောက်လို့ပါ ဘုရား) ဒုက္ခရောက်လို့ (မှန်ပါ့) ဒကာ ဒကာမတွေ ဘာဖြစ်နေသလဲ (ဒုက္ခရောက်နေပါတယ် ဘုရား)။

ပြုစုလို့ကို ပြီးသေးသလား

ဒုက္ခရောက်နေတာ ပြုစုလို့ကို ပြီးသေးသလား (မပြီးပါ ဘုရား) မပြီးပါဘူး ၊ ရေအိုးဘဲ အမျိုးမျိုး၊ ခြေဆေးဘို့ အမျိုးမျိုး၊ ခြေနာပေါက်ရင် ခြေဆေးဖို့ (မှန်ပါ့) လက်နာပေါက်ရင် (လက်ဆေးဖို့ပါ ဘုရား) မျက်စိက မျက်စိအနာပေါက်လာရင် (မျက်စိဆေးဖို့ပါ ဘုရား) ပါးစပ်က ပါးစပ်အနာပေါက်ရင် (ပါးစပ်ဆေးဖို့ပါ ဘုရား)။

ဪ လူမမာမှာ ဒီလောက်ဆေးရတယ်လို့ ဦးဘအုန်း မရှိဘူးဗျ (မှန်လှပါ ဘုရား) ခင်ဗျားတို့က လူမာတဲ့၊ လုပ်လိုက်ရတာလဲ မအားဘူး (မှန်လှပါ) လုပ်ရတာလဲ (မအားပါ ဘုရား) ပြီးတော့ နေကောင်းရဲ့လား မေးပြန်တော့လဲ ဒကာကြွယ်တို့က အရမ်းဖြေကြတယ် (မှန်လှပါ ဘုရား) ဘယ့်နှယ်ဖြေပါလိမ့် (နေကောင်းတယ်လို့ ဖြေပါတယ် ဘုရား)။

အို ဒီလောက်ရူးတာများ ရှာမှရှား (မှန်လှပါ ဘုရား) ဒီလောက်ရူးတာများတော့ (ရှာမှရှားပါ ဘုရား) သေသေချာချာစဉ်းစားကြည့်ပါ ဒကကြွယ်ရ၊ ပုထုဇ္ဇနော ဥမ္မတ္တကော ဆိုတာ ပေါ်လာတယ် ပေါ်လာပါတယ် ဘုရား)။

အရူးနှင့်တူ၏

ပုထုဇ္ဇနော=ပုထုဇန်သည်၊ ဥမ္မတ္တကော=အရူးနှင့်တူ၏ ဆိုတော့ ဒကာ ဒကာမတွေ ရူးနေတော့ လူမမာကို သူ့ဟာသူ နေရစ်ပေစေ၊ ကျုပ်တို့ သွားဦးမယ်ဆိုရင် ရတယ် (မှန်လှပါ ဘုရား)။

ဒီမှာတော့ သွားရာမှာပဲ ပြုရတယ် (မှန်လှပါ ဘုရား) သွားရမှာပဲ ဒကာကြွယ် ပြုရပါတယ် ဘုရား) အစုံများ ယူသွားလိုက်ရသေးတယ် (မှန်ပါ့) အစုံများ ယူသွားလိုက်ရပါသေးတယ် ဒကာ ဒကာမတို့ (မှန်လှပါ ဘုရား)။

အဲတတ်ထဲမှာလဲ နှာကလေး၊ ဆေးကလေး၊ လက်ကိုင်ပုဝါကလေး လက်သုတ်ပုဝါကလေး (မှန်ပါ့) ဟိုဘက် တောင်းထဲ ကြည့်လိုက်ပြန်တော့ စားစရာ (မှန်လှပါ) ဟိုဘက် ဘူးထဲကြည့်လိုက်ပြန်တော့ သောက်စရာ (မှန်လှပါ)။

ဟ မောင်ဘသော် များလှချည့်ကလားဆိုတော့ လူမမာ သွားတာဘုရာ့၊ သူ ကောင်းသွားတာမဟုတ်ဘူး (မှန်လှပါ ဘုရား) ရိပ်မိကြပလား (ရိပ်မိပါပြီ)။

ဘယ်သူသွားသတုံး (လူမမာသွားတာပါ ဘုရား) အဲဒါ ဒကာ ဒကာမတွေက ငါက ဒီပစ္စည်းအဖိုးတန် ကိုင်နိုင်တယ်ဆိုပြီး လူပုံထဲများ ခင်ဗျားတို့က ပဋ္ဌမတန်းစီးပြီး ကြွားလိုက်သေးတယ် (မှန်လှပါ ဘုရား)။

အံမာလေး ဂွကျလိုက်တာ (မှန်ပါ့) ဦးဘအုန်းရေ ( ဘုရား) တော်တော်ဂွကျနေပါကလား (ကျပါတယ် ဘုရား) ဒီပစ္စည်း ဒီပစ္စည်း အဖိုးတန်ပစ္စည်းတွေကို သူများမဝယ်နိုင်တဲ့ ပစ္စည်း၊ သူများ မသုံးသေးတဲ့ ပစ္စည်းတွေကို ကိုင်ပြီး သကာလ၊ ဆေးတွေ ဝါးတွေထည့်ပြီးသကာလ ပဋ္ဌမတန်း ရထားတွေစီး၊ မော်တော်ကား အကောင်းဆုံးစီးပြီး သကာလ ဟ ဒါတွေဘာတွေတုံးလို့ မေးတဲ့အခါကျတော့ သေသေချာချာ စဉ်းစားတော့ ဆေးကုပြတာ (မှန်လှပါ ဘုရား)။

ဘယ်သူပါလို့တုံး ဆေးတွေ ဒီလောက်များတာ (လူမမာပါလို့ပါ ဘုရား) ရှင်းနေပြီကော ရှင်းနေပြီကော (မှန်လှပါ) ဒကာ ဒကာမတို့ ဘယ်သူ ပါလို့တုံး (လူမမာပါလို့ပါ ဘုရား)။

အေး လူမမာပါတာ အခုမှ ရိပ်မိတယ် (အခုမှ ရိပ်မိပါတယ် ဘုရား) ခင်ဗျားတို့ကတော့ ဂုဏ်ရှိ ဇိမ်ရှိ သွားလို့ အဖိုးတန်တွေ ယူသွားတယ်လို့ ဒီလိုများ ထင်လိုက်သေးတယ် (မှန်လှပါ ဘုရား) အံမာလေး ကြက်သရေ မရှိတဲ့လူသွားလို့ အကုန်ဆောင်သွားရတာ (မှန်လှပါ ဘုရား)။

ဒကာကြွယ်တို့ သွားတော့ကော တော်တော်ပြည့်ပြည့်စုံစုံပါရဲ့လား (ပါပါတယ် ဘုရား) ဘယ်သူ သွားတာတုံးဗျ (လူမမာ သွားတာပါ ဘုရား) ပြောမှ ရိပ်မိတာကိုး၊ ခက်လိုက်တဲ့ ဖြစ်ခြင်းကလဲ ဒကာ ဒကာမတို့ (မှန်လှပါ)။

ဒါ့ကြောင့် ဘုန်းကြီးကပြောတယ်၊ ၄-၅ သောင်းတန် ကားကြီးတွေ စီးကြပြုကြပြီး နေတာဟာ ဒီအတိုင်းသွားပါ လားဆိုတော့ လူမမာလို့ ဘုရား-ထမ်းစင် ဝယ်ထားရတယ် (မှန်လှပါ)။

ပြီးတော့ ထမ်းစင်ပဲ (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား) ဘာပါလိမ့် (ထမ်းစင်ပါ ဘုရား) ထမ်းစင် ဆိုတာ ဘယ်လိုလူ သုံးတာတုံးလို့ မေးလို့ရှိရင်ဖြင့် မမာတဲ့လူသုံးတာ (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား)။

သို့သော် ခင်ဗျားတို့က မျက်စိလည်နေတော့ မမာတဲ့လူက အဝတ်အစား မပြောင်ဘူးဘုရာ့ (မှန်ပါ့) မာတဲ့ လူက (အဝတ်အစားပြောင်တယ်) အဝတ်အစား ပြောင်တယ်၊ သူက ပြောင်တာ၊ ဟိုကမ ပြောင်တာ (မှန်လှပါ ဘုရား) ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။ ဘာတဲ့တုံး (အဝတ်အစား ပြောင်တာနဲ့ မပြောင်တာပါ ဘုရား) ဒါပဲ ထူးတယ် (မှန်လှပါ ဘုရား)။

အနာပေါက်တယ်

သူက ပြောင်ပြောင်ရောင်ရောင်နဲ့ အနာပေါက်တယ် (မှန်လှပါ) ဟိုက မပြောင်မရောင်နဲ့ အနာပေါက်တယ် (မှန်လှပါ) ဟိုက မပြောင်မရောင်နဲ့ (အနာပေါက်ပါတယ် ဘုရား) ဦးဘအုန်း ဘယ်သူကကြည်ညိုဖွယ် ကောင်းသေး တုံး (ဘယ်သူမှ မကောင်းပါ ဘုရား)။

ရော ဒုက္ခသစ္စာချည်းပဲ၊ ဘယ်သူ ကြည်ညိုစရာ ရှိဦးမလဲ (မရှိပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား) ဒါဖြင့် ဒီ ဒုက္ခသစ္စာကြီးကလဲ ဒကာကြွယ်ရေ သေသေချာချာပြောမှ ကိုယ့်ဒုက္ခ ကိုယ်သိတယ်နော် (မှန်လှပါ ဘုရား)။

ပစ္စည်းအမျိုးမျိုး ယူဆောင်လိုက်၊ အိမ်ထောင်ပရိဘောဂ အမျိုးမျိုးကိုရပြီး ကိုယ့်အိမ်ထဲမှာ ပြဒါန်းချိန်ကလေးလဲ ထားလိုက်ရတယ် (ထားပါတယ် ဘုရား) ဘာဖြစ်လို့ထားသလဲ ခဏခဏ ဒီအိမ်က လူမမာများတယ်ဘုရာ့ (မှန်လှပါ ဘုရား)။

ဒါကြောင့် ကျုပ်ဆရာဝန် မခေါ်နိုင်ဘူး၊ ဆေးတိုက်သွားပြီး သူနဲ့တည့်တဲ့ ဆေးကလေးကို ဝယ်ထားရတယ် (မှန်လှပါ ဘုရား)။

ဟ ဒီဆေးတွေ များလှချည့်လား ဆိုလို့ရှိရင်ဖြင့် အကုန်များ မာကြရဲ့လားမေးရင် ဘယ့်နှယ်ဖြေကြမလဲ (မမာပါ ဘုရား) အကုန်လုံး မမာလို့ဒီလောက် ဆောင်ထားရတာပေါ့ (မှန်လှပါ ဘုရား)။

ဒါဖြင့် ဒီခန္ဓာကြီးဟာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား) ဘေးကနေပြီး ကြည့်တော့မှ အရိယာမျက်လုံးတပ်ပြီး ကြည့်တော့ ဪ ဒီအိမ်မှာ လူမမာ ဘယ်နှစ်ယောက်ရှိသတုံးဆို-ခင်ဗျားတို့က ပြုံးများပြောလိုက်သေးတယ် (မှန်လှပါ)။

လူမမာ နည်းနေလို့

သားသမီး ဘယ်နှစ်ယောက် ရှိသတုံး ၊ ထွန်းကားပါးတယ် သားသမီးကတော့ (မှန်ပါ့) အံမာလေး လူမမာ ထွန်းကားတာ သားသမီးထွန်းကားတယ် ပြောနေတာ (မှန်လှပါ ဘုရား) အတော် ရုပ်ဆိုးနေတာ (ဆိုးပါတယ် ဘုရား)။ ဒကာကြွယ်တို့က နည်းများနည်းလို့ ညည်းမိသေးသလား (ညည်းမိပါတယ် ဘုရား)။

ညည်းမိသေးတယ်၊ ဘာဖြစ်လို့ လူမမာ နည်းနေလို့ (မှန်ပါ, နည်းနေလို့ပါ ဘုရား) ကြည့်ရ ရှုရတာ အားမရ လို့လား (မှန်ပါ့ ဘုရား) အံမာလေး ရူးလိုက်တဲ့ဖြစ်ခြင်း၊ အတော်ဆိုးနေတယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

အဲဒါကြောင့် ခင်ဗျားတို့ကို ပြောတယ်၊ သစ္စာမသိရင် သံသရာရှည်သကွ (မှန်လှပါ ဘုရား) သစ္စာမသိရင် (သံသရာရှည်ပါတယ် ဘုရား)။

သစ္စာမသိတုန်းက ရှည်ခဲ့တာပဲ

ဘုရားကလဲ ငါလဲ သစ္စာမသိတုန်းက ရှည်ခဲ့တာပဲကွ တဲ့ (မှန်လှပါ ဘုရား) ဒီခန္ဓာကြီး အကျည်းတန် မသိသ၍ ကာလပတ်လုံး သစ္စာမသိဘူး (မှန်ပါ့) ထိုကဲ့သို့ သစ္စာမသိသေးသ၍ ကာလပတ်လုံး ဒီခန္ဓာကြီးကို ခင်တဲ့ တဏှာ (မှန်ပါ့ ဘုရား) အင်း ၃-နံပါတ်ကူးပြီ (ကူးပါပြီ ဘုရား)။ သွားပြီ တဲ့၊ ကိုယ့်အချိုးနဲ့ ကိုယ်ဆို တော့ ကိုယ့်ကိုယ်ကိုယ် တော်သေးတယ်လို့တောင် ကျုပ်ဖြင့် အောက် မေ့သေတးယ် (မှန်ပါ့ ဘုရား)။

အင်း ကိုယ့်ကိုယ်ကိုယ် တော်သေးသတဲ့၊ ဒိဋ္ဌိဘက် ကူးပြန်ပြီ၊ မကူးဘူးလား (ကူးပါတယ် ဘုရား) ဘယ်ထဲက ဘယ်ထဲ ကူးသွားပါလိမ့် (၂-ထဲက ၃-ကူးပါတယ် ဘုရား) အင်း ၂ထဲက ၃-ကူးပြန်ပြီ ဒကာကြွယ်ရေ (မှန်လှပါ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား) ၂-ထဲက (၃-နံပါတ် ကူးပါတယ် ဘုရား)။

၂-နံပါတ် ခန္ဓာကြီးထဲက တဏှာတို့ မာနတို့ ဒိဋ္ဌိတို့ ကူးသွားတယ် (ကူးသွားပါတယ် ဘုရား) မကူးသေးဘူး လား (ကူးပါတယ် ဘုရား)။

အင်း ခင်ဗျားတို့ နေ့တိုင်း ဘာလုပ်ပြီး သကာလ နေကြသတုံးဆိုတော့ နာမှန်းမသိလို့ဘုရာ့၊ နောက် အနာရှာတယ်ဘုရာ့ (မှန်လှပါ) ဘယ့်နှယ်ဆိုကြမယ် (နာမှန်းမသိလို့ နောက် အနာရှာပါတယ် ဘုရား) နာမှန်းမသိလို့ (နောက် အနာရှာပါတယ် ဘုရား)။

ဒီ ခန္ဓာကြီးကို ဒုက္ခသစ္စာ အနာမှန်းမသိလို့ သူ့ကြည့်ပြီး တဏှာ မာနတွေ တက်လာတယ် (တက်ပါလာတယ် ဘုရား) အဲဒီ တဏှာ မာန တက်တာက ဘာပါလိမ့် (သမုဒယသစ္စာ ဖြစ်တာပါ ဘုရား) နောက် အနာရှာတာ (မှန်လှ ပါ ဘုရား) နောက်အနာရှာတာဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ) ဘာရှာကြသလဲ (နောက် အနာရှာပါတယ် ဘုရား)။

အနာပေါက်နေတဲ့ ပုဂ္ဂိုလ် အနာမသိတော့

ဪ အနာပေါက်နေတဲ့ ပုဂ္ဂိုလ် အနာမသိတော့ နောက် အနာပေါက်ဖို့ကို ဦးဘအုန်း ရှာပြန်တယ် (ရှာပါတယ် ဘုရား) ဒါ ဘာမသိတာဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

အနာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား) ဒုက္ခသစ္စာကြီးကို ဘုန်းကြီးတို့ ဒကာ ဒကာမတွေက မသိတော့ ကိုတဲ့ ဒီ့ပြင်လူထဲတော့ မပြောဝံ့ပါဘူး၊ ကိုယ့်ဟာကလေးနဲ့ ကိုယ် ဒီအခြေအနေမှ ရောက်ပါ့မလားလို့ အောက်မေ့ မိတယ် (မှန်လှပါ ဘုရား) အခုတော်, တော်သေးရဲ့ (မှန်လှပါ)။

ဖြစ်မှ ဖြစ်ရလေကွာ ဒုက္ခသစ္စာကြီးကို တော်, တော်သေးရဲ့ဆိုတော့ ဘယ့်နှယ် လုပ်ကြမှာတုံး၊ ဒကာကြွယ် ဝမ်းထဲက တစ်ခါတလေကျတော့ ကိုယ့်ကိုယ်ကလေး၊ ကိုယ့်သားကလေး၊ ကိုယ့်သမီးကလေးနဲ့ ပြည့်ပြည့်စုံစုံ ရှိတဲ့ အခါကျတော့ တော်တော်သေးရဲ့လို့ လာသေးသလား (လာပါတယ် ဘုရား)။

ဖြစ်မှ ဖြစ်ရလေ ခင်ဗျားအနာကို မြင်ဘူး (မမြင်ပါ ဘုရား) ဒုက္ခသစ္စာ မြင်ရဲ့လား (မမြင်ပါ ဘုရား) မမြင်တော့ တော်,တော်သေးရဲ့ဆိုတဲ့ ဒီ ၃-နံပါတ် ကူးသွားတယ် (ကူးသွားပါတယ် ဘုရား)။ တော်, တော်သေးရဲ့ဆိုတာ ကိုယ့်ဟာကိုယ် ခင်တဲ့ တဏှာ ဥပါဒါန်တွေ (မှန်လှပါ ဘုရား) သဘောကျပလား (ကျပါပြီ) ဘယ်ကူးသွားသတုံး (၃-နံပါတ် ကူးသွား ပါတယ် ဘုရား)။

ဪ အိပ်ရာထဲကနေပြီး အနာရှာပြန်ပါပြီ (မှန်လှပါ ဘုရား) အိပ်ရာထဲကနေ တွေးတာကိုးဗျ (မှန်လှပါ) ဒကာ ဒကာမတွေ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

လူ့အောက်တော့ မကျဘူး

တစ်ခါတလေ တိုးတိုးပြောတဲ့အခါများ ပါသေးတယ် သူများသိလဲ ဒို့မှာ မကောင်းဘူးကွ၊ ဒီအခြေအနေဆို မဆိုးလှပါဘူးကွာ (မှန်လှပါ) လူ့အောက်တော့ မကျတော့ပါဘူးကွာ (မှန်လှပါ) အပါယ်သာကျမှာ ရိပ်မိပလား (ရိပ်မိ ပါပြီ)။

အံမာလေး ကြောက်စရာကြီး လူ့အောက်တော့ မကျဘူးတဲ့ ဒကာ ဒကာမတို့ ဒီ တဏှာ မာန ဒိဋ္ဌိလာတော့ ဘယ်ကျမလဲ (အပါယ်ကျမှာပါ ဘုရား) အင်း ဒါကြောင့် ဘုန်းကြီးက ပြောတယ် ဒကာ ဒကာမတွေကို သေသေ ချာချာလဲ မှတ်ကြပါနော် (မှန်လှပါ ဘုရား)။

ဒကာ ဒကာမတွေ ရောင်းဝယ်ဖောက်ကားပြီး အမျိုးမျိုးအဖုံဖုံ စားသောက်နေကြတာ လူ့အောက်ကျမှာကို ကြောက်တာကများတယ် (များပါတယ် ဘုရား) အပါယ်ကျမှာတော့ (မကြောက်ပါ ဘုရား) ဒကာကြွယ်တို့ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

လူ့အောက်ကျလို့ ခင်ဗျားတို့ ဘာမှမဖြစ်ဘူး (မှန်လှပါ ဘုရား) အပါယ်ကျလို့ရှိရင်ဖြင့် ခင်ဗျားတို့ ထွက်ပေါက် မရှိဘူး ငရဲသား ငရဲထိန်းတို့၏ စီမံသလို ခံရမယ်ဦးဘအုန်း (မှန်လှပါ ဘုရား)။

အပါယ်ကျမှာ ကြောက်စရာ

ဒါဖြင့် ဒကာကြွယ် လူ့အောက်ကျမှာနဲ့ အပါယ်ကျမှာ ဘယ်ဟာက ကြောက်စရာကောင်းသတုံး (အပါယ် ကျမှာက ကြောက်စရာကောင်းပါတယ် ဘုရား)။

ဒါဖြင့် လက်ရှိဒုက္ခသစ္စာထဲကို သမုဒယ သစ္စာဆိုတဲ့ ၃-နံပါတ် ဦးဘအုန်း မပေါ်ပေါက်ပါစေနဲ့လို့ သတိပေး ခဲ့တယ် (မှန်လှပါ ဘုရား) လက်ရှိ ဒုက္ခသစ္စာထဲက (သမုဒယ သစ္စာ မပေါ်ပေါက်ပါစေနဲ့) သမုဒယသစ္စာမို့ ၂-ထဲက နံပါတ်တွေ တဏှာ ဥပါဒါန် မလာပါစေနဲ့၊ ၂-ထဲကပေါ်တာ ဒီဥစ္စာ (မှန်လှပါ ဘုရား) ၂-ကို သာယာတာ တဏှာ ဒိဋ္ဌိ မာန ဒီထဲမှာ သုံးခုပါနေတယ် (မှန်လှပါ) ပြီးတော့မှ ဥပါဒါန် ကံ (မှန်လှပါ)။

ဒါသာလုပ်ရင် ဒီမြှားအတွင်း ခင်ဗျားကို ဇာတိ, ဇရာ, မရဏ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ မလာရပေဘူးလား (လာရပါတယ် ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ဟာ အနာမသိလို့ အနာရှာကြတယ် (မှန်လှပါ ဘုရား) ပေါ်ပါပြီ ဦးဘအုန်း (ပေါ်ပါပြီ ဘုရား) ၂-နံပါတ်အနာကို မသိလို့ (အနာရှာရပါတယ် ဘုရား) အနာရှာတော့ ၃-နံပါတ် ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား) သေသေချာချာမှတ်ပါ၊ ဒီကနေ့အနာနဲ့ ပဋိစ္စသမုပ္ပါဒ်ကို ပြောနေတယ် (မှန်လှပါ ဘုရား)။

၂-နံပါတ် အနာကိုမသိလို့ ၂-နံပါတ်ထဲက ဘာတွေထွက်လာသလဲ (ဇာတိ ဇရာ မရဏတွေ ထွက်လာပါတယ် ဘုရား) ၃-နံပါတ်ထဲက အနာရှာတဲ့ တရားတွေ ပေါ်ပေါက်လာတယ် (မှန်ပါ့ ဘုရား)။

မိုက်ပြီးရင်း မိုက်

ဪ ဒကာတွေ မိုက်ပြီးရင်း ဘာတုံး (မိုက်ပါတယ် ဘုရား) ဒကာကြွယ် လွန်ကုန်ပြီ (လွန်ပါပြီ ဘုရား) မိုက်ပြီးရင်း ဘာဆိုတာ လက်ရှိဒုက္ခသစ္စာကြီး နှိပ်စက်တာကို မသိတာက မိုက်တာ (မှန်လှပါ)။

မိုက်ပြီးရင်း မိုက်ပြန်တာ ဆိုတာက ဒီခန္ဓာကြီးကြည့်ပြီး တဏှာ မာန ဒိဋ္ဌိတွေနဲ့ ဒကာကြွယ်တို့က တော်သေးရဲ့ ဟေ့ တော်သေးရဲ့၊ တော်သေးရဲ့၊ ဒီသား ဒီသမီးနဲ့ ဆွေနဲ့ မျိုးနဲ့ တိုက်နဲ့ တာနဲ့ စိန်နဲ့ ရွှေနဲ့ ကားနဲ့ တော်ပါသေးတယ် ဆိုတော့ ဘာတွေများ ပေါက်ပွားလာတယ်ဆိုတာ ဒကာကြွယ် ထင်စမ်းပါ။

တိုးတိုးပြောမနေပါနဲ့၊ ခင်ဗျားတို့ ဖြစ်စဉ်ပဲ ရဲရဲပြော (အနာပေါက်ကြောင်း ရှာပါတယ် ဘုရား) အနာပေါက် ကြောင်း ပြန်ရှာတယ် (မှန်လှပါ ဘုရား) ဘာတွေပြန်ရှာသလဲ (အနာပေါက်ကြောင်း ပြန်ရှာပါတယ် ဘုရား)။

အဲဒီကတည်းက ဒကာကြွယ်ကို မေးရတယ်၊ မောင်ဘသော်ကို မေးရတယ်၊ အနာရှိတာမသိလို့ အနာရှာတာ (မှန်လှပါ ဘုရား) ဘယ့်နှယ်ဆိုကြမယ် (အနာရှိတာမသိလို့ အနာရှာတာပါ ဘုရား) အနာရှိတာ မသိလို့ အနာရှာတာ ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား) ခန္ဓာကြီးဟာ ရောဂါတောလို့ ဘုရားက အနာမျိုးစုံကွ တဲ့ (မှန်လှပါ) ဦးဘအုန်း မဟောဘူးလား (ဟောပါတယ် ဘုရား)။

အဲဒီ့အနာကို ခင်ဗျားတို့က အနာရှိတယ်လို့ မသိပြန်တော့ ဒီလောက်ဆိုရင်ဖြင့် လူဖြစ်ကျိုးနပ်ပါပြီကွာ၊ လူ့အောက်မကျပါဘူး၊ မင်းပွဲစိုးပွဲ လဖက်ရည်ပွဲတွေမှာ ဒို့မပါတာ ခပ်နည်းနည်းပဲ (မှန်လှပါ ဘုရား)။

အနာမသိလို့ အနာရှာတာ

အံမာလေး ကြောက်စရာကြီးပါလား ဒကာကြွယ်ရဲ့ (မှန်လှပါ) ဘာတွေတုံးဗျ၊ အနာမသိလို့ အနာရှာတာ (မှန်လှပါ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား) ဘာရှာကြတာလဲ (အနာမသိလို့ အနာရှာတာပါ ဘုရား)။

တကယ်လို့များ ကိုယ့်မိတ်ဆွေ သင်္ဂဟတွေက သတိမေ့နေလို့ရှိရင်ဖြင့် ဒို့များ ဘာအမျက်ဒေါသ မရှိလို့ မေ့ပါလိမ့်မတုံးဆိုပြီး သူတို့မှာ ဒေါသကလေးနဲ့တောင်မှ ကိုယ့်ဒုက္ခသစ္စာ မသိတော့ ဒေါသကလေးနဲ့တောင်မှ ၃- နံပါတ် ပြေးနေတယ် (ပြေးပါတယ် ဘုရား) ဦးဘအုန်း မပြေးဘူးလား (ပြေးပါတယ် ဘုရား)။

ဒါလဲ ဘာပါလိမ့် အနာမသိလို့ (မှန်ပါ့) အနာမသိလို့ပါ ဘုရား) အနာမသိလို့ အနာရှာတာ (မှန်ပါ့ ဘုရား) ရိပ်မိကြပလား (ရိပ်မိပါပြီ)။

ဒါဖြင့် ခင်ဗျားတို့ အနာမသိတဲ့ ပုဂ္ဂိုလ်ဆိုရင် အနာချည်းရှာနေမှာပဲ (မှန်ပါ့ ဘုရား) ဒါဖြင့် သစ္စာမသိရင် သမုဒယဖြစ်ကြောင်း ရှာကြမှာပဲ (မှန်ပါ့) လွန်ကုန်ပြီ (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတို့ တော်တော်အဖိုးတန်ပြီ လို့ ဆိုကြမလား မိုက်တုန်းပဲရှိသေးတယ်လို့ ဆိုကြမလား (မိုက်တုန်းပဲ ရှိသေးပါတယ် ဘုရား) ဒကာကြွယ် သေသေချာချာ ကိုယ်မိုက်တာဟာ ပေါ်ပြီနော် (ပေါ်ပါပြီ ဘုရား)။

ဒီခန္ဓာကြီး နေ့တိုင်း ပြုရ-စုရ ဒုက္ခရောက်နေတာကြီးကို နှိပ်စက်နေတဲ့ ဒုက္ခသစ္စာကြီးလို့ မသိလိုက်တဲ့အတွက် တဲ့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ကိုယ့်ဟာကိုယ် တင်းတိမ်ပြီးတော့ ကိုယ့်အချိုးနဲ့ကိုယ်တော့ ကျုပ်တို့တော့ဖြင့် ကိုယ့်တန်းတူချင်းကျတော့ဖြင့် နည်းနည်း မာန်ကလေးတော့ ထားလိုက်ရသေးတယ် (မှန်ပ့ါ ဘုရား)။

ဘယ့်နှယ်ကြောင့်တုံး၊ အို သူတို့က မျက်ခုံးပေါ်လျှောက်ပြီး ဖိနပ်စီးသွားချင်တာ၊ အဲဒီတော့ အကြောင်း ကလေး ဘာကလေးတော့ နည်းနည်း-ပြပြပေးမှ (မှန်လှပါ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ) ဘာဖြစ်တာတုံး ဒီဥစ္စာ ပြောစမ်းပါဦး ခင်ဗျားတို့ (အနာမသိလို့ အနာရှာတာပါ) အနာမသိလို့ ဘာရှာတာတုံး (အနာရှာတာပါ ဘုရား)။

အဲဒီတော့ ခင်ဗျားတို့ ပြောသ၍ ဆိုသ၍တွေသဖြင့် ဘုရားရှေ့မှာလဲ ခင်ဗျားတို့ ပြောမိချင် ပြောမိမှာပဲ (ပြောမိမှာပါပဲ ဘုရား) ညောင်ရေအိုးစင်ပေါ်က ဘုရားတော့ ခင်ဗျားတို့က ဂရုကိုမစိုက်ဘူး (မှန်ပါ့ ဘုရား)။

ကြောက်စရာကောင်းတယ်

စိုက်ပါ့မလား ဦးဘအုန်း၊ ဒီရှေ့မှာပဲ အတင်းပြောချင်နေမှာပဲ (ပြောနေပါတယ် ဘုရား) ဒီရှေ့မှာပဲ ဟိုလူ့ အကြောင်း၊ ဒီလူ့အကြောင်းကော (ပြောပါတယ် ဘုရား) ကန်တော့ပါရဲ့များ ပါသေးလား (မပါ,ပါ ဘုရား) မပါပါဘူး၊ အံမာလေး ကြောက်စရာကြီးပါလား ခင်ဗျားတို့ ဘုရားကိုးကွယ်တာက ကျုပ်ဖြင့် ဒီလိုများတော့ အကြောက်ဆုံး ပါပဲ အတော့်ကို ကြောက်စရာကောင်းတယ် (မှန်လှပါ)။

ဒကာကြွယ် သေသေချာချာ မှန်တယ်ဆိုတာ သဘောကျပလား (ကျပါပြီ) ဘုရားလဲရှိပါရဲ့၊ ဘုရားရှေ့ ဒါမပြော ကောင်းဘူးလို့များ လာရဲ့လား (လာပါတယ် ဘုရား) မလာပါဘူး၊ လူမသိ သူမသိက ဘုရားခန်းထဲမှ သွားပြောရတာ (မှန်လှပါ ဘုရား) အတော်ဆိုးဝါးတယ် (ဆိုးဝါးပါတယ် ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

အဲဒါကြောင့် ခင်ဗျားတို့ အနာမသိလို့ အနာရှာတယ်ဆိုတဲ့ သဘောဟာ ခန္ဓာကြီးဟာ ဒုက္ခသစ္စာ အနာတွေပဲ (မှန်ပါ့)။

အဲဒါ မသိတဲ့အခါကျတော့ ကိုယ့်သားသမီးကလေးနဲ့ ကိုယ့်ပစ္စည်းကလေးနဲ့ ကိုယ့်တိုက်တာ အိမ်ရာကလေးနဲ့ ကိုယ့်ဟာ ကိုယ်ပြုံးနေတဲ့ဥစ္စာ ပြုံးတာသည် ဒကာ ဒကာမတို့ ဒီဟာပဲ (မှန်ပါ့) ၃-နံပါတ် ကူးလိုက်တယ် (မှန်လှပါ ဘုရား) ပြုံးတာသည် ဘာပါလိမ့် (၃-နံပါတ် ကူးပါတယ် ဘုရား)။

တဏှာက ပြုံးတာကိုး

တဏှာက ပြုံးတာကိုး (မှန်ပါ့) ကိုယ့်ပစ္စည်းကလေး ကိုယ်သာယာပြီး သာကလေးတွေ၊ သမီးကလေးတွေကို လိမ္မာရေးခြားရှိ၊ စီးပွားရေးကလေးက ရှာတတ်ပြန်တော့ ကိုယ့်ဟာကိုယ်ပြုံးတယ် (မှန်လှပါ ဘုရား) ခင်ပြုံးဆိုတာ သဘောကျရဲ့လား (ကျပါတယ် ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ပြုံးတာသည်ကားလို့ ဆိုရင်ဖြင့် မဲ့တာထက် ဆိုးတယ် (မှန်လှပါ) ပြုံးတာသည် (မဲ့တာထက် ဆိုးပါတယ် ဘုရား) ဘာကြောင့်တုံး မေးတဲ့အခါကျတော့ ၂-က ၃-ကူးတယ် (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ) ခင်ဗျားတို့ ကလဲ မပြုံးဘဲ နေရရင်ကို မကျေနပ်ဘူးလား (မကျေနပ်ပါ ဘုရား) ဦးဘအုန်း မပြုံးရင် (မကျေနပ်ပါ ဘုရား)။

မပြုံးရလို့ရှိရင် မဲ့မဟဲ့ဆိုတဲ့ မနေ့က ပြောခဲ့တဲ့ လမ်းရောက်လာပြန်တာပဲ (မှန်ပါ့) မပြုံးရရင် ခင်ဗျား တို့က (မဲ့မှာပါ ဘုရား) မဲ့မှာပဲဆိုတော့ ခင်ဗျားတို့မှာဖြင့် မဲ့လမ်း ပြုံးလမ်းမှတစ်ပါး ဘာမှမရှိဘူး (မှန်လှပါ ဘုရား) မမဲ့မပြုံးတဲ့ အလယ်လမ်းကိုလဲ မရောက်ဘူး (မှန်ပါ့ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

အဲ ဒါဖြင့် ခင်ဗျားတို့ ပြုံးတာသည် ဘုန်းကြီးများက ဪ သူလဲ အကြောင်းညီညွတ်၊ အိမ်သား တွေကလဲ ကျန်းမာကြလို့ သူတို့ဟာ သူတို့ခင်ပြီး ပြုံးတာကိုးလို့ ဆိုရမှာပဲ (မှန်လှပါ ဘုရား)။

ပြုံးခြင်းကြောင့် သနားတယ်

အဲဒါ ဘုန်းကြီးတို့က မစ္ဆေရတော့ မရှိပါဘူး (မှန်လှပါ ဘုရား) သို့သော် ပြုံးခြင်းကြောင့် သနားတယ် (မှန်လှပါ) မစ္ဆေရတော့ မရှိပါဘူး၊ ပြုံးခြင်းကြောင့် ဘာတုံး (သနားတယ်) ဘယ့်နှယ်ကြောင့် သနားတုံးဆိုတော့ ဒီကြည့်လေ ၂-က (၃-ကူးပါတယ် ဘုရား)။

ဒါဖြင့် ၂-က ၃- ကူးသွားတဲ့အခါကျတော့ ဒကာ ဒကာမတို့ တဲ့၊ အနာမသိလို့ အနာရှာပြန်ပြီ (မှန်လှပါ ဘုရား) ဒီ ပြုံးတဲ့အတွက်ဟာ နောက် အနာလွတ်ပါ့မလား (မလွတ်ပါ ဘုရား) ကြည့်လေ တဏှာဥပါဒါန် ဘဝဇာတိ (မှန်လှပါ ဘုရား) ဒကာကြွယ် သိပ်မပြုံးနဲ့နော် (မှန်လှပါ ဘုရား) ပြုံးတာ ခင်ဗျားတို့က နဂိုရ်ကတော့ ရိုးရိုးပဲထင် လိုက်တယ် (ထင်ပါတယ် ဘုရား) အခုတော့ ပြုံးတာသည် ဦးဘအုန်း ဘယ်ဘက်ကူးသွားသတုံး (၃-နံပါတ် ကူးသွား ပါတယ် ဘုရား)။ ခင်ဗျားတို့ ပဋိစ္စသမုပ္ပါဒ်ကို ကြည့်ပါ၊ တဏှာပြုံးပါ (မှန်လှပါ) ကိုယ့်ဟာကိုယ် သာယာပြီး ပြုံးကြတာ (မှန်ပါ့ ဘုရား)။

တစ်ချက်ပြုံးလိုက် ငရဲအိုး တစ်ပွက်ဆူလိုက်

ဒါဖြင့် ခင်ဗျားတို့ ပြုံးမှာသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ခင်ဗျားတို့ တစ်ချက်ပြုံးလိုက် ငရဲအိုး တစ်ပွက်ဆူလိုက် (မှန်လှပါ ဘုရား) စောင့်နေတာ, စောင့်နေတာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) ခင်ဗျားတို့ ပြုံးတာ ငရဲအိုးက ဘာတဲ့ (တစ်ပွက်ဆူပါတယ် ဘုရား) ပွက်တယ်၊ ဘာပြုလို့တုံး လာခဲ့တာလဲ ပြုံးတဲ့လူလာခဲ့လို့ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါကြောင့် ဒကာရင်း ဆရာရင်းတွေမို့ ခင်ဗျားတို့ကို တရားကုန် ဟောနေတယ်လို့ ဒကာကြွယ်က မှတ်ပါ (မှန်လှပါ) ပြုံးတာကို မြ့ည်ဖြူ မစ္ဆေရရှိလို့ မဟုတ်ပါဘူး၊ ကူးသွားလို့ မကောင်းလို့ ပြောတာပါ (မှန်လှပါ ဘုရား) ဦးဘအုန်း ဘယ့်နှယ်တုံး (ကူးသွားလို့ မကောင်းလို့ပြောတာပါ ဘုရား) ကောင်းရဲ့လား (မကောင်းပါ ဘုရား) ဒုက္ခသစ္စာ ထဲက သမုဒယသစ္စာ ပြန်ပေါက်ပွားပြန်တယ် (မှန်လှပါ) သမုဒယသစ္စာ (မှန်လှပါ) ဒီတဏှာတွေဟာလေ (မှန်လှပါ)။

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ ပြုံးမှာများ အလွန်ကြောက်စရာကောင်းတယ် (ကောင်းပါတယ် ဘုရား) နောက် ဒကာ ဒကာမတွေ ပြုံးတာကို ခင်ဗျားတို့က စိတ်ချမ်းသာလို့ ပြုံးတာ (မှန်ပါ့) ဘယ်လိုကြောင့် စိတ်ချမ်းသာသတုံးဆိုတော့ ကိုယ်ချမ်းသာလို့ ပြုံးတာ (မှန်ပါ့) ကိုယ်က ဒုက္ခသစ္စာ၊ ယခု ချမ်းသာတယ်ထင်ပြီး ပြုံးကတည်းက သွားရောပေါ့ဗျာ (သွားပါပြီ ဘုရား)။

ဒုက္ခသစ္စာကြီးကို မသိလို့ ပြုံးတာ

ကိုယ်က ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား) အဲ ဒုက္ခသစ္စာကို သူက ဘယ့်နှယ်ထင်လို့ ပြုံးပါလိမ့် (ချမ်းသာ တယ်ထင်လို့ ပြုံးပါတယ် ဘုရား) အဲ ဒကာ ဒကာမတို့မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား) ဒုက္ခသစ္စာကြီးကို မသိလို့ ပြုံးတာ (မှန်လှပါ ဘုရား)။

ဒါဖြင့် မသိပြုံးသည် ဒကာကြွယ် ၃-နံပါတ်ကူးတယ် (ကူးပါတယ် ဘုရား) မသိပြုံးသည် (၃-နံပါတ်ကူးပါတယ် ဘုရား) ၃-နံပါတ် ကူးရင်တော့ မပေါ့နဲ့တော့ မောင်ဘသော်ရေ ၄-နံပတ်ဆိုတဲ့ အပါယ်ဇာတိ ဇရာ မရဏဟာ ကိုယ်ပိုင်ပစ္စည်း ဖြစ်ရတော့မယ် (ဖြစ်ရပါမယ် ဘုရား) ဒကာ ဒကာမတွေ သဘောပါပလား (ပါပါပြီ ဘုရား)။

ဒကာ ဒကာမတွေ ပြုံးရဲရဲ့လား (မပြုံးရဲပါ ဘုရား) ခုနေတော့ မပြုံးဘူး၊ အိမ်ကျမှ ပြုံးမယ်၊ ခင်ဗျားရှုပ်မနေနဲ့ တော့။

အဲဒီလိုဖြစ်နေတယ် ဦးဘအုန်းမှာ သစ္စာမသိတဲ့ ပုဂ္ဂိုလ်ဟာ ဘယ်လောက်ထိအောင်များ ဆိုးတယ်ဆိုတာ ကဲ လူကြီးတွေပဲ ဆုံးဖြတ်ချက်ချပါတော့ ကိုယ့်ခန္ဓာကလေး ကိုယ်ကြည့်ပြီး ပြုံး၊ သားမယား ခန္ဓာလေးကြည့်ပြီး ပြုံး၊ မြေးမြစ်ကလေးတွေကြည့်ပြီး လူလားမြောက်လာလို့ ပြုံး (မှန်လှပါ ဘုရား)။

ဒုက္ခသစ္စာသိလို့ ပြုံးတာလား ၊ မသိလို့ ပြုံးတာလား (မသိလို့ ပြုံးတာပါ ဘုရား) မသိလို့ပြုံးတော့ ၂-နံပါတ်က ၃-နံပါတ် ကူး-မကူး (ကူးပါတယ် ဘုရား) ကူးရင် ဘာသစ္စာ ဖြစ်သလဲ (သမုဒယသစ္စာ ဖြစ်ပါတယ် ဘုရား)။

သမုဒယသစ္စာဖြစ်ရင် ရှောင်လို့လွဲလို့ မရတော့ဘူး၊ ဒီဘက် ၄-နံပါတ် ဇာတိ ဇရာ မရဏ အိုနာသေ ခန္ဓာ ကြီးတော့ ရတော့မယ် (ရပါတော့မယ် ဘုရား)။

ပြုံးရက်တယ်ဗျာ (မှန်ပါ့) ဒကာကြွယ် ဘယ့်နှယ်ဆိုပါ့မယ် (ပြုံးရက်ပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား) အေး ဒါ သစ္စာမသိလို့ ပြုံးနိုင်ကြတယ်ဆိုတဲ့ ဥစ္စာ ဒကာကြွယ် ပေါ်ပြီ (ပေါ်ပါပြီ ဘုရား) ဦးဘအုန်း ဘယ့်နှယ်ကြောင့် ပြုံးသလဲ (သစ္စာမသိလို့ ပြုံးပါတယ် ဘုရား)။

ဒီဘက်မှာ ပြုံးတဲ့တဏှာပေါ်တယ်

ဪ သစ္စာမသိလို့ ပြုံးတာကို အားလုံး ဒကာ ဒကာမတွေ ဒီ-ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်ဟာ ခင်ဗျားတို့ ပြုံးတာကိုလဲ တစ်ခါတည်းပါတယ် (ပါပါတယ် ဘုရား) လက်ရှိခန္ဓာကြီး ကျန်းမာတယ်ထင်ပြီး သကာလ ဒီဘက်မှာ ပြုံးတဲ့တဏှာပေါ်တယ် (မှန်ပါ့ ဘုရား) မပေါ်သေးဘူးလား (ပေါ်ပါတယ် ဘုရား) ဘာသစ္စာတုံး (သမုဒယသစ္စာပါ ဘုရား)။

သမုဒယသစ္စာ ပေါ်လာရင်၊ အင်း ဒီ သမုဒယသစ္စာဆိုတော့ ယခု ပစ္စုပ္ပန်အကြောင်းခြင်းရာတဲ့ ယခု ပစ္စုပ္ပန်ပေါ်ရှာတာ (မှန်ပါ့ ဘုရား) ဒါကြောင့် ဒီ-အနာဂတ်ဆိုတဲ့ဥစ္စာတော့ဖြင့် မင်းတို့ ပြေးမလွတ်တော့ဘူး (မလွတ် ပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ နဂိုရ်တုံးက မသိလို့လုပ်ချင်တာလုပ်လို့ ဒုက္ခသစ္စာရခဲ့ပြီ (ရခဲ့ပါပြီ ဘုရား) ရတဲ့ဒုက္ခ သစ္စာကို ဒုက္ခသစ္စာမှန်း မသိလို့ ပြုံးပြန်တယ် (မှန်လှပါ ဘုရား) ပြုံးပြန်တော့ ဘယ်နံပါတ် ရောက်သလဲ (၃-နံပါတ် ရောက်ပါတယ် ဘုရား) ၃-နံပါတ်ရေဂာက်တော့ ၄-တွေ့ရမှာပဲ (တွေ့ရမှာပါပဲ) ၄-ရောက်ပြန်တော့လဲ ခင်ဗျားတို့က ပြုံးဦးမှာပဲ (ပြုံးဦးမှာပဲ ဘုရား) ဘာဖြစ်လို့ ပြုံးသလဲ (မသိလို့ပါ ဘုရား) ဪ မသိလို့ဆိုတဲ့ အဝိဇ္ဇာနဲ့ပြုံးဦးမှာပဲ (မှန်ပါ့ ဘုရား) ဒီကို ပြန်ကူးပြန်တယ် (မှန်ပါ့)။

ဒါဖြင့် ခင်ဗျားတို့ ဒီအပတ်မျိုး ဘယ်နှစ်ပတ်, ပတ်ရပါ့မလဲ (မရေတွက်နိုင်ပါ ဘုရား) ဘုန်းကြီးက ဒီအဝိုင်း ကြီးကို မတ်နေအောင်လှည့်၊ ခင်ဗျားတို့ဖြစ်စဉ် မကုန်ဘူး (မကုန်ပါ ဘုရား) ကုန်ပါ့မလား (မကုန်ပါ ဘုရား)။

ဒီစက်ရဟတ်ကြီး ဘယ်တော့ ရပ်ပါ့မတုံး

ဒီစက်ရဟတ်ကြီး ဒကာကြွယ် ဘယ်တော့ ရပ်ပါ့မတုံးဆိုတဲ့ အရေးဟာဖြင့် အတော်ကြီးလာတယ် (ကြီးပါတယ် ဘုရား) ဘာကြောင့်တုံးလို့ မေးတဲ့အခါကျတော့ သမုဒယသစ္စာ, ဒုက္ခသစ္စာ၊ သမုဒယဒုက္ခသစ္စာ ၊ ဘယ်တော့မှ နိဗ္ဗာန်နဲ့ မဂ်မပါဘူး (မပါပါ ဘုရား) ပါသေးရဲ့လား (မပါပါ ဘုရား)။

အဲဒီတော့ ခင်ဗျားတို့က ကျုပ်ကိုတော့ နိဗ္ဗာန်နဲ့နီးပြီထင်ပါရဲ့လို့များ အလုပ်မလုပ်ဘဲနဲ့များတော့ မတွေးလိုက် ပါနဲ့ (မှန်လှပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ) အလုပ်မလုပ်ဘဲနဲ့ဖြင့် (မတွေးရဲပါ ဘုရား) တွေးလိုက်လို့ရှိရင်ဖြင့် ကျုပ်တို့ တော့ဖြင့် တော်တော်သေချာပါပြီ၊ ဘဝကူးလဲ တယ်မကြောက်တော့ပါဘူး (မှန်ပါ့)။

ဪ သစ္စာမသိတော့ ဘဝကူးမကြောက်ဘူး (မှန်ပါ့) ဘဝကူးလို့ရှိရင် ဒီဘဝကလဲ ဘာသစ္စာလဲ (ဒုက္ခ သစ္စာပါ ဘုရား) ကူးတဲ့ဘဝကော (ဒုက္ခသစ္စာပါ ဘုရား)။

အင်း ဘဝအကူးကလေးတော့ ကောင်း-ကောင်းပါရဲ့လို့များ ဘယ်တော့မှမပြောနဲ့ (မှန်လှပါ ဘုရား) ဘဝကူးရရင် ဘာသစ္စာကူးရမလဲ (ဒုက္ခသစ္စာ ကူးရပါမယ် ဘုရား) ဒုက္ခသစ္စာ ကူးတာဆုတာ သေချာပါလား (သေချာ ပါပြီ ဘုရား)။

ဘဝကူးကောင်းအောင်

အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမအရင်းတွေဖြစ်နေတော့ ခင်ဗျားတို့ ဗွေလဲမဖောက်ကြနဲ့ (မှန်ပါ့) ဘဝကူးကောင်းအောင် လုပ်ရဦးမယ်ဆိုတာ ဘယ်တော့မှ စိတ်ထဲဆန္ဒမပါနဲ့ (မှန်လှပါ ဘုရား) ဦးဘအုန်း မဟော ထိုက်ဘူးလား (ဟောထိုက်ပါတယ် ဘုရား) ဒီဘဝ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား) နို့-ဘယ်ဟာ အကောင်းပါသလဲ (ဘယ်ဟာမှ မပါပါ ဘုရား)။

အဲဒီ နှုတ်ကို မတက်ပါနဲ့ အသုံးအနှုန်းတွေ ဦးဘအုန်းဖြုတ်ပါ (မှန်လှပါ ဘုရား) ဖြုတ်သင့်-မဖြုတ်သင့် (ဖြုတ်သင့်ပါတယ် ဘုရား) ဘုန်းကြီးရှေ့မို့ ဖြုတ်လိုက်ရတယ်လို့ ဒကာကြွယ်က ဆိုချင်သေးသလား (မဆိုချင်ပါ ဘုရား)။

ဒီဘဝ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား) တကယ်လို့ အကြောင်းညီညွတ်လို့ ဟိုဘဝ ရောက်သွားပြန်ကော (ဒုက္ခသစ္စာပါ ဘုရား) ဘယ်မတုံး ဘဝကူးကောင်းတာ (မကောင်းပါ ဘုရား) ပါသေးရဲ့လား (မပါပါ ဘုရား)။

အဲဒါ အချို့လူကြီးက ခင်ဗျားတို့ကို ပြောဆိုထားပြန်တော့ ခင်ဗျားတို့ကလဲ ကြားမိကြားရာ ကြားပြီးကျုပ်တော့ ဘဝကူးကောင်းအောင် ကိုယ့်အတွက် ကြိုးစားရမယ် (မှန်ပါ့) ဘယ်သူ့အတွက်တဲ့လဲ (ကိုယ့်အတွ့်ပါ ဘုရား) သားတွေ သမီးတွေလဲ ဆုံးမလု့ိမရဘူး (မှန်ပါ့) ကဲ ရှိပါစေတော့ ကိုယ်သာ အကူးကောင်းဖို့ အရေးကြီးတယ် (မှန်ပါ့ ဘုရား)။

အံမာလေး သွားပြီ၊ သူလဲ အတော်သွားပြီ (မှန်ပါ့) မသွားသေးဘူးလား (သွားပါပြီ ဘုရား) အင်း သူဘာ သစ္စာကို တောင်းတာပါလိမ့် (ဒုက္ခသစ္စာကို တောင်းတပါတယ် ဘုရား)။

ဘဝကူးကောင်းကလေး သူအလိုရှိတယ်

ဪ အခုပြောတဲ့ ပုဂ္ဂိုလ်ဟာ ဒကာကြွယ် စဉ်းစားကြည့်စမ်းပါ၊ သစ္စာသိတာ ပါသေးသလား (မပါပါ ဘုရား) မပါတဲ့အတွက် တဲ့ ဘဝကူးကောင်းကလေး သူအလိုရှိတယ် (မှန်ပါ့ ဘုရား) ဘဝကူးကောင်း အလိုရှိရင် ဒါဘဝပဲ (မှန်ပါ့ ဘုရား) ယခုဘဝပဲ (မှန်ပါ့) မလာဘူးလား (လာပါတယ် ဘုရား) ဘဝကူးကောင်းဖို့ဆိုရင် ဘာနံပါတ် ကူးသလဲ (၃-နံပါတ် ကူးပါတယ် ဘုရား)။

၃-နံပါတ်ကူးရင် ၄-နံပါတ်မှာ ဇာတိ ဇရာ မရဏကူးပြီဟေ့ တဲ့ ဇာတိ ဇရာ မရဏ ရသွားပြီ (မှန်ပါ့) မရသေးဘူးလား (ရပါပြီ ဘုရား) ဘာသစ္စာရသလဲ (ဒုက္ခသစ္စာရတယ်) ဦးဘအုန်း ခင်ဗျားလဲ ကြီးပြီတော် (မှန်ပါ့) ဒကာကြွယ်ကော (ကြီးပါပြီ ဘုရား) သွားပြီးတော့ လည်များဟောမနေနဲ့ မင်းဟာ နေနိုင်လိုက်တာကွာ၊ ဘဝကူးကောင်းဖို့ ကလေးများ အခုအချန် ကြိုးစားချိန်ရောက်ပါပြီ (မှန်ပါ့) မင်း ဒီ ဒုက္ခနဲ့ ငါမကြည့်ချင်ဘူးကွာ၊ ဟိုဒုက္ခနဲ့ ကြည့်စမ်း ချင်တယ် (မှန်ပါ့) ဒီ-အဓိပ္ပာယ် ကျတာပဲ (ကျပါတယ် ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ)။

ဒါ လူကြီးသံလေ (မှန်ပါ့) မသိတဲ့လူကြီး ပြောတာပါ (မှန်ပါ့) မင်း ဒီဒုက္ခနဲ့ကြည့်ရတာတော့ ငါ တော်တော် တင်းတိမ်ပြီ၊ ဟိုဒုက္ခနဲ့ ကြည့်စမ်းချင်တယ်၊ ဒါကြောင့် တိုက်တွန်းတယ် (မှန်လှပါ ဘုရား) အံမာလေး ဒီဆရာများ ကိုးကွယ်မိရင် ငါးပါးကို မှောက်ကရော (မှန်ပါ့) အတော်ကြောက်စရာ ကောင်းတယ် (ကောင်းပါတယ် ဘုရား)။

ဘဝပြတ်ရင် နိဗ္ဗာန်ရောက်မှာပဲ

ကဲ-ဒါဖြင့် ဒကာ ဒကာမတွေ အခုပဋိစ္စသမုပ္ပါဒ် စက်ဝိုင်းနဲ့ တော်တော်ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) အင်း ဘဝကူးကောင်းဖို့များ လုပ်ချင်သေးသလား (မလုပ်ချင်ပါ ဘုရား)။ ဘဝပြတ်မှ ကောင်းတယ် (မှန်လှပါ)၊ ဘဝပြတ်ရင် နိဗ္ဗာန်ရောက်မှာပဲ (မှန်လှပါ) ဒကာကြွယ် ဘာတဲ့တုံး (ဘဝပြတ်ရင် နိဗ္ဗာန်ရောက်မှာပဲ ဘုရား) ပေါ်ကြ ပလား (ပေါ်ပါပြီ)။

ကိုင်း ဒါဖြင့် ဘဝဆိုတာက လူ့ဘဝ နတ်ဘဝ ဗြဟ္မာဘဝ (မှန်လှပါ ဘုရား) ရုပ်နာမ်တွင်မဟုတ်ဘူး (မှန်ပါ့) ရုပ်နာမ်ဆိုတာသည် ဒါဟာ-ဝိာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ရုပ်နာမ် (မှန်လှပါ ဘုရား) သူ့ကြောင့် ဖြစ်တာပဲ မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။

သူ့ကြောင့်ဖြစ်တဲ့ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ တိုတိုရုံးလိုက်ရင် ရုပ်နဲ့နာမ်ရှိတယ် (မှန်လှပါ ဘုရား) ဒီ့ပြင် ဘာရှိသေးသလဲ (ဘာမှမရှိပါ ဘုရား) ရုပ်နာမ် ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား) ဒါဖြင့် ဒကာကြွယ် ဘယ်ကူးကူး ဘာသစ္စာရသလဲ (ဒက္ခသစ္စာ ရပါတယ် ဘုရား)။

အဲဒီတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ဘယ်သူက ဘာပြောပြော ဘဝကူးကောင်းအောင်တော့ဖြင့် မလုပ်ပါနဲ့ (မှန်လှပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ) ဘဝပြတ်ပြီးသကာလ ခင်ဗျားတို့၏ ဘဝချုပ်ငြိမ်းရာ နိဗ္ဗာန် ရောက်ဖို့သာ လုပ်ပါ (မှန်လှပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘဝတို့၏ ချုပ်ငြိမ်းရာ နိဗ္ဗာန်

ဘဝတို့၏ ချုပ်ငြိမ်းရာ နိဗ္ဗာန်ရောက်ဖို့တော့ (လုပ်ရပါမယ် ဘုရား) လုပ်ရမှာပဲဆိုတာ အဲဒီဟာ ကြပ်ကြပ်ဂရု စိုက်ပါ (မှန်လှပါ ဘုရား) နို့မဟုတ်ရင် ဒုက္ခရှိလျက်နဲ့ ဒုက္ခရှာပြန်ပြီ (မှန်လှပါ ဘုရား) ခင်ဗျားတို့က တစ်နေ့က ပြောခဲ့တဲ့ ခလေးကလေးလို မဖြစ်ပေဘူးလား (မှန်လှပါ ဘုရား) ခလေးကလေးဟာ ပြေးလွန်းလို့ ဒူးကွဲတယ်၊ ဒူးမှာ အနာရတယ်၊ အနာရတော့ နောက်တစ်ခါ သူ အနာကလေး ချောက်မယ်ကြံကာရှိသေးတယ် ပြေးပြန်တယ် (မှန်ပါ့)။

အမေမိဘတွေက နာရာမှ အကင်းမသေသေးဘူး မင်းအနာရချင်ပြန်ပလားလို့ အမေမိဘတွေက ဆုံးမကြတယ် (မှန်လှပါ ဘုရား) မဆုံးမဘူးလား (ဆုံးမပါတယ် ဘုရား) ဒကာကြွယ် မြေးကလေးက ဒူးမှာ အနာနဲ့ဆိုပါတော့ (မှန်ပါ့) နည်းနည်းကလေးခြောက်တော့ ထပြေးတယ် (မှန်ပါ့) ဒကာကြွယ်က ဘယ်လိုဆိုမတုံး (အနာမှ မပျောက်သေးဘူး အနာရအောင် လုပ်သလား)။

မင်းမှာ အရင်အနာတောင် မပျောက်သေးဘူးကွာ၊ နောက် အနာရအောင်လုပ်ပြန်ပြီ ကလေးများ ဘာမှမသိဘူး (မှန်ပါ့ ဘုရား) အံမာလေး လူကြီးကပြောတာ (မှန်ပါ့) ကလေးများ ဘာမှမသိဘူးတဲ့ (မှန်ပါ့ ဘုရား)။

ခင်ဗျားတို့ဘာဖြစ်နေတယ်ဆိုတာ ကိုယ်တိုင် စဉ်းစားပါ (ကလေးဖြစ်နေပါတယ် ဘုရား) ဒီအတိုင်းမကျဘူးလား (ကျပါတယ်) အခု ခန္ဓာ အနာကြီးကလဲ ရှိတယ်၊ ရှေ့ဘဝကောင်းစားရေး လုပ်တော့ ဘာရှာသတုံး (အနာရှာတာပါ ဘုရား)။

အင်း လူကြီးတွေကလဲ ဘာလုပ်နေကြသလဲမေးရင် ဘယ့်နှယ်ဖြေမလဲ (အနာရှိလျက်နဲ့ အနာရှာတာပါ ဘုရား) အနာရှိလျက်နဲ့ အနာရှာတယ် (မှန်ပ့ါ) ဒါဖြင့် လူကြီးရှာပုံထက် ကလေးရှာပုံက ဒီဘဝတွင် အနာရတယ် (မှန်ပါ့) လူကြီးကတော့ နှစ်ထပ်နာရအောင်၊ နာတာရှည်ရအောင် ရှာတယ် (မှန်လှပါ ဘုရား) တယ်ကြောက်စရာ ကောင်းပါလား (ကောင်းပါတယ် ဘုရား)။

လူကြီးမိုက်က သာကြောက်စရာကောင်း

ဒါဖြင့် ဒကာကြွယ် လူကြီးမိုက်နဲ့ ကလေးမိုက် ဘယ်သူက သာကြောက်စရာ ကောင်းနေသတုံး (လူကြီးမိုက်က သာကြောက်စရာ ကောင်းပါတယ် ဘုရား)။

ဒါ ဘုန်းကြီး ခင်ဗျားတို့ အင်မတန်မှ သစ္စာသိတဲ့ပုဂ္ဂိုလ်မို့ ဒီစကား တာဝန်ခံနိုင်တာ (မှန်လှပါ ဘုရား) ဦးဘအုန်း နို့မို့ တာဝန်ခံနိုင်ပါ့မလား (မခံနိုင်ပါ ဘုရား) မခံနိုင်ဘူးတဲ့၊ အခုတော့ ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်းဒေသနာ တော်ကလဲရှိ၊ သစ္စာလဲ ထိုက်တန်သလောက်သိနေတဲ့ ဒကာ ဒကာမတွေဖြစ်တော့ ခန္ဓာကြီးကလဲ အနာတွေ နှိပ်စက် နေတာ အနာစုကြီးဆိုတာ သိပြီးသားဖြစ်နေလို့ (မှန်လှပါ ဘုရား)။

ဪ တပည့်တော်တို့ ဒီဆရာသမားနဲ့သာတွေ့လို့ အနာရှိလျက်နဲ့ အနာရှာဆိုတဲ့ လူကြီးတွေပါကလားဆိုတာ ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား) မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား)။

ကြည့်လေ ခင်ဗျားတို့ မင်းကွာ ဘဝကူးကောင်းအောင် မင်း ကြိုးစားပါ၊ ဒီလို မူးရူးနေလု့ိတော့ ဘယ်တော်ပါ့ မတုံး (မှန်ပါ့) မင်းဟာ အရွယ်ကြီးလှပြီ၊ ခုထက်ထိ မင်းမှာ ဘဝကူးဆိုတဲ့ လက်ဆောင်များကို ဘာမှလဲမလုပ်ရသေး (မှန်လှပါ ဘုရား)။

အံမာ လက်ဆောင်ထိုးပြီး သူ့ဟာက အနာရအောင်လုပ်ရဦးတော့မလို့ (မှန်လှပါ ဘုရား) ဦးဘအုန်း ဘာတဲ့တုံး (လက်ဆောင်ထိုးပြီး အနာရအောင် လုပ်ရဦးမတဲ့) လက်ဆောင်ထိုးပြီး အနာရအောင်လုပ်တဲ့သာသာ ဦးဘအုန်း ကျ-မကျ (ကျပါတယ် ဘုရား)။

ဒါ သစ္စာမသိတဲ့ ပုဂ္ဂိုလ် စကားပြောလုံး ဆိုလုံးကို ဒကာကြွယ် သိပ် ကြောက်စရာကောင်းတယ် (ကောင်း ပါတယ် ဘုရား)။

မကူးမှသာလျှင် နေရာကျမယ်

ကိုင်း ဒါဖြင့် ဒီလိုလုပ်ကြပါ ဒကာ ဒကာမတို့ ပြင်ဆင်ပေးနေတယ်လို့လဲ သေသေချာချာ အောက်မေ့ ကြပါ (မှန်လှပါ ဘုရား) ဒီနဲ့-ဒီ မကူးမှသာလျှင် နေရာကျမယ် (မှန်လှပါ) ဒါ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား) ကူးရင် ဘာသစ္စာတုံး (သမုဒယသစ္စာပါ ဘုရား)။

ဒါဖြင့် သမုဒယသစ္စာဆိုတာ အကြောင်းလား အကျိုးလား (အကြောင်းပါ ဘုရား) အကြောင်းဆိုရင် အကျိုး ဒုက္ခသစ္စာ သွားရမယ် (သွားရပါမယ် ဘုရား) ဒီက အကြောင်းပါနေတာကိုး (မှန်ပါ့) မဟတု်ဘူးလား (ဟုတ်ပါတယ် ဘုရား)။

အဲဒါတွေ သေသေချာချာ သိတော့မှ ဪ-ဒီ ဒကာ ဒကာမတို့ ဒီဒုက္ခပြီးရင် တပည့်တော်တို့ ဒုက္ခငြိမ်းချင် ပါတယ်ဘုရားလို့ စိတ်ပြောင်းကြပါ (မှန်လှပါ ဘုရား) ဒုက္ခပြီးရင် (ဒုက္ခငြိမ်းချင်ပါတယ် ဘုရား) ပေါ်ပြီနော် (ပေါ်ပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် နာရီကလဲ သိပ်ကျန်တော့ ဒကာ ဒကာမတို့ ဒုက္ခသိမ်းတဲ့နည်းပဲ ဟောတော့မယ် (မှန်လှပါ) ဒုက္ခစက်လည်တာကတော့ဖြင့် ဦးဘအုန်း သိသွားပြီ (မှန်ပါ့) မသိသေးဘူးလား (သိပါပြီ ဘုရား)။

အဲ ဘဝကူးကောင်းဆိုတာတော့ ဦးဘအုန်းတို့ လူကြီးတွေလဲ ဖြစ်ပါတယ်၊ ဦးလှဘူးတို့လဲ အတူတူပေါ့၊ မောင်ဘသော်တို့လဲ ကြီးလာပြီ (မှန်လှပါ) ဟ ဘဝကူးရင် ဘာတုံးလို့ မေးလို့ရှိရင် ဘယ့်နှယ်ဖြေကြမလဲ (ဒုက္ခ သစ္စာပဲ ပြန်ရမှာပါ ဘုရား)။ ဒုက္ခပဲပြန်ရမှာပဲ (မှန်ပါ့) ဘဝပြတ်ရင် ဒုက္ခရှိပါ့မလား (မရှိပါ ဘုရား)။

အေး ဒါဖြင့် ဒီ လူ ဘဝဿ နတ်ဘဝတွေဆိုတဲ့ ခန္ဓာကြီးကို ဦးဘအုန်း ပြတ်ဖို့အရေးကြီတးယ် (မှန်လှပါ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဘဝကူးကောင်းဖို့ကိုဖြင့် တရားမဟောပါနဲ့

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ဘဝကူးကောင်းဖို့ကိုဖြင့် တရားမဟောပါနဲ့၊ ဒီဒုက္ခသစ္စာကြီး ပြတ်ဖို့သာ ခင်ဗျားတို့လည်ပြီး ပြောချင်ပြောကြပါ (မှန်လှပါ)၊

ဒကာကြွယ် ရှေးမူဖျောက်ရလိမ့်မယ် (ဖျောက်ရပါမယ် ဘုရား) မဖျောက်ရင် တော်ပါ့မလား (မတော်ပါ ဘုရား) သိသလိုလိုနဲ့ လူကြီးမိုက်ဖြစ်နေတယ် (မှန်လှပါ) သိသလိုလိုနဲ့ (လူကြီးမိုက် ဖြစ်နေပါတယ် ဘုရား)။

သို့သော် ဒီ ဦးဘအုန်းတို့လို ဒကာကြွယ်တို့လိုက သွားပြီးပြောလိုက်တဲ့အခါကျတော့ ကိုယ့်ဟာမဟုတ်ဘဲနဲ့ ဟိုကူးသွားပြန်လို့ရှိရင် ဦးဘအုန်း ကြောက်စရာကြီး (ကြောက်စရာကြီးပါ ဘုရား) ကိုယ့်ဟာက ဟုတ်ကဲ့လား (မဟုတ်ပါ ဘုရား) ကိုယ့်ဟာမဟုတ်တဲ့အထဲမှာ ကိုယ်ကလူကြီးရယ်လို့ ဆိုတော့ ကိုယ့်လောက်မှ မသိတဲ့ပုဂ္ဂိုလ်က ဪ လူကြီးတွေက ဒီအတိုင်းပြောတာ၊ ဒီလိုနေလို့တော့ မဖြစ်ပါဘူး၊ ဘဝကူးကောင်းအောင်တော့ လုပ်ဦးမှပါပဲဆိုရင် တရားဟောမှားပြီ (မှားပါပြီ ဘုရား) ဒကာကြွယ် ဘယ့်နှယ်ဆိုမလဲ (တရားဟောမှားပါပြီ ဘုရား)။

ဒီတရားဟောမှားမှုကြောင့် ဟိုမှာ အပြစ်နည်းနည်းဖြစ်သလား၊ များများဖြစ်သလား (များများဖြစ်ပါတယ် ဘုရား) အခုဒုက္ခလဲ မကျွတ်သေး (မှန်ပါ့) နောက်ဒုက္ခလဲ မင်းရအောင်ယူကွ-ဆိုတော့ ပေါ်ပေါ်လွင်လွင် ပြောလိုက် တော့ ဦးဘအုန်း ကျေနပ်စရာတစ်ကွက်မှ မပါဘူး (မပါပါ ဘုရား) ပါသေးရဲ့လား (မပါပါ ဘုရား)။

အေး ဒါကြောင့် ခင်ဗျားတို့ အားကြီး အရေးကြီးတဲ့ အသုံးအနှုန်းကိုဖြင့် တဲ့ မကောင်းတာ ရှောင်ဖို့ ပေါ့ဗျာ (မှန်လှပါ)။

ဘဝပြတ်ရင် ဒုက္ခပြတ်တာပါပဲ

ကဲ ဒါဖြင့် ဘဝပြတ်လို့ရှိရင် ဒုက္ခပြတ်တာပဲ (မှန်လှပါ) ဘဝပြတ်ရင် ဒုက္ခပြတ်တာပါပဲ ဘုရား) အဲဒီတော့ ဒါ-ဒကာ ဒကာမတို့ ပဋိသန္ဓေနေတဲ့ စိတ် နော် (မှန်လှပါ) ဒါက သဋိသန္ဓေ နေတဲ့စိတ်နော် (မှန်လှပါ) ဒါက ပဋိသန္ဓေနေပြီးတော့မှ တစ်ခါတည်း နာမ်ရယ်၊ ရုပ်ရယ် ပေါ်လာတယ် (မှန်ပါ့) ပြီးတော့မှ မျက်စိ၊ နား၊ နှာခေါင်း၊ ကြံစည်တဲ့ စိတ်တွေ ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား) ဖဿတို့ ဝေဒနာတို့ အတူတကွ ပေါ်တယ် (မှန်လှပါ)။

အဲဒီတော့ တိုတိုပြောတော့ ခန္ဓာငါးပါးပေါ်တယ် (မှန်လှပါ ဘုရား) အဲဒီ ခန္ဓာငါးပါးကို ဦးဘအုန်း ဘဝပြတ် အောင် ဒီလိုလုပ်ကြပါ (မှန်ပါ့)။

ဘယ်လိုလုပ်ရမတုံး လို့ မေးတဲ့အခါကျတော့ ဒကာ ဒကာမတို့ ဒါ အလုပ်တရားလို့လဲ မှတ်ပါ (မှန်ပါ့) အလုပ်နဲ့မှလဲ ဖြတ်လို့ရပါတယ် (မှန်လှပါ ဘုရား) ဘာနဲ့မှလဲ (အလုပ်နဲပမှ ဖြတ်လို့ရပါတယ်) အလုပ်နဲ့မှလဲ ဖြတ်လို့ရ ပြီးတော့နေတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ဒီခန္ဓာငါးပါးကို သိပြီးသကာလထားတော့ ဒကာ ဒကာမတို့ ခင်ဗျားတို့သန္တာန်မှာ စိတ်ပေါင်းဟာ နည်းတဲ့ပုဂ္ဂိုလမမှာ (၄၁) ရှိတယ်၊ (မှန်လှပါ ဘုရား) များတဲ့ပုဂ္ဂိုလ်မှာ (၄၅) ရှိတယ် (မှန်လှပါ ဘုရား) ခင်ဗျားတို့ အခု တရားနာတဲ့အထဲမှာ ဒီ-၂မျိုးပဲရှိတယ် (မှန်လှပါ ဘုရား)။

တိဟိတ်ပုထုဇန် ဖြစ်ခဲ့သော် (၄၅)

နည်းတဲ့ပုဂ္ဂိုလ်မှာ ဒွိဟိတ်ပုထုဇန်ဖြစ်ခဲ့သော် (၄၁) ရှိတယ် ဒကာကြွယ်နော် (မှန်လှပါ) တိဟိတ်ပုထုဇန် ဖြစ်ခဲ့သော် (၄၅) ရှိတယ် (မှန်လှပါ) တိုးလိုက်ရတာကိုး (မှန်ပါ့) ဦးဘအုန်း အားလုံး ဘယ်လောက်ပါလိမ့် ၄၁-က လူတစ်မျိုး (မှန်ပါ့) ၄၅-က (တစ်မျိုးပါ ဘုရား) လူ ဘယ်နှစ်မျိုးရှိသလဲ (နှစ်မျိုးပါ ဘုရား)။

ဒီထဲမှာ လူနှစ်မျိုးရှိတယ် (မှန်လှပါ) အဲ ၄၁ ကလဲ ကိုယ့်သန္တာန်မဖြစ်တဲ့စိတ်ကို သူ့သန္တာန်ဘယ်စိတ်မှ မပေါ်ဘူး ၊ ၄၁-ထဲကပဲ ပေါ်မယ် (မှန်လှပါ) ၄၅-သမားကလဲ သူ့သန္တာန်ဘယ်စိတန်ပေါ်မတုံးဆိုရင် (၄၅-ထဲကပဲ ပေါ်ပါမယ် ဘုရား)။

အဲ ၄၅ပဲ ပေါ်မယ်ဆိုတော့ သူ့သန္တာန်မှာ ပေါ်တဲ့စိတ်ဟာလဲ ဒကာ ဒကာမတို့ မှတ်လိုက်ပါ မြင်တဲ့စိတ်- ကြားတဲ့စိတ်- နံတဲ့စိတ်- စားတဲ့စိတ်- ခန္ဓာကိုယ်မှာ ယားယံတဲ့ ဒုက္ခစိတ်- တစ်ခါတလေ ခံကောင်းတဲ့ သုခစိတ် ၊ ဒါပေါ်မှာကိုး (မှန်လှပါ ဘုရား) ဒါ့ပြင် ဘယ်မှာ ပေါ်လိမ့်မယ် (မှန်ပါ့ ဘုရား)။

ပြီးတော့မှ တစ်ခါ ဝမ်းထဲကျပြန်တော့ လောဘ ဒေါသ မောဟ သုံးခုပေါ်လိမ့်မယ် (မှန်ပါ့) တစ်ခါ အလောဘ အဒေါသဆိုတဲ့ ပေးချင် ကမ်းချင်တဲ့ အလောဘစိတ်တွေ ပေါ်လိမ့်မယ်၊ အဒေါသဆိုတဲ့ သူတစ်ပါးမေတ္တာပို့ချင်တဲ့ စိတ်ကလေးတွေ ပေါ်ချင်ပေါ်လိမ့်မယ် (ပေါ်ပါမယ် ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

ဘာမှမရှိရင် လေကိုထုတ်တဲ့ စိတ်ကလေးရင်လဲ ရှိရမယ် (မှန်လှပါ ဘုရား) လေကိုပြန်ရှူတဲ့ စိတ်ကလေးကော (ရှိရပါမယ် ဘုရား)။

ချုံးလိုက် ၁၃-ပဲရှိတယ်

အဲဒါပဲရှိတယ် (မှန်ပါ့) အဲဒီတော့ ၄၅-ဖြစ်ဖြစ်၊ ၄၁-ဖြစ်ဖြစ် ဦးဘအုန်းချုံးလိုက် ၁၃-ပဲရှိတယ် (မှန်လှပါ) ပြထားတဲ့အတိုင်းပေါ့ဗျာ (မှန်ပါ့) ချုံးလိုက်ရင် ဘယ်လောက်ရှိသလဲ (၁၃-ပဲရှိပါတယ် ဘုရား) ၁၃-ပဲ ရှိတယ်ဆိုတော့ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ကိုယ်က နှစ်စိတ်ပေါ့လေ ချမ်းသာတဲ့စိတ် ဆင်းရဲတဲ့စိတ် (မှန်ပါ့) ဝမ်းထဲမှာတော့ လောဘ-ဒေါသ-မောဟ-အလောဘ-အဒေါသ ဒါပဲရှိတယ် (မှန်လှပါ) ပြီးတော့မှ ရှူစိတ်၊ ထုတ်စိတ် (မှန်လှပါ) ပေါင်းလိုက်တော့ စိတ်-၁၃ မနေဘူးလား (နေပါတယ် ဘုရား)။

အဲဒါအားလုံး ဒွိဟိတ်ပုဂ္ဂိုလ်ဖြစ်ခဲ့တဲ့ ဒါပဲပေါ်မယ် (မှန်ပါ့) တိဟိတ်ပုဂ္ဂိုလ်ဖြစ်ခဲ့လဲ ချုံးလိုက်တော့ ဦးဘအုန်း ဒါပဲရှိတယ် (မှန်လှပါ)။

အဲဒါကလေးတွေဟာ-တဲ့၊ ဒါ၃-နံပါတ်ထဲမှာ ပါပါတယ် (မှန်ပါ့) သဠာယတနဆိုတာ စက္ခု သောတ ဃာန ဇိဝှာကာယမနကို ပေါင်းပြီးသား ဖြစ်တယ်၊ ခြောက်ဖြစ်တယ်၊ အဲဒီအထဲမှာ အကုန်ပါပါတယ် (မှန်လှပါ ဘုရား) ခုနက ပြောခဲ့တဲ့ ၁၃-ခုဟာ ဒီအထဲမှာ အကုန်ပါပါတယ် (ပါပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒီတော့ ဒီအထဲမှာ အကုန်ပါတော့ ခင်ဗျားတို့ ခန္ဓာကိုယ်ဟာလဲ ၂-နံပါတ်ထဲမှာ (မှန်ပါ့) အဲ ၂-နံပါတ်ထဲမှာ ခင်ဗျား တို့ သန္တာန်မှာ စိတ်ပေါင်း ဘယ်လောက်ပေါ်နိုင်သတုံး လို့ မေးလို့ရှိရင်ဖြင့် ချုံးလိုက်တော့ ဘယ်လောက်ပဲ ပေါ်သလဲ (၁၃-ပဲ ပေါ်ပါတယ် ဘုရား)။

ရှုတဲ့စိတ်က နောက်က လိုက်ပေး

အဲဒီ့ ၁၃-ပဲ လှည့်ပေါ်တယ် (မှန်ပါ့) ဦးဘအုန်း ရိပ်မိပလား (ရိပ်မိပါပြီ) ဒကာကြွယ်ကော (ရိပ်မိပါပြီ) အဲဒီ ၁၃-ပေါ်လို့ရှိရင်ဖြင့် ပေါ်တဲ့စိတ်က ရှေ့ကပေါ်မှာပဲ (မှန်လှပါ) ရှုတဲ့စိတ်က နောက်က လိုက်ပေး (မှန်လှပါ ဘုရား) နောက် လိုက်လိုက်ပေးပါ၊ လိုက်ပေးတော့ ပေါ်တဲ့စိတ်က ဖြစ်ပျက်၊ ရှုတဲ့စိတ်က မဂ် (မဂ်ပါ ဘုရား)။

အဲဒီတော့ ဖြစ်ပျက်က ဒုက္ခသစ္စာ (မှန်လှပါ) ရှုတာက (မဂ္ဂသစ္စာပါ ဘုရား) ဒါဖြင့် ဒီအဝိုင်းထဲမှာ မဂ္ဂသစ္စာ မပါဘူး (မပါပါ ဘုရား) ခင်ဗျားတို့ကို ဆရာ နည်းပေးလိုက်တဲ့အတွက် ဒီနေရာမှာ မဂ္ဂသစ္စာ ပေါ်တယ် (မှန်လှပါ) ဒီနေရာ ဟောဒီအဆက်ကလေးဖြတ်လိုက် (မှန်ပါ့) ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား) ဒီအဆက်ကလေး ဖြတ်လိုက်တာ ဘယ်သူမှ ဖြတ်နိုင်သတုံး (မဂ်မှ ဖြတ်နိုင်ပါတယ် ဘုရား)။

အဲဒါကြောင့် ဒီအထဲက ပေါ်တဲ့စိတ်ကလေးတွေကို ခင်ဗျားတို့ကနေပြီး ရှုပေးပါ (မှန်လှပါ ဘုရား) ရှုလိုက် တော့ ဒီ အဆက်ကလေး ဘာဖြစ်သွားသလဲ (ပြတ်သွားပါတယ် ဘုရား) ပြတ်သွားတယ်ဆိုတာ ဘာဖြစ်သွားသလဲ (ရိပ်မိပါပြီ ဘုရား) ပြတ်သွားတော့ ဒီဘက် ရောက်သေးရဲ့လား (မရောက်ပါ ဘုရား)။

၂-နဲ့ ၃- ကူးမရတော့ဘူး

ဒါဖြင့် သမုဒယသစ္စာ ချုပ်တယ် (မှန်လှပါ ဘုရား) ဒုက္ခသစ္စာ​ကော (ချုပ်ပါတယ် ဘုရား) ဒါဖြင့် မဂ်သည် စိတ် ၁၃-ခုကို ရှုလိုက်တဲ့အခါ ဒကာကြွယ်တို့ ဦးလှဘူးတို့ ဖြတ်တဲ့မဂ်ကလေး ပေါ်တယ် (ပေါ်ပါတယ် ဘုရား) တသံသရာလုံး ဒီအဝိုင်းကြီး ပြေးနေတယ် (ပြေးနေပါတယ် ဘုရား) ရှုလိုက်ကာ ရှိသေးတယ် ဒကာ ဒကာမတို့ ၂-နဲ့ ၃- ကူးမရတော့ဘူး (မကူးရတော့ပါ ဘုရား) ဘာတုံး (၂-နဲ့ ၃-ကူးမရတော့ပါဘူး) ဒုက္ခနဲ့ သမုဒယ မကူးတော့ဘူး (မှန်ပါ့) ဒီ ဒုက္ခသစ္စာ ပြီးရင် ပြီးတာပဲ (မှန်ပါ့) ဒီဘက် သမုဒယသစ္စာဘက် ကူးသေးလား (မကူးပါ ဘုရား)။

ဘာကြောင့် မကူးပါလိမ့်မတုံး (မဂ်က ဖြတ်လိုက်လို့ပါ ဘုရား) ကူးတာက ဝေဒနာနဲ့ တဏှာကူးမှ (မှန်လှပါ) ဖဿနဲ့ တဏှာကူးမှ (မှန်ပါ့) ခုနက ပြောခဲ့တဲ့ ၁၃-ခုနဲ့ တဏှာနဲ့ကူးမှ (မှန်ပါ့) ခုတော့ ကူးလို့ရသေးရဲ့လား (မရပါ ဘုရား) မရတော့ ဒကာ ဒကာမတွေက ဪ သံသရာ အဝိုင်းကြီးပြတ်ပေါ့ (မှန်လှပါ ဘုရား) ဒကာကြွယ် ဘယ်လိုဆိုပါ့မယ် (သံသရာအဝိုင်းကြီး ပြတ်ပါပြီ ဘုရား)။

ဒါဖြင့် အဝိုင်းကြီး ပြတ်နေတော့ ကရွတ်ကင်းလျှောက် ပုရွက်ဆိတ်လင်ပန်းလျှောက် ဖြစ်သေးရဲ့လား (မဖြစ် ပါ ဘုရား) ဪ ဒါဖြင့် ဆင်းပေါက်တွေ့ပြီ (မှန်လှပါ ဘုရား)။

နိဗ္ဗာန်ဘက် ကူးတယ်

ဒကာ ဒကာမတို့ လည်ပေါက် သိမ်းတယ် (မှန်ပါ့) ဆင်းပေါက်က တွေ့တယ်ဆိုတော့ ဟောဒီအကြောင်းကလေး ကြည့် (မှန်လှပါ) ဝေဒနာ နိရောဓာ တဏှာ နိရောဏော (မှန်ပါ့) ဝေဒနာ နိရောဓာ တဏှာနိရောဓော (မှန်လှပါ) ဝိညာဏနိရောဓာ တဏှာနိရောဓော (မှန်ပါ့) တဏှာနိရောဓော နိဗ္ဗာန်ပဲ (မှန်လှပါ ဘုရား) ဒီဘက် နိဗ္ဗာန်ဘက် ကူးသွားတယ် (မှန်လှပါ ဘုရား) ၂-ဘဝနဲ့ပဲ နိဗ္ဗာန်ရမယ် (မှန်ပါ့ ဘုရား) ၂-ထဲမှာ (နိဗ္ဗာန်ရပါမယ် ဘုရား)။

ဪ ၂-ထဲမှာ မဂ်နဲ့ဖြတ်လိုက်တော့ ၃-မကူးသာတော့ နိဗ္ဗာန်ဘက် ကူးတယ် (မှန်လှပါ ဘုရား) ၃-မကူးတော့ ဘယ်ကူးပါလိမ့် (နိဗ္ဗာန်ကူးပါတယ် ဘုရား)။

ဪ ဒကာကြွယ် သိပ်အဖိုးတန်ပါကလား (အဖိုးတန်ပါတယ် ဘုရား) ဒါဖြင့် ဒကာကြွယ်တို့ အားလုံး တရားနာလာကြတဲ့ ဒကာ ဒကာမတွေ ဘုန်းကြီးကလဲ အကုန်ပဲ အားထုတ်ခိုင်းတယ် (မှန်လှပါ) ခင်ဗျားတို့ဟာ ခင်ဗျားတို့ အားမထုတ်တာတော့ ဘုန်းကြီးက မတတ်နိုင်ဘူးပေါ့ဗျာ (မှန်လှပါ)။

ခင်ဗျားတို့ဟာ ခင်ဗျားတို့ ကြိုးစားကြမယ် ဆရာဘုန်းကြီး ပေးတဲ့နည်းတိုင်း၊ ဒါ ဆရာဘုန်းကြီးက အခု ရှိနေလို့ပါ (မှန်လှပါ) စင်စစ်တော့ ဘုရားပေးတဲ့ နည်းပါပဲနော် (မှန်လှပါ ဘုရား) ဆရာဘုန်းကြီးက တစ်ဆင့်ပြောတာပဲ ရှိတယ် (မှန်လှ့ါ) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

မဂ်က ဒီနေရာပဲပေါ်တယ်

အဲဒီ တစ်ဆင့်ပြောတာ ဘုရားနည်း (မှန်ပါ့) အဲဒါကလေးနဲ့ ခင်ဗျားတို့က ဒီဟာတွေ ဖြစ်ပျက်ရှုပါ၊ မဂ်က ဒီကနေ ပေါ်မယ် (မှန်လှပါ ဘုရား) ပေါ်ရင် ဒကာ ဒကာမတို့ ဒီက အနက်နဲ့ ဒီက အနီ ဆက်သေးရဲ့လား (မဆက်ပါ ဘုရား) ဘာဖြစ်လို့ မဆက်သလဲ (မဂ်က ဖြတ်လိုက်လို့ပါ ဘုရား) ရှုတဲ့ မဂ်သည် ဖြစ်ပျက်၊ မဂ်က ဒီနေရာပဲပေါ်တယ် (မှန်လှပါ ဘုရား) ဒီ့ပြင်နေရာ သူ ပေါ်သလား (မပေါ်ပါ ဘုရား)။

ဒါဖြင့် ဦးလှဘူး ၃-မကူးဘူး (မကူးပါ ဘုရား) ဒါဖြင့် ဟောဒီက သမုဒယသစ္စာချုပ်တယ် (မှန်လှပါ) ဒီက ဒုက္ခသစ္စာချုပ်တယ် (မှန်ပါ့ ဘုရား) ဘယ့်နှယ်ဆိုကြမလဲ (တဏှာရော ခန္ဓာရော ချုပ်ပါတယ် ဘုရား) တဏှာပိုင်းကလဲ အကုန်ချုပ်၊ ခန္ဓာပိုင်းကကော (အကုန်ချုပ်ပါတယ် ဘုရား)။

ဒါဖြင့် တဏှာခန္ဓာချုပ်တာ ဘာခေါ်မလဲ (နိဗ္ဗာန်ခေါ်ပါတယ် ဘုရား) ဪ ဒါဖြင့် ဦးဘအုန်း မဂ်ပဲ အားကိုးရမယ် (မှန်ပါ့ ဘုရား) မဂ်က ဘယ်လိုများ စွမ်းရည်သတ္တိ ရှိပါလိမ့်တုံးဆိုတော့ တဏှာကိုလဲဖြတ် ၊ ဒုက္ခ သစ္စာကိုလဲ မလာအောင် တားမြစ်တယ် (မှန်လှပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

တဏှာကိုလဲ (ဖြတ်ပါတယ် ဘုရား) ဒုက္ခသစ္စာကိုလဲ (မလာအောင် တားမြစ်ပါတယ် ဘုရား) ဪ ဒါဖြင့် ခင်ဗျားတို့ အားကိုးရာအစစ်ကို ဒီတရားပွဲမှာ တွေ့ပါပြီ (တွေ့ပါပြီ ဘုရား)။

ဒီမြှား ဖြတ်ရုံပါပဲ

ဪ တပည့်တော်တို့ သံသရာကြီး အဝိုင်းပြေးနေတာ ဘယ်လိုများ စခန်းသတ်ရမယ်ဆိုတာ ဒီမြှား ဖြတ်ရုံပါပဲ (မှန်လှပါ ဘုရား) ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား) ဘာဖြတ်ကြမယ် (ဒီမြှားဖြတ်ရုံပါပဲ ဘုရား) သံသရာ လည်တာက ဒီမြှားမဖြတ်တဲ့ ပုဂ္ဂိုလ်လည်တာ (မှန်ပ့ါ) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ သံသရာဖြတ်နည်း နိသျည်းကဖြင့် ၂-နဲ့ ၃-မကူးတဲ့နည်းဟာဖြင့် ဦးဘအုန်း သံသရာ ဖြတ်တဲ့နည်း (မှန်လှပါ) ၃-နဲ့ ၃ (မကူးတဲ့နည်းဟာ သံသရာဖြတ်နည်းပါ ဘုရား) မကူးဆိုတာလဲ တားပေးတတ်တဲ့ တရားပါဦးမှ (မှန်ပါ့ ဘုရား) တားပေးတဲ့တရားကော (ပါဦးမှပါ ဘုရား) ဘယ်သူပါလိမ့် (မဂ်ပါ ဘုရား)။

ဒါဖြင့် ခုနင်က ခင်ဗျားတို့ သန္တာန်မှာ ခုနက ပြောခဲ့တဲ့ ၁၃-ပါးသော စိတ်တွေကို ပေါ်တိုင်းရှုပေး (မှန်လှပါ ဘုရား) ပေါ်တိုင်းရှုရင် ဖြစ်ပျက် မဂ်၊ ဖြစ်ပျက် မဂ် ဆိုတော့ မောင်ဘသော် ၃-ရောက်သေးရဲ့လား (မရောက် ပါ ဘုရား) မရောက်တော့ ၂-တွင် ကိစ္စတုံးတယ် (မှန်လှပါ ဘုရား)။

ဒီကနေပြီး ဒီဘက်ထွက်သွားတော့ ထွက်သွားပြီးသကာလ ဒကာ ဒကာမတွေသိတဲ့အတိုင်း ဝေဒနာ နိရောဓာ တဏှာနိရောဓော (မှန်ပါ့) တဏှာ နိရောဓါ နိဗ္ဗာန်ပဲ (မှန်လှပါ) ကဲ-ဒကာ ဒကာမတို့ ၃-ကို ကူးသေးသလား (မကူး ပါ ဘုရား) ၂-ထဲတွင်ပဲ ၂-ချုပ်ပြီးသကာလ နိဗ္ဗာန်ရောက်တယ် (မှန်လှပါ) ၂-ချုပ်ပြီးသကာလ (နိဗ္ဗာန်ရောက်ပါတယ် ဘုရား)။

ဒါဖြင့် ၂-ချုပ်တယ်ဆိုတာ ခန္ဓာငါးပါးချုပ်တယ် (မှန်ပါ့) ခန္ဓာငါးပါး ချုပ်တာလဲ မြင်ပါရော-နိဗ္ဗာန်လဲ ရောက်တာပဲ (မှန်ပါ့ ဘုရား) ဒါဖြင့် ဒကာ ဒကာမတို့ ရှုစရာ ဘယ်နှစ်ခုပါလိမ့် (၁၃-ခုပါ ဘုရား) ၁၃-ခုဟာလဲ ရှာပြီး ရှုရမှာလား ကိုယ့်အထဲ ခဏခဏ ပေါ်နေတာလား (ကိုယ့်အထဲ ခဏခဏ ပေါ်နေတာပါ ဘုရား)။

ဒါအနိစ္စပဲလို့ ဉာဏ်ကလေး လိုက်ပေး

အင်း ပေါ်တိုင်း ပေါ်တိုင်း ခင်ဗျားတို့က ဒါ အနိစ္စပဲ၊ ဒါအနိစ္စပဲလို့ ဉာဏ်ကလေး လိုက်ပေး (မှန်လှပါ ဘုရား) လိုက်တိုင်း လိုက်တိုင်း ဒီ မဂ်ကလေးသည် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ပေါ်တယ်လို့မှတ် (မှန်လှပါ ဘုရား)။

ဒါဖြင့် မဂ်သည် ဒကာ ဒကာမတို့ လိုက်နိုင်မှပေါ်သည် (မှန်လှပါ) မလိုက်နိုင်ရင် (မပေါ်ပါ ဘုရား) ဟာ ဒါဖြင့် မသေမချင်း လိုက်ရမှာလားလို့ ဒကာကြွယ်က မေးချင်လဲမေးတာပေါ့နော် (မှန်ပါ့) မဟုတ်ပါဘူး ဒကာ ဒကာမတို့ ဒီခန္ဓာကြီး ဉာဏ်ထဲမှာ ချုပ်သွားပြီဆိုလို့ရှိရင်ဖြင့် မဂ်ကလေးတွင် ကျန်နေရစ်တယ်၊ ဖိုလ်ကလေးတွင် ကျန်နေရစ်တယ်ဆိုရင် ရှုဖို့ မလိုတော့ပါဘူး နိဗ္ဗာန်တွေ့ပါပြီ (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

ဟာ တမဂ်ပဲ ရသေးတယ်၊ နှစ်မဂ် ရချင်တယ်ဆိုရင်လဲ ဒီဟာပြန်ရှုရုံပဲ (မှန်လှပါ ဘုရား) ဒီဟာ ဖြတ်မှာပဲ (မှန်လှပါ ဘုရား) သဘောကျပလား (ကျပါပြီ)။

ဒီဟာသည် သောတာပတ္တိမဂ်ကလဲ တစ်ခါဖြတ်တယ်၊ သူကဒါဂါမိမဂ်ကလဲ (တစ်ခါဖြတ်ပါတယ်) အားလုံး လေးခါဖြတ်တယ် (မှန်ပါ့) သို့သော် ခင်ဗျားတို့ တစ်ခါဖြတ်ရလို့ရှိရင် ကျန်သုံးခါပြတ်ဟာ သူ့ဟာသူ ပြတ်တယ် (မှန်ပါ့ ဘုရား)။

ခန္ဓာနိရောဓော နိဗ္ဗာန်ပဲ

ခင်ဗျားတို့က အားမထုတ်ပါနဲ့ဆိုလို့ မရဘူး၊ မဂ်က တိုက်တွန်းတာနဲ့ အားထုတ်တာပဲ (မှန်လှပါ ဘုရား) အဲဒီ ကဲ့သို့ တိုက်တွန်းလိုက်လို့ရှုရင် မပြတ်ပေဘူးလား (ပြတ်ပါတယ် ဘုရား) အဲ ပြတ်သွားတော့ကို ခန္ဓာပျောက်ပါတယ် ဆိုတာ ဒါတွေပျောက်တာ (မှန်ပါ့) ခန္ဓနိရောဓော နိဗ္ဗာန်ပဲ (မှန်ပါ့) ဒီဘက်ကလဲ တဏှာမလာလို့ တဏှာနိရောဓာ (နိဗ္ဗာန်ပါ ဘုရား) ခန္ဓနိရောဓော (နိဗ္ဗာန်ပါ ဘုရား) ကဲ သဘောပါလား (ပါပါတယ် ဘုရား)။

ဒါဖြင့် ဒကာကြွယ် အလုပ်တရားကော ပါပလား (ပါပါပြီ ဘုရား) သံသရာကော လည်ချင်သေးသလား (မလည်ချင်ပါ ဘုရား) ရှင်းကြပလား(ရှင်းပါပြီ ဘုရား)။

ကဲ နာရီစေ့ပြီ တော်ကြဦးစို့။

သာဓု သာဓု သာဓု။