20613

သံယောဇဉ်ကင်း နိဗ္ဗူချဉ်း တရားတော်

ဆောင်ပုဒ်

အဇ္ဈတ်ခန္ဓာ၊ ဉာဏ်စိုက်ကာ၊ မခြာရှုကြည့်မှတ်။

သုခ,ဒုက္ခာ၊ ဥပေက္ခာ၊ သုံးဖြာခံစားတတ်။

ဝေဒနာပေါ်၊ ဉာဏ်စေ့ဆော်၊ အလျော်လုလ္လကပ်။

ဖြစ်ပေါ်ပျောက်စဲ၊ သတိမြဲ၊ နက်နဲဉာဏ်ပိုင်းဖြတ်။

ဖြစ်ပျက်အနိစ္စ၊ ကြီးဒုက္ခ၊ အနတ္တမြင်တပ်တပ်။

အမြင်များမြောက်၊ မုန်းဉာဏ်ရောက်၊ ဆုံးပျောက်ဒုက္ခဇာတ်

သံယောဇဉ်ချုပ်၊ တမုဟုတ်၊ ဝိမုတ်ဉာဏ်ထူးမြတ်။ ။

သတိချပ်

လူ့သံယောဇဉ်၊ မစွန့်လျှင်၊ ကွာစင်နိဗ္ဗူတ။

လူ့သံယောဇဉ်၊ စွန့်ခိုက်တွင်၊ မြန်လျင်နိဗ္ဗာန။

ဝိပဿနာ၊ ရှုဆဲခါ၊ စွန့်ကွာသံယောဇန။

ဒုက္ခရှုခံ၊ မဂ်ရှုဉာဏ်၊ နှစ်တန်ထပ်ထပ်ကျ။

ထိုသည်ကြိုက်တွင်၊ သံယောဇဉ်၊ လွတ်စင်သန့်ရှင်းစွ။

သံယောဇဉ်ကင်း၊ တထိုင်တွင်း၊ လျင်လျှင်းနိဗ္ဗာန။

နိဗ္ဗူရောက်လို၊ လူထိုထို၊ ချိန်တိုကြိုးသင့်စွ။ ။

တရားသား

လူဝတ်ကြောင်နဲ့ နိဗ္ဗာန်ကို ရနိုင်, မရနိုင်

ဘုန်းကြီးတို့ ဒကာ,ဒကာမတွေအဖို့မှာ လူဝတ်ကြောင်အနေနဲ့ နိဗ္ဗာန်ကိုရနိုင်ပါ့မလား၊ မရနိုင်ဘူးလားဆိုတဲ့ အဓိပ္ပာယ်ကို သိချင်ကြမယ်၊ မေးချင်လည်း မေးကြမယ်ဆိုပါတော့…။ အဲဒီလိုမေးရင် လူဝတ်ကြောင်နဲ့ နိဗ္ဗာန်ကို ရနိုင်, မရနိုင်ဆိုတဲ့ အဓိပ္ပာယ်ကို ဒီကနေ့ ရှင်းလင်းပြောပြလိမ့်မယ်ဆိုတာ မှတ်ကြရမယ်။

ပုဏ္ဏားတစ်ဦးက မေးမြန်းလို့ ဘုရားရှင်က ဖြေဆိုပြတဲ့ စကားအချက်ပဲလို့ မှတ်လိုက်ကြ၊ ဒီအဓိပ္ပာယ်ဟာ “မဇ္ဈိမပဏ္ဏသ ပါဠိတော်”မှာ လာတယ်ဆိုတာကိုလည်း မှတ်ကြရမယ်။ ဝစ္ဆပုဏ္ဏားကမေးလို့ ဘုရားရှင်က ဖြေကြားတော် မူခဲ့တဲ့ စကားတော်ပဲ။ အဲဒါကို ဆရာဘုန်းကြီးက ဒကာ,ဒကာမတို့အတွက် ကျင့်စဉ်နှင့်တကွ ထည့်ပေးပြီး ပြောပြလိမ့် မယ်ဆိုတာ မှတ်ကြ။

မဇ္ဈိမပဏ္ဏာသ ပါဠိတော်တဲ့၊ ပါဠိတော်ဆိုတော့ ဘုရားရှင်ကိုယ်တော်တိုင် ဟောခဲ့တဲ့စကားတော်ပဲ။ ရဟန္တာ ဟောတာ မဟုတ်ဘူးဆိုတဲ့သဘောကို သတိပြုကြရမယ်။ အဲဒီတော့ သံသယဖြစ်ဖို့ မရှိတော့ဘူး။ ယုံကြည်လေးစားစွာ နဲ့ မှတ်သားလိုက်နာကြဖို့ပဲ ရှိတယ်ဆိုတာ အထူးပြောဖို့မလိုတော့ဘူး၊ ရှင်းကြရဲ့လား။

ဒကာ,ဒကာမတို့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာ တစ်နေ့သ၌တော့ ဝေသာလီပြည် မဟာဝုန်တောမှာ သီတင်းသုံးနေတော်မူတဲ့အခါ ဖြစ်တယ်။ အဲဒီအခါမှာ ဘုရားရှင်က နံနက်စောစော ဆွမ်းခံကြွတော်မူလာတယ်။ အဲဒီအချိန်မှာ ဘုရားရှင်က ဆွမ်းခံကြွဖို့ အချိန်နည်းနည်းစောသေးတယ်ဆိုပြီး ဧကပုဏ္ဍရီကဆိုတဲ့ ပရိဗိုဇ်ကျောင်း ကလေးမှာနေတဲ့ ဝစ္ဆဂေါတ္တခေါ်တဲ့ ပုဏ္ဏားကြီးထံ ဝင်ရောက်သွားတော်မူတယ်။

အဲဒီလို ဘုရားရှင်က ပရဗိုဇ်ကျောင်းကလေးထဲ ဝင်သွားတော့ အဲဒီဝစ္ဆပုဏ္ဏားကြီးကလည်း နေရာထိုင်ခင်း များပေးပြီး ရှေးဦးစကား ဝမ်းမြောက်ဖွယ် အောက်မေ့ဖွယ်တွေနဲ့ နှုတ်ဆက်လို့ အလ္လာပ, သလ္လာပစကားများ ပြောဆို ပြီးတဲ့နောက် ခေတ္တခဏမျှ သီတင်းသုံးနေထိုင်တော်မူတယ်ဆိုတာ မှတ်ကြရမယ်။

ဝစ္ဆပုဏ္ဏားမေးတဲ့အချက်

အဲဒီအခါမှာ ဝစ္ဆပုဏ္ဏားက မေးမြန်းလိုက်တယ်တဲ့။ ဒကာ,ဒကာမတွေ ပုဏ္ဏားမေးတဲ့အချက်၊ ဘုရားဖြေတော် မူတဲ့အချက်တွေကို လေးလေးစားစား မှတ်သားကြရမယ်။ ဒကာတို့အတွက် လိုရင်းအချက်လည်း ပါလာလိမ့်မယ်ဆိုတာ မှတ်ကြ။

ဝစ္ဆပုဏ္ဏားမေးတဲ့အချက်က…

”အရှင်ဘုရား၊ အရှင်ဘုရားရဲ့ ဂုဏ်သတင်းဟာ အလွန်ပဲမွှေးပါတယ်၊ တပည့်တော်တို့ ကြားရ သိရတာက အရှင်ဘုရားဟာ ထိုင်နေတဲ့အခါလည်း သူတပါးအကြောင်းကို အကုန်သိတာပဲ၊ အိပ်နေတဲ့အခါလည်း သိ တာပဲ၊ သွားနေတဲ့အခါ စားနေတဲ့အခါလည်း အကုန်သိတာပဲ၊ အဲဒီလို အကုန်သိတယ်ဆိုတဲ့ အကြောင်းနဲ့ အလွန်ပဲ ဂုဏ်သတင်းမွှေးပါတယ်၊ အဲဒီလိုကြားရ သိရပါတယ်၊ အဲဒီလိုကြားသိရတဲ့အတိုင်း ဟုတ်ပါသလား၊ မှန်ပါသလား ဘုရား။”

”ဒီလိုပြောတာ မှန်တဲ့အတိုင်းပဲ ပြောဆိုကြပါသလား ဒါမှမဟုတ်, မဟုတ်မမှန် လုပ်ကြံပြီး စွပ်စွဲပြောဆိုကြ တာလား၊ ဒီကြားတဲ့အတိုင်း ယုံကြည်ဖို့ မယုံကြည်ဖို့ အမှန်အကန်သိချင်ပါတယ် ဘုရား” အဲဒီလိုမေးမြန်း လျှောက် ထားလိုက်တယ်၊ အဲဒီတော့…

ဘုရားရှင်က ပုဏ္ဏားကို

”အို…ဝစ္ဆပုဏ္ဏားကြီး၊ ဒါဟာ ငါ့ကိုစွပ်စွဲတာပဲ၊ ဒီလိုမဟုတ်ပါဘူး၊ ငါ့မှာသွားနေလည်း အကုန်သိ တယ်၊ ထိုင်နေလည်း သိတယ်၊ အိပ်နေလည်းသိတယ်၊ စားနေလည်း အကုန်သိတယ်ဆိုတဲ့ စကားဟာ မဟုတ်ပါဘူး၊ အဲဒီလိုပြောတာဟာ ငါ့ကို မတရားသဖြင့် စွပ်စွဲတာပဲ”လို့ ဖြေတော်မူလိုက်တယ်။

ဘုရားက အကုန်သိတော်မူတယ်ဆိုတာ

ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ ဘုရားက အကုန်သိတော်မူတယ်ဆိုတာ အိပ်နေတဲ့အခါ၊ စားနေတဲ့အခါ၊ သွားနေတဲ့အခါ၊ ထိုင်နေတဲ့အခါဆိုသလို အခါမျိုးစုံမှာ အကုန်မသိပါဘူး၊ ဒါ သက်သက်မတရားသဖြင့် စွပ်စွဲတာပဲ လို့ အဖြေပေးလိုက်တယ်၊ ဘုရားက သူဟာ အချိန်တိုင်းမသိပါဘူးတဲ့၊ ရိပ်မိကြပလား။

ဒကာ,ဒကာမတွေ ဘုရားဟာ “အကုန်သိတယ်”လို့ ထင်နေကြတယ်မဟုတ်လား။ အိပ်နေလည်းသိ၊ စားနေ လည်းသိ၊ သွားနေလည်းသိ၊ ထိုင်နေလည်းသိတယ်လို့ ထင်နေကြတယ်။ ဒကာတို့ပဲ စဉ်းစားကြည့်ကြပါ။ အိပ်နေတဲ့ အခါ သိနိုင်ပါ့မလား။ အိပ်တဲ့အခါ ဘဝင်စိတ်နဲ့အိပ်တာမို့ မသိနိုင်ပါဘူး။ ဘဝင်စိတ်က မသိနိုင်ဘူး၊ ဇောစိတ်ကမှ သိနိုင်တယ်။ အိပ်နေတဲ့အခါ ဇောစိတ်မရှိဘူး။ ဒါကြောင့် မသိနိုင်ဘူးဆိုတာ မှတ်ကြ။

သဗ္ဗညုတဉာဏ်ဟာ အခါခါတိုင်း မကိန်းဘူး။ ဒီဉာဏ်က ဉာဏ်ဇောကျမှ ကိန်းတယ်။ အဲဒီဉာဏ်ဇောကျတဲ့ အခါမှပဲ သိနိုင်တယ်။ ဉာဏ်ဇောမကျရင် သွားနေတဲ့အခါ၊ ထိုင်နေ,စားနေတဲ့အခါ ဆိုသလို အခါတိုင်းမှာ မသိနိုင်ဘူး၊ ရှင်းကြရဲ့လား။

ဆွမ်းဘုဉ်းပေးနေတဲ့အခါ ပစ္စဝေက္ခဏာ ဆင်ခြင်နေတယ်။ သွားတဲ့အခါ ဝိပဿနာနဲ့သွားတယ်။ အဲဒီလို အခါတွေမှာ သူတပါးအကြောင်းတွေကို မဆင်ခြင်လို့ မသိဘူးဆိုတာ မှတ်ကြရမယ်။ အလိုရှိလို့ ဆင်ခြင်တော်မူမှသာ သိမြင်တော်မူတယ်၊ မဆင်ခြင်တဲ့အခါမျိုးမှာ မသိပါဘူး၊ ရိပ်မိကြပလား။

ဘုရားရှင်က အလိုတော်ရှိလို့ ပစ္စဝေက္ခဏာဇောကျပြီး ဆင်ခြင်တော်မူတဲ့အခါမှာလည်း တစ်ဦးတစ်ယောက်ရဲ့ အကြောင်းစုံကို အကုန်ထိုးထိုးထွင်းထွင်း သိမြင်တော်မူပါတယ်။ အများတွေရဲ့အကြောင်းကို သိတော်မူတာ မဟုတ် ပါဘူး။ တစ်ဦးတစ်ဦးစီရဲ့ အကြောင်းကို ဆင်ခြင်တော်မူပြီးမှ သိတော်မူတယ်ဆိုတာ မှတ်ကြရမယ်၊ သဘောပါကြ ပလား။

ဘယ်လိုပြောမှသာ မှန်ပါမလဲ

ဒါနဲ့ ဝစ္ဆပုဏ္ဏားက ဆက်လက်မေးမြန်းပြန်တယ်၊ အဲဒီပုဏ္ဏားက “ဒါဖြင့် အရှင်ဘုရားကို ဘယ်လိုဆိုရပါမလဲ၊ ဘယ်လိုပြောမှသာ မှန်ပါမလဲ။ ဘယ်လိုပြောမှ စွပ်စွဲရာမကျပါမလဲ ဘုရား” အဲဒီလိုမေးလိုက်တယ်၊ ဒီလိုမေးတော့ ဘုရားရှင် ကိုယ်တော်မြတ်ကြီးက…

”အို…ဝစ္ဆပုဏ္ဏား၊ ငါ့ကို တေဝိဇ္ဇပုဂ္ဂိုလ်တို့ဆိုရင် ပြောရင်အမှန်ကျတယ်၊ တေဝိဇ္ဇပုဂ္ဂိုလ်လို့ဆိုရင် စွပ်စွဲရာ မကျဘူး၊ တရားသဖြင့် ဆိုရာရောက်တယ်”လို့ ဖြေတော်မူလိုက်တယ်။

ဒကာ,ဒကာမတို့ တေဝိဇ္ဇပုဂ္ဂိုလ်လို့ဆိုတဲ့ အဓိပ္ပာယ်က ပုဗ္ဗေနိဝါသာ နုဿတိဉာဏ်နဲ့ အဲဒီအသိဉာဏ်ဝင်စား ပြီး ကြည့်လိုက်တဲ့အခါ ရှေးရှေးတုန်းကဖြစ်ခဲ့တဲ့ ဘဝတွေမှာ ဘာဖြစ်ခဲ့တယ်, ဘယ်လိုဖြစ်ခဲ့တယ်ဆိုတာတွေကို ဆင်ခြင် တွေးတောကြည့်လိုက်ရင် အကုန်သိတယ်။ ရှေးအတိတ်အကြောင်းတွေကို တွေးကြည့်လိုက်ရင် တစ်ဦးတစ်ယောက်ရဲ့ အကြောင်းကို အကုန်သိမြင်တော်မူတယ်ဆိုတာ မှတ်ကြရမယ်။

နောက်ပြီးတော့ ဒိဗ္ဗစက္ခုအဘိညာဉ်နဲ့ ဝင်စားပြီး ကြည့်လိုက်တဲ့အခါမှာ ဒီလူဟာ ဘယ်အနာရမယ်၊ ဘယ် တော့ သေလိမ့်မယ်၊ ဘယ်အခါ ပျက်စီးလိမ့်မယ်၊ ဘယ်အခါ တရားထူးရလိမ့်မယ်ဆိုတဲ့ အကြောင်းတွေကို အခုပစ္စုပ္ပန် မှာ မြင်တော်မူ သိတော်မူနိုင်တယ်၊ အဲဒါလည်း ဆင်ခြင်မှ သိတော်မူတာ၊ မဆင်ခြင်တဲ့အခါ မသိနိုင်ဘူးတဲ့။

နောက်တစ်ခုက အာသဝက္ခယဉာဏ်တဲ့၊ အဲဒါက အာသဝေါကုန်ဖို့ သိတဲ့ဉာဏ်လည်း ဘုရားရှင်မှာရှိတယ်၊ သူတထူးကို အာသဝေါကုန်အောင် ဘယ်တရားဟောရမယ်၊ ဘယ်လိုဟောရမယ်ဆိုတဲ့ ဉာဏ်လည်းရှိတော်မူတယ်၊ ရှင်းကြရဲ့လား၊ မိမိ၏အာသဝေါကုန်ဖို့ သိတဲ့ဉာဏ်၊ နောက်ပြီး သူတပါးအာသဝေါကုန်အောင် ဟောနိုင်တဲ့ဉာဏ်၊ အဲဒီအာသဝက္ခယဉာဏ်လည်း ရှိတော်မူတယ်တဲ့။

ဝိဇ္ဇာဉာဏ်သုံးမျိုး ရှိတဲ့ ပုဂ္ဂိုလ်

ဒီတော့ ဘုရားမှာ ဉာဏ်သုံးပါးရှိတယ်ဆိုတာ သိကြရမယ်။ ဒါကြောင့် တေဝိဇ္ဇပုဂ္ဂိုလ်ပဲ၊ ဝိဇ္ဇာဉာဏ်သုံးမျိုး ရှိတဲ့ ပုဂ္ဂိုလ်လို့ဆိုတဲ့ အဓိပ္ပာယ်ပဲ၊ ရှင်းကြရဲ့လား။

ဉာဏ်သုံးပါးက…

၁။ ပုဗ္ဗေနိဝါသာနုဿတိဉာဏ်။

၂။ ဒိဗ္ဗစက္ခုဉာဏ်။

၃။ အာသဝက္ခယဉာဏ်။

ဒီသုံးဉာဏ်ရှိတဲ့အတွက် တေဝိဇ္ဇပုဂ္ဂိုလ်ပဲ၊ ဒီအထဲမှာ ပုဗ္ဗေနိဝါသာနုဿတိဉာဏ်က ဆင်ခြင်သုံးသပ်မှ သိတယ်၊ အမြဲသိနေတာမဟုတ်ဘူး၊ ဒိဗ္ဗစက္ခုဉာဏ်က သမထအလုပ်လုပ်မှ သိတယ်၊ သိချင်ရင် ဒီသမထကို ပြန်ပြီးလုပ်ရသေး တယ်၊ သူလည်း အမြဲမသိနိုင်ဘူး။ အာသဝက္ခယဉာဏ်ကလည်း ဝင်စားမှသိတယ်။ အလိုရှိတဲ့အခါ ဝင်စားကြည့်တော်မူ မှ သိတယ်။ သူလည်း အမြဲသိနေတာ မဟုတ်ပါဘူး။

အာသဝက္ခယဉာဏ်ဆိုတာက မိမိကိုယ်တိုင် သစ္စာတရားကို သိတော်မူနိုင်တဲ့အတွက် သူတပါးကိုလည်း သစ္စာ သိအောင် ပေါက်မြောက်အောင် ဟောပြတော်မူနိုင်တဲ့ဉာဏ်၊ အဲဒီဉာဏ်ကို ဆိုလိုတယ်။ ဘုရားရှင်က ငါဟာ အဲဒီ ဉာဏ်သုံးခုနဲ့ ပြည့်စုံတဲ့အတွက် တေဝိဇ္ဇပုဂ္ဂိုလ်ပဲလို့ပြောရင် အမှန်ကျတယ်လို့ ဖြေဆိုလိုက်တယ်ဆိုတာ မှတ်ကြ။

အဲဒီလိုဖြေလိုက်တော့ ဝစ္ဆပုဏ္ဏားကြီးက ဆက်လက်ပြီး မေးမြန်းလိုက်ပြန်တယ်။

”အရှင်ဘုရား၊ ဆက်လက်ပြီး မေးပါရစေဘုရား၊ အရှင်ဘုရားရဲ့ဉာဏ်တော်နဲ့ ချိန်ကုန်ပြီး ဖြေကြားတော်မူပါ ဘုရား။”

”အရှင်ဘုရား၊ လူတွေဟာ သားမယား, သားသမီးနဲ့ ပစ္စည်းနဲ့ နေနေကြရပါတယ်။ အဲဒီလိုနေနေရင်းက လူတွေဟာ လူ့သံယောဇဉ်ကို မစွန့်လွှတ်ဘဲနဲ့ ဒုက္ခဆုံးရာ နိဗ္ဗာန်ကိုရောက်နိုင်ပါ့မလား။”

လူ့သံယောဇဉ်ကို မစွန့်လွှတ်ဘဲနဲ့ ဒုက္ခဆုံးရာ နိဗ္ဗာန်ကို မရောက်နိုင်

ဒီလိုမေးတော့ ဘုရားရှင်က “အို…ဝစ္ဆပုဏ္ဏားကြီး၊ လူဟာ လူ့သံယောဇဉ်ကို မစွန့်လွှတ်ဘဲနဲ့ ဒုက္ခဆုံးရာ နိဗ္ဗာန်ကို မရောက်နိုင်ဘူး။”

ဒကာ,ဒကာမတို့ ပုဏ္ဏားက လူဟာ လူ့သံယောဇဉ်မစွန့်ဘဲနဲ့ အာသဝချုပ်ရာ, ဒုက္ခချုပ်ရာ နိဗ္ဗာန်ကိုရပါ့ မလားလို့မေးတော့၊ ဘုရားရှင်က လူဟာ လူ့သံယောဇဉ်မစွန့်ဘဲနဲ့ အာသဝကုန်ရာ ဒုက္ခချုပ်ငြိမ်းရာဖြစ်တဲ့ နိဗ္ဗာန်ကို ဘယ်တော့မှ မရောက်ဘူးလို့ ဖြေတော်မူလိုက်တယ်။ ဒါဟာ ဒကာ,ဒကာမတို့အတွက် မှတ်ဖို့အချက်ပဲ။ ဒါနဲ့ ပုဏ္ဏားက ဆက်ပြီး မေးပြန်တယ်။

”ဒါဖြင့် ဘုရား၊ လူဟာ လူ့သံယောဇဉ်မစွန့်ဘဲနဲ့ နတ်ရွာသုဂတိကိုကော ရောက်နိုင်ပါသလား။”

”ဒါတော့ ရောက်နိုင်ပါတယ်”လို့ ဖြေတော်မူလိုက်တယ်။

ဒကာ,ဒကာမတို့ သံယောဇဉ်က နတ်ရွာသုဂတိကိုတော့ မကန့်ကွက်ဘူး၊ နိဗ္ဗာန်ကိုတော့ ကန့်ကွက်တယ်ဆိုတဲ့ အဓိပ္ပာယ်ကို မှတ်ကြရမယ်။ ဒီတော့ အခုတရားပွဲထဲမှာပါကြတဲ့ ဒကာ,ဒကာမတွေအားလုံးဟာ သံယောဇဉ်ကင်းကြ ရဲ့လား။ မကင်းကြဘူး။ အားလုံး သံယောဇဉ်ကိုယ်စီတွေ ရှိကြတယ်။ သံယောဇဉ်တွေနဲ့မို့ နိဗ္ဗာန်ကို မရနိုင်ကြတော့ ဘူးလားလို့ မေးစရာရှိနေတယ်။

ဒီစကားဟာ လိုရင်းအချက်ပဲ၊ ဒီအဓိပ္ပာယ်ကို ရှင်းလင်းပြီး ပြောပြရမယ်။ ဒကာ,ဒကာမတို့ လူဟာ လူ့သံယော ဇဉ် မစွန့်ဘဲနဲ့ နိဗ္ဗာန်ကိုမရနိုင်ဘူးဆိုတာတော့ မှန်တယ်။ ဒါပေမဲ့လို့ ဒကာ,ဒကာမတို့အတွက် ရနိုင်တဲ့သဘောကို ဆရာဘုန်းကြီးက ရှင်းလင်းပြီးပြောပြရမယ်။

အခု ဆရာဘုန်းကြီးက နေ့စဉ်နေ့တိုင်းဆိုသလို ဟောပြပေးနေတဲ့အထဲက ဝေဒနာနုပဿနာကို ရှုတယ်ဆို ကြပါစို့။ ဥပမာ မိမိတို့သန္တာန်မှာ ဒုက္ခဝေဒနာလေးတစ်ခု ပေါ်လာတယ်ဆိုတော့ ရှုဉာဏ်က အကဲခတ်လိုက်တဲ့အခါ ဒီဒုက္ခဝေဒနာကလေးဖြစ်ပြီး ပျက်သွားတာတွေ့ရတယ်။ အဲဒီလိုပဲ ဝေဒနာပေါ်တိုင်း ပေါ်တိုင်း ရှုဉာဏ်လိုက်သွားရင် “ဝေဒနာက ဖြစ်ပျက်ရှု ဉာဏ်ကမဂ်ဖြစ်သွားတယ်။

အနိစ္စနဲ့ မဂ္ဂ နှစ်ခုပဲရှိတော့ သံယောဇဉ်ကင်းနေတယ်

အဲဒီနည်းအတိုင်း ဝေဒနာပေါ်လာသမျှ ရှုလိုက်သွားတော့ ဝေဒနာဖြစ်ပျက်က အနိစ္စ၊ ရှုတဲ့ဉာဏ်က မဂ္ဂ, ဖြစ်သွားတယ်။ အဲဒီလိုရှုမှတ်ဆဲအချိန်မှာ အနိစ္စနဲ့ မဂ္ဂ၊ ဒီနှစ်ခုပဲ တန်းနေတော့ သံယောဇဉ်ရှိသေးသလား။ ဒီအချိန် မှာ သံယောဇဉ်မရှိဘူး၊ သံယောဇဉ်ပြတ်နေတယ်။ ဒီအချိန်မှာ အနိစ္စနဲ့ မဂ္ဂ နှစ်ခုပဲရှိတော့ သံယောဇဉ်ကင်းနေတယ်။ သံယောဇဉ်စွန့်ပြီးသား ဖြစ်နေတယ်။

ဒီလိုဆိုတော့ ဒီအချိန်မှာ သံယောဇဉ်စွန့်ပြီးသားဖြစ်နေလို့ နိဗ္ဗာန်ကိုရနိုင်တယ်ဆိုတာ မှတ်လိုက်ကြ။ ဒီတော့ ဒကာ,ဒကာမတွေအတွက် အားကိုးစရာအချက် မရကြသေးဘူးလား။ ဒါဟာ အားကိုးစရာအချက်ပဲ။ ဒါကြောင့် သားတွေ, သမီးတွေနဲ့ ပစ္စည်းသံယောဇဉ်တွေနဲ့ ဖြစ်ပေမယ့် ဘာမှအားငယ်ဖို့မရှိဘူးဆိုတာ ပြောလိုက်ပါတယ်၊ သဘော ပါကြပလား။

ဒကာ,ဒကာမတို့တတွေ အခုလိုနေကြ ထိုင်ကြပေမယ့် သံယောဇဉ်ကိုစွန့်တဲ့နည်းလည်း ရှိသေးတယ်။ လူ့ သံယောဇဉ် စွန့်တဲ့နည်းရှိလို့ ဒုက္ခချုပ်တဲ့နိဗ္ဗာန်ကို ရနိုင်တဲ့နည်း ရှိပါသေးကလားဆိုတာ မှတ်ကြရမယ်။ ရုတ်တရက်နဲ့ အားလျှော့မပစ်လိုက်ကြနဲ့ဦးဆိုတာ သတိပေးလိုက်တယ်၊ ကျေနပ်ကြပလား။

ဒကာ,ဒကာမတို့ ဘုရားရှင် မဟာသတိပဋ္ဌာနသုတ်ကို ဟောကြားတော်မူတဲ့အခါ ကုရုတိုင်းတစ်တိုင်းလုံးလိုလို ကျွတ်တန်းဝင်ကြတယ်။ အဲဒီလို ကျွတ်တန်းဝင်သူတွေဟာ ဒကာ,ဒကာမတို့လို လူတွေချည့်ပဲ၊ ဓမ္မစကြာဟောတော့ လည်း နတ်တွေ ကုဋေများစွာ ကျွတ်ကြတယ်။ သူတို့လည်း သံယောဇဉ်နဲ့နေတဲ့ နတ်တွေပဲ။ ဒီတော့ နိဗ္ဗာန်ကိုရောက် နိုင်တဲ့နည်းက တစ်နည်း၊ မရောက်နိုင်တဲ့နည်းက တစ်နည်းပဲလို့ ခွဲခြားပြီးမှတ်ကြရမယ်၊ သဘောပါပလား။

ဘုရားရွှေလက်ထက်တော်တုန်းက သန္တတိအမတ်ကြီးဟာ ဘောင်းတွေ, နားဋောင်းတွေ, အဝတ်တန်ဆာ အဆောင်အယောင်တွေနဲ့ မူးယစ်သောက်စားပြီး ပျော်ပါးနေရာက ကျွတ်တန်းဝင်သွားနိုင်ခဲ့တယ်။ နောက်ပြီး ဥဂ္ဂသေန ဆိုတဲ့ သူဌေးသားကချေသည်ဟာ အတောင်ခြောက်ဆယ်မြင့်တဲ့ ဝါးလုံးပေါ်ကနေပြီး ကရင်းခုန်ရင်းနဲ့ပဲ ကျွတ်တန်း ဝင်သွားရရှာတယ်။

အလုပ်စခန်းနဲ့ပြရင် ပိုပြီး ရှင်းလင်းသွားလိမ့်မယ်

အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ,ဒကာမတွေအတွက် အားကိုးစရာအချက် ရှိသေးတယ်ဆိုတာ ပေါ်ကြပလား။ ဒီအားကိုးစရာနည်းလမ်းကို ဆရာဘုန်းကြီးက ညွှန်ပြပေးပါမယ်၊ အလုပ်စခန်းနဲ့ပြရင် ပိုပြီး ရှင်းလင်းသွားလိမ့်မယ်။ ကိုင်း…အခု အလုပ်နဲ့ပြကြစို့။

အခု ဒကာ,ဒကာမတို့သန္တာန်မှာ ဉာဏ်နဲ့ကြည့်ပေးလိုက်ကြစမ်းပါ။ မိမိတို့သန္တာန်မှာ ဘာတွေ့ရမလဲ။ ဉာဏ်နဲ့ ကြည့်၊ ကြည့်တော့ စိတ်ချမ်းသာတယ်၊ ကိုယ်ချမ်းသာတယ်ဆိုတဲ့ ချမ်းသာမှုတစ်ခုခုလည်း တွေ့ချင်တွေ့မယ်၊ ဒါမှမဟုတ် စိတ်ဆင်းရဲတယ်၊ ကိုယ်ဆင်းရဲတယ်ဆိုတဲ့ ဆင်းရဲမှုတစ်ခုခုကိုလည်း တွေ့ချင်တွေ့မယ်၊ သို့မဟုတ်ရင်လည်း ကိုယ်စိတ် နှစ်ပါး အသင့်အတင့်ပဲရှိတယ်ဆိုတဲ့ အလယ်အလတ်တစ်ခုခုလည်း တွေ့ချင်တွေ့မယ်။

ဒကာ,ဒကာမတို့သန္တာန်မှာ ဒီသုံးမျိုးထဲက တစ်မျိုးမရှိ တစ်မျိုးဆိုသလို တစ်မျိုးမျိုးဟာတော့ အမြဲတမ်းရှိနေ တယ်၊ တစ်ခုခုကို အမြဲတမ်းပဲတွေ့နိုင်တယ်။ အဲဒီသုံးမျိုးက ခံစားမှုဆိုတဲ့ “ဝေဒနာ”သုံးမျိုးပဲ၊ ဝေဒနာက္ခန္ဓာဆိုတာ လည်း ဒီသုံးမျိုးကိုခေါ်တာပဲလို့ မှတ်လိုက်ကြ။ ဒကာ,ဒကာမတို့ သဘောပါပလား။ ဝေဒနာသုံးမျိုးတဲ့၊ အဲဒီဝေဒနာ သုံးမျိုးကို ထပ်ပြီးရှင်းဦးမယ်။

၁။ ကိုယ်စိတ်ချမ်းသာမှုဆိုတဲ့ သုခဝေဒနာ။

၂။ ကိုယ်စိတ်ဆင်းရဲမှုဆိုတဲ့ ဒုက္ခဝေဒနာ။

၃။ ကိုယ်စိတ်အသင့်အတင့်ဆိုတဲ့ ဥပေက္ခာဝေဒနာ။

အဲဒီသုံးမျိုးကို မှတ်ရမယ်။ ပါဠိလိုတော့ ဝေဒနာပဲ၊ မြန်မာလိုပြောတော့ “ခံစားမှု”သုံးမျိုးလို့ မှတ်ကြ။ အဲဒီ ခံစားမှု ဝေဒနာသုံးမျိုးဟာ မိမိသန္တာန်မှာ မပြတ်တမ်းရှိနေတယ်၊ တစ်ခုမရှိတစ်ခုဆိုသလို တစ်ခုခုကတော့ အမြဲတမ်း ရှိနေတယ်၊ ဒါကို ဉာဏ်နဲ့မြင်အောင် ကြည့်ပေးရမယ်၊ ကြည့်ပေးဖို့လိုတယ်။

ဝေဒနာကလေးတွေ ဖြစ်ပြီးပျက်နေတာကို မြင်ရတာပဲ

အခုထိုင်နေတဲ့ လက်ငင်းခန္ဓာမှာ ဉာဏ်နဲ့စိုက်ကြည့်ကြ။ ကိုင်း…ဘာတွေမြင်သလဲ၊ တချို့က နာကျင်ခံခက် တဲ့ ကိုက်ခဲ့တဲ့ တောင့်တင်းတဲ့ မခံသာတဲ့ ဒုက္ခဝေဒနာကိုတွေ့ရမယ်၊ အချို့တွေက နေလို့ထိုင်လို့ မဆိုးမကောင်း၊ အသင့်ပါပဲဆိုတဲ့ ဥပေက္ခာဝေဒနာကိုလည်း တွေ့ရမယ်၊ တချို့ကတော့လည်း နေထိုင်လို့ကောင်းပါရဲ့၊ နေသာပါရဲ့ ဆိုတဲ့ ခံသာတဲ့ သုခဝေဒနာလည်း တွေ့ရမယ်။

ဟုတ်ကြရဲ့လား၊ တွေ့ရင် အဲဒီတွေ့ရတဲ့ဝေဒနာလေးကို ဉာဏ်နဲ့ကြည့်ပေးကြ၊ ကြည့်ပေးရင် “ခံစားမှုဝေဒနာ” သဘောလေးတွေ တစ်သဘောနဲ့တစ်သဘော မတူတာကိုတွေ့ရမယ်၊ သဘောတစ်ခုနဲ့တစ်ခု မတူဘဲ ပြောင်းလဲ-ပြောင်းလဲသွားတာကို တွေ့ရမြင်ရမယ်၊ အဲဒီလိုမြင်ရတာဟာ ဝေဒနာကလေးတွေ ဖြစ်ပြီးပျက်နေတာကို မြင်ရတာပဲ လို့ မှတ်လိုက်ကြ။

ဉာဏ်နဲ့သာ စူးစူးစိုက်စိုက်ကြည့်ပေး၊ အမှန်သိ အမှန်မြင်ရမယ်၊ ပထမအနေနဲ့ ဝေဒနာလေးတွေကို တွေ့ရ မယ်၊ နောက်, ဒီဝေဒနာလေးတွေ ပြောင်းလဲ-ပြောင်းလဲနေတဲ့ “ဝေဒနာဖြစ်ပျက်”ကို တွေ့ရမယ်၊ ရှင်းကြပလား။ အဲဒီလို ဉာဏ်နဲ့ကြည့်လို့ ဝေဒနာဖြစ်ပျက်ကို မြင်ရတွေ့ရရင် နေရာကျပြီလို့သာ ဆုံးဖြတ်လိုက်တော့။

ဒကာ,ဒကာမတို့ အဲဒီလိုဝေဒနာတစ်ခုခုကို ဉာဏ်နဲ့ကြည့်လို့ ဖြစ်တာပျက်တာမြင်ရင် ဘာကျေးဇူးများသလဲ ဆိုတော့ ဆရာဘုန်းကြီးက ရှင်းပြပါမယ်၊ ခန္ဓာမှာ ဉာဏ်နဲ့ကြည့်လို့ ဝေဒနာက ဖြစ်ပျက်အနိစ္စ၊ ရှုမြင်တဲ့ဉာဏ်က မဂ္ဂ ဖြစ်သွားတယ်၊ ရိပ်မိကြပလား။

အဲဒီလို ဝေဒနာဖြစ်ပျက်ကိုရှုနေတော့ ဝေဒနာဖြစ်ပျက်က အနိစ္စ, ဒုက္ခသစ္စာ ရှုတဲ့ဉာဏ်က မဂ္ဂသစ္စာဖြစ်သွား တယ်ဆိုတာ ပေါ်ကြပလား။ ဒကာ,ဒကာမတို့ အဲဒီတော့ကို ဝေဒနာဖြစ်ပျက်ကလေးကို ဉာဏ်နဲ့ရှုမှတ်တဲ့ အချိန်အတွင်း မှာ ဝေဒနာဖြစ်ပျက် အနိစ္စနဲ့ ရှုတဲ့ဉာဏ် မဂ္ဂပဲရှိနေတယ်။

ဝိပဿနာ ရှုနေတဲ့အချိန်မှာ ဘာသံယောဇဉ်များ ရှိသေးတုံး

ဝေဒနာက အနိစ္စ၊ ရှုဉာဏ်က မဂ္ဂ၊ ရှေ့က အနိစ္စ၊ နောက်က မဂ္ဂ၊ ဒီနှစ်ခုပဲရှိတယ်၊ ဒီနှစ်ခုပဲတန်းနေတယ် ဆိုတော့ ဒီကြားထဲမှာ ဘာစိတ်များ အပိုဝင်နိုင်သေးသတုံး။ ဘာစိတ်မှမဝင်နိုင်ဘူး။ ဘာစိတ်တစ်ခုမှ အပိုမစွက်လာ တော့ဘူး၊ ဒီလိုဆိုတော့ကာ ဒကာ,ဒကာမတွေကိုမေးမယ်။ “ဒီလိုဝိပဿနာ ရှုနေတဲ့အချိန်မှာ ဘာသံယောဇဉ်များ ရှိသေးတုံး”လို့မေးရင် ဘယ့်နှယ်ဖြေကြမလဲ။

အေး…ဘာသံယောဇဉ်မှမရှိဘူး၊ ဒါကြောင့် ဒီအချိန်ဟာ သံယောဇဉ်စွန့်တဲ့ အချိန်ပဲလို့သာ မှတ်လိုက်ကြ၊ သဘောပါကြပလား။ အဲဒီလိုသိရတော့ ဘုန်းကြီးတို့ ဒကာ,ဒကာမတွေမှာ အိုးနဲ့အိမ်နဲ့ သားနဲ့သမီးနဲ့ ပစ္စည်းအခြွေ အရံတွေနဲ့ နေနေကြပေမယ့် ဒုက္ခချုပ်တဲ့နိဗ္ဗာန်ကို ရနိုင်တဲ့နည်းလမ်း ရှိပါသေးကလားလို့သာ ဆုံးဖြတ်ချက်ချလိုက်ကြ၊ ရှင်းကြပလား။

ဒကာ,ဒကာမတို့ “လူဟာ လူ့သံယောဇဉ်မစွန့်ရင် ဒုက္ခချုပ်တဲ့နိဗ္ဗာန်ကို မရနိုင်ဘူး”ဆိုတာ မှန်တယ်။ ဒါပေမဲ့ ရနိုင်တဲ့နည်းလမ်းလည်း ရှိသေးတယ်၊ ရနိုင်တဲ့နည်းလမ်းက ဘယ်လိုလုပ်ရတယ်၊ ဘယ်လိုလုပ်ပြီးသွားရတယ်ဆိုတာ လုပ်တဲ့နည်းက လိုသေးတယ်။ အခု ဆရာသမားကနည်းပေးလို့ ဒကာ,ဒကာမတွေမှာ နည်းရကြပြီ။

နည်းလမ်းရတော့ စိတ္တာနုပဿနာကြိုက်တဲ့သူက စိတ်ကိုရှု၊ ခန္ဓာမှာပေါ်သမျှ ဘာစိတ်ပေါ်ပေါ် ဖြစ်ပျက် ရှုပေး၊ ဒီလိုရှုပေးတော့ အရှုခံစိတ်က ဖြစ်ပျက်အနိစ္စ၊ ရှုတဲ့ဉာဏ်က မဂ္ဂဖြစ်သွားတယ်။ ဒီတော့…အဲဒီလိုရှုတဲ့အချိန် မှာ သံယောဇဉ်ပြတ်နေတယ်၊ မလာဘူး။ ဒါကြောင့် အဲဒီလိုသံယောဇဉ်ပြတ်တဲ့အချိန်မှာ ရနိုင်တယ်ဆိုတာ ဆုံးဖြတ် ချက်ချကြ၊ ကျေနပ်ပလား။

ဒါဖြင့် သံယောဇဉ်မစွန့်ရင် လုံးလုံးမရတော့ဘူးလားလို့ဆိုတော့ ဒီလိုသံယောဇဉ်ပြတ်တဲ့ အချိန်တော့ရနိုင် ပါတယ် ဆိုပြန်တော့ အားကိုးလောက်စရာ ရှိပါသေးတယ်၊ အားမလျှော့လိုက်ကြနဲ့ဦး၊ သဘောပါကြရဲ့လား။

အကြောင်းတိုက်ဆိုင်မှ ပေါ်လာတဲ့တရား

ဒကာ,ဒကာမတို့ သံယောဇဉ်က ဆယ်ပါးရှိတယ်၊ အဲဒီတရားတွေက အမြဲတမ်းရှိပြီးနေတဲ့ တရားတွေလား ဆိုတော့ မဟုတ်ပါဘူး၊ အမြဲတမ်းမနေပါဘူး၊ အကြောင်းတိုက်ဆိုင်မှ ပေါ်လာတဲ့တရားတွေပါ။ ဒီတော့ ဘုန်းကြီးတို့ ဒကာ,ဒကာမတွေက အကြောင်းမတိုက်ဆိုင်အောင် လုပ်နေရင်မဖြစ်ဘူးလား၊ ဖြစ်ပါတယ်။ အဲဒီလိုအကြောင်းမတိုက် ဆိုင်အောင် “ဝိပဿနာ” ရှုမှတ်မှုလုပ်နေရင် ရပါတယ်၊ ရှင်းကြပလား။

ဒကာ,ဒကာမတွေက ရှုမှတ်မှုလုပ်ပေးရမယ်။ ဥပမာ ဝေဒနာလေးတစ်ခု ပေါ်လာတယ်ဆိုတော့ ဒီဝေဒနာ လေးကိုပဲ ဉာဏ်နဲ့ဖြစ်ပျက်ရှုလိုက်ရမယ်၊ ဒီလိုရှုလိုက်တော့ ဝေဒနာက ဖြစ်ပျက်၊ ရှုဉာဏ်က မဂ်ဖြစ်သွားတယ်။ အဲဒီမှာ ဝေဒနာနောက်က တဏှာ, ဥပါဒါန်, ကံတွေ လာနိုင်ပါဦးမလား၊ မလာနိုင်တော့ဘူး။ အဲဒီလိုမလာတော့ သံယောဇဉ် ပြတ်နေလို့ အဲဒီအချိန်ရတယ်ဆိုတာ မှတ်ကြ။

ဒါကြောင့် ဒကာ,ဒကာမတွေ အထူးတလည် သိမှတ်ထားကြဖို့က “လူဟာ လူ့သံယောဇဉ်မစွန့်ဘဲနဲ့ နိဗ္ဗာန် ကို ရပါမလား”ဆိုတဲ့ မေးခွန်းရဲ့အဖြေဟာ “ဝိပဿနာအလုပ်မလုပ်ဘဲ မရဘူး၊ ဝိပဿနာအလုပ်လုပ်တဲ့သူဆိုရင် ရတယ်”ဆိုတဲ့ အဖြေထွက်လာတယ်၊ အဲဒီအဖြေကို စွဲစွဲမြဲမြဲမှတ်ထားကြဖို့ပဲ၊ ရိပ်မိကြပလား။

ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ အခုအချိန်မှာ တရားနာတယ်ဆိုတာက သိဖို့နာရတာ၊ သံယောဇဉ်ပြတ်ဖို့ ကျတော့ အလုပ်လုပ်ရမယ်၊ အလုပ်လုပ်မှ သံယောဇဉ်ပြတ်မယ်ဆိုတာ မှတ်ကြရမယ်။ ဒီတော့ အလုပ်လုပ်ကြရမယ်ဆို တာ ပေါ်ပလား။ အလုပ်လုပ်နေတော့ သံယောဇဉ်မလာဘူး။ မဂ်လာနေတယ်၊ သံယောဇဉ်လာနေရင်လည်း မဂ်မလာ နိုင်ဘူး၊ သဘောပါကြပလား။

အနုသယသဘောနဲ့ အမြဲကိန်းနေတယ်

သံယောဇဉ်ဆိုတာက အလုပ်မလုပ်တဲ့အချိန်မှာ အနုသယသဘောနဲ့ အမြဲကိန်းနေတယ်၊ အလုပ်လုပ်တဲ့အချိန် ကျတော့ သံယောဇဉ်ဟာ အနုသယအနေနဲ့ ကိန်းနေပေမယ့်လည်း အာရုံတစ်ခုခုကြောင့် မပေါ်နိုင်ဘူး။ အလုပ်လုပ် နေတဲ့အခါမှာ မဂ်ဝင်နေတာမို့ သံယောဇဉ်မလာနိုင်ဘူး၊ သံယောဇဉ်ပြတ်နေတယ်၊ ပြတ်နေလို့ အဲဒီအချိန်မျိုးမှာ ရနိုင်တယ်ဆိုတာ မှတ်လိုက်ကြ၊ ရှင်းပလား။

အဲဒီတော့ ဒကာ,ဒကာမတွေက “ဝိပဿနာအလုပ် မဂ္ဂအလုပ်လုပ်နေတဲ့အချိန်ဟာ ဒီအလုပ်လုပ်နေလို့ ဖြစ်ပျက်ကိုမြင်နေတဲ့အချိန်ဟာ သံယောဇဉ်စွန့်တဲ့အချိန်ပဲ”လို့သာ ဆုံးဖြတ်ချက်ချလိုက်ကြ၊ သဘောပါကြပလား။

ကိုင်း…ဒါဖြင့် အခုဘုန်းကြီးတို့ ဒကာ,ဒကာမတွေ အလုပ်လုပ်ကြရမယ်။ အလုပ်လုပ်ကြဆိုတော့ အလုပ် စဉ်က လိုသေးတယ်။ မနာရဘူးသေးတဲ့ သူတွေအတွက် အလုပ်စဉ်ကိုပြရမယ်၊ မိမိတို့ခန္ဓာမှာ ခွဲခြမ်းဝေဖန်လိုက်ရင် ငါးမျိုးရှိတယ်၊ အဲဒါကို အားလုံးသိကြပြီးသားအတိုင်းပဲမို့ ချဲ့ထွင်စရာမလိုတော့ဘူး။

အဲဒီခန္ဓာငါးမျိုးထဲက ဝေဒနာက္ခန္ဓာတစ်မျိုးကို ကြည့်ကြရမယ်။ ဒီဝေဒနာက္ခန္ဓာကလည်း မိမိသန္တာန်မှာပေါ်တဲ့ သဘောကို ခွဲလိုက်ရင် သုံးမျိုးရှိတယ်လို့ပဲ မှတ်ထားကြ။

အဲဒီသုံးမျိုးက…

၁။ ကောင်းတာကို ခံစားတတ်တဲ့ သုခဝေဒနာ။

၂။ မကောင်းတာကို ခံစားတတ်တဲ့ ဒုက္ခဝေဒနာ။

၃။ အသင့်ကိုခံစားတတ်တဲ့ ဥပေက္ခာဝေဒနာ။

ဒကာ,ဒကာမတို့ ဝေဒနာမှာခွဲလိုက်ရင် အဲဒီသုံးမျိုးထဲပဲရှိတယ်။ အဲဒီသုံးမျိုးထဲက တစ်မျိုးမျိုးဟာ အမြဲတမ်း ပေါ်နေမှာပဲ၊ တစ်မျိုးမရှိတစ်မျိုးဆိုသလို လှည့်ပြီးပေါ်နေတယ်ဆိုတာ မှတ်ကြရမယ်။

အဲဒီလိုပေါ်လာတဲ ဝေဒနာတစ်ခုခုကို ဉာဏ်နဲ့ကြည့်ပြီး ဖြစ်ပျက်ရှုပေးကြ၊ ဒွါရခြောက်ခုမှာ လှည့်လာနေတာပဲ၊ အဲဒီဒွါရခြောက်ပါးမှာ လာသမျှဝေဒနာကို ဖြစ်ပျက်ချည့် ရှုပေးကြရမယ်။ ဥပမာ သုခဝေဒနာလေးတစ်ခု ပေါ်လာ တယ်၊ ဒီကဉာဏ်နဲ့ ကြည့်ပေးလိုက်တော့ ဒီဝေဒနာလေးမရှိတော့တာကို တွေ့ရမယ်၊ ရိပ်မိကြပလား။

အဲဒီလို ကိုယ့်သန္တာန်မှာ ဝေဒနာသုံးခု တစ်ခုခုကတော့ ပေါ်လာနေမှာပဲ၊ ပေါ်လာတဲ့ဝေဒနာကို ဉာဏ်နဲ့ မလွတ်တမ်းကြည့်ပေး။ အဲဒီလိုကြည့်ပေးတော့ ဝေဒနာလေးတွေပေါ်လာပြီး ပျောက်သွား၊ ဖြစ်လာပြီး ပျက်သွားနဲ့ ဖြစ်ပြီးပျက်တာပဲ တွေ့ရမယ်။ အဲဒီလိုတွေ့ရင် မြင်ရင် နေရာကျပြီ၊ မဂ္ဂင်လမ်းပေါ် ရောက်ပြီဆိုတာ မှတ်ကြတော့၊ ကျေနပ်ပလား။

အရှုနေရာကျရင် ဒီနှစ်ခုထဲပဲတန်းနေမယ်

ဝမ်းထဲမှာ ချမ်းသာပေါ်တာလည်း မိအောင်ရှု၊ ရှုရင် ချမ်းသာလုံးလေး ချုပ်တာသိရမယ်၊ ဆင်းရဲတာပေါ် လည်း ရှု၊ အသင့်အတင့်ရှိတယ်ဆိုတဲ့ ဥပေက္ခာပေါ်လည်းရှုပေး၊ အဲဒီလိုရှုတော့ “ဖြစ်ပျက်ရမယ်၊ ရှုတဲ့မဂ်ရယ်” ဒီနှစ်ခုပဲ ရှိမယ်၊ အရှုနေရာကျရင် ဒီနှစ်ခုထဲပဲတန်းနေမယ်၊ ရှင်းကြရဲ့လား။

အဲဒီတော့ ဝေဒနာကဖြစ်ပျက်၊ ရှုတဲ့ဉာဏ်က မဂ်ဖြစ်သွားတယ်၊ ကျေနပ်ပလား။ သုခ, ဒုက, ဥပေက္ခာ, ဝေဒနာ သုံးခုထဲက ဘာလာလာ ဖြစ်ပျက်သာရှုချ၊ ရှုတော့ ဖြစ်ပျက်နဲ့မဂ်ပဲ ရှိနေတယ်။ အဲဒီလိုရှုနေရင် အဲဒီအချိန် မှာ ဝေဒနာနောက် တဏှာမလာနိုင်ဘူး၊ မဂ်ပဲလာနေတယ်။ အဲဒီတော့ကာ “ဝေဒနာ ပစ္စယာ တဏှာ”မဖြစ်ဘဲနဲ့ “ဝေဒနာ ပစ္စယာ မဂ္ဂေါ”ဆိုတာ ဖြစ်သွားတယ်၊ သဘောပါကြပလား။

ဝေဒနာနောက်က တဏှာမလာတော့ တဏှာချုပ် ဥပါဒါန်လည်းချုပ်၊ ကံလည်းချုပ် ချုပ်သွားတယ်။ အဲဒီ အချိနမှာ အနိစ္စနဲ့ မဂ္ဂပဲရှိတယ်၊ ဝေဒနာက္ခန္ဓာ အနိစ္စနဲ့ ဉာဏ်၊ ဒီနှစ်ခုပဲရှိတယ်ဆိုတာ သဘောပါကြပလား။ အဲဒီ တော့ကို ဒီအချိန်မှာ သံယောဇဉ်မရှိဘူး၊ လူ့သံယောဇဉ် ကင်းနေတယ်။ အဲဒီအချိန်ဟာ လူ့သံယောဇဉ်စွန့်တဲ့အချိန်ပဲ ဆိုတာ၊ ကျေနပ်ကြပလား။

ဒကာ,ဒကာမတို့ အဲဒီအဓိပ္ပာယ်ဟာ “မဇ္ဈိမပဏ္ဏသ ပါဠိတော်, တေဝိဇ္ဇဝစ္ဆ ဂေါတ္တသုတ်”မှာလာတဲ့အဓိပ္ပာယ် ပဲ။ ဘုရားရှင်ကိုယ်တော်မြတ်တိုင် ဟောခဲ့တဲ့စကားတော်မို့ ဘာမှသံသယဖြစ်ဖို့ မရှိတော့ဘူး၊ ကြိုးစားလိုက်နာကြဖို့ပဲ လိုတော့တယ်ဆိုတာ ဆုံးဖြတ်ချက်ချကြ။

အရှုခံတရားက အနိစ္စ၊ ရှုတဲ့ဉာဏ်က မဂ္ဂ

ဝိပဿနာရှုနေတဲ့အချိန်မှာ “အရှုခံတရားက အနိစ္စ၊ ရှုတဲ့ဉာဏ်က မဂ္ဂ” ဒါနှစ်ခုပဲရှိတယ်။ ဒီနှစ်ခုထဲက အရှုခံ အာရုံကလည်း သံယောဇဉ်အာရုံမဟုတ်ဘူး၊ ရှုတဲ့ဉာဏ် အာရမ္မဏိကတရားကလည်း သံယောဇဉ်မပါဘူး၊ ရှင်းကြရဲ့ လား။ အဲဒါကြောင့်မို့ ရှုနေတဲ့အချိန်ဟာ သံယောဇဉ်စွန့်တဲ့အချိန်ပဲဆိုတာ သဘောပါကြပလား။

ဒကာ,ဒကာမတို့ ဒါကြောင့် “လူဖြစ်စေ, ရဟန်းဖြစ်စေ, ဘယ်လိုပုဂ္ဂိုလ်ပဲဖြစ်ဖြစ် ဝိပဿနာရှုမှတ်နေတဲ့ အချိန်ဟာ သံယောဇဉ်စွန့်နေတဲ့အချိန်ပဲ”လို့သာ မှတ်ထားလိုက်ကြ။ အဲဒါကြောင့် ဒကာ,ဒကာမတွေကို “ဝိပဿနာ ရှုကြ၊ တရားအားထုတ်ကြ”လို့ နေ့ရှိသမျှ တိုက်တွန်းနှိုးဆော်နေတာပဲဆိုတာ ရိပ်မိကြပလား။

ဝိပဿနာကို ကြိုးစားပြီးအားထုတ်ရှုကြ။ ဒီကနေပြီး အရှုအပွားများလာရင် နိဗ္ဗိန္ဒဉာဏ်တက်လာမယ်၊ အဲဒီ ကမှ ရင့်သထက်ရင့်ပြီး မဂ်လာမယ်၊ အဲဒီလို မဂ်လာအောင်လို့ ဒုက္ခခပ်သိမ်းငြိမ်းတဲ့ နိဗ္ဗာန်ကိုရစေချင်လို့ အခါခါ တိုက်တွန်းနေတာပဲ။ ဒီကြားထဲကမှ “မောင်ကြီးနားပင်း”လုပ်နေကြရင် ဒုက္ခရောက်ဖို့သာ ပြင်ထားကြတော့ဆိုတာ သတိပေးလိုက်ပါတယ်။

ဒါ့ကြောင့် ကြိုးစားကြရမယ်၊ ကြိုးစားမှဖြစ်တော့မယ်လို့သာ ဆုံးဖြတ်ချက်ချကြ၊ သဘောပါကြပလား။ ဘုရား ရွှေလက်ထက်တော်အခါက တရားပွဲတစ်ပွဲမှာ “ရှစ်သောင်းလေးထောင် ကျွတ်လွတ်သွားတယ်။ ရာပေါင်းများစွာ ထောင်ပေါင်းများစွာ ကျွတ်လွတ်ကြတယ်”ဆိုတဲ့သဘောဟာ သံယောဇဉ်စွန့်လို့ပဲ၊ သံယောဇဉ်စွန့်နေတဲ့အချိန် အခိုက် အတန့်မှာ ကျွတ်ကြတာပဲလို့ မှတ်လိုက်ကြ။

နားကတရားကိုနာပြီး ဉာဏ်က ခန္ဓာဘက်ကို လှည့်

ဘုရားရှင်က တရားဟောနေတဲ့အချိန်မှာ ကြားနေကြတဲ့ ပရိသတ်ကလည်း နားကတရားကိုနာပြီး ဉာဏ်က ခန္ဓာဘက်ကို လှည့်ထားကြတယ်။ အဲဒီလိုနာတော့ ခန္ဓာကအနိစ္စပြလို့ ဉာဏ်ကလည်း အနိစ္စပဲလို့ သိလိုက်နေတယ်၊ အဲဒီအချိန်အခါမှာ အာရုံဘက်ကလည်း အနိစ္စဖြစ်လို့ သံယောဇဉ်အာရုံ မဟုတ်ဘူး။ ရှုတဲ့မဂ်ကလည်း သံယောဇဉ် မပါဘူး။ ဒါကြောင့် အဲဒီအချိန်မှာ နိဗ္ဗာန်ကိုရကြတယ်၊ ကျွတ်တန်းဝင်ကြရတယ်၊ ကျေနပ်ကြပလား။

ဒကာ,ဒကာမတို့တတွေဟာ ဒါနလည်းလုပ်ကြ၊ သီလလည်းဆောက်တည်ကြနဲ့ နိဗ္ဗာန်ရချင်ကြလို့ အမျိုးမျိုး အထွေထွေ လုပ်နေကြတယ်၊ ဒါတွေလုပ်နေကြပေမယ့် “ဝိပဿနာမပါရင် နိဗ္ဗာန်မရဘူး” ဒါမပါရင် မပြီးဘူးဆိုတာ မှတ်လိုက်ကြ၊ ရိပ်မိကြပလား။

အဲဒီလို နိဗ္ဗာန်ခရီးဟာ ဝိပဿနာပါမှသာ ပြီးနိုင်မှာမို့ ဒီအလုပ်ကို မပျက်တမ်းလုပ်ကြရလိမ့်မယ်၊ လုပ်ကြမှ ဖြစ်မယ်ဆိုတာ သဘောပါကြပလား။ ကိုင်း…ဒါဖြင့် အခုအလုပ်လုပ်ကြရမယ်ဆိုတော့ အလုပ်စဉ်ပြရမယ်၊ အလုပ် စဉ်က အခု ဒကာ,ဒကာမတို့အဖို့ရာ ဝေဒနာနုပဿနာကို ပြရမယ်။

ဒကာ,ဒကာမတို့ ခန္ဓာထဲမှာ အကျဉ်းချုပ်ရင် ဝေဒနာသုံးမျိုးရှိတယ်ဆိုတာ ပထမမှတ်ရမယ်။

အဲဒီသုံးမျိုးက…

၁။ ကောင်းတာကိုခံစားမှု သုခဝေဒနာ။

၂။ မကောင်းတာကိုခံစားမှု ဒုက္ခဝေဒနာ။

၃။ သင့်တင့်တာကိုခံစားမှု ဥပေက္ခာဝေဒနာ။

လို့ သုံးမျိုး၊ အဲဒီသုံးမျိုးက မိမိသန္တာန်မှာ လှည့်ပြီးဖြစ်နေတယ်၊ တစ်ခုမရှိ တစ်ခုဆိုသလို တစ်ခုခုကတော့ အမြဲတမ်း ရှိပြီး လှည့်ပတ်ဖြစ်နေတာပဲဆိုတာ သိကြရမယ်၊ ရိပ်မိကြပလား။

အဲဒီဝေဒနာသုံးမျိုး လှည့်ပတ်နေတာကို ဉာဏ်နဲ့ရှုပေးကြ။ ဒကာတို့အထဲမှာ ဝေဒနာကင်းသူ တစ်ယောက်မှ မပါကြဘူး။ ဝေဒနာသုံးမျိုး တစ်မျိုးမျိုးတော့ အမြဲရှိတယ်၊ သဘောပါကြပလား။ ကောင်းတာရင်လည်းရှိမယ်၊ မကောင်း တာရင်လည်းရှိမယ်၊ ဒါမှမဟုတ် အကောင်းလည်းမဆိုရ မကောင်းလည်းမဆိုနိုင်တဲ့ သင့်တင့်တာရင်လည်းရှိမယ်။ အဲဒီအရှိသဘောကို ဉာဏ်နဲ့မြင်အောင် ကြည့်ပေးဖို့လိုတယ်။

ဝေဒနာကဖြစ်ပျက်၊ သိတာက မဂ်

ဥပမာ အဆင်းတစ်ခုခုကို မြင်တယ်ဆိုတော့ မျက်လုံးထဲမြင်တာဟာ ဥပေက္ခာဝေဒနာပဲ၊ “ဥပေက္ခာသဟဂတံ စက္ခု ဝိညာဏံ”ဆိုတဲ့အတိုင်း ဒီမြင်စိတ်ကလေးဟာ ဥပေက္ခာဝေဒနာ ပေါ်လာတာပဲလို့သာ မှတ်လိုက်ကြ။ ရထားတို့, ကားတို့စီးသွားတဲ့အခါမျိုးမှာ လမ်းဘေးဝဲယာမှ ထနောင်းပင်, ကုက္ကိုပင်စတဲ့ အပင်တွေကို မြင်နေရတဲ့အခါမှာ ကောင်း, မကောင်း မဖြစ် မလိုချင်ဘူး၊ အဲဒါဟာ ဥပေက္ခာဝေဒနာပဲ။

အဲဒီလိုမြင်တဲ့အခါမှာ “မြင်တဲ့သဘောကလည်း ဖြစ်ပျက်ဒီသဘောကလေးကို ရှိ,မရှိ တွေးတဲ့ဉာဏ်က မဂ်ပဲ၊ ဒီနည်းအတိုင်း ဘာဝေဒနာပေါ်ပေါ် ပေါ်လာတဲ့ဟာကို ဉာဏ်နဲ့ကြည့်ပေး၊ ဒီလိုဉာဏ်နဲ့ကြည့်တော့ ကြည့်တဲ့အချိန်မှာ ပေါ်လာတဲ့ဝေဒနာကလေး မရှိတော့တာကိုတွေ့ရမယ်၊ သဘောပါကြပလား။ ဒီနည်းအတိုင်း ဝေဒနာဟူသမျှ လှည့် လိုက်ပေး၊ လိုက်ပေးရင်း ဝေဒနာကဖြစ်ပျက်၊ သိတာက မဂ်ဖြစ်သွားတယ်၊ ရိပ်မိကြပလား။

ဒကာ,ဒကာမတို့ ခန္ဓာမှာ အမြဲတမ်းဖြစ်ပျက်ပဲရှိတယ်။ ဒါကို ဉာဏ်နဲ့မြင်အောင် ကြည့်ပေးရမယ်။ အဲဒီလို ကြည့်နိုင်ရင် ပေါ်လာတဲ့ဝေဒနာက ဖြစ်ပျက်၊ ရှုတဲ့ဉာဏ်က မဂ်ဖြစ်တယ်။ ဒီနည်းအတိုင်းဖြစ်ပျက်နဲ့ မဂ်ချည်းတန်းနေ အောင် ကြိုးစားရမယ်၊ ရှင်းကြပလား။ အဲဒီလိုကြိုးစားရင် ဖြစ်ပျက်အစဉ်နဲ့ မဂ်အမြင်ဟာ တဖြည်းဖြည်း စိပ်စိပ်လာ မယ်၊ အဲဒီလိုစိပ်စိပ်လာတာဟာ လူ့သံယောဇဉ်ကြားမထိုးလို့ပဲ၊ ကျေနပ်ပလား။

ဖြစ်ပျက်နဲ့ မဂ်တန်းနေတဲ့အချိန်မှာ သံယောဇဉ်ကိုစွန့်နေတာ

ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ ဒီလိုဖြစ်ပျက်နဲ့ မဂ်တန်းနေတဲ့အချိန်မှာ သံယောဇဉ်ကိုစွန့်နေတာမို့ ဒုက္ခခပ်သိမ်း ငြိမ်းတဲ့ နိဗ္ဗာန်ကိုရနိုင်တယ်ဆိုတာ အသေအချာမှတ်လိုက်ကြ၊ ဆရာသမားခိုင်းတဲ့အတိုင်း ကျကျနနလိုက်နာဖို့ပဲ ရှိတော့တယ်။ အဲဒီအတိုင်း လိုက်နာရင် မုချနိဗ္ဗာန်ကို ရမယ်ဆိုတာသာ ဆုံးဖြတ်ချက်ချကြ။

ဒကာ,ဒကာမတို့ ဒီမဂ္ဂအလုပ်ကိုဖြင့် လုပ်မှဖြစ်တော့မယ်၊ မလုပ်ရင် မဖြစ်တော့ဘူးဆိုတာ အသေအချာ မှတ်ကြရမယ်၊ ဘာကြောင့်လဲလို့ဆိုတော့ ဒကာ,ဒကာမတွေမှာ ကြွေးဟောင်းတွေကလည်း အသင်္ချေနဲ့ အနန္တရှိနေကြ တယ်။ ဒီအလုပ်မလုပ်လို့ ကြွေးသစ်တွေထပ်ချဦးမယ်ဆိုရင် မခက်ပါလား။

ဒီတစ်ဘဝထဲမှာပဲ ငယ်ငယ်ကဆိုးခဲ့,တေခဲ့ အမျိုးမျိုးမိုက်မိခဲ့ကြတာ များတယ်။ မသိမလိမ္မာတုန်းက အဆိုး တွေချည်း လုပ်ခဲ့မိကြတယ်၊ အဲဒီအတွက်နဲ့ပဲ ငရဲမီးတွေ တလျှံလျှံတောက်နေတယ်။ ငရဲမီးတွေက ကြေးပူရေ သံပူရေ တွေနဲ့ ပွက်ပွက်ဆူနေတယ်။ အဲဒါတွေက ဒကာတို့ကို စောင့်နေတယ်ဆိုရင် မမှားဘူး၊ ရိပ်မိကြရဲ့လား။

ဒကာ,ဒကာမတို့ ဒီမဂ္ဂင်အလုပ်ကိုသာ လုပ်ဖြစ်အောင် လုပ်လိုက်ကြ၊ မလုပ်ရင် ဒီဘဝ အဆိုးတွေအတွက် ရော ကြွေးဟောင်းတွေပါ အကုန်သိမ်းတယ်၊ အကုန်လုံး ငြိမ်းနိုင်တယ်။ အဲဒါကြောင့် မဂ္ဂအလုပ်ကို မလုပ်ရင်မဖြစ် ဘူးဆိုတာ ပေါ်ကြပလား။

ဥပမာအားဖြင့်ဆိုရင် ဒီလူ့ပြည်မှာက “ဒိုင်နမို”နဲ့တူတယ်၊ မီးလိုင်းတွေအများကြီးနဲ့ တစ်မြို့လုံး တစ်ရပ်လုံး ထွန်းထားတဲ့မီးတွေ လင်းနေတဲ့မီးတွေကို ဒိုင်နမိုကနေပြီး ငြိမ်းနိုင်တယ်၊ ဒီဒိုင်နမိုကနေပြီး မီးတွေအားလုံးကို ဖွင့်ချင် ရင်လည်း ဖွင့်နိုင်တယ်၊ ပိတ်ချင်ရင်လည်း ပိတ်နိုင်တယ်၊ ပွင့်စေချင်လည်း ဒီကရတယ်၊ ငြိမ်းစေချင်လည်း ဒီကရတယ်။

နန္ဒိယသူကြွယ် နတ်ပြည်မှာ ဘုံပေါက်လာတယ်

ဒီသဘောအတိုင်းပဲ၊ နန္ဒိယသူကြွယ်တို့ဟာ လူ့ပြည်ကနေပြီး ကုသိုလ်တွေလုပ်၊ ကျောင်းတွေဆောက်ပြီးလှူနဲ့ လုပ်တော့ နတ်ပြည်မှာ ဘုံပေါက်လာရတယ်၊ ရိပ်မိကြပလား။ အရှင်သာရိပုတ္တရာကိုယ်တော်ကြီးကို နတ်သမီးတွေက မှာကြလျှောက်ထားကြတယ်။ လူ့ပြည်တုန်းက ဘယ်လိုကုသိုလ်တွေကြောင့် နတ်ပြည်မှာဖြစ်ရတဲ့အကြောင်း လူ့ပြည် ရောက်တဲ့အခါ အားကျအောင် ဟောပြပေးဖို့အကြောင်း အစရှိသည်တွေနဲ့ မှာကြားကြတယ်၊ သဘောပါကြပလား။

ဒကာ,ဒကာမတို့ ဒီနည်းအတိုင်း ကုသိုလ်ကျတော့ နတ်ပြည်မှာ ဘုံပေါက်ရတယ်၊ အကုသိုလ်ကျတော့လည်း ငရဲပြည်မှာ ဒယ်အိုးတွေပေါက်ပေးရ၊ ငရဲထိန်းတွေ ငရဲမီးလျံတွေ ပေါ်ပေါက်ပေးရတယ်ဆိုတာ လေးလေးနက်နက် မှတ်လိုက်ကြ။ သံသယမရှိနဲ့တော့လို့ သတိပေးလိုက်တယ်၊ ကျေနပ်ပလား။ ဒီမဂ္ဂင်အလုပ်ကိုလုပ်ဖို့ ဟဒယဝတ္ထုပေါ်မှာ မဂ်ဇောပေါ်လာရင် ဒီမကောင်းတာဟူသမျှတွေ အကုန်ပျောက်တယ်၊ အကုန်လုံးသိမ်းနိုင်တယ်။

ဒကာ,ဒကာမတို့တတွေမှာ လူတိုင်း,လူတိုင်း လူစေ့တက်စေ့ အကုသိုလ်ကြွေးတွေ အများအပြားရှိနေကြတယ်၊ ဒီရှိနေတဲ့ကြွေးတွေကို မဂ်နဲ့သာ ကျေအောင်ဆပ်နိုင်တယ်၊ ကြွေးရှိသမျှကို မဂ်နဲ့ဆပ်ရင် အကုန်ကျေတယ်ဆိုတာ မှတ်လိုက်ကြ၊ ရှင်းပလား။ ဒိပြင် ဘာနဲ့မှကျေကုန်အောင် မဆပ်နိုင်ဘူး။

လူ့အဖြစ်ကိုရနေကြ၊ နတ်ဖြစ်နေကြ၊ ဗြဟ္မာပြည်သွားနေကြနဲ့ ဘယ်ကိုပဲသွားနေကြပေမယ့် အကုသိုလ်ကြွေး တွေက အမြဲစောင့်နေတယ်။ အခိုက်အလှည့်သင့်တုန်းမှာသာ သက်သာခွင့်ရနေတာ။ အခိုက်မသင့်တာနဲ့ တစ်ချက်ထဲ စောင့်နေတဲ့ကြွေးက နေမှာမဟုတ်ဘူး။ တစ်ခါတည်း ချောက်ထဲဆွဲချသွားမှာပဲဆိုတာ သံသယမရှိကြနဲ့၊ ကြွေးလုံးဝ မရှိမှသာ အေးမှာ၊ ကြွေးရှိသမျှ အေးနေလို့မရဘူး။

ဒကာ,ဒကာမတွေ သဘောပါကြပလား။ ဒါကြောင့် ဒီကြွေးတွေကျေနိုင်ဖို့ ကျေကုန်အောင်ဆပ်နိုင်ဖို့ရာ မဂ္ဂင် အလုပ်ကိုလုပ်ကြ၊ ဝိပဿနာပွားကြဆိုပြီး နေ့ရှိသမျှ တဖွဖွပြောနေတယ် တိုက်တွန်းနေတယ်ဆိုတာ၊ ပေါ်ကြပလား။ ဒါကြောင့် ဆရာသမား နည်းပေးထားတဲ့အတိုင်း ကြိုးစားပြီးပွားကြရမယ်၊ ပွားမှဖြစ်တော့မယ်လို့သာ ဆုံးဖြတ်ချက် ချကြ။

ဖြစ်ပျက်ကို စိပ်စိပ်မြင်ရင် သံယောဇဉ်စွန့်တဲ့အချိန်

ပွားတဲ့အခါ ဖြစ်ပျက်ကို စိပ်စိပ်မြင်ရင် အဲဒီအချိန်ဟာ သံယောဇဉ်စွန့်တဲ့အချိန်ပဲလို့သာ မှတ်လိုက်ကြ။ အဲဒီအချိန်မှာ ဒုက္ခချုပ်တဲ့နိဗ္ဗာန်ကို ရနိုင်တယ်၊ ရှင်းပလား။ ဒါကြောင့် ကြိုးစားပြီးရှုကြရမယ်၊ မရှုရင်မရဘူး။ ရှုချင် ရင် လွယ်တယ်၊ မလုပ်ချင်ရင်ခက်မယ်။ ဒီရှုရမယ့်တရားက ခန္ဓာမှာအမြဲရှိနေတာ၊ မရှိတာကို အရှုမခိုင်းဘူး၊ ရှိတာ ကိုသာ ခိုင်းတာ၊ ရှိတာရှိလို့ အကြည့်ခိုင်းတာ၊ သဘောပါပလား။

မျက်စိက မြင်စရာတစ်ခုခုကိုမြင်တော့ ဥပေက္ခာဝေဒနာပေါ်တယ်၊ နားကကြားတဲ့အခါ၊ နှာခေါင်းက နံတဲ့ အခါ အဲဒီအခါတွေမှာ ဥပေက္ခာဝေဒနာပေါ်တာပဲ၊ အဲဒီလိုပေါ်တဲ့အခါ ဖြစ်ပျက်ရှုချ၊ ဖြစ်ပျက်မရှုမိရင် “ငါမြင်တယ်၊ ငါကြားတယ်”ဆိုပြီး အပါယ်ငရဲတန်းသွားဖို့ပဲ ဖြစ်တော့တယ်ဆိုတာသာ မှတ်ကြတော့၊ ရိပ်မိကြရဲ့လား။

ဒကာ,ဒကာမတို့ ဝိပဿနာမရှုရင် မဖြစ်တော့ဘူးလို့သာ ဆုံးဖြတ်ချက်ချ။ မရှုမိရင် မရှုတဲ့အချိန်ဟာ ငရဲပင် ပေါက်နေတဲ့ အချိန်ပါပဲ။ ဒကာတို့အဖို့ရာ ငရဲပင်ပေါက်တဲ့ပစ္စည်းတွေက များပါတယ်။ ငရဲမျိုးစေ့ အပါယ်မျိုးစေ့ချနေ မိတဲ့ အချိန်ချည့်ပဲ။ ဒီတော့ ပေါ့တန်နေလို့ ဖြစ်ပါဦးမလား၊ ဘယ်နည်းနဲ့မှ ပေါ့နေလို့မဖြစ်ကြတော့ဘူး။

ခန္ဓာမှာပေါ်လာသမျှ ဉာဏ်နဲ့ရှုပေး၊ ဖြစ်ပျက်အရှုများလို့ အမြင်များရင် စိပ်စိပ်လာမယ်၊ စိပ်လာလည်း ဆက်သာရှု၊ အဲဒီလိုရှုရင် တစ်ချက်ချက်မှာ ဖြစ်ပျက်တွေဆုံးသွားမယ်၊ ဒီလိုဖြစ်ပျက် တစ်ခါဆုံးရင် သောတာပန်တည်ပြီ လို့သာ ဆုံးဖြတ်ချက်ချ။ ဒကာ,ဒကာမတို့ သောတာပန်တည်တော့ ဘာကျေးဇူးရှိသလဲမေးရင် သောတာပန်တည်ရင် အပါယ်တံခါးပိတ်ပြီ၊ အောက်သံသရာအတွက် စိတ်ချရပြီ၊ ကျေနပ်ပလား။

ဝိသာခါတို့လို သောတာပန် လုပ်ထားမှဖြစ်မယ်

ဝိသာခါကျောင်းအမဟာ ငယ်ငယ်က သောတာပန်ဖြစ်၊ အပါယ်တံခါးပိတ်ပြီးမှ ကြီးတော့ ပုဏ္ဏနဲ့အိမ်ထောင် ကျတယ်၊ သူ့မှာ အပါယ်တံခါးပိတ်ပြီးလို့ စိတ်ချရပြီ၊ လောကီအာရုံ ကာမဂုဏ်စည်းစိမ်တွေနဲ့ စိတ်ချလက်ချနေမယ် ဆိုရင် နေနိုင်ပြီ။ ဒကာတို့မှာက ဒီလိုမဟုတ်သေးဘူး။ အပါယ်မျိုးစေ့ အပါယ်ကြွေးတွေ တန်းလန်းနဲ့မို့ စိတ်ချနေလို့ မဖြစ်သေးဘူး။

အနည်းဆုံး ဝိသာခါတို့လို သောတာပန်လောက်တော့ သေချာအောင် လုပ်ထားမှဖြစ်မယ်ဆိုတာ မှတ်လိုက် ကြ။ သံယောဇဉ်ဆိုတာက အပါယ်မကျတဲ့ သံယောဇဉ်ကတစ်မျိုး အပါယ်ကျတာကတစ်မျိုးလို့ နှစ်မျိုးမှတ်ရမယ်။ အဲဒီအပါယ်ကျမယ့် သံယောဇဉ်အတွက် အလွန်အရေးကြီးတယ်၊ ရိပ်မိကြပလား။

ဒကာ,ဒကာမတို့ ကြိုးစားကြ၊ ပေါ်လာသမျှ ရှုမှတ်ပေးကြ၊ အပျက်နဲ့မဂ်နဲ့ကိုက်ဖို့ အရေးကြီးတယ်၊ ရှုတဲ့အခါ မှာ အပျက်နဲ့မဂ်ကိုက်အောင် လုပ်တဲ့အလုပ် အလွန်အရေးကြီးတယ်ဆိုတာ သတိပေးလိုက်တယ်၊ သဘောပါကြပလား။

ဒကာတို့တတွေ အပါယ်သွားမယ့် သံယောဇဉ်က ကိုယ်စီကိုယ်စီ ရှိနေကြတာဖြစ်လေတော့ အေးနေဖို့ ပေါ့ ပေါ့ကလေးနေဖို့ အချိန်မဟုတ်သေးဘူး။ အပါယ်သွားသံယောဇဉ်ကို ဖြတ်ဖို့အရေးဟာ အလွန်ပဲ အရေးကြီးနေပါတယ်၊ ရိပ်မိကြပလား။

ဒီသံယောဇဉ်ကလည်း မလုပ်သူအတွက် ခဲယဉ်းတယ်၊ လုပ်သူအတွက်က လွယ်ပါတယ်၊ ပထမ ဖြစ်ပျက်မြင် အောင် ကြည့်ပေးဖို့၊ နောက် ဖြစ်ပျက်မြင်ပြီး ဖြစ်ပျက်တွေဆုံးသွားရင် ပြီးတာပါပဲ။ ဒါကြောင့်… ဆရာသမားခိုင်း တဲ့နည်းအတိုင်း လုပ်မှဖြစ်တော့မယ်ဆိုတာ ပေါ်ကြပလား။

အနာထပိဏ်တို့လို၊ သန္တတိအမတ်တို့၊ ဥဂ္ဂသေနတို့လို တရားနာဆဲအချိန် သို့မဟုတ် အလုပ်လုပ်ဆဲ့အချိန်ဟာ သံယောဇဉ်စွန့်တဲ့အချိန်ပဲ။ စွန့်နေတဲ့အချိန်ဖြစ်လို့ အဲဒီအချိန်ဟာ မဂ်,ဖိုလ်နိဗ္ဗာန်ကို မျက်မှောက်ပြုသွားတာပဲဆိုတာ မှတ်ကြတော့။

ဝစ္ဆပုဏ္ဏားမေးတဲ့ မေးခွန်းကိုပြန်ဆက်ရမယ်

ဒကာ,ဒကာမတို့ ဒီနေရာမှာ ဝစ္ဆပုဏ္ဏားမေးတဲ့ မေးခွန်းကိုပြန်ဆက်ရမယ်။ လူဟာ လူ့သံယောဇဉ်မစွန့်ဘဲနဲ့ ဒုက္ခခပ်သိမ်းငြိမ်းတဲ့ နိဗ္ဗာန်ကိုရပါ့မလားဆိုတဲ့ ပထမမေးခွန်းတော့ ပြေလည်သွားပြီ။ နောက်…လူဟာ သံယောဇဉ် မစွန့်ဘဲနဲ့ နတ်ရွာသုဂတိကိုကော ရောက်ပါ့မလားဆိုတဲ့ ဒုတိယမေးခွန်းကတော့ ဒီနေရာမှာ လိုရင်းမဟုတ်ပါဘူး၊ ပထမအချက်သာ လိုရင်းပဲ။

ရှေးတုန်းက ဒကာတို့တတွေဟာ လူစည်းစိမ် နတ်စည်းစိမ်တွေကို အကြိမ်ကြိမ်ခံစားခဲ့ကြရပြီ။ တဏှာနဲ့ တောင်းယူလို့ ထပ်တလဲလဲရခဲ့ကြပြီ၊ နိဗ္ဗာန်သာမရခဲ့ကြတာပါ။ နိဗ္ဗာန်မဂ်ဖိုလ်ကလွဲရင် မရဖူးတာ မခံစားဖူးတာ မရှိပါဘူး။ ဒါကြောင့် ဒုတိယမေးခွန်းက လိုရင်းမဟုတ်ဘူး၊ ပထမမေးခွန်းသာ အဓိကပဲလို့မှတ်ကြ။

ဒကာ,ဒကာမတို့ အဓိကဖြစ်တဲ့ ပထမမေးခွန်းရဲ့အဖြေကို မှတ်မိကြပလား။ လူဟာ လူ့သံယောဇဉ်မစွန့်ဘဲနဲ့ နိဗ္ဗာန်ကို ရနိုင်ပါ့မလားဆိုတော့ မရနိုင်ဘူးတဲ့၊ ဒါဖြင့် ဘယ့်နှယ်လုပ်မလဲဆိုတော့…

”ဝိပဿနာလုပ်ငန်း မဂ္ဂအလုပ်ကို လုပ်နေတဲ့အချိန်ဟာ သံယောဇဉ်စွန့်တဲ့အချိန်ပဲ၊ အဲဒီအချိန်မှာ နိဗ္ဗာန်ကိုရှုနိုင်တယ်။”

ဒီအဓိပ္ပာယ်ကို ဘုန်းကြီးက ရှင်းပြပေးပြီးလို့ အားလုံးသဘောပေါက် နားလည်ကြပြီ။ အားငယ်ဖို့မရှိတော့ဘူူး ဆိုတာ ပေါ်ကြပလား။ ဒါကြောင့် အလုပ်လုပ်ကြရမယ်၊ အလုပ်ပါတော့ ခုနှစ်နှစ်သားတောင် သောတာပန်ဖြစ်တယ်၊ အဲဒါ လူ့သံယောဇဉ်စွန့်လို့ပဲ၊ ကျေနပ်ကြပလား။ ဥဂ္ဂသေနဟာ အတောင်ခြောက်ဆယ် ဝါးလုံးပေါ်မှာ ကရင်းက သံယောဇဉ်စွန့်လို့ ရသွားတယ်။

ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ သံယောဇဉ်မစွန်တဲ့အချိန်မှာ မရဘူး၊ စွန့်တဲ့အချိန်မှာ ရတယ်။ ဝိပဿနာ မဂ္ဂင်အလုပ်ကို မလုပ်ရင် သံယောဇဉ်မစွန့်ဘူး၊ လုပ်ရင် သံယောဇဉ်ကိုစွန့်တယ်၊ အလုပ်လုပ်ရင် သံယောဇဉ်စွန့်နေလို့ နိဗ္ဗာန်ကို ဧကန်ရတယ်၊ မလုပ်ရင် မစွန့်လို့မရဘူး၊ အလုပ်မလုပ်တဲ့အချိန်ဟာ သံယောဇဉ်ကိုမစွန့်တဲ့ အချိန်ချည့်ပဲလို့ မှတ်လိုက်ကြ။ ရှင်းပလား။

ဘယ်အချိန်မှာမဆို ဝိပဿနာ ဖြစ်ပျက်ကို ရှုကြပါ

ဒါကြောင့် ဒကာတို့တတွေကို ညမှာဖြစ်ဖြစ်၊ နေ့မှာဖြစ်ဖြစ်၊ နံနက်မှာဖြစ်ဖြစ် ဘယ်အချိန်မှာမဆို ဝိပဿနာ ဖြစ်ပျက်ကို ရှုကြပါလို့ အထူးတလည် တိုက်တွန်းလိုက်တယ်၊ ရှုရင် ရှုတဲ့သူမှာ ဒုက္ခချုပ်တဲ့နိဗ္ဗာန်ကို မုချရမယ်ဆိုတာ သံသယမရှိကြနဲ့တော့၊ သဘောပါကြပလား။

နိဗ္ဗာန်ရတယ်ဆိုတော့ နိဗ္ဗာန်ဆိုတာ အတိတ်မှာရှိသလား၊ အနာဂတ်မှာရှိသလားလို့ဆိုတော့ အတိတ်, အနာ ဂတ်, ပစ္စုပ္ပန် ကာလသုံးပါးလုံးမှာ မရှိဘူးတဲ့။ အဲဒါ အရှင်နာဂသိန်ဖြေတဲ့စကားပဲ။ ဒကာ,ဒကာမတို့ ကာလသုံးပါးမှာ မရှိပေမယ့် ဝါးပွတ်တဲ့ဥပမာအတိုင်း အလုပ်လုပ်တဲ့သူရမယ်။ မလုပ်သူ မရဘူးဆိုတာ ဆုံးဖြတ်ချက်ချလိုက်ကြ၊ ရှင်းကြပလား။

ဥပမာ…ကိုယ့်သန္တာန်မှာ ဥပေက္ခာဝေဒနာကလေးတစ်ခု ပေါ်လာတယ်ဆိုတော့ မဂ္ဂင်ငါးပါးနဲ့ ဖြစ်ပျက် ရှုလိုက်တဲ့အခါ ဝေဒနာကဖြစ်ပျက်၊ ရှုတာက မဂ်ဖြစ်သွားတယ်။ ဒီလိုဖြစ်သွားတော့ အဝိဇ္ဇာလည်း မလာတော့ဘူူး။ ပဋိစ္စသမုပ္ပါဒ်တန်းကြီး အကုန်လုံးချုပ်သွားတယ်။ အဲဒီလိုဖြစ်ပျက်နဲ့ မဂ် မပြတ်အောင်ရှုနိုင်ရင်, ရှုနေရင် သံယောဇဉ် မတန်းနိုင်တော့ဘူး။ ရှင်းပလား။

သံယောဇဉ် တန်းနိုင်ပါဦးမလား၊ စဉ်းစားကြည့်ကြ။ ဖြစ်ပျက်ဒုက္ခကလည်း ချစ်စရာ, ခင်စရာ အာရုံမဟုတ် ဘူး။ ရှုဉာဏ် မဂ္ဂင်ငါးပါးကလည်း ချစ်တတ်တဲ့မဂ်မဟုတ်ဘူး။ အဲဒီတော့ ဒီနှစ်ခုဖြစ်ပျက်နဲ့ မဂ်တန်းနေရင် ဘာသံယော ဇဉ်မှ မလာနိုင်ဘူး။ ဒါကြောင့် လူဟာ လူ့သံယောဇဉ်စွန့်နေတဲ့အချိန်ဟာ ဒီအချိန်ပဲဆိုတာကို အသေအချာ ဆုံးဖြတ် ချက်ချကြ။

ကိုယ့်ငရဲမီး ကိုယ်ငြိမ်းရမှာ

ဆုံးဖြတ်ချက်ချပြီး ကြိုးစားသာရှုကြ။ ပေါ့နေလို့မဖြစ်တော့ဘူး။ ကိုယ့်ငရဲမီး ကိုယ်ငြိမ်းရမှာမို့ ပျင်းနေလို့ မဖြစ်တော့ဘူးဆိုတာ ရိပ်မိကြရဲ့လား။ ရိပ်မိရင် ရှေးမူတွေပြင်ပြီး ဆရာသမားခိုင်းတဲ့အတိုင်းသာ လိုက်နာကြ၊ ဆုလည်း တောင်းမနေကြနဲ့တော့၊ ပွားနေမှရမှာ၊ မပွားရင် မရဘူး။ ပွားတော့ ခန္ဓာအရှိကို ဉာဏ်အသိနဲ့ပွားရမှာ။ ဒကာတို့တတွေ ရှေးတုန်းက ပုတီးကလေးနဲ့ “အနိစ္စ အနိစ္စ”ဆိုပြီး စိပ်နေကြတာ အလကားပဲ။

ဉာဏ်မပါလို့ ကျေးဇူးမများဘူးဆိုတာ မှတ်ကြ၊ ရိပ်မိကြပလား။ ဒကာ,ဒကာမတို့ “အာရမ္မဏပစ္စယော” ဆိုတဲ့စကားကို သဘောကျဖို့အရေးကြီးတယ်။ အာရမ္မဏပစ္စယေန ပစ္စယောဆိုတဲ့စကားဟာ အလွန်တာသွားတယ်၊ အလွန်လည်း အရေးကြီးတယ်။ ရှုနေတဲ့အခါ အရှုခံ အနိစ္စအာရုံက မဂ္ဂဖြစ်အောင် ကျေးဇူးပြုတယ်၊ ရှင်းကြရဲ့လား။

ရှုတဲ့အခါ အနိစ္စနဲ့ မဂ္ဂနှစ်ခုထဲကို တန်းနေအောင် ကြိုးစားဖို့လိုတယ်။ ဒီလိုကြိုးစားလို့ အနိစ္စနဲ့ မဂ္ဂနှစ်ခုထဲ သာ လာနေရင် လူ့သံယောဇဉ်တွေ အကုန်ချုပ်နေတာပဲ။ အဲဒီလိုချုပ်နေတော့ အားကောင်းလာတဲ့အချိန်မှာ အနိစ္စ အာရုံက မဂ်ဖြစ်အောင် ကျေးဇူးပြုလိုက်တော့တယ်ဆိုတာ မှတ်လိုက်ကြ၊ ရှင်းကြပလား။

ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ ဆရာရင်း, ဒကာရင်းတွေမို့ အထူးသတိပေးပါတယ်။ ဒကာ,ဒကာမတို့တတွေ ဟာ ထမင်းသုံးရက်မစားရတာက အရေးမကြီးဘူး။ ဒီအရေးက ပိုပြီးကြီးပါတယ်” ထမင်းမစားရမှာထက် ဆင်းရဲရမှာ အပါယ်ဆင်းရမှာက ပိုပြီးတော့ ကြောက်ဖို့ကောင်းပါတယ်။ ဒကာ,ဒကာမတို့ မစားရမှာနဲ့ ငရဲကျရမှာ ဘယ်ကပိုပြီး ကြောက်စရာကောင်းသလဲဆိုတာ ဝေဖန်ကြည့်ကြ။

အပါယ်လွတ်ဖို့က ပိုပြီးအရေးကြီးပါတယ်

နောက် အရေးတောင့်မှု၊ မတောင့်မှုက အရေးမကြီးဘူး၊ သေရင် အပါယ်လွတ်ဖို့က ပိုပြီးအရေးကြီးပါတယ်၊ ရိပ်မိကြရဲ့လား။ ဒကာ,ဒကာမတို့ရောက်မယ့် ဒုက္ခခံရမယ့်ဘေးက နီးကပ်နေပြီ။ ပေါ့တန်နေဖို့ အချိန်မဟုတ်တော့ ဘူး၊ ဆင်ခြေလဲနေဖို့လည်း အခါမရတော့ဘူး၊ သဘောပါကြရဲ့လား။

ဒကာ,ဒကာမတွေက သားရေးကရှိသေး, သမီးရေးကလည်းရှိသေး, ပစ္စည်းရေးကလည်း မပြည့်စုံနဲ့ဆိုပြီး ကိစ္စဝိစ္စတွေ အလွန်များကြတယ်၊ သားသမီးတို့ဆိုတာ သူတို့ကံ, သူတို့အကြောင်းနဲ့သူတို့ စီမံပြီးလာခဲ့တာပါ။ ဒကာတို့က ကြောင့်ကျနေပေမယ့် အပိုဘဲ။ သူတို့ကံနဲ့ သူတို့စီမံသလို ဖြစ်ကြရမှာပဲ၊ ဒီတော့ ဒီအရေးတွေသာ ချထားကြဦး။ ကိုယ့်အရေးက ရှိသေးတယ်၊ ကိုယ့်ကိစ္စ အရင်ပြီးအောင်လုပ်ကြဦးလို့ သတိပေးလိုက်တယ်။

ဒကာတို့အသုံးအနှုန်းက “ဃရာဝါသော ဗဟုကိစ္စော”နဲ့ဆိုပြီး အချိန်ကုန်နေတာပဲရှိတယ်။ သမုဒ္ဒရာရေဟာ ဘယ်လောက်ပဲဝင်ဝင် မပြည့်နိုင်သလို အလိုဆန္ဒ လောဘ တဏှာကလည်း ဘယ်တော့မှမပြည့်နိုင်ဘူး၊ ဒီတော့ သမုဒ္ဒရာရေဝင်တဲ့ ဥပမာလို ကိုယ့်ကိုယ်ကိုယ်ဆုံးမပေးကြ၊ “သမုဒ္ဒရာရေမပြည့်သလို မင့်လောဘဟာလည်း ဘယ်တော့မှ ပြည့်မှာမဟုတ်ဘူး”လို့ ဆုံးမကြ။

အဲဒီလိုဆုံးမပြီး အလုပ်လုပ်ကြ။ အလုပ်လုပ်ရင် အချိန်မရွေးရနိုင်တယ်။ သုဒ္ဓေါဓနမင်းကြီးတို့ဟာ အာရုံ မနည်းဘဲနဲ့လည်း နိဗ္ဗာန်ရကြတယ်၊ ရှင်းပလား။ ဝေဒနာသုံးမျိုး လှည့်ရှုပေးကြ၊ ရှုတော့ ဝေဒနာကဖြစ်ပျက်၊ ရှုတဲ့ ဉာဏ်က မဂ်ဖြစ်တယ်၊ ဖြစ်တော့ ဝေဒနာနောက်က တဏှာမလာဘူး၊ “ဝေဒနာနိရောဓာတဏှာ နိရောဓာ” ဖြစ်သွား တယ်။

တဏှာနိရောဓောဖြစ်တော့ တဏှာစတဲ့ သံယောဇဉ်တွေ မလာနိုင်တော့ဘူး။ အဲဒီတော့ သံယောဇဉ်နိရောဓာ ပဲ၊ အဲဒီအချိန်မှာ နိဗ္ဗာန်ကိုရနိုင်တယ်၊ ကျေနပ်ပလား

ဝိဇ္ဇာဉာဏ်လာတော့ အဝိဇ္ဇာနိရောဓောဖြစ်တာပဲ

ဝေဒနာသုံးခုပေါ်ရာကို လှည့်ရှုကြ၊ ရှုတော့ ဝေဒနာကဖြစ်ပျက်၊ ရှုတဲ့ဉာဏ်က မဂ်ဝင်လာလို့ အဝိဇ္ဇာချုပ်သွားတယ်၊ ဝိဇ္ဇာဉာဏ်လာတော့ အဝိဇ္ဇာနိရောဓောဖြစ်တာပဲ။

အဲဒီလိုအလုပ်လုပ်နေလို့ ပဋိစ္စသမုပ္ပါဒ်အစက စချုပ်နေလို့ လူဖြစ်စေ, ရဟန်းဖြစ်စေ မဂ္ဂအလုပ်လုပ်နေတဲ့ အချိန်ဟာ သံယောဇဉ်စွန့်တဲ့အချိန်တဲ့၊ ကျေနပ်ပလား။ ဒီအဓိပ္ပာယ်ကိုသိရရင် ဒကာတို့တတွေ ဗဟုကိစ္စော မများ စေနဲ့တော့၊ ဗဟုက-များတာ၊ ကိစ္စက-အလုပ်၊ ရှင်းကြရဲ့လား။

”ဗဟုကိစ္စော မဂ္ဂေါဓိဂမဿ နိဝါရဏံ”

”ကိစ္စများတာဟာ မဂ်ရမှုကိုတားတာပဲ”တဲ့။

ဘုရားက အဲဒီလိုဟောတယ်၊ ဒကာတို့ ကိစ္စဝိစ္စတွေ များလေသမျှ မဂ်ကိုတားတယ်လို့ ဟောထားတယ်၊ ပေါ်ကြပလား၊ အဲ…နောက်ကိစ္စတွေများနေရင် အပါယ်ကျဖို့အပြင် မရှိတော့ဘူးလို့သာ ဆုံးဖြတ်လိုက်ကြ၊ ရိပ်မိကြ ပလား။

”တစ်ဦးတစ်ယောက်က “ကျုပ်ကိစ္စက မနည်းဘူး၊ သူများလိုမဟုတ်တော့ မစေ့ငနိုင်ဘူး၊ အလုပ်ကအလွန် များလို့ အားရတယ်လို့မရှိဘူး”နဲ့ပြောတော့၊ “အင်း…ဟုတ်ပါပေတယ် ခင်ဗျားတို့က အလုပ်ကြီးအကိုင်ကြီးတွေကိုး” နဲ့ဆိုပြီး ဝိုင်းမြှောက်ကြတယ်၊ ဆင်ခြေကလည်း ယဉ်ပါပေ့၊ ဒီကြားထဲ ဝိုင်းမြှောက်နေကြတော့ ဒုက္ခရောက်ဖို့ပြင်ပေ တော့လို့ ပြောလိုက်ပါတယ်၊ ရိပ်မိကြရဲ့လား။

ဒကာ,ဒကာမတို့ ဒကာတို့တတွေက ဆင်ခြေကများများနဲ့ ပေါ့ပေါ့ကလေး မတွေးလိုက်ပါနဲ့၊ ဒီကိစ္စက အင်မတန် ပဲ အရေးကြီးပါတယ်၊ မလုပ်ရင် ဘယ်နည်းနဲ့မှ နေလို့မဖြစ်တော့ဘူးဆိုတာ မှတ်လိုက်ကြ။ အလုပ်လုပ်နေရင် သံယောဇဉ် စွန့်နေလို့ ရနိုင်တယ်၊ မလုပ်ရင် မရနိုင်ဘူးဆိုတာ ဘုန်းကြီးက ဒကာတို့တတွေ သံသယရှိမှာစိုးလို့ ဘုရားဟောတဲ့ ပါဠိတော်စကားကို ရှင်းပြပေးပါတယ်။

နတ်ရွာသုဂတိကိုတော့ ရောက်တယ်

ဝစ္ဆပုဏ္ဏားက “လူဟာ သံယောဇဉ်မစွန့်ဘဲနဲ့ နတ်ရွာသုဂတိကိုကော ရောက်ပါ့မလားလို့မေးတော့ ဘုရားက နတ်ရွာသုဂတိကိုတော့ ရောက်တယ်”လို့ အဖြေပေးလိုက်တယ်ဆိုတာ အထက်ကပြောခဲ့ပြီးပြီ။ တဏှာရဲ့သဘော သံယော ဇဉ်သဘောက သူ့နယ်ထဲကမလွတ်လို့ နတ်ရွာသုဂတိတော့ ရောက်စေတဲ့၊ နိဗ္ဗာန်တော့ မရောက်စေနဲ့ဆိုပြီး သူချယ် လှယ်တာပဲ။

ဒကာ,ဒကာမတွေ အဲဒီလိုနဲ့ပဲ ဝစ္ဆပုဏ္ဏားက ဘုရားရှင်ကို ဆက်ပြီးမေးမြန်းပြန်တယ်ဆိုတာ မှတ်ကြရမယ်။

ဝစ္ဆပုဏ္ဏားက

”အရှင်ဘုရား၊ အခုတိတ္ထိဂိုဏ်း အာဇီဝကခြောက်ယောက် ရှိပါတယ်၊ အဲဒီလိုရှိတဲ့ အာဇီဝကမျိုးတွေ ကော နတ်ရွာသုဂတိကို ရောက်ပါသလား။

ဒီတော့ ဘုရားရှင်က

”အို…ဝစ္ဆပုဏ္ဏားကြီး၊ အာဇီဝကမျိုးတွေရဲ့ အဖြစ်သနစ်ကို ကိုးဆယ့်တစ်ကမ္ဘာထိအောင် တွေးကြည့်ပေ မယ့် နတ်ရွာသုဂတိကို တစ်ဦးတလေမှ ရောက်တာမတွေ့ဖူးဘူး၊ အပါယ်ချည့် ရောက်ကြရတာပဲ”။

ဒကာ,ဒကာမတို့ သဘောပါကြပလား။ အဲဒီလို ဘုရားက အဖြေပေးလိုက်တော့…

ဝစ္ဆပုဏ္ဏားက

”မှန်လှပါဘုရား၊ အရှင်ဘုရားဟာ အမှန်အကန်လည်း သိမြင်တဲ့ ပုဂ္ဂိုလ်ဖြစ်တဲ့အတိုင်း အမှန်အကန် လည်းပြောတဲ့ ပုဂ္ဂိုလ်မို့ တပည့်တော်ယုံကြည်ပါတယ်၊ ကျေနပ်ပါတယ်”။

လို့ အဲဒီလိုပြောဆို ဦးချပြီး ဝန်ခံချက်ပေးတယ်ဆိုတာ မှတ်ကြရမယ်။

အဲဒီတော့ကို ဆရာဘုန်းကြီးက ထူးထူးခြားခြားပဲ ပြောလိုပါတယ်။ ဒီပါဠိတော်စကားအရနဲ့ မရေလည်တော့ အားငယ်နေမှာလည်း စိုးရတယ်။ တို့မှာ သား, သမီး, ပစ္စည်းဆိုတဲ့ သံယောဇဉ်အာရုံတွေနဲ့ နိဗ္ဗာန်ကို ရမှရပါ့မလား ဆိုတဲ့ သံသယဖြစ်မှာကိုလည်း စိုးတဲ့အတွက် ဘုန်းကြီးက နည်းလမ်းညွှန်ပြပေးလိုက်ပါတယ်။

ဒါကြောင့် အားမငယ်ကြနဲ့၊ မကြောင့်ကျနဲ့တော့၊ ဆရာဘုန်းကြီး နည်းပေးထားတဲ့အတိုင်းသာ ကြိုးကြိုးစားစား နဲ့ အားထုတ်ကြပါ၊ အားထုတ်ရင် သံယောဇဉ်စွန့်လို့ နိဗ္ဗာန်ကိုရမယ်။ အားမထုတ်ရင်တော့ မရပါဘူး။ ဆုတောင်း တွေလည်း ဖြုတ်ကြ။ ဆုတောင်းနဲ့ ပဋိစ္စသမုပ္ပါဒ်မပြတ် သံယောဇဉ်မစွန့်လို့တော့ ဘယ်တော့မှမရဘူးဆိုတာ ဆုံးဖြတ် ချက်ချ။

ကိုင်း…ယနေ့ ဒီတွင်ပဲ တော်ကြဦးစို့။

**********