10505

မာတိကာသို့

သမ္မသနသုတ် မိမိကိုယ်ကိုသုံးသပ်ရန် တရားတော်

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

မန္တလေးမြို့၊ ဦးချစ်ဆွေဓမ္မာရုံ၌

ဟောကြားတော်မူသော

သမ္မသနသုတ်

မိမိကိုယ်ကိုသုံးသပ်ရန် တရားတော်

(၁-၃-၆၁)

မဂ်ရခြင်း၏အကြောင်း

ဒကာ ဒကာမတွေ မဂ်ရခြင်း၏အကြောင်း ဖိုလ်ရခြင်း၏အကြောင်း မာဂဏီပုဏ္ဏား ကြီးကို ဘုရားဟောထားတာရှိတယ်နော်၊ မဂ်ရခြင်း၏အကြောင်း ဖိုလ်ရခြင်း၏အကြောင်းကို –

သူတော်ဆည်းကပ်၊ မြတ်တရားနာ

လွန်စွာ အားထုတ်၊ နာမ်နှင့်ရုပ်ကို

ဖြစ်ချုပ်ဉာဏ်မြင်

ဤငါးအင်၊ မှန်ပင် မဂ်ရကြောင်း။

ဒကာ ဒကာမတို့ သူတော်ကောင်းဆည်းကပ်ရမယ်ဆိုတာ ၁-နံပါတ်နော်၊ ဘုရား တရား သံဃာတွေ အကုန်ဆည်းကပ်ရမယ်၊ တရားကိုလဲ နာရမယ်၊ ရုပ်နာမ် ဓမ္မဖြစ်ပျက် တရားတွေ ကြိုးစားပြီးသကာလ နာရမယ်၊ ပြီးတော့ မိမိက နာရုံလေးနာနေလို့လဲ မပြီးသေး ဘူး၊ ခန္ဓာဉာဏ်လှည့်ပြီးတော့လဲ အားထုတ်ရမယ်နော်၊ ခန္ဓာဉာဏ်လှည့်ပြီးသကာလ အားထုတ်ရမယ် ဆိုတာလဲ ဒီဥစ္စာ မဂ်ရခြင်း၏အကြောင်းထဲ အပါအဝင် ဖြစ်ပါတယ်။

ဘယ်ဟာမြင်ရမှာတုံးဆိုတော့ ဖြစ်ချုပ်ဉာဏ်မြင်၊ ဖြစ်တာနဲ့ပျက်တာလေးတွေ ဉာဏ် နဲ့ခန္ဓာကိုကြည့်လိုက်လို့ ရှိရင် မြင်လာခဲ့ရမယ်-နော်၊ ပေါင်းလိုက်တော့ ငါးခုရှိတယ်တဲ့၊ ဤငါးအင်မှန်ပင် မဂ်ရကြောင်းလို့။

မာဂဏီပုဏ္ဏားကြီးက တပည့်တော်ကို မျက်လုံးကောင်းကောင်း တပ်ပေးစမ်းပါ ဆိုတဲ့အခါကျတော့ ငါ-ဗြုံးကနဲ တပ်မပေးနိုင်ဘူးကွ၊ သူတော်ဆည်းကပ်၊ မြတ်တရားနာ၊ လွန်စွာအားထုတ်၊ နာမ်နှင့်ရုပ်ကို၊ ဖြစ်ချုပ်ဉာဏ်မြင်၊ ဤငါးအင်မှန်ပင်မဂ်ရကြောင်းဆိုပြီး။

သူတော်ဆည်းကပ် မြတ်တရားနာ

ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ပါဠိနဲ့ ဟောပြီးသကာလထားတာ ဒကာ ဒကာမတွေကလဲ ဪ ငါ မဂ်ဉာဏ်-ဖိုလ်ဉာဏ် ရချင်လို့ရှိရင် ဘယ်သူကစ-၍ ဘယ်တုန်းမှ ကိစ္စပြီးမှာပါလိမ့်မလဲ-ဆိုတဲ့ အရေးကိုလဲ သိထားနှင့် ဖို့ရာ အင်မတန် အရေးကြီးပါတယ်ဆိုတာ သဘောပါကြပလား- (ပါ-ပါပြီ ဘုရား)။

လိုက်ကြစမ်း-သူတော်ဆည်းကပ်- (သူတော်ဆည်းကပ်)၊ မြတ်တရားနာ-(မြတ်တရားနာ)၊ လွန်စွာအားထုတ်- (လွန်စွာအားထုတ်)၊ နာမ်နှင့်ရုပ်ကို- (နာမ်နှင့်ရုပ်ကို)၊ ဖြစ်ချုပ်ဉာဏ်မြင် (ဖြစ်ချုပ်ဉာဏ်မြင်)၊ ဤငါးအင် (ဤငါးအင်) မှန်ပင်မဂ်ရကြောင်း၊ (မှန်ပင်မဂ်ရကြောင်း)။

(ဤနည်းအတိုင်း၊ သုံးခေါက် ချပေးသည်)။ ဒီလောက်ဆိုရင် နေ့တိုင်းချသွားရင်ရပါလိမ့်မယ်ဆိုတာ ဘာမှ ယုံမှားသံသယ ရှိဖို့မလိုပါဘူးနော် (မလိုပါ ဘုရား) သုံးရက်လောက်ဆိုရင် ဒကာ ဒကာမတွေ ကိုယ်တိုင်ဆိုနိုင်ပြီးသကာလ သွားပါလိမ့်မယ် (မှန်ပါ့ ဘုရား)။

ကဲ ဒါဖြင့် တရားစ-ကြပါစို့၊ သူတော်ကောင်းများလဲ ဆည်းကပ်ကြပါပြီ (မှန်ပါ့)၊ မြတ်တရားလဲ နာကြပါပြီ လွန်စွာ အားထုတ်ဆိုတော့ ဘုန်းကြီးက ဒကာ ဒကာမတွေသင်ထားသော အရှိသားပဲ နားက ဘာလုပ်မလဲ (နားက ထောင်ရပါမယ် ဘုရား)။

နားကတရားနာ ဉာဏ်ကခန္ဓာလှည့်

နားက တရားနာရတယ် (မှန်ပါ့)၊ သဘောကျပလား-(မှန်ပါ့ ဘုရား) ဉာဏ်က ဘယ်လှည့်ရသလဲ (ခန္ဓာလှည့်ရပါ တယ် ဘုရား) ဉာဏ်က ခန္ဓာလှည့်ရတယ်နော်၊ နားကတော့ ဘုန်းကြီးပြောထားသော နာလို့-(မှန်ပါ့)၊ ဉာဏ်က ခန္ဓာလှည့် ထားတာကိုတဲ့၊ ခန္ဓာ ကတော့ဖြင့် ဖြစ်ပုံနဲ့ ချုပ်ပုံတွေပဲ သူပြောပြီးသကာလ နေမှာပဲဆိုတာလဲ အရှင်းသားပေါ့ဗျာ-(မှန်ပါ့)။

အဲဒီအတိုင်း တရားနာကြပါ၊ နားကတရားနာ ဉာဏ်ကခန္ဓာလှည့် (မှန်ပါ့ ဘုရား)၊ နားက ဘာလုပ်ကြရမယ် (တရားနာရမယ်)၊ ဉာဏ်ကတော့ ဘယ်လှည့်ရမလဲ (ခန္ဓာလှည့်ရပါမယ် ဘုရား)။

ဉာဏ်ကတော့ ခန္ဓာလှည့်ရမယ်၊ ခန္ဓာလှည့်ထားတော့ ခန္ဓာက ဘာတွေများ ပြောလိမ့်မယ်လို့ ထင်ကြသတုံး (ဖြစ်ပျက်တွေ ပြောပါလိမ့်မယ် ဘုရား)။

အေး ဒုက္ခသစ္စာလဲပြောမယ် ဖြစ်ပျက်နေတဲ့ သဘောတွေလဲ ပြောပါလိမ့်မယ်၊ ပြောချင်တာပြော ဒုက္ခသစ္စာမှ တစ်ပါး ဦးခင်မောင် ဘာမှမပြောဘူး (မှန်ပါ့ ဘုရား)၊ သူအရှိကို သူပြောမှာကိုး (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတွေ ဘာပြောမယ် ထင်ကြသလဲ (သူ့အရှိကို ပြောမှာပါ)၊ သူရှိတာက ဘာတဲ့တုန်း (ဒုက္ခသစ္စာပါ ဘုရား)၊ ဒုက္ခသစ္စာဆိုတာ ဘာပါလိမ့်မတုန်းလို့ မေးတော့မှဖြစ်မှုပျက်မှု (မှန်ပါ့ ဘုရား)၊ ဒုက္ခသစ္စာဆိုတာဘာပါလိမ့် (ဖြစ်မှုပျက်မှုပါ ဘုရား)။

ဖြစ်မှုပျက်မှု-တဲ့၊ အဲဒီ ဖြစ်မှုပျက်မှုမြင်တော့မှ ဪ ကိုယ့်ခန္ဓာကြီးဟာ ဘာခန္ဓာကြီးပါလိမ့် မတုံးဆိုတော့ မွေးသေခန္ဓာကြီးပါလားဆိုတာ ပေါ်လာတယ် (မှန်ပါ့ ဘုရား)။

မွေးလိုက် သေလိုက်၊ မွေးလိုက်- သေလိုက်၊ ခင်ဗျားတို့ဝမ်းထဲကမွေးပြီး သုသာန်ပို့မှအသေ၊ ဒီအသေကို ဆိုတာ မဟုတ်ဘူးနော် (မှန်ပါ့ ဘုရား)၊ အခု ခန္ဓာထဲ ဝေဒနာခန္ဓာကလေးပေါ်လာလိုက် ခုပဲပျက်စီးသွားလိုက်ဆိုတော့ ဦးခင်မောင် မွေးသေ မကျဘူးလား (ကျပါတယ် ဘုရား)၊ သဘောပါကြလား (ပါ-ပါတယ် ဘုရား)။

ဖြစ်မှု ပျက်မှုသာ ရှိတယ်

ဒါဖြင့် ဒကာ ဒကာမတွေ ခန္ဓာကိုယ်ထဲမှာ မွေးသေနှစ်ခုသာ ရှိတယ်ဆိုတော့ ဖြစ်မှု ပျက်မှုသာ ရှိတယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ်ဘုရာ။)

အဲဒါကို ဉာဏ်နဲ့အိမ်ကျလဲလှည့်၊ ဒီမှာလဲလှည့်၊ လှည့်ထားပြီဆိုမှဖြင့် ဪ အခုရထားတဲ့ခန္ဓာကြီးဟာ အကောင်းလား-အဆိုးလားဆိုတဲ့ဥစ္စာကို အရိယာမျက်လုံး တပ်ကြည့်လိုက်တဲ့ အခါကျတော့ မွေးသေကိုပဲ မြင်ပါလိမ့်မယ် (မှန်ပါ့) ဘာမြင်မယ်ထင်သလဲ (မွေးသေကို မြင်ပါလိမ့်မယ် ဘုရား)။

မွေးသေကို မြင်တဲ့အခါကျတော့ ဒကာ ဒကာမတို့ ဪ မိမိရ-ထားတာကြီးဟာ အကောင်းမှတ်တယ်၊ အနိစ္စကြီးပါကလား ဒုက္ခသစ္စာကြီးပါကလားဆိုတာ ဘယ်သူကပြောပါလိမ့် (ခန္ဓာက ပြောပါတယ် ဘုရား)။

ခန္ဓာကပြောတာ အမှန်ယူ

ခန္ဓာကပြောလိမ့်မယ်ဆိုတဲ့ဥစ္စာ အဲဒီတော့ မြတ်စွာဘုရား သခင်ကိုယ်တော်မြတ်ကြီးကလဲ ခန္ဓာကပြောတာ အမှန်ယူဟေ့သူများပြောတာဆိုတာက အနုဿဝ တစ်ဆယ့်ကြားဆိုတာကတော့ မှားသည်ရှိတယ်-မှန်သည်ရှိတယ်နော် (မှန်ပါ့)၊ ခန္ဓာကပြောဘာကတော့ မှားစရာရှိသေးရဲ့လား (မရှိပါ ဘုရား)။

အဲဒါကြောင့်ခန္ဓာက အပြောကို သိအောင်လို့ ဘုရားကဒိဋ္ဌဓမ္မောလုပ်စမ်းပါကွ၊ ပတ္တဓမ္မောလုပ်စမ်းပါကွ၊ ဝိဒိတဓမ္မောလုပ်စမ်းပါကွ၊ ကိုယ်တိုင် ဆုံးဖြတ်ချက်ချနိုင်အောင်လုပ်စမ်းပါဆိုတဲ့ဥစ္စာ ဒကာသစ်တို့ ဘုရားက မတိုက်တွန်း ဘူးလား (တိုက်တွန်းပါတယ် ဘုရား)။

အေး ဒါကြောင့် ကိုမြရွှေတို့အားလုံး ခန္ဓာဉာဏ်လှည့်ကြပါဆိုတာ သတိပေးလိုက်ပါတယ်နော် (မှန်ပါ့ ဘုရား)။

သုံးသပ်ကြရဲ့လား

ကိုင်း ယနေ့ ဒကာ ဒကာမတို့၊ ခင်ဗျားတို့ ခန္ဓာကိုယ်ကြီးကို ဘုရားသခင် ကိုတော်မြတ်ကြီးသည် ကုရုတိုင်းမှာ နေတဲ့အခါကျတော့ ရဟန်းတွေက စည်းဝေးပြီးသကာလ လာကြတယ် (မှန်ပါ့)။

ရဟန်းတို့ မင်းတို့ခန္ဓာကိုယ်ကြီးများ မင်းတို့သုံးသပ်ကြရဲ့လားကွ၊ ဆင်ခြင်ကြရဲ့လားကွလို့၊ မေးလိုက်တယ်နော် (မှန်ပါ့ ဘုရား)။

ခန္ဓာကိုယ်ကြီး ဆင်ခြင်ကြရဲ့လားကွ၊ သုံးသပ်ကြရဲ့လားကွလို့ မေးလိုက်တဲ့အခါကျတော့ ရဟန်းတစ်ပါးက တပည့်တော်ဆင်ခြင်သုံးသပ်ပါတယ်ဘုရား၊ အေး ပြောစမ်း ပြောစမ်းကွာ၊ မင်းဆင်ခြင်သုံးသပ်တာ ပြောစမ်းကွ-တဲ့။

တပည့်တော်ဟာ သုံးဆယ့်နှစ်ကောဋ္ဌာသ ဆင်ခြင်သုံးသပ်ပါတယ်ဘုရား လို့ဆိုတော့ဘုရားကအလိုမကျဘူး (မှန်ပါ)။ ဘုရားက ဒါပြောစေချင်တာမဟုတ်ဘူး (မှန်ပါ့)။

ဘုရားအလိုတော် မကျမှန်းသိတော့ အရှင်အာနန္ဒက အနားရှိတော့ “အရှင်ဘုရားပြောမှ အရှင်ဘုရားဟောမှ သိရမည့် ပုဂ္ဂိုလ်တွေဖြစ်ပါတယ် အရှင်ဘုရား”တဲ့ ဒါ့ကြောင့် အရှင်ဘုရားပဲ ဟောတော်မူပါ ပြောတော်မူပါဆိုတဲ့ အကြောင်း အရှင်အာနန္ဒာက တောင်းပန်တယ် (မှန်ပါ)။

အရှင်အာနန္ဒာက တောင်းပန်တဲ့အခါကျတော့ အေး ကောင်းကောင်းမွန်မွန် နာကြကွ၊ ကောင်းကောင်းမွန်မွန် နှလုံးသွင်းကြကွဆိုပြီး ဘုရားသခင် ကိုယ်တော်မြတ်ကြီးက နိဒါနဝဂ္ဂသံယုတ်ပါဠိတော်ကြီးမှာ ဟောထားတာရှိပါတယ်။

ကိုယ့်ခန္ဓာ ကိုယ်သုံးသပ်ကြ

အဲဒါဒီနည်းကိုလဲ ဆရာဘုန်းကြီးက သတိပေးလိုက်ပါတယ် ဒကာ ဒကာမတို့၊ ကိုယ့်ခန္ဓာ ကိုယ်သုံးသပ်ကြနော်၊ ဘယ့်နှယ်မှာပါလိမ့် (ကိုယ့်ခန္ဓာကိုယ်သုံးသပ်ကြပါ ဘုရား)။

ကိုယ့်ခန္ဓာ ကိုယ်သုံးသပ်ကြစမ်းပါ၊ အလကားမနေပါနဲ့၊ ကိုယ်ခန္ခာကိုယ်သုံးသပ်ကြစမ်းပါ၊ အလကားမနေပါ နဲ့ဆိုတာ ပြောလိုက်ပါတယ် (မှန်ပါ့ ဘုရား)။

သုံးသပ်နည်းကလေးက ဘုရား သုံးသပ်စေချင်တာက ဒကာ ဒကာမတို့၊ ဇရာမရဏ၊ ဇရာမရဏဆိုတာ ဇရာက အိုမှု၊ မရဏက-သေမှု (မှန်ပါ့)၊ ဒကာ ဒကာမတို့၏ ခန္ဓာကိုယ်မှာ ဇရာမရဏ ကိုယ်ခန္ဓာကြီး ပြေးနေတယ်ဆိုတာ မသိရဘူးလား (သိရပါတယ် ဘုရား)။

ဪ ဒီခန္ဓာကိုယ်ကြီးဟာ အရောက်သွားနေတာ ဘယ်ဆီများ သွားနေပါလိမ့်မလဲလို့ အကဲခတ်ကြည့်လိုက် တော့ ဇရာဆီရောက်အောင်သွားနေတယ်-(မှန်ပါ့ ဘုရား)၊ မရဏဆီကော (ရောက်အောင်သွားနေပါတယ် ဘုရား)။

ဪ ဒီခန္ဓာကိုယ်ကြီး၏ လမ်းစဉ်နည်းကဖြင့် ကျုပ်တို့ ကြိုက်တဲ့လမ်း သွားနေတာလား သူ့ပင်ကို နိယာမလမ်း သွားနေတာလား (သူ့ပင်ကို နိယာမလမ်း သွားနေတာပါ ဘုရား)။

ဇရာမရဏဆီ သွားနေတယ်

ဪ ဒါဖြင့် ခန္ဓာရတဲ့ပုဂ္ဂိုလ်၏သွားရာလမ်းခရီးဆိုရင် ဒကာ ဒကာမတွေက သိပါပြီ- (မှန်ပါ့ ဘုရား)၊ ခန္ဓာရတဲ့ ပုဂ္ဂိုလ်ဟာ ဒကာ ဒကာမတို့၊ ဘယ်သွားနေပါလိမ့်မလဲ (ဇရာမရဏဆီ သွားနေပါတယ် ဘုရား)။

ဇရာမရဏဆီ သွားနေတယ်လို့ မောင်ထွန်းလှိုင်တို့ မမှတ်ရပေဘူးလား – (မှတ်ရပါတယ် ဘုရား) ။ ခန္ဓာကိုယ် ရတဲ့ပုဂ္ဂိုလ်များ ဘယ်သွားနေပါလိမ့်မလဲ (ဇရာ မရဏဆီ သွားနေပါတယ် ဘုရား)။

အိမ်သွားတယ် ဆိုတာလဲ အိမ်သွားရင်း ဇရာမရဏဆီရောက်တာပဲ-(မှန်ပါ့)၊ ကျောင်းသွားတယ်ဆိုတော့ ကျောင်းသွားရင်း ဇရာမရဏဆီကော မရောက်ဘူးလား (ရောက်ပါတယ်)။

ဒါဖြင့် ဒကာ ဒကာမတို့ အိမ်သွား၊ ကျောင်းသွားတာ မှန်သလား၊ ဇရာမရဏဆီ ခန္ဓာကြီး အပြေးစိုင်းနေတာက မှန်သလားလို့ အကဲခတ်ကြစမ်း-(ဇရာမရဏဆီ အပြေးစိုင်းနေတာက မှန်ပါတယ် ဘုရား)။

အဲဒီလို သုံးသပ်ကြစမ်းပါတဲ့၊ ဒီခန္ဓာကြီး၏ ဖြစ်စဉ်ဟာ ဘယ်များ သွားနေပါလိမ့်မတုံးဆိုလို့ရှိရင် ဇရာမရဏ ဆီ အပြေးအလွှား သွားနေတယ် (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတို့၊ သွားကောင်းတဲ့ လမ်းလား၊ မသွားကောင်းတဲ့ လမ်းလား (မသွားကောင်းတဲ့ လမ်းပါ ဘုရား)၊ မသွားကောင်းတဲ့လမ်းဆိုတာ သေချာပလား (သေချာပါပြီ)။

အဲဒီ ခင်ဗျားတို့ လူစုတွေက မသွားကောင်းတဲ့ လမ်းကိုပဲ မျက်စိလည်ပြီးသကာလ ဒီဘဝက စုတေမနေ သေလွန်ရလု့ိရှိရင်ဖြင့် လူကောင်းနတ်ကောင်း ဖြစ်ရပါလို၏ဆိုတော့ ဇရာမရဏလမ်း ဒိုင်းဒိုင်းပြေးရပါလို၏ဆိုတဲ့ အဓိပ္ပာယ် ရောက်တယ်ဟုတ်လား (ရောက်ပါတယ် ဘုရား)။

ဘယ်ရောက်သွာပါလိမ့်-(ဇရာမရဏဆီသို့ ဒိုင်းဒိုင်းပြေးတဲ့လမ်း ရောက်သွားပါတယ် ဘုရား)၊ မဟုတ်ပါဘူး ဦးခင်မောင်ရယ်၊ ဇရာမရဏဆိုတာ ရှောင်ရမှာဆိုတော့ သေချာပါလျက်သားနဲ့ ခင်ဗျားတို့က ဒိုင်းဒိုင်းပြေးချင်တာ ဘာသဘောတုံးလို့ မေးတဲ့အခါကျတော့ သစ္စာမသိလို့ (မှန်ပါ့ ဘုရား)။

ဇရာပိ (ဒုက္ခသစ္စာပါ ဘုရား)၊ မရဏမ္ပိ-(ဒုက္ခသစ္စပါ ဘုရား)၊ ဪ ဒီနှစ်လုံးကို ဒကာ ဒကာမတွေက ပိုင်ပိုင် နိုင်နိုင်မသိတော့ ဒီနှစ်လုံးကို ဇရာကလဲ ဒုက္ခသစ္စာပါပဲ၊ မရဏကလဲ ဒုက္ခသစ္စာပဲကွလို့ ဘုရားက ဓမ္မစကြာမှာ သေသေချာချာ ဟောပါတယ်၊ သတိပဋ္ဌာန် ပါဠိတော်ကြီးတွေမှာ သေသေချာချာ ဟောပါတယ်။

ဒါတွေကို ဉာဏ်နားနဲ့ မထောင်ဘဲ ဖြစ်ပြီးသကာလနေတော့ ဒီဇရာမရဏတွေ သွားရင်းမတ္တနဲ့ နောက် ဇရာ၊ မရဏသွားဖို့ရာကို ဒကာ ဒကာမတွေ ကြိုးစားနေတာများဟာ ခင်ဗျားတို့ဟာ အိုလမ်း၊ သေလမ်းကိုသွားလို့ လက်စမသတ်ချင်လို့ လုပ်နေတာနဲ့ တူသကိုး (မှန်လှပါ ဘုရား)။

ဒီတစ်ခါ အိုလမ်း၊ သေလမ်း သွားပြီနောက် အိုလမ်း၊ သေလမ်း၊ မသွားဘူးလား၊ ကောင်းမှမကောင်းတဲ့ လမ်းကြီးပဲဆိုပြီး ရှောင်ဖို့၊ ရှားဖို့အချိန် မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။

ထိုသို့ ရောက်လျက်သားနဲ့ ဘုန်ကြီးတို့ ဒကာ ဒကာမတွေ ဘယ်နှယ့်ကြောင့် ဒီဘဝက စုတေမနေ သေလွန်ရလို့ ရှိရင် နောက်ဘဝ၌ လူကောင်း၊ နတ်ကောင်း ဖြစ်ရပါလို၏ဆိုတော့ ဇရာ၊မရဏလမ်းကို ဒိုင်းဒိုင်း ပြေးရပါလို၏ဆိုတဲ့ အဓိပ္ပာယ် ရောက်-မရောက် (ရောက်ပါတယ် ဘုရား)။

သစ္စာမသိလို့

အဲဒါ ဘာမသိလို့ပါလိမ့် (သစ္စာမသိလို့ပါ ဘုရား)၊ ဒါဖြင့် သိအောင် လုပ်ကြစို့ရဲ့နော် (မှန်လှပါ ဘုရား)။

သိအောင်လုပ်ကြစို့ဆိုတော့ ဒကာ ဒကာမတို့ ဇရာဟာ ဘာသစ္စာပါလိမ့် (ဒုက္ခသစ္စာပါ ဘုရား)၊ မရဏာ- (ဒုက္ခသစ္စာပါ ဘုရား)၊ ဪ အခု တရားနာနေတဲ့ ဒကာ ဒကာမတွေသည် တရားနာရင်းနဲ့ ဘယ်များပြေးသွားနေကြ ပါလိမ့် (မရဏဆီ ပြေးသွားနေပါတယ် ဘုရား)။

ဒါဖြင့် ဒီထဲကများ ယောင်ယောင်ချာချာနဲ့ ဒကာ ဒကာမတွေက ပါလာပြီး ဒီတရားနာတဲ့ ကုသိုလ်ကြောင့် တရားနှလုံးသွင်းရတဲ့ ကုသိုလ်ကြောင့် စုတေမနေ သေလွန်တော့ လူကောင်း၊ နတ်ကောင်း ဖြစ်ရပါလို၏ဆိုတော့ ဦးခင်မောင် ဘယ်ပြေးပါရစေလို့ ပါသွားသလဲ (ဇရာ၊ မရဆီ ပြေးရပါစေလို့ ပါသွားပါတယ် ဘုရား)။

ဇရာ၊ မရဏဆီ နောက်ထပ် ပြေးရပါလို၏ဆိုတော့ဟာ အရူးမပျောက်ပါလား (မှန်ပါ့ ဘုရား)၊ ဒကာသစ် ဘယ်လိုဆိုပါ့မယ် (အရူးမပျောက်ပါ ဘုရား)၊ ဦးဇံရင်ဘယ်လိုပါလိမ့် (အရူးမပျောက်ပါ ဘုရား)၊ အရူးမပျောက်တာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

ဘာဖြစ်လို့တုံးဆိုတော့ အခု ပြေးနေရတာလဲ ကောင်းတဲ့လမ်းပြေးရတာလား၊ မကောင်းတဲ့လမ်း ပြေးရတာလား (မကောင်းတဲ့လမ်း ပြေးရတာပါ ဘုရား)၊ နောက်တစ်ခါ ဆုတောင်းထားတာကလဲ ဘယ်လမ်း ပြေးဖြစ်အောင်တောင်း တာပါလိမ့် (မတောင်းတဲ့လမ်း ပြေးဖြစ်အောင်တောင်းတာပါ ဘုရား)။

ဪ ခင်ဗျားတို့ဟာကလဲ နဂိုက မကောင်းတော့ နောက်လဲမကောင်းဘဲ ခင်ဗျားတို့ အလိုရှိနေတာ တော်တော် အရုပ်ဆိုနေပါကလား (မှန်ပါ ဘုရား)။

ဒါ-ဘုန်းကြီးက မြင်တာလား၊ ခင်ဗျားတို့က မိုက်လုံးပိုတာလား သတိထားပါဦး (မိုက်လုံး ပိုဘာပါ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

စုံလုံးကန်းပြေး ပြေးနေတာ

ဘုန်းကြီးက မြည်တာလား၊ ခင်ဗျားတို့ကိုယ်က စုံလုံးကန်းပြေး ပြေးနေတာလား (စုံလုံးကန်းပြေး ပြေးနေတာ ပါ ဘုရား)၊ အတော်ဆိုးနေပါကလား (မှန်ပါ ဘုရား)။

ဦးခင်မောင် ဘယ်နဲ့ဖြစ်နေကြသလဲ (ဆိုးပါတယ် ဘုရား)၊ အတော်ဆိုးတယ်ဆိုတဲ့ အဓိပ္ပာယ်ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

အခု ခန္ဓာကိုယ်ကြီးဟာ ဒါက ဒကာ ဒကာမတွေ ခန္ဓာငါးပါးကြီး ထားပါဦးတော့၊ ဥပမာ အခု တရားနာတဲ့ ခန္ဓာငါးပါးကြီးဟာ အခု ရပ်နေသလား၊ ဇရာဆီ သွားနေသလား၊ မရဏဆီ သွားနေသလား (ဇရာ မရဏဆီသွားနေ ပါတယ်)။

အိမ်ကလာတာနဲ့ အခုဇရာ၊ မရဏနဲ့နီးတယ် (နီးပါတယ် ဘုရား)၊ မနီးဘူးလား (နီးပါတယ် ဘုရား) နီးရတဲ့ အထဲမှာဆိုတော့ ကောင်းတဲ့လမ်း ခန္ဓာကြီးသွားနေတာလား၊ ဆိုးတဲ့လမ်း သွားနေတာလား (ဆိုးတဲ့လမ်းသွားနေတာပါ ဘုရား)။

ဆိုးတဲ့လမ်းသွားနေတဲ့ အထဲကပဲ အခု တရားနာတဲ့ပုဂ္ဂိုလ်တို့ ကုသိုလ်တွေ လုပ်ရတဲ့အတွက် လူကောင်း၊ နတ်ကောင်း ဖြစ်ရပါလို၏ ဆိုပြီးသကာလ ခင်ဗျားတို့ တောင်းမယ်ဆိုရင် ဒီလမ်းပဲ ထပ်ပြေးရပါလို၏ (မှန်ပါ ဘုရား)။

ဘယ်အဓိပ္ပာယ်ရပါလိမ့် (ဒီလမ်းပဲ ထပ်ပြေးရပါလို၏ ဘုရား) ဒီလမ်းပဲထပ်ပြေးရပါလို၏ဆိုတော့ ဪ မြင်းမျိုးများ ဖြစ်နေသလား ဦးခင်မောင် (မှန်လှပါ ဘုရား)။ မြင်းများအမိဝမ်းခေါင်းက ထွက်လိုက်တဲ့အခါ အမေ့ကို လှည့်ပတ်ပြီးမပြေးလား (ပြေးပါတယ် ဘုရား)။

နောက် ကြီးလာတော့လဲ သူ့ဝါသနာက ဘာလုပ်တတ်သလဲ (ပြေးတတ်ပါတယ်)၊ ခင်ဗျားတို့ကဘာမျိုးများ ဖြစ်နေသလဲ၊ ဒါဖြင့် ဒီလမ်းမကြီး ပြေးတဲ့မျိုး ဖြစ်နေပါတယ် (မှန်ပါ ဘုရား) ရိပ်မိပလား (ရပ်မိပါပြီ)၊ ပြေးကောင်းသလား၊ မပြေးကောင်းဘူးလား (ပြေးကောင်းပါ ဘုရား)။

မပြေးကောင်းတာ ဘာလို့ ခင်ဗျားတို့က ကပ်ဖဲ့ပြီးခြေလှမ်း-လှမ်းရသတုံး ဆိုလို့ ရှိရင်ဖြင့် သစ္စာမသိလို့ (မှန်ပါ့ ဘုရား) ဘာသစ္စာ မသိတာပါလိမ့် (ဒုက္ခသစ္စာ မသိတာပါ ဘုရား)။

ဇရာ-ဘာသစ္စာပါလိမ့် (ဒုက္ခသစ္စာပါ)၊ မရဏ-ဘာသစ္စာလဲ (ဒုက္ခသစ္စာပါ) အခုခန္ဓာကြီး ဘယ်ကို ဒိုင်းဒိုင်းပြေး နေသလဲ- (ဒုက္ခသစ္စာဘက် ဒိုင်းဒိုင်းပြေးနေပါတယ်)၊ နောက်ထပ်ပြေးချင်သေးသလား (မပြေးချင်ပါ ဘုရား)။

လေပျော့တယ်၊ ဒါတောင်မှ လေပျော့သေးတယ်၊ သူက ပြေးလက်စတယ်သတ်ချင်ပုံ မရသေးဘူး (မှန်ပါ)၊ ဒကာ ဒကာမတွေက ပြေးလက်စတယ် သတိပုံ မရသေးပါဘူး။

တစ်ခါသေဖူး ပြင်ဖိုးနားလည်

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ တစ်ခါသေဖူး ပြင်ဖိုးနားလည်ဆိုတာ ခင်ဗျားတို့ ပါးစပ်ထဲ နှုတ်ကိုတက်နေတယ် (မှန်ပါ)၊ နှုတ်မတက်ကြဘူးလား (တက်ကြပါတယ် ဘုရား)။ တစ်ခါသေဖူး ဘာတဲ့ (ပြင်ဖိုးနားလည်ပါ ဘုရား)။

ပြင်ဖိုး နားလည်တယ်ဆိုတော့ ခေါင်ပြင်ဖိုးကို ဝယ်ရတာ နားလည်သွားတယ်လို့ ဦးခင်မောင် (မှန်ပါ) ဒီဒကာ ဒကာမတွေ တစ်ခါသေဖူးသလား နှစ်ခါသေဖူးသလား မေးတော့ ဘယ်နဲ့ပြောပါ့မယ် (မရေတွက်နိုင်ပါ ဘုရား)

ဒါဖြင့် ပြင်ဖိုး နားလည်ရဲ့လားဆိုတော့ (နားလည်ပါတယ်)၊ တော်တော်လျှော်တဲ့ ဒကာ ဒကာမတွေပဲ မဆိုထိုက် ဘူးလား ဆိုထိုက်သလား (ဆိုထိုက်ပါတယ် ဘုရား)။

ဒီလမ်းချည်း ထပ်ပြောနေတယ်ဆိုတော့ အသေလမ်းချည်းပြေးနေရတယ်ဆိုတာ မပေါ်လာဘူးလား (ပေါ်လာပါ တယ် ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတို့ အသေဇာတ်သိမ်းကြပါတော့ ဆိုတဲ့ဥစ္စာ သတိပေးရတယ်နော် (မှန်ပါ) အသေရှိ လို့ရှိရင်ဖြင့် အသေလွတ်ရာရှိရမယ် (မှန်ပါ) အသေရှိလို့ ရှိရင် (အသေလွတ်ရာရှိရပါမယ်) အင်း ဒါကြောင့် အမတ ဆိုတာ မသေရာမှန် ပြည်နိဗ္ဗာန်ဆိုတာ ထင်ရှားရှိနေတယ် (မှန်ပါ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ တရားပဲ စ-ကြပါစို့ ၊ခင်ဗျားတို့ပြင်ရတာနဲ့ ကြာကြာနေတာ-(မှန်ပါ့)၊ ဘုရားတရား တော် ဟောရတယ်ကိုမရှိဘူး၊ ခင်ဗျားတို့ဟာ ပြင်နေတာနဲ့ပဲ တော်တော်နေ တရားဟာ နာရီဝက်လောက် ရောက်သွား ရော ဦးခင်မောင် (မှန်လှပါ ဘုရား)။

ဘယ်လောက်ပျက်လာလို့ ပြင်ရတာပါလိမ့် (အများကြီးပါ ဘုရား)၊ အစကိုက အကောင်းတစ်ခုမှမပါလို့ ပြင်နေ ရတာ (မှန်လှပါ)၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ အစက အကောင်းများ ပါကြရဲ့လား (မပါ-ပါ ဘုရား)။

ဘာမှ မပါဘူး ခင်ဗျားတို့ဟာက အသိဉာဏ်ဆိုတဲ့ အကောင်းကပါမှမပါခဲ့တာ တစ်ခါတည်း ပြင်ဆင်ပေးနေရ တဲ့ အဓိပ္ပာယ်ချည်းများတယ် (မှန်ပါ့ ဘုရား)။

ဇရာမရဏ ဟာ ဒုက္ခသစ္စာ

ကိုင်း ဒကာ ဒကာမတို့၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ရဟန်းတို့ ဒီလိုသုံးသပ်ကြပါကွာတဲ့ ဇရာမရဏ ဟာ ဒုက္ခသစ္စာကွာ၊ ဇရာမရဏဟာ ဘာသစ္စာတဲ့ (ဒုက္ခသစ္စာပါ့ ဘုရား)၊ ဪ-ဘယ်ကလာသတုံးဆိုတော့ တွေးရမယ်တဲ့၊ (မှန်ပါ့ ဘုရား)၊ ဇရာမရဏ ဘယ်ကလာသတုံးလို့ မင်းတို့ အဲဒီလိုတွေးကြစမ်းပါ-တဲ့ (မှန်ပါ့)၊ ကိုင်း-ဒကာ ဒကာမတို့ တွေးလိုက်တဲ့အခါကျတော့ ဪ-ဇရာမရဏဆိုတာ ခန္ဓာငါးပါးကလာတာ- (မှန်ပါ့ ဘုရား)၊ ဇရာမရဏဟာ ခန္ဓာငါးပါး ရှိလို့ ဇရာမရဏလာတာ (မှန်လှပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)၊ ဇရာမရဏဟာ ဘယ်ကများလာတာပါ လိမ့် (ခန္ဓာငါးပါးကလာတာပါ)၊ပေါ်ပြီ ပေါ်ပြီနော် (မှန်ပါ့)။

ဒါဖြင့် ဘယ်ခန္ဓာရချင်ကြသတုံး-(ဘယ်ခန္ဓာမှ မရချင်ပါ ဘုရား)၊ ဟာ တော်တော်ကလေးတော့ နေရာကျလာပြီ ဒီဟာ သစ္စာသံ ထွက်လာတယ်-(မှန်ပါ့)၊ သစ္စာသံထွက်လာတာ ဒကာသစ်တို့ရ (မှန်ပါ့)၊ ကိုမြရွှေ ဘာသံ ထွက်လာသလဲ- (သစ္စာသံထွက်လာပါတယ် ဘုရား)၊ သစ္စာသံထွက်လာတယ် ဦးဇံရင်ရ (မှန်ပါ့ ဘုရား)၊ ဇရာမရဏ ဘယ်ကများလာပါလိမ့် ဒကာ ဒကာမတို့ (ခန္ဓာငါးပါးက လာပါတယ်)။

ဟော-ဒီက ဇရာမရဏ၊ ဇရာမရဏသည်ကားလို့ရှိရင် ဘယ်ကလာသတုံးလို့ ဆိုတဲ့ဥစ္စာ မင်းတို့ခန္ဓာမှာ တွေးကြစမ်းပါတဲ့။ အိမ်ရောက်လို့ရှိရင်ဖြင့် ဘာကိစ္စမှ မတွေးဘဲနဲ့ ဦးခင်မောင် ဒါကလေးတွေးစမ်းပါ (မှန်လှပါ ဘုရား)။

ဒကာ ဒကာမတွေ ဆရာဘုန်းကြီးမှာတယ်၊ ဇရာမရဏဆိုတဲ့ဥစ္စာ ခင်ဗျားတို့ အိုရဦးမယ်ဆိုတာ သေချာတယ် မဟုတ်လား (သေချာပါတယ်)၊ သေရဦးမယ်ဆိုတာကော (သေချာပါတယ်)၊ အဲဒါ ဘယ်ကလာလိမ့်မတုံးလို့ နဖူးပေါ် လက်တင်ပြီး စဉ်းစားပြီး တွေးကြစမ်းပါ (မှန်ပါ့)၊ တွေးလိုက်တော့ ဘာပေါ်လာသတုံး (ခန္ဓာငါးပါး ပေါ်လာပါတယ်)။

ခန္ဓာငါးပါးကလာတယ်

ဪ ခန္ဓာငါးပါးကလာတယ်၊ ခန္ဓာငါးပါးရှိလို့ အိုမှု၊ သေမှုရှိတယ်(မှန်ပါ့ ဘုရား)၊ သဘောကျပလား (ကျပါပြီ)၊ ဒကာ ဒကာမတို့ ဇရာမရဏ ဘယ်ကလာသတုံး (ခန္ဓာငါးပါးကလာပါတယ်)၊ ခန္ဓာငါးပါးရှိလို့ လာတယ်ဆိုတာ သေချာ ကြပလား (သေချာပါတယ် ဘုရား)။

ဪ ဒါဖြင့် ဒကာ ဒကာမတို့ ဇရာမရဏကို ဘယ်ကလာတယ်ဆိုတာ ခင်ဗျားတို့က မသိဘူး၊ ဇရာမရဏဆိုတာ ကျုပ်ဖြင့် အိုလာပြီ ကျုပ်ဖြင့် သေခါနီးလောပြန်ပြီ၊ ဒါတော့ ပြောတော့ ပြောကြသားပဲ၊ ဘယ်ကများ လာပါလိမ့်မတုံး ဆိုတဲ့ဥစ္စာ ခင်ဗျားတို့က မသိဘူး (မှန်ပါ့ ဘုရား)။

အခုတော့ဖြင့် ဒကာ ဒကာမတွေ သိပြီ (သိပါပြီ)၊ ဘယ်က လာသတုံး (ခန္ဓာငါးပါးက လာပါတယ်)၊ ခန္ဓာငါးပါး က လာတယ်ဆိုတော့ စာလိုသုံးတော့ ဥပဓိ ကလာတယ်လို့ သံယုတ်ပါဠိတော်မှာတော့ လာတယ်၊ သို့သော် ဒကာ ဒကာမတွေ နားလည်မှုကို ပြောရတော့ ခန္ဓာငါးပါးက လာတယ် (မှန်ပါ့)။

–အိုဘေး-သေဘေးက ငါ လိုက်ခဲ့ဦးမယ်

ဪ ဒါဖြင့် ဇရာ,မရဏဆိုတာ တခြားက လာတာလား အောက်မေ့နေတယ်။ ကိုယ်တောင်းထားတဲ့ ဆုထဲက ပါလာတာကိုး (မှန်ပါ့ ဘုရား)၊ လူခန္ဓာဖြစ်ရပါလို၏(မှန်ပါ့)၊ အိုဘေး-သေဘေးက ငါ လိုက်ခဲ့ဦးမယ် (မှန်ပါ့ ဘုရား)၊ လူ့ခန္ဓာရ,ရပါလို၏ဆိုတော့ အိုဘေး-သေဘေးက ဘာတဲ့-(ငါ့လိုက်ခဲ့ဦးမယ်တဲ့)၊ လိုက်တော့ ခင်ဗျားတို့က ကြိုကရဲ လား (မကြိုက်ပါ ဘုရား)။

နို့ လူခန္ဓာတော့ ရချင်တယ်၊ လိုက်တော့ မကြိုက်ဘူးဆိုတော့ ဦးခင်မောင်-ဒီဥစ္စာ မတော်ဘူးဗျာ (မှန်ပါ့)၊ ကိုမြရွှေ တော်ပါ့မလား-(မတော်ပါ ဘုရား)၊ ဒကာ ဒကာမတို့ (မတော်ပါ ဘုရား)။

လူ့ခန္ဓာရ-ရပါလို၏တော့ အိုဘေး-သေဘေးက ဘာတဲ့ (လိုက်ခဲ့ဦးမယ်တဲ့)၊ ငါလိုက်ခဲ့ဦးမယ်တဲ့ (မှန်ပါ့ ဘုရား)၊ လိုက်တော့ ခင်ဗျားတို့က ကျေနပ်ရဲ့လား (မကျေနပ်ပါ ဘုရား)၊ မကျေနပ်လို့ရှိရင်လဲ အစကတည်းက မကျေနပ်နဲ့ (မှန်ပါ့ ဘုရား)။

ဒီခန္ဓာကုန်ခဲ့ရင်တော့ နတ်ခန္ဓာ-ဗြဟ္မာ့ခန္ဓာ ဘာမှမရချင်နဲ့၊ သဘောကျပလား-(မှန်ပါ့ ဘုရား)၊ ခန္ဓာရလို့ရှိရင် ဘာလိုက်လာမယ်ထင်ကြသလဲ (အိုဘေး၊ သေဘေးလိုက်ပါမယ်)၊ အိုဘေး၊ သေဘေး သေသေချာချာ လိုက်မယ်မဟုတ် လား (မှန်ပါ့)။

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ အိုဘေး၊ သေဘေး ဘယ်ကလာပါလိမ့်- (ခန္ဓာငါးပါးက လာပါတယ် ဘုရား)၊ ခန္ဓာငါးပါးက လာတယ်၊ ဒါဖြင့် ခင်ဗျားတို့နောက်ခန္ဓာငါးပါးကို ဘာခန္ဓာဖြစ်ရပါလို၏၊ ဟုတ်လား၊ နတ်ဖြစ်ရပါလို၏ ဆိုတော့ ခန္ဓာငါးပါး၊ ဗြဟ္မာ ဖြစ်ရပါလို၏ ဆိုတော့ကော (ခန္ဓာငါးပါးပါပဲ)။

အဲ-ခန္ဓာငါးပါးကို သွားမထည့်နဲ့ (မှန်ပါ့)၊ ထည့်ရင် အိုဘေး၊ သေဘေးက ငါလိုက်ခဲ့ဦးမယ်ချည်း လာလိမ့်မယ်၊ (မှန်ပါ့ ဘုရား)၊ သဘောကျလား (ကျပါပြီ)၊ တည့်ရင်ဘာတုံး (ငါလိုက်ဦးမယ်)၊ ငါလိုက်မှာက ဘယ်ငါတွေပါလိမ့် (အိုဘေး၊ သေဘေးပါ ဘုရား)၊ ဇရာ၊ မရဏလိုက်မှာ (မှန်ပါ့ ဘုရား)။

သူ့အဖော်တွေက ရှိသေးတယ်

သူတို့ ဇရမရဏလာ လိုက်လာလို့ရှိရင်လဲ သူ့အဖော်တွေက ရှိသေးတယ် (မှန်ပါ့ ဘုရား)၊ သောက-ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿတွေကလဲ ငါတို့လဲ လိုက်ဦးမယ်ဆိုပြီး တစ်ပြုံကြီးလာပါတယ် (မှန်ပါ့)၊

သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ၊ ဥပါယာသတွေကော (ပါ-ပါတယ် ဘုရား)၊ မလိုက်ဘူးလား-လိုက်သလား-(လိုက်ပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့၊ ဒီလိုများ ဖြစ်လိမ့်မယ် မထင်ဘူးလို့ နောက်မှ ခင်ဗျားတို့က ဒီအသုံးတွေ မသုံးပါနဲ့ (မှန်ပါ့ ဘုရား)၊ ဒီလိုဖြစ်မှာပဲ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ကောင်းပြီ၊ ဒကာ ဒကာမတို့၊ လူ့ခန္ဓာဆီသွားရင် ဘယ်သူက လိုက်ဦးမယ် ပြောသလဲ (အိုဘေး၊သေဘေးကာပါ ဘုရား)၊ ဇရာမရဏ လိုက်လာလို့ရှိရင်လဲ သောကပရိဒေဝတွေကလဲ ကျုပ်တို့လဲ လိုက်ဦးမယ် (မှန်ပါ့ ဘုရား)။

ခင်ဗျားတို့က သောက ဖြစ်ရမှာများ သား၏ သောက၊ သမီး၏သောက၊ ခင်ပွန်း၏သောက ဖြစ်ရမှာများ ကျုပ် ဒါ အကြောက်ဆုံး၊ ခင်ဗျားတို့မပြောကြဘူးလား- (ပြောပါတယ် ဘုရား)။

ပြောရင် ဒါမပါစေနဲ့ (မှန်ပါ့)၊ ခန္ဓာကိုမရစေနဲ့၊ ခန္ဓာရရင်တော့ သူ့တို့က ဘာတဲ့တုံး-(လိုက်မှာပါ ဘုရား)၊ လိုက်ခဲ့ဦးမယ်လို့ ပြောနေတယ် မဟုတ်လား (မှန်ပါ့ ဘုရား)၊ ဇရာမရဏ ဘာတဲ့ (လိုက်ခဲ့မယ်ပြောပါတယ် ဘုရား)။

ဇရာမရဏလိုက်လို့ရှိရင် သူ့အဖော်တွေ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿတွေကကော (လိုက်ပါတယ် ဘုရား)၊ လိုက်ခဲ့ဦးမယ်လို့သူတို့ကလဲ မပြောဘူးလား (ပြောပါတယ် ဘုရား)။

သူတို့ လိုက်လာတော့ ခင်ဗျားတို့ မျက်နှာကလေးတွေက ဆီးရွက်လောက်ရှိတော့တယ်-(မှန်ပါ့ ဘုရား)၊ နဂိုပြုံး သရွေ့ဟာ ဘယ်လိုနေကြသလဲ (မဲ့နေတယ်)၊ မဲ့ပစ်လိုက်တာ ဆီးရွက်လောက် ကျန်တော့တယ် (မှန်ပါ့)၊ ဘယ်လောက် ဆိုးသွားသလဲ (ဆိုးပါတယ် ဘုရား)။

ဘယ်ခန္ဓာငါးပါးမှ မကြိုက်လိုက်ပါနဲ့

ကဲ-ဒါဖြင့် ဒကာ ဒကာမတို့၊ သူတို့ ဘယ်က လာသတုံးလို့ မေးလို့ရှိရင် ဘယ့်နှယ်ပြောကြမယ် (ခန္ဓာငါးပါးက လာပါတယ် ဘုရား)။

ဒါဖြင့် ဘယ်ခန္ဓာငါးပါးမှ ခင်ဗျားတို့ မကြိုက်လိုက်ပါနဲ့၊ ဆုလဲမတောင်းလိုက်ပါနဲ့၊ “ဣဒံ မေ ပုညံ အာသဝက္ခယံ ဝဟံ ဟောတု” သာ လုပ်ကြပါ (မှန်ပါ ဘုရား)။

မဟောသင့်ဘူးလား (သင့်ပါတယ် ဘုရား)၊ သူတို့က မလိုက်ဘဲနေမှာလား (မနေပါ ဘုရား)၊ ဇရာမရဏကကော မလိုက်ဘဲနေမှာလား (မနေပါ ဘုရား)၊ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿကော (မနေပါ ဘုရား)။

ဒါဖြင့် ဦးခင်မောင်ရေ ကိုယ်တိုင် လိုက်လာတာကကော ကိုယ်တိုင် ခန္ဓာကြီးရလို့ ကိုယ်တိုင် ဇရာမရဏတွေနဲ့ အရွယ်ကြီးတဲ့ ပုဂ္ဂိုလ်မှာလဲ တွေ့နေရတာလဲ အထင်အရှား အမြင်သားပဲ မဟုတ်လား (မှန်ပါ့ ဘုရား)၊ သောက ပရိဒေဝ ဒုက္ခဒေါမနဿတွေကကော (လိုက်ပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့၊ သူတို့ ဘယ်ကများ လိုက်လာတာပါလိမ့်မတုံးလို့မေးလို့ရှိရင် ဖြေတတ်ကြရဲ့လား (ဖြေတတ်ပါတယ် ဘုရား)၊ ဘယ်ကပါလိမ့်-(ခန္ဓာငါးပါးကပါ ဘုရား)၊ ခန္ဓာငါးပါးက လာတယ်ဆိုတာ သေချာကြပလား (သေချာပါတယ် ဘုရား)။

အေး-ဒါကြောင့် ခန္ဓာငါးပါးဆုတောင်းတဲ့ ပုဂ္ဂိုလ်များ အိုဘေး၊ နာဘေး၊ သေဘေးနဲ့ ရင်ဆိုင်တိုးရပါလို၏- (မှန်ပါ့ ဘုရား)၊ သဘောကျပလား (ကျပါပြီ)၊ သောကပရိဒေဝ ဒုက္ခ ဒေါမနဿတွေလဲ သူ့ပစ္စည်းချည်း ဖြစ်ရပါလို၏ မပါဘူးလား၊ပါသလား (ပါ ပါတယ် ဘုရား)။

နို့ ပါလျက်နဲ့ ဘာပြုလို့ ခင်ဗျားတို့က ခန္ဓာငါးပါး ဆုတောင်းရသတုံးလို့ မေးတဲ့အခါကျတော့ ခန္ဓာငါးပါး ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

ဪ – ဒီလိုလဲ မသိပြန်ဘူး၊ ခင်ဗျားတို့ဟာလဲ ခက်လိုက်တာ၊ ခုနကလဲ ဇရာမရဏ မသိခဲ့ဘူး၊ (မှန်ပါ) အခုတော့လဲ ဘာမသိပြန်သတုံး (ဒုက္ခသစ္စာမသိပါ ဘုရား)၊ ခန္ခာငါးပါး ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

ဒါဖြင့် ဒုက္ခသစ္စာလို့မသိတော့ လူ့ခန္ဓာ၊ နတ်ခန္ဓာ၊ ဗြဟ္မခန္ဓာ ဖြစ်ရလို၏ဆိုတော့ ငါလိုက်ခဲ့ဦးမယ်ဆိုတော့ ခင်ဗျားတို့က မလိုက်ဘဲနေမှာလား၊ လိုက်မှာလား-(လိုက်မှာပါ ဘုရား)။

ပရိတ်ရွတ်ထုတ်လို့မရဘူး

အဲ-လိုက်တော့ ခင်ဗျားတို့က အကြိုက်လား၊ ဒီဥစ္စာ ပရိတ်ရွတ်ထုတ်ချင်တာလား – (ပရိတ်ရွတ်ထုတ်တာပါ ဘုရား)။

ဟာ-ပရိတ်ရွတ်ထုတ်လို့မရဘူး-(မှန်ပါ့)၊ ပရိတ်ရွတ်ထုတ်လို့မရဘူး-တဲ့၊ ခန္ဓာထဲကပါလာတာ-(မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ အိုမှု ပရိတ်ရွတ်ထုတ်လို့ရပါ့မလား (မရပါ ဘုရား)။

အိုမှုထုတ်လိုက်လို့ရှိရင် သေသွားလိမ့်မယ်၊ အိုမှုဆိုတာ တေဇောကြောင့် အိုတာ (မှန်ပါ့)၊ ခန္ဓာငါးပါးထဲ ပထဝီ အာပေါ တေဇောက ပါမနေဘူးလား (ပါနေပါတယ်)၊ တေဇောကြောင့် အိုတာ သူ့ကို ပရိတ်ရွတ်ထုတ်လို့ ရပါ့ မလား (မရပါ)၊ သဘောပါကြပလား (ပါ-ပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေ ခန္ဓာဆုတောင်းကတည်းက ဒကာ ဒကာမတို့ သစ္စာမသိလို့ တောင်းနေတာ (မှန်ပါ့ ဘုရား)၊ ရှင်းပလား-(ရှင်းပါပြီ)၊ ခန္ဓာဆုတောင်းတာ ဘာဖြစ်လို့ တောင်းတာပါလိမ့်- (သစ္စာမသိလို့ပါ ဘုရား)၊ သစ္စာ မသိလို့တောင်းတယ်၊ ယနေ့တော့ဖြင့် ဒကာ ဒကာမတို့၊ ခန္ဓာငါးပါး ဘာသစ္စာတဲ့တုံး (ဒုက္ခသစ္စာပါ ဘုရား)။

အိုးစားကွဲရမှာကို သိပ်ကြောက်နေ

ဪ ဒုက္ခသစ္စာ၊ ဒုက္ခသစ္စာနော်၊ ဒါဖြင့် အားလုံး ဒကာ ဒကာမတို့၊ ဒုက္ခသစ္စာဟာ တောင်းယူလိုက်တဲ့တရား လား၊ အိုးစားကွဲပါစေလို့ ပြောရမှာလား(အိုးစားကွဲပါရစေလို့ ပြောရမှာပါ ဘုရား)။

ခုတော့ ခင်ဗျားတို့ဟာ အိုးစားတူပါစေဖြစ်နေတယ်- (မှန်ပါ့ ဘုရား)၊ ဘယ့်နှယ်ဖြစ်နေကြသလဲ-(အိုးစားတူပါ ရစေ ဘုရား)၊ တယ်လဲ ချစ်ပါလား ခင်ဗျားတို့ဟာ (မှန်ပါ့ ဘုရား)၊ အိုးစားကွဲရမှာကို သိပ်ကြောက်နေတဲ့ အဓိပ္ပာယ်မျိုး မရောက်ဘူးလား- (ရောက်ပါတယ် ဘုရား)။

ဒီခန္ဓာကြီးနဲ့ အိုဘေး နာဘေးရှိတဲ့ ခန္ဓာကြီးနဲ့ပဲ အမြဲတမ်းတွဲနေပါရစေဆိုတော့ ခင်ဗျား သား သမီးတွေကလဲ မုန်း၊ မယားကလဲ မုန်း၊ ရပ်ထဲရွာထဲက ပြင်ဘက် ထွက်ချင်တာတောင် ခင်ဗျားတို့က ဒီခန္ဓာကြီးတို့ဖြင့် ကြိုက်တုန်းဆိုလို့ ရှိရင်လဲ ရူးချက်သန်လှချည်လား ပြောရလိမ့်မယ် (မှန်ပါ့ ဘုရား)။ မပြောထိုက်ဘူးလား (ပြောထိုက်ပါတယ် ဘုရား)။

ဦးဇံရင်တို့၊ ကိုမြရွှေတို့ ပြောထိုက် မပြောထိုက် (ပြောထိုက်ပါတယ် ဘုရား)၊ သဘောပါကြပလား-(ပါ-ပါတယ် ဘုရား)၊ ကဲ ဒါဖြင့် ဇရာမရဏ ဘယ်က လာသတုံး- (ခန္ဓာငါးပါးက လာပါတယ် ဘုရား)။ ဪ ဒါဖြင့် ဒကာ ဒကာမတွေ ခန္ဓာငါးပါး ဘာသစ္စာလဲ (ဒုက္ခသစ္စာပါ ဘုရား)။

ဟုတ်ပြီ၊ ဟုတ်ပြီ၊ ဟုတ်ပြီ (ဒုက္ခသစ္စာ)ဒါကို ဦးခင်မောင် မောင်ထွန်းလှိုင်တို့ သေသေချာချာ စဉ်းစားပါ-တဲ့၊ ဒီဥစ္စာ ခန္ဓာငါးပါးရရှိလို့ရင် အိုဘေး သေဘေးကတော့ ဘယ့်နှယ်နေသတုံး (လာမှာပါ ဘုရား)၊ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဘေးတွေစာကော (လာမှာပါ ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဪ ဒါတွေ သိကြား၊ ဗြဟ္မာ ဘုရားလာပေးတာလား၊ ကိုယ့်ဆုတောင်း ပြည့်တာလား (ကိုယ့်ဆုတောင်းပြည့်တာ ပါ ဘုရား)၊ အံမာ ခင်ဗျားတို့ တောင်ဝှေးကြီးထောက်ရတာ ဆုတောင်းပြည့်တာမှတ်ထားကြနော်-(မှန်ပါ့)တောင်ဝှေး ထောက်ရတာ ဘာတုံး (ဆုတောင်းပြည့်တာပါ ဘုရား)၊ လူဖြစ်ရပါလို၏ဆိုတော့ အိုဘေး၊ နာဘေးက ပါလာတယ်-(မှန်ပါ့)၊

ခန္ဓာဆုတောင်းကတည်းကပါတယ်

အဲဒီတော့ တောင်ဝှေး ထောက်ချင်လို့ ထောက်ရတာလား၊ ကိုယ့်ဆုတောင်းထဲမှာ တောင်ဝှေးထောက်ပြီး သကာလ မျက်မှန်စွပ်ပြီးသကာလ ခပ်ကိုင်းကိုင်း ခပ်နွဲ့နွဲ့ လမ်းမှာထိုးလဲပါရစေလို့ ကိုယ်တောင်းတဲ့အထဲ ပါသလား (ပါ-ပါတယ်ဘုရာ)၊ ပါတယ်၊ ပါတယ် (မှန်လှပါ)၊ မပါဘူးလား၊ ပါသလား၊ (ပါ-ပါတယ် ဘုရား)။

ဘာဖြစ်လို့တုံးဆိုတော့ ဒကာ ဒကာမတို့ ခန္ဓာဆုတောင်းကတည်းက အိုဘေး၊ သေဘေးက ဘယ့်နှယ့်နေသလဲ (ပါ-ပါတယ် ဘုရား)၊ အဲဒီလို သုံးသပ်စမ်းပါကွာတဲ့၊ အိုဘေး သေဘေး ဘယ်ကလာသတုံး (ခန္ဓာငါးပါးကလာပါတယ်)၊ သဘောကျပြီ၊ ခန္ဓာငါးပါးကလာတယ်ဆိုတာ သေချာကြပြီ (သေချာပါပြီ ဘုရား)။

ဒါဖြင့် အခု ဒကာ ဒကာမတွေမှာ ဘာနဲ့များ တရားနာနေကြပါလိမ့် (ခန္ဓာငါးပါးနဲ့ နာပါတယ်)၊ ဪ တရားနာနေကြလို့ ဘုန်းကြီးများလဲ ဝမ်းသာပါတယ်၊ ဒကာ ဒကာမတွေကလဲ ကိုယ့်ဆရာသမားဆိုတော့ ကြည်ညို လေးစားပြီးတော့ တို့သိရပေတယ်ဆိုပြီး ဝမ်းသာကြတယ်၊ ဝမ်းသာပေမယ့်လဲ ဝမ်းသာတာဟာ အစစ်ဝမ်းသာစရာ မကောင်းဘဲ ဖြစ်နေတယ် (မှန်ပါ့ ဘုရား)။

ခန္ဓာကြီးက ဝမ်းသာရင်မတ္တနဲ့ အိုဘေး၊ သေဘေးဆီ ပြေးနေတယ်-(မှန်ပါ့)၊ ဆရာသမား ကြည်ညိုလေးစားလျက် နဲ့ ဘယ်ဘက်ပြေးနေသလဲ-(အိုဘေး၊ သေဘေးဘက် ပြေးနေပါတယ် ဘုရား)။

အိုဘေး၊ နာဘေး၊ သေဘေးဆီ ပြေးနေတယ်

ဪ ဝမ်းသာရတာ စိတ်ချ၊ လက်ချပဲလား ဒကာ ဒကာမတို့ စိတ်မချ၊ လက်မချနဲ့ ဝမ်းသာနေရတာလား၊ (စိတ်မချ၊ လက်မချ ဝမ်းသာနေရတာပါ ဘုရား)၊ သူက ဘယ်ပြေးနေသလဲ (အိုဘေး၊ နာဘေး၊ သေဘေးဆီ ပြေးနေပါ တယ် ဘုရား)။

ဒီအိုဘေး၊ နာဘေး၊သေဘေးပြေးချင်လို့ ပြေးရတာလား ဒကာ ဒကာမတို့၊ ခန္ဓာရလို့ ဒီဘက် ပြေးရတာလား (ခန္ဓာရလို့ ဒီဘက်ပြေးရတာပါ ဘုရား)။

ပေါ်ကြပြီ (မှန်ပါ့)၊ ပေါ်ပြီ ပေါ်ပြီ ဒကာ ဒကာမတို့၊ ဒီနေ့ သမ္မသနသုတ်ကို ပြောတယ်လို့မှတ်ကြပါ၊ သမ္မသန သုတ်ဆိုတာ ဒီထဲ ကိုယ့်ဟာကိုယ်ပြန်သုံးသပ်ရမယ် (မှန်ပါ့)၊ သမ္မသနသုတ်ဆိုတာ ဘာပါလိမ့် (ကိုယ့်ဟာကိုယ် ပြန်သုံးသပ် ရပါမယ် ဘုရား)။

ကိုယ့်ဟာကိုယ် သုံးသပ်ရမယ်တဲ့၊ အိုဘေး နာဘေး၊ သေဘေး ဘယ်ကလာပါလိမ့်မလဲလို့ နဖူးပေါ် လက်တင် တွေး၊ တွေးလိုက်တော့ ဘာပေါ်လာကြသလဲ (ခန္ဓာငါးပါးပေါ် လာပါတယ်)။

ဪ ဟုတ်ပြီနော် ဒကာဒကာတို့၊ ဒကာ ဒကာမတို့တစ်ပွဲလုံး သဘောကျပလား (ကျပါပြီ)၊ အို၊ နာ၊ သေတယ် က လာပါလိမ့် (ခန္ဓာငါးပါးက လာပါတယ်)၊ ဦးခင်မောင်ဟုတ်လား- (ဟုတ်ပါတယ် ဘုရား)၊ ဒကာသစ်တို့ ဟုတ်ပလား- (ဟုတ်ပါတယ် ဘုရား)။

အိုဘေး နာဘေး သေဘေး ဘယ်ကလာပါလိမ့် (ခန္ဓာငါးပါးက လာပါတယ်)၊ အဲဒီနောက် ပြန်သုံးသပ်စမ်းပါကွာ တဲ့ (မှန်ပါ့)၊ သုံးသပ်တတ်ကြပလား (သုံးသပ်တတ်ကြပါပြီ)။

ကဲ အိမ်ကျတော့ စဉ်းစားတယ်၊ နဖူးပေါ် လက်တင်ပြီး ငါ့မှာ အိုလဲအိုပြီ၊ သေခါလဲနီးပြီ၊ ဒီအိုနာ သေတွေက ဘယ်ကများ လာတာပါလိမ့်မတုံး၊ ကံမကောင်း အကြောင်းမသင့်လို့ပဲလား ဘယ့်နှယ့်ကြောင့် ပါလိမ့်မတုံးလို့ နဖူးပေါ် လက်တင်ပြီး ဘုရားက တွေးစမ်းပါကွာ၊ သမ္မသနသုံးသပ်စမ်းပါကွ-ဆိုတော့ သုံးသပ်တဲ့နည်းကို ဆရာဘုန်းကြီးက ဘုရား၏ ကိုယ်စားလှယ်အဖြစ်နဲ့ အကူအညီပေးတယ် (မှန်ပါ့ ဘုရား)။

ဘယ်ကများလာပါလိမ့် (ခန္ဓာငါးပါးကလာပါတယ်)၊ ဒါဖြင့် အခုတရားနာနေကြတာ ဘာတွေနဲ့ နာနေကြသလဲ (ခန္ဓာငါးပါးနဲ့ နာနေပါတယ်)၊ အင်း နာရင်းမတ္တနဲ့ ဘယ်များ ခန္ဓာကြီးက စောင့်ထိုးနေပါလိမ့် (အိုဘေး နာဘေး သေဘေးဆီ ထိုးနေပါတယ် ဘုရား)။

ဪ- ဒကာ ဒကာမတို့ ကိုယ်က တရားကောင်းကောင်းနာချင်တယ်၊ သူက သွားတာကတစ်ဖုံ ဖြစ်နေတယ်၊ (မှန်ပါ့ ဘုရား)၊ ကိုယ့်စိတ်ကြိုက်က တခြား၊ ခန္ဓာသွားပုံက တစ်ဖုံဖြစ်နေတယ်၊ စိတ်ကြိုက်ကတော့ဖြင့် တရားနာချင်တယ်၊ ခန္ဓာက ဘယ်ဘက်သွားနေသလဲ-( အိုဘေး နာဘေး သေဘေးဘက် သွားနေပါတယ်)။

သစ္စာမသိလို့ မိုက်လက်စ မသတ်သေးပါဘူး

အဲဒါကြီး ခင်ဗျားတို့ မရ-အရ ဆုတောင်းပြီးသကာလ လာခဲ့တာဖြင့် အမှားတော်ပုံ ကြီးလှချည်လားလို့ ဆိုရလိမ့်မယ် (မှန်ပါ့ ဘုရား)၊ ဘယ်လိုဆိုရမယ် (အမှားတော်ပုံကြီးလှချည်လား)၊ နောက်ထပ်ကြီးရင်တော့ ခင်ဗျားတို့ ဒီထက်မိုက်တာ ရှိသေးရဲ့လား (မရှိပါ ဘုရား)။

အဲဒါ သစ္စာမသိလို့ မိုက်လက်စ မသတ်သေးပါဘူးဆိုတာ သေသေချာချာ မှတ်ပါ (မှန်ပါ့ ဘုရား)၊ သစ္စာမသိရင် (မိုက်လက်စ မသတ်သေးပါ ဘုရား)။

ကောင်းပြီ ဒီသုတ်ဟာ ဒကာ ဒကာမတို့ ဝိပဿနာဉာဏ်နဲ့ ဇာတ်သိမ်းရမှာနော် ကိုမြရွှေတို့၊ ဦးဇံရင်တို့ (မှန်ပါ့)၊ ဘာနဲ့ ဇာတ်သိမ်းရမယ် ထင်သလဲ (ဝိပဿနာနဲ့ ဇာတ်သိမ်းရပါမယ်)။

ဘယ်ကစ သုံးသပ်မယ်

ဒါကြောင့် ဒီသုတ်ကို ယနေ့ပြောင်းပြီးသကာလ ဗာလပဏ္ဍိတသုတ်အကုန်မှာ သူ့ကို ဆက်လာတယ် (မှန်ပါ့ ဘုရား)၊ ကဲ ဒကာ ဒကာမတို့၊ ကိုယ့်ကိုယ်ကို သုံသပ်တတ်ပါပလား (မှန်ပါ့ ဘုရား)၊ ဘယ်ကစ သုံးသပ်မယ် (ခန္ဓာငါးပါးက စ သုံးသပ်ပါမယ် ဘုရား)။

ဒီလိုမသုံးသပ်နဲ့၊ ငါမှာအိုလာပြီ သေခါနီးလာပြီ၊ ဘယ့်နှယ့်ကြောင့် ငါ့မှာ ဒီအိုမှု နာမှု သေမှုတွေက ပေါ်လာပါ လိမ့်မတုံးလို့ သုံးသပ်စမ်းပါ (မှန်ပါ့ ဘုရား)၊ သဘောကျပလား (ကျပါပြီ)၊ သုံးသပ်တော့ ဘာတွေ့သလဲ (ခန္ဓာငါးပါး တွေ့ပါတယ် ဘုရား)။

ဪ ခန္ဓာငါးပါးရှိလို့ ဒါတွေ လာတာပါကလားလို့ ဒီလိုပြန်သုံးသပ်လိုက်စမ်းပါ- (မှန်ပါ့ ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ)၊ တစ်ခါပြန်သုံးသပ်ပါဦးတဲ့ ဦးခင်မောင်ရေ ဒါ ပဋိလောမ တရားနော် (မှန်ပါ့ ဘုရား)။

ဒီခန္ဓာငါးပါးသည်ကားလို့ဆိုလို့ရှိရင်ဖြင့် ဘယ်ကများ လာပါလိမ့်မတုံးလို့ ဒုတိယအချက်ပြန်တွေးပါဦး (မှန်လှပါ ဘုရား)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒီခန္ဓာငါးပါး ဘယ်ကများလာပါလိမ့်မတုံး

ဒီခန္ဓာငါးပါး ဘယ်ကများလာပါလိမ့်မတုံးလို့ ဒုတိယအချက် ပြန်တွေးပါဦးတဲ့ (မှန်ပါ့ ဘုရား)၊ ဒုတိယအချက် ပြန်တွေးတဲ့ အခါကျတော့လဲ ဒကာ ဒကာမတွေ မှတ်လိုက်တာပေါ့တဲ့ ဪ တဏှာကလာတာ-(မှန်ပါ့)၊ ရှင်းပလား-(ရှင်းပါပြီ)။

ကဲဒကာ ဒကာမတို့ ဘယ်ကလာသလဲ (တဏှာကလာပါတယ်)၊ တဏှာက လာတယ်နော် (မှန်ပါ့)၊ ကဲ ဒါကို သုံးသပ်တဲ့နည်း ပြောင်းပြန် ပြန်ရမယ်နော် (မှန်ပါ့ ဘုရား)၊ အိမ်ကျတော့ ပဋိစ္စသမုပ္ပါဒ်ကိုတဲ့ (တည့်) မသွားနဲ့ ပြောင်းပြန် ပြန်ပြီး ဘုရားက သုံးသပ်ခိုင်းတယ် (မှန်ပါ့ ဘုရား)။

ကဲ တရားတစ်ပွဲလုံး ဒကာ ဒကာမတို့ သုံးသပ်တဲ့နည်း ကလေးတွေ ပြီးတော့မှ မကောင်းတာတွေ ဆက်ပြီးတော့ ပြတဲ့နည်း ဘုရားသခင်ကိုယ်တော်မြတ်ကြီး ဟောပါလိမ့်မယ် (မှန်ပါ့ ဘုရား)။

ကဲ-ဒကာ ဒကာမတို့ အိုဘေး နာဘေး သေဘေး ဘယ်ကလာပါလိမ့်မတုံး (ခန္ဓာငါးပါးက လာပါတယ် ဘုရား)။ ဪ အိုဘေး နာဘေး သေဘေးဆိုတဲ့ဥစ္စာ ဒကာမကာမတွေ ခန္ဓာငါးပါးက လာတယ်ဆိုတာ ရှင်းလို့နော်- (မှန်ပါ့ ဘုရား)၊ ဟုတ်ကောဟုတ်ပါရဲ့လား (ဟုတ်ပါတယ် ဘုရား)၊ သေသေချာချာဟုတ်ကြရဲ့လား (ဟုတ်ပါတယ် ဘုရား)၊ ကောင်းပြီ ဒီခန္ဓာငါးပါးက လာတယ်ဆိုတော့ ရှင်းပြီ၊ ခန္ဓာရှိလို့အိုရတယ်၊ ကြည့်ပါလား “ဇရာဓမ္မောမှီ ဇရံအနတီ တော” ဒီခန္ဓာရှိလို့ရှိရင် ဇရာမလွန်နိုင်ဘူးကွ၊ “မရဏ ဓမ္မောမှီ မရဏံ အနတီတော” မရဏကို လွန်နိုင်ရဲ့လား (မလွန်နိုင်ပါ)၊ မလွန်နိုင်ဘူးတဲ့၊ ဒါလာမှာပဲဆိုတာ မသေချာလား (သေချာပါတယ် ဘုရား)။

တဏှာကလာပါတယ်

ကိုင်း ဒါဖြင့် ဒကာ ဒကာမတွေ ဆက်ပေးပါဦးတဲ့၊ ဒီခန္ဓာငါးပါးကြီးကတော့ အိုဘေး နာဘေး သေဘေးတွေက သူကလာတာတော့သိပြီ၊ ဒီခန္ဓာကြီးကတော့ ဘယ်ကများလာပါလိမ့်မလဲ- (တဏှာကလာပါတယ် ဘုရား)၊ ပေါ်ပြီ ဦးခင်မောင်ရေ (မှန်ပါ့ ဘုရား)၊ အားလုံး ဒကာ ဒကာမတွေ ဘယ်ကလာပါလိမ့်မတုံး (တဏှာကလာပါတယ် ဘုရား)။

ဪ တဏှာကလာတယ်၊ တဏှာက လာတယ်နော်၊ လက်သည်ဟာ ဘူးညွန့်ကြီးကိုး ဒကာ ဒကာမတို့ အညွန့်က နေ မြှောက်လိုက်တဲ့အခါကျတော့ အမြစ်ရင်းတွေ့သလိုပေါ့ဗျ (မှန်ပါ့)။

ဘူးညွန့်ကြီးတစ်ခုကို ကိုင်လိုက်တဲ့အခါကျတော့ ဦးခင်မောင် အညွန့်ကနေမြှောက်လိုက်တဲ့အခါကျလို့ရှိရင် ဖြင့် သူအမြစ်ရင်းပေါ်ရမယ် မဟုတ်လား (မှန်ပါ့)။

ခန္ဓာ၏ရေသောက်မြစ်

ဒီမှာပဲ ဇရာ မရဏကနေ မြောက်ကြည့်လိုက်၊ ဇရာ မရဏကနေ မြောက်ကြည့်လိုက်တော့ ဒီခန္ဓာပေါ်လာတယ် (မုန်ပါ)၊ ခန္ဓာကို တစ်ခါ မြောက်လိုက်တဲ့အခါကျတော့ ခန္ဓာ၏ရေသောက်မြစ် တစ်ခါပေါ်လာတယ်-(မှန်ပါ)၊ ဘယ်သူပါ လိမ့်(တဏှာပါ ဘုရား)၊ သဘောကျပလား (မှန်ပါ့)၊ ရှင်းပြီနော် (ရှင်းပါပြီ)။

ကိုင်း ဒါက ဘာလုပ်တဲ့နည်းတုံး မေးတဲ့အခါကျတော့ သုံးသပ်ရမည့်နည်းလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)၊ ဘယ်လိုမှတ်ကြမယ် (သုံးသပ်ရမည့်နည်းပါ ဘုရား)။

သုံးသပ်ရမည့်နည်းဆိုတာ သုံးသပ်ဆင်ခြင်ရမယ် ဆိုတဲ့ ဥစ္စာ သေသေချာချာမှတ်ပါ (မှန်ပါ့ ဘုရား)၊ ဒါကြောင့် သမ္မသနသုတ်လို့ ဟောလိုက်ပါတယ် (မှန်ပါ့)။

ဒကာ ဒကာမတို့ ဒီအထဲပြန်ပြီးပြောပါဦးမယ်၊ အိုဘေး နာဘေး သေဘေးကြီး ဘယ်ကလာပါလိမ့်-(ခန္ဓာငါးပါး က လာပါတယ်)၊ ခန္ဓာငါးပါး ဘယ်ကလာပါလိမ့်- (တဏှာက လာပါတယ်)၊ တဏှာက လာတယ် (မှန်ပါ့)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

တစ်ခေါက်မေးပါရစေ

အင်း ဒါဖြင့် တို့တော်တော်ပိုင်ပြီ တော်တော်ပိုင်ပြီ တော်တော်ပိုင်ပြီဆိုတဲ့ ဥစ္စာသည် ဒကာ ဒကာမတွေ ဉာဏ်ထဲမှာ တော်တော်ကလေးရှင်းပလား (ရှင်းပါပြီ)၊ တစ်ခေါက်မေးပါရစေဦး၊

အိုဘေး နာဘေး သေဘေး ဘယ်က လာပါလိမ့် (ခန္ဓာငါးပါးကလာပါတယ်)၊ အခုတရားနာနေတဲ့ ခန္ဓာငါးပါးက လာတယ် (မှန်လှပါ ဘုရား)၊ သဘောကျ ပလား (ကျပါပြီ)၊

ဒီခန္ဓာငါးပါးကလဲ ဘယ်ကများ သူက သိကြား ဗြဟ္မာ ဘုရားလာပြီးဖန်ဆင်းလို့ ဖြစ်ရတာလား၊ ဘယ်ကများ လာပါလိမ့် (တဏှာက လာပါတယ်)၊ ဪ တဏှာကလာတယ်၊ ဟုတ်သားပဲ တဏှာနဲ့ ဆုတောင်းယူ လိုက်တာ (မှန်ပါ့)၊ ဘယ်နှယ့်ဆိုကြပါ့မယ် (တဏှာနဲ့ ဆုတောင်းယူပါတယ် ဘုရား)။

လူ့ခန္ဓာဖြစ်ရပါလို၏ဆိုတော့ ဒီတဏှာက မတောင်းလိုက်ဘူးလား (တောင်းပါတယ် ဘုရား)၊ နတ်ခန္ဓာဖြစ်ရ ပါလို၏ (တောင်းပါတယ် ဘုရား)၊ အင်း- တဏှာနဲ့တောင်းလိုက်တော့ ဘာပေါ်လာသလဲ (ခန္ဓာငါးပါး ပေါ်လာပါတယ်)၊ ခန္ဓာငါးပါးပေါ်လာတော့ ဘာတွေ အမြတ်ထွက်လာသလဲ (အိုဘေး နာဘေး သေဘေးတွေ အမြတ်ထွက်လာပါတယ်)၊ အိုဘေး နာဘေး သေဘေးတွေ အမြတ်မထွက်ဘူးလား (ထွက်ပါတယ် ဘုရား)။

အဲဒီတော့ အိုဘေး နာဘေး သေဘေးကျတော့ ခင်ဗျားတို့က ကျေနပ်ကဲ့လား-(မကျေနပ်ပါ ဘုရား)၊ မကျေနပ် ပေမည့် ဒီလိုများ တွေးလိမ့်မယ်မထင်ဘူး (မှန်ပါ့)၊ ဒီလိုများဖြစ်လိမ့်မယ် မထင်ဘူးတဲ့၊ ခင်ဗျားတို့စိတ်အထင်က-(မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ ခု ဒီလိုဖြစ်နေတော့ ဘယ်သူတတ်နိုင်သေးသတုံး (ဘယ်သူမှ မတတ်နိုင်ပါ ဘုရား)။

ကဲ ဒါဖြင့် ဒကာ ဒကာမတို့၊ အရင်းကျကျ လိုက်ကြစို့ဆိုတော့ ဒကာ ဒကာမတို့ ခန္ဓာငါးပါး ဘယ်ကလာပါလိမ့် မတုံး (တဏှာက လာပါတယ်)၊ ရှင်းပြီနော်- (ရှင်းပါပြီ)၊ ဒါဖြင့် တဏှာက သမုဒယသစ္စာ၊ ခန္ဓာငါးပါးက ဒုက္ခသစ္စာ သဘောကျပလား (ကျပါပြီ)၊ အိုဘေး နာဘေး သေဘေးကကော ဒုက္ခသစ္စာပါဘုရား၊ ဒုက္ခသစ္စာဘဲဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ကဲ-ရှင်းပါပြီ၊ ရှင်းပါပြီ-သွားကြဦးစို့၊ ဒီလောက်အရင်းကျကျနဲ့တော့ ဘုရားက ဒီလို ပြန်သုံးသပ်ရမယ် ဆိုတော့ ဒီလောက်သုံးသပ်မှုနဲ့တော့ မတော်သေးဘူးတဲ့၊ မင်းတို့အရင်းမကျသေးဘူးတဲ့ (မှန်ပါ့ ဘုရား)၊ ဒီတဏှာ ဘယ်က လာသတုံးလို့ ဆက်ရဦးမယ် (မှန်ပါ့ ဘုရား)။

ဒီတဏှာ ဘယ်က လာသလဲ

ဒကာ ဒကာမတို့၊ ဒီတဏှာ ဘယ်က လာသလဲဆိုတဲ့ မေးခွန်းကောမထွက်ရပေဘူးလား (ထွက်ရပါတယ် ဘုရား)၊ ဪ တဏှာသည် ဘယ်ကများ လာပါလိမ့်မတုံးဆိုလို့ရှိရင်ဖြစ်တဲ့၊ ခင်စရာမင်စရာက လာတယ် (မှန်ပါ့)၊ ပေါ်ပြီ ခင်ဗျားတို့။

ဒီတဏှာ ဘယ်ကလာပါလိမ့် (ခင်စရာ မင်စရာက လာပါတယ်)၊ ဪ ခင်ဗျားတို့ကလဲ လူတွေ့ရင် ခင်တာနဲ့ တော့ ဒုက္ခရောက်ပါလိမ့်ဦးမယ် (မှန်ပါ့ ဘုရား)၊ ဒီတဏှာဘယ်က လာသတဲ့တုံး (ခင်စရာ မင်စရာက လာပါတယ် ဘုရား)။

ခင်စရာ မင်စရာက လာတယ် (မှန်ပါ့ ဘုရား)၊ ခင်စရာ မင်စရာက လာတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)၊ ဒီတဏှာ ဘယ်ကလာပါလိမ့် (ခင်စရာ မင်စရာက လာပါတယ် ဘုရား)၊ ခင်ဗျားတို့ကလဲ ဘယ်အသုံးမျိုး သုံးတတ်ပါလိမ့်-(ခင်တတ်မင်တတ်ပါတယ် ဘုရား)၊ ခင်တတ် မင်တတ်တယ်၊ အင်း-ဒုက္ခရောက်ချင်ပြီ။

ဒကာ ဒကာမတို့၊ ခင်တတ် မင်တတ်ရင် ဘာဖြစ်ချင်ကြသလဲ (ဒုက္ခရောက်တတ်ပါတယ်)၊ ဘာဒုက္ခတုံး ခန္ဓာ ဒုက္ခ (မှန်ပါ့)၊ ဒီခန္ဓာဒုက္ခရရင် ဒီဒုက္ခနှစ်ခုကော (လာပါမယ်)၊ ဒါဖြင့် ခင်ဗျားတို့ ခင်ဗျားတို့ ခင်တတ် မင်တတ်တယ် ဆိုတဲ့ နှုတ်ချိုသွေးတဲ့ အသွားတွေဟာ ဪ-ဒုက္ခရောက်ဖို့ပါကလား (မှန်ပါ့ ဘုရား)၊ ဘယ့်နှယ်ဆိုကြမယ် (ဒုက္ခရောက်ဖို့ ပါ ဘုရား)၊ ဒုက္ခရောက်ဖို့ဆိုတာ သေချာကြပလား (သေချာပါပြီ ဘုရား)။

ပြောင်းပြန် သုံးသပ်ရမယ်

ကိုင်း အခု လေးခုပြထားပြီ ဒကာ ဒကာမတို့ သမ္မသနသုတ်ဆိုတာ ပြောင်းပြန်ပြန်ပြီ၊ သုံးသပ်ရမယ်နော်- (မှန်ပါ့)၊ ဒါက နောက်ဆုံးမဟုတ်လားဗျာ (မှန်ပါ့)၊ ဒီဘဝ နောက်ဆုံး အိုသေဆိုတာ ဒီဘဝ နောက်ဆုံး(မှန်ပါ့)၊ ရှင်းကြ ပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် အိုဘေး နာဘေး သေဘေး ဘယ်က လာပါလိမ့် (ခန္ဓာငါးပါးကလာပါတယ်)၊ ရှင်းပြီနော် (ရှင်းပါပြီ)၊ ခန္ဓာငါးပါးဆိုတော့ တခြားလား၊ အခု တရားနာနေတဲ့ ခန္ဓာငါးပါးက လာတာလား၊ ဘယ်ကလာသလဲ (အခု တရားနာ နေတဲ့ ခန္ဓာငါးပါးက လာပါတယ် ဘုရား)။

နို့မဟုတ်လို့ရှိရင် ခင်ဗျားတို့အကြွေးကို ပေးလို့မရဘူး ခန္ဓာငါးပါးဆိုတော့ စာအုပ်ထဲက ခန္ဓာငါးပါး ဖြစ်နေမှာ စိုးရတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ စာအုပ်ထဲက ခန္ဓာငါးပါးကလား ဒီခန္ဓာငါးပါးက ထွက်လာတာလား (ဒီခန္ဓာငါးပါးက ထွက်လာတာပါ ဘုရား)။

အိုဘေး၊ နာဘေး၊ သေဘေး၊ ဘယ်ကလာပါလိမ့်မယ် (ဒီခန္ဓာငါးပါးက လာပါတယ် ဘုရား)၊ ဘယ်ခန္ဓာငါးပါး ပါလိမ့် (တရားနာနေတဲ့ခန္ဓာငါးပါးပါ)၊ ဪ ဒီအထဲ ကံကောင်းတစ်ယောက်မှ မပါဘူး၊ ဒီကချည်းပြေးနေကြတယ် (မှန်ပါ့ ဘုရား)။

ကံကောင်းများ ပါကြသေးလား

ကံကောင်းများ ပါကြသေးလား (မပါပါ)၊ ကို ကံကောင်းများ ပါကြသေးလား- (မပါပါ)၊ မ,ကံကောင်းများကော (မပါပါ)၊ မပါရင် ဒီဘက်မပြေးရဘူး(မှန်ပါ့)၊ သဘောကျပလား (မှန်ပါ့)၊ ပါရင် အိုဘေး၊ နာဘေး၊ သေဘေးဘက် ပြေးလို့ရပါ့မလား (မရပါ ဘုရား)။

တယ်ကံကောင်းသဟေ့၊ သူကတော့ဖြင့် အန္တရာယ်ကင်းလို့ ဘေးရှင်းလိုက်တာဆိုပြီးသကာလ သူ့ချီးမွမ်းဖို့ ကောင်းတယ် (မှန်ပါ့)၊ အခုတော့ဖြင့် ခင်ဗျားတု့ိ သည်ကားလို့ဆိုလို့ရှိရင် ဒီအထဲ ဦးကံကောင်းလဲမပါ၊ မယ်ကံကောင်းလဲ မပါဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)၊

ဘယ်ပြေးနေကြသလဲ (အိုဘေး၊ နာဘေး၊ သေဘေးဆီ ပြေးနေကြပါတယ်)၊ ရပ်လို့များ ရကြသလား (မရပါ ဘုရား)၊ ကဲ ကံကောင်းပါသေးရဲ့လား၊ (မပါ-ပါ)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ ဒီခန္ဓာငါးပါးသည် ဒကာ ဒကာမတို့ ဘယ်ကများလာပါလိမ့်မတုံး- (တဏှာကလာပါတယ်)၊ တဏှာက လာတယ် (မှန်ပါ့)၊ ပေါ်ကြပြီနော် (ပေါ်ပါပြီ ဘုရား)။

ဒါ ဘုရားဟောအစစ် ဒကာ ဒကာမတို့ သေသေချာချာမှတ်ပါ၊ ဒီသုတ်ကို (မှန်ပါ့ ဘုရား)၊ အိမ်က လာတဲ့အခါ ဒီအတိုင်းတွေ့မယ် (မှန်ပါ့ ဘုရား)။

ခင်ရာ မင်ရာက လာပါတယ်

ကိုင်း ဒကာ ဒကာမတို့၊ ဒီတဏှာ ဘယ်က လာပါလိမ့်မတုံး (ခင်ရာ မင်ရာက လာပါတယ်)၊ ခင်ရာ မင်ရာက ခင်စရာ မင်စရာက လာတယ် (မှန်ပါ့ ဘုရား)။

ဪ ခင်ဗျားတို့ကလဲ ခင်စရာ မင်စရာ မရှိလို့ရှိရင်ဖြင့် သားကလေး မရှိလို့ရှိရင် ပျင်းလိုက်တာ (မှန်ပါ့)၊ သမီးကလေးမရှိလို့ရှိရင် (ပျင်းလိုက်တာ)၊ ဘာဖြစ်လို့တုံး (ခင်စရာ မင်စရာ မရှိလို့ပါ ဘုရား)။

ခင်စရာ မင်စရာမရှိလို့၊ ဒါဖြင့် ခင်စရာ မင်စရာကြောင့် တဏှာပေါ်တယ်-(မှန်ပါ့ဘုရာ)၊ တဏှပေါ်လို့ – (ခန္ဓာငါးပါးလာပါတယ်)၊ ခန္ဓာရလို့-(အိုဘေး၊ နာဘေး၊ သေဘေး ရပါတယ်)၊ အိုရ၊ နာရ၊ သေရတယ် (မှန်ပါ့ ဘုရား)။

ဪ ခင်ဗျားတို့ ခင်မှုဟာ အိုချင်၊ နာချင်၊ သေချင်လို့သာ မှတ်ပေရော့ (မှန်ပါ့ ဘုရား)၊ ရှင်းပလား- (ရှင်းပါပြီ ဘုရား)။

ဘယ့်နှယ့်ကြောင့် ခင်ဗျားတို့ကလဲ ခင်တတ်၊ မင်တတ်မှု သဘောတွေက ဝါသာနာ ကြီးပါလိမ့်မလဲလို့ ဆရာ ဘုန်းကြီးက မေးတဲ့အခါ၊ ဪ အိုချင်၊ နာချင်၊ သေချင်လို့ကိုး(မှန်ပါ့ ဘုရား) ဦးခင်မောင်ရေ ခင်တတ် မင်တတ်သလား၊ ခင်ဗျားကော (မှန်ပါ့ ဘုရား)။

ဘယ့်နှယ့်ဖြစ်နေသတုံး အိုချင်၊နာချင်၊ သေချင်ပြန်ပြီ ခင်ဗျား ရိပ်မိကြပလား-(ရိပ်မိပါပြီ)၊ ဒကာ ဒကာမတွေ ကော အင်မတန် ရိုင်းစိုင်းသလေား၊ လူတွေခင်တတ် မင်တတ်သလား (ခင်တတ်၊ မင်တတ် ပါတယ် ဘုရား)၊ သေချင် လို့သာ မှတ်ကြပေရော့။

ခင်ရင် ဒါတွေ့ရတော့မယ်၊ မတွေ့ပေဘူးလား၊ တွေ့ရမလား-(တွေ့ရပါမယ် ဘုရား)၊ ခင်ရင် ခန္ဓာရမယ်- (မှန်ပါ့)၊ ခန္ဓာရရင် အိုဘေး၊ နာဘေး၊ သေဘေးက (ရ ရပါမယ် ဘုရား)။

သေသေချာချာတွေ့ရမယ်ဆိုတော့ ခင်ဗျားတို့ ပြောဆိုနေတဲ့ အသွားနဲ့ ခင်ဗျားတို့ အကြိုက်နဲ့ ခင်ဗျားတို့ကလဲ အခင်အလုပ်လွှတ်ပါဆိုတော့ မလွှတ်ချင်ဘူး၊ အအို အနာ အသေကျတော့လဲ မတွေ့ရပါစေနဲ့တဲ့၊ ဒီလိုမလာဘူးလား (လာပါတယ် ဘုရား)။

အခင်ကတော့ လက်မလွှတ်ချင်ဘူး

အခင်ကျတော့လဲ-(မလွှတ်ချင်ပါ)၊ အခင်ကတော့ လက်မလွှတ်ချင်ဘူး အိုမှု နာမှု သေမှုကျတော့ကော (မတွေ့ ချင်ပါ)၊ အို၊ နာ၊ သေကျတော့လဲ ခင်ဗျားတို့က ဪ နေမယ်ဆိုနေနိုင်သေးတယ်၊ အံမာ ခင်ဗျားတို့ချင်း လောကွက်ချော် နေလိုက်ကြတာ (မှန်ပါ့ ဘုရား)။

နေမယ်ဆို နေနိုင်သေးတယ်ဆိုတဲ့ဥစ္စာ မသာရှင် စိတ်ချမ်းသာအောင် ပြောများနေလိုက်သေးတယ် (မှန်ပါ့)၊ ဒီအရွယ်ဟိုရွာမှာ ဘယ်သူကြီးဟာ သူ့ထက် အသက်ကြီးသေးတယ်၊ မာလိုက်တာ ခင်ဗျားတို့ ပြောနေတဲ့ အသွားက ဒီဟာတွေက သိပ်များတယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ခင်မှုသည် ခန္ဓာရမှု (မှန်ပါ့)၊ ခန္ဓာရရင်ဘာဖြစ်မယ် (အိုဘေး၊ နာဘေး၊ သေဘေးရပါမယ် ဘုရား)၊ အိုရ၊ နာရ၊ သေရမယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ အို၊နာ၊သေ ကြောက်ရင် ခင်မှုဖြုတ်ရလိမ့်မယ်-(မှန်ပါ့ ဘုရား)၊ အို၊ နာ၊ သေကြောက်ရင် (ခင်မှုဖြုတ်ရပါမယ် ဘုရား)။

ဪ တပည့်တော် တသက်လုံးက ခင်လာတာ သူ့ဖြုတ်ရမယ်ဆိုလို့ရှိရင်ဖြင့် နိဗ္ဗာန်မယူတော့ဘူး၊ အိုနာသေပဲ ယူတော့မယ်၊ ဒီလိုအဓိပ္ပာယ်ရောက်သွားတယ်၊ မရောက်ဘူးလား ရောက်သလား (ရောက်ပါတယ် ဘုရား)။

အရွဲ့တိုက်တာလား

အံမာလေး ဒကာ ဒကာမတွေ ဒါ ဘုရားအရွဲ့တိုက်တာလား ဘုန်းကြီး အရွဲ့တိုက်တာလား (ဘုရားအရွဲ့တိုက်တာ ပါ ဘုရား)။

မဟုတ်ဘူး ခင်ဗျားတို့နှင့် ဂုဏ်များတူလို့လား၊ ဘုရားက အတုမရှိလို့ မဆိုဘူးလား -(ဆိုပါတယ်)၊ ခင်ဗျားတို့ ကတော့ လူတန်းစားတွေအတုနဲ့ချည်းပဲ၊ အတုရှိတာချည်းပဲ (မှန်ပါ့)။

အဲဒီတော့ ဒကာ ဒကာမတို့ သစ္စာမသိရင် ဘုရားအရွဲ့တိုက်တယ်၊ (မှန်ပါ့၊ သစ္စာမသိရင် (ဘုရားအရွဲ့တိုက်ပါ တယ်)၊ ဪ ဘုရားကလဲ ခင်မှုမင်မှုဖြုတ်ဖို့ အလွန်ဟောရှာတယ်၊ ကိုယ်ကလဲ ဒီဟာ ခင်မှုမင်မှု ဖြုတ်ရမယ်ဆိုလို့ရှိရင် တော့လဲ စိတ်ထဲမှာ နိဗ္ဗာန်တောင် မလိုချင်ဘူး (မှန်ပါ့)။

ခင်မှုမင်မှု ဖြုတ်ရမယ်ဆိုရင် ဘယ့်နှယ့်တုံး (နိဗ္ဗာန်တောင် မလိုချင်ပါ)၊ နိဗ္ဗာန်မလိုချင်တော့ သူဘာလိုချင်တာ တုံး (အိုဘေး၊ နာဘေး၊သေဘေး လိုချင်ပါတယ် ဘုရား)၊ အို၊နာ၊သေကျတော့လဲ သူတကယ် လိုချင်တာ ဟုတ်ပါရဲ့လား (မဟုတ်ပါ ဘုရား)။

တကယ်လိုချင်တာတော့လဲ မဟုတ်ဘူး၊ ခင်မှုမင်မှုလဲ မဖြုတ်နိုင်ဘူးဆိုတော့ စိတ်ထဲက မလိုချင်ဘူး၊ ရမှာက သေချာတယ်၊ (မှန်ပါ့ ဘုရား)၊ စိတ်ထဲကတော့ (မလိုချင်ပါ ဘုရား)၊ ရမှာကတော့ (သေချာပါတယ် ဘုရား)။

ကိုင်း ဒကာ ဒကာမတို့ အခု ခေါင်းဖြူစွယ်ကျိုးနဲ့ အမျိုးမျိုးတွေ့ကြုံပြီးသကာလနေရတော့ ရှေ့က ဘုန်းကြီးတို့ အမိ အဖ အရွယ်တွေက အင်မတန် ချည့်နဲ့ကုန်ကြပြီ၊ အဲဒီအခြေအနေမျိုးဟာ ဒကာ ဒကာမတို့ ဘယ်ကလာသတုံး လို့ မေးလို့ရှိရင် ရှင်းကြပါပြီ (မှန်ပါ့)၊ ဘယ်ကလာသတုံး (ခန္ဓာငါးပါးက လာတာပါ ဘုရား)။

ဪ ဒါ ခန္ဓာငါးပါးက လာတယ်ဆိုတာတော့ ဆရာဘုန်းကြီးပြောလိုက်လို့ရှင်းပါပြီ-(မှန်ပါ့)၊ ဒီအိုမှု၊ နာမှု၊ သေမှုကြီးကျတော့ ဒကာ ဒကာမတွေက ကြိုက်တဲ့လား (မကြိုက်ပါ ဘုရား)။

တဏှာပယ်ရင်လွတ်ပါတယ်

သူ့မကြိုက်လို့ရှိရင်ဖြင့်တဲ့ သူဟာ အကျိုးတရားဖြစ်တယ် ဦးခင်မောင်-(မှန်လှပါ ဘုရား)၊ သူဟာ အကြောင်း တရားလား အကျိုးတရားလား (အကျိုးတရားပါ ဘုရား)၊ ဒါပယ်ရင် လွတ်ပါတယ်၊ (လွတ်ပါတယ် ဘုရား)၊ တဏှာပယ်ရင်-(လွတ်ပါတယ် ဘုရား)၊ သဘောပါကြပလား (ပါ-ပါတယ် ဘုရား)၊ တဏှာပယ်မှဘာတုံး-(လွတ်ပါတယ်)၊ (ပါ-ပါတယ် ဘုရား)၊ တဏှာပယ်မှဘာလုံး- (လွတ်ပါတယ်)၊ အို နာ သေလွတ်မှာ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)၊ တဏှာက သမုဒယသစ္စာကိုး (မှန်ပါ့)၊ ခန္ဓာနဲ့ အို နာ သေက (ဒုက္ခသစ္စာပါ ဘုရား)၊ ဒုက္ခသစ္စာဆိုတော့ သမုဒယ မပယ်ဘဲနဲ့ ဒုက္ခသစ္စာမှ လွတ်နိုင်ကြပါ့မလား (မလွတ်နိုင်ပါ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့၊ ဒီ သမ္မသနသုတ်နဲ့ပဲပြန်ပြီး သုံးသပ်ကြဦးစို့ ကဲ ဝိပဿနာဉာဏ် သွင်းရတော့ မယ်၊ မသွားရင် ဖြစ်ကိုမဖြစ်ဘူး-(မှန်ပါ့ ဘုရား)၊ ဦးခင်မောင် ဖြစ်ပါ့မလား (မဖြစ်ပါ ဘုရား)၊ မဖြစ်ဘူးနော် သေသေချာချာ လဲ စဉ်းစားကြပါ ဒကာ ဒကာမတို့-(မှန်ပါ့ ဘုရား)။

ကဲ သူ့သွင်းရတော့မယ် ဆိုတော့ ဒကာ ဒကာမတို့ အို နာ သေ ဘယ်ကလာပါလိမ့်မယ် (ခန္ဓာငါးပါးက လာပါတယ် ဘုရား)၊ ခန္ဓာငါးပါး ဘယ်ကလာပါလိမ့်-(တဏှာကလာပါတယ် ဘုရား)၊ ခင်စရာ မင်စရာက လာတယ် (မှန်ပါ့ ဘုရား)။

ပေါ်ပြီ ဒကာ ဒကာမတို့၊ ကျုပ်တို့ကလဲ ခင်တတ်တာနဲ့ ခင်ပြီးတော့ အို နာ သေ မတွေ့ချင်တာနဲ့တော့ဖြင့် အနာလဲရှိတယ်၊ ပျောက်တဲ့ဆေးလဲ မစားချင်ဘူးဆိုတဲ့ လူကတော့ ဒီလူနာတော့ တွေ့ပြီ၊ အနာကကော (ရှိပါတယ် ဘုရား)၊ ပျောက်တဲ့ဆေးကျတော့ (မစားချင်ပါ ဘုရား)။

ပျောက်တဲ့ဆေးကျတော့ မစားချင်ဘူး

ပျောက်တဲ့ဆေးကျတော့ မစားချင်ဘူး၊ အနာတော့ရှိတယ် (မှန်ပါ့)၊ ဒီလူနာဟာ တော်တော်ခတ်တဲ့ လူနာ (မှန်ပါ့)၊ ဦးခင်မောင် တော်တော်ခက်တဲ့ လူနာ(မှန်ပါ့)၊ ဦးခင်မောင် ဆိုထိုက်မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား)။

အနာကတော့ အကြီးအကျယ် အိုနာ ၊သေနာ၊ အမြဲရှိတယ် သူ့မှာ (မှန်ပါ့)၊ ပျောက်တဲ့ဆေး စားပါဆိုတော့- (မစာချင်ပါ ဘုရား)။

ဒါဖြင့် အို၊ နာ၊သေပဲ ကောင်းပါတယ် ခင်ဗျားတို့အတွက်က အတော်ဆိုးနေတဲ့ အဓိပ္ပာယ် မရဘူးလား၊ ရသလား (ရပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့၊ ခင်မင်ရာက လာတယ်ဆိုတဲ့ဥစ္စာ မသေချာသေးဘူးလား (သေချာပါတယ် ဘုရား)၊ ခင်ရာမင်ရာဆိုတာ မိမိခန္ဓာလဲ ခင်ရာမင်ရာပဲ (မှန်လှပါ)၊ သားသမီးခန္ဓာကကော (ခင်ရာမင်ရာပါပဲ)၊ ပစ္စည်းဥစ္စာရတနာတွေကော (ခင်ရာမင်ရာပါပဲ ဘုရား)။

ဪ ဒါဖြင့် ခင်ရာမင်ရာကြောင့် ဘာဖြစ်သတုံး၊ (တဏှာဖြစ်ပါတယ် ဘုရား)၊ တဏှာကြောင့် ဘာဖြစ်သတုန်း၊ (ခန္ဓာငါးပါးဖြစ်ပါတယ်)၊ ခန္ဓာရလို့ ဘာဖြစ်သတုံး (အို၊ နာ၊ သေ ဖြစ်ပါတယ် ဘုရား)။

အို၊ နာ၊ သေဖြစ်တယ်ဆိုတော့ ဒကာ ဒကာမတို့၊ ခင်ဗျားတို့ဖြင့် ဆေးသောက်လွဲနေကြပြီ (မှန်ပါ့ ဘုရား)၊ ဘယ်လိုပါလိမ့် (ဆေးသောက်လွဲနေပါတယ် ဘုရား)၊ ဆေးသောက်လွဲကြပြီ ဒကာ ဒကာမတို့ (မှန်ပါ့)။

ဒီဟာသည် ခင်ဗျားတို့ ခင်သလောက် ခင်ဗျားတို့က ခင်ခြင်းကြောင့် ဟောဒီ ခင်ရာမင်ရာလို့ ခင်ဗျားတို့ ထင်လိုက်ခြင်းကြောင့် ဟောဒီမှာ တဏှာလာပါတယ်-(မှန်ပါ့)၊ မလာဘူးလား (လာပါတယ် ဘုရား)။

ဒီတဏှာကြောင့် ဘာရပြန်သတုံး (ခန္ဓာငါးပါး ရပါတယ်)၊ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)၊ ဒီ ဒုက္ခသစ္စာတည်း ဟူသော တရားကြီးကနေပြီး ပေါက်ပွားလာတော့ ဘာတွေများ ပွားလာသလဲ (အို၊ နာ၊ သေ ပွားပါတယ်)၊ အို၊ နာ၊ သေဆိုတဲ့ဒုက္ခ၊ အညွန့်ဒုက္ခ အတက်တွေလဲထွက်မလာဘူးလား (ထွက်လာပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဆေးသောက်မလွဲအောင် ဘုရားသခင် ကိုယ်တော်မြတ်ကြီး ပွင့်လာတယ်လို့ မှတ်လိုက်စမ်းပါနော်-(မှန်ပါ့ ဘုရား)၊ ဒကာ ဒကာမတို့၊ ဟောဒီဖြူဖြူကလေးဟာ ဘုရားလို့ မှတ်ထားပါ နော် (မှန်ပါ့ ဘုရား)၊ ဒါက တဏှာ သူ့နေရာသူထားပါ။

တဏှာဆိုတာ အငတ်သမား

ဘုရားက ဒီနားက ဘုရားပွင့်တယ်၊ ဘုရားပွင့်တယ်ဆိုတော့ ဟောဒီ သံသရာခရီးသည်က ဘာတွေ့တွေ့ သူက ခင်တတ် မင်တတ်တယ် (မှန်လှပါဘုရာ)၊ ဟေ့-အငတ်သမား၊ ဘဝများစွာက အငတ်မပြေဘဲနဲ့ သေခဲ့တယ်-(မှန်ပေါ့)၊ ဒါအငတ်သမားနော် (မှန်ပါ့)၊ တဏှာဆိုတာ ဘာပါလိမ့်-(အငတ်သမားပါ ဘုရား)။

ဟုတ်ကဲ့လား ဒကာ ဒကာမတို့ (ဟုတ်ပါတယ် ဘုရား)၊ တစ်သိန်းချမ်းသာရင် တော်ပလား (မတော်ပါ ဘုရား)၊ နှစ်သိန်းလောက်ချမ်းသာရင်ရော (မတော်ပါ ဘုရား)၊ မတော်သေးဘူးနော်-(မှန်ပါ့)၊ သုံးသိန်းလောက်ချမ်းသာရင်ကော (မတော်သေးပါ ဘုရား)။

ဒါဖြင့် သုံးသိန်းလောက် ချမ်းသာတော့ ကိုယ့်ကံက ဒီလောက်ပဲရှိတော့ သေလိုက်တယ် (မှန်ပါ့)၊ သေလိုက်တဲ့ အခါကျတော့ ဦးခင်မောင် ပြည့်သေလား၊ ငတ်သေလား (ငတ်သေပါ ဘုရား)။

ဪ ဒါဖြင့် ဘယ်ဘဝမဆို ဒကာ ဒကာမတို့၊ ဘာနဲ့သေခဲ့တာများပါလိမ့် (ငတ်သေခဲ့တာများပါတယ်)၊ သနားတယ်၊ ဒီလောက် ဆန်ပေါတဲ့ တိုင်းပြည်မှာ ငတ်သကြီးဖြစ်ရတယ်ဆိုတာ အတော်ဆိုးမနေဘူးလား (ဆိုးပါတယ် ဘုရား)။

သားခင်မှု တော်ပြီဆိုပြီး သေသွားတာလား (မဟုတ်ပါ ဘုရား)၊ သမီးခင်မှုတော်ပြီဆိုပြီး သေသွားသလား (မဟုတ်ပါ ဘုရား)၊ ပစ္စည်းရှာမှု တော်ပြီဆိုပြီး သေသွားတာလား (မဟုတ်ပါ ဘုရား)၊ ဒီ သားမယားတွေနဲ့ ပေါင်းသင်းရတာ တော်ပြီဆိုပြီး သေသွားတာလား (မဟုတ်ပါ ဘုရား)။

ဒါဖြင့် ဘယ့်နှယ်တုံး၊ ခင်လျက် တန်းလန်း၊ မင်လျက် တန်လန်းနဲ့ ဘာဖြစ်သွားသတုံး (သေသွားပါတယ် ဘုရား) ခေါင်းထဲ ဝင်လိုက်ရတယ် (မှန်ပါ့)၊ ခင်လျက်တန်းလန်း၊ မင်လျက်တန်းလန်းနဲ့- (ခေါင်းထဲဝင်ရပါတယ် ဘုရား)၊ ဒီမသာကို ဘာမသာခေါ်ကြမလဲ (အငတ်မသာပါ ဘုရား)၊ အငတ်မသာ (မှန်ပါ့)၊ ခင်ဗျားတို့ဖြစ်နေမယ်နော် (မှန်ပါ့)။

နောက် မသာတွေ တွေ့လို့ရှိရင်ဖြင့် မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်မရတဲ့ မသာတွေဆိုရင် ဖိတ်ကြမယ် (အငတ်မသာပါ ဘုရား)၊ ဦးခင်မောင် သဘောပါရဲ့လား (မှန်ပါ့ ဘုရား)၊ ခင်ဗျားဘယ်လိုသေမလဲ၊ ဝ,သေမလား၊ ငတ်သေမလား၊ (ဝ, သေပါမယ် ဘုရား)၊ နောက်က ဒကာ ဒကာမတွေ၊ ဦးခင်မောင် ချည်းတောင်းနေလို့မဖြစ်သေးဘူး၊ ခင်ဗျားတို့ကော ဘယ်လိုပါလိမ့်မလဲ။

အသပြာ မိုးရွာတောင်မကျေနပ်ဘူး

အဲဒီတော့ ဒကာ ဒကာမတို့၊ တဏှာဆိုတာသည်ကားလို့ဆိုရင် “န ကဟာပဏဝဿေန”ဆိုတဲ့အတိုင်း အသပြာ မိုးရွာတောင် မောင်ထွန်းလှိုင် မကျေနပ်ဘူး ဆိုပါလား (မှန်ပါ ဘုရား)။

”န ကဟာမဏာဝဿေန”တဲ့၊ အသပြာမိုးတွေရွာလာတာ ဒူးဆစ်လောက် ရွာတာတောင် မန္ဓာတု စတြာမင်းဟာ ဦးခင်မောင် တော်ပြီလို့ဆိုပြီး မသေဘူးတဲ့ လိုချင်သေးတယ်ဆိုပြီး သေသွားတယ် (မှန်ပါ့ ဘုရား)။

ကောင်းကင် မော့်ကြည့်လိုက်လို့ရှိရင် သူ့ခါးလောက် ဒူးဆစ်လောက် ရွှေမိုး၊ ငွေမိုးတွေ ရွာတယ် (မှန်ပါ့ ဘုရား) သူ့တစ်တိုင်းပြည်လုံး ရွာတာနော် (မှန်ပါ့ ဘုရား)။

ကိုင်း ဦးခင်မောင် တော်ပြီဆိုပြီး သေသွားသလား၊ လိုသေးတယ်ဆိုပြီး သေသွားသလား၊ (လိုသေးတယ်ဆိုပြီး သေသွားပါတယ် ဘုရား)၊ ဒါဖြင့် ဝ,သေသား၊ ငတ်သေလား- (ငတ်သေပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့၊ ဟောဒီတဏှာက ဘဝများစွာက ငတ်လာတာ (မှန်ပါ့ ဘုရား)၊ ရှင်းပလား-(ရှင်းပါပြီ)၊ ဒီတဏှာက ဘာတဲ့ (ဘဝများစွာက ငတ်လာတာပါ)၊ ဘယ်တော့က ဝ,ခဲ့တယ်လို့ရှိရဲ့လား (မရှိပါ ဘုရား)။

ကိုင်း-ဒါဖြင့် ဒကာ ဒကာမတို့၊ ဒီတဏှာသည်ကားလို့ဆိုရင် ဒကာ ဒကာမတွေ ဘယ်လိုများ နှိပ်စက်ပါလိမ့် မတုံးလို့မေးတော့ အငတ်၊ အမြဲတမ်း ငတ်နေအောင် အမြဲနှိပ်စက်နေတယ် (မှန်ပါ့ ဘုရား)၊ ဘယ့်နှယ်လဲ (အမြဲတမ်း ငတ်အောင် နှိပ်စက်နေပါတယ် ဘုရား)။

စားမယ်၊ သိပ်သုံးမယ်ကြံလို့ရှိရင်ကြည့်လုပ်၊ တဏှာက (မှန်ပါ့ ဘုရား)၊ သိပ်မစားခဲ့နဲ့၊ အငတ်ထားပေး (မှန်လှပါ ဘုရား)၊ စားခါနီး ကောင်းတာဝယ်မည့်ကြံ၊ အို-မတော်သေးဘူးလေ၊ တဏှာက အငတ်ထားပါတယ်၊ (မှန်လှပါ ဘုရား)၊ အငတ်ချည်းမထားဘူးလား (ထားပါတယ် ဘုရား)။

ကောင်းကောင်းကလေး ဝတ်မယ်၊ ကောင်းကောင်းကလေး စားမယ်ဆိုလို့ရှိရင်လဲ တဏှာက ဘယ်လို လာပြန် သတုံး၊ ကြည့်လုပ်၊ မလာပေဘူးလား၊ (လာပါတယ် ဘုရား)၊ ဘာခိုင်းတာပါလိမ့် (အငတ်ခိုင်းတာပါ ဘုရား)၊ အငတ်ခိုင်းထားတာ-(မှန်လှပါ ဘုရား)။

အငတ်ထားပါတယ်

မောလာတယ်၊ မောလာလို့ကော အဝစားပါရစေ၊ အို သားအတွက်၊ သမီးအတွက် ချန်ထားဦး (မှန်လှပါ ဘုရား)၊ ဘယ်လိုထားပြန်သလဲ (အငတ်ထားပါတယ် ဘုရား)။

ဘယ်လေခက်ကြာပြီလဲ (မရေတွက်နိုင်ပါ ဘုရား)၊ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

လူကြီးတွေများ ကြည့်ပါလား၊ ဒကာ ဒကာမတို့၊ ကိုယ်ကတော့ အဖာအရာတွေနဲ့ ဝတ်ပြီး သားကလေး၊ သမီး ကလေးတွေကျတော့ ထည်ထည်ဝါဝါ ဝတ်ခိုင်းတယ်ဆိုတာ ကိုယ်က ဘာနဲ့နေတာတုံး၊ သေချာကြပလား (အငတ်နဲ့နေ ပါတယ် ဘုရား)။

ခင်ဗျားတို့လဲ ဒီအငတ်ပဲ အတုခိုးနေတယ်၊ ကိုယ်ငတ်နေပေစေ၊ သားသမိးတွေသာလှစေချင်၊ ဝ,စေချင် (မှန်ပါ့)။ ဘယ့်နှယ် ဒီအငတ်ပြဿနာ ဘယ်က ထွက်ထွက်လာတာပါလိမ့် (တဏှာက လာတာပါ ဘုရား)၊ ရိပ်မိပလား- (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့၊ တစ်သံသရာလုံးမှာ တဏှာသာ ခင်ဗျားတို့ အငတ်အဖြစ်နဲ့ပဲ အသေခိုင်းတယ်၊ ရှင်တုန်းက အငတ်ထားတာ (မှန်ပါ့ ဘုရား)၊ သေတော့လဲ ငတ်သေအသေခိုင်းတယ် (မှန်ပါ့ ဘုရား)။

ဒါ သေသေချာချာမှတ်ပါ၊ တဏှာ ဘယ်လောက်ဆိုးတယ်ဆိုတာ ပေါ်သွားအောင်လို့ (မှန်ပါ့ ဘုရား)၊ ရှင်တုန်း မှာလဲ (အငတ်ထားပါတယ်)၊ ရှင်တုန်းကလဲ အငတ်ထားတယ်ဆိုတော့ ဒကာ ဒကာမတို့၊ သေချာကြပလား (သေချာပါပြီ) ရှင်တုန်းမှာလဲ အငတ်ထားတယ်၊ သေတော့လဲ အငတ်တန်းလန်းနဲ့ (သေခိုင်းပါတယ် ဘုရား)။

ဪ ငတ်သေ-သေတဲ့ပုဂ္ဂိုလ်များထောင့်တတဲ့ အသာမပြေဘဲနဲ့ သေသွားတယ်လို့ရှိရင် လွဲပါ့မလား (မလွဲပါ ဘုရား)။

ဒါဖြင့် သူ စိတ်ချမ်းသာ၊ လက်ချမ်းသာ သေသွားတာလား ဒကာ ဒကာမတို့၊ မျက်ရည်ကြီးငယ်ကျပြီး မစားရ မသောက်ရနဲ့ သေသွားတာလား (မစားရ မသောက်ရနဲ့ သေသွားတာပါ ဘုရား)။

တဏှာက သတ်လိုက်တာ

ဒါ ဘယ်သူက သတ်လိုက်တာပါလိမ့် (တဏှာက သတ်လိုက်တာပါ)၊ ပေါ်ကြပလား (ပေါ်ပါပြီ)၊ ရှင်းကြပြီနော် ဒကာ ဒကာမတို့ (ရှင်းပါပြီ ဘုရား)၊ အားလုံး ဒကာ ဒကာမတွေမှာ ဘယ်သူက အုပ်ချုပ်နေသတုံး (တဏှာက အုပ်ချုပ်နေ ပါတယ် ဘုရား)။

တဏှာက မနက်မိုးလင်းသွားလို့ရှိရင်ဖြင့် ဈေးသွားဟဲ့ဆိုတော့ ဒကာ ဒကာမတွေက ကုပ်ကုပ် ကုပ်ကုပ်နဲ့ မသွားဘူးလား၊ သွားသလား (သွားပါတယ် ဘုရား)။

ညနေကျတဲ့အခါ ညနေဈေးသိမ်းရင် အိမ်ပြန်တဲ့ဆိုတာ ဘယ်သူက ခိုင်းတာတုံး (တဏှာက ခိုင်းတာပါ ဘုရား)၊ ဪ တစ်နေ့လုံးဟာ ဘယ်သူ့ကျွန်ဖြစ်နေသတုံး (တဏှာကျွန် ဖြစ်နေပါတယ် ဘုရား)။

အိမ်ကျတော့ကို ဟင်းကောင်းဟင်းမွန်နဲ့ နေ့တိုင်း ချက်သွားခိုင်တးသလား၊ နင့်ဟာနင် ကြည့်ပြီး လျှော့လုပ်လို့ ခိုင်းသလား-(လျှော့လုပ်လို့ခိုင်းပါတယ်)၊ ခိုင်းတော့ ကိုယ့်အတွက်ဗျ၊ ကျွေးတော့အငတ် (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ ခိုင်းတော့ ဘယ့်နှယ့်တုံး (ကိုယ့်အတွက်ပါ ဘုရား)။

ကိုယ့်အတွက်ရော တစ်ခါတည်းအလုပ်ကို စေ့နေအောင်ပဲ ဒကာ ဒကာမတို့ နက်ဖြန်ဖို့ ချန်ပြီးတော့များ ခိုင်းလိုက်သေးတယ်၊ နက်ဖြန် စောစောထလုပ်၊ ဒီနေ့တောပပြီးသေးဘူးဆိုပြီး သကာလ ခိုင်းတော့ ဒကာ ဒကာမတို့ သက်သာခွင့် ပေးရဲ့လား (မပေးပါ ဘုရား)၊ ကျွေးတော့ နည်းနည်းပဲ (မှန်ပါ့ ဘုရား)၊ ခိုင်းတော့များများ (မှန်ပါ ဘုရား)။

အဲ ဒါနဲ့ ခင်ဗျားတို့ အချိန်ကုန်နေတယ်-(မှန်ပါ့ ဘုရား)၊ ဆိုထိုက်မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား)၊ ကျွေးတော့ကို ကြည့်သုံးနော် ကြည့်သုံးနော်၊ ငွေဟာ တွင်းက ထွက်တာမဟုတ်ဘူး၊ အမယ်လေး တဏှာက စီမံနေတယ်၊ တွင်းက ထွက်တာမဟုတ်ဘူး၊ ပါးစပ်အစီရင်က မပြောဘူးလား (ပြောပါတယ် ဘုရား)။

အမောဆိုက်အောင် အခိုင်းရက်စက်တယ်

ဒကာ ဒကာမတို့၊ အဲဒါကျတော့ သူက ဘယ်လိုအငတ်ထားချင်လို့ ပြောတာလဲ-(မှန်ပါ့)၊ အလုပ်-လုပ်ပါဆိုတဲ့အခါ ကျတော့ အို-ယောကျ်ားရော၊ မိန်းမရော ရင်ပေါင်တန်းလုပ်မယ်၊ ဘာကြောက်စရာရှိသတုံး၊ ငွေရှာတာပဲ၊ ဘာမှ ရှက်စရာမလိုဘူး၊ သူများလဲ ဒီလိုရှာနေတာပဲ အစရှိသည်ဖြင့်- ဒီကျတဲ့အခါကျတော့လဲ အမောဆိုက်အောင် ဒကာ ဒကာမတို့ အခိုင်းရက်စက်တယ် (မှန်ပါ့ ဘုရား)။

အမောဆိုက်အောင်ကျတော့ (အခိုင်းရက်စက်ပါတယ်)။ အကျွေးကျတော့ (အငတ်ထားပါတယ် ဘုရား)၊ ဒါတောင် ခင်ဗျားတို့က အကြည်ညိုမပျက်သေးဘူး၊ ဖြစ်မှဖြစ်ရပလေ ရိပ်မိကြပလား-(ရိပ်မိပါပြီ)၊ အကြည်ညိုပျက် သလား တဏှာအပေါ်မှာ (မပျက်ပါ ဘုရား)၊ အံမာဘယ်တုန်းက စပြီး ကြည်ညိုမိတာပါလိမ့် (မရေတွက်နိုင်ပါ ဘုရား)။

သံသရာ စ,ကတည်းက ဦးခင်မောင်ရေ တော်တော်အရုပ်ဆိုးတဲ့ တရားကို ခင်ဗျားတို့က ခေါင်းပေါ်တင်ပြီး သကာလ ဂူတစ်လုံး ဘုရားတစ်ဆူ လုပ်လာတာနော် (မှန်ပါ့ ဘုရား)၊ ကြောက်စရာ မကောင်းဘူးလား-(ကောင်းပါတယ်)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

အခု ဈေးချိုထဲမှာဆိုလို့ရှိရင် ဒကာ ဒကာမတို့ ဘယ်လောက်များ ပူလိုက်မယ်ဆိုတာ အပေါ်က သွပ်တွေမိုးလို့၊ ပန်ကာလေကလဲ ပူလိုက်တဲ့ဖြစ်ခြင်း၊ လူတွေကလဲရှုပ်၊ ပူလိုက်တာကလဲ မပြောနဲ့တော့ ဟုတ်လား (မှန်ပါ့ ဘုရား)။

ဒီအထဲမှာ တစ်နေ့လုံးနေတဲ့၊ ဘယ်သူက ခိုင်းသတုံး (တဏှာကခိုင်းပါတယ် ဘုရား)၊ သူကဆင်းရဲတာ ကြည့်ကောင်းနေတာကိုး (မှန်လှပါ)၊ ချွေးတသုတ်သုတ်နဲ့ ဆင်းရဲတာကိုး(မှန်ပါ့)၊ ကြည့်ကောင်းနေလို့ သူက တစ်ခါတည်း ချိုချိုနဲ့ နှိပ်စက်နေတာ၊ ခင်ဗျားတို့က မသိဘူး-(မှန်ပါ့ ဘုရား)။

မျက်စိလစ်သွားလို့ရှိရင် ဈေးဝယ်နဲ့လဲလွဲမယ်၊ ကိုယ့်ဆိုင်မှာလဲပျောက်မယ်၊ စောင့်ဟဲ့ (မှန်ပါ့)၊ သေချင်သေပေစေ၊ ဒီနေရာ လဲသေသွားလဲ နင့်မှာ ဘာကိစ္စရှိသတုံး (မှန်ပါ့)၊ ငါ့တာဝန်မှ မဟုတ်ဘဲ ဒီလောက်ထိအောင် အရုပ်ဆိုးတဲ့ တဏှာ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

သေနာပေါ်တာ အသာနေစမ်းပါ

ကောင်းပြီ ဒါဖြင့် ကုဋီကျင်ငယ် သွားချင်တာတောင် ရောဂါဥပဒ် အန္တရာယ်ဖြစ်မှာစိုးလို့ သွားချင်တာတောင်မှ ဒီဈေးဝယ်က မပြတ်နိုင်သေးလို့ရှိရင် အို-သေနာပေါ်တာ အသာနေစမ်းပါ၊ ဒီလူ ငါခိုင်းတာ လုပ်တာ မဟုတ်ဘူး ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

သေနာပေါ်တာကတော့ ခဏခဏ မပေါ်ဘူူးလား (ပေါ်ပါတယ် ဘုရား)၊ သို့သော်လဲ ခင်ဗျားတို့သွားရဲသလား တဲ့၊ သူခိုင်းတာကိုပဲကြိုးစားနေရတယ် (မှန်ပါ့ ဘုရား)၊ ဦးခင်မောင် ငယ်ကြောက်ဖြစ်နေတယ်၊ (မှန်ပါ့ ဘုရား)။

ဘယ့်နှယ် ဖြစ်နေသလဲ (ငယ်ကြောက်ပါ ဘုရား)၊ ငယ်ကြောက်ဆိုတာ အတော်အရုပ်ဆိုးတယ်နော်-(မှန်ပါ့ ဘုရား)၊ ဒကာ ဒကာမတို့၊ ငယ်ကြောက်ဟာ ဘာတဲ့တုံး၊ (အတော်အရုပ်ဆိုးပါတယ်)၊ မြန်မာကြက်ဖကြီးကို ကြက်တိန်ညင် ကလေးက လိုက်နေတဲ့အခါ ဦးခင်မောင် ကြည့်ကောင်းရဲ့လား (မကောင်းပါ ဘုရား)။

ငယ်ကြောက်မို့လို့ပါ

ကြက်တိန်ညင်းကလေးက သေးသေးဆိုပါတော့- (မှန်ပါ့)၊ မြန်မာကြက်ဖကြီးက ထွားထွားကြီး- (မှန်ပါ့)၊ သို့သော် ငယ်ငယ်တုန်းကတည်းက ကြက်ဖကြီးက ခုမှ ထွားရရှာတာကိုးဗျ- (မှန်ပါ့)၊ ငယ်ငယ်တုန်းကတည်းက ဒီ တိန်ညင်အောက်သူက အသက်ငယ်နေတော့ ကြီးတော့လဲ ပြေးနေတာပဲ (မှန်ပါ့)။

ဘာပြုလို့ ပြေးနေတာတုံး (ငယ်ကြောက်မို့လို့ပါ ဘုရား)၊ ခင်ဗျားတို့ကကော- (ငယ်ကြောက်ပါ ဘုရား)၊ ကြက်ငယ် ကလေးက လိုက်လို့ ကြောက်ဖကြီးပြေးတာကျတော့ ဒီကြက်ဖကြီး ဖျင်းလိုက်တာလို့ ခင်ဗျားတို့ မပြောဘူးလား၊ ပြောသလား (ပြောပါတယ် ဘုရား)။

ခင်ဗျားတို့ကော ဘယ့်နှယ်ဆိုရမလဲ (ဖျင်းလိုက်တာလို့ ဆိုရပါမယ်)၊ အတော်ဆိုးပါကလား ဒကာ ဒကာမတို့၊ ရိပ်မိပလား- (ရိပ်မိပါပြီ)၊ ဒီကြက်ဖကြီးတွေက ဖျင်းမဲဖျင်းလွန်းလှတယ်၊ ဒီကြက်ဖကြီးတွေကော (ဖျင်းပါတယ် ဘုရား)၊ ဒီတဏှာက အရွယ်ရှိရဲ့လား (မရှိပါ ဘုရား)။

တဏှာ ဆိုတာကလေးက ဒကာ ဒကာမတို့ တဏှာဆိုတာ သမုဒယသစ္စာ၊ သမုဒယသစ္စာ ဆိုတာသည်တဲ့၊ လောဘစင်စစ်ကလေးပါပဲ၊ အရွယ်အကောင်း မရှိဘူး (မှန်ပါ့)။

အဲဒါကလေး ခင်ဗျားတို့က တစ်မြို့လုံးက ချီပြီးကြောက်နေကြတယ်-(မှန်ပါ့)၊ တစ်အိမ်လုံးက (ကြောက်ပါတယ်)၊ ဘယ့်နှယ်ကြောင့်လဲ သူ့ကိုဘာဖြစ်လို့ မတော်လှန်နိုင်ပါလိမ့်မလဲ ဒကာ ဒကာမတို့ (ငယ်ကြောက်မို့ပါ ဘုရား)။ ငယ်ကြောက်ဖြစ်လို့။

ဖြစ်မှဖြစ်ရပလေ၊ ဆံပင်ဖြူတဲ့လိုကလဲ ကြောက်တာပဲ၊ သွားကျိုးတဲ့လူကကော-(ကြောက်တာပဲ)၊ ဘယ့်နှယ် ကြောင့်တုံး (ငယ်ကြောက်မို့လို့ပါ ဘုရား)။

ခိုင်းတော့ မနေမနား၊ ကျွေးတော့ ကြည့်စား

နို့ ငယ်ကြောက်ဆိုတာ ဒကာ ဒကာမတို့ သူက ခိုင်းတော့ကို မနေမနား (မှန်ပါ့)၊ ကျွေးတော့ကို ကြည့်စား (မှန်ပါ့)။

ခိုင်းတော့ကို (မနေမနား)၊ ကျွေးတော့ကို-(ကြည့်စား)၊ နို့ ဘယ်မှာ ကောင်းတာပါသေးရဲ့လား (မပါ-ပါ ဘုရား)။

မနေမနားခိုင်းလို့ရှိရင် ဒီလောက် မောလာတဲ့သူ ငါစားချင်သလို စားမယ်ဆိုတာ ရရဲ့လား (မရပါ ဘုရား)၊ တဏှာက ကြည့်လုပ်၊ ကြည့်လုပ်နော်၊ မြေက ထွက်တာမဟုတ်ဘူးလို့ သူက ပြောပြန်တယ် (မှန်ပါ့ ဘုရား)။

စားမည်ကြံတော့လဲ သူက မစားနဲ့ပြောတယ်၊ လုပ်မည်ကြံတော့ အပြေးသွားကွ၊ ခလုတ်တိုက်ပြီးလဲလဲ (မှန်ပါ့ ဘုရား)၊ အခိုင်းကျတော့လဲ ဘယ့်နှယ်တုံး၊ ရက်စက်တယ် (မှန်ပါ့)၊ အကျွေးကျတော့ ချွေတာတယ်-(မှန်ပါ့)၊ အဲဒါကို ခင်ဗျားတို့က ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

အခိုင်းကျတော့ – (ရက်စက်ပါတယ်)၊ အကျွေးကျတော့ (ချွေတာပါတယ်)၊ အဝ-များ ကျွေးရဲ့လား (မကျွေးပါ)၊ အဲဒါ ခင်ဗျားတို့က ရိပ်မိကြပလား (ရိပ်မိပါပြီ)၊ အခိုင်းကျတော့ (ရက်စက်ပါတယ်)၊ အကျွေးကျတော့ (ချွေတာပါတယ် ဘုရား)၊ အဝ-များ ကျွေးရဲ့လား (မကျွေးပါ ဘုရား)။

မကျွေးပါဘူး၊ ခင်ဗျားတို့က အရိုးကိုက်ပြီး ကလေးကလေးတွေ အသားပေးနေတာ (မှန်ပါ့ ဘုရား)၊ ကျွေးရဲ့လား (မကျွေးပါ ဘုရား)။

တဏှာက ဟို့ကလေးတွေပေး၊ နင်မစားနဲ့၊ နင်က အရိုးကိုက်၊ အံမာ ဟေး ကြောက်စရာကြီးကလား ဒကာ ဒကာမတွေ-(မှန်ပါ့)၊ ဘယ်သူပါလိမ့် (တဏှာပါ ဘုရား)၊ ကဲ ဘယ်လောက်ဆိုးသတုံး (ဆိုးပါတယ် ဘုရား)။

ဆိုးသာဆိုးတယ် ခင်ဗျားတို့သည်ကားလို့ရှိရင် သူ့ကို ရန်သူပါပဲလို့သိရဲ့လား (မသိပါ ဘုရား)၊

တဏှာ၏ လက္ခဏာ

ဒါကြောင့် ဒကာ ဒကာမတို့၊ ဒီတဏှာဆိုးကြောင်းကို ယနေ့ ရှင်းပြပါဦးမယ် ဒီဘက် အသားထားလိုက်စမ်းပါဦး “ပဘာဝ လက္ခဏံ သမုဒယံသစ္စံ”တဲ့

သမုဒယသစ္စံ၊ တဏှာဆိုတဲ့သမုယသစ္စာသည်။ ပဘာဝလက္ခဏံ၊ ဆင်းရဲဒုက္ခ ဟူသမျှ၏ စ,၍ဖြစ်ကြောင်း မကောင်းသော လက္ခဏာရှိ၏။ (မှန်ပါ့ ဘုရား)။

သူဝင်လာလို့ရှိရင် ဆင်းရဲပေးတော့မလို့တဲ့၊ သေသေချာချာမှတ်ပါ (မှန်ပါ့)၊ စောစောလာရင် (စောစောဆိုးပါ မယ်)၊ နေထွက်ခါနီးမှလာရင် (နေထွက်ခါနီးဆိုးပါတယ်)၊ နေ့လယ်မှလာရင် -(နေ့လယ်မှာ ဆိုးပါတယ်)၊ ဘာပေးမလို့တုံး (ဆင်းရဲပေးမလို့ပါ ဘုရား)၊ ဆင်းရဲပေးမလို့လာတာနော် (မှန်ပါ့)။

အဲဒါ ခင်ဗျားတို့က မရိပ်မိဘူး၊ ကိုယ့်လောဘကလေးရှိလို့ ဒီနေ့ ဒီလောက် ရလိုက်သေးတာ၊ ဆင်းရဲပေးလို့ လာတာတော့ မသိလိုက်ဘူး-(မှန်ပါ့ ဘုရား)၊ စင်စစ်ဘာလုပ်မလို့ လာတာတုံး (ဆင်းရဲပေးမလို့ လာတာပါ ဘုရား)။

သူသာရောက်လာလို့ရှရင်တဲ့၊ ဆင်းရဲပေးတဲ့အခါမှာလဲတဲ့ ၊ ဒကာ ဒကာမတို့ မှတ်ထားပါ တစ်ခါတည်း ပေးမည်မဟုတ်ဘူးတဲ့၊ ဒီအလုပ်ပြီး ဟိုအလုပ်၊ ဟိုအလုပ်ပြီး ဒီအလုပ် ဆက်ခိုင်းမလို့လာတာတဲ့ (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတို့၊ ပထမလာတာကတော့ ဘာပေးမလို့လဲ (ဆင်းရဲပေးမလို့ပါ)၊ နောက်ကျတော့ ဆင်းရဲလက်စ မပြတ်ရအောင်လို့ တစ်ခါ လုပ်ပြန်တယ် (မှန်ပါ့ ဘုရား)၊ ပထမ ဘာပေးသလဲ (ဆင်းရဲပေးပါတယ် ဘုရား)။

ဆင်းရဲပေးပြီး တစ်ခါပေးပြီး ပြီးတာပဲလား၊ ဆင်းရဲလတ်စ မပြတ်ရအောင်လို့ပဲ သူ လုပ်နေပြန်သလား (ဆင်းရဲလက်စ မပြတ်ရအောင် လုပ်နေတာပါ ဘုရား)။

နိဗ္ဗာန်ဘက် ထွက်သွားမှာ သူက တားထားတယ်

ဒါကြောင့် “ပဘာဝလက္ခဏံ သမုဒယသစ္စံ၊ အနုပစ္ဆေဒကရဏရသံ၊ ပလိဗောဓ ပစ္စုပဋ္ဌာန”

ပလိဗောဓ ပစ္စုပဋ္ဌာနံကျတော့ ဒကာ ဒကာမတို့၊ ခင်ဗျားတို့ နိဗ္ဗာန်ဘက် ထွက်သွားမှာတောင် သူက တားထားတယ် (မှန်ပါ့)၊ ဘယ်မှာကောင်းတာ ပါသေးတုံး (မပါ-ပါ ဘုရား)။

ဒကာ ဒကာမတို့ ဝင်လာကတည်းက သူက ဆင်းရဲပေးမလို့ (မှန်ပါ့ ဘုရား)၊ နောက်ကျတော့ မပြတ်ဆင်းရဲ အပ်တဲ့ အလုပ်ကြီးထဲကို သူက ထောင်ချလိုက်တယ်- (မှန်ပါ့ ဘုရား)။

ဆင်းရဲဟူသရွေ့ကို အကုန်သိမ်းပိုက်တဲ့လိုဆိုပြီးသကာလ ဦးခင်မောင် သူက မခြယ်လှယ်ဘူး (ခြယ်လှယ်ပါ တယ် ဘုရား)၊ ခြယ်လှယ်ပြီးသည်နောက် နောက်ဆုံးပိတ် တစ်နေ့ကျတော့ ချမ်းသာစစ်သွားတော့မယ်ဆိုတော့ မသွားနဲ့လို့ ကန့်ကွက်တယ် (မှန်ပါ့)၊ နိဗ္ဗာန်ဘက် သွားမယ်ဆိုတော့ (ကန့်ကွက်ပါတယ် ဘုရား)၊ ကန့်ကွက်တယ် ၊ ဘယ်မှာ ကောင်းသာပါကြသေးရဲ့လား (မပါ-ပါ ဘုရား)၊ သဘောပါကြပလား (ပါ-ပါတယ် ဘုရား)။

ဒါဖြင့် ဒီတရားသည် ခင်ဗျားတို့ဝမ်းထဲ ရှိထိုက်ကောင်း၊ မရှိထိုက်ကောင်း (မရှိထိုက်ကောင်းပါ ဘုရား)၊ မရှိထိုက် ကောင်းတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

သူမရှိရင် ပျင်းတယ်

သို့သော်လဲ ခင်ဗျားတို့က သူမရှိရင် ပျင်းတယ် -(မှန်ပါ့ ဘုရား)၊ ခင်ဗျားတို့စိတ်ထင်က ဘာတဲ့ (သူမရှိရင် ပျင်းပါတယ် ဘုရား)၊ သူမရှိရင် ပျင်းတယ်တဲ့၊ ဘယ့်နှယ်ကြောင့် သူမရှိရင် ပျင်းသတုံးဆိုတော့ အို အိမ်ကလဲ ကလေး မရှိဘူးဆိုလို့ရှိရင်ဖြင့် ခင်စရာ၊ ပွေ့စရာ၊ ကျင်ကြီးကျုံးစရာက မရှိဘဲကိုးဗျ-(မှန်ပါ့)။

ပျင်းလိုက်တာ၊ ဘာဖြစ်လို့ ပျင်းတာတုံး (ခင်စရာမရှိလို့ပါ)၊ သမုဒယခင်စရာမရှိတာနဲ့ ဘာဖြစ်ကုန်သတုံး၊ (ပျင်းပါတယ် ဘုရား)၊ ပျင်းကုန်တယ်၊ အိမ်ကြီးက ဇရပ်ကြီးဖြစ်နေတာပဲ၊ မပြောကြဘူးလား၊ (ပြောပါတယ် ဘုရား)၊ အင်း-သူမရှိတော့ ခင်ဗျားတို့က ဘယ့်နှယ်တဲ့ (ပျင်းပါတယ် ဘုရား)။

ပျင်းတယ်ဆိုတော့ ဘယ်ကောင်းနိုင်စရာ ရှိသေးသတုံး (မှန်ပါ့)၊ သူရှိတော့ကို ဆင်းရဲပေးမလို့ လာတယ် (မှန်ပါ့)၊ ဆင်းရဲလက်စ မပြတ်အောင်လို့ လာတယ် (မှန်ပါ့ ဘုရား)၊ ထွက်ရပ်လမ်းဆိုတာကို ပိတ်မလို့လာတယ် (မှန်ပါ့)၊ သူက သုံးဆင့်တောင်မကောင်းတာလုပ်တယ်- (မှန်ပါ့)၊ ရိပ်မိပလား-(ရိပ်မိပါပြီ)၊ ၁ နံပါတ် သူဝင်လာရင် ဘာလုပ်မလို့တုံး (ဆင်းရဲပေးမလို့ပါ ဘုရား)။

နောက်ကျလို့ရှိရင်တော့ဖြင့် ဆင်းရဲပေးရုံပဲလားဆိုတော့ ဆင်းရဲလက်စ မပြတ်ရအောင်လို့လဲ စီမံဦးမယ် (မှန်ပါ)၊ ကောင်းသေးရဲ့လား (မကောင်းပါ ဘုရား)။

ဆင်းရဲပေးမလို့ လာတာလဲ သူပဲ၊ ဆင်းရဲလက်စ မပြတ်ရအောင်လို့ လုပ်မှာလဲ – (သူပါပဲ ဘုရား)။ ချမ်းသာမည့် ဆီကျတော့၊ နိဗ္ဗာန်သွားမည့်ဆီကျတော့ ပိတ်ပင်လိုက်တယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဒီဥစ္စာ ကြည်ညိုထိုက်-မကြည်ညိုထိုက် (မကြည်ညိုထိုက်ပါ ဘုရား)၊ ဒါဟာ ခင်ဗျားတို့ပေါ်ပလား (ပေါ်ပါပြီ)၊ တဏှာ၏အဖြစ်ကို ပြောနေတယ် (မှန်ပါ့)။

အိမ်ကျရင် သုံးသပ်ရအောင်

ကိုင်း-ဒါဖြင့် ဒကာ ဒကာမတို့ နာရီကလဲ စေ့ပြန်တော့ ဝိပဿနာ မကူးနိုင်ဘူး၊ ဒီဟာ ဝိပဿနာရှုရမည့် အလုပ်ပဲ၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ကဲ-အိမ်ကျရင် သုံးသပ်ရအောင် သင်လွှတ်ပါဦးမယ်၊ ဇရာမရဏ ဘယ်ကလာသတုံး (ခန္ဓာငါးပါးက လာပါတယ် ဘုရား)၊ ခန္ဓာငါးပါး ဘယ်ကလာသလဲ (တဏှာက လာပါတယ် ဘုရား)၊ တဏှာက ဘယ်ကလာသတဲ့-(ခင်စရာမင်စရာက လာပါတယ် ဘုရား)။

ဒါဖြင့် ခင်စရာ မင်စရာကို ဒကာ ဒကာမတွေ ခင်စရာမဟုတ်အောင် ရှုတတ်တဲ့ဉာဏ် မလာသေးသရွေ့ ဒီတဏှာ မသေသေးဘူး (မှန်လှပါ ဘုရား)။ ဒီတဏှာ မသေသေးသရွေ့ ဒီခန္ဓာရမယ် (မှန်ပါ့ ဘုရား)။

ဒီခန္ဓာလာရင် ဒီ-အိုဘေး၊ နာဘေး၊ သေဘေးတွေက ခင်ဗျားတို့ ကိုယ်ပိုင်ပစ္စည်း ဖြစ်ရမယ်ဆိုတာ သေချာပလား (သေချာပါတယ် ဘုရား)။

ကိုင်း- နာရီစေ့လို့ နက်ဖြန်မှ ဝိပဿနာ ကူးကြစို့။

သာဓု သာဓု သာဓု