10311

မာတိကာသို့

ရှင်အနုရာဓရဟန်းဒိဋ္ဌိဝိစိကိစ္ဆာကွာပြီး ရဟန္တာဖြစ်ပုံတရားတော်

ကျေးဇူးတော်ရှင် အမရပူရမြို့မင်္ဂလာတိုက်ဟောင်း

မိုးကုတ်ဆရာတော်ဘုရား မန္တလေးမြို့-ဦးချစ်ဆွေဓမ္မာရုံ၌

ဟောကြားတော်မူသော

ခန္ဓာပဋိစ္စသမုပ္ပါဒ်ခန္ဓာအစဉ်သိ

ဒိဋ္ဌိပြုတ်ရေးတရားတော်

(၁၂-၂-၆၁)

ခန္ဓာပဋိစ္စသမုပ္ပါဒ် သိမှုကို ရှေ့ထား

ဒကာ ဒကာမတို့ တရားလဲ အားထုတ်ကြရမှာပဲ အားထုတ်တဲ့ ပုဂ္ဂိုလ်များသည် မိမိတို့၏ ခန္ဓာပဋိစ္စသမုပ္ပါဒ် သိမှုကို ရှေ့ထားမှ သက္ကာယဒိဋ္ဌိ အသိနဲ့ ပြုတ်တယ်လို့ မှတ်ရမယ်နော် (မှန်လှပါဘုရား)၊ မိမိတို့၏ ခန္ဓာပဋိစ္စသမုပ္ပါဒ်ကို (သိအောင် အားထုတ်ရမယ်)၊ သိရမယ်၊ မိမိတို့၏ ခန္ဓာပဋိစ္စသမုပ္ပါဒ် သိရမယ်နော် (မှန်ပါ့)။

မိမိတို့၏ ခန္ဓာပဋိစ္စသမုပ္ပါဒ်ဆိုတာ စာသံပါနေတယ်၊ မိမိတို့၏ခန္ဓာဖြစ်စဉ်ကြီး တန်းနေတာ သိရမယ် (မှန်ပါ့ ဘုရား)။

အဲဒီတန်းနေတာ သိတော့မှ ဒိဋ္ဌိက မကပ်နိုင်တော့ဘူးတဲ့ ဪ ခန္ဓာဖြစ်စဉ်က ဒီအတိုင်းတန်းနေတော့ ဒီထဲမှာ ခန္ဓာတွေသာ တန်းနေတာပါကလား-ပုဂ္ဂိုလ်သတ္တဝါ ငါ သူတစ်ပါး ယောကျ်ား မိန်းမတွေ မပါပါကလားဆိုတာ ကိုယ့်ဖြစ်စဉ် ကိုယ်သိထားတော့မှ ကိုယ့်ဉာဏ်နဲ့ကိုယ် ဝေဖန်ပြီး ကိုယ်သိထားတော့မှ ပုဂ္ဂိုလ် သတ္တဝါ ယောကျ်ား မိန်းမဟာ သမုတိသစ္စာအနေနဲ့ ရှိငြားသော်လဲ ဝိပဿနာ ရှုတဲ့ဉာဏ် ပရမတ္ထသစ္စာတွေ့အောင် ရှာရတဲ့အတွက်တဲ့ ဒိဋ္ဌိပြုတ်ပြီးသကာလ သွားပါတယ် (မှန်လှပါ)။

ဒိဋ္ဌိပြုတ်ပြီးသကာလ သွားတော့မှ ဝိပဿနာ ရှုလိုက်တဲ့အခါကျလို့ရှိရင်ဖြင့် လိုရာခရီး အပြီးအပိုင်ရောက် တယ်လို့ ဒကာ ဒကာမတွေ မှတ်ထားရမယ် နော် (မှန်လှပါဘုရား)၊

ခန္ဓာဖြစ်စဉ်ပဲ

ကိုင်း ဒါဖြင့် အနုရာဓ ဝတ္ထုက ဆုံးကို မဆုံးသေးဘူး ဒကာ ဒကာမတို့ ယခုပေါ်လာတဲ့ ပဋိစ္စသမုပ္ပါဒ်ဟာလဲ ယခု ခန္ဓာဖြစ်စဉ်ပဲဆိုတာလဲ မှတ်ထားရမယ် နော် (မှန်လှပါ)။

ကဲ ဒါဖြင့် စဉ်းစားကြစို့၊ ယခုပေါ်လာတဲ့ ပဋိစ္စသမုပ္ပါဒ်ကို မနေ့ကလိုပဲ အစက ပြန်လိုက်တဲ့အခါကျတော့ ဒကာ ဒကာမတို့ အာရုံတစ်ခုကို မြင်တယ်ဆိုတော့ “စက္ခုံစ ပဋိစ္စ ရူပေစ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏ”ဆိုတဲ့ မြင်စိတ်ကလေး မပေါ်ဘူးလား (ပေါ်ပါတယ်)။

”တိဏ္ဏံ သင်္ဂတိ ဖဿော”ဆိုတော့ ဒကာ ဒကာမတို့ ဖဿဆိုတဲ့ နာမ်ကလေးကော မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။

ဒါဖြင့် မြင်တာလဲမြင်စိတ် တွေ့တာလဲ ဖဿဆိုတော့ ပုဂ္ဂိုလ်သတ္တဝါ ပါသေးရဲ့လား (မပါပါဘူးဘုရား)၊ ဖဿ ပစ္စယာ ဝေဒနာ-တဲ့ ကောင်းမကောင်း ခံစားတော့ ဝေဒနာ မဟုတ်လား (ဟုတ်ပါတယ်ဘုရား)၊ ဒီဝေဒနာထဲ မှာကော ပုဂ္ဂိုလ် သတ္တဝါ ပါရဲ့လား (မပါပါဘူးဘုရား)။

ဥပမာ ဝေဒနာပစ္စာ တဏှာလာမှာဖြင့် တဏှာဆိုတာလဲ သင်္ခါရက္ခန္ဓာလို့ ဒကာ ဒကာမတွေကို ပြောထား တယ်။ ဒါလဲ ပုဂ္ဂိုလ်သတ္တဝါ ပါရဲ့လား (မပါပါဘူးဘုရား) တဏှာပစ္စယာ ဥပါဒါနံဆိုတော့ကော (မပါပါဘူး)၊ တဏှာ၏ ကြီးကျယ် ထွားကြိုင်းလာမှုကို ဥပါဒါန်လို့ ခေါ်တာပဲ (မှန်ပါ့)၊ တဏှာပဲဆိုတော့ ကာမုပါဒါန်လို့ ဆိုရမှာပဲ (မှန်ပါ့)။

ပုဂ္ဂိုလ်သတ္တဝါ ပါသေးရဲ့လား

ဒီအထဲကော ပုဂ္ဂိုလ်သတ္တဝါ ပါသေးရဲ့လား (မပါပါဘူး) ဥပါဒါနပစ္စာယ ကမ္မဘဝေါဆိုတော့ စေတနာဟံ ဘိက္ခဝေ ကမ္မံဝဒါမိ-လို့ ဘုရားက ဟောတော့ ကံထဲမှာကော ပုဂ္ဂိုလ် သတ္တဝါ ပါသေးရဲ့လား (မပါပါဘူး)။

ကောင်းပြီ ဒါဖြင့် ယခုမြင်တဲ့အချိန်တောင်မှ ပုဂ္ဂိုလ်သတ္တဝါတွေ မပါတော့ နောက်ဘဝကျလာတဲ့အခါ ကမ္မဘဝ ပစ္စယာ ဇာတိ-လို့ ပြန်လာတော့ ဇာတိကလဲ ဒကာ ဒကာမတွေ သိတဲ့အတိုင်း နာမ်ရုပ်နှစ်ခု တွဲနေတာ ထားပါတော့ ပဉ္စဝေါကာရဘုံမှာ (မှန်ပါ့)။

ပုဂ္ဂိုလ်သတ္တဝါ ပါသေးရဲ့လား (မပါပါဘူး) ဇာတိထဲ မပါလို့ ဇရာထဲ ပါရမှာလဲ ဒီရုပ်နာမ်တွေ အိုလာတာ ဆိုတော့ ဇရာထဲမှာကော ပုဂ္ဂိုလ်သတ္တဝါ ပါသေးရဲ့လား (မပါပါဘူး) တစ်ခါ- မရဏဆိုတဲ့ စုတိစိတ်၊ ရုပ်နာမ်တို့၏ ချုပ်မှုထဲမှာကော ပါပါသေးရဲ့လား (မပါပါဘူး)။

ဒါဖြင့် ပစ္စုပ္ပန်ဘဝမှာပဲ ယခု မျက်လုံးကလေး ဖွင့်လိုက်လို့ ပဋိစ္စသမုပ္ပါဒ်အတိုင်းပဲ ပြထားတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ၌ ဘယ်နေရာမှာ ယောကျ်ား မိန်းမ ပါသတုံးလို့ မေးလို့ရှိရင်ဖြင့် ၁-ထဲမှာကော ပါရဲ့လား (မပါပါ ဘူး)၊

၂- ထဲမှာကော (မပါပါဘူး)။

၃- ထဲမှာကော (မပါပါဘူး)။

၄- ထဲမှာကော (မပါပါဘူး)။

၅- ထဲမှာကော (မပါပါဘူး)။

၆- ထဲမှာကော (မပါပါဘူး)။

ဒါဖြင့် ဒီဘဝလဲ မပါဘူး (မှန်ပါ့)၊ နောက်ဘဝဆိုတဲ့ ဇာတိ ဇရာမရဏထဲမှာကော (မပါပါဘူးဘုရား)။

ပစ္စုပ္ပန် ပဋိစ္စသမုပ္ပါဒ်

ဒါက ပစ္စုပ္ပန် ပဋိစ္စသမုပ္ပါဒ် ဒကာ ဒကာမတို့ မြင်တဲ့အခါ ပေါ်လာတဲ့စိတ်ပဲ နော် (မှန်ပါ့)။

ကြားတဲ့အခါ ပေါ်လာတဲ့စိတ် ဆိုရင်ကော ဒီအတိုင်းပဲ မသွားပေဘူးလား (သွားပါးတယ်ဘုရား)၊ ဒီအထဲမှာကော ပုဂ္ဂိုလ်သတ္တဝါက ဝါသေးသလား (မပါပါဘူး) ရှင်းပြီနော် (မှန်ပါ့)။

ကောင်းပြီ ဒါတွေဟာဖြင့် အားလုံး ပစ္စုပ္ပန် ပဋိစ္စသမုပ္ပါဒ်သိတော့ စက္ခု မျက်လုံးပေါက်ကလဲမပါ၊ နားပေါက် ကလဲ (မပါပါဘူး)။

နှာခေါင်းပေါက်ကလဲ (မပါပါ)။

လျာပေါက်ကလဲ (မပါပါ)။

ကိုယ်ပေါက်ကရော (မပါပါ)။

မနောပေါက်ကရော (မပါပါ)။

မပါတော့ ရုပ်နာမ်တွေပဲ တန်းသွားတယ်ဆိုတာ သဘောကျပလား (ကျပါပြီ) ဘာတွေများ တန်းသွားပါလိမ့် (ရုပ်နာမ်တွေ တန်းသွားပါတယ်)။ ရုပ်နာမ်တွေပဲ တန်းသွားတာ ဒကာ ဒကာမတွေက သေသေချာချာသိနေတော့ ဪ ယခုအခါ ဖြစ်စဉ်ထဲမှာလဲ ဘယ်ဒွါရက စ-ဖြစ်ဖြစ် ပုဂ္ဂိုလ်သတ္တဝါ (မှန်ပါ့)၊ ရှင်းပြီနော် (ရှင်းပါပြီ) ပုဂ္ဂိုလ် သတ္တဝါ မပါဘူးဆိုတာ သေသေချာချာ ရှင်းပြီးသကာလ ထားတော့ သတ္တဝါဟာ အပြောသာရှိတယ် တကယ်အရှိ ဟုတ်ပါရဲ့လား (ဟုတ်ပါတယ်ဘုရား)။

အပြောတော့ဖြင့် (ရှိပါတယ်)။

တကယ်တော့ဖြင့် (မရှိပါဘူး)။

မရှိဘူးဆိုတာကလေး မှတ်ထားတော့ကို ဒီဟာတွေ ဘာသစ္စာတဲ့လဲ မေးပြန်တော့ကော (ဒုက္ခသစ္စာပါ ဘုရား)၊ အင်း စက္ခု ဝိညာဏ်ကလေးကလဲ လောကီစိတ်ထဲက ဒုက္ခသစ္စာပဲ၊ ဖဿ ဟာလဲ ဘာပါလိမ့် (ဒုက္ခ သစ္စာပါ)၊ ဝေဒနာဟာ (ဒုက္ခသစ္စာပါ)၊ အကုန် ဒုက္ခသစ္စာချည်းပဲဆိုတော့ မနေ့က ရှင်းပြခဲ့တယ်၊ ဒုက္ခက္ဓန္ဓဿ သမုဒယော ဟောတိ ဒုက္ခအစုကြီးဖြစ်တယ်ကွ လို့ပြောတော့ ရှင်းနေတယ် (မှန်ပါ့)၊ မရှင်းကြသေးဘူးလား (ရှင်ပါတယ်ဘုရား)။

ဖြစ်တာလဲဒုက္ခ၊ ပျက်တာလဲဒုက္ခ

ဒုက္ခအစုမှတစ်ပါး ဘာသာသေးတဲ့ (ဘာမှမလာပါဘူး) ဪ ဒါဖြင့် ဖြစ်တာလဲဒုက္ခ၊ ပျက်ပြန်တော့ကော (ဒုက္ခပါ) ဒကာ ဒကာမတို့ မိမိခန္ဓာထဲမှာ ပေါ်သ၍ဟာ ဖြစ်တာလဲ ဘာဆိုကြမယ် (ဒုက္ခပါဘုရား) အင်း ပျက်တာလဲ ဘာဆိုကြမယ် (ဒုက္ခပါဘုရား)။

အင်း ဒုက္ခဖြစ်၍ ဒုက္ခပျက်တာသာ ရှိတယ်၊ ပုဂ္ဂိုလ် သတ္တဝါကဖြင့် မပါဘူးဆိုတာ သေချာပလား (သေချာ ပါတယ်)။

အေး ဒါဖြင့် အသိနဲ့ ဒိဋ္ဌိ ကွာသွားတော့ ဝိပဿနာရှုလို့ ဖြစ်ပါပြီတဲ့၊ ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ပဋိသန္ဓေနေသည်ကစ္စ၍ သေသည့်တိုင်အောင်လဲ ဘာသစ္စာကြီး တန်းသွားပြန်ပါလိမ့် (ဒုက္ခသစ္စာကြီး တန်းသွားပါ တယ်ဘုရား)။

ယခုလို ပတ္တိအခါမှာလဲ အာရုံဒွါရတိုက်ဆိုင်လို့ ပေါ်လာတဲ့ ဓမ္မတွေမှာလဲ မျက်လုံးပေါက်က ဓမ္မတွေ တန်းသွား ပြန်တော့ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါဘုရား)၊ ကဲ မနောပေါက်ကနေ စိတ်တွေ တန်းပြီးသကာလ ဝီထိနဲ့သွားသွား ပဋိစ္စသမုပ္ပါဒ်နဲ့ သွားသွား သွားချင်တာနဲ့သွား ဘာတွေ တန်းသွားသလဲ (ဒုက္ခသစ္စာတွေ တန်းသွားပါတယ်)။

ဒုက္ခသစ္စာတွေပဲ တန်းသွားတယ်

တစ်ခုချုပ်ပြီး တစ်ခုဖြစ်တော့ ဒုက္ခသစ္စာတွေပဲ တန်းသွားတယ်ဆိုတာ သဘောကျပလား (ကျပါပြီ) ကောင်းပြီ ဒါဖြင့် ဘုရားက သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာပိ ဒုက္ခာ-လို့ ဟောသောကြောင့် အဲဒါကလဲ သေသေချာချာ အမှန် ဟောထားသောကြောင့် ဒီခန္ဓာကြီးထဲမှာ ဘာပဲ ပေါ်လာ ပေါ်လာ ဒုက္ခသစ္စာချည်းပဲ ယုတ်စွအဆုံး ဘောဘကလေး တောင်မှ သမုဒယသစ္စာသာ ဆိုရတယ် ဖြစ်ပြီးပျက်တော့ ဒုက္ခသစ္စာပဲ ဆိုရသေးတယ်နော် (မှန်လှပါဘုရား)၊ ရှင်းကြ ပလား (ရှင်းပါပြီ)။

အနုရာဓရဟန်း

အဲဒီတော့ မနေ့က ဝတ္ထုက ပြန်ပြီးသကာလ ဒကာ ဒကာမတွေ သတိထားပါတဲ့၊ မြတ်စွာဘုရားသခင်ကိုယ်တော် မြတ်ကြီး ဝေသာလီပြည်မှာ သီတင်းသုံးပြီးသကာလ နေတော်မူတယ်နော် (မှန်ပါ့)၊ မြတ်စွာဘုရားသခင် ကိုယ်တော် မြတ်ကြီး ဘယ်မှာသီတင်းသုံးသလဲ (ဝေသာလီပြည်မှာ သီတင်းသုံးပါတယ်ဘုရား)၊ အနုရာဓဆိုတဲ့ ကိုယ်တော်ကလေးက ဘုရား၏ ကျောင်းတော်နဲ့ မနီးမဝေးမှာ မြက်မိုးတဲ့ကျောင်းကလေး၌ သီတင်းသုံးပြီးသကာလ နေပါတယ်။

အဲဒီမှာ အနုရာဓရဟန်းက သီတင်းသုံးပြီးသကာလနေတော့ တိတ္တိတွေက ဘုရားကျောင်းတော်ထဲ ဝင်လာပြီး ဘုရားဆီ မသွားဘဲနဲ့ အနုရာဓ ရဟန်းဆီ သွားကြတယ်၊ သွားကြတော့ သူတို့က အနုရာဓ ရဟန်းနဲ့ ချေချေငံငံစကားတွေ ပြောဆိုပြီးတော့ နေရင်းမတ္တနဲ့ အရှင်အနုရာဓ အရှင်တို့၏ ဆရာဖြစ်တဲ့ ဘုရားကတော့ဖြင့် မြတ်တဲ့ပုဂ္ဂိုလ်, ချွန်တဲ့ပုဂ္ဂိုလ်, မွန်မြတ်တဲ့ပုဂ္ဂိုဠ်ဖြစ်ပါတယ်။ အဲဒါ အဓိပ္ပာယ်မျိုး ဘယ်လိုများ ပြောလေ့ ဟောလေ့ရှိပါလိမ့်မလဲဆိုတာ ကျုပ်တို့ မေးပါရစေ။

ကျုပ်တို့ မေးပါရစေ ဆိုပြီးသကာလ တိတ္တိတွေက အရှင်အနုရာဓကို မေးဖို့ ခွင့်တောင်းတယ်လို့ ဦးခင်မောင် မှတ်ရလိမ့်မယ် (မှန်လှပါဘုရား)။

ဘယ်သူ ခွင့်တောင်းပါလိမ့် (တိတ္တိတွေက တောင်းပါးတယ်)၊ တိတ္တိတွေက အနုရာဓ ရဟန်းကလေးထံ ခွင့်တောင်းတယ်တဲ့ သင်တို့ကိုးကွယ်နေတဲ့ ဂေါတမဆိုတဲ့ ဘုရားကိုယ်တော်ကြီးသည်ကားလို့ဆိုရင် ယောကျ်ားမြတ် ယောကျ်ားမွန် ယောကျ်ားခွန် ဖြစ်ပါတယ်။

သတ္တဝါသေရင် ဖြစ်သေးသလား

အဲဒီယောကျ်ားမြတ် ယောကျ်ားမွန် ယောကျ်ားခွန်ဖြစ်တဲ့ ကိုယ်တော်ကြီးသည် သတ္တဝါသေရင် ဖြစ်သေးသလား ဆိုတဲ့ အဖြေမျိုးကိုလဲ ဘယ်လိုများ ပြောလေ့ ဆိုလေ့ရှိတယ်ဆိုတာ ကျုပ်တို့သိချင်လို့ အရှင်အနုရာဓပဲ မေးပါရစေ၊ အရှင်ဘုရားကတော့ ဘုရားနဲ့ နီးစပ်တဲ့ပုဂ္ဂိုလ်လဲ ဖြစ်ပါတယ်-ဆိုပြီးသကာလ ဒကာ ဒကာမတို့ အရှင်အနုရာဓကို တိတ္တိတွေက မေးတယ်လို့ မှတ်တာပေါ့ နော် (မှန်ပါ့ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတွေ ရှေ့ပိုင်းကရှင်းထားတဲ့ဥစ္စာ မမေ့စေနဲ့နော် (မှန်ပါ့) ရှေ့ပိုင်းက ရှင်းထားတာ မေ့လို့ တော်ပါ့မလား (မတော်ပါဘူး ဘုရား)။ ပဋိသန္ဓေနေကတည်းက စုတိတိုင်အောင်လဲ ရုပ် နာမ်တွေက တန်သွား တယ်၊ ဒုက္ခသစ္စာ ရုပ် နာမ်တွေက တန်းပြီးသွားတယ်ဆိုတာကော ရိပ်မိပလား (ရိပ်မိပါတယ်)။

ယခုလို ရောင်းဝယ် ဖောက်ကားပြီး ပဝတ္တိအခါမှာလဲ ဘာတွေများ တန်းသွားနေသတုံး (ရုပ် နာမ် ဓမ္မတွေ တန်းသွားနေပါတယ်)၊ ပုဂ္ဂိုလ်သတ္တဝါ ပါပါသလား (မပါပါဘူး)၊ မပါပါဘူးဆိုတော့ သေချာပါပြီတဲ့၊ အဲဒီလို သိပြီး သကာလ ဒကာ ဒကာမတွေ ဘုန်းကြီးက နှစ်ရက် သုံးရက်တိုင်တိုင် ရှင်းပြီးသကာလထားတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေလဲ တိတ္တိတွေမေးတာ နားထောင်တာပေါ့၊ သူတို့ဟုတ်တာ မေးတာလား မဟုတ်တာ မေးတာလားဆိုတာ ဦးခင်မောင်တို့ ဒကာသစ်တို့ ပေါ်လာလိမ့်မယ် (မှန်ပါ့ဘုရား) မပေါ်လာပေဘူးလား (ပေါ်လာပါတယ်ဘုရား)။

ဒါနဲ့ အရှင် အနုရာဓကို သူတို့က မေးလိုက်တယ်၊ အရှင်အနုရာဓ သင်တို့ဆရာဟာ မြတ်တဲ့ပုဂ္ဂိုလ် မွန်တဲ့ပုဂ္ဂိုလ် ချွန်တဲ့ပုဂ္ဂိုလ်လဲ ဖြစ်ပါတယ်။ ယခု တပည့်တော်တို့ မေးချင်တဲ့ အမေးကလေး ဘယ်လိုများ ပြောလေ့ ဆိုလေ့ ဟောလေ့ရှိပါလိမ့်မလဲ ဆိုပြီး ၁-နံပါတ်မေးခွန်းက သတ္တဝါသေလို့ရှိရင် နောက်ဖြစ်သေးသလား လို့ မေးလိုက်တယ် နော် (မှန်လှပါ)။ သတ္တဝါသေရင် (နောက်ဖြစ်သေးလား) နောက်ဖြစ်သေးသလားလို့ မေးလိုက် ပါတယ်။

ဒကာ ဒကာမတို့ ၁-နံပါတ် အမေးက ဘာပါလိမ့် (သတ္တဝါသေရင် နောက်ဖြစ်သေးသလားတဲ့ ) သတ္တဝါ သေရင် နောက်ဖြစ်သေးသလားဆိုတော့ သတ္တဝါသေရင် သတ္တဝါဖြစ်သေးသလားလို့ မေးတဲ့အဓိပ္ပာယ် မရောက်ဘူးလား (ရောက်ပါတယ်ဘုရား)။ အဲဒီတော့ အရှင်အနုရာဓက ဒီအတိုင်းပဲ နားထောင်နေတယ်၊ မဖြစ်သေးဘူး။

သဿတဒိဋ္ဌိကို မေးလိုက်တာ

ဒါက ဘာမေးတာတုံး ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ သဿတဒိဋ္ဌိကို မေးလိုက်တာလို့ မှတ်လိုက်စမ်းပါ။

တဿတဒိဋ္ဌိကို မေးတာလို့ မှတ်လိုက်စမ်းပါနော် (မှန်လှပါ)၊ နဂိုရ်ကလဲ ဒီဘက်သတ္တဝါ ပါရဲ့လား (မပါပါဘူး) ဒီစုတိစိတ်ပြီးတော့လဲ ဇာတိ ဇရာ မရဏ လာတော့လဲ ဒုက္ခသစ္စာ လာတာပဲ (မှန်ပါ့)။

ဒီဘက်ကဟာတွေ ကြည့်လိုက်ပြန်တော့လဲ ၁-၂-၃-၄-၅-၆ စုတိမရောက်ခင် ကြည့်လိုက်ပြန်တော့လဲ ဘာ သစ္စာတွေလဲ (ဒုက္ခသစ္စာတွေပါဘုရား)။

သတ္တဝါကို ပါရဲ့လား (မပါပါဘူး)၊ အဲဒီတော့ ဒကာ ဒကာမတွေက သူ့လိုယူပြီးသကာလ အခု သေသေချာချာ ခန္ဓာစဉ်ကြီး တန်းပြီး ပဋိစ္စသမုပ္ပါဒ်နဲ့ ပြလိုက်တော့ သတ္တဝါသေရင် ဖြစ်သေးသလားလို့ မေးတဲ့အခါကျတော့ အရှင် အနုရာဓကလဲ မဖြေဘူးနော် (မှန်ပါ)၊ ဘုရားကို သွားမေးလဲ ဒီအဖြေကို ဖြေမည့်အဖြေ မဟုတ်ပါဘူးလို့ မှတ်ထားပါ (မှန်ပ့ါ)၊ မောင်ထွန်းလှိုင် ကျေနပ်ပလား (ကျေနပ်ပါပြီ)။

ဒကာ ဒကာမတို့ သတ္တဝါသေရင် ဖြစ်သေးသလားလို့မေးရင် ဘယ့်နှယ်ဖြေကြမလဲ (မဖြေပါဘူးဘုရား)၊ မဖြေတော့ဘူး (မှန်ပါ့)၊ ဘာဖြစ်လို့ ခင်ဗျားတို့မဖြေကြသတုံး (သတ္တဝါမှမရှိဘဲ ရုပ် နာမ် ဓမ္မသာရှိလို့ပါ)။ ဒီ-ပစ္စုပ္ပန် ဘဝမှာတော့ ဒုက္ခသစ္စာတွေပဲ တန်းနေတယ် (မှန်ပါ့)၊ အနာဂတ်ဘဝ ဆက်ပြန်တော့ကော ဘာတွေတန်းနေသလဲ (ဒုက္ခသစ္စာတွေပဲ တန်းနေပါတယ်)၊ ဒုက္ခသစ္စာပဲတန်းနေတော့ နဂိုရ်က မပါလို့ ဒီအမေးထဲမှာ အဖြေထွက်စရာကို အကြောင်းရှိရဲ့လား (မရှိပါဘူးဘုရား)။

ဒါဖြင့် ဘုန်းကြီးကပဲ ဒီဒကာ ဒကာမတွေ မေးပါမယ်တဲ့ ဒကာ ဒကာမတွေ ယခု ဒကာ ဒကာမတွေ မြင်တဲ့ ပဋိစ္စသမုပ္ပါဒ် တန်းပြလိုက်ပါတယ်၊ ဘဝဆက်ပြီး ပြလိုက်ပါတယ်တဲ့ အနာဂတ်ဘဝနဲ့ဆက်ပြီး ပြလိုက်ပါ တယ်။

သတ္တဝါသေရင် ဖြစ်သေးသလားလို့ မေးရင် ဘယ့်နှယ်ဖြေကြမလဲ (ဖြေစရာမရှိပါဘူး ဘုရား) ဖြေစရာ မရှိဘူးတဲ့ (မှန်ပါ့) ဘာဖြစ်လို့ ဖြေစရာမရှိပါလိမ့် (ပစ္စုပ္ပန်ဘဝမှာ သတ္တဝါမပါပါဘူး)၊ ပစ္စုပ္ပန်ဘဝလဲ သတ္တဝါမပါဘူး၊ အနာဂတ်ဘဝကော (မပါပါဘူး)။

သတ္တဝါ ပါမှမပါဘဲ

သတ္တဝါ ပါမှမပါဘဲ ဒကာ ဒကာမတို့ ဒီဘက်မလဲ ဝိညာဏ် မြင်တဲ့စိတ် တွေ့တဲ့စိတ် ခံစားတဲ့စိတ် ဟုတ်လား (မှန်ပါ့)၊ တဏှာလိုချင်တဲ့စိတ် စွဲလန်းတဲ့စိတ် အားထုတ်တဲ့စိတ် သေတဲ့စိတ် သေပြီးသကာလ ပဋိသန္ဓေနေတဲ့စိတ် ဒါပဲလာမယ်၊ သတ္တဝါဆိုတာ ဒီထဲပါရဲ့လား (မပါပါဘူး)၊ ပစ္စုပ္ပန်ဘဝထဲမှာကော (မပါပါဘူး)။

သေတဲ့အခါမှာကော (မပါပါဘူး)။

အနာဂတ်ဘဝမှာကော (မပါပါဘူး)။

အဲဒီတော့ အရှင်အနုရာဓက မဖြေဘဲနဲ့နေတယ် (မှန်ပါ့) ဒါဖြင့် ၁-နံပါတ်မေးခွန်း ဖြေစရာမရှိလို့ မဖြေဘူးလို့ ဦးခင်မောင်တို့ မှတ်လိုက်တာပေါ့ဗျာ (မှန်ပါ့ဘုရား)။

၁-နံပါတ်အမေး ဘယ်လိုမှတ်ကြမယ် (ဖြေစရာမရှိလို့ မဖြေပါဘူးဘုရား) ဖြေစရာရှိကော ရှိရဲ့လား (မရှိပါ ဘုရား) နဂိုရ်ကလဲ သတ္တဝါပါရဲ့လား (မပါပါဘူး)၊ နောက်ကော သတ္တဝါ ဖြစ်စရာရှိရဲ့လား (မရှိပါဘူး)၊ အေး ဒါတွေ သိထားတော့မှ ဪ ဒါတွေဟာ ဒုက္ခဖြစ်၍ ဒုက္ခပျက်တာပဲဆိုတာ မထင်ရှားဘူးလား (ထင်ရှားပါတယ် ဘုရား)။

ကဲ တစ်ခါ သူက ဒုတိယမေးခွန်း ဆက်မေးပြန်တယ်တဲ့ ဦးခင်မောင်တို့ ဒကာသစ်တို့ မှတ်ထားပေါ့နော် (မှန်လှပါ)။

သတ္တဝါ သေရင် မဖြစ်တော့ဘူးလား?

ဒါဖြင့် အရှင်အနုရာဓတဲ့ သတ္တဝါသေရင် ဖြစ်သေးသလားလို့ မေးလို့မရတော့- မဖြေဘဲနေတော့ သတ္တဝါ သေရင် မဖြစ်တော့ဘူးလားလို့ မေးလိုက်တဲ့အခါမှာလဲ မဖြေဘဲ-ဘဲနေပါတယ် (မှန်ပါ့) ဒီဒကာ ဒကာမတွေကိုလဲ မေးလိုက်ပါတယ်တဲ့ သတ္တဝါသေရင် မဖြစ်တော့ဘူးလားမေးရင် ဘယ့်နှယ်ပြောမလဲ (ဖြေစရာ မရှိပါဘူးဘုရား) ဒီဘက်မှာလဲ သတ္တဝါပါရဲ့လား (မပါပါဘူး) ဒီ အနာဂတ်မှာကော (မပါပါဘူး)၊ ဒါဖြင့် သတ္တဝါသေလို့ရှိရင် ဖြင့်တဲ့ မဖြစ်တော့ဘူးလို့ ယူလိုက်ပြန်လို့ရှိရင်လဲ ဒါဟာ ဥစ္ဆေဒဒိဋ္ဌိနဲ့ မေးတဲ့အမေးလို့ ဘုန်းကြီးတို့ ဒကာ ဒကာမ တွေက မှတ်ထားပါ (မှန်လှပါဘုရား)။

ပဋ္ဌမအမေးက သဿတဒိဋ္ဌိနဲ့ မေးလိုက်တယ်နော် (မှန်ပါ့)၊ ဒုတိယအမေးက (ဥစ္ဆေဒနဲ့ မေးလိုက်ပါတယ်) ဥစ္ဆေဒဒိဋ္ဌိနဲ့မေးလိုက်တယ်ဆိုတာ မောင်ထွန်းလှိုင်တို့ ကျေနပ်ပလား (ကျေနပ်ပါပြီဘုရား)၊

ဖြစ်ချီတလှည့်၊ မဖြစ်ချီတလှည့်လား?

ဒါနဲ့ ဒီအမေးလဲ မဖြေတာနဲ့ တတိယ မေးခွန်းကို ဦးခင်မောင်ရေ ဆက်ပြီးမေးပြန်တယ် (မှန်လှပါ)၊ ဘယ်လိုမေးလိုက်သတုံးဆိုတော့ သတ္တဝါ သေလို့ရှိရင်ဖြင့် ဖြစ်ချီတလှည့်၊ မဖြစ်ချီတလှည့်လားလို့ မေးလိုက်ပြန်တယ် (မှန်ပါ့)။

ဒကာ ဒကာမတို့ ဘယ့်နှယ်ဖြေကြမယ် (ဖြေစရာမရှိပါဘူးဘုရား)၊ ဖြေစရာမရှိဘူး၊ မောင်မြတို့ ဘယ့်နှယ် ဖြေပါ့မယ် (ဖြေစရာမရှိပါဘူးဘုရား)၊ ဘာဖြစ်လို့လဲ (သတ္တဝါမရှိလို့ပါ)၊ နဂိုရ်ကကိုက သတ္တဝါမရှိဘူးတဲ့၊ ဒီဘက်မှာလဲ နာမ်ရုပ်တန်းတာပဲရှိတယ်၊ ဒီဘက်မှာလဲ နာမ်ရုပ်တန်းတာပဲရှိတယ်၊ နာမ်ရုပ်ချည်းရှိသောကြောင့် ဒုက္ခသစ္စာမဟုတ် ဘူးလား (မှန်ပါ့ဘုရား)။ သတ္တဝါပါကြရဲ့လား (မပါပါဘူးဘုရား)။

မဖြစ်သည်မဟုတ်၊ ဖြစ်တဲ့သဘော ကလေးများ ရှိသေးသလား?

ဒါဖြင့် ၃-နံပါတ်ပုစ္ဆာလဲ ဖြေစရာမရှိပါဘူး နော် (မှန်လှပါဘုရား)၊ ကဲ ၄-နံပါတ်ပုစ္ဆာကျအောင် သူတို့ မေးပြန်တယ်၊ တိတ္တိတွေက၊ အရှင်အနုရာဓ တဲ့ ဒါဖြင့် သတ္တဝါသေလို့ရှိရင် မဖြစ်သည်မဟုတ်၊ ဖြစ်တဲ့သဘော ကလေးများ ရှိသေးသလားလို့ မေးလိုက်ပြန်တော့လဲ ဘယ့်နှယ်တုံး (ဖြေစရာမရှိပါဘူး)၊ အေး-ဖြေစရာမရှိတာက ဘာပြုလို့ဖြေစရာမရှိသတုံးဆိုတော့ ဒီပစ္စုပ္ပန်ဘဝမှာလဲ သတ္တဝါက မပါဘူး (မှန်လှပါဘုရား)။

ဒီအနာဂတ်မှာကော (မပါပါဘူး)၊ မပါဘူးတဲ့၊ နိဗ္ဗာန်မရသေးလို့ အနာဂတ်လာပြန်တော့လဲ ဇာတိ ဇရာ မရဏတွေသာ လာသောကြောင့် ဒကာ ဒကာမတို့ သိတဲ့အတိုင်းတဲ့ သတ္တဝါ မပါပါဘူး (မှန်ပါ့)၊ ဇာတိပ ဒုက္ခသစ္စံ ဇရာပိ ဒုက္ခသစ္စံ ဗျာဓိပိ ဒုက္ခသစ္စံ မရဏမ္မိဒုက္ခသစ္စံ-ဆိုတဲ့အတိုင်း ဒုက္ခသစ္စာပဲလာတယ်၊ ဒီဘက် လာခဲ့တာတွေကလဲ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါဘုရား)။

ဒီဘက် သံသရာလည် ဆက်သွားတာလဲ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါဘုရား)။ အဲ-ရုပ်နာမ်တွေရှိတော့ ရုပ်နာမ် ပဲဆက်သွားပြီးသကာလ နေပြန်တော့ ဒုက္ခသစ္စာဖြစ်၍ ဒုက္ခသစ္စာပဲ ချုပ်မှာပဲဆိုတာ မှတ်ထားလိုက်ကြတာပေါ့ (မှန်လှ ပါဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီဘုရား)။

ဒုက္ခဖြစ်၍ ဒုက္ခချုပ်တာမှတစ်ပါး

ဒုက္ခဖြစ်၍ (ဒုက္ခချုပ်တာပါပဲ)၊ အဲ ခန္ဓာကိုယ်ထဲမှာ ဘယ်အခါကြည့်ကြည့် ဒုက္ခဖြစ်၍ ဒုက္ခချုပ်တာမှတစ်ပါး ဘာမှမရှိပါဘူး၊ ဉာဏ်မျက်လုံးသာ တပ်ကြည့်ကြပါနော် (မှန်လှပါဘုရား)။

ကိုင်း-ဒါနဲ့ပဲ ဒီအမေး ၄-ခွန်း အရှင်အနုရာဓကို မေးပြီးတဲ့အခါကျတော့ အရှင်အနုရာဓ ကျုပ်တို့ မေးခွန်း မေးတာ လေးမျိုးရှိပြီ၊ အရှင်ဘုရား၏ဆရာ ဂေါတမမြတ်စွာဘုရားကတော့ ယောကျ်ားမွန် ယောကျ်ားချွန် ယောကျ်ား မြတ် အင်မတန်ထူးတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ဘယ်လိုများ ဒီမေးခွန်းကို ပြောလေ့ ဟောလေ့ ရှိပါလိမ့်မလဲလို့ မေးလိုက် တဲ့အခါကျတော့ မြတ်စွာဘုရားကတော့ဖြင့် ဒီလိုအမေးမျိုး မေးလဲမမေးပါဘူး၊ ဖြေလဲမဖြေပါဘူးလို့ ဖြေလိုက်တယ် နော် (မှန်ပါ့)။

မြတ်စွာဘုရားက ဒီလိုလဲ မဟောပါဘူး

မြတ်စွာဘုရား ဖြေရဲ့လား (မဖြေပါဘူးဘုရား)၊ မြတ်စွာဘုရားက ဒီလိုလဲ ဟောလဲမဟောပါဘူးတဲ့၊ ဒီလိုကို မဟောပါဘူး၊ ဒီအကြောင်းနဲ့ ပတ်သက်လို့လဲ မဟောပါဘူးဆိုတော့ ဒကာ ဒကာမတွေ သူတို့မေးတာက ဒိဋ္ဌိလေးမျိုး မေးတာ (မှန်ပါ့)။ ရှင်းပလား (ရှင်းပါပြီ၊ ပဋ္ဌမ မေးခွန်းက သဿတဒိဋ္ဌိ၊ ဒုတိယမေးခွန်းက (ဥစ္ဆေဒဒိဋ္ဌိပါဘုရား) တတိယမေးခွန်းက ဧကစ္စသဿတဒိဋ္ဌိ၊ တစ်စိတ်တစ်ဒေသ ဒိဋ္ဌိပေါ့ဗျာ (မှန်ပါ့)၊ စတုတ္ထမေးခွန်းက အမရာဝိက္ခေပ ဒိဋ္ဌိနဲ့ မေးလိုက်ပါတယ်ဆိုတော့ ဒိဋ္ဌိနဲ့ချည်း မေးနေတယ် (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ)။

ဘာနဲ့မေးသတုံး (ဒိဋ္ဌိနဲ့ချည်းမေးပါတယ်)၊ ဒိဋ္ဌိနဲ့ချည်း မေးပြီးသကာလနေတော့ ပုဂ္ဂိုလ်သတ္တဝါမရှိတာ ပုဂ္ဂိုလ်သတ္တဝါလုပ်ပြီးသကာလ ဒိဋ္ဌိနဲ့မေးနေတော့ ဘုရားက ဖြေပါ့မလား (မဖြေပါဘူးဘုရား)၊ အဲ အဗျာကတ သံယုတ်ဆိုပြီး သကာလ မဖြေတဲ့သံယုတ်ဟာ တစ်ကျမ်းလုံးပါပဲ ဒကာ ဒကာမတို့ ဖြေစရာမရှိလို့ မဖြေတာပဲ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)။

ဒီ ဒကာ ဒကာမတွေကော ဒီအထဲ ပုဂ္ဂိုလ်သတ္တဝါ ပါသေးလား (မပါပါဘူး)၊ ဒီပစ္စုပ္ပန်ဘဝမှာလဲမပါ၊ အနာဂတ် မှာကော (မပါပါဘူး)၊ အဲဒီတော့ ပုဂ္ဂိုလ်သတ္တဝါကို မပါဘူးဆိုတာ ဝိပဿနာမလုပ်ခင် ရှေးဦးစွာ ဒကာ ဒကာမတွေ ဒါတွေ ဆုံးဖြတ်ချက် ချထားရမယ် ဦးခင်မောင်ရေ (မှန်လှပါဘုရား) သဘောပါကြလား (ပါပါပြီ)၊ ကောင်းပြီ ဒါဖြင့် အဲဒီတော့ ဒီရဟန်းကလေးဟာ ဘယ့်နှယ်ဖြစ်လာသတုံးလို့ မေးတဲ့အခါကျတော့ ဒကာ ဒကာမတို့ တိတ္တိတွေက သူ့ကို ဘုရားတော့ဖြင့် ဒီလိုမဟောပါဘူးလို့ သူက ဖြေဆိုလိုက်တော့ တိတ္တိတွေက သူ့အပေါ် အပြစ်တင်ပြီးသွားကြ တယ်နော် (မှန်လှပါ)။

တိတ္တိတွေက သူ့အပေါ် အပြစ်တင်သွားကြတယ်

ဘယ်လိုအပြစ်တင်သတုံးလို့ဆိုတော့ ဒီရဟန်းကလေးဟာ သင်္ကန်းဝတ်တာလဲ မကြာသေးလို့ လူမိုက်ကလေး လူငယ်ကလေး ဖြစ်ပါလိမ့်မယ်၊ အသက်ကြီးလို့ရှိရင်လဲ ပညာမရှိတဲ့ ပုဂ္ဂိုလ်ယင်လဲ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် ဒီ အဓိပ္ပာယ် မဖြေဆိုနိုင်ဘူးဆိုပြီး သူတို့ အပြစ်တင်ပြီးသကာလ မောင်ပြတို့ ကိုထွန်းလှိုင်တို့ ပြန်သွားကြတယ် (မှန်လှပါ ဘုရား)။

ကဲ့ရဲ့ပြီး ပြန်သွားကြတယ်ဆိုပါတော့နော် (မှန်ပါ့ဘုရား) ငယ်သေးလို့ရှိရင်လဲ လူမိုက်ကလေးပဲပေါ့လေ၊ ကြီးပြန် လို့ရှိရင်လဲ ပညာဘာမှမရှိတဲ့ပုဂ္ဂိုလ်မို့ မဖြေတာကိုး-ဆိုပြီး သကာလ ပြန်သွားကြတယ်။

ဒကာ ဒကာမတို့ သူတို့ကတောင် စွဲချက်တင်ပြန်သေးတယ် ဆိုတာကော ရိပ်မိပလား (ရိပ်မိပါတယ်ဘုရား)၊ ဟိုရဟန်းကလေးကတော့ ဘုရားသခင် မဟောပါဘူးဆိုတာ ရှင်းသားပဲ သူ့အဖြေ မရှင်းဘူးလား (ရှင်းပါတယ်)၊ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဘုရားကမဖြေပါဘူး၊ မဟောဘူးဆိုတာလဲ ရှင်းသားပဲ (မှန်ပါ့)။

သူကိုယ်တိုင် ဝမ်းထဲက မရှင်းတောင်မှ ဘုရား ဒီဥစ္စာတော့ဖြင့် ပြောလေ့ ဆိုလေ့ မရှိပါဘူးဆိုတော့ အဓိပ္ပာယ် ကတော့ သက်ရောက်သားပဲ၊ မှန်တဲ့အဓိပ္ပာယ်တော့ သက်ရောက်ပါတယ်ဆိုတာ မှတ်လိုက်တာပေါ့ (မှန်လှပါဘုရား) ရှင်းကြပြီနော် (ရှင်းပါပြီ)၊ ဒါနဲ့ အရှင်အနုရာဓဆိုတဲ့ ကိုယ်တော်ကလေးကတော သူ သံသယ ဝင်လာပြန်တယ်လို့ ဒကာသစ်တို့ ဦးခင်မောင်တို့ မှတ်ရလိမ့်မယ် (မှန်လှပါဘုရား)။

သံသယ ဝင်လာတယ်

ဪ သူတို့ တစ်တွေဟာဖြင့် မေးခွန်းဖြင့် မေးသွားပြီ၊ ပုစ္ဆာလေးချက်မေးသွားပြီ၊ ဒီထက် ပိုမိုပြီးသကာလ မေးစရာတွေကလဲ ရှိသေးတယ်၊ ဒီထက်ပိုမိုမေးလို့ရှိရင်ဖြင့် ငါဘယ်လိုလုပ်ပြီး ဖြေရပါ့မလဲဆိုတဲ့ သံသယ သူ့စိတ်ထဲ မလာဘူးလား (လာပါတယ်ဘုရား)၊ အဲ သံသယရှိနေတဲ့အတွက် သူကိုယ်တိုင် ဘယ်လိုသံသယရှိနေသတုံး ဆိုလို့ ရှိရင် ပုဂ္ဂိုလ်သေလို့ရှိရင်ဖြင့် ပုဂ္ဂိုလ်သတ္တဝါပဲ ရှိလေရော့သလား၊ သို့မဟုတ် ပုဂ္ဂိုလ်သတ္တဝါသေရင် နိဗ္ဗာန်သွားတာ ပဲလား၊ ဒီ သံသယ ဝင်လာတယ် (မှန်ပါ့)။

သံသယလဲ ဝင်လာတယ်၊ ပုဂ္ဂိုလ်သတ္တဝါရှိတဲ့ ဒိဋ္ဌိယောင်ကလေးလဲ ဝင်မလာဘူးလား (ဝင်လာပါတယ်ဘုရား)၊ အင်း သေတဲ့ ပုဂ္ဂိုလ်သတ္တဝါ ရှိလေရော့သလား ဆိုတော့-ရှိလေရော့သလားဆိုတာ ဝိစိကိစ္ဆာ၊ သဘောကျ ပလား (မှန်ပါ့)၊ အင်း ပုဂ္ဂိုလ်သတ္တဝါ သေလို့ရှိရင် နိဗ္ဗာန်သွားတဲ့ပုဂ္ဂိုလ်များ ရှိလေရော့သလားလို့ မေးတာက ပုဂ္ဂိုလ်ဖြစ်လာတဲ့အတွက် ဒိဋ္ဌိကလဲ ရှိနေတယ် (မှန်ပါ့)။

ဒါဖြင့် အနုရာဓမှာ ဘာရှိနေတယ်ဆိုတာ ပေါ်ရောပေါ့ (ပေါ်ပါပြီ)၊ ဘာ-ပေါ်တာလဲ (ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာ ရှိနေပါတယ်) ဒိဋ္ဌိနဲ့ ဝိစိကိစ္စာ ရှိနေတယ် ဒီရဟန်းကလေးမှာ၊ အဲဒါ ခန္ဓဝဂ္ဂသံယုတ် ထေရဝဂ် အနုရာဓသုတ်မှာ ပါပါတယ် တဲ့၊ ရိပ်မိကြပလား (ရိပ်မိပါပြီ)။

ဒိဋ္ဌိ ဝိစိကိစ္ဆာ မကင်းပါ

ဒါဖြင့် ဒီ ရဟန်းကလေးမှာ ဒိဋ္ဌိ ဝိစိကိစ္ဆာ မကင်းဘူး (မကင်းပါဘူး) ဒကာ ဒကာမတွေ ဘယ်လိုမှတ်ကြမယ် (ဒိဋ္ဌိ ဝိစိကိစ္ဆာ မကင်းပါဘူး)၊ အနုရာဓမှာကိုက ဝတ္တဝါရှိလေရောလား သတ္တဝါသေရင် နိဗ္ဗာန်ပဲ သွားလေရော့ လား (မှန်လှပါ)။

သတ္တဝါ ရှိလေရော့လားဆိုတော့ ဦးခင်မောင်-ဒါ ဘာသံ ထွက်လာပါလိမ့် (ဝိစိကိစ္ဆာသံပါဘုရား)၊ ဝိစိကိစ္ဆာ သံ ထွက်လာတယ်၊ သတ္တဝါရှိလေရော့လားဆိုတော့ ဘာသံ ထွက်လာသလဲ (ဝိစိကိစ္ဆာသံ ထွက်လာပါတယ်)၊ သတ္တဝါ သေလို့ရှိရင် နိဗ္ဗာန်များ သွားသေးသလားလို့ ဆိုတာကော ဘာသံထွက်လာသလဲ (ဒိဋ္ဌိသံထွက်လာပါတယ်) ၁-နံပါတ်က ဝိစိကိစ္ဆာသံ၊ ၂-နံပါတ်က ဒိဋ္ဌိသံ၊ သူ့ဝမ်းထဲ မရှင်းတဲ့ အဓိပ္ပာယ် ထွက်မလာဘူးလား (ထွက်လာပါတယ်)။

အဲဒီလို ထွက်ပြီးသကာလ လာတော့ ကိုင်း ဒီလို နေလို့တော့ မဖြစ်သေးဘူး ဆိုပြီးသကာလ (မောင်ထွန်းလှိုင်ရေ) ဘုရားဆီ သွားတယ် နော် (မှန်ပါ့ဘုရား)၊ ဘုရားကျောင်းတော် သွားတယ်၊ အရှင်ဘုရား တဲ့၊ တပည့်တော် အရှင်ဘုရားကျောင်းနားမှာ သက်ငယ်မိုးကျောင်းနဲ့နေတုန်း တိတ္တိတွေ ဝင်လာပြီး သတ္တဝါသေရင် ဖြစ်သေးသလား ၊ သတ္တဝါသေရင် မဖြစ်တော့ဘူးလား၊ သတ္တဝါသေရင် ဖြစ်ချီတလှည့် မဖြစ်ချီတလှည့်လား၊ သတ္တဝါသေရင် မဖြစ်သည်မဟုတ်၊ ဖြစ်စရာများရှိသေးသလား-ဆိုတဲ့ ပစ္ဆာလေးချက်ကို မေးပါတယ်ဘုရား၊ တပည့် တော်ကတော့ ဘုရားကတော့ ဒီလိုမဟောပါဘူးလို့ ဖြေလိုက်ပါတယ်။

ဖြေလိုက်ပင် ဖြေလိုက်ငြားသော်လဲ တပည့်တော်မှာ သူတို့က ဒီ့ထက်တက်ပြီး ပုစ္ဆာတွေ မေးမယ်ဆိုလို့ရှိရင်ဖြင့် တပည့်တော်ဖြေဖို့ရာ အလိုတော်ကျ-မကျမှာ အင်မတန် စိုးရိမ်ပါတယ် (မှန်လှပါ)၊ ဒကာ ဒကာမတွေ နောက်ထပ် မေးတဲ့အဖြေတွေ ဖြေရလို့ရှိရင် ဘုရားအတော်မကျလို့ရှိရင် သူ့မှာ အင်မတန် ခက်ပါလိမ့်မယ်လို့ဆိုတာ ဘုရား သွားလျှောက်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

ဘုရားကို သွားလျှောက်တယ်

ဘယ်သူ့ကို သွားလျှောက်သလဲ (ဘုရားကို သွားလျှောက်ပါတယ်)၊ ဒကာ ဒကာမတွေ ဘုရားသွားလျှောက်တော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက အကဲခတ်လိုက်တယ် ဦးခင်မောင် (မှန်လှပါ)၊

ဪ ငါ့တပည့် အနုရာဓကိုက- အယံဘိက္ခု ဣမံ လဒ္ဓိယံ ဒေါသံ နဇာနာတိ၊ ဤအနုရာဓဆိုတဲ့ ပုဂ္ဂိုလ်ကလေးသည်ကား သူ့အယူကိုပဲ သံသယရှိနေပြီး သကာလ နားမလည်ပဲ ဖြစ်နေတယ် (မှန်ပါ့)၊ သူကိုယ်တိုင်က ဒိဋ္ဌိ ဝိစိကိစ္ဆာ မကွာဘဲ ဖြစ်နေတယ်ဆိုတဲ့ အဓိပ္ပာယ် ဘုရားက ပြောလိုက်ပါတယ် (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ သူကိုယ်တိုင်က ဘာဖြစ်နေသလဲ (ဒိဋ္ဌိ ဝိစိကိစ္ဆာမကွာပဲ ဖြစ်နေပါတယ်)၊ အဲဒါ ဒိဋ္ဌိ ဝိစိကိစ္ဆာကွာမှ သောတာပန် ဖြစ်ရမှာကိုး ဒကာ ဒကာမတို့ရဲ့ (မှန်လှပါ)။

ဒိဋ္ဌိ ဝိစိကိစ္ဆာကွာမှ (သောတာပန်ဖြစ်ရမှာပါ)၊ သောတာပန် ဖြစ်ရမှာ၊ သူကိုယ်တိုင်က အယံဘိက္ခု ဣမံလဒ္ဓိယံ ဒေါသံ နဇာနာတိ တဲ့၊ အယံဘိက္ခု=ဤအနုဓရာဆိုတဲ့ ရဟန်းကလေးသည်၊ အတ္တနော=မိမိ၏၊ ဣမံလဒ္ဓိယံ=ဤ အယူကို၊ ဒေါသံ=အပြစ်ဟူ၍၊ နဇာနာတိ-မသိ၊ သူယူထားတဲ့အပြစ်ကို သူမသိရှာဘူးတဲ့။

သူယူထားတာက ကြည့်ပါလား သတ္တဝါသေရင် ဖြစ်များ ဖြစ်လေသလား သတ္တဝါပဲ ရှိလေရော့လား ၁-နံပါတ်မလာဘူးလား (လာပါတယ်ဘုရား)၊ ဒါဖြင့် သူ့အယူကိုက အပြစ်သင့်နေပြီ (သင့်ပါတယ်)၊ မသင့်သေးဘူးလား (သင့်ပါတယ်ဘုရား) သတ္တဝါ ရှိလေရော့လား ဆိုကတည်းက ဝိစိကိစ္ဆာ မလာသေးဘူးလား (လာပါတယ်ဘုရား)။

သူကိုယ်တိုင်က ဝိစိကိစ္ဆာနဲ့ ဒိဋ္ဌိပြုတ်ပါရဲ့လား

သတ္တဝါသေရင် နိဗ္ဗာန်သွားလေရော့လား ဆိုတဲ့ သတ္တဝါရှိတဲ့ အဓိပ္ပာယ်ကော မရောက်ဘူးလား (ရောက် ပါတယ်ဘုရား)၊ ဒိဋ္ဌိအဓိပ္ပာယ်ရော မရောက်ဘူးလား (ရောက်ပါတယ်ဘုရား) သူကိုယ်တိုင်က ဝိစိကိစ္ဆာနဲ့ ဒိဋ္ဌိပြုတ် ပါရဲ့လား (မပြုတ်ပါဘူးဘုရား)။

အဲဒါကြောင့် အဋ္ဌကထာဆရာက-အယံဘိက္ခု(ပ) နဇာနာတိ ဤအနုရာဓဆိုတဲ့ ရဟန်းကလေးသည် မိမိ၏ အယူကို-ခုနက ဒိဋ္ဌိ ဝိစိကိစ္ဆာရှိနေတဲ့ သဘောပေါ့ဗျာ (မှန်ပါ့) အယူဟုဆိုအပ်သော အပြစ်ကို-သူ ယူထားတဲ့အပြစ်ကို သူမသိရှာဘဲ ဖြစ်နေလို့ ငါ့ဆီလာမေးတာကိုးလို့ ဘုရားက ရိပ်မိတော်မူတယ်၊ သဘောပါလား (ပါပါတယ်)။

သူယူထားတဲ့အယူကို ဒိဋ္ဌိဝိစိကိစ္ဆာ ပြုတ်ကဲ့လား (မပြုတ်ပါဘူး)၊ အဲဒါကြောင့် ငါ့ဆီ လာမေးတဲ့ဥစ္စာ သူသည် ကားလို့ဆိုရင် သူ့အပြစ်ကို သူမသိလို့ လာမေးနေတဲ့ အဓိပ္ပာယ်ပဲ ဆိုပြီးသကာလ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက တိပရိဝဋ္ဋ ဒေသနာ ဟောတော်မူရတယ်၊ ဝိပရိဝဋ္ဋဒေသနာ ဆိုတာက ဒကာ ဒကာမတို့ အနိစ္စ ဒုက္ခ အနတ္တ ပါပဲနော် (မှန်လှပါ)၊ အဲဒါနဲ့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဒီဥစ္စာ အနုရာဓကိုက ဝိစိကိစ္ဆာကလဲ မပြုတ်သေး၊ ဒိဋ္ဌိကလဲ မပြုတ်သေးပါကလားလို့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ရိပ်မိလာတယ်၊ ရှင်းကြပလား (ရှင်းပါပြီဘုရား)။

အနုရာဓ ရဟန်းကလေးကိုက ဘာတဲ့ (ဒိဋ္ဌိ ဝိစိကိစ္ဆာ မပြုတ်သေးပါဘူးဘုရား) ဒိဋ္ဌိ ဝိစိကိစ္ဆာ မပြုတ်သေး ဘူးတဲ့၊ သူ ဝိပဿနာသာ လုပ်နေတယ် ဒိဋ္ဌိ ဝိစိကိစ္ဆာက-မပြုတ်သေးဘဲ ဖြစ်နေတယ်ဆိုတာ ဘုရားက ရိပ်မိတယ် နော် (မှန်ပါ့)။

ရှေ့ပိုင်းက ဒိဋ္ဌိနဲ့ဝိစိကိစ္ဆာကို-အသိနဲ့ဖြုတ်ထား

အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ရှေ့ပိုင်းက ဒိဋ္ဌိနဲ့ဝိစိကိစ္ဆာကို-အသိနဲ့ဖြုတ်ထားတာကို နားလည်မှ နောက်က ဝိပဿနာ လိုက်ရှုကြပါ (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ)။

ရှေ့ပိုင်းက ပြထားတဲ့ ကိုယ့်ခန္ဓာဖြစ်စဉ်ကလေးတွေ သိတော့မှ ဒီဖြစ်စဉ်ကလေးတွေကို ဪ ဒါကလေးက စိတ်ဖြစ်လာလို့ရှိရင် စိတ်အနိစ္စ၊ ဝေဒနာဖြစ်လာရင် ဝေဒနာအနိစ္စ၊ သညာဖြစ်လာရင် သညာအနိစ္စဆိုတဲ့ စိတ္တာ နုပဿနာတို့ ဝေဒနာနုပဿနာတို့ ဓမ္မာနုပဿနာတို့ဆိုတာ ဒိဋ္ဌိပြုတ်ပြီး ဉာဏ်ထဲက နေပြီးသကာလ နာမ်ရုပ်တွေ သိပြီးသကာလ ဝိစိကိစ္ဆာတွေ ရှင်းတဲ့အခါကျတော့မှ ဝိပဿနာ ရှုရမယ် (မှန်ပါ့) ရိပ်မိကြပလား (ရိပ်မိပါပြီ)။

ဝိပဿနာ ရှေ့သွားရှုရမှာလား၊ ဒိဋ္ဌိ ဝိစိကိစ္ဆာ အသိဉာဏ်နဲ့ ဖြုတ်ပြီးမှ ရှုရမှာလား (ဒိဋ္ဌိ ဝိစိကိစ္ဆာ ဖြုတ်ပြီးမှ ရှုရမှာပါဘုရား) အသိဉာဏ်နဲ့ ဖြုတ်ပြီးတော့မှ ရှုရမှာ၊ နောက်ကျတော့မှ မဂ်က ဖြုတ်ပေးမှာကိုး၊ ဒါမသိဘဲနဲ့ ရှုနေလို့ ရှိရင် ဒကာ ဒကာမတို့ မရဘူးနော် (မှန်လှပါ)။

မရဘူး၊ နောက်တရားပွဲ တာရှည်လာလို့ရှိရင် မရတဲ့ဝတ္ထုတွေ ထုတ်လာပါလိမ့်မယ် (မှန်လှပါဘုရား)၊ ကိုင်း- ဒါဖြင့် ဒီဥစ္စာ အနုရာဓမှာ ဘာရှိနေတုံး (ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာရှိနေပါတယ် ဘုရား)။

သူပြောပုံကလေး ကြည့်စမ်းတဲ့ ဒကာ ဒကာမတို့ သူ့သန္တာနိ ရှိ-မရှိ အကဲခတ်ကြည့်တော့ အခု အဋ္ဌကထာ ဆရာရေးတဲ့ ပါဠိကို ဘုန်းကြီး ရွတ်ပြီးပါပြီ၊ ဤရဟန်းကလေးသည်ကားလို့ ဆိုလို့ရှိရင် သူသင့်နေတဲ့အပြစ်ကို သူ မသိဘူး၊ သူသင့်နေတဲ့အပြစ်ကို မသိဘူးတဲ့ (မှန်ပါ့)၊ သူ့မှာ ဒိဋ္ဌိ ဝိစိကိစ္ဆာ ရှိနေတယ်ဆိုတဲ့ အပြစ်ကို သူ့မှာရှိလျက် သားနဲ့ သူ့ဟာသူ မသိရှာဘူး။

မသိလို့ပေါ့ ဘုရားသွားလျှောက်တာ ဒကာ ဒကာမတို့ မြင်တဲ့အတိုင်း အရှင်ဘုရား တဲ့ တပည့်တော်ကို တိတ္တိတွေက ပုစ္ဆာလေးချက်မေးပါတယ်၊ ဒီ့ထက်ပိုမေးလို့ရှိရင် တပည့်တော် အဖြေတွေလွဲလို့ရှိရင် ဘုရားစွပ်စွဲရာ ရောက်တော့မယ်၊ ဒါကြောင့် ရှေ့ကို ဘယ်လိုဖြေရမယ်ဆိုတဲ့ အဓိပ္ပာယ်မျိုး တပည့်တော် မသိဘဲဖြစ်နေလို့ တိတ္တိတို့ မေးတာကို လာပြီး လျှောက်ထားခြင်း ဖြစ်ပါတယ်လို့ဆိုတော့ သူက သူ့မေးရင် ခက်ချီရဲ့ဆိုတော့ ဦးခင်မောင်တို့ သိတဲ့အတိုင်းပဲတဲ့ သူကိုယ်တိုင်ပဲ ဒိဋ္ဌိ ဝိစိကိစ္ဆာပြုတ်တဲ့ဉာဏ်နဲ့ ဝမ်းထဲမှာ ရှင်းပြီးသားလို့ ဆိုလို့ရရဲ့လား (မရပါဘူး)။

ဒီခန္ဓာ၏ ယခုဖြစ်စဉ် ပျက်စဉ်

ရှင်းပြီးသားဆိုလို့ မရဘဲနဲ့ သူ့မှာ ငြိလုံးရှိနေတယ်ဆိုတာ မောင်ထွန်းအောင်တို့ ပေါ်ပလား (ပေါ်ပါပြီ) မောင်မြတို့ (ပေါ်ပါပြီ) ပေါ်ပြီတဲ့ သူ့ သန္တာန်မှာပဲ၊ အဲဒါကြောင့် ဒကာ ဒကာမတို့ စကားကို ဒီခန္ဓာ၏ ယခုဖြစ်စဉ် ပျက်စဉ် ကလေးတွေကို သရာဂံဝါ စိတ္တံ သရာဂံ စိတ္တန္တိ ပဇာနာတိ သိအောင်လုပ်ပါဆိုတော စိတ်ပေါ်တာကို စိတ်ပေါ်တယ်လို့ သိအောင်လုပ်ရမယ်၊ ပုဂ္ဂိုလ်သတ္တဝါ ပေါ်တယ်လို့ထင်မှာ ဘုရား အင်မတန် သနားတော်မူတယ် နော် (မှန်ပါ့)။

သုခံ ဝါ ဝေဒနံ ဝေဒယမာနော သုခံ ဝေဒနံ ဝေဒယာ မီတိ ပဇာနာတိ-လို့ ဘုရားက သတိပဋ္ဌာန်ပါဠိတော် ကြီးမှာ ဟောထားပြန်တော့ ဝေဒနာပေါ်တာကို ဝေဒနာလို့ သိကွနော် (မှန်ပါ့)၊ သမုဒယဓမ္မနုပဿီဝါ ဝေဒနာသု ဝိဟရတိ၊ ဝယဓမ္မာနုပဿီဝါ ဒေဝနာသု ဝိဟရတိ-ဆိုတာ ဒါကလေးတွေကလဲ ဖြစ်တယ် ပျက်တယ်လို့ မင်း သိပေးပါ တဲ့ (မှန်ပါ့)။

အဲဒီလိုဆိုတော့ ပုဂ္ဂိုလ်သတ္တဝါ ပျောက်အောင်လို့ကိုပဲ သတိပဋ္ဌာန်လေးပါး မထားဘူးလား (ထားပါတယ် ဘုရား) ကဲ-ပေါ်ကြပလား (ပေါ်ပါပြီ)၊ နောက်က ဒကာ ဒကာမတွေကော ရှင်းရဲ့လား (ရှင်းပါတယ်ဘုရား) ရှင်းမှ- ရှင်းမှနော် (မှန်လှပါဘုရား)။

ဒါဟာ ရှေးဦးစွာ သောတာပတ္တိမဂ် တည်ချင်လို့ရှိရင် ဒိဋ္ဌိ ဝိစိကိစ္ဆာ ဖြုတ်ရမှာ ဖြစ်နေတော့ ဒကာ ဒကာမတို့ ဒါကလေးဟာ အကြောင်း တရားကလေး၊ စက္ခုဝိညာဏ် မြင်စိတ်ကလေး မဖြစ်လားဗျာ (ဖြစ်ပါတယ်)၊ မြင်စိတ်ဟာ မြင်စိတ်ပဲ ဒကာ ဒကာမတို့ ပုဂ္ဂိုလ် သတ္တိဝါ ဟုတ်ရဲ့လား (မဟုတ်ပါဘူး)။

အင်း-ဒီထဲကျတော့ သတ္တဝါ ဟုတ်သေးရဲ့လား (မဟုတ်ပါဘူး) တစ်ခါမြင်စိတ် ချုပ်သွားတဲ့ အခါကျတော့ တိဏ္ဏံ သင်္ဂတိ ဖဿော ဖဿပစ္စယာ ဝေဒနာ-ဆိုပြီးသကာလ တိဏ္ဏံ သင်္ဂတိ ဖဿောဆိုတော့ ဖဿကလေးပဲ ပေါ်လာတယ် ထားပါတော့ သဟဇာတအဖြစ်နဲ့၊ ပေါ်လာတဲ့ ဖဿကလေးဟာလဲ ပုဂ္ဂိုလ် သတ္တဝါလား၊ ဖဿလား (ဖဿပါဘုရား)၊ အလိုလိုပေါ်တာလား၊ အကြောင်းကြောင့် ပေါ်တာလား (အကြောင်းကြောင့် ပေါ်တာပါဘုရား) ဒါဖြင့် အကြောင်းကြောင့်ပေါ်တဲ့ အကျိုးဖဿဆိုရင်ကော လွဲပါ့မလား (မလွဲပါဘူး)။

ဝိစိကိစ္ဆာသေသွားတယ်

အကြောင်းကြောင့် အကျိုးဖဿကို သိလိုက်သဖြင့်လဲ ဝိစိကိစ္ဆာသေသွားတယ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)၊ အကြောင်းကြောင့်ပေါ်တဲ့ အကျိုးကို သိရင်ကော (ဝိစိကိစ္ဆာ သေပါတယ်ဘုရား)၊

အကြောင်း ထဲမှာလဲ ပုဂ္ဂိုလ် သတ္တဝါ မပါပါဘူး (မှန်ပါ့)၊ အကျိုးထဲမှာကော (မပါပါဘူး)။

ဒီလိုသိထားပြန်တော့လဲ ဒိဋ္ဌိက ကပ်သေးရဲ့လား (မကပ်ပါဘူး)၊ ဒါကြောင့် ရှေ့ပိုင်းက သုံးရက်တိုင်တိုင် ဒကာ ဒကာမတွေ ရှင်းပြီးလား လင်းပြီးသားဖြစ်အောင် ပြောထားပါးတယ် (မှန်ပါ့)၊ ကျေကျေနပ်နပ် သဘောကျပလား (ကျပါပြီ)၊ ကိုင်း-ဒါဖြင့် နေရာကျပါတယ် ဒကာ ဒကာမတို့ ဒါနဲ့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးကို အနုရာဓရ ရဟန်းက သွားလျှောက်တဲ့အခါကျတော့ ငါ၏ချစ်သားကိုပဲ သူယူထားတဲ့အပြစ်ကို သူ့ဝမ်းထဲမှာ သင့်နေတဲ့အပြစ်ကို သူမသိဘဲ ဖြစ်ပြီးသကာလ နေတယ် ဆိုပြီးသကာလ သူ့ကိုပဲ တရားဟောဦးမှ တော်မယ် (မှန်ပါ့)။

ဒိဋ္ဌိ ဝိစိကိစ္စာ ပြုတ်တဲ့တရား

ဒိဋ္ဌိ ဝိစိကိစ္စာ ပြုတ်တဲ့တရား ဟောရဦးမယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) သူသွားပြီး ဘုရားကိုမေးတာနဲ့ သူ့ကို ဘုရားက အကဲခတ်လိုက်တယ် (မှန်ပါ့)၊ မောင်ထွန်းအောင် သဘောကျပလား (ကျပါပြီ) သူက သွားမေးတာက ဒီလေးချက်ဖြေဖို့၊ ဒီလေးချက်ရဲ့ အထက်ကို မေးလို့ရှိရင်ဖြင့် ဘယ်လိုဖြေရမှာတုံးဆိုတဲ့ အမေးတွေကို ဖြေစချင်တဲ့ စိတ်ထားနဲ့ ဖြေဖို့ရာ ရမလားလို့ သွားလိုက်တာပဲ။

သွားလိုက်တော့ သူ့ကို ဘုရားက ဘယ်လိုအကဲခတ်လိုက်ပါလိမ့် (သူကိုယ်တိုင် ဒိဋ္ဌိဝိစိကိစ္စာရှိတယ်) သူကိုယ်တိုင် ဒိဋ္ဌိ ဝိစိကိစ္စာ မစင်သေးပါကလား၊ ဒါကြောင့် သူ ဒီထက်ဆက်မေးရင် ဘယ့်နှယ်လုပ်မလဲဆိုတဲ့ ဝိစိကိစ္စာ မလာဘူးလား (လာပါတယ်ဘုရား)၊ အဲဒီတော့မှ ဒကာ ဒကာမတို့ သူ့ကိုပဲ တရားဟောရဦးမယ် (မှန်ပါ့)၊ ရှင်းပြီနော် (ရှင်းပါပြီ) ဘယ်သူ့ကို ဟောရမှာလဲ (အနုရာဓရဟန်းကို ဟောရမှာပါ) တိတ္တိတွေဖို့ အဖြေမထွက်နိုင်ဘူး (မှန်ပါ့)။

တိတ္တိတွေတော့ အဖြေမပေးနိုင်ပါဘူး ဒကာ ဒကာမတို့ သူ့ကို ဘာလုပ်ရဦးမှာလဲ (တရား ဟောရဦးမှာပါ) အဲ လူမမာမေးလာတာ၊ လူမမာရှိတော့ ဆရာလာခေါ်တဲ့ လူလိုပဲ ဒကာ ဒကာမတို့ လူမမာတစ်ယောက်ရှိတော့ ဆရာလာခေါ်တဲ့လူလို၊ ဆရာလာခေါ်တဲ့လူကို အရင် ကုရဦးမလို ဖြစ်နေတာ (မှန်လှပါ)၊ မကုရဘူးလား (ကုရပါတယ်)။

သူ့ကိုယ်တိုင်မှာ ဝေဒနာကရှင်းရှင်းလင်းလင်းလား (မရှင်းပါဘူး)၊ ဒါဖြင့် သူ့လဲကု၊ နောက်လူနာလဲကုဆိုတဲ့ အဓိပ္ပာယ်မျိုး မရောက်ပေဘူးလား (ရောက်ပါတယ်)။

သူ့ကိုယ်တိုင်က ဝေဒနာသည်ကြီး

ဒီမှာ သူကလာပြီး သူမသိလို့ မေးတဲ့အဓိပ္ပာယ်ကိုပင် သူ့ကိုယ်တိုင်က ဝေဒနာသည်ကြီးဖြစ်တော့ ဘုရားက ဒီတွင် သူ့ကိုကုဦးမှတော်မယ် (မှန်ပါ့)၊ တိတ္တိတွေကို ဖြေဖို့ မေးဖို့ဆိုတာ နောက်ထားပါဦး (မှန်လှပါ)၊ ရှင်းပလား (ရှင်းပါပြီ)၊ ဒါဖြင့် ဘယ်သူ့ကို ဘုရားကုသရမှာပါလိမ့် (အနုရာဓရဟန်းကို ကုသရမှာပါ) အရှင်အနုရာဓကို ကုသရ မယ်ဆိုတာ ကျေနပ်ကြပလား (မှန်ပါ့)။

အဲဒီတော့ ဘုရားရှင် ကိုယ်တော်မြတ်ကြီးက ကိုင်း ငါ့ရဟန်းကိုက သူသင့်နေတဲ့အပြစ်ကို သူမသိဘဲ ဖြစ်ပြီးသကာလနေတာ သူ့ပဲ ကုသဦးမှပဲ သူ့ပဲ တရားဟောဦးမှ တော်မယ်ဆိုပြီး တိပရိဝဋ္ဋဒေသနာကို ပါဠိတော်မှာ သေသေချာချာ ဟောပါတယ် (မှန်လှပါ) ရှင်းကြပလား (ရှင်းပါပြီ)၊ ဒါဖြင့် ဘုရားဟောတဲ့တရား ဒကာ ဒကာမတို့ကို ဘုန်းကြီးက ဟောထားလို့ ရှင်းပြီသားဖြစ်နေတော့-ကိုင်း ဒကာ ဒကာမတို့ ဒါတွေဟာ ခန္ဓာတွေပဲ မဟုတ်ဘူး (မှန်ပါ့ဘုရား)။

ခန္ဓာတွေ ဒီဥပမာမယ် ဒါ-ဝိညာဏက္ခန္ဓာ ထားပါတော့ (မှန်ပါ့)၊ စက္ခုဝိညာဏ်-မြင်တယ်ဆိုတော့ ဝိညာဏ က္ခန္ဓာပဲ မဟုတ်လား (မှန်ပါ့ဘုရား) ဝိညာဏ=သိတာပဲ၊ ရူပါရုံအဆင်းသိတော့ သိညာဏ၊

အဲဒါကလေး ဒကာ ဒကာမတွေ စဉ်းစားကြည့်စမ်းပါလား တဲ့၊ မြင်ပြီးပျက်တာပဲ မဟုတ်လား (မှန်ပါ့ဘုရား)၊ မြင်ပြီး တာရှည်ရှိသေး ရဲ့လား (မရှိပါဘူး) စက္ခုဝိညာဏံ အနိစ္စံပဲ မဟုတ်လား (မှန်ပါ့ဘုရား)၊ စက္ခုဝညာဏံ=မြင်သိမှုစက္ခုဝိညာဏ်သည်၊ အနိစ္စံ=မမြဲ-ဖြစ်ပြီး ပျက်တဲ့တရားလို့ပဲဆိုရင် လွဲပါ့မလား (မလွဲပါဘူးဘုရား)၊ ကောင်းပြီ ဒါကလေးကို ဘုရားက ကဲကွာ တဲ့ မင့်ကိုပဲ ငါဟောပါ့မယ်၊ ခန္ဓာငါးပါးထဲက ဒကာ ဒကာမတွေ အကုန်ဟောဖို့ပါပဲ၊ အကုန်ဟောဖို့ပင် ဖြစ်လင့်ကစား ဒကာ ဒကာမတွေရှေ့မှာ တန်းထားတာပဲ ရှင်းပြီးပြပါမယ်နော် တစ်ခုသိရှိရင်လဲ ဦးခင်မောင် အကုန် အတူတူပေါ့ဗျာ (မှန်ပါ့)။

အနိစ္စလား နိစ္စလား

ဟောဒီ ဝိညာဏ်စိတ်ကလေးဟာ ဒကာ ဒကာမတွေပဲ အကဲခတ်ကြည့်ပါ၊ အနိစ္စလား နိစ္စလား (အနိစ္စပါ ဘုရား)၊ မြင်ပြီး ဘာဖြစ်သွားသလဲ (ပျက်သွားပါတယ်) ဪ မြင်ပြီး ပျက်တာပဲ၊ ဒီ့ပြင်နေရာများ ရွှေ့သေးသလား (မရွှေ့ပါဘူးဘုရား) ရှင်းပြီနော် (ရှင်းပါပြီ) အဲဒီ အနိစ္စဖြစ်တဲ့ တရားကလေးကို ဘုရားက အနုရာဓ-တဲ့၊ ဒုက္ခလား သုခလား ကွလို့ မေးလိုက်တော့ ဒကာ ဒကာမတွေ ဘယ့်နှယ်ဖြေမလဲ (ဒုက္ခပါဘုရား)၊ ကြည့်လေ သူ ဒုက္ခ သစ္စာကလေးပဲ- မဟုတ်ဘူးလား (ဟုတ်ပါတယ်ဘုရား)။

ဒီ့ပြင် ဘာ-ဖြစ်သေးသတုံး (ဘာမှမဖြစ်ပါဘူး)၊ ကောင်းပြီ ဒီတရားကလေးဟာ အနိစ္စဆိုရင်လဲ ဟုတ်တာပဲ၊ ဒုက္ခဆိုရင်ကော (ဟုတ်တာပါပဲဘုရား)၊ အဲဒီ အနိစ္စဒုက္ခဖြစ်တဲ့ ဒီဝိညာဏ်ကလေးဟာ ဒကာ ဒကာမတွေက တွေးစမ်း ပါလား တဲ့၊ ဧတံမမ ဧသောဟမသ္မိ၊ ဧသော မေအတ္တာ-ဆိုတဲ့ဥစ္စာ မြန်မာလို ပြန်လိုက်တော့ ငါ့ဥစ္စာ- ငါ-ငါ့ကိုယ်လို့ ဆိုနိုင်ကြရဲ့လား (မဆိုနိုင်ပါဘူးဘုရား)။

ဒါဖြင့် ငါ့ဥစ္စာ-ငါ-ငါ့ကိုယ်-နဂိုရ်ကကိုက မောင်ထွန်းလှိုင်မပါဘူး၊ ပါကြရဲ့လား (မပါပါဘူးဘုရား)၊ ငါ့ဥစ္စာ- ငါ-ငါ့ကိုယ်လို့ ဆိုလို့ကော ရရဲ့လား (မရပါဘုရား)၊ ပါကော ပါရဲ့လား (မပါပါဘူး) ဪ ဒါဖြင့် ဒီတရား ကလေးဟာ အနိစ္စတရား-ဒုက္ခတရား၊ ငါ့ဥစ္စာ-ငါကိုဝ်မဟုတ်တဲ့တရား (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။

ငါ့ဥစ္စာ-ငါ-ငါ့ကိုယ် မဟုတ်တဲ့တရား

ဒီတရားကလေးဟာ ဘာတရားတုံး (ငါ့ဥစ္စာ-ငါ-ငါ့ကိုယ် မဟုတ်တဲ့တရားပါ) အနိစ္စတရားဆိုရင်လဲ ဟုတ်တယ် နော် (မှန်ပါ့) ဒုက္ခတရား ဆိုရင်ကော (ဟုတ်ပါတယ်ဘုရား) ငါ့ဥစ္စာ-ငါ-ငါ့ကိုယ် မဟုတ်တဲ့တရားကော (ဟုတ်ပါတယ် ဘုရား)။

ဒါဖြင့် အနိစ္စ ဒုက္ခ အနတ္တတရားကလေး (မှန်လှပါဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)၊ အဲဒါ ဒကာ ဒကာမတွေက ကိုယ့်မြင်စိတ်ကလေး ပေါ်တိုင်းပေါ်တိုင်းလဲ ဒီအတိုင်းပဲ ဒါကလေးဟာ ဖြစ်ပျက်အနိစ္စပဲ ဖြစ်ပျက်ဒုက္ခပဲ ဖြစ်ပျက် အနတ္တပဲ ဖြစ်ပျက် ဒုက္ခသစ္စာပဲလို့ ခင်ဗျားတို့ မြင်တဲ့အခါ မြင်စိတ် ရှုပေးပေါ့ဗျာ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။

ဒါနဲ့တခါ ဒီတရားကလေးကိုက အနိစ္စ ဒုက္ခ အနတ္တတရားကလေး ဖြစ်နေတော့ အနုရာဓ တဲ့-သူက ဖြစ်စေတဲ့ ဥပမာမှာ သူနဲ့ပတ်သက်ပြီးသကာလ အတူတကွဖြစ်တဲ့ စက္ခုဝိညာဏ် ဖဿ၊ ဖဿဆိုတော့ သင်္ခါရက္ခန္ဓာ ဖြစ်သွားပြီ၊ အဲဒီ သင်္ခါရက္ခန္ဓာဖြစ်သွားတော့ ဒီသင်္ခါရက္ခန္ဓာကလေးဟာလဲ ဦးခင်မောင်ရေ အနိစ္စလား နိစ္စလား (အနိစ္စပါဘုရား)၊ အဲဒီအနိစ္စဖြစ်တဲ့ တရားကို ဒုက္ခလို့ ဆိုကြမလား သုခလို့ ဆိုကြမလား (ဒုက္ခပါဘုရား) အဲဒီ အနိစ္စ ဒုက္ခဖြစ်တဲ့ ဖဿကလေးကို ငါ့ဥစ္စာ-ငါ-ငါ့ကိုယ်လို့ ဆိုနိုင်ကြရဲ့လား (မဆိုနိုင်ပါဘူး) မဆိုနိုင်ရင် အနတ္တပဲ (မှန်လှပါ)။

အနိစ္စ ဒုက္ခ အနတ္တ

ဒါဖြင့် ဒီတရားတွေ ပေါ်လာသ၍ဟာ အနိစ္စ ဒုက္ခ အနတ္တ ချည်းပဲ၊ ဒီဘက်က ပေါ်လာတာကော (အနိစ္စ ဒုက္ခ အနတ္တပါ)၊ ဒီဘက်က ပေါ်လာတာကော (အနိစ္စ ဒုက္ခ အနတ္တ) ဒီဘက်က ပေါ်လာတာ (အနိစ္စ ဒုက္ခ အနတ္တ) ဒီဘက်က သေတဲ့စိတ်ကလေးကကော (အနိစ္စ ဒုက္ခ အနတ္တ) ဒီဘက်က ပဋိသန္ဓေ စိတ်ကလေးကကော (အနိစ္စ ဒုက္ခ အနတ္တ)။

ဒါဖြင့် ဒကာ ဒကာမတို့ ပုဂ္ဂိုလ် သတ္တဝါ နိဂိုရ်က မပါဘူး (မပါပါဘူး)၊ ရှင်းပြီနော် (ရှင်းပါပြီ)၊ ဒါဖြင့် ဒကာ ဒကာမတွေ သန္တာန်မှာ ပုထုဇန်သန္တာန် တနေ့က ပြောခဲ့တယ် တိဟိတ်ဖြစ်လို့ရှိရင်ဖြင့် ၄၅-ပါးသောစိတ်ကို ပေါ်ရာ ရှုပါ၊ ဒွိဟိတ်ဖြစ်လို့ရှိရင် ၄၁-ပါးကိုပဲ ရှုပါလို့ ပြောသွားတော့ ခင်ဗျားတို့သန္တာန် ပေါ်ရာကိုရှု သဘောကျပလား (မှန်ပါ့ဘုရား)။

သို့သော် ဘုန်းကြီးတို့ သမ္မောအဋ္ဌကထာဆရာက ပြပြီးသကာလ ထားတာကတော့ စိတ်ပေါ်မှာ ဒိဋ္ဌိအများဆုံး- ဖြစ်တယ်လို့ဆိုခြင်းကြောင့် စိတ္တာနုပဿနာရှုရင် ပိုကောင်းတယ်၊ ဒိဋ္ဌိပြုတ်တော့ သောတာပန် တည်တယ် (မှန်လှပါ)။

ရှင်းပြီနော် (ရှင်းပါပြီ) ဒိဋ္ဌိပြုတ်တော့ (သောတာပန်တည်ပါတယ်)။

အဲ ဒိဋ္ဌိက ဘယ်သူ့ပေါ်မှာသာ၍ များပါလိမ့် (စိတ်ပေါ်မှာ သာ၍များပါတယ်)၊ စိတ်ပေါ်မှာ သာ၍များတဲ့ အတွက် ဒကာ ဒကာမတို့ ဘယ်စိတ်လာလာ စားချင်တဲ့စိတ် လာရင်လဲ ဖြစ်ပျက်ရှုပါ (မှန်ပါ့) အိပ်ချင်တဲ့စိတ်လာရင် (ဖြစ်ပျက်ရှုပါ) လှမ်းချင်တဲ့စိတ်လာရင် (ဖြစ်ပျက်ရှုရပါမယ်)။

ဖြစ်ပျက်ရှုပါ

အကုန်ရှုရမယ်ဟုတ်လား (ရှုရပါမယ်) အေး ယုတ်စွအဆုံး ဒကာ ဒကာမတို့ ကျင်ကြီးကျင်ငယ် စွန့်ချင်တဲ့ စိတ်လာကော (ဖြစ်ပျက်ရှုရပါမယ်)၊ ဖြစ်ပျက်ရှုရမှာပဲ၊ သွားချင်တဲ့ စိတ်ကလေးလာရင် (ဖြစ်ပျက်ရှုရပါမယ်)၊ အင်း လှမ်းချင်တဲ့ စိတ်ကလေးလာရင်ကော (ဖြစ်ပျက် ရှုရပါမယ်)၊ အဲ သူ့နေရာနဲ့သူ စိတ်ကလေးက ဟဒယဝတ္ထုပေါ်- ပေါ်တဲ့စိတ် ဖြစ်ရင် ဟဒယဝတ္ထုပေါ် ဉာဏ်တက်ရှု မျက်လုံးထဲပေါ်တဲ့စိတ်ဖြင့် မျက်လုံးထဲ-ဉာဏ်တက်ရှုပေါ့ဗျာ (မှန်ပါ့)။

ဝမ်းသာတဲ့စိတ်ကလေး လာပြန်ရင် ဘယ့်နှယ်လုပ်ကြမလဲ (ဖြစ်ပျက်ရှုရမှာပါဘုရား) ဝမ်းနည်းတဲ့ စိတ်ကလေး လာပြန်ရင်ကော (ဖြစ်ပျက်ရှုရမှာပါဘုရား) အကုန် ဖြစ်ပျက်ရှုရမယ်လို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဒီစိတ်တွေ ပေါ်ရင် အကုန်ဒိဋ္ဌိဖြုတ်ရမယ်ဆိုတော့ ဖြစ်ပြီးပျက်တာတွေ ရှုနေတော့ ဒကာ ဒကာမတို့ နဂိုရ်ကလဲ ပုဂ္ဂိုလ် သတ္တဝါမဟုတ်လို့ ဖြစ်ပျက် အနိစ္စပဲဆိုတာ မသေချာဘူးလား (သေချာပါတယ်ဘုရား)။

ဖြစ်ပျက် ဒုက္ခပဲ ဆိုရင်ကော (သေချာပါတယ် ဘုရား) ဖြစ်ပျက်သည်ကားလို့ဆိုရင် ငါ့ဥစ္စာ-ငါ-ငါ့ကိုယ် မဟုတ်တဲ့ အနတ္တပဲ ဆိုရင်ကော (သေချာပါတယ် ဘုရား) သေချာတယ် မဟုတ်လား (မှန်ပါ့) အဲဒီကဲ့သို့ သေချာပြီးသကာလ နေတော့ ဒကာ ဒကာမတွေ ခင်ဗျားတို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးကလဲ ဟောတော်မူတယ်၊ သရာဂံဝါစိတ္တံ သရာဂံ စိတ္တန္တိပဇာနာတိ၊ သဒေါသံဝါ စိတ္တံ သဒေါသံ စိတ္တန္တိ ပဇာနာတိ၊ သမောဟံဝါစိတ္တံ စိတ္တန္တိ ပဇာနာတိပေါ်ရာ ရှုပါကွာ မင်းတို့သန္တာန် ပေါ်တဲ့စိတ်တွေ အကုန်ရှုပါဆိုပြီးသကာလ ဒကာ ဒကာမတွေ ရှုလိုက်လို့ရှိရင် တစ်နေ့က ပြောထားတယ်နော်- (မှန်ပါ့)။

ရှေ့ပိုင်းက အပြင် ဧည့်သည်စိတ်က ဘယ်နှစ်ခုပါလိမ့် (ခြောက်ခုပါ) အတွင်းဧည့်သည်စိတ်က (ငါးခုပါ) အိမ်သည်စိတ်က (နှစ်ခုပါဘုရား)၊ အဲဒါ ပေါ်စရာတွေ ပေါ်လာလို့ရှိရင် အပြင်ဧည့်သည်မရှိလို့ အတွင်းဧည့်သည် ရှုချင်ရင်လဲ အတွင်းဧည့်သည် ရှုပေါ့ဗျာ (မှန်ပါ့)။

ဖြစ်တာနဲ့ ပျက်တာပဲ တွေ့ရမှာပဲ

အပြင်ဧည့်သည် ပေါ်ရင်လဲ (အပြင်ဧည့်သည် ရှုရမှာပါ)၊ အိမ်သည်နှစ်ခု-တစ်ခုခုပေါ်နေရင်ကော (တစ်ခုခု ရှုရမှာပါ)၊ တစ်ခုခု ရှုရလိမ့်မယ်ဆိုတာ သေချာပလား (သေချာပါပြီ)၊ အဲဒီကဲ့သို့ တစ်နေ့က ပြောခဲ့ပါတယ်တဲ့ အတွင်းဧည့်သည်ရယ် အပြင်ဧည့်သည်ရယ် အိမ်သည်ရယ်လို့ ဆိုပြီးသကာလ မဂ္ဂင်ငါးပါးနဲ့ ရှုပေးကြစမ်းပါ (မှန်ပါ့)၊ ရှုပေးတဲ့အခါကျတော့ ဖြစ်တာနဲ့ ပျက်တာပဲ တွေ့ရမှာပဲ၊ ဘာတွေ့ကြမယ် (ဖြစ်တာနဲ့ ပျက်တာပဲ တွေ့ကြပါမယ်)။

ဖြစ်တာနဲ့ ပျက်တာပဲ တွေ့လိမ့်မယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ်ဘုရား) အင်း ဖြစ်တာနဲ့ ပျက်တာဆိုရင် (သေချာပါတယ်ဘုရား) အင်း ဖြစ်တာနဲ့ ပျက်တာဆိုရင် “ဟုတွာ အဘာဝဋ္ဌေန အနိစ္စံ” ဆိုတဲ့ အတိုင်း ဟုတွာ=ဖြစ်ပြီး၍၊ အဘာဝဋ္ဌေန=ဤနေရာ၌မရှိခြင်းကြောင့် ပင်လျှင် အနိစ္စံ=အနိစ္စပဲဆိုသဖြင့် ဒကာ ဒကာမတို့ ဖြစ်ပြီး ပျက်သွားတဲ့ တရားဟာ ရှိသေးရဲ့လား (မရှိပါဘုရား)၊ အဲ မရှိတာက ဘယ့်နှယ်ခေါ်ကြမယ် (အနိစ္စပါ ဘုရား) မရှိတာကို မရှိမှန်း သိတာကမဂ် (မဂ္ဂပါဘုရား)။

အဲ ဝိပဿနာမဂ် သေသေချာချာ ဖြစ်သွားတော့ ဝိပဿနာ မဂ်မရဘဲနဲ့လဲ ဦးခင်မောင်ရဲ့ လောကုတ္တရာ မဂ် မရနိုင်ဘူး (မရနိုင်ပါဘူး) ရှင်းပလား (ရှင်းပါပြီ) ဝိပဿနာမဂ် မရဘဲနဲ့ (လောကုတ္တရာမဂ် မရနိုင်ပါဘူး)။

ဒါဖြင့် ဝိပဿနာမဂ် ရင့်သန်လာပြန်တော့လဲ လောကုတ္တရာမဂ် ဖြစ်သွားတာပဲ (မှန်ပါ့ဘုရား) ရှင်းပလား (ရှင်းပါပြီ)။

ဝိပဿနာ မဂ်ကို ကိုယ်တိုင်ကြိုးစားပါ

ဒါဖြင့် ခင်ဗျားတို့ တာဝန်က မဂ် ရ-ရပါလို၏လို့ ဆုတောင်းရမည့်အလုပ်ကို အသာချိတ်ထားပြီးသကာလ ဝိပဿနာ မဂ်ကို ကိုယ်တိုင်ကြိုးစားပါ (မှန်ပါ့ဘုရား) ရှင်းကြပလား (ရှင်းပါပြီ) ဘာလုပ်ကြရမယ် (ဝိပဿနာမဂ် ကြိုးစားရပါမယ်)။

ဝိပဿနာမဂ်ကို ကိုယ်တိုင်ကြိုးစားလို့ ဝိပဿနာမဂ်ဆို ရင့်လာလို့ရှိရင် လောကုတ္တရာမဂ်ဖြစ်မယ် (မှန်ပါ့) မဖြစ်ပေဘူးလား (ဖြစ်ပါတယ်ဘုရား) ဝိပဿနာမဂ် ရင့်လာရင် (လောကုတ္တရာမဂ် ဖြစ်ပါတယ်)။

လောကုတ္တရာ မဂ် ဖြစ်မယ်ဆိုတော့ ဪ ဒို့အလုပ်က ရှုဖို့အလုပ်ပဲ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ) ဒို့အလုပ်က (ရှုဖို့အလုပ်ပါဘုရား)။

အဲဒီတော့ ဒကာ ဒကာမတွေအလုပ်က ဘယ်စိတ်ပေါ်လာလာ ကိုယ်ပေါ်မှာ ယားတဲ့စိတ်ပေါ်လာလဲ ယားတဲ့ နေရာကလေး ဖြစ်ပျက်ရှုပေါ့ဗျာ (မှန်ပါ့)။

နာတဲ့စိတ်ပေါ်လာရင် (နာတဲ့စိတ် ဝိပဿနာရှု)။

ဝမ်းထဲမှာ ဝမ်းသာတဲ့ ပေါ်လာရင် (ဝမ်းသာတဲ့စိတ် ဖြစ်ပျက်ရှု)

စိတ်မချမ်းသာတာကလေး ပေါ်လာရင် (စိတ်မချမ်းသာတာ ဖြစ်ပျက်ရှု)။

ယုံမှားသံသယ စိတ်ကလေး ပေါ်လာရင် (သံသယ စိတ်ကလေး-ရှု)။

ဟိုပြေးဒီပြေး ပျံ့လွင့်တဲ့ ဥဒ္ဓစ္စစိတ်ကလေးပေါ်လာရင် (ဥဒ္ဓစ္စဖြစ်ပျက်ရှု)။

အကုန်ဖြစ်ပျက်ရှု ဒကာ ဒကာမတွေ ဖြစ်ပျက်ရှုရမှာချည်းပဲ (မှန်ပါ့)။

ကိုယ့်သန္တာန်မှာ ထင်ထင်ရှားရှား ပေါ်လာတာဟူသ၍ ဖြစ်ပျက်သာရှုကြ (မှန်ပါ့)၊ ဖြစ်ပြီးပျက်တဲ့ တရား ချည်းပဲဆိုတာ သေချာပလား (သေချာပါတယ်ဘုရား)။

အဲဒီကဲ့သို့ ဟောလိုက်တော့ အနုရာဓရဟန်းက ခန္ဓာငါးပါးစလုံးကို ဦးခင်မောင်ရေ ဖြစ်ပျက်တွေ ဘုရားက ဟောလိုက်တော့ သူ သဘောကျသွားတယ် (မှန်လှပါ)၊ သဘောကျသွားတယ် ဪ ပုဂ္ဂိုလ် သတ္တဝါ နဂိုရ်က မပါဘူး (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ)၊ ဘယ်လိုဆုံးဖြတ်ချက်ချသတုံး (ပုဂ္ဂိုလ်သတ္တဝါ နဂိုရ်က မပါဘူး)။

အနိစ္စ ဒုက္ခ အနတ္တသာရှိတယ် (မှန်ပါ့)၊ သူ သဘောကျသွားတယ်၊ ဘာသာလျှင်ရှိပါလိမ့် (အနိစ္စ ဒုက္ခ အနတ္တသာ ရှိပါတယ်)။

အနိစ္စ ဒုက္ခ အနတ္တသာ ရှိတယ်ဆိုတာ သူ ကျေကျေနပ်နပ် သဘောကျသွားတယ် (မှန်ပါ့ဘုရား) ကျေကျေ နပ်နပ် သဘောကျသွားတော့မှ သူ့ကိုပဲ ဦးခင်မောင် ပြန်ပြီးစစ်ပြန်တယ် (မှန်ပါ့) ပြန်ပြီးစစ်တယ်၊ ဒကာ ဒကာမတို့ ဒါရှေ့ပိုင်း ဆက်လက်ပြီး သူ့စစ်ပုံကလေး ပြတယ် (မှန်ပါ့)။

ခန္ဓာငါးပါးထက် ပိုပြီး ရှိသေးရဲ့ လား

အနုရာဓ တဲ့ ခန္ဓာငါးပါးရှိပါတယ်ကွာတဲ့၊ သတ္တဝါဆိုတာမှာ ရှုလိုက်တော့ ခန္ဓာငါးပါးထက် ပိုပြီး ရှိသေးရဲ့ လား (မရှိပါဘူးဘုရား)။

အဲဒီတော့ မင့်ကို ငါမေးချင်တယ်တဲ့၊ မင်းကို ငါမေးချင်တယ်ဆိုပြီး တရားနဲ့ဖြေမှ ရမယ့်ပုဂ္ဂိုလ် ဖြစ်နေတော့ တရားနဲ့ ဒိဋ္ဌိ ဝိစိကိစ္ဆာ သတ်ပေးရမယ့် ပုဂ္ဂိုလ်ဖြစ်နေလို့ ဘုရားက တရားနဲ့ဖြေပေးနေတယ်ဆိုတာ ဒကာသစ်တို့ မောင်မြတို့ သေသေချာချာ မှတ်ရမယ် (မှန်လှပါဘုရား)၊ တရားနဲ့ အဖြေပေးနေတယ်၊ မောင်ထွန်းလှိုင် ဘာနဲ့အဖြေ ပေးပါလိမ့် (တရားနဲ့ အဖြေပေးနေပါတယ်)၊ တရားနဲ့ အဖြေပေးနေတယ်ဆိုတာ ကျေနပ်ပလား (ကျေနပ်ပါပြီ)။

ကောင်းပြီ-ဒါဖြင့် ခုနက အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေး သုံးပါးဟောပြီး သူ သဘောကျသွားတော့မှ အနုရာဓ သဘောကျသွားတော့မှ ဦးခင်မောင်ရေ ပြစ်စစ်ပြန်တယ်-နော် (မှန်လှပါဘုရား)၊ အနုရာဓကို ပြန်စစ်တယ် ဒကာ ဒကာမတို့ သေသေချာချာ မှတ်ထားကြစမ်း။

ရုပ်ကိုပင် သတ္တဝါဆိုမလား

ဟေး အနုရာဓ ဟောဒီဘက်မှာကွာ ခန္ဓာငါးပါးရှိတယ်၊ ရုပ်ကိုပင် မင်းသည် သတ္တဝါဆိုမလား လို့ မေးလိုက်တယ်၊ ဘယ့်နှယ်ဖြေကြပါ့မလဲ (မဆိုရပါဘူးဘုရား) ရုပ်ကို သတ္တဝါလို့ဖြေမလားလို့ မေးလိုက်တယ် (မဆိုရ ပါဘူး) ဒကာ ဒကာမတွေကော (မဟုတ်ပါဘူး)၊ မဟုတ်ဘူးတဲ့ ဖြေရမယ် (မှန်ပါ့)၊ ရုပ်ကို သတ္တဝါလို့ ဆိုမလား (မဟုတ်ပါဘူးဘုရား)၊ ရုပ်တရား၌ ဝတ္တလို့ ဆိုမလား (မဟုတ်ပါဘူး) ရုပ်မှတစ်ပါး ဒီ့ပြင်တရားကိုပဲ သတ္တဝါလို့ ဆိုမလား (မဆိုနိုင်ပါဘူး) ရှိတာက ရုပ်နာမ်ပဲရှိတယ် မဟုတ်လား (မှန်ပါ့)၊ ရုပ်နာမ်ခန္ဓာငါးပါးပဲ ရှိတော့ အခုမေးပုံ ကလေး သတိထားစမ်း။

အနုရာဓ တဲ့ ပုဂ္ဂိုလ် သတ္တဝါလို့ ဆိုမလားကွလို့ မေးလိုက်တယ်ဆိုတော့ မဆိုပါဘူးဘုရား တဲ့၊ ခုနက ဒိဋ္ဌိ ဝိစိကိစ္ဆာသေသွားလို့ အဖြေထွက်လာပြီ (မှန်ပါ့)၊ ဒိဋ္ဌိ ဝိစိကိစ္ဆာသေသွားလို့ ဘာထွက်လာသတုံး (အဖြေထွက်လာ ပါတယ်ဘုရား) ပြန်ပြီးသကာလ စစ်တယ် နော်၊ ဘုရားက အနုရာဓကို ပြန်စစ်တာ ဦးခင်မောင် (မှန်လှပါဘုရား)၊ ဘယ်သူက ဘယ်သူ့ကို ဖြစ်စစ်တာပါလိမ့် (အနုရာဓကို ဘုရားက ပြန်စစ်တာပါ)၊ အခုန လက္ခဏာရေးသုံးပါးတွေ အကုန်ဟောပြီးပြီ မဟုတ်လား (မှန်ပါ့)၊ လက္ခဏာရေးသုံးပါးတွေ အနုရာဓကို ဘုရားက အကုန်ဟောပြီးပြီ။

အနုရာဓမှာ အတော် ရှင်းသွားပြီ

ဒါဖြင့် သူ့မှာ အတော်ရှင်းသွားပြီဆိုတဲ့ အဓိပ္ပာယ်ကော ရောက်ပလား (ရောက်ပါပြီ) အနုရာဓမှာ အတော် ရှင်းသွားပြီတဲ့၊ အဲဒီအချိန်ကျတော့မှ တိတ္တိတွေမေးတဲ့အမေးကို သူ ဖြေတတ်အောင်လို့ သင်ပါတယ် မောင်ထွန်းလှိုင်-ရ (မှန်လှပါ) ဒကာ ဒကာမတွေ တိတ္တိတွေမေးတဲ့ အမေးကို ဖြေတတ်အောင်လို့ သင်ပေးပါတယ် နော် (မှန်ပါ့)။

အနုရာဓ-ရုပ်ကို ဝတ္တဝါလို့ ဆိုမလားလို့မေးတော့ သူ ဘယ့်နှယ်ဖြေသတုံး (မဆိုပါဘူးဘုရား) မဆိုပါဘူးတဲ့ (မှန်ပါ့) ဝေဒနာကိုပဲ သတ္တဝါလို့ ဆိုမလား (မဆိုပါဘူးဘုရား) သညာကော (မဆိုပါဘူး) စေတနာဆိုတဲ့ သင်္ခါရတွေကော (မဆိုပါဘူးဘုရား) စိတ်ကို သတ္တဝါလို့ ဆိုမလား (မဆိုပါဘူးဘုရား) ဘာမှဆိုစရာက ပါမှ-မပါဘဲ (မှန်လှပါဘုရား)။

သတ္တဝါ နဂိုရ်မပါလို့ ဒကာ ဒကာမတွေလဲ ဆိုစရာမရှိပါဘူး။ အနုရာဓရဟန်း မေးတော့လဲ အနုရာဓ ရဟန်းက ဆိုစရာမရှိပါဘူးလို့ သူ ဖြေတာပဲ (မှန်ပါ့) တထပ်တည်း မကျသေးဘူးလား (ကျပါတယ်ဘုရား) သဘော ပါပြီနော် (ပါပါပြီ)။

ဒါဖြင့်ကွာ ငါ ဆက်မေးပါရစေဦးတဲ့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ရုပ်၌ သတ္တဝါလို့ ဆိုမလားလို့ မေးလိုက်တယ် ဘယ့်နှယ်ဖြေကြမလဲ (မဆိုပါဘူး)။

ဒါဖြင့် ရုပ်ကို ကြည့်ပြီးသကာလ သတ္တဝါ တပါးတခြားရှိသလားလို့ မေးရင်ကော (မရှိပါဘူးဘုရား)၊ ရုပ်မှ တပါးသော သတ္တဝါ ရှိရဲ့လား (မရှိပါဘူးဘုရား) ဝေဒနာမှ တပါးကော (မရှိပါဘူးဘုရား) မရှိပါဘူးတဲ့ ရုပ် ဝေဒနာ သညာ သင်္ခါရပဲရှိတယ်လို့ မောင်ထွန်းလှိုင် မှတ်လိုက်တာပေါ့ (မှန်ပါ့ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ)။

ခန္ဓာငါးပါးကို သတ္တဝါလို့ ဆိုမလား

ဒါနဲ့ အခု ပုစ္ဆာနှစ်ခု ဘုရားက သူ့ကို မေးလိုက်ပြီး သကာလ သုံးခုမြောက် တစ်ခါတည်းမေးပြန်တယ်တဲ့၊ ဒါဖြင့်ကွာ တဲ့ မင်း ဒီ ခန္ဓာငါးပါးကို သတ္တဝါလို့ ဆိုမလားလို့ မေးပြန်တယ် ဆိုနိုင်ကြရဲ့လား (မဆိုနိုင်ပါဘူး ဘုရား) ခန္ဓာငါးပါးဟာ ခန္ဓာငါးပါးပဲ ဆိုရမယ် ဒကာ ဒကာမတို့ (မှန်ပါ့) သတ္တဝါ ပါရဲ့လား (မပါပါဘူး)။

အဲဒီတော့ အနုရာဓတဲ့ ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ် အပေါင်းကိုပဲ မင်း သတ္တဝါ ဆိုမလားလို့မေးလိုက်တဲ့အခါကျတော့ “နောဟေတံဘန္တေ” တပည့်တော် မဆိုပါဘူးဘုရား၊ ဒါဖြင့် သတ္တဝါမပါကြောင်း သူ့ဝမ်းထဲ ရှင်းမသွားသေးဘူးလား (ရှင်းသွားပါပြီဘုရား)။

ကိုင်း ဒါဖြင့် ပုစ္ဆာသုံးခု ပြီးသွားပြီနော် ၁-နံပါတ်က ရုပ်ကို သတ္တဝါဆိုမလား (မဆိုပါဘူး) ဝေဒနာကို သတ္တဝါဆိုမလား (မဆိုပါဘူးဘုရား) သညာကို ဆိုမလား (မဆိုပါဘူး)၊ သင်္ခါရကို ဆိုမလား (မဆိုပါဘူး) သိညာဏ် ဆိုတဲ့ စိတ်ကို ဆိုမလား (မဆိုပါဘူး)။

ဒီဟာလဲ ပုစ္ဆာတစ်ခု (မှန်ပါ့ဘုရား) ရုပ်မှတပါး ဒီဟာတွေကို သတ္တဝါဆိုမလား (မဆိုပါဘူးဘုရား) ဒီလို သတ္တဝါဆိုလို့ကော ရရဲ့လား (မဆိုပါဘူး)။

နဂိုရ်က မရှိတာကို မရှိဘူးလို့ သိထားရမယ်

အဲဒီတော့ နဂိုရ်က မရှိတာကို မရှိဘူးလို့ သိထားရမယ် (မှန်ပါ့)၊ ဒကာ ဒကာမတို့ ဘယ်လိုမှတ်ရမယ် (နိဂိုရ်က မရှိတာကို မရှိဘူးလို့ သိထားရမယ်)၊ နဂိုရ်က မရှိတာ မရှိဘူးလို့ မှတ်ထားမှ တိုးတက်တော့မပေါ့ဆိုတာ သဘောပါပလား (ပါပါပြီ)။

ဒါနဲ့ အခုပုစ္ဆာ ရုပ်ကို သတ္တဝါခေါ်မလား ၁-နံပါတ်ပုစ္ဆာ ပြေသွားပြီ၊ ရုပ်မှတပါး သတ္တဝါဆိုမလား ဆိုတာကော ဖြေစရာရှိရဲ့လား (မရှိပါဘူး) ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်မှတပါး ပုဂ္ဂိုလ် သတ္တဝါများရှိရဲ့လား (မရှိပါဘူး) အဲ မရှိဘူးဆိုတာ သိသွားတော့ ပုစ္ဆာနှစ်ခု မပြေသေးဘူးလား (ပြေပါတယ်ဘုရား)။

ဒါဖြင့် ရုပ် နာမ် ခန္ဓာငါးပါးကိုကော သတ္တဝါ ဆိုမလားလို့မေးရင် ခန္ဓာငါးပါးကို သတ္တဝါဆိုမလား (မဆိုပါဘူး) မဆိုနိုင်ဘူးတဲ့၊ ဒါ သတ္တဝါမဟုတ်ဘူး၊ ခန္ဓာငါးပါးဟာ ခန္ဓာငါးပါးပဲ ဒကာ ဒကာမတို့ (မှန်ပါ့)၊ ဒီ့ပြင် ဘာပါသေးသတုံး (မပါပါဘူးဘုရား)။

ဒါဖြင့်ကွာ တဲ့ အနုရာဓ-ပုစ္ဆာသုံးခု ငါမေးပြီးပြီ၊ စတုတ္ထပုစ္ဆာ ငါမေးဦးမယ်ဆိုပြီး သူ့ဒိဋ္ဌိ ဝိစိကိစ္ဆာ ပြုတ် မပြုတ် မေးနေတာ (မှန်ပါ့ဘုရား) ဘယ်သူ့မေးနေတာတုံး (အနုရာဓမေးနေတာပါဘုရား)၊

ဒိဋ္ဌိ ဝိစိကိစ္ဆာ ပြုတ်,မပြုတ် မေးနေတာ

အနုရာဓရဟန်းကို ဘုရားက ဒိဋ္ဌိ ဝိစိကိစ္ဆာ ပြုတ်မပြုတ် မေးနေတာလို့ ဒကာ ဒကာမတွေ မှတ်လိုက်စမ်းပါနော် (မှန်ပါ့ဘုရား)။

ဒါဖြင့်ကွာ တဲ့ ခန္ဓာငါးပါးမှ တပါးကို သတ္တဝါဆိုမလားလို့ မေးလိုက်တယ် (မှန်ပါ့)၊ ရုပ်မဟုတ်တာ သတ္တဝါ ဆိုမလား၊ ဝေဒနာမဟုတ်တာ သတ္တဝါ ဆိုမလား၊ ဆိုနိုင်ကြရဲ့လား (မဆိုနိုင်ပါဘူး)။

ရုပ်မဟုတ်တာ သတ္တဝါ ဆိုမလား (မဆိုနိုင်ပါဘူး)။

ဝေဒနာမဟုတ်တာ သတ္တဝါ ဆိုမလား (မဆိုနိုင်ပါဘူး)။

သညာမဟုတ်တာ သတ္တဝါ ဆိုမလား (မဆိုနိုင်ပါဘူး)။

သင်္ခါရမဟုတ်တာ သတ္တဝါ ဆိုမလား (မဆိုနိုင်ပါဘူး)။

ဝိညာဏ်မဟုတ်တာကို (မဆိုနိုင်ပါဘူး)။

သတ္တဝါ မဆိုနိုင်ဘူးဆိုတော့ မပါဘူးပြောတာနဲ့ ရှင်းမသွားသေးဘူးလား (ရှင်းသွားပါတယ်ဘုရား) ပါကော ပါသေးရဲ့လား (မပါပါဘူး) အဲ မပါတော့ ဒကာ ဒကာမတွေ ရှင်းပြီးသကာလ သွားပြီတဲ့။

အဲဒီတော့ ဒကာ ဒကာမတွေလဲ ရှင်း၊ ဘုရားကလဲ အနုရာဓ ရဟန်းကို ရှင်းပေးတဲ့အတိုင်း အခု ဒကာ ဒကာမတွေ ဘုန်းကြီးဟောထားလို့ သိထားတာနဲ့ ဦးခင်မောင်တထပ်တည်းကျတယ် (ကျပါတယ်)၊ အလုပ်လုပ်ရုံပဲ ကျန်တော့တယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ ဘာလိုပါလိမ့်မလဲ (အလုပ်လုပ်ရုံပဲ ကျန်ပါတော့တယ်)။

အလုပ်လုပ်ဖို့ အရေးကြီးနေတယ်၊ ဒါကို ဖြိုင်ဖြိုင်လုပ်နိုင်ဖို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အရေးကြီးနေတယ်။ စိတ်တွေပေါ်တိုင်းပေါ်တိုင်း ရှုနိုင်ဖို့ အရေးကြီးပါတယ်ဆိုတာကော ပေါ်ကြပလား (ပေါ်ပါပြီ)။

ငရဲမျိုးစေ့ ကိန်းနေတယ်

အဲဒီတော့ ဘုန်းကြီးက အထူးမပြောပါဘူးတဲ့ ဒကာ ဒကာမတို့ ကိုယ့်မှာ ဒိဋ္ဌိ ဝိစိကိစ္စာ ရှိနေလို့ရှိရင် ငရဲမျိုးစေ့ ဝမ်းထဲမှာ အနုသယသဘောနဲ့ ကိန်းနေတယ်လို့ မှတ်လိုက်စမ်းပါ (မှန်လှပါ)၊ ဦးခင်မောင် ဒိဋ္ဌိ ဝိစိကိစ္ဆာ ရှိနေရင် ဘာကိန်းနေတာတုံး (ငရဲမျိုးစေ့ ကိန်းနေပါတယ်ဘုရား)။

ငရဲမျိုးစေ့ ကိန်းပြီးသကာလနေတော့ ကျုပ်တို့ ဒီငရဲကောင် ငရဲပင်ကြီးဟာ သေသည်ဒအခြားမဲ့၌တဲ့ ဒီငရဲမျိုး စေ့ဟာ နတ်ပြည်ရောက်သွားလဲ မဂ်မရသေးလို့ရှိရင် ငရဲမျိုးစေ့ နတ်ပြည်ပါသွားတာပဲ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ ဗြဟ္မာပြည်ရောက်ကော (ပါပါတယ်ဘုရား)။

ဒိဋ္ဌိ ဝိစိကိစ္ဆာသာ မပြုတ်လို့ရှိရင် ဒိဋ္ဌိ ဝိစိကိစ္ဆာဆိုတဲ့ ငရဲမျိုးစေ့ဟာ ဒကာ ဒကာမတို့ ဗြဟ္မာဝမ်းထဲမှာကော (ရှိပါတယ်ဘုရား)၊ အနုသယသဘောနဲ့ မရှိဘူးလား (ရှိပါတယ်)။

အေး ဒါကြောင့် “ဒိဋ္ဌာနုသယော အနုသေတိ” ယမိုက်ပါဠိတော်များမှာ အင်မတန်လာပါတယ် နော် (မှန်ပါ့)၊ အဲဒါတွေ ထောက်ပြီးကြည့်တဲ့အခါကျတော့ ဪ ဘယ်သွားနေလို့မှ စိတ်မချရပါကလား၊ ငရဲမျိုးစေ့ မရှိရင် ငရဲစိတ်ချရတယ် (မှန်လှပါဘုရား) ငရဲမျိုးစေ့ မရှိရင်တော့ဖြင့် (စိတ်ချရပါတယ်ဘုရား)၊ ငရဲစိတ်ချရတယ်၊ ငရဲမျိုးစေ့ ရှိလို့ရှိရင်ဖြင့် လူ့ပြည်နေကော (စိတ်မချရပါဘူး)၊ စိတ်မချရ၊ နတ်ပြည်သွားကော (စိတ်မချရပါဘူး)၊ ဗြဟ္မာ့ပြည်သွားကော (စိတ်မချရပါဘူး) စိတ်မချရသေးပါဘူးတဲ့။

ငရဲမျိုးစေ့ ဖြုတ်ဖို့

ဒါဖြင့် ငရဲမျိုးစေ့ ဖြုတ်ဖို့ဆိုတော့ ခန္ဓာငါးပါးကိုလဲ သိထား၊ ဖြစ်ပျက်တရားမှန်ကိုလဲ သိထား၊ ဖြစ်ပျက်သိလို့ ဖြစ်ပျက်မုန်းအောင်လုပ်၊ ဖြစ်ပျက်ဆုံးမှသာလျှင် နိဗ္ဗာန်မြင်မှ ဒိဋ္ဌိ ဝိစိကိစ္ဆာက ငရဲမျိုးစေ့ ဝမ်းထဲမှာ မဂ်ကနေပြီး သကာလ ချေမှုန်းပစ်လိုက်လို့ အကုန်ပြုတ်ပြုတ်ပြုန်းတယ်ဆိုတာ ဦးခင်မောင် မှတ်ရလိမ့်မယ် (မှန်ပါ့ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ငရဲမျိုးစေ့ ဝမ်းထဲရှိနေတဲ့ ပုဂ္ဂိုလ်မှာ သားကိစ္စ သမီးကိစ္စ စီးပွားရေးကိစ္စထက် ကိုယ်ဝမ်းထဲမှာရှိတဲ့ ငရဲမျိုးစေ့ ဪ ငါသေလို့ရှိရင် ငရဲရောက်သွားမှာပဲ ဆိုလို့ရှိရင်ဖြင့် သားကိစ္စ သမီးကိစ္စ ဆွေကိစ္စ မျိုးကိစ္စထက် ဒိဋ္ဌိဖြုတ်မှု ဝိစိကိစ္ဆာဖြုတ်မှုခင်ဗျားတို့ အရေးတကြီးထားပြီးလုပ်ပါဆိုတာ အခု တရားအရည်လည် လာလို့ ပြောတယ် (မှန်ပါ့ဘုရား) မပြောထိုက်ဘူးလား (ပြောထိုက်ပါတယ်ဘုရား) သဘောပါကြပလား (ပါပါတယ်)၊ သားရေး သမီးရေး စီးပွားရေးကို မလုပ်နဲ့လို့ ခင်ဗျားတို့ကို ဘုန်းကြီးက မဟောပါဘူး။

သို့သော် ငရဲမျိုးစေ့ ဖြုတ်မှုနဲ့ သားရေး သမီးရေး လုပ်မှုနဲ့ ခင်ဗျားတို့ ကိုယ့်ကိုယ်ကိုယ် သနားရင် ဘယ်ဟာ လုပ်ဖို့သင့်သတုံး (ငရဲမျိုးစေ့ ဖြုတ်ဖို့ အရေးကြီးပါတယ်ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ)။

ဒါပြတ်ပြတ်သတ်သတ် မေးပြီ ဆရာဘုန်းကြီးက ဟောနေတယ်လို့ ဒီလိုမယူလိုက်ပါနဲ့ (မှန်ပါ့)၊ ဒီလိုမယူပါနဲ့၊ ကိုယ့်ကိုယ်ကိုယ် ချစ်ပါတယ် ခင်ပါတယ် သနားပါတယ်ဆိုလို့ရှိရင်ဖြင့် ကိုယ့်အရေး ကိုယ်တွေးကြ၊ ကိုယ့်ကိုယ် ဆေးတိုက်ကြ၊ ကိုယ့်ကို ထမင်းကျွေးကြ၊ ဦးခင်မောင်တို့ ဒါ ဝတ္တရားကြီးပဲနော် ၊ သနားလွန်းလို့၊ ချစ်လွန်းလို့၊ မေတ္တာပို့တာတောင်မှ “အဟံ အဝေရော ဟောမိ” ငါအရင်ချမ်းသာပါရစေဆိုတာ မပါဘူးလား (ပါပါတယ်ဘုရား)။

ဒါလောက်တောင် ချစ်တဲ့ပုဂ္ဂိုလ် ဒါလောက်တောင်ပဲ ကိုယ့်ကိုယ်ကိုယ် သနားတတ်တဲ့ပုဂ္ဂိုလ်တွေ၊ ခြင်ကလေး ကိုက်မယ် ကိုယ့်ယပ်တောင်ကလေးနဲ့ ဖယ်ပစ်ဖို့ ခြင်ရိုက်ကလေးနဲ့ ဖယ်ပစ်လို့ မရှိကြဘူးလားဗျာ (ရှိပါတယ်ဘုရား)၊ လေလုံမိုးလုံရှိသော အိမ် ကြီးကြီးကျယ်ကျယ် ကောင်းကောင်းမွန်မွန် ဆောက်လို့၊ ဒါတွေဟာ ကိုယ့်ကိုယ်ကိုယ် သနားတဲ့ အဓိပ္ပာယ် မပါဘူးလား (ပါပါတယ်ဘုရား) ရှင်းပလား (ရှင်းပါပြီ)။

ဒီသနားတာက သနားစစ် မဟုတ်ပါဘူး

အဲဒီတော့ ဒီသနားတာက သနားစစ် မဟုတ်ပါဘူးတဲ့၊ ကိုယ့်ကိုယ်ကိုယ်ထဲမှာ ဒိဋ္ဌိ ဝိစိကိစ္ဆာဆိုတဲ့ ငရဲမျိုးစေ့ ရှိတယ် ဦးခင်မောင်ရေ (မှန်လှပါဘုရား) အဲဒါအရင် ထုတ်ပစ်နိုင်မှ ကိုယ့်ကိုယ်ကိုယ် သနားရာ ရောက်ပါတယ် (မှန်လှပါ)၊ ရှင်းပလား (ရှင်းပါပြီ)။

ကိုယ့်ကိုယ်ကိုယ် ရွှေတွေ သီးနေအောင် ဝတ်၊ ရွှေတွေတစ်ကိုယ်လုံးကို သိန်းတစ်ရာဖိုးလောက် ဆင်ထားလဲ ဒါ ငရဲမျိုးစေ့က ဝမ်းထဲရှိနေလို့ရှိရင်ဖြင့် ဦးခင်မောင် စိတ်ချရပလား (စိတ်မချရပါဘူးဘုရား)။

စိတ်မချရသေးတော့ ဒကာ ဒကာမတို့ ကိုယ့်ကိုယ်ကိုယ် သနားခြင်းအစစ်က ဝမ်းထဲမှာရှိနေတဲ့ ဒိဋ္ဌိ ဝိစိကိစ္စာ ငရဲမျိုးစေ့ကို ဖယ်ပေးဖို့ အရေးကိုပြီးအောင် အရေးတကြီးလုပ်နေတဲ့ ပုဂ္ဂိုလ်က ကိုယ့်ကိုယ်ကိုယ် သနားတဲ့ပုဂ္ဂိုလ် (မှန်လှပါဘုရား) သဘောပါကြလား (ပါပါပြီ)၊ ကိုယ့်ကိုယ်ကိုယ် သနားတဲ့ပုဂ္ဂိုလ်ဟာ ဘာတုံးဗျာ (ဒိဋ္ဌိ ဝိစိကိစ္ဆာ အရေးတကြီး ဖြုတ်တဲ့ပုဂ္ဂိုလ်)။

ဒိဋ္ဌိ ဝိစိကိစ္ဆာ အရေးတကြီး ဖြုတ်နေတဲ့ ပုဂ္ဂိုလ်ဟာ ကိုယ့်ကိုယ်ကိုယ် သနားတဲ့ပုဂ္ဂိုလ်၊ စိန်တွေဆင် မြတွေ ဆင်ပြီး ကားတွေဝယ်စီးနေတဲ့ပုဂ္ဂိုလ်ကို ကိုယ့်ကိုယ်ကိုယ် သနားတဲ့ပုဂ္ဂိုလ်လို့ ဆိုရမှာလား ဦးခင်မောင် (မဆိုပါရဘူး ဘုရား)။

အဲဒီတော့ ဒကာ ဒကာမတို့ ရောဂါရှိလို့ရှိရင် ပျောက်တာ အကောင်းဆုံးပဲဆိုတာသည် ဘာမှဆုံးဖြတ်ချက် ချပေးနေစရာမလိုပါဘူး (မှန်ပါ့)၊ လိုသေးရဲ့လား (မလိုပါဘူး)၊ ငရဲမျိုးစေ့ရှိနေတဲ့ ရောဂါကို ငရဲမျိုးစေ့ အရင်ကုပစ် ပြီးမှ ကျုပ်တို့သည် ကားလို့ဆိုရင် အေးအေးချမ်းချမ်းနေဖို့ ဝတ္တရား မရှိဘူးလား (ရှိပါတယ်ဘုရား)။

အဲဒီ ငရဲမျိုးစေ့ရှိနေတော့ ဒိဋ္ဌိ ဝိစိကိစ္ဆာကပဲ ပဋိသန္ဓေအကျိုး ပေးလိုက်တဲ့အခါကျတော့ ငရဲကောင်ကြီးတွေ ဖြစ်ပြီး မလာပေဘူးလား (လာပါတယ်ဘုရား)။

ငရဲကောင်ကြီးတွေ ဘယ်သူကများ စီမံလိုက်ပါလိမ့်မတုံး

အဲဒီတော့ ငရဲကောင်ကြီးတွေ ဘယ်သူကများ စီမံလိုက်ပါလိမ့်မတုံးဆိုတော့ ဒိဋ္ဌိ ဝိစိကိစ္ဆာရှိလို့ ကံက စီမံ လိုက်တာ (မှန်လှပါဘုရား) ဒိဋ္ဌိ ဝိစိကိစ္ဆာ မရှိတဲ့ပုဂ္ဂိုလ်ကျတော့ ကံက မစီမံပါဘူး (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒိဋ္ဌိ ဝိစိကိစ္ဆာ ရှိရင်တော့ဖြင့် ကံက စီမံလိုက်တော့ ကျုပ်တို့မှာ ငရဲကောင်ဆိုတဲ့ ခန္ဓာကြီး မပေါ်ပေဘူးလား (ပေါ်ပါတယ်)၊ ဥပပတ်ပဋိသန္ဓေ ဘွားကနဲ ပေါ်လာတော့ ဪ ဒိဋ္ဌိ ဝိစိကိစ္ဆာ ရှိတဲ့ပုဂ္ဂိုလ်မှာ ငရဲမှာရတဲ့ပစ္စည်းနဲ့ ဆပ်ရသလား ခန္ဓာနဲ့ ဆပ်ရသလား (ခန္ဓာနဲ့ ဆပ်ရပါတယ်ဘုရား)။ ပေါ်ကြပလား (ပေါ်ပါပြီ) ဘာနဲ့ ဆပ်ရသတုံး (ခန္ဓာနဲ့ဆပ်ရပါတယ်)။

ဪ ဒကာ ဒကာမတို့ ခင်ဗျားတို့ဟာ ခန္ဓာနဲ့ဆပ်ရတဲ့အလုပ်လောက် လောကကြီးမှာဖြင့် ရှုံးတာ ဘယ်ရှာ တွေ့ပါ့မလဲ (မှန်ပါ့)၊ တွေ့ကြပါ့မလား (မတွေ့ပါဘူး)။

ကဲ ဒကာ ဒကာမတွေ ဒီ့ပြင်ဟာ မကြည့်ပါနဲ့ ဝက်တွေသည်ကားလို့ ဆိုလို့ရှိရင် ဒီ့ပြင်နွားမှာ ပခုံးနဲ့ အမှုထမ်းရတယ်၊ မြင်းမှာလဲ ဒကာ ဒကာမတို့ သိတဲ့အတိုင်းပဲ ပခုံးနဲ့ပဲ အမှုထမ်းရတယ် ထားပါဦးတော့ နော်၊ ဝက်က ဘာနဲ့လူတွေအတွက် အမှုထမ်းရသတုံး-မေးလို့ရှိရင်ဖြင့် အသားနဲ့ အမှုထမ်းရတယ် (မှန်ပါ့ဘုရား) ဆိတ်က ကော (အသားနဲ့ အမှုထမ်းရပါတယ်)။

ကဲ ဒါဖြင့် ခင်ဗျားတို့ ဘယ်အမှုထမ်း ကြိုက်သတုံးလို့ မေးလို့ရှိရင် ဖြစ်ခြင်းဖြစ်ရင် မြင်းဖြစ်ရတာက တော်သေးတယ် (မှန်ပါ့ဘုရား) သဘောကျပလား (ကျပါပြီ)၊ ဝက်ဖြစ်ရတာတော့ တော်ပါ့မလား (မတော်ပါဘူး)၊ ဦးခင်မောင် ဘာဖြစ်ချင်သတုံး ဘာမှမဖြစ်ပါရစေနဲ့တော့လား ရိပ်မိကြပလား (ရိပ်မိကြပါပြီ)။

ဘာမှ မဖြစ်ချင်ကြပါနဲ့ ဆိုတဲ့ဥစ္စာ ဆိုးတော့ဖြင့် အဆိုးချည်းပဲ၊ ပခုံးနဲ့ အမှုထမ်းရလဲ ဒကာ ဒကာမတို့ အင်မတန် ကြမ်းတမ်းတာပဲ၊ ဆိုထိုက်ပလား (မှန်ပါ့)၊ ခုနက အသားနဲ့အမှုထမ်းရတဲ့ ဦးခင်မောင် ငါးတို့ ဝက်တို့ ကြက်တို့ဆိုတော့ သာလို့မဆိုးဘူးလား (ဆိုးပါတယ်ဘုရား) အသားနဲ့ အမှုထမ်းရတယ် (မှန်ပါ့)။

အသားနဲ့ အမှုထမ်းရမှာ

ဒါဖြင့် ငရဲကျတော့ ဘာနဲ့နှစ်စေ့အောင် လုပ်ရမှာပါလိမ့် (ခန္ဓာနဲ့ နှစ်စေ့အောင်လုပ်ရမှာပါ)၊ ခန္ဓာနဲ့နှစ်စေ့ အောင် အမှုထမ်းရတယ်ဆိုတော့ ဝက်လိုပဲ အသားနဲ့အမှုထမ်းသလို ဖြစ်နေတယ် (မှန်လှပါဘုရား) သဘောကျကြ ပလား (ကျပါပြီ)၊ ဘာနဲ့ အမှုထမ်းရမှာတုံး (အသားနဲ့အမှုထမ်းရမှာပါ)။

အသားနဲ့ အမှုထမ်းရမှာဖြစ်နေတော့ ထမ်းနိုင်ကြပါ့မလားလို့-မေးကြည့်တော့ ဘယ်သူမှ ဒီထဲမှာ ထမ်းနိုင်မည့် ပုဂ္ဂိုလ် တစ်ယောက်မှ မပါဘူး (မပါပါဘူးဘုရား) ထမ်းချင်တဲ့စိတ်ကော ပေါ်ကြရဲ့လား (မပေါ်ပါဘူးဘုရား) ဘာဖြစ်လို့ မပေါ်တုံး ဟာ ဒီဥစ္စာတော့ မကြိုက်နိုင်ဘူးဘုရား (မှန်ပါ့)။

မကြိုက်နိုင်ပါဘူး ဒကာ ဒကာမတို့၊ အသားနဲ့အမှုထမ်းရမယ် ဆိုလို့ရှိရင်ဖြင့် ပခုံး ကြိုက်သေးတယ် ဦးခင်မောင်ရေ (မှန်လှပါဘုရား) အသားနဲ့ အမှုထမ်းရတယ်ဆို ဒကာ ဒကာမတို့ ပခုံးနဲ့ ထမ်းရတာက ဘယ့်နှယ်တုံး (သက်သာပါသေးတယ်ဘုရား) တော်သေးတယ်၊ အဲဒါလဲ ဖြစ်ချင်ရဲ့လား မေးတော့ (မဖြစ်ချင်ပါဘူး)။

ဒါလဲ မဖြစ်ချင်ပါဘူး ဆိုလို့ရှိရင်ဖြင့် ဒီ့ထက်ဆိုးဝါးတာက ဒကာ ဒကာမတို့ အသားနဲ့လဲ အမှုထမ်းရသေး တယ် အသေလဲ မသေရဘူးတဲ့ (မှန်ပါ့)၊ ဝက်က ဥပမာ လှံနဲ့ မိသွားတယ်ဆိုရင် သေပြီးသကာလ သူ့အသားနဲ့ အမှုထမ်းရတယ်၊ သေသွားတာကိုး (မှန်ပါ့)။

သေပြီးတော့ အသားတွေက အမှုထမ်းနေတော့ သူ သိသေးရဲ့လား (မသိပါဘူး)၊ တော်သေးတယ်ပေါ့ (မှန်ပါ့) ငရဲကတော့ မီးထဲမှာ အရှင်လတ်လတ်နဲ့ အမှုထမ်းရတာ (မှန်ပါ့)၊ ဘယ်လိုဆိုကြမယ် (အရှင်လတ်လတ်နဲ့ အမှုထမ်း ရပါတယ်)။

ဒါဖြင့် ဝက် အမှုထမ်းတောင် ကြိုက်ဖို့တော်သေးတယ်၊ ငရဲအမှုထမ်းရတာ ဒီ့ထက်ဆိုးတယ် ပေါ်ကြပလား (ပေါ်ပါပြီဘုရား)၊ ဘယ်အမှုထမ်းက သာဆိုးသလဲ (ငရဲအမှုထမ်းက သာဆိုးပါတယ်)။

အဲဒီတော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဪ ဒီငရဲဟာကွာ တဲ့၊ ငါဘုရားဖြစ်တဲ့ နေ့ကပဲ စပြီး မြင်ပါတယ်တဲ့ အရှင်အတိုင်း အမှုထမ်းရတာ ဟေ့တဲ့ ကံမကုန်သ၍ အရှင်အတိုင်း မီးထဲမှာ အမှုထမ်း၊ ကြေးရည် တွေထဲမှာ အမှုထမ်း၊ ကြားထဲ ကံသည် ဒီနေရာမှာပဲ ပြတ်ပြီး ဒီနေရာမှာပဲ ပြန်ဆက်ပြီး အမှုထမ်းရတယ်ဆိုတော့ ဦးခင်မောင် အသေ အမှုထမ်းရလို့ရှိရင်လဲ တော်သေးတယ်။

အရှင်လတ်လတ် အမှုထမ်းရမယ်

တခါထပ်ထပ်ပြီးသေ၊ သေနေတဲ့အသားအရေကို အရပ်ကဝေစား ကိစ္စမရှိဘူး၊ သူ လာသိသေးရဲ့လား (မသိ ပါဘူး)။ အဲဒါ တော်သေးတယ်လို့ ဦးခင်မောင် ဆိုထိုက်-မဆိုထိုက် (ဆိုထိုက်ပါတယ်ဘုရား) မောင်ထွန်းလှိုင် ဆိုထိုက် မဆိုထိုက် (ဆိုထိုက်ပါတယ်) ဟိုမှာ အရှင်လတ်လတ် အမှုထမ်းရမယ်ဆိုတော့ ဒကာ ဒကာမတို့ မီးထဲမှာ ပြေးရမယ်၊ မီးထဲမှာပဲ အသွားအပြန် လုပ်နေရမယ်။

လောင်လိုက်တဲ့ မီးကလဲ ဒီနေရာမှာ ခြေထောက် လောင်လိုက်တော့ ခြေထောက်ပါ ကျွတ်ကျ၊ နောက်ခြေ ထောက်နဲ့ ပြန်ပြေး၊ ပြေးတဲ့ခြေထောက် ပြန်ကျွတ်ကျ-ဆိုတော့ ဒကာ ဒကာမတို့ ဒိဋ္ဌိနဲ့ဝိစိကိစ္ဆာ သတ္တိသေးသလား (မသေးပါဘူးဘုရား)။

ဒါဖြင့် ဒီအရေးဟာ ဒကာ ဒကာမတို့ သားရေး သမီးရေး စီးပွားရေးထက် အပါယ်ရေသောက်မြစ် ပြုတ်ရေးကို ဦးခင်မောင် ပိုကြီးရမယ်လို့ ဘုရားဟောတဲ့အတိုင်း ဆရာသမား ပြောတာ ဘုန်းကြီးများ ဟောတာကို ဒကာ ဒကာမတို့ ငြင်းဆန်ပြီး ပေတေတေ လုပ်နေဖု့ိတော့ မတော်ဘူးထင်တယ် (မတော်ပါဘူး)။

ဒီထဲမှာ ပေတဲ့လူများ ပါသေးလား (မပါပါဘူး) ဒီနေရာမပါဘူး၊ အိမ်ကျမှ ပေကြရင်တော့ အတော်ဆိုးတာ (မှန်ပါ့)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ အနုရာဓရဟန်းကို အခု ဝတ္ထုသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ဘုရားသခင် ကိုယ်တော် မြတ်ကြီးသည် သစ္စာထိုက်အောင် အနုရာဓရဟန်း ဟောရတယ် (မှန်လှပါ)။ အခု အနိစ္စ ဒုက္ခ အနတ္တသာ ဟောသေးတာကိုးဗျ (မှန်လှပါ)၊ ပုဂ္ဂိုလ် သတ္တဝါ မပါရုံသာ သူ ဖြုတ်ပါသေးတယ်ဆိုတာ သဘောကျပလား (ကျပါပြီ)။

ဒိဋ္ဌိ ဝိစိကိစ္ဆာ ရှိသေးရဲ့လား

အဲဒီတော့ သူ့ ဒိဋ္ဌိ ဝိစိကိစ္ဆာတော့ ဒကာ ဒကာမတို့ သိတဲ့အတိုင်းတဲ့ အခုနက လေးချက်မေးလိုက် ကတည်းက သူ ဒိဋ္ဌိ ဝိစိကိစ္ဆာ ရှိသေးရဲ့လား (မရှိပါဘူးဘုရား)။

ရုပ်ကို သတ္တဝါဆိုမလား ဆိုတော့လဲ ဘယ့်နှယ်ဖြေကြမလဲ (မဆိုပါဘူးဘုရား)။

ဝေဒနာကို သတ္တဝါဆိုမလား (မဆိုပါဘူး)။

ဝေဒနာမှ တပါးတွေကော သတ္တဝါဆိုမလား (မဆိုပါဘူး)။

ခန္ဓာငါးပါး အပေါင်းကို သတ္တဝါဆိုမလား (မဆိုပါဘူးဘုရား)။

ခန္ဓာငါးပါးမှ တပါးသော တရားတွေကို သတ္တဝါဆိုမလား (မဆိုပါဘူး)။

အဲဒီတော့ ဒကာ ဒကာမတွေက သိနေတော့ ဪ ဘယ်သတ္တဝါ ပါရမတုံး အနိစ္စတရား ဒုက္ခတရား အနတ္တရား ဒုက္ခသစ္စာတရားတွေပဲ ဒါမှတပါး ဘာမှမရှိဘူးဆိုတာ ဒကာ ဒကာမတွေ ပေါ်ကြပလား (ပေါ်ပါပြီ)။

ဒါဖြင့် သတ္တဝါသေရင် ဖြစ်သေးသလားဆိုတော့ ဖြေစရာရှိရဲ့လား (မရှိပါဘူး) သတ္တဝါသေရင် မဖြစ်တော့ဘူး လားဆိုတော့ကော (ဖြေစရာမရှိပါဘူး) ပုဂ္ဂိုလ်မှမပါဘဲ ရုပ်နာမ်အဖြစ်အပျက်ပဲ ရှိတာပဲ (မှန်လှပါ)၊ သတ္တဝါကော ပါကြရဲ့လား (မပါပါဘူး)။

အဲဒါ ဒီနေ့ ရှင်းနေအောင် ဟောပါတယ်၊ နက်ဖြန် သစ္စာထိုက်အောင် ဟောလိမ့်မယ် (မှန်လှပါဘုရား)။

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ဒီ-ခန္ဓာငါးပါး ဖြစ်ပျက်တရားမှတပါး ဘာများရှိသေးသတုံး (ဘာမှမရှိပါဘူး)။ အဲဒါ ခင်ဗျားတို့ အိမ်ကျတဲ့အခါကျတော့ ဘုန်းကြီးတနေ့က သင်ထားတဲ့ စိတ်တွေကို အကုန်ရှုပြီးသကာလ နေကြလို့ရှိရင် အဖြစ်အပျက်တွေ မြင်လို့ရှိရင်လဲ ဒကာ ဒကာမတို့ ဒိဋ္ဌိ ကွာပါလိမ့်နော် (မှန်လှပါ) မကွာပေဘူးလား (ကွာပါတယ်)။

ကွာရုံတွင်မကဘူး ဖြစ်ပျက်တွေဟာ ကိုယ့်အသေ ကိုယ်မြင်ရသဖြင့် ကိုယ့်ဖြစ်ပျက်ဆိုတာ ကိုယ့်အသေလို့ တနေ့က ဟောခဲ့တယ် (မှန်ပါ့)။

မလိုချင်ရင် မုန်းလာလိမ့်မယ်

အဲဒီ ကိုယ့်သေ ကိုယ်မြင်ရသဖြင့်လဲ ဒီ-အသေကြီး လိုချင်သေးရဲ့လား (မလိုချင်ပါဘူး)။

မလိုချင်ရင် မုန်းလာလိမ့်မယ်ဆိုတဲ့ နိဗ္ဗိန္ဒဉာဏ်လဲ မသက်ပေဘူးလား (သက်ပါတယ်ဘုရား)။

”ဧဝမေတံ ယထာဘူတံ သမ္မပညာယ ဒဋ္ဌဗ္ဗံ၊ ဧဝံပဿံ ဘိက္ခဝေ သုတဝါ အရိယသာသကော ရူပသ္မိမ္ပိ နိဗ္ဗိန္ဒတိ” ဆိုတဲ့အတိုင်း ငြီးငွေ့လာပါလိမ့်မယ်နော် (မှန်လှပါ)။

ငြီးငွေ့လာပြီး သကာလ ဪ ကိုယ် ခဏခဏဖြစ်ပြီး ကိုယ်ခဏခဏသေနေရတဲ့ အဖြစ်၊ စိတ်ကလေး တွေဟာ မိမိမွေးပြီး မိမိသေနေရတဲ့ အသေကြီးကို မဂ်ဉာဏ်ကနေ ရှုတဲ့အခါကျတော့ ဪ မိမိအဖြစ်ကြီးဟာ ဒုက္ခသစ္စာ အစစ်ပါကလားလို့ ပေါ်လာလိမ့်မယ် (မှန်လှပါဘုရား) မပေါ်သေးဘူးလား (ပေါ်ပါတယ်ဘုရား)၊ တတိယ ဆင့်ကျတော့ ဒုက္ခသစ္စာအစစ်ပါလားလို့ မပေါ်ပါနဲ့ဆိုလို့ ရပါ့မလား (မရပါဘူး)။

နိရောဓဘက် လှည့်တယ်

အဲဒီ ဒုက္ခသစ္စာ အစစ်ကယ်လို့ ပေါ်လာသည်နဲ့ တစ်ပြိုင်နက်တည်း၊ တစ်ခါတည်း ခင်ဗျားတို့ ဒုက္ခ ပိုင်ပိုင် နိုင်နိုင်သိလို့ ခင်ဗျားတို့ ရှုနေတဲ့ ဉာဏ်သည် ဒုက္ခဘက်မလှည့်ဘဲနဲ့ ဦးခင်မောင်ရေ နိရောဓဘက် လှည့်တယ် (မှန်လှပါ)။

လှည့်သည်နဲ့ တစ်ပြိုင်နက်တည်းပဲ ဒိဋ္ဌိ ဝိစိကိစ္ဆာ အမြစ်ပါပြုတ်သွားတယ်၊ ငရဲမျိုးစေ့တွေ ပြုတ်ထွက်သွားတယ် (မှန်လှပါဘုရား) ဘယ်တော့မှ ငရဲမကျတော့ဘူး ဆိုတာလဲ တစ်ခါတည်း မှတ်ပေတော့ (မှန်လှပါ)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒုက္ခချုပ်ရာမြင်မှ ငရဲမျိုးစေ့ဟာ လုံးလုံးရှင်းမယ် (မှန်လှပါ)၊ ရှင်းကြပလား (ရှင်းပါပြီ)။

ကဲ နာရီစေ့ပြီ၊ ယနေ့ဒီတွင်ပဲ တော်ကြစို့။

သာဓု သာဓု သာဓု။