10302

မာတိကာသို့

သက္ကပဥှသုတ်တရားတော်

အသံဖိုင်ခေါင်းစဉ်=သက္ကပဥှသုတ်အမှတ်(၂)တရားတော်

စာအုပ်ထဲမှခေါင်းစဉ်= သက္ကပဥှာသုတ်ဒေသနာတော်

အသံဖိုင်ရက်စွဲ=(၃၁-၁-၆၁)

စာအုပ်ထဲမှရက်စွဲ=(၃၀-၁-၆၁)

ကျေးဇူးတော်ရှင် အမရပူရမြို့၊ မင်္ဂလာတိုက်ဟောင်း

မိုးကုတ်ဆရာတော်ဘုရား မန္တလေးမြို့ ဦးချစ်ဆွေ ဓမ္မာရုံ၌

ဟောကြားတော်မူသော

သက္ကပဥှာသုတ်ဒေသနာတော်

(၃၀-၁-၆၁)

အားလုံး ဒကာ ဒကာမတွေ မနေ့ကလည်း ပြောခဲ့ပြီ၊ ဒကာ ဒကာမတွေ၏ ခန္ဓာကိုယ်ကြီး ဘယ်သွားနေသလဲ လို့ မေးတဲ့အခါကျတော့ ဒကာ ဒကာမတွေက တစ်ညီတစ်ညွတ်တည်း အဖြေထုတ်ကြတာပေါ့၊ သေရာဌာနကို နောက် တစ်လှမ်းမှ မဆုတ်ဘဲနဲ့ ရှေ့ချည်း တိုးသွားနေတယ်ဆိုတာ လွဲကြပါ့မလား (မလွဲပါဘူး ဘုရား)။

သေရာဌာနချည်းပဲ ရှေ့တိုးသွားနေတယ်

သေရာဌာနချည်းပဲ ရှေ့တိုးသွားနေတယ်ဆိုတာ အခု တရားနာရင်းလည်း ဆိုင်နေကြတာပဲ၊ ထိုင်ရင်း သွား နေတယ်ဆိုတာကော သဘောကျပလား (ကျပါပြီ)။

ထိုင်ရင်း သွားနေတာလည်း ဒကာ ဒကာမတွေ အထင်အရှားပါပဲ၊ ထိုင်စကထက် ထိုင်လယ်က နီးတယ်လို့ ဆိုရမှာပဲ (မှန်လှပါ)၊ သုသာန်နဲ့ မနီးဘူးလား (နီးပါတယ် ဘုရား)၊ ထိုင်စထက် ထိုင်လယ်ကနီး၊ ထိုင်လယ်ထက် တရားပွဲအဆုံးက ပိုမိုနီးတယ်ဆိုတဲ့ဥစ္စာလည်း ဒကာ ဒကာမတွေ သိပြီးသားဖြစ်ပါလိမ့်မယ် (မှန်လှပါ ဘုရား)။

အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ၌ သေရမည့်ခရီး သွားနေတဲ့ပုဂ္ဂိုလ်ဟာ တစ်ဘဝက တစ်ဘဝ ကူးပြောင်းတာလည်း ရှိတယ်၊ တစ်ဘဝက တစ်ဘဝ မကူးပြောင်းတာလည်း ရှိတယ်လို့ နှစ်မျိုးမှတ်ကြစမ်းပါ (မှန်ပါ့)။

ဘယ်နှစ်မျိုးမှတ်ကြမယ် (နှစ်မျိုးမှတ်ရပါမယ်)၊ တစ်ဘဝက တစ်ဘဝ ကူးပြောင်းတာကတစ်မျိုး၊ တစ်ဘဝက တစ်ဘဝ မကူးပြောင်းတော့ဘူး၊ ဒီဒုက္ခပြီးရင် နောက်ဒုက္ခ မဆက်တာကလည်း တစ်မျိုးလို့ မှတ်လိုက်စမ်းပါ၊ ဘယ် နှစ်မျိုးရှိသွားပြီလဲ (နှစ်မျိုးပါ ဘုရား)၊ နှစ်မျိုးရှိတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မှတ်ပြီးသကာလ ထားရင် သိပ်အဖိုး တန်ပါလိမ့်မယ် (မှန်ပါ့)။

ဘဝကူးတယ်ဆိုတာက ဒီဘဝက စုတိ၊ ဟိုဘဝက ပဋိသန္ဓေ၊ ဒါဘဝကူးတယ် ခေါ်တယ်၊ သဘောကျကြပလား (ကျပါပြီ)၊ စုတိပြီး ပဋိသန္ဓေလာတာ ဘာခေါ်ကြမယ် (ဘဝကူးတယ် ခေါ်ပါတယ်)၊ ဘဝကူးတယ်လို့ ဒါကို သေသေ ချာချာ မှတ်ပါ၊ ဟောဒီဘက်က နောက်ဆုံးဘိတ်ပြေးလာလို့ ဒီနေရာမှာ ခန္ဓာကိုယ် စွန့်ဖို့ရာဆိုတာ စုတိပါပဲ၊ ဖြတ်ဆို စုတိစိတ် ချုပ်ပြီးသကာလ သွားတဲ့အခါမှာ ပဋိသန္ဓေစိတ် လာတယ်လို့ဆိုတာက ဘဝကူးတာလို့ ခေါ်ပါတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။

ဘဝကူးအဓိပ္ပာယ်

ဘဝကူးတာပြောရင် စုတိပြီး ပဋိသန္ဓေလာတာ ဘာခေါ်ကြမယ် (ဘဝကူးတာပါ ဘုရား)၊ စုတိပြီး ပဋိသန္ဓေ လာတာ (ဘဝကူးတာပါ ဘုရား)၊ သို့သော် ဘဝကူးအဓိပ္ပာယ်ကို ရှင်းပြီးပြောရလို့ရှိရင်ဖြင့် သစ္စာနဲ့ပြောမှ ပိုမိုပြီး ရှင်းမယ်လို့ မှတ်ကြစမ်းပါ (မှန်ပါ့ဘုရား)။

သေရတာသည် စုတိစိတ်လို့ ခေါ်တယ် (မှန်ပါ့)၊ အဲဒီစုတိစိတ်ဟာ ဘာသစ္စာတုံးမေးရင် တရားတစ်ပွဲလုံး ဘယ့်နှယ်ဖြေကြမလဲ (ဒုက္ခသစ္စာပါ ဘုရား)၊ သေသေချာချာ မှတ်ကြပါ၊ ဒကာ ဒကာမတို့ စုတိစိတ်ဟာ ဘာပါလိမ့် (ဒုက္ခသစ္စာပါ ဘုရား)၊ ဪ ဒုက္ခသစ္စာ၊ စုတိ စဝနတာဆိုတဲ့အတိုင်းတဲ့၊ ခန္ဓာနံဘေဒေါ=ခန္ဓာကြီး၏ ပျက်စီးခြင်း မပါဘဲ၊ သူ့ကို ဘာသစ္စာခေါ်ကြမယ် (ဒုက္ခသစ္စာပါ ဘုရား)။

မှတ်ထားကြပါ၊ မှတ်ထားကြပါ ဒကာ ဒကာမတို့ ခင်ဗျားတို့အားလုံး နှုတ်တက်နေတာက ဘဝကူးကောင်းဖို့ ဆိုပြီး အင်မတန် ပြောလေ့ဆိုလေ့ရှိပါတယ် (မှန်ပါ့)၊ ဘဝကူးကောင်းဖို့ဆိုပြီး ပြောလေ့ဆိုလေ့ရှိပါတယ်၊ စုတိက ဒီဘဝအဆုံးလို့ဆိုရင် လွဲမလား (မလွဲပါဘူး)။

စုတိက ဘာပါလိမ့် (ဒီဘဝအဆုံးပါ ဘုရား)၊ ဒီဘဝအဆုံးက စုတိဟာ ဘာသစ္စာပါလိမ့် (ဒုက္ခသစ္စာပါ ဘုရား)၊ ဒုက္ခသစ္စာ၊ ဪ “ဒုက္ခဿ ပီဠနတ္ထော သင်္ခတတ္ထော သန္တာပဋ္ဌော ဝိပရိဏာမဋ္ဌော”ဆိုတဲ့အတိုင်းပဲ ဒကာ ဒကာမ တို့ ခဏခဏ တရားနာနေရတဲ့အတွက် သိသင့်ကြပြီ။

ဪ ဒီဒုက္ခသစ္စာ ဝန်ထုပ်ကြီးဖြင့် ဒီဘဝ ချရပြီဆိုပြီးသကာလ စုတိပြီးတော့ ဖြတ်ဆို ပဋိသန္ဓေက ပေါ်လာတယ် (မှန်ပါ့)၊ ပဋိသန္ဓေကလည်း ဘုရားက ဟောပြန်တာက ခင်ဗျားတို့တွေ့ရမှာက “ဇာတိပိ ဒုက္ခသစ္စာ” (မှန်ပါ့)၊ ဇာတိပိ ဘယ့်နှယ်ဆိုသလဲ (ဒုက္ခသစ္စာပါ ဘုရား)။

ဘဝကူးကောင်းကြပါရဲ့လား

ဪ ဒကာ ဒကာမတို့ တစ်ဘဝက တစ်ဘဝ ကူးလိုက်တော့ တစ်ဘဝ စွန့်ပစ်ခဲ့ရတာကလည်း ဒုက္ခသစ္စာ၊ တစ်ဘဝပြန်ပြီးသကာလ ပွေ့ပိုက်ရတာကကော (ဒုက္ခသစ္စာပါ ဘုရား)၊ ဒါ ဘဝကူးတာပဲ ဒကာ ဒကာမတို့ (မှန်ပါ့)၊ ဘဝကူးကောင်းကြပါရဲ့လားလို့ မေးလိုက်တယ် (မကောင်းပါဘူး)။

စဉ်းစားပါ၊ စဉ်းစားပါ ဒကာ ဒကာမတို့ ဒီတရားဟာ ကောင်းအောင် ဟောတာမဟုတ်ဘူး၊ ဒကာ ဒကာမတို့ သိပုံ မှတ်ပုံ ဒီလမ်းပြီး ဒီလမ်းကို မသွားကောင်းဘူးဆိုတာ သိဖို့ကို သေသေချာချာ ဟောနေတယ်ဆိုတာ မှတ်ကြ စမ်းပါ နော် (မှန်ပါ့)၊ စုတိက ဘာသစ္စာပါလိမ့် (ဒုက္ခသစ္စာပါ ဘုရား)။

ဪ စုတိက ဒုက္ခသစ္စာ၊ စုတိစိတ်ချုပ်ပြီး ဒီဘဝခန္ဓာကြီး မြေကြီးထဲ မြုပ်ပစ်ခဲ့၊ သို့မဟုတ် ကျီး ဠင်း တတွေ၏အစာ ဖြစ်ရစ်ပါတယ် (မှန်လှပါ)။

စုတိပြီးတဲ့အခါကော ဒကာ ဒကာမတို့သည် သေက္ခပုဂ္ဂိုလ်ဖြစ်အောင် မကြိုးစားခဲ့လို့ရှိရင် စုတိပြီး ပဋိသန္ဓေ လာလိမ့်မယ် (မှန်ပါ့ဘုရား)၊ မလာပေဘူးလား (လာပါတယ် ဘုရား)၊ လာတာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

ဪ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ၌ ဒုက္ခသစ္စာနဲ့ ခွဲပြီး ဒုက္ခသစ္စာနဲ့ ပြန်ပေါင်းရတယ်ဆိုရင် လွဲပါ့မလား (မလွဲပါဘူး ဘုရား)၊ ဒုက္ခသစ္စာနဲ့ ခွဲပြီး ဘာနဲ့ ပြန်တွဲရသလဲ (ဒုက္ခသစ္စာနဲ့ပဲ ပြန်တွဲရပါတယ် ဘုရား)၊ နဂိုက ဖူးစာဘက် (မှန်ပါ့)၊ ဒီဘဝက ဟိုဘဝကူးသွားတယ် ပြောင်းသွားတယ်လို့ လောကပြောရိုး ထုံးစံပေါ့လေ (မှန် ပါ့)။

ကိုင်း ဒကာ ဒကာမတို့ ဘယ်သစ္စာက ဘယ်သစ္စာပြောင်းပါလိမ့် (ဒုက္ခသစ္စာက ဒုက္ခသစ္စာ ပြောင်းသွားပါ တယ် ဘုရား)၊ ဒုက္ခသစ္စာက ဒုက္ခသစ္စာပြောင်းတော့ ကောင်းတယ်လို့ ဆိုလို့ရပါ့မလား (မရပါဘူး ဘုရား)။

ဒါဖြင့် ပြင်ကြဆင်ကြပါဦးဆိုတာကို သတိပေးလိုက်ပါတယ် (မှန်ပါ့)၊ ဘယ်လိုသတိပေးပါလိမ့် (ပြင်ကြ ဆင် ကြပါဦး)၊ ဒီဒုက္ခသစ္စာပြီးတော့ ဒီဘက်က ဇာတိ ဒုက္ခသစ္စာ မလာဘဲနဲ့ ဇာတိချုပ်တဲ့ နိရောဓသစ္စာ လာမယ်ဆိုလို့ ရှိရင်ဖြင့် မကောင်းပေဘူးလား (ကောင်းပါတယ် ဘုရား)။

ဒါက ဒုက္ခသစ္စာလည်း စွန့်ပစ်ခဲ့ပါရော ဒကာ ဒကာမတို့ ဒီဘက်မှာ သုခသစ္စာဆိုတဲ့ နိဗ္ဗာန်ရောက်ပါတယ် (မှန်ပါ့ဘုရား)၊ သဘောကျကြပလား (ကျပါတယ်)။

အမြတ်များ ထွက်သေးသလား

ဒါဖြင့် ဒကာ ဒကာမတို့ စဉ်းစားပါ၊ အားလုံး ဒကာ ဒကာမတွေ ဦးခင်မောင်တို့ စဉ်းစားကြည့်ပါ၊ တစ်ခု သော ဒုက္ခသစ္စာက တစ်ခုသော ဒုက္ခသစ္စာသို့ ပြောင်းရတာ အမြတ်များ ထွက်သေးသလား (မထွက်ပါဘူး ဘုရား)။

အားလုံး ဒကာ ဒကာမတွေ အမြတ်များ ထွက်သေးသလား စဉ်းစားပါဦး (မထွက်ပါဘူး ဘုရား)၊ တစ်ခုသော ဒုက္ခသစ္စာပြီးရင် နောက်တစ်ခုသော ဒုက္ခသစ္စာ လာရတယ်ဆိုကတည်းက နတ် ဒုက္ခသစ္စာလာလည်း အမြတ်မထွက် ပါဘူး (မထွက်ပါဘူး ဘုရား)၊ ဗြဟ္မာ ဒုက္ခလာကော (မထွက်ပါဘူး)။

အမြတ်မထွက်တာချည်းပဲ၊ သစ္စဉာဏ်နဲ့ သေသေချာချာကြည့်ပြီး နာပါလို့ သတိပေးလိုက်တယ် (မှန်ပါ့)၊ ဘာဉာဏ်နဲ့ နာရမယ် (သစ္စဉာဏ်နဲ့ နာရပါတယ်)၊ သစ္စာသိတဲ့ဉာဏ်နဲ့ နာစမ်းပါဆိုတာကို ကောင်းကောင်းကြီး သတိ ပေးနေတယ်ဆိုတာ မှတ်စမ်းပါ (မှန်ပါ့)။

ဒါဖြင့် ဘဝကူးရတာသည် အမြတ်ထွက်သလားတဲ့၊ အရှုံးထွက်သလားဆိုတာ စဉ်းစားစမ်းပါ (အရှုံးထွက်ပါ တယ် ဘုရား)၊ အရှုံးထွက်တယ်ဆိုတာ သေချာကြပလား (သေချာပါတယ် ဘုရား)၊ ဒါဖြင့် ဘဝကူးတာနဲ့ မကူးတာ ဘယ်ဟာကောင်းသတုံး (မကူးတာ ကောင်းပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဪ တို့ နဂိုက မသိခင်တုန်းကတော့ လူ့ဘဝက စုတေမနေ သေလွန်ရလို့ ရှိရင်ဖြင့် နတ်ဘဝရောက်ရင် ကောင်းလေစွ၊ ဗြဟ္မာဘဝရောက်ရင် ကောင်းလေစွ၊ ဒါကိုပဲ ဒကာ ဒကာမတွေ တောင်း တနေတော့ အဲဒါ သစ္စဉာဏ်မရသေးခင်ကဖြစ်တဲ့ အဝိဇ္ဇာ၏ စွမ်းရည်သတ္တိ၊ တဏှာ၏ စွမ်းရည်သတ္တိကြောင့် ထင်တဲ့ ထင်လုံးတွေလို့ အားလုံးပဲ မှတ်လိုက်ကြစမ်းပါ (မှန်ပါ့ဘုရား)၊ သဘောကျကြရဲ့လား (ကျပါတယ် ဘုရား)။

စုတိပြီး ပဋိသန္ဓေ မလာတာ အကောင်းဆုံး

စုတိပြီး ပဋိသန္ဓေ မလာတာ အကောင်းဆုံးမဟုတ်လား (မှန်ပါ့ဘုရား)၊ ဘယ်ဟာ အကောင်းဆုံးပါလိမ့် (စုတိပြီး ပဋိသန္ဓေမလာတာ အကောင်းဆုံးပါ ဘုရား)။

စုတိပြီး ပဋိသန္ဓေမလာတာ အကောင်းဆုံးပဲ၊ စုတိပြီး ပဋိသန္ဓေလာခဲ့လို့ရှိရင် စုတိ ဘာသစ္စာ (ဒုက္ခသစ္စာ ပါ ဘုရား)၊ လာတဲ့ ပဋိသန္ဓေက (ဒုက္ခသစ္စာပါပဲ ဘုရား)။

ဪ ဒုက္ခစွန့်ပြီး ဒုက္ခရတယ်ဆိုတော့ ဒကာ ဒကာမတို့ တစ်ခုသောရေအိုး ထမ်းပြီးသကာလ ကွဲတော့ နောက်တစ်အိုး ပြန်ထမ်းရတယ်၊ အရင်လိုပင် လေးမြဲလေးမယ်ဆိုတဲ့ဥစ္စာ ငြင်းဖို့လိုသေးသလား (မလိုပါဘူး ဘုရား)။

အဲဒါကြောင့် ယနေ့ ရှင်းရှင်းလင်းလင်းပဲ ဒကာ ဒကာမတွေ သတိပေးပါတယ်၊ ဘဝကူးဆိုတာ အင်မတန် ဆိုးဝါးပါတယ်၊ ဘယ်လိုဆုံးဖြတ်ချက်ချကြမယ် (ဘဝကူးဆိုတာ အင်မတန် ဆိုးဝါးပါတယ်)။

ဘဝကူးဆိုတာ အင်မတန် ဆိုးဝါးတယ်လို့ ဆုံးဖြတ်ချက်ချလေလေ နစ်နာလေလေဆိုတာ ကျေနပ်ကြပလား (ကျေနပ်ပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ နောက်ကိုပြင်ကြစမ်းပါဦးဆိုတာကို ကြီးကြီးကျယ်ကျယ်ပဲ သတိပေးလိုက်ပါတယ်၊ ဘဝကူးအောင် အလုပ်မလုပ်ပါနဲ့တော့၊ သဘောပါကြလား (ပါပါတယ်)။

ဘဝကူးကောင်းအောင်ဆိုတဲ့ဥစ္စာသည် ဪ ဘယ်တစ်ဘဝက တစ်ဘဝကူးတယ်ဆိုကတည်းကိုက စုတိ နဲ့ ပဋိသန္ဓေ ဆက်တာပဲလို့ဆိုတာ ကျေနပ်ကြပလား (ကျေနပ်ပါတယ် ဘုရား)၊ ဘာနဲ့ ဘာနဲ့ ဆက်ပါလိမ့် (စုတိနဲ့ ပဋိသန္ဓေ ဆက်ပါတယ် ဘုရား)၊ စုတိ ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား)၊ ပဋိသန္ဓေက (ဒုက္ခသစ္စာပါပဲ ဘုရား)။

ဒါဘဝကူးတာပဲတဲ့ ဒကာ ဒကာမတို့ စဉ်းစားကြည့်၊ ဦးခင်မောင်ကြီး ဘယ်ဟာကြိုက်သတုံး ဒီနှစ်ခု (ဘယ် သင်းမှ မကြိုက်ပါဘူး ဘုရား)၊ နောက်က ဒကာ ဒကာမတွေ ဘယ်ဟာများ ကြိုက်ကြသလဲ (ဘယ်ဟာမှ မကြိုက်ပါ ဘူး)။

အဲဒီမကြိုက်တာကလေးတစ်လုံး ယနေ့ဘုန်းကြီးက တရားစလျှင်စခြင်း မကြိုက်တဲ့ တစ်လုံးကလေး ရတာ ကိုပဲ အင်မတန် ဝမ်းသာပြီလို့ အောက်မေ့လိုက်စမ်းပါ (မှန်ပါ့ဘုရား)၊ ဒကာ ဒကာမတွေဖြင့် စုတိလည်း သေရတာ လည်း ဒုက္ခသစ္စာမို့ မကြိုက်တော့ပါဘူး (မှန်ပါ့)။

နောင်ဘဝကူး ပဋိသန္ဓေဆိုတာလည်း “ဇာတိပိ ဒုက္ခသစ္စာ”လို့ ဘုရားကလည်းဟော ကိုယ်ကိုယ်တိုင် နေခဲ့ ရတာလည်း အမှန်ဖြစ်နေသောကြောင့် ဒါကိုမကြိုက်ပါဘူးဆိုကတည်းကိုက ဘုန်းကြီးများက အတော်ကျေနပ်ပါပြီ၊ သဘောပါကြလား (ပါပါပြီ ဘုရား)။

ဘာ့ကြောင့် ဒီလောက်ကျေနပ်ပါသလဲလို့ ဦးခင်မောင်ကြီးတို့ ဘုန်းကြီးက ချီးမွမ်းထောပနာပြုပြီး ဒီဒကာ ဒကာမတွေ ဆုံးမသွန်သင်ရပါလိမ့်မလဲလို့ မေးလို့ရှိရင်ဖြင့် ရှေးက ဒီဘဝက ဒီဘဝကူးလို့ရှိရင်ဖြင့် ကောင်းတယ်ချည်း အောက်မေ့ကြတယ် (မှန်လှပါဘုရား)၊ မအောက်မေ့ကြဘူးလား (အောက်မေ့ပါတယ် ဘုရား)။

ဟိုဘဝက ဒီဘဝကူးရလို့ရှိရင် လူ့ဘဝက နတ်ဘဝကူးရလို့ရှိရင် ဘယ့်နှယ် အောက်မေ့ကြမတုံး (ကောင်းတယ် လို့ အောက်မေ့ပါတယ်)။

ပြောသံကြားနဲ့ ကြိုက်နေတယ်

ဒါကြောင့် ဘဝကူးကောင်းဖို့ ကျုပ်တို့ ကြိုးစားနေရတယ်၊ ဘဝကူးကောင်းဖို့ ကျုပ်တို့ ကြိုးစားနေရတယ်နဲ့ ဒကာ ဒကာမတွေ နှုတ်ထဲမှာလည်း ရှေးလူကြီးတွေကပြော၊ ကိုယ့်စိတ်ထဲမှာလည်း သူများ လူများ ပြောသံကြားနဲ့ ကြိုက်၊ သစ္စာဉာဏ်ကလည်း မရှိတော့ ဒကာ ဒကာမတို့ ဒီဘဝ ဆင်းရဲတယ်၊ နောက်ဘဝ ချမ်းသာလိမ့်မယ်လို့ မထင်ကြပေဘူးလား (ထင်ပါတယ် ဘုရား)။

အခုတော့ဖြင့် ဘုန်းကြီးက လက်တွေ့ပဲပြပါတယ် ဒကာ ဒကာမတို့၊ ဒီဘဝ နောက်ဆုံးပိတ်စိတ်က စုတိစိတ် (မှန်ပါ့ဘုရား)၊ ဘာသစ္စာလဲ (ဒုက္ခသစ္စာပါ ဘုရား)။

နောက်ဆုံးပိတ်စိတ်က ဘာစိတ်တဲ့လဲ (စုတိစိတ်ပါ ဘုရား)၊ စုတိစိတ်ဟာ ဘာသစ္စာပါလိမ့် (ဒုက္ခသစ္စာပါ ဘုရား)၊ ဒုက္ခသစ္စာဆိုတဲ့ဥစ္စာ အားလုံး ကျေနပ်ပါပြီလား (ကျေနပ်ပါပြီ)။

ကိုင်း ဒါဖြင့် ကျင့်ကြံထားတာက ဘာမှမရှိတော့ သေက္ခပုဂ္ဂိုလ်က မဟုတ်တော့ အသေက္ခပုဂ္ဂိုလ်ဘက်လည်း မသွားနိုင်သေးဘဲ ဖြစ်ပြီးသကာလနေတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ စုတိဒုက္ခပြီးတော့ ဖြတ်ဆို ပဋိသန္ဓေက အမိဝမ်းခေါင်းပြောင်းရတယ် (မှန်ပါ့)၊ ဥပပတ် ပဋိသန္ဓေဖြစ်ရင်လည်း ဘွားခနဲ သွားဖြစ်ရမယ်၊ ဘာသစ္စာများ သွားဖြစ်ပါလိမ့် (ဒုက္ခသစ္စာ သွားဖြစ်ပါတယ် ဘုရား)။

ဒုက္ခသစ္စာ သွားဖြစ်တယ်ဆိုတာ သဘောကျပလား (ကျပါပြီဘုရား)၊ ဒါဖြင့် ဒုက္ခသစ္စာ သွားဖြစ်ရတော့ ဪ တစ်ခုသော ဒုက္ခစွန့်ပြီး တစ်ခုသောဒုက္ခကို ပွေ့ပိုက်နေရပြန်တယ်ဆိုတော့ ဒါကောင်းတယ်လို့ဆိုကြမလား ဆိုးတယ်လို့ ဆိုကြမလား (ဆိုးပါတယ် ဘုရား)။

ဒီလမ်းဟာ လမ်းကောင်းလား လမ်းကြမ်းလား

ဒါဖြင့် ဒကာ ဒကာမတို့ ဒီလမ်းဟာ လမ်းကောင်းလား လမ်းကြမ်းလား (လမ်းကြမ်းပါ ဘုရား)။

ဒါဖြင့် ဒီဆရာဘုန်းကြီး ဒီဒကာဒကာမတွေကို ဘာချီးမြှောက်ချင်လို့ ပါလိမ့်မတုံးဆိုလို့ရှိရင် လမ်းဆိုးကနေ ပြီးသကာလ လမ်းကြမ်းကို မသွားဘဲနဲ့ ဒကာ ဒကာမတို့ လမ်းဆုံးရာကို သွားကြပေတော့၊ ရှေ့သွားစရာမရှိတဲ့ သံသရာခရီးသည်အဖြစ်မှ လွတ်အောင် ကျွတ်အောင် လုပ်ကြပေတော့ဆိုတဲ့သဘောကို ရည်မှန်းပြီးသကာလ ဒီဒကာ ဒကာမတွေကို အရင်းအချာတွေပဲ တရားပြောနေတယ် (မှန်ပါ့ ဘုရား)။

လမ်းဆုံးအောင် သင်နေပါတယ်နော် (မှန်ပါ့ဘုရား)၊ ဘာသင်နေပါလိမ့် (လမ်းဆုံးအောင် သင်နေပါတယ် ဘုရား)၊ လမ်းမဆုံးလို့ရှိရင် ဇာတိ ဇရာ မရဏ ဒီဘက် ဆက်မသွားပေဘူးလား (ဆက်သွားပါတယ် ဘုရား)။

ဇာတိပြီးရင် ဇရာလမ်းသွားတော့ ကောင်းသေးရဲ့လား (မကောင်းပါဘူး ဘုရား)၊ ဗျာဓိလမ်း သွားရ (မကောင်း ပါဘူး)၊ မရဏလမ်း သွားရ (မကောင်းပါဘူး)၊ ဪ ဒါက လမ်းမဆုံးတဲ့ ပုဂ္ဂိုလ်၏ခရီးစဉ် (မှန်ပါ့)၊ သဘော ကျပလား (ကျပါပြီ)၊ ဘယ်သူ၏ခရီးစဉ်ပါလိမ့် (လမ်းမဆုံးတဲ့ပုဂ္ဂိုလ်၏ ခရီးစဉ်ပါဘုရား)၊ လမ်းမဆုံးတဲ့ပုဂ္ဂိုလ်၏ ခရီးစဉ်ဆိုတာ ဒီဒကာ ဒကာမတွေ သဘောကျပလား (ကျပါပြီ)။

ဒါကြောင့် ဘယ်ဟာကြိုက်သတုံးလို့ ယနေ့ဖြင့် ရှင်းရှင်းလင်းလင်းပဲ ဒကာ ဒကာမတွေကို မေးပါပြီ၊ လမ်းဆုံး တာ ကြိုက်သလား ဆက်ပဲသွားချင်သေးသလားလို့ မေးရင် ဘယ့်နှယ်ဖြေကြမယ် (လမ်းဆုံးတာ ကြိုက်ပါတယ် ဘုရား)။

ဒီအသံဟာ ဒကာသစ်နည်းတဲ့ အသံမဟုတ်ဘူး၊ ဦးဘအုန်း နည်းတဲ့အသံ မဟုတ်ဘူးနော် (မှန်လှပါ)၊ ဦးခင် မောင် ဒီအသံဟာ ဘုရားပွင့်လို့ သစ္စာပေါ်မှ ထွက်နိုင်တဲ့ ကိုယ့်ဉာဏ်ထဲမှာ ပေါ်လာတဲ့ ဆရာကောင်း သမားကောင်း လမ်းပြလို့ ဖြစ်ပေါ်လာတဲ့ အသံဆိုတာ ကျေနပ်ပလား (ကျေနပ်ပါတယ် ဘုရား)။

ဒီအသံဟာ သာသနာပဆိုရင် မထွက်နိုင်ဘူး (မှန်ပါ့)၊ သာသနာပမှာ ဘာထွက်နေသတုံးမေးလို့ရှိရင် ဘဝ ကူးကောင်းဖို့ပဲ ထွက်နေတယ်၊ ရှင်းကြပလား (ရှင်းပါပြီ)၊ သာသနာပမှာ ဘယ်အသံတွေ ထွက်နေပါလိမ့် (ဘဝကူး ကောင်းဖို့ အသံတွေထွက်နေပါတယ်)၊ ဘဝကူးကောင်းဖို့ဆိုတဲ့ အသံတွေသာ ထွက်နေတယ်ဆိုတာ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

အခု ဆရာဘုန်းကြီး ထိုင် ထိုင်ခြင်းပဲ ဒီဒကာ ဒကာမတွေ သစ္စာနဲ့ စပြီးသကာလ ပြောလိုက်တဲ့အခါကျတော့ ဘဝကူးတာသည် ဒကာ ဒကာမတို့ ဒုက္ခသစ္စာက ဒုက္ခသစ္စာကူးပါတယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)။

ဘဝကူးဆိုတာ ဘာပါလိမ့် (ဒုက္ခသစ္စာက ဒုက္ခသစ္စာ ကူးပါတယ်ဘုရား)၊ ဒုက္ခသစ္စာက သုခသစ္စာဘက်ကို ဆိုလို့ရှိရင်ဖြင့် ဒါ ခရီးလမ်း ဆုံးတယ်ဆိုရမယ် (မှန်ပါ့)၊ အခု ဘဝကူးတယ်ဆိုတာက ဒုက္ခသစ္စာပြီး ဒုက္ခသစ္စာပဲ ကိုယ်ပိုင်ရနေတော့ အမြတ်ကို ထွက်သေးရဲ့လား ဒကာ ဒကာမတို့ (မထွက်ပါဘုရား)၊ အရှုံးထဲကလာပြီး အရှုံး ပြန်ရတယ်ဆိုရင်ပဲ ငြင်းစရာလိုသေးသလား (မလိုပါဘူး)။

သစ္စာမသိတဲ့ပုဂ္ဂိုလ် သံသရာရှည်တယ်

အဲဒါကြောင့် သစ္စာမသိတဲ့ပုဂ္ဂိုလ် သံသရာရှည်တယ်ဆိုတာ ဦးခင်မောင်တို့ မောင်ကိုတို့ ကောင်းကောင်း ကျေနပ်ကဲ့လား (ကျေနပ်ပါတယ် ဘုရား)။

ကြည့်လေ ဒါဟာ ယခုဘဝ ပစ္စုပ္ပန်ဘဝ ဒကာ ဒကာမတို့ နောက်ဆုံးပိတ် စုတိစိတ်ပြီးတော့ကို ဘဝကူးသွား တယ်ဆိုတဲ့ အဓိပ္ပာယ် သဿတဒိဋ္ဌိ ပါတာ မပါတာ အပထားစမ်းပါဦး ပြောတာနားလည်တဲ့ စကားနဲ့ပဲ ပြောပါရစေ ဦး၊ သဿတဒိဋ္ဌိသံတော့ ပါနေပြီ (မှန်ပါ့)၊ ကူးတယ်ဆိုကတည်းက သဿတဒိဋ္ဌိ ပါနေပြီ (မှန်ပါ့)။

ပါတာ မပါတာ အသာကလေးချိတ်ထားပါဦး၊ ဒီဒိဋ္ဌိခဏ်းတွေ နောက် ရှင်းပေးပါမယ်၊ ဘဝကူးသွားတယ် ဆိုတဲ့ ဥစ္စာသည် စုတိက ပဋိသန္ဓေဘက် ကူးသွားတယ်၊ သဘောပါကြလား (ပါပါတယ်)၊ စုတိက (ပဋိသန္ဓေဘက် ကူး သွားပါတယ်)။

ပဋိသန္ဓေဘက်ကူးတော့ ဘာသစ္စာဘက် ကူးသွားပါလိမ့် (ဒုက္ခသစ္စာဘက် ကူးသွားပါတယ်)၊ ဒုက္ခသစ္စာဘက် ကူးပြီးသကာလ သွားတော့ကို အမြတ်ထွက်သလား အရှုံးပဲ ပြန်ရသလား (အရှုံးပဲ ပြန်ရပါတယ် ဘုရား)။

ဒါဖြင့် ဘဝကူးကောင်းဖို့ဆိုတဲ့ ဥစ္စာသည် အတော် အရုပ်ဆိုးတဲ့စကား (မှန်ပါ့ အရုပ်ဆိုးပါတယ်)၊ ဦးခင်မောင် ဘယ့်နှယ်တုံး သဘောကျကြရဲ့လား (မှန်ပါ ကျပါတယ်)၊ ဘဝကူးကောင်းဖို့ဆိုတဲ့ စကားသည် (အရုပ်ဆိုးပါတယ် ဘုရား)။

ဘာဖြစ်လို့တုံးဆိုတော့ အခုသစ္စာနှစ်ပါးနဲ့ ရှင်းပြလိုက်တော့မှ အားလုံး ဒကာ ဒကာမတွေ ကျေကျေနပ်နပ် သဘောကျရဲ့လား (ကျပါတယ် ဘုရား)၊ ဒီဘက်က ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)၊ ဒီဘက်က ပဋိသန္ဓေက (ဒုက္ခသစ္စာပါပဲ ဘုရား)။

ကဲ ကူးပြီ ဒကာ ဒကာမတို့ ကူးပြီ ကူးပြီ၊ မကူးမည့်ပုဂ္ဂိုလ်လည်း တစ်ယောက်မှမပါတော့ ကူးတယ်ပဲ ထား လိုက်ပါတော့၊ ကူးကြလို့ရှိရင်ဖြင့် ဘာသစ္စာကြီးနဲ့ အတူနေရမလဲ (ဒုက္ခသစ္စာနဲ့ အတူနေရပါတယ်ဘုရား)၊ ဒကာသိုက် တို့ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

သေက္ခပုဂ္ဂိုလ်

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ဘယ်လိုပုဂ္ဂိုလ်မှ မကူးမလဲလို့ ဒုက္ခသစ္စာနဲ့ နေပြီးသကာလ ဒုက္ခသစ္စာ၏ လွတ်ရာကျွတ်ရာကို ဘယ်ပုဂ္ဂိုလ်မှသာလျှင် ဖြစ်နိုင်ပါ့မလဲလို့ မေးလို့ရှိရင်ဖြင့် သေက္ခပုဂ္ဂိုလ်မှ၊ သေက္ခပုဂ္ဂိုလ်ကနေပြီး အသေက္ခဆိုတဲ့ “သေက္ခာဓမ္မာ အသေက္ခာဓမ္မာ”ဆိုတဲ့ ဓမ္မသင်္ဂဏီပါဠိတော်မှာ လာတဲ့အတိုင်း ကျင့်ဆဲပုဂ္ဂိုလ် အကျင့် အဆုံးရောက်တဲ့ပုဂ္ဂိုလ်မှ ဒကာ ဒကာမတို့ ဒုက္ခသစ္စာ လွတ်ပါလိမ့်မယ်၊ သဘောကျပလား (မှန်လှပါ ဘုရား)။

ဒါဖြင့် ကျင့်ဆဲလည်းမရှိဘူး၊ ကျင့်တဲ့အဆုံးလည်း မရောက်သေးဘူးဆိုရင်ဖြင့် ဘဝချည်းကူးနေရမှာပဲ (မှန်ပါ့ ဘုရား)၊ ဘဝချည်း ကူးနေရရင် ဘာသစ္စာနဲ့ချည်းပဲ အတူနေရမယ် (ဒုက္ခသစ္စာနဲ့ချည်းပဲ အတူနေရမယ်) ဒုက္ခသစ္စာနဲ့ ချည်း အတူနေရမယ်ဆိုတာ ငြင်းဆန်နေဖို့ လိုသေးသလား (မလိုပါဘူး ဘုရား)

အဲဒါကြောင့် ယနေ့ကစပြီးသကာလ ဒကာ ဒကာမတို့ ဘဝမကူးချင်ပါနဲ့ ဘဝသိမ်းချင်ပါတယ်ဆိုတာ ပြောင်း လိုက်စမ်းပါ (မှန်ပါ့ဘုရား)၊ ဘယ်လိုပြောင်းရမယ် (ဘဝသိမ်းချင်ပါတယ်လို့ ပြောင်းရမယ်) ဘဝသိမ်းချင်ပါတယ် ဆိုတာကို ပြောင်းလိုက်စမ်းပါဆိုတာ သတိပေးပါတယ်။

ဘဝသိမ်းချင်တယ်

ဒီစကားဟာ အားလုံး တရားနာတဲ့ပုဂ္ဂိုလ်တွေ သေးသေးသိမ်သိမ်စကားလို့ မမှတ်နဲ့နော် (မှန်ပါ့)၊ သေးသေး သိမ်သိမ်စကားလို့ မောင်ကိုတို့လူစု မမှတ်ကြနဲ့ကွ (မမှတ်ပါဘူး ဘုရား)၊ မမှတ်ပါနဲ့၊ ဘဝသိမ်းချင်တယ် ဘုရား၊ ဘဝ သိမ်းချင်တယ်ဆိုလို့ရှိရင်ဖြင့် ဘာဖြစ်လို့ သိမ်းချင်ရတာတုံးဆို အို ဒုက္ခသစ္စာကြီးလာမှာ ဘုရား မသိမ်းရင် ဘယ့်နှယ်လုပ်မလဲဆိုတဲ့ ဉာဏ်ကလေးကို ဒီနေရာမှာ ထိုးသွင်းပေးလိုက်စမ်းပါဆိုတာ သတိပေးလိုက်ပါတယ် (မှန်ပါ့)၊ သဘောပါကြလား (ပါပါတယ် ဘုရား)။

ဉာဏ်နားနဲ့ ထောင်နော် ဒကာ ဒကာမတို့ ဒီတရားက အင်မတန်မှ ဉာဏ်ကြီးတဲ့ပုဂ္ဂိုလ် ဆရာသမားကလည်း နားလည်အောင် ပြောရတယ်၊ ဒကာ ဒကာမတွေကလည်း ဉာဏ်နားကလေးနဲ့ထောင်၊ ရှေးက မိမိမှတ်ထားတာကလေး တွေကိုလည်း အင်း ဘဝကူး ကောင်းဖို့ဆိုတာကလေးတွေကိုလည်း ဦးခင်မောင်ပြင်ချိန် ရောက်ပြီလား မရောက် သေးဘူးလား (ရောက်ပါပြီ ဘုရား)၊ ပြင်ချိန်ရောက်ပြီဆိုတာ သေချာကြပလား (သေချာပါပြီ)။

အဲဒါကြောင့် ဒုက္ခသစ္စာနှစ်ခုဖြင့် လဲလှယ်ပြီးသကာလ မနေပါနဲ့တော့လို့ သတိပေးလိုက်ပါတယ် (မှန်ပါ့)၊ ဘယ်လိုသတိပေးပါလိမ့် (ဒုက္ခသစ္စာ နှစ်ခုတော့ လဲလှယ်ပြီးတော့ မနေပါနဲ့ တဲ့)။

ဒုက္ခသစ္စာနှစ်ခုဖြင့် လဲလှယ်ပြီး မနေကြပါနဲ့တော့ ဒကာ ဒကာမတို့ ဒီဒုက္ခပြီးရင် နောက်ဒုက္ခဖြင့် တော်ပါ ပေါ့ တန်ပါပေါ့သာ လုပ်ကြပါတော့ (မှန်ပါ့)၊ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)၊ ရှင်းပြီနော် (မှန်ပါ့ဘုရား)။

ဒါကြောင့် ခင်ဗျားတို့ သံယုတ်ပါဠိတော်မှာ လာတယ်၊ “အပ္ပတိဋ္ဌေ အနာလမ္ဗေ၊ ကောဂမ္ဘီရေ နသီဒတိ” နတ်သားတစ်ယောက်က ဘုရားလာမေးတယ်၊ အရှင်ဘုရား သေရေးသေရာ ရောက်တဲ့အခါ တပည့်တော်တို့ ကြုံလိမ့် ဦးမယ်ဘုရာ့၊ ကဲ ဒီထဲမှာ သေရေးသေရာ မရောက်မည့်ပုဂ္ဂိုလ်များ ပါသေးသလား (မပါပါဘူး)။

ဆွဲမိဆွဲရာ ဆွဲလို့ရှိရင်

အဲဒီ သေရေးသေရာ ရောက်တဲ့အခါကျလို့ရှိရင် ဆွဲကိုင်ရာ မရှိခဲ့လို့ရှိရင် ဆွဲမိဆွဲရာ မဆွဲပေဘူးလား (ဆွဲပါ တယ်ဘုရား)၊ ဆွဲမိဆွဲရာ ဆွဲလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ကိုယ်ကျိုးနည်းပြီဆိုတာ အောက်မေ့ပါ (မှန်ပါ့ဘုရား)။

သေခါနီးကျမှ သားကလေးတည်းဟူသော အာရုံကို စွဲလိုက်တယ်၊ သမီးကလေးတည်းဟူသော အာရုံစွဲလိုက်၊ မြေးကလေးတည်းဟူသော အာရုံစွဲလိုက်၊ တိုက်တာ ကား အစရှိသော အာရုံတွေ စွဲလိုက်တယ်၊ စွဲမိ စွဲရာ စွဲလိုက်လို့ ရှိရင်ဖြင့် ဒီဥစ္စာတွေသည် ပြိတ္တာလမ်း ငရဲလမ်းမှတစ်ပါး ဒကာသစ်တို့ ဘာရှိသေးသတုံး (မရှိပါဘူး ဘုရား)။

ဦးဘအုန်းတို့ ဘာရှိသေးသတုံး (ဘာမှမရှိပါဘူး ဘုရား)၊ မောင်မြရွှေတို့ ဘာရှိသေးသတုံး (ဘာမှမရှိပါဘူး ဘုရား)၊ ဘာမှမရှိဘူးဆိုတာ သေချာပလား (သေချာပါပြီ)။

အဲဒီဥစ္စာ ရှင်းပြလိုက်ပါဦးမယ် ဒကာ ဒကာမတို့၊ ဟောဒါက သေခါနီး မရဏာသန္နဇော ငါးကြိမ်စောပါ တယ်၊ သေခါနီး အခါကာလမှာ စွဲမိစွဲရာ စွဲလိုက်ပါပြီ၊ မရဏာ သန္နဇော မစောခင်က စွဲမိစွဲရာ စွဲလိုက်ပါပြီဆိုလို့ ရှိရင်ဖြင့် စွဲတာသည် ဥပါဒါန်ဆိုတာ သဘောကျပလား (ကျပါတယ်)။

”ဥပါဒါနပစ္စယာ ကမ္မဘဝေါ၊ ကမ္မဘဝ ပစ္စယာ (ဇာတိ)” ဒကာ ဒကာမတို့ ဒုက္ခသစ္စာပြန်ရတယ် (မှန်ပါ့)၊ မရဘူးလား (ရပါတယ်)၊ “ကမ္မဘဝပစ္စယာ ဇာတိ”ကိုး၊ ဇာတိဟာ ဘာသစ္စာပါလိမ့် (ဒုက္ခသစ္စာပါ ဘုရား)။

ဇာတိက ဒုက္ခသစ္စာလို့ သိပြီးသကာလ ဪ စွဲတာက ဥပါဒါန်၊ တစ်ခုခုကို ဦးခင်မောင်တို့ စွဲထားလို့ ရှိရင် စွဲတာက ဘာခေါ်မယ် (ဥပါဒါန်ခေါ်ပါတယ်)။

”ဥပါဒါနပစ္စယာ (ဘဝေါ) ကမ္မဘဝေါ”၊ ဒါသစ္စာမဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား) “ကမ္မဘဝပစ္စယာ (ဇာတိ)”ပါ၊ ဇာတိဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)၊ ဟော ခင်ဗျားတို့ သေခါနီး စွဲမိစွဲရာ စွဲလိုက်တာ ဒုက္ခသစ္စာ ပြန်ရပါတယ်၊ သဘောပါကြလား (ပါပါတယ်)။

သေခါနီး စွဲမိစွဲရာ စွဲလိုက်တာ ဘာသစ္စာပြန်ရကြသတုံး (ဒုက္ခသစ္စာ ပြန်ရပါတယ်ဘုရား)၊ ဒုက္ခသစ္စာ ပြန် ရတယ်ဆိုတော့ ဪ တို့သေလည်း သေရဦးမှာ မစွဲကောင်းတာတွေ စွဲလိုက်ခြင်းကြောင့် ဘာသစ္စာတွေ ရနေ သတုံး (ဒုက္ခသစ္စာတွေ ရနေပါတယ် ဘုရား)။

ဒီဒုက္ခသစ္စာက ဒကာ ဒကာမတို့ ဇာတိဆိုတာ ရှင်းနေသနော် ၊ အပါယ်ဆိုတာ မဆိုးဝါးဘူးလား (ဆိုးဝါး ပါတယ် ဘုရား)၊ အပါယ် ပဋိသန္ဓေဆိုတော့ အင်မတန် မဆိုးဝါးဘူးလား (ဆိုးဝါးပါတယ် ဘုရား)။

အဲဒါတွေ စဉ်းစားပြီးသကာလ ကြည့်တော့မှ ဪ တို့ သေခါနီးများ ဗရမ်းဗတာ စွဲမိစွဲရာ စွဲလိုက်လို့ ရှိရင်ဖြင့် ကိုယ်ကျိုးဖြင့် လှလှကြီးနည်းပေါ့ဆိုလို့ရှိရင်ဖြင့် မဆိုထိုက်ကြဘူးလား ဒကာ ဒကာမတို့ (ဆိုထိုက်ပါတယ် ဘုရား)။

ဒါဖြင့် သေခါနီးမှာ ဆွဲရာကိုင်ရာ မရှိလို့ရှိရင်ဖြင့် စွဲမိစွဲရာ စွဲကြတော့မယ်၊ သဘောကျပလား (ကျပါတယ်)၊ ဆွဲရာကိုင်ရာမရှိလို့ရှိရင် (စွဲမိစွဲရာ စွဲရပါမယ်) စွဲမိစွဲရာ စွဲလိမ့်မယ်ဆိုတာ သေချာပလား (သေချာပါတယ်)။

အဲဒါကြောင့် သေခါနီးမှာ အင်မတန်မှ အရေးကြီးတဲ့ကိစ္စတစ်ခုဖြစ်တဲ့အတွက် ဒကာ ဒကာမတို့ ဒီခန္ဓာကိုယ် မလိုချင်တဲ့ဉာဏ်နဲ့ ခင်ဗျားတို့ ဖြစ်ပျက်အနိစ္စ ဒုက္ခသစ္စာကြီးကို စွဲပြီးသကာလ မလိုချင်တဲ့ဉာဏ်နဲ့ သေလို့ရှိရင် သေခါ နီးမှာ သောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တာဖြစ်နိုင်သေးတယ်လို့ အင်္ဂုတ္တိုရ်ပါဠိတော်မှာ လာတယ်၊ သဘောကျ ပလား (ကျပါတယ် ဘုရား)။

အဲဒီတော့ သေခါနီးမှာ စွဲရမှာမဟုတ်ဘူး၊ မလိုချင်တဲ့ဉာဏ်လာရမှာ (မှန်လှပါဘုရား)၊ ဒီပွိုင့်ကလေး ဒီအချက် ကလေးကို သေသေချာချာ မှတ်စမ်းပါ၊ သေခါနီးမှာ စွဲမိစွဲရာ စွဲရမှာလား၊ မလိုချင်တဲ့ဉာဏ် လာရမှာလား (မလိုချင် တဲ့ဉာဏ် လာရမှာပါ)။

အဲဒီတစ်လုံးဟာ ဦးခင်မောင် သေပျော်တဲ့တစ်လုံးလို့ အားလုံး တရားနာတဲ့ပုဂ္ဂိုလ်တွေ မှတ်ကြစမ်းပါ (မှန် ပါ့)၊ စွဲမိစွဲရာ စွဲရမှာလား၊ မလိုချင်တဲ့ဉာဏ်နဲ့ သေရမှာလား (မလိုချင်တဲ့ဉာဏ်နဲ့ သေရမှာပါ)၊ အသေသင်လိုက်တာ၊ ဒကာ ဒကာမတို့ ဘာသင်တာပါလိမ့် (အသေသင်တာပါ ဘုရား)၊ အသေသင်တာဆိုတော့ မောင်ကို အရေးမကြီးဘူး လား (ကြီးပါတယ် ဘုရား)၊ အင်မတန် အရေးကြီးပါတယ်၊ နို့မို့ရင် စွဲမိစွဲရာ စွဲပါလိမ့်မယ်နော် (မှန်ပါ့)။

သားကလေးစွဲ အိုစာ မင်းစာ အထုပ်ကလေးစွဲ တိုက်ကလေးစွဲသွား သားကလေးစွဲသွားဆိုလို့ရှိရင် ဥပါဒါန် “ဥပါဒါနပစ္စယာ ကမ္မဘဝေါ၊ ကမ္မဘဝပစ္စယာ” (ဇာတိပါ ဘုရား)၊ ဇာတိဆိုတော့ ဘာသစ္စာပြန်ရသတုံး (ဒုက္ခသစ္စာ ပြန်ရပါတယ်)၊ ဦးခင်မောင် ဒါတွေနားလည်ရတာ သေပျော်တယ်နော် (မှန်ပါ့)။

မလိုချင်တဲ့ဉာဏ်နဲ့ သေမှကောင်းမှာ

ဒါဖြင့် သေခါနီး စွဲမိစွဲရာ စွဲသေရမှာလား၊ မလိုချင်တဲ့ဉာဏ်နဲ့ သေမှကောင်းမှာလား (မလိုချင်တဲ့ဉာဏ်နဲ့ သေမှကောင်းမှာပါ ဘုရား)။

ဒါဖြင့် မလိုချင်တဲ့ဉာဏ်နဲ့ သေမှကောင်းမယ်ဆိုတဲ့ တစ်လုံးကို သေသေချာချာ မှတ်စမ်းပါ (မှန်လှပါ ဘုရား)၊ ဘာနဲ့ သေရမယ် (မလိုချင်တဲ့ဉာဏ်နဲ့ သေရပါမယ်)၊ မလိုချင်တဲ့ဉာဏ်နဲ့ သေရမယ်ဆိုတဲ့ဥစ္စာက ဘယ်သူ့ကို မလိုချင် ရမှာတုံး မေးတော့ ခန္ဓာကြီးကို မလိုချင်ရမှာ၊ သဘောကျရဲ့လား (ကျပါတယ်)၊ ဘာမလိုချင်ရမှာတုံး (ခန္ဓာကြီး မလို ချင်ရမှာပါ ဘုရား)၊ ခန္ဓာမလိုချင်တဲ့ဉာဏ်နဲ့ သေရမယ်၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် စွဲလမ်းသေရမှာလား (မလိုချင်တဲ့ဉာဏ်နဲ့ သေရမှာပါ ဘုရား)၊ ဒီတစ်လုံးကိုဖြင့် ဘုန်းကြီးကိုလည်း ကြည်ညိုလေးစားကြတယ်၊ ခင်ဗျားတို့ကိုယ်ကိုလည်း ခင်ဗျားတို့ သနားကြတယ်ဆိုလို့ရှိရင် ဒီတစ်လုံးကို မမေ့ပါနဲ့ (မှန်လှပါဘုရား)၊ မလိုချင်တဲ့ဉာဏ်နဲ့ သေရမယ် နော် (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ)၊ ဘယ်ဉာဏ်နဲ့ သေရမယ် (မလိုချင်တဲ့ဉာဏ်နဲ့ သေရပါမယ်ဘုရား)။

ကိုင်း ဒါပြောတော့ အင်မတန်လွယ်ပါတယ်နော်၊ ဆရာဘုန်းကြီး ဆုံးမလိုက်တော့ အရှင်ဘုရား (မှန်ပါ့)၊ စွဲသေတာတော့ ဥပါဒါန်ကံဇာတိ မလာဘူးလား (လာပါတယ် ဘုရား)၊ မစွဲဘဲနဲ့ သေတဲ့အခါကျလို့ရှိရင်ဖြင့် စုတိပြီး သကာလ ဒကာ ဒကာမတို့ ပဋိသန္ဓေတောင် မလာဘူး လာသေးရဲ့လား (မလာပါဘူး)။

ပဋိသန္ဓေ မလာတော့ ပဋိသန္ဓေ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)၊ ဒုက္ခသစ္စာ မလာတာဆိုတာ အဇာတိ ဆိုတာပါပဲ (မှန်ပါ့)၊ အဇာတိ=ပဋိသန္ဓေ နေရန်မရှိသောဆိုတာ နိဗ္ဗာန်ကိုဆိုတာ၊ သဘောကျပလား (ကျပါပြီ)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒီနေ့ တရားစလျှင်စခြင်း သိကြားမင်းဝတ္ထုကို မစခင် အင်မတန် အရေးကြီးတဲ့စကား ကို ဦးခင်မောင် သုံးနေတယ်ဆိုတာ ရိပ်မိပလား (ရိပ်မိပါတယ်)၊ မောင်ကိုရေ ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)၊ အင်မတန် အရေးကြီးတယ်ဆိုတာ မပေါ်သေးဘူးလား (ပေါ်ပါတယ် ဘုရား)။

ဒီကိစ္စဟာ ဒကာ ဒကာမတို့ မြေကြီးလက်ဝါးနဲ့ ပုတ်ရင် လွဲ-လွဲမသာ၊ ဒီသေကိစ္စဆိုတာသည် ဒကာ ဒကာမ တို့ လွတ်ရေးကျွတ်ရေးကို ရှိသေးရဲ့လား (မရှိပါဘူး ဘုရား)၊ လူတိုင်းပဲ တွေ့ဆုံရမယ်ဆိုတာကော သဘောကျပလား (ကျပါတယ်)။

ဒါဖြင့် စွဲသေရမှာလား၊ မလိုချင်တဲ့ဉာဏ်နဲ့ သေရမှာလား (မလိုချင်တဲ့ဉာဏ်နဲ့ သေရမှာပါဘုရား)၊ မလိုချင်တဲ့ ဉာဏ်နဲ့ သေရမယ်၊ ဘယ်သူ့ကို မလိုချင်ရမှာတုံး (ခန္ဓာကို မလိုချင်ရမှာပါ)၊ ခန္ဓာကို မလိုချင်တဲ့ဉာဏ်နဲ့ သေရမယ် (မှန်ပါ့)။

သေနည်း သင်နေတယ်

ဪ တို့ဆရာဘုန်းကြီး ဘာတွေများ သင်နေပါလိမ့်မလဲဆိုတဲ့ဥစ္စာ ယနေ့ရှင်းပလား (ရှင်းပါပြီဘုရား)၊ သေနည်း သင်နေတယ် (မှန်ပါ့ဘုရား)၊ ဒကာ ဒကာမတို့ ဘာသင်ပါလိမ့် (သေနည်းသင်ပါတယ် ဘုရား)၊ သေနည်း သင်တယ်ဆိုတော့ နိမိတ်မရှိဘူးလို့ အောက်မေ့မနေနဲ့ ခင်ဗျားတို့ ခန္ဓာကိုယ်က သေတဲ့ဆီကို သွားနေတယ်၊ နိမိတ်ကို မရှိဘူး (မှန်ပါ့ဘုရား)၊ ဦးခင်မောင် ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

နိမိတ်မရှိဘူးလို့ ဘုန်းကြီးကို မဆိုနဲ့နော်၊ ခင်ဗျားတို့ခန္ဓာက ဘယ်သွားနေသတုံး (သေတဲ့ဆီကို သွားနေပါ တယ် ဘုရား)၊ ဟော ဒါဖြင့် ခင်ဗျားတို့ဥစ္စာ ရိုးရာစကားပြောနေတာ နိမိတ်မရှိဘူး မလုပ်ပါနဲ့ (မှန်လှပါဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)၊ ဘာစကားပြောနေတာလဲ (ရိုးရာစကား ပြောနေတာပါ ဘုရား)၊ ခန္ဓာဖြစ်စဉ်အတိုင်း စကား ပြောနေတာပါဆိုတာ ကျေနပ်ပလား (ကျေနပ်ပါပြီ)၊ အေး ခန္ဓာဖြစ်စဉ်အတိုင်း ပြောနေတယ်ဆိုတာ သေသေ ချာချာမှတ်ပါ (မှန်ပါ့)။

ကိုင်း ဒါဖြင့် မလိုချင်တဲ့ဉာဏ်နဲ့ သေရမယ်နော် (မှန်ပါ့)၊ ဘယ်ဉာဏ်နဲ့ သေကြရမယ် (မလိုချင်တဲ့ဉာဏ်နဲ့ သေကြရပါမယ်ဘုရား)၊ ဦးခင်မောင်ရေ မောင်ကိုတို့ရေ ဒီတစ်လုံးဟာ အင်မတန် ကြီးကျယ်တဲ့ စကားတစ်လုံး၊ ဘုရားဟောတော်မူတဲ့ စကားတစ်လုံးဆိုတာ သေသေချာချာ မှတ်စမ်းပါနော် (မှန်ပါ့)၊ ဒီခန္ဓာစွန့်ပြီး ဟိုခန္ဓာမရတာ အကောင်းဆုံးဟေ့ သာရိပုတ္တရာရ ဆိုပြီးသကာလ ပဏ္ဏာသများ ဟောထားလိုက်တာ သေချာလိုက်တာနော် (မှန်လှပါ ဘုရား)။

ဘယ်သေနည်း အကောင်းဆုံးလဲလို့ဆိုတော့ ဒီခန္ဓာစွန့်ပြီး နောက်ခန္ဓာ မရတာဟာ အကောင်းဆုံးသော သေနည်းဟု ဘုရားက ဟောထားတယ် (မှန်လှပါဘုရား)၊ ဒါ မလိုချင်တဲ့ပုဂ္ဂိုလ်မှာ ရသေးရဲ့လား (မရပါဘူး)။

အဲ ဒါဖြင့် မလိုချင်တဲ့ပုဂ္ဂိုလ်မှာ ခန္ဓာဒုက္ခသစ္စာ မရဘဲနဲ့ ခန္ဓာချုပ်ငြိမ်း ရုပ်သိမ်းတဲ့ နိဗ္ဗာန်ကြီး ရတယ်ဆိုတာ သေသေချာချာမှတ်ပါ (မှန်ပါ့ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ)။

ကောင်းပြီ ဒါဖြင့် အရှင်ဘုရားပြောတော့ သိပ်လွယ်ပါတယ် ဘုရား၊ သေခါနီးမှ ခန္ဓာကြီး မလိုချင်တဲ့ဉာဏ်နဲ့ သေရမယ်ဆိုတော့ တပည့်တော်တို့က ဘယ်လိုလုပ်ထားနှင့်မှ မလိုချင်တဲ့ဉာဏ်နဲ့ သေနိုင်သတုံးဆိုတဲ့ မေးခွန်းထွက် မလာဘူးလား (ထွက်လာပါတယ် ဘုရား)။

ဘယ်လိုလုပ်ထားမှ မလိုချင်တဲ့ဉာဏ်နဲ့ တပည့်တော်တို့ သေနိုင်ပါသတုံးလို့ဆိုတဲ့ဥစ္စာ အားလုံး တရားတစ်ပွဲ လုံးက မေးရမည့် စကားပါပဲ (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ)၊ တစ်ပွဲလုံးက မေးရမည့်စကားနော်။

ခုသေနည်းကတော့ မလိုချင်တဲ့ဉာဏ်နဲ့ သေရမယ်ဆိုတာ မှတ်မိကြပလား (မှတ်မိပါပြီ)။

ဘယ်လိုသေကြရမယ် (မလိုချင်တဲ့ဉာဏ်နဲ့ သေကြရပါမယ်)။

ဘယ်သူ့ကို မလိုချင်ရမှာတုံး (ခန္ဓာကြီးကို မလိုချင်ရမှာပါ)။

ခန္ဓာကို မလိုချင်တဲ့ဉာဏ်နဲ့ သေရမှာ (မှန်ပါ့)၊ ကောင်းပြီ သေခါနီးမှ ဒီခန္ဓာကြီးမလိုချင်အောင် ဘယ့်နှယ် လုပ်ရမှာတုံးဆိုတဲ့ မေးလုံးဟာ ထွက်မလာဘူးလား (ထွက်လာပါတယ်)။

အဲဒီတော့ ခုလို ရှင်စဉ်အခါ ဆရာကောင်း သမားကောင်း လမ်းညွှန်တုံး ဒကာ ဒကာမတွေက ခန္ဓာကိုယ် ဉာဏ်လှည့်ပြီးသကာလ အနိစ္စသော်လည်းကောင်း၊ ဒုက္ခသော်လည်းကောင်း၊ အနတ္တသော်လည်းကောင်း၊ ဒုက္ခသစ္စာ သော်လည်းကောင်း၊ အသုဘသော်လည်းကောင်း ခုလိုအခါက မြင်နေလို့ အမြင်ရှင်းနေလို့ရှိရင်ဖြင့် သေခါနီး နောက် ခန္ဓာ လိုချင်ပါဦးမလား (မလိုချင်ပါဘူး ဘုရား)။

ဒါဖြင့် မသေခင် အလုပ်လုပ်ထားရမယ် (မှန်ပါ့ဘုရား)။

ဒကာ ဒကာမတို့ ဘာနည်းပေးပါလိမ့် (မသေခင် အလုပ်လုပ်ထားရပါမယ်)၊ မသေခင် အလုပ်လုပ်ထားရ မယ်ဆိုတာ ကျေနပ်ပလား (ကျေနပ်ပါတယ်)။

ဒါဖြင့် အလုပ်လက်မဲ့ သေသွားတဲ့ ပုဂ္ဂိုလ်များမှာဖြင့် ဘဝကူးဦးမှာပဲ (ကူးမှာပါပဲ ဘုရား)၊ သဘောကျကြပ လား (သဘောကျပါတယ် ဘုရား)။

အလုပ်မရှိတဲ့ပုဂ္ဂိုလ်ဖြင့် ဘယ့်နှယ်ဆိုကြပါ့မယ် (ဘဝကူးမှာပဲ)၊ ဘဝကူးရင် ဘာသစ္စာချင်း ဆက်မယ်ထင်ကြ သလဲ (ဒုက္ခသစ္စာချင်းဆက်မှာပါ ဘုရား)၊ ဒုက္ခသစ္စာချင်း ဆက်လိမ့်မယ်ဆိုတဲ့ဥစ္စာဖြင့် ဘာမှ ငြင်းဆန်နေစရာ လို သေးရဲ့လား (မလိုပါဘူး ဘုရား)။

ခန္ဓာမလိုချင်တဲ့ဉာဏ်နဲ့ သေရပါမယ်

အေး ဒါကြောင့် သေခါနီးရင် ဘယ်လိုသေကြမလဲလို့ မေးလိုက်တော့ ဘယ့်နှယ်ဖြေကြမလဲ (ခန္ဓာမလိုချင် တဲ့ဉာဏ်နဲ့ သေရပါမယ်)။

ခန္ဓာမလိုချင်တဲ့ဉာဏ်နဲ့ သေရပါမယ် (မှန်ပါ့)၊ အဲဒီအချိန်ကျမှ မလိုချင်တဲ့ဉာဏ်ကလည်း ဖြတ်ခနဲ ပေါ်လာမှာ လား၊ စောစောစီးစီးက မလိုချင်အောင် လုပ်ထားရမှာလား (စောစောစီးစီးက မလိုချင်အောင် လုပ်ထားရပါမယ် ဘုရား)။

ဒီတစ်လုံးပဲ ဒကာ ဒကာမတို့ ဘုန်းကြီးဖြင့် အင်မတန် ကျေနပ်ပါတယ်၊ ဒီဒကာ ဒကာမတွေ ဖြေလည်းဖြေ တတ်ပြီ၊ ဪ ဟုတ်ပါလားဆိုတာလည်း ရှေ့ကသစ္စာနှစ်ခုကို အနန္တရပစ္စည်း ဆက်ပြလိုက်တဲ့အတွက် ဒီဘက်က ဒကာတွေ ကျေနပ်ကြရဲ့လား (ကျေနပ်ပါတယ် ဘုရား)။

ရှေးစုတိက အနန္တရပစ္စည်းဆိုလို့ရှိရင် ပဋိသန္ဓေက အနန္တရပစ္စည်း၏ ပစ္စယုပ္ပန်ဆိုကတည်းကိုက ခြားသေးရဲ့ လားဗျာ (မခြားပါဘူး ဘုရား)။

အနန္တရပစ္စယော၊ အခြားမရှိမူ၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်းဆိုတော့ ပေါ်မလာဘူးလား (ပေါ်လာပါတယ် ဘုရား)၊ ပေါ်လာတော့ ဒုက္ခနဲ့ ဒုက္ခမခြားတော့ဘူးပေါ့ဗျာ (မှန်ပါ့)။

အဲဒါမလိုချင်တဲ့ဉာဏ်နဲ့ သေတဲ့ပုဂ္ဂိုလ်ကျတော့ကို တဲ့၊ စုတိဟာ အနန္တရပစ္စည်းကို မဖြစ်တော့ပါဘူး၊ သဘော ကျပလား (ကျပါပြီ)၊ အနန္တရပစ္စည်းကို (မဖြစ်တော့ပါဘူး) မဖြစ်တော့ပါဘူး၊ ဘဝကူးတဲ့ပုဂ္ဂိုလ်ဟာ အနန္တရပစ္စည်း ဖြစ်နေသေးတယ်ဆိုတာ ကျေနပ်ပလား (ကျေနပ်ပါပြီ)။

မသေခင် အရေးကြီးတယ်

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ မသေခင် အရေးကြီးတယ်ဆိုတာ ပေါ်လာပြီ (မှန်ပါ့)၊ ဘာပေါ်လာသတုံး (မသေခင် အရေးကြီးပါတယ် ဘုရား)၊ မသေခင် အရေးကြီးတယ်ဆိုတာ မသေခင်က ခန္ဓာကိုမြင်ရမယ်၊ ဖြစ်ပျက် အနိစ္စကိုသော်လည်းကောင်း မြင်ရမယ်၊ ဖြစ်ပျက်ဒုက္ခကိုသော်လည်းကောင်း တစ်ခုခုမြင်ရမယ်၊ ဖြစ်ပျက်အနတ္တကိုသော် လည်းကောင်း ဦးခင်မောင် မြင်ရမယ် (မြင်ရပါမယ်)၊ ဖြစ်ပျက်ဒုက္ခသစ္စာကိုသော်လည်းကောင်း (မြင်ရပါမယ်)၊ သို့မဟုတ် အသုဘကြီးသော်လည်းကောင်း (မြင်ရပါမယ်)။

ထိုကဲ့သို့ အခုပြောခဲ့တဲ့ ငါးမျိုးရှိခဲ့တဲ့အနက်က တစ်မျိုးမျိုး မြင်လို့ရှိရင် ဦးခင်မောင်တို့ မောင်ကိုတို့ နောက် ခန္ဓာ လိုချင်ပါဦးမလား (မလိုချင်ပါဘူး ဘုရား)၊ မလိုချင်ရင် ရပါဦးမလား (မရပါဘူး ဘုရား)။

အဲဒါ ဘယ့်နှယ်ကြောင့် မရပါလိမ့်မတုံးဆိုတော့ နဂိုက ဘာဝေတဗ္ဗကိစ္စနဲ့ မဂ်ကိစ္စလုပ်ထားလို့လို့ မှတ်လိုက် စမ်းပါ (မှန်ပါ့)၊ နဂိုက ဘာဝေတဗ္ဗဆိုတဲ့ မဂ်ကိစ္စလုပ်မထားလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ဒုက္ခတစ်ခုပြီး ဒုက္ခတစ်ခု ဆက်ရလိမ့်မနော် (မှန်လှပါဘုရား)၊ သဘောပါကြလား (ပါပါတယ်)။

ဒါဖြင့် ဒကာ ဒကာမတို့ သေခါနီး အရေးကြီးသလား၊ မသေခင်က ပိုမိုအရေးကြီးသလား (မသေခင်က ပိုမို အရေးကြီးပါတယ် ဘုရား)၊ မသေခင်က ပိုမိုအရေးကြီးနေတယ်ဆိုတာဖြင့် ထိပ်သံမှိုစွဲသလို မြဲအောင် မှတ်ကြစမ်းပါ ဆိုတာကို အများကြီး တိုက်တွန်းပါတယ် (မှန်လှပါ ဘုရား)၊ မတိုက်တွန်းသင့်ဘူးလား (တိုက်တွန်းသင့်ပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် မတွေ့ရမည့်လမ်းလား၊ တွေ့ရမည့်လမ်းလား မေးပြန်တော့ကော (တွေ့ရမည့်လမ်းပါ ဘုရား)၊ ရှောင်သာတဲ့လမ်းလား၊ မရှောင်သာတဲ့လမ်းလား (မရှောင်သာတဲ့လမ်းပါ ဘုရား)၊ ဒါဖြင့် အလုပ်လုပ်ထားနှင့်ဖို့အရေး ဟာ အခုအချိန် မကြီးသေးဘူးလား၊ ကြီးပြီလား (ကြီးပါပြီ ဘုရား)။

ဒါဖြင့် ယနေ့ကစပြီးသကာလ ဒကာ ဒကာမတို့ အလုပ်တရားကို ပြောပါလိမ့်မယ်၊ အလုပ်တရားလည်း ဘုန်းကြီး ဟောပါလိမ့်မယ်၊ ဒကာ ဒကာမတွေကလည်း ဪ ခုချိန်က အရေးကြီးနေတာပါကလားဆိုတာ ကိုယ့်စိတ်ထဲမှာ သန်သန်ထွားထွား မွေးပါဆိုတာ တိုက်တွန်းပြန်တယ် (မှန်လှပါ ဘုရား)၊ မတိုက်တွန်းသင့်ဘူးလား (တိုက်တွန်းသင့်ပါတယ်)။

အေး ဒါကြောင့် တို့ဟာဖြင့် သစ္စာနဲ့ ဝေဖန်ပြီးသကာလ ရှေ့ဆက်နောက်ဆက် မကောင်းပုံသိရတော့မှ ဪ ဘဝဆိုတာဟာ အင်မတန် ကြောက်စရာကောင်းတဲ့ အလုပ်ပါကလားဆိုတာ ဦးခင်မောင်တို့ မပေါ်သေး ဘူးလား (ပေါ်ပါပြီ ဘုရား)၊ ဒကာသစ် ပေါ်ပလား၊ ကဲ (ပေါ်ပါပြီ ဘုရား)။

အလုပ်လုပ်ထားမှပဲ အေးတော့မယ်

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ အလုပ်လုပ်ထားမှပဲ အေးတော့မယ် နော် (မှန်ပါ့ဘုရား)၊ အလုပ်လုပ်ထား မှပဲ အေးတော့မယ်ဆိုတာ သေခါနီးမှ ဟာ မလိုချင်ပါဘူးဆိုလို့ မရဘူး (မရပါဘူး ဘုရား) မရဘူးတဲ့၊ သူ အာစိဏ္ဏ ကံမှမရှိဘဲ ဒကာ ဒကာမတို့ အခက်ကြီး ခက်မှာပေါ့၊ ဒါဖြင့် ဘယ်အချိန်ကစပြီး အလုပ်လုပ်ရမယ် (အခုအချိန်က စပြီး အလုပ်လုပ်ရပါမယ်)။

ယခုအချိန်ကစပြီးသကာလ ခန္ဓာဉာဏ်လှည့်ပြီး အလုပ်လုပ်ရပါလိမ့်မယ် (မှန်ပါ့ဘုရား)၊ ယခုအချိန်ကစပြီး သကာလ (ခန္ဓာဉာဏ်လှည့်ပြီး အလုပ်လုပ်ရပါမယ် ဘုရား)၊ ခန္ဓာပေါ် ဉာဏ်လှည့်လိုက်တဲ့အခါကျလို့ရှိရင် ဒကာ ဒကာမတို့ မလှည့်တတ်သေးခင်တော့ဖြင့် မတွေ့သေးဘူးပေါ့ဗျာ (မှန်ပါ့)။

လှည့်တတ်တဲ့ တစ်နေ့ကျလာပြီဆိုမှဖြင့် အို ဖျပ်ဖျပ် ဖျပ်ဖျပ်နဲ့ အနိစ္စတွေကလည်း တွေ့လိုက်တာ၊ ဖျပ်ဖျပ် ဖျပ်ဖျပ်နဲ့ ဒုက္ခတွေကလည်း တွေ့လိုက်တာ၊ ဖျပ်ဖျပ် ဖျပ်ဖျပ်နဲ့ အစိုးမရတဲ့ အနတ္တတွေကလည်း တွေ့ လိုက်တာ၊ ရုပ်တွေက ဖောက်ပြန်-နာမ်တွေက ပျက်စီးနဲ့၊ တွေ့လိုက်တဲ့ဖြစ်ခြင်း၊ ရုပ်တွေကလည်း ခဏခဏ သေပြနေတယ် အသုဘ၊ နာမ်တွေကလည်း ခဏခဏ သေပြနေတဲ့ အသုဘတွေကော မရှိပေဘူးလား (ရှိပါတယ် ဘုရား)၊ ပြီးတော့ ခဏခဏ ဖြစ်ပျက်နေတဲ့ ဒုက္ခသစ္စာကြီးကော ခန္ဓာက မပြောပေဘူးလား (ပြောပါတယ် ဘုရား)။

အဲဒါကို ဒကာ ဒကာမတွေ ယခုအချိန်ကစပြီး ခန္ဓာဉာဏ်နဲ့ ကြည့်ကြရလိမ့်မယ်၊ သဘောကျကြပလား (ကျပါ တယ် ဘုရား)၊ ယခုအချိန်ကစပြီး (ခန္ဓာဉာဏ်နဲ့ ကြည့်ရပါမယ် ဘုရား)။

ခန္ဓာဉာဏ် လှည့်ရပါလိမ့်မယ်၊ ခန္ဓာဉာဏ် လှည့်လိုက်တဲ့အခါကျတော့ ခန္ဓာမှာ ဘာရှိသတုံးလို့ ဒီ ဒကာ ဒကာမတွေက မေးလို့ရှိရင် ခန္ဓာမှန်က ဒကာ ဒကာမတို့ ဖြစ်ပြီးပျက်တဲ့ အနိစ္စရှိတယ်၊ အမြဲမပြတ် ဆင်းရဲတဲ့ဒုက္ခ ရှိတယ်၊ သဘောကျပလား (မှန်ပါ့)။

မည်သူမှ မပိုင်တဲ့ အနတ္တကော (ရှိပါတယ် ဘုရား)၊ အင် အမြဲမပြတ် နှိပ်စက်နေတဲ့ ဒုက္ခသစ္စာကော (ရှိပါ တယ် ဘုရား)၊ အမြဲမပြတ် ခဏခဏသေနေတဲ့ ဖြစ်လိုက် ပျက်လိုက်- ဖြစ်လိုက် ပျက်လိုက် သေနေတဲ့ အသုဘတွေ ကော (ရှိပါတယ် ဘုရား)။

ဝိပဿနာဉာဏ်နဲ့ ကြည့်ပါ

ဒါဖြင့် ဒီခန္ဓာထဲမှာ အနိစ္စ ဒုက္ခ အနတ္တ အသုဘ ဒုက္ခသစ္စာဆိုတဲ့ ငါးမျိုးမှတစ်ပါး ဘာရှိသေးသတုံး (ဘာမှ မရှိပါဘူး ဘုရား)၊ ဘာမှမရှိတာကို ဒကာ ဒကာမတွေက ခုနက ဝိပဿနာဉာဏ်နဲ့ ကြည့်ပါ၊ ဝိပဿနာဉာဏ်နဲ့ ကြည့်လိုက်တဲ့အခါကျတော့ ဒီငါးမျိုးမှတစ်ပါး ဘာများတွေ့ဦးမယ် ထင်ကြသတုံး (ဘာမှမတွေ့ပါဘူး ဘုရား)၊ ဘာမှ မတွေ့ဘူးဆိုတာ သေချာပလား (သေချာပါတယ် ဘုရား)။

အဲဒီလို အခုလိုအခါက တွေ့ထားတဲ့ပုဂ္ဂိုလ်ကျတော့ ဪ နောက်ရမှာကလည်း အနိစ္စ၊ ဒုက္ခ၊ အနတ္တ အသုဘ ပဲရမယ်ဆိုလို့ အခုရထားတာကလည်း ဒါပဲရထားတယ်၊ နောက်ရမှာကလည်း ဒါပဲဆိုတော့ အခုရထားတာကိုမှ မလို ချင်တဲ့ဉာဏ် ရောက်အောင် ဒကာ ဒကာမတွေ ကြိုးစားထားမယ်ဆိုလို့ရှိရင် နောက်ခန္ဓာ လိုချင်ပါဦးမလား (မလိုချင် ပါဘူး ဘုရား)။

ဒါဖြင့် ယခု မဂ်ဆက်အောင် လုပ်မှ နေရာကျတော့မယ် (မှန်ပါ့)၊ ယခု နောက်ဘဝမလိုချင်တဲ့ဉာဏ်သည် မဂ်ဉာဏ်ပဲ (မှန်ပါ)၊ ဝိရာဂေါတိ မဂ္ဂေါ၊ ဝိရာဂေါ=မလိုချင်ခြင်းသည်၊ မဂ္ဂေါ=မဂ်ပဲ။

ဒါဖြင့် ယခုခန္ဓာကြီးကို မလိုချင်အောင် ခုလို ကျန်းမာချမ်းသာစဉ်က ကြည့်ထားမှသာလျှင် ဇာတိဆိုတဲ့ ဒုက္ခသစ္စာ မလာမယ်ဆိုတာ သေချာကြပလား (သေချာပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ အရေးတကြီးပြောနေတယ်ဆိုတာ ရှင်းကြရဲ့လား (ရှင်းပါတယ်)၊ ဒီအရေးထက် ကြီးတာများ ရှိသေးသလား (မရှိပါဘူး)၊ မရှိတော့ဘူး၊ ဒီအရေးထက်ကြီးတာ မရှိတော့ဘူး၊ ကိုယ်တိုင် တွေ့ရမည့် အရေး။

နို့မို့လို့ရှိရင် သေခါနီး တောင်စွဲ မြောက်စွဲ စွဲပြီးသကာလ “ဥပါဒါနပစ္စယာ ကမ္မဘဝေါ၊ ကမ္မဘဝပစ္စယာ ဇာတိ”ဆိုရင် ဦးခင်မောင် ကိုယ်ကျိုးနည်းပြီဗျ (ကိုယ်ကျိုးနည်းပါပြီ ဘုရား)၊ မနည်းသေးဘူးလား (နည်းပါတယ်)။

အဲဒါကြောင့် သေခါနီးမှာ မလိုချင်တဲ့ဉာဏ်နဲ့ သေပါလို့ ဆရာဘုန်းကြီးက ပြောငြားသော်လည်း ရှင်စဉ်က မလိုချင်တဲ့ဉာဏ်ဟာ ခန္ဓာထဲမှာ ဉာဏ်ရောက်နေမှ နေရာကျမယ် (မှန်လှပါ ဘုရား)၊ ရှင်စဉ်က (ခန္ဓာထဲ ဉာဏ်ရောက် နေမှ နေရာကျပါမယ်)၊ မလိုချင်တဲ့ဉာဏ် ရောက်နေရမယ် (မှန်ပါ့)။

မလိုချင်တဲ့ဉာဏ်ရောက်အောင်

ဒါဖြင့် မလိုချင်တဲ့ဉာဏ်ရောက်အောင် ဆရာဘုန်းကြီးက ခင်ဗျားတို့ကို ဆွဲဆောင်တဲ့သဘောမရှိလို့ရှိရင် ခင်ဗျားတို့ဟာ လိုချင်တဲ့တဏှာနဲ့ သေသွားလိမ့်မယ် (မှန်ပါ့)။

ဒီဘဝမကောင်းလို့ရှိရင် ဟိုဘဝ ချမ်းသာကောင်းပါရဲ့ဆိုတဲ့ လိုချင်တဲ့တဏှာ မလာပေဘူးလား (လာပါတယ် ဘုရား)၊ လာလို့ရှိရင် ဘာသစ္စာရမယ် (ဒုက္ခသစ္စာ ရပါမယ်)၊ ကိုယ်ကျိုးမနည်းသေးဘူးလား (နည်းပါတယ် ဘုရား)။

ဒီဘဝ ဘာနဲ့နေပါလိမ့် (ဒုက္ခသစ္စာနဲ့ နေတာပါ ဘုရား)၊ နောက်ဘဝ၌ ဘာများ အမြတ်ထွက်သတုံး (ဒုက္ခ သစ္စာပဲ ထွက်ပါတယ်)၊ ဒုက္ခနဲ့ရင်းပြီးသကာလ ဒုက္ခရပါတယ်ဆိုလို့ရှိရင်ဖြင့် ဒီ့ထက်ကိုယ်ကျိုးနည်းတာ ရှိသေးရဲ့လား (မရှိပါ ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတွေ ယခုအချိန်ကစပြီးသကာလ ဤခန္ဓာကြီးကိုဖြင့် အခုပြောခဲ့တဲ့ငါးချက်တွင် တစ်ချက်ချက် မြင်အောင်ကြည့်မှသာလျှင် မလိုချင်တဲ့ဉာဏ် သေခါနီး လာပါလိမ့်မယ် (မှန်ပါ့ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)၊ မလိုချင်တဲ့ဉာဏ် ဘယ်အချိန်မှ လာမယ် (သေခါနီးလာပါမယ်)။

ယခုလို ရှင်စဉ်အခါက မလိုချင်တဲ့ဉာဏ်ရထားမှ ဟိုအခါမှာ မလိုချင်တဲ့ဉာဏ်နဲ့ သေဖြစ်မယ် (မှန်ပါ့)၊ နို့မို့ ရင် သေဖြစ်ကြပါ့မလား (မသေဖြစ်ပါဘူး ဘုရား)၊ အေး ဒါတွေသိပြီးသကာလနေတော့မှ တို့သည်ကားလို့ဆိုလို့ ရှိရင် ဒါက မလိုချင်တဲ့ဉာဏ်ဆိုတာ ဘဝမကူးတဲ့ဉာဏ်၊ ရှင်းကြပလား (ရှင်းပါပြီ)။

ဘဝမကူးတဲ့ဉာဏ်

မလိုချင်တဲ့ဉာဏ်ဆိုတာ ဘာပါလိမ့် (ဘဝမကူးတဲ့ဉာဏ်ပါ ဘုရား)၊ ဘဝမကူးတဲ့ဉာဏ်ဆိုတာ သေချာကြပလား (သေချာပါတယ်)၊ ဘဝကူးရင် ဘာသစ္စာလာမယ် (ဒုက္ခသစ္စာ လာပါမယ်)၊ မလိုချင်တဲ့ဉာဏ်နဲ့ သေရင် ဘာသစ္စာ လာမယ် (သုခသစ္စာ လာပါမယ်)၊ သုခသစ္စာ လာမယ်၊ နိဗ္ဗာန်လာမယ် (မှန်ပါ့ဘုရား)။

မလိုချင်တဲ့ဉာဏ်နဲ့သေရင် (သုခသစ္စာ လာမယ်)၊ သုခသစ္စာလာမယ်ဆိုတာ သဘောပါကြလား (ပါပါတယ်)၊ ကိုင်း ဒါဖြင့် အလုပ်မပြရင် ဒကာသစ်တို့ ဖြစ်ပါ့မလား (မဖြစ်ပါဘူး ဘုရား)၊ အားလုံး တရားတစ်ပွဲလုံး ဒကာ ဒကာ မတွေ ခင်ဗျားတို့ခန္ဓာကြီးကို အလုပ်နဲ့ မပြလို့ရှိရင်ဖြင့် မလိုချင်တဲ့ဉာဏ်လာဖို့ အတော်ဝေးပါလိမ့်မယ် (မှန်ပါ့ဘုရား)၊ မဝေးပေဘူးလား (ဝေးပါတယ် ဘုရား)။

အဲဒီတော့ အလုပ်သင်မှ ရတော့မယ်ဆိုတာကော ကျေနပ်ကြပလား (ကျေနပ်ပါတယ် ဘုရား)၊ အလုပ်မသင်ရ လို့ ရှိရင်ဖြင့် ဒီဟာကြီးဟာ လိုချင်နေမှာပဲ (မှန်ပါ့)၊ လက်ရှိခန္ဓာကြီးပဲ နှမြောနေမယ် (မှန်ပါ့)၊ လက်မဲ့ခန္ဓာကြီးဟာ လည်း သူ့စိတ်ထဲမှာ ဒုက္ခသစ္စာရယ်လို့ မသိဘူး၊ မသိတော့ သာယာပြီး ပွေ့ပိုက်နေဦးမှာပဲဆိုတာကော ငြင်းဖို့လိုသေး သလား (မလိုပါဘူး)။

အဲ ဒါကြောင့် ဒကာ ဒကာမတို့ ဘယ်ဉာဏ်နဲ့ ဆရာဘုန်းကြီးက အသေခိုင်းသတုံး (ခန္ဓာပေါ် မလိုချင်တဲ့ ဉာဏ်နဲ့ အသေခိုင်းပါတယ် ဘုရား)၊ မလိုချင်တဲ့ဉာဏ်နဲ့ အသေခိုင်းတယ်၊ အဲဒီမလိုချင်တဲ့ဉာဏ်က သေခါနီးမှ ပေါ်တဲ့ ဉာဏ်မျိုးလား၊ မသေခင်က မလိုချင်တဲ့ဉာဏ် ရထားမှ သေခါနီးမှာ မလိုချင်တဲ့ဉာဏ် လာတာလားဆိုတာလည်း မေးခွန်းထွက်လာတယ် (ထွက်လာပါတယ် ဘုရား)၊ ထွက်လာတော့ အခုရိပ်မိကြပလား (ရိပ်မိပါပြီ)။

မသေခင် ရှင်စဉ်အခါတုန်းကတည်းက ဝိပဿနာလုပ်ထားမှ နေရာကျမယ် (မှန်လှပါ ဘုရား)၊ သဘောကျ ကြရဲ့လား (ကျပါတယ်)၊ ဝိပဿနာမဂ်တိုင်အောင် လုပ်နိုင်ရင်လုပ်၊ ဝိပဿနာချည်း လုပ်နိုင်လုပ်၊ မဂ်တိုင်အောင် လုပ်နိုင်လုပ်၊ ဝိပဿနာချည်း လုပ်တာတောင် သေခါနီးမှာ နှလုံးသွင်းလိုက်ရင် သောတာပန် သကဒါဂါမ် ဖြစ်ပါသေး တယ်၊ သေချာပလား (သေချာပါပြီ)။

ဪ ဒါဖြင့် မသေခင် လုပ်ရမည့်အလုပ်ဟာ ဘယ်နှစ်လုပ်ပါလိမ့်မတုံးဆိုတော့ ခင်ဗျားတို့ အရောင်း အဝယ်တွေ မပါပါလား (မှန်ပါ့)၊ ဟင် (မပါပါဘူး)၊ မသေခင် လုပ်ရမည့်အလုပ် ဘယ်အလုပ်ပါလိမ့် ဒကာ ဒကာမတို့ (ဝိပဿနာအလုပ်ပါ ဘုရား)၊ လက်ရှိခန္ဓာကို မလိုချင်တဲ့ဉာဏ်ရဖို့အလုပ်ဟာ မသေခင်လုပ်ရမည့်အလုပ် (မှန်ပါ့ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)၊ လက်ရှိခန္ဓာကို မလိုချင်အောင် လုပ်ရမည့်အလုပ်သည် (မသေခင် လုပ်ရမည့် အလုပ်ပါ ဘုရား)။

မသေခင် လုပ်ရမည့်အလုပ်

မသေခင် လုပ်ရမည့်အလုပ်၊ မသေခင်မှ ဉာဏ်ထက်မှာကိုးဗျ (မှန်ပါ့)၊ သေခါနီးမှဆိုရင် ဒီဉာဏ်လာပါဦး မလား (မလာပါဘူး)၊ အဲဒါကြောင့် ဒီက အာစိဏ္ဏကံရှိမှ ဟိုမှာ အာသန္နကံဖြစ်မယ်ဆိုတဲ့ဥစ္စာကို ဒီလိုအဘိဓမ္မာနည်း တွေ ရှင်းပြီးပြလိုက်လို့ရှိရင် ဘာမှ ယုံမှားသံသယရှိဖို့ မလိုတော့ပါဘူး (မှန်ပါ့)။

ဒါကြောင့် ဒကာ ဒကာမတို့ ဒီအကြောင်းကိုဖြင့် ဪ တို့ကို ယနေ့ ဆရာဘုန်းကြီး ဘာများ သင်ပါလိမ့် မတုံးဆိုလို့ရှိရင်ဖြင့် သေနည်း သင်သဟေ (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ)၊ ဘာသင်ပါလိမ့် (သေနည်းသင်ပါတယ် ဘုရား)၊ ဘယ်ဉာဏ်နဲ့သေကြမလဲ (ခန္ဓာကို မလိုချင်တဲ့ဉာဏ်နဲ့ပါ)၊ ခန္ဓာမလိုချင်တဲ့ဉာဏ်နဲ့ သေရမယ် (မှန်ပါ့)၊ မလိုချင် တဲ့ဉာဏ်နဲ့ သေလို့ရှိရင် နောက်ဇာတိဒုက္ခ လာပါဦးမလား (မလာပါဘူး ဘုရား)။

ကောင်းပြီ မလိုချင်တဲ့ဉာဏ်နဲ့ အဲဒီအချိန်မှာကျမှ ဖြတ်ခနဲ ပေါ်တာမျိုးလား၊ ယခုကလုပ်ထားမှ ပေါ်တာလား (ယခုကလုပထားမှ ပေါ်တာပါဘုရား)၊ ဒါဖြင့် ယခုအချိန်ကစပြီး ဝိပဿနာနည်းယူပြီးသကာလ ဒကာ ဒကာမတွေ ကြိုးစားပါတော့ဆိုတဲ့ဥစ္စာ ဘုန်းကြီးက အများကြီး တိုက်တွန်းတယ်ဆိုတာကို ခင်ဗျားတို့ လိုက်နာကြပါ (မှန်လှပါ)၊ တိုက်တွန်းတဲ့အတိုင်း လိုက်နာကြပါနော် (မှန်လှပါ)၊ ကိုယ့်ကိုယ်ကိုယ် သနားရင်လည်း လိုက်နာပါ (မှန်ပါ့)။

ဘုရား တရား သံဃာ ကြည်ညိုရင်လည်း (လိုက်နာပါ)၊ ကိုယ့်ကိုယ်ကိုယ် သနားရင်လည်း (လိုက်နာပါ)၊ ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ဒီနေ့ ဒီတရားဟာ အင်မတန် အဖိုးတန်သွားပြီဆိုတာ သဘောကျပလား (ကျပါတယ်)၊ မလုပ်မဖြစ်တဲ့အလုပ် ဘယ်အလုပ်ပါလိမ့် (ခန္ဓာကိုယ် မလိုချင်တဲ့ဉာဏ်ပေါ်အောင် ရှုရမှာပါ)၊ ခန္ဓာကိုယ်ကြီးကို မလိုချင်တဲ့ဉာဏ်ရောက်အောင် လုပ်တဲ့အလုပ်ဟာ မလုပ်မဖြစ်တဲ့အလုပ် (မှန်ပါ့ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)။

ဘာကြောင့် ဆရာဘုန်းကြီးက ဒီမျှလောက် တိုက်တွန်းပါလိမ့်မလဲလို့ အမေးထုတ်တဲ့အခါကျတော့ ခင်ဗျားတို့ ပန်းကလေးတစ်ပွင့်လှူလည်း ဝဋ်ဘဝတိုတိုနဲ့ နိဗ္ဗာန်ရရပါလို၏ ပါတာချည်းပဲ (မှန်ပါ့ဘုရား)၊ နေ့တိုင်း ဘာကလေး လုပ်လုပ် ဆွမ်းကလေးတစ်စွန်းလောင်းလည်း ဝဋ်ဘဝတိုတိုနဲ့ နိဗ္ဗာန်ရ ရပါလို၏ မပါကြဘူးလား (ပါပါတယ် ဘုရား)။

ပါတာချည်းပဲ၊ ခင်ဗျားတို့ လိုချင်ခြင်းဟာက ဒီခန္ဓာ ရရပါလို၏ ဆိုတာချည်းပဲ၊ နိဗ္ဗာန်ဆိုတာ ခန္ဓာရှိတာ မဟုတ်ပါဘူး၊ သဘောကျပလား (မှန်ပါ့ ဘုရား)၊ နိဗ္ဗာန်ဆိုတာ (ခန္ဓာမရှိပါဘူး)၊ ခန္ဓာမရှိပါဘူး၊ ခန္ဓာက ဘာသစ္စာလဲ (ဒုက္ခသစ္စာပါ)၊ အဲ နိဗ္ဗာန်မှာ ဒုက္ခသစ္စာမရှိပါဘူး (မှန်ပါ့)။

အဲဒီတော့ မလုပ်မဖြစ်ဘူးဆိုတာ ခင်ဗျားတို့လိုချင်တဲ့ အလုပ်ဟာ ယခုလို ရှင်စဉ်အခါက လုပ်ထားမှသာလျှင် ခင်ဗျားတို့ ဆုတောင်းပြည့်မယ် (မှန်ပါ့ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)၊ အခုအခါက လုပ်ထားမှ ခင်ဗျားတို့ ဝဋ်ဘဝ တိုတိုနဲ့ မဂ်ဖိုလ် ရရပါလို၏ဆိုတာ ဆုတောင်းပြည့်မယ် (မှန်ပါ့)၊ အခုက လုပ်မထားရင် ပြည့်ပါ့မလား (မပြည့်ပါ ဘူး)။

အလုပ် လုပ်ယူပါ

အဲဒါကြောင့် နှုတ်ကလေးနဲ့ ဒကာ ဒကာမတွေက ဟိုတောင်း ဒီတောင်း လုပ်မနေပါနဲ့၊ မတောင်းပါနဲ့၊ အလုပ် လုပ်ယူပါလို့ဆိုတာကိုလည်း တိုက်တွန်းတယ်နော် (မှန်ပါ့)၊ အလုပ်လုပ်မှ တောင်းတော့ ပြည့်လွယ်တာပေါ့ ဗျာ၊ အလုပ်မလုပ်ဘဲနဲ့ တောင်းရုံပဲ တောင်းနေမယ်ဆိုလို့ရှိရင် ဒါအလုပ်ကမှ ပြည့်ရမှာဖြစ်နေတော့ ဒကာသစ်တို့ ကိုမြရွှေတို့ မခက်ဘူးလား (ခက်ပါတယ် ဘုရား)၊ ကဲ ဦးခင်မောင်တို့ ပေါ်ကြပလား (ပေါ်ပါတယ် ဘုရား)။

ပေါ်တော့ အလုပ်တရားဘယ်မှာပါပါလိမ့်မလဲလို့ မေးတော့ သက္ကပဉှာသုတ်ဆိုတဲ့ မနေ့ကတရားကို ဒကာ ဒကာမတွေ ပြန်ဆက်ကြည့်ပါနော် (မှန်လှပါ)၊ မနေ့က တရားက အပြစ်တွေသာ ပြတုန်းရှိသေးတယ်၊ သိကြားမင်း သောတာပန် မတည်သေးဘူး (မှန်လှပါဘုရား)၊ သိကြားမင်း သောတာပန် တည်ဦးမှာ ဒီတရားနဲ့၊ အလုပ်လုပ်ပြီး တည်ဦးမှာ ဖြစ်နေတယ်၊ အဲဒါကြောင့် မနေ့က မနာရသေးတဲ့ပုဂ္ဂိုလ်တွေလည်း အစက နည်းနည်းမှတ်တာပေါ့နော်။

ကိုင်း ဒကာ ဒကာမတို့ သုတ်မဟာဝါပါဠိတော်မှာ လာပါတယ်၊ သိကြားမင်းသည် ပုထုဇဉ်သိကြားလို့ ဦးခင် မောင် မှတ်ထားလိုက်စမ်းပါ (မှန်ပါ့)၊ မောင်ကို ဘာသိကြားတဲ့တုံး (ပုထုဇန် သိကြားပါ ဘုရား)၊ ပုထုဇန်သိကြား ဘုရားပွင့်တယ်ဆိုတာနဲ့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဂူကြီးထဲမှာ အောင်းပြီးသကာလနေတဲ့အချိန်မှာ မေးချင် တဲ့ပုစ္ဆာကလေးတွေ သူ့မှာ အများကြီးရှိပြီးနေငြားသော်လည်း ဘယ်သူ့မှ မေးစရာမရှိဘူး။

ဒါနဲ့ သူ တာဝတိံသာနတ်ပြည်က ဆင်းပြီး ဘုရားသခင်ကိုယ်တော်မြတ်ကြီးနဲ့ တွေ့ပြီး ဘုရားသခင် ကိုယ်တော် မြတ်ကြီးကို မေးလျှောက်လိုက်တယ်ဆိုတာကလေးကို (၁) နံပါတ်က စမှတ်လိုက်တာပေါ့၊ ဒီနေ့ ခပ်ကျဉ်းကျဉ်းပဲ ပြောသွားမယ် အလုပ်ရောက်အောင် (မှန်ပါ့)၊ အရှင်ဘုရား တပည့်တော်မသိလို့ မေးပါရစေဘုရား (ဘုရားက)၊ အေး မင်း ယုံမှားသံသယရှိတာ မေးတာပေါတဲ။

လူတွေဟာ ဘုရား လူတွေ နတ်တွေ ဗြဟ္မာတွေ ကုမ္ဘဏ်တွေ အလုံးစုံအကုန်ပါပဲဆိုကြပါစို့ အန္တရာယ် ကင်းချင် ဘေးရှင်းချင်ကြတာတော့ လူတိုင်းရဲ့ လိုလားမှုပဲ၊ သဘောကျပလား (ကျပါပြီ)၊ အန္တရာယ်ကင်းချင် ဘေးရှင်း ချင်တာကတော့ (လူတိုင်းအလုပ်ပါ ဘုရား)။

အန္တရာယ်ကင်းချင် ဘေးရှင်းချင်တာကတော့ လူတိုင်းအလုပ်ပါပဲ ဘုရား တဲ့၊ သို့သော်လည်း အန္တရာယ် မကင်းတဲ့ ပုဂ္ဂိုလ်ချည်း များတယ်၊ ဘေးမရှင်းတဲ့ ပုဂ္ဂိုလ်ချည်း များတယ်၊ အဲဒါ ဘယ်အတွက်ပါလိမ့်မလဲလို့ မေးလျှောက် ပါတယ် (မှန်ပါ့)၊ မမေးဘူးလား (မေးပါတယ် ဘုရား)။

မနေ့က ဒီတရားပြောပြီးပြီနော် (ပြောပြီးပါပြီ ဘုရား)၊ သို့သော် အစဉ်မို့ စပြောလာပါတယ်ဆိုတာ ဒကာ ဒကာမတွေ သေသေချာချာ မှတ်ထားပေါ့ (မှန်ပါ့)၊ အဲဒီမှာ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဘယ့်နှယ်ဖြေလိုက် သတုံး ဒကာ ဒကာမတို့ (ဣဿာ မစ္ဆရိယ မကင်းလို့ပါ)။

ဣဿာ မစ္ဆရိယ မကင်းလို့

ဣဿာ မစ္ဆရိယ မကင်းလို့ဟေ့ တဲ့၊ လူတွေဟာ ကိုယ့်ကိုယ်ကိုယ် ဘုရားရှိခိုးပြန်လည်း အန္တရာယ်ကင်း၍ ဘေးရှင်းပါရစေဆိုပြီးသကာလ ကိုယ့်ကိုယ်ကိုယ် ဆုတောင်းတယ် တဲ့၊ နောက်ပြီး မေတ္တာပို့တဲ့အခါကျတော့ “အဟံ အဝေရော ဟောမိ အဗျာပဇ္ဇောဟောမိ အနီဃောဟောမိ သုခီအတ္တာနံ ပရိဟရာမိ” ရယ်လို့ ကိုယ့်ကိုယ်ကိုယ်ပဲ အရင်ထားပြီးသကာလ ကျန်းမာဖို့ ချမ်းသာဖို့ ဦးခင်မောင်တို့ မေတ္တာမပို့ဘူးလား (ပို့ပါတယ် ဘုရား)။

ထိုကဲ့သို့ ပို့ပါလျက်သားနဲ့ ကိုယ့်ကိုယ် ချမ်းသာခြင်း ကျန်းမာခြင်းကို အလိုရှိကြလျက်သားနဲ့ မကျန်းမာ မချမ်းသာတာ ဘယ်အတွက်ကြောင့်တုံး ဘုရားလို့ ဘုရားကို မေးလျှောက်တဲ့အခါက ဘုရားက ဘယ့်နှယ်ဖြေသတုံး (ဣဿာ မစ္ဆရိယကြောင့်ပါ)။

ဣဿာ မစ္ဆရိယ မပယ်နိုင်လို့ဟေ့ (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ)၊ ဘာတဲ့တုံး (ဣဿာ မစ္ဆရိယ မပယ် နိုင်လို့ပါ ဘုရား)၊ ဣဿာနဲ့ မစ္ဆရိယကို မပယ်နိုင်လို့တဲ့ ဒကာ ဒကာမတို့ ရိပ်မိကြပလား (ရိပ်မိပါတယ်)။

ဣဿာ မစ္ဆရိယ မပယ်နိုင်ကြလို့ရှိရင်ဖြင့် ဘုန်းကြီးတို့ ဒကာဒကာမတွေ ဘယ်လိုပင် ကျန်းမာချမ်းသာမှုကို ကြိုးစား ကျန်းမာရေး လိုက်စားလိုက်စား ကျန်းမာဖို့ မေတ္တာပို့ငြားသော်လည်း ဘေးအတန်တန် ရန်အထပ်ထပ်နဲ့ လာရမယ် (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ)။

ဘာလာရမလဲ (ဘေးအတန်တန် ရန်အထပ်ထပ် လာရပါမယ်)၊ ဘေးအတန်တန် ရန်အထပ်ထပ်တွေ လာရ မယ်ဆိုတာ သဘောကျပလား (ကျပါပြီ)၊ ဒါ ဘယ်သူ့ကြောင့်ပါလိမ့် (ဣဿာနဲ့ မစ္ဆရိယကြောင့်ပါ ဘုရား)။

စဉ်းစားကြည့်ပါ ဒကာ ဒကာမတို့ ဒီတရားဟာ ချဲ့လည်း မနေတော့ပါဘူး၊ ဣဿာရှိလို့ရှိရင်ဖြင့် သူတစ်ပါး ငြူစူတယ်ဆို ဟိုပုဂ္ဂိုလ်က ငါ့ဘာမှတ်လို့တုံးဆိုတဲ့ဥစ္စာကော လာတော့မှာပဲ (မှန်လှပါ ဘုရား)၊ မလာပေဘူးလား (လာပါတယ် ဘုရား)။

မစ္ဆရိယကလေး ဝန်တိုတယ်ဆိုတော့ အို သူ့ရှိတာကလေး သူက ဝှက်နေတယ်ကွာ၊ တစ်နေ့နေ့ကျတော့ တိုင်းပြည်ပျက်ရင် ငါသွားလုမယ်ဆိုတာ မလာပေဘူးလား (လာပါတယ် ဘုရား)၊ အန္တရာယ်ကင်းနိုင်ကြပါ့မလား (မကင်းနိုင်ပါဘူး ဘုရား)၊ ဒါ ဘယ်သူ့သတ္တိပါလိမ့် (ဣဿာနဲ့ မစ္ဆရိယ သတ္တိပါ ဘုရား)။

ဣဿာ မစ္ဆရိယ ရှိလို့ရှိရင် ဘယ်တော့မှ အန္တရာယ်မကင်းဘူးလို့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက သိကြား ကို ဟောလိုက်တာကော ဒကာ ဒကာမတို့စိတ်ထဲ ကျေနပ်ပလား (ကျေနပ်ပါတယ် ဘုရား)။

အန္တရာယ်ကင်းချင်ရင်

အဲဒါကြောင့် အန္တရာယ်ကင်းချင်ရင် ဣဿာ မစ္ဆရိယကို ဖြစ်ပျက်ရှုပါ၊ ဘာလုပ်ကြရမယ် (ဣဿာ မစ္ဆရိယ ကို ဖြစ်ပျက်ရှုရပါမယ်)၊ ဣဿာနဲ့ မစ္ဆရိယကို ဖြစ်ပျက်ရှုပါလို့ ဒကာ ဒကာမတွေကို သတိပေးလိုက်ပါတယ်။ ဣဿာ ပေါ်လည်း ဖြစ်ပျက်ရှု၊ မစ္ဆရိယပေါ်လည်း (ဖြစ်ပျက်ရှုရပါမယ်)။

အနိစ္စလို့သာ ရှုပေးလိုက်ကြစမ်းပါ ဒကာ ဒကာမတို့၊ ဒီ သူတို့နှစ်ခုမရှိရင် အန္တရာယ်ကင်းသွားမှာပဲ (မှန်ပါ့)၊ ပစ္စုပ္ပန်အကျိုး မခံစားရပေဘူးလား (ခံစားရပါမယ်)၊ သံသရာအကျိုးက ဣဿာ မစ္ဆရိယက အနိစ္စ၊ ရှုတာက မဂ္ဂ ဖြစ်နေသောကြောင့် မဂ်သည် ကိလေသာကို ဖြတ်သောကြောင့်လည်း ဒကာ ဒကာမတို့ ဣဿာ မစ္ဆရိယက အနိစ္စ၊ ရှုတာက မဂ္ဂဆိုတာ မဂ္ဂင်ငါးပါး ဒီကမလာပေဘူးလား (လာပါတယ် ဘုရား)၊ လာခြင်းကြောင့် ပစ္စုပ္ပန်အန္တရာယ်ကင်း ပြီး သံသရာမှာ ခုနက ပဋိသန္ဓေနေဘေး အိုဘေး နာဘေး သေဘေး ဖြတ်လိုက်သေးတယ် (မှန်ပါ့)။

ဖြစ်ပျက်ရှုတဲ့သတ္တိဟာ ဒကာ ဒကာမတို့ ဘယ်လောက်ကျေးဇူးများတယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)၊ ကောင်းပြီ ဒါ တိုတိုပဲ ပြောပါတယ်၊ သိကြားမင်း တရားနာရင်း ခန္ဓာကိုယ် ဒီနားတွင် တစ်ခါတည်း သောတာ ပန် တည်ပြီး ဒီနားတွင် တရားပွဲထဲတွင် သေပြီး တရားပွဲထဲတွင် သိကြားပြန်ဖြစ်တာ ဦးခင်မောင်ရေ (မှန်လှပါ ဘုရား)၊ ညံ့တဲ့တရား မဟုတ်ဘူးနော် (မှန်လှပါ ဘုရား)။

အဲဒါကြောင့် အဲဒီရောက်အောင် ပြောရမှာဖြစ်နေတော့ ဒကာ ဒကာမတွေ ဒီဥစ္စာကို မနေ့ကလည်း ပြော ပြီးသားဖြစ်နေတော့ ဣဿာ မစ္ဆရိယရှိရင် အန္တရာယ်ကို ဘယ်လိုကင်းချင်ပါတယ်ဆိုဆို (မကင်းပါဘူး ဘုရား)၊ မကင်းဘူးဆိုတာ သေချာကြပလား (သေချာပါတယ် ဘုရား)။

ကောင်းပြီ ဒါဖြင့် ဣဿာ မစ္ဆရိယလာရင် ဘာလုပ်ကြရမယ် (ဖြစ်ပျက်ရှုရပါမယ်)၊ အဲ ဣဿာ မစ္ဆရိယ ဆိုတာ ဒေါသက လာသောကြောင့် ဒေါသ ဖြစ်ပျက်ရှုတာလည်း ရတာပဲ၊ ဒေါသနဲ့ သဟဇာတအဖြစ်နဲ့ သူပါသွားတာ ပဲ (မှန်ပါ့)။

ထိုကဲ့သို့ ပါသွားလို့ရှိရင်ဖြင့် သူက ဖြစ်ပျက် ရှုတာက မဂ်ဖြစ်သွားသောကြောင့် သံသရာကော ခရီးမဆုံးဘူး လား (ဆုံးပါတယ် ဘုရား)၊ ပစ္စုပ္ပန်မှာ အန္တရာယ်မကင်းဘူးလား (ကင်းပါတယ် ဘုရား)၊ နှစ်ချက်ကျေးဇူးရှိတယ်ဆိုတာ သေချာပလား (သေချာပါတယ် ဘုရား)။

ဒါကို လုပ်ဖြစ်အောင် လုပ်ပါဆိုတာကို သတိပေးလိုက်ပါတယ် (မှန်ပါ့ဘုရား)၊ ဘယ်လို သတိပေးပါလိမ့် (လုပ်ဖြစ်အောင် လုပ်ပါ)၊ လုပ်ဖြစ်အောင် လုပ်ကြစမ်းပါဆိုတာ သတိပေးပါတယ်၊ နို့မို့လို့ရှိရင် ကိုယ့်ကိုယ်ကိုယ် အန္တရာယ်ကင်းတာလည်း လူတိုင်းကြိုက်တာပဲ၊ ကိုယ့်နောက် ဒုက္ခတွေသိမ်းတာလည်း လူတိုင်းကြိုက်တာပဲဆိုရင်ကော လွဲပါ့မလား (မလွဲပါဘူး ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ လာတိုင်းလာတိုင်း သူ့ကို ဘာလုပ်ကြရမလဲ (ရှုပေးရမယ်)၊ ရှုပေးကြစမ်းပါ၊ ရှုပေး ကြစမ်းပါနော် (မှန်ပါ့)။

ကဲ ဒါဖြင့် ဦးခင်မောင်တို့ ဣဿာ မစ္ဆရိယဟာ ဘုရား ဘယ်သူ့ကြောင့် ဣဿာ မစ္ဆရိယ ပေါ်လာပါ လိမ့်မလဲဆိုတဲ့ ဥစ္စာကို သိကြားက ဆက်မမေးဘူးလား (မေးပါတယ် ဘုရား)၊ မေးတဲ့အခါကျတော့ ဘယ့်နှယ်ဖြေသလဲ (ချစ်ခြင်း မုန်းခြင်းကြောင့်ပါ)။

ချစ်ခြင်း မုန်းခြင်း ပီယာ ပီယက လာတယ်ကွ ဒကာ ဒကာမတို့၊ ဣဿာ မစ္ဆရိယဆိုတာ ချစ်ခြင်း မုန်းခြင်း က လာတာတဲ့၊ ချစ်ခြင်းဆိုတာ လောဘ၊ မုန်းခြင်းဆိုတာ ဒေါသဆိုတာ သေချာပလား (သေချာပါတယ် ဘုရား)၊ ချစ်ခြင်းက (လောဘပါ)၊ မုန်းခြင်းက (ဒေါသပါ ဘုရား)။

ဪ ဒါဖြင့် မောင်မြရွှေတို့ ဣဿာ မစ္ဆရိယ ဘယ်ကလာကြသတုံး (ချစ်ခြင်း မုန်းခြင်းက လာပါတယ် ဘုရား)၊ ဒါဖြင့် ဒကာ ဒကာမတို့ ချစ်တဲ့ပုဂ္ဂိုလ်အတွက်ဆိုလို့ရှိရင်ဖြင့် တဲ့၊ ကိုယ်ချစ်တဲ့ပုဂ္ဂိုလ်ကို သူများနဲ့ စကား ပြောတာကို မကျေနပ်နိုင်ဘူး၊ ကျေနပ်ကဲ့လား (မကျေနပ်ပါဘူး)၊ ဣဿာ မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။

ဒါဖြင့် ချစ်တဲ့ပုဂ္ဂိုလ်ကြောင့် ဣဿာတွေ မစ္ဆရိယတွေ မလာပေဘူးလား (လာပါတယ် ဘုရား)၊ အဲ မုန်းတဲ့ပုဂ္ဂိုလ်နဲ့ ဆက်ဆံရမှာလည်း အင်မတန်မှ ဝန်မလေးဘူးလား (လေးပါတယ် ဘုရား)၊ ဒါဖြင့် မုန်းတဲ့ပုဂ္ဂိုလ် ကြောင့်လည်း ဒကာ ဒကာမတို့ သူ့မျက်နှာကြီး မကြည့်ချင်ပါဘူးဆိုတဲ့ဥစ္စာ မလာပေဘူးလား (လာပါတယ် ဘုရား)။

အဲဒါကြောင့် ချစ်ခြင်း မုန်းခြင်းကြောင့် ဣဿရော မစ္ဆရိယရော မလာနိုင်ဘူးလား (လာနိုင်ပါတယ် ဘုရား)၊ တစ်ခုစီ ခွဲပြောနေလို့ရှိရင် အဋ္ဌကထာကတော့ သိပ်ဖွင့်တာပဲ၊ သို့သော် တော်လောက်ပါပြီတဲ့၊ ဒါကို မနေ့ကလည်း ထိုက်တန်သလောက် ပြောပြီးပြီ။

ဒါဖြင့် ချစ်ခြင်း မုန်းခြင်းဆိုတာ ချစ်ခြင်းက လောဘ၊ မုန်းခြင်းက ဒေါသကိုလည်း ဒကာ ဒကာမတွေ ဖြစ် ပျက် ရှုလိုက်မယ်၊ သူတို့ကို အနိစ္စရှုမယ်ဆိုလို့ရှိရင်ဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေသည် လောဘလာလည်း လောဘရှု၊ ဒေါသလာကော (ဒေါသရှု)။

ပဋိစ္စသမုပ္ပါဒ် မပြတ်ဘူးလား

ဖြစ်ပျက်ရှုလိုက်တဲ့အခါကျတော့ ချစ်ခြင်း မုန်းခြင်းက အနိစ္စ၊ သဘောကျလား (မှန်လှပါ)၊ ရှုတာက (မဂ္ဂပါ ဘုရား)၊ မဂ္ဂဖြစ်သွားတဲ့အခါကျတော့ ချစ်ခြင်း မုန်းခြင်း ပဋိစ္စသမုပ္ပါဒ် မပြတ်ဘူးလား၊ ပြတ်သလား (ပြတ်ပါတယ် ဘုရား)။

ချစ်ခြင်းကြောင့် တဏှာ ဥပါဒါန် ကံ ဇာတိ ဇရာမရဏ ပြတ် မပြတ် (ပြတ်ပါတယ် ဘုရား)၊ မုန်းခြင်းကြောင့် ဒေါသ သောက ပရိဒေဝ ဥပါယာသ အဝိဇ္ဇာ သင်္ခါရတွေကော (ပြတ်ပါတယ် ဘုရား)၊ ဒါ ဘာဖြစ်လို့ ပြတ်သွားပါ လိမ့် (ဝိပဿနာရှုလို့ပါ ဘုရား)၊ ချစ်ခြင်း မုန်းခြင်းကို ဝိပဿနာရှုလို့ (မှန်ပါ့ဘုရား)၊ ဒကာ ဒကာမတို့ ဘာရှုလို့ပါ လိမ့် (ချစ်ခြင်း မုန်းခြင်းကို ဝိပဿနာရှုလို့ပါ ဘုရား)။

ဒါဖြင့် ချစ်တဲ့စိတ်လာလည်း ဝိပဿနာရှုပါ၊ သဘောကျပလား (ကျပါပြီ)၊ မုန်းတဲ့စိတ်လာကော (ဝိပဿနာ ရှုရပါမယ်)၊ ကိုယ့်သန္တာန် ချစ်တဲ့စိတ်လာတာ ကိုယ်မသိဘူးလား (သိပါတယ်)၊ အဲဒါ ဘာလုပ်ရမလဲ (ဝိပဿနာ ရှုရ ပါမယ်)၊ ဝိပဿနာရှုပေးပါ၊ ဖြစ်ပျက်အနိစ္စ ရှုပေးပါ၊ ကိုယ့်သန္တာန် မုန်းတဲ့စိတ်ကလေးဟာ ပေါ်လာတယ်၊ ပေါ်လာ လို့ရှိရင် ဘာလုပ်ကြရမယ် (ဖြစ်ပျက်ရှုပေးပါ)။

အဲ ချစ်တဲ့စိတ်ကို ဝိပဿနာရှုရင် ပဋိစ္စသမုပ္ပါဒ်အလည်က ပြတ်တယ်လို့ မောင်ကို မှတ်လိုက်စမ်းပါ (မှန်ပါ့)၊ ချစ်တဲ့စိတ်ကို ဝိပဿနာရှုရင် ပဋိစ္စသမုပ္ပါဒ် အလည်က ပြတ်ပါတယ်၊ မုန်းတဲ့စိတ်ကို ဝိပဿနာရှုရင် ပဋိစ္စသမုပ္ပါဒ် အဆုံးက ပြတ်တယ် (မှန်ပါ့)၊ အဆုံးက ပြတ်တယ်ဆိုကတည်းက ပြန်ပြီး ပဋိစ္စသမုပ္ပါဒ်အဝိုင်း ဖြစ်နိုင်သေးရဲ့လား (မဖြစ်နိုင်ပါဘူး ဘုရား)။

အဲဒါတွေ သေသေချာချာ သိပြီးသကာလ ထားတော့မှ ပဋိစ္စသမုပ္ပါဒ် ပြတ်တာသည် နိဗ္ဗာန်ရောက်တာလို့ မှတ်လိုက် (မှန်ပါ့ဘုရား)၊ ပဋိစ္စသမုပ္ပါဒ် ပြတ်တာသည် (နိဗ္ဗာန်ရောက်တာပါ)၊ အဲ ပဋိစ္စသမုပ္ပါဒ် ပြတ်တာသည် နိဗ္ဗာန်ရောက်တယ်ဆိုတာ ဘုရားတိုင်း ဟောတော်မူတာပဲတဲ့၊ ငါချုပ်တာသိလို့ နိဗ္ဗာန်ရောက်ပါတယ်၊ ချုပ်လို့ နိဗ္ဗာန် ရောက်ပါတယ်ဆိုတာလည်း ဟောတော်မူတာပဲနော် (မှန်ပါ့)။

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ဝိပဿနာလည်း ရှုတတ်ပါပြီတဲ့၊ လိုရင်းတော့ မကျသေးဘူး၊ ခုဟာက သင်တုန်း ပဲ ရှိပါသေးတယ်နော် (မှန်ပါ့)၊ ကိုင်း ဒကာ ဒကာမတို့ ချစ်ခြင်း မုန်းခြင်းကြောင့် ဘာဖြစ်သတုံး (ဣဿာ မစ္ဆရိယ ဖြစ်ပါတယ် ဘုရား)၊ ဣဿာ မစ္ဆရိယ ရှိခဲ့သော် ဘာဖြစ်တတ်သတုံး (အန္တရာယ်မကင်းပါဘူး)၊ အန္တရာယ်တွေ များ တတ်ပါတယ် ရှင်းပလား (ရှင်းပါပြီ)။

ဆန္ဒက လာပါတယ်

ဒါဖြင့် ဒကာ ဒကာမတို့ ဆက်ပြီးသကာလ သွားကြဦးစို့၊ ချစ်ခြင်း မုန်းခြင်းဟာ ဘယ်ကလာသတုံး (ဆန္ဒက လာပါတယ်)၊ အေး ဆန္ဒကလာတယ်၊ ဒကာ ဒကာမတွေ ချစ်ခြင်း မုန်းခြင်း ဘယ်ကလာသတုံး (ဆန္ဒက လာပါ တယ်)။

အဲဒါ သိကြားမင်းမေးလို့ ဘုရားက ဖြေတာ၊ ဒကာ ဒကာမတွေက အခု ဆရာဘုန်းကြီး လမ်းညွှန်ထားလို့ ဪ ချစ်ခြင်း မုန်းခြင်းဆိုတာသည် ဆန္ဒက လာတာကိုးလို့ သဘောကျကြတယ် (မှန်ပါ့)၊ ဆန္ဒ မနေ့က ဘယ် နှစ်မျိုး ဟောခဲ့ပါလိမ့် (ငါးမျိုးဟောခဲ့ပါတယ်)။

ဆန္ဒသည်ကားလို့ဆိုရင် ဒကာ ဒကာမတို့ ရှာမှီးတဲ့ဆန္ဒတစ်မျိုး (မှန်ပါ့)၊ ပစ္စည်းရှာနေတဲ့ဥစ္စာလည်း ဆန္ဒ လောဘနော် (မှန်ပါ့)၊ ကဲ ရပြန်တော့ ဝမ်းသာတဲ့လောဘ မရှိဘူးလား (ရှိပါတယ် ဘုရား)၊ အဲဒီ ပဋိလာဘ ဆန္ဒဆိုတဲ့ ရတဲ့ဆန္ဒကော (ရှိပါတယ် ဘုရား)၊ ဘယ်နှစ်မျိုးရှိသွားပြီလဲ (နှစ်မျိုးရှိသွားပါပြီ)၊ ရပြီးသကာလ ဒီပစ္စည်း ကလေးကို သုံးဆောင်တဲ့ ဆန္ဒကော (ရှိပါတယ် ဘုရား)၊ သုံးဆောင်တဲ့ဆန္ဒလည်း ရှိတယ်တဲ့၊ ဒကာ ဒကာမတို့ ရိပ်မိ ပလား (မှန်ပါ့)၊ ဒါလည်း လောဘနဲ့ပဲနော် (မှန်လှပါ)။

ဒါ ဒကာ ဒကာမတွေမှာ အမြဲရှိနေတဲ့ တရားတွေပါ၊ သုံးဆောင်တဲ့ဆန္ဒပြီးသကာလ ဒကာ ဒကာမတို့ ဘာ လာပြန်သတုံး (သိမ်းဆည်းပါတယ်)၊ သိမ်းဆည်းတဲ့ဆန္ဒ လာပြန်တယ်၊ သုံးဆောင်ပြီးသကာလ ပိုတာကျတော့ မသိမ်း ဆည်းကြဘူးလား (သိမ်းဆည်းပါတယ် ဘုရား)၊ သိမ်းဆည်းတဲ့ဆန္ဒလည်း လောဘပဲဆိုရင် လွဲပါ့မလား (မလွဲပါဘူး)၊ အဲဒါ ဆန္ဒဆိုပေမယ့် လောဘချည်း မှတ်လိုက်စမ်းပါ (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ)၊ သိမ်းဆည်းပြီးသကာလ ဝေဖန်တဲ့ဆန္ဒကော မလာဘူးလား (လာပါတယ် ဘုရား)။

ကွာ တို့မှာလည်း များနေတယ်ကွာ၊ အန္တရာယ်ကင်း ဘေးရှင်းအောင် အိမ်နီးချင်းတွေ ပေးကြဦးစို့ကွာ၊ ဟိုနားလူက တယ်ဆိုးခိုးတတ်သကွာ၊ သူ့လည်း ထိုက်တန်သလောက် သွားပေးလိုက်ပါကွာဆိုတော့ ဒကာ ဒကာမတွေ ဒါလောဘနဲ့ ပေးနေတာ (မှန်ပါ့)၊ ရိပ်မိကြပလား (ရိပ်မိပါပြီ)။

ဒါဖြင့် ဒီဆန္ဒငါးမျိုးကြောင့် ဘာလာသတုံး (ချစ်ခြင်း မုန်းခြင်း လာပါတယ်)၊ ချစ်ခြင်း မုန်းခြင်းလာတယ်၊ ချစ်ခြင်း မုန်းခြင်းရှိလို့ ဘာလာသတုံး (ဣဿာ မစ္ဆရိယ လာပါတယ်)၊ ဣဿာ မစ္ဆရိယရှိလို့ ဘာတွေလာတတ်သလဲ (အန္တရာယ်တွေ လာတတ်ပါတယ်)၊ ရောဂါ ဥပါဒ် အန္တရာယ်တွေ မလာဘူးလား (လာပါတယ် ဘုရား)၊ သဘောပါ ကြလား (ပါပါတယ်)။

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ဒီနေရာမှာလည်း ဆန္ဒငါးမျိုးကို ဘုရားကလည်း ဟောတယ်၊ ဆရာ ဘုန်းကြီးကလည်း ဘုရားအတုလိုက်ပြီး ဟောတယ်၊ ဆန္ဒကြောင့် လာသကွ၊ ချစ်ခြင်း မုန်းခြင်းဆိုတာ သိနေတော့ ဆန္ဒငါးမျိုးကိုလည်း ဖြစ်ပျက်ရှုပေးကြပါဦး (မှန်ပါ့)၊ ဘာလုပ်ပေးရမယ် (ဖြစ်ပျက်ရှုပေးရပါမယ်) မလစ်စေနဲ့နော် (မှန်ပါ့)၊ ဆန္ဒငါးမျိုး ဘာလုပ်ကြရမယ် (ဖြစ်ပျက်ရှုရပါမယ်)။

ဖြစ်ပျက်ရှုပေးရမယ်ဆိုတော့ ဒကာ ဒကာမတို့ မရှုရင် ဒီလောဘဟာ ဒီချစ်ခြင်း မုန်းခြင်းကို သူကျေးဇူးပြု ဦးမယ်၊ မပြုပေဘူးလား (ပြုပါတယ် ဘုရား)၊ ချစ်ခြင်း မုန်းခြင်း ကျေးဇူးပြုလိုက်လို့ရှိရင် ဣဿာ မစ္ဆရိယ မလာပေ ဘူးလား (လာပါတယ် ဘုရား)၊ ဣဿာ မစ္ဆရိယသာ လာမယ်ဆိုရင် ဒကာ ဒကာမတို့ ဒီဘက်က ရောဂါ ဥပါဒ် အန္တရာယ်တွေ ဘယ့်နှယ်တုံး (လာမှာပါပဲ ဘုရား)။

ကောင်းပြီ ဒါအကြောင်း အကျိုး ဆက်ကြပါသလား (ဆက်ပါတယ်)၊ ဆက်ပြီနော် ၊ ဘုရားကဖြေတာ သိကြားက မေးတာလို့ ဒကာ ဒကာမတွေ သဘောကျကြပလား (ကျပါပြီ)၊ တစ်ခါမေးပြန်တယ်၊ သိကြားက သူ သောတာပန်တည်ဖို့ မေးနေတာနော် (မှန်ပါ့ဘုရား)၊ ဒကာ ဒကာမတို့ ဘယ်အကျိုးငှာ မေးတာပါလိမ့် (သောတာပန် တည်ဖို့ပါ ဘုရား)။

အဲဒါ သိကြားသာ သောတာပန်တည်နိုင်တဲ့တရား မဟုတ်ပါဘူး၊ ဒကာ ဒကာမတွေလည်း နောက်ဆုံးပိတ် ကျတော့ ဒီအတိုင်းပဲ ကိုယ်လည်းလုပ်ယူလို့ရှိရင် တည်နိုင်တာချည်းပဲလို့ မှတ်ကြပါ (မှန်ပါ့ဘုရား)။

ဒီဆန္ဒသည် ဘယ်ကလာသတုံး

ကောင်းပြီ ဒီဆန္ဒသည် ဘယ်ကလာသတုံးလို့ တစ်ခါဆက်ပြီး သိကြားက မေးပြန်တဲ့အခါကျတော့ ဝိတက်က လာတယ်လို့ ဖြေတော်မူတယ်၊ ဒကာ ဒကာမတို့ ဘယ်ကလာသတဲ့တုံး (ဝိတက်က လာပါတယ်ဘုရား)၊ ဪ အကြံသမား အစည်သမားမှ ဒါတွေလာတာတဲ့ (မှန်ပါ့)၊ ဒကာ ဒကာမတို့ ဘယ်ကလာသလဲ (ဝိတက်ကပါ)၊ ဝိတက်က လာတယ်ဆိုတာ သဘောကျပလား (ကျပါပြီ)၊ ဝိတက်ဆိုတာ အကြံသမား အစည်သမားပေါ့ဗျာ (မှန်ပါ့)။

ဒါဖြင့် ဝိတက်ကြောင့် ဘာလာသတုံး (ဆန္ဒလာပါတယ်)၊ ဆန္ဒကြောင့် (ချစ်ခြင်း မုန်းခြင်း လာပါတယ်) ချစ် ခြင်း မုန်းခြင်းကြောင့် (ဣဿာ မစ္ဆရိယ လာပါတယ်)၊ ဣဿာ မစ္ဆရိယကြောင့် (ဥပါဒ် အန္တရာယ် လာပါတယ်)၊ အန္တရာယ်တွေ ဖြစ်လာတယ် (မှန်ပါ့)၊ အင်မတန် အဖိုးတန်ပါကလား မောင်ကိုရေ (မှန်ပါ့ဘုရား)၊ အင်မတန် အဖိုး မတန်ဘူးလား ဒကာ ဒကာမတွေ (တန်ပါတယ် ဘုရား)။

ဝိတက် ဘယ်ကလာသတုံး

ကိုင်း ဒါတွေက ဝိပဿနာအလုပ်ကို တကယ်လုပ်ရအောင်ပေါ့ ခုခပ်ကျဉ်းကျဉ်းပဲ ပြောလိုက်ပါတယ်၊ ဝိတက် ဘယ်ကလာသတုံးလို့ တစ်ခါမေးပြန်ရော (မှန်လှပါ ဘုရား)၊ ဒကာ ဒကာမတွေ ဒီဝိတက် ဘယ်ကလာသတုံးလို့ သိကြားက မေးတဲ့အခါကျလို့ရှိရင်ဖြင့် တဲ့၊ ဝိတက်ဟာကွာ တခြားက လာတာမဟုတ်ပါဘူး၊ ပပဉ္စတရားက လာ တာ၊ တဏှာ မာန ဒိဋ္ဌိက လာတာ (မှန်ပါ့)၊ ဒကာ ဒကာမတို့ ဘယ်ကလာသတုံး (တဏှာ မာန ဒိဋ္ဌိက လာပါတယ် ဘုရား)၊ တဏှာ မာန ဒိဋ္ဌိဆိုတဲ့ ပပဉ္စက လာတာတဲ့၊ ရှင်းကြပလား ရှင်းပါပြီ)၊ ပပဉ္စတရားလည်း ဘုန်းကြီးက ဟော နေကျဖြစ်နေ၊ ဒကာ ဒကာမတွေကလည်း နာပြီးသားဖြစ်နေလို့ သိနေပါပြီ။

ကဲ ဒါဖြင့် ကျိုးကြောင်းကလေး တစ်ခေါက် ပြန်ဆက်လိုက်ပါဦး၊ ပပဉ္စကြောင့် ဘာလာလဲ (ဝိတက်လာပါတယ်)၊ ဝိတက်ကြောင့် ဘာလာသတုံး (ဆန္ဒလာပါတယ်)၊ ဆန္ဒကြောင့် ဘာလာသတုံး (ချစ်ခြင်း မုန်းခြင်း လာပါတယ်)၊ ချစ် ခြင်း မုန်းခြင်းကြောင့် (ဣဿာ မစ္ဆရိယ လာပါတယ်)၊ ဣဿာ မစ္ဆရိယကြောင့် (ဥပါဒ် အန္တရာယ် လာပါတယ်)၊ ဥပါဒ် အန္တရာယ်ဖြစ်ရတယ်ဆိုတော့ လက်သည် ဒီမှာလာတွေ့ပြီ၊ တဏှာ မာန ဒိဋ္ဌိ လာတွေ့ပြီ (မှန်ပါ့)၊ ဒကာ ဒကာမတို့ ဘာလာတွေ့ပါလိမ့် (တဏှာ မာန ဒိဋ္ဌိ လာတွေ့ပါတယ်)၊ တဏှာ မာန ဒိဋ္ဌိဆိုတဲ့ ပပဉ္စ လာတွေ့တယ်။

ဒီတွင်မှ သိကြားက ဦးခင်မောင်ရေ အကွက်ကျ မေးလိုက်တယ်၊ ဒါဖြင့် ဘုရားတဲ့ တပည့်တော်တို့ အင်မတန် ရှင်းပါပြီတဲ့၊ ဒီလိုမေးလိုက်ရတဲ့အတွက် အရှင်ဘုရား အကျိုးအကြောင်းတွေ ဆက်ဆက် ဆက်ဆက်ပြီး ဖြေသွားတဲ့အတွက် တပည့်တော်မှာဖြင့် အင်မတန် ကျေနပ်ပါပြီ၊ ဒီတဏှာ မာန ဒိဋ္ဌိဆိုတဲ့ ပပဉ္စတရားချုပ်တဲ့ အကျင့် များ မရှိဘူးလားတဲ့။

ပပဉ္စတရားချုပ်တဲ့ အကျင့်

ဘာတဲ့တုံး ဒကာ ဒကာမတို့ (ပပဉ္စတရားချုပ်တဲ့ အကျင့်များ မရှိဘူးလားတဲ့)၊ ပပဉ္စတရားချုပ်တဲ့အကျင့် မရှိဘူးလားတဲ့၊ ဒကာ ဒကာမတို့ ဘယ်လိုမေးတယ်ဆိုတာ သတိထားလိုက်စမ်းပါ (မှန်ပါ့)၊ သဘောပါလား (ပါပါ တယ်)၊ ဘာတဲ့တုံး (ပပဉ္စတရား ချုပ်တဲ့အကျင့်များ မရှိဘူးလားတဲ့)။

ဒါဖြင့် ပပဉ္စတရား ချုပ်လို့ရှိရင် ဒီဘက်ကဟာတွေ လာစရာ မြင်သေးရဲ့လား (မမြင်ပါဘူး)၊ တစ် နှစ် သုံး လေး ငါး ခြောက်ကျအောင် လာစရာရှိသေးရဲ့လား (မရှိပါဘူး)။

ဒါဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီး သေသေချာချာ ဟောပြီ၊ ဦးခင်မောင်တို့ မောင်ကိုတို့နော် (မှန်ပါ့)၊ ပပဉ္စတရား ချုပ်ချင်လို့ရှိရင် ဝေဒနာရှုကွတဲ့၊ ရိပ်မိကြပလား (ရိပ်မိပါတယ်)၊ ပပဉ္စတရား ချုပ်ချင်ရင် (ဝေဒနာရှုရ ပါမယ်)။

ဒါဖြင့် ဒကာ ဒကာမတို့ ဝေဒနာရှုမှ ပပဉ္စချုပ်တယ် (မှန်ပါ့)၊ သဘောပါကြလား (ပါပါတယ်)၊ ဝေဒနာရှုမှ ဘာချုပ်တယ် (ပပဉ္စချုပ်ပါတယ် ဘုရား)၊ ကျေနပ်ပလား (ကျေနပ်ပါတယ်)။

အဲဒီတော့ ဝေဒနာကို သေသေချာချာ ရှုပုံနည်းနှင့်တကွ မောင်ကို သင်ချိန် မရောက်သေးဘူးလား (ရောက် ပါပြီ ဘုရား)၊ ဒီဟာတွေ ကြောက်စရာ လိုသေးသလား (မလိုပါဘူး ဘုရား)၊ တစ် နှစ် သုံး လေး ငါး ခြောက် ဘာမှ မကြောက်ပါနဲ့၊ ဝေဒနာမရှုလို့ဖြစ်တာ (မှန်ပါ့ဘုရား)၊ သဘောပါကြလား (ပါပါတယ် ဘုရား)၊ ဘာမရှုလို့ဖြစ်တာတုံး (ဝေဒနာမရှုလို့ ဖြစ်တာပါ)။

ဒါဖြင့် ဝေဒနာရှုလိုက်ရလို့ရှိရင်လည်း ဒကာ ဒကာမတို့ တစ်လည်း ကြောက်စရာရှိသေးရဲ့လား (မရှိပါဘူး)၊ နှစ်ကော (မရှိပါဘူး)၊ သုံးကော (မရှိပါဘူး)၊ လေးကော (မရှိပါဘူး)၊ ငါးကော (မရှိပါဘူး)၊ ခြောက်ကော (မရှိပါဘူး)၊ ဘာမှ ကြောက်စရာမရှိတော့ဘူး။

ဒါဖြင့် ဝေဒနာနုပဿနာ ကမ္မဋ္ဌာန်းကို ဒကာ ဒကာမတွေ ပေးမှသာလျှင် သောတာပန် တည်နိုင်တော့မယ် ဆိုတဲ့ဥစ္စာ သိကြားလည်း အဲဒါနဲ့တည်တယ်ဆိုတာ ရှင်းပြတယ် နော် (မှန်ပါ့)၊ သဘောပါကြလား (ပါပါပြီ)။

နာရီကစေ့သွားပြီ၊ နက်ဖြန်ကျမှ ဝေဒနာနုပဿနာ သင်ရအောင် ကြိုးစားကြ။

သာဓု သာဓု သာဓု။