10605

မာတိကာသို့

ပဋိစ္စသမုပ္ပါဒ် တရားတော် (၂)

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့ ဓမ္မာရုံ၌

ဟောကြားတော်မူသော

ပဋိစ္စသမုပ္ပါဒ် တရားတော် (၂)

(၁၉-၁၁-၆၁)

မိစ္ဆာအယူတွေ

သိကြားက ဖန်ဆင်းတယ်၊ ဗြဟ္မာက ဖန်ဆင်းတယ်လို့ ယူထားတဲ့ အယူတွေလဲရှိတယ်၊ (မှန်ပါ့)။

အဲဒီ အယူတွေသည်ကားလို့ ဆိုလို့ရှိရင် မှားသော အယူတွေ မိစ္ဆာအယူတွေလို့ မှတ်ပါ၊ (မှန်ပါ့)။

အဲဒီ မိစ္ဆာအယူမှ လွတ်ခြင်း, ကျွတ်ခြင်းကို အလိုရှိကြတဲ့ ဒကာ ဒကာမတွေမှန်က ဘုရားမပွင့်ခင်ကလဲ ဒီပဋိစ္စသမုပ္ပါဒ်ဒေသနာတော် ရှိတယ်လို့ ဆုံးဖြတ်ချက်ချပါ၊ (မှန်လှပါ ဘုရား) ဘုရားပွင့်လဲရှိတယ်လို့ပဲ ဆုံးဖြတ်ချက် ချပါ၊(မှန်လှပါ ဘုရား)။

ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် ပဋိစ္စသမုပ္ပါဒ်အစ,ကိုလဲ သိတော်မူတယ်၊ အဆုံးကိုလဲ သိတော်မူတယ် ဆိုတာလဲ မှတ်ရမယ်၊ (မှန်လှပါ ဘုရား)။

အစ, သိခြင်းကြောင့်လဲ ဘုရားရှင် ကိုယ်တော်မြတ်ကြီး သံဝေဂဉာဏ် ပွားတော်မူတယ်၊ (မှန်ပါ့ ဘုရား)။

အဆုံးသိခြင်းကြောင့်လဲ ဘုရားအဖြစ်ရောက်တော်မူတယ်ဆိုတာ ဒကာကြွယ် မှတ်ရလိမ့်မယ်၊ (မှန်လှပါ) အစ, သိလို့ သံဝေဂဉာဏ်ပွားတယ်၊ (မှန်ပါ့) အဆုံးသိတာနဲ့ ဘုရားအဖြစ်သို့ ရောက်တော်မူတယ်၊ (မှန်ပါ့ ဘုရား)။

အဲဒီတော့ ဒီ ဒကာ-ဒကာမတွေလဲ ကိုယ့်အတန်းနဲ့ကိုယ်ဆိုသလို အစ,လဲသိမှ၊ အဆုံးလဲ သိမှ ဒိဋ္ဌိဝိစိကိစ္ဆာ ကင်းပြီးသကာလ ဒကာ ဒကာမတို့ ဝိပဿနာဉာဏ်သို့ သက်ဝင်နိုင်ပါတယ်၊ (မှန်လှပါ ဘုရား)။

ပဋိစ္စသမုပ္ပါဒ်နားလည်မှ ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာ ကင်းမယ်

ဒိဋ္ဌိဝိစိကိစ္ဆာ မကင်းဘဲနဲ့ ဝိပဿနာဉာဏ် သက်ဝင်နေလို့ ရှိရင်ဖြင့် ဝိပဿနာအာပေါက်အောင် အားထုတ် ငြားသော်လဲ ဒိဋ္ဌိဝိစိကိစ္ဆာ မကင်းတဲ့အတွက် မရဘူးလို့မှတ်ပါ၊ (မှန်လှပါ ဘုရား)။

ဒါဖြင့် ဝိပဿနာ အားထုတ်ချင်လို့ရှိရင် ပဋိစ္စသမုပ္ပါဒ်နားလည်မှ ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာ ကင်းမယ်၊ (မှန်လှပါ ဘုရား) ဒိဋ္ဌိဝိစိကိစ္ဆာကင်းပြီး အားထုတ်မှသာလျှင် မဂ်ဉာဏ်, ဖိုလ်ဉာဏ်ရမယ်လို့ မှတ်ကြပါ၊ (မှန်လှပါ ဘုရား)။

အဲဒီတော့ ဒကာ ဒကာမတွေ ကိုယ့်အကြောင်း ကိုယ်သိရအောင် စဉ်းစားကြစို့။ (မှန်ပါ့)။

ဘုရားအပေါ်၌လည်း ယုံကြည်၊ ဆရာဘုန်းကြီးအပေါ်၌လည်း ယုံပြီးသကာလ ဒကာ ဒကာမတို့သည် ယခု ၁-နံပါတ်မှာနေသလား၊ ၂-နံပါတ်ထဲ ရောက်နေကြသလား ဆိုတာ အကဲခတ်ပါ၊ (၂-နံပါတ်ထဲရောက်နေပါတယ် ဘုရား)။

ကောင်းပြီ၊ ၂-နံပါတ်ထဲ ရောက်နေတယ်ဆိုတော့ ဒကာ ဒကာမတို့ မြင်တဲ့အတိုင်းတဲ့၊ ၂-နံပါတ်ဆိုတာ ဒါပါပဲနော်၊ (မှန်လှပါ) ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်းကို ထောက်ပြသည်။

ပစ္စုပ္ပန် အကျိုးခြင်းရာ ငါးပါး

ပစ္စုပ္ပန် အကျိုးခြင်းရာ ငါးပါး၊ ဖတ်ကြည့်လိုက်တဲ့အခါကျတော့ ဝိညာဏ်, နာမ်ရုပ်, သဠယတန, ဖဿ, ဝေဒနာလို့ မတွေ့ဘူးလား၊ (တွေ့ပါတယ် ဘုရား)။

အဲဒါကို ဒကာ ဒကာမတို့ နားလည်တဲ့နည်းနဲ့ ပြောရင်ခန္ဓာငါးပါး (မှန်လှပါ ဘုရား) ပဋိစ္စသမုပ္ပါဒ်လို့ ရေတွက် တဲ့အခါကျတော့ စာပါအတိုင်းပေါ့ဗျာ၊ (မှန်လှပါ ဘုရား) ရှင်းပြီ၊ (ရှင်းပါပြီ ဘုရား)။

ဪ ဒကာ ဒကာမတွေ ဒီအထဲမှာ အခုရောက်နေကြတယ်၊ အခုပဋိသန္ဓေဝိညာဏ်နဲ့လဲ နေကြတယ်၊ ပဝတ္ထိဝိညာဏ်နဲ့လဲ နေကြတယ်၊ (မှန်လှပါ ဘုရား) ပဋိသန္ဓေဝိညာဏ်ဆိုတာ ပဋိသန္ဓေစိတ်ကလေးကို ဆိုတယ်၊ (မှန်ပါ့)။

ပဝတ္တိ ဝိညာဏ်ဆိုတဲ့ ဥစ္စာ ဒကာ ဒကာမတွေ အိပ်နေတဲ့အခါကျတော့ မလာအောင် စောင့်ရှောက်နေတဲ့ ဘဝင်စိတ်တွေကိုဆိုတာ၊ (မှန်လှပါ ဘုရား) အခု ပဝတ္တိဝိညာဏ်နဲ့ နေကြတယ်လို့မှတ်ပါနော်၊ (မှန်လှပါ ဘုရား)။

နာမ်ရုပ်တွေကတော့ ရှိပါတယ်၊ သွားချင်တာက နာမ်၊ သွားတာကရုပ်၊ အိပ်ချင်တာက နာမ်၊ အိပ်တာကရုပ် ဆိုတော့ နာမ်ရုပ်တွေလဲ အခုခန္ဓာကိုယ်ထဲမရှိကြဘူးလား (ရှိပါတယ် ဘုရား) သဠာယတနဆိုတာ မျက်စိ, နား, နှာခေါင်း လျှာ, ကိုယ်တွေကော ဒကာ ဒကာမတွေရှိကြရဲ့လား၊ (ရှိပါတယ် ဘုရား)။

မနဆိုတဲ့စိတ်ကကော၊ (ရှိပါတယ် ဘုရား)။

အာရုံတွေကို တွေ့ထိတဲ့ဖဿကော၊ (ရှိပါတယ် ဘုရား)။

အာရုံတွေကို ခံစားတဲ့ဝေဒနာတွေကော (ရှိပါတယ် ဘုရား)။

ဒါဖြင့် ဒကာကြွယ်တို့က စဉ်းစားပါ၊ ဪ ပဋိစ္စသမုပါဒ်အလိုတာ့ ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ ခန္ဓာလို ဖွဲ့လိုက်တော့ ခန္ဓာငါးပါး၊ (မှန်လှပါ ဘုရား)။

အခုဘယ်သူနဲ့ နေကြသတုံးလို့ မေးလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ပစ္စုပ္ပန်အကျိုးခြင်းရာ ငါးပါးကို ၂-နံပါတ် သာကြည့်လိုက်၊ (မှန်ပါ့ ဘုရား) ၂-နံပါတ်ကြည့်လိုက်တဲ့အခါကျတော့ ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ နဲ့နေကြရတယ်၊ (မှန်လှပါ) ရှင်းပြီနော်၊ (ရှင်းပါပြီ ဘုရား)။

ဒုက္ခသစ္စာသာမှတ်

အဲဒါသည်ကားလို့ဆိုရင်ဖြင့် သစ္စာပိုင်းကို သူနဲ့ဆက်ပြီး ကြည့်လိုက်၊ ၂-နဲ့တည့်တည့်ကြည့်လိုက်တော့ ဘာသစ္စာ တွေ့သလဲ၊ (ဒုက္ခသစ္စာ တွေ့ပါတယ် ဘုရား)။

ဪ ယခုတရားနာနေတဲ့ ဒကာ ဒကာမတွေ ခန္ဓာကိုယ်ထဲမှာ ဘာပဲပေါ်ပေါ်၊ ဦးသန်းမောင် ဒုက္ခသစ္စာသာ မှတ်၊ (မှန်လှပါ) ရုပ်ပေါ်လဲ (ဒုက္ခသစ္စာသာမှတ်) နာမ်ပေါ်လဲ (ဒုက္ခသစ္စာသာမှတ်) မျက်လုံး ရုပ်ကလေးပေါ်ရင်လဲ (ဒုက္ခသစ္စာပါ ဘုရား)။

ဪ ဒကာ ဒကာမတို့ သန္တာန်၌၊ ယခုအခါမှာ ဒုက္ခသာ ပင်လယ်ဝေတော့တယ်လို့ ဒကာသစ်၊ ဒကာကြွယ် မှတ်လိုက်စမ်းပါ၊ (မှန်လှပါ ဘုရား)။

ဒါဖြင့် ဘယ်အခါရှုရှု၊ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဖြစ်မှုပျက်မှုတွေ့တာသည် ဒုက္ခသစ္စာချည်း မှတ်လိုက်၊ (မှန်လှပါ ဘုရား)၊ အခု ရ,ထားတာ ဘာသစ္စာလဲ၊ (ဒုက္ခသစ္စာပါ ဘုရား)။

ဒါဖြင့် ဒီအထဲရှိတာတွေဟူသရွေ့သည်ကား လို့ဆိုရင် ဖြစ်မှုနဲ့ ပျက်မှုပဲ ရှိမှာပဲ၊ (မှန်ပါ့) အဲဒီဖြစ်မှုပျက်မှုတွေ ကဘာသစ္စာလဲ၊ (ဒုက္ခသစ္စာပါ ဘုရား)။

လူ့ဘဝ ဘာသစ္စာ တုံး

အဲဒါကြောင့် ဒကာ ဒကာမတို့ သန္တာန်၌ ခန္ဓာငါးပါး ဝိညာဏ်, နာမ်ရုပ်, သဠယတန, ဖဿ, ဝေဒနာဆိုတာ သည် ပစ္စုပ္ပန်အကျိုးတစ်လွှာ၊ (မှန်လှပါ ဘုရား) သစ္စာကျတော့၊ (ဒုက္ခသစ္စာပါ ဘုရား) ဪ ဒါဖြင့် လူ့ဘဝ ဘာသစ္စာ တုံး၊ (ဒုက္ခသစ္စာပါ ဘုရား) ဪ ဒါဖြင့် လူ့ဘဝ ဘာသစ္စာတုံး၊ (ဒုက္ခသစ္စာပါ) ဦးသန်းမောင် လူ့ဘဝကြီးဟာ၊ (ဒုက္ခသစ္စာ ပါ ဘုရား) ဒုက္ခသစ္စာတဲ့ ဒကာကြွယ်၊ (မှန်လှပါ ဘုရား)။

ကိုင်း ဒါဖြင့် လူ့ဘဝ ဒုက္ခသစ္စာဆိုတာ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ဟောတော့ ဓမ္မစကြာရပြီးသား ပုဂ္ဂိုလ်က “သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ” ခန္ဓာငါးပါးဟာ ဘာတဲ့၊ (ဒုက္ခသစ္စာပါ ဘုရား)။

ဒုက္ခသစ္စာလို့ ဟောထားတာလဲ ငြင်းစရာမရှိအောင် မှန်နေတယ်၊ (မှန်လှပါ ဘုရား) ဘာသစ္စာနဲ့ နေကြ-ထိုင်ကြသလဲ၊ (ဒုက္ခသစ္စာနဲ့ နေကြ – ထိုင်ကြပါတယ် ဘုရား) ဖြစ်ဒုက္ခ၊ ပျက်ဒုက္ခနဲ့ နေရတာပဲ၊ (မှန်ပါ့ ဘုရား) ဘာနဲ့ နေကြရတယ်၊ (ဖြစ်ဒုက္ခ ပျက်ဒုက္ခနဲ့ နေကြရပါတယ် ဘုရား)။

ဖြစ်ဒုက္ခ ပျက်ဒုက္ခနဲ့ နေရတော့ ဖြစ်တာလဲဒုက္ခ၊ ပျက်တာလဲဒုက္ခ၊ ခန္ဓာကိုယ်တစ်ခုလုံးကလဲ ဖြစ်မှု၊ ပျက်မှုနဲ့ပဲ ရှိတော့ ဒုက္ခသစ္စာလို့ဆိုတာ ဦးသန်းမောင်တို့ ဒကာကြွယ်တို့ မငြင်းနဲ့တော့၊ (မငြင်းပါ ဘုရား) ရှင်းသွားပလား၊ (ရှင်းသွား ပါပြီ)

ဒါဖြင့် ဒီဒုက္ခသစ္စာကြီးဟာ ဪ-တပည့်တော်တို့ လူ့ဘဝရအောင် လူ့ဘဝကို တပည့်တော်တို့ရတာ ဒုက္ခသစ္စာ ရတာကိုးဆိုတာ သဘောကျပလား၊ (ကျပါပြီ ဘုရား)။

ဒါဖြင့် လူ့ဘဝရတာ ဘာသစ္စာပါလိမ့်၊ (ဒုက္ခသစ္စာရပါတယ် ဘုရား)၊ ဘယ်မှာတုန်းလူချမ်းသာဆိုတာ ပြောကြ စမ်းပါဦး (မရှိပါဘူး ဘုရား) ဒကာ ဒကာမတွေ စဉ်းစားပါ ခင်ဗျားတို့ကို သာမညဟောတော့ လူချမ်းသာလို့ဟောတယ် (မှန်ပါ့)။

ခန္ဓာငါးပါး ဒုက္ခသစ္စာ

အခု သေသေချာချာ ဓမ္မစကြာ အကိုးအကားထားပြီး ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်ကို ကိုးကားထားလိုက်တော့ ခန္ဓာငါးပါး ဒုက္ခသစ္စာတရား (မှန်လှပါ ဘုရား) မြင်ကြပလား (မြင်ကြပါတယ် ဘုရား) ခန္ဓာငါးပါး (ဒုက္ခသစ္စာတရား ပါ ဘုရား)။

ဘယ်မှာတုန်း ဒကာကြွယ် လူ့ချမ်းသာ (မပါ-ပါ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ) ဒကာ ဒကာမတို့ လူ့ချမ်း သာပါရဲ့လား (မပါ-ပါ ဘုရား) ခင်ဗျားတို့ ၁-ထဲမှာလား၊ ၂-ထဲမှာလား (၂-ထဲမှာပါ ဘုရား) ၂-ထဲမှာ ဘာတွေနဲ့နေကြ တယ်၊ ဒီငါးပါးတွေနဲ့နေကြတယ် (မှန်လှပါ ဘုရား)။

ဒီငါးပါးနဲ့နေကြတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ စဉ်းစားကြည့်တော့ ဒီငါးပါး ဘာသစ္စာလဲ (ဒုက္ခသစ္စာ ပါ ဘုရား) အို-ချမ်းသာကို မပါ- ပါလား(မပါ-ပါ ဘုရား) ဒကာ ဒကာမတွေ ဒါဖြင့် လူ့ချမ်း၊ နတ်ချမ်းသာ၊ ဗြဟ္မာချမ်း သာ အကြိမ်ကြိမ်ခံစားပြီး၍ဆိုတာ လွဲမနေဘူးလား (လွဲနေပါတယ် ဘုရား)။

လူ့ချမ်းသာ၊ နတ်ချမ်းသာ၊ ဗြဟ္မာချမ်းသာ အကြိမ်ကြိမ်ခံစား၍ဆိုတော့ ဒီအထဲ ထပ်ပြန်တလဲလဲဖြစ်၍ (မှန် ပါ ဘုရား) ဒုက္ခသစ္စာထဲ ထပ်ပြန်တလဲလဲဖြစ်၍တဲ့။

ဟာ ဦးသန်းမောင်ကြီးတို့ ငါးပါးမှောက်ပြီ (မှန်ပါ့) တောင်းထားတဲ့ငါးပါး မှောက်ပြီ (မှောက်ပါပြီ ဘုရား) အကြိမ်ကြိမ်ခံစားပြီး၍ဆိုတော့ ဦးလှဘူး ဘယ့်နှယ်တုန်း (အကြိမ်ကြိမ် ဒုက္ခခံစားရပါလို၏ ဆိုလိုပါတယ် ဘုရား) အကြိမ်ကြိမ် ၂-နံပါတ်ထဲမှ နေရ၍ (မှန်လှပါ)။

ဘယ့်နှယ်ဆိုကြမယ်၊ (အကြိမ်ကြိမ် ၂-နံပါတ်ထဲမှာနေရ၍) ၂-နံပါတ်ဘာသစ္စာလည်း (ဒုက္ခသစ္စာပါ ဘုရား) ခင်ဗျားတို့ ပါစပ်မို့ထွက်ရဲပါပေတယ်။ (မှန်လှပါ) ဦးသန်းမောင် ဘယ့်နှယ်လည်း (မသိလို့ပါ ဘုရား) မသိလို့ ထွက်တာနော် (မှန်ပါ့)။

ဒကာ ဒကာမတွေ မျက်စိဖွင့်ပေးမည့်သူ မူရှိလို့ရှိရင် ခင်ဗျားတို့သည် တောင်ဝှေးဆွဲညံ့ရင် ညံ့တဲ့နောက်ပါသွား မှာပဲ (မှန်ပါ့ ဘုရား) တောင်ဝှေးဆွဲ ကောင်းရင်လည်း (ကောင်းတဲ့နောက်ပါသွားမှာပဲ) ကောင်းတဲ့နောက်ပါသွားတော့ တောင်ဝှေးကိုလည်း ဒကာကြွယ် ရွေးဆွဲဦးမှ (မှန်ပါ့ ဘုရား)။

ခင်ဗျားတို့ တောင်ဝှေးဆွဲမယ်ဆိုရင် ငါ့ဘယ်သူဆွဲဆွဲ လိုက်မယ်ဆိုရင် ချောက်ကျလိမ့်ဦးမယ် (မှန်လှပါ ဘုရား) မဆိုထိုက်ဘူးလား(ဆိုထိုက်ပါတယ် ဘုရား)။

အဖန်ဖန်ဖြစ်ရပါလို၏တဲ့

ကဲဒါဖြင့် လူ့ချမ်းသာ နတ်ချမ်းသာ ဗြဟ္မာချမ်းသာ အကြိမ်ကြိမ်ခံစားပြီး၍ ၂-နံပါတ် ဒုက္ခသစ္စာအဖန်ဖန် ဖြစ်ရပြီး၍ (မှန်လှပါ ဘုရား)။

ဒကာသစ် ပေါ်ပလား (ပေါ်ပါပြီ ဘုရား) ဦးသန်းမောင် တို့ကော (ပေါ်ပါပြီ ဘုရား) ၂-နံပါတ် ဒုက္ခသစ္စာ ဘာတဲ့ (အဖန်ဖန်ဖြစ်ရပါလို၏) အဖန်ဖန်ဖြစ်ရပါလို၏တဲ့ (မှန်ပါ့) တောင်းကောင်းမတောင်းကောင်း (မတောင်းပါ ဘုရား) တောင်းလေလေ ဆိုးလေလေပဲ (မှန်ပါ) တောင်းလေလေ (ဆိုးလေလေပါပဲ ဘုရား) ဒကာကြွယ် ဒါသေသေချာချာ ကြည့်ပါ၊ ဒီစက်ဝိုင်းကလေးကိုကြည့်ပါ ၊ ဒါခန္ဓာဖြစ်စဉ်ပါ။ (မှန်ပါ ဘုရား)။

ခန္ဓာဖြစ်စဉ်ပါ ဘုန်းကြီးက ချဲ့ပြီးသကာလ ပြောနေတဲ့ စကားလို့ ဦးလှဘူးတို့က မဆိုနဲ့တော့ ဘုရားဟောလို့ မှတ် (မှန်လှပါ ဘုရား)။

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ လူ့ချမ်းသာ၊ နတ်ချမ်းသာ၊ ဗြဟ္မာချမ်းသာအကြိမ်ကြိမ် ခံစားပြီး၍ အဆုံးစွန် သော ဘဝ၌ (မှန်ပါ့ ဘုရား)။

အကြိမ်ကြိမ်လဲခံစားဦးမယ်တဲ့ ဘယ်တော့မှလဲ မဆုံးအောင် ခံစားရမှာ၊ အဆုံးစွန် သူ့ထည့်ချင်လို့ ထည့်တာမဆုံးဘူး (မှန်လှပါ ဘုရား) ဆုံးစရာမြင်ရဲ့လား (မမြင်ပါ ဘုရား) အဲဒါကြောင့် ခင်ဗျားတို့သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ၂-နံပါတ်သစ္စာ ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား)။

ဒါဖြင့် နောက်ဒီလိုလုပ်၊ တောင်းချင်ကြလို့ရှိရင်ခင်ဗျားတို့ ဤကဲ့သို့ လှူရ၊ တန်းရ၊ ပေးကမ်းရတဲ့ ကုသိုလ် ကံ စေတနာတွေကြောင့် ဟုတ်လား၊ ဒုက္ခသစ္စာ အကြိမ်ကြိမ်ခံစားရပါလို၏ (မှန်ပါ့) တောင်းရဲပါ့မလား (မတောင်း ရဲပါ ဘုရား) မတောင်းရဲဘူး(မှန်လှပါ ဘုရား)။

သူများတကာ လူချမ်းသာ၊ နတ်ချမ်းသာဆိုတာ ခင်ဗျားတို့ကလဲ မျက်စိက စုံလုံးကန်းဖြစ်နေတော့ ရော လိုက်သွားတယ် (မှန်လှပါ ဘုရား)။

(၂)-နံပါတ်ချောက်ကျတာပေါ့

တောင်ဝှေးဆွဲတဲ့ ပုဂ္ဂိုလ်က လူချမ်းသာဆိုပြီး ဆွဲသွားတော့ ဒကာ ဒကာမတွေက ရောလိုက်သွားတော့ ၂-နံပါတ်ချောက်ကျတာပေါ့ (မှန်လှပါ ဘုရား) ၂-နံပါတ်ဒုက္ခသစ္စာ ချောက်ထဲကျနေပြီ (ကျနေပါပြီ ဘုရား) ဒကာကြွယ် အခု ဘယ်ချောက်ထဲကျနေသလဲ (၂-နံပါတ် ဒုက္ခသစ္စာချောက်တယ် ကျနေပါတယ် ဘုရား) အံမာလေးသနားစရာကောင်း လိုက်တာ (မှန်လှပါ ဘုရား)။

ဒါ ဘယ့်နှယ်ကြောင့် ဒီချောက်ထဲ ဆင်းမိပါလိမ့်မတုန်းလို့ မေးတော့ ၁-နံပါတ်ကို ပြန်ကြည့် (မှန်လှပါ) အဝိဇ္ဇာသည် ဘာကို မသိတာလဲ ဒကာ ဒကာမတို့ (သစ္စာလေးပါးမသိတာပါ ဘုရား) ဟောဒီ ဒုက္ခသစ္စာမသိလို့ (မှန်လှပါ ဘုရား) ဒီဒုက္ခသစ္စာကို ဒီအဝိဇ္ဇာက သိရဲ့လား (မသိပါ ဘုရား) မသိတော့ ဒုက္ခသစ္စာရောက်လိမ့်မယ်ဆိုတာ ကို မသိပါဘူးတဲ့ ဒီအဝိဇ္ဇာက (မှန်လှပါ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ပြုတဲ့ ဘုံဘဝတွေ လိုချင်တဲ့ကုသိုလ် စေတနာ သင်္ခါရ ခင်ဗျားတို့ ပြုလိုက်တယ် (ပြု ပါတယ် ဘုရား) ဘုံဘဝလိုချင်တဲ့ ကုသိုလ်စေတနာ (မှန်ပါ့) လူ့ချမ်းသာ၊ နတ်ချမ်းသာ၊ ဗြဟ္မာချမ်းသာလိုချင်ကြတဲ့ သင်္ခါရပြုလိုက်ပါတယ် (မှန်ပ့ါ) ပြုလိုက်တဲ့ အခါကျတော့ သေသည်၏ အခြားမဲ့တဲ့ ခင်ဗျားတို့ ဒီ ၂-နံပါတ် ပြန်ရတယ် (ရပါတယ် ဘုရား)။

အဝိဇ္ဇာနဲ့ တောင်းတယ်

ဒါဟာ သိလို့ရတာလား ၊ မသိလို့ ဒုက္ခသစ္စာရတာလား (မသိလို့ ရတာပါ ဘုရား) ဒါဖြင့် ခင်ဗျားတို့ တောင်း ကတည်းက ဒကာကြွယ်ကြီးတို့ ရမ်းတောင်းတယ် (ရမ်းတောင်းပါတယ် ဘုရား) အဝိဇ္ဇာနဲ့ တောင်းတယ် (မှန်ပါ ဘုရား) ဦးသောင်းတင် ဘာနဲ့တောင်းသလဲ (အဝိဇ္ဇာနဲ့တောင်းပါတယ် ဘုရား)။

အဝိဇ္ဇာနဲ့မသိလို့ တခါတည်း သင်္ခါရအလုပ်ဆိုတဲ့ ကုသိုလ်ကို လုပ်လိုက်ပါတယ် (မှန်ပါ့) လူချမ်းသာ နတ်ချမ်း သာလိုချင်လို့လုပ်တဲ့ ကုသိုလ်ပေါ့ဗျာ (မှန်လှပါ ဘုရား)။

အဲဒါတွေလည်း လုပ်လိုက်ပါရောတဲ့၊ တဏှာနဲ့ဆုတောင်း ဥပါဒါန်နဲ့ စွဲလမ်း၊ ကာယကံ၊ ဝစီကံ နဲ့ ဘုံဘဝ ရောက်ပါစေတတ်တဲ့ ကုသိုလ်တွေ လုပ်လိုက်ပါတယ် (မှန်လှပါ ဘုရား)။

လုပ်လိုက်တဲ့အတွက်တဲ့၊ သေသည်၏ အခြားမဲ့၌ ဒီလိုစပ်သွားပြီ (မှန်ပါ့) ဒီကအကြောင်းနဲ့ ဒီကအကျိုးစပ်ပြီ ကွတဲ့ (မှန်လှပါ) မစပ်သေးဘူးလား (စပ်ပါတယ် ဘုရား)။

သေသည်၏ အခြားမဲ့၌ ဘာသစ္စာရသလဲ(ဒုက္ခသစ္စာရပါတယ်) ပေါ်ကြပြီ (ပေါ်ပါပြီ ဘုရား) ဘာသစ္စာ ရသလဲ (ဒုက္ခသစ္စာရပါတယ် ဘုရား) ဒကာကြွယ်ရေ၊ ငွေကုန်လူပန်းတော့ဖြစ်ပြီ(မှန်ပါ့) မဖြစ်သေးဘူးလား (ဖြစ်ပါ ပြီ ဘုရား) အံမာလေး ကြောက်စရာကြီးပါလား (ကြောက်စရာကြီးပါ ဘုရား)။

ငွေကုန် လူပန်းဖြစ်တယ်

ငွေကုန် လူပန်းဖြစ်တယ်ဆိုတော့ ဒကာ ဒကာမတွေ မခံချင်ရင်ရှိရမယ်တဲ့၊ ဟောဒီနေရာမှာ မသိလို့ လူချမ်း သာ၊ နတ်ချမ်းသာလိုချင်တာနဲ့ သင်္ခါရကုသိုလ် လုပ်လိုက်ပါတယ် (မှန်လှပါ ဘုရား)။

ဒီတခါတုန်းက မသိပဲနဲ့ ငွေကုန်ခဲ့တယ် (ကုန်ခဲ့ပါတယ် ဘုရား) ဟောဒီ ဒုက္ခသစ္စာလာရတယ် (မှန်ပါ့) ဒီအတွက် တစ်ကွက်လုံးရတာပဲ (မှန်ပါ့) ဒီအတွက် တစ်ကွက်လုံးမရဘူးလား(ရပါတယ် ဘုရား) ဘာသစ္စာရသလည်း(ဒုက္ခသစ္စာ ရပါတယ် ဘုရား)။

ဒုက္ခသစ္စာဆိုတော့ ဒီမှာ ငွေကုန်လူပန်းလို့ ဒီမှာ ဒုက္ခသစ္စာရတယ် (ရပါတယ် ဘုရား) ဒီမှာ ငွေကုန်ခဲ့တယ် (မှန်ပါ့) ဒီမှာ လူပန်းတယ် (မှန်လှပါ) ဘာသစ္စာလည်း (ဒုက္ခသစ္စာပါ ဘုရား)။

အဲဒီလို ဒကာ ဒကာမတွေမှာ အရုပ်ဆိုး အကျည်းတန်လို့ ဆရာကောင်းနဲ့တွေ့ရသေးလို့ တော် တော်သေး တယ်နော်(မှန်လှပါ ဘုရား) နို့မိုရင်ငါပါးမှောက်ပြီ (မှန်ပါ့) မမှောက်သေးဘူးလား (မှောက်ပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် အဝိဇ္ဇာဆိုတာ သစ္စာလေးပါး မသိတာ ဘာခေါ်ကြမယ် (အဝိဇ္ဇာခေါ်ပါတယ် ဘုရား) ကောင်းပြီ ဒါဖြင့် သစ္စာလေးပါ မသိတာ ဘာခေါ်ကြမယ် (အဝိဇ္ဇာခေါ်ပါတယ် ဘုရား)။

သစ္စာလေးပါး မသိတော့ သူက သင်္ခါရ အလုပ်လုပ်ကွာ၊လူ့ဘဝရအောင်လုပ်ကွ၊ သင်္ခါရစေတနာတွေ လုပ်ကွ လို့ အဝိဇ္ဇာက မသိတော့ တိုက်တွန်းလိုက်တယ် (မှန်ပါ့) တိုက်တွန်းလိုက်တော့ သင်္ခါရအလုပ်တွေ လုပ်တယ် (လုပ်ပါတယ် ဘုရား)။

မသိတဲ့ ပုဂ္ဂိုလ်တွေ လုပ်တာ

ဒါဖြင့် မသိတဲ့ ပုဂ္ဂိုလ်တွေ လုပ်တာ(မှန်လှပါ)ဘယ်လိုဆိုကြပါ့မယ်၊ (မသိတဲ့ ပုဂ္ဂိုလ်ကုသိုလ်လုပ်တာပါ ဘုရား)မသိတဲ့ ပုဂ္ဂိုလ်ကုသိုလ်လုပ်တာ (မှန်ပါတယ် ဘုရား) သိတဲ့ ပုဂ္ဂိုလ် ကုသိုလ်လုပ်ရင် ဘုန်းကြီးတို့ကအားပေးတယ် (မှန်ပါ့ ဘုရား)။

မသိတဲ့ပုဂ္ဂိုလ် ကုသိုလ်သင်္ခါရလုပ်လိုက်တဲ့ အတွက်တဲ့၊ သင်္ခါရပစ္စယာ ဒီမှာကြည့်လိုက်၊ မသိတာက အဝိဇ္ဇာ ကုသိုလ်ပြုလုပ်တာက သင်္ခါရ (မှန်လှပါ ဘုရား)။

ဟော သင်္ခါရပစ္စယာ အလယ်ပိုင်း လာကြည့်လိုက်၊ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာဆိုတဲ့ ခန္ဓာငါးပါးပြန်ရတယ် (မှန်ပါ့ ဘုရား) အလယ်ပိုင်းမှာမပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

အလယ်ပိုင်းမှာတဲ့ ဟောဒီအဝိဇ္ဇာသင်္ခါရ မင်းတို့လုပ်ခဲ့တဲ့အတွက် ဟောဒီ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာကို မင်းတို့လုပ်ရလာတယ် (မှန်လှပါ) ဒကာကြွယ်တွေ့လိုက်ကဲ့လား (တွေ့ပါတယ် ဘုရား)။

”အဝိဇ္ဇာပစ္စယာသင်္ခါရာ၊ သင်္ခါရပစ္စယာဝိညာဏံ” လို့ ဆက်သွားပြီကွတဲ့ (ဆက်သွားပါပြီ ဘုရား) မဆက် သေးဘူးလား (ဆက်ပါပြီ) ဒါဖြင့် မသိသောပုဂ္ဂိုလ်ဘုံဘဝတောင်းတလို့ လှူတာ သင်္ခါ(မှန်ပါ့) မသိတာ (အဝိဇ္ဇာပါ ဘုရား) အင်း ဟင်ဘုံဘဝ တောင့်တပြုလုပ်တာက (သင်္ခါရပါ ဘုရား)။

ဪ အဝိဇ္ဇာနဲ့သင်္ခါရကြောင့် ဟောဒီဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ ဒုက္ခသစ္စာ(မှန်ပါ့) သေးဘူးလား (ပေါ်ပါပြီ ဘုရား) ဒကာကြွယ် အလယ်ပိုင်းကြည့်မှနော်(မှန်ပါ့) ဒီနေ့ အလယ်ပိုင်းကို ပြောင်းဟောတာ (မှန်ပါ့ ဘုရား) ဦးသန်းမောင်တွေ့ပလား (တွေ့ပါတယ် ဘုရား)။

အဝိဇ္ဇာသင်္ခါရ၊ အနီးကွင်းထဲကပေါ့ဗျာ၊ (မှန်လှပါ ဘုရား) အဝိဇ္ဇာ သင်္ခါရနဲ့ဆက်ပြီးသကာလစပ်ပြီး နေပါပြီ တဲ့ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာနဲ့ (မှန်လှပါ ဘုရား)။

ဒုက္ခသစ္စာမသိလို့ ဒုက္ခရကြောင်း ကုသိုလ်လုပ်တယ်

ဒါဖြင့် ဒုက္ခသစ္စာမသိလို့ ဒုက္ခရကြောင်း ကုသိုလ်လုပ်တယ် (လုပ်ပါတယ် ဘုရား) လုပ်ခြင်းကြောင့် သေသည်၏ အခြားမဲ့၌ ဟောဒီခန္ဓာငါးပါးပြန်ရတယ်၊ (မှန်လှပါ ဘုရား) သဘောကျပလား (ကျပါပြီ) ဒီခန္ဓာငါးပါးဟာ ဘာသစ္စာဆိုတာ မသိမှာစိုးလို့ ဒုက္ခသစ္စာ (ဒုက္ခသစ္စာပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘယ်ကာလများအကျိုးပေးမာတုန်းဆိုတော့ ဒီကြည့်လိုက် (ပစ္စုပ္ပန်) ပစ္စုပ္ပန်အကျိုးတစ်လွှာဆိုတော့ ယခု ပစ္စုပ္ပန်ဘဝမှာ ရပါတယ်(မှန်ပါ့ ဘုရား) မရဘူးလား (ရပါတယ် ဘုရား)။

ဒါကြောင့် ခင်ဗျားတို့ ယခုအိုဘေး၊ နာဘေး၊ သေဘေးကော လွတ်ကြရဲ့လား (မလွတ်ပါဘူး ဘုရား) ဖြစ်ပျက် ဘေးတွေကော (မလွတ်ပါ ဘုရား) ဘာသစ္စာတွေနဲ့ နေကြရသလဲ (ဒုက္ခသစ္စာနဲ့ နေရပါတယ် ဘုရား) ဒုက္ခသစ္စာနဲ့ ချည်း နေကြရတယ်ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဪ ဒါဖြင့် ဒို့ဒုက္ခသစ္စာခန္ဓာကြီး အဝိဇ္ဇာသင်္ခါရက ပြုလုပ်လိုက်တာပဲလို့ သိလိုက်ပါတော့ (မှန်လှပါ ဘုရား) ဒုက္ခသစ္စာခန္ဓာကြီး ဘယ်သူပြုလုပ်လိုက်သလဲ (အဝိဇ္ဇာသင်္ခါရက ပြုလုပ်လိုက်ပါတယ် ဘုရား)။

ဖန်ဆင်းတဲ့ ခန္ဓာမဟုတ်ပါဘူး

ကောင်းပြီ ဒါဖြင့် သိကြား၊ ဗြဟ္မာ၊ ဘုရားလာပြီး ဖန်ဆင်းတဲ့ ခန္ဓာမဟုတ်ပါဘူး (မဟုတ်ပါဘူး ဘုရား) ဒကာကြွယ် အဝိဇ္ဇာ သင်္ခါရကြောင့်ဖြစ်ရတာ (မှန်ပါ့ ဘုရား) ရှင်းပလား၊ (ရှင်းပါပြီ ဘုရား) ဘယ်သူ့ကြောင့်ဖြစ်ရပါ လိမ့် (အဝိဇ္ဇာ သင်္ခါရကြောင့်ဖြစ်ရပါတယ် ဘုရား)။

ကောင်းပြီဒါဖြင့် ဒီနေ့ အလယ်တန်းကို ဂရုစိုက်ပြီးကြည့်ပါ (မှန်လှပါ ဘုရား) ဒကာ ဒကာမတွေအခု စိတ် ဝိညာဏ်တွေနဲ့ ခန္ဓာ ရုပ်နာမ်တွေနဲ့ မျက်စိ၊ နား၊ နှာခေါင်းတွေနဲ့ ဝေဒနာဖဿတွေနဲ့ နေကြတယ် (မှန်ပါ့)။

ဪ ဒါဘယ်သူဖန်ဆင်းလိုက်လို့ ပေါ်လာတဲ့ခန္ဓာပါလိမ့်၊ (အဝိဇ္ဇာ၊ သင်္ခါရ ဖန်ဆင်းလို့ပါ ဘုရား) ဒီလို သိလိုက်တော့ ဒကာသစ်တို့ ဦးသန်းမောင်တို့ ဪ ဘယ်သူမှဖန်ဆင်းတာ မဟုတ်ဘူးဟေ့ မသိလို့ပြုလုပ်တာ၊ ပြု လုပ်လို့ ပေါ်လာတာပဲ၊ (မှန်လှပါ ဘုရား) မသိလ့ိုပြုလုပ်၊ ပြုလုပ်လို့ပေါ်လာတာသည် ဘာသစ္စာလဲ (ဒုက္ခသစ္စာပါ ဘုရား)။

ကဲ မသိတဲ့ပုဂ္ဂိုလ်များ လှူတာ၊ တန်းတာ၊ ဦးသန်းမောင် သိပ်ကြောက်စရာကောင်းတယ် (မှန်လှပါ ဘုရား) ဘာသစ္စာရလာသတုန်း၊(ဒုက္ခသစ္စာရလာပါတယ် ဘုရား)ဒီ အထဲမကျေနပ်လို့ ဒကာ ဒကာမတွေ မသိတဲ့အထဲမှာ ဆိုးဝါးတာ ပိုလာသေးတယ် (မှန်လှပါ) ဒကာကြွယ် ဘာတဲ့တုန်း (ဆိုးဝါးတာ ပိုလာပါတယ် ဘုရား) မသိတဲ့အထဲ ဆိုးဝါတာပိုတယ် (မှန်ပါ့ ဘုရား)။

မသိတာက လူဟာ ဒုက္ခသစ္စာ၊ နောက်ရမည့် လူချမ်းသာဆိုတာ မဟုတ်ပါဘူး၊ ဒုက္ခသစ္စာပါလို့ မသိတာ (မှန်ပါ့) မသိတဲ့အထဲအကြိမ်ကြိမ်ဖြစ်ရပါလို၏တဲ့ မဆိုးဝါးဘူးလား (ဆိုးဝါးပါတယ် ဘုရား) သဘောကျပလား (ကျပါပြီ)။

မသိဆိုးဝါးကြီး အကြိမ်ကြိမ်ဖြစ်ရပါလို၏

ဒါဖြင့် ခင်ဗျားတို့မှာ မသိဆိုးဝါးကြီးကို (အကြိမ်ကြိမ်ဖြစ်ရပါလို၏) ဒကာကြွယ် ဘယ့်နှယ်ပါလိမ့် (မသိဆိုး ဝါးကြီးပါ ဘုရား) မသိဆိုးဝါးကြီးဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

အဲဒါ ဒီတရားမျိုးကို မနာဘူးသေးလို့ ဤကဲ့သို့ ခေါင်းဆောင်ကောင်းနဲ့လည်း မတွေ့သမျှကာလပတ်လုံး ဒကာကြွယ် ဒီအဝိုင်းကြီး လှည့်ဦးမှာပဲ (မှန်ပါ့ ဘုရား) မလှည့်ပေဘူးလား (လှည့်ပါတယ် ဘုရား)။

ဒါကြောင့် ဒီဒကာ ဒကာမတွေ ဒီရက်အတွင်းမှာ သာမည နေမကောင်း ထိုင်မကောင်းရှိလည်း လာဖြစ်အောင် သာလာကြ (မှန်လှပါ ဘုရား) မလာရင်ဖြစ်ကို မဖြစ်ဘူး (မှန်လှပါ ဘုရား)။

ကဲဒါဖြင့် ဒကာကြွယ် ကိုယ့်အမှားတော်ပုံကြီးခဲ့တာသိပြီလား (သိပါပြီ) ရှေးဘဝက ဒကာကြွယ် ဘာတွေ လုပ်ခဲ့ပါလိမ့် (အဝိဇ္ဇာသင်္ခါရ လုပ်ခဲ့ပါတယ် ဘုရား)။

အဝိဇ္ဇာက ဒုက္ခသစ္စာ မသိတာ (မှန်ပါ့) အဝိဇ္ဇာ မသိတော့ သင်္ခါရက ဒါနကုသိုလ် ပြုလိုက်တယ် (မှန်ပါ့) အဲဒါ ပုညာဘိ သင်္ခါရလို့ခေါ်ပါတယ် (မှန်ပါ့ ဘုရား) ပုညတော့ ပုညပဲတဲ့၊ ပုညဆိုတာ ကုသိုလ်ပဲတဲ့၊ သို့သော် သင်္ခါရ တဲ့ပြုပြင်လိမ့်မယ်တဲ့ (မှန်ပါ့ ဘုရား)။

ဘာပြုပြင်မှာတုန်းမေးတဲ့အခါကျတော့ ဟောဒီဒုက္ခသစ္စာကို ပြုပြင်မယ် (မှန်လှပါ ဘုရား) ရှင်းပလား (ရှင်း ပါပြီ ဘုရား) အင်း ဟင် မသိတဲ့ အဝိဇ္ဇာကြောင့် ကျုပ်တို့က ကုသိုလ် သင်္ခါရတွေ ပြုလိုက်ပါတယ်၊ ပြုလိုက်တော့ အကျိုးတရားပေါ်မလာဘူးလား (လာပါတယ် ဘုရား) ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား)။

ဪ ဒါဖြင့် မသိလို့ ခင်ဗျားတို့ သည်ကားလို့ဆိုလို့ရှိရင်ဖြင့်တဲ့၊ ပြုချင်ချင်သလို ပြုတာပဲ (မှန်ပါ့)ဒါဖြင့် မသိတာ အဝိဇ္ဇာ၊ ဟိုဘဝက တောင့်တလှူတာက သင်္ခါရ (မှန်ပါ့) ရတော့ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ဒုက္ခသစ္စာ (မှန်လှပါ ဘုရား) ပေါ်ကြပလာ (ပေါ်ပါပြီ ဘုရား) ဘာသစ္စာရသလဲ (ဒုက္ခသစ္စာ ရပါတယ် ဘုရား)။

အခုအသက်ကြီးတဲ့ ပုဂ္ဂိုလ်တွေ ဒကာကြွယ် မေးမေး ဦးသန်းမောင်တို့ မေးမေး၊ နောက်က ဒကာ ဒကာမတွေ ပဲမေးမေး၊ ဒကာ ဒကာမတို့ နေလို့ထိုင်လို့ ကောင်းကြရဲ့လား စိတ်ကောင်းကောင်းများ ထားနိုင်ကြရဲ့လား သားပူ၊ သမီးပူ၊ ဆွေပူ၊ မျိုးပူများကင်းကြရဲ့လား၊ မင်းဘေး၊ စိုးဘေး၊ သူခိုးဘေးများကော ခင်ဗျားတို့ကြောင့်ကြ နေကြရသလား ဆိုမပြောပါနဲ့ဘုရား (မှန်ပါ့) အချို့ဖြင့် တန်းကုန်နေတယ် (ကုန်ပါတယ် ဘုရား) ဘာသစ္စာနဲ့နေရသလဲ (ဒုက္ခသစ္စာ နဲ့ နေရပါတယ် ဘုရား)။

ဒုက္ခမျိုးစုံ အကျိုးပေးပါတယ်

ဪ ဒုက္ခသစ္စာနဲ့နေခဲ့ရတာ ဒကာ ဒကာမတို့ကံမကောင်း အကြောင်းမသင့်လို့ မဆိုပါနဲ့တဲ့ မသိတဲ့ အဝိဇ္ဇာ နဲ့ ပြုလုပ်တဲ့ ကုသိုလ်ကြောင့် ဒုက္ခမျိုးစုံ အကျိုးပေးပါတယ် (မှန်လှပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

မသိတဲ့ အဝိဇ္ဇာကြောင့် ပြုလုပ်ထားတဲ့ သင်္ခါရတွေ ပြုလိုက်တယ် (မှန်ပါ့) သေသည်၏ အခြားမဲ့၌ ဟော ဒါနဲ့ စပ်ပြီးသကာလ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ ဒုက္ခသစ္စာ (မှန်လှပါ ဘုရား)။

ဪ တပည့်တော်တယ်အချိန်ရမှာပါလိမ့်မတုန်းဆိုတော့ ယခုဟေ့လို့ ဒီဟာက ပြတယ် (ပြပါတယ် ဘုရား) အခုရထားတဲ့ ပစ္စုပ္ပန်အကျိုးတလွှာ၊ ဦးသန်းမောင် နောက်မှရတာလား၊ အခုရတာလား၊ (အခုရတာပါ ဘုရား)။

အခုရထားတာက အကြောင်းလား၊ အကျိုးလားလို့မေးတဲ့အခါကျတော့ ဒီမှာ ပစ္စုပ္ပန်အကျိုးကွတဲ့ (မှန်ပါ့) မပြဘူးလား (ပြပါတယ် ဘုရား) အကြောင်းလား ၊ အကျိုးလား (အကျိုးပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ အကျိုးရှိလို့ရှိရင် အကြောင်းကို လိုက်ရှာတော့ အဝိဇ္ဇာ သင်္ခါရလာတွေ့တယ် (မှန်လှပါ ဘုရား) ဪ သူတို့ လုပ်လိုက်တာပဲ (မှန်လှပါ ဘုရား)။

ဒါဖြင့် အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ၊ ဒါက အတိတ်ဘဝက (မှန်ပါ)့ အခု ပစ္စုပ္ပန် ဘဝကျတော့ ဝိညာဏ်၊ နာမ် ရုပ်၊ သဠာယတန၊ ဖဿ ဝေဒနာ (မှန်ပါ့) မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)ဒါဖြင့် ဒါတွေ ဘာသစ္စာတုန်း (ဒုက္ခ သစ္စာပါ ဘုရား) နောက်မှပေါ်သလား၊ ယခုပေါ်နေသလား (ယခုပေါ်နေပါတယ် ဘုရား)။

ယခုပေါ်နေတယ်တဲ့၊ ဒါဖြင့် ခင်ဗျားတို့ သစ္စာမသိတဲ့အဝိဇ္ဇာစီမံသလို သင်္ခါရက ပြုလုပ်တော့ ဒုက္ခသစ္စာကြီး လှလှရလာတယ်၊ (မှန်လှပါ ဘုရား) အဝိဇ္ဇာနဲ့သင်္ခါရ ဘာသစ္စာတုံး (သမုဒယသစ္စာပါ ဘုရား)။

ယခုရထားတာကြီးက ဘာသစ္စာတုံး၊ (ဒုက္ခ သစ္စာပါ ဘုရား) ရှင်းပလား၊ (ရှင်းပါပြီ) သူများပြောတာလား၊ ယခုကိုယ်တိုင် မြင်ရထားလား၊ (ကိုယ်တိုင်မြင်ရတာပါ ဘုရား) ဘုန်းကြီးရေးထားတာလား၊ ဘုရားဟောတာလား၊ (ဘုရားဟောတာပါ ဘုရား)။

အဝိဇ္ဇာဆိုတာ သစ္စာလေးပါး မသိတာ

ကဲဒကာကြွယ် ငြင်းစရာမလိုဘူး၊ (မလိုပါ ဘုရား) လိုသေးရဲ့လား (မလိုပါ ဘုရား) ကိုင်း ဒါဖြင့် ဒကာဒကာမ တို့ အဝိဇ္ဇာဆိုတာက သစ္စာလေးပါး မသိတာနော်၊ (မှန်ပါ့ ဘုရား)

ကြည့်စမ်း၊ ဒီ အဝိဇ္ဇာက ဒါ ဒုက္ခသစ္စာလို့ သိရဲ့လား၊ (မသိပါ ဘုရား) မသိတော့ ခင်ဗျားတို့က လွန်ခဲ့တဲ့ အတိတ်ဘဝကနော် (မှန်လှပါ) ကုသိုလ်တရားတွေ မပြုပေဘူးလား၊ (ပြုပါတယ် ဘုရား) ဘယ်ကုသိုလ်ပါလိမ့်၊ (သင်္ခါရကုသိုလ်ပါ ဘုရား)။

သင်္ခါရကုသိုလ်၊ (ဝါ) ဘုံဘဝလိုချင်လို့ လုပ်တဲ့ကုသိုလ်၊ (မှန်လှပါ) လူ့ဘဝ နတ်ဘဝ လိုချင်လို့ လုပ်တဲ့ ကုသိုလ်ပေါ့ဗျာ၊ (မှန်လှပါ) ကဲ ဒါလူ့ဘဝ နတ်ဘဝပါပဲတဲ့၊ ဒကာ ဒကာမတို့ ရိပ်မိပလား၊ (ရိပ်မိပါပြီ ဘုရား) ဘာသစ္စာတုံး၊ (ဒုက္ခသစ္စာပါ ဘုရား)။

ဒုက္ခသစ္စာဆိုတော့ ခင်ဗျားတို့ပဋိသန္ဓေဘေးသင့်ပြီးပြီလား၊ (သင့်ပြီးပါပြီ) ဟာ ဒါဖြင့် ဇာတိဒုက္ခသင့်ပြီးပြီ၊ (သင့်ပြီးပါပြီ) အခုဘယ်ထဲရောက်နေပါလိမ့်၊ (ဇရာထဲရောက်နေပါတယ် ဘုရား) ဇရာက ဘာသစ္စာလဲ၊ (ဒုက္ခသစ္စာပါ ဘုရား)။

ရှေ့ဘယ်သွားကြမှာတုံး (ဗျာဓိ, မရဏသွားမှာပါ ဘုရား) ဗျာဓိပိ ဒုက္ခသစ္စံသွားမယ် (မှန်ပါ့) ရှေ့ဘယ်သွား ကြမှာတုံး၊ (မရဏမ္ပိ ဒုက္ခသစ္စံ သွားကြမှာပါ ဘုရား)။

ဪ ဒကာ ဒကာမတို့ ဒုက္ခလေးချက် တစ်ဆက်တည်းရတယ်၊ (မှန်ပါ့ ဘုရား) ဒုက္ခလေးချက် တစ်ဆက်တည်း (ရပါတယ် ဘုရား)။

မသိလို့ လှူလိုက်တဲ့ ကုသိုလ်ကြောင့်

တစ်ခါတည်းလို့မသိလို့ လှူလိုက်တဲ့ ကုသိုလ်ကြောင့် ဒီထဲမှာ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဟာ ဇာတိလဲရှိတယ်၊ ဇရာကော၊ (ရှိပါတယ် ဘုရား) ဗျာဓိကော၊ (ရှိပါတယ် ဘုရား) မရဏကော၊ (ရှိပါတယ် ဘုရား) ဘာသစ္စာတုံး၊ (ဒုက္ခသစ္စာပါ ဘုရား) ဒုက္ခသစ္စာတွေပဲဆိုတာ ရိပ်မိပလား၊ (ရိပ်မိပါပြီ ဘုရား)။

ကောင်းပြီ၊ ဒါဖြင့်ခင်ဗျားတို့ဘယ်လိုဖြစ်နေသတုံးဆိုတော့ လူတစ်ယောက်ကို လူတစ်ယောက်က ပြောလိုက်တယ်၊ မင်းဟာကွာတဲ့၊ ဟောဒီ ကမ်းပါးကြီးပေါ်က ခုန်ချလို့ရှိရင် အောက်ကျလို့ရှိရင် နတ်သမီးရမယ်လို့ လူတစ်ယောက်က ပြောလိုက်တယ်၊ (မှန်လှပါ ဘုရား) ထိုနတ်သမီးလိုချင်တဲ့ ပုဂ္ဂိုလ်က ခုန်ချမှာလား၊ မချဘူးလား၊ (ချမှာပါ ဘုရား)ချတော့ အရိုးတခြား အသားတခြား၊ (ဒုက္ခသစ္စာ) ဖြစ်မယ်၊ (ဖြစ်မှာပါ ဘုရား)။

ဒီမှာလဲ အဝိဇ္ဇာ မင်းနတ်သမီး လိုချင်လို့ရှိရင်ဖြင့် ဟောဒီ သင်္ခါရလုပ်၊ (မှန်ပါ့ ဘုရား) ဟုတ်လား ဒီသင်္ခါရလုပ် လို့ရှိရင်ဖြင့် မင်း ရပါလိမ့်မယ်ဆိုပြီး သကာလ ခုန်ချခိုင်းလိုက်လို့ ဟောဒီ ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ ဒုက္ခသစ္စာ (မှန်ပါ့)။

ခင်ဗျားတို့ နတ်သမီးလိုချင်တော့ နတ်ဖြစ်ချင်တယ်၊ (မှန်လှပါ) လူခင်ပွန်းမတွေ တွယ်တာတဲ့စိတ်နဲ့ သေသွားပြန်တော့လဲ ထို့အတူပဲ၊ ဒုက္ခသစ္စာ (မှန်လှပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ) ဒါဖြင့် အဝိဇ္ဇာသင်္ခါရ ဘာသစ္စာတုံး (သမုဒယသစ္စာပါ ဘုရား) ယခုရထားတာက (ဒုက္ခသစ္စာပါ ဘုရား)။

အမှားအကြောင်းကြောင့် အမှားအကျိုး

ဒါဖြင့် ဒကာ ဒကာမတို့ကျုပ်တို့ဖြင့် အမှားအကြောင်းကြောင့် အမှားအကျိုးတော့ဖြင့် ကိုယ်တိုင်တွေ့နေရပြီ၊ (မှန်ပါ ဘုရား) ဒကာကြွယ် ပြောစမ်းပါဦး ဘာတုံး၊ (အမှားအကြောင်းကြောင့် အမှားအကျိုးတွေ့နေရပါပြီ)။

အမှားအကြောင်းကြောင့် အမှားအကျိုးတော့ဖြင့် ကိုယ်တိုင်တွေ့နေရပါပြီ (မှန်ပါ ဘုရား) ဒကာကြွယ် နောက်တစ်ခါ အမှားအကြောင်းအမှား အကျိုးများလုပ်ချင်သေးသလား၊ (မလုပ်ချင်ပါ ဘုရား) ဟုတ်ကဲ့လား၊ (ဟုတ်ပါတယ် ဘုရား)။

တရားပွဲထဲမှာဟုတ်တာနော် ပြင်ဘက်ကျတော့ မဟုတ်ဘူး၊ ခင်ဗျားတို့ သိပ်ကြောက်စရာကောင်းတဲ့ လူတွေပဲ၊ သိပ်ကြောက်စရာကောင်းပါတယ်တဲ့၊ သို့သော်လဲ ပြင်ပေးရမယ် ဒကာကြွယ်ရေ၊ (မှန်လှပါ ဘုရား) ပြင်ပေးရမယ်တဲ့၊ မသိလို့ နောက်ထပ် ပြန်လုပ်တာတွေလဲ ရှိသေးတယ် (ရှိပါတယ် ဘုရား)။

အနာကလေးက ပေါက်ပြီးသားဖြစ်နေတယ်၊ ဒါကလေး ဒကာကြွယ်တို့က ဆေးတော့ မကုဘူး၊ ကုတ်ဖဲ့လိုက် ပြန်တယ်ဆိုတော့ အနားတိုးတယ်၊ (တိုးပါတယ် ဘုရား)။

ခန္ဓာနာကြီး ပေါက်နေတယ်

ခုတော့ ဒကာကြွယ်တို့ ဖြစ်စဉ်က အင်း ဟင်ရှေးဘဝက အဝိဇ္ဇာ သင်္ခါရကြောင့် ခန္ဓာနာကြီး ပေါက်နေတယ်၊ (မှန်လှပါ) နောက်ခန္ဓာကြီး ဆုတောင်းပြန်တော့ ကုတ်ဖဲ့တာနဲ့ တူနေတယ်၊ (မှန်ပါ့) အနာတိုးတယ်၊ (မှန်ပါ့) မတိုးဘူးလား၊ (တိုးပါတယ် ဘုရား)။

အဲဒီတော့ ခင်ဗျားတို့ ဤကျောင်း, ဤဘုရား, ဤဆွမ်း, ဤဆွမ်းလှူရတဲ့အတွက်ကြောင့် နောက်ဘဝဖြင့်လူ့ ချမ်းသာ နတ်ချမ်းသာ, ဗြဟ္ဗာချမ်းသာ အကြိမ်ကြိမ် ခံစားရပါလို၏ဆိုတော့ အခု အနာပေါ်မှာ ထပ်ပြီး ဆင့်လိုက်တာပဲ၊ (မှန်ပါ့) အနာပေါ် အနာဆင့်တယ်၊ (မှန်ပါ့) မဆင့်သေးဘူးလား၊ (ဆင့်ပါတယ် ဘုရား) သဘောပါကြလား၊ (ပါပါတယ် ဘုရား)။

ဒီ ဒကာ ဒကာမတွေ ခင်ဗျားတို့ အင်မတန် ကံကောင်းအကြောင်းသင့်ပြီးသကာလ ကလျာဏမိတ္တဆိုတဲ့ ဆရာကောင်းနဲ့တွေ့တယ်၊ ခင်ဗျားတို့ ကြိုက်တာ မကြိုက်တာ အပ, ထား၊ ဒီဟာနှစ်ခု ဒီဟာကြောင့် ဒါဖြစ်တယ်ဆို တာတော့ ယုံပလား၊ (ယုံပါတယ် ဘုရား)။

ဒါဖြင့် ခင်ဗျားတို့သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် အတိတ်အကြောင်းကြောင့် ပစ္စုပ္ပန်အကျိုးဖြစ်တယ်၊ (မှန်ပါ့ ဘုရား) ဟောဒီ အတိတ်အကြောင်းကြောင့် ဟောဒီ ပစ္စုပ္ပန်အကျိုး မပေါ်သေးဘူးလား၊ (ပေါ်ပါပြီ ဘုရား)။

မဆော့နဲ့တော့၊ ငြိမ်ငြိမ်နေ

ပစ္စုပ္ပန်အကျိုးထဲမှာ ဒကာကြွယ် မဆော့နဲ့တော့၊ ငြိမ်ငြိမ်နေမှ၊ (မှန်ပါ့) ပစ္စုပ္ပန်အကျိုးထဲနေတုန်း (မဆော့နဲ့၊ ငြိမ်ငြိမ်နေပါ ဘုရား)။

ဆော့ပြန်လို့ရှိရင်ဖြင့် ဒီဟာတွေ ပြန်လာဦးမယ်၊ (မှန်ပါ့ ဘုရား) အဝိဇ္ဇာ သင်္ခါရတွေမလာပေဘူးလား၊ (လာပါတယ် ဘုရား) လာလို့ရှိရင် ဒီ ဒုက္ခသစ္စာအကျိုး ပြန်ရလိမ့်မယ်၊ (မှန်ပါ့) အဲ မဇ္ဈိမပဋိပဒါ အလယ်လမ်းဖြစ်တဲ့ ဥစ္စာလိုက်ရလိမ့်မယ်၊ (လိုက်ရပါမယ် ဘုရား)။

ကိုင်းဒါဖြင့် လူတစ်ယောက်ကို တစ်ယောက်သော ပုဂ္ဂိုလ်က မင်း ဟောဒီကမ်းပါးပြတ်ပေါ်က ခုန်ချပါ၊ အောက်ကျရင် နတ်သမီးရမယ်လို့ ပြောလိုက်တော့ ဒကာ ဒကာမတွေ လူမိုက်ဆိုတော့ ခုန်ချတယ်၊ (မှန်ပါ့)။

ခုန်ချတဲ့အခါကျလို့ရှိရင်ဖြင့်တဲ့၊ အဝိဇ္ဇာသင်္ခါရက ခုန်ချလိုက်တော့ တစ်ခါတည်း ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာဆိုတဲ့ ဒုက္ခသစ္စာ ပြန်ရတယ်၊ (ပြန်ရပါတယ် ဘုရား) နတ်သမီးရသလား၊ ဒုက္ခသစ္စာရသလား၊ (ဒုက္ခသစ္စာရပါတယ် ဘုရား)။

မသိလို့ ခုန်ချလိုက်တယ်၊ (မှန်ပါ့) ခုန်ချလိုက်ပြီး ဒုက္ခရောက်တယ်၊ (မှန်ပါ့) မသိတာက အဝိဇ္ဇာ၊ ခုန်ချတာက (သင်္ခါရပါ ဘုရား) ရတာက (ဒုက္ခသစ္စာပါ ဘုရား) ဒုက္ခသစ္စာဆိုတာ ပေါ်ပလား၊ (ပေါ်ပါပြီ ဘုရား)။

ကိုင်း အခု ဘယ်ထဲနေကြသတုံး၊ (ဒုက္ခသစ္စာထဲ နေပါတယ် ဘုရား) ၂-နံပါတ် ဒုက္ခသစ္စာထဲနေကြတယ်၊ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သမုဒယသစ္စာလဲမသိဘူး

အဝိဇ္ဇာသည် အခု ကုသိုလ်သင်္ခါရသာ သူမသိသည် မဟုတ်သေးပါဘူးတဲ့၊ အဝိဇ္ဇာသည် ဒကာ ဒကာမတို့ ဒုက္ခသစ္စာကိုသာ သူမသိတာမဟုတ်သေးပါဘူး၊ သမုဒယသစ္စာလဲမသိဘူး၊ (မှန်ပါ့ ဘုရား) အဝိဇ္ဇာသည် သမုဒယသစ္စာလဲ (သူမသိပါ ဘုရား)။

သမုဒယသစ္စာလဲ သူမသိသောကြောင့် ဟောဒီမှာ ဒကာ ဒကာမတို့ တဏှာ, ဥပါဒါန်နဲ့ ဆုတောင်းကွတဲ့၊ (မှန်ပါ့ ဘုရား) မတောင်းကြဘူးလား၊ (တောင်းပါတယ် ဘုရား)။

တောင်းတော့ သမုဒယ သစ္စာကလဲ ဒကာ ဒကာမတို့ ဆုတောင်းလိုက်တဲ့ အခါကျတော့ ဒုတိယဘဝပဲ ပြန်ရတယ်၊ (မှန်ပါ့ ဘုရား) ရတော့ ဘာသစ္စာ၊ (ဒုက္ခသစ္စာပါ ဘုရား)။

ဒါဖြင့် အဝိဇ္ဇာသည် ဒုက္ခသစ္စာလဲ မသိ၊ သမုဒယသစ္စာလဲမသိ၊ (မှန်ပါ့ ဘုရား) သဘောကျပလား၊ (ကျပါပြီ) အင်း ဟင် အဝိဇ္ဇာသည် နိရောဓသစ္စာလဲ မသိဘူး၊ (မှန်ပါ့ ဘုရား) သိသေးရဲ့လား၊ (မသိပါ ဘုရား) မသိလို့ပေါ့၊ အဝိဇ္ဇာ သင်္ခါရက ဒုက္ခသစ္စာ လုပ်ထားတယ်၊ (မှန်ပါ့ ဘုရား) နိရောဓသစ္စာကိုကော သိသေးရဲ့လား၊ (မသိပါ ဘုရား)။

လူချမ်းသာကို ခင်ဗျားတို့က နိရောဓသစ္စာ ထင်နေတယ်၊ (မှန်ပါ့) နတ်ချမ်းသာကို (နိရောဓသစ္စာ ထင်နေပါတယ်)၊ ဗြဟ္မာချမ်းသာကို (နိရောဓသစ္စာ ထင်နေပါတယ်)။

နိရောဓသစ္စာနိဗ္ဗာန်လို့ ဒီထက် ချမ်းသာတာက မရှိဘူးလို့ ခင်ဗျားတို့ထင်နေတယ်၊ အဲဒါ အဝိဇ္ဇာကတရားဟော ထားလို့ ခင်ဗျားတို့ လူချမ်းသာ, နတ်ချမ်းသာ, ဗြဟ္မာချမ်းသာဖြစ်နေတာ (မှန်ပါ့) စင်စစ်တော့ ဘာသစ္စာလဲ (ဒုက္ခသစ္စာပါ ဘုရား)။

အဝိဇ္ဇာသည် နိဗ္ဗာန်လဲ မသိဘူး

အဲဒါဖြင့် အဝိဇ္ဇာသည် နိဗ္ဗာန်လဲ မသိဘူးဆိုတာ ပေါ်သွားပြီ (ပေါ်သွားပါပြီ ဘုရား) ရှင်းပလား၊ (ရှင်းပါပြီ) အဝိဇ္ဇာသည်တဲ့ မဂ္ဂသစ္စာလဲ မသိဘူး (မှန်ပါ့ ဘုရား)။

မဂ္ဂသစ္စာ မသိတော့ ဒကာ ဒကာမတို့တဲ့ ဪ ဒီကုသိုလ်လုပ်လို့ရှိရင်ဖြင့် ဘုံဘဝကို တောင့်တတဲ့ ကုသိုလ်လုပ်လို့ရှိရင်ဖြင့် နေရာကျမှာပဲ၊ နိဗ္ဗာန်ရောက်မှာပဲ ဆိုပြီးသကာလ သူ့အထင်နဲ့သူလုပ်လိုက်တော့ ဒကာ ဒကာမတို့သူ့ဒါနစေတနာနဲ့ ဘုံဘဝ တောင့်တလုပ်လိုက်တော့ မဂ္ဂသစ္စာလို့ သူပြုတဲ့ကုသိုလ်ကို နိဗ္ဗာန်ရောက်ကြောင်းလို့ ထင်လိုက်တယ်၊ (မှန်ပါ့ ဘုရား)။

ထင်သာထင်တယ် အကျိုးပေးလာတော့ သင်္ခါရကုသိုလ်လုပ်လိုက်တော့ ဒုက္ခသစ္စာပဲပြန်ရတယ်၊ (မှန်ပ့ါ) ပေါ်ပလား၊(ပေါ်ပါပြီ) ဒါဖြင့် အဝိဇ္ဇာသည် သစ္စာ ဘယ်နှစ်ချက် မသိပါလိမ့်၊ (သစ္စာလေးချက်လုံး မသိပါ ဘုရား)။

ဒကာကြွယ် အဝိဇ္ဇာက အုပ်ချုပ်နေလို့ရှိရင်ဖြင့် သစ္စာလေးချက် မသိတော့ကို ဒုက္ခသစ္စာ ချည်းပြန်ရမယ်၊ (ရပါမယ် ဘုရား) တခြား ဘာရစရာရှိသတုံး၊ (မရှိပါ ဘုရား) ဘာသစ္စာပဲ ရသလဲ၊ (ဒုက္ခသစ္စာပဲ ရပါတယ်) ဒုက္ခသစ္စာပဲ ရမယ်ဆိုတာ ကျေနပ်ပလား၊ (ကျေနပ်ပါပြီ ဘုရား)။

ကောင်းပြီ၊ ဒါက လူ့ဘဝ, နတ်ဘဝ, ဗြဟ္မာဘဝပြောပါတယ်၊ (မှန်လှပါ)

အပုညာဘိသင်္ခါရ

ဒီအဝိဇ္ဇာဟာတဲ့ ဒကာ ဒကာမတို့ ဒုက္ခသစ္စာမသိတဲ့ အဝိဇ္ဇာဖြစ်လေသောကြောင့် သားရေးသမီးရေး, စီးပွားရေးကြောင့် တံငါ မုဆိုးလိမ်လည် ကောက်ကျစ်၍ပေးတာက အပုညာဘိသင်္ခါရ (မှန်ပါ့ ဘုရား)

သင်္ခါရပစ္စယာ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဆိုတော့ အပါယ်လေးပါး ခန္ဓာကြီးလဲ ပေါ်လာတယ်( မှန်ပါ့ ဘုရား) ဒါ လူခန္ဓာ, နတ်ခန္ဓာ, ဗြဟ္မာခန္ဓာ မဟုတ်ဘူး၊ (မှန်ပါ့) ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဆိုတော့ သားရေး, သမီးရေး, စီးပွားရေးကြောင့် လိမ်လည်ကောက်ကျစ် ကျွေးမွေးကြတယ်၊ (မှန်ပါ့ ဘုရား)

ကျွေးကြတဲ့အတွက် ဒကာ ဒကာမတို့ စုတေမနေ သေလွန်တော့ ဟောဒီ လာကပ်ပါတယ်၊ (ကပ်ပါတယ် ဘုရား) အပါယ်လေးပါးခန္ဓာကြီးပေါ်လာတယ်(ပေါ်လာပါတယ် ဘုရား) အဲဒါက အကုသိုလ်သင်္ခါရကြောင့်၊ (မှန်လှပါ ဘုရား) ခုနက အဝိဇ္ဇာပစ္စယာ အကုသိုလ်သင်္ခါရာ၊ (မှန်လှပါ ဘုရား)။

ကုသိုလ်သင်္ခါရကြောင့်

ကဲ တစ်ခါ ကုသိုလ်သင်္ခါရကြောင့် ဒါတွေ လူတွေ နတ်တွေ ဗြဟ္မာတွေ ဖြစ်လာတယ်၊ (မှန်ပါ့) ဘာသစ္စာလဲ၊ (ဒုက္ခသစ္စာပါ ဘုရား) ဟော အဝိဇ္ဇာ မသိပြန်ဘူး၊ သစ္စာလေးပါး မသိတော့ကိုတဲ့၊ (မသိတဲ့ပုဂ္ဂိုလ်မို့ သားရေး,သမီးရေး, စီးပွားရေး လိမ်လည် ကောက်ကျစ်ပြီး သကာလ ရောင်းကြ, ဝယ်ကြ ကျွေးကြတဲ့အခါကျတော့ကိုတဲ့၊ အဝိဇ္ဇာပစ္စယာ အကုသိုလ်သင်္ခါရာ၊ (မှန်လှပါ ဘုရား) သင်္ခါရပစ္စယာ (ဝိညာဏံပါ ဘုရား)။

အဲဒီ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဟာ လူလား, တိရစ္ဆာန်လား, ငရဲလား, ပြိတ္တာလား, အသူရကာယ်လား အကဲခတ်စမ်း၊ (အပါယ်ပါ ဘုရား) အပါယ်လေးပါး မပြဘူးလား၊ (ပြပါတယ် ဘုရား)။

သင်္ခါရ ဘယ်နှစ်မျိုးရှိ

ဒါ့ကြောင့် အပါယ်လေးပါးခန္ဓာလား၊ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဟာ၊ (မှန်ပါ့ ဘုရား) ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား) ဒါဖြင့် ဒီသင်္ခါရ ဘယ်နှစ်မျိုးရှိသတုံး၊ (နှစ်မျိုးရှိပါတယ် ဘုရား) အဝိဇ္ဇာပစ္စယာ ကုသိုလ်သင်္ခါရာတစ်မျိုး၊ (မှန်ပါ့) အဝိဇ္ဇာပစ္စယာ အကုသိုလ် သင်္ခါရာ၊ (တစ်မျိုးပါ ဘုရား)။

အဲဒီနှစ်မျိုး လုပ်ချင်တာလုပ်၊ ဒီ ဒုက္ခသစ္စာပဲ ရတယ်၊ (မှန်လှပါ ဘုရား) ဒကာကြွယ်ရေ သဘောပါပလား၊ (ပါပါတယ် ဘုရား) အဝိဇ္ဇာပစ္စယာ ကုသိုလ်သင်္ခါရာတစ်မျိုး၊ (မှန်ပါ့) သူကလဲဘာရသလဲ၊ (ဒုက္ခသစ္စာရပါတယ် ဘုရား)။

အဝိဇ္ဇာပစ္စယာ အကုသိုလ်သင်္ခါရာဆိုရင်ကော ဒါပဲရမှာပဲ၊ (မှန်လှပါ ဘုရား) ဘာသစ္စာလဲ၊ (ဒုက္ခသစ္စာပါ ဘုရား) ဒါဖြင့် အဝိဇ္ဇာ မသိလို့လုပ်တဲ့ ကုသိုလ်ဟာလဲ ဒုက္ခသစ္စာပဲရပါတယ်၊ (မှန်လှပါ) သဘောကျပလား၊ (ကျပါပြီ) မသိလို့ အကုသိုလ်ပြုတာလဲ၊ (ဒုက္ခသစ္စာပဲ ရပါတယ် ဘုရား)။

သစ္စာမှာ သွားတူပါတယ်

ဒုက္ခသစ္စာပဲ ရပါတယ်ဆိုတော့ ဒီနေရာမှာ အချို့ပြောကြတယ်ဟေ့၊ ကျောင်းဒကာ ဘုရားဒကာနဲ့ နွားသတ်နေတဲ့လူနဲ့ အတူတူပဲဆိုတာ ဒီအခန်းဝင်လို့ပြောတာ (မှန်လှပါ ဘုရား) ရိပ်မိပလား၊ (ရိပ်မိပါပြီ)။

ဘာဖြစ်လို့တုံးဆို ကျောင်းဒကာကလဲ သူ ဒီသင်္ခါရပြုပြီးသကာလ ကုသိုလ်သင်္ခါရ နောက်ဘဝလိုချင်လို့ ကုသိုလ်ပြုတော့ ဒုက္ခသစ္စာပဲရတယ်၊ (ရပါတယ် ဘုရား) နွားသတ်တဲ့လူကလဲ အဝိဇ္ဇာကြောင့် အကုသိုလ်သင်္ခါရပြုတော့ ဘာသစ္စာရသလဲ၊ (ဒုက္ခသစ္စာပဲ ရပါတယ် ဘုရား) သစ္စာမှာ သွားတူတယ်၊ (မှန်ပါ့) ရှင်းပလား၊ (ရှင်းပါပြီ) ဘာမှာ သွားတူသလဲ၊ (သစ္စာမှာ သွားတူပါတယ် ဘုရား)။

ဒါ့ကြောင့် နွားသတ်တဲ့ ပုဂ္ဂိုလ်နဲ့ ကျောင်းဒကာ ဘုရားဒကာနဲ့ ဘုံဘဝ တောင့်တလုပ်ရင် ဒကာကြွယ် မထူးပါဘူးဆိုတဲ့ စကားကော ဒီသစ္စာမှာသွားတူလို့ ပြောတာ၊ (မှန်လှပါ ဘုရား) ရှင်းပလား၊ (ရှင်းပါပြီ ဘုရား)။

သို့သော် တကယ်မထူးတာလားလို့ မေးတော့ သစ္စာနဲ့တော့ မထူးပါဘူးတဲ့၊ သူကတော့ ဒကာ ဒကာမတို့ အပါယ်လေးပါး ဒုက္ခသစ္စာ၊ (မှန်လှပါ) ကျောင်းဒကာ ဘုရားဒကာကတော့ သုဂတိသို့ရောက်တဲ့ ဒုက္ခသစ္စာ၊ (မှန်လှပါ ဘုရား) ဒီလိုတော့ အများကြီး ကွာခြားပါတယ်၊ (မှန်ပါ့) ရှင်းပလား၊ (ရှင်းပါပြီ) သစ္စာပေါင်းလိုက်ရင်တော့ မထူးပါဘူး၊ (မှန်လှပါ ဘုရား) ကျောင်းဒကာ ဘုရားဒကာကလဲ (ဒုက္ခသစ္စာပါ ဘုရား)။

ဘုံဘဝသာ တောင့်တလုပ်၊ ဒုက္ခသစ္စာပဲဟ နွားသတ်နေတဲ့ လူကလဲ ဒကာ ဒကာမတို့ မတောင့်တဘဲနေလဲ ဘာသစ္စာရသတုံး၊ (ဒုက္ခသစ္စာပဲရပါတယ်) ပေါ်ပလား၊ (ပေါ်ပါပြီ ဘုရား)။

သုဂတိ ဒုဂ္ဂတိ ခွဲလိုက်ပါဦး

သို့သော်လဲ ဒကာကြွယ်တို့ ဒီလိုမှတ်လိုက်ပါ၊ ကျောင်းဒကာ ဘုရားဒကာက ဘုံဘဝတောင့်တပြီး လုပ်လို့ရှိရင်ဖြင့် သုဂတိ ဒုက္ခသစ္စာ၊ (မှန်လှပါ ဘုရား)။

သားရေး, သမီးရေး, စီးပွားရေးနဲ့ နွားသတ်၊ ကျွဲသတ်ပြီးသကာလ တံငါလုပ်နေတဲ့ ပုဂ္ဂိုလ်ဟာ အဝိဇ္ဇာပစ္စယာ သင်္ခါရာကြောင့် အပါယ်လေးပါး ငရဲ, ပြိတ္တာ, တိရစ္ဆာန်, အသူရကာယ် ဒုက္ခသစ္စာ၊ (မှန်လှပါ ဘုရား) ရှင်းပလား၊ (ရှင်းပါပြီ)။

သစ္စာမှာ တူုငြားသော်လဲ သုဂတိ ဒုဂ္ဂတိ ခွဲလိုက်ပါဦး၊ (မှန်ပါ့ ဘုရား) ပေါ်ပလား၊ (ပေါ်ပါပြီ) သစ္စာကျတော့၊ (တူပါတယ် ဘုရား) သုဂတိ ဒုဂ္ဂတိကျတော့၊ (မတူပါ ဘုရား) သဘောကျပလား (ကျပါပြီ)။

သို့သော် သစ္စာက မုန်းဝင်ဖြစ်နေတဲ့အတွက် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ဒုက္ခသစ္စာရရင် ဘယ်ဟာမှ မကောင်းဘူးလို့မှတ်၊ (မှန်လှပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။

ဒုက္ခသစ္စာသာ ရမယ်ဆိုရင်

ဒုက္ခသစ္စာသာ ရမယ်ဆိုရင်၊ (ဘယ်ဟာမှ မကောင်းပါ ဘုရား) ဘယ်ဟာမှ မကောင်းဘူးဆိုတာ ကျေနပ်ပလား၊ (ကျေနပ်ပါပြီ)။

ကိုင်း ဒါဖြင့် ဘယ်ဟာမှ မကောင်းဘူးဆိုတာက အကြောင်းကို ပြန်ကြည့်လိုက်တော့ အဝိဇ္ဇာသင်္ခါရကြောင့် သွားပြီးဖြစ်နေတယ်၊ (မှန်လှပါ) အဝိဇ္ဇာ သင်္ခါရကြောင့် ကျောင်းဒကာ ဘုရားဒကာလဲ သုဂတိ ဒုက္ခသစ္စာ၊ (မှန်လှပါ့ ဘုရား) တံငါမုဆိုးကလဲ အဝိဇ္ဇာသင်္ခါရကြောင့်ဟုတ်လား ဒုဂ္ဂတိ အပါယ်လေးပါးဒုက္ခသစ္စာ၊(မှန်ပါ့ ဘုရား) သစ္စာမှာ တူတယ် သုဂတိ ဒုဂ္ဂတိမှာကော၊ (ကွဲပါတယ် ဘုရား)

ဒါဖြင့် ဒကာကြွယ် ဘယ်ဟာကြိုက်သလဲ၊ သုဂတိဒုက္ခသစ္စာ ကြိုက်သလား၊ ဒုဂ္ဂတိ ဒုက္ခသစ္စာကြိုက်သလား၊ (ဘယ်ဟာမှ မကြိုက်ပါ ဘုရား) ဟ ရိုးရိုးပြော ရိုးရိုးပြော၊ ဒကာကြွယ် ရိုးရိုးပြောမှ (မှန်ပါ့ ဘုရား)။

သုဂတိ ဒုက္ခသစ္စာကြိုက်သလား ဒကာဒကာမတို့၊ ဒုဂ္ဂတိ ဒုက္ခသစ္စာကြိုက်သလား၊ (ဘယ်ဟာမှမကြိုက်ပါ ဘုရား) သစ္စာကျတော့ တူသွားတယ်၊ ဒါ့ကြောင့် ဒီတရားမျိုး မနာရလို့ရှိရင် ခင်ဗျားတို့ တစ်ခုကြိုက်ဖြစ်မယ်၊ (မှန်ပါ့ ဘုရား)။

ဒီတရားမျိုးကို သေသေချာချာနာရတော့ ဒုက္ခသစ္စာချင်း အတူတူဖြစ်နေတယ်၊ ဘယ်ဒုက္ခမှမကြိုက်ဘူး၊ (မှန်ပါ့ ဘုရား) သဘောကျပလား၊ (ကျပါပြီ)။

ဘယ်ဟာနဲ့လျှော သေချင်သတုံး

ပွေးကိုင်းတွေ ဘာတွေစားပြီး ဝမ်းလျှောသေတာနဲ့ဟုတ်လား ဒကာကြွယ်၊ (မှန်ပါ့) ဒီပြင် သရက်သီးမျိုး ကောင်းတွေစားပြီး ဝမ်းလျှောသေတာနဲ့ ဒကာကြွယ် ဘယ်ဟာနဲ့လျှော သေချင်သတုံး၊ (ဘယ်ဟာနဲ့မှ မသေချင်ပါ ဘုရား) ရိပ်မိပလား၊ (ရိပ်မိပါပြီ ဘုရား) ဝမ်းလျှောသေတာချည်းပဲ ထူးသေးရဲ့လား၊ (မထူးပါ ဘုရား)။

အဲဒီလို ဝမ်းလျှောသေတာချည်းပဲဆိုတော့ ဘာရသလဲ လူခန္ဓာလဲ ဒုက္ခသစ္စာပဲ၊ (မှန်ပါ့) တိရစ္ဆာန်ခန္ဓာတွေကော၊ (ဒုက္ခသစ္စာပါ ဘုရား)။

ဒါဖြင့် ဒကာကြွယ် ဘယ်ဝမ်းမှမလျှောချင်ပါနဲ့၊ (မှန်ပါ့ ဘုရား) ဝမ်းလျှောသေရတာ ဒုက္ခချည်းပဲ၊ သဘောကျ ပလား၊ (ကျပါပြီ) သုဂတိ ဝမ်းလျှောချင်သလား၊ (မလျှောချင်ပါ ဘုရား) ဒုဂ္ဂတိ ဝမ်းလျှောချင်သလား၊ (မလျှောချင် ပါ ဘုရား) မလျှောချင်ဘူးဆိုလို့ရှိရင်ဖြင့်တဲ့ ဒါပြင်လို့ရပါတယ် (မှန်လှပါ ဘုရား)။

ကဲဒကာသစ်တို့ ဦးသန်းမောင်တို့ လူ့ဘဝလဲဒုက္ခသစ္စာ၊ တိရစ္ဆာန် ဘဝကော၊ (ဒုက္ခသစ္စာပါ ဘုရား) ဘာဖြစ်လို့ ဒီနှစ်ခုတူရပါလိမ့်မတုံး၊ ဟောဒီအဝိဇ္ဇာ သင်္ခါရက လာတူတယ်၊ (မှန်လှပါ ဘုရား) အကြောင်းက (လာတူပါတယ် ဘုရား) အကြောင်းကလာတူတော့ အကျိုးကျတော့ကော သစ္စာက (တူပါတယ် ဘုရား) ရှင်းပလား၊ (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒီဒကာ ဒကာမတွေသည် လွန်လေပြီးသောအတိတ်ကာလ အတိတ်အကြောင်း တစ်လွှာ သမုဒယသစ္စာ လုပ်ခဲ့တဲ့အတွက် ဒကာ ဒကာမတို့ ယခုပစ္စုပ္ပန်ကာလမှာ အကျိုးဖြစ်တဲ့ သစ္စာကြီးနဲ့ ဆက်စပ်ပါပြီ၊ (မှန်လှပါ)။

ဘယ်သူများ ဖန်ဆင်းသတုံး

ဘယ်သူများ ဖန်ဆင်းသတုံး၊ (ဘယ်သူမှ မဖန်ဆင်းပါ ဘုရား) အဝိဇ္ဇာသင်္ခါရက ပြုလုပ်တာပဲ ရှိတယ်၊ (မှန်ပါ့ ဘုရား) သိကြား, ဗြဟ္မာ, ဘုရားကလာပြီး ဖန်ဆင်းလို့ ဒုက္ခသစ္စာကြီးရတာလား၊ (မဟုတ်ပါ ဘုရား) မဟုတ်ပါဘူးတဲ့၊ အဝိဇ္ဇာသင်္ခါရကြောင့်ပါ၊ (မှန်ပါ့ ဘုရား)။

အဲဒီတော့ တခြား ဘာသာတွေ ဒီအကြောင်းနှစ်ခု နားမလည်တဲ့အတွက် သူတို့ကို ထာဝရဘုရား လုပ်ထားတယ်လို့ ယူနေကြတယ် (မှန်ပါ့ ဘုရား) သဘောကျပလား၊ (ကျပါပြီ)။

သူတို့က ထာဝရဘုရား လုပ်ထားတယ်တဲ့ စင်စစ် ဗုဒ္ဓဘာသာမျက်လုံးနဲ့ ကြည့်တော့မသိလို့ လှူဒါန်းလို့ ဟောဒီ ဒုက္ခသစ္စာရတယ်၊ (မှန်ပါ့ ဘုရား) မသိလို့ အကုသိုလ် လုပ်သောကြောင့် ဒီဒုက္ခသစ္စာရတယ်၊ (မှန်ပါ့ ဘုရား)။

ကျုပ်တို့ ခင်ဗျားတို့ ဉာဏ်ထဲမှာတော့ ရှင်းတယ်၊ အဝိဇ္ဇာသင်္ခါရလာတာပဲ၊ (မှန်ပါ့) ကျုပ်တို့ ခန္ဓာဖြစ်ကြောင်း ဟူသရွေ့ ဘယ်သူ့ကြောင့်ပါလိမ့်၊ (အဝိဇ္ဇာသင်္ခါရကြောင့်ပါ ဘုရား) ရိပ်မိပလား၊ (ရိပ်မိပါပြီ)။

ဒါဖြင့် ဟုတ်တယ်မဟုတ်တယ် ခင်ဗျားတို့စဉ်းစားကြည့် အဝိဇ္ဇာရှိတဲ့ပုဂ္ဂိုလ်မှာ ဒီသင်္ခါရကပြုတယ်၊ (ပြုပါတယ် ဘုရား) ဒကာကြွယ် အဝိဇ္ဇာရှိတဲ့ပုဂ္ဂိုလ်မှာ (သင်္ခါရပြုပါတယ် ဘုရား)

သင်္ခါရလဲ ဘုံဘဝတောင့်တတဲ့ ကုသိုလ်ကိုလဲ အဝိဇ္ဇာရှိတဲ့ ပုဂ္ဂိုလ်မှပြုတယ်၊ (မှန်လှပါ ဘုရား) မယုံရင်စဉ်းစား၊ အဝိဇ္ဇာက ဟောဒီဒုက္ခသစ္စာ မသိဘူးဗျ၊ (မှန်လှပါ ဘုရား)။

ဒုက္ခသစ္စာ မသိတော့ဘူး ကုသိုလ်ကို ပြုတော့ ပြုတာပဲ၊ သို့သော်လဲ လူ့ဘဝနတ်ဘဝ ရ, ရပါလို၏ဆိုတော့ ဒုက္ခသစ္စာ မသိလို့ လူ့ဘဝနတ်ဘဝကို ဒုက္ခသစ္စာလို့မသိတာ အဝိဇ္ဇာ၊ (မှန်ပါ ဘုရား) ပြုလုပ်တာက (သင်္ခါရပါ ဘုရား) ရှင်းပလား၊ (ရှင်းပါပြီ ဘုရား)။

ဒုက္ခသစ္စာ ရုန်းနိုင်သေးရဲ့လား

အဲဒီ အဝိဇ္ဇာ သင်္ခါရ ပြုလုပ်လိုက်လို့ရှိရင် ဒကာကြွယ် ဒုက္ခသစ္စာ ရုန်းနိုင်သေးရဲ့လား၊ (မရုန်းနိုင်ပါ ဘုရား) လက်ခံရမယ်ဆိုတာ မသေချာဘူးလား၊ (သေချာပါတယ် ဘုရား) အခု ကိုယ်တိုင်ကော ရမထားဘူးလား၊ (ရထားပါတယ် ဘုရား) ပေါ်ကြပြီနော်၊ (ပေါ်ပါပြီ ဘုရား)။

ကဲ တစ်ခါ တခြားသော ဘာသာများတဲ့၊ ငါလုပ်လို့ ဘာမှ အပြစ်မရှိဘူး အစရှိသည်ဖြင့် ဟောဒီ ဒုက္ခသစ္စာ မသိတာနဲ့ အကုသိုလ် အလုပ်တွေ အကုသိုလ် သင်္ခါရတွေ မလုပ်ပေဘူးလား၊ (လုပ်ကြပါတယ် ဘုရား)။

လုပ်တော့ ဒီသစ္စာတွေ ဒုတိယဘဝမှာ ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာဆိုတဲ့ အပါယ်လေးပါး ခန္ဓာပေါ်ထိုက် မပေါ်ထိုက် (ပေါ်ထိုက်ပါတယ် ဘုရား) ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ) ဒါဖြင့် မသိလို့ပြုလုပ်တဲ့ ဒုက္ခသစ္စာပဲ၊ (မှန်ပါ့) မသိလို့ပြုလုပ်တာဟူသရွေ့ဖြင့် (ဒုက္ခသစ္စာပါ ဘုရား)။

မသိလို့လုပ်တဲ့ကုသိုလ်ကလဲ ဒုက္ခသစ္စာ အကျိုးပေးတယ်၊ (မှန်ပါ့) မသိလို့လုပ်တဲ့ အကုသိုလ်လဲ (ဒုက္ခသစ္စာပဲ အကျိုးပေးပါတယ်) ဒကာကြွယ် ရိပ်မိပလား၊ (ရိပ်မိပါပြီ ဘုရား) ဪ ဒါဖြင့်ကြောက်စရာကုသိုလ်လဲ ရှိသေးတယ် (ရှိပါတယ် ဘုရား)။

အကုသိုလ်ကိုသာ ကြောက်ရမယ်မဟုတ်ဘူး၊ ဒီကုသိုလ်လဲ (ကြောက်ရပါမယ် ဘုရား) မသိလို့လုပ်တဲ့ ကုသိုလ်လဲ(ကြောက်ရပါမယ် ဘုရား) မသိလို့လုပ်တဲ့ကုသိုလ်လဲ ကြောက်ရမှာပဲ၊ (မှန်ပါ) ပေါ်ကြပလား၊ (ပေါ်ပါပြီ)။

သိပြီးမှလုပ်ပါ

ဒါ့ကြောင့် ဦးသန်းမောင်တို့ ပြောရတယ်၊ နေစမ်းပါဦး၊ မလှူပါနဲ့ဦး၊ သိပြီးမှလုပ်ပါ၊ (မှန်ပါ့) ပြောထိုက် မပြောထိုက်၊ (ပြောထိုက်ပါတယ် ဘုရား) ဒီဒုက္ခသစ္စာရောက်သွားမှာစိုးလို့ (မှန်လှပါ ဘုရား) ၂ နံပါတ်ရောက်သွားမှာ စိုးလို့၊ အကြီးအကျယ်ပဲ ဒကာသစ် ဆုံးမရပါတယ်၊ (မှန်လှပါ) ဒကာကြွယ် ကျေနပ်ပလား၊ (ကျေနပ်ပါပြီ)။

ကောင်းပြီ၊ ဒါက အခုလောကီအတွက်မှာ ပြီးသွားတော့ကိုမသိတဲ့ပုဂ္ဂိုလ် ဈာန်သမာပတ်တွေ အားထုတ်တယ် (မှန်ပါ့) ဟောဒီမှာ ဗြဟ္မာတွေဖြစ်တယ်၊ (မှန်ပါ့) ဗြဟ္မာခန္ဓာငါးပါးလာတယ်၊ (မှန်လှပါ ဘုရား) ဘာသစ္စာတုံး၊ (ဒုက္ခသစ္စာပါ ဘုရား) ဈာန်လမ်းဟာလဲ ဒုက္ခသစ္စာပဲဖြစ်တယ်၊ (မှန်လှပါ ဘုရား)။

ဒီဗြဟ္မာတွေဟာ အင်မတန်ချမ်းသာတယ် ထင်လိုက်တယ်၊ (မှန်လှပါ) မသိလို့ပေါ့ဗျာ၊ (မှန်လှပါ) မသိတော့ဈာန်သင်္ခါရတွေကြိုးစားတော့ သမထအလုပ်တွေ မလုပ်ပေဘူးလား၊ (လုပ်ပါတယ် ဘုရား)။

လုပ်တော့ သေသည်၏ အခြားမဲ့၌ သမထက အကျိုးပေးလိုက်တော့ ခန္ဓာငါးပါး ပြန်ရတယ်၊ (ပြန်ရပါတယ် ဘုရား) ဘာသစ္စာလဲ၊ (ဒုက္ခသစ္စာပါ ဘုရား)။

အဲဒါကြောင့် အာနဉ္ဇာဘိ သင်္ခါရဆိုပြီး စာမှာဟောပြန်တယ် ဒကာကြွယ်ရေ (မှန်လှပါ ဘုရား) ဒါဖြင့် အဝိဇ္ဇာပစ္စယာ သင်္ခါရသည် ပုညာဘိသင်္ခါရလဲ ရှိတယ်၊ (မှန်ပါ့ ဘုရား) ကုသိုလ်သင်္ခါရလဲ ရှိတယ်၊ (မှန်ပါ့)။

ဒုက္ခသစ္စာသိပြီး လုပ်မယ်ဆိုလို့ရှိရင်

ဒုက္ခသစ္စာမှ ကျွတ်လိုလို့ လှူပါတယ်ဘုရားဆိုတော့ ဒကာ ဒကာမတွေ နိဗ္ဗာန်အကျိုးပေးတယ်၊ (မှန်ပါ့ ဘုရား) ဒုတိယအကွက် လာသေးသလားတဲ့၊ နိဗ္ဗာန်ပဲ လာတော့တယ်၊ (မှန်ပါ့ ဘုရား) ဒါက ဒုက္ခသစ္စာသိတဲ့ပုဂ္ဂိုလ်ပေါ့၊ ဒုက္ခသစ္စာလဲ မတိုးဘူး၊ (မှန်ပါ့) ရှင်းပလား၊ (ရှင်းပါပြီ)။

ပြုလုပ်တုန်းကလည်း ဒုက္ခသစ္စာသိပြီး လုပ်မယ်ဆိုလို့ရှိရင် ဒုက္ခသစ္စာမှ လွတ်ချင်လို့ လှူပါတယ် တန်းပါတယ် ဘုရားဆိုတော့ ဒုတိယဒုက္ခသစ္စာလာသေးရဲ့လား (မလာပါ ဘုရား)။

ဘာပြုလို့တုံး လှူတုန်းကတည်းက ဒုက္ခသစ္စာကို ကြောက်ပြီးလုပ်လို့၊ (မှန်လှပါ ဘုရား) ဒုက္ခသစ္စာရသေးရဲ့လား (မရပါ ဘုရား)။

ဒါဖြင့် ဒုက္ခသစ္စာ သူမရလို့ရှိရင် ဒုက္ခချုပ်တာသာ သူရမယ်၊ (မှန်လှပါ ဘုရား) ဒုက္ခချုပ်တာ ဘာခေါ်ကြမယ်၊ (နိဗ္ဗာန်ခေါ်ပါတယ် ဘုရား) နိဗ္ဗာန်ပဲဆိုတာ သေချာပလား၊ (သေချာပါတယ် ဘုရား)။

ဒါဖြင့် ဒကာဒကာမတို့ လှူနည်း, တန်းနည်း, ပေးနည်း, ကမ်းနည်းမှာလဲ ဆရာကောင်း, သမားကောင်း လမ်းမှန်မပြလို့ရှိရင်ဖြင့် ဒကာကြွယ်လိုတာပဲ၊ (လိုပါတယ် ဘုရား) အားလုံး ဒကာဒကာမတွေ ယနေ့ပြောတာ သဘောကျပလား၊ (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒီအလုပ်သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် အင်မတန်ကြောက်စရာကောင်းတဲ့ အနေပဲဆိုတာလဲ ကောင်းကောင်းရှင်းကြပါပြီ၊ (ရှင်းပါပြီ ဘုရား) ဒါဖြင့် ဒီလို လုပ်ကြစို့၊ ယခု ဒကာဒကာမတွေ ၁ အကြောင်းကို အားထုတ်လို့ ၂ အကျိုးရတယ်၊ (မှန်လှပါ)။

ဒီ ၁ အကြောင်းကို နောက်ထပ် အားထုတ်ဦးမယ်ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ယခုရ,ထားတဲ့ ခန္ဓာထဲက ဒီအဝိဇ္ဇာတွေ, တဏှာတွေ, ဘဝတွေ, ပြန်လုပ်ကြဦးမယ်ဆိုရင် ဒီအနာဂတ်ဘဝ ရဦးမှာပဲ၊ မရပေဘူးလား၊ (ရပါတယ် ဘုရား)။

(၃)-သာ ထပ်လုပ်ရင်တော့ (၄)-ပြန်ရမယ်

ဒကာကြွယ် ၃-သာ ထပ်လုပ်ရင်တော့ ၄-ပြန်ရမယ်၊ (ပြန်ရပါမယ် ဘုရား) ၃ သာ ထပ်လုပ်ရင်၊ (၄ ပြန်ရပါမယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ၃ က ဘယ်ထဲက ပေါက်ပွားတာတုံးဆိုတဲ့ အရေးကိုမေးရင် ၂ ထဲက ပေါက်ထွက်တာ၊ (မှန်ပါ့ ဘုရား)။

ဥပမာ ဦးသန်းမောင်ကြီးက ဒီ ၂ထဲကနေတုန်းပဲ ဒီ ၂ ထဲ ဦးသန်းမောင်ကြီးတို့ သွားတို့, လာလို့ထိုင်လို့ပေါ့လေ (မှန်ပါ့) ၂ ထဲရောက်မနေဘူးလား (ရောက်ပါတယ် ဘုရား)။

အဲဒီရောက်နေတုန်းပဲ တစ်ခါတည်း ဒကာ ဒကာမတွေက ဝိပဿနာအားမထုတ်တော့ သစ္စာမသိပြန်ဘူး၊ (မှန်လှပါ) မသိပြန်တော့ အဝိဇ္ဇာက ပြန်ရောက်တယ်၊ (ရောက်ပါတယ် ဘုရား)။

ရောက်ပြန်တော့ ငါဒီဘဝချမ်းသာတာနည်းသေးတယ် နောက်ဘဝ ဒီထက်ချမ်းသာတာ လုပ်မယ်ဆိုတဲ့ သင်္ခါရပြန်လုပ်တယ်၊ (မှန်လှပါ ဘုရား)။

ဒါဖြင့် အဝိဇ္ဇာ သင်္ခါရဘက် ပြန်လှည့်တယ်၊ (လှည့်ပါတယ် ဘုရား) ပြန်လှည့်တော့ ဘာသစ္စာပြန်လုပ်ပါလိမ့် (သမုဒယသစ္စာ ပြန်လုပ်ပါတယ် ဘုရား)။

အင်း ယခု ရ, ထားတာက ဒုက္ခသစ္စာ၊ (မှန်ပါ့) ဝမ်းထဲ သမုဒယသစ္စာ မျိုးစေ့က လာပေါက်ပြန်တယ်၊ (မှန်လှပါ ဘုရား) ဒါဖြင့် သေသည်၏ အခြားမဲ့၌ အနာဂတ် ဒုက္ခသစ္စာဆိုတာ ရမှ ရပါ့မလား၊ (ရပါတယ် ဘုရား) ရှင်းပလား၊ (ရှင်းပါပြီ)။

ဪ ဒါဖြင့် ဒကာ ဒကာမတွေ ဘုန်းကြီး တရားဟောနေတာ ဘယ်အထဲမှာ ဟောနေတာတုံးဆိုတော့ ၂ က ၂ ထဲမှာဟေ့ ၃ တရားမပါ, ပါစေနဲ့၊ (မှန်လှပါ ဘုရား) ၂ ထဲမှာ (၃ တရား မပါ, ပါစေနဲ့)။

(၂) ထဲက (၃) မပေါက်ပွားပါစေနဲ့

၃ တရားမပါ, ပါစေနဲ့ဆိုတာက အဝိဇ္ဇာတို့, သင်္ခါရတို့, တဏှာတို့, ဥပါဒါန်တို့, ဘဝတို့ ဒကာကြွယ် မပါ, ပါစေနဲ့၊ (မှန်လှပါ ဘုရား) ၂ ထဲက ၃ မပေါက်ပွားပါစေနဲ့၊ (မှန်လှပါ) ဘာတဲ့တုံး၊ (၂ ထဲက ၃ မပေါက်ပွားပါစေနဲ့)။

ဒါကြောင့် ယခု ပစ္စုပ္ပန်ကာလဆိုတော့ နှစ်ဖက် စပ်ပြတယ်၊ (မှန်လှပါ ဘုရား) ဘာတွေလုပ်သလေ့ရှိသတုံးလို့ မေးတဲ့အခါကျတော့ မင်းတို့သည်တဲ့၊ အဝိဇ္ဇာ, သင်္ခါရ, ဘဝ, တဏှာ, ဥပါဒါန် ပြန်လုပ်ပြန်တယ်၊ (မှန်လှပါ ဘုရား)။

ဒါ ဘယ်ထဲက လုပ်တာပါလိမ့်၊ ၁ ထဲက လုပ်တာလား၊ ၂ ထဲက လုပ်တာလား၊ (၂ ထဲက လုပ်တာပါ ဘုရား) ၂ ကနေပြီးသကာလ ဦးသန်းမောင်တို့, ဒကာကြွယ်တို့ ၂ထဲ မှာနေတုန်းမှာ ခင်ဗျားတို့က သစ္စာမသိတဲ့အလုပ် လုပ်ကြတယ်၊ (မှန်လှပါ ဘုရား)။

အဝိဇ္ဇာ သင်္ခါရပြန်မလုပ်ဘူးလား (လုပ်ပါတယ် ဘုရား) တဏှာ, ဥပါဒါန်ကံတွေကော၊ (လုပ်ပါတယ် ဘုရား) ဟာ ဒါဖြင့် ဒုက္ခပင်က အမုဒယသီး, သီးပြန်ပြီ၊ (မှန်လှပါ ဘုရား) ဘယ်လိုဆိုကြမယ်၊ (ဒုက္ခပင်က သမုဒယသီး, သီးပြန်ပါပြီ ဘုရား)။

သမုဒယအသီးတွေ မျိုးကျလို့ရှိရင်

ဒါကလေးကို သဘောကျအောင် ဒကာ ဒကာမတို့လေးလေးစားစားကလေး နားထောင်ပါ၊ (မှန်လှပါ ဘုရား) ဦးသန်းမောင် ၁ ထဲကနေပြီးဘာတွေ သီးပြန်သတုံး၊ (သမုဒယသီး, သီးပါတယ် ဘုရား) ဒုက္ခသစ္စာပင်ကြီးကလေ ဘာသီးတွေ သီးပြန်လဲ (သမုဒယ အသီးတွေ သီးပါတယ် ဘုရား) ဟာ ဒီသမုဒယအသီးတွေ မျိုးကျလို့ရှိရင် ဒုက္ခပင်တော့ ပေါက်ဦးမယ်၊ (ပေါက်ဦးမှာပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီသမုဒယသီးတွေ သီးလိုက်တဲ့အတွက် ဟောဒီမှာ အနာဂတ် ဒုက္ခပင်ကြီး ပေါက်လာတော့ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ဇာတိ ဇရာ မရဏ မလာဘူးလား၊ (လာပါတယ် ဘုရား) ဘာသစ္စာတဲ့၊ (ဒုက္ခသစ္စာ ပါ ဘုရား)။

အဲဒါ ခင်ဗျားတို့ ၂ နံပါတ် ခန္ဓာ ဒုက္ခပင်ကြီးထဲမှာ အဝိဇ္ဇာ တဏှာ ဥပါဒါန်ကံတွေကို ခင်ဗျားတို့က ကြိုးစားတယ်၊ (ကြိုးစားပါတယ် ဘုရား) ၂ ခန္ဓာပင်ကြီးက ဒကာကြွယ်ရေ မဟုတ်တဲ့ အဆိပ်သီးတွေ သီးနေတယ်၊ (မှန်လှပါ ဘုရား) ၂ ခန္ဓာပင်ကြီးက (အဆိပ်သီးတွေ သီးနေပါတယ် ဘုရား)။

အဆိပ်သီးတွေ သီးလာတဲ့အခါကျတော့ ဘယ်သူပါလိမ့်မတုံး မေးတဲ့အခါကျတော့ ၂ ခန္ဓာထဲက ဒကာ ဒကာမတို့ ပစ္စုပ္ပန်ဖြစ်ဆဲ ကာလမှာတဲ့ ခင်ဗျားတို့က ဘာတွေလုပ်ပြန်သတုံးဆိုတော့ တဏှာတို့ ဥပါဒါန်တို့ ကံတွေ ပြန်လုပ်ပြန်တယ်၊ (မှန်လှပါ ဘုရား)။

တစ်ခါ ဒီဘက်လာပြန်တော့ အဝိဇ္ဇာသင်္ခါရဘဝ ဥပါဒါန် တဏှာတွေ ပြန်လုပ်ပြန်တယ်၊ (လုပ်ပါတယ် ဘုရား) ဒါ့ကြောင့် ပစ္စုပ္ပန်အကြောင်းခြင်းရာ ငါးပါး (မှန်လှပါ ဘုရား) ခင်ဗျားတို့ ပစ္စုပ္ပန်ဘဝ ထပ်လုပ်ပြန်ပြီ၊ (မှန်လှပါ) သေသေချာချာ မြင်ကြရဲ့နော်၊ (မြင်ပါတယ် ဘုရား)။

ဟောဒီ ပစ္စုပ္ပန်အကြောင်းခြင်းရာ ငါးပါးဆိုတာ ခင်ဗျားတို့ အခုရထားတဲ့ ၂ နံပါတ် ခန္ဓာကိုယ်ထဲက အသီးအပွင့်တွေ ထွက်ထွက်လာတယ်၊ (မှန်လှပါ) အသီးတွေသီးသလား မသီးဘူးလား၊ (သီးပါတယ် ဘုရား) ဟော စပ်လိမ့်မယ်ကွတဲ့၊ ဟောဒီအနာဂတ်တွေနဲ့ မစပ်ပေဘူးလား၊ (စပ်ပါတယ် ဘုရား)။

ဘာတွေရမတုံးဆိုတော့ ဝိညာဏ်နာမ်ရုပ်ဆိုတဲ့ ခန္ဓာငါးပါးပြန်ရမယ်၊ (မှန်လှပါ ဘုရား) ဘာသစ္စာတုံး၊ (သမုဒယသစ္စာပါ ဘုရား) ဪ ကြည့်ပြောကြအုံး၊ မဟုတ်ဘူး (ဒုက္ခသစ္စာပါ ဘုရား) ဒုက္ခသစ္စာကြီး အနာဂတ်ကျောကုန်း ကြီးပါနေတာ၊ (မှန်ပါ့ ဘုရား) ရှင်းလား၊ (ရှင်းပါပြီ) ဘာတုံး၊ (ဒုက္ခသစ္စာပါ ဘုရား)။

အနာဂတ်အကျိုးတွေ လာပြန်တယ်

ဒါဖြင့် ဒကာ ဒကာမတို့ ပစ္စုပ္ပန်ကာလ အကြောင်းတရား ငါးပါးကြောင့် အနာဂတ်အကျိုးတွေ လာပြန်တယ်၊ (လာပြန်ပါတယ် ဘုရား) ရှင်းပလား၊ (ရှင်းပါပြီ)။

ဒါဖြင့် ဒီလို့ လုပ်ကြစို့ရဲ့၊ အတိတ် အကြောင်းကြောင့် ပစ္စုပ္ပန်အကျိုး၊ (မှန်လှပါ) ၁ ကြောင့် ၂ ဖြစ်တယ်၊ (မှန်ပါ့) ၂ ထဲကနေပြီးသကာလ ဒကာဒကာမတို့ ၂ နဲ့သဘောတူတာတွေ ပြန်လုပ်တယ်၊ (ပြန်လုပ်ပါတယ် ဘုရား)။

ဒါကြောင့် ၁ နဲ့သဘောတူတာ ပြန်လုပ်တဲ့အတွက် နံပါတ်လိုတော့ ၃ ပဲ (မှန်ပါ့) ဒါဖြင့် ၄ အကျိုးပေးမယ်၊ (မှန်ပါ့ ဘုရား) ဒါဖြင့် ပစ္စုပ္ပန် ခန္ဓာထဲက ပေါက်ပွားတာတွေက ဘာသစ္စာတုံး၊ (သမုဒယသစ္စာတွေပါ ဘုရား) အနာဂတ် ခင်ဗျားတို့ရမှာက ဘာသစ္စာတုံး၊ (ဒုက္ခသစ္စာပါ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့သည် တစ်ပတ် ပတ်တယ်၊ (ပတ်ပါတယ် ဘုရား) အတိတ်ကြောင့် ပစ္စုပ္ပန်ဖြစ်၊ (မှန်ပါ့) သဘောကျပလား၊ (ကျပါပြီ) ပစ္စုပ္ပန်ထဲက ပစ္စုပ္ပန် အကြောင်းတရားတွေ ပြန်လုပ်ပြန်တယ်၊ (လုပ်ပါတယ် ဘုရား)။

ဒါကြောင့် အနာဂတ် အကျိုးတရားတွေ ဘယ့်နှယ်နေသတုံး၊ (ရပါမယ် ဘုရား) အနာဂတ်အကျိုးတရား ဘာ သစ္စာတွေလာမလဲ (ဒုက္ခသစ္စာတွေ လာပါမယ် ဘုရား)။

ဒီ အနာဂတ်အကျိုးတရား ဒုက္ခသသစ္စာထဲက ဘာတွေများ သီးမယ်ပွင့်မယ် ထင်သေးသတုံး၊ (သမုဒယသစ္စာ တွေပါ ဘုရား)၊ ဒါတွေပြန်သီးဦးမယ်၊ (မှန်ပါ့ ဘုရား) ဒါတွေပြန်သီးရင် ၂ နံပါတ်ပြန်ဖြစ်မယ်၊ (ပြန်ဖြစ်ပါမယ် ဘုရား) ၂ နံပါတ်ထဲက ၃ အသီးတွေ သီးလာပြန်ရင် ၄ နံပါတ်ပဲ၊ (မှန်ပါ့) ၄ နံပါတ်ထဲက ဒီဟာတွေ သီးဦးမယ်ဆိုလို့ရှိရင် ၁ ပြန်ဖြစ်မယ်၊ (ပြန်ဖြစ်ပါမယ် ဘုရား)။

ဒါဖြင့် ၁-၂-၃-၄၊ ၁-၂-၃-၄ ချည်းပဲ လည်နေမယ်၊ (မှန်ပါ့ ဘုရား) ဘယ်လိုလည်ကြမယ်ထင်သလဲ၊ (၁-၂-၃-၄ ချည်းပဲ လည်နေပါမယ်) ၁-၂-၃-၄၊ ၁-၂-၃-၄ ချည်းပဲလည်နေလိမ့်မယ်ဆိုတာ ရိပ်မိပလား၊ (ရိပ်မိပါပြီ ဘုရား)။

သစ္စာဘယ်နှစ်ပါး လှည့်သလဲ

ဒါဖြင့် သစ္စာဖွဲ့လိုက်တော့ (သမုဒယသစ္စာနဲ့ ဒုက္ခသစ္စာ သမုဒယသစ္စာနဲ့ ဒုက္ခသစ္စာ၊ (မှန်လှပါ ဘုရား) သမုဒယသစ္စာနဲ့ (ဒုက္ခသစ္စာပါ ဘုရား) ဒါဖြင့် သစ္စာဘယ်နှစ်ပါး လှည့်သလဲ၊ (နှစ်ပါးလှည့်ပါတယ် ဘုရား)။

သမုဒယသစ္စာကြောင့် ဒုက္ခဖြစ်၊ (မှန်ပါ့) ဒုက္ခထဲမှာ သမုဒယ ပေါ်သောကြောင့် အနာဂတ်ဒုက္ခဖြစ်၊ (မှန်လှပါ ဘုရား) ဒီအတိုင်းမနေဘူးလား၊ (နေပါတယ် ဘုရား) ဒကာ ဒကာမတွေ ရှိတဲ့စာရွက်နဲ့ ကိုက်ကဲ့လား၊ (ကိုက်ပါတယ် ဘုရား)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီဥစ္စာ ဒီလိုပဲလည်နေတော့မလားတဲ့၊ ဖြတ်လမ်းရှာရမှာပေါ့၊ (ရှာရမှာပါ ဘုရား) ဖြတ်လမ်းရှာတော့ ဒကာ ဒကာမတွေ ပေါ်ပါလိမ့်မယ်တဲ့၊ ဟောဒီ အစပ်ဟာ ပစ္စုပ္ပန် ၂ နံပါတ် ခန္ဓာထဲက ၃-နံပါတ်တဏှာတို့ ဥပါဒန်တို့ ကံတွေ ခင်ဗျားတို့ထပ်လုပ်တယ်၊ (မှန်လှပါ) သဘောကျပလား၊ (ကျပါပြီ)။

ဒီတဏှာ, ဥပါဒါန်, ကံတွေ ထပ်လုပ်တော့ကိုတဲ့၊ ဝေဒနာတဏှာစပ်သွားတယ်၊ မစပ်ဘူးလား၊ (စပ်သွားပါတယ်) တဏှာနဲ့ ဥပါဒန်ကော (စပ်ပါတယ် ဘုရား) ဥပါဒါန်နဲ့ ကံကော၊ (စပ်ပါတယ် ဘုရား) ဟာ စပ်လို့ရှိရင် ဇာတိနဲ့ ခွဲချင်လို့မရတော့ဘူး၊ (မှန်ပါ့) ဇာတိနဲ့ခွဲချင်လို့၊ (မရတော့ဘူး) ဒါဖြင့် ခင်ဗျားတို့ ဒီသုံးခုမလာလို့ရှိရင်ဖြင့် ဇာတိ, ဇရာ, မရဏလွတ်မယ်၊ (မှန်ပါ့ ဘုရား) ဒီသုံးခုမလာအောင် ဒကာ ဒကာမတွေ ဟောဒီအစပ်ကို ဖြုတ်ရမယ်၊ (မှန်ပါ့ ဘုရား) ၂ နဲ့ ၃ အစပ်ကို ဦးသန်းမောင် ဘာလုပ်ရမလဲ၊ (ဖြုတ်ရပါမယ် ဘုရား) ၂ နဲ့ ၃ အစပ်ကို (ဖြုတ်ရပါမယ် ဘုရား) အဲဒီ ဖြုတ်နည်း နိဿယည်းဟာဖြင့် ဒကာ ဒကာမတို့ ထွက်လမ်းမှတ်ပါ၊ (မှန်ပါ့ ဘုရား)။

(၂) နဲ့ (၃) မစပ်တာသည် ထွက်လမ်း

၂ နဲ့ ၃ မစပ်တာသည် (ထွက်လမ်းပါ ဘုရား) ထွက်လမ်းလို့မှတ်ပါ၊ (မှန်လှပါ ဘုရား) ဒကာကြွယ် ဘာတဲ့တုံး၊ (၂ နဲ့ ၃ မစပ်တာသည် ထွက်လမ်းပါ ဘုရား) ၂ ထဲက ၃ မပေါက်ပွားမှ၊ (မှန်လှပါ ဘုရား)။

၂ ထဲက ၃ မပေါက်ပွားရင်ဖြင့် ဟောဒီအစပ်ပြုတ်တယ်၊ (မှန်လှပါ) နို့မို့ရင် ဒီအစပ်ဘယ်တော့မှမပြုတ်ဘူး၊ (မှန်ပါ့) ပြုတ်ပါ့မလား၊ (မပြုတ်ပါ ဘုရား) ရှင်းပလား၊ (ရှင်းပါပြီ)။

အဲ နက်ဖြန်မှ ဒီအစပ် ဖြတ်ပေးမယ်၊ နာရီစေ့သွားပြီ၊ တော်ကြဦးစို့။

သာဓု သာဓု သာဓု။