ကိုယ်သာနာ၍ စိတ်မနာစေနဲ့မှအဆက်
ပဋိစ္စသမုပ္ပါဒ် တရားတော် (၁၅)
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
အမရပူရမြို့ မင်္ဂလာရိပ်သာဓမ္မာရုံ၌
ဟောကြားတော်မူသော
ကိုယ်သာနာ၍ စိတ်မနာစေနဲ့မှအဆက်
ပဋိစ္စသမုပ္ပါဒ် တရားတော် (၁၅)
(၆-၁၂-၆၁)
ဘဝပေါင်း ထောင့်ငါးရာ-အမိအဘ ဖြစ်ခဲ့တာ
ဒကာ ဒကာမတို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် ဘဝပေါင်း ထောင့်ငါးရာ-အမိအဘ ဖြစ်ခဲ့တာက ဘဝငါးရာ, ဘိုးဘွားဖြစ်ခဲ့တာက တစ်ထောင်ဖြစ်ပြီး သကာလနေတော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီး၏ အလောင်း တော်သည်လည်း အဘိုးကြီး အဖွားကြီးနဲ့ သံယောဇဉ်ဆက်ခဲ့ရတာ ဘဝပေါင်း ထောင့်ငါးရာလို့ဆိုတာ ဒကာ ဒကာမတွေ ဟောပြီးပြီ (မှန်လှပါ ဘုရား)။
ဘယ့်နှယ်ကြောင့် ကိုယ်တော်မြတ်ကြီး ဒီအမိ အဘတွေထဲမှာပဲ အဘိုးအဘွားအဖြစ်နဲ့ တစ်ထောင် ၊ အမေအဖေအဖြစ်နဲ့ ငါးရာစီ နေရပါလိမ့်မတုံး လို့ မေးလို့ရှိရင် ခင်ဗျားတို့ မှတ်ထားပါ၊ သစ္စာမသိခင်က ဖြစ်ရတဲ့ အဖြစ်ကလေးလို့ မှတ်ထားပါ (မှန်လှပါ ဘုရား)။ ဘယ်လို မှတ်ကြမယ် (သစ္စာ မသိခင်က အဖြစ်ကလေးပါ ဘုရား)။
သစ္စာ မသိခင်ကနော် ၊ သစ္စာမသိတော့ ဒီအမေနဲ့ ဒီအဖေနဲ့ မခွဲရပါစေနဲ့ဆိုတော့ ဒီအမေ ဒီအဖေနဲ့ ရှိတုန်းကို တောင်းတဲ့ဆုဆိုတော့ ဒါနလုပ်လိုက်- သီလလုပ်လိုက် တောင်းတိုင်းပြည့်တဲ့ ဥစ္စာတွေ ပြည့်လိုက်ပြန်တော့ ဒီဝမ်းခေါင်းထဲ ပြန်ရောက်တယ် (မှန်လှပါ ဘုရား)။
သစ္စာမသိလို့
ဒီဝမ်းခေါင်းထဲ ပြန်ရောက်တော့ ဒီဝမ်းခေါင်းထဲက ထွက်လိုက်၊ ဒီဝမ်းခေါင်းထဲက ထွက်ပြီးသေလိုက်၊ သေပြီး ဒီဝမ်းခေါင်းထဲ ပြန်ရောက်လိုက်ဆိုတော့ ဒုက္ခစက် လည်နေတယ် (လည်နေပါတယ် ဘုရား) ဘာဖြစ်လို့ ပါလိမ့်မလဲလို့ ဒကာ ဒကာမတွေမေးရင် ဘယ့်နှယ်အဖြေထွက်ကြမယ် (သစ္စာမသိလို့ပါ ဘုရား)။
ဪ ဘဝပြန်ရတာ ဘဝဆိုတာသည်ကားလို့ ဆိုရင် ခန္ဓာငါး (မှန်ပါ့) ခန္ဓာငါးပါး ဒုက္ခသစ္စာလို့ မသိတော့ကို ဒီအဘိုး ဒီအဘွားနဲ့ပဲ နေပါရစေ၊ ဒီအမေ ဒီအဖေနဲ့ပဲ မခွဲပါရစေနဲ့ဆိုတော့ ခန္ဓာရှိတုန်း မသေခင် တောင်းထားတဲ့ဆုဆိုတော့ သေတဲ့အခါကျပြန်တော့လဲ ဒီအထဲ ပြန်ရောက်ပြန်တယ် (ရောက်ပါတယ် ဘုရား) ရောက်ချင် လို့ ရောက်ရတာလား လို့ ဒကာ ဒကာမတွေ မေးကြည့်တော့ ဘယ့်နှယ်ဖြေကြမလဲ (သစ္စာမသိလို့ပါ ဘုရား)။
ဪ သစ္စာမသိတဲ့ အဖြစ်ဆိုးကြီးသည် ဒကာ ဒကာမတို့ ဝမ်းခေါင်းထဲအောင်းလိုက် သေလိုက်၊ ပြန်အောင်း လိုက် သေလိုက်၊ ပြန်အောင်းလိုက် သေလိုက်ဆိုတော့ မောင်ဘသော်တို့ ဦးဘအုန်းတို့ ဘယ်နေရာကျမလဲ (မကျပါ ဘုရား)။
သစ္စာမသိတဲ့အဖြစ်ဟာ ဒကာ ဒကာမတို့ အနေဆိုး ပဋိသန္ဓေနဲ့ အသေဆိုး စုတိကို ကိုယ်ပိုင်ရနေတယ်ဆိုတာ တော့ ရှင်းကြပါပြီ (ရှင်းပါပြီ ဘုရား) အနေဆိုး ပဋိသန္ဓေ-အသေဆိုး စုတိဆိုတော့ ဘယ်ဟာကောင်းသတုံး ဒကာကြွယ် (ဘယ်ဟာမှ မကောင်းပါ ဘုရား)။
မကောင်းပေမဲ့လဲ ဒါတွေဟာ ဒုက္ခသစ္စာတွေပါကလား “ဇာတိပိ ဒုက္ခသစ္စံ မရဏမ္ပိ ဒုက္ခသစ္စံ”ဆိုတာကို မသိတော့ ဒီဘုရားအလောင်းသည်ပင်လျှင် ဦးဘအုန်းရေ ထောင့်ငါးရာဆိုတော့ လွန်မသွားဘူးလား (လွန်ပါတယ် ဘုရား)။
မသိရင်တော့ဖြင့် ဘုရားအလောင်းတော် သစ္စေကဗုဒ္ဓါ အလောင်းတော် ဒကာ ဒကာမတို့ ဘာ အလောင်း ရယ်လို့ ရွေးမနေဘူး ၊ မသိတာက နှိပ်စက်လိုက်တာပဲ (မှန်လှပါ ဘုရား) ဘယ်လို မှတ်ကြမယ် (မသိတာက နှိပ်စက်ပါတယ် ဘုရား) ဘာကို မသိပါလိမ့် (သစ္စာမသိတာပါ ဘုရား)။
သစ္စာလေးပါး သူသိတာ ပါသေးရဲ့လား
သစ္စာမသိတော့ ဒုက္ခသစ္စာ မသိတော့ ဒုက္ခသစ္စာပဲ ပြန်လိုချင်တယ်ဆိုတာ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
သမုဒယသစ္စာမသိတော့ ဆုတောင်းပြန်တယ်ဆိုတာ ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)။
နိရောဓသစ္စာကို မသိတော့လဲ ဒကာ ဒကာမတို့ လိုချင်တဲ့သဘောက ပေါ်နေတယ် (ပေါ်နေပါတယ် ဘုရား) မဂ္ဂသစ္စာကို နိဗ္ဗာန်ရောက်ကြောင်းရယ်လို့ မသိပြန်တော့လဲ အားမထုတ်ချင်ဘူး (အားမထုတ်ချင်ပါဘူး ဘုရား)။
အဲဒီတော့ သစ္စာလေးပါး သူသိတာ ပါသေးရဲ့လား (မပါပါ ဘုရား) အဲဒီလိုမပါတာနဲ့ပဲ ဘုန်းကြီးတို့ ဘုရား အလောင်းကြီးသည်ပင်လျှင် ဘဝငါးရာ စုတိ ပဋိသန္ဓေနဲ့ ပြောင်းနေရတယ် ဒီဝမ်းခေါင်းထဲမှာ (မှန်လှပါ ဘုရား) ဦးဘအုန်း ဘာဖြစ်တာလဲ (သစ္စာမလို့ပါ ဘုရား)။
ဪ ဒကာ ဒကာမတို့ သစ္စာသိဖို့ အရေးဟာ တယ်ပြီးကြီးတယ်ဆိုတဲ့ ဥစ္စာသည် အသေဆိုး အနေဆိုး တွေ ထပ်ပြန်တလဲလဲ လုပ်ပေးနေတာ မသိတဲ့ အဝိဇ္ဇာပဲဆိုတာ ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)။
မသိတာဟာ အဝိဇ္ဇာ
မသိတော့ ပြုချင်သလိုပြုတဲ့ သင်္ခါရဆိုပြီးသကာလ ဒီမှာ ဒကာ ဒကာမတို့ မသိတာဟာ အဝိဇ္ဇာ (မှန်ပါ့) ဒါ-ဒုက္ခသစ္စာလို့ သူသိရဲ့လား (မသိပါ ဘုရား) သမုဒယသစ္စာလို့ကော (မသိပါ ဘုရား) မဂ္ဂသစ္စာလို့ကော (မသိပါ ဘုရား)။
မသိတော့ သူသည် ဤဘဝရချင်တယ် (မှန်ပါ့) ဤဘဝ ရချင်တာနဲ့ နကုလမာဘာနဲ့ နကုလပီတာ ဝမ်းထဲ မှာပဲ အကြိမ်ပေါင်း ထောင့်ငါးရာလောက် နေရပါတယ်ဆိုတဲ့ဥစ္စာ မသိလို့ နေရာတာဆိုတာ မှတ်လိုက်စမ်းပါ (မှန်လှပါ ဘုရား) ဘယ်လို မှတ်ကြမယ် (မသိလို့ နေရတာပါ ဘုရား)။
ဒါကြောင့် မသိတာဟာ ဘာသစ္စာတုံး (သမုဒယသစ္စာပါ ဘုရား) မသိလို့ ပြုတာလဲ ဘာသစ္စာလဲ (သင်္ခါရ သမုဒယသစ္စာပါ) သမုဒယသစ္စာ၊ သင်္ခါရဆိုတာ ပြုလုပ်တာ (မှန်လှပါ ဘုရား) ဒါနပြုပြီး ဆုတောင်းလိုက် သီလစောင့်ပြီး ဆုတောင်းလိုက်ဆိုတာ သင်္ခါရပဲ (မှန်လှပါ) ဘာသစ္စာတုံး (သမုဒယသစ္စာပါ ဘုရား)။
ဒါဖြင့် မသိဘဲနဲ့ ပြုလုပ်တာဟူသ၍ဖြင့် သမုဒယသစ္စာချည်းပဲ (မှန်လှပါ ဘုရား) ဒကာကြွယ် ဘယ့်နှယ်ဆို ကြမယ် (မသိဘဲနဲ့ ပြုလုပ်တာဟူသ၍ သမုဒယသစ္စာချည်းပါ ဘုရား) မသိဘဲနဲ့ ကုသိုလ်ပြုလဲ သမုဒယသစ္စာ (မှန်ပါ့) မသိဘဲနဲ့ အကုသိုလ်လုပ်တဲ့ (သမုဒယသစ္စာပါ ဘုရား)။
ပြုလုပ်တာ သင်္ခါရ
ဪ ဒါဖြင့် သစ္စာမသိဘဲနဲ့ ပြုလုပ်တာဟူသ၍ဖြင့် ဦးဘအုန်း အလွဲနဲ့အချော်ချည်းပဲ (မှန်ပါ့-အလွဲနဲ့ အချော်ချည်းပါ ဘုရား) ပုံကြည့်ပါ၊ ၁-နံပါတ်ပုံစံကြည့်၊ မသိတာ အဝိဇ္ဇာ၊ ပြုလုပ်တာ သင်္ခါရ (မှန်လှပါ) အကုသိုလ် ပြုလုပ်လဲ သင်္ခါရ၊ ကုသိုလ်စေတနာတွေ ပြုလုပ်လဲ (သင်္ခါရပါ ဘုရား) သစ္စာမသိဘဲနဲ့ ပြုလုပ်လို့ရှိရင် ဘာသစ္စာတုံး (သမုဒယသစ္စာပါ ဘုရား)။
ဪ သမုဒယသစ္စာဆိုတာ ပယ်ရမည့်တရားလို့ သူက မသိတော့ ဒကာ ဒကာမတွေ ပြုလုပ်တယ် (ပြုလုပ်ပါတယ် ဘုရား) ပယ်ရမည့်တရားလို့ မသိလိုက်တဲ့အတွက် (ပြုလုပ်ပါတယ် ဘုရား)၊ ဘယ့်နှယ်ကြောင့် ပြုလုပ် ပါလိမ့်မလဲ မေးတော့မှ မသိလို့ပါဘုရား (မှန်လှပါ ဘုရား) မသိလို့ ပြုလုပ်ပါတယ်ဆိုတာဖြင့် ရှင်းသွားပလား (ရှင်းသွား ပါပြီ ဘုရား)။
ဘုရားအလောင်းသည်ပင်လျှင် မသိလို့ ပြုလုပ်တော့ကို နကုလမာတာတို့ အမိဝမ်းခေါင်းထဲမှာ ဒါက ခန္ဓာငါးပါးပေါ့ဗျာ (မှန်လှပါ)၊ အကြိမ်ပေါင်း ဘယ်လောက်ဖြစ်ရသလဲ (ထောင့်ငါးရာပါ ဘုရား)။
အင်း ဘယ့်နှယ်ကြောင့် ဖြစ်ရပါလိမ့်မတုံးလို့ မေးကြပါဦး ဒကာ ဒကာမတို့ (သစ္စာမသိလို့ပါ ဘုရား) သစ္စာမသိလို့ နော် (မှန်ပါ့)၊ မသိရုံတွင် ရိုးရိုးလား၊ ပြုလုပ်မှုပါသေးသလား (ပါပါသေးတယ် ဘုရား) မသိတာ မသိသလို နေလိုက်လို့ရှိရင်လဲ တကာကြွယ်တော်သေးတယ် (မှန်လှပါ)။
မသိဘဲနဲ့ သီလတွေလုပ်- ဒါနတွေပြုပြီး လူခန္ဓာ ရရပါလို၏ (မှန်ပါ့) လူခန္ဓာဆိုတာ ဒီအပိုင်းမှာ ၂-နံပါတ်မှာ (မှန်ပါ့) ကြည့် ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)၊ ဒါ-ဒီဒုက္ခသစ္စာ အလိုလိုရတာလား၊ မသိဘဲနဲ့ ပြုလုပ်တဲ့ပုဂ္ဂိုလ် ရတာလား (မသိပဲနဲ့ ပြုလုပ်တဲ့ပုဂ္ဂိုလ် ရတာပါ ဘုရား)၊ ဦးဘအုန်း ရှင်းပြီ (ရှင်းပါပြီ) မသိဘဲနဲ့ ပြုလုပ်တဲ့ ပုဂ္ဂိုလ် ဘာသစ္စာရတုံး (ဒုက္ခသစ္စာ ရပါတယ် ဘုရား) ရချင်လို့ ရရတာလား တဲ့၊ မသိဘဲနဲ့ ပြုလုပ်တာက ဘာသစ္စာတုံး (သမုဒယသစ္စာပါ ဘုရား)။
အို ဒါဖြင့် ဒကာကြွယ် သမုဒယသစ္စာလုပ်ရင် ဒုက္ခသစ္စာ ပြေးမလွတ်ဘူး ရမှာပဲ (ရပါတယ် ဘုရား) သမုဒယသစ္စာသာ လုပ်လို့ရှိရင် ဒုက္ခသစ္စာ ပြေးလွတ်ကြပါ့မလား (မလွတ်ပါ ဘုရား) ဘာသစ္စာရတုံး (ဒုက္ခသစ္စာ ရပါတယ် ဘုရား) ပြုတုန်းက ဘာတွေပြုလုပ်ခဲ့ပါလိမ့် (သမုဒယသစ္စာတွေ ပြုလုပ်ခဲ့ပါတယ် ဘုရား)။
မသိလို့ ပြုလုပ်တာ သမုဒယသစ္စာ
မသိလို့ ပြုလုပ်တာ သမုဒယသစ္စာ၊ ရတာက ဒုက္ခသစ္စာ (မှန်လှပါ ဘုရား) မသိလို့ ပြုလုပ်တာ (သမုဒယသစ္စာပါ ဘုရား) ရတာက (ဒုက္ခသစ္စာပါ ဘုရား) သိပြီးသကာလ ပြုလုပ်လို့ရှိရင် တဲ့ ဒါ သုခသစ္စာ သွားဖြစ်တယ် (မှန်လှပါ) သိပြီးပြုလုပ်ရင် (သုခသစ္စာ သွားဖြစ်ပါတယ် ဘုရား) ဒါ ပြောင်းရမှာပဲ၊ ဒါပြောင်းမှ သုခသစ္စာဆိုတဲ့ နိဗ္ဗာန်ရမှာပဲ (မှန်လှပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒကာကြွယ်ကြီးတို့ဖြင့် အမှား အတော်ကျွံလာခဲ့ပြီ (ကျွံခဲ့ပါတယ် ဘုရား) ဦးဘအုန်း ဘယ့်နှယ်ဆိုမလဲ (အမှားကျွံခဲ့ပါတယ် ဘုရား) မသိလို့ ပြုလုပ်တာတွေက သိပ်များတယ် (များပါတယ် ဘုရား)။
မသိလို့ ရောင်းဝယ်ဖောက်ကားပြီး သကာဒ လိမ်လည်ကောက်ကျစ်တဲ့ အလုပ်တွေ လုပ်ပြန်တော့လဲ ငါ့ခန္ဓာ ဟာ ဒုက္ခသစ္စာလို့ မသိဘဲနဲ့ ရောင်းကြ, ဝယ်ကြ, လိမ်ကြ, ကောက်ကြပြန်လဲ မသိတာရယ် ရောင်းကြ, ဝယ်ကြတာဟာ သင်္ခါရ (မှန်ပ့ါ ဘုရား)။
ဒါ ကြိုးစားပြန်တော့လဲ ထွက်သွားတယ်လို့ မြှားကပြတယ် (ပြပါတယ် ဘုရား) ဘာသစ္စာရသတုံး (ဒုက္ခသစ္စာ ရပါတယ် ဘုရား) တစ်ခါ ဒုက္ခသစ္စာကို ဒီဟာ ဒုက္ခသစ္စာ ကိုယ့်ခန္ဓာကြီးပေါ့ဗျာ (မှန်ပါ့) မသိပြန်ဘူးဆိုလို့ရှိရင် ဒါတွေ ပေါ်ဦးမှာပဲ (ပေါ်ဦးမှာပါပဲ ဘုရား) ဒကာကြွယ် ၃-နံပါတတ် ဘယ့်နှယ်လဲ (ပေါ်မှာပါ ဘုရား) ရထားတာကြီးကို မသိတာနဲ့ ဘာတွေပေါ်ပြန်ပါလိမ့် (သမုဒယသစ္စာ ပေါ်ပါတယ် ဘုရား) ၃-နံပါတ် ဘာသစ္စာတုံး (သမုဒယသစ္စာပါ ဘုရား)။
ဒါဖြင့် သမုဒယသစ္စာ ပေါ်လာပြန်တော့ သေပြန်တော့ ဘာသစ္စာရသလဲ (ဒုက္ခသစ္စာ ရပါတယ် ဘုရား) အဲဒီ ဒုက္ခသစ္စာကို ဒကာ ဒကာမတွေက မသိပြန်တော့ကို တဲ့ ဒါပေါ်ဦးမှာပဲ (ပေါ်ပါတယ် ဘုရား) မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား) ပေါ်ရင် ဘာသစ္စာရသလဲ (သမုဒယသစ္စာရပါတယ် ဘုရား)။
ကရွတ်ကင်းလျှောက်
ဪ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ကရွတ်ကင်းလျှောက် ပုရွတ်ဆိတ်လင်ပန်းလျှောက်ပါကလား (မှန်လှပါ)၊ ဦးဘအုန်း ဘယ့်နှယ်ဆိုမလဲ (ကရွတ်ကင်းလျှောက် ပုရွက်ဆိတ်လင်ပန်းလျှောက်ပါ ဘုရား)။
နခမ်းလျှောက်နေတာ တနေ့လုံး လျှောက်သော်လဲ ဒကာကြွယ် ဆင်းပေါက်တက်ပေါက် တွေ့ရဲ့လား (မတွေ့ ပါ ဘုရား) ဘာပြုလို့တုံး မသိသောကြောင့် (မှတ်လှပါ) ဒကာ ဒကာမတွေ ဘယ်လိုဆုံးဖြတ်ချက်ချမလဲ (မသိသော ကြောင့်ပါ ဘုရား) မသိသွား သွားနေတယ် (မှန်ပါ့)။
ဒါဖြင့် ဒကာကြွယ် သစ္စာဟောတတ်တဲ့ ဆရာနဲ့တွေ့ဖို့ သစ္စာနာတတ်တဲ့ နားနဲ့တွေ့ဖို့ရာလဲ မလွယ်ပါလား (မလွယ်ပါ ဘုရား) ဘုရားအလောင်းကြီးပင် မတွေ့ခဲ့တာနဲ့ ဘယ်လောက်တဲ့တုံး ဘဝပေါင်း (ထောင့်ငါးရာပါ ဘုရား) အနေဆိုး အသေဆိုးလေ (မှန်ပါ့)။
အနေဆိုး အသေဆိုး ထောင့်ငါးရာဆိုတော့ ဦးဘအုန်း အံ့ဩစရာ မရှိတော့ပါဘူး (မလိုပါ ဘုရား) ဒါ အနည်းကလေး ရှိသေးတယ်လို့ အောက်မေ့လိုက်စမ်းပါဦး (မှန်လှပါ)။
မသိသက် ဒီ့ထက်ရှည်မယ်ဆိုရင် ဒီ့ထက် အဆပေါင်းများစွာ လာဦးမယ်ဆိုတာလဲ ခင်ဗျားတို့ ဆုံးဖြတ်ချက် ချရဦးမယ် (မှန်လှပါ) မသိသက် ရှည်လေလေ ဒုက္ခသက်က (များလေလေပါ ဘုရား) ရှင်းပြလား (ရှင်းပါပြီ)။
ဒကာကြွယ် ဒီဘဝ ဇာတ်မသိမ်းလို့ရှိရင်ဖြင့် သိအောင်လုပ်ရင်လုပ် မလုပ်လို့ရှိရင်ဖြင့် ဒုက္ခသက်က ဘယ် တော့ ကျွတ်တမ်းဝင်ပါ့မတုံး၊ ဘယ်တော့မှ မဝင်ဘူး (မှန်လှပါ)၊ သစ္စာမသိ ဘယ်တော့မှ မဝင်(မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။
သစ္စာသိဖို့ အဓိကထား
ဒါဖြင့် မောင်ဘသော် ဘာကို အဓိကထားလုပ်ဖို့ ကောင်းပါလိမ့် (သစ္စာသိဖို့ အဓိကထားလုပ်ဖို့ ကောင်းပါ တယ် ဘုရား) သစ္စာသိဖို့က အဓိက ထားလုပ်ပါဆိုတာကိုဖြင့် ဒကာကြွယ် ပုံစံကလဲပြ၊ ပါးစပ်ကလဲပြော၊ အရေးတကြီး ဟောနေတယ်ဆိုတာလဲ မှတ်လိုက်စမ်းပါ (မှန်လှပါ)၊ ဒီ ပဋိစ္စသမုပ္ပါဒ်ဟာ ဒကာကြွယ်ဟောလို့ မကုန်နိုင်ဘူးနော် (မှန်လှပါ)။
ဟာ ပဋိစ္စသမုပ္ပါဒ် ဘယ့်နှယ်ကြောင့် ဟောလို့မကုန်ပါလိမ့်မလဲလို့ ဦးဘအုန်းတို့၊ မောင်ဘသော်တို့ကဲမေးရင် မှားချက်တွေက တစ်ချည်တည်းမကဘူး (မှန်လှပါ) ဘယ့်နှယ်ဆိုကြမလဲ (မှားချက်တွေက တစ်ချက်တည်းမကပါ ဘုရား)။
မှားချက်တွေက နည်းတာတွေ မဟုတ်တော့ဘူး၊ တနေ့ဟောလဲ ဒို့ပေါ်ရောက်တာပဲ (ရောက်ပါတယ် ဘုရား) နောက်တစ်နေ့ ဟောပြန် (ရောက်ပါတယ် ဘုရား)။
ဒါ ရောက်တာမြင်ကတည်းက နောက်တော့ကွာ ဒို့အပေါ် အရောက်မခံတော့ဘူး သိအောင် လုပ်တော့မဟေ့ ဆိုတဲ့ စိတ် မွေးကြရမယ် (မှန်လှပါ ဘုရား)။
နို့မို့လို့ရှိရင်ဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာဖြင့် ခုနက ပြောခဲ့တဲ့ စုတိပဋိသန္ဓေ လှည့်နေမှာပဲ (လှည့် နေပါမယ် ဘုရား) စုတိပြီး ဘာမှည့်မယ် (ပဋိသန္ဓေလှည့်ပါမယ်) ပဋိသန္ဓေလှည့်ပြီး ဘာလှည့်မယ် (စုတိလှည့်ပါမယ် ဘုရား) ဟင် ဒါဖြင့် မွေး-သေ လှည့်နေတာပဲ (မှန်ပါ့ ဘုရား)။
မွေးတာလဲ ဒုက္ခသစ္စာ၊ သေတာလဲ (ဒုက္ခသစ္စာပါ ဘုရား)၊ မသိလို့နေတာကော (ဒုက္ခသစ္စာပ ဘုရား) ကဲ ဦးဘအုန်း ဘယ်ဟာကြိုက်သတုံး (ဘယ်ဟာမှ မကြိုက်ပါ ဘုရား)။
သညာသိ-ပညာသိ ခွဲပါဦး
အဲ ဒါဖြင့် သစ္စာသိအောင် လုပ်ရမယ် (မှန်ပါ့) သစ္စာသိအောင် လုပ်ရမယ်ဆိုတာ ဒကာကြွယ် သေသေ ချာချာ မှတ်ပါ (မှန်လှပါ) သစ္စာသိကလဲ ဒကာ ဒကာမတို့ ယနေ့တော့ ထူးထူးခြားခြားပဲ ပြောရမယ် နော် (မှန်ပါ့) အလုပ်မလုပ်ဘဲနဲ့ သိနေတာ သညာသိလို့မှတ်ပါ (မှန်ပါ့ ဘုရား) အလုပ်မလုပ်ဘဲနဲ့ သိတာ (သညာသိပါ ဘုရား) အလုပ်လုပ်ပြီး သိတာက ပညာသိ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။
သညာသိက နိဗ္ဗာန်မရောက်နိုင်ဘူး (မရောက်ပါ ဘုရား) အလုပ်လုပ်ပြီး ပညာသိ-သိမှ နိဗ္ဗာန်ရောက်တယ် (မှန်လှပါ ဘုရား) သစ္စာသိပေမဲ့ သညာသိ-ပညာသိ ခွဲပါဦး (မှန်လှပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား) ဘယ်ရောက်မှ ကိစ္စပြီးမှာပါလိမ့် (ပညာသိရောက်မှ ကိစ္စပြီးမှာပါ ဘုရား)။
ပညာသိဆိုရင် သွားပြီ၊ ခန္ဓာထဲမှာ ဖြစ်ပျက်တွေကြည့် (မှန်ပါ့) ပညာသိဆိုတာ ခန္ဓာထဲမှာ ကြည့်လိုက်တဲ့အခါ ကျတော့ ဖြစ်မှုပျက်မှုကလေးတွေ တွေ့လိုက်တော့ ဪ အနေဆိုးကလေး ဪ အသေဆိုးကလေးဆိုတာ ကိုယ့်ခန္ဓာ သေဘာ (မှန်ပါ့) အဲဒီအနေဆိုး အသေဆိုးကလေးတွေနဲ့ချည်းပဲ ဉာဏ်ထဲမှာ မြင်နေရတော့ ဪ နှစ်ခုစလုံး ဒုက္ခသစ္စာပါကလား (မှန်လှပါ ဘုရား) ဘာပါလိမ့် (နှစ်ခုစလုံး ဒုက္ခသစ္စာချည်းပါ ဘုရား) နှစ်ခုစလုံး ဒုက္ခ သစ္စာပါကလားလို့ သိလာတဲ့အခါကျတော့မှ သိတဲ့ဉာဏ် မလိုချင်ဘူး (မှန်လှပါ)။
ဒီ ဖြစ်ပျက် ခန္ဓာကြီးကို (မလိုချင်ပါ ဘုရား) မလိုချင်တဲ့ဆီကျမှ ဒကာကြွယ် ဖျတ်ခနဲ ချုပ်တယ် (မှန်လှပါ) ချုပ်သွားတော့မှ ဒုက္ခချုပ်တဲ့ နိဗ္ဗာန်က ပေါ်လာတယ် (မှန်လှပါ ဘုရား) ဒုက္ခသစ္စာ ချုပ်သွားပြီကိုး (မှန်ပါ့) ဘာပေါ် လာသလဲ (နိဗ္ဗာန် ပေါ်လာပါတယ် ဘုရား)။
ဒုက္ခတို့၏ ချုပ်ငြိမ်းရာ နိဗ္ဗာန်
ဒါကြောင့် ဒုက္ခတို့၏ ချုပ်ငြိမ်းရာ နိဗ္ဗာန်လို့ ဆိုလိုက်တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) ခန္ဓာတို့၏ချုပ်ငြိမ်းရာ (နိဗ္ဗာန်ပါ ဘုရား)။
ဪ နဂိုရ်က ဘယ်သူကွယ်နေပါလိမ့်မတုံးလို့ မေးရင် တရားတစ်ပွဲလုံး ဘယ့်နှယ်ဖြေကြမလဲ (အဝိဇ္ဇာ ကွယ်နေပါတယ်) ခင်ဗျားတို့ သိနေတာကစဉ်းစားလေ၊ ဖြစ်ပျက်-ဖြစ်တာ ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား) ပျက်တာ (ဒုက္ခသစ္စာပါ ဘုရား) ဖျတ်ဆို ချုပ်သွားတယ်၊ ချုပ်သွားတော့မှ နိရောဓ သစ္စာက ပေါ်လာတယ် (မှန်ပါ့ ဘုရား) ဘာ ကွယ်နေသတုံး (ဒုက္ခသစ္စာ ကွယ်နေပါတယ် ဘုရား)။
ဉာဏ်နဲ့ဖြေပါ တဲ့၊ အလုပ်သဘော ပြောနေတယ်နော် (မှန်ပါ့) အလုပ်သဘော ပြောနေတော့ အလုပ်နဲ့ မြင်တာမှသာ အမှန်ပေါ့၊ ခင်ဗျားတို့ပါးစပ်က ပြောတာကတော့ အလွဲချည်းပဲ (မှန်လှပါ ဘုရား)။
အလုပ်သဘောနဲ့ ဉာဏ်ထဲမှာကြည့်ပါ ဒကာကြွယ်နော် (မှန်ပါ့) ဒကာကွယ်တို့ အလုပ်လုပ်ပြီးသကာလ နေတော့ ဖြစ်ပျက်ဆိုတာက ဒုက္ခသစ္စာ (မှန်လှပါ) သူ ဆုံးသွားတဲ့အခါကျလို့ရှိရင်ဖြင့် နိဗ္ဗာန်ပေါ်ပါတယ် (မှန်လှပါ) မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား)။
ဒါဖြင့် နိဗ္ဗာန် ဘယ်သူကွယ်နေသတုံး မေးတဲ့အခါ အဝိဇ္ဇာ ကွယ်တယ်လို့ ဖြေစရာမလိုတော့ဘူး (မလိုပါ ဘုရား)။ ဖြစ်ပျက်ကွယ်နေတယ် (မှန်ပါ့ ဘုရား) ဒုက္ခသစ္စာ ကွယ်နေတယ် (ကွယ်နေပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ) ဘာကွယ်နေသလဲ (ဒုက္ခသစ္စာ ကွယ်နေပါတယ် ဘုရား) သူဆုံးသွားစမ်းပါလား ဒကာကြွယ်၊ ဘာတွေ့သလဲ (နိဗ္ဗာန် တွေ့ပါတယ် ဘုရား) ဪ သူကွယ်နေတာပဲဆိုတာ ရှင်းပလား (ရှင်းပါပြီ)။
ခန္ဓာကွယ်နေတယ်
ဒါကြောင့် ခန္ဓနိရောဓော နိဗ္ဗာနံ (မှန်လှပါ ဘုရား) ခန္ဓာကွယ်နေတယ် (မှန်ပါ့ ဘုရား) ခန္ဓာဆိုတာ ဒုက္ခသစ္စာ ခန္ဓာ (မှန်ပါ့ ဘုရား) ခန္ဓာဆိုတာ ဘာပါလိမ့် (ဒုက္ခသစ္စာပါ ဘုရား) သူ မဆုံးသ၍ ဦးဘအုန်း နိဗ္ဗာန် မမြင်ပါဘူး (မမြင်ပါဘူး)။
ဒကာကြွယ် လုပ်ချင်တိုင်းလုပ်၊ သူမဆုံးရင် (မမြင်ပါ ဘုရား) အဲဒါ ဘယ်သူ ကွယ်နေတယ်ထင်သလဲ (ဒုက္ခ သစ္စာ ကွယ်နေပါတယ် ဘုရား) ခန္ဓာ ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား) ဘယ်သူကွယ်နေသလဲ (ဒုက္ခသစ္စာ ကွယ်နေ ပါတယ် ဘုရား)၊ အဲ ခန္ဓာ ဒုက္ခသစ္စာ ကွယ်နေတယ် (မှန်ပါ့ ဘုရား)။
ဘယ်သူ့ကို ဖုံးကွယ်ဖုံးအုပ်နေပါလိမ့်မလဲ မေးတော့ ဘယ့်နှယ်ဖြေကြမလဲ (နိဗ္ဗာန်ကိုကွယ်ဖုံးအုပ် နေပါတယ် ဘုရား) နိဗ္ဗာန်ကို ကွယ်ဖုံးပြီး အုပ်နေတဲ့အတွက် ဒကာ ဒကာမတို့ ဒါကြောင့် ခင်ဗျားတို့မှာ အင်း သားကလေး ကြည့်လိုက်ပြန်လဲ သားပဲမြင်နေတယ်၊ နိဗ္ဗာန်ဖုံးနေတယ် (မှန်လှပါ)၊ သမီးကလေး ကြည့်လိုက်ပြန်လဲ (နိဗ္ဗာန်ဖုံးနေ ပါတယ် ဘုရား)၊ သမီးပဲ မြင်နေတာကိုး (မှန်လှပါ ဘုရား)။
အဲဒီ နိဗ္ဗာန်ဟာ (ဖုံးနေပါတယ် ဘုရား) မတွေ့နိုင်ပါဘူး ခန္ဓာကွယ်နေတယ် (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်း ပါပြီ ဘုရား) ဒကာကြွယ် ဘယ်သူကွယ်နေသတုံး (ခန္ဓာ ဒုက္ခ သစ္စာ ကွယ်နေပါတယ် ဘုရား)။
အဲဒီတော့ ဒီခန္ဓာတွေကို ခင်ဗျားတို့က သူများခန္ဓာ ဆုံးအောင် မရှုနိုင်ရင် ကိုယ့်ခန္ဓာဆုံးအောင် ရှုလိုက် (မှန်လှပါ ဘုရား) သူများခန္ဓာ ဆုံးအောင်၊ မရှုနိုင်ရင် (ကိုယ့်ခန္ဓာ ဆုံးအောင်ရှုရပါမယ်) ရှုလိုက်လို့ရှိရင် ခန္ဓာသည်ကား လို့ဆိုရင် မလိုချင်တဲ့ မဂ်ဉာဏ်ကလေး ပေါ်လာပါရော (မှန်ပါ့) ဆုံးသွားတယ် (မှန်ပါ့) ဆုံးသွားတော့ ဒကာကြွယ် ဘယ်သူပေါ်လာသတုံး (နိဗ္ဗာန်ပေါ်လာပါတယ် ဘုရား)။
နိဗ္ဗာန်သည် ဘယ်သူ ကွယ်နေသတုံး
ဒါဖြင့် နိဗ္ဗာန်သည် ဘယ်သူ ကွယ်နေသတုံးဆိုတာ ပေါ်လာတယ် (ပေါ်လာပါတယ်) ဘယ်သူ ကွယ်နေသတုံး (ဒုက္ခသစ္စာ ကွယ်နေပါတယ် ဘုရား) အေး ဒါကြောင့် ဖြစ်ပျက် ဒုက္ခသစ္စာ ကွယ်နေတယ် (မှန်လှပါ ဘုရား)။
ဒါဖြင့် နိဗ္ဗာန် မမြင်ကြတာဟေ့ ခန္ဓာကွယ်နေလို့ (မှန်ပါ့) ခန္ဓာကိုယ် ဘယ်သူဖုံးနေသတုံး၊ ခန္ဓာ၏ ဖြစ်ပျက် ဘယ်သူဖုံးနေသတုံးဆိုမှ အဝိဇ္ဇာကွယ်နေတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ခန္ဓာကြီးဟာ ဒုက္ခသစ္စာပါပဲ၊ ဒီ ခန္ဓာကြီးကို ရှုကြည့်တယ်ဘုရာ့-မမြင်ဘူးဘုရာ့ဆိုတော့ ဘယ်သူကွယ်နေသတုံး (အဝိဇ္ဇာကွယ်နေပါတယ်)၊ ဒီကျတော့ ရှင်းသွားပြီ (မှန်ပါ့) ဉာဏ်ပေါ်မှာ အဝိဇ္ဇာကွယ်နေတယ် (မှန်ပါ့)၊ သဘောကျ ပလား (ကျပါပြီ)။
ဒါဖြင့် ဉာဏ်ပေါ်မှာ အဝိဇ္ဇာကွယ်နေတယ် (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ) ဉာဏ်ပေါ်မှာ (အဝိဇ္ဇာ ကွယ်နေပါတယ် ဘုရား) နိဗ္ဗာန်အပေါ်မှာ (ဒုက္ခသစ္စာ ကွယ်နေပါတယ် ဘုရား)။
အဲဒီနှစ်ခုကို ဉာဏ်က ထက်လာတော့ အဝိဇ္ဇာက ချုပ်တာပဲ (မှန်ပါ့) ဒုက္ခသစ္စာနဲ့ သွားတွေ့တယ် (မှန်ပါ့ ဘုရား) ဉာဏ်က ထက်လာတော့ (ဒုက္ခသစ္စာနဲ့ သွားတွေ့ပါတယ်)၊ ခန္ဓာနဲ့ သွားတွေ့တယ် (မှန်ပါ့) ခန္ဓာ ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား)။
ဒုက္ခသစ္စာနဲ့ ဉာဏ်နဲ့အရင် သွားတွေ့တယ်
ဒါဖြင့် ဒီလိုလုပ်၊ ဉာဏ်နဲ့သွားတွေ့တာ ဒုက္ခသစ္စာနဲ့ ဉာဏ်နဲ့အရင် သွားတွေ့တယ် (မှန်ပါ့) မတွေ့ခင်တုန်းက ဖြစ်ပျက် မတွေ့ပါဘူး ခန္ဓာဖြစ်ပျက် မတွေ့ပါဘူးဆိုတုန်းက အဝိဇ္ဇာကွယ်နေတယ် (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါ ပြီ ဘုရား) အဝိဇ္ဇာတို့ တဏှာတို့ အပေါင်းအသင်းနဲ့တကွ ကွယ်နေတယ်လို့ ဆိုလိုက်ပါတော့ (မှန်ပါ့ ဘုရား) ရှင်းပြီ (ရှင်းပါပြီ)။
ဒါဖြင့် ဉာဏ်ပေါ် ဘယ်သူ ကွယ်နေသတုံး (ဒုက္ခသစ္စာ ကွယ်နေပါတယ်) ဉာဏ်ပေါ်မှာ ရေးထားကြစမ်းပါ ဒီဥစ္စာ ရှုပ်နေမှာစိုးတယ်..နော် (မှန်ပါ့) ရေးထားပါတဲ့-အလုပ်လုပ်တဲ့ပုဂ္ဂိုလ် ဖြစ်ပျက်မတွေ့သေးရင် အဝိဇ္ဇာ ကွယ်တယ် (မှန်လှပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ) ဖြစ်ပျက်မတွေ့သေးရင် (အဝိဇ္ဇာ ကွယ်ပါတယ် ဘုရား) ရှင်းပြီနော် (မှန်ပါ့)။
ဖြစ်ပျက်သာ တွေ့နေတယ်ဗျ၊ နိဗ္ဗာန်မတွေ့သေးဘူးဆိုရင် ဒုက္ခသစ္စာ ကွယ်တယ် (မှန်ပါ့ ဘုရား) ဦးဘအုန်း သေသေချာချာမှတ်ပါ (မှန်ပါ့ ဘုရား)။
ဒါ အလုပ်လုပ်သမားတွေမှာ နိဗ္ဗာန် ရှာတဲ့အခါကျလို့ရှိရင် ဒီ နှစ်ချက်ဟာဖြင့် အတော် အရေးကြီးတယ်လို့ ဒကာကြွယ် မှတ်ရမယ် (မှန်ပါ့ ဘုရား) ပြန်မေးတယ် ပြန်မေးတယ် ဉာဏ်ပေါ် ဘယ်သူကွယ်နေသလဲ (အဝိဇ္ဇာ ကွယ်နေပါတယ် ဘုရား)။
ကဲ ဒါဖြင့် အဝိဇ္ဇာ ကွယ်တော့ကို အဝိဇ္ဇာကို တစ်ခါတည်း ရှင်းပေးလိုက် (မှန်ပါ့)၊ အဝိဇ္ဇာ ရှင်းပေးလိုက် သည်နဲ့ တစ်ပြိုင်နက်တည်း-တဲ့ ဒကာ ဒကာမတို့ အဝိဇ္ဇာမရှိတော့ကို အဝိဇ္ဇာ ပါးသွားတယ်ဆိုရင် ဖြစ်ပျက်သွားတွေ့ တယ် (တွေ့ပါတယ် ဘုရား)။
တချို့ ဖြစ်ပျက်ကိုမတွေ့ဘူး
တချို့ ဖြစ်ပျက်ကိုမတွေ့ဘူး (မှန်ပါ့) ဟာ ဘယ့်နှယ်ကြောင့် မတွေ့ပါလိမ့်မတုံး၊ ခန္ဓာကိုယ်ကလဲ ဥဒယဗ္ဗယ ဖြစ်ပျက်နေတဲ့ ခန္ဓာကိုယ်ကြီး (မှန်လှပါ) ဖြစ်ပျက် ခန္ဓာကိုယ်ကြီး (မှန်လှပါ) ဒါကို တပည့်တော်တို့ဖြင့် တွေ့ကို မတွေ့ သေးဘူး၊ ရှုနေတာလဲ ကြာပါပြီဆိုတော့ သူဟာ အဝိဇ္ဇာ မတွန်းလှန်နိုင်လို့ (မှန်လှပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ) ဘာမတွန်းလှနိုင်သတုံး (အဝိဇ္ဇာမတွန်းလှန်နိုင်လို့ပါ ဘုရား) မတွန်းလှန်နိုင်လို့ရှိရင် နိဗ္ဗာန်ဟာ အဝေးကြီးကျန်သေး တယ် (မှန်ပါ့ ဘုရား)။
နိဗ္ဗာန်ဟာ အဝေးကြီး ကျန်ပါသေးတယ် ဒကာ ဒကာမတို့ (မှန်ပါ့) သူ့ကိုပဲ တွန်းလှန်ရဦးမယ် (မှန်ပါ့) သူ့ကို တွန်းလှန်ပြီး ကြပ်ကြပ်ရှုပေးရမယ်၊ ဒုက္ခသစ္စာ မတွေ့-တွေ့အောင် ရှာရမယ် (မှန်လှပါ)။
ဖြစ်ပျက် ဒုက္ခသစ္စာ မတွေ့တွေ့အောင် ရှာရမယ် (မှန်ပါ့) ရှာလို့ရှိရင်ဖြင့် ဪ ..ဖြစ်ပျက်ကလေးတွေတော့ တွေ့ပြီဆိုတဲ့အခါကျမှ တစ်ချက်လှန်ပြီ (မှန်ပါ့) အဝိဇ္ဇာ တစ်ချက်လှန်ပြီ (မှန်လှပါ) လှန်ပေမဲ့ နိဗ္ဗာန်တွေ့ပလားလို့ ဆိုတော့ မတွေ့သေးဘူး (မတွေ့သေးပါ) ဖြစ်ပျက်ပဲ တွေ့တယ် (မှန်လှပါ) ဖြစ်ပျက် ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။
ဒါဖြင့် မှတ်လိုက် ဒုက္ခသစ္စာ တွေ့တယ် (မှန်လှပါ) ဉာဏ်နဲ့တော်လှန်ပြီးတာတောင်မှ ဦးဘအုန်း ဒုက္ခသစ္စာပဲ တွေ့တယ် (မှန်ပါ့) အဲဒီ ဒုက္ခသစ္စာကိုလဲ ဖြစ်ပျက်သာ တွေ့သေးတယ် ဒုက္ခသစ္စာ အစ်ကယ်လို့ ဉာဏ်ထဲ မရောက် သေးသ၍ ပွားများနေ (မှန်လှပါ)။
ပွားများပြီးသကာလ နေလိုက်ပြီဆိုတော့ ဖြစ်ပျက်မြင်လို့ ရင့်ကျက်လာတဲ့အခါကျတော့ မုန်းလာတဲ့အခါမှာ ဖြစ်ဖြစ် နောက် ဪ ဒီဥစ္စာ ဒုက္ခသစ္စာ အစစ်ပဲလို့ ကိုယ့်ဟာကိုယ် ဆုံးဖြတ်ချက်ချပါ (မှန်လှပါ ဘုရား)။
အဲဒီဆုံးဖြတ်ချက်ချတော့မှ ဒုက္ခသစ္စာက ကွယ်သွားတယ် (မှန်လှပါ) သူက ပျောက်သွားတယ်၊ သူက ပျောက် သွားတော့မှ နိဗ္ဗာန်က ဒီနေရာ အစားထိုးထာတယ် (မှန်လှပါ ဘုရား) သဘောကျပလား (ကျပါပြီ)။
ဒုက္ခသစ္စာ ဘယ်သူ ကွယ်နေသလဲ
ဒါဖြင့် နိဗ္ဗာန် ဘယ်သူကွယ်သတုံး (ဒုက္ခသစ္စာ ကွယ်ပါတယ် ဘုရား) ဒုက္ခသစ္စာ ဘယ်သူ ကွယ်နေသလဲ (အဝိဇ္ဇာ ကွယ်နေပါတယ် ဘုရား) ဒီ နှစ်သွယ်ကိုဖြင့် တတ်နိုင်သ၍ ပယ်မှ ဦးဘအုန်း နေရာကျမယ် (မှန်လှပါ ဘုရား) ဒါဟာ ဦးလှဘူး အင်မတန် အလုပ်သမားမှာ အရေးကြီးပါတယ် (မှန်ပါ့ ဘုရား)။
ဒုက္ခခပ်သိမ်းငြိမ်းချင်တဲ့ ပုဂ္ဂိုလ်မှာဖြင့် ဒီနှစ်လုံးဟာ အရေးတကြီး မှတ်ရမယ် (မှန်လှပါ ဘုရား) ဖြစ်ပျက် မတွေ့သေးရင် ဘာကွယ်သတုံး (အဝိဇ္ဇာကွယ်ပါတယ် ဘုရား) အဝိဇ္ဇာ ကွယ်လို့ရှိရင်ဖြင့် ရုပ်တွေ၊ နာမ်တွေကွယ်၊ ရုပ်တွေ နာမ်တွေ ကွယ်ပြီးသကာလ ဪ နာမ်ဓမ္မဟာလဲ သူ့အက် ဘယ်လောက်ပါလိမ့်မလဲ မေးရင်ဖြစ်ပျက်ပဲ (မှန်ပါ့) ရုပ်ဓမ္မတွေ မေးလဲ သူ့အသက် ဘယ်လောက်ပါလိမ့်မလဲ ဖြစ်ပျက်ပဲ (ဖြစ်ပျက်ပါပဲ ဘုရား) သဘောကျပလား (ကျပါပြီ)။
အဲဒီလို ဒကာ ဒကာမတွေက ကွယ်နေတဲ့ တရားကိုပဲ ဉာဏ်နဲ့ စိစစ်ကြည့်လိုက်ပြီးသကာလ ပြန်ရှု (မှန်ပါ့) ပြန်ရှုလာတဲ့အခါကျတော့ ခန္ဓာကြီးက တဖျတ်ဖျတ်နဲ့ ဖြစ်ပျက်တွေ သူဟောလာလိမ့်မယ် (မှန်ပါ့) ဒီလို သူဟောလာလို့ ရှိရင်ဖြင့် အဝိဇ္ဇာပါးသွားပါပြီ (မှန်လှပါ ဘုရား)။
ဒါဖြင့် ဉာဏ်ပေါ်ကွယ်နေတဲ့ အဝိဇ္ဇာ ပါးသွားတာပဲ (ပါးသွားပါတယ် ဘုရား) ပါးသွားတော့ ဘာတွေတွေ့သလဲ (ဖြစ်ပျက်တွေ တွေ့ပါတယ်) ဖြစ်ပျက် ဘာသစ္စာ (ဒုက္ခသစ္စာပ ဘုရား) အဲ ဒုက္ခသစ္စာ အရင်တွေ့ရတယ် (မှန်ပါ့) နိဗ္ဗာန်ဟာ ဗြုန်းကနဲ ဘယ်တော့မှ မတွေ့နိုင်ဘူး (မှန်လှပါ)၊
ဖြစ်ပျက်တွေ့ဖို့ရာတောင်မှ မနည်းကြိုးစားရတယ်
နိဗ္ဗာန်ဟာ ဗြုန်းကနဲ မတွေ့နိုင်ပါဘူး ဒကာ ဒကာမတို့ ဖြစ်ပျက်တွေ့ဖို့ရာတောင်မှ မနည်းကြိုးစားရတယ် (မှန်လှပါ ဘုရား) နိဗ္ဗာန်ဖုံးနေတဲ့ ဖြစ်ပျက်ကြီး ပျောက်သွားဖို့ ဆိုတာလဲ အတော်ဝေးပါသေးတယ် (မှန်လှပါ)။
အဲဒီတွင် ဒကာကြွယ်တို့-မောင်ဘသော်တို့ လူစုက ကြိုးစားလိုက်တဲ့အခါကျတော့ ဖြစ်ပျက်ဟာ ဖြစ်ပျက်ပဲ မြင်နေတာပဲ နောက်ကျတော့ ဖြစ်ပျက်ဟာ ဪ မုန်းစရာရွံစရာ တရားပဲဆိုတာကို ဉာဏ်ကပဲ လုပ်လာတာပဲ (မှန်လှပါဘုရားဝ။
ဉာဏ်က လုပ်တာတော့ ဒီဉာ်ထက်လာဖို့ပဲဆိုတာ နဂိုရ်က ကိုယ့်ခန္ဓာ ဖြစ်ပျက်ဘယ်တော့မျ မမြင်ပါဘူး၊ မုန်းရမှာဝေးစွ (မှန်လှပါ ဘုရား) အခုတော့ဖြင့် တစ်ခါတည်း အဝိဇ္ဇာက ပါးသွားလို့ ဖြစ်ပျက်ကလေးများ မုန်းလာ တယ်။ (မှန်လှပါ)။
အဲဒီဖြစ်ပျက်ကလေးတွေ မုန်းလာတဲ့အခါကျတော့ ပိုရှု ပိုရှုလို့ ဒကာကြွယ်တို့ သတိပေးရတယ် (မှန်လှပါ ဘုရား) ပိုပြီးသ၉ကာလ အားစိုက် ရှုစမ်းပါဆိုပြီး ရှုလိုက်တဲ့အခါ ဪ ဖြစ်ပျက်ဟာ တခြားမှမဟုတ်ဘဲ ဒါ ကိုယ့်ဒုက္ခကြီးပါကလား (မှန်လှပါ) ဉာဏ်က ပိုထက်လာတယ် (မှန်ပါ့) ဉာဏ်က ပိုထက်လာတယ် (မှန်ပါ့ ဘုရား) ပိုထက်လာတဲ့အခါ ဒုက္ခအစစ်ကယ်လို့လဲ ဉာဏ်ထဲမှာ ထင်ပါရော ဒကာကြွယ် ဖြစ်ပျက် ဒုက္ခသစ္စာကြီး ပျောက်ကွယ် သွားတယ် (မှန်လှပါ)။
နိဗ္ဗာန်ဟာ အစားထိုးလာတယ်
ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက်တည်း နိဗ္ဗာန်ဟာ အစားထိုးလာတယ် (မှန်လှပါ ဘုရား) ဖြစ်ပျက် နေရာမှာ ဝင်အစားထိုးတာပဲ (မှန်လှပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား) ဒါဖြင့် နိဗ္ဗာန် ဘယ်သူကွယ်သလဲ (ဖြစ်ပျက်ကွယ်ပါတယ်) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ဖြစ်ပျက် ဒုက္ခသစ္စာ ဘယ်သူကွယ်သလဲ (အဝိဇ္ဇာ ကွယ်ပါတယ် ဘုရား) အဲ အဝိဇ္ဇာတို့ တဏှာတို့ပေါ့ဗျာ နော် (မှန်လှပါ ဘုရား) ဦးဘအုန်း သဘောပါလား (ပါပါတယ် ဘုရား)။
ဒါဖြင့် ဒီနှစ်ခု မလှန်နိုင်ရင် နိဗ္ဗာန်တော့ဖြင့် မတွေ့ပါဘူး (မတွေ့ပါဘူး) အဝိဇ္ဇာမတော်လှန်နိုင်ရင် (နိဗ္ဗာန် မတွေ့ပါဘူး ဘုရား) ဒုက္ခသစ္စာ မတော်လှန်နိုင်ရင် (နိဗ္ဗာန်မတွေ့ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ)
တော်လှန်နိုင်တဲ့ ပုဂ္ဂိုလ်ကျတော့လဲ ဖျပ်ဆိုပဲ အဝိဇ္ဇာ မကွယ်ပါဘူး၊ ဉာဏ်, ခန္ဓာ လှည့်လိုက်ရင် ဖြစ်ပျက်လာတွေ့တယ် (မှန်လှပါ ဘုရား) ဖြစ်ပျက်လာတွေ့ပြီး ဖျပ်ဆိုဖြစ်ပျက်ကလေးတွေက ကိုယ့်ဉာဏ်ထဲ ဖြစ်တော့ ဒုက္ခသစ္စာပဲဆိုတော့ ဖြစ်ပျက် ကွယ်သွားတယ် (မှန်လှပါ)၊ ကွယ်သွားရင် နိဗ္ဗာန်တွေ့တာပဲ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဘယ်နှစ်ချက် လှန်လှောပစ်ရမှာပါလိမ့်
ဒါဖြင့် နိဗ္ဗာန်တွေ့ချင် ဘယ်နှစ်ချက် လှန်လှောပစ်ရမှာပါလိမ့် (နှစ်ချက်ပါ ဘုရား) ရှေးဦးစွာ ဖြစ်ပျက်ဖုံးကွယ်တဲ့ အဝိဇ္ဇာ တော်လှန်ပစ်ရမယ် (မှန်ပါ့ ဘုရား)။
ဒုတိယ ဒုက္ခသစ္စာကြီးကို ကွယ်နေတဲ့ ဒုက္ခသစ္စာက ဒုက္ခသစ္စာကို ဒုက္ခသစ္စာ အစစ်ဖြစ်အောင် ဉာဏ်ထဲမှာ ဆုံးဖြတ်ချက်ချမှ ဒီအကွယ်ကြီးဟာ ရပ်စဲသွားမယ် (မှန်လှပါတ ဘုရား) သူ ရပ်စွဲသွားမှသာလျှင် နိဗ္ဗာန်ဟာ လှလှကြီး ပေါ်လာလိမ့်မယ် (မှန်လှပါ) ဒကာကြွယ် နို့နို့ပေါ်ပါ့မလား (မပေါ်ပါ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ) ကောင်းပြီ ဒါဖြင့် နကုလမာတာ-နကုလပိတာတို့ကို ပြောကြစို့၊ ဒါ အလုပ်သင့်ပြလိုက်တာပဲ ဦးဘအုန်း (မှန်လှပါ)။
နကုလမာတာ-နကုလပိတာ
ကိုင်း ဒါနဲ့ပဲ နကုလမာတာ-နကုလပိတာတွေထဲ ဘုရားလောင်းကြီသည် ဘဝပေါင်း ထောင့်ငါးရာ အိုလိုက်, နာလိုက်, သေလိုက်, သဋိသန္ဓေနေလိုက်နဲ့ နေလိုက်ရတာ ဒကာကြွယ်တို့ မောင်ဘသော်တို့ ထောင့်ငါးရာတိုင်တိုင် ဘယ်အပြစ်ပါလိမ့်မတုံး ၊ အကြောင်းပါလိမ့်မတုံး အသေတွေက များလှချည့်ကလားဆိုတော့ လက်သည်ရှာကြ၊ ဘာ့ကြောင့် အသေတွေများ၊ အနေတွေများနေပါလိမ့်မတုံး လို့ လက်သည်ရှာတော့ မသိတာနဲ့ ပြုပြင်တာ (မှန်လှပါ ဘုရား) နံပါတ် ၁-သွားတွေ့တယ် (မှန်လှပါ) မသိတာနဲ့ (ပြုချင်တာ သွားတွေ့ပါတယ် ဘုရား) မသိတော့ ပြုချင်တာက ရမ်းပြီး သွားတွေ့ပါတယ်)၊ မသိတော့ ပြုလုပ်ချင်တာက ရမ်းပြီးပြုလုပ်တယ် (မှန်ပါ့ ဘုရား)။
ရမ်းပြီးပြုလုပ်တော့ ဒီအဘိုးကြီးနဲ့ ဒီအဖွားကြီး ဝမ်းခေါင်းထဲမှာ ဘုရားအလောင်းခန္ဓာ ထောင့်ငါးရာဖြစ်ခဲ့တယ် (မှန်ပါ့) ထောင့်ငါးရာ ဘာသစ္စာတုံး (ဒုက္ခသစ္စာ ဘုရား) အဲ ထောင့်ငါးရာ ဒုက္ခသစ္စာကြီးနဲ့ နေရတယ်ဆိုတာ သဘောကျပလား (ကျပါပြီ)။
ကောင်းပြီ ဒါဖြင့် ထောင့်ငါးရာ ဒုက္ခသစ္စာနဲ့ နေရတာသည်ကားလို့ဆိုရင် မသိတာနဲ့ ပြုလုပ်ချင်တာ ပြုလုပ်လို့ ဆိုတဲ့ လက်သည်ပေါ်လာတယ် (ပေါ်ပါတယ် ဘုရား)။
နောက် ဒီ အဘိုးကြီး အဖွားကြီး ဝမ်းထဲမှာ ထောင့်ငါးရာနေပြီးသကာလ တခြားသော ဝမ်းခေါင်းထဲမှာ နေတာတွေ လာရတယ် (လာရပါတယ် ဘုရား) ခမည်းတော် သုဒ္ဓေါဒနနဲ့ မယ်တော်မာယာတို့ ဝမ်းခေါင်းထဲမှာလဲ နည်းတာမှ မဟုတ်ဘဲကိုး (မှန်လှပါ ဘုရား)။
ဒီလိုနေတာ ကြည့်လိုက်ပြန်တော့လဲ ဒီ ဘုရားအလောင်းကြီး ခန္ဓာငါးပါး ဘုရားအလောင်းကြီး (မှန်လှပါ) ဘာတွေ ပေါက်ပွားလို့ ဝမ်းခေါင်းပြောင်းရပါလိမ့်မလဲ မေးပြန်ရင် (တဏှာ ဥပါဒါန် ကမ္မဘဝတွေ ပေါက်ပွားပါတယ်) အဲ ဒီ-၃ နံပါတ်တွေ ပေါ်လာတယ် (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါတယ်) တဏှာ ဥပါဒါန် ကမ္မဘဝတွေ (ပေါ်လာပါတယ် ဘုရား)။
တဏှာ ဥပါဒါန်ကမ္မဘဝတွေက ပေါ်ပြီးသကာလ လာတော့ တစ်ခါတည်း ဒီဝမ်းခေါင်းပြောင်းပြန်တာပဲ (မှန်ပါ့) မပြောင်းပေဘူးလား (ပြောင်းပါတယ် ဘုရား) အနာဂတ်ဘဝ ပြောင်းချတယ် (ပြောင်းပါတယ် ဘုရား)။
ပြောင်းရမှာပဲ ဒကာ ဒကာမတို့ (မှန်ပါ့) ပြောင်းရမှာပဲ ဇာတိ, ဇရာ, မရဏတွေနဲ့ ဝမ်းခေါင်းပြောင်းပြီး အနာဂတ်ဘဝ ရောက်တယ် (ရောက်ပါတယ် ဘုရား)။
ပြောင်းတဲ့ အရပ်များစွာပဲ သူသည် ဘုရားအဖြစ်သို့ မဂ်ဖိုလ်ရတဲ့အကျင့်ကို မကျင့်သေးတော့ တစ်ခါ ဘာဖြစ်ပြန်ပါလိမ့်မလဲဆိုပြီး အမေးထုတ်ရပါလိမ့်မယ် (မှန်လှပါ ဘုရား)။
တစ်ခါ ဘာဖြစ်ပြန်သတုံး အမေးထုတ်တော့ ဒီမှာ မသေခင် သူသည် ဒီတရားတွေ လုပ်ပြန်တာပဲ (မှန်ပါ့) မလုပ်ဘူးလား (လုပ်ပါတယ် ဘုရား) မသေခင် ဒုက္ခသစ္စာထဲက သမုဒယသစ္စာ ပေါက်ပွားတယ် (ပေါက်ပွားပါတယ် ဘုရား) ပေါက်ပွားပြန်တော့ သေသည်၏အခြားမဲ့၌ ဒုက္ခသစ္စာ ပြန်ရတယ် (ပြန်ရပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ)။
သမုဒယနဲ့ ဒုက္ခသာ လှည့်နေတာ
ဒါဖြင့် ဒကာကြွယ် ဒီ ပဋိစ္စသမုပ္ပါဒ်ထဲမှာ သမုဒယနဲ့ ဒုက္ခသာ လှည့်နေတာ ၊ နိရောဓသစ္စာနဲ့ မဂ္ဂသစ္စာ လုံးဝ, မပါ (မပါပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ) နိရောဓသစ္စာနဲ့ မဂ္ဂသစ္စာ (လုံးဝ မပါပါ ဘုရား)။
ဒါဖြင့် ဒကာကြွယ်တို့ မောင်ဘသော်တို့ နောက်တုန်းကဲ တပည့်တော်တို့ ဘယ်သစ္စာနှစ်ပါးနဲ့ နေခဲ့ရပါသတုံး လို့ ကိုယ့်ကိုယ်ကိုယ် စဉ်းစား (မှန်လှပါ ဘုရား)၊ ဖြေကြစမ်းပါ (သမုဒယသစ္စာ, ဒုက္ခသစ္စာနဲ့ နေခဲ့ရပါတယ် ဘုရား) သမုဒယသစ္စာနဲ့ချည်း နေခဲ့ရတယ် (မှန်ပါ့) သမုဒယပြီး ဒုက္ခ၊ ဒုက္ခနဲ့ချည်း နေခဲ့ရတယ် (မှန်ပါ့) သမုဒယပြီး ဒုက္ခ၊ ဒုက္ခထဲက သမုဒယပေါက်ပွား (မှန်ပါ့) ပေါက်ပွားပြီး ဘာလာပြန်သလဲ (ဒုက္ခ လာပြန်ပါတယ် ဘုရား) အဲဒီ ဒုက္ခထဲက ဘာပေါက်ပွားသလဲ (ဒုက္ခလာပြန်ပါတယ် ဘုရား) ဒီလိုချည်း လှည့်နေတယ် (မှန်ပါ့)။
ဒီလိုချည်း လှည့်တယ်တယ် ဆိုတာတော့ဖြင့် ကျေကျေနပ်နပ် သဘောကျပလား (ကျပါပြီ) အတော်ဆိုးပါတယ် (ဆိုးပါတယ် ဘုရား)။ ဒကာ ဒကာမတို့ မသိတဲ့ပုဂ္ဂိုလ်အတွက်မှာဖြင့် ဒကာကြွယ် တယ်သနားစရာကောင်းပါတယ် (ကောင်းပါတယ် ဘုရား) မောင်ဘသော်တို့ သနားစရာ မကောင်းဘူးလား (ကောင်းပါတယ် ဘုရား)။
ကိုယ်ကိုယ်တိုင်သာဖြင့် ဒကာ ဒကာမတို့ သူများသနားတာကို နောက်မှ သနားပေါတော့ ဦးဘအုန်း၊ ကိုယ့် အနာကိုယ် ကုပစ်လိုက်ပါဦး (မှန်လှပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဘာလုပ်ကြရမယ် (ကိုယ့်သမုဒယနဲ့ကိုယ့်ဒုက္ခ ဇာတ်သိမ်းပစ်ရပါ့မယ်) သူများကို အသနားမစောပါနဲ့ဦး (မှန်လှ ပါ ဘုရား) ဒကာကွယ် ကိုယ့်ကိုယ်ကိုယ် အရင်သနားလိုက်ပါဦး (မှန်လှပါ ဘုရား) ဘယ်လိုပြောလိမ့် (ကိုယ့်ကိုယ်ကိုယ် အရင် သနားပါဦး) သူတစ်ပါးကို (နောက်မှ သနားပါ) နောက်မှ သနားပါဆိုတဲ့ ဥစ္စာလဲ မပေါ်လာဘူးလား (ပေါ်လာ ပါတယ် ဘုရား)။
ဘာကြောင့်တုံးဆိုတော့ ကိုယ့်အိမ်ကမီး မငြိမ်းသေးဘဲနဲ့ ဟိုအိမ်ကမီးအတွက် ပူနေလို့ရှိရင်ဖြင့် စဉ်းစားကြည့်ပါ။ လူတိုင်းလဲ ယုံမယ်မဟုတ်ပါဘူး (မှန်ပါ့) ယုံပါ့မလား (မယုံပါ ဘုရား)။
ကိုယ့်အိမ်ကမီးက လောင်တုန်းရှိသေးတယ်၊ ဟိုဘက်အိမ်အတွက် ငါ ပြေးသွားချင်တယ်ငြားသော်လဲ အဟုတ် ပြေးမှာ မဟုတ်ပါဘူး (မပြေးပါ ဘုရား) ကိုယ့်အိမ်ကိုသာဖိပြီး ငြှိမ်းရမှာ (မှန်လှပါ)။
ကိုယ့်မီးကိုယ်သာ သိမ်းပါဦး
ဒီမှာလဲ အဲဒီလိုစိတ်ပဲ ဒကာကြွယ်ရ ၊ ကိုယ့်မီးကိုယ်သာ သိမ်းပါဦး (မှန်လှပါ)၊ သဘောကျပလား (ကျပါ တယ်) ပြီးမှ သူများမီးငြှိမ်းပါ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) ဘာလုပ်ရမလဲ (ကိုယ့်မီးကိုယ် အရင်းငြှိမ်းရပါမယ် ဘုရား) ကိုယ့်မီးဆိုတာက ဒီဟာတွေမလာဖို့ အရေးကြီးတယ်၊ ဒီဘက်က ငါးခုတို့ ဒီဘက်က သုံးခုတို့ မလာဖို့ အရေး ကြီးတယ် (မှန်လှပါ ဘုရား)။
ကိုင်း ဒါဖြင့် နကုလမာတာ-နကုလပီတာတို့ ဝမ်းထဲမှာသစ္စာနေခဲ့တာတွေဟာ ဘုရားအလောင်းသည် နာမည်သာ ဘုရားအလောင်း၊ ကျုပ်တို့နဲ့ တန်းတူဖြစ်နေတယ် (မှန်ပါ့)။ သူလဲ အဝိဇ္ဇာသင်္ခါရ သမားပဲ (မှန်လှပါ ဘုရား) တဏှာ ဥပါဒါန် ကမ္မဘဝတွေ အားထုတ်သမားပဲ (မှန်လှပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကောင်းပြီ ဒါနဲ့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက သူ ဘုရားအဖြစ်သို့ ရောက်တယ်လို့ ဆိုကြပါစို့ (မှန်လှပါ)။
အဲဒီတော့ အဝိဇ္ဇာသင်္ခါရသမားလဲ မဟုတ်ဘူး ၊ တဏှာ ဥပါဒါန် ကမ္မဘဝတွေလဲ အားမထုတ်ဘူး၊ ခန္ဓာ ဒုက္ခကြီးငြိမ်းတဲ့ နိဗ္ဗာန်ရသွားတယ်၊ အဲဒါ ၂-ခုထဲက ၃-မပေါက်ပွားတာပဲ (မှန်ပါ့ ဘုရား) ၃-မပေါက်ပွားရင် နိဗ္ဗာန် ရပါတယ်၊ သဘောကျပလား (ကျပါပြီ) ၃-မပေါက်ပွားရင် (နိဗ္ဗာန်ရပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ) ဘာ ပါရမီတွေ ဘာတွေ မလိုပါဘူး၊ ဒါမပေါက်ပွားဖို့ အရေးကြီးပါတယ် (မှန်ပါ့ ဘုရား) ဒါမပေါက်ပွားရင် နောက်ခန္ဓာ လာမှာပဲ (မှန်လှပါ) ရှင်းကြပလား (ရှင်းပါပြီ)။
ကိုယ်သာနာ၍ စိတ်မနာစေနဲ့
ဒါဖြင့် အလုပ်စဉ်ဖြင့် သိပါပြီဘုရား (မှန်ပါ့) မပေါက်ပွားတဲ့နည်း အရေးကြီးတယ်ဆိုတော့ မနေ့က ဘုရား သခင်ကိုယ်တော်မြတ်ကြီးက ဟောလိုက်တယ်တဲ့ ကိုယ်သာနာ၍ စိတ်မနာစေနဲ့ ဒကာကြီးတဲ့ (မှန်လှပါ) သူ့မည်းတော် ကြီး သွားဟောတာ၊ ကိုယ်သာနာ၍ (စိတ်မနာပါစေနဲ့တဲ့)။
အဲဒီတော့ ဒကာ ဒကာမတို့က မှတ်ပါ့ တဲ့၊ ဒီကိုယ်ကို ဒိဋ္ဌိတဏှာနဲ့ မစွဲနဲ့လို့ဆိုတာ (မှန်ပါ့)၊ ကိုယ်ဆိုတာ ဘာပါလိမ့် (ခန္ဓာငါးပါးကို ဆိုပါတယ် ဘုရား)
စိတ်မနာစေနဲ့ဆိုတာ ဒကာ ဒကာမတို့က မှတ်ပါ တဲ့၊ ဒီကိုယ်ကိုယ် ဒိဋ္ဌိတဏှာနဲ့ မစွဲနဲ့လို့ဆိုတာ (မှန်ပါ့) ကိုယ်ဆိုတာ ဘာပါလိမ့် (ခန္ဓာငါးပါးပါ ဘုရား) ခန္ဓာငါးပါးနော် (မှန်ပါ့) သေသေချာချာလုပ်ပါ။
ကိုယ်ဆိုတာ ဘာတုံး
ကိုယ်ဆိုတာ ဘာတုံး (ခန္ဓာငါးပါးပါ ဘုရား) ကိုယ့်မှာရှိတဲ့ ခန္ဓာငါးပါးမှတ်ပါ (မှန်လှပါ) ဒီ ပကတိ မြင်းကောင်းတဲ့ ကိုယ်ကြီးလို့ မယူလိုက်ပါနဲ့ (မှန်ပါ့) ရူပက္ခန္ဓာ ဝေနာက္ခန္ဓာ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာဆိုတဲ့ ခန္ဓာငါးပါးကို ဆိုပါတယ် (မှန်ပါ့ ဘုရား)။
ဘုရားက ကိုယ်နာသော်လဲ စိတ်မနာစေနဲ့တဲ့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ကိုယ်နာသော်လဲ (စိတ် မနာစေပါနဲ့ တဲ့) စိတ်မနာစေပါနဲ့ဆိုတာ ဒကာ ဒကာမတို့ ဒါ နိဗ္ဗာန်ရောက်တဲ့ တရားပဲ (မှန်ပါ့)။
စိတ်မနာစေနဲ့ဆိုတာ
စိတ်မနာစေနဲ့ဆိုတာ ဒကာ ဒကာမတို့က တဲ့ ငါ့ကိုယ်ပဲလို့ ယူတော့ ဒီ ခန္ဓာငါးပါးကြီး ဟုတ်လား (မှန်ပါ့ ဘုရား) ငါ့ကိုယ်ပဲလို့ ယူလို့ရှိရင် ဒီဟာလာတဲ့ (လာပါတယ် ဘုရား) တဏှာဒိဋ္ဌိလာပြီ (လာပါတယ် ဘုရား) တဏှာဒိဋ္ဌိ လာပြီဆိုတာ သဘောကျပလား (ကျပါပြီ) ဒါ တဏှာ ဒိဋ္ဌိလဲဆိုနိုင်တယ် (မှန်ပါ့)။ ဒီ ခန္ဓာငါးပါးကို ငါ့ကိုယ်ပဲဆိုရင် (တဏှာ ဒိဋ္ဌိလာပါတယ် ဘုရား) တဏှာ ဒိဋ္ဌိလာပြီး ကူးသွားပြီ (မှန်ပါ့ကူးသွားပါပြီ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
အဲဒီတော့ ဒီခန္ဓာငါးပါးကြီးမှာ သူကဖြစ်တယ် ပျက်တယ် အိုတတ် နာတတ်တယ် (မှန်လှပါ)၊ အိုတတ် နာတတ် သေတတ်တော့ ကိုယ်ကလဲ နဂိုရ်က ငါ့ခန္ဓာကြီး လုပ်တယ်၊ ငါပိုင် ငါဆိုင် လုပ်တယ် (မှန်ပါ့ ဘုရား) သဘော ကျပလား (ကျပါပြီ ဘုရား)။
ဒီပုဂ္ဂိုလ်ကလဲ ဒကာ ဒကာမတို့ကလဲ ငါ့ခန္ဓာ ငါ့ကိုယ်ငါပိုင်တယ် (မှန်လှပါ)၊ ဒကာ ဒကာမတွေက လုပ်ထား တာက ဘယ့်နှယ်လုပ်ထားသလဲ (ငါ့ခန္ဓာ ငါ့ကိုယ်ငါ ပိုင်တယ်) ငါ့ကိုယ် ငါပိုင်တယ်ဆိုတဲ့ ဒိဋ္ဌိနဲ့ လုပ်ထားတယ်။ ဒိဋ္ဌိနဲ့ လုပ်ထားတုံးမှာ ခန္ဓာငါးပါးကြီးက ဖြတ်ဆို ဖောက်ပြန်ပျက်စီးသွားတယ် (မှန်လှပါ ဘုရား) ဖြစ်မှဖြစ်ရလေခြင်း ဆိုတဲ့ စိတ်နာတာတွေ ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား) ဖြစ်မှ ဖြစ်ရလေခြင်းဆိုတာ ဘာတွေပေါ်လာသလဲ (စိတ်နာတာတွေ ပေါ်လာပါတယ်)။
ပေါ်ချင်လို့ပေါ်လာတား၊ ငါ့ကိုယ် ငါ့ဟာလုပ်ထားလို့ ပေါ်တာလား (င့ါကိုယ် ငါ့ဟာလုပ်ထားလို့ ပေါ်တာပါ ဘုရား) ဒါ ဦးဘအုန်း အရေးကြီးပါတယ် (အရေးကြီးပါတယ် ဘုရား) ဒါ အရေးကြီးပါတယ် တဲ့၊ ကိုယ်နာသော်လဲ စိတ်မနာစေနဲ့ဆိုတဲ့ဥစ္စာ စိတ်နာတာကို ဒကာကြွယ် ရှေ့ပိုင်းက ပြောရတယ် (မှန်ပါ့ ဘုရား) စိတ်နာတာကို ရှေ့ပိုင်းက ပြောနေရတယ် (မှန်ပါ့) ဘုရားက ဟောထားတာက ကိုယ်နာသော်လဲ (စိတ်မနာပါစေနဲ့)။
စိတ်နာတဲ့ပုဂ္ဂိုလ်များ
အဲဒါ စိတ်နာတဲ့ပုဂ္ဂိုလ်များမှ ဘယ့်နှယ်ကြောင့်ပါလိမ့်မလဲဆိုတဲ့ ပုစ္ဆာဟာ ထွက်လာတယ် (ထွက်လာပါတယ် ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား) ဒီခန္ဓာငါးပါးကြီးကို ဘာလုပ်ထားပါလိမ့် (ငါ ငါ့ကိုယ် ငါ့ဟာ လုပ်ထားပါတယ် ဘုရား) ငါ-ငါ့ကိုယ် ငါ့ဟာ လုပ်ထားတယ် (မှန်ပါ့) ဒီခန္ဓာငါးပါးကြီးက ဖောက်ပြန်ပျက်စီးသွားတော့ ဒကာ ဒကာမတွေ ဘယ့်ဆယ်ဖြစ်သလဲ (စိတ်နာပါတယ် ဘုရား)။
ဖြစ်မှ ဖြစ်ရလေခြင်း၊ ဒီလိုဖြစ်လိမ့်မယ် မထင်ဘူး (မှန်ပါ့)၊ ကျုပ်ဖြင့် ဆီးမရ ပိတ်မရ ဖြစ်လာတယ် (မှန်ပါ့) မျက်ရည်ကြီးငယ်တွေ တားမရ ဆီးမရ ဖြစ်လာတယ် (မှန်ပါ့ ဘုရား) ဘာဖြစ်လို့တုံး (ငါ ငါ့ကိုယ် ငါ့ဟာလုပ်လို့ပါ ဘုရား)။
စဉ်းစားလိုက်၊ ငါ-ငါ့ကိုယ် ငါ့ဟာ နဂိုရ်က မဟုတ်တာကြီးကို ခင်ဗျားတို့က အငှား-ဝါ အငှားကြွားလုပ်တယ် (မှန်ပါ့) အငှား-ဝါ အငှားကြွားတောင်မှ မကဘူး တကယ်ပိုင် တကယ်ဆိုင်လုပ်ထားတယ် (လုပ်ထားပါတယ် ဘုရား) မလုပ်ဘူးလား (လုပ်ပါတယ် ဘုရား)။
အဲဒီတော့ လုပ်တုံးက လွဲခဲ့လို့ ငိုပွဲဆင်ရတယ် (မှန်ပါ့) လုပ်တုန်းက (လွဲခဲ့လို့ ငိုပွဲဆင်ရပါတယ် ဘုရား) ငိုတော့ တဏှာဒိဋ္ဌိနဲ့ စွဲနေလို့ ငိုပွဲဆင်ရတယ် (မှန်လှပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား) တဏှာဒိဋ္ဌိနဲ့ စွဲနေလို့ (ငိုပွဲဆင်ရပါတယ် ဘုရား) ငိုပွဲဆင်ရတယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ငါ ငါ့ကိုယ် ငါ့ဟာလုပ်လို့
ဒါဖြင့် ကိုယ်နာပြီး စိတ်နာရတဲ့ ပုဂ္ဂိုလ်များမှာ ဘယ်လိုကြောင့်ပါလိမ့်မတုံး (ငါ ငါ့ကိုယ် ငါ့ဟာလုပ်လို့ပါ ဘုရား) ငါ-ငါ့ကိုယ် ငါ့ဟာလို့ နဂိုရ်က စွဲတယ် (မှန်လှပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ) ငါ-ငါ့ကိုယ် ငါ့ဟာလို့ ဘယ့်နှယ်တုံး (စွဲပါတယ် ဘုရား) ငါ့သားမယား၊ ဟာ ငါ့မောင်နှမ ဟုတ်လား (မှန်လှပါ ဘုရား) ဒီခန္ဓာကြီးလဲ ငါပိုင် ငါဆိုင်၊ ဒီလိုမနေဘူးလား (နေပါတယ် ဘုရား)။
အဲဒီတော့ နဂိုရ်ကမှ ဒီခန္ဓာငါးပါးကြီးက ဒကာ ဒကာမတွေသိတဲ့အတိုင်း အဝိဇ္ဇာသင်္ခါရက လုပ်တာ (မှန်ပါ့) ခင်ဗျားတို့ လုပ်ထားတာ ဒီအထဲ တစ်တို တစ်စ တစ်ပိုင်း တစ်စ မပါဘူး (မပါပါ ဘုရား) ပါသေးရဲ့လား (မပါပါ ဘုရား) မပါတာကို ရောက်ရာဘဝကျမှ ခင်ဗျားတို့တဏှာက ဝမ်းထဲကနေပြီးသကာလ ငါ့ကိုယ် ငါ့ဟာလုပ်တယ် (မှန်လှပါ ဘုရား) ဒီဟာကြီး ဘာလုပ်ထားသလဲ (ငါ့ကိုယ် ငါ့ဟာ လုပ်ထားပါတယ် ဘုရား)။
ခင်ဗျားတို့ လုပ်ထားတာလား၊ သေသေချာချာကြည့် ပဋိစ္စသမုပ္ပါဒ် အဝိုင်းကြည့်စမ်းပါ (အဝိဇ္ဇာ သင်္ခါရက လုပ်ထားတာပါ ဘုရား)၊ အဝိဇ္ဇာ သင်္ခါရက လုပ်ထားရင် ကိုယ်က ကြားကဝင်ရှုပ်ဖို့ မလိုဘူး (မလိုပါ ဘုရား) သူများ လုပ်ထားတာပဲ၊ ဒါ-ငါ့ကိုယ် ငါ့ဟာလုပ်ဖို့ မသင့်ဘူးဆိုရင် ရှင်းနေတာပဲ (ရှင်းပါတယ် ဘုရား)။
အခုတော့ ဒီလိုမဟုတ်ပါဘူး၊ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက သူများလုပ်ထားတဲ့ ပစ္စည်း ငါ့ပစ္စည်းတဲ့ (မှန်လှပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား) သူများလုပ်ထားတဲ့ ပစ္စည်းကို (ငါ့ပစ္စည်းလို့ စွဲပါတယ် ဘုရား)။
ငါ့ပစ္စည်း ငါပိုင်တယ်ကွ (မှန်လှပါ) ဒကာကြွယ်တို့က ရဲရဲတင်းတင်းကြီး ငါ့ကိုယ် ငါ့ဟာကွလို့ မဆိုပေဘူးလား (ဆိုပါတယ် ဘုရား)။
ဒါ-ခန္ဓာထဲက ပေါက်ပွားလာတာ (မှန်ပါ့ ဘုရား) ဒီခန္ဓာထဲက ပေါက်ပွားလာတာ (မှန်ပါ့) မပေါက်ပွားသေး ဘူးလား (ပေါက်ပွားပါတယ်)။
ပေါက်ပွားလာရင် ရှိပါစေတော့ တဲ့၊ ပေါက်ပွားတာဟာ ခင်ဗျားတို့ဟာ ခင်ဗျားတို့မသိလို့ ပေါက်ပွားတာကို ပေါက်ပွားရုံနဲ့ ပြီးရင်လဲ အတော်သားပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။
ဖြစ်မှ ဖြစ်ရလေခြင်းဆိုတော့ စိတ်နာတာ
ဖျတ် ဆို ဒီခန္ဓာငါးပါးကြီးက အိုဘေး, နာဘေး, သေးဘူးသင့်တယ် (သင့်ပါတယ် ဘုရား) သင့်လိုက်တော့ ငါ့ကိုယ် ငါ့ဟာ လုပ်ထားတဲ့ တဏှာ ဘယ့်နှယ်ဖြစ်သွားသတုံး (ဖြစ်မှ ဖြစ်ရလေခြင်းလို့ ဖြစ်ပါတယ်) ဖြစ်မှ ဖြစ်ရလေ ခြင်းဆိုတော့ စိတ်နာတာတွေ မလာဘူးလား (လာပါတယ် ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ ကိုယ်နာရင် စိတ်မနာစေနဲ့ဆိုတာနဲ့ လွဲကုန်ပြီပေါ့ (လွဲကုန်ပါပြီဗျာ) မလွဲသေးဘူးလား (လွဲပါတယ် ဘုရား) ကိုယ်နာရင် (စိတ်မနာစေနဲ့ဆိုတာနဲ့ လွဲပါတယ် ဘုရား) ဘုရားက- ကိုယ်နာရင် စိတ်မနာစေနဲ့ ကွ လို့ သူ့ဒကာကြီးဟောတယ် (မှန်လှပါ ဘုရား) ခင်ဗျားတို့က ကိုယ်နာတော့ (စိတ်နာပါတယ် ဘုရား)။
ဪ ခင်ဗျားတို့က ဘယ့်နှယ်ကြောင့် ဒီ-စိတ်နာကြီး လာရပါလိမ့်မလဲလို့ ဒကာကြွယ်-စဉ်းစားစမ်း (ငါ-ငါ့ကိုယ် ငါ့ဟာလို့ စွဲလမ်းလို့ပါ ဘုရား) သူများလုပ်ထားတဲ့ ပစ္စည်းကို ခင်ဗျားတို့ ကြားကနေပြီးသကာလ ငါ့ကိုယ် ငါ့ဟာ ငါပိုင် ငါဆိုင်လုပ်ထားလို့ (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ မျက်ရည်ကျချင်လို့ ခင်ဗျားတို့ ငါ့ကိုယ် ငါ့ဟာလို့ သိမ်းဆည်းတယ် (မှန်လှပါ) မျက်ရည်သည် သူများပေးတဲ့မျက်ရည်လား တဲ့ ကိုယ့်အမှားကြောင့်ရတဲ့ မျက်ရည်လား (ကိုယ့်အမှားကြောင့်ရတဲ့ မျက်ရည်ပါ ဘုရား)။
ဒါဖြင့် မျက်ရည်ကျနေတဲ့လူတွေ ဒကာကြွယ် သနားလား ခင်ဗျား (သနားစရာ မလိုပါဘူး) ရဲရဲပြောပါ ဟို နော်ကလူတွေ ငဲ့မနေပါနဲ့ခင်ဗျား၊ ငဲ့နေစရာ မလိုတော့ပါဘူး (သနားဖို့ မလိုတော့ပါ ဘုရား)။
သနားဖို့ မလိုဘူး (မလိုပါ ဘုရား) ဘာကြောင့်တုံး သူများပစ္စည်းကို ငါ့ပစ္စည်းလုပ်ပြီး ငိုချင်းချတယ် (မှန်လှပါ ဘုရား) ဘယ့်နှယ်ဆိုကြမလဲ (သူများ ပစ္စည်းကို ငါ့ပစ္စည်းလုပ်ပြီး ငိုချင်းချပါတယ် ဘုရား)။
အဝိဇ္ဇာ သင်္ခါရက လုပ်ထားတာ
သူများဆိုတာက အဝိဇ္ဇာ သင်္ခါရက လုပ်ထားတာ (မှန်ပါ့ ဘုရား) ပိုင်တာက အဝိဇ္ဇာ သင်္ခါရကပိုင်တာ (ပိုင်ပါတယ် ဘုရား) သူလုပ်ထားလို့ သူပိုင်တယ် (မှန်ပါ့) အဲဒါ ခင်ဗျားတို့ ယခု ဘဝကျမှ ဝမ်းထဲက တဏှာက ဒါကြီးဟာ င့ါကိုယ် ငါ့ဟာပဲ (မှန်လှပါ ဘုရား)။
ဒီတော့ သူများလုပ်ထားတာ ခင်ဗျားတို့က ဘယ့်နှယ်ထင်ကြသလဲ (ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာ ထင်ပါတယ်) ကဲ ခင်ဗျားတို့ ထင်လို့ရှိရင်တော့ဖြင့် ကောင်းကောင်းလွဲပြီ၊ သူများလုပ်ထားတာ ငါ့ကိုယ် ငါ့ဟာလုပ်ပြီး (မှန်ပါ့) ဒီ ခန္ဓာကြီးကတော့ ပင်ကိုယ်က သဗ္ဗေ သင်္ခါရ အနိစ္စာ၊ သဗ္ဗေ သင်္ခါရာ ဒုက္ခာ၊ သဗ္ဗေဓမ္မာ အနတ္တာ (မှန်ပါ့ ဘုရား)။
သူတို့ သူတို့ ဖောက်ပြန်ပျက်စီးရော (မှန်ပါ့) ဖောက်ပြန်ပျက်စီးတော့ ငါ့ကိုယ် ငါ့ဟာ လုပ်ထားတဲ့ပုဂ္ဂိုလ်က ငိုချင်းချတယ် (ချပါတယ် ဘုရား) ဦးဘအုန်း ဘာဖြစ်သလဲ (ငိုချင်းချပါတယ် ဘုရား) ငိုချင်းချတော့ ဦးဘအုန်းက ဪ ဖြစ်မှ ဖြစ်ရပလေလို့ ကူညီပေးသလား၊ မင်းရူးတာပဲလို့ ပြောမိသလား (အရင်တုန်းကတော့ ဖြစ်မှဖြစ်ရ ပလေလို့ ပြောမိပါတယ် ဘုရား) အံမာလေး-ခင်ဗျားတို့ကလဲ အတော်ဆိုးတဲ့လူတွေပါ၊ ဒကာကြွယ်တို့-ဒီအထဲလောကွက် ချော်မိသေးသလား။ (ချော်မိပါတယ် ဘုရား)၊ အင်း ခင်ဗျားတို့ကလဲ ဒီလောကွတ်နဲ့ပဲ မသာဘလက် သွားစားနေတာ ကျုပ်က ရိပ်မိပါတယ် ဒီလိုဖြစ်နေတာဗျ (မှန်လှပါ ဘုရား)။
ဒီလိုဖြစ်နေတော့ ခင်ဗျားတို့လောကွတ်ကလဲ မသာလဘက် စားချင်လို့မဟုတ်ဘူး။ ကိုယ့်ကိုယ်က ဒီလို သိမ်း ဆည်းထားလို့ ဒီအဖြေ သွားထွက်တာ (မှန်လှပါ ဘုရား) ကိုယ့်ကိုယ်က ဒီလိုသိမ်းဆည်းထားလို့ (ဒီအဖြေ ထွက်သွားတာ ပါ ဘုရား)။
ငါဖြင့် ဒီလိုဖြစ်လိမ့်မယ် မထင်ဘူး တဲ့ သူကလဲ ငါနဲ့လာတယ် (မှန်လှပါ ဘုရား) အခု ဒီလိုဖြစ်သွားတယ် ဆိုတော့ ငါ ဘယ်စိတ်ကောင်းမတုံး တဲ့ (မှန်လှပါ) ငါဟာ ဒကာကြွယ် တစ်တန်းတည်းသွားပြီ (သွားပါပြီ ဘုရား) ဟို အရူးနဲ့ ကူညီတဲ့အရူးနဲ့ (အတူတူပါပဲ ဘုရား)။
ဘယ်အရူးက လှသတုံး
ဟိုက တိုက်ရိုက်ရူး၊ ဒီက သွယ်ဝိုက်ပြီးတော့ (ရူးပါတယ် ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ) ဒါဖြင့် ဘယ်အရူးက လှသတုံးမေးရင် (ဘယ်အရူးမှ မလှပါ ဘုရား) ရိပ်မိသွားပြီ (ရိပ်မိပါပြီ) ဒကာ ဒကာမတွေ (မှန်လှပါ ဘုရား)။
ကိုင်း ဒကာ ဒကာမတွေ မသာများ မေးတဲ့အခါကျတော့ ခင်ဗျားတို့ ဟိုမှာ အ,တယ် ဆွံ့တယ် တက်တယ် အမျိုးမျိုး ကြားနေတဲ့အခါကျတော့ ဒကာကြွယ်ရေ မကင်းတရားတွေကြောင့် သွားမမေးရဘူးလား (မေးရပါတယ် ဘုရား) ဘယ့်နှယ်နေသတုံး (မှန်ပါ့) ဘယ့်နှယ်နေသတုံး။ ငါလဲ စိတ်မကောင်းဘူး သွားလုပ်မနေနဲ့ (မှန်ပါ့)။
ငါ စိတ်မကောင်းရင် ရူးချင်သလားမေးဖို့ပဲရှိတယ် (မှန်ပါ့ ဘုရား) ငါ စိတ်မကောင်းဘူးဆိုရင် ဘယ့်နှယ် မေးမယ် (ရူးချင်သလား မေးရပါမယ်)။
အဲဒါ စိတ်မကောင်းဘူးလို့များ သွားမပြောနဲ့ဦး (မှန်လှပါ) အခု တရားပွဲထဲက လူတွေကတော့ ဒကာကြွယ် တော့ ရူးပဟေ့ (မှန်လှပါ) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား) ငါ စိတ်မကောင်းဘူး ဆိုကတည်းက သူ စိတ်မကောင်း သလို မကောင်းတာ (မှန်ပါ့ ဘုရား) အမှုသည် စိတ်မကောင်းသလို ဘေးကပုဂ္ဂိုလ်လဲ စိတ်မကောင်းဘူးလို့ ဆိုသဖြင့် ဘေးက ပုဂ္ဂိုလ် ခန္ဓာ သိမ်းပိုက်တာပဲ (မှန်လှပါ ဘုရား) ဟို-ပုဂ္ဂိုလ်ကလဲ သိမ်းပိုက်ထားလို့ ငိုပွဲဆင်တယ် (မှန်ပါ့) ဒီ ပုဂ္ဂိုလ်ကလဲ သိမ်းပိုက်ထားလို့ ငါ စိတ်မကောင်းဘူး ပြောတာ (မှန်ပါ့ ဘုရား)။
ဒါဖြင့် ဒကာကြွယ် မသာ သွားပြီးသကာလ မေးကြကိစ္စကြုံလို့ သွားပြီးမေးကြတဲ့ အခါကျလို့ရှိရင်ဖြင့် တဲ့ မင်းတို့အတါက် ငါလဲကွာ စိတ်မကောင်းဘူး ဆိုတဲ့ဥစ္စာ အားကြီးသုံးတယ် (သုံးပါတယ် ဘုရား) မသုံးကြဘူးလား (သုံးပါးတယ် ဘုရား) ဒီလို သုံးတဲ့ ပုဂ္ဂိုလ်ဟာ ဘယ်အထဲ သွင်းကြမလဲ (ရူးတဲ့အထဲ သွင်းရပါမယ်)။
ရူးတာလဲ တစ်ကြောင်းပါတယ်၊ နဂိုရ်က ဟို-ပုဂ္ဂိုလ် စိတ်မကောင်းတာဟာလဲ ငါ့ကိုယ် င့ါဟာ မဟုတ်တာကို သိမ်းပိုက်လို့ စိတ်မကောင်းရတာ (မှန်လှပါ ဘုရား) ဘေးက ပုဂ္ဂိုလ်က ကြားက လောကွတ်ချော်ပြီး စိတ်မကောင်းရတာလဲ ဒကာကြွယ်ရေ-ကိုယ်လဲ သိမ်းပိုက်ထားလို့ (သိမ်းပိုက်ထားလို့ပါ ဘုရား)။
ဒါ ငါနဲ့ မကင်းသေးဘူး၊ ဟော-ပေါ်လာတယ် (မှန်ပါ့ ပေါ်လာပါတယ်) ငါ့သားချင်းထဲကပဲ (မှန်ပါ့) ငါ့-အမေနဲ့ စပ်လိုက်လို့ရှိရင် အနီးကလေး ရှိသေးတယ် (မှန်ပါ့ ဘုရား)။
အံမာ အတော် သိမ်းပိုက်ပစ်လိုက်တယ် (မှန်ပါ့) ဇာတိ ထုပ်များ အရင်းက လှန်ပြီးသကာလ လာလိုက်သေး တယ် (မှန်ပါ့ ဘုရား) သိမ်းပိုက်တာ ရိုးရိုးလား-တဲ့၊ အခြေအမြစ်နဲ့တကွ သိမ်းပိုက်တာလား (အခြေအမြစ်နဲ့တကွ သိမ်းပိုက်တာပါ ဘုရား)။
ငါလဲ စိတ်မကောင်းဘူး
ဒကာကြွယ်တို့လို လျှာရှည်ရှည်ဆိုရင် သာခက်တယ်နော် (ခက်ပါတယ် ဘုရား) မခက်ဘူးလားကဲ (ခက်ပါတယ်) သိမ်းပိုက်မှု ရှည်နေမယ် (မှန်ပါ့) မရှည်ဘူးလား (ရှည်ပါတယ် ဘုရား)။
အဲဒီတော့ ဒကာကြွယ်က နောက်ဆုံးပိတ် တစ်နေ့ကျတော့ ငါလဲကွာ စိတ်မကောင်းပါဘူး (မှန်ပါ့) အင်း သူ ဧည့်ခံလိုက်တယ်၊ ဘာနဲ့ ဧည့်ခံလိုက်သလဲ (ငါလဲ စိတ်မကောင်းဘူး) ငါလဲ စိတ်မကောင်းဘူး (မှန်ပ့ါ) မင်းကော (စိတ်မကောင်းပါဘူး) မင်းစိတ်မကောင်းတာ မြင်တော့ ငါလဲ စိတ်မကောင်းပါဘူး (မှန်လှပါ)။
နောက်ဆုံးပိတ် အဖြေကလေးကတော့ လာပါရဲ့ ဖြစ်တတ်တဲ့အမျိုးကိုး (မှန်လှပါ) မလာဘူးလား (လာပါတယ် ဘုရား) ဖြစ်တတ်တဲ့ အမျိုးပဲလို့တော့ ဒကာကြွယ် ဒါကလေးကို နောက်ဆုံးပိတ် အဘိဓမ္မာတော့ မသက်လိုက်ဘူးလား (သက်လိုက်ရပါတယ် ဘုရား)။
သို့သော် ကျေနပ်လို့လား ၊ ဟိုလူ သက်သာအောင် လုပ်တာလား (ဟိုလူ သက်သာအောင် လုပ်တာပါ ဘုရား) ဒါဖြင့် ကိုယ်က ဒိဋ္ဌိ ကျန်ရစ်နေပေါ့ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ) ကျေနပ်တာလား ဒကာကြွယ်ရ၊ ဟိုလူ သက်သာအောင် လုပ်တာလား (ဟိုလူ သက်သာအောင် လုပ်တာပါ ဘုရား) ဒါဖြင့် ကိုယ့်မှာ ဒိဋ္ဌိစင်သွားသလား (မစင်ပါဘူး ဘုရား)။
မစင်ပါဘူး ဟိုလူသက်သာအောင် လုပ်လိုက်တာ၊ ငါတော့ဖြင့် ဖို့ပြီးပြန်တာပဲ (မှန်ပါ့) ဒီ အဓိပ္ပာယ် မလာ ဘူးကား (လာပါတယ် ဘုရား)။
အဲဒီတော့ ဒကာကြွယ် ဒိဋ္ဌိ ဘယ်လောက်များတယ်ဆိုတာ ရိပ်မိကြပလား (ရိပ်မိပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ)။
အဲဒီတော့ ကိုယ်သာနာ၍ ဘာတဲ့တုံး (စိတ်မနာပါစေနဲ့) အင်း..ဒကာကြွယ်တို့လူစု ဦးဘအုန်းတို့ လူစုတွေက ကိုယ်နာရင် ဘာဖြစ်ကုန်သလဲ (စိတ်နာပါတယ် ဘုရား) ဘယ့်နှယ်ကြောင့်ပါလိမ့်မတုံး (ငါ-ငါ့ဥစ္စာလို့ သိမ်းပိုက်လို့ပါ) ငါ-ငါ့ဥစ္စာ မဟုတ်တာကို ငါ-ငါ့ဥစ္စာလို့ သိမ်းပိုက်ထားလို့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား) ဦးဘအုန်း သိပ်ကြောက် စရာကောင်းပါကလား (ကောင်းပါတယ် ဘုရား)။
ဒိဋ္ဌိ တဏှာသတ်တဲ့ တရား
ဒါ ဘာသတ်နေတာတုံး၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဘာသတ်တဲ့တရား ဟောနေတာတုံးဆိုတော့ ဒိဋ္ဌိ တဏှာသတ်တဲ့ တရား ဟောနေတာ (မှန်လှပါ ဘုရား) ရိပ်မိကြပလား (ရိပ်မိပါပြီ) ဘာသတ်တဲ့တရား ဟောနေတာ တုံး (ဒိဋ္ဌိ တဏှာသတ်တဲ့ တရားဟောနေတာပါ) ငါဆိုတာ ဒိဋ္ဌိ၊ ငါ့ဥစ္စာဆိုတာ တဏှာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) မဟုတ်တာကြီး သိမ်းပိုက်ထားတယ်၊ သူများ လုပ်ထားတာ အဝိဇ္ဇာသင်္ခါရက လုပ်ထားတဲ့ ခန္ဓာကြီး (မှန်လှပါ ဘုရား)။
ဒါကို ခင်ဗျားတို့က ဒီခန္ဓာကြီး ရှိခဲ့ပြီးသကာလ ယခုဘဝကျမှ ငါ-ငါ့ဥစ္စာ လုပ်ထားတယ် (မှန်ပါ့) ဒီခန္ဓာ ကြီးကို (မှန်ပါ့) လုပ်ထားတော့ ဒီ ခန္ဓာကြီးက ဖောက်ပြန်ပြီး ပျက်စီးပါပြီ ဒကာကြွယ်၊ ငါ-ငါ့ဥစ္စာလုပ်ထားတဲ့ ပုဂ္ဂိုလ်ဘယ်အဖြစ် ရောက်သွားသလဲ (ဖြစ်ရလေခြင်း လို့ ရောက်ပါတယ်) ဖြစ်ရလေခြင်းဆိုတော့ စိတ်တာနဲ့အထဲ ရောက်သွားတယ် (မှန်ပါ့ ဘုရား)။
ဒါဖြင့် ကိုယ်နာလို့ စိတ်နာတာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) ကိုယ်နာလို့ (စိတ်နာတာပါ ဘုရား) ဪ .. ဒကာကြွယ် ဒါဖြင့် လောကကြီးထဲမှာ မောင်ဘသော်တို့လဲ လူကြီးထဲရောက်ပါပြီ၊ ဒကာကြွယ်တို့လဲ ပိုကြီးပါပြီ (မှန်ပါ့) ဘယ်သွားကြည့်ကြည့် ကိုယ်နာ စိတ်နာချည်း တွေ့မှာပဲ (တွေ့မှာပါပဲ ဘုရား)။
ကိုယ်နာ စိတ်နာတွေ့မှာပဲ
ဦးဘအုန်း ဘယ်သွားကြည့်ကြည့် (ကိုယ်နာစိတ်နာချည်း တွေ့မှာပါပဲ ဘုရား) သာခမ်းသွားကြည့်ပြန်လဲ ကိုယ်နာ စိတ်နာတွေ့မှာပဲ၊ နာခမ်း သွားကြည့်လဲ (ကိုယ်နာ စိတ်နာ တွေ့မှာပါပဲ ဘုရား)။
သာခမ်း သွားကြည့်ပြန်တော့လဲ အင်း ဘယ်သူက ကိုယ့်မှာ သာခမ်းရှိတာတောင်မှ ခြေဦးမလှည့်လာဘဲ (မှန်ပါ့) သာခမ်းမှာ ကိုယ်နာ စိတ်နာပါတာပဲ (မှန်ပါ့ ဘုရား) နာခမ်းမှာကော (ကိုယ်နာစိတ်နာ ပါတာပါပဲ ဘုရား)။
အဲဒါ ဘယ်ကလာတာတုံး (ငါ့-ငါ့ဥစ္စာဟု သိးပိုက်ထားမှုက လာပါတယ်) ငါ့-ငါ့ဥစ္စာကလာတာ (မှန်ပါ့) ငါဆိုတာ ဘာပါလိမ့် (ဒိဋ္ဌိပါ ဘုရား) ငါ့ဥစ္စာ ဆိုတာကော (တဏှာပါ ဘုရား)။
ဒါဖြင့် ဒိဋ္ဌိတဏှာသာ ရှိလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ငိုပွဲဆင်ရတယ် (ဆင်ပါရပါတယ် ဘုရား) ဒိဋ္ဌိ တဏှာရှိရင် (ငိုပွဲဆင်ရပါတယ် ဘုရား)။
ကဲ ဒါဖြင့် ငိုပွဲ ဘယ်သူဆင်မတုံး (ငါ-ငါ့ဥစ္စာက ဆင်ပါတယ်) ကဲ စာလိုပဲ ပြောပါတော့ ဒိဋ္ဌိတဏှာက ဆင်ခိုင်းတာ (မှန်လှပါ ဘုရား) ငိုပွဲ ဘယ်သူဆင်သတုံး (ဒိဋ္ဌိ တဏှာက ဆင်တာပါ ဘုရား) သွားလိုက်ဦး၊ ပြုံးပွဲ ဘယ်သူ ဆင်သလဲမေးရင်လဲ ဒိဋ္ဌိတဏှာကပဲ ဆင်တာပဲ (မှန်ပါ့ ဘုရား)။
ငါ့မှာ ဒီနေ့ သောင်းကိုးထောင်ရတယ် (မှန်ပါ့) ဟုတ်လားပြုံးပွဲက (မှန်လှပါ) ပြုံးပွဲမဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား) ဒကာကြွယ် ပြုံးပွဲ ရှင်းပလား (ရှင်းပါပြီ ဘုရား) ဒီနေ့ သောင်းကိုးထောင်ကလေး ရလားတော့ ဒကာကြွယ်တို့ ဘယ့်နှယ်နေသလဲ (ပြုံးပါတယ် ဘုရား)။
အင်း ငါ့ဟာဖြစ်ပြီ၊ ငါ့ကြိုးစားလို့ (မှန်ပါ့ ဘုရား) ငါကြိုးစားလို့ ငါ့ဟာဖြစ်တယ်ဆိုတော့ ဦးဘအုန်းပြုံးပွဲကော လာရဲ့လား (လာပါတယ် ဘုရား) ပြုံးပွဲ ဘယ်သူဆင်ပါလိမ့် (တဏှာ ဒိဋ္ဌိ ဆင်ပါတယ် ဘုရား) ငိုပွဲကော (တဏှာ ဒိဋ္ဌိ ဆင်ပါတယ် ဘုရား) သွားပြီ ဒကာကြွယ်ရေ ပြုံးပွဲကလဲ တဏှာ ဥပါဒါန်ပဲ (မှန်လှပါ) ငိုပွဲကလဲ ဒိဋ္ဌိ၊ ဒိဋ္ဌုပါဒါန်ပဲ (မှန်လှပါ ဘုရား)။
ပြုံးပွဲက တဏှာ ဥပါဒါန် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) ငိုပွဲက ဒိဋ္ဌိ ဒိဋ္ဌုပါဒါန် (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ပြုံးပွဲက (တဏှာဥပါဒါန်ပါ) တဏှာ ဥပါဒါန်၊ ဒကာကြွယ် တဏှာဆိုတော့ ခင်တာပေါ့ဗျာ (မှန်ပါ့) ဥပါဒါန်ဆိုတော့ သာပြီးစွဲလမ်းတာ (မှန်လှပါ) သူက ပြုံးပွဲ (မှန်ပါ့)။
ငိုပွဲကတော့ ဒိဋ္ဌိ-ဒိဋ္ဌုပါဒါန် (မှန်လှပါ) ရှင်းပလား (ရှင်းပါပြီ) ပြုံးပွဲကတော့ (တဏှာဥပါဒါန်ပါ ဘုရား) အင်း ၃- ကူးရသေးတယ် (မှန်ပါ့) ၃-နံပါတ် ကူးမကူး (ကူးပါတယ် ဘုရား) ငိုပွဲမှာ ဘာတုံး (ဒိဋ္ဌိ-ဒိဋ္ဌုပါဒါန်ပါ ဘုရား) ဒိဋ္ဌိ ဒိဋ္ဌုပါဒါန် (မှန်ပါ့) ပြုံးပွဲကျပြန်တော့ (တဏှာ ဥပါဒါန်ပါ ဘုရား)။
အင်း ဒကာကြွယ် သွားပြီ၊ မြေးကလေးတစ်ယောက် ထွန်းကားလာတယ်ဆိုရင် ပြုံးပွဲကိုးဗျ (မှန်လှပါ ဘုရား) မြေးကလေးတစ်ယောက် ထွန်းကားလာတယ်ဆိုတော့ ဘာပွဲပါလိမ့် (ပြုံးပွဲပါ ဘုရား) ပြုံးပွဲဆိုတော့ ဘာပါလိမ့် (တဏှာ ဥပါဒါန်ပါ ဘုရား)။
အင်း ဟင် မြေးကလေး နေမကောင်းဘူးတဲ့ ဘာဖြစ်ပြန်သလဲ (မြေးကလေး နေမကောင်းဘူး) ဖြစ်မှ ဖြစ်ရလေကွာ၊ မင်းတို့ အစောင်အရှောက်က တယ်နည်းသကိုးကွ (မှန်ပါ့) လူကြီး သူကြီးကော ငါပြောရဦးမယ် (မှန်ပါ့) အစရှိသည်ဖြင့် မလာဘူးလား (လာပါတယ် ဘုရား)။
ပြုံးပွဲနဲ့ မဲ့ပွဲ
အေးလေ ဒါကြောင့် ပြုံးပွဲနဲ့ မဲ့ပွဲဟာ ဒကာ ဒကာမတို့ ၂-က ၃-ကူးတာချည်းမှတ် (မှန်လှပါ ဘုရား) ခင်ဗျားတို့ ဒီပွဲနှစ်ပွဲမှတစ်ပါး ဒီ့ပြင်ပွဲကလဲ ရှားပါလိမ့်မယ် (ရှားပါတယ် ဘုရား) ဒကာကြွယ် အိမ်မှာ ဘယ်နှစ်ပွဲရှိသတုံး (နှစ်ပွဲရှိ ပါတယ် ဘုရား) ပြုံးပွဲရယ်, မဲ့ပွဲရယ် (မှန်ပါ့ ဘုရား) ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား) အိမ်မှာ ဘယ်နှစ်ပွဲ ရှိသလဲ (နှစ်ပွဲရှိပါတယ်) ပြုံးပွဲရယ် (မဲ့ပွဲရယ်ပါ ဘုရား)။
ဪ ဒီလိုပဲ နေကြတာပဲ (မှန်ပါ့ ဘုရား) ဒီလိုနေကြတာပဲ၊ တစ်နေ့ဖြင့်လဲ လင်နဲ့မယား ကြည်ကြည်ဖြူဖြူ နေတော့ပြုံးပွဲ (မှန်ပါ့) တစ်တေန့ကျပြန်တော့ သူက ဖြုန်းတီးတယ်၊ ငါက ဖြုန်းတီးတယ်၊ သူက ပိုကောက်တယ်၊ ငါက ပိုကောက်တယ်နဲ့ မဲ့ပွဲ (မှန်ပါ့ ဘုရား) မလာဘူးလား (လာပါတယ် ဘုရား) ဒါ ဘယ့်နှယ်ကြောင့်ပါလိမ့်မတုံး (တဏှာ ဒိဋ္ဌိကြောင့်ပါ ဘုရား)။
ပြုံးပွဲက (တှဏာဥပါဒါန်ပါ ဘုရား) မဲ့ပွဲ့ (ဒိဋ္ဌိ ဒိဋ္ဌုပါဒါန်ပါ ဘုရား) ဒိဋ္ဌိ-ဒိဋ္ဌုပါဒါန် (မှန်ပါ့) ရိပ်မိပလား ဦးဘအုန်းရ (ရိပ်မိပါပြီ) မြို့ထဲရွာထဲ နေကြတာ ဒကာကြွယ်-ဒီနှစ်ပွဲမှတစ်ပါး ဘာရှိသေးသလဲ (ဘာမှမရှိပါ ဘုရား)။
ကိုယ်နာရင် စိတ်နာတာချည်းပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ကိုယ်နာရင် (စိတ်နာတာချည်းပါပဲ ဘုရား) စိတ်နာတာချည်းပဲဆိုတော့ ဒီပြုံးပွဲမှာလဲ တဏှာ ဥပါဒါန်တွေက ဒကာ ဒကာမတွေ စဉ်းစားကြည့် တဲ့ မကောင်းတဲ့စိတ် (မှန်လှပါ ဘုရား) အပါယ်သွားတဲ့စိတ် (မှန်ပ့ါ ဘုရား) မဲ့ပွဲမှာ ကြည့်လိုက်ပြန်လို့ ရှိရင်လဲ ဒိဋ္ဌိ-ဒိဋ္ဌု ပါဒါန်က အပါယ်သွားတဲ့စိတ် (မှန်ပါ့)။
ဒါတွေ ကိုယ်နာ စိတ်နာတာချည်းပဲ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား) ဘာတွေတဲ့ဗျာ (ကိုယ်နာ စိတ် နာတွေပါ ဘုရား) အဲဒါ ဘုရားက ဘယ့်နှယ်မှာသတုံး သူ့ခမည်းတော်ကြီးကို (ကိုယ်နာသော်လဲ စိတ်မနာပါစေနဲ့တဲ့)။ အေး ကိုယ်နာသော်လဲ စိတ်မနာစေနဲ့တဲ့ (မှန်ပါ့ ဘုရား)။
ခင်ဗျားတို့ကဖြင့် ကိုယ်နာလဲ စိတ်နာလိုက်တာပဲ (မှန်ပါ့) ဘယ့်နှယ်ဖြစ်နေသလဲ မပြောတတ်ပါဘူးဘုရား တပည့်တော်တို့က ရိုးရာဘုရာ့ (မှန်ပါ့ ဘုရား) ဒကာကြွယ် နောက်ကျတော့ ဘာမှမပြောတတ်တာ့ ရိုးရာနဲ့ကိုင်ပေါက် တာပဲ (ကိုင်ပေါက်ပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
၃-နံပါတ် ကူးတာပဲ
အဲဒီလောက် ခင်ဗျားတို့၏ အရုပ်ဆိုးမှုကြီးသည် ၃-နံပါတ်က နေပြီးသကာလ ခင်ဗျားတို့ ၄-ကို ကူးမယ်ဆိုတဲ့ ရည်ရွယ်ချက်ဟာ ဧကန် အထမြောက်သွားပြီ (မြောက်သွားပါပြီ ဘုရား) မမြောက်သေးဘူးလား (မြောက်ပါတယ် ဘုရား)။
ဒါဖြင့် ပြုံးလာပြန်လဲ ၃-နံပါတ် ကူးတာပဲ (ကူးပါတယ် ဘုရား) မဲ့လာပြန်လဲ (၃-နံပါတ် ကူးတာပါပဲ ဘုရား) ၄-ရောက်မှ ရောက်ပ့ါမလား (ရောက်ပါတယ် ဘုရား) ၃-က ဘာသစ္စာ (သမုဒယသစ္စာပါဘုရား )၄-ကကော (ဒုက္ခ သစ္စာပါ ဘုရား)။
အဲဒါ ခင်ဗျားတို့ကို သူများက အကူးခိုင်းလို့လား၊ ကိုယ်မဟုတ်တဲ့ စိတ်တွေနဲ့ သိမ်းပိုက်ထားလို့ ကူးတာလား (ကိုယ်မဟုတ်တဲ့ စိတ်တွေနဲ့ သိမ်းပိုက်ထားလို့ ကူးတာပါ ဘုရား)။
ဒါဖြင့် ဒီ ဒိဋ္ဌိတဏှာပဲ (မှန်လှပါ) ရှင်းပလား (ရှင်းပါပြီ) ဘုရားက ဘယ့်နှယ်ဟောပါလိမ့် (ကိုယ်သာနာ၍ စိတ်မနာပါစေနဲ့တဲ့ ဘုရား) ကိုယ်နာသော်လဲ စိတ်မနာစေနဲ့ ဒကာကြီး၊ ဧဝံဟိတေ ဂဟပတိ သိက္ခိတဗ္ဗံ=ကိုယ်နာသော် လဲ စိတ်မနာအကျင့်-ကျင့်ပါ (မှန်လှပါ ဘုရား) မဟောဘူးလား (ဟောပါတယ် ဘုရား)။
ကဲ ဒါဖြင့် ကိုယ်နာ၍ စိတ်နာလို့ရှိခဲ့ရင် ၃-ကူးပေါ့ (ကူးပါတယ် ဘုရား) သဘောကျပလား (ကျပါတယ်) ပြုံးပွဲမှန်ရင်လဲ ၃-ကူးတာပဲ (ကူးတာပါပဲ ဘုရား) မဲ့ပွဲမှန်ရင်လဲ (၃-ကူးတာပါပဲ ဘုရား) ကဲ ပြုံးပွဲမဲ့ပွဲ၏ အလယ် လမ်းကို သွားပါ (မှန်ပ့ါ ဘုရား) ဒကာ ဒကာမတို့ ဘယ်လမ်းလိုက်ကြရမယ် (ပြုံးပွဲမဲ့ပွဲ၏ အလယ်လမ်း လိုက်ရပါမယ် ဘုရား)။
အလယ်လမ်းဆိုတော့ မဂ္ဂင်လမ်း
ပြုံးပွဲလဲ ခင်ဗျားတို့မပါနဲ့၊ ပြုံးပွဲလဲ တဏှာ ဥပါဒါန်ပဲ (မှန်ပါ့) မဲ့ပွဲက ဒိဋ္ဌိ-ဒိဋ္ဌုပါဒါန်ပဲ (မှန်ပါ့) အလယ်လမ်း လိုက်ပါ (မှန်ပါ့ ဘုရား) အလယ်လမ်းဆိုတော့ မဂ္ဂင်လမ်းလိုက်ရလိမ့်မယ် (မှန်လှပါ ဘုရား) အလယ်လမ်းဆိုတော့ (မဂ္ဂင်လမ်းပါ ဘုရား) အံမာလေး ဒီအလယ်လမ်း ရောက်အောင် ဒကာကြွယ် မနည်းဟောရတယ် (မှန်လှပါ ဘုရား)။
ခင်ဗျားတို့က ဒီနှစ်ပွဲကတော့ ကိုယ်တိုင်ဆင်းသက်လာတာ (မှန်ပါ့) ပြုံးပွဲမဲ့ပွဲ၏ အလယ်လမ်း လိုက်စမ်းပါ ဆိုတော့ရော ခက်နေပြီး တပည့်တော်တို့ (မှန်လှပါ) မလိုက်တတ်ပဲ ဖြစ်နေတယ် (မလိုက်တတ်ပါ ဘုရား)။
ဘုရားကလဲ ငါအလယ်လမ်းက ဘုရားဖြစ်ခဲ့တယ် (မှန်ပါ့) ဘုရားကလဲ (အလယ်လမ်းက ဘုရားဖြစ်ခဲ့ပါတယ် ဘုရား) သောတာပန်တည်တဲ့ ပုဂ္ဂိုလ်များလဲ (အလယ်လမ်းက သောတာပန်တည်တာပါ ဘုရား) အလယ်လမ်းက သောတာပန်တည်ကြတာပဲ (မှန်ပ့ါ) ရှင်းပလား (ရှင်းပါပြီ)။
ခင်ဗျားတို့ဖြင့် အလယ်လမ်းကို မတွေ့ဘူး (မတွေ့ပါ ဘုရား) တနေ့လဲ မဲ့ပွဲနဲ့ တစ်နေ့ကြည့်ပြန်တော့လဲ (ပြုံးပွဲနဲ့ပါ ဘုရား) အံမာလေး ဘေးထူတဲ့ လမ်းချည်းသွားနေကြတယ် (မှန်ပါ့ ဘုရား) ဦးဘအုန်း ဘယ်လမ်းချည်း သွားသလဲ (ဘေးထူတဲ့လမ်းချည်း သွားပါတယ် ဘုရား) အင်း ချော်ကျကုန်ပါပြီ (မှန်ပါ့) သိပ်ကြောက်စရာ ကောင်း ပြီ ဒကာကြွယ်ရေ (မှန်ပါ့ ဘုရား)
ဘုရားကလဲ ဘယ်လမ်း ကြိုက်သတုံးဗျ (အလယ်လမ်းကြိုက်ပါတယ် ဘုရား) ခင်ဗျားတို့ကလဲ အလယ်လမ်း ဆိုရင်ဖြင့် သိလဲမသိဘူး၊ လျှောက်လဲ မလျှောက်ဖူးဘူး (မှန်လှပါ ဘုရား) ဘေးထူတဲ့လမ်း နှစ်လမ်းဆိုရင်ဖြင့်လိုက်ပြီ (မှန်ပါ့) အပျော်လမ်းဆိုရင် လိုက်ပြီ (လိုက်ပါတယ် ဘုရား) မဲ့လမ်း ဆိုရင်လဲ မတတ်သာလို့ (သွားပါတယ် ဘုရား) ကျုပ်အားမရသေးဘူး လိုက်ငိုချည်ဦးမယ်ဆိုတာ ပါသေးတယ် (ပါပါတယ် ဘုရား) မပါဘူးလား (ပါပါတယ် ဘုရား)။
အင်း ဒကာ ဒကာမတို့ လက်လိုက်တာ ဒီနှစ်လမ်းပဲ နင်းလိုက်နေတာပဲ (မှန်လှပါ ဘုရား) ဒကာကြွယ် ဘယ်လမ်းလိုက်တာများသလဲ (ပြုံးလမ်း, မဲ့လမ်းကို လိုက်တာများပါတယ် ဘုရား) ပြုံးလမ်း မဲ့လမ်း၊
ပြုံးလမ်း မဲ့လမ်း
ပြုံးလမ်းဆိုတာ သည်..တဲ့ စာလိုသုံးတော့ ဦးဘအုန်းတို့ မှတ်လိုက်၊ စာလိုသုံးတဲ့အခါ ကျလို့ရှိရင်ဖြင့် ကာမသုခလ္လိကာ နုယောဂလမ်း (မှန်လှပါ ဘုရား) ကာမဂုဏ် ခံစားတဲ့လမ်း (မှန်ပါ့)
မဲ့လမ်းဆိုတာ ကိုယ့်ကိုယ်ကိုယ် နှိပ်စက်တဲ့ အတ္တကိလမထာ နုယောဂလမ်း၊ ရင်ထု ကြမ်းခုန်တဲ့ လမ်းပေါ့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ရင်ထုကြမ်းခုန်တာ တွေ့ဖူးကြရဲ့လား (တွေ့ဖူးပါတယ် ဘုရား) အဲဒါ မဲ့လမ်း (မှန်လှပါ) မျက်နှာသွားကြည့် တော့လဲ ဓာတ်ပုံရိုက်ကြည့်စမ်း ဘယ့်နှယ်နေသတုံး (မဲ့နေပါတယ် ဘုရား) ရိပ်မိကြပလား (ရိပ်မိပါပြီ)။
ဒီတော့ ပြုံးလမ်းက ဒကာ ဒကာမတို့ ကာမဂုဏ်နဲ့ပတ်သက်ပြီး ရရာပစ္စည်းကြောင့် ပြုံးကြတယ် (မှန်ပါ့) မဲ့လမ်းက ကာမဂုဏ် အစရှိသည်တို့မျ ပျက်ပြယ်ပြီး သွားလို့သေလို့ ကျေလို့ ပျက်စီးတဲ့အခါ မဲ့လမ်း (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား) ဘုရားက ဘယ်လမ်းလိုက်ရမှာတုံး (အလယ်လမ်း လိုက်ရမှာပါ ဘုရား)။
ကဲ ဒါဖြင့် အလယ်လမ်းကို ပေးပါတော့မယ် ခင်ဗျားတို့ကိုနော် (မှန်လှပါ ဘုရား) အလယ်လမ်းဟာ ဦးဘအုန်း သေသေချာချာမှတ်ပါ၊ ခင်ဗျားတို့ ၂-နံပါတ်ထဲက ခန္ဓာငါးပါးရှိပါတယ်၊ အဲဒီဖြစ်ပျက် ရှုလိုက်တဲ့အခါကျ တော့ အလယ်လမ်းထဲက စိတ် ဝေဒနာ ကြိုက်တာကို ဖြစ်ပျက်ရှုပါ (မှန်ပါ့ ဘုရား) ဖြစ်ပျက်ရှုလိုက်တော့ အာရုံက ဖြစ်ပျက်၊ ရှုတာက မဂ် (မှန်လှပါ ဘုရား) မဂ္ဂင်ဆိုတော့ ဘယ်လမ်း ရောက်နေသလဲ (အလယ်လမ်း ရောက်နေပါတယ် ဘုရား)။
အလယ်လမ်းရောက်တော့ ဒီဘက်ပြုံးလမ်းကော ကူးသေးလား (မကူးပါ ဘုရား) မဲ့လမ်းကော (မကူးပါ ဘုရား) ဒါဖြင့် ဒီဘက် ရောက်နိုင်သေးရဲ့လား (မရောက်နိုင်ပါ ဘုရား)။
အလယ်လမ်းဟာ သူပဲရှိတယ်
အဲဒါကြောင့် ဝိပဿနာမှ တစ်ပါး ပြုံးလမ်းမဲ့လမ်းကို မလိုက်တာ၊ အလယ်လမ်းဟာ သူပဲရှိတယ် (မှန်လှပါ ဘုရား) ဒီ ဝိပဿနာမဂ်ရင့်သွားရင် လောကုတ္တရာမဂ် ဆိုက်မယ်ဆိုတာလဲ ဒကာကြွယ် ငြင်းဖို့လိုသေးသလား (မလို ပါ ဘုရား) ကဲ လိုက်တတ်ပလား (လိုက်တတ်ပါပြီ ဘုရား)။
ကဲ..ခင်ဗျားတို့ ဒီအလုပ်-မလုပ်လို့ရှိရင်ဖြင့် ပြုံးလမ်းမဲ့လမ်းနဲ့ သေကြလို့ရှိရင် သံသရာလည်မယ် (မှန်လှပါ ဘုရား) အလယ်လမ်း လိုက်မိလို့ရှိရင် ကိစ္စတုံးမယ် (မှန်လှပါ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ)။
ဒါဖြင့် ဘယ်လမ်း ကြိုက်သတုံး (အလယ်လမ်း ကြိုက်ပါတယ် ဘုရား) ကျုပ်ဖြင့် စိတ်မချမ်းသာ လက်မချမ်းသာ အကြောက်ဆုံးပဲလို့ ပြောတတ်တဲ့သူများလဲ ရှိတယ်၊ သူက အပြုံးကြိုက်တယ် (မှန်ပါ့ ဘုရား) တချို့ အိမ်ကလဲ သူတို့အိမ်က ပြုံးပဲပြုံးနိုင်လွန်းတယ် (မှန်ပါ့) သူက အမဲ့ကြိုက်တယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)။
သူတို့အိမ်က ပြုံးတာများ သူတို့ ပြုံးပဲပြုံးနိုင်လွန်းတယ် သူတို့ ဘာမှမသိတတ်ဘူး (မှန်ပါ့) ဒီမှာ ဘာဖြစ်နေ တယ်ဆိုတာ သူတို့ ဘာမှမသိဘူး (မှန်လှပါ ဘုရား) သူက ဘာကြိုက်ပါလိမ့် (မဲ့လမ်း ကြိုက်ပါတယ် ဘုရား) အမဲ့ ကြိုက်တယ် (မှန်ပါ့)။
ဖြစ်ပျက်လမ်းဆိုတဲ့ အလယ်လမ်း
ရွာထဲမြို့ထဲ အိမ်ဘယ်လောက်များများ ဒီနှစ်အိမ်ပဲ ရှိတယ် (မှန်ပါ့ ဘုရား) တစ်ရွာလုံး၊ တစ်မြို့လုံး အိမ်ခြေ တစ်သောင်းရှိလဲ ဒီနှစ်အိမ်ပဲရှိတယ် (မှန်လှပါ ဘုရား) အလယ်လမ်း လိုက်တဲ့ရွာမြို့ ရှိရဲ့လား (မရှိပါ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့က လူထူး လုပ်ကြပေတော့ (မှန်ပါ့) ပြုံးလမ်းလဲရှောင်၊ မဲ့လမ်းကော (ရှောင်ရပါမယ် ဘုရား) အဲပြုံးလမ်း မဲ့လမ်းဆိုတဲ့ လမ်းကို ရှောင်ပြီးသကာလ ဦးဘအုန်း ဖြစ်ပျက်လမ်းဆိုတဲ့ အလယ်လမ်းလိုက်ပါ (မှန်ပါ့) အလယ်လမ်းမှ သောတာပန်တည်နိုင်တယ် (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ)။
ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။
သာဓု သာဓု သာဓု။