10210

မာတိကာသို့

ပဋိစ္စသမုပ္ပါဒ် ဖြတ်ရေး

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

ရန်ကုန်မြို့၊ ဦးသံဒိုင်တိုက်တွင်

ဟောကြားတော်မူသော

ပဋိစ္စသမုပ္ပါဒ် ဖြတ်ရေး

(၇-၇-၆၂) ည

အားလုံး ဒကာ ဒကာမတွေ တရားနာကြတယ်ဆိုတာ အင်မတန်ကောင်းတဲ့ စကားပါပဲ၊ တရားနာတယ်ဆို ကတည်းက တပည့်တော်တို့ ဒီအချိန်မှာ မတရားတာ မလုပ်ဘူးဆိုတဲ့ အချိန်ပဲလို့ တရားနာတယ်ဆိုတဲ့ စိတ်ကပဲ ဆုံးဖြတ်ချက် ချပြီးပါပြီ။

တရားနာတယ်ဆိုတာသည်ကားလို့ဆိုရင် မတရားအလုပ်ကို မလုပ်ပါဘူးဆိုတဲ့ အချိန်ပဲလို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့)၊ တရားနာတယ်ဆိုတာ ဘာပါလိမ့် (မတရားတဲ့အလုပ်ကို မလုပ်တော့ပါ)၊ မတရားတဲ့အလုပ်ကို မလုပ်တော့ ဘူးလို့ ဖြစ်ပေါ်တဲ့အချိန် (မှန်ပါ့)၊ သဘောကျကြပလား (ကျပါပြီဘုရား)၊ မတရားတဲ့အလုပ် (မလုပ်တော့ပါ) မလုပ်တော့ ဘူးလို့ ဖြစ်ပေါ်တဲ့အချိန်လို့ ဆုံးဖြတ်ချက်ချပါ။

အဲဒီတော့ ဒီက ဒကာ ဒကာမတွေမှာ ဒီအချိန်ကလေးမှာ ကိလေသာ ရပ်စဲနေတယ်လို့ ဆိုရမယ်၊ ဘာရပ်စဲ နေကြသလဲ (ကိလေသာ ရပ်စဲနေကြပါတယ်ဘုရား)။

ဘာဖြစ်လို့ ကိလေသာရပ်စဲနေသလဲလို့ မေးတဲ့အခါကျတော့ တရားကို ယောနိသော မနသိကာရက နှလုံးသွင်း မှန်နေတဲ့အတွက် ကိလေသာရပ်စဲနေတယ်လို့ မှတ်ရမယ် (မှန်ပါဘုရား)။

နှလုံးသွင်းမှန်နေတဲ့အတွက် ဘယ့်နှယ်ဆိုကြမလဲ (ကိလေသာ ရပ်စဲနေပါတယ်) နှလုံးသွင်းမှန်နေတဲ့အတွက် ကိလေသာ ရပ်စဲနေတယ်ဆိုတာ သဘောကျဖို့ အရေးကြီးပါတယ်။

အဲဒီတော့ ဒီ ဒကာ ဒကာမတွေမှာ နှလုံးသွင်းမှန်ဖို့ရာ ဘုန်းကြီးများက ဒီကြုံကြိုက်တဲ့အခါမှာ ခင်ဗျားတို့ တောင်းပန်လို့ တရားဓမ္မကို ဟောဆိုနေတာသည် ဘာပါလိမ့်မလဲလို့ မေးလို့ရှိရင် နှလုံးသွင်းမှန်ဖို့၊ ခင်ဗျားတို့ ခန္ဓာမှာ ရှိတဲ့ ပဋိစ္စသမုပ္ပါဒ် ပြတ်ဖို့ ဒါကိုပဲ ဟောပြောနေတယ်ဆိုတာ ဆုံးဖြတ်ချက်ချပါ (တင်ပါ့ဘုရား)။

အဲဒီတော့ ဒကာ ဒကာမတွေ မှတ်ဖို့ရာ ဝတ္ထုတစ်ခုထုတ်ပြီး ပြပါမယ်၊ တေဝိဇ္ဇဝစ္ဆဆိုတဲ့သုတ်၁ မဇ္ဈိမပဏ္ဏာသ ပါဠိတော်မှာ ဝစ္ဆဂေါတ္တဆိုတဲ့ ပရိဗိုဇ်ကြီးက ဧကပုဏ္ဍရီကဆိုတဲ့ ပရိဗိုဇ်ကျောင်းမှာ သီတင်းသုံးပြီးသကာလ နေတယ်၊ ဘုရားရှင် ကိုယ်တော်မြတ်ကြီးကလည်း ဆွမ်းခံကြွမလို့ စောပါသေးတယ်လေ၊ ဝစ္ဆဂေါတ္တပရိဗိုဇ်ဆီပဲ ငါဝင်ပြီး သကာလ အလ္လာပ သလ္လာပ ပြောစရာရှိတာ ပြောပါဦးမယ်လို့ ဒီထဲမှာပဲ ဝင်သွားတယ်။

အဲဒီလို ဝင်သွားတဲ့အချိန်မှာ အလ္လာပ သလ္လာပ၊ အတုံ့အပြန်ဆိုတဲ့ အောက်မေ့ဖွယ် ဝမ်းမြောက်ဖွယ်စကားတွေ ပြောပြီးသည့်နောက် မေးလိမ့်မယ်နော်။ အရှင်ဘုရားတဲ့၊ အရှင်ဘုရား နာမည်ဟာ တယ်ကြီးတယ်၊ တပည့်တော်တို့ ကြားနေရတာက အရှင်ဘုရားဟာ ထိုင်နေလဲ သူတစ်ပါးအကြောင်းတွေ အကုန်သိတာပဲ၊ အိပ်နေလဲ သူတစ်ပါး အကြောင်းတွေကို အကုန်သိတယ်ဆိုတဲ့ သတင်းဟာ သိပ်ပြီးတော့ မွှေးပါတယ်၊ သတင်း သိပ်မွှေးပါတယ်တဲ့။

မွှေးပင် မွှေးငြားသော်လည်း သူတစ်ပါးက ဒါ မှန်ရာပြောတာလား၊ မတရားသဖြင့် စွပ်စွဲတာလားလို့ ပရိဗိုဇ်က မေးတယ်။ ဒကာ ဒကာမတို့ မှန်ရာကို ပြောတာလား၊ မတရားသဖြင့်ပဲ ဂုဏ်မြှောက်ပြီးသကာလ ပြောကြတာလားလို့ မေးတယ် (မှန်ပါ့ဘုရား)။

မေးတဲ့အခါကျတော့ကွာတဲ့၊ ဒါ မတရားသဖြင့် ပြောတာပါ၊ ငါ့မှာ အိပ်နေလဲ အကုန်သိတယ်၊ ထိုင်နေလဲ အကုန်သိတယ်၊ သွားနေလဲ သူတစ်ပါးဟာတွေ အကုန်သိတယ်ဆိုတော့ မတရားသဖြင့် ငါ့ကို စွပ်စွဲတာပါ။

ဒကာ ဒကာမတွေ (မှန်ပါ့)၊ ဘုရားအကုန်သိတယ်ဆိုတာ အိပ်နေလဲ အကုန်သိတယ်၊ စားနေလဲ အကုန်သိတယ်၊ ထိုင်နေလဲ အကုန်သိတယ်ဆိုတာ ဘုရားက ဘယ်လို ဖြေလိုက်ပါသလဲ (မတရားသဖြင့် စွပ်စွဲတာပါ) မတရားသဖြင့် စွပ်စွဲတာ၊ ငါမသိပါဘူးကွ…။

ခင်ဗျားတို့က ဘုရားအကုန်သိတယ်၊ အကုန်သိတယ်လို့ ထင်ပြီး နေကြတယ်၊ အိပ်နေလဲ သိတယ်၊ စားနေလဲ သိတယ်၊ ထိုင်နေလဲ သိတယ်ဆိုတော့ ဒကာ ဒကာမတွေ သိပါ့မလား (မသိပါဘုရား)၊ အိပ်နေတာ ဘဝင်စိတ်နဲ့ အိပ် နေတာ၊ ဘဝင်စိတ်ဆိုတာ ဘာတုံး ဒကာ ဒကာမတို့၊ ဇောစိတ် ဟုတ်ကြရဲ့လား (ဇောစိတ် မဟုတ်ပါဘူးဘုရား)၊ ဘဝင်စိတ်ဟာ ဘဝင်စိတ်ပဲလို့ မှတ်ကြ၊ အိပ်နေတဲ့စိတ် ဘာစိတ်ခေါ်ကြမလဲ (ဘဝင်စိတ်) ဇောစိတ်ကမှ သိတယ် (မှန်ပါ့)။

အဲဒီတော့ကိုတဲ့၊ ဘဝင်စိတ်နဲ့ ငါအိပ်နေတဲ့အခါ ငါအကုန်သိတယ်လို့ သွားနေလဲ အကုန်သိတယ်၊ စားနေလဲ အကုန်သိတယ်ဆိုတဲ့ ဥစ္စာဟာ ငါ့ကို မတရားသဖြင့် စွပ်စွဲကြတာပါကွာ…တဲ့၊ ဒီဥစ္စာမသိလို့၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)၊ စားနေလဲ အကုန်သိတယ်၊ အိပ်နေလဲ အကုန်သိတယ်ဆိုတာ ဘာတဲ့တုံး၊ ဘုရားက (မတရားသဖြင့် စွပ်စွဲ တာပါဘုရား)။

မတရားသဖြင့် စွပ်စွဲတာ၊ မတရားသဖြင့် စွပ်စွဲတာပါကွာတဲ့၊ တကယ် ငါမသိဘူးတဲ့၊ ရိပ်မိကြပလား (မှန်ပါ့)၊ တကယ် ငါမသိပါဘူးတဲ့…မတရားသဖြင့် စွပ်စွဲတာပါတဲ့…။

နို့ အရှင်ဘုရား ဒကာ ဒကာမတွေ အခုကြားထဲမှာ ဝင်ပြီးသကာလ စကားပြောရာမှာ အိပ်နေလဲ သူဟာ အလုံးစုံအကုန်မသိပါဘူး။ သဗ္ဗညုတဉာဏ်သည် အိပ်နေတုန်းမှာ ကိန်းပါသလားလို့ မေးလို့ရှိရင်ဖြင့် ဉာဏ်ဟာ ဉာဏ် ဇောစောမှ ကိန်းတယ်၊ အိပ်နေတုန်း ဘာမှမသိဘူးလို့ ဆုံးဖြတ်ချက် ချပါ၊ ရှင်းကြပလား (ရှင်းပါပြီဘုရား)။

ဆွမ်းဘုဉ်းပေးနေတယ်၊ ကိုယ်တော်မြတ်ကြီး သူ့ဟာသူ ပစ္စဝေက္ခဏာ ဆင်ခြင်နေတာ သူများဟာတွေ သိပါ့ မလား (မသိပါဘုရား)။ အဲဒါကွာတဲ့ သွားလို့ရှိရင်လဲ သွားတဲ့စိတ်နဲ့ ငါသည် ဝိပဿနာအလုပ် လုပ်နေတယ်၊ သူများ ဟာတွေကို ဘယ်လိုသိလိမ့်မတုံးကွတဲ့၊ ငါ့အကြောင်းသာ ငါသိတာပေါ့။

ဒီလိုဆိုတော့ ဦးသံဒိုင် မတရားသဖြင့် စွပ်စွဲတယ်ဆိုတာ မပေါ်သေးဘူးလား (ပေါ်ပါတယ်ဘုရား)၊ မတရား သဖြင့် စွပ်စွဲတယ်ဆိုတာ ဒကာ ဒကာမတွေ သိကြပလား (သိပါပြီ)၊ အိပ်နေရင် ဘုရားသိသလား (မသိပါဘုရား)၊ စားနေရင်ရော (မသိပါဘုရား)၊ သူတစ်ပါးစိတ်ကိုနော်၊ သူတစ်ပါးတို့၏ အားလုံးကုန်ဖြစ်စဉ်ကို မသိပါဘူး။

အဲဒီလို မသိတာတွေ ဒကာ ဒကာမတွေက မှတ်ထားလိုက်တော့မှ “ေဩာ် – ဘုရားသခင်ကိုယ်တော်မြတ်ကြီး ပင်လျှင် သိတယ်ဆိုတာ ဆင်ခြင်မှ သိတာကိုး”လို့ မှတ်ပါ (မှန်လှပါဘုရား)၊ ဦးသူတော်ကြီး ဘယ်လိုမှတ်သလဲ (ဆင်ခြင်မှ သိတာပါဘုရား)။ ဆင်ခြင်မှ သိတယ်ဆိုတာ သေသေချာချာ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့)၊ မဆင်ခြင်ရင် ဘာမှမသိဘူး (မသိပါဘုရား)၊ မသိဘူးတဲ့၊ ဆင်ခြင်တယ်ဆိုတာ ပစ္စဝေက္ခဏာဇောလို့ မှတ်ကြစမ်းပါ (မှန်ပါ့)။

ဆင်ခြင်တယ်ဆိုတာ (ပစ္စဝေက္ခဏာဇောပါ) ပစ္စဝေက္ခဏာဇောကျမှ သိတယ်၊ ဒါလဲ တစ်ဦးတစ်ယောက်ကို စူးစူးစိုက်စိုက် ဆင်ခြင်မှသိတာ၊ အားလုံးသိတာမဟုတ်ဘူးလို့ ဆုံးဖြတ်ချက်ချပါ (တင်ပါ့ဘုရား)။

ကိုင်း…ဒါဖြင့် အရှင်ဘုရားနာမည် တပည့်တော်တို့ ဘယ်လိုပေးရမှာတုံးတဲ့၊ သိတဲ့ကိုယ်တော်ကြီး၊ မသိတဲ့ ကိုယ်တော်ကြီး ဒီလို နာမည်ပေးရမှာလား၊ ပရိဗိုဇ်က ကတ်ကတ်သတ်သတ်မေးတယ် (မှန်ပါ့)။

မမေးသင့်ဘူးလား သူမေးတာ (တင်ပါ့)၊ ပရိဗိုဇ်က ကတ်ကတ်သတ်သတ်မေးပြီးနေတော့ ငါ့နာမည်ဟာကွာတဲ့၊ တေဝိဇ္ဇပုဂ္ဂိုလ်ကြီးလို့ဆိုလို့ရှိရင် အဲဒါမှန်တယ်ကွ။

တေဝိဇ္ဇပုဂ္ဂိုလ်ကြီးဆိုရင် မှန်တယ်ကွတဲ့၊ အိပ်နေလဲ သိတယ်၊ စားနေလဲ သိတယ်၊ ထိုင်နေလဲ သိတယ်၊ သွားနေလဲ သိတယ် ဆိုတာတော့ ငါဘုရားကို မတရားသဖြင့် စွပ်စွဲတာကွ၊ ဒါတော့ မသိဘူးတဲ့၊ ရှင်းကြပလား (ရှင်းသွားပါပြီ ဘုရား)။

ဘုရားက တရားအားလုံး အကုန်သိပေမယ့် အမြဲသိနေတာ မဟုတ်ဘူး၊ ဆင်ခြင်မှသိတာ၊ ခင်ဗျားတို့ရော အိပ်နေတော့ ဘာများသိတုံး (မသိပါဘုရား)၊ ဘဝင်စိတ်နဲ့ အိပ်တာကိုးဗျ (မှန်ပါ)၊ ဘုရားသခင်လဲ ကျိန်းနေတော့ ဘယ်စိတ်နဲ့ ကျိန်းတာတုံး (ဘဝင်စိတ်နဲ့ ကျိန်းပါတယ်ဘုရား)။ ဘယ်သိလိမ့်မတုံး…ဦးမာဒင်ရ (မှန်လှပါဘုရား)။

ဒါဖြင့် အရှင်ဘုရား နာမည် တပည့်တော်တို့က ဘယ်လိုများ ပေးရမှာတုံး၊ ဘယ်လိုများ ကြည်ညိုရမှာတုံး၊ ဘယ်လိုများ ဆည်းကပ်ရမှာတုံးလို့ မေးတဲ့အခါကျတော့ “ငါ့ကို တေဝိဇ္ဇပုဂ္ဂိုလ်ကြီးလို့ဆိုလို့ရှိရင် မှန်တယ်ကွ” ရှင်းပလား (ရှင်းပါပြီ)၊ ဘာပုဂ္ဂိုလ်မှမှန်တယ် (တေဝိဇ္ဇပုဂ္ဂိုလ်မှ မှန်ပါတယ်)၊ တေဝိဇ္ဇပုဂ္ဂိုလ်ကြီးလို့ဆိုလို့ရှိရင် မှန်တယ်ကွ၊ ဒကာ ဒကာမတွေ ရိပ်မိပြီ (မှန်ပါ)။

တေဝိဇ္ဇပုဂ္ဂိုလ်ကြီးဆိုတာ ပုဗ္ဗေနိဝါသာ နုဿတိ ဉာဏ်နဲ့ ငါ အောက်မေ့လိုက်လို့ရှိရင်ဖြင့် ဒီအဘိညာဉ်ကို ဝင်စားပြီး ကြည့်လိုက်လို့ရှိရင်ဖြင့် ရှေးတုန်းက ရှေးဘဝတွေက ဘာဖြစ်ခဲ့တယ်၊ ဘာဖြစ်ခဲ့တယ်ဆိုတာ အဲဒီလို အဘိညာဉ် ဝင်စားကြည့်လိုက်တဲ့အခါ သိပါတယ်၊ လူတစ်ယောက်ကို အစအဆုံးသိတယ်၊ ရှေးအတိတ်တွေကို အကုန်ပြန်တွေးရင် သိတယ် (တင်ပါ့ဘုရား) အတိတ်တွေကို ပြန်တွေးရင် (သိပါတယ်ဘုရား)။

ဒါ…ပုဗ္ဗေနိဝါသာနုဿတိဉာဏ်ဆိုတဲ့ဥစ္စာကို သမထအလုပ် လုပ်ပါဦးမှ သိမယ်ကွ၊ မလုပ်ရင် မသိပါဘူး၊ မသိဘူးဆိုတော့ ေဩာ်…သူ့ကိစ္စနဲ့သူ သိတာကိုးလို့ ဒကာ ဒကာမတွေက ဆုံးဖြတ်ချက်ချပါ (တင်ပါ့)၊ ဦးသံဒိုင် ရိပ်မိပလား (မှန်ပါ့)။

နောက်ကွာတဲ့၊ ဒိဗ္ဗစက္ခု အဘိညာဉ်နဲ့ ဒီလူဟာ ဘယ်တော့သေလိမ့်မယ်၊ ဘယ်တော့ နာလိမ့်မယ်၊ ဘယ်တော့ အခါကျ တရားရလိမ့်မယ်၊ ဘယ်တော့အခါကျ ပျက်စီးလိမ့်မယ်ဆိုတာ ဒိဗ္ဗစက္ခုအဘိညာဉ် ဝင်စားပြီး ကြည့်လိုက် ပြန်လဲ သိပြန်တာပဲကွ။

ဒါဖြင့် ဒကာ ဒကာမတို့ ဆင်ခြင်မှ သိတာ (မှန်ပါ့)၊ မဆင်ခြင်ရင် (မသိပါ)၊ မဆင်ခြင်ရင် မသိဘူးဆိုတာ ဒကာ ဒကာမတွေ ဆုံးဖြတ်ချက်ချ (မှန်ပါ့)၊ အလုံးစုံသိတဲ့ ကိုယ်တော်မြတ်ကြီးဆိုပြီး ခင်ဗျားတို့က ရမ်းကြည်ညိုမနေနဲ့ ဆင်ခြင်မှသိတယ် (တင်ပါ့ဘုရား)။

ပြီးတော့ ငါသိတာ တစ်မျိုးရှိသေးတယ်ကွာ…တဲ့၊ အခု နှစ်ခုပြီးသွားပြီတဲ့၊ သုံးခုရှိတယ်၊ သုံးခုတော့ ငါသိတယ်၊ အာသဝေါတရားကုန်မည့် ဒီပုဂ္ဂိုလ်ကို အာသဝေါတရားကုန်အောင် ငါဘယ်လိုလုပ် ဟောရမယ်ဆိုတာ သိတဲ့ဉာဏ်၊ ငါ့ကိုယ်ငါ အာသဝေါတရားကုန်ဖို့ သိတဲ့ဉာဏ်လည်း ငါ့မှာရှိတယ်၊ သူတစ်ပါး အာသဝေါတရားကုန်ဖို့ ဟောနိုင်တဲ့ ဉာဏ်လဲ ငါ့မှာရှိတယ်။ အာသဝက္ခယဉာဏ်လဲ ငါ့မှာရှိတယ်ပေါ့လေ။

ဒါဖြင့် ဘုရားမှာ ဉာဏ်ဘယ်နှစ်ဉာဏ်ရှိသတုံး (သုံးဉာဏ်ရှိပါတယ်)၊ ပုဗ္ဗေနိဝါသာနုဿတိဉာဏ်, ဒိဗ္ဗစက္ခုဉာဏ်၊ အာသဝက္ခယဉာဏ်၊ ဒီဟာတွေတော့ ရှိပါတယ်ကွာ ဆိုပြီးသကာလ ဘုရားက အဖြေပေးလိုက်တယ်၊ သဘောကျရဲ့လား (ကျပါတယ်ဘုရား)။

ပုဗ္ဗေနိဝါသာနုဿတိဉာဏ် ဘုရားမှာရှိတယ် (တင်ပါ့)၊ ဒါလဲ ဆင်ခြင်မှနော် (မှန်ပါ့)။

ဒိဗ္ဗစက္ခုဉာဏ်ရော (ရှိပါတယ်ဘုရား)၊ ဒါလဲ ဒိဗ္ဗစက္ခုဉာဏ် အမြဲရှိနေသလား (မရှိပါဘုရား)၊ မရှိပါဘူး… သမထအလုပ်လုပ်မှ (မှန်ပါ့)၊ ထပ်ပြီးလုပ်ကြည့်ရမယ်၊ သဘောပါကြလား (မှန်ပါ့)၊ အာသဝက္ခယဉာဏ်ဆိုတာလဲ ပုဂ္ဂိုလ်ကို ရင့်တာ နုတာ ချိန်ပြီးတော့မှ ဟောနိုင်တဲ့ဉာဏ် ရှိပါတယ်။ နုနေလို့ရှိရင် ဟောဆိုလဲ မဟောပါဘူး (တင်ပါ့)၊ ဒကာ ဒကာမတို့ ဟောပါ့မလား (မဟောပါဘုရား)။

ဒါဖြင့် ဘုရားကိုယ်တော်မြတ်ကြီးမှာ ပုဗ္ဗေနိဝါသာနုဿတိဉာဏ်, ဒိဗ္ဗစက္ခုဉာဏ်, အာသဝက္ခယဉာဏ်လို့ ဒီဉာဏ် သုံးခုတော့ရှိတယ်၊ အိပ်နေလဲ သိတယ်၊ စားနေလဲ သိတယ်၊ သွားနေလဲ သိတယ်ဆိုတာတော့ ငါ့ကို ကဲ့ရဲ့ကြတာကွ၊ ဒါ…ခင်ဗျားတို့လဲ ကဲ့ရဲ့တဲ့အထဲ မပါကြစေနဲ့။

အကုန်သိတာလား၊ ဒီဉာဏ်တွေဝင်စားမှ သိတာလား (ဒီဉာဏ်တွေနဲ့ ဝင်စားမှ သိတာပါ) ဒီဉာဏ်တွေနဲ့ ဝင်စားမှ သိတယ်ဆိုတာ ဒကာ ဒကာမတွေက ဆုံးဖြတ်ချက်ချပါ။

ဒါတွေက ဗဟုသုတအတွက် ပြောတာပါ။ လိုရင်းပြောချင်တာက ဒါ…မဟုတ်သေးပါဘူးဆိုတာ ဆုံးဖြတ်ချက် ချပါ (မှန်ပါ့)၊ လိုရင်းက အလုပ်တရားကို ပြောချင်တာ၊ အလုပ်တရားက ဒီအထဲမှာ ပါနေတယ် (မှန်ပါ့)။

ဒါနဲ့ ဝစ္ဆဂေါတ္တပရိဗိုဇ်က ဆက်မေးပြန်တယ်၊ အရှင်ဘုရားတဲ့၊ တပည့်တော် အရှင်ဘုရားနဲ့ပဲ ချိန်ပြီးတော့ တပည့်တော်များ ဖြေကြားပေးပါ၊ “လူဟာ လူ့သံယောဇဉ်မစွန့်ဘဲနဲ့ ဒုက္ခအဖြစ်ဆုံး နိဗ္ဗာန်ရောက်ပါ့မလား”တဲ့။ ဒါမှ ပွိုင့် (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါတယ်)၊ ဒါကို သေသေချာချာ မှတ်ရမယ် (မှန်ပါ့)။

လူဟာ သူ့သံယောဇဉ်မစွန့်ဘဲနဲ့ အာသဝေါတရားကုန်ရာ နိဗ္ဗာန်ရပါ့မလားလို့ မေးလိုက်တယ် (မှန်ပါ့)၊ မှတ်မိ ကြပလား (မှတ်မိပါပြီ)၊ ဘာတဲ့တုံး (လူဟာ လူ့သံယောဇဉ်မစွန့်ဘဲ နိဗ္ဗာန်ရပါ့မလားတဲ့)၊ အာသဝေါတရားကုန်တဲ့ နိဗ္ဗာန် ရပါ့မလားလို့ ပရိဗိုဇ်က မေးလိုက်တယ်၊ မှတ်မိကြပြီလား (မှန်ပါ့)။

ဒီဟာ အလုပ်နဲ့ ဒါမှ ကိုက်တယ်၊ လူဟာ လူ့သံယောဇဉ် မစွန့်ဘဲနဲ့ အာသဝေါတရားကုန်ရာ နိဗ္ဗာန်ရောက်ပါ့ မလားလို့ မေးလိုက်တယ် ဦးမြရဲ့ (မှန်ပါ့)၊ မေးချက် မကောင်းဘူးလား (ကောင်းပါတယ်)၊ မေးချက် အင်မတန်ကောင်း တယ်ဆိုတာ ဆုံးဖြတ်ချက်ချပါ။

သခင်ဝတင် ဒါတွေက ပွိုင့်၊ ခုနဟာကတော့ ဘုရားကို မှန်ကြောင်း မှားကြောင်းသိအောင်း ဘုန်းကြီးက ဟောနေတာပါ။

အဲဒီတော့ ဘုရားက အဖြေပေးလိုက်တယ်၊ မှတ်လိုက်စမ်းပါ၊ “လူဟာ လူ့သံယောဇဉ်မစွန့်ဘဲနဲ့ အာသဝေါတရား ကုန်ရာ ဒုက္ခ၏ ဆုံးရာ နိဗ္ဗာန် ဘယ်တော့မှ မရောက်ဘူးကွ” ဖြေပြီ (မှန်ပါ့ဘုရား)။

ဖြေပုံ သဘောကျရဲ့လား (ကျပါတယ်ဘုရား)၊ လူဟာ လူ့သံယောဇဉ်မစွန့်ဘဲနဲ့ (နိဗ္ဗာန်ဘယ်တော့မှ မရောက်ဘူး) အာသဝေါတရားကုန်ရာ ဒုက္ခ၏ချုပ်ငြိမ်းရာ နိဗ္ဗာန်ကို ဘယ်တော့မှ မရောက်ဘူးတဲ့ (တင်ပါ့ဘုရား) သဘောပါပလား (ပါပါတယ်ဘုရား)၊ လူဟာ လူ့သံယောဇဉ် မစွန့်ဘဲနဲ့ ဘယ့်နှယ်တုံး (နိဗ္ဗာန်ဘယ်တော့မှ မရောက်ပါဘုရား)။

ဒါဖြင့် ဒီထဲမှာ ရောက်မည့်သူ ပါပါ့မလား…ဆိုတဲ့…ဘုန်းကြီးကလဲ ထူးထူးခြားခြား ဟောနေတယ်၊ ဒီထဲမှာ ဒကာ ဒကာမတွေကလဲ လူ့သံယောဇဉ်တွေနဲ့ ရောက်မည့်သူ တစ်ယောက်မှ မပါဘူးဆိုတဲ့ အဓိပ္ပာယ်တွေ ယူချင်ယူပစ်လိုက်မယ် (မှန်ပါ့)၊ မယူပေဘူးလား (ယူရမှာပဲဘုရား)။

ဟုတ်တယ်တဲ့၊ သံယောဇဉ်တွေမစွန့်ဘဲနဲ့ မရတာကတော့ဖြင့် အမှန်ပဲတဲ့ (မှန်ပါ့)၊ ဒကာ ဒကာမတို့ (မှန်ပါ့)၊ လူဟာ လူ့သံယောဇဉ် မစွန့်ဘဲနဲ့ ဒုက္ခချုပ်ငြိမ်းရာ နိဗ္ဗာန်ကို ရနိုင်ပါလား (မရနိုင်ပါ)၊ မရနိုင်ဘူးဆိုရင်ဖြင့် အခု တရားနာ ပရိသတ်မနည်းလှပါဘူး (မှန်ပါ့)၊ တစ်ယောက်မှ ရမည့်သူ မပါပါဘူးဆိုတာ သေချာပလား (သေချာပါတယ်)၊ သေချာတယ်တဲ့၊ အဲဒီတော့ ဘုန်းကြီးက ရှင်းပြပါ့မယ်၊ ခင်ဗျားတို့ ဘုန်းကြီးပြောတဲ့ စိတ္တာနုပဿနာ ကြိုက်ရင် စိတ္တာနုပဿနာလုပ် (တင်ပါ့)။

စိတ္တာနုပဿနာကြိုက်တော့ စိတ်ကို ရှုနေတယ်ဆိုလို့ ရှိရင်ဖြင့် စိတ်ကအနိစ္စ၊ စိတ်ကဖြစ်ပြီး ပျက်တော့ အနိစ္စပေါ့ဗျာ (မှန်ပါ့)၊ ရှုနေတဲ့ဉာဏ်ကလေးက မဂ္ဂဖြစ်လာတော့ ဒီအချိန်မှာ သံယောဇဉ်ကပြတ် (မှန်ပါ့)၊ ဒီအချိန်မှာ (သံယောဇဉ်ကပြတ်ပါတယ်ဘုရား)၊ အဲဒီပြတ်တဲ့အချိန်ကျတော့ ရတယ်၊ သဘောကျရဲ့လား (ကျပါတယ်ဘုရား)။

ဒါဖြင့် လုံးလုံးမရဘူးလားလို့ဆိုမလားဆိုတော့ အို…သံယောဇဉ်ပြတ်နေတဲ့အချိန်ကျတော့ ရတယ် (မှန်ပါ့)၊ ဒါကြောင့် ဦးသံဒိုင် အားရှိစရာပါ, ပါသေးတယ် (မှန်ပါ့ဘုရား)၊ အားရှိစရာပါ, ပါသေးတယ်၊ ဒကာ ဒကာမတွေ ဘာမှ မလျှော့နဲ့၊ အလုပ်သဘောနဲ့ ပြောလို့ရှိရင် အင်မတန် ရှင်းပါလိမ့်မယ် (မှန်ပါ့)၊ အလုပ်သဘောနဲ့ ပြောတော့ ခင်ဗျားတို့ မြင်ရ မမြင်ရတော့ မပြောတတ်ဘူး၊ ဒီထဲမှာ သဠာယတနဆိုတာ အာယတနခြောက်ခု (မှန်ပါ့)၊ စိတ်မပါ ဘူးလား (ပါပါတယ်ဘုရား)။

အဲဒီစိတ်ကို ဒီကနေပြီးသကာလ စိတ်ဖြစ်တိုင်း ပျက်တိုင်း ဒီကနေ ဉာဏ်ကလေးဆက်ပေး၊ ေဩာ်…ဖြစ်ပြီ ပျက်နေပြီ၊ ဖြစ်ပြီး ပျက်နေပြီဆိုတော့ ဒီသံယောဇဉ် လာသေးရဲ့လား (မလာပါဘုရား) တဏှာဥပါဒါန် ကံတွေ ဘယ့်နှယ်နေသလဲ (မလာပါ) ဒီအချိန်မှာ ရမယ် (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ သံယောဇဉ်ဆိုတာ အမြဲတမ်းနေတဲ့တရားလား၊ အကြောင်းတိုက်ဆိုင်မှ ပေါ်တဲ့ တရားလားဆိုတာလဲ မေးပါဦး (မှန်ပါ့၊ တိုက်ဆိုင်မှ ပေါ်ပါတယ်)၊ တိုက်ဆိုင်မှပေါ်တယ်၊ အဲဒီတော့ ကျုပ်တို့က တိုက်ဆိုင်အောင် လုပ်တော့မယ် (မှန်ပါ့)၊ ဒီခန္ဓာထဲမှာရှိတဲ့စိတ်ကိုပဲ စိတ်ကြိုက် စိတ်၊ ဖဿကြိုက် ဖဿ၊ ဝေဒနာကြိုက် ဝေဒနာ သခင်ဝတင် ဒါဖြစ်ပျက်ရှုရင် ဟောဒီကနေပြီးတော့ ရှု၊ မရှုနိုင်ဘူးလား (ရှုနိုင်ပါတယ်ဘုရား)။

ရှုနိုင်တဲ့အခါ ဒီဘက်က သံယောဇဉ် ဘယ့်နှယ်နေမတုံး တဏှာဥပါဒါန်၊ ဒီအချိန်ဟာ လုပ်သာလုပ်ရမယ် (မှန်လှပါ)၊ သဘောပါပလား (ပါပါတယ်ဘုရား)၊ ထောက်ပြတော့ ဒကာ ဒကာမတွေ မရှင်းသေးဘူးလား (ရှင်းပါတယ်)၊ ဒါဖြင့် လူဟာ လူ့သံယောဇဉ်မစွန့်ဘဲနဲ့ နိဗ္ဗာန်ရပါ့မလားဆိုတော့ အလုပ်မလုပ်တဲ့ပုဂ္ဂိုလ် မရဘူးကွ (မှန်ပါ့)၊ ဒီအဖြေ ထွက်လာတယ် (မှန်ပါ့)၊ အလုပ်လုပ်တဲ့ ပုဂ္ဂိုလ်ဖြစ်ရင် (ရပါတယ်ဘုရား)။

ရနိုင်တယ်ဆိုတော့ ဒကာ ဒကာမတွေ တရားနာတာက သိဖို့နာတာပါ၊ အလုပ်လုပ်မှ ခင်ဗျားတို့ သံယောဇဉ် ပြတ်မယ် (မှန်ပါ့)၊ အလုပ်လုပ်တော့ကို သံယောဇဉ်ရှိနေရင်လဲ မဂ်မလာဘူး၊ မဂ်လာနေရင်လဲ သံယောဇဉ်မရှိဘူး၊ သဘောပါကြလား (ပါပါတယ်ဘုရား)၊ ဒီနေရာမှာ စိတ်ကလေးကို ဒီကနေ ဖြစ်ပျက်ရှုလိုက်တော့ ဒီဘက် သံယောဇဉ် ပြတ် မပြတ် ခင်ဗျားတို့ပဲ အကဲခတ်ပါ (ပြတ်ပါတယ်ဘုရား)။

ဒီကနေရာကနေပြီး မဂ်လာမှာကိုး (မှန်လှပါ)၊ မလာပေဘူးလား (လာပါတယ်ဘုရား)၊ မဂ်တော့ ဒီအဆက် ကလေး ဘယ့်နှယ်နေမလဲ (ပြတ်ပါတယ်ဘုရား)၊ ပြတ်သွားတော့ ဒါ သံယောဇဉ်ကင်း မကင်း (ကင်းပါတယ်) ထိုကဲ့သို့ ကင်းလို့ရှိရင်ဖြင့် ဘယ်မှာ မရဘဲရှိရမလဲ (မှန်ပါ့)။

ဒါဖြင့် ဒီနေရာ မဂ်သွင်းနိုင်တဲ့ပုဂ္ဂိုလ် သခင်ဝတင် (ရမယ်) ဒီနေရာမှာ မဂ်မသွင်းနိုင်တဲ့ ပုဂ္ဂိုလ်ဆိုရင် (မရပါ)၊ မောင်ထွန်းရင် ရပါ့မလား (မရပါဘုရား)၊ ဦးမြကြီး ရပါ့မလား (မရပါဘုရား)၊ ရှင်းရဲ့လား ဦးညွန့်တို့ ရှင်းပလား (ရှင်းပါပြီဘုရား)၊ သံယောဇဉ်ပြတ်မပြတ်ဆိုတဲ့ဥစ္စာက ခင်ဗျားတို့ အလုပ် မလုပ်တဲ့ပုဂ္ဂိုလ်မှာ အနုသယ သဘောနဲ့ အမြဲကိန်းနေတယ်၊ သဘောကျပလား (မှန်ပါဘုရား)၊ အလုပ်လုပ်နေတဲ့ပုဂ္ဂိုလ်ကျတော့ သံယောဇဉ် အနုသယ သဘောနဲ့ ကိန်းတဲ့ဥစ္စာသည် အာရုံကြောင့် ပေါ်နိုင်သေးရဲ့လားမေးရင် ဘယ့်နှယ်ဖြေကြမလဲ (မပေါ်နိုင်တော့ပါ ဘုရား)၊ မဂ်ဝင်နေရင် ပေါ်နိုင်သေးရဲ့လား (မပေါ်နိုင်ပါ)၊ ရှင်းပလား (ရှင်းပါပြီဘုရား)။

ကောင်း – ဒါဖြင့် လူဟာ လူ့သံယောဇဉ်မစွန့်ဘဲနဲ့ ဒုက္ခချုပ်တဲ့နိဗ္ဗာန်ရပါ့မလားလို့ ဒကာ ဒကာမတွေ မေးပြီ၊ ရပါ့မလား (မရပါဘုရား)၊ အလုပ် လုပ်လိုက်ပြန်လို့ရှိရင်တော့ (ရနိုင်ပါတယ်) ဒါဖြင့် နှစ်နည်းရှိနေတာပဲ၊ ဒကာ ဒကာမတွေ ဘာရှိနေသလဲ (နှစ်နည်းရှိပါတယ်)၊ အဲဒါ ခင်ဗျားတို့ ဒီဝစ္ဆဂေါတ္တပရိဗိုဇ်ကို အတော်ကျေးဇူးတင်ဖို့ ကောင်းတယ်၊ မေးချက် သိပ်ကောင်းတယ်၊ မေးချက်က လူဟာ လူ့သံယောဇဉ် မစွန့်ဘဲနဲ့ ဒုက္ခချုပ်တဲ့နိဗ္ဗာန် ရောက် ပါ့မလားမလားလို့ သူက မေးလိုက်တယ် (မှန်ပါ့)။

ဘုရားက ဘယ့်နှယ်ဖြေတုံးဗျ (မရောက်ပါ) မရောက်ဘူးကွ၊ ဘာရောက်မတုံး၊ စိတ္တပစ္စယာ တဏှာ၊ ဖဿပစ္စယာ (တဏှာ) ဒေဝနာပစ္စယာ (တဏှာပါဘုရား)၊ ဒီမှာ အလုပ်က မလုပ်ဘဲကိုး၊ ဒီနေရာ အလုပ်လုပ်ရမယ့်နေရာ အလုပ် မလုပ်ဘူး၊ သဘောပါပလား (ပါပါတယ်ဘုရား)၊ အလုပ်လုပ်ရမယ့် နေရာကို (အလုပ် မလုပ်ပါဘုရား)၊ အလုပ် လုပ်လိုက်လို့ရှိရင် စိတ္တပစ္စယာ တဏှာလာသေးသလား၊ စိတ္တပစ္စယာ မဂ္ဂေါလို့ ဆိုမလား (စိတ္တပစ္စယာ မဂ္ဂေါဆိုပါတယ် ဘုရား)။

မဂ်ကလာမယ်၊ ဒါဖြင့် ရရမယ် (မှန်ပါ့)၊ မရပါနဲ့ဆိုလို့ (မရပါဘုရား)၊ ဒီလိုဆိုလို့ရှိရင် ခုတင်က ဝစ္ဆဂေါတ္တ ပရိဗိုဇ် မေးလိုက်တာ လူဟာ လူ့သံယောဇဉ်မစွန့်ဘဲနဲ့ နိဗ္ဗာန်ရပါ့မလားဆိုတာ ဒီလိုလည်နေရင် မရဘူးပြောတာ၊ ဒီလိုပြတ်သွားလို့ရှိရင် (ရပါ့မယ်) ဆိုတော့ ဒါက သက်သေခံ မလုံလောက်သေးဘူးလား (လုံလောက်ပါတယ်ဘုရား)။

အဲဒါ ဒကာ ဒကာမတွေက ေဩာ်…ငါ့မှာ ပါရမီမရှိဘူးဆိုတာ ပါရမီစခန်းကို ဒီမှာ ရုပ်သိမ်းလိုက်တော့ (မှန်ပါ့) အလုပ်လုပ်ရင် ပြတ်တာပဲ (မှန်ပါ့)၊ အလုပ်လုပ်ရင် (ပြတ်ပါတယ်ဘုရား)၊ ဘုရားပစ္စေကဗုဒ္ဓါ လက်ဝဲရံ၊ လက်ယာရံ အသီတိရှစ်ကျိပ်သာ ပါရမီလိုတယ်၊ ခင်ဗျားတို့က ဒါ ဖြတ်ရင်ရတယ် (မှန်ပါ့)၊ သာဝကတွေက ဒါဖြတ်ရင် ရတယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)၊ ပေါ်ကြပလား (ပေါ်ပါပြီ)၊ လုပ်ကြစမ်းပါလို့ ဒကာ ဒကာမတို့ တွန်းပေးနေ တယ် (မှန်ပါ့)၊ မတွန်းသင့်ဘူးလား (တွန်းသင့်ပါတယ်ဘုရား)။

ခင်ဗျားတို့က တွန်းတယ်ဆိုရင် ရှေ့သွားမလား၊ နောက်ပြန်ဆုတ်မလား မေးရမယ် ဒီဥစ္စာ (မှန်ပါ့ဘုရား) မမေးလို့ရှိရင် ဒီဒကာရင်း ဆရာရင်းတွေဟာ ပျော့တော့တော့ ဖြစ်နေမှာပေါ့ (မှန်ပါ့)၊ မဟုတ်ပါဘူးဆိုရင် ဒီဆက် (တင်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ ဝေဒနာပစ္စယာ (တဏှာ)၊ တဏှာပစ္စယာ (ဥပါဒါနံ) ဥပါဒါနပစ္စယာ (ကမ္မဘဝေါ) ဟောဒီဆက်ပြီ၊ ကမ္မဘဝပစ္စယာ (ဇာတိ) ဇာတိပစ္စယာ (ဇရာမရဏပါဘုရား)။

ဒါဟာ ခင်ဗျားတို့ ဘုန်းကြီးတွန်းလို့မှ မလိမ့်လို့ရှိရင် အဝိုင်းကြီးရစ်ကြပေတော့ (တင်ပါ့)၊ ဒကာ ဒကာမတို့ ဘုန်းကြီးက ဒီနေရာဖြတ်ဆိုတဲ့နေရာ ခင်ဗျားတို့ မဖြတ်ဘူး၊ ဒီနေရာကနေ သံယောဇဉ်စွန့်ရမှာကိုး၊ ပေါ်ကြပလား (ပေါ်ပါပြီ)၊ ဒီနေရာကနေ သံယောဇဉ် စွန့်ရမယ် (မှန်ပါ့)။

အဲဒါကြောင့် ဒကာ ဒကာမတွေ ငါတို့မဂ်ကို ရထိုက်တဲ့ပုဂ္ဂိုလ် ဟုတ်-မဟုတ် ဘယ်သူ့မှ မေးမနေနဲ့၊ ဒီနေရာမှာ ဝိပဿနာမဂ်ဝင်လို့ရှိရင် ဝိပဿနာမဂ် ရင့်လာရင် လောကုတ္တရာမဂ် ဖြစ်ရတဲ့နေရာ (မှန်ပါ့)၊ ခင်ဗျားတို့ သံသယရှိဖို့ မလိုဘူး၊ သဘောကျပလား (ကျပါတယ်ဘုရား)၊ အဲဒီတော့ကို ဝေဒနာနဲ့ တဏှာမကူးဖို့၊ ဖဿနဲ့ တဏှာမကူးဖို့၊ စိတ်နဲ့တဏှာ (မကူးဖို့ပါဘုရား)။

မကူးရင် ပြီးတာပဲ၊ မကူးအောင် ဘာလုပ်ရမလဲဆိုတော့ စိတ်က ဖြစ်ပျက်ဆိုလို့ရှိရင် ဒီက ရှုမိတဲ့မဂ်ကလေး လိုက်ပေးလိုက် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီဘုရား)၊ ဖဿက ဖြစ်ပျက်၊ ဖြစ်ပြီးပျက်တယ်ဆိုရင် ရှုမိတဲ့ မဂ် ကလေး ဒီကလိုက် (မှန်ပါ့)၊ ဖဿကြိုက်တဲ့လူက ဖဿရှုလိုက်ပေါ့လေ၊ ဝေဒနာကြိုက်တဲ့ပုဂ္ဂိုလ်က ဝေဒနာရှုလိုက် လို့ရှိရင်ဖြင့်တဲ့၊ ဒီကရှုတဲ့ မဂ်ကလေး ဒီလိုက်-လိုက်၊ သံယောဇဉ်တွေ…ဘယ့်နှယ်နေမလဲ (ပြတ်သွားပါတယ်ဘုရား)။

ဒါဖြင့် လုပ်ရင် ပြတ်တယ် (မှန်ပါ့)၊ မလုပ်ရင် ဦးမြ (မပြတ်ပါဘုရား)။ ေဩာ်…သံယောဇဉ်တွေက များလွန်း လို့ဘုရား၊ တပည့်တော်တို့အတွက်တော့ ခက်ပါသေးရဲ့ဆိုတာ သူမလုပ်ဘူးပြောတာ ရိပ်မိပလား (ရိပ်မိပါပြိ)၊ လုပ်မယ် ပြောတာလား၊ မလုပ်ဘူးပြောတာလား (မလုပ်ဘူးပြောတာပါဘုရား)။

မလုပ်ရင် အဝိုင်းပြေး ပြေးပြီပေါ့ဗျ၊ ဒီက ၁ – လာတော့ ၂ – မရောက်ပေဘူးလား (ရောက်ပါတယ်ဘုရား)၊ ၂ – ကနေပြီး မလုပ်တော့ ၃ – မရောက်ပေဘူးလား (ရောက်ပါတယ်)၊ ၃ – ကနေ ၄ (ရောက်ပါတယ်)၊ ၄ – ကနေ ၁-ပြန်မယ်၊ ကဲ ဒကာ ဒကာမတို့ ဘယ့်နှယ်လုပ်ကြမလဲ၊ ဒီလိုပဲ အဝိုင်းပြေးတော့မလား၊ အဝိုင်းပြေးတာ ထွက်ပေါက် ပါသေးရဲ့လား (မပါပါဘုရား)၊ ဒါ ဘယ်လိုပုဂ္ဂိုလ်ဟာ အဝိုင်းပြေးရတာတုံးမေးရင် ဘယ့်နှယ်ပြောကြမလဲ (အလုပ် မလုပ်တဲ့ပုဂ္ဂိုလ်ဟာ အဝိုင်းကြီးပြေးရတယ်)။

ဒါဖြင့် အားလုံး ဒကာ ဒကာမတွေ အလုပ်လုပ်မှုသာလျှင် ပဓာန (မှန်ပါ့)၊ ဆုတောင်းပဓာနမဟုတ် (မှန်လှပါ ဘုရား)၊ ဆုတောင်းက ဒီကနေတောင်းလဲ မရဘူး၊ ပြတ်တာမှ မဟုတ်ဘဲကိုး၊ ပြတ်ရပါလို၏သာ ဆုတောင်းတယ်၊ ပြတ်တဲ့အလုပ်ကို လုပ်ရဲ့လား (မလုပ်ပါ)၊ ဒါဟာ ငှက်ပျောတုံးကြီးလား၊ ပြတ်စေသတည်း အလယ်ကပြတ်စေသတည်း ဓားနဲ့မခုတ်နဲ့နော် (မှန်ပါ့)၊ အလယ်က ပြတ်စေသတည်း၊ အလယ်ပြတ်စေသတည်း ကဲ…ဒကာ ဒကာမတွေပဲ ဆုံးဖြတ်ချက်ချ (မပြတ်ပါဘုရား)။

မပြတ်ဘူး၊ ဦးမြရော (မပြတ်ပါဘုရား)၊ ဘာဖြစ်လို့တုံး (လက်တွေ့မဖြတ်လို့)၊ ဖြတ်တတ်တဲ့ ဓားနဲ့မဖြတ်လို့ (မှန်ပါ့)၊ ဒါကြောင့် မဂ်ဓားနဲ့ ဒီကနေ ဖြတ်လိုက်မယ်ဆိုရင် သခင်ဝတင် ဘယ့်နှယ်နေမလဲ (ပြတ်ပါတယ်ဘုရား)၊ ပြတ်တယ်ဆိုတော့ ပါရမီ လိုသလား၊ လုပ်တဲ့အလုပ် လိုသလား (လုပ်တဲ့အလုပ် လိုပါတယ်ဘုရား)၊ အဲဒါကြောင့် ဘုရားဆုပန်ရင် ပါရမီလိုတယ်၊ လက်ဝဲရံ လက်ယာရံ ဆုပန်ရင် ပါရမီလိုတယ်၊ အသီတိရှစ်ကျိပ်ဖြစ်ချင်ရင် (ပါရမီ လိုတယ်)၊ ပစ္စေကဗုဒ္ဓါ ဖြစ်ချင်ရင် (ပါရမီ လိုပါတယ်)။

အဲဒီပါရမီပြောတာဟာ ခင်ဗျားတို့ ဆုတ်နစ်တဲ့စိတ်ပေါ်ဖို့ ပြောနေတာ၊ ဒီအထဲ ဘုရားအလောင်းတစ်ယောက်မှ မပါဘူး၊ ပါကြရဲ့လား (မပါပါ)၊ ဦးအောင်ဇံဝေကြီး ဘုရားဆုများ ပန်သေးသလား (မပန်ပါဘုရား)၊ မပန်ပါဘူး၊ မပန်ဘူး တော်သေးတယ်၊ ကောင်းပြီတဲ့ ဒါဖြင့် ဒကာ ဒကာမတို့ သေသေချာချာလဲ နားထောင်ပါဆိုတော့ ေဩာ်… လူဟာ လူ့သံယောဇဉ်မပြတ်ဘဲနဲ့ နိဗ္ဗာန်ရပါ့မလားလို့ဆိုတော့ ဘုရားဖြေတာနော်၊ ဒီသံယောဇဉ် ဆက်သွားလို့ ရသေး ရဲ့လား (မရပါဘုရား)၊ သူ့ပဋိစ္စသမုပ္ပါဒ်နဲ့ သူမကိုက်ဘူးလား (ကိုက်ပါတယ်) ဆက်သွားရင်တော့ (မရပါ)၊ ဖြတ်လိုက် ရင်တော့ (ရပါတယ်ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ဒီဟာကိုမူတည်ပြီး သိပါ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါတယ်)၊ ဒီဟာကို မူတည်သိ၊ ဘယ်သူ ပြောတာမှ မယုံနဲ့၊ ဒါ ခင်ဗျားတို့ဖြစ်စဉ်၊ သဘောကျပလား (မှန်ပါ့)၊ ခင်ဗျားတို့ဖြစ်စဉ်ကို ခင်ဗျားတို့ ဆရာ ဘုန်းကြီးပေးတဲ့ဉာဏ်နဲ့ နည်းပေးတဲ့ ဉာဏ်နဲ့သာဖြတ်၊ မရမရှိဘူး (မှန်ပါ့)၊ ကဲ…ဘယ်သူပြောတာ ယုံကြမတုံး၊ ကိုယ့်ပဋိစ္စသမုပ္ပါဒ် ပြတ်မပြတ်ကို အကဲခတ်ကြမလား (မှန်ပါ အကဲခတ်ပါမယ်) ပြတ်မပြတ်ကို အကဲခတ်ရမယ်၊ သဘောပါပလား (ပါပါပြီဘုရား)။

သူများပြောတာ ယုံမလား၊ ကိုယ့်ပဋိစ္စသမုပ္ပါဒ် ပြတ် မပြတ် ဆုံးဖြတ်ချက်ချမလား (ကိုယ့်ပဋိစ္စသမုပ္ပါဒ်နဲ့ ကိုယ်ဆုံးဖြတ်ချက်ချပါမယ်)၊ ဒါဖြင့် နိဗ္ဗာန်ရောက်တဲ့ပုဂ္ဂိုလ်ဟာ ကိုယ့်ပဋိစ္စသမုပ္ပါဒ်ပြတ်လို့ ရောက်တာ (မှန်ပါ့)၊ မပြတ်ဘဲနဲ့ (မရောက်ပါဘူး)၊ ဘုရားသခင်ကိုယ်တော်မြတ်ကြီးဟာ ဘုရားဖြစ်ချင်တဲ့အတွက် ပါရမီတွေ ဖြည့်လိုက်တာက တော့ဖြင့် လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းပေါ့နော် ပဋိစ္စသမုပ္ပါဒ်၊ ပြတ်တဲ့အလုပ်တော့ ဗောဓိပင်နဲ့ ရွှေပလ္လင်မှာ အရုဏ် တက်မှလုပ်ရတယ် (တင်ပါ့ဘုရား)၊ အဲဒီတော့ ဘုရားဖြစ်သွာတးယ် (မှန်ပါဘုရား)။

ဟိုဟာတွေက အကူအညီသာဖြစ်တယ်၊ တကယ်ပြတ်တာက သူ့မဂ်ကဖြတ်ပေးတာ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါတယ်)၊ ဒါဖြင့် ဘုရား ဘာ့ကြောင့်ဖြစ်သတုံး၊ ပဋိစ္စသမုပ္ပါဒ် ၂-က ၃-မကူးလို့ ဘုရားဖြစ်တယ်၊ ရိပ်မိပလား (ရိပ်မိပါတယ်) ဘုရား ဘာ့ကြောင့် ဖြစ်သတုံး (၂-က ၃-မကူးလို့ဖြစ်တာ) ၃-က ၃-မကူးလို့ ဘုရားဖြစ်တာ။

သောတာပန် ဖြစ်ချင်တော့ရော (နှစ်က သုံးမကူးလို့ ဖြစ်တာ)၊ သကဒါဂါမ်ဖြစ်ချင်ရော (နှစ်က သုံးမကူးလို့ ဖြစ်တာ)။ ကုန်ရောပေါ့ဗျာ…၊ စကားကုန်နေပြီ မကုန်သေးဘူးလား (ကုန်ပါပြီ)။

အဲဒီတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက သူများပြောတာကို မယုံနဲ့၊ ဒါ ခင်ဗျားတို့ခန္ဓာ (မှန်ပါ့)၊ ဘုန်းကြီး ပြောတာတောင် ချင့်ယုံ၊ ကိုယ့်ခန္ဓာက ဒါ ကိုယ့်ခန္ဓာသည် ပဋိသန္ဓေနေတယ်၊ နာမ်ရုပ်ပေါ်တယ်၊ သဠာယတနဆိုတဲ့ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်ပေါ်တယ် (မှန်ပါ့)၊ ဖဿပေါ်တယ်၊ ဝေဒနာပေါ်တယ်၊ တဏှာမကူးစေနဲ့ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။

တဏှာကူးရင်တော့ဖြင့် မရဘူး၊ တဏှာမကူးဘဲနဲ့ ဒီတိုင်းနေရင် မဂ်ကဝင်ပြီး သကာလ ဝိပဿနာမဂ်နဲ့ ဝင်ဖြတ်ပါ၊ ရ-မရ (ရပါတယ်ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ သူတစ်ပါးဟောတာ ယုံမလား၊ ကိုယ့် ပဋိစ္စသမုပ္ပါဒ် ကိုယ်ဖြတ်တာကို အတည်ပြုမလား (ကိုယ့်ပဋိစ္စသမုပ္ပါဒ် ကိုယ်ဖြတ်တာကို အတည်ပြုရမှာပါဘုရား)။

ဘယ်သူ့မှ မယုံနဲ့ဗျ၊ ကိုယ့်ဝမ်းနာ ကိုယ်အသိဆုံး (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ ဒကာ ဒကာမတွေ ဘယ်သူပြောတာတုံး၊ ကိုယ့်ဟာကိုယ်ပြောတာ ရှင်းပလား (ရှင်းပါပြီ)၊ အားလုံး ဒကာ ဒကာမတွေ ဉာဏ်ထဲမှာ ကွင်းကွင်းကွက်ကွက် ပေါ်ရဲ့လား (ပေါ်ပါတယ်) ကိုယ့်အဖြစ်ဆိုးကို ကိုယ်အသိဆုံး။

ဒကာ ဒကာမတို့ “ဝေဒနာပစ္စယာ” ဝေဒနာက ခင်ဗျားတို့က ဥပမာ ဝက်သား ကြက်သား စားလိုက်တယ် ဆိုတော့ သုခဝေဒနာ ပေါ်မှာပေါ့ဗျာ (မှန်ပါ့)၊ နောက်ဝယ်ဦးဟေ့ ဆိုတဲ့ တဏှာမလာဘူးလား (လာပါတယ်ဘုရား)၊ ဆက်ပေါ့၊ သံယောဇဉ် စွန့်သေးရဲ့လား (မစွန့်ပါဘုရား)။ ဒါဖြင့် ဝေဒနာက္ခန္ဓာနောက်က သင်္ခါရက္ခန္ဓာဆိုတဲ့ တဏှာ မလိုက်ဘူးလား (လိုက်ပါတယ်)၊ တဏှာလိုက်တော့ “တဏှာပစ္စယာ ဥပါဒါနံ”ဆိုတာက ခင်ဗျားတို့က တောင့်တရ တာလား၊ ဓမ္မနိယာမပေါ်တာလား (ဓမ္မနိယာမကြောင့် ပေါ်တာပါ) ဓမ္မနိယာမကြောင့် ပေါ်တာ (မှန်ပါ့)၊ “ဥပါဒါန ပစ္စယာ ကမ္မဘဝေါ”ဆိုတဲ့ ကာယကံ၊ ဝစီကံက နောက်ဝယ်ဦးကွယ်၊ ချက်ဦးကွယ်ဆိုတာဘာတုံး…ကမ္မဘဝတဲ့၊ သဘောကျပလား (ကျပါပြီ)၊ နောက်ဝယ်ပါဦး၊ ချက်ပါဦးလို့ ကာယကံနဲ့ရော မသွားကြဘူးလား (သွားပါတယ်ဘုရား)၊ ဝစီကံနဲ့ရော မမှာကြဘူးလား (မှန်ပါတယ်ဘုရား) မှာတာကို ဘာဆိုကြမလဲ (ကမ္မဘဝပါ)၊ ကမ္မဘဝဆိုတာ သေချာ ပလား (သေချာပါတယ်ဘုရား)။

ဒါဖြင့် ကမ္မဘဝလုပ်ထားတဲ့ပုဂ္ဂိုလ်ဟာ သေသည်၏ အခြားမဲ့၌ ဇာတိရမှရပါ့မလား (ရပါတယ်ဘုရား)၊ ဟိုမြှ အစပ်က ပြတယ်၊ ဆက်သွားပြီ၊ ဒီမြှားကလေးက နှစ်ဖက်ဆက်ပြီကွ၊ မြှားပြတ်သေးရဲ့လား (မပြတ်ပါ)၊ အဲဒီတော့ကို ဒကာ ဒကာမတို့ လူဟာ လူ့သံယောဇဉ်မစွန့်ဘဲနဲ့ နိဗ္ဗာန် မရဘူးဆိုတဲ့အဖြေကိုလဲ ဟောဒီစပ်လို့ရှိရင် မရဘူးပြောတာ (မှန်ပါ့ဘုရား)။

ဦးမြ ဝေဒနာနဲ့တဏှာစပ်ရင် (မရပါဘုရား)၊ ဖဿနဲ့ တဏှာစပ်ရင် (မရပါဘုရား)၊ စိတ်နဲ့တစှာစပ်ရင်ရော (မရပါဘုရား)၊ မရဘူးတဲ့၊ ကဲ…ဘုန်းကြီးကပဲ တာဝန်ခံပါတယ်၊ ဒကာ ဒကာမတို့ မစပ်အောင် ဟောဒီက နေပြီး သကာလ ဒါတွေ ပေါ်တိုင်း ပေါ်တိုင်း အနိစ္စရှုပါ၊ ရှုလို့ရှိရင် ဒါနဲ့ ဒါက မစပ်ဘဲနဲ့ အဆက်ပြတ်တယ်၊ ပြတ်ခဲ့ရင် ဒီနေရာကနေပြီးတော့ မရဘူးလား (ရပါတယ်)၊ ပြတ်-မပြတ်သာ အကဲခတ်စမ်း (ပြတ်ပါတယ်)၊ ဒါဖြင့် နိဗ္ဗာန်ရမယ် (မှန်ပါ့ဘုရား)။

ဘယ့်နှယ်ကြောင့် နိဗ္ဗာန်ရသတုံးဆိုတော့ တဏှာ၊ ဥပါဒါန်က ကိလေသဝဋ်၊ ကံက ကမ္မဝဋ် (မှန်ပါ့)၊ ဒီဘက် ဇာတိ ဇရာ မရဏ (ဝိပါကဝဋ်)၊ ဝဋ်သုံးပါး ကျွတ်သွားပြီ (မှန်ပါ့)၊ မရပေဘူးလား (ရပါတယ်)၊ ဒါဖြင့် သူများပြော ယုံမလား၊ ခင်ဗျားတို့ ကိုယ့်ပဋိစ္စသမုပ္ပါဒ် ကိုယ်ဖြတ်တာ ယုံမလား (ကိုယ်ဖြတ်တာ ကိုယ်ယုံပါတယ်)၊ ဘာဆုမှတောင်း မနေနဲ့၊ ဒါချည်း ဖြတ်နေရင်ရတာပဲ (မှန်ပါ့)၊ ဘာဆုမှ မတောင်းနဲ့၊ တပည့်တော် မြန်မြန်ကြီး နိဗ္ဗာန် ရရပါလို၏ တောင်း…မရဘူး။

မြန်မြန်ကြီး နိဗ္ဗာန်ရ ရပါလို၏ဆိုပြီး တောင်းရင် (မရပါဘုရား) ဘာဖြစ်လို့လဲ ဖြတ်မှမဖြတ်ဘဲနဲ့ ရနိုင်ပါ့ မလား (မရပါဘုရား)၊ ဒကာ ဒကာမတို့ ကျေနပ်ကြပလား (ကျေနပ်ပါပြီ) ဒါဖြင့် ဒကာ ဒကာမတွေ ဆုတောင်းနဲ့ အလုပ် ဘယ်ဟာကို အဓိကထားကြမလဲ (အလုပ်ကို အဓိက ထားရမယ်)၊ အလုပ် အဓိကထားရင် ဒီနေရာမှာ မဆက်စေနဲ့ (မှန်ပါ့)၊ ဦးထွန်းအောင်ကြီး သဘောကျပလား (ကျပါပြီ)၊ သေသေချာချာ သဘောကျပြီနော် (မှန်ပါ့)၊ ကောင်းပြီ ဒကာ ဒကာမတို့၊ ဒါ သူများ ပြောတာလား၊ ကိုယ့်ခန္ဓာက ဒီလိုဖြစ်နေတာလား (ကိုယ့်ခန္ဓာက ဒီလိုဖြစ်နေ တာပါ)၊ ဒါဖြင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီး ဘုရားဖြစ်တာက ငါပဋိစ္စသမုပ္ပါဒ်အစ သိလာလို့ ဘုရားဖြစ်တယ်၊ ပဋိစ္စသမုပ္ပါဒ် ဆုံးအောင်ဖြတ်နိုင်လို့လဲ ငါဘုရားဖြစ်တယ်ကွ ဆိုပြီးတော့ ပဋိစ္စသမုပ္ပါဒ်အစ သိတော့ကို အဝိဇ္ဇာ အကြောင်း သူကောင်းကောင်း သိတယ် (မှန်ပါ့)၊ ပဋိစ္စသမုပ္ပါဒ်အဆုံး သိတော့ အဝိဇ္ဇာဆုံးရင် ချုပ်တာပဲဆိုတော့ ဖြစ်ပျက်ရှုတဲ့မဂ်ဟာ အဝိဇ္ဇာချုပ်တယ် (မှန်ပါ့)၊ မချု့်ဘူးလား (ချုပ်ပါတယ်ဘုရား)။

အဝိဇ္ဇာချုပ်တော့ အင်း…ပဋိစ္စသမုပ္ပါဒ် ငါအစ သိတယ်၊ ချုပ်တဲ့နေရာလဲ သိတယ်၊ ဒါကြောင့် ငါသည်ကား လို့ဆိုရင် “ဝိဓူပယံ တိဋ္ဌတိ မာရသေနံ”ဆိုပြီး ဒီ ကိလေသမာရ်တွေ ငါအောင်လို့ ဟောဒီနေရာမှာ ငါဘုရားဆိုတာ ဒါပဲကွလို့ ငါ့ ခန္ဓာငါးပါးဟာ ဒါဘုရားပဲ (မှန်လှပါဘုရား)၊ ပေါ်ပလား (ပေါ်ပါပြီ)၊ ဒကာ ဒကာမတို့ ဒါဖြတ်လို့ ဘုရားဖြစ်သွားတာ (တင်ပါ့)၊ ဒီအဝိဇ္ဇာကလဲ ဒီကနေရှုလိုက်တော့ ဝိဇ္ဇာမဖြစ်ဘူးလား (ဖြစ်ပါတယ်ဘုရား)။

ဝိဇ္ဇာဖြစ်တော့ ဒီကတဏှာ ဥပါဒါန် လာသေးရဲ့လား (မလာပါဘုရား)၊ ဒါဖြင့် ဘုရား၊ ဘုရား ဘယ့်နှယ်ကြောင့် ဖြစ်ပါလိမ့်မတုံးလို့ မေးလို့ရှိရင် ပါရမီ ၁၀-ပါး၊ အပြား-၃၀ စွန့်ခြင်းကြီး ၅-ပါး စတဲ့ ဘုရားဖြစ်ကြောင်း တရားတွေ ဖြည့်ကျင့်ခဲ့ပြီး ပဋိစ္စသမုပ္ပါဒ်ပြတ်လို့ ဘုရားဖြစ်တာ (မှန်ပါ့ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါပြီဘုရား)။

ခင်ဗျားတို့က ပါရမီဆယ်ပါး အပြား ၃၀ ကြောင့် ဘုရားဖြစ်တာ၊ ပဋိစ္စသမုပ္ပါဒ်မပြတ်လို့ရှိရင် မြတ်ဘုရားကလဲ ကျုပ်တို့လို အဝိုင်းပြေးပဲ သွားမယ် (မှန်ပါ့)၊ ဒီ့ပြင် သွားစရာ ရှိသေးရဲ့လား (မရှိပါဘုရား)။

ဒါဖြင့် ဦးမြ ပါရမီဆယ်ပါး အပြားသုံးဆယ်က ဝေးသောအကြောင်း (မှန်ပါ့)၊ နီးသောအကြောင်းက ဒီနေရာက ဖြတ်တဲ့မဂ်လို့ မှတ်လိုက်စိမ်းပါ (မှန်လှပါဘုရား)၊ ရှင်းပလား (ရှင်းပါပြီ) မဂ်ကို ခင်ဗျားတို့ အခု သာသနာတွင်းရှိတုန်း ဘုန်းကြီးပြောနေတာ၊ ဒီအဆက်ကို ဖြတ်နိုင်တယ် (တင်ပါ့)၊ နောက် ဘုန်းကြီးတို့လို ပုဂ္ဂိုလ်တွေ သေသွားလို့ရှိရင် ဒီအဆက် ဖြတ်ပေးမယ့်သူ မရှိဘူး (မှန်ပါ့ဘုရား)။

ဦးမြ (မှန်ပါ့)၊ ရှိပါ့မလား (မရှိပါဘုရား)၊ မရှိတော့ဘူး၊ မရှိတော့ ဘာကျန်နေမတုံး၊ ဆုတောင်းသမား ကျန်ရစ် နေမယ်၊ ဟောဒီ တဏှာနဲ့ တောင်းတဲ့ဆုတောင်းသမား ကျန်နေရစ်မယ် (မှန်ပါ့)၊ တောင်းရင် ပြည့်တာပဲဆိုတာက ခင်ဗျားတို့ လူ့ပြည်၊ နတ်ပြည် ပြည့်တယ် (မှန်ပါ့)၊ သဘောကျရဲ့လား (ကျပါတယ်ဘုရား)။

ဗြဟ္မာ့ပြည်တောင်းရင် မရဘူး (မှန်ပါ့)၊ သမထလုပ်မှ ဗြဟ္မပြည်ကိုရမယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ) အာသဝေါကုန်တဲ့နိဗ္ဗာန်ကို ဒကာ ဒကာမတွေက သေသေချာချာ စဉ်းစားပါ ဒီမဂ်မပါဘဲနဲ့ ဒီအာသဝေါ ကုန်ပါ့မလား (မကုန်ပါဘုရား)။

ဒီပဋိစ္စသမုပ္ပါဒ်ကို မြင်ကြရဲ့လား ခင်ဗျားတို့ အဝေးက (မြင်ရပါတယ်)၊ ကဲ…ဒါဖြင့် ဒကာ ဒကာမတွေ အဖြေပေးာကပါ၊ နိဗ္ဗာန်ဆိုတာ ဆုတောင်းတဲ့အလုပ်လား၊ ပဋိစ္စသမုပ္ပါဒ် ပြတ်မှရမှာလား (ပဋိစ္စသမုပ္ပါဒ်ပြတ်မှ ရပါတယ်ဘုရား)၊ ဒါကို ထိပ်သံမှုနဲ့စွဲသလို မှတ်ထားပါ (မှန်ပါ့)၊ မပြတ်ရင် ဘယ်သူမှ မရရဘူး (မှန်ပါ့)၊ သဘောကျ ပလား (ကျပါပြီ)၊ မပြတ်ရင် (ဘယ်သူမှ မရပါဘုရား)။

ဘယ်သူမှ မရဘူးဆိုတာ ဆင်ခြေ လဲချင်လဲကြဦး (မလဲပါဘုရား)၊ ကောင်းပြီတဲ့၊ ဒါဖြင့် ဒကာ ဒကာမတို့ လိုရင်း အကြောင်းကိုဖြင့် ကောင်းကောင်းသိပြီ၊ ဒီနေ့ည (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ ကောင်းပြီ ဒါဖြင့် လူဟာ လူ့သံယောဇဉ်မဖြတ်ဘဲနဲ့ နိဗ္ဗာန်ရောက်ပါ့မလား (မရောက်ပါဘုရား)။

လူဟာ လူ့သံယောဇဉ်တွေ၊ သားတွေ၊ သမီးတွေ၊ ဆွေတွေ၊ မျိုးတွေ၊ ရွှေပုံ၊ ငွေပုံ၊ စိန်ပုံတွေထဲမှာ ထိုင်နေပါ၊ ဒီအလုပ်သာ လုပ်ပါတဲ့၊ ထိုင်တာက တစ်ခြား ရတာကတစ်ပုံ ဖြစ်ပါလိမ့်မယ် (မှန်လှပါဘုရား)၊ သဘောကျပလား (ကျပါပြိ)၊ ဇောတိကတို့ ရွှေပုံထဲက ရတာပါ (မှန်ပါ့ဘုရား)၊ မရဘူးလား (ရပါတယ်ဘုရား)၊ ရွှေပုံထဲကရတယ်။

သူဋ္ဌေးသမီးတွေ ၇-နှစ်အရွယ် သောတာပန် တည်ကြတယ်ဆိုတော့ အိမ်ထောင်တောင် မကျသေးဘူး၊ ရွှေပုံ ပေါ်မှာ နေတုန်းမှာ (မှန်ပါ့)၊ မနေဘူးလား (နေပါတယ်)၊ အဲဒီပုဂ္ဂိုလ်တွေ မရဘူးလား ရသလား (ရပါတယ်)၊ ဒါပြတ်တာ (တင်ပါ့ဘုရား)၊ ရိပ်မိပလား (ရိပ်မိပါပြီဘုရား)၊ ဒီနေရာ မဂ်ပေါ်ရင်တော့ဖြင့် (ရပါတယ်)၊ ရမှာပဲဆိုတာ သေချာပလား (သေချာပါတယ်ဘုရား)၊ ေဩာ်…တပည့်တော်တို့က ခက်တယ်ဘုရား သားနဲ့၊ မယားနဲ့၊ ဆွေနဲ့၊ မျိုးနဲ့ အစကလွဲ လာတော့ နိဗ္ဗာန်တော့ဖြင့် တပည့်တော်တို့ ဝေးပေါ့လို့ မျက်ရည်မကျနဲ့။

ဒကာ ဒကာမတွေ မျက်ရည်ကျချင်ကြသေးလား (မကျပါဘုရား)၊ မကျနဲ့၊ ဒါ မလုပ်ဖြစ်ရင်တော့ မျက်ရည် ကျပါ၊ ရှင်းကြပလား (မှန်ပါ့)၊ ဒီနေရာမှာ ဖြစ်ပျက်ကို ဒီကနေ ရှုတဲ့မဂ်မလာရင်တော့ မျက်ရည်ကျပါ၊ အိမ်လယ်မှာ သားနဲ့သမီးနဲ့၊ ဆွေနဲ့မျိုးနဲ့၊ ရွှေပုံငွေပုံတွေနဲ့ အလယ်မှာနေလို့တော့ မျက်ရည်မကျပါနဲ့၊ ရပါတယ် (မှန်ပါ့ဘုရား)၊ သဘောပါလား (ပါပါတယ်ဘုရား)။

သံယောဇဉ် ပြတ်မပြတ်ဆိုတာက ခင်ဗျားတို့အထင်က တောကျောင်း၊ တောင်ကျောင်းနေမှ ဒီလိုထင်နေတယ်၊ ရှိတဲ့ပစ္စည်းတွေ အကုန်စွန့်မှ ဒါမှ သံယောဇဉ်က ပြတ်မှာကိုးဆိုတော့ ခင်ဗျားတို့ဟာက လွန်လွန်းနေတယ်။ မလုပ်ချင် တဲ့အထဲမှာမဖြတ်နိုင်တာကလေး ဆင်ခြေလဲနေတယ်၊ အင်မတန် ဆိုးရွားမနေဘူးလား (တင်ပါ့ဘုရား)။

အဲဒီတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေသည် ခင်ဗျားတို့ ဘာတွေဝတ်ပြီး ဘာတွေစားနေနေနော်၊ သန္တတိ အမတ်ကြီးတို့ ဗောင်းနားတောင်းတွေထဲကနေ ရဟန္တာဖြစ်ပါတယ် (မှန်ပါ့)၊ သန္တတိအမတ်ကြီးဟာ ဘုရားကျောင်းတော် သွားတော့ ဝန်ကြီးအဆင့် အဆောင်အရွက်တွေ အကုန်ပါတယ် (မှန်ပါ့)၊ ဒီတာ ဖြတ်ချလိုက်တာပဲ၊ အဲဒီမှာ အဝတ်တွေ ဆင်ပြီး ပြင်ပြီး စိန်တွေ ရွှေတွေနဲ့ နိဗ္ဗာန်ရောက်သွားတယ်၊ ရိပ်မိပလား (ရိပ်မိပါပြီဘုရား)။

ဒါ …လျှော့ဈေး ဟောတာလား၊ ဖြစ်စဉ်အတိုင်း ဟောတာလား (ဖြစ်စဉ်အတိုင်း ဟောတာပါဘုရား)၊ အဲဒီတော့ ခင်ဗျားတို့က ဘာမှဆင်ခြေမလဲနဲ့၊ ဒီနေရာကလေး ဖြစ်ပျက်မရှုမိမှာ တစ်ခုသာစိုးရိမ်၊ ဒီမှာပေါ်တဲ့စိတ်တွေ ပေါ့ဗျာ (မှန်ပါ့)၊ ဖြစ်ပျက် မရှုမိမှသာ (စိုးရိမ်) စိုးရိမ်ရမယ်ဆိုတော့ ဦးမာဒင် ပေါ်ပလား (ပေါ်ပါပြီဘုရား)။

တပြည့်တော်က တည်ထောင်ထားတာ မနည်းပါဘူး ဘုရား၊ ကိုယ့်အရှုပ်က အင်မတန်ကြီးနေတယ်၊ သူ့ဟာက နဂိုက ညည်းချင်ချင်၊ မလုပ်ချင်ချင်၊ ဒီအထဲ ဘုန်းကြီးကို တစ်ခါတည်း ဆင်ခြေလဲလိုက်တဲ့အခါကျတော့ ဟုတ်သားပဲ ဒကာကြီးဟာ အစကလွဲလာတာ ကျုပ်လဲ မတတ်နိုင်ဘူး၊ ဒီအသံကြားချင်တာ (မှန်ပါ့ဘုရား)၊ မဟုတ်ဘူး၊ ဒီတော့ တတ်နိုင်တာပြောချင်တာ၊ ရိပ်မိပလား (ရိပ်မိပါပြီ)။

ဦးမြကလဲ အလုပ်တွေ ပြန့်နေလို့ ဘုရားလို့လို့ ခင်ဗျား ဆင်ခြေမလဲနဲ့တော့၊ လဲဦးမလား (မလဲပါဘုရား)၊ မလဲနဲ့၊ မလဲနဲ့၊ ဒီနေရာသာ ဖြတ်ဖို့ အရေးကြီးနေတယ်၊ ၂-က ၃-ကို (မကူးဖို့ပါ)၊ ဟောဒီ ၂-က ၃-မကူးလို့ရှိရင် ဘုရားလဲဖြစ်ပါတယ်၊ သောတာပန်၊ သကဒါဂါမ်ရော (ဖြစ်ပါတယ်)၊ အနာဂါမ်ရဟန္တာရော (ဖြစ်ပါတယ်) ပေါ်ပလား (ပေါ်ပါပြီ)။

ဒါဖြင့် သောတာပန်နဲ့ သကဒါဂါမ်က ဒကာ ဒကာမတွေ ဒါကလေးပြတ်တာပဲ ထူးကြတယ် (မှန်ပါ့ဘုရား) သဘောပါကြပလား (ပါပါတယ်ဘုရား)၊ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဆရာသမားကောင်းနဲ့လဲ တွေ့နေတော့ ေဩာ်-တို့အရေးဟာ ဒီနေရာမဂ်ဝင်ဖို့ အရေးဟာ အကြီးဆုံးပဲ (မှန်ပါ့)၊ ပေါ်ပလား (ပေါ်ပါပြီဘုရား)။

ဒီနေရာမှာ (မဂ်ဝင်ဖို့အရေးကြီးတယ်) မဂ်ဝင်တော့ ဒီမြှားကလေးဟာ အကုန်ပြတ်သွားပြီ၊ မပြတ်သေးဘူး လား (ပြတ်ပါပြီ)၊ ပြတ်တော့ ဒီကြိုးကလေးကြည့်၊ ဒီကြိုးကလေးက ဒါနဲ့ပြတ်ပါပြီဆိုပြီး ဒီဘက်လှည့်ပြတယ်၊ “ဝေဒနာ နိရောဓာ တဏှာနိရောဓော နိဗ္ဗာနံ”ဘက် လှည့်ပြတယ် (မှန်လှပါ)၊ မပြဘူးလား (ပြပါတယ်ဘုရား)။ ဦးမြကြီး ကျေနပ်ရဲ့လား (ကျေနပ်ပါတယ်ဘုရား)။

ဒါဖြင့် ပြတ်တဲ့အခါကျတော့လဲ ဒီနေရာကနေပြီး နိဗ္ဗာန်ရောက်တာပဲ၊ မပြတ်လို့ရှိရင် ဝေဒနာပစ္စယာ တဏှာ ဆိုပြီး ဒီပြန်ပတ်တာပဲ (မှန်ပါ့)၊ ဒီကြိုးကလေးဟာလေ၊ ပေါ်ကြပလား (ပေါ်ပါပြီ)၊ ဒီကြိုးကလေး သာမညကြိုး မဟုတ်ဘူး၊ ဆက်ချင်ရင် ဒီဘက်သွားကွ၊ ပြတ်ချင်ရင် ဒီဘက်လှည့်ကွ…ဒါပြောတာပဲ ဒကာ ဒကာမတွေ (တင်ပါ့ ဘုရား)။

အေး…ဦးသူတော်ကြီး ရိပ်မိရဲ့လား (မှန်ပါ့)၊ သဘောပါရဲ့လား (ပါပါတယ်)၊ ခင်ဗျား ဘယ်လိုလမ်းကလဲ… ဆက်သမားလား၊ ဖြတ်သမားလား (ဖြတ်သမားပါဘုရား) ဟုတ်ရဲ့လား၊ ဆက်သမားလား၊ ဖြတ်သမားလားဆိုတဲ့ ဥစ္စာ အတော်မေးရတယ်နော်၊ အဲဒီတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ခင်ဗျားတို့အတွက် တပည့်တော်ဘုရား၊ အန္တရာယ် ကင်း၍ ဘေးရှင်းဘာ ကြုံရပါစေလို့ ခင်ဗျားတို့က အားလုံးပဲ အလိုရှိကြတယ်။

ဗဟိဒ္ဓ အန္တရာယ်ကိုမကြောက်ပါနဲ့နော်…၊ ခင်ဗျားတို့ သန္တာန်မှာ ဆက်သွားလို့ရှိရင် တဏှာဟာ အကြီးဆုံး အန္တရာယ်ပါပဲ၊ သဘောကျပလား (မှန်ပါ့)၊ တဏှာဟာ ဘာတုံး (အကြီးဆုံး အန္တရာယ်ပါဘုရား)၊ ဘာသစ္စာတုံး (သမုဒယသစ္စပါဘုရား)၊ သမုဒယသစ္စာ။

ဒါ…သမုဒယသစ္စာမို့ ဒီဘက်ဆက်တော့ ဘာသစ္စာပေးတုံး (ဒုက္ခသစ္စာပေးပါတယ် ဘုရား)၊ အဲ…သူက ဒုက္ခမျိုးစုံပေးတာ၊ ခင်ဗျားတို့ ဒီ့ပြင်ဟာတွေ ဘာမှမကြောက်နဲ့ (မှန်ပါ့)၊ သူတစ်လုံးသာ ကြောက်ရတယ်၊ သဘောကျ ပလား (ကျပါတယ်)၊ သူလာမှာ ကြောက်ကြပါ၊ သူမလာရင် (မကြောက်ရပါ)၊ ဘာမှကြောက်စရာမလိုဘူးဆိုတာ ပေါ်ကြပလား (မှန်ပါ့၊ ပေါ်ပါတယ်ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ တဏှာရှိလို့ရှိရင် တဏှာနဲ့ ပတ်သက်တဲ့ တဏှာဆိုတာသည် မည်းတဲ့အရာလား၊ ဖြူတဲ့အရာလားလို့ဆိုတာ ခင်ဗျားတို့ သိပြီးသားထားပါ (မှန်ပါ့)၊ ဘယ်လိုဆိုမယ် (မည်းတဲ့တရားပါဘုရား)၊ အို… မည်းတယ်ဆိုကတည်းက အမှိုက်ပဲဗျ၊ အမှိုက်ရှိရင် ခွေးချေးလာတယ် (မှန်ပါ့ဘုရား)။

ဒါ အမှိုက်တွေရှိနေလို့ရှိရင် ခွေးချေးတွေ အကုန်လာတယ် (မှန်ပါ့)၊ ဥပါဒါန်တွေ၊ ကံတွေ၊ သဘောကျပလား (မှန်ပါ့)၊ ရှင်းပြီနော် (ရှင်းပါပြီ)။

အမှိုက်ကို မလာအောင် ဒီကနေပြီး ဖြတ်လိုက်မယ်ဆိုတော့ ရတနာရှိရာ ရတနာလာတယ်၊ မဂ်ရှိရာကို ဖိုလ် လာတယ် (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီဘုရား)။

မဂ်ရှိရာကို (ဖိုလ်လာတယ်) အဲဒါ ရတနာရှိရာတော့ (ရတနာလာတယ်)၊ အမှိုက်ရှိရာတော့ (ခွေးချေးလာတယ်)၊ ကြိုက်တာယူကြပေတော့၊ ဘယ်ဟာကြိုက်သတုံး၊ မပြောပါရစေနဲ့ဘုရား၊ နောက် ဒကာ ဒကာမတွေ အမှိုက်ရှိရာကို ခွေးချေးလာတာပဲ ကြိုက်သလား၊ ရတနာရှိရာကို ရတနာလာတာပဲ ကြိုက်သလား (ရတနာရှိရာကို ရတနာလာတာပဲ ကြိုက်ပါတယ်)၊ မလုပ်ဘဲနေရင် ဘာလာမယ်ထင်ကြသတုံး (ခွေးချေးလာပါလိမ့်မယ်) အင်း…ခွေးချေးလာလို့ရှိရင်ဖြင့် အောင့်အည်း သည်းခံကြပေတော့၊ ခင်ဗျားတို့ ကျေးဇူး များစရာ တစ်ကွက်မှ မမြင်ဘူး။

ရိပ်မိပလား (ရိပ်မိပါပြီ)၊ အင်မတန် ဆိုးရွားနေတယ်ဆိုတာရော ကိုယ့်အကြောင်း ကိုယ်သိပလား (သိပါပြီ ဘုရား)၊ ခင်ဗျားတို့ စိန်နဲ့၊ ရွှေနဲ့၊ မြနဲ့၊ တိုက်နဲ့၊ တာနဲ့နေတာ ဘုန်းကြီး သိပ်ဝမ်းသာပါတယ်၊ သို့သော်လဲ ခွေးချေးချည်း စုနေလို့ မကျေနပ်ဘူး (မှန်ပါ့ဘုရား)။

လဦးမာဒင် (ဘုရား)၊ ကျေနပ်စရာရှိရဲ့လား (မရှိပါဘုရား)၊ ကျေနပ်စရာမရှိဘူးတဲ့၊ ဦးညွန့်ရော (မကျေနပ် ပါဘုရား)၊ ဦးမြ ကျေနပ်စရာရှိရဲ့လား (မရှိပါဘုရား)၊ အဲဒါကြောင့် ခင်ဗျားတို့ဟာ ဒီအဝိုင်းပြေးအလုပ်ကိုပဲ နေ့တိုင်း လုပ်နေတယ်၊ မလုပ်ဘူးလား လုပ်သလား (လုပ်ပါတယ်ဘုရား)။

ေဩာ်… ဘယ်လောက်ကြာခဲ့ပြီလဲဆိုရင် ဘယ့်နှယ်ဖြေကြမလဲ (မမှတ်မိပါဘုရား)၊ တစ်သံသရာလုံး ဟောဒီက သမုဒယသစ္စာ၊ ဒါက ဒုက္ခသစ္စာ (မှန်ပါ့ဘုရား)။

ပစ္စုပ္ပန်မှာ ထပ်မိုက်တော့ ဒါက ဘာသစ္စာလဲ (သမုဒယသစ္စာပါဘုရား)။

ထပ်မိုက်လို့ နောက်ထပ်လအကျိုးပေးတာကရော (ဒုက္ခသစ္စာပါဘုရား)။

တစ်ခါ ထပ်မိုက်ပြန်လို့ နောက်ထပ် (သမုဒယသစ္စပါဘုရား)။

အင်း…မိုက်ခြင်းကြောင့် အကျိုးပေးရတာက (ဒုက္ခသစ္စာပါဘုရား) တစ်ခါ ထပ်မိုက်ပြန်တယ် (သမုဒယ သစ္စာပါဘုရား) ဒါပဲရှိတယ်၊ ဒီ့ပြင် (မရှိပါဘုရား)။

ဦးမြ ကျေနပ်ပလား (ကျေနပ်ပါတယ်ဘုရား)၊ နောက်က ဒကာ ဒကာမတွေ ကျေနပ်ရဲ့လား (ကျေနပ်ပါ တယ်ဘုရား)၊ ကျေနပ်ပါတယ်ဆိုတော့ ငါသေလျှင် ဘယ်များသွားမှာပါလိမ့်မတုံးဆိုတဲ့ တွေးလုံးဟာ လူတိုင်းမှာရှိတယ် (မှန်ပါ့)၊ ငါသေရင် ဘယ်များရောက်လို့ ဘယ်များပေါက်ကြမတုံးဆိုတဲ့ဥစ္စာ ဒကာ ဒကာမတွေ လူတိုင်းမှာရှိတယ် (ရှိပါတယ်ဘုရား)။

အဲဒါ သူများ သွားမမေးနဲ့ ရှက်စရာကြီး (မှန်ပါ့)၊ မေးရင် ဘယ့်နှယ်ထင်ကြသလဲ (ရမ်းဖြေလိုက်လိမ့်မယ် ဘုရား)။

ဟိုလူတွေက ခံနိုင်မှာမဟုတ်ဘူး၊ သူတို့က သိတာမဟုတ်ဘူး၊ အဘိညာဉ်မရဘူး၊ ခင်ဗျားတို့က ကိုယ့်ဟာကိုယ် သိတယ်၊ ငါဟာ ဝေဒနာ တဏှာဆက်သလား မဆက်ဘူးဆိုတာ ခင်ဗျားတို့က သိတယ် (မှန်ပါ့)၊ စိတ်က တဏှာ ဆက်သလား မဆက်ဘူးလား ဆိုရင်ရော (ကိုယ့်ဟာကိုယ် သိပါတယ်)၊ ကိုယ့်ဟာကိုယ် သိတာ ဒီမှာကြည့်ပါလား။

ဒကာ ဒကာမတို့ ဒီဒုက္ခသစ္စာကို ဒုက္ခသစ္စာလို့ မသိတော့ သမုဒယသစ္စလာတယ် (မှန်ပါ့)၊ မလာဘူးလား (လာပါတယ်ဘုရား)။ သမုဒယသစ္စာလာလို့ရှိရင် ဒုက္ခသစ္စာက နေပါ့မလား (မနေပါဘုရား)၊ ဒါဟာ အပါယ်ဒုက္ခတွေ ဒီထဲ အကုန်ပါတာပဲ (မှန်ပါ့)၊ အဲဒီတော့ ဆရာတော်သမားတော်တွေ မေးမလား ဟုတ်လား၊ ယောဂီပုဂ္ဂိုလ်ကြီးတွေ မေးမလား၊ ကိုယ့်ဟာကိုယ် မေးမလား (ကိုယ့်ဟာကိုယ် မေးရမှာပါ)။

သဘောပါကြပြီ၊ ဒကာ ဒကာမတွေ သူများသွားမေးရင် ရမ်းဖြေမယ် (မှန်ပါ့)၊ ကိုယ့်ဟာကိုယ်ကျတော့ ရမ်းဖြေစရာရှိသေးရဲ့လား (မရှိပါ)၊ သဘောပါပြီလား (ပါပါပြီ)၊ အဲဒီတော့ကို ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ခင်ဗျား တို့အတွက်ဟာက အရေးကြီးပြီ၊ ေဩာ်…သူတို့က ဗဟုသုတရှိတယ်၊ သူတို့သွားမေးမှ၊ တပည့်တော်က ကျောင်းလဲ ဆောက်ထားတယ်၊ ဘုရားလဲတည်ထားတယ်၊ အဲဒီတော့ တပည့်တော်ဖြင့် အသေစိတ်ချရပမလား၊ ခင်ဗျားတို့က နှုတ်ချိုချိုနဲ့ သွားမေးလိမ့်မယ်။

သာမည ဆရာဆိုလို့ရှိရင် ဟာ…မင်းလိုလူ ရှာမှ ရှားကွ၊ ဟောချင်တာ ဟောချလိုက်မယ်၊ ဘာလုပ်နေနေ၊ ဒါဆက်ရင် သွားရော၊ ရိပ်မိပလား (မှန်ပါ့ဘုရား)။

(ဤနေရာ၌ ပဋိစ္စသမုတ်ပ္ပါဒ်စက်ဝိုင်းကို ထောက်ပြသည်)။

ဘာလုပ်ေ်နနေ ဒါဆက်ရင် (မှားသွားမှာပေါ့)၊ အဲဒီတော့ သူများ မေးကြမလားတဲ့ ကိုယ့်ကို မေးကြမလား (ကိုယ့်ကို မေးကြပါမယ်ဘုရား)၊ အဲဒါက ဘုန်းကြီးက ခင်ဗျားတို့ကို မှန်တစ်ချပ်ပေးခဲ့တာပါ၊ ကိုယ်အရုပ်ဆိုးတယ် မဆိုးဘူး၊ ဆက်တယ် မဆက်ဘူးဆိုတာ ကိုယ့်ဉာဏ်နဲ့ ကိုယ့်ခန္ဓာဖြစ်စဉ်ကို ကြည့်လိုက် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။

ကိုယ့်ဉာဏ်နဲ့ (ကိုယ့်ခန္ဓာဖြစ်စဥၤကို ကြည့်ရမယ်)၊ ကိုယ့်ဉာဏ်နဲ့ ကိုယ့်ခန္ဓာဖြစ်စဉ်ကို ဒကာ ဒကာမတွေ ကြည့်လိုက်မယ်ဆိုလို့ရှိရင် ကိုယ့်ဟာကိုယ် ဆုံးဖြတ်ချက်ချ (မှန်ပါ့)၊

ဦးမြကြီး…သူများ သာဓုခေါ်တာများ ဘဝင်မမြင့်လိုက်ပါနဲ့ (မှန်ပါ့)၊ သူများသာဓုခေါ်တာကို (ဘဝင် မမြင့်ပါနဲ့)၊ ဘဝင်မမြင်ကြနဲ့နော် ဒကာ ဒကာမတွေ၊ ကိုယ်က ပဋိစ္စသမုပ္ပါဒ် ဆက်တယ်၊ ဟိုက ရမ်းပြီးသကာလ ဂုဏ်ရှိတဲ့လူမို့ သာဓုခေါ်လိုက်တယ် (မှန်ပါ့)၊ ခင်ဗျားတို့က ဖိုးကြိုင်းတုတ် လုပ်နေရင်တော့ သွားပြီ။ ဒီအသွား မသွားသေးဘူးလား (သွားပါပြီဘုရား)။

အဲဒီတော့ သူများသာဓုခေါ်မှာကို ခင်ဗျားတို့ ကြောက်စရာကောင်းတယ် (မှန်ပါ့)၊ ကိုယ်က ဝေဒနာကနေ ဘယ်သွားနေသလဲ (တဏှာသွားနေတယ်)၊ တဏှာသွားနေတော့ ခင်ဗျားက အင်း…ဒီလို ကောင်းကောင်းမွန်မွန် ကလေး စားရလို့ ဒီလိုကောင်းတဲ့ဆီ ရောက်ရပါလို၏ဆိုတော့ တဏှာက မလာဘူးလား (လာပါတယ်)၊ အဲဒါကို ဘေးက သာဓု ခေါ်လိုက်တော့ မှားပြီး သာဓုခေါ်တာကိုး (မှန်ပါ့)။

ဘယ်သူ့ သာဓုခေါ်သလဲ (တဏှာမှား သာဓုခေါ်ပါတယ်)၊ သွားပြီပေါ့၊ တဏှာ သာဓုခေါ်ရမှာလား၊ နှင်ထုတ် ရမှာလား (နှင်ထုတ်ရမှာပါ)၊ သို့သော်လဲ ခင်ဗျားတို့က အမျှယူကြပါတောင် ပေးချင်ပေးလိုက်ဦးမယ် (မှန်ပါ့)၊ သွားပြီ၊ နှစ်ချက်မှား (မှန်ပါ့ဘုရား)၊ မမှားသေးဘူးလား (မှားပါတယ်)၊ သူက ဘာ အမျှပေးတာတုံးဆို တဏှာအမျှပေးတာတဲ့ (တဏှာအမျှပေးတာ) ရိပ်မိပလား (ရိပ်မိပါပြီဘုရား)။

အတော်ဆိုးနေတယ်၊ ဒါက ဒီပဋိစ္စသမပ္ပါဒ် မပြဘဲနဲ့ဆိုရင် ဒီအပြောမရဘူး၊ ပဋိစ္စသမပ္ပါဒ်ကို သေသေချာချာ သိတော့မှ သူက…တဏှာက ဘုံဘဝဆုတောင်းတာ၊ မတောင်းဘူးလား (တောင်းပါတယ်)၊ ဘုံဘဝ ဆုတောင်းတော့ ခင်ဗျားက ကုသိုလ်ရှင်ကြီး ဖြစ်ပြီးသကာလနေတော့ ဆုတောင်းထားတာက ဒုက္ခတောင်းနေတာ မဟုတ်ဘူးလား (မှန်ပါ့)၊ ကျုပ်တော့ဖြင့် ကုသိုလ်ပြုတာပဲဗျာ၊ နောက်ဘဝတော့ဖြင့် ကျုပ်ကောင်းစားမှာပဲ၊ အဲဒီ တောင်းထားတဲ့ အကြောင်းတွေ ခင်ဗျားတို့ အမျှယူကြပါဆိုတော့ဖြင့် ဒီဒုက္ခသစ္စာ ပေးထားတယ် (မှန်ပါ့ဘုရား)၊ ဘာပေးလိုက်တာတုံး (ဒုက္ခသစ္စာ ပေးလိုက်ပါတယ်ဘုရား)။

ဟော…ဒကာ ဒကာမတို့ ခေါ်ဖူးလှပြီထင်တယ် (တင်ပါ့ဘုရား)၊ သူများပေးတာတွေ ရမ်းယူနေတာပဲ (တင်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ ဘာယူတာပါလိမ့် (ရမ်းယူတာပါဘုရား)၊ ရမ်းယူတော့ အကောင်းရသလား အဆိုး ရသလား (အဆိုးရပါတယ်) အဆိုးရတုန်း ခင်ဗျားတို့က ပိုက်ပြန်တဲ့လူတွေ အတော်ဆိုးတဲ့လူတွေ၊ ဒကာ ဒကာမတွေ မဟောသင့်ဘူးလား (ဟောသင့်ပါတယ်ဘုရား)။

သေသေချာချာ စဉ်းစားပါ၊ သေသေချာချာ စဉ်းစားပါ (ဒီအတိုင်း ပြောသင့်ပါတယ်)၊ သေသေချာချာ စဉ်းစားပါ ဒီဥစ္စာ သိပ်ကြောက်စရာ ကောင်းလွန်းလို့ ပြောပါတယ် (မှန်ပါ့)၊ ခင်ဗျားတို့ သာမညဆရာဆိုရင် ပြောမယ်မဟုတ်ဘူး (မှန်ပါ့)၊ ဒကာ ဒကာမတွေ ပြောပါ့မလား (မပြောပါ)၊ ဟိုက ဘုံဘဝတောင်းတဲ့ တဏှာဗျ (မှန်ပါ့)။

ဒီအလှူ လှူပြီးသကာလ ဒီဝေဒနာတွေကို လှူပြီး သကာလပေါ့ဗျာ၊ သုခဝေဒနာတွေ လှူတယ်ထားပါတော့ (မှန်ပါ့)၊ ကောင်းကောင်းကျွေးတယ်၊ ကောင်းကောင်းအဝတ်ပေးတယ်၊ ဟုတ်လား ကောင်းကောင်းမဏ္ဍပ်ကြီးဆောက် တယ်၊ အဲဒီ ဆောက်ရတဲ့ အတွက်ဆိုပြီး တဏှာနဲ့ ဘုံဘဝ ဆုမတောင်းဘူးလား (တောင်းပါတယ်)၊ တောင်းတော့ ဝေဒနာပစ္စယာ (တဏှာ)၊ ဆက်သွားရော(မှန်ပါ့)၊ ဒကာ ဒကာမတွေ (ဘုရား) မဆက်ဘူးလား ဆက်သလား (ဆက်ပါ တယ်ဘုရား)။

ဆက်တော့ ဒါ ပစ္စုပ္ပန်အကြောင်းတရားကွတဲ့ ထပ်မိုက်တာတဲ့၊ ဒီမှာ ဒုက္ခသစ္စာရပြီးသားကို သမုဒယသစ္စ ပြန်လုပ်ပြန်တယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါတယ်)၊ ဒုက္ခရောက်တဲ့လူက ထောင်ထဲမှာ ကျနေတဲ့လူက ရိုက်ပွဲ ပြန်လုပ်ပြန်တယ် (တင်ပါ့)။ နှစ်ထပ်ကျတယ်၊ နှစ်ထပ်တိုး အလိုရှိလို့ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါတယ်)၊ ဒီထောင်ထဲ ကျနေတာက ဘာသစ္စာလဲ (ဒုက္ခသစ္စာ)၊ ထောင်ထဲပြန်မိုက်တာက ဘာတုံး (သမုဒယသစ္စာပါ ဘုရား)။

ဒါဖြင့် နောက်ထောင်ကျမှ ကျပါ့မလား (ကျပါတယ်ဘုရား)၊ ဒါဖြင့် နှစ်ထောင်စံပေါ့ဗျာ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါတယ်)၊ ဦးမြ အတော်မဆိုးဘူးလား (ဆိုးပါတယ်)၊ နားကြီးကြီးနဲ့ထောင်ပါ (မှန်လှပါဘုရား)၊ နားသေးရင် ဒီတရားက ရကိုမရဘူး၊ မကြားဖူးတဲ့ စကားလဲ ဖြစ်နေတယ်၊ သဘောပါရဲ့လား (ပါပါတယ်)၊ နှစ်ထောင်စံများ တွေ့ဖူးရဲ့လား (တွေ့ဖူးပါတယ်ဘုရား)၊ ကိုယ်ကိုယ်တိုင် စံဖူးလှပါပြီဘုရား၊ ကိုယ်ကိုယ်တိုင် စံဖူးလှပါပြီလို့ ဖြေရုံပဲ ရှိတယ် (မှန်ပါ့)။

အဲဒါ သစ္စာမသိတာ နိဂုံးချုပ်တယ် (မှန်ပါ့)၊ ဘာမသိတာပါလိမ့် (သစ္စာမသိတာပါဘုရား)၊ သစ္စာမသိတဲ့၊ ငါ့ သန္တာန်ဖြစ်တာသည် တဏှာလာရင် သမုဒယသစ္စာ ဖြစ်ပြီဟလို့ သိရဲ့လား (မသိပါဘုရား)၊ မသိတော့ ဒီဘက်ဒုက္ခ ရလိမ့်မယ်ဆိုတာရော သိရဲ့လား (မသိပါဘုရား)၊ ဒီသစ္စာနှစ်ခု မသိလိုက်တာ ကိုယ်ကျိုးကို လှလှကြီး နည်းတာပဲ (မှန်ပါ့)။

ကဲ…ဒကာ ဒကာမတွေ အတော်မဆိုးဘူးလား (ဆိုးပါးတယ်) ခင်ဗျားတို့ သေခါနီးမှာ ဒီဆရာသမားနဲ့ လာတွေ့တာ…တော်တော်သေးတယ်၊ အသေများ စောရင် ခက်တယ် (မှန်လှပါ)၊ ဦးမြကြီး ဘယ့်နှယ်ထင်တုံး (ခက်ပါတယ်ဘုရား)၊ အသေစောရင် ခက်တယ်၊ ဆရာကလဲ မသေမစောလို့ (မှန်ပါ့)၊ ခင်ဗျားတို့ကလဲ အသေမစောလို့ (မှန်ပါ့)၊ တော်သေးတာပေါ့ (မှန်ပါ့)၊ သဘောပါရဲ့လား (ပါပါတယ်ဘုရား)။

ဒါဖြင့် အသေကတော့ မစောဘူးတဲ့၊ ခန္ဓာကတော့ဖြင့် မရပ်မနား သုသာန်သွားနေတယ်၊ မရောက်သေးတာ တစ်မယ်ကျန်တော့တယ်၊ အသွားကတော့ မရပ်တော့ဘူး (မရပ်ပါဘုရား)၊ မောင်ကို ရပ်သေးရဲ့လား (မရပ်ပါဘုရား)၊ မရပ်တော့ ထိုင်နေရင်းနဲ့လဲ (သွားနေတာပဲ)၊ ထိုင်နေတော့ အို၊ အိုတာက နာ၊ နာတာက သေကိုးဗျ (မှန်ပါ့)။

ဒါဖြင့် တရားနာနေကြတာလား-သေရာသွားရင်း နာနေတာလား (သေရာသွားရင်း နာနေတာပါဘုရား)၊ ကောင်းပြီး ဘုန်းကြီးရှေ့မို့ ပြောတာပါ၊ ကျုပ်ဟာ အရင်နဲ့မတူဘူး၊ မာလာပြီဗျ၊ ပြောချင်ပြောမှာ၊ အတော်ဂွကျတဲ့ လူတွေပါ၊ ဟင်-အတော်ဆိုးနေတယ်၊ အတော်ဆိုးနေပါတယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီဘုရား)၊ အဲဒါ ဘဝတဏှာ ခေါ်ပါတယ်တဲ့ (မှန်ပါ့)။

ကျုပ်ဟာဖြင့် အခုဆရာဝန်ကောင်းနဲ့ ဆေးကောင်းနဲ့ တွေ့ရတဲ့အတွက် နေရကောင်းပါသေးတယ်ဗျာ၊ ဘာတုံးဗျ ဒီဥစ္စာ ကိုယ့်ဘဝကိုယ်ခင်တွယ်တဲ့ တဏှာ (မှန်ပါ့)၊ ကိုယ့်ဘဝကိုပင် ဟောဒါက ခင်ဗျားတို့ ခန္ဓာ, ဘဝခန္ဓာကြီး (မှန်ပါ့)၊ တော်ပါသေးရဲ့ဗျာဆိုတာ ဒီတဏှာ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ တော်ပါသေးရဲ့ဆိုတာ ဦးမြကြီး ဒါဘာတုံး (တဏှာပါဘုရား)။

ဒါဖြင့် ဝေဒနာပစ္စယာ (တဏှာ)၊ သူက သုခဝေဒနာ ပေါ်တော့၊ ကျန်းမာလာတယ်ပြောတာ (မှန်ပါ့)၊ ရိပ်မိ ပလား (ရိပ်မိပါပြီဘုရား)။

နေရကောင်းပါသေးရဲ့ဆိုတာ ဒါ ဘာတုံး (တဏှာပါဘုရား)။ ကျုပ်နေရမှာ ဧကန်ပဲ၊ ကျုပ်တော့ ဒီဆရာနဲ့ အကျိုးပေးပြီဗျာ့ဆိုတာ ဥပါဒန် (တင်ပါ့, ဥပါဒါန်) ဒါကြောင့် ကာယကံ ဝစီကံ အချိန်ရှိခိုက် လုံ့လစိုက်ဆိုပြီး အရောင်း အဝယ်လုပ်ရဦးမှာဆိုတာက (ကမ္မဘဝ)၊ ကမ္မ ဘဝပစ္စယာ သေသည်၏ အခြားမဲ့၌ (ဇာတိပါဘုရား)။

ေဩာ်…ခင်ဗျားတို့ ဆရာကောင်းနဲ့ မတွေ့လိုက်လို့ရှိရင် ငါးပါးမှောက်တာပဲ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိ ပါပြီ)၊ ဒကာ ဒကာမတွေ ခင်ဗျားတို့ ဆရာကောင်းနဲ့ မတွေ့လိုက်လို့ရှိရင် ဘယ့်နှယ့်ဖြစ်သွားမတုံး (ငါးပါးမှောက် ပါတယ်)၊ ငါးပါးကို မှောက်တာပဲ၊ ရိပ်မိကြပလား (တင်ပါ့ဘုရား, ရိပ်မိပါပြီ)၊ အဲဒါ သေသေချာချာ ပြောတဲ့ဆရာ ဆိုလို့ရှိရင် မှန်မှန်ကန်ကန် သစ္စာသိအောင် ပြောတဲ့ဆရာ ဆိုလို့ရှိရင် ဒကာ ဒကာမတွေ ဒါပဲ ပြောရမယ်။ ဒီ့ပြင် ပြောစရာရှိသေးရဲ့လား (မရှိပါဘုရား)၊ ခင်ဗျားတို့ ခန္ဓာကြီးဟာ ယခုဘဝ ရထားတဲ့ ခန္ဓာငါးပါးဟာ ဘာသစ္စာလဲ (ဒုက္ခသစ္စာပါဘုရား)၊ ဒုက္ခသစ္စာထဲက ဘာတွေပေါက်ပွားလာပါသလဲ (သမုဒယသစ္စာပါဘုရား)၊ ဒီကြည့်လေ တဏှာ ဥပါဒါန်တွေ ကံတွေ ပေါက်ပွားလာတယ်၊ ဉာဏ် ပေါက်ပွားတာလား တဏှာ ဥပါဒါန် ပေါက်ပွားတာလား (တဏှာ ဥပါဒါန် ပေါက်ပွားတာပါဘုရား)။

”ေဩာ်…ခင်ဗျားတို့ဥစ္စာလဲ ခက်လိုက်တဲ့ဖြစ်ခြင်း၊ ဒုက္ခရောက်နေတဲ့လူက နောက် ဒုက္ခပြန်ရှာတယ်၊ ဒုက္ခ ရောက်တဲ့လူ (နောက်ဒုက္ခပြန်ရှာတယ်ဘုရား)၊ ဒါဖြင့် ဆေးချက်ကုန်နေပါပေါ့လား (ကုန်နေပါပြီ)၊ ဒီဆရာနဲ့သာ မတွေ့ရင် ဆေးချက်ကုန်ပြီ (တင်ပါ့)။ အင်မတန် ကြောက်စရာကောင်းပါတယ် (မှန်ပါ့)။

ဒကာ ဒကာမတွေ မဆိုးရွားဘူးလား (ဆိုးရွားပါတယ်) ကိုင်း…ဒါဖြင့် ဒကာ ဒကာမတို့ ခနကပုဏ္ဏားကို မေးကြဦးစို့၊ ပရိဗိုဇ်က ဒုတိယအချက် မေးခွန်းထုတ်ပြန်တယ်၊ အရှင်ဘုရား လူဟာ လူ့သံယောဇဉ် မစွန့်ဘဲနဲ့ သုဂတိ နတ်ပြည်ရောက်ပါ့မလားတဲ့၊ အို…တစ်ထောင်မကဘူး၊ တစ်သိန်းမကဘူးကွ ရောက်တယ်၊ သုဂတိတော့ ရောက်ပါ တယ်။

ခုနက အဖြေနဲ့ တူသေးရဲ့လား (မတူပါဘုရား) ဒကာ ဒကာမတွေ တူသေးရဲ့လား (မတူပါ)၊ လူဟာ လူ့ သံယောဇဉ်မစွန့်ဘဲနဲ့ သုဂတိနတ်ပြည် ရောက်ပါ့မလားလို့၊ ဦးမြ ဝစ္ဆဂေါတ္တက မေးတယ် (မှန်ပါ့)၊ ဘုရားက ဘယ့်နှယ် ဖြေသလဲ (ရောက်ပါတယ်)၊ အို…သိန်းသန်းမကဘူးကွ ရောက်တယ်တဲ့၊ သုဂတိတော့ ရောက်တယ် (မှန်ပါ့)။

နိဗ္ဗာန်ကျတော့ (မရောက်ပါ)၊ ပေါ်ကြပလား (ပေါ်ပါပြီ)၊ ဒါဖြင့် ခင်ဗျားတို့ လုပ်နေတဲ့ကုသိုလ်တွေဟာ ဘုန်းကြီးတို့က သုဂတိအကျိုးပေးပါလိမ့်မယ်လို့ ဟောတယ်၊ ဒါ မပြတ်ဘဲကိုး၊ တဏှာနဲ့ ဆုတောင်းတယ် (မှန်ပါ့)၊ တောင်းတော့ကို -က ၃-ကို မကူးဘူးလား ကူးသလား (ကူးပါတယ်)၊ ကူးလို့ ရှိရင်ဖြင့် သုဂတိရောက်တော့ ဟောဒါ ဇာတိ ဇရာ မရဏဟာ သုဂတိပဲ (မှန်ပါ့)၊ မရောက်ပေဘူးလား (ရောက်ပါတယ်)။ ရောက်ပေမယ့် ဘာသစ္စာလဲ (ဒုက္ခသစ္စာပါ)။

ဦးမြ ပေါ်ပြီလား (ပေါ်ပါပြီ)၊ ဘာသစ္စာရကြတုံး (ဒုက္ခသစ္စာရပါတယ်)၊ ဒုက္ခသစ္စာရတာ ခင်ဗျားတို့က ကြံဖန်ပြီး သကာလ ဝမ်းသာနေတာကိုး၊ သစ္စာနဲ့ကြည့်လိုက်တော့ ဘာသစ္စာရတုံး (ဒုက္ခသစ္စာရပါတယ်)၊ သစ္စာနဲ့ကြည့်လိုက်တော့ ဒုက္ခသစ္စာရတယ်။ ဒီဒုက္ခသစ္စာရတဲ့လူက တော်သေးရဲ့ဆိုတော့ ဝမ်းသာလို့ ပြောတဲ့အသံလား၊ ဝမ်းနည်းလို့ ပြောတဲ့ အသံလား (ဝမ်းသာလို့ ပြောတာပါဘုရား)။

အမယ်လေး ရတာက (ဒုက္ခသစ္စာ)၊ ခက်ပြီ၊ အကောင်းအဆိုးကို မရွေးတတ်ဘူး (မရွေးတတ်ပါ)၊ ဘယ့်နှယ် ဖြစ်နေကြလဲ (အကောင်းအဆိုး မရွေးတတ်ပါ)၊ ဒကာ ဒကာမတွေ ဘယ့်နှယ်တုံး၊ အကောင်းအဆိုး ရွေးတတ်သေး ရဲ့လား (မရွေးတတ်ပါဘုရား)၊ မရွေးတတ်လို့ ခင်ဗျားတို့ သုဂတိရောက်ချင်တာပေါ့ဗျ (မှန်ပါ့)။

အဲဒါ သစ္စာမသိလို့၊ ရှင်းကြပလား (ရှင်းပါပြီဘုရား)၊ ဒါဖြင့် ဒကာ ဒကာမတို့ တရားတကာ့ တရားထဲမှာ ဘယ်ဟာ သိဖို့အရေးကြီးဆုံးလဲ (သစ္စာသိဖို့ အရေးကြီးပါတယ်)၊ သစ္စာသိဖို့ အရေးကြီးတယ်၊ သစ္စာက ဘယ်က လာသတုံးလို့ မေးတော့မှ ပဋိစ္စသမုပ္ပါဒ်ကလာတယ်။ ကြည့်လေ ဒါ…သမုဒယသစ္စာ (မှန်ပါ့)၊ ဒါက ဘာတုံး (ဒုက္ခ သစ္စာပါ)၊ ဒါက ဘာတုံး (သမုဒယသစ္စာပါ)၊ ဒါက ဘာတုံး (ဒုက္ခသစ္စာပါ)၊

ကဲ…ဖြတ်တဲ့ပုဂ္ဂိုလ်ကျတော့ ဒါက ဘာတုံး (မဂ္ဂသစ္စာပါဘုရား)၊ ဒီဘက်က ချုပ်သွားတာတွေကရော (နိရောဓ သစ္စာပါဘုရား)၊ သစ္စာသိမှ ခင်ဗျားတို့ ရောက်မယ် (မှန်ပါ့)၊ သစ္စာမသိသေးလို့ရှိရင် (မရောက်ပါ)၊ စာတွေ ခေါင်းချဉ်း နေအောင်တတ် (မရောက်ပါဘုရား)၊ ရောက်နိုင်ကြပါ့မလား (မရောက်နိုင်ပါဘုရား)၊ မရောက်နိုင်ဘူးဆိုတာ သေချာ ပလား (သေချာပါပြီ)။

အဲဒါကြောင့် ခင်ဗျားတို့ ယခုအချိန်မှာ အချိန်မီပါသေးတယ်…ဦးမြ (မှန်ပါ့)၊ ရောက်နိုင်ပါသေးတယ်၊ ရနိုင်ပါသေးတယ်လို့ လေးလေးနက်နက် အားပေးတာ (မှန်လှပါ)၊ လှမှ ရမှာ၊ မလုပ်ရင်တော့ (မရပါဘုရား)၊ မရဘူး ဆိုတာ သဘောပါသလား (ပါပါပြီ)၊ ပါပြီ၊ လူဟာ လူ့သံယောဇဉ် မစွန့်ဘဲနဲ့ သုဂတိရောက်ပါ့မလားလို့ မေးတော့ ဘုရားက ဘယ့်နှယ်ဖြေသလဲ (ရောက်ပါတယ်) ရောက်တယ်၊ ဒါဖြင့် တဏှာပို့တဲ့နေရာပဲဗျ (မှန်လှပါ)၊ မပေါ်သေး ဘူးလား (ပေါ်ပါပြီ)။

သုဂတိတွေဟာ ဘယ်သူပြုပြင်ထားတာပါလိမ့် (တဏှာပြုပြင်ထားတာ) ပရိဗိုဇ်မေးတာ ကြည့်လေ၊ ဘုရားကလဲ အဖြေထွက်တယ် (မှန်ပါ့)၊ လူဟာ လူ့သံယောဇဉ်မစွန့်ဘဲနဲ့ သုဂတိများ ရောက်ပါ့မလားဆိုတော့ အို…တစ်သောင်း၊ တစ်သိန်းမကဘူးကွ (မှန်ပါ့)၊ ဘာဖြစ်လို့ မကန့်ကွက်သတုံးမေးတော့ သံယောဇဉ်က ဘာသစ္စာတုံး (သမုဒယသစ္စာ) ဒီလူ့ပြည် နတ်ပြည်က ဘာသစ္စာတုံး (ဒုက္ခသစ္စာပါဘုရား)။

ဒါတော့ ဘယ်ကန့်ကွက်မလဲ၊ သစ္စာမသိတဲ့လူ ရမ်းပေးချလိုက်တာပေါ့ (မှန်ပါ့)၊ ပေါ်ပလား (ပေါ်ပါပြီ)၊ ဒါဖြင့် သစ္စာမသိသေးသရွေ့ကာလပတ်လုံး မျက်စိစုံလုံးကန်းလို့သာမှတ် (မှန်ပါ့ဘုရား)၊ သစ္စာမသိသေးရင် (စုံလုံး ကန်းပါဘုရား)၊ မွေးတုန်းကတော့ (အကန်းပါဘုရား)၊ သေတော့ (အကန်းပါဘုရား)။

ဒါကြောင့် မနေ့ကပြောခဲ့တယ်၊ ခင်ဗျားတို့ မသာဖိတ်ရင် အကန်းလို့ ဖိတ်ကြစမ်းပါလို့၊ သစ္စာမသိတဲ့လူ သေသွားရင် အကန်းမသာကြွတော်မူပါလို့သာ ဖိတ်ပါလို့ဆိုတာ ဘုန်းကြီးပြောတာ စကားရိုင်းသလား (မရိုင်းပါဘုရား)၊ ဖြစ်စဉ်ကိုက်သလား (ဖြစ်စဉ်နဲ့ ကိုက်ပါတယ်ဘုရား)၊ ဖြစ်စဉ်ကိုက်တယ်ဆိုတော့ ဒါဟာ ပဋိစ္စသမုပ္ပါဒ်ဟာ ဒုက္ခနဲ့ သမုဒယချည်းပဲ၊ ပဋိစ္စသမုပ္ပါဒ် ပြတ်သွားလို့ရှိရင် မဂ္ဂနဲ့ နိရောဓချည်းမှတ် (မှန်ပါ့)။

ပဋိစ္စသမုပ္ပါဒ်အဝိုင်းပြေးနေရင် ဘာပါလိမ့် (ဒုက္ခနဲ့ သမုဒယပါ) အဲ…ဒါဖြင့် အခုနက ဒကာ ဒကာမတွေ ဖြစ်ပျက်အလုပ်ကို လုပ်ပါပြီဆိုတော့ ဘာလာတုံး (မဂ္ဂနဲ့ နိရောဓလာပါတယ်) ဒါက သူများပြောနဲ့ရတာလား၊ ကိုယ်တိုင် ဖြတ်လို့ ရတာလား (ကိုယ်တိုင်ဖြတ်လို့ ရတာပါဘုရား)။

မဂ္ဂနဲ့နိရောဓ (ကိုယ်တိုင်ဖြတ်လို့ရတာ) ကိုယ်တိုင်ဖြတ်လို့ရတာ (မှန်ပါ့)၊ ဒါဖြင့် သားကယ်နိုင်၊ သမီးကယ်နိုင်တဲ့ တရားလား၊ ကိုယ်တိုင်ဖြတ်ရမှာလား (ကိုယ်တိုင်ဖြတ်ရမှာပါ)၊ အဲဒီတော့ ခင်ဗျားတို့က အရေးရှိရင် သားသမီးလေးက ချေချေလည်လည်ရှိတယ်ဆိုပြီး အားကိုးချင် အားကိုးနေဦးမယ်၊ အဲဒီချေချေလည်လည်ကြောင့်လဲ အပါယ်ကျချက် နာတာပဲ (မှန်ပါ့)၊ သားကလေးက ချေချေလည်လည် ရှိတယ်ဆိုလို့ရှိရင်လဲ ခင်ဗျားတို့က ပြုံးများနေလိုက်သေးတယ်၊ မနေပေဘူးလား (နေပါတယ်ဘုရား)။

အဲဒါ အပါယ်ကျဖို့ပြုံးတာ၊ ဘယ်ရောက်ဖို့ ပြုံးတာတုံး (အပါယ်ရောက်ဖို့ ပြုံးတာ) အတော်မဆိုးဝါးဘူးလား (ဆိုးဝါးပါတယ်ဘုရား)၊ ကိုင်း…ဒါဖြင့် ခင်ဗျားတို့ကို ပြုံးစေချင်လို့ သတိပေးလိုက်ပါတယ်၊ ဒါပြတ်တဲ့အချိန် ပြုံးပါ (မှန်ပါ့)၊ ဒါမပြတ်လို့ရှိရင်ဖြင့် ငါကိုယ်ကျိုးနည်းပြီလို့ မဲ့ချည်းနေရမယ် (မှန်လှပါ)၊ ဒါပြတ်အောင်လုပ်နေတော့ ဘယ့်နှယ် ဆိုကြမလဲ (ပြုံးရမယ်) ပြုံးရမယ်၊ သံသရာစခန်း သတ်ပြီကွ (မှန်ပါ့)၊ ဒါ မပြတ်သေးရင် (မဲ့ရမယ်)။

ဒါဖြင့် ခု…ခင်ဗျားတို့ သားနဲ့သမီးနဲ့ ဆွေနဲ့ မျိုးနဲ့ စိန်နဲ့ မြနဲ့ ပြုံးတာတွေကျတော့ ဘယ်လိုဆုံးဖြတ်ချက် ချမလဲ (မဲ့ပြုံး ပြုံးတာပါ)၊ မဲ့ရမယ့်ကိစ္စ ပြုံးနေသောကြောင့် အရူးတွေဟေ့ (မှန်ပါ့)၊ ဘယ့်နှယ်ဆိုကြမလဲ (အရူး ဖြစ်ပါတယ်)၊ မဲ့ရမယ့်ကိစ္စမှာ (ပြုံးနေတယ်) ခက်ပြီပေါ့၊ လင်းတက ခွေးသားစားပြီး ပြုံးနေတာ ဘယ့်နှယ်ဆိုကြမလဲ၊ ရိပ်မိပလား (တင်ပါ့)၊ လင်းတက ခွေးသားစားတော့ ခင်ဗျားတို့က ဘေးကနေကြည့်ပါ (တင်ပါ့)၊ ေဩာ်…မသိရှာ လိုက်တာ လွန်လို့ပါလား၊ ပြုံးစရာအချက်ပါရဲ့လား (မပါပါဘုရား)။

ကိုယ်ကလဲ လင်းတဆိုတော့ တိရစ္ဆာန်၊ ခွေးသားကလဲ အပုပ်အစပ်၊ ဒါစားပြီး ပြုံးနေတယ်ဆိုတော့ ဒကာ ဒကာမတွေရဲ့ ခင်ဗျားတို့ ပြုံးနေပုံက ကြောက်စရာကြီး (မှန်ပါ့)၊ လင်းတပြုံး ပြုံးတာကိုး၊ ရိပ်မိရဲ့လား (ရိပ်မိပါတယ်)၊ အတော်မဆိုးဘူးလား (ဆိုးပါတယ်) ဒါ ဒကာရင်း ဆရာရင်းမို့လို့ အမှန်ပြောပါတယ် (မှန်ပါ့)။

ဒါကြောင့် ခင်ဗျားတို့ ပြုံးလိုက်မှာကို ဘုန်းကြီးက သိပ်ကြောက်တယ်၊ ဒီလူဟာ ပြုံးချိန်လဲ မဟုတ်သေးဘဲနဲ့ ဘာပြုံးတာပါလိမ့်မတုံး၊ အတော်မဆိုးဝါးဘူးလား (ဆိုးဝါးပါတယ်)၊ အဲဒါက နားကြီးကြီးနဲ့ ထောင်တော့မှ ကိုယ်ပြုံးတာ လွဲမှန်းသိတယ် (မှန်ပါ့)၊ နို့မို့ရင် သိပါ့မလား (မသိပါ)။

ကိုင်း…ဒါဖြင့် ခင်ဗျားတို့ ပြုံးချိန်လား၊ မဲ့ချိန်လား (မဲ့ချိန်ပါဘုရား)။ အလုပ်လုပ်ပြီးရင်တော့ ဘယ့်နှယ်တုံး (ပြုံးချိန်ပါဘုရား)၊ ဒါဖြင့် ခင်ဗျားတို့သည် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ပြုံးသေ မဲ့သေ သေတဲ့အခါ နှစ်မျိုး ရှိတယ်ကွ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။

အရူးလို ပြုံးနေတာကတော့ကိုတဲ့၊ သေတော့မယ်ဆိုလို့ရှိရင် သေခါနီးမှာ ဒကာ ဒကာမတို့ မှတ်လိုက်စိမ်းပါ၊ သွားရာလိမ်းကို မမြင်ဘဲနဲ့ သေတဲ့လူ ဘယ်သူမှမရှိဘူး (မှန်ပါ့)၊ သေခါနီးမှာ မရဏာသန္နဇောကလေ (မှန်ပါ့)။

အဲဒီကျတော့မှ ငါ သားရေး၊ သမီးရေး၊ စီးပွားရေးနဲ့ အချိန်တွေ ဖြုန်းခဲ့တာဖြင့် ငါ့မှာ ကိုယ်ကျိုးလှလှကြီး နည်းပြီဆိုပြီး မျက်ရည်တွေ ခေါင်းအုံးပေါ် စီးကျတယ် (မှန်လှပါဘုရား)၊ ဒကာ ဒကာမတွေ ကြောက်စရာနော် (မှန်လှပါ)။

ေဩာ်…သားရေး၊ သမီးရေး၊ စီးပွားရေးနဲ့ ငါအချိန်တွေ ဖြုန်းခဲ့တာလဲ ခုတော့ဖြင့် သူတို့က ဘယ့်နှယ် နေတုံးသာ မေးဖော်ရတော့တယ်၊ ငါသွားရမယ့်လမ်းက အတော်ကြမ်းနေတယ် (မှန်ပါ့ဘုရား)၊ ကိုယ့်ဟာကိုယ် မျက်ရည် ကျတယ် (မှန်ပါ့ဘုရား)။

ဒကာ ဒကာမတွေ မဆိုးဘူးလား (ဆိုးပါတယ်)၊ ဘယ်သူ ကယ်နိုင်သေးတုံး (မကယ်နိုင်ပါဘုရား)၊ အဲဒီတော့ ခင်ဗျားတို့ အခုပြုံးနေတာက ေဩာ်…ရူးလဲ ပြုံးပြန်၊ သေခါနီးမှ မဲ့ချင်လို့၊ သဘောကျလား (ကျပါတယ်)၊ သေခါနီး ကျတော့မှ (မဲ့ချင်လို့)၊ ဒါကြောင့် ခင်ဗျားတို့ မသာဓာတ်ပုံရိုက်ရမှာ သိပ်ကြောက်စရာကောင်းတယ် (မှန်လှပါ)၊ မဲ့ရုပ်ကြီး ပါနေမှာကိုးဗျ၊ မြင်မှာက အကောင်းမှမမြင်ဘဲကိုး (မှန်လှပါဘုရား)၊ သားအာရုံ၊ သမီးအာရုံ၊ ပစ္စည်းအာရုံ ကြားထဲမှာ သေမယ်ဆိုတော့ ေဩာ်…မခွဲချင်တာနဲ့ ခွဲရတော့မယ်၊ မစွန့်ချင်ဘဲနဲ့ စွန့်ရတော့မယ်ဆိုတော့ ဒီစိတ် လာကတည်းက နိမိတ်ထင်တော့ ကောင်းပါတယ်ဆိုဦးမလား (မကောင်းပါဘုရား)၊ ဒါဖြင့် ဒီမသာဓာတ်ပုံရိုက်ပြီး ဘယ်သူက ကိုးကွယ်သင့်သတုံး (မှန်ပါ မကိုးကွယ်သင့်ပါဘုရား)၊ မောင်ကိုရော…ကိုးကွယ်သင့်ပါ့မလား (မကိုးကွယ် သင့်ပါဘုရား)။

ဒါဖြင့် ပြုံးချိန်ဖြစ်အောင် လုပ်စမ်းပါ (မှန်ပါ့)၊ ဒကာ ဒကာမတွေ ဒါပြတ်သွားလို့ရှိရင် ဘာသေဆိုကြမလဲ (ပြုံးသေပါဘုရား)၊ ဒီဘက်မှာ တဏှာ ဥပါဒါန်လဲမရှိ၊ ဇာတိ၊ ဇရာ၊ မရဏတွေရော လာစရာမြင်သေးရဲ့လား (မမြင်ပါ ဘုရား)၊ ေဩာ်…ငါဝဋ်ကျွတ်ပြီဆိုပြီး ပြုံးကြ၊ သဘောကျပလား (ကျပါတယ်)၊ ဒါ ဝတ္ထုမထုတ်ချင်ပါဘူးတဲ့၊ ပြုံးသေ- မဲ့သေ ဝတ္ထုရှိတယ် (မှန်ပါ့)။

ဝဿကာရပုဏ္ဏားကမေးလို့ ဘုရားကဖြေရှာတယ်၊ တပည့်တော်ကတော့ ဘုရား၊ သေတဲ့ပုဂ္ဂိုလ်မှန်သမျှ အကုန် ကြောက်သေတယ်ချည်း ဆုံးဖြတ်ချက်ချတာ၊ ဟ…ပုဏ္ဏားက မင်းဟာလွန်တယ်၊ မဲ့သေတဲ့ပုဂ္ဂိုလ်လဲ ရှိတယ်ကွ…၊ ပြုံးသေတဲ့ ပုဂ္ဂိုလ်လဲ ရှိတယ်ကွ၊ နှစ်ချက်ဟောတယ်၊ ဒီလို ပဋိစ္စသမုပ္ပါဒ် ပြတ်တဲ့ပုဂ္ဂိုလ်ကျတော့ ကဲ…ဦးမြကြီး ဘယ့်နှယ်ဆိုမယ် (ပြုံးသေပါဘုရား)။

ဒီခန္ဓာ ဒုက္ခကြီးကို စွန့်ရပေတော့မယ်၊ ဒုက္ခကြီးနဲ့ မခွဲရတာကြာလှပြီ၊ ဒီတစ်ခါ နောက်ဆုံးပိတ် ခွဲခြင်းပဲဆိုပြီး ပြုံးတယ်၊ သဘောပါလား (ပါပါတယ်)၊ ဒီခန္ဓာဝန်ကြီး စွန့်ပြီးတဲ့နောက် နောက်ခန္ဓာအဆိုးဝါးကြီးရမှာကို နိမိတ်က မြင်နေတော့ ေဩာ်…ငါဖြင့် သားရေး၊ သမီးရေး၊ စီးပွားရေးကြောင့် ကိုယ်ကျိုးလှလှကြီး နည်းပြီဆိုပြီး မဲ့တယ် (မှန်ပါ့ဘုရား)။

မောင်ထွန်းရင် မင်း ဘယ်ဟာကြိုက်သလဲ (ပြုံးသေကြိုက်ပါတယ်ဘုရား)၊ မင်းဟာမင်း ကြိုက်နေတာကိုးကွ၊ လုပ်မှမလုပ်ဘဲ၊ ကိုင်း…ဒကာ ဒကာမတွေ (ရှင်းပါးတယ်)၊ သေမှ အရှက်မကွဲကြပါစေနဲ့ (မှန်ပါ့)၊ သေမှ ဓာတ်ပုံ ရိုက်ခံရတော့ အရှက်ကွဲတယ်၊ မကွဲဘူးလား (ကွဲပါတယ်ဘုရား)။

ဦးမြကြီး… နာမည်တော့ ကြီးပါ့ဗျာ၊ သေမှ ဓာတ်ပုံရိုက်လို့ရှိရင်ဖြင့် ဘယ့်နှယ်နေမလဲ၊ ကဲ … ဒကာ ဒကာမတွေ ဆွေနဲ့ မျိုးနဲ့ကြားထဲမှာ အရှက်ကွဲမှာနော်၊ ဘယ်သူ့ကြားထဲမှာ အရှက်ကွဲမယ်ထင်ကြသတုံး (ဆွေနဲ့ မျိုးနဲ့ ကြားထဲမှာ) ကဲ…တစ်သက်လုံး ဖုံးလေသမျှ ဘယ့်နှယ်လုပ်မလဲ (ပေါ်ကုန်မှာပေါ့ဘုရား)။

ခုမှ အကုန်ပေါ်ကုန်မယ် (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ အဲဒါကြောင့် ဒါဖြတ်ပြီးတော့ကို သခင်ဝတင် သေလိုက်စမ်းပါဆိုတာ ယနေ့ သတိပေးတယ် (မှန်ပါ့ဘုရား)၊ ဒါ ဖြတ်ပုံ ဖြတ်နည်း အကျယ်ကိုတော့ နက်ဖြန်မှ ဒီနေရာမှာ ဟောမယ် (မှန်ပါ့ဘုရား)၊ သဘောကျကြပလား (ကျပါတယ်ဘုရား)၊ ခင်ဗျားတို့ နက်ဖြန် နာရီကိုက်လာကြ (မှန်ပါ့)၊ နာရီမကိုက်ရင် ရကို မရဘူး (မှန်ပါ့)၊

ကဲ…ယနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု…သာဓု…သာဓု…