20705

ကာလိကနယ် ဒုက္ခကျယ် တရားတော်

ဆောင်ပုဒ်

ခန္ဓာပေါ်ကြ၊ သဘာဝ၊ ဒိဋ္ဌ မျက်မှောက်သာ။

အကြောင်းတိုက်လျှင်၊ အကျိုးထင်၊ ဉာဏ်မြင်ကိုယ်တွေ့မှာ။

ခန္ဓာငါးဝ၊ ရုပ်နာမ်မျှ၊ ဖြစ်က ပျက်မည်သာ။

နာမ်ရုပ်ဆက်ဆက်၊ ဖြစ်ကာပျက်၊ ဉာဏ်ချက်မိစေရာ။

ပဿိတဗ္ဗော၊ သာမန်ဟော၊ လောလောဉာဏ်ရှုစာ။

ကိစ္စပေါ်က၊ ကာလိက၊ ဉာဏ သတိပါ။

ကိစ္စပေါ်တိုင်း၊ ဉာဏ်ဖြင့်ပိုင်း၊ မဆိုင်း ရှုကြည့်ရာ။

ကိစ္စကုန်ပျောက်၊ ကိုယ့်မျက်မှောက်၊ ဉာဏ်ရောက်နိဗ္ဗုတာ။ ။

သတိချပ်

အာရုံငါးဝ၊ ကာလိက၊ ကြီးစွ ပြစ်ဘေးသင့်။

မဂ်လမ်းဖိုလ်လမ်း၊ ပိတ်ကာလွှမ်း၊ အစွမ်းထက်လှမင့်။

နှိပ်စက်ခံရ၊ အပါယ်ကျ၊ ဒုက္ခကဲဆင့်ဆင့်။

ရှင်တော်ကဿပ၊ လက်ထက်က၊ ပေယျ အမည်ဖြင့်။

တရားတော်နာ၊ ကျွတ်လုခါ၊ ခေါ်လာ အိမ်ပြန်လင့်။

နှစ်ဆူဘုရား၊ ကာလကြား၊ များပြား သေပန်းပွင့်။

ကာလိကဖြုန်း၊ ရှုံးကြီးရှုံး၊ ကြီးဆုံး ဘေးဒဏ်သင့်။

သန္ဒိဋ္ဌီကော၊ ဉာဏ်စောကြော၊ ဆောဆောလိုက်မှသင့်။ ။

တရားသား

အခေါ်ရှိနဲ့ တကယ်ရှိ နှစ်မျိုး

ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ ဒီကနေ့တရာမှာ မနေ့ကပြောခဲ့တဲ့ တရားအဆက်ကို ထည့်ပြီးပြောရလိမ့်မယ် ဆိုတာ မှတ်ကြရမယ်။ မနေ့ကတရားမှာ အခေါ်ရှိနဲ့ တကယ်ရှိ နှစ်မျိုး၊ အခေါ်ရှိကို လိုက်စားရင် ဒုက္ခများမယ်၊ တကယ်ရှိကိုလိုက်စားမှသာ ချမ်းသာရမယ်ဆိုတဲ့ အကြောင်းကို ပြောခဲ့ပြီ။

ဒီကနေ့တရားမှာ ဒီဟာနဲ့သက်ဆိုင်တဲ့ ဝတ္ထုတိုကလေးကို ထုတ်ပြီးပြောရမယ်။ လေးလေးစားစားနဲ့ မှတ်သား နာယူကြပါ။

မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးက ရာဇဂြိုဟ်ပြည် တပေါဒါရုံကျောင်းတော်မှာ သီတင်းသုံးနေတော် မူတဲ့အခါ ဖြစ်တယ်၊ အဲဒီအချိန်မှာ ရှင်သမိဒ္ဓိဆိုတဲ့ ရဟန်းငယ်ကလေးတစ်ပါးဟာလည်း အဲဒီကျောင်းမှာ နေထိုင်လျက် ရှိပါတယ်။

အဲဒီလိုနေတုန်း တစ်နေ့သ၌မှာတော့ ဒီရှင်သမိဒ္ဓိဆိုတဲ့ ရဟန်းငယ်ကလေးဟာ မြစ်ဆိပ်ကို စောစောစီးစီး ဆင်းပြီး ရေချိုးခြင်း, ကိုယ်လက်သန့်ရှင်းခြင်းအမှုကို ပြုလုပ်ပါတယ်။

အဲဒီအချိန်အခါမှာ အနီးအနားမှာရှိနေတဲ့ နတ်သမီးတစ်ဦး အမြင်ရတော့ ရှင်သမိဒ္ဓိရဟန်းကလေးရဲ့အနားကို လာရောက်ပြီး မေးမြန်းပြောဆိုတယ်၊ စုံစမ်းမေးမြန်းခြင်းကို ပြုတယ်ဆိုတာ မှတ်ကြရမယ်။ နတ်သမီးက ရှင်သမိဒ္ဓိ ရေချိုးတဲ့နေရာနားမှာ လာပြီးတော့။

”အရှင်ဘုရား၊ အရှင်ဘုရားဟာ ကိုယ်နေအင်္ဂါကလည်း တင့်တယ်ပြေပြစ်ပါတယ်၊ အရွယ်တော်ကလည်း အင်မတန်မှ နုနယ်ပျိုမြစ်နေပါသေးတယ်၊ ဒါကြောင့် ခုလိုအချိန်မျိုးမှာ ကာမဂုဏ်အာရုံကို ခံစားပြီးနေသင့်ပါတယ်။ ဘာကြောင့် မနေပါသလဲ?၊ ကာမဂုဏ်ကိုခံစားပြီးမှ ရဟန်းတရားကို အားထုတ်ပါတော့လား?၊ ကာမဂုဏ်ကာလကို မလွန်ပါစေလင့် ဘုရား”

ကာလိကကို ကြောက်လို့ သန္ဒိဋ္ဌိကနဲ့နေတယ်

နတ်သမီးက အဲဒီလိုပြောဆိုလိုက်တော့ ရှင်သမိဒ္ဓိရဟန်းက “အို…နတ်သမီး၊ ငါဟာ ကာလကို ဧကန်ဧက မသိနိုင်ဘူး၊ ဒါကြောင့် ကာမဂုဏ်အာရုံကို မလိုက်စားဘဲ ရဟန်းတရားကို ကျင့်ကြံအားထုတ်နေခြင်း ဖြစ်တယ်။ ဒါကြောင့် ငါ့ကို ကာလက မလွန်နိုင်ပေဘူး။”

အဲဒီလို ပြန်လည်ဖြေကြားလိုက်ပါတယ်တဲ့၊ ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ ရှင်သမိဒ္ဓိက နတ်သမီးကိုပြန်ဖြေ တဲ့နေရာမှာ သူဟာ ကာလကို အတပ်ဧကန်မသိနိုင်လို့ ကာလကို မလွန်စေအောင် ကြိုးစားနေပါတယ်ဆိုတဲ့အကြောင်း ပဲ ဖြစ်ပါတယ်။

နတ်သမီးရဲ့အထင်က ရှင်သမိဒ္ဓိဟာ နောက်မှခံစားရမယ့်ကာလကို လုပ်နေတယ်၊ အခုဖြစ်တဲ့ ကာလကို လွန်စေတယ်လို့ အဲဒီလို သူကအထင်ရှိနေတယ်ဆိုတာ မှတ်ကြရမယ်၊ သဘောပါကြရဲ့လား?။

ရှင်သမိဒ္ဓိက ငါဟာ သန္ဒိဋ္ဌိကနဲ့ ကာလိက နှစ်မျိုးရှိတဲ့အနက်က ကာလိကကိုကြောက်တယ်၊ ကာလိကကို ကြောက်လို့ သန္ဒိဋ္ဌိကနဲ့နေတယ်၊ သန္ဒိဋ္ဌိကကို ကြိုးစားနေတယ်လို့ ဖြေလိုက်တဲ့အဓိပ္ပာယ်ပဲဆိုတာ မှတ်ကြရမယ်၊ ဒကာ, ဒကာမတွေ မရှင်းလင်းဘဲဖြစ်မှာစိုးလို့ ကာလိကဆိုတာဟာ အာရုံငါးပါး ကာမဂုဏ်တရားကို ဆိုတာပဲလို့မှတ်ကြရမယ်၊ ရှင်းပလား?။

ရှင်သမိဒ္ဓိက ဒီကာမဂုဏ်အာရုံတွေကို ရွံ့လို့ မုန်းလို့ သန္ဒိဋ္ဌိကကို လိုက်စားနေတယ်လို့ အဖြေပေးလိုက်တာပဲ၊ ရိပ်မိကြပလား?။

နတ်သမီးရဲ့အထင်

အဓိပ္ပာယ်ကတော့ ဒကာ,ဒကာမတို့ နတ်သမီးရဲ့စိတ်ထဲမှာ သူထင်တာက ရှင်သမိဒ္ဓိဟာ ပထမအရွယ် ငယ်တုန်းကာလမှာ ကာမဂုဏ်ကို ခံစားသင့်တယ်၊ ဒီပုဂ္ဂိုလ်ဟာ နောင်မှရမယ့် နတ်တို့အာရုံ ကာမဂုဏ်ကိုငဲ့ကွက်ပြီး အခုလက်ငင်းရမယ့် လူတို့ကာမဂုဏ်ကိုစွန့်ကာ ရဟန်းပြုနေတာပဲလို့ အထင်ရှိတဲ့အတွက် ဒီလိုမေးမြန်းခြင်း ဖြစ်တယ် ဆိုတာ မှတ်ကြရမယ်။

အဲဒီလိုမေးတဲ့အခါမှာ ရှင်သမိဒ္ဓိကလည်း သူဟာ သန္ဒိဋ္ဌိကဆိုတဲ့ မျက်မှောက်ရတဲ့အကျိုးကိုလည်း မပယ်ဘူး တဲ့၊ အလွန်ပဲ ခင်တွယ်ပါတယ်တဲ့။ လူမိုက်တွေကြိုက်တဲ့ အခိုက်အတန့်သာရနိုင်တဲ့ ကာလိကအကျိုးကိုလည်း မတွယ် တာဘူးတဲ့၊ ဒါကြောင့် ခေတ္တကျိုးဖြစ်တဲ့ ကာလိယကိုပယ်ခွါပြီး မျက်မှောက်အကျိုးရှိတဲ့ သန္ဒိဋ္ဌိကကိုသာ လွန်စွာတွယ် တာလို့ ရဟန်းကျင့်ပြီးနေခြင်း ဖြစ်တယ်လို့ ဆိုလိုတယ်။

ရှင်သမိဒ္ဓိရဟန်းကလေးက နတ်သမီးကို ဆက်လက်ပြီး ပြောပြန်ပါတယ်၊ “အို နတ်သမီး၊ ကာလိယဆိုတာက ငါးပါးအာရုံ ကာမဂုဏ်ကိုပင် ဟောကြားထားပါလျက် ဘယ်အတွက် ငါနှစ်သက်နိုင်ပါမလဲ?၊ ဒုက္ခတွေများပြီး သံသရာ ရှည်လျားတော့မှာပေါ့။ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက “သန္ဒိဋ္ဌိကော”လို့ ဟောထားတာ အရှိသားပဲ။

အဲဒီလိုပြောလိုက်တော့ နတ်သမီးက “ကာလိက”ကို ပြောပါဦး၊ ကာလိကဆိုတာ ဘာကိုဆိုပါသတုန်းတဲ့၊ ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ ကာလိကက အပြစ်လည်းကြီးတယ်၊ ဒုက္ခလည်းများတယ်လို့ ပြောလိုက်တော့ နတ်သမီး က ကာလိကဆိုတာကို ပြောပြပါဦးဆိုပြီး မေးမြန်းပါတယ်။ အဲဒီအခါမှာ ရှင်သမိဒ္ဓိက “ငါ့ကိုမမေးပါနှင့်၊ ငါက ဝါနု သေးတယ်၊ ကာလိကကိုသိချင်လျှင် ဘုရားရှင်ထံသွားပြီး မေးလျှောက်ပါ”

ကာလိကနဲ့ သန္ဒိဋ္ဌိကကို ရှင်းလင်းဟောပြပါ

အဲဒီလို ပြန်ပြောလိုက်တော့ နတ်သမီးက “အရှင်ဘုရား တပည့်တော်မမှာ တန်ခိုးနုတ်သူ သာမညနတ်သား ဖြစ်လို့ ဘုရားရှင်ထံ မသွားရောက်ပါ၊ တန်ခိုးကြီးနတ်တွေကြောင့် ဘုရားရှင်ရှေ့မှောက်ကို မကပ်ရောက်နိုင်ပါ၊ ဒါကြောင့် အရှင်ဘုရားက လျှောက်ထားပေးပါဘုရား၊ တပည့်တော်မ အရှင်ဘုရားနောက်တော်က လိုက်ပါခဲ့ပါမယ် ဘုရား”လို့ တောင်းပန် လျှောက်ထားလိုက်ပြန်ပါတယ်၊ ဒကာ ဒကာမတွေ သူက ကာလိကဆိုတာ သိချင်ပါတယ်တဲ့၊ အရှင်ဘုရား ဖြေတဲ့ စကားအကျဉ်းနဲ့ သူ နားမရှင်းဘူးတဲ့၊ ဒါကြောင့် ဘုရားထံမှာ ကာလိကနဲ့ သန္ဒိဋ္ဌိကကို ရှင်းလင်းဟောပြပါရန် လျှောက်ထားပေးပါလို့ တောင်းပန်လိုက်တယ်ဆိုတာ ရိပ်မိကြပြီ။

ဒကာ ဒကာမတို့ အဲဒီလိုနဲ့ နေ့လည်ပိုင်းလောက်ကျတော့ ရှင်သမိဒ္ဓိက မနက်အချိန်က ဖြစ်ပျက်ခဲ့တဲ့အကြောင်း နတ်သမီးနဲ့ ပြောဆိုမေးမြန်းကြပုံအကြောင်း၊ နတ်သမီးက အရှင်မြတ်ထံမှာ လျှောက်ထားပေးဖို့ တောင်းပန်လိုက်တဲ့ အကြောင်း အဲဒီအကြောင်းစုံကို ဘုရားရှင်ထံမှာ လျှောက်ထားလိုက်ပါတယ်။

အဲဒီအချိန်မှာ နတ်သမီးကလည်း အနီးအနားမှာရောက်ရှိနေတဲ့ အခိုက်အတန့်ဖြစ်နေလေတော့ နတ်သမီး က ရှင်သမိဒ္ဓိကို ထပ်မံပြီး တိုက်တွန်းပြန်တယ်၊ “အရှင်ဘုရား တပည့်တော်မ အခု ဒီအနားမှာရောက်ရှိနေပါပြီ ဘုရား၊ လျှောက်သာလျှောက်ပါ ဘုရား”ဆိုပြီး တိုက်တွန်းပြောဆိုနေပြန်တယ်။ အဲဒါနဲ့ ဘုရားသခင်ကိုယ်တော်မြတ် ကြီးကလည်း သူတို့နှစ်ဦးနဲ့တကွ ရောက်ရှိလာတဲ့ ပရိသတ်ကိုပါ ဆက်လက်ပြီး ဟောကြားပြသတော်မူပါတယ်၊ ကာလိက နဲ့ သန္ဒိဋ္ဌိက အဓိပ္ပာယ်ကိုရှင်းပြီး ဟောကြားတော်မူတယ်၊ အခု ဒကာ,ဒကာမတွေကို သဘောပေါက်အောင် ဘုန်းကြီး က ရှင်းလင်းပြပေးလိမ့်မယ်ဆိုတာ မှတ်ကြရမယ်၊ ရိပ်မိကြပလား?။

ကာလိကဆိုတာဟာ ငါးပါးအာရုံ ကာမဂုဏ်

ဘုန်းကြီးတို့ ဒကာ,ဒကာမတွေသိဖို့က ကာလိကဆိုတာဟာ ငါးပါးအာရုံ ကာမဂုဏ်ကိုခေါ်တာပဲ၊ သူက အလွန်လည်း အပြစ်ကြီးတယ်၊ ကာလိယဆိုတာဟာ အချုပ်မှာတော့ ငွေရှာမှုကိစ္စ, ပစ္စည်းရှာမှုကိစ္စ, သားသမီး, သားမယား, ဆွေမျိုးဉာတကာနဲ့ ပတ်သက်သမျှကိစ္စတွေ အားလုံးဟာ ကာလိကချည့်ပဲဆိုတာသာ မှတ်ကြ။

ဒီကိစ္စမျိုးတွေက ဒုက္ခလည်း အလွန်များပါတယ်၊ ဒါတွေကိုလိုက်စားနေရင် မဂ်လမ်း, ဖိုလ်လမ်း, နိဗ္ဗာန်လမ်း ပိတ်တဲ့အတွက် အပြစ်ကြီးတယ်ဆိုတာလည်း မှတ်ကြရမယ်၊ ရှင်းကြပလား?၊ သူက ကောင်းတဲ့လမ်း ကောင်းတဲ့အခွင့် ဟူသမျှကို ပိတ်ပင်တယ်၊ တားဆီးတယ်၊ မကောင်းတဲ့လမ်း, မကောင်းတဲ့အရေးအရာဟူသမျှ တွန်းဆောင်ပို့ပေးတယ်၊ သဘောပါကြပလား?။

ဒကာ,ဒကာမတို့ ကာလိကက သိပ်ကြောက်ဖို့ကောင်းပါတယ်၊ တစ်ခါတလေတော့လည်း သူနှိပ်စက်တာ ခံနေရ၊ နောက်တော့လည်း အပါယ်သွားရ၊ နှိပ်စက်ခံရတဲ့အချိန်ဟာ ဆင်းရဲတဲ့အချိန်ပဲ၊ မျက်မှောက်ကာလမှာ အကျိုး လည်းမရတဲ့အပြင် အနှိပ်စက်လည်းခံရတယ်၊ တမလွန်ကျတော့လည်း အပါယ်သွားရတယ်ဆိုတာ မှတ်လိုက်ကြစမ်းပါ၊ သဘောပါကြပလား?၊ အဲဒါကြောင့် ကာလိကဟာ အင်မတန်ကြောက်စရာကောင်းတဲ့ ကိစ္စမျိုးပဲဆိုတာ မှတ်ကြရမယ်။

ကာလိကက အကျိုးမရတဲ့အပြင် ဆင်းရဲခံရတယ်၊ နောက်တော့လည်း အပါယ်ကျရတယ်ဆိုတော့ ဘယ်ဘက် ကမှ မသက်သာဘူးဆိုတာ ပေါ်ကြပလား?၊ မသေခင်မှာ ဆင်းရဲ၊ သေတော့ အပါယ်ကျ၊ ဘုန်းကြီးတို့ ဒကာ,ဒကာမ တွေဟာ တချို့အသက်လည်း အတော်ကြီးလာကြပြီ၊ ငါးဆယ်ကျော် ခြောက်ဆယ်ဆိုသလို ရှိလာကြပြီ၊ ဒကာတို့တတွေ ခုအချိန်ထိအောင် ဘာနဲ့များ နေထိုင်ခဲ့ကြသလဲ?၊ ဘယ်ကိစ္စနဲ့ အချိန်ကုန်ခဲ့ကြရသလဲ?လို့ မေးခဲ့ရင် ဘယ့်နှယ်များ အဖြေပေးကြမလဲ?။

အသက်ကြီးပြီး အချိန်မစီးသေးပါလား

တပည့်တော်တို့ ခုအချိန်ထိအောင်ပဲ ဒီကာလိက အနှိပ်စက်ခံပြီး ကြီးပြင်းခဲ့ရပါတယ်၊ သန္ဒိဋ္ဌိကဆိုလို့ လုံးဝ မလုပ်ကြရသေးပါဘူးလို့ ဖြေရုံပဲရှိတော့တယ်၊ ဒကာ,ဒကာမတွေ ကိုယ့်အကြောင်းကို ကိုယ်သိဖို့ကောင်းတယ်၊ ငါတို့ဟာ အသက်တွေသာကြီးပြီး ဘာမှအချိန်မစီးသေးပါလား၊ ဘာမှအကျိုးမရဘဲ ကာလိကဆိုတဲ့ ကာမဂုဏ်ကိစ္စတွေနဲ့သာ အချိန်ကုန်ခဲ့ရတာပါကလားဆိုတာ ဆုံးဖြတ်ချက်ချကြ။

ရှင်သမိဒ္ဓိက ကာလိကကို လိုက်စားနေရင် သန္ဒိဋ္ဌိကကို အကုန်ပစ်ပယ်ရမယ်၊ သန္ဒိဋ္ဌိကအတွက် ဘာမှလုပ် ကိုင်နိုင်ဖို့ မမြင်ဘူး၊ နောက်ပြီး ကာလိကကိုလုပ်နေတဲ့အတွက် ဘာမှကျေးဇူးမရှိတဲ့အပြင် ဒုက္ခများဖို့နဲ့ အပါယ်သွား ရဖို့သာ ရှိတယ်ဆိုတာ သူသိလို့ ကာလိကကိုရှောင်ပြီး သန္ဒိဋ္ဌိကကိုသာ ကြိုးစားနေတဲ့အကြောင်း နတ်သမီးကိုပြန်ပြော တယ် ဆိုတဲ့အကြောင်း ဒကာ,ဒကာမတွေ အထူးတလည် မှတ်သားထားလိုက်ကြပါဆိုတာ သတိပေးလိုက်တယ်၊ သဘော ပါကြပလား?။

ဒကာ,ဒကာမတွေ ကာလိကဟာ အလွန်ဆိုးတယ်ဆိုတာ လေးလေးနက်နက် မှတ်ထားလိုက်ကြပါ၊ သူ့ကိုလိုက် စားသူမှန်သမျှ ဒုက္ခချောက်ထဲလည်း ချမယ်၊ အပါယ်လည်းကျစေမယ်ဆိုတော့ သူ့ကိုလိုက်စားဖို့ မသင့်တော့ပါလား ဆိုပြီး ဆုံးဖြတ်ချက်ချကြ၊ ရိပ်မိကြပလား?၊ ကာလိကဟာ ဘယ်လောက်ဆိုးတယ်၊ ဘယ်လောက်နှိပ်စက်တယ်ဆိုတာ သိကြရမယ်။

ပေယျ(ပေဿ)လို့ခေါ်တဲ့ ဆင်ထိန်းသား

ဘုရားရှင်လက်ထက်အခါက ပေယျလို့ခေါ်တဲ့(ပေဿလို့လည်းခေါ်တဲ့) သူဌေးသား (ဆင်ထိန်းသား) တစ်ယောက် ရှိပါတယ်၊ အဲဒီသူဌေးသား ပေယျဟာ တစ်နေ့သောအခါမှာ တရားတော်ကိုနာယူပါတယ်၊ ဘုရားရှင် ကိုယ်တော်မြတ်ကြီးကလည်း ဝေနေ ယျရဲ့ အဇ္ဈာသယကိုကြည့်ပြီး တရားတော်ကို အစဉ်အတိုင်း ဟောတော်မူပါတယ်။

ပထမ ဒါနကထာကို ဟောပါတယ်၊ နောက် သီလကထာ၊ နောက် မဂ္ဂကထာဆိုသလို အစဉ်အတိုင်း ဟောတော် မူလာတဲ့အခါမှာ အဲဒီပေယျဆိုတဲ့ သူဌေးသားဟာ အစဉ်အတိုင်း တရားတော်ကိုနာယူပါတယ်၊ ဘုရားရှင်က မကြာခင် မှာပဲ မဂ္ဂကထာဆိုတဲ့ ဝိပဿနာတရားဟောမယ့်အချိန်လည်း ရောက်ပါရော၊ ကာလိကနှိပ်စက်တာကို ခံလိုက်ရပါရော တဲ့။ ဒကာ,ဒကာမတွေ ရိပ်မိကြရဲ့လား?။

ဘယ်လိုလဲဆိုတော့ ဒကာ,ဒကာမတို့ အဲဒီပေယျဆိုတဲ့ သူဌေးသားမှာ သူ့အိမ်က နောက်ကကိစ္စတစ်ခုပေါ်လာ တယ်ဆိုတာ မှတ်ရမယ်။ ဝိပဿနာတရား ဟောခါနီးဆဲဆဲလည်း ရောက်လာပါရော၊ သူ့အိမ်သူဇနီးက သူငယ်တစ် ယောက်ကိုလွှတ်ပြီး “ကိုပေယျ ခဏလောက် အမြန်ပြန်ခဲ့ပါဦး၊ အိမ်မှာ အခုဆောင်ရွက်စရာ ကိစ္စတစ်ခု အလွန်အရေး တကြီးရှိနေလို့ အမြန်ပြန်ခဲ့ပါတဲ့”ဆိုပြီး လူလွှတ်ခေါ်တာနဲ့ ပေယျဟာ အိမ်ပြန်လိုက်သွားရှာတယ်ဆိုတာ မှတ်ကြရမယ်၊ ရှင်းပလား?။

အဲဒီနောက်တော့မှ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ပရိသတ်များကို အမိန့်ရှိတော်မူပါတယ်။ ဒကာ,ဒကာမတို့ ဘုရားရှင်က ပေယျကို ဗျာဒိတ်ပေးလိုက်တယ်ပဲ ဆိုကြပါစို့။ ဘုရားရှင်က “အခု ပေယျဟာ တရားကို ဆုံးအောင်နာယူခဲ့ရင် သောတာပန်ဖြစ်မှာ မုချပဲ၊ ဒါပေမဲ့ အခု သူ့ခမျာ ကာလိကနှိပ်စက်ခံရတဲ့အတွက် ရှုံးရှာလေပြီ၊ အခု ကာလိက နှိပ်စက်လိုက်တာနဲ့ ဘုရားနှစ်ဆူတို့ကြား ကာလမှာ အရိုးဆယ့်သုံးမိုင်မြင့်အောင် သေဘေး ကြုံပြီး ဒုက္ခရောက်ရဦးတော့မယ်၊ ဪ…ပေယျဟာ အရှုံးကြီးရှုံးရှာလေပြီ”

ဒုက္ခရောက်ရမယ့် ကာလိကအလုပ်တွေ လျှော့ကြတော့

ဒကာ,ဒကာမတို့ ဘုရားရှင်က ပရိသတ်များကို ပေယျအတွက် အဲဒီလိုပဲ အမိန့်ရှိတော်မူလိုက်တယ်၊ အဲဒီတော့ အခု ဘုန်းကြီးတို့ဒကာ,ဒကာမတွေမှာ နိဗ္ဗာန်မရဘဲ ဒုက္ခတွေ ပင်လယ်ဝေ နေရသမျှဟာ ကာလိကနှိပ်စက် လို့ပဲဆိုတာ ဆုံးဖြတ်ချက်ချကြ၊ သဘောပါကြပလား?။

ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ ကိုယ်ကျိုးကိုယ်စီးပွား အစစ်ဖြစ်တဲ့ သန္ဒိဋ္ဌိက အလုပ်ကို အခုလုပ်ကြတော့၊ ကျေးဇူးမများဘဲ ဒုက္ခရောက်ရမယ့် ကာလိကအလုပ်တွေ လျှော့ကြတော့၊ သန္ဒိဋ္ဌိကမှ မလုပ်ရသေးရင် ဒါတွေကိုရုပ် သိမ်းထားကြဦး၊ သန္ဒိဋ္ဌိကကို အရင်အရေးတကြီးလုပ်ပါဦး၊ ကာလိကကို လုပ်ချင်သေးရင် ကိုယ့်အရေးပြီးမှသာ လုပ်ကြ တာပေါ့၊ အဲဒီလိုပဲ နှိုးဆော်လိုက်ပါတယ်။

ဒီလိုတိုက်တွန်းတော့ ဒကာ,ဒကာမတွေက လာချင်လာလိမ့်မယ်၊ “သားလေးတွေ သမီးလေးတွေက ငယ်နေ သေးလို့ စိတ်မချရသေးလို့ပါ၊ သူတို့အတွက် စိတ်ချရရင်ဖြင့် လုပ်နိုင်ကောင်းပါရဲ့နဲ့” ဆင်ခြေတက်နေကြမယ်ဆိုရင် သွားပြီ၊ သူတို့အတွက်နဲ့ ကိုယ့်အလုပ် မလုပ်ရတော့ဘူး၊ ကာလိကနှိပ်စက်ခံ ဒုက္ခရောက်ပြီး သေတော့ အပါယ်သွားကြ၊ ရှင်းကြပလား?။

ဘုရားရှင်က ပေယျဟာ သူ ကာလိက နှိပ်စက်တာမှ အရှုံးကြီးရှုံးပြီး အရိုးဆယ့်သုံးမိုင် တက်ရတော့ မယ်၊ ဒါဟာ အရိုးပါတဲ့ဘဝကိုသာ ပြောသေးတာ။ အရိုးမပါတဲ့ဘဝ တီကောင်, ပက်ကျိစတဲ့ ဘဝမျိုးတွေကလည်း အများကြီးခံရဦးမယ်ဆိုတာ မှတ်ကြတော့၊ အရိုးဆယ့်သုံးမိုင်ဆိုတော့ နည်းသလား?၊ လေးရက်တက်, လေးရက်ဆင်း မြင့်တဲ့ ဝေပုလ္လတောင်လောက် မြင့်ပါတယ်၊ ရိပ်မိကြရဲ့လား?။

ကိလေသာထုထူလွန်းလို့ ဆင်ခြေလာတာပဲ

ဘုန်းကြီးတို့ ဒကာ,ဒကာမတွေက မြို့သုံး,သုံးပြီး ယဉ်ယဉ်ကလေး ပြောတတ်ကြတယ်။ “အင်း ဘုန်းကြီးက တော့ ဟောရှာပါရဲ့၊ တပည့်တော်မှာက ကိစ္စကလေးတွေက တန်းလန်းနဲ့မို့ ဂွကျနေတယ်”နဲ့ ပြောကြတယ်၊ အဲဒီလို ပြောလာရင် သွားပြီး ကိလေသာထုထူလွန်းလို့ ဆင်ခြေလာတာပဲ၊ သေခြင်းဆိုးနဲ့ အဖန်ဖန် သေချင်သေးလို့ပဲဆိုတာ မှတ်ကြ။

ဒကာ,ဒကာမတို့ပေးတဲ့ ဆင်ခြေဟာ မသိလို့ မိုက်တွင်းနက်လို့ မသာဖြစ်ချင်ကြလို့ပဲဆိုတာ စွဲချက်တင်လိုက် ပါတယ်။ လေးလေးနက်နက်ကြီး စဉ်းစားကြည့်ကြပါ၊ သာမညအရေး မဟုတ်ပါဘူး။ သေလိုက်, အရိုးဖြစ်လိုက်၊ သေလိုက်, အရိုးဖြစ်လိုက်နဲ့ အရိုးတွေ တောင်လိုပုံရမယ်၊ ဒုက္ခလက်စကတော့ ဘယ်တော့မှ သတ်မှာမဟုတ်ကြဘူး၊ သဘောပါ ကြပလား?။

ဘုရားကလည်း ပေယျဟာ တရားဆုံးအောင် နာလိုက်ရင် ကျွတ်မှာကိုသိတယ်၊ ဒါပေမဲ့ သူက တရား မဆုံးခင် ထပြန်သွားတယ်၊ ဒီတော့ ဘုရားက “ပေယျဟာ အရှုံးကြီးရှုံးရှာပြီ”လို့ ဟောတယ်၊ ဘုရားနှစ်ဆူကြား သေဘေးအမျိုးမျိုး သင့်ဦးတော့မယ်၊ ဒီနှစ်ဆူကြားမှာ အရိုးချည့်ဆယ့်သုံးမိုင်တဲ့၊ ဘုန်းကြီးတို့ ဒကာ,ဒကာမတွေမှာ အခုနေကမှ မကြိုးစားရင် ပေယျထက်တောင် သာဖို့ရှိတယ်၊ ပေယျကမှ ကန့်သတ်ချက်ပါသေးတယ်၊ ဒကာ,ဒကာမတို့ အတွက် ကန့်သတ်ချက်မရှိဘူးဆိုတာ သတိပြုကြ၊ ရှင်းပလား?။

အရောင်းအရေးကြီးလို့၊ အဝယ်အရေးကြီးလို့၊ ကိစ္စတွေနဲ့က တန်းလန်းမို့ ဝိပဿနာ မလုပ်ဖြစ်သေးပါဘူးဆိုရင် ဒုက္ခအကြီးအကျယ် ရောက်ရတော့မယ်ဆိုတာသာ မှတ်လိုက်ကြ၊ ဝိပဿနာမလုပ်မိရင် သံသရာမှာ ဒကာတို့ကျရမယ့် မျက်ရည်တွေ ငိုပွဲဆင်ရ ပူပွဲဆင်ရမယ့်မျက်ရည်တွေ မဟာသမုဒ္ဒရာကြီး လေးစင်းရေမကဘူး၊ အဲဒီလေးစင်းရေထက် များရဦးတော့မယ်ဆိုတာ သံသယမရှိကြနဲ့၊ ရိပ်မိကြရဲ့လား?။

မျက်ရည်ကျရဦးမယ်ဆိုတာ ဘာကြောင့်လဲ?

မဟာသမုဒ္ဒရာကြီး လေးစင်းရေ မကလောက်အောင်ပဲ ဒကာတို့တတွေ မျက်ရည်ကျရဦးမယ်ဆိုတာ ဘာကြောင့်လဲ?လို့ ဆန်းစစ်ကြည့်ရင် “ကာလိယ”နှိပ်စက်ခံရလို့ပဲ၊ ကာလိက နှိပ်စက်ခံရတာပဲဆိုတာ မှတ်ကြပေတော့၊ ကျေနပ်ပလား?၊ ကိစ္စတွေတန်းလန်းနဲ့မို့ ကိစ္စလေးတွေ ရှိနေသေးလို့နဲ့ဆိုရင် ခံမယ့်သာပြင်ကြပေတော့၊ ကိစ္စနှိပ်စက် ချက် ဘယ်လောက်ဒဏ်နာသလဲဆိုတာ ပြောလို့မဖြစ်တော့ဘူး။

အရိုးချည့် ဖြန်းမျှဆယ့်သုံးမိုင်တဲ့၊ ကျရမယ့်မျက်ရည်တွေကလည်း မဟာသမုဒ္ဒရာကြီး လေးစင်လောက်မကဘူး ဆိုတော့ ဒကာတို့တတွေမှာ မလွဲသာတာတွေများနေရင် ခက်ရဦးမယ်၊ ကိစ္စတွေရှုပ်နေရင် အကြီးအကျယ် ဒုက္ခရောက် ရဖို့ပဲ ရှိတော့တယ်။

”တရားလည်းကြိုက်ပါရဲ့၊ ယုံလည်းယုံကြည်ပါရဲ့၊ ဒါပေမဲ့ မလွဲသာ မတင်းသာတာကလေးတွေက ရှိနေသေး တယ်၊ ဒါကြောင့် အခုနေမှာတော့ မလုပ်နိုင်သေးဘဲ ဖြစ်နေတယ်”နဲ့ ဆင်ခြေကန်ကြတယ်၊ ဒီတော့ အနားမှာရှိတဲ့လူတွေ က “အင်း, ဟုတ်ပါရဲ့လားဆိုတာ ဒီလိုပဲလေ၊ ကိစ္စဝိစ္စတွေက များကများပါဘိသနဲ့ တရားဘက်ကို မရောက်နိုင်ကြဘူး” ဆိုပြီးတော့ ထောက်ခံချက်ပေးလိုက်ကြတယ်။

ဒကာတို့ အရူး,အရူးချင်း အကန်း,အကန်းချင်းတွေဆိုတော့ အတိုင်နဲ့အဖောက် ညီညွတ်နေကြတာပဲ။ အဲဒီ အသံတွေဟာ အရိုးတောင်လိုပုံချင်လို့၊ ဒုက္ခအကြီးအကျယ်ခံချင်လို့၊ ဘေးအမျိုးမျိုးတွေသင့်ချင်လို့ ထွက်လာတဲ့အသံပဲ ဆိုတာ မှတ်လိုက်ကြ၊ ကျေနပ်ကြပလား?။

တစ်ယောက်သောသူက “လူမှုသူမှုတွေက များလွန်းလို့ အားရတယ်လို့ မရှိပါဘူး၊ တရားဘက်ကို မရောက်နိုင် အောင် ဖြစ်နေတယ်” အဲဒီလိုလေချိုသွေးလိုက်တော့ နောက်တစ်ယောက်က “အင်း, လူဆိုတာ ဒီလိုပဲ”တဲ့၊ ထောက်ခံ ချက် ပေးလိုက်ပြန်တယ်၊ ဒကာတို့လုပ်ပုံဟာ ယဉ်တယ်ထင်လွန်းလို့လား? ကာလိကနှိပ်စက်ခံဖို့ ဒုက္ခရောက်ဖို့လုပ်နေ ကြတာမို့ အင်မတန် ဆိုးဝါးမယ်ဆိုတာ မှတ်ကြပါ။

ကာလိက,က မဂ်ဉာဏ်ဖိုလ်ဉာဏ်ကို တားတယ်

ဒကာ,ဒကာမတို့ ကာလိက,က မဂ်ဉာဏ်ဖိုလ်ဉာဏ်ကို တားတယ်၊ ဒုက္ခရောက်အောင် နှိပ်စက်မယ်၊ နောက် အပါယ်ကိုချမယ်၊ ဒကာတို့ရှုပ်နေတဲ့ ကာလိက ကိစ္စကလေးနဲ့ ဖြစ်ရမယ့်အမှုကြီးနဲ့ မနှိုင်းသာဘူး၊ နှိုင်းစာလို့မရဘူး၊ အသေများရတာ ဒုက္ခရောက်ရမှာတွေက တစ်ဘဝမှာပင် အသင်္ချေနဲ့ အနန္တ၊ ဘဝပေါင်းကလည်း အသင်္ချေနဲ့ အနန္တ ခံရဦးမယ်ဆိုတာ မနှိုင်းသာဘူး၊ ရိပ်မိကြရဲ့လား?။

အခု တရားနာလာကြတဲ့ ဒကာ,ဒကာမတွေ အားလုံးအတွက်မှာ ဒီအလုပ်မှတပါး ဒီဝိပဿနာအကျင့် သန္ဒိဋ္ဌိ က လုပ်ငန်းမှတပါး ကယ်မယ့်သူ ယူမယ့်သူမရှိဘူး၊ အားကိုးစရာ အားထားစရာမရှိဘူး၊ အရိုးဆယ့်သုံးမိုင် စတုရန်း တက်ရမယ်၊ ဒါက အရိုးရှိတဲ့ဘဝမျိုးသာ ပြောတာ၊ အရိုးမရှိတဲ့ ပက်ကျိ, တီကောင်စတဲ့ ဘဝမျိုးတွေကလည်း အလွန် များလိမ့်ဦးမယ်ဆိုတာ မှတ်ကြတော့၊ သဘောပါပလား?။

ဒကာတို့တတွေက မဂ်ဖိုလ်ကိုတားမယ့် ကာလိကကို သာမညများမှတ်ထင်လို့ ယဉ်ယဉ်ကလေး မြို့သုံးသုံးနေ ကြတယ်။ ရပ်ရေးရွာရေး လူမှုရေး လူ့ကိစ္စသူ့ကိစ္စတွေဆိုတာ မျက်လုံးမှိတ်ထား၊ မုန်းရုံအပြင် မရှိပါဘူး၊ ဒါတွေကိုမလုပ် လို့ မုန်းရုံအပြင် အပြစ်မဖြစ်ဘူး။ ဒကာတို့တတွေ ဘုရားအဆူဆူနဲ့ လွဲခဲ့ရ၊ မြေကြီးကြီးပွားရေးချည့်ပဲ ကြုံခဲ့ရ၊ မြုပ် မျောဘဝနဲ့ နေခဲ့ရ၊ အဲဒါတွေဟာ ကာလိကနှိပ်စက်လို့ပဲ၊ သူ့လက်ချက်ပဲဆိုတာ ဆုံးဖြတ်ချက်ချကြ။

ဒကာ,ဒကာမတွေက မသိသာ ဆိုးဝါးလွန်းတော့ မြို့သုံးကလေးနဲ့ ဒုက္ခရောက်ကြရမယ်ဆိုတာ ကြပ်ကြပ် သတိပြုကြပါ၊ ရှင်းပလား?၊ ‘အင်း စိတ်လည်းရှိပါရဲ့၊ အားထုတ်ဖို့ဆန္ဒလည်း ရှိပါရဲ့၊ သံသရာလည်း အလွန်ကြောက် ပါတယ်၊ ဒါပေမဲ့ ကိစ္စလေးကရှိနေသေးလို့ အားထုတ်တဲ့ဘက်ကို မရောက်နိုင်သေးဘူး’တဲ့၊ အဲဒီလိုပြောတာ ရိုးရိုးမမှတ် ကြနဲ့ “ငါ့အသား, အရိုးဆယ့်သုံးမိုင် ကြီးပွားရပါလို၏”လို့ ဆိုလိုက်တာပါပဲ၊ သဘောပါပလား?

သုညတ,တရားကို နာရရင် မဂ်ကို ရမယ်

ဒကာ,ဒကာမတို့ ပဏ္ဏာသပါဠိတော်မှာ အသေအချာလာပါတယ်၊ သုညတ,တရားကို နာရရင် မဂ်ကို မုချ ဧကန်ရမယ်တဲ့၊ အခု ဒကာ,ဒကာမတို့လည်း သုညတ,တရားကို နာနိုင်တဲ့အတွက် မဂ်ရမှာက ဧကန်ဖြစ်နေပါတယ်၊ ဒါကြောင့် ကာလိက အနှိပ်စက်မခံကြရစေနဲ့၊ ကာလိကနှိပ်စက်တာ မခံကြနဲ့တော့ဆိုတာ သတိပေးလိုက်တယ်။

ဘုန်းကြီးတို့ ဒကာ,ဒကာမတွေရဲ့အကျင့်က သားကိစ္စက ဘယ်သို့၊ သမီးကိစ္စက ဘယ်ပုံနဲ့ အသားယူပြီးပြော တတ်ကြတယ်၊ ဆွေမျိုးရေးက ဘယ်ညာ၊ ရပ်ရေးရွာရေးက ဘယ့်နှယ်နဲ့ အသားယူပြောနေတာတွေဟာ အင်မတန် နစ်နာဖို့ပဲ၊ ကရုဏာရှိတဲ့ ဆရာသမားက ပြောတဲ့အခါကျတော့ “အရှင်ဘုရားတို့ ပြောတာတော့ ကောင်းပါရဲ့၊ လူဆိုတာ ဘုန်းကြီးလို လွယ်တာမဟုတ်ဘူး”တဲ့၊ သုံးတဲ့အသုံးမျိုးဟာဖြင့် ကိုယ့်တွင်းကိုယ်တူးတာနဲ့ အတူတူပဲ။

ပေယျရဲ့ဝတ္ထုသွားကို သိရင်ဖြင့် ဒီအသုံးမျိုး မသုံးထိုက်တော့ဘူး၊ ဒီလောက်များပြားတဲ့ အသေကောင်တွေ၊ အရိုးတောင်လိုပုံအောင် ကြုံရမှာကိုသိသဖြင့် ပြင်ကြဆင်ကြတော့၊ လိမ္မာကြပါတော့ဆိုတာ တောင်းပန်လိုက်ပါတယ်၊ ဒကာ,ဒကာမတွေမှာ ကျေးဇူးမများတဲ့ အမျိုးမျိုးကိစ္စတွေက အလွန်များကြတယ်။ အမျိုးမျိုးကိစ္စတွေ အလွန်များပြား တာဟာ ကိုယ်နစ်ဖို့၊ မြုပ်ဖို့၊ မျောဖို့အပြင် မရှိဘူးလို့သာ မှတ်လိုက်ကြ။

”ပလိဗောဓော မဂ္ဂါဓိဂမဿ နိဝါရဏံ”တဲ့။

ဒကာတို့ ကိစ္စတွေများတာဟာ မဂ်ဖိုလ်ကို တားမြစ်ပိတ်ပင်နေတာပဲ ရှိတယ်၊ သဘောပါပလား?၊ ဒကာတို့ ကိစ္စဝိစ္စတွေများလေသမျှ ဒုက္ခရောက်ဖို့အပြင် မရှိတော့ဘူး၊ ပလိဗောဓဟာ မဂ်ဖိုလ်ဉာဏ်ကို တစ်နည်းနည်းနဲ့တား တယ်၊ ရိပ်မိကြပလား?။

မဂ်ဖိုလ်ကိုတားရင် မြေကြီး,ကြီးပွားမှာပဲ

မဂ်ဖိုလ်ကိုတားရင် မြေကြီး,ကြီးပွားမှာပဲ၊ အသေများလို့ အလောင်းကောင်တွေ အထပ်ထပ်ချရလို့ မြေကြီး, ကြီးပွားတာပဲဆိုတာ မှတ်ကြတော့၊ ကျေနပ်ပလား?၊ အခုနေအခါ ပေးနိုင်တဲ့ ဆရာသမားက ပေးထိုက်လို့ပေးနေတယ်၊ ယူထိုက်အောင် ယူလိုက်ကြပါ၊ အခုနေမှ မယူလိုက်ကြရင် ဒကာတို့အတွက် ဆယ့်သုံးမိုင်မကဘူး အရိုးတွေ, အသားတွေ တက်ရဖို့ရှိတယ်။

ခန္ဓာငါးပါးက အနိစ္စတရား၊ သူက မရဏဆီ ဒိုင်းဒိုင်းပြေးနေတာ၊ ရိပ်မိကြရဲ့လား? ခန္ဓာက သေလမ်းသွား နေ၊ ဒကာတို့တတွေက ဘာမှမသိကြ, မရိပ်မိကြသလို တော်သလိုလျော်သလိုနဲ့ အချိန်ဖြုန်း၊ ဒီအထဲမှာ ကိစ္စဝိစ္စ ကာလိကတွေက ဝင်ပြီးဖျက်နဲ့ဆိုတော့ သွားပြီလို့သာမှတ်ကြတော့၊ ရှင်းကြပလား?။

ဒကာ,ဒကာမတွေဟာ ကိုယ့်ကိုယ်ကိုယ်သနားသဖြင့်လည်းကောင်း၊ ဆရာသမားဟောတာကို ငဲ့ညှာသဖြင့် လည်းကောင်း၊ ဘုရားရွှေမျက်နှာတော်ကို ထောက်ထားသဖြင့်လည်းကောင်း၊ ကာလိကတွေကို ရှောင်ကြ၊ ရှောင်ပြီး တော့ သန္ဒိဋ္ဌိကို အမြန်ဆုံးကြိုးစားဖို့သာ သင့်တော့တယ်ဆိုတာ သတိပေးလိုက်ပါတယ်။ အရိုးတောင်လိုပုံရတာ ဘုရား နှစ်ဆူကြားမှာတင် ဖြန်းမျှ ဆယ့်သုံးမိုင်မတဲ့၊ ချက်ချင်းလက်ငင်း သန္ဒိဋ္ဌိကဘက်ကို လိုက်ပါတော့မယ်လို့သာ ဆုံးဖြတ် ချက် ချကြပါတော့။

ကာလိကတွေက အခုလည်း ပင်ပန်းအောင်လုပ်တယ်၊ သေတော့လည်း အပါယ်ကျရမယ်၊ ဒါကြောင့် ဒါကိုရှောင် ရမယ်ဆိုတာ သဘောပါကြပလား?၊ ဒကာ,ဒကာမတွေ ရှေးတုန်းက နေခဲ့ထိုင်ခဲ့သမျှမှာလည်း ကာလိက အနှိပ်စက်ခံ ဘဝနဲ့ပဲ နေထိုင်ခဲ့ကြရတယ်၊ အခုလည်း ဒါနဲ့ပဲ အချိန်ကုန်နေရတယ်၊ အခုနေမှာပဲ ပေယျနောက်ကျနေကြရပြီး ဒါတွေကို အခုကစပြီးပြင်မှသာ ဖြစ်တော့မယ်ဆိုတာ ရိပ်မိကြဖို့ကောင်းပြီ။

ဒေဝဒတ်က သာနေသေးတယ်

ဒကာ,ဒကာမတို့ ကိုယ့်ကိုယ်တိုင် ပေယျနောက်ကျနေကြပြီဆိုတာလည်း သိကြရပြီ၊ ဒေဝဒတ်နဲ့ဆိုတောင် ဒေဝဒတ်က သာနေသေးတယ်၊ သူက သေချာပြီးသား လက်မှတ်ရပြီးသား ဖြစ်သွားပြီ၊ ကိစ္စပြီးပြီးသားသူက ပစ္စေက ဗုဒ္ဓါဖြစ်မှာ ဒီတော့ ဒကာတို့က ဂေဇက်မထွက်သေးလို့ သူ့ထက်နောက်ကျနေပြီ၊ သူ့ကိုတောင် မမှီနိုင်ကြဘူး၊ ရှင်းကြ ရဲ့လား?။

ဒကာ,ဒကာမတို့ အခု ကာလိကတွေကိုဖြုတ်၊ အခု သန္ဒိဋ္ဌိကကိုလုပ်ရင် ဂေဇက်ထွက်နိုင်ပါတယ်။ အလုပ် လုပ်ကြည့်လို့ ဖြစ်ပျက်မြင်ရင် ဂေဇက်ထွက်တော့မယ်ဆိုတာ မှတ်လိုက်ကြတော့၊ ကျေနပ်ပလား?၊ ဒီတရားနာပရိသတ် တွေထဲမှာ အားထုတ်နေသူတချို့တွေ ပါကြပါတယ်၊ တချို့က ဖြစ်ပျက်မြင်နေကြပြီ၊ တချို့က ဖြစ်ပျက်တွေချုံးနေကြပြီ၊ ဒီကြားထဲမှာ ဖြစ်ပျက်မဆုံးခင် ကာလိကနှိပ်စက်ခံရမှာ စိုးရိမ်ရတယ်။

ဒါကြောင့် ယောဂီတိုင်းဟာ ကာလိကကိုရှောင်ပြီး သန္ဒိဋ္ဌိကကို လုပ်ရမယ်ဆိုတာ သတိကြပ်ကြပ် ပြုလိုက်ကြ။

အခု ဒကာ,ဒကာမတွေကို ကာလိက,က သန္ဒိဋ္ဌိကဖြစ်အောင် နည်းလမ်းပြပြီးဟောရမယ်၊ ဒကာ,ဒကာမတို့ ကာလိက,က မဂ်ဖိုလ်ကိုတားတယ် ဆိုတဲ့အကြောင်း သံယုတ်ပါဠိတော်မှာ အတိအလင်းဟောထားတာ ရှိပါတယ်၊ ဒါကြောင့် သူ့ကို သန္ဒိဋ္ဌိကဖြစ်စေဖို့ အရေးကြီးပါတယ်၊ သူက ဒကာတို့တတွေကို နှိပ်စက်မယ်၊ နှိပ်စက်ခံရရင် လက်မှိုင် ချ မျက်ရည်ကျပြီး အပါယ်ကျဖို့ပဲရှိတယ်။

သန္ဒိဋ္ဌိကဖြစ်အောင် လုပ်တတ်ဖို့ ပြောပါတော့မယ်

ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ အခု ကာလိကကို သန္ဒိဋ္ဌိကဖြစ်အောင် လုပ်တတ်ဖို့ ပြောပါတော့မယ်၊ နား ကြီးကြီးနဲ့ထောင်ကြ၊ ပေယျကိုတားသလို အတားမခံရအောင် အခုပြောပြမယ်၊ သဘောကျပလား?။

ဒကာ,ဒကာမတွေ အခုဒီမှာ တရားနာနေကြတယ်၊ ဒီအချိန်မှာ အိမ်ကလာပြီး နောက်ကလက်တို့,လက်တို့ ခေါ်၊ ခေါ်တော့ ဘာကိစ္စလဲ? ဘယ်လိုကိစ္စပဲလို့ ပြောလိုက်တော့ အိမ်ပြန်လိုက်ချင်တဲ့ စိတ်ကလေးပေါ်လာမယ်၊ အဲဒီလိုပေါ်လာရင် ပေါ်လာတဲ့ လိုက်ချင်တဲ့စိတ်ကလေးကို ဖြစ်ပျက်ရှုပစ်ရမယ်။ ရှင်းကြရဲ့လား?။

ဒကာ,ဒကာမတို့ ဒီစိတ်ကလေးကိုရှုမိရင် စိုးရိမ်စိတ်ကလေး လိုက်လာမယ်၊ စိုးရိမ်ရင် သောက, နောက်က ပရိဒေဝ, နောက်က ဒုက္ခ, ဒေါမနဿဆိုတာတွေ တန်းလိုက်လာတော့တာပဲ၊ ရိပ်မိကြရဲ့လား? လာတဲ့စိတ်ကို မရှုမိ တဲ့အပြစ်, ဘယ်လောက်ကြီးမယ်ဆိုတာ ရိပ်မိကြတော့၊ ဒါကြောင့် ပေါ်လာတဲ့ကိစ္စကို ဖြစ်ပျက်ရှုရမယ်၊ စိုးရိမ်တဲ့ကိစ္စ လာလည်း ဖြစ်ပျက်ရှုပစ်ရမယ်ဆိုတာ ပေါ်ကြပလား?။

အဲဒီလိုရှုလိုက်တော့ ပြန်ချင်စိတ်ကလေးက ဖြစ်ပျက်၊ ရှုတဲ့ဉာဏ်က မဂ်ဖြစ်သွားတယ်၊ အဲဒီမှာ နောက်က သောက, ပရိဒေဝစတဲ့ နောက်က ပဋိစ္စသမုပ္ပါဒ်တန်းကြီး မလာတော့ဘူး၊ ပဋိစ္စသမုပ္ပါဒ် ဒုက္ခစက်ကြီး ပြတ်တယ်ဆိုတာ မှတ်လိုက်ကြ။

ဒကာ,ဒကာမတို့ အခုလိုပေါ်လာတဲ့ ပြန်ချင်စိတ်ကလေးကို ဖြစ်ပျက်ရှုလိုက်တော့ ဒီစိတ်ကလေးရဲ့ ဖြစ်တာ နဲ့ ပျက်တာကို ကိုယ်တိုင်မြင်မသွားကြဘူးလား?။ ဖြစ်ပျက်ကို ကိုယ်တိုင်မြင်သွားကြတယ်၊ အဲဒီလိုမြင်တော့ သန္ဒိဋ္ဌိ က, ဖြစ်သွားတယ်ဆိုတာ မှတ်ကြ၊ သန္ဒိဋ္ဌိတောဆိုတာ ‘သာမံ ပဿတဗ္ဗော’တဲ့၊ သာမံ၊ ကိုယ်တိုင်။ ပဿိတဗ္ဗော၊ မြင် အပ်၏တဲ့။ အဲဒါ သန္ဒိဋ္ဌိက ဖြစ်တာပဲလို့သာမှတ်ကြ။

ကိုယ့်သန္တာန်မှာဖြစ်တဲ့စိတ် ကို မရှိဘူးလို့သိတာ

ကိုယ့်သန္တာန်မှာ ဖြစ်တဲ့စိတ်ကို ကိုယ်တိုင်ဉာဏ်နဲ့ မြင်တာသိတာဟာ သန္ဒိဋ္ဌိကပဲ ကိုယ့်သန္တာန်မှာဖြစ်တဲ့စိတ် ကို မရှိဘူးလို့သိတာဟာ မိမိသိတာပဲဆိုတော့ အဲဒါ သိန္ဒိဋ္ဌိကဖြစ်တာပဲ၊ ကျေနပ်ကြပလား?၊ အဲဒီလိုရှုနိုင်တော့ ကာလိက ဟာ သန္ဒိဋ္ဌိကဖြစ်ပါတယ်ဆိုတာ ပေါ်ကြပလား?။

ကိုင်း ဒကာ,ဒကာမတို့ ခင်ဗျားတို့ရဲ့ ရိုးရာအမှားတွေကို ဆရာသမားက ကူညီပေးလိုက်တော့ ကာလိကဟာ မဂ်ပေါ်တဲ့ကိစ္စ ဖြစ်သွားတယ်၊ ဒကာတို့ အလိုအတိုင်းသာဆိုရင် ဒုက္ခပင်လယ်ဝေမယ်၊ နဂိုနေအတိုင်းဆိုရင် ပြန်ချင် စိတ်နောက်က သောက, ပရိဒေဝ, ဒုက္ခ, ဒေါမနဿ, ဥပါယာသ, အဝိဇ္ဇာဆိုပြီးတော့ ဒုက္ခအထပ်ထပ်နဲ့ ဒုက္ခစက်ကြီး လှည့်ပတ်ရဦးတော့မှာပဲ၊ ရိပ်မိပလား?။

ဒါကြောင့် ခန္ဓာမှာပေါ်လာတဲ့ ကာလိကကိစ္စမှန်သမျှ ရှုပေးရမယ်၊ ဉာဏ်နဲ့ကြည့်ပေးမယ်၊ ကြည့်ပေးရင် နှိပ်စက်ဖို့လာတဲ့ ကာလိကဟာ သန္ဒိဋ္ဌိကဖြစ်တယ်ဆိုတာ ဆုံးဖြတ်ချက်ချကြ၊ ရှင်းကြရဲ့လား?၊ ဒီလိုရှုဉာဏ် လိုက်ပေး လိုက်တော့ စိုးရိမ်စိတ်ကလေးဟာ သန္ဒိဋ္ဌိကဖြစ်သွားတယ်၊ စိုးရိမ်တဲ့တရားလေးက မဂ်ပေါ်အောင် လုပ်ပေးလိုက်တယ် ဆိုတာ ကျေနပ်ပလား?။

ဒါကြောင့် ကာလိကပေါ်တိုင်းပေါ်တိုင်း သန္ဒိဋ္ဌိကနဲ့ လိုက်ပေးကြရမယ်ဆိုတဲ့ အဓိပ္ပာယ်ကို လေးလေးနက်နက် မှတ်လိုက်ကြ၊ သဘောကျပလား?။

အဲဒါကြောင့် ခန္ဓာမှာ ဘာစိတ်ပေါ်ပေါ်, ပေါ်ချင်တာပေါ်၊ ဖြစ်ပျက်ဉာဏ်နဲ့ လိုက်ပေးကြရမယ်၊ စိတ်မချတာ လာလည်း ဖြစ်ပျက်ရှု၊ စိုးရိမ်တာပေါ်လည်းရှု၊ ကိစ္စရှိတာဟာ ရှိပစေ၊ ရှိတဲ့ကိစ္စကို သန္ဒိဋ္ဌိကဖြစ်အောင် လုပ်နေကြရ မယ်၊ ဒီလိုဆိုရင် လိုရင်းဆိုက်တယ်၊ ဒကာ,ဒကာမတွေ လုပ်တတ်ကြပလား?၊ ကြိုးစားကြ၊ ဒါမှ ကိုယ်ကျိုး ကိုယ့်စီးပွား ကယ်မယ့်ယူမယ့်တရားပဲ။

ပေါ်လာတဲ့စိတ်ကလေးကို ဉာဏ်နဲ့ကြည့်လိုက်ပေး

ဘာစိတ်ပေါ်ပေါ် ပေါ်လာတဲ့စိတ်ကလေးကို ဉာဏ်နဲ့ကြည့်လိုက်ပေး၊ ဉာဏ်နဲ့ကြည့်တဲ့အခါမှာ ပေါ်လာတဲ့ စိတ်ကလေး မရှိတော့တာကို သိရမယ်၊ ပေါ်လာပြီး ဖြတ်ဆိုပျောက်သွားတာပဲ၊ အဲဒီလိုပေါ်လာပြီး ပျောက်သွားတဲ့ သဘော ဖြစ်ပေါ်ပြီး ပျက်စီးသွားတဲ့သဘောကို ဉာဏ်နဲ့မြင်အောင် ကြည့်ပေးရမယ်။

အဲဒီလိုကြည့်ပေးရင် ဒကာ,ဒကာမတို့မှာ ကိစ္စတွေများရင် များသလောက် အကောင်းဆုံးပဲဆိုတာ မှတ်ကြ တော့၊ ကိစ္စများရင် ကိစ္စကဖြစ်ပျက်၊ ရှုတဲ့ဉာဏ်က မဂ်ဆိုတော့ မဂ်ဆိုက်လို့မပြီးနိုင်တော့ဘူး၊ သဘောကျကြပလား?၊ အဲဒီနည်းအတိုင်း ရှုသွားခဲ့ရင် လောကီမဂ်တွေ များများလာမယ်၊ လောကီမဂ်တွေများလာရင် လောကုတ္တရာမဂ်ကို တက်တော့မှာပဲဆိုတော့ သံသယမရှိကြနဲ့တော့။

လောကီမဂ်က အနန္တရပစ္စည်း၊ လောကုတ္တရာမဂ်က ပစ္စယုပ္ပန်(အကျိုး)၊ လောကီမဂ်က လောကုတ္တရာမဂ်ကို အနန္တရ ပစ္စည်းနဲ့ ကျေးဇူးပြုပေးလိုက်တယ်၊ ဒါကြောင့် ပေါ်လာသမျှ မလွတ်အောင်ရှုပေးကြပါဆိုတာ လေးလေးစားစား တိုက်တွန်းလိုက်တယ်၊ ရှင်းကြပလား?။

အိပ်ချင်တဲ့ကိစ္စလာရင်လည်း ရှုပေး၊ ‘သံခိတ္တံ ဝါ စိတ္တံ သံခိတ္တစိတ္တန္တိ ပဇာနာတိ၊’ အဲဒီလိုရှုပေးရင် အိပ်ရင်းနဲ့ ကိစ္စပြီးနိုင်တယ်၊ ဒကာ,ဒကာမတို့ “ကမ္မဋ္ဌာန ဝိနိမုတ္တော ဓမ္မောနာမ နတ္ထိ”လို့ ဟောတော်မူထားပါတယ်၊ ဝိပဿနာ လွတ်တဲ့နေရာ တစ်နေရာမှမရှိပါဘူး၊ ကိုယ်ကမသိလို့ မကြည့်မိမှာသာ စိုးရတယ်၊ တရားကတော့ ရှိနေပေါ်နေမှာပဲ ဆိုတာ မှတ်ထားကြ။

မဂ်ဖိုလ်ဆိုတာ နေရာမရွေးပါဘူး

ဒကာ,ဒကာမတို့ မဂ်ဖိုလ်ဆိုတာ နေရာမရွေးပါဘူး၊ ကာလိကနေရာမှာ သန္ဒိဋ္ဌိကဖြစ်အောင် လုပ်ရမယ်၊ ဒီလိုဖြစ်အောင် ကြိုးစားဖို့ပဲလိုတယ်ဆိုတာသာ မှတ်ကြ၊ ကိစ္စဆိုတာဟာ ဓမ္မကလုပ်တာချည့်ပဲ၊ ကိစ္စဆိုလေသမျှ လောဘ, က လုပ်နေတာပဲ၊ ဒကာ,ဒကာမတို့ ကိစ္စဆိုတာကို ကာလိကဆိုတဲ့ ကိစ္စမှန်သမျှကို တဏှာ, ဥပါဒါန်းက လုပ်တာချည့် ပဲလို့သာ ဆုံးဖြတ်ချက်ချကြ၊ ရှင်းပလား။

ဒါကြောင့် ကိစ္စပေါ်တိုင်းပေါ်တိုင်း သန္ဒိဋ္ဌိကနဲ့ လိုက်ကြရမယ်၊ သန္ဒိဋ္ဌိကနဲ့လိုက်ပြီး ဖြစ်ပျက်ရှုပေးကြရမယ်၊ အဲဒီလိုရှုလိုက်တော့ ကိစ္စကဖြစ်ပျက်၊ ရှုဉာဏ်က မဂ်ဖြစ်သွားတယ်။ ဒကာ,ဒကာမတွေ သဘောပါကြပလား?၊ အရှုခံ က ဖြစ်ပျက် ဒုက္ခသစ္စာ၊ ရှုတဲ့ဉာဏ်က မဂ္ဂသစ္စာ၊ နောက်က ပြတ်သွားတဲ့တရားတွေက သမုဒယသစ္စာ၊ အဲဒီနေရာမှာ ပေါ်လာတာက နိရောဓသစ္စာပဲ၊ ကိုင်း သဘောကျကြပလား?။

ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ သစ္စာလေးပါးကို ပြန်ပြီးပြောပါဦးမယ်။ ။ ဥပမာ အိမ်စိတ်မချတဲ့ ဓမ္မလေး ခန္ဓာမှာ ပေါ်လာတယ်ဆိုတော့ သန္ဒိဋ္ဌိကဆိုတဲ့ ဝိပဿနာဉာဏ်နဲ့ ဖြစ်ပျက်,ဖြစ်ပျက်ဆိုပြီး ရှုလိုက်တော့ စိတ်မချတဲ့ သောက,က ဖြစ်ပျက်၊ ရှုဉာဏ်က မဂ်ဖြစ်သွားတယ်၊ ရှင်းကြရဲ့လား?။

အဲဒီနေရာမှာ

အရှုခံသောက,ဖြစ်ပျက်က ဒုက္ခသစ္စာ။

ရှုတဲ့ဉာဏ်က မဂ္ဂသစ္စာ။

နောက်ကသေတဲ့ ပရိဒေဝစတဲ့တရားတွေက သမုဒယသစ္စာ။

သူတို့သေတဲ့နေရာမှာ ပေါ်လာတာက နိရောဓသစ္စာ။

ကိုင်း ဒကာ,ဒကာမတွေ ကျေနပ်ပလား? ဒါဖြင့် ကြိုးစားပြီး လာလာသမျှ မလွတ်အောင်ရှုပေးကြ။

နတ်သမီးကို တိုက်ရိုက်အားဖြင့် ဟောကြား

ဒါနဲ့ ဒီနေရာမှာ အစကပြောခဲ့တဲ့ ဝတ္ထုအကြောင်းကို ပြန်ဆက်ပြောရမယ်၊ နတ်သမီးက တောင်းပန်လိုက်တဲ့ အတွက် ရှင်သမိဒ္ဓိက ဘုရားထံတော်မှာ အကြောင်းစုံရှင်းပြပြီး လျှောက်ထားမေးမြန်းပါတယ်။ “တပည့်တော်က အခုတွေ့တဲ့ ကာလိကကိုရှောင်နေတာဟာ နောက်တွေ့မယ့် သန္ဒိဋ္ဌိကဖြစ်အောင်လို့ပဲ”လို့ ဖြေကြားတဲ့အခါမှာ “အကျယ် သိလိုလို့ အခု အရှင်ဘုရားထံမှောက် ရောက်လာရခြင်းဖြစ်ပါတယ် ဘုရား”ဆိုပြီး လျှောက်ထားလိုက်တယ်။

အဲဒီလို နတ်သမီးရဲ့သိလိုရေးကြောင့် ရောက်လာရတဲ့အကြောင်းကို လျှောက်ထားလိုက်တဲ့အခါမှာ နတ်သမီး ကလည်း ဒီအနီးအနားမှာ ရှိနေနှင့်တာနဲ့ ရှင်သမိဒ္ဓိကို တိုက်တွန်းလိုက်ပါတယ်။ “အရှင်ဘုရား မေးသာမေးပါ၊ တပည့် တော် ယခု အရှင်ဘုရားနောက်တော်က ရောက်ရှိနေပါပြီ ဘုရား”လို့ တိုက်တွန်းလိုက်တော့ ဘုရားသခင်ကိုယ်တော် မြတ်ကြီးက နတ်သမီးကိုပဲ တိုက်ရိုက်အားဖြင့် ဟောကြားတော်မူပါတယ်။

အက္ခေယျ သညိနော သတ္တာ၊

အက္ခေယျသ္မိံ ပတိဋ္ဌိတာ။

အက္ခေယျံ အပရိညာယ၊

ဟောဂမာယန္တိ မစ္စုနော။

”ခန္ဓာငါးပါးကို ပုဂ္ဂိုလ်, သတ္တဝါ, ငါ, သူတပါး, ယောက်ျားမိန်းမပဲလို့ ထင်မှတ်နေကြတဲ့ သတ္တဝါများဟာ ခန္ဓာငါးပါးမှာ ရပ်တည်နေရပြီးသကာလ ခန္ဓာငါးပါးကို ပိုင်းပိုင်းခြားခြား အမှန်အကန်မသိတဲ့အတွက် သေမင်းဆွဲ ဆောင်ရာကိုသာ လိုက်ပါ၍ နေကြရရှာတယ်။”

အဲဒီဂါထာနှင့်တကွ အကျယ်ရှင်းလင်းပြီး နတ်သမီးကို ဟောပြတော်မူလိုက်ပါတယ်၊ ဘုန်းကြီးတို့ ဒကာ,ဒကာမ တွေ သဘောပါပလား?၊ ခန္ဓာငါးပါးဟာ ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်အရှိ ခန္ဓာငါးပါးပဲ၊ ဒီထဲမှာ ငါလည်း မပါ, သူလည်းမဟုတ်, ပုဂ္ဂိုလ်, သတ္တဝါ ဆိုစရာမရှိ၊ ရုပ်နာမ်ဖြစ်ပျက် သဘာဝပဲ အမှန်ရှိတယ်ဆိုတာ သိကြရမယ်။

အဲဒီလို ခန္ဓာငါးပါးပဲ ရုပ်တရား နာမ်တရား ဖြစ်ပျက်ပဲလို့ ပိုင်းခြားပြီး အမှန်အကန်မသိလိုက်တော့ ဒီခန္ဓာ ကို ငါပဲသူပဲ, သားပဲသမီးပဲဆိုပြီး ထင်မှတ်စွဲယူနေကြတော့တယ်၊ အဲဒီလိုစွဲယူပြီး သေကြရတာဟာ အလောင်းချစရာ နေရာလွတ် မရှိကြတော့ဘူး၊ အလောင်းချရလေသမျှ မြေပုံဟောင်းနေရာချည့်ပဲဆိုတာ မှတ်လိုက်ကြ။

သမ္မုတိရှိ အခေါ်နဲ့ မဖောက်မပြန် အမှန်ရှိ နှစ်မျိုး

ဒါကြောင့် သမ္မုတိရှိ အခေါ်နဲ့ မဖောက်မပြန် အမှန်ရှိ၊ တကယ်ရှိ နှစ်မျိုးကို ကွဲကွဲပြားပြားဖြစ်အောင် ကြိုးစားကြရမယ်ဆိုတာ ပေါ်ကြပလား?၊ ဒကာတို့က ဒီနှစ်မျိုးကိုခွဲခြားပြီး မသိလိုက်တော့ အနစ်နာကြီးနစ်နာမယ် ဆိုတာ မှတ်ကြတော့ပဲ၊ ရှင်းပလား?၊ အခေါ်အရှိက သားတဲ့, သမီးတဲ့၊ ဒါကိုမသိတော့ သားမဟုတ်တာ သားလုပ်ပြီး စွဲလမ်းနေ၊ သေတော့ အပါယ်သွားကြ၊ ရိပ်မိကြရဲ့လား?။

အမှန်တကယ်မရှိတဲ့ သမ္မုတိရှိ အခေါ်ရှိက သမ္မုတိသစ္စာပဲ ခေါ်လွယ်ရုံ သမုတ်ထားသမို့ သမ္မုတိသစ္စာ ခေါ်တာ၊ တကယ်တော့ ရှိတာမဟုတ်ဘူး၊ ဒကာတို့က ဒီသမ္မုတိသစ္စာကို ပရိသေယျနဲ့လိုက်ရမယ်။ ပရိညေယျတဲ့ ဉာဏ်နဲ့ပိုင်းခြားသိအောင် ကြိုးစားရမယ်။ သားဆိုတာက သမုတ်အရှိ သမ္မုတိသစ္စာ၊ ခန္ဓာငါးပါးက အမှန်ရှိ ပရမတ္တ သစ္စာ၊ ဒီနှစ်ခုကိုခွဲခြားပြီး ပရမတ္တသစ္စာကို ပိုင်းခြားနိုင်ရမယ်။

ခေါ်ရုံမျှ မှန်ကန်တာဟာ သမ္မုတိသစ္စာ၊ မဖောက်မပြန်မှန်တာက ပရမတ္တသစ္စာ။ ပရမတ္တသစ္စာဆိုတာ မဖောက်မပြန်မှန်ကန်တယ်။ ရုပ်က ဝေဒနာမဖြစ်ဘူး၊ ဝေဒနာက သညာမဖြစ်ဘူး၊ သညာကလည်း သင်္ခါရမဖြစ်၊ သင်္ခါရက ဝိညာဏ်မဖြစ်၊ မဖောက်မပြန်ဘူး၊ သူ့သဘာဝနဲ့သူပဲဆိုတာ မှတ်လိုက်ကြ၊ ရှင်းကြပလား?။

ဒကာ,ဒကာမတွေက ဒါဟာ သားပါတဲ့၊ ဘာကြောင့် သားခေါ်တုန်းလို့ဆိုတော့ ရင်ကမွေးတာမို့ သားတဲ့။ ဒကာ,ဒကာမတို့ ရင်ကမွေးတဲ့သားဆိုတာလည်း ခန္ဓာငါးပါးပဲ၊ ခန္ဓာငါးပါးကလွဲလို့ ဘာမှအပိုမစွက်ဘူး။

ခန္ဓာငါးပါးကို မူတယ်ထားပါ

ဒကာ,ဒကာမတို့ ခန္ဓာငါးပါးကို မူတယ်ထားပါ၊ သားလို့သမုတ်ပြီး ခေါ်ရုံခေါ်တာက အပြစ်မရှိဘူး၊ သမုတ် ခေါ်တာကို သိပြီး, ပိုင်းခြားပြီးသိကြရမယ်၊ ခန္ဓာငါးပါးပဲဆိုတာ သိရမယ်၊ သား,သမီးလို့ သမုတ်ထားပေမယ့် ခန္ဓာမှန်း သိနေဖို့လိုတယ်၊ သဘောပါပလား?။

ပထမ ဉာတပရိညာနဲ့ သိရမယ်၊ နောက်ကျတော့ တိရဏပရိညာလာရဦးမယ်၊ တိရဏဆိုတာ ဝိပဿနာရှုပြီး သိတဲ့ဉာဏ်ပဲ၊ ခန္ဓာမှာဖြစ်ပျက်ရှုရင် တိရဏပရိညာဖြစ်တော့တာပဲ၊ ဒီခန္ဓာမှာ ဖြစ်ပျက်ရှုလို့ ဉာဏ်ရင့်လာတော့ “ဒီဟာ ခန္ဓာငါးပါးပဲ၊ ငါမပါ, သူမဟုတ်တဲ့ ရုပ်အစု နာမ်အစုဖြစ်မှုနဲ့ ပျက်မှုပဲ ရှိပါကလား”လို့ ပိုင်းခြားနိုင်တာနဲ့ ဒီခန္ဓာဟာ ခင်စရာမင်စရာ မရှိပါကလားလို့ သိပြီးတော့ ပဟာနပရိညာဖြစ်တော့တာပဲ၊ ရှင်းကြပလား?။

ဒကာ,ဒကာမတို့ ဒီနေရာမှာ သစ္စာလေးချက် တစ်ပြိုင်နက် ကိစ္စပြီးစီးပါတယ်။ ခန္ဓာက ဒုက္ခသစ္စာ၊ သိတဲ့ မြင်တဲ့ဉာဏ်က မဂ္ဂသစ္စာ၊ မဂ်ဝင်လာလို့ နောက်ကချုပ်တဲ့တဏှာက သမုဒယသစ္စာ၊ သမုဒယချုပ်တဲ့နေရာမှာ ပေါ်တာ က နိရောဓသစ္စာ၊ ကိုင်း, ဒကာ,ဒကာမတွေ သဘောကျကြပလား? သမုဒယမလာအောင် ကြိုးစားဖို့ပဲလိုတော့တယ်၊ သမုဒယမလာအောင် ကျင့်နိုင်ရင် နေရာကျပြီလို့သာ ဆုံးဖြတ်ချက်ချကြ၊ သဘောပါကြပလား?။

ဒါကြောင့် ကာလိကပေါ်တိုင်းပေါ်တိုင်း သန္ဒိဋ္ဌိကဆိုတဲ့ ရှုဘက်လိုက်ပေးရမယ်၊ ဒီလိုလိုက်ပေးရင် ပထမတော့ လောကီမဂ်ပဲရှိသေးတယ်၊ နောက်တဖြည်းဖြည်း ဉာဏ်ရင့်ရင့်လာတော့ လောကီမဂ်က အနန္တရပစ္စည်းနဲ့ ကျေးဇူးပြုပြီး လောကုတ္တရာမဂ်ဖြစ်အောင် လုပ်လိုက်တာပဲဆိုတာ မှတ်ကြ၊ နေရာကျပလား?။

လာလာသမျှ သန္ဒိဋ္ဌိကဖြစ်အောင် လုပ်ကြ

ဒကာ,ဒကာမတို့မှာ ကုသိုလ်နဲ့ပတ်သက်တဲ့ ကိစ္စတွေ၊ အကုသိုလ်နဲ့ပတ်သက်တဲ့ ကိစ္စတွေက အလွန်များပါ တယ်။ လာလာသမျှ သန္ဒိဋ္ဌိကဖြစ်အောင် လုပ်ကြရမယ်။ ထမင်းစားပြီးမှလုပ်မယ်၊ ရေသောက်ပြီးမှပဲ လုပ်တော့မယ် ဆိုရင် ကာလိကပဲဆိုတာသာ မှတ်ကြ။

ရှင်သမိဒ္ဓိက, ကာလိက ရှောင်ပုံကိုပြောပြတဲ့နေရာမှာ နားကြီးကြီးနဲ့ထောင်ပြီး သူ့အတိုင်း လိုက်နာကြ။ ကိစ္စပေါ်တိုင်း ပေါ်တိုင်း ဖြစ်ပျက်သာရှုချကြ၊ အဲဒီလိုရှုတော့ ကိစ္စကိုအဖော်လုပ်ပြီး နိဗ္ဗာန်သွားတာပဲဆိုတာ မှတ်ကြ ရမယ်။ သဘောပါပလား?။

အဲဒါကြောင့် ဘာကိစ္စပေါ်ပေါ် ပေါ်ချင်တာပေါ်ပါစေ၊ ပေါ်တာကို မလွတ်စေနဲ့၊ ပေါ်လာတိုင်းသာ ဖြစ်ပျက် ရှုချပေး၊ ပထမဖြစ်ပျက်ကို မြင်အောင်ရှုရမယ်၊ အဲဒီလိုရှုလို့ ဖြစ်ပျက်အမြင်များလာရင် မုန်းအောင်ဆက်ရှု။ ဒီလိုနဲ့ ဆက်ရှုလို့ အမုန်းများလာရင် ဆုံးမှာပဲ၊ ဒါကြောင့် ဆုံးအောင်ဆက်သာရှု။ ဒီလိုရှုလို့ ဖြစ်ပျက်တွေဆုံးသွားရင် နိဗ္ဗာန် ပေါ်တာပဲ၊ ရှင်းပလား?။

အဲဒီလိုသာ ရှုနိုင်ခဲ့ရင် သေမင်းမမြင်ရာရောက်ပြီး သေမင်းနိုင်ငံက လွတ်ပြီလို့သာ ဆုံးဖြတ်ချက်ချလိုက်ကြ၊ ဒကာ,ဒကာမတွေ သဘောပါကြပလား?။

ကိုင်း…ယနေ့ ဒီတွင်ပဲ တော်ကြဦးစို့။

**********