ကိုယ့်အသေကိုယ်ရှုနည်းတရားတော်
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
အမရပူရမြို့ဓမ္မာရုံ၌
ဟောကြားတော်မူသော
ကိုယ့်အသေကိုယ်ရှုနည်းတရားတော်
(၁၅-၁၁-၆၁)
ကိုယ့်ကိုယ်ကို ကယ်တင်တဲ့အလုပ်
တရားနာတယ်၊ တရားနာတယ်ဆိုတာ ဒကာ ဒကာမတို့ ကိုယ့်ကိုယ်ကို ကယ်တင်တဲ့အလုပ်လို့မှတ်ကြစမ်းပါ၊ (မှန်လှပါဘုရား။)
တရားနာတယ်ဆိုတာ ဘာပါလိမ့်၊ (ကိုယ့်ကိုယ်ကို ကယ်တင်တဲ့အလုပ်ပါ ဘုရား)ကိုယ့်ကိုယ်ကို ကယ်တင်တဲ့ အလုပ်ဆိုတာမှတ်ပါ။ (မှန်ပါ့ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ တရားနားဖို့ အကြောင်း မညီညွတ်ဘူး၊ တပည့်တော်တို့ ကိစ္စဝိစ္စတွေက များလွန်း လို့တရားမနာဖြစ်ဘူး ဆိုလို့ရှိရင်ဖြင့် ကိုယ့်ကိုယ်ကို ကယ်တင်တဲ့အလုပ်ကို မကယ်တင်သေးဘူးလို့ ပြောလိုက်တာနဲ့ အတူတူပဲ (မှန်လှပါ ဘုရား)။
သိပ်ကြောက်စရာကောင်းပါလား ဒကာ ဒကာမတို့ ဆင်ခြေက ကိုယ့်ကိုယ်ကို ကယ်တင်တဲ့အလုပ်ကိုပဲ မအား မလပ်သေးလို့ မကယ်တင်သေးဘူးဆိုတော့ ကဲဖြစ်ချင်သလိုဖြစ်ကြပေစေတော့ဆိုတဲ့ အဓိပ္ပါယ် ဒကာကြွယ်ရေး ရောက် မရောက်၊ (ရောက်ပါတယ် ဘုရား)။
ဪ ဒါဖြင့် ဘုန်းကြီးတို့ဒကာ ဒကာမတွေ မပါးသေးဘူးလို့ ဆိုရမယ်၊ (မှန်လှပါ ဘုရား)။ ဘယ်လိုဆိုထိုက် ပါလိမ့်၊ (မပါးသေးဘူးလို့ ဆိုရပါမယ်)။ မပါးသေးဘူးလို့ဆိုထိုက်ပါတယ်နော်၊ (မှန်လှပါ ဘုရား)။
ကိလေသာရေထဲ နစ်နေတယ်
ဘာကြောင့် မပါးသေးဘူးလို့ဆိုရပါလိမ့်မတုံး ဆိုတော့ကိုယ်ရေထဲနစ်နေတာကို ကိလေသာရေထဲ နစ်နေတယ်၊ ကြားလို့ရှိရင်ဖြင့် အာသဝဆိုတဲ့ ဝဲထဲကို လည်ရတော့မယ်၊ (မှန်လှပါ ဘုရား)။ ကိလေသာရေ များလို့ရှိရင် အာသဝဝဲ ထဲမှာလည်ရတော့မယ်၊ (မှန်လှပါ ဘုရား) လည်ပြီးသကာလ အောက်သံသရာထဲ အပါယ်လေးပါးမှာ မြုပ်ရတော့မယ်၊ (မှန်လှပါ ဘုရား)။
ဒါကိုပဲ လောကီကိစ္စတွေနဲ့ မအားသေးဘူး၊ မလပ်သေးဘူးလို့ဆိုတဲ့ အဓိပ္ပါယ်ကို ဒကာ ဒကာမတွေက ဪ ငါမျောနေတာ ဝဲထဲရောက်တော့မယ်၊ ဝဲထဲရောက်ရင် မြုပ်ရတော့မယ်၊ (မှန်ပါ့ ဘုရား)။
ဒါတွေကို ဒကာ ဒကာမတွေက မသိတော့ မအားသေးဘူးဆိုပြီး သကာလ ကိုယ့်ကိုယ်ကို မျော်နေတာကိုလဲ မကယ်တင်၊ ဝဲထဲရောက်မှာကိုလဲ မကယ်တင်၊ မြုပ်သွားမှာကိုလဲ မကြောက်လန့်ဆိုတော့ ဒီအဖြစ်ဟာ အဖြစ်ဆိုးလို့ မှတ်လိုက်စမ်းပါ။ (မှန်လှပါ ဘုရား)။ နားလည်ကြပလား၊ (နားလည်ပါပြီ ဘုရား)။
ဒါဖြင့် တရားနာဆိုတာ ဘာအလုပ်ပါလိမ့်၊ (ကိုယ့်ကိုယ်ကို ကယ်တင်တဲ့ အလုပ်ပါ ဘုရား) ကိုယ့်ကိုယ်ကို ကယ်တင်တဲ့အလုပ်ကို ဒကာ ဒကာမတွေ ကိုယ့်ကိုယ်မှ မသနားလို့ တရားမနာဖြစ်ဘူးဆိုတဲ့ ဆင်ခြေအလုံးဟာ ဒကာ ကြွယ်တို့ ဦးလှဘူးတို့ ကြောက်စရာအကောင်းဆုံးအလုပ်ပဲ၊ (မှန်လှပါ ဘုရား)၊ ဉာဏ်သက်ရောက်ကြပလား၊(သက်ရောက် ပါပြီ ဘုရား)။
ဒါဝဲလှည့် နေတာ
အဲဒီတော့ တရားနာ ပျင်းတိုင်းပျင်းတိုင်း တရားအားထုတ် ပျင်းတိုင်းပျင်းတိုင်း ကိုယ့်ကိုယ်ကမျောနေတယ်၊ ကိလေသာရေထဲမှာ၊ တော်တော်ကြာ အာသဝဆိုတဲ့ အဝိဇ္ဇာသဝ ဒိဋ္ဌာသဝ ကာမသဝ ဘဝါသဝဝဲထဲလည်ရမယ်၊ အဝိဇ္ဇာသဝဆိုတာက ဒကာ ဒကာမတို့ သစ္စာမသိမှု၊ (မှန်လှပါ ဘုရား) ဒိဋ္ဌာသဝဆိုတာက ငါ့ကိုယ်ငါ့ဟာ ထင်မှု၊ (မှန်လှပါ ဘုရား) ကာမာသဝဆိုတာက ဘုံဘဝတွေဆုတောင်းပြီး ကိုယ့်ဘဝတွေ ကိုယ်သာယာနေတာကလဲ ဒါဝဲလှည့် နေတာ (မှန်ပါ့ ဘုရား)။
ဘဝါသဝဆိုတာကလဲ ဘာတွေလှူ၊ ညာတွေလှူပြီး ဘဝတွေဆုတောင်းနေလိုက်တာ အသေတောင်းတာ (မှန်ပါ့ ဘုရား)။ အဲဒီဘဝတွေ ဒကာ ဒကာမတွေ ဒီဝဲထဲလှည့်ပြီးသကာလ နေတာလဲ မြုပ်မလို့ လှည့်နေတာကို ဒကာ ဒကာမ တွေက တရားမနာတော့ကို မျောချင်သလို မျောလှည့်ချင်သလိုလှည့် မြုပ်ချင်သလိုမြုပ်နေပေစေတော့လို့ ကိုယ့်ကို မသနားလို့ ဥပေက္ခာထားလိုက်တာနဲ့ တူလိုက်တာ၊ (မှန်လှပါ့ ဘုရား)။
ဘာနဲ့တူပါလိမ့်၊ (ဥပေက္ခာထားလိုက်တာနဲ့ တူပါတယ် ဘုရား) ဪ ခင်ဗျားတို့မသိလို့ ဖော်ပြနေတာလဲ ဖြစ်စဉ်ကတော့ ဦးလှဘူးတို့၊ ဒကာကြွယ်တို့ ဒကာသစ်တို့ ဒီအတိုင်းပဲ (မှန်ပါ့ ဘုရား) မသိလို့သာဖော်ပြနေရ တယ်၊ ရိပ်မိပလား၊ (ရိပ်မိပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ တရားနာပျင်းတဲ့ ပုဂ္ဂိုလ်, တရားအားထုတ်ပျင်းတဲ့ ပုဂ္ဂိုလ်ဟာ မျောချင်တိုင်း မျော၊ လှည့်ချင်သလိုလှည့်၊ မြုပ်ချင်သလို မြုပ်တဲ့အလုပ်ကြီးကို ကိုယ့်ကိုယ်ကို ပစ်ထားလိုက်တယ်၊ (မှန်ပါ့ ဘုရား)ဘယ်သူပစ် ထားသလဲ၊ (ကိုယ့်ကိုယ်ကို ပစ်ထားပါတယ် ဘုရား)။
ဝဲရပ်တဲ့အလုပ်လုပ်ပါဦး
ကိုယ့်ကိုယ်ကို ပစ်ထားတယ်ဆိုတာ ဒကာ ဒကာမတို့ ခင်ဗျားတို့ ရောင်းတာ၊ ဝယ်တာတွေ၊ မြတ်တာ၊ စွန်းတာတွေ ဘုန်းကြီးများက မကြည်ဖြူလို့ မရစေချင်လို့ ဒီလိုပြောတယ်မထင်နဲ့၊ အာသဝဆိုတဲ့ ဝဲထဲမှာ လှည့်နေရင် မြုပ်သွားမှာစိုးရိမ်လို့ ဒကာ ဒကာမတွေ ဉာဏ်ကလေးပြန်လှည့်ပါဦး၊ ခန္ဓာ နာမ်ရုပ် ကိလေသာဖြတ်တဲ့အလုပ် လုပ်ပါဦး ဝဲရပ်တဲ့အလုပ်လုပ်ပါဦး၊ မြုပ်တာကို မမြုပ်အောင် ကယ်တင်ပါဦးဆိုတဲ့ အဓိပ္ပာယ်နဲ့ ဘုန်းကြီးများက တရားဟောတာပါ၊ (မှန်လှပါ ဘုရား)၊ ဒကာကြွယ် ကောင်းကောင်းရိပ်မိပလား၊ (ရိပ်မိပါပြီ ဘုရား)။
အဲဒီတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေကလဲ တစ်နေ့သော်လဲမအားဘူး၊ နောက်တနေ့ဘာဖြစ်သတုံး၊မအားဘူး၊ ဘာကြောင့် မအားတာတုံး ကိလေသာခိုင်းလို့ မအားတာ၊ (မှန်လှပါ ဘုရား) အင်း ဘာကြောင့် မအားပါလိမ့်၊ (ကိလေသာခိုင်းလို့ မအားတာပါ ဘုရား)။
ကိလေသာခိုင်းလို့ မအားတာကိုဘဲ လုပ်လိုမှု၊ နေလိုမှုကြောင့် မအားတာကို မျောနေတာကိုပဲ မျောမှန်းမသိတော့ မအားတာနဲ့ သူသုံးလိုက်တယ်၊ (မှန်လှပါ ဘုရား) မအားတာနဲ့ သူသုံးလိုက်တယ်၊ (မှန်လှပါ ဘုရား) မအားတာနဲ့ သူသုံး လိုက်တော့ သူ့အရှုံးကို သူမတွက်တတ်ဘူး၊ (မှန်ပါ့ ဘုရား)။
မျောချင်၊ ပတ်ချင်၊ မြုပ်ချင်လို့သာမှတ်ပါ
အင်မတန်ဆိုးဝါးတဲ့ ဒကာ ဒကာမတွေပဲလို့ အပြစ်ထင်လို့ရှိရင်လဲ ခင်ဗျားတို့ခံရုံပါပဲ၊ (မှန်ပါ့ ဘုရား) ကိုင်း ဒါဖြင့် မအားတဲ့အပြစ် သိကြပြီလား၊ (သိပါပြီ ဘုရား) မျောချင်၊ ပတ်ချင်၊ မြုပ်ချင်လို့သာမှတ်ပါ၊ (မှန်ပါ့ ဘုရား) မျောချင် ပတ်ချင်၊ မြုပ်ချင်လို့သာမှတ်ပါလို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေကို ပြောလိုက်ရတယ်၊ (မှန်ပါ့ ဘုရား)။
ဒီဟာ ဒကာကြွယ် ငြင်းဖို့များလိုသေးသလား၊ (မလိုပါ ဘုရား) ဘယ်သူမှပြောနေတာမဟုတ်ဘူး၊ ဒီဥစ္စာဆင်ခြေ လဲတဲ့ ကိုယ့်ဆင်ခြေနဲ့ကိုယ် အပါယ်လေးပါး သွားကြရတဲ့ ဆင်ခြေဆိုတာကိုလဲ ယနေ့ထူးထူးခြားခြားမှတ်ပါ၊ (မှန်လှ ပါ ဘုရား)။
ဘယ်သွားရမယ့် ဆင်ခြေပါလိမ့်၊ (အပါယ်သွားရမည့်ဆင်ခြေပါ ဘုရား) အပါယ်သွားကြရမည့် ဆင်ခြေကို တစ်နေ့သော်လဲ အားမထုတ်ဘူး၊ နောက်တစ်နေ့လဲ အားမထုတ်ဘူး၊ တရားလဲ မနာလိုဘူးဆိုလို့ရှိရင်ဖြင့် ကိုယ့်ဟာကိုယ် ဥပေက္ခာထားလိုက်တာပဲ၊ (မှန်ပါ့ ဘုရား) ကဲ မျောချင်သလိုမျောကွာ၊ မြုပ်ချင်သလိုမြုပ်ကွာ၊ ဒကာကြွယ် ဒီရောက် မရောက်၊ (ရောက်ပါတယ် ဘုရား)။
ဒါဖြင့် အင်မတန်သနားတဲ့ ကရုဏာနဲ့မို့ ဆရာဘုန်းကြီးသည် ပြောဆိုနေပါတယ်ဆိုတာလဲ ဒကာ ဒကာမတို့က လေးစားစွာနဲ့ မှတ်လိုက်ပါ၊ (မှန်လှပါ ဘုရား)ခင်ဗျားတို့၏ လိုတဲ့အဖြစ်အဖြင့် မသိလို့လိုနေတာဆိုတာ ပေါ်ကြပလား၊ (ပေါ်ပါပြီး ဘုရား)။
ကိုင်း ဒါဖြင့် ခင်ဗျားတို့ မအားလို့သာ ကိုယ့်ကိုယ်ကို မကယ်တင်တော့ဘူးဆိုရင်ဖြင့် ဒကာကြွယ်ရေ ပြန်စရာလမ်းမရှိဘူး၊ (မှန်လှပါ ဘုရား) လူ့ပြည်ကိုပြန်လာဖို့ လမ်းကိုမရှိဘူး၊ (မှန်လှပါ ဘုရား)။
ဒိဋ္ဌိကမြှုပ်ပစ်လိုက်တယ်
ရိပ်မိကြပလား၊ (ရိပ်မိပါပြီ) အင်မတန်ဆိုးပါတယ်ဆိုတာ ပေါ်ကြပလား၊ (ပေါ်ပါပြီ ဘုရား) ခင်ဗျားတို့ကတော့ မသိရှာဘူး၊ ကိလေသာရန်သူက မျှောလိုက်တယ်၊ (မှန်လှပါ ဘုရား) အာသဝတွေကလှည့်လို့၊ (မှန်ပါ့)သဘောကျပလား၊ (ကျပါပြီ) ဒိဋ္ဌိကမြှုပ်ပစ်လိုက်တယ်၊ (မှန်ပါ့ ဘုရား)။
ဒါဖြင့် ကိလေသာကမျှော အာသဝက ဒကာ ဒကာမတို့ သံသရာထဲလည်အောင် လုပ်ပြီးသကာလ ဒိဋ္ဌိကမြှုပ် လိုက်တော့ ဒကာကြွယ် တက်လမ်းကော မြင်သေးရဲ့လား၊ (မမြင်ပါ ဘုရား)။
ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေအားလုံးပဲ မိဘဆွေမျိုး ဉာတကာတွေ မတော်ဘူးသည် မည်သည်မရှိသော ကြောင့် ကိလေသာရေယာဉ်ကြောမှာဖြင့် မမျောရအောင် တရားနာ၍ တရားအားထုတ်ပါဆိုတာလဲ ပြောနိုင်တဲ့ပုဂ္ဂိုလ် ရှိတုန်းသာ ခင်ဗျားတို့ကြားရပါလိမ့်မယ်၊ (မှန်လှပါ ဘုရား)၊ ဒီပြောနိုင်တဲ့ပုဂ္ဂိုလ်ဟာလဲ ဒကာ ဒကာမတို့ ကွယ်တော့မယ် ဆိုတာမှတ်ပါ၊ (မှန်လှပါ ဘုရား)၊ ခင်ဗျားတို့တစ်သက် နှစ်သက်ဆိုရင် ဒီဆရာမျိုး မရှိတော့ဘူး၊ (မှန်လှပါ ဘုရား)။
အားလုံး ဘာသာခြားတွေ လွှမ်းမိုးပြီးသကာလ တစ်ခါတည်း ကိလေသာမျှောချင်သလိုမျှော၊ ဝဲလှည့်ချင်သလိုလှည့်၊ မြှုပ်ချင်သလိုမြှုပ် ဒီလမ်းနှင့် ဒီစခန်းသာလျှင် တန်းပြီးသွားနေတော့မယ် ဆိုတာကိုဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မှတ်ပါ၊ (မှန်လှပါ ဘုရား)။
ဒါဖြင့် ဒီအချိန်ကလေးကိုမှ ကိုယ့်ကိုယ်ကို ကယ်ယူတတ်တဲ့ ဉာဏ်ကလေး ဆရာဘုန်းကြီးက သတိပေးတုန်းမှ ဒကာ ဒကာမတွေက မလိုက်နာဘူးဆိုရင်ဖြင့်လဲ ကိုယ့်ကိုယ်ကို သနားလို့စီးပွားရှာတာလားလို့ ထင်ကြလိမ့်မယ်နော်၊ (မှန်လှပါ ဘုရား)။
မသနားလို့ စီးပွားရှာတာ
မသနားလို့ စီးပွားရှာတာ၊ (မှန်လှပါ ဘုရား)၊ ရိပ်မိပလား၊ (ရိပ်မိပါပြီ) မသနားလို့ စားဖို့၊ သောက်ဖို့တွေနောက် လိုက်နေတဲ့အခါကျလို့ရှိရင်ဖြင့် တဏှာခိုင်းလို့ လိုက်ပြီးသကာလ နေတယ်ဆိုတာ ဦးလှဘူး သေသေချာချာမှတ်ပါ၊ (မှန်လှပါ ဘုရား)။
ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေကို လေးစားစွာနဲ့ပဲ သတိပေးလိုက်ပါတယ်၊ ခင်ဗျားတို့ကြောင့် နောက်မှမှားခဲ့ပြီဆိုတဲ့ အိုဘေးကြီးသင့်တော့ အိုဘေးကြီးသင့်လာမှ နာဘေးကြီးသင့်လာမှ ဪ လက်ကိုင်မရှိတော့ပါ ကလား၊ (မှန်လှပါ) နစ်နာလုံးတွေ လာတော့မယ်၊ (မှန်ပါ့ ဘုရား)။ အိုဘေးတွေ နာဘေးတွေ သင့်လို့ရှိရင်ဖြင့် ဘယ့်နှယ် ညည်းကြသလဲ၊ (လက်ကိုင်မရှိတော့ပါကလား) လက်ကိုင်မရှိတော့ဘူး၊ (မှန်လှပါ ဘုရား)။
ဉာဏ်လက်ကိုင်မရှိတဲ့ ပုဂ္ဂိုလ်
ဒါဖြင့် လက်ကိုင်မရှိတဲ့ပုဂ္ဂိုလ် တစ်ဦးတစ်ယောက် ဉာဏ်လက်ကိုင်မရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ဟာဖြင့် ကိုင်း ကံစီမံသလိုပဲ ခံရုံပဲရှိတော့တယ်ဆိုတော့ သံသရာအပါယ်သွားကြောင်း ကံတွေက များများဖြစ်ပြီးသကာလနေ တော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ သူစီမံရာ ခံလိုက်ရုံပဲ၊ (မှန်လှပါ ဘုရား)။
ဒါကြောင့် ဆရာဘုန်းကြီး ယနေ့တရားဟောနေတာ ဉာဏ်စီမံရာလိုက်ကြပါလို့ဟောတယ်၊ (မှန်လှပါ ဘုရား) ဘယ်လိုဟောပါလိမ့်၊ (ဉာဏ်စီမံရာလိုက်ကြပါ) ဉာဏ်စီမံရာလိုက်ကြပါလို့ ဦးလှဘူးတို့ ဒကာသစ်တို့ ပြောနေတယ်၊ (မှန်လှပါ ဘုရား)။
အဲဒါ ခင်ဗျားတို့ နားလည်ထားတာကလဲ ခက်လိုက်တဲ့ဖြစ်ခြင်း၊ အို ကိုယ့်မှာ ကံတွေပြုထားတာ အရှိသားပဲ ဆိုတော့ အင်း ကံက သုံးဆယ့်တစ်ဘုံထဲမှာသာ သူလှည့်ပြီးသကာလ အိုဘေး နာဘေး သေဘေးတွေသာပေးမှာ ပဲ၊ (မှန်လှပါ ဘုရား)၊ ဉာဏ်ကတော့ အိုဘေး, နာဘေး, သေဘေး ဖြတ်ပြီးသကာလ မအိုရာ မနာရာ မသေရာဖြစ်တဲ့ နိဗ္ဗာန်ပို့မှာ၊ (မှန်လှပါ ဘုရား)။
အဲဒါ ခင်ဗျားတို့က ကံစီမံရာလိုက်မယ်ဆိုတာသည်ကား လို့ဆိုလို့ရှိရင်ဖြင့် တဲ့၊ ခင်ဗျားတို့၏ အားကိုးမှုသည် အလွဲတစ်ခုပဲ၊ (မှန်လှပါ ဘုရား)၊ ကံစီမံရာလိုက်တာသည် (အားကိုးမှုအလွဲပါ ဘုရား) အားကိုးမှုအလွဲတစ်ခုကို မှတ်လိုက် စမ်းပါ၊ (မှန်ပါ့ ဘုရား)။
ဒါက ဆရာစစ်နဲ့တွေ့လို့ ဆရာမှန်နဲ့တွေ့လို့၊ ဪ ဒကာဒကာတို့ ကံစီမံရာမလိုက်ပါနဲ့၊ ဉာဏ်စီမံရာလိုက် စမ်းပါဆိုတာ ပြောလိုက်ပါတယ်၊ (မှန်ပါ့ ဘုရား)၊ ဒကာကြွယ် ဘာတဲ့တုံး၊ (ကံစီမံရာမလိုက်ဘဲ ဉာဏ်စီမံရာလိုက်ပါ)၊
ဉာဏ်စီမံရာ လိုက်ကြစမ်းပါ
ကံစီမံရာမလိုက်ပါနဲ့၊ ဉာဏ်စီမံရာ လိုက်ကြစမ်းပါဆိုတဲ့ ဥစ္စာဖြင့် အထူးတိုက်တွန်းပါတယ်၊ (မှန်လှပါ)၊ သဘောပါပလား၊ (ပါ,ပါတယ် ဘုရား)။
ဉာဏ်စီမံရာလိုက်တော့ ဉာဏ်က ကံကိုဖြတ်ပစ်တယ်၊ (မှန်လှပါ)ကံက ဟိုဘုံ ပဋိသန္ဓေပေးလိုက်၊ ဇာတိဒုက္ခပေး လိုက်၊ ဟို ဇရာဒုက္ခပေးလိုက်၊ အိုတဲ့ဒုက္ခပေါ့ဗျာ၊ (မှန်လှပါ)ဟိုဘုံနာတဲ့ ဒုက္ခပေးလိုက်၊ ဟိုဘုံသေတဲ့ဒုက္ခကြီး ပေးလိုက်ဆို တာ ဒါဘယ်သူ့သတ္တိလို့ ထင်ကြသတုံးဆိုတာ ဒကာသစ်တို့ ရိပ်မိကြပလား (ရိပ်မိပါတယ်)ဘယ်သူပါလိမ့် (ကံသတ္တိပါ ဘုရား)။
ဒါဖြင့် ကံသည် အိုဘေး, နာဘေး သေဘေးကိုသာသူပေးတတ်တယ်၊ (မှန်ပါ့ ဘုရား) ဉာဏ်က အိုဘေးကိုဖြတ်၊ နာဘေးကိုဖြတ်၊ သေဘေးကို ဖြတ်ပြီး သကာလ အို, နာ, သေလွတ်တဲ့နေရာပို့ပါတယ်၊ (မှန်ပါ့) သဘောပါပလား၊ (ပါပါတယ် ဘုရား)။
ဒါဖြင့် ဘယ်သူစီမံရာလိုက်သင့်ပါလိမ့်ဗျာ၊ (ဉာဏ်စီမံရာလိုက်သင့်ပါတယ် ဘုရား)စဉ်းစဉ်းစားစားနားထောင် ကြပါ ဒကာ ဒကာမတို့၊ အင်မတန်ရခဲတဲ့စကား၊ ဒကာကြွယ် မှတ်မိပလား၊ (မှတ်မိပါပြီ ဘုရား)။
ခင်ဗျားတို့က ကံပဲ၊ ကံပစ်ချသလို ခံရမှာပဲ၊ ကိုယ်က ကံကောင်းလုပ်ထားလို့ရှိရင်လဲ နောက်အကောင်းမြင်ဖို့ ပဲ၊ ကိုယ်က ကံအမွဲလုပ်ထားလို့ရှိရင် ကံ၏နောက်မွဲဖို့ပဲ၊ ကံညံ့လုပ်ထားလို့ရှိရင်လဲ နောက်အညံ့ဖြစ်ဖို့ပဲဆိုပြီး ဒကာသစ် တို့က ဒီနေရာဘုတ်ထိုင် ထိုင်ချလိုက်တယ်။ (မှန်လှပါ ဘုရား)။
ဪ သူစီမံရာမှတစ်ပါး၊ ကံစီမံရာမှတစ်ပါး၊ ဉာဏ်စီမံရာများရှိသေးသလားဆိုတာ မော်မှမကြည့်ဝံ့အောင် ဖြစ်နေကြတယ်၊ (မှန်ပါ့ ဘုရား) ရှင်းပလား၊ (ရှင်းပါပြီ) ဒါဖြင့် ခင်ဗျားတို့သေသေချာချာတွေးပါ၊ ယနေ့တရားသည် ဘုန်းကြီးစ,ဟောတဲ့နေ့၊ နေ့တိုင်းလဲဆက်ပြီးဟောမှာပါဘဲ၊ (မှန်လှပါ ဘုရား။)
သမ္မာဒိဋ္ဌိခေါင်းဆောင်တဲ့ဆီ
အဲဒီတော့ ဒကာ ဒကာမတို့ ဘယ်သူ့နောက်လိုက်ကြမှာတုံး၊ (ဉာဏ်နောက် လိုက်ကြမှာပါ ဘုရား)၊ ဪ ဉာဏ်စီမံရာလိုက်မယ်ဆိုတော့ ဉာဏ်သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် သမ္မာဒိဋ္ဌိပါပဲ၊ (မှန်ပါ့) ဒကာကြွယ် သမ္မာဒိဋ္ဌိခေါင်း ဆောင်တဲ့ဆီလိုက်နော်၊ (မှန်ပါ့) ဒကာသစ် ဘာနောက်လိုက်ရမယ်၊ (သမ္မာဒိဋ္ဌိခေါင်းဆောင်တဲ့ဆီ လိုက်ရပါမယ် ဘုရား)။
သမ္မာဒိဋ္ဌိခေါင်းဆောင်တဲ့ဆီလိုက်ရလိမ့်မယ်ဆိုတာ သေချာကြပလား၊ (သေချာပါတယ် ဘုရား) သူကတော့ ဘယ်ကိုပို့လေ့၊ ဆောင်လေ့၊ ယူလေ့ရှိပါလိမ့်မလဲလို့ မေးတဲ့အခါကျတော့မှ ဪ မအို, မနာ, မသေအမြဲနေတဲ့နိဗ္ဗာန် ပို့လေ့၊ ဆောင်လေ့၊ ယူလေ့ရှိတယ်ဆိုတာ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ လေးစားစွာနဲ့ မှတ်လိုက်ကြစမ်းပါ (မှန်ပါ့ ဘုရား)။
ဒါဖြင့် ယနေ့ကစပြီး သကာလ ကံအလုပ်ကြောင့် သံသရာထဲမှာ အမျိုးမျိုးကျင်လည်ခဲ့ရတယ်၊ ဉာဏ်အလုပ် ပြောင်းပြီး စီစဉ်ဦးမှပဲဆိုတာဖြင့် ယနေ့ ဒကာ ဒကာမတွေက ဆုံးဖြတ်ချက်ချရလိမ့်မယ်၊ (မှန်လှပါ) ယနေ့ ဘာဆုံးဖြတ် ချက်ချရမလဲ၊ (ဉာဏ်အလုပ်ပြောင်းပြီး စီစဉ်ရမယ်) ဉာဏ်အလုပ်ကိုဆုံးဖြတ်ချက်ချရမယ်၊ (မှန်ပါ့) ဉာဏ်စီမံရာလိုက် ပါတော့မယ်ဆိုတာ ဒကာသစ် ဆုံးဖြတ်ချက်ချရမယ်၊ (မှန်လှပါ ဘုရား)။
ဉာဏ်က ကိလေသာဖြတ်ပါတယ်
ကောင်းပြီ၊ ဒါဖြင့် ကံသည် ကိလေသာဖြတ်သလား၊ ဉာဏ်သည် ကိလေသာဖြတ်သလား၊ ဒကာကြွယ်တို့က ဝေဖန်ဦး၊ (ဉာဏ်က ကိလေသာဖြတ်ပါတယ် ဘုရား) သဘောကျပလား၊ (ကျပါပြီ ဘုရား)။
ကံသည် အာသဝေါကို ဖြတ်သလား၊ ဉာဏ်သည် အာသဝေါကိုဖြတ်သလား၊ (ဉာဏ်သည်အာသဝေါကိုဖြတ်ပါ တယ် ဘုရား)၊ ဟာ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ နဂိုကအားကိုးထားတာဖြင့် မကိုးထိုက်ဘူးလို့တော့ မဆို ထိုက်ပါဘူး၊ သို့သော် အစစ်မရောက်ဘူး၊ (မှန်လှပါ ဘုရား) ပေါ်ကြပလား၊ (ပေါ်ပါပြီ ဘုရား) အစစ်ရောက်ပါရဲ့လား၊ (မရောက်ပါ ဘုရား)။
ကံစီမံရာ လိုက်တော့မယ် ဆိုလို့ရှိရင်ဖြင့် တဲ့။ အိုဘေး၊ နာဘေး၊ သေဘေးတွေ့ရမယ်။ (မှန်ပါ့ ဘုရား)။
ဉာဏ်စီမံရာ လိုက်တော့မယ်ဆိုတော့ အိုဘေး၊ နာဘေး၊ သေဘေးမှ လွတ်ရေးကဧကန်ပါပဲ၊ (မှန်လှပါ ဘုရား)၊ ရှင်းကြပလား၊ (ရှင်းပါပြီ ဘုရား)၊ ဒါဖြင့် ဘယ်နောက်လိုက်ကြမယ်၊ (ဉာဏ်စီမံရာနောက်လိုက်ပါ့မယ် ဘုရား)။
ဒါဖြင့် ယနေ့ကစပြီး ခင်ဗျားတို့ စကားလုံးကလေး ပြောင်းလိုက်ပါဦး၊ (မှန်ပါ) ကောင်းလဲကံ၊ ဆိုးလဲကံပဲလို့ ဆိုတဲ့ ဥစ္စာသည်ကားလို့ဆိုရင်ဖြင့် ဉာဏ်စွမ်းနားမလည်တဲ့ ပုဂ္ဂိုလ်၏အပြော၊ (မှန်လှပါ ဘုရား)။
ဘယ်ပုဂ္ဂိုလ်၏ အပြောပါလိမ့်၊ (ဉာဏ်စွမ်း နားမလည်တဲ့ပုဂ္ဂိုလ်၏အပြောပါ ဘုရား) ဉာဏ်စွမ်းနားမလည်တဲ့ ပုဂ္ဂိုလ်၏အပြောဆိုတာဖြင့် ရှင်းလောက်ပါပြီ၊ (ရှင်းပါပြီ ဘုရား)။
ဒါ့ကြောင့် ယနေ့ထူးထူးခြားခြားပဲ ဒကာ ဒကာမတွေ ဉာဏ်စီမံရာလိုက်ကြပါစို့၊ (မှန်လှပါ ဘုရား)၊ ဆုံးဖြတ်ချက် ချပါ၊ (ချပါပြီ ဘုရား)၊ ဘယ်သူစီမံရာလိုက်မလဲ (ဉာဏ်စီမံရာလိုက်ပါမယ် ဘုရား)။
ကံနောက်လိုက်ခဲ့လို့
ကံနောက်လိုက်ခဲ့လို့ ခင်ဗျားတို့ ယခုရထားတာသည် ကံပေးလို့ရ, ထားတဲ့ ခန္ဓာကြီးဆိုတာပေါ်ပလား၊ (ပေါ် ပါပြီ ဘုရား)၊ ကံကပြုပြင်လိုက်တော့ ကမ္မပစ္စယော ဆိုတဲ့အတိုင်း မျိုးစေ့ဖြစ်ပြီး ကျေးဇူးပြုလိုက်တာ ဝိပါကပစ္စယော ဆိုတဲ့ အကျိုးကြီးရလာတယ်၊ (မှန်လှပါ ဘုရား)။
ကမ္မပစ္စယောကြောင့် ဘာရသလဲ၊ (ဝါပကပစ္စယောဆိုတဲ့အကျိုးကြီးရပါတယ်)၊ ဝိပါကပစ္စယော ဆိုတဲ့အကျိုး ကြီးရတယ်၊ ဝိပါကပစ္စယောကို သစ္စာဖွဲ့လိုက်တော့ အခုရ, ထားတဲ့ခန္ဓာကြီးဟာ ဘာသစ္စာလဲ၊ (ဒုက္ခသစ္စာပါ ဘုရား)။
ဪ ဘယ်နှယ့်ကြောင့် ဒီဒုက္ခကြီးကို လှလှကြီးရနေပါလိမ့်မလဲလို့ ဒကာ ဒကာမတွေက ကိုယ်ပိုင်ဉာဏ်နဲ့ တွေးလိုက်တဲ့အခါကျတော့ ဪ ကံစီမံရာလိုက်မှုပဲ၊ (မှန်လှပါ ဘုရား) ပေါ်လာပလား၊ (ပေါ်လာပါပြီ) ဘယ်သူစီမံရာ လိုက်လို့လဲ၊ (ကံစီမံရာ လိုက်လို့ပါ ဘုရား) ဘာသစ္စာကြီးရသလဲ၊ (ဒုက္ခသစ္စာကြီးရပါတယ်)။
ဪ ကောင်းလဲကံ ဆိုးလဲကံ၊ တို့ နဂိုတုန်းကဖြင့်ဆို ကံပယ်ပြီး ကောင်းကံအားကိုးမယ်ဆိုပြန်တော့လဲ အိုဘေး, နာဘေး, သေဘေးကိုလဲ သူပေးပြန်တယ်၊ (မှန်ပါ) ဒါဖြင့် တို့ ရေလိုက်လွဲလို့သာလျှင် ဒီဒုက္ခကြီးတွေ့ရတယ် ဆိုတော့လဲ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ၌ ခန္ဓာက သက်သေခံပါတယ်၊ (ခံပါတယ် ဘုရား) ဘယ်သူက သက်သေခံ သလဲ၊ (ခန္ဓာက သက်သေခံပါတယ် ဘုရား)။
ခန္ဓာကလဲ ဘယ့်နှယ်ကြောင့် မီးလောင်တဲ့ခန္ဓာကြီးရသလဲ၊ (ကံကိုအားကိုးလို့ပါ ဘုရား) အိုဘေး, နာဘေး, သေဘေးအပြည့်နဲ့ ခန္ဓာကိုယ်ကြီးကို ရ, ထားတယ်လို့ဆိုတာ သေချာပလား၊ (သေချာပါတယ် ဘုရား) အင်း ဘယ်သူစီမံရာ ရှေးကလိုက်ခဲ့လို့တုံး၊ (ကံစီမံရာ လိုက်ခဲ့လို့ပါ ဘုရား)။
ဪ ဉာဏ်စီမံရာကိုသာ ရှေးကလိုက်ခဲ့ကြမယ်ဆိုလို့ရှိရင် ဒီဒကာ ဒကာမတွေဟာ ချမ်းသာအစစ် ဧကန် ဖြစ်ကုန်ကြပြီ၊ (မှန်ပါ ဘုရား) အခုတော့ ဘယ့်နှယ်ဖြစ်နေကြသတုံး၊ ဘယ်သူ ဘာဖြစ်လို့တုံး၊ ဒီတရားပွဲမှာဘဲ မမာဘူး ဘုရာ့ (မှန်ပါ့) ရှေ့တောင်လာဖို့ မမြင်ဘူးဘုရား၊ (မှန်ပါ့) အင်း ဘယ်သူစီမံရာ လိုက်နေရတာလဲ၊ (ကံစီမံရာလိုက်နေ ရတာပါ ဘုရား)။
ဘာစီမံရာလိုက်လို့ ဒီအဖြစ်ဆိုးကြီးနဲ့ တွေ့ရတာလဲ
နောက်တော့ သေပြီတဲ့ဘုရား၊ ဘုရားတပည့်တော်တို့ဖြင့် နှမြောပါတယ်၊ (မှန်ပါ့) အင်း ရွာ့ပြင် ထုတ်လိုက်ရ သတဲ့၊ (မှန်ပါ့) အင်း နှမြေစရာပါကလား၊ ဒါ ဘာစီမံရာလိုက်လို့ ဒီအဖြစ်ဆိုးကြီးနဲ့ တွေ့ရတာလဲ၊ (ကံစီမံရာ လိုက်လို့ပါ ဘုရား) သေချာကြပလား၊ (သေချောပါပြီ ဘုရား)။
ဒါဖြင့် ယနေ့ပြောင်းကြစို့၊ (မှန်လှပါ ဘုရား) ဘယ်လိုပြောင်းကြမယ်၊ (ဉာဏ်စီမံရာကို ပြောင်းကြပါမယ် ဘုရား)။
ဉာဏ်စီမံရာကို တပည့်တော်တို့ဖြင့် အပြောင်းကြီး ပြောင်းပါတော့မယ် ဆိုတာ ဒကာသစ်ရေ ဆုံးဖြတ်ချက် ချပါ၊ (မှန်လှပါ ဘုရား) ကံစီမံရာ မလိုက်တော့ဘူးလို့ ဆုံးဖြတ်ချက်ကိုဖြင့် ဒကာကြွယ်တို့ ဦးလှဘူးတို့ ချရတော့မယ် (မှန်ပါ့) မချရင် တော်ပါ့မလား (မတော်ပါ ဘုရား)။
ဉာဏ်ကျေးဇူးပြုတဲ့ တရားရှာကြစို့
ကဲ ဒါဖြင့် ဉာဏ်ကျေးဇူးပြုတဲ့ တရားရှာကြစို့၊ (မှန်လှပါ) တပည့်တော်တို့ ဉာဏ်စီမံရာသာလိုက်ပါတော့မယ် ဘုရား၊ အရှင်ဘုရားပြောတဲ့အတိုင်း နဂိုက မျက်စိတွေမှုံမွှားပြီး သကာလကံစီမံရာလိုက်ခဲ့လို့ယခုတော့ဖြင့် မင်းဘေး၊ စိုးဘေး၊ သူခိုးဘေးနဲ့ ခန္ဓာကိုယ်ကြီးကလဲ ယိမ်းယိုင်နွဲ့နေတာနဲ့ ၉၆ ပါးရောဂါတွေကလဲ ဝိုင်းရံနှိပ်စက်နေတာနဲ့ ကံစီမံရာ လိုက်မှုဖြင့် တပည့်တော်တို့ အနာကင်း ရှင်ဗာကူ ဆိုတာတောင် သေပွဲမလွတ်တာကို သိပါပြီ။ (မှန်လှပါ ဘုရား)။
ခင်ဗျားတို့ ဆုတောင်းတာက အနာကင်းရှင်ဗာကူကိုဗျ၊ (မှန်ပါ့) အဲဒါ သေပွဲလွတ်ရဲ့လား၊ (မလွတ်ပါ ဘုရား) အိုပွဲ, နာပွဲကော၊ (မလွတ်ပါ ဘုရား)။
မလွတ်ပါဘူးတဲ့၊ ရှင်ဗာကူတို့အဖြစ်ကိုအစက,များ ပြန်ပြီး ဒကာ ဒကာမတွေပြောရမယ်ဆိုရင် ရှင်ဗာကူလို့ဖြင့် မကျွတ်ချင်ဘူးလို့ လာလိမ့်မယ်၊ (မှန်လှပါ) ဘယ့်နှယ်ကြောင့်လာမလဲ၊ ရှင်ဗာကူဟာ ငါးအမျိုခံရတာကိုး၊ (မှန်လှပါ) ကဲ ဒကာသစ်၊ ငါးမျိုခံရတဲ့ ရှင်ဗာကူကော၊ (မလိုချင်ပါ ဘုရား)။
နို့ ဘာဖြစ်လို့ခင်ဗျားတို့က သူများပြောသံကြားနဲ့ အနာကင်း ရှင်ဗာကူ၊ အဆင်းလှ ရှင်ပစ္စည်းဖြစ်ရပါလို၏။ ဘာလုပ်တာတုံးခင်ဗျားတို့၊ (ဆုတောင်းတာပါ ဘုရား) မသိလို့။
မသိတာကဆိုးနေတယ်
မသိတာကဆိုးနေတယ်၊ (မှန်ပါ့) မသိတာကဆိုးဝါးပြီး သကာလနေတဲ့အတွက် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဪ ဘုန်းကြီးသနားတာကိုလည်း ခင်ဗျားတို့ တွေးကြပေါ့နော်၊ (မှန်ပါ့ ဘုရား)။
ဘယ်လိုကြောင့် သနားပါလိမ့်မလဲ၊ အနာကင်း ရှင်ဗာကူဆိုတော့ ရှင်ဗာကူအကြောင်း ကောင်းကောင်းမသိလို့ သူတို့ ရှင်ဗာကူလိုဖြစ်ချင်တာပဲ၊ (မှန်ပါ့ ဘုရား)၊ မဟုတ်ဘူးလား၊ (ဟုတ်ပါတယ် ဘုရား)။
အဆင်းလှ ရှင်ကပစ္စည်းဆိုတာလဲ ရှင်ကပစ္စည်းအကြောင်း ကောင်းကောင်းမသိလို့ ရှင်ကပစ္စည်းလိုဖြစ်ချင်တာ ပဲ၊ (မှန်လှပါ ဘုရား) သဘောကျပလား၊ (ကျပါပြီ) ရှင်ကပစ္စည်းကော အိုဘေး, နာဘေး, သေဘေးနဲ့ ရှာမှတွေ့သေးရဲ့ လား၊ (မတွေ့ပါ ဘုရား)။
ဟော ဘေးတွေရန်တွေ စစ်ကြည့်လိုက်တယ်၊ ရှင်ဗာကူတို့ ရှင်ကပစ္စည်းတို့ ရှောက်ရှာမတွေ့ဘူးတဲ့၊ (မှန်လှပါ) အနာကင်း ရှင်ဗာကူတဲ့၊ သေပွဲကြီး ဝင်သွားတဲ့ဥစ္စာ၊ အနာရှိလို့သေတာပေါ့ဗျ၊ (မှန်လှပါ ဘုရား)အနာမရှိရင်၊ မသေပါ ဘုရား။
အဲဒါ ခင်ဗျားတို့က အားကျပြီးသကာလ သူများရေးထားတဲ့စာမှာ လမ်းဆုံးနေလို့ ဘုန်းကြီးက သနားတယ်လို့ ပြောတာ ဒကာကြွယ်က စကားကြီးတယ်လို့ ဆိုချင်သေးသလား၊ (မဆိုချင်ပါ ဘုရား) ဆိုစရာမလိုပါဘူး၊ (မှန်လှပါ ဘုရား) ရှင်းကြပလား၊ (ရှင်းပါပြီ ဘုရား)။
ဒကာ ဒကာမတွေ အနာကင်းရှင်ဗာကူများ၊ သဘောကျသလား၊ (မကျပါ ဘုရား) အဆင်းလှရှင်မဟာကစ္စည်း ကော၊ (မကျပါ ဘုရား) မကျနဲ့တော့ ကျလို့ရှိရင်ဖြင့် ရေချိန်လွဲလို့သာ မှတ်ပေတော့၊ (မှန်လှပါ) ကျရင် (ရေချိန်လွဲလို့ပါ ဘုရား) သေချင်လို့သာ မှတ်ပေရော့၊ ငါးမျိုးခံချင်လို့သာ မှတ်ပေရော့၊ (မှန်လှပါ ဘုရား) သဘောကျပလား၊ (ကျပါပြီ ဘုရား)။
ဘုန်းကြီးတစ်ပါး ဟောသံကြားနဲ့ တပည့်တော်တို့ဖြင့် ဒီဥစ္စာမိဘရိုးရာပဲ၊ စာအုပ်ကလေးတွေကလဲ ရေးထား တော့ တပည့်တော်တို့ဖြင့် ဒါဟာ နှုတ်ကိုတက်နေတာပဲ၊ အဲဒီ နှုတ်တက်မှုကလဲ အတော်ဆိုးတယ်၊ (မှန်လှပါ ဘုရား) မဆိုးဘူးလား ဆိုသလား၊ (ဆိုးပါတယ် ဘုရား)။
ဒုက္ခသစ္စာ ဆုတောင်းယူလို့
ဒုက္ခသစ္စာ ဆုတောင်းယူလို့ ဆိုးပါတယ်ပြောလိုက်တာ၊ (မှန်လှပါ) ဘာကြောင့်ပြောပါလိမ့်၊ (ဒုက္ခသစ္စာဆုတောင်း ယူလို့ပါ ဘုရား)။
အခုလဲ ခင်ဗျားတို့ ခန္ဓာကြီးရတော့ ရောဂတော = ရောဂါမျိုးစုံကိန်းအောင်တဲ့ ခန္ဓာလို့ဆိုတော့ ရှင်မဟာက ပစ္စည်းတို့ ရှင်ဗာကူတို့ ရောဂါအပြည့်နဲ့နေတယ်၊ (မှန်လှပါ ဘုရား) ဒါကိုခင်ဗျားတို့က သူတို့လိုပဲ ရောဂါအပြည့်ရပါလို ၏များ လုပ်ချင်သေးသလား၊ (မလုပ်ချင်ပါ ဘုရား)။
ဒကာသစ် နောက်ထပ် မရူးနဲ့နော်၊ (မရူးပါ ဘုရား) ဒကာ ဒကာမတွေ ဒကာကြွယ်တို့ နောက်ထပ် ရူးချင်သေး သလား၊ (မရူးချင်ပါ ဘုရား) ပင်ရင်းဖော်ပြတဲ့ဆရာနဲ့ တွေ့ပေါ့ဗျာ၊ (မှန်ပါ့ ဘုရား)။
ကံကောင်းလို့ အင်း ဒကာသစ် မသေတာဗျ၊ ရှင်ဗာကူငါးကြီးမျိုသွားတယ်၊ (မှန်ပါ ဘုရား) ပြီးတော့တစ်ခါ သူဌေးကတော်ကြီးတစ်ယောက်က ဓားမကြီးနဲ့ခွဲလိုက်တာ ကံကောင်းလို့မသေတယ်၊ (မှန်လှပါ ဘုရား)။
ရှင်ဗာကူဖြစ်စဉ် (မှန်ပါ့) ခင်ဗျားတို့ဓားမကြီးနဲ့ ဝမ်းထဲကခွဲတာကို အလန့်တကြား မခံရပေဘူးလား၊ (ခံရပါတယ်)၊ ငါးကြီးကလဲ သားတစ်မှတ်ပြီး ရှင်ဗာကူကိုမျိုသွားလေတော့ ခင်ဗျားတို့ အမျိုခံနိုင်ပါ့မလား၊ (မခံနိုင်ပါ ဘုရား)။
ဒါဖြင့် ရှင်ဗာကူလိုဖြင့် ဆုမတောင်းကြပါနဲ့၊ (မတောင်းပါ ဘုရား) ရှင်ဗာကူကဲ့သို့ စိုးရိမ်ချုပ်၍ အပူသိမ်းသွားတဲ့ ရှင်ဗာကူရောက်ရာဖြစ်တဲ့ နိဗ္ဗာန်ကိုသာ တပည့်တော်တို့ဖြင့် ရောက်ရပါစေဘုရား၊ အဲဒါမှ အနာကင်းတယ်ဘုရာ့ဆို တာ ကောင်းကောင်းရိပ်မိပလား၊ (ရိပ်မိပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် စပ်လို့ပြောတော့ ခင်ဗျားတို့ နှုတ်တက်နေတာတွေ အလကား၊ ဘာမှမဟုတ်တာတွေ နှုတ် တက်ပြီး သူများပါးစပ်သူများရေးတဲ့စာလမ်းဆုံးနေလို့ ဒကာကြွယ် ကျုပ်တို့မှာ အခက်ကြုံရတယ်၊ (မှန်လှပါ ဘုရား) ဦးညွန့်တို့ သဘောပါရဲ့လား၊ (ပါပါတယ် ဘုရား)။
ကံလမ်းလိုက်မိလို့ ငါးမျိုခံရ
ကိုင်း ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ကံလမ်းလိုက်မိလို့ ငါးမျိုခံရပြီထား (မှန်ပါ့) ဉာဏ်လမ်းမလိုက် မိလို့ ဒုက္ခမျိုးစုံတွေ့ရပြီထား၊ (မှန်လှပါ) ကဲ ဒကာ ဒကာမတို့ အခုသားကိစ္စ, သမီးကိစ္စ, ဆွေကိစ္စ, မျိုးကိစ္စ, မင်းကိစ္စ, စိုးကိစ္စ၊ မီးဘေး, ရေးဘေး, ခိုးသူဘေးတွေနဲ့ ကုန်လိုက်တဲ့ငွေတွေလဲ မနည်းကြဘူး၊ (မနည်းပါ ဘုရား) ရှာလိုက်ရတာလဲ ပင်ပန်းလိုက်ကြတာ၊ (ပင်ပန်းပါတယ် ဘုရား)။
ဪ ဒါ ဘယ့်နှယ်ကြောင့် ကြုံရပါလိမ့်မလဲလို့ မေး၊ ဘုန်းကြီးက ဖြေလိုက်တယ်၊ ခန္ဓာရလို့။ (မှန်လှပါ ဘုရား) ဘယ်လိုမှတ်ကြမယ်၊ (ခန္ဓာရလို့ပါ ဘုရား)၊ ခန္ဓာရလို့အဖြစ်ဆိုးကြုံရတယ်၊ (မှန်လှပါ ဘုရား) ဒကာ ဒကာမတို့ဘယ်လို မှတ်ကြမယ်၊ (ခန္ဓာရလို့ပါ ဘုရား)။
ဒါဖြင့် ခန္ဓာဆိုတာသည်ကားလို့ ဆိုရင် ဇာတိ ဇရာ မရဏတို့၏ စားဖတ် ဝါးဖတ် ဖြစ်လေသောကြောင့် ခန္ဓာ (မှန်လှပါ ဘုရား)ဒါဖြင့် ခန္ဓာဆုတောင်းလို့ရှိရင်ဖြင့် ဇာတိမီးလောင်ရပါလို၏။ (မှန်လှပါ ဘုရား) ဇရာမီးကြီးလောင်ရ ပါလို၏။ (မှန်ပါ့ ဘုရား) မရဏမီးကြီးလောင်ပြီးသကာလ ရွာ့ပြင်ထုတ်ရပါလို၏။ (မှန်လှပါ ဘုရား) ခန္ဓာဆုတောင်းတဲ့ ပုဂ္ဂိုလ် ဒါပဲရမယ်၊ (မှန်လှပါ ဘုရား) ဒိပြင်ဘာရသေးသတုံး (ဘာမှမရပါ ဘုရား)။
အလွဲ တန်းကုန်ပြီ
အဲဒါတွေကို ဉာဏ်နဲ့ အဆုံးထိအောင် ကြည့်လိုက်တော့မှ သစ္စာဉာဏ်နဲ့ အဆုံးအထိအောင် ကြည့်လိုက်တဲ့အခါ ကျတော့မှ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အလွဲက ဖြတ်တန်းကုန်ခဲ့ပေါ့လို့ ကိုယ့်ဟာကိုယ်သွားသိတာ၊ (မှန်ပါ့)အလွဲ တန်းကုန်ပြီလို့ ကိုယ့်ဟာကို သွားသိတယ်ဆိုတာကော ရိပ်မိပလား၊ (ရိပ်မိပါပြီ)။
အေး ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေသည် ခင်ဗျားရနေတဲ့ အနေကလေးဟာ ဘာမှမဟုတ်သေးဘူး ဆိုတာကိုလဲ ဒကာကြွယ် မှတ်လိုက်စမ်းပါ၊ (မှန်လှပါ ဘုရား) အိုဘေးလဲ မရှောင်နိုင်ဘူးနော်၊ (မှန်ပါ့)။
နာဘေးကော၊ (မရှောင်နိုင်ပါ ဘုရား)။
သေဘေးကော၊ (မရှောင်နိုင်ပါ ဘုရား)။
ဟာ မရှောင်နိုင်တဲ့အထဲမှာပဲ နောက်ထပ်တစ်ခါမရှောင်နိုင်တဲ့ပစ္စည်းမျိုး ရ,ရပါလို၏ ဆိုရင်ဖြင့် နှစ်ခါ မိုက်ကျတော့မယ်၊ (မှန်လှပါ ဘုရား) ဘယ်လိုဆိုကြမလဲ၊ (နှစ်ခါမိုက် ကျပါတော့မယ် ဘုရား)။
အင်း အခု ခန္ဓာကြီးမှ လက်စကမသတ်ရသေးဘူး၊ ဒုက္ခပွဲထဲနွှဲတုန်းရှိသေးတယ်၊ (မှန်ပါ့ ဘုရား) နောက် ခန္ဓာဒုက္ခသစ္စာကြီးကို လူမင်းချမ်းသာ, နတ်မင်းချမ်းသာလို့ သူများက ချမ်းသာလိမ်၊ ချမ်းသာကောက်ကို ဒကာ ဒကာမတွေက ပြောသံကြားနဲ့ ရမ်းကြိုက်နေတဲ့အတွက်တဲ့၊ ဆင်းရဲပဲ ပြန်ရကြဦးမယ်၊ (မှန်လှပါ ဘုရား)။
နှစ်ခါမှားတော့ဖြင့် မမှားပါနဲ့တော့
ဒါဖြင့် နှစ်ခါ အလိမ်အကောက်ကို ဒကာသစ် မခံပါနဲ့တော့၊ (မှန်ပါ့ ဘုရား) နှစ်ခါမှားတော့ဖြင့် မမှားပါနဲ့တော့၊ (မှန်ပါ့ ဘုရား) ဟိုအကြိမ်ကြိမ်ဆိုတဲ့ သမားများတော့ အမှားတန်းကုန်နေတယ်၊ (မှန်ပါ့ ဘုရား) မဆိုထိုက်ဘူးလား၊ (ဆိုထိုက်ပါတယ် ဘုရား)။
အေး ဒါကြောင့် ပြင်ပေးမည့်ဆရာ၊ သင်ပေးမည့်ဆရာနဲ့ တွေ့တုန်းမှ ခင်ဗျားတို့အမှားကြီးကို မပြင်တော့ မဆင်တော့ပါဘူးဆိုလို့ရှိရင်ဖြင့် သံသရာ အရှုံးကြီးရှုံးပြီးသကာလ မျက်ရေစက်လက်နဲ့ပဲ ဘဝတိုင်း ဝိညာဉ်ချုပ်ရလိမ့် မယ်၊ (မှန်လှပါ ဘုရား) အင်မတန်မနစ်နာဘူးလား၊ (နစ်နာပါတယ် ဘုရား)။
အေး ဒါကြောင့် ညီအစ်ကိုမောင်နှမတွေ၊ မအေမိဘတွေ မတော်ဘူးသော ပုဂ္ဂိုလ်မည်သည်မရှိတဲ့ ပုဂ္ဂိုလ် တွေအတွက်မှာဖြင့် ဒီနေ့တရားဟာ ဪ ကံလမ်းမလိုက်ဘဲနဲ့ ဉာဏ်လမ်းကြိုးစားတော့မယ်ဆိုတဲ့ ဥစ္စာ ဒကာ ဒကာမတွေ ဆုံးဖြတ်ချက်ချပြီး ပြောင်းသင့်ပါပြီဆိုတာကိုပဲ သတိပေးလိုက်ပါတယ်၊ (မှန်ပါ့ ဘုရား)။
ဒါ့ကြောင့် ဘာကလေးလှူလှူ ဉာဏ်ဦးလှည့်ရမယ်။ (မှန်ပါ့) မလှူရဘူးလို့ မဟောပါဘူး၊ (မှန်ပါ့ ဘုရား) လှူချင်တာလှူ ဘာဦးလှည့်ရမလဲ၊ (ဉာဏ်ဦးလှည့်ရပါမယ် ဘုရား)။
သစ္စာသိတဲ့ဉာဏ် ဦးလှည့်ရမယ်
ဘယ်ဉာဏ်ဦးလှည့်ရမတုံးလို့ မေးတဲ့အခါကျတော့မှ သစ္စာသိတဲ့ဉာဏ် ဦးလှည့်ရမယ်၊ (မှန်ပါ့) နောက် ဒုက္ခသစ္စာ ကြီးကိုမြင်ပြီး အဲဒီဒုက္ခသစ္စာကြီး မတွေ့ချင်လို့၊ (မှန်လှပါ ဘုရား) နောက် အိုဘေးဒုက္ခသစ္စာကြီး မတွေ့ချင်လို့၊ (မှန်လှ ပါ ဘုရား) နောက် နာဘေးဒုက္ခသစ္စာကြီးကော၊ (မတွေ့ ချင်လု့ိပါ ဘုရား) နောက်သေဘေးဒုက္ခကြီးကော၊ (မတွေ့ချင်လို့ ပါ ဘုရား)။
နောက် ပဋိသန္ဓေနေတဲ့ ဇာတိဘေးကြီးကော၊ မတွေ့ချင်လို့ဆိုတော့ သံသရာမလည်ချင်လို့ လှူကြတန်းကြ ပေးကြ၊ ကမ်းကြတယ်ဆိုရင် ဘုန်းကြီးများကလဲ လက်ခံပါတယ်၊ (မှန်လှပါ ဘုရား)။
အသေရှိလျက်နှင့် တပည့်တော် အသေကလေးတစ်ခု နောက်ထပ်ပေးပါဦးဘုရား ဆိုလို့ရှိရင်ဖြင့် မလာခဲ့နဲ့ (မှန်ပါ့ ဘုရား) ခင်ဗျားတို့ အမိုက်ခဲကို ကျုပ်တို့က အားမပေးနိုင်တော့ဘူး၊ (မှန်လှပါ ဘုရား) အားပေးလို့ကော တော်ပါ့ မလား၊ (မတော်ပါ ဘုရား)။
အဲဒါတွေ သေသေချာချာ ပိုင်ပိုင်နိုင်နိုင်သိတော့မှ ဪ ဒါက သစ္စာစကားပါကလား၊ သစ္စာတရားပါ ကလားဆိုတာ ပေါ်လာတယ်၊ (မှန်လှပါ ဘုရား) အင်း ဘာတရားပေါ်သလဲ၊ (သစ္စာတရားပေါ်ပါတယ် ဘုရား)။ ဇရာ ကကော၊ (ဒုက္ခသစ္စာပါ) ဗျာဓိကကော၊ (ဒုက္ခသစ္စာပါ) မရဏကကော၊ (ဒုက္ခသစ္စာပါ ဘုရား)။
ကဲ ဘယ်မတုံး သုခဟာ၊ သူ ကြားညှပ်သေးသလား၊ (မညှပ်ပါ ဘုရား) သုခကြားမညှပ်ဘူးဆိုတဲ့ ဥစ္စာဒကာသစ် ပိုင်ပိုင်နိုင်နိုင် သိပါပြီ၊ (သိပါပြီ ဘုရား)။
ထိုးကဲ့သို့ ပိုင်ပိုင်နိုင်နိုင်သိပြီးသား ပုဂ္ဂိုလ်ကတော့ဖြင့် အင်း နောက်ဇာတိတို့၏ ချုပ်ရာ (နိဗ္ဗာန်ရောက်ရပါလို ၏ ဘုရား) ဇရာတို့၏ ချုပ်ရာ၊ (နိဗ္ဗာန်ရောက်ရပါလို၏) ဗျာဓိတို့၏ ချုပ်ရာ (နိဗ္ဗာန်ရောက်ရပါလို၏)မရဏတို့၏ချုပ် ရာ (နိဗ္ဗာန်ရောက်ရပါလို၏ ဘုရား)။
အဲဒါကိုသာ ရည်မှန်းပြီးသကာလ ယခုကိစ္စဉာဏ်သည် ဒီဒုက္ခမှ ကျွတ်ချင်တဲ့ဉာဏ်နဲ့ လှူကြ, ပေးကြ, ကမ်းကြ, ဝိပဿနာအားထုတ်ကြလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ အသေရှိလျက်နဲ့အသေရှာတဲ့လမ်း မဟုတ်တော့ဘူး (မှန်လှပါ) အသေရှိ၍ အသေလွတ်ရာရှာတဲ့လမ်း ဖြစ်သွားတယ်၊ (မှန်လှပါ ဘုရား) အနာရှိ၍ အနာလွတ်ရာရှာတဲ့လမ်း ဖြစ်သွား တယ်ဆိုတာ ကောင်းကောင်း ရိပ်မိပလား၊ (ရိပ်မိပါပြီ ဘုရား)။
ကိုင်းဒါဖြင့် ဒကာ ဒကာမတို့ သူများပြောတဲ့ အသေနဲ့ ကိုယ့်ဉာဏ်နဲ့ တွေ့ရတဲ့အသေနဲ့ ထူးခြားပုံကလေး ယနေ့ပြောပြပါမယ်၊ (မှန်ပါ့ ဘုရား)။
ကိုယ့်ဉာဏ်နဲ့ တွေ့ရတဲ့အသေ
အများကတော့ဖြင့် အင်း ဟင်း ပက်လက်ကြီးလန်ပြီး ဘာမှမလုပ်နိုင်၊ မကိုင်နိုင်တဲ့ အသက်ကလေးမှ ဝိညာဉ်မှ ထွက်သက်ဝင်သက်မှ မလာလို့ အသေဆိုတာတော့ ခင်ဗျားတို့လူတိုင်း သိတဲ့ အသေပဲ၊ (မှန်ပါ့ ဘုရား)၊ ဟုတ်လား ဒါလူတိုင်းသိတဲ့ အသေပဲ၊ (မှန်လှပါ ဘုရား)။
ကိုင်း ဒါဖြင့် ကိုယ့်အသေကိုယ်ကြည့်ကြပါစို့၊ (မှန်ပါ့) လူတိုင်းမသိတဲ့ အသေကို ဒကာကြွယ်ရေ ကြည့်ရအောင် (မှန်လှပါ ဘုရား) ဘာကြည့်ရမယ်၊ (လူတိုင်းမသိတဲ့အသေကို ကြည့်ရမယ်) လူတိုင်းမသိတဲ့အသေကို ဒကာ ဒကာမတို့ သေသေချာချာကြည့်ကြစို့၊ (မှန်လှပါ ဘုရား)။
ကိုင်း ဒါဖြင့် ဒီတရားနာနေတာသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် မည်သူမည်ဝါတွေလဲလို့ မေးတဲ့အခါကျတော့ အရှင်ဘုရား ဒါတွေတော့ ခန္ဓာငါးပါးပါပဲဘုရား (မှန်လှပါ ဘုရား)။
တရားနာနေရတာ ဘယ်သူပါလိမ့် (ခန္ဓာငါးပါးပါ ဘုရား) ခန္ဓာ ၅ပါး (ရုပ်နာမ် ၂ ပါး)ဆိုတာ သေချာပါတယ် (မှန်ပါ)။
အဲဒါကလေး သိလိုက်တော့ ဒါကလေးသိတဲ့အခါကျတော့ ဪ ဒီရုပ်နာမ်ကလေးတွေဟာ ရုပ်သေလဲ မောင်ဘသော်ဖြင့် မောင်ဘသော် သေတာပဲ၊ ဒကာသစ်ဖြင့် ဒကာသစ်သေတာပဲ၊ (မှန်ပါ့ ဘုရား)။
နာမ်သေရင်လဲ နာမ်ပေါ်တွင် ဒကာသစ်ဆိုင်းဆွဲထားသောကြောင့် နာမ်သေရင်လဲ ဒကာသစ် တစ်ယောက် သေတာပဲ (မှန်လှပါ ဘုရား)။
ရုပ်ကို ဒကာသစ်လို့ ထင်လို့ရှိရင်လဲ ရုပ်ဟာ ရုပ်တစ်ခုပြောင်းလဲထားလို့ရှိရင် ဒကာသစ်တစ်ယောက်သေတာ ပဲ၊ (မှန်ပါ့) ဒကာကြွယ်သဘောပါပလား၊ (ပါ, ပါပြီ ဘုရား)။
ထမင်းဆာတဲ့ စိတ်
ကဲ ဒါဖြင့် ခန္ဓာကိုယ်ထဲကြည့်လိုက်ပါတော့ တဲ့၊ ထမင်းကလေး ဆာလိုက်တာလို့ ဆာစိတ်ကလေးပေါ်တယ်၊ (မှန်ပါ့) ဘာစိတ်ကလေးပေါ်သလဲ၊ (ဆာစိတ်ကလေး ပေါ်ပါတယ်) ဪ ထမင်းကလေးစားချင်လိုက်တာလို့ ဆာစိတ် ကလေးပေါ်တယ်၊ (မှန်ပါ့) ဆာလောင်မွတ်သိပ်တဲ့ လောဘစိတ်ကလေး ပေါ်လာတယ်။
ထမင်းကလေးဆာလိုက်တာဆိုတော့ ထမင်းကလဲမကျက်သေးတာနဲ့ဘဲ ဒကာ ဒကာမတွေက ရေကလေးနဲ့ပဲ တားထားဦးမယ်ဆိုပြီးသကာလ ရေသောက်ချင်တဲ့စိတ်ကလေး မလာဘူးလား၊ (လာပါတယ် ဘုရား။)
ဒါဖြင့် ထမင်းဆာတဲ့ စိတ်ကလေးနဲ့နေတဲ့ ဒကာသစ်တို့ မောင်ဘသော်တို့ ရှိသေးရဲ့လား (မရှိတော့ပါ ဘုရား) အင်း ဒကာသစ်တို့၊ မောင်ဘသော်တို့ တစ်ယောက်သေပြန်ပြီ၊ (မှန်ပါ့) ဒကာသစ်တစ်ယောက်သေသွားတာမြင်လိုက် ပြီမဟုတ်လား၊ (မြင်ပါတယ် ဘုရား)။
ဒကာသစ်တစ်ယောက် သေပြီ မောင်ဘသော်တစ်ယောက် သေပြီဆိုရင် ငြင်းဖို့လိုသေးသလား၊ (မလိုပါ ဘုရား) ထမင်းဆာတဲ့မောင်ဘသော်၊ ထမင်းဆာတဲ့ဒကာသစ် ထမင်းမစားဘဲနဲ့သေသွားရတယ်၊ (မှန်ပါ့ ဘုရား) ဘယ်လိုပါလိမ့်၊ (ထမင်းမစားဘဲနဲ့ သေသွားရပါတယ် ဘုရား) စားရသေးသလား၊ (မစားရပါ ဘုရား)။
ဪ ဒါသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ဉာဏ်နဲ့ကြည့်လိုက်တဲ့အခါကျတော့ စားချင်တဲ့စိတ်ကလေးနဲ့ အသက် ရှင်နေတာ၊ စားချင်တဲ့စိတ်ကလေး မရှိပါလားလို့ မသိရဘူးလား၊ (သိရပါတယ် ဘုရား)။
သိရတော့ ကိုယ့်အသေကိုယ်မြင်တယ်၊ (မှန်လှပါ ဘုရား) ဘယ်လိုမှတ်ကြမယ်၊ (ကိုယ့်အသေ ကိုယ်မြင်ပါတယ် ဘုရား) ကိုယ့်အသေ ကိုယ်မြင်တယ်ဆိုတာ သေချာပလား၊ (သေချာပါတယ်) ဒါက မသာပို့မပါဘဲနဲ့သေတာ၊ (မှန်လှပါ ဘုရား)။
ဒကာကြွယ် ဘာတဲ့လဲ၊ (မသာပို့ မပါဘဲနဲ့ သေတာပါ ဘုရား) ကိုယ့်ဟာကိုယ်တော့ မမြင်လိုက်ဘူး (မမြင်ပါ ဘုရား)။
ငတ်ပြီးသေသွားတယ်
အင်း စားချင်တဲ့မောင်ဘသော်နဲ့ စားချင်တဲ့ ဒကာသစ်ဘယ့်နှယ်နေသလဲ၊ (သေသွားပါတယ် ဘုရား)စားရရဲ့ လား၊ (မစားရပါ ဘုရား) ဪ ငတ်ပြီးသေသွားတယ်၊ (မှန်ပါ့) အင်း နားကြီးကြီးနဲ့ ထောင်ကြနော်။
ဒကာသစ် ဘယ်လိုသေသလဲ၊ (ငတ်ပြီးသေသွားပါတယ်) စားမှမစားရဘဲ၊ (မှန်ပါ့) မစားရဘဲနဲ့စားချင်ရဲ့မတ် တတ်နဲ့ပဲ အသက်တမ်းစေ့တာနဲ့ ဖြစ်ပြီးပျက်သွားတာနဲ့ပဲ ဒကာသစ်ရေ ထမင်းစားလိုက်ရသေးရဲ့လား၊ (မစားလိုက်ရ ပါ ဘုရား)။
အင်း ဟင် ဒီမသာကို ဘာမသာခေါ်ကြမယ်၊ (ငတ်ပြီးသေသွားတဲ့ မသာပါ ဘုရား) ငတ်ပြီးသေတဲ့မသာ ဘဲဟေ့၊ (မှန်ပါ့ ဘုရား) သူများသေတာလား မိမိသေတာလား၊ (မိမိသေတာပါ ဘုရား)ဟာ ဒီအသေမြင်တော့မှ ဒီအသေ မြင်လိုက်တော့ ဒကာသစ်ရေ နေရာကျတယ်၊ (ကျပါတယ် ဘုရား)။
ဘယ်လိုနေရာကျသလဲလို့ အမေးထုတ်တဲ့အခါကျတော့မှ ဪ တပည့်တော်တို့က တစ်သက်တစ်ခါသေ လို့မှတ်ထားတာ၊ (မှန်လှပါ) ဘယ်လိုမှတ်ထားသတုံး၊ (တစ်သက်တစ်ခါ သေလို့မှတ်ထားပါတယ် ဘုရား)။
မစားရဘဲနဲ့ သေသွားတယ်
တစ်သက်တစ်ခါသေလို့ မှတ်ထားတဲ့ ဥစ္စာယခုတော့ဖြင့် စားချင်တဲ့စိတ်ကလေးဟာ မစားရဘဲနဲ့ သေသွားတယ်၊ (မှန်လှပါ ဘုရား) သူနဲ့ပတ်သက်တဲ့ ရုပ်ကလေးဟာလဲ စားချင်တဲ့စိတ်က ဖြစ်စေတဲ့ ရုပ်ကလေးဟာလဲ ဒကာကြွယ်သေပြန် တာပဲ၊ (သေသွားပါတယ် ဘုရား)။ ဒါဖြင့် ရုပ်နာမ်နှစ်ခု သေသွားတယ်၊ (မှန်လှပါ ဘုရား) ရှိတာကလဲ နာမ်ရုပ်ပဲရှိတယ်၊ (မှန်လှပါ ဘုရား)။
ဒါဖြင့် စားချင်တဲ့နာမ်ရုပ်သည် မောင်ဘသော်တို့ ဒကာသစ်တို့ စားလိုက်ရသလား၊ (မစားလိုက်ရပါ ဘုရား) ဘာဖြစ်သွားသလဲ၊ (သေသွားပါတယ် ဘုရား) သေသွားတယ် (မှန်ပါ့) အင်း ဟင် ဘယ်သူသေပါလိမ့်မတုံးဆိုတော့ ဒကာသစ်တစ်ယောက်၊ မောင်ဘသော်တစ်ယောက် သေတယ်၊ (မှန်ပါ့) ဉာဏ်နဲ့ကြည့်လိုက်တော့ မမြင်ဘူးလား (မြင်ပါ တယ် ဘုရား)။
အဲဒါ သေသွားတာသည် အနိစ္စ၊ သေသွားတယ်လို့သိတာသည် မဂ္ဂ၊ (မှန်ပါ့ ဘုရား) သေသွားတာက (အနိစ္စပါ ဘုရား)ကိုယ့်အသေ ကိုယ်မြင်တာ (မဂ္ဂပါ ဘုရား)။
ကိုယ့်အသေ ကိုယ်မြင်အောင်လုပ်တာကို ဝိပဿနာ
အဲဒီဝိပဿနာဆိုတာ ကိုယ့်အသေ ကိုယ်မြင်အောင်လုပ်တာကို ဝိပဿနာလို့ခေါ်တယ်၊ (မှန်လှပါ) ဝိပဿနာဆို တာ (ကိုယ့်အသေကိုယ်မြင်အောင်လုပ်တာပါ) နေရာကျပြီ ဒကာ ဒကာမတို့၊ ကိုယ့်အသေကိုယ်မြင်အောင်လုပ်တာ၊ ဒကာကြွယ် ဘာတဲ့ဗျ၊ (ဝိပဿနာပါ ဘုရား) ဒါဖြင့် တစ်နေ့အကြိမ်ပေါင်း ဘယ်လောက်သေပါလိမ့်မလဲလို့ မေးလိုက် တဲ့အခါကျတော့ (မရေတွက်နိုင်ပါ ဘုရား)။
ကိုင်း မရေတွက်နိုင်တာတွေကို မရေတွက်နိုင်တဲ့ ဉာဏ်နဲ့ပဲ ဒကာ ဒကာမတွေ ရှုပြီးလိုက်နေကြမယ်လို့ ဆိုရင်ဖြင့် ကိုယ့်အသေသည်ကားလို့ ဆိုလို့ရှိရင် ဪ ဒီလိုသေမှန်းသိရင် ဒီလူ့ဘဝကို ဆုမတောင်းပါဘူးဆိုတဲ့ ဆုတောင်းချင်တဲ့ဘဝ တဏှာ သေထွက်သွားတယ်၊ (မှန်လှပါ ဘုရား) မသေသေးဘူးလား၊ (သေပါတယ် ဘုရား)။
ဘဝတဏှာဘယ့်နှယ်နေသလဲ (သေသွားပါတယ် ဘုရား) ဘဝဆုတောင်းချင်တဲ့ တဏှာသေပွဲဝင်သွားပါတယ် (မှန်ပါ့) ဒါ့ကြောင့် ဝိပဿနာသည် တဏှာကိုလဲ သတ်ပါတယ် (မှန်လှပါ ဘုရား)။
ဒီကိုယ့်အသေကလေး ကိုယ်မြင်လိုက်တဲ့အခါကျတော့ ဒကာ ဒကာမတို့ ခိုင်တယ်၊ မြဲတယ်လို့ယူဆသေးရဲ့လား (မယူတော့ပါ ဘုရား)၊ အင်း ခိုင်တယ် မြဲတယ်လို့ ယူတဲ့သဿတဒိဋ္ဌိလဲ ဒကာသစ်ရှိသေးရဲ့လား၊ (မရှိပါ ဘုရား)။
ဘာမြင်ပါလိမ့်၊ (ကိုယ့်အသေ ကိုယ်မြင်လို့ပါ ဘုရား) ကိုယ့်အသေ ကိုယ့်ဉာဏ်နဲ့မြင်လို့၊ (မှန်လှပါ ဘုရား) ဦးလှဘူးဘာတဲ့တုံး၊ (ကိုယ့်အသေ ကိုယ့်ဉာဏ်နဲ့ မြင်လို့ပါ ဘုရား)။
ဒိဋ္ဌိလဲ ပြုတ်ထွက်သွားတယ်
ကိုယ့်အသေ ကိုယ့်ဉာဏ်နဲ့မြင်လို့ ဪ မခိုင်မြဲပါကလားဆိုတဲ့ ဥစ္စာလဲ ထင်ရှားသွားတယ်၊ (ထင်ရှားပါတယ် ဘုရား) ဒါဖြင့် ဒိဋ္ဌိလဲ ပြုတ်ထွက်သွားတယ်၊ (ပြုတ်ပါတယ် ဘုရား)။
ဪ ခဏခဏပျက်နေတာပါကလား သေနေတာပါကလားဆိုသဖြင့် ဒကာသစ်တို့ မောင်ဘသော်တို့ ဘာချုပ်သလဲ ဒိဋ္ဌိချုပ်သွားတယ်၊ (မှန်ပါ့) သဘောကျပလား၊ (ကျပါတယ် ဘုရား)။
ဒိဋ္ဌိချုပ်တယ် ဘုံဘဝတောင့်တတဲ့တဏှာကော လာသေးရဲ့လား (မလာပါ ဘုရား) တဏှာလဲသေ, ဒိဋ္ဌိလဲသေသွား ပါတယ်၊ (မှန်ပါ့) ဒကာကြွယ် ပဋိစ္စသမုပ္ပါဒ် ပြတ်သွားပြီ၊ (ပြတ်သွားပါပြီ ဘုရား)။
”တဏှာပစ္စယာ ဥပါဒါန” ဆိုတာတွေ လာသေးရဲ့လား၊ (မလာပါ ဘုရား)တဏှာနိရောဓဖြစ်သောကြောင့် “ဥပါဒါနနိရောဓော” ဆိုတာတွေ ဖြစ်သွားပြီ၊ ဒိဋ္ဌိသေသောကြောင့် “ဒိဋ္ဌိနိရောဓော နိဗ္ဗာနံ”လဲ ဖြစ်သွားပြီ၊ (မှန်ပါ့ ဘုရား) တယ်လဲအဖိုးတန်ပါကလား၊ (အဖိုးတန်ပါတယ် ဘုရား)။
အေး ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ကိုယ့်အသကေို ကိုယ်မမြင်ကြလို့ ဟိုဘဝတောင့်တ, ဒီဘဝ တောင့်တ၊ ကိုယ့်အသေသည်ကားလို့ဆိုရင် သေခြင်းထက် ကြီးတဲ့ဒုက္ခ ဒကာသစ် ရှိသေးလား၊ (မရှိပါ ဘုရား)၊ ဦးလှဘူး (မရှိပါ ဘုရား)။
ယခုစားချင်တဲ့ နာမ်စိတ်ကလေးနဲ့တကွ ဖြစ်တဲ့ရုပ်ကလေးဟာ နာမ်ရုပ်နှစ်ခုတို့ ပျောက်ပျက်ကုန်တယ်၊ (မှန် ပါ့) မစားရတာနဲ့ ဒကာသစ်တစ်ယောက်, မောင်ဘသော်တစ်ယောက် မသေလား၊ (သေပါတယ် ဘုရား)။
ဒကာ ဒကာမတို့ ဒီဟာ ဒီရုပ်နာမ်ကြီးသေသွားတော့ ခုနက စားချင်တဲ့ရုပ်, စားချင်တဲ့ နာမ်, သူနဲ့ပတ်သက် တဲ့ရုပ်, သဟဇာတဖြစ်တဲ့ ရုပ် ဒီနာမ်ရုပ်နှစ်ခုဟာ သေသွားတယ်၊ (မှန်ပါ့) မသေဘူးလား၊ (သေပါတယ် ဘုရား)။
ဒီနာမ်ရုပ်နှစ်ခုသေသွားတော့ မောင်ဘသော်တစ်ယောက် သေပေါ့၊ ဒကာသစ်တစ်ယောက် (သေသွားပါတယ် ဘုရား)။
အင်း ကိုယ့်ဟာ ကိုယ်ကြည့်လိုက်ရင် ကိုယ့်အသေကိုယ်မြင်တာပါပဲ၊ (မှန်ပါ့)။
သဿတဒိဋ္ဌိရှိသေးရဲ့လား
ကိုယ့်အသေကိုယ်မြင်သောကြောင့် ခိုင်တယ်, မြဲတယ်ဆိုတဲ့ နိစ္စဒိဋ္ဌိ, သဿတဒိဋ္ဌိရှိသေးရဲ့လား၊ (မရှိပါ ဘုရား)၊ ဒီလိုသေမှာကြီးကိုလဲ လိုချင်သေးရဲ့လား၊ (မလိုချင်ပါ ဘုရား)။
ဒါဖြင့် တဏှာလဲသေပြီ၊ (မှန်ပါ့) ဒိဋ္ဌိကော၊ (သေပါပြီ ဘုရား) ဒိဋ္ဌိပါသေပြီဆိုတာ ပေါ်ကြပလား၊ (ပေါ်လာပါပြီ ဘုရား)။
အဲဒါကြောင့် ဒကာ ဒကာမတို့ တဏှာ ဒိဋ္ဌိ သေတာကို ဘယ်သူ့ကြောင့်သေတုံးလို့ မေးတဲ့အခါကျမှ ကိုယ့်အသေ ကိုယ်မြင်တဲ့ မဂ်က သတ်တာပါ၊ (မှန်ပါ့ ဘုရား) ပေါ်ကြပလား၊ (ပေါ်ပါပြီ ဘုရား)။
ဘယ်သူကသတ်ပါလိမ့်
ဘယ်သူကသတ်ပါလိမ့်၊ (ကိုယ့်အသေ ကိုယ်မြင်တဲ့မဂ်ကသတ်ပါတယ် ဘုရား) ကိုယ့်အသေကိုယ်မြင်တဲ့မဂ် က သက်တာပါပဲဆိုတဲ့ဥစ္စာ ဒကာဦးလှဘူးတို့ ရှင်းပလား၊ (ရှင်းပါပြီ)။
အေး ဒါကြောင့် ဝိပဿနာအလုပ်ဆိုတာ ကိုယ့်အသေ ကိုယ်မြင်တဲ့အလုပ် ဝိပဿနာလို့ခေါ်တယ်၊ (မှန်ပါ့ ဘုရား) ဝိပဿနာအလုပ်ဆိုတာ ဘာပါလိမ့်၊ (ကိုယ့်အသေ ကိုယ်မြင်တဲ့ အလုပ်ပါ ဘုရား)။
ဒါဖြင့် ကိုယ့်အသေ ကိုယ်မြင်တော့ကို ဒကာ ဒကာမတို့နောက် ဒီလိုခဏခဏသေတဲ့ အသေမျိုးတွေကိုလဲ မရနိုင်ပါဘူး၊ (မရနိုင်ပါ ဘုရား) သေတာကို ကိုယ့်အသေကိုယ်၊ ဪ ဖြစ်ပြီး ပျက်ရှာပြီ သေရှာပြီဆိုသဖြင့်လဲ ကိုယ့်ခန္ဓာကြီး ခိုင်တယ်မြဲတယ်လို့ ယူသေးသလား၊ (မယူပါ ဘုရား)။
အဲဒီတော့ သဿတဒိဋ္ဌိလဲ လွတ်သွားပြီး၊ (လွတ်သွားပါပြီ ဘုရား) တစ်ခါကိုယ့်အသေ နောက်ထပ်သေတာ စားချင်တဲ့ စိတ်ကလေး ဟာသဟဇာတဖြစ်တဲ့ ရုပ်နဲ့တကွ တွဲပြီးသေသွားပြီ (မှန်လှပါ ဘုရား) သေသွားတဲ့အခါကျလို့ ရှိရင်ဖြစ် ရေသောက်ပြီးသကာလ တစ်ခါ အဆာဖြေလိုက်ရတယ်၊ (မှန်ပါ့ ဘုရား)။
ရေသောက်ပြီး တစ်ခါအဆာဖြေတော့ ရေသောက်ချင်တဲ့ စိတ် ရေသောက်တဲ့ရုပ်တွေလဲတဲ့ ခဏကလေးနေ တော့ ရှိသေးရဲ့လား၊ (မရှိပါ ဘုရား) ဟာ တစ်လောင်းသွားပြီ၊ (မှန်လှပါ ဘုရား) ဘယ့်နှယ်ဆိုကြမလဲ၊ (တစ်လောင်း သွားပြန်ပါပြီ ဘုရား)။
တစ်လောင်းသွားပြန်ပြီ
တစ်လောင်းသွားပြန်ပြီ ဆိုတဲ့ဥစ္စာလဲ ဉာဏ်နဲ့ကြည့်တော့ မမြင်လား၊ (မြင်ပါတယ် ဘုရား) အဲဒီလိုဉာဏ်နဲ့ ကြည့်ရင် မြင်တဲ့အခါကျတော့ ခန္ဓာကိုယ်မှာ တစ်နေ့ အသေပေါင်းဘယ်လောက်ရှိပါလိမ့်မလဲလို့ စာရင်းချုပ်လို့ရှိရင် ချုပ်လို့ကို မပြီးတော့ဘူး၊ (မှန်လှပါ ဘုရား)။
ဒကာသစ် ပြီးပါ့မလား၊ (မပြီးပါ ဘုရား) ဦးလှဘူးတို့၊ (မပြီးနိုင်ပါ ဘုရား) မပြီးနိုင်ဘူးဆိုတာ သဘောကျပလား၊ (ကျပါပြီ ဘုရား)။
အဲ ဒါဖြင့် ဒို့ ရထားတာသည်ကား ဆိုရင်ဖြင့် ခဏခဏသေတဲ့ ခဏခဏ ဖောက်ပြန်ပျက်စီးတဲ့ ဒုက္ခသစ္စာကြီး ရ, ထားတာ၊ (မှန်လှပါ ဘုရား) ဦးညွန့် ဘာ, ရထားသလဲ၊ (ဒုက္ခသစ္စာကြီး ရ, ထားပါတယ် ဘုရား) ဒုက္ခသစ္စာကြီး ရ, ထားတော့မှ ဪ ခဏခဏသေတာက ဒုက္ခသစ္စာ ဒကာကြွယ်၊ (မှန်လှပါ ဘုရား) ခဏခဏသတာကိုဖြင့် ကိုယ်တိုင် မြင်ပါပေါ့ဆိုတာက မဂ္ဂသစ္စာ၊ (မှန်လှပါ ဘုရား)။
ကိုယ်တိုင်မြင်တာက မဂ္ဂသစ္စာ
ခဏခဏသေတာက၊ (ဒုက္ခသစ္စာပါ ဘုရား) ကိုယ်တိုင်မြင်တာက၊ (မဂ္ဂသစ္စာပါ ဘုရား) ဪ မဂ်ဆိုတာ ဆုတောင်းလို့ရတာလား၊ ကိုယ့်အသေကိုယ်မြင်တာ မဂ်ဖြစ်တာလား၊ (ကိုယ့်အသေကိုယ်မြင်တာ မဂ်ဖြစ်တာပါ ဘုရား)။
ဒီ ဒကာ ဒကာမတွေက အချောင်ခပ်ပေါ့ပေါ့နဲ့ လိုချင်တဲ့ ဒကာ ဒကာမတွေ ဝဋ်ဘဝတိုတိုနဲ့ မဂ်ဖိုလ် ရ, ရပါလို၏ တဲ့၊ မရဘူး စိတ်ချ၊(မှန်လှပါ ဘုရား) ဘယ်နည်းနှင့်မှ မရဘူးဆိုတာ ပေါ်ပလား၊ (ပေါ်ပါပြီ ဘုရား)။
ကိုယ့်အသေ ကိုယ်မြင်ရင်ဖြင့် ဒကာ ဒကာမတို့ အဲဒီမြင်တာဟာ မဂ်ပါပဲ၊ အဲဒီမဂ် ခင်ဗျားတို့ သန္တာန်မှာ ရောက်နေလို့ရပါတယ်၊ (မှန်လှပါ) သဘောပါပလား၊ (ပါ ပါပြီ)။
ဒါဖြင့် ဘာအရေးကြီးပါလိမ့်၊ (ကိုယ့်အသေ ကိုယ်မြင်ဖို့အရေးကြီးပါတယ် ဘုရား) ကိုယ့်အသေ ကိုယ်မြင်ဖို့ အထူးအရေးကြီးပါတယ်ဆိုတာ ပေါ်လာကြပလား၊ (ပေါ်လာပါပြီ ဘုရား)။
အဲဒါကြောင့် ဒကာ ဒကာမတို့ ကိုယ့်အသေသည် ဒုက္ခသစ္စာ၊ မြင်တာသည် မဂ္ဂသစ္စာ၊ (မှန်လှပါ ဘုရား)။
ကိုယ့်အသေက၊ (ဒုက္ခသစ္စာပါ ဘုရား)။
မြင်တာက (မဂ္ဂသစ္စာပါ ဘုရား)။
ဪ ဒါဖြင့် ဒကာ ဒကာမတို့ မဂ်ဟာ ရှုမှရတာလား အလိုလိုဆုတောင်းထဲပါလာတာလား၊ (ရှုမှရတာပါ ဘုရား) ခင်ဗျားတို့က တောင်းနေလို့တော့ မရဘူး၊ (မှန်ပါ့) ရပါ့မလား၊ (မရပါ ဘုရား)၊ အို ကျုပ်တို့တော့ သင်္ကန်း လှူပြီး ဆုတောင်းထားတာပဲ၊ မဂ် ဖိုလ် ရက်တိုတိုနဲ့ ရ, ရပါလို၏ တဲ့၊ မရဘူးဟေ့ (မှန်ပါ့)မဟုတ်ဘူးလား၊ (ဟုတ်ပါ တယ် ဘုရား) မရပါဘူး၊ ရှုမှ မဂ်ပေါ်တာကိုး၊ (မှန်ပါ့)။
မဂ်ဆိုတာသည်ကားလို့ဆိုရင်ဖြင့် “သမ္မာဒိဋ္ဌိ မဂ္ဂေါစေဝ ဟေတုစ”ဆိုသောကြောင့် ဒီသမ္မာဒိဋ္ဌိဆိုတဲ့ဥစ္စာ အမှန် မြင်တဲ့ မဂ်သည် ဒကာသစ် အသေမြင်မှ ပေါ်တာ၊ (မှန်လှပါ ဘုရား) အသေမမြင်ရင်၊ (မပေါ်ပါ ဘုရား) ပေါ်ကိုမပေါ် ဘူးဆိုတာ ကောင်းကောင်းရိပ်မိပလား၊ (ရိပ်မိပါပြီ ဘုရား)။
မဂ်ရချင်ရင် ကိုယ့်အသေကိုယ်ရှု
ဒါဖြင့် ဒကာ ဒကာမတို့ မဂ်ရချင်ရင် ကိုယ့်အသေကိုယ်ရှု၊ (မှန်လှပါ ဘုရား) မဂ်ရချင်ရင်၊ (ကိုယ့်အသေကိုယ် ရှုရပါမယ် ဘုရား)။
ကြည့်လိုက်တော့ ပထမတော့ဖြင့် စားချင်တဲ့စိတ်၊ ကြည့်လဲမရှိပြန်ဘူးသိလိုက်၊ အိပ်ချင်တဲ့စိတ်ကလေး ကြည့်ပြန်ရင်လဲ (မရှိပြန်ဘူးလို့ သိရပါမယ် ဘုရား) ဒါ ကိုယ့်အသေတွေ အိပ်ချင်တဲ့ ရုပ်နာမ်သွားပြန်ပြီ (မှန်လှပါ ဘုရား)။
တစ်ခါ နိုးတဲ့အခါကျပြန်တော့ နိုးတဲ့ရုပ်နာမ်နိုးတဲ့စိတ်ကလေးပေါ်လာတယ်၊ နိုးပြီးသကာလ တစ်ခါအိပ်ရာ ထတော့ထ, တဲ့ စိတ်ကလေးပေါ်လာရတယ်၊ (မှန်ပါ့ ဘုရား) နိုးတဲ့စိတ်သေသွားပြီ၊ (သေသွားပါပြီ ဘုရား) နိုးတဲ့စိတ် တစ်ခါသေသွားပြီ ဒကာကြွယ်ရေ၊ (မှန်ပါ့ ဘုရား)။
အဲဒီတော့ ခန္ဓာကိုယ်ထဲမှာ စိတ်တွေ ပြောင်းတိုင်း ပြောင်းတိုင်း အသေပြောင်းတာ မှတ်လိုက်၊ (မှန်လှပါ ဘုရား) စိတ်တွေ ပြောင်းတိုင်း ပြောင်းတိုင်း (အသေပြောင်းတာ မှတ်လိုက်ရပါမယ် ဘုရား)။
ဒါဖြင့် ပြောင်းတိုင်း ပြောင်းတိုင်း သိနေလို့ရှိရင် ပြောင်းတာ ဒုက္ခသစ္စာ၊ (မှန်ပါ့)၊ သိတာက (မဂ္ဂသစ္စာပါ ဘုရား) မဂ္ဂသစ္စာဆိုတော့ ဪ ခိုင်တယ်၊ မြဲတယ်ဆိုတဲ့ ဒိဋ္ဌိလာသေးရဲ့လား၊ (မလာပါ ဘုရား) မလာရင် ဒိဋ္ဌိပြုတ်တာပဲ၊ (မှန်လှပါ ဘုရား)။
ပြီးတော့ တစ်ခါ ဘုံဘဝလိုချင်တဲ့ တဏှကောရှိသေးရဲ့လား၊ (မရှိပါ ဘုရား) အင်း ဟင် ဒါဖြင့် တဏှာသတ် လိုက်တာပဲ၊ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) ဒါဖြင့် ဒကာ ဒကာမတို့ ဝိပဿနာအလုပ်ဆိုတာ ဘာပါလိမ့်၊ (ကိုယ့်အသေကိုယ်မြင်အောင် ကြည့်တာပါ ဘုရား)။
မှတ်ထားပါ ဝိပဿနာဆိုတာခင်ဗျားတို့က ရှုရတယ်ချည်းမှတ်ထားတာ၊ ဘာရှုရမှန်းလဲ မသိဘူး၊ (မှန်လှပါ ဘုရား) ကိုယ့်အသေ ကိုယ်မြင်အောင် ရှုတာ ဝိပဿနာ၊ (မှန်လှပါ ဘုရား)။
ဒကာကြွယ် ဘာတဲ့၊ (ကိုယ့်အသေ ကိုယ်ရှုတာပါ ဘုရား) ကိုယ့်အသေကိုယ်ရှုတာ ဝိပဿနာလို့ ယနေ့ရှင်းရှင်း မှတ်လိုက်စမ်းပါ၊ (မှန်လှပါ ဘုရား)။
ကဲ ဒါဖြင့် ဘုရားဟောတော်မူတာ ကြည့်စမ်းပါလား၊
“သရာဂံဝါစိတ္တံ သရာဂံ စိတ္တန္တိ ပဇာနာတိ”၊ (မှန်ပါ့ ဘုရား) “သရာဝံဝါ စိတ္တံ သရာဝံ စိတ္တန္တိ ပဇာနာတိ” ဟောပြီးနောက် တစ်ခါဆက်ပြီးဟောတယ်၊ “သမုဒယဓမ္မာနုပဿီ” ဝါ ဖြစ်တာကလေ၊ သိဟေ့ တဲ့၊ (မှန်ပါ့) “ဝယဓမ္မနုပဿီ ဝါ” သေတာလဲ သိဟေ့တဲ့၊ (မှန်ပါ့)၊ သဘောကျပလား၊ (ကျပါပြီ) အင်း ဟင် ဖြစ်လိုက်ပျက်လိုက်ကို သိတဲ့၊ မဟောဘူးလား၊ (ဟောပါတယ် ဘုရား)။
ကိုယ့်အကြောင်း ကိုယ်သိတာ
အဲဒါတွေ ထောက်ကြည့်တော့မှ ဪ မွေးလိုက် သေလိုက်၊ မွေးလိုက် သေလိုက်၊ ဖြစ်လိုက် ပျက်လိုက်၊ မွေးလိုက် သေလိုက်၊ ဖြစ်လိုက် ပျက်လိုက်ကို၊ ဪ ဘယ်ကကြည့်ကြည့် ဒကာသစ်က ကြည့်ကြည့်၊ ဒကာကြွယ်တို့ ဦးလှဘူးတို့က ကြည့်ကြည့်၊ ဘယ်သူ့အကြောင်း ဘယ်သူသိတာပါလိမ့်၊ (ကိုယ့်အကြောင်း ကိုယ်သိတာပါ ဘုရား)။
မှန်ပေတယ်၊ ဒကာ ဒကာမတို့ ဘယ်သူ့အကြောင်းသိတာပါလိမ့်၊ (ကိုယ့်အကြောင်း ကိုယ်သိတာပါ ဘုရား) ကိုယ့်အကြောင်း ကိုယ်သိတဲ့တရားဆိုတာ ဝိပဿနာပဲ၊ (မှန်လှပါ ဘုရား)။ အင်း ဝိပဿနာဆိုတာဘာပါလိမ့်၊ (ကိုယ့် အကြောင်း ကိုယ်သိတာပါ ဘုရား) ကိုယ့်အကြောင်း ကိုယ်သိတာ ဝိပဿနာလို့ ဒကာကြွယ် သေသေချာချာမှတ်၊ (မှန်လှပါ ဘုရား)။
နို့မို့လို့ရှိရင်ဖြင့် ခင်ဗျားတို့ဟာ ကိုယ့်အကြောင်းကိုယ်မသိလို့ရှိရင်ဖြင့် တဲ့ ကလေးတွေဖြစ်နေတယ်၊ (မှန်လှ ပါ ဘုရား) ကလေးဟာ မိတ်ပေါက်တာလဲ သူမသိဘူး၊ သဘောကျပလား၊ (ကျပါပြီ) အင်း ချွဲကြပ်တာကော (မသိပါ ဘုရား) မသိပါဘူး၊ ချွဲကြပ်တဲ့အစာကိုလဲ စားလိုက်တယ်၊ (မှန်ပါ့ ဘုရား)။
မိုက်သေးလို့ မသိတာ
ဘာဖြစ်လို့ မသိသတုံးမေးတော့ ငယ်သေးလို့ မသိတာ၊ (မှန်လှပါ ဘုရား) မိုက်သေးလို့၊ (မှန်လှပါ) ဒီမှာလဲ ကိုယ့်အသေကိုယ်မသိသေးလို့ရှိရင် အဝိဇ္ဇာမိုက် မိုက်သေးလို့ မသိတာ၊ (မှန်လှပါ) ရှင်းပလား၊(ရှင်းပါပြီ)ကိုယ့်အသေး ကိုယ်မသိတာ ဘယ်နှယ့်ကြောင့်ပါလိမ့်၊ (အဝိဇ္ဇာမိုက် မိုက်သေးလို့ပါ ဘုရား)။
အဝိဇ္ဇာမိုက်မှုကြောင့် မသိတာဆိုတာလဲ ခင်ဗျားတို့ ဒီအရွယ် ဒီအချိန်ကျအောင်ပဲ မိုက်လက်စ မသတ်သေးဘူး လားဆိုတာ ဆရာဘုန်းကြီးကလဲ အပြစ်တင်ရတော့မှာပဲ၊ (မှန်ပါ့ ဘုရား) မတင်သင့်ဘူးလား၊ (တင်သင့်ပါတယ် ဘုရား) တင်သင့်ပါတယ် တဲ့။
ဒါ့ကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အဝိဇ္ဇာဆိုတဲ့မိုက်လက်စ မသတ်ပြီဆိုမှဖြင့် အဝိဇ္ဇာ ဝမ်းထဲကိန်းနေ တော့ ကိုယ့်အသေ ကိုယ်မမြင်ဘူးဆိုကြပါစို့၊ (မှန်လှပါ ဘုရား) မမြင်တာ အဝိဇ္ဇာ၊ မမြင်တာဘာတုံး၊ (အဝိဇ္ဇာပါ ဘုရား)
သေချာပလား၊ (သေချာပါပြီ) အဝိဇ္ဇာဟာ သူတွင်ရပ်လိမ့်မယ်လို့ ခင်ဗျားတို့က မအောက်မေ့ပါနဲ့၊ အဝိဇ္ဇာပစ္စယာ (သင်္ခါရာပါ ဘုရား) သင်္ခါရပစ္စယာ (ဝိညာဏံပါ ဘုရား)။
ဟော မင်းတို့သန္တာန်မှာကွာ တဲ့၊ ဒီအဝိဇ္ဇာတစ်ခုကိုသာ မင်းတို့လက်ခံလိုက်လို့ရှိရင်ဖြင့် မင်းတို့ပြုချင်သလိုပြု တဲ့ သင်္ခါရပေါ်ပြီး ဝိညာဏံဆိုတဲ့ ပဋိသန္ဓေနေမှုတော့ မင်းတို့မြေကြီးလက်ဝါးနဲ့ပုတ် မလွဲဘူးကွ၊ ပဋိသန္ဓေနေရတော့မှာပဲ၊ ဇာတိ ဒုက္ခရတော့မှာပဲ (မှန်လှပါ ဘုရား)။
အဝိဇ္ဇာတစ်လုံးကြောင့်
ဒါဖြင့် ကိုယ့်အသေ ကိုယ် မမြင်တာ အဝိဇ္ဇာ၊ အဲဒီအဝိဇ္ဇာတစ်လုံးကြောင့် သံသရာမှာ လည်လို့ ပတ်လို့ကို ပြီးသေးရဲ့လား၊ (မပြီးပါ ဘုရား) အဲဒီတော့ ဒကာ ဒကာမတို့ ကိုယ့်အသေကိုယ်မမြင်တာဘာပါလိမ့်၊ (အဝိဇ္ဇာပါ ဘုရား) အဝိဇ္ဇာပစ္စယာ (သင်္ခါရာပါ) သင်္ခါရပစ္စယာ (ဝိညာဏံပါ ဘုရား)။
ဝိညာဏံဆိုတာ ဒကာသစ်တို့, ဒကာကြွယ်တို့, မောင်ဘသော်တို့က ရမ်းမရွတ်လိုက်ပါနဲ့၊ ဝိညာဏံဆိုတော့ ဪ ဟိုဟာက အဝိဇ္ဇာသင်္ခါရကြောင့် ဒီဘဝ ပဋိသန္ဓေနေရတာကို ဝိညာဏံလို့ဆိုပါတယ်၊ (မှန်ပါ့ ဘုရား) ရှင်းပလား၊ (ရှင်းပါပြီ ဘုရား)။
အဲဒီပုဂ္ဂိုလ်တွေ သေပြီးသည့်ဒုက္ခ စမ်းလိုက်ရုံနဲ့ ပဋိသန္ဓေနေတဲ့ဒုက္ခ ရတဲ့ပုဂ္ဂိုလ်များ ဘာကြောင့်ပါလိမ့်မတုံးဆို တော့ ကိုယ့်အသေကိုယ်မမြင်တဲ့ အဝိဇ္ဇာကြောင့် ဘဝဆက်တယ်၊ (မှန်လှပါ ဘုရား) ဒကာကြွယ်ဘာတဲ့ (ကိုယ့်အသေ ကိုယ်မမြင်တဲ့ အဝိဇ္ဇာကြောင့် ဘဝဆက်ပါတယ် ဘုရား) တယ်ကြောက်စရာ ကောင်းပါကလား၊ (မှန်ပါ့ ဘုရား)။
ဝိဇ္ဇာနဲ့မှ ကယ်တင်လို့ဖြစ်ပါတယ်
ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အရိုးကြေကြေ အရေခြောက်ခြောက်ဆိုသလို ကိုယ့်အသေကိုယ်မြင်တဲ့ ဝိပဿနာကိုဖြင့် မလုပ်ရင်မဖြစ်ပါဘူး၊ ကိုယ့်ဒုက္ခ ကိုယ်ကယ်တင်ရာမှာ အဝိဇ္ဇာမပါမှသာလျှင်၊ ကယ်တင်လို့ဖြစ်ပါတယ်၊ (မှန်ပါ့) ဝိဇ္ဇာနဲ့မှ ကယ်တင်လို့ဖြစ်ပါတယ်ဆိုတာ ရှင်းသွားပြီ၊ (ရှင်းသွားပါပြီ ဘုရား) ဒကာကြွယ် ဘယ်လောက်အဖိုး တန်သတုံး၊ (တန်ပါတယ် ဘုရား)။
ဒကာ ဒကာမတို့ကို အင်မတန်ကြီးလှစွာသော ကရုဏာကြီးနဲ့၊ ဪ ဒကာ ဒကာမတို့ ခင်ဗျားတို့ ကိုယ့်အသေကိုယ်မမြင်လို့ရှိရင် ကိုယ်ကျိုးနည်းတော့မှာဘဲ၊ (မှန်လှပါ ဘုရား)။
ဘယ်လိုဟောလိုက်သလဲ၊ (ကိုယ့်အသေကိုယ်မမြင်လို့ရှိရင် ကိုယ်ကျိုးနည်းတော့မှာဘဲ) ကိုယ်ကျိုးနည်းတော့မှာ ဘဲဆိုတော့ သာမညနည်းမှားလား အကြီးအကျယ်နည်းမှာလား၊ (အကြီးအကျယ်နည်းမှာပါ ဘုရား) အကြီးအကျယ်နည်း မှာဆိုတာ သဘောကျပလား၊ (ကျပါပြီ ဘုရား)။
ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေသားနဲ့, သမီးနဲ့, ခင်ပွန်းနဲ့ အရောင်း, အဝယ်နဲ့ ပျော်နေတဲ့ပုဂ္ဂိုလ်များ ကိုယ့်အသေကိုယ်မမြင့်ပါဘူး၊ (မှန်လှပါ ဘုရား)။
မမြင်တော့ ဪ ဒီအလုပ်ဟာ ကိုယ့်ကိုယ်ကို မသနားလို့ နောင်တဖန် အသေရှာတဲ့အလုပ် လုပ်နေတာပဲ၊ (မှန်လှပါ ဘုရား)အပြစ်တင်လို့ရှိရင် ခင်ဗျားတို့က ခံကြရတော့မယ်၊ (ခံကြရပါမယ် ဘုရား)။
အရောင်းနဲ့၊ အဝယ်နဲ့၊ အရောင်းကလေးကလဲ ကောင်း၊ အဝယ်ကလေးကလဲ သွက်နေတာနဲ့ဘုရား ကိုယ့်အသေ ကိုယ်မြင်တဲ့ ဝိပဿနာအလုပ် မလုပ်ဖြစ်ဘူးဘုရား၊ (မှန်လှပါ ဘုရား)၊ အင်း မလုပ်ဖြစ်တာက ကိစ္စမရှိဘူး၊ ကိုယ့်ကိုယ် ကို မကယ်တင်တာက ဆိုးသကွ၊ (မှန်လှပါ ဘုရား)။
ကိုယ့်ကိုယ်ကို မကယ်တင်တာက ဆိုးပါတယ်
ဒကာသစ် ဘယ်လိုအပြစ်တင်ရမယ်၊ (ကိုယ့်ကိုယ်ကို မကယ်တင်တာက ဆိုးပါတယ် ဘုရား) ကိုယ့်ကိုယ်ကို မကယ်တင်တာက ဆိုးသကွလို့ မပြောထိုက်ဘူးလား၊ (ပြောထိုက်ပါတယ် ဘုရား)။
ပြီးတော့ မောင်ဘကြွယ်တို့ လူစုတွေက ဒကာကြွယ်တို့လူစုတွေက ဆင်ခြင်များလဲလိုက်သေးတယ်၊ ဪ တပည့်တော်ပဲ ကျွေးနေရတယ်၊ တပည့်တော်ပဲ မွေးနေရတယ်၊ ဒီတစ်ပြုံးကြီးတွေကို (မှန်လှပါ ဘုရား) အင်း သူတို့က လေပြေများ ထိုးလိုက်သေးတယ်၊ (မှန်လှပါ ဘုရား) အင်း သူတို့က လေပြေများ ထိုးလိုက်သေးတယ်၊ (မှန်လှပါ ဘုရား) ပေါ်ကြပြီ၊ (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သား, လင်, ခင်ပွန်းတွေ ခင်ပါတယ် ကြင်နာပါတယ်ဆိုတာ ကိုယ့်ကိုယ် ကို မသနားတဲ့ပုဂ္ဂိလ်အပြော၊ (မှန်လှပါ့ ဘုရား) သား, လင်, ခင်ပွန်းသည် ခင်ပါတယ်၊ ကြင်နာပါတယ်ဆိုတာ ဘာပါလိမ့်၊ (ကိုယ့်ကိုယ်ကို မသနားတဲ့ပုဂ္ဂိုလ် အပြောပါ ဘုရား)။
အင်း ခင်ဗျားတို့ချင်းကော လောကွတ်ချော်ကြမှာဘဲတဲ့၊ အဓိပ္ပာယ်ကတော့ ကိုယ်ကိုယ့်ကိုမသနားတာသေ ချာတယ်၊ (မှန်ပါ့ ဘုရား)၊ ခင်ဗျားတို့ချင်းမှာတော့ တိုးတိုးပြောပြော၊ ကျယ်ကျယ်ပြောပြော ပြောချင်တာပြော၊ ကိုယ့်ကိုယ် တော့ မသနားတာအမှန်ပဲ (မှန်လှပါ ဘုရား) ရှင်းပလား၊ (ရှင်းပါပြီ)။
ဒါကို လင်နဲ့မယား ရန်တိုက်တယ်လို့ ဒကာကြွယ်က မထင်ပါနဲ့တဲ့၊ အခုတရားနာလာလို့ ဒီစကားပြောတာ မဟုတ်ပါဘူး၊ (မှန်လှပါ ဘုရား) ရိပ်မိပလား၊ (ရိပ်မိပါပြီ) ဒီလိုမဟုတ်ပါဘူးတဲ့၊ လူတိုင်းမှာ ကိုယ့်ကိုယ်ကိုသနားတဲ့လူ ဟာ ရှာမှရှားတယ်၊ (မှန်လှပါ ဘုရား)၊ သဘောကျပလား၊ (ကျပါပြီ)။
ဆင်ခြေလဲလိုက်တာ၊ ဒကာသစ်ကလဲလဲ၊ မောင်ဘသော်ကလဲလဲ၊ အရှင်ဘုရား၊ အရှင်ဘုရားတို့ဟောတဲ့တရား ကိုယ့်အသေကိုယ်မြင်တဲ့ ဝိပဿနာကို တပည့်တော်တို့ လုပ်ချင်တယ်ဘုရာ့၊ အရှင်ဘုရားမြင်တဲ့အတိုင်းပဲ ဒီ ဘု, စု, ခရုတွေဟာ ဘယ့်နှယ်လုပ်မလဲ (မှန်ပါ့) ဒီလိုဆိုတော့ ကိုယ့်အလုပ်ကို ချိတ်ထားမယ်၊ သူများကျွန်ကိုခံမယ်၊ ဒီ အဓိပ္ပာယ် ပါမပါ၊ (ပါ, ပါတယ် ဘုရား)။
အဲဒီတော့ ကိုယ့်ကိုယ်ကိုတော့ မသနားဘူး၊ သူများကျန်းမာပြီးရော၊ (မှန်လှပါ ဘုရား) ဒီအဓိပ္ပယ်ကော ကောင်းရဲ့ လား၊ (မကောင်းပါ ဘုရား) ဒီအဓိပ္ပာယ်ကောကောင်းရဲ့လား၊ (မကောင်းပါ ဘုရား)ပြီးတော့ မေတ္တာပို့တော့ အဟံ အဝေရာ ဟောမိ ငါ အရင်ကျန်းမာပါစေ၊ ကန့်လန့်ကြီးလုပ်တယ်၊ (မှန်ပါ့) မေတ္တာပို့တော့ ကိုယ့်ကိုယ်ကို (ကျန်းမာပါ စေ)၊ အရင်ချမ်းသာပါစေတဲ့ (မှန်ပါ့)။
လုပ်တော့ သူတစ်ပါးအတွက်၊ ဒါတွေဘယ့်နှယ်လုပ်မလဲ၊ ကိုယ့်အရေးက ဒီလောက်မကြီးဘူး၊ သူတို့အရေးက ကြီးနေတယ်ဆိုတော့ လုပ်တော့တစ်မျိုး မေတ္တာပို့တော့တစ်မျိုး၊ (မှန်လှပါ) လူတွေဟာ ကန့်လန့်ကြီးလုပ်နေတယ်၊ (မှန်ပါ့) ရိပ်မိပလား၊ (ရိပ်မိပါပြီ) ဘာတွေများလုပ်နေသလဲ၊ (ကန့်လန့်ကြီး လုပ်နေကြပါတယ် ဘုရား)။
ဘယ်သူ့ကို ကန့်လန့်လုပ်တာတုံးလို့မေးတဲ့အခါကျတော့ ခင်ဗျားတို့ စဉ်းစားဖို့လိုပါတယ်၊ ခင်ဗျားတို့ မျက်စိ လည်နေတယ်၊ ကိုယ့်ကိုယ်ချမ်းသာမှုက ဝိပဿနာအလုပ်၊ (မှန်လှပါ)။
ဒါကိုပဲ မေတ္တာပို့တော့ကို ကိုယ့်ကို အရင်ပို့ပြီးသကာလ တရားနာလို့ ကိုယ့်ကိုကယ်တင်တဲ့အလုပ်၊ တရားအား ထုတ်တဲ့အလုပ်ဟာ ကိုယ့်ကိုကယ်တင်တဲ့အလုပ်၊ ဒါတွေဘယ့်နှယ်လုပ်မတုံးဘုရာ့ မကျွေးမွေးရင်တော်ပါ့မလား၊ (မှန်လှပါ ဘုရား)။
ဒါဖြင့် မေတ္တာလဲမပို့နဲ့တာ့ ကျွေးမြဲသာကျွေး ကျွန်သာခံ၊ (မှန်ပါ့) ရိပ်မိပလား၊ (ရိပ်မိပါပြီ) ဒါပဲ အဓိပ္ပာယ် ရတယ်ဆိုတာကော ဒကာကြွယ် ရှင်းပလား၊ (ရှင်းပါပြီ ဘုရား)။
ကိုယ့်ကို သနားတဲ့အလုပ်ကို လုပ်ပါ
ဒါဖြင့် မေတ္တာပို့မယ် ကြံလို့ရှိရင် ကိုယ့်ကို အရင်ပို့မယ် ကြံလို့ရှိရင်ဖြင့် တဲ့၊ ကိုယ့်ကို သနားတဲ့အလုပ်ကို လုပ်ပါ၊ (မှန်လှပါ ဘုရား) မေတ္တာလဲပို့ပြီးရော ကိုယ့်ကိုသနားတဲ့အလုပ် အရင်လုပ်လိုက်၊ (မှန်ပါ့)။
မေတ္တာလဲပို့လိုက်၊ အဟံ အဝေရာ ဟောမိ = ငါချမ်းသာရပါလို၏ ဒကာကြွယ်ပို့ပြီးပြီဆိုပါတော့၊ (မှန်ပါ့) ဟာ ငါ့ကိုငါ သနားလို့ရှိရင်ဖြင့် ငါဟာ အခုထွက်တဲ့စကားနဲ့ညီအောင် ငါသံသရာမလည်တဲ့အလုပ် အိုဘေး, နာဘေး, သေဘေးနဲ့မဆက်သွယ်တဲ့အလုပ်ကို ငါလုပ်မယ်ဆိုပြီး ချက်ချင်းထ, လုပ်ပါ၊ (မှန်လှပါ) ရှင်းပလား၊ (ရှင်းပါပြီ ဘုရား)။
နို့မို့လို့ရှိရင် ခင်ဗျားတို့က အင်း ဟင် ကိုယ့်ကိုယ်လဲ မေတ္တာပို့ပြီးပြီ၊ ကိုယ့်သားမယား၊ ဉာတိမိတ္တအစရှိသည်ကို ပို့ရဦးမယ်၊ ခင်ဗျားတို့က ဟိုဘက်ကူးသွားလိုက်တယ်၊ (ကူးသွားပါတယ် ဘုရား)။
ကူးသွားတော့ ခင်ဗျားတို့ ရှေ့စကားနောက်စကား ညီသေးရဲ့လား၊ (မညီပါ ဘုရား) မညီတော့ဘူးတဲ့၊ ကိုယ့်ကိုယ် သနားရိုးမှန်ရင် သနားတဲ့အလုပ်ကို အရင်လုပ်လိုက်ပါဦးဆိုတာ သဘောကျပလာ၊ (ကျပါတယ် ဘုရား)။
မယုံရင်စဉ်းစားကြည့်ပါတဲ့၊ ဒကာ ဒကာမတို့ ယောက်ျားမှာ ဝေဒနာရှိတာ မိန်းမက စစ်ဆေးရုံမှတစ်ပါး ကယ်မှု ယူမှု ပေးနိုင်သေးရဲ့လား၊ (မပေးနိုင်ပါ ဘုရား)။
မိန်းမမှာ ဝေဒနာရှိတာကို ယောကျ်ားက ဖြစ်မှဖြစ်ရပလေဆိုတဲ့ အသွားမှတစ်ပါး ဒကာသစ် ဘာတတ်နိုင်သေး သလဲ၊ (ဘာမှမတတ်နိုင်ပါ ဘုရား)ဒါဖြင့် တစ်ယောက်က တစ်ယောက် မကယ်နိုင်ဘူးဆိုတာသိပြီ၊ (သိပါပြီ ဘုရား)။
ကယ်နိုင်တဲ့ တရားအစစ်အမှန်
ဒါဖြင့် ကယ်နိုင်တဲ့ တရားအစစ်အမှန် ဖြစ်တာကဖြင့် ဒကာ ဒကာမတို့ မဂ်ဉာဏ်ဘဲရှိတယ်၊ (မှန်ပါ့ ဘုရား) ကိုယ့်အသေကိုယ်မြင်တဲ့ မဂ်ဉာဏ်ဘဲရှိတယ်၊ (မှန်လှပါ ဘုရား) ရှင်းပလား၊ (ရှင်းပါပြီ) ဘာပါလိမ့်၊ (ကိုယ့်အသေကိုယ် မြင်တဲ့ မဂ်ဉာဏ်ဘဲရှိပါတယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ကိုယ့်အသေကိုယ်မြင်တာဆိုတာ ခင်ဗျားတို့ခန္ဓာကြီးက ဝေဒနာက္ခန္ဓာကြီး၊ (မှန်လှပါ) ဒကာသစ် ရိပ်မိပလား၊ (ရိပ်မိပါပြီ) ဘာခန္ဓာကြီးတုံး၊ (ဝေဒနာက္ခန္ဓာကြီးပါ ဘုရား)။
ဝေဒနာက္ခန္ဓာကြီး သိထားတော့ ဝေဒနာကလေးတွေ ပျက်တိုင်း ပျက်တိုင်း ဪ ဒါဟာ ကိုယ်သေတာပဲ၊ (မှန်လှပါ) တစ်ခါသွားလိုက်ပါဦး၊ ခင်ဗျားတို့ ခန္ဓာကြီးက ဝိညာဏက္ခန္ဓာကြီးဆိုရင်လဲ မလွဲဘူး၊ (မလွဲပါ ဘုရား)။
ဝိညာဏက္ခန္ဓာဆိုတော့ စိတ်၊ စိတ်ကလေးတွေ ပျက်ပျက် ပျက်ပျက်နေတာလဲ ကိုယ့်အသေ ကိုယ်မြင်တာ၊ (မှန်လှပါ ဘုရား) ကိုယ့်ခန္ဓာပျက်တာကိုး၊ (မှန်ပါ့) သူများခန္ဓာပျက်တာလား၊ (မဟုတ်ပါ ဘုရား)၊ ကိုယ့်ခန္ဓာပျက်တာဆို တာသေချာပလား၊ (သေချာပါပြီ ဘုရား)။
ဝေဒနာကြိုက်ရင် ဝေဒနာရှုပါ စိတ်ကြိုက်ရင် စိတ်ရှုပါ
ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေသည် ကိုယ့်အသေကိုယ်မြင်ချင်လို့ရှိရင် ဝေဒနာလဲ ရှုပါ၊ စိတ်လဲ ရှုပါ၊ (မှန်ပါ့) ဝေဒနာကြိုက်ရင် ဝေဒနာရှုပါ၊ စိတ်ကြိုက်ရင် (စိတ်ရှုပါ)။
ရှုလိုက်လို့ရှိရင်ဖြင့် တဲ့၊ ကဲ ဝေဒနာရှုတဲ့ပုဂ္ဂိုလ်မှာ ဝေဒနာကဖြစ်,ပျက်,ရှုတာက မဂ်၊ (မှန်ပါ့) သေတာက တဏှာ၊ (မှန်ပါ့) တဏှာပစ္စယာ ဥပါဒါနံလာသေးရဲ့လား (မလာပါ ဘုရား) ဥပါဒါနပစ္စယာ ကမ္မဘဝေါကော (မလာပါ ဘုရား) ဘဝပစ္စယာဇာတိဆိုတဲ့ နောက်ဘဝကော၊ (မလာပါ ဘုရား)။
အင်း ဟင် ဒါဘယ့်နှယ်ကြောင့်မလာပါလိမ့်ဆိုတော့ ကိုယ့်အသေကိုယ်မြင်လို့ မလာတာ၊ (မှန်လှပါ ဘုရား) ဒကာသစ် ဘယ့်နှယ်တုံး (ကိုယ့်အသေကိုယ်မြင်လို့ မလာတာပါ ဘုရား) ကိုယ့်အသေကိုယ်မြင်လို့ မလာတာဆို တာထင်ရှားပလား၊ (ထင်ရှားပါပြီ ဘုရား)။
ဒါဖြင့် ကိုယ့်အသေကိုယ်မြင်တဲ့အလုပ်သည် ပဋိစ္စသမုပ္ပါဒ် သံသရာပြတ်တဲ့အလုပ်၊ (မှန်လှပါ) ကိုယ့်အသေ ကိုယ်မြင်တဲ့အလုပ်ဟာ (ပဋိစ္စသမုပ္ပါဒ်သံသရာပြတ်တဲ့အလုပ်ပါ ဘုရား)။
ဒါဖြင့် ဒီအလုပ်မှတစ်ပါး သံသရာပြတ် တရားဟောဖြင့် အမြန်ဆုံးပြတ်တဲ့တရား၊ ဒါပဲရှိတယ်၊ (မှန်လှပါ) ရိပ်မိကြပလား၊ (ရိပ်မိပါပြီ)။
ဒါဖြင့် ဒကာ ဒကာမတို့ ကိုယ့်အသေသည်ကားလို့ဆိုရင် အမြဲတမ်းသေနေတာကို အမြဲတမ်းသိပေးလိုက်လို့ရှိ ရင်ဖြင့် တပည့်တော်တို့ မပင်ပန်းပေးဘူးလားလို့ ခင်ဗျားတို့ မေးချင်မေးလိမ့်မယ်၊ (မှန်လှပါ ဘုရား)။
ကြည့်ရတာ ပင်ပန်းသလား
မပင်ပန်းပါဘူး ဒကာ ဒကာမတို့၊ အင်း ဟင် သူကပျက်နေတာ ကိုယ်ကစောင့်ကြည့်နေရင် ဒကာ ဒကာမတို့ ဧရာဝတီစီးနေတယ်၊ အထက်ရေတွေ အောက်စီးကျနေတယ်၊ ကြည့်ရတာ ပင်ပန်းသလားလို့မေးရင် ဘယ့်နှယ်ဖြေမလဲ၊ (မပင်ပန်းပါ ဘုရား)။
ဒီမှာလဲ ခန္ဓာကို မဂ်ဉာဏ်ကလေးနဲ့ အသေကလေးတွေက သေလိုက် အစားထိုးလိုက်၊ သေလိုက် အစားထိုး လိုက် ဆိုတာသိနေရင် မပင်ပန်းဘူး၊ (မှန်လှပါ) ပင်ပန်းသလား၊ (မပင်ပန်းပါ ဘုရား)။
မပင်ပန်းပါဘူး တဲ့၊ သေတာကိုလဲမြင်လိုက်၊ အစားထိုးတာလဲမြင်လိုက်၊ (မှန်ပါ့)သေတာလဲမြင်လိုက်၊ (အစားထိုး တာလဲမြင်လိုက်) အင်း ဟင် တစ်စိတ်သေပြီးရင် တစ်စိတ်အစားထိုးတယ်၊ (မှန်လှပါ ဘုရား)။
အဲဒီကဲ့သို့ အစားထိုးတာကလေးတွေ သေတာကြည့်လိုက် အစားထိုးတာကြည့်လိုက်၊ အစားထိုးတာ အသေဝင် တာကြည့်လိုက်၊ (မှန်ပါ့) ဒီလိုကြည့်ပြီး ကြည့်ပြီး နေတာကို အလုပ်သင်ပေးနေတာလို့ မှတ်လိုက်၊ (မှန်လှပါ ဘုရား)။
ဒါဟာအလုပ်သင်ပေးနေတယ်
သေတာလဲ ကြည့်၊ အစားထိုးတာလဲ ကြည့်တာသည် ဒကာ ဒကာမတို့ ဒါဟာအလုပ်သင်ပေးနေတယ်၊ (မှန်လှ ပါ) ဘုန်းကြီက ဟောနေတာပဲ၊ အလုပ်မသင်ဘူးလို့ ဒီလိုမယူလိုက်ပါနဲ့၊ (မှန်ပါ့) သဘောပါကြပလား၊ (ပါ,ပါပြီ)။
အဲဒီကဲ့သို့ သေတာလဲ ကြည့်၊ အစားထိုးထာလဲကြည့် ဆိုတော့မှ အင်းဟင် ဝယဆိုတဲ့ပျက်တာလဲမြင်တယ်၊ (မှန်ပါ့) ဥဒယဆိုတဲ့ အစားထိုးတာလဲ မြင်သွားတယ်၊ (မှန်လှပါ) ဒါဖြင့် ဥဒယဗ္ဗယမြင်တော့ ဒကာ ဒကာမတို့ ဥဒယဗ္ဗယကခန္ဓာ၊ မြင်တာကပညာ၊ (မှန်လှပါ ဘုရား) ဥဒယဗ္ဗယက (ခန္ဓာပါ ဘုရား)မြင်တာက (ပညာပါ ဘုရား)။
အဲဒါနဲ့နေလိုက်တဲ့အခါကျတော့ ကြာတော့ အင်းဟင် ဖြစ်တာကလေး၊ ပျက်တာကလေးချည်း မြင်မြင် မြင်မြင်နေရတော့ ကိုယ့်အသေကို ကိုယ်မုန်းတယ်၊ (မှန်လှပါ ဘုရား)။ မမုန်းပေဘူးလား၊ (မုန်းပါတယ် ဘုရား)။
ကိုယ့်အသေ ကိုယ်မုန်းလာလို့ရှိရင်လဲ ဒီဝိပဿနာ ရှုတာမလျှော့နဲ့၊ (မှန်လှပါ) မုန်းလျက်နဲ့ ပေပြီးသကာလ စိုက်ပြီးသကာလရှုပါ၊ (မှန်ပါ့)ရှုလိုက်တဲ့အခါကျတော့ ကိုယ့်အသေတွေသည် ဒကာ ဒကာမတို့ အသေဒုက္ခထက်ကြီးတဲ့ ဒုက္ခမရှိပါကလားလို့ နှလုံးသွင်းလိုက်တယ်၊ (မှန်ပါ့) အသေဒုက္ခထက်ကြီးတာများ ရှိသေးသလား၊ (မရှိပါ ဘုရား)၊
အဲဒါအသေဒုက္ခထက်ကြီးတာ မရှိတော့ဘူးလို့ နှလုံးသွင်းလိုက်တဲ့အခါကျတော့ သေသေချာချာပဲ ဒုက္ခအကြီး ဆုံးပဲလို့ ဉာဏ်ထဲမှာလဲ အတိအကျ ဆုံးဖြတ်ချက်ချပါရောတဲ့၊ အသေဟူသရွေ့ ရှာမတွေ့ဘူး(မှန်လှပါ ဘုရား)။
အသေလွတ်ရာ နိဗ္ဗာန်ပဲ
ရှုရင်းမေတ္တာနဲ့ အသေဟူသရွေ့ ဒကာကြွယ် ရှာမတွေ့ဘူး၊ (မှန်လှပါ ဘုရား) ရှာမတွေ့တော့ အသေလွတ်ရာ နိဗ္ဗာန်ကို သွားမယ်၊ (မှန်ပါ့ ဘုရား) ရှာမတွေ့တာသည် အသေလွတ်ရာ နိဗ္ဗာန်ပဲ၊ (မှန်ပါ့) ရှာလို့မတွေ့တာသည် (အသေလွတ်ရာ နိဗ္ဗာန်ပါ ဘုရား)။
ဪ အဲဒီနိဗ္ဗာန်ကို မဂ်ဉာဏ်က, ရှုနေတဲ့ မဂ်ဉာဏ်က ဒကာသစ်သွားမြင်တယ်၊ (မှန်ပါ့) နောက်မဂ် ဉာဏ်ချုပ်ပြီး ဖိုလ်ဉာဏ်က သွားမြင်တယ်၊ (မှန်ပါ့ ဘုရား)နောက် ပစ္စဝေက္ခဏဉာဏ်က သွားမြင်တယ်၊ (မှန်လှပါ ဘုရား)။
အဲဒီလိုမြင်ပြီးလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ကိုယ့်အသေကိုယ်မြင်တဲ့ပုဂ္ဂိုလ်မို့ သောတာပတ္တိမဂ်ဆိုတာ ရလိုက်တဲ့ အတွက် ဒကာ ဒကာမတွေ သေသေချာချာမှတ်ပါ၊ အပါယ်လေးပါး တံခါးပိတ်တယ်၊ (မှန်လှပါ ဘုရား)။
ဒီဘဝက စုတေတော့လဲ သောတာပန်သေ ဖြစ်သောကြောင့် သူဂတိရောက်ပြီး အထက်မဂ်တွေ တစ်ဆင့် တစ်ဆင့် ရပြီးသကာလ နိဗ္ဗာန်သာ တိုက်ရိုက်ဝင်တော့တယ်ဆိုတာ သေသေချာချာမှတ်ပါ၊ (မှန်ပါ့ ဘုရား)။
ဒါဖြင့် ဝိပဿနာအလုပ်ဆိုတာဘာပါလိမ့်၊ (ကိုယ့်အသေကိုယ်မြင်အောင် ရှုတာပါ ဘုရား) အမြင်သုံးခုပြောင်း သွားလို့ရှိရင် ပြီးပြီအောက်မေ့၊ (မှန်လှပါ ဘုရား)။
ကိုယ့်အသေကိုယ်မြင်တာ တစ်မျိုး၊ ကိုယ့်အသေကိုယ်မြင်လို့ မုန်းဉာဏ်ထက်တာ တစ်မျိုး၊ ကိုယ့်အသေကို ဒုက္ခသစ္စာအစစ်ပဲလို့ ဆုံးဖြတ်ချက် ချတဲ့ဉာဏ် ရောက်ပြီဆိုရင် သောတာပန်တည်ပြီလို့ ဆုံးဖြတ်ချက်ချပါ၊ (မှန်လှပါ ဘုရား) ရှင်းကြပလား၊ (ရှင်းပါပြီ ဘုရား)။
ဒီနေ့တော့ ရောက်စ, ဒီနေ့ဒီတွင် တော်ကြဦးစို့။
သာဓု သာဓု သာဓု။