20612

ခန္ဓာကြိမ်ဖန် ခွေးကိုက်ခံ တရားတော်

ဆောင်ပုဒ်

သစ္စာပြတတ်၊ ဆရာမြတ်၊ ဆည်းကပ်ရေးကြီးရာ။

ခန္ဓာငါးခွင်၊ သစ္စာမြင်၊ ကျင့်လျှင်လွယ်လှပါ။

နံနက်အားထုတ်၊ ညဉ့်မိုးချုပ်၊ အဟုတ်မဂ်ရရာ။

ဝိပဿနံ၊ ကျင့်ထုတ်ရန်၊ ထက်သန်ကြိုးစားရှာ။

ဝိပဿနာခွင့်၊ ဘုရားရှင့်၊ ပွင့်ကြလိုရင်းသာ။

ဒါ,သီ,ဈာန်ထွက်၊ ပွင့်ပေါ်ထွက်၊ သက်သက်မဟုတ်ပါ။

ထို့ကြောင့်လျင်စွ၊ ခုခဏ၊ မုချကြိုးသင့်စွာ။ ။

သတိချပ်

ဗုဒ္ဓသာဝက၊ ဝေနေယျာ၊ ခုခါမဟုတ်တွက်။

သူ့သာဝက၊ သူ့ဆရာ၊ ကောင်းစွာပိုင်းခြားလျက်။

နိဗ္ဗာန်ရချင်၊ များလူရှင်၊ မြန်လျင်ကျင့်ဖို့ထွက်။

မိမိခန္ဓာ၊ ဒုက္ခသာ၊ သိငှာလိုရင်းချက်။

ခြောက်ခွင်ဒွါရ၊ ဖြစ်ပျက်ကြ၊ နှစ်ဝရုပ်နာမ်စက်။

ဒုက္ခသိရန်၊ ရှုမှတ်ဉာဏ်၊ ဖန်ဖန်လုလ္လစွက်။

ရှုမှတ်များမြောက်၊ ဒုက္ခပျောက်၊ ကဲမောက်သုခနဂ်။ ။

တရားသား

သံသရာ့ခရီးသွား သတ္တဝါများ

ဒကာ,ဒကာမတို့ ဥပမာအားဖြင့်ဆိုရင် ခရီးသွားတဲ့သူများအဖို့ရာမှာ လမ်းကောင်းလမ်းမှန်ရဖို့ အရေးကြီး သလို သံသရာ့ခရီးသွား သတ္တဝါများအတွက်မှာလည်း လမ်းဖြောင့်လမ်းမှန် ရရှိကြဖို့ အလွန်ပဲအရေးကြီးပါတယ်၊ လမ်းကောင်းကို ရအောင်ကြိုးစားဖို့အရေးဟာ အလွန်ကြီးတဲ့အရေးပဲဆိုတာ မှတ်လိုက်ကြ။

ဒကာ,ဒကာမတွေ တစ်သံသရာလုံး နေလာခဲ့ရတာဟာ လမ်းကောင်းလမ်းမှန် တစ်ခါမှမကြုံခဲ့ မတွေ့ခဲ့ကြ သေးဘူးဆိုရင် ငြင်းဖို့မရှိတော့ဘူး။ လမ်းကောင်းလမ်းမှန် မရခဲ့ကြလို့လည်း လျှောက်ချင်သလိုလျှောက်၊ ရောက်ချင် တိုင်းရောက်၊ ကျချင်တဲ့ချောက်ထဲချည့်ပဲ ကျလာခဲ့ကြရတယ်”ဆိုတာ ယုံမှားမရှိကြနဲ့တော့၊ ရိပ်မိကြရဲ့လား။

ဒကာ,ဒကာမတို့ သံသရာ့ခရီးသည်တွေ ဖြစ်နေလို့ လမ်းကောင်းရဖို့ အလွန်အရေးကြီးတယ်ဆိုတဲ့ အဓိပ္ပာယ် ပေါ်ကြပလား၊ အေး… လမ်းကောင်းရဖို့ အရေးကြီးတယ်၊ လမ်းကောင်းရရင် အင်္ဂုလိမာလတို့လို လူတောင် ကျွတ် တမ်းဝင်နိုင်ပါတယ်၊ လမ်းကောင်းဆိုတာ သံသရာ့ထွက်ရပ်လမ်း မဂ္ဂင်လမ်းပဲဆိုတာ မှတ်ထားလိုက်ကြ၊ ရှင်းကြပလား။

ဒီမဂ္ဂင်လမ်း ရောက်ဖို့ရဖို့ရာ သစ္စာကိုပြတတ်တဲ့ ဆရာကိုရဖို့ တွေ့ကြုံရဖို့ အရေးကြီးတယ်ဆိုတာ ဆုံးဖြတ် ချက်ချကြ။ သစ္စာကိုပြတတ်တဲ့ ဆရာနဲ့ကြုံမှ သူ့ကိုဆည်းကပ်မှသာ မဂ္ဂင်ဆိုတဲ့လမ်းကောင်းလမ်းမှန်ကို ရနိုင်ကြမယ်။

သစ္စာဆိုပေမယ့်လည်း တခြားမှာမလိုဘူး၊ ခန္ဓာမှာသိအောင် ပြတတ်ဖို့လိုတယ်၊ ခန္ဓာမှာ အရှိဖြစ်တဲ့သစ္စာကို သိအောင်မြင်အောင် ပြတတ်တဲ့ ဟောပြောတတ်တဲ့ဆရာကို ရအောင်ရှာပြီး ဆည်းကပ်ရမယ်၊ ဒီဆရာညွှန်ပြတိုင်း လည်း လိုက်နာရမယ်၊ ဒါမှလည်း မဂ္ဂင်လမ်းကောင်း ရနိုင်ကြမယ်၊ ရိပ်မိကြပလား။

ညနေအားထုတ်ရင် မနက်မှာ တရားထူးကိုရနိုင်တယ်

ဒီမဂ္ဂင်လမ်းကောင်းကိုရလို့ မဆုတ်မနစ် အားထုတ်ရင် အချိန်မဆိုင်းပါဘူး။ ဒကာ,ဒကာမတို့ လမ်းမှန်ရပြီး အဟုတ်ကြိုးစားလိုက်ရင်

ဘုရားရှင်က

”ညနေအားထုတ်ရင် မနက်မှာ တရားထူးကိုရနိုင်တယ်။ မနက်ကအားထုတ်ရင် ညနေမှာ တရားထူးကို ရနိုင်တယ်။”

လို့ဆိုတဲ့ စကားတော်ကို ဗောဓိရာဇကုမာရ မင်းသားအား ဟောပြတော်မူခဲ့တယ်၊ ကျေနပ်ကြပလား။

ဒကာ,ဒကာမတို့ အဲဒီလိုဟောတော်မူခဲ့တယ်ဆိုတော့ အားကိုးပါးကိုး ကြိုးကြိုးစားစား လိုက်နာကြဖို့ပဲရှိတော့ တယ်၊ သဘောပါကြပလား။ အခုအနေမှာမှ မကြိုးစားမိရင် နောက်ကို ဒီခေတ်အခါမျိုးကို မကြုံနိုင်တော့ဘူး။ နောက် ဆိုရင် မမျှော်နဲ့တော့၊ မလွယ်တော့ဘူးဆိုတာ သတိပေးလိုက်ပါတယ်၊ ရိပ်မိကြပလား။

ခန္ဓာကို ဒုက္ခသစ္စာအဖြစ် ထင်အောင်မြင်အောင်၊ ပြုမူဟောမှု၊ အဲဒါ အရေးကြီးတယ်။ အဲဒီလို ခန္ဓာမှာ သစ္စာမြင်အောင် ဟောပြတဲ့အခါမှာ ဟောပြတဲ့အတိုင်း ယောဂီက မိမိခန္ဓာမှာ ဉာဏ်နဲ့စိုက်ကြည့်ပေး၊ အဲဒီလိုဉာဏ်နဲ့ စိုက်ကြည့်လို့ ခန္ဓာမှာ “ဒုက္ခအပြင် ဘာမှမရှိပါကလား”လို့ ဆုံးဖြတ်ချက်ချနိုင်ရမယ်၊ အဲဒီလိုဆုံးဖြတ်နိုင်ရင် ပြီးတာပဲ၊ သဘောပါကြပလား။

ဒကာ,ဒကာမတို့ ဘုရားရှင်ပွင့်တော်မူလာရတာ ဘယ်အကျိုးငှာလို့များ ထင်မြင်ကြသလဲ။ ဒါနအကျိုးငှာလည်း မဟုတ်၊ သီလအကျိုးအတွက်လည်း မဟုတ်ပါဘူး။ သမထဆိုတာလည်း သာသနာပအခါမျိုးမှာ ရှိနိုင်တယ်။ ဒီတော့ သမထအကျိုးငှာ ပွင့်တာလည်းမဟုတ်ဘူးဆိုတာ မှတ်ကြ။ ဒါဖြင့် ဘာအကျိုးငှာ ပွင့်တော်မူလာရသလဲဆိုတော့ “ဝိပဿနာအကျိုးငှာ”သာ ပွင့်တော်မူလာတာပဲဆိုတာ တထစ်ချမှတ်လိုက်ကြ။

ဘုရားပွင့်တော်မူတာဟာ ဝိပဿနာတရားကို ဟောပြောပြသဖို့

ဘုရားပွင့်တော်မူတာဟာ ဝိပဿနာတရားကို ဟောပြောပြသဖို့ ဝိပဿနာတရား အားထုတ်စေဖို့ ဝိပဿနာ တရား အကျိုးငှာသာ ပွင့်တော်မူလာရတာပဲလို့သာ အတိအကျ မှတ်ယူကြတော့၊ သဘောပါကြပလား။ အခြားသော ဒါန, သီလ, သမထတွေအတွက် ပွင့်လာတာမဟုတ်ပါဘူး။ ဒါကြောင့် ဝိပဿနာသာ ဘုရားအလိုကျ လိုရင်းတရားပဲ။ ဒီတရားကိုသာ လေးလေးစားစား အရေးထားပြီး အားထုတ်ကြရမယ်။ ဒီတရားကိုအားထုတ်မှသာ လိုရင်းရောက်ကြ မယ်ဆိုတာ ဆုံးဖြတ်ချက်ချကြ။

ဒါကြောင့် အခုလို ဝိပဿနာတရားကို ဟောပြတဲ့ဆရာ ညွှန်ပြတဲ့ ဆရာသမားနဲ့ ကြုံတုန်းမှာ ကြိုးစားပြီး လိုက်နာကြဖို့ပဲ ရှိတော့တယ်။ ဘုရား ပရိနိဗ္ဗာန်စံသွားလို့ ဘုရားနဲ့မတွေ့လိုက်ရလို့ဆိုပြီး ဝမ်းနည်းဖို့မရှိဘူး၊ ဝမ်းနည်း မနေကြနဲ့ဆိုတာ သတိပေးလိုက်တယ်။ ဘာကြောင့်လဲဆိုတော့ အခုရှိနေကြတဲ့ ဒကာ,ဒကာမတွေဟာ ဘုရားရှင်ရဲ့ သာဝကမဟုတ်ကြလို့ပဲဆိုတာ မှတ်လိုက်ကြ။

ကျွတ်ထိုက်တဲ့ ကျွတ်တန်းဝင်ရမယ့် ဝေနေယျသာဝကဆိုတာ သူ့ဆရာနဲ့သူ အသီးအသီးရှိကြရတယ်။ ဘုရား လက်ထက်တော်က သူ့သာဝကနဲ့သူ ကျွတ်တန်းဝင်သွားကြပြီ။ အခုကျန်နေတဲ့ ဒကာ,ဒကာမတွေဟာ ဘုရားရဲ့သာဝက မဟုတ်လို့ ကျန်နေကြရတာ၊ သာဝကမှာ သူ့ဆရာနဲ့သူ့သာဝကဆိုတာ သတ်မှတ်ထားပြီးသားရှိတယ်။ ဒါကြောင့် ဒကာ,ဒကာမတို့ဟာ ဘုရားရှင်ရဲ့ ဝေနေယျမဟုတ်ကြဘူးဆိုတာ မှတ်လိုက်ကြ။

သာဝကဝေနေယျများမှာ သူ့ဆရာနဲ့ သူ့သာဝကဆိုတာ အသေအချာရှိတယ်။ အခု ဒကာ,ဒကာမတွေဟာ ဘုရားနဲ့တွေ့လည်း မကျွတ်ပါဘူး။ ဘုရားကိုမှီလည်းပဲ ကျွတ်တန်းမဝင်နိုင်ကြပါဘူးဆိုတာကို ပြောလိုက်တယ်၊ ရိပ်မိ ကြပလား။ ဒါကြောင့် ဘုရားမမှီတာနဲ့ အားငယ်နေဖို့မလိုဘူးဆိုတာ ပေါ်ကြပလား။

မိလိန္ဒမင်းကြီးက မေးမြန်းလို့ အရှင်နာဂသိန်မထေရ်က ဖြေ

ဒကာ,ဒကာမတွေ အထူးသတိချပ်ဖို့ ပြောလိုက်ပါတယ်။ ဘုရားရှင်မရှိတဲ့နောက် မိလိန္ဒမင်းဆိုတာ ပေါ်လာ တယ်။ ဒီမင်းကမေးတဲ့ အမေးပုစ္ဆာပြဿနာတွေကို ရဟန္တာတွေတောင် မဖြေနိုင်ကြဘူး။ မေးပါမြန်းပါများတော့ ဖြေဖို့မတတ်နိုင်ကြတာနဲ့ ရဟန္တာတွေဟာ ဟိမဝန္တာကို ပြေးကြရတယ်။ သူနဲ့ဆုတောင်းဘက်ဖြစ်တဲ့ အရှင်နာဂသိန် ကျမှ ဖြေဆိုနိုင်တော့တယ်။ သဘောပါကြပလား။

အဲဒီလို အင်မတန်ဉာဏ်ကြီးတဲ့ မိလိန္ဒမင်းကြီးက မေးမြန်းလို့ အရှင်နာဂသိန်မထေရ်က ဖြေဆိုတဲ့စကား အချက်ကို ဒီနေရာမှာထုတ်ပြရမယ်။ ဘုန်းကြီးတို့ ဒကာ,ဒကာမတွေအတွက် အထူးသတိပြုထားကြဖို့ အချက်ပဲလို့သာ မှတ်ကြတော့။

မိလိန္ဒမင်းကြီးက…

”အရှင်ဘုရား၊ လူတိုင်းပဲ နိဗ္ဗာန်ကိုရောက်နိုင်ကြပါသလား”၊ အဲဒီလိုမေးတော့…

အရှင်နာဂသိန်မထေရ်မြတ်က…

မင်းကြီး၊ လူတိုင်း နိဗ္ဗာန်ကိုမရောက်နိုင်ဘူး”လို့ ဖြေတော်မူလိုက်တယ်၊ ဒါနဲ့ မိလိန္ဒမင်းကြီးက ဆက်လက်ပြီး မေးလျှောက်ပြန်တယ်။

”အရှင်ဘုရား၊ ဒါဖြင့် ဘယ်လိုလူများ ရောက်နိုင်ပါသလဲ”

ဒီတော့ အရှင်နာဂသိန်မထေရ်က ကျကျနနရှင်းလင်းပြီး ဖြေဆိုဟောကြားပြတော်မူလိုက်တယ်ဆိုတာ ဒကာ, ဒကာမတွေ မှတ်ကြရမယ်၊ ဖြေဆိုတော်မူတဲ့ စကားအဓိပ္ပာယ်က…

”မင်းကြီးဟောတဲ့ပုဂ္ဂိုလ်က သစ္စာတရားကို ဟောပြလို့ နာတဲ့ပုဂ္ဂိုလ်ကလည်း မိမိခန္ဓာမှာ ဉာဏ်ရောက်ပြီး မိမိခန္ဓာဟာ ဒုက္ခသစ္စာပဲလို့ ပိုင်းခြားနိုင်တဲ့သူမှသာ နိဗ္ဗာန်ကို ရနိုင်ရောက်နိုင်တယ်။”

အဲဒီလို ဟောကြားဖြေဆိုတော်မူခဲ့တယ်။ အဲဒီတော့ ဒီလိုမဟုတ်ရင် မရနိုင်ဘူးဆိုတဲ့ အဓိပ္ပာယ်ကို လေးလေး စားစား မှတ်ယူကြရမယ်။ လိုရင်းကတော့ “သစ္စာတရားဟောတဲ့သူနဲ့ ဟောပြတဲ့အတိုင်း မိမိခန္ဓာ ဒုက္ခသစ္စာပဲလို့ ပိုင်းခြားနိုင်မှုပဲ”ဆိုတာ ဆုံးဖြတ်ချက်ချကြ၊ ရှင်းကြပလား။

ခန္ဓာဟာ ဒုက္ခသစ္စာပဲ လို့ ဆုံးဖြတ်ချက် ချနိုင်အောင် ကြိုးစား

အဲဒီလိုဆိုတော့ ဒကာတို့အတွက် ဘာမှမလိုတော့ဘူး။ သစ္စာတရားကို ပြောပြတဲ့ဆရာသမားကို ကြုံကြိုက် ရတုန်းမှာ ကြိုးစားပြီးယူနိုင်အောင် ယူကြဖို့ပဲရှိတော့တယ်။ မိမိတို့ခန္ဓာဟာ ဒုက္ခသစ္စာပဲလို့ ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်ချက် ချနိုင်အောင် ကြိုးစားကြဖို့ပဲရှိတယ်။ ဒီတာဝန်တစ်ခုက ဒကာတို့ တာဝန်ကျေပြွန်အောင်သာ လုပ်ကြတော့၊ သဘော ပါကြပလား။

ဒီလို မိမိခန္ဓာ ဒုက္ခသစ္စာပဲလို့ ပိုင်းခြားနိုင်ရင် ခရီးရှေ့ရောက်ဖို့ မလိုတော့ဘူး၊ ခရီးဆုံးပြီဆိုတာ မှတ်လိုက် ကြ။ သံသရာခရီးဆုံးပြီး ဒုက္ခတွေဆုံးပြီတဲ့၊ ဇာတိဒုက္ခ, ဇရာဒုက္ခ, ဗျာဓိဒုက္ခ, မရဏဒုက္ခ စတဲ့ဒုက္ခအမျိုးမျိုးတွေက လွတ်မြောက်ရတော့မယ်။ ဒကာ,ဒကာမတွေ နေရာမကျဘူးလား။ ဒုက္ခဆုံးရင် သုခလာတော့တာပဲ၊ ရှင်းကြရဲ့လား။

ဒုက္ခသစ္စာကို ပိုင်းခြားနိုင်သူမဟုတ်ရင် သံသရာခရီး မဆုံးဘူး၊ ဒုက္ခမဆုံးဘူး၊ ခရီးမဆုံးသူဟာ စုတိဒုက္ခပြီး ရင် ပဋိသန္ဓေဒုက္ခလာမယ်၊ ဒီပြင် ဇရာဒုက္ခ, ဗျာဓိဒုက္ခဆိုတဲ့ ဒုက္ခအမျိုးမျိုးတွေကလည်း ထက်ချပ်လာမှာပဲ၊ ရိပ်မိကြ ရဲ့လား။ ဒါကြောင့် ဒုက္ခသစ္စာကို ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်နိုင်အောင် ကြိုးစားရမယ်၊ ကြိုးစားဖို့လိုတယ်ဆိုတာ ပေါ်ကြ ပလား။

ခန္ဓာ ဒုက္ခသစ္စာသိမှုသာ လိုရင်းတရားပဲ၊ ဒီတရားသိသူက ခရီးဆုံးပြီ၊ မသိရင် မဆုံးဘူး၊ ကြိုးစားသာယူကြ တော့…၊ သဘောပါကြရဲ့လား၊ သာမညဆရာက စာကိုကြည့်ပြီး “နိဗ္ဗာန်ကို တစတစနဲ့ရောက်တော့မယ်၊ ဒီလိုနဲ့ ဖြေးဖြေးတော့ရောက်ရမှာပဲ”လို့ပြောရင် မယုံကြနဲ့၊ မရောက်ဘူးဆိုတာ အသေအချာပြောလိုက်တယ်။

နိဗ္ဗာန်ဆိုတာ ဘယ်လိုလူမှရောက်သလဲ

ဒကာ,ဒကာမတို့ နိဗ္ဗာန်ဆိုတာ ဘယ်လိုလူမှရောက်သလဲလို့ မိလိန္ဒကမေးတော့… အရှင်နာဂသိန်မထေရ်က “နိဗ္ဗာန်ဆိုတာ ဒုက္ခကို ပိုင်ပိုင်နိုင်နိုင်သိတဲ့သူမှသာ ရောက်တယ်”လို့ ဖြေဆိုတော်မူလိုက်တယ်၊ ဒုက္ခကို ပိုင်ပိုင်နိုင်နိုင် မသိဘူးဆိုရင် မရောက်နိုင်ဘူးဆိုတဲ့ အဓိပ္ပာယ်ထင်ရှားတယ်၊ ကျေနပ်ပလား။

ဘုရားရှင်ရွှေလက်ထက်တော်အခါက သက်သေသာဓကတွေကိုကြည့်ရင် သိသာပါတယ်၊ ဘုရားရှင်ဟောတော် မူတဲ့ ဒေသနာအစဉ်မှာ နောက်ဆုံး ခန္ဓာဉာဏ်ရောက်အောင် သစ္စာတရားပြပြီး ဟောချွတ်တော်မူတာချည့်ပဲ၊ သစ္စာ မဟောဘဲနဲ့ ကျွတ်တန်းမဝင်နိုင်ဘူး။ သစ္စာကိုမဟောရင် ကျွတ်လွတ်ခွင့် ဘယ်တော့မှမရနိုင်ဘူးဆိုတာ မှတ်လိုက်ကြ၊ ရှင်းပလား။

ဘုရားလက်ထက်က သက်သေဟာ ဘုရားရှင်က ဒီပုဂ္ဂိုလ်ဟာ နိဗ္ဗာန်ရောက်မယ့် ပုဂ္ဂိုလ်ပဲလို့ သိတော်မူတာ နဲ့ ပထမ, ဒါနကထာကိုဟော၊ နောက်, သီလကထာကိုဟော၊ သီလအကျိုးဟာ အသက်ရှည်တယ်၊ နတ်ရွာသုဂတိ သွားရတယ် စသည်အားဖြင့် သဂ္ဂကထာဆက်ပြီးဟော၊ အဲဒီလို ဒါနအကျိုး၊ သီလအကျိုးတွေဟောတော့ နာရတဲ့သူက အင်မတန်သဘောကျပြီး ဝမ်းသာအားရဖြစ်နေတယ်။

အဲဒီအခါမှာ… ဘုရားက အဇ္ဈတ္တကိုကြည့်ပြီး နတ်ရွာဆိုတာ ငါးပါးအာရုံ ကာမဂုဏ်တွေနဲ့ ဒီကာမဂုဏ် အာရုံတွေဟာ အဆိပ်သဖွယ်ဖြစ်တဲ့အကြောင်း၊ ဒါတွေကိုစားသုံးပြီး သေခြင်းဆိုးနဲ့ သေရတဲ့အကြောင်း၊ ဒီအာရုံကာမ ဂုဏ်တွေဆိုတာ အဆိပ်သီးပဲဆိုတဲ့အကြောင်း ရှင်းလင်းဟောပြတော်မူတယ်။

အဲဒီလိုနဲ့ ဆက်လက်ပြီး ကာမာနံ အာဒိနဝကထာကို ဆက်လက်ပြီး ဟောပြတော်မူရပြန်တယ်။ ဒီအာရုံငါးပါး ကာမဂုဏ်ဆိုတဲ့ တရားတွေဟာ “မီးစည်းကိုင်တဲ့သူ”နဲ့ ဥပမာတူတယ်ဆိုတဲ့အကြောင်းနဲ့ ဟောပြတော်မူတယ်၊ မီးစည်း ကိုင်တဲ့သူဟာ မီးစည်းကို မလွှတ်ဘဲကိုင်ထားရင် လက်ကို, လူကိုလောင်မြိုက်ခံရတော့တာပဲ မဟုတ်လား။

ဒီဥပမာအတူပဲ၊ အခု ဘုန်းကြီးတို့ ဒကာ,ဒကာမတွေဟာ သားတွေ, သမီးတွေ လက်ရှိနဲ့ သူတို့အတွက် ပူပင်ကြရ၊ သောကဒုက္ခအမျိုးမျိုးတွေ ရောက်ကြရ၊ အမြဲတစေ ပူပင်လို့ကြောင့်ကြလို့ပဲ နေကြရရှာတယ်၊ ဒါတွေကို လွတ်ပစ်လိုက်ရင် မပူတော့ဘူး၊ ဒကာတို့တတွေကလည်း မလွှတ်ဘူး၊ မြဲမြဲသာ ဆုပ်ကိုင်ပြီး ထားကြတော့တယ်။

အဲဒီလိုမလွှတ်ဘဲ အမြဲအစွဲဆုပ်ကိုင်ပြီး ထားတာဟာ အလောင်ခံချင်လို့ အမြိုက်ခံချင်လို့ပဲဆိုတာသာ မှတ် ကြ။ ဒါတွေကိုမလွှတ်ဘဲ ဆုပ်ကိုင်ထားတော့ ရှင်ပူ, နေပူ, သေပူတွေနဲ့ပဲ ကြုံရတယ်၊ ရိပ်မိကြပလား။ ရှင်ရင်လည်း ရှင်တုန်းမို့ ဒီအတွက်ပူရ, ပင်ရ, ကြောင့်ကြရ၊ နေရင်လည်းပူရ၊ သေရင်လည်းသေလို့ ပူရနဲ့ အေးကွက်များ ပါကြသေး ရဲ့လား။ အေးကွက်ဆိုတာ လုံးဝမပါကြဘူး။

မီးစည်းကိုင်ဥပမာ

ဒကာ,ဒကာမတွေ အခုလက်ရှိအခြေအနေဟာ “မီးစည်းကိုင်ဥပမာ”ပဲရှိတယ်၊ ရိပ်မိကြရဲ့လား။ သား,သမီး ဆိုတဲ့ မီးစည်း, ပစ္စည်း, အိုးအိမ်စတဲ့မီးစည်း၊ ဒီမီးစည်းတွေဟာ မလွှတ်ဘဲဆုပ်ကိုင်ထားရင် အပူခံရမယ်၊ အလောင် အမြိုက်ခံရမယ်၊ အလောင်မခံချင်ရင် လက်ထဲကလွှတ်လိုက်ကြဖို့ပဲ၊ လက်ထဲကလွှတ်ပစ်လိုက်ရင် အပူလွတ်မီး အလောင် အမြိုက် မခံရတော့ဘူး၊ ရှင်းကြရဲ့လား။

ဒကာတို့အထင်က အိုစာမင်းစာတဲ့၊ ဘုရားရှင်ရဲ့အမြင်က လောင်စာမီးတွေပဲတဲ့။ ဘယ့်နှယ်များ ဖြစ်နေကြ တာလဲ။ ကိုယ့်ကိုယ်လောင်မယ့် မီးကိုတောင် မီးမှန်းမသိဘဲ အိုစာမင်းစာလုပ်နေကြတာများ မသိသာ ဆိုးရွားလွန်းလို့ ပဲဆိုတာ မှတ်လိုက်ကြ။ မီးမှန်းလည်းသိကြတော့၊ သိရင်လည်း ပြင်ကြတော့ဆိုတာ သတိပေးလိုက်ပါတယ်၊ ကျေနပ် ကြပလား။

အဲဒီလိုနဲ့ ဘုရားရှင်က အစီအစဉ်နဲ့ ကာမာနံ အာဒီနဝကထာကို ဟောတော်မူတော့ တရားနာတဲ့သူက “ဒီမီးတွေလောင်ပြီး သေပွဲဝင်ရမှာပဲဆိုပြီး ထိတ်လန့်လာမယ်။ မီးအလောင်အမြိုက် ခံရမှာတွေမြင်ပြီး ကြောက်လန့် လာမယ်၊ သံဝေဂဉာဏ် ထက်သန်လာမယ်ဆိုတာ မှတ်ကြရမယ်။ ဒါနအကျိုးတရား၊ သီလအကျိုးတရား၊ သမထအကျိုး တရားတွေဟာ လောဘ, ဒေါသ, မောဟတရား ပွားများဖို့ပဲဆိုတာ မြင်လာရမယ်။

အဲဒီလို ဒါန, သီလ, သမထတွေရဲ့အကျိုးဟာ လောဘ, ဒေါသ, မောဟတွေပွားဖို့ပဲ ရှိတယ်ဆိုတဲ့အပြစ်တွေ ကို မြင်လာတယ်။ အဲဒီလိုမြင်လာတော့ စိတ်စင်ကြယ်သွားတော့တာပေါ့။ စိတ်စင်ကြယ်သွားတော့ စိတ်ကလေးဟာ ဖြူစင်နေတယ်၊ အလွန်ကြည်လင် သန့်ရှင်းနေတယ်။ အဲဒီအခါမှာမှ ဘုရားက “ဖြစ်ပျက်ဒုက္ခသစ္စာတွေပဲ”လို့ သစ္စာ ကိုကောက်ပြီး ဟောတော်မူတယ်။

စိတ်ဖြူစင်နေတဲ့အချိန်မှာမှ သစ္စာကိုဟော

သံဝေဂယူပြီး စိတ်ဖြူစင်နေတဲ့အချိန်မှာမှ သစ္စာကို ကောက်ဟောလိုက်တော့ အဲဒီနေရာမှာ တစ်ခါတည်း ကျွတ်တန်းဝင်ရတာပဲ၊ ဒကာ,ဒကာမတွေ ရိပ်မိကြပလား။ စိတ်အစဉ်မှာ ကိလေသာ ခြောက်ခန်းနေတဲ့အချိန် စင်ကြယ် သန့်ရှင်းနေတဲ့ အချိန်မျိုးမှာ သစ္စာဟောလိုက်တော့ ဉာဏ်မီးက အားနည်းနေတဲ့ကိလေသာကို ရှို့မြိုက်ဖို့ရာ လွယ်ကူ သွားတာပေါ့၊ သဘောပါကြပလား။

အညစ်အကြေး မစင်ကြယ်တဲ့အချိန်မှာ ဟောလို့မရနိုင်ဘူး၊ ဒီသစ္စာကို တိုက်ရိုက်ဟောရင် အနားတောင် ကပ်မှာမဟုတ်ဘူး။ ဒါကြောင့် ဘုရားက ဒီလိုအစီအစဉ်ထားပြီး ဟောချွတ်တော်မူရတာပဲလို့ မှတ်လိုက်ကြ။ သား,သမီး, ပစ္စည်း စတဲ့ ကာမဂုဏ်အာရုံတွေအပေါ်မှာ ခင်မှုကင်းတဲ့အချိန်မျိုးမှာ ဟောမှသာ ကျွတ်လွတ်ပစ်တယ်။

ဒီအဓိပ္ပာယ်ကို ဘုရားရှင်က ဥပမာပေးတော်မူတာမှာ “ဖြူစင်နေတဲ့ အဝတ်အထည်ပေါ်မှာ အနီ အဝါစတဲ့ ဆေးအမျိုးမျိုးကိုဆိုးရင် စွဲလွယ်တယ်၊ မဖြူမစင်ရင် မစွဲနိုင်ဘူး။ ဒီဥပမာလိုပဲ စိတ်ဖြူစင်သန့်ရှင်းနေမှ သစ္စာကိုမြင်နိုင် တယ်။ စိတ်မစင်ကြယ်ရင် သစ္စာကိုမမြင်နိုင်ဘူး။ ဒါကြောင့် သစ္စာကိုဟောချင်တိုင်း ဟောလို့မရဘူး။ သူ့အချိန်နဲ့သူ ကိုက်ညီမှ ဟောလို့ရတယ်” ဆိုတဲ့အဓိပ္ပာယ်ကို ဟောတော်မူခဲ့တယ်ဆိုတာ မှတ်လိုက်ကြ။

သစ္စာတရားဟာ လမ်းဆုံး ပဲ

အဲဒါကြောင့် အခုဘုန်းကြီးတို့ ဒကာ,ဒကာမတွေအဖို့ရာ တရားဟောတဲ့အစဉ်မှာ “သစ္စာတရားဟာ လမ်းဆုံး ပဲ”ဆိုတာ ပေါ်ကြပလား။ သစ္စာတရားဟာ လမ်းဆုံးတရားပဲလို့သာ မှတ်လိုက်ကြတော့။ ဒီလမ်းဆုံးဖြစ်တဲ့ သစ္စာတရား ကို အချိန်မရွေး ဟောလို့မရနိုင်ဘူး။ ဟဒယဝတ္ထု-ဖြူစင်နေတဲ့အချိန်မှာမှ ဟောလို့ရတယ်။ ဘုရားရှင်ဟာ အဲဒီအချိန် မှာမှ ဒီသစ္စာကို ကောက်ဟောတယ်ဆိုတာ မှတ်ကြ၊ ရှင်းပလား။

ဒကာတို့ကိုကော ဆရာဘုန်းကြီးက တရားထိုင်ကြ၊ သစ္စာကို နှလုံးသွင်းကြ”ဆိုပြီး ခိုင်းတဲ့နေရာမှာ ဖြူစင်တဲ့ စိတ်၊ ဖြူစင်ကြယ်တဲ့ နှလုံးသားရှိပြီးသားမို့၊ ရှိနေတဲ့အချိန်မို့ ခိုင်းတာပဲဆိုတာ မှတ်ကြရမယ်၊ ကျေနပ်ပလား။ ဒါကြောင့် ဆရာဘုန်းကြီးက “တရားထိုင်ကြ၊ သစ္စာနှလုံးသွင်းကြ”လို့ ခိုင်းတဲ့အခါမှာ လေးလေးစားစား သဘောထားပြီး လိုက်နာ အားထုတ်ကြရမယ်၊ ရိပ်မိကြပလား။

ဘယ်လိုပုဂ္ဂိုလ်မှ နိဗ္ဗာန်ကိုရနိုင်ပါသလဲလို့ လျှောက်ထားမေးမြန်းတဲ့အခါမှာ ဘုရားရှင်က “သစ္စာကို ပိုင်ပိုင် နိုင်နိုင်သိတဲ့ ပုဂ္ဂိုလ်မှသာ နိဗ္ဗာန်ကိုရနိုင်တယ်၊ ရမယ်”လို့ ဖြေတော်မူထားတာရှိတယ်။ ဒီလိုဆိုတော့ ပါရမီမလိုဘူး ဆိုတာ မှတ်ထားလိုက်ကြ။

ဒီစကားကို “ပေဋကော ပဒေသ ပါဠိတော်”ကလည်း ထောက်ခံထားတယ်။ သာဝကသာမန်မှာ ပါရမီမလို ဘူးတဲ့။ သစ္စာတရားကြားနာမှုနဲ့ သိမှုသာ လိုရင်းပဲလို့ဆိုပြီး ထောက်ခံချက်ပေးထားခဲ့တယ်၊ ကျေနပ်ကြပလား။ အဲဒီ တော့ ဒကာ,ဒကာမတို့အဖို့ရာမှာ ဘာလိုသေးသလဲ၊ မလိုတော့ဘူး။ ဆရာသမားညွှန်ပြတဲ့အတိုင်း တသဝေမတိမ်း လိုက်နာကြဖို့ပဲရှိတော့တယ်။

ကြွေးနှစ်ခုဟာ ခွေးနှစ်ကောင်နဲ့ တူတယ်

ဒကာ,ဒကာမတွေမှာ ကြွေးတွေတင်နေတယ်။ ကြွေးက လူတိုင်းမှာရှိပြီးနေကြတယ်။ ဘာကြွေးတွေလဲဆိုတော့ သံသရာအဆက်ဆက်က ပါလာတဲ့ကြွေးတွေ၊ အကုသိုလ်ကြွေးကလည်းရှိ, ကုသိုလ်ကြွေးကလည်း ရှိပြီးနေကြတယ်။ မြင်ကြရဲ့လား။ ဒီကြွေးနှစ်ခုဟာ နောက်ကအမြဲလိုက်နေတဲ့ ခွေးနှစ်ကောင်နဲ့ တူတယ်ဆိုတာ မှတ်လိုက်ကြ။

ဒကာ,ဒကာမတွေ ရိပ်မိကြရဲ့လား။ ဒကာတို့နောက်က အမြဲတစေ ထပ်ကြပ်မကွာလိုက်နေတဲ့ အကုသိုလ် ခွေးနဲ့ ကုသိုလ်ခွေး ဒီခွေးနှစ်ကောင်က ပြိုင်ပြီးလိုက်နေကြတော့တယ်၊ ဒကာတို့တတွေက ရှေ့ကိုသာကြည့်ပြီး နောက် ကိုပြန်မကြည့်ကြဘူး။ နောက်က အမြဲလိုက်နေတဲ့ ဒီခွေးနှစ်ကောင်က ရပ်တဲ့နေရာမှာ အသေကိုက်သတ်မှာပဲ၊ သဘော ပါကြပလား။

ဥပမာဆိုရင် ဒီခွေးနှစ်ကောင်ဆိုတာ ကုသိုလ်ကံ, အကုသိုလ်ကံဆိုတဲ့ ကံရဲ့သတ္တိတွေပဲဆိုတာ မှတ်ကြရမယ်၊ ဒီကံရဲ့သတ္တိဖြစ်တဲ့ ခွေးနှစ်ကောင်ဟာ ဒကာ,ဒကာမတွေ နောက်ကအမြဲလိုက်နေတယ်။ သူတို့နှစ်ကောင်ထဲက အကုသိုလ်ခွေးကလည်း အမှီလိုက်နေတယ်၊ မှီတဲ့နေရာ ရောက်ရာအရပ်မှာ သူက ကိုက်သတ်ဆွဲခါပြီး အပါယ်ချမယ်။

ကုသိုလ်ခွေးကျတော့ အားမရှိဘူး၊ တစ်ခါတလေ အားရှိသလောက်နဲ့ အကျိုးပေးပြန်တော့ ဘဝင်မြင့် မာန တက်၊ အဲဒါနဲ့ပဲ အပါယ်ရောက်ရပြန်တာပဲ၊ ဒီခွေးကလည်း ထောက်ပံ့သလိုလိုနဲ့ မြင့်ရာကနေ နိမ့်ရာကိုချလိုက်တာပဲ၊ ကျေနပ်ကြပလား။

ဒီခွေးနှစ်ကောင်က လူတိုင်းမှာရှိတယ်၊ မရှိတဲ့သူတစ်ယောက်မှ မပါကြဘူး။ ဒီတော့ ဒကာတို့ဟာ ဒီခွေးနှစ် ကောင်ထဲက ဘယ်ခွေးကိုက်တာ ကြိုက်သတုံး၊ ဘယ်ခွေးအကိုက်ကို ခံချင်ကြတုံးဆိုတာ မေးလိုက်ပါတယ်။ ဘယ်ခွေး လိုက်တာမှ မကြိုက်ပါဘူးလို့ ပါးစပ်ကတော့ ပြောကြတာပဲ။

ဒကာ,ဒကာမတွေ ပါးစပ်ကပြောကြပေမယ့် အလုပ်ကျတော့ တလွဲချည့်ပဲ၊ ဟုတ်ကြရဲ့လား။ ဗေဒင်မေးပြီး အသက်ဆက်ရတာနဲ့ ငါးရှင်လွှတ်ရတာနဲ့ ဂြိုလ်ပြေနံပြေ ပူဇော်ရတာနဲ့ အသက်ရှည်ချင်လို့ အသက်ဆက်နေကြတယ်၊ ပေါ်ကြပလား။ အဲဒီလိုလုပ်တာဟာ ကုသိုလ်ခွေး အကိုက်ခံချင်လို့ပဲဆိုတာ မှတ်လိုက်ကြ၊ ဒီသစ္စာအလုပ်ကိုမှ မလုပ် ရင် မသက်သာဘူး။ ခွေးကိုက်ခံပြီး သေးချင်းဆိုးချည့် ကြုံရမှာပဲလို့သာ မှတ်ကြတော့။

ကိုက်စရာခန္ဓာရှိလို့ ကိုက်တာပဲ

ဘယ်ခွေးကိုက်ကိုက် မသက်သာဘူး။ ကိုက်စရာခန္ဓာရှိလို့ ကိုက်တာပဲ။ ကိုက်စရာမရှိရင် မကိုက်တော့ဘူး။ ဒီတော့ ခန္ဓာသိမ်းရင် အကိုက်ငြိမ်းမယ်ဆိုတာ မှတ်လိုက်ကြ။ ခန္ဓာရှိနေရင် ခွေးနှစ်ကောင်က ထပ်ကြပ်မကွာ လိုက် နေမှာပဲ။ လိုက်နေပြီး မှီတဲ့နေရာကိုက်သတ်မှာပဲ၊ ပြေးပေါက်မရှိဘူး။ ဒါကြောင့် ခွေးကိုက်လွတ်ချင်ရင် ခန္ဓာဝဋ်ကျွတ် အောင် လုပ်မှပဲဆိုတာ ဆုံးဖြတ်ချက်ချကြ။

ခန္ဓာဝဋ်မကျွတ်သမျှ ခွေးကိုက်ခံဘဝက မလွတ်နိုင်ကြဘူး။ လူ့ခန္ဓာ, နတ်ခန္ဓာ, ဗြဟ္မာခန္ဓာ, ဘယ်မှာမဆို အကုန်လိုက်တယ်။ ခွေးက ခွေးစွမ်းကောင်းတွေ၊ ရိပ်မိကြရဲ့လား။ ပထမဈာန်ဘုံမကောင်းဘူးဆိုပြီး ဒုတိယဈာန်ဘုံ ကို ပြောင်းပြောင်းလဲ အကိုက်ခံရတာပဲ။ သုံးဆယ့်တစ်ဘုံ ဘယ်ဘုံဖြစ်ဖြစ် ခွေးကိုက်ခံရတဲ့ဘုံချည်းပဲ။

ခွေးကိုက်လွတ်တဲ့ ဘုံဘဝဆိုတာ ဘယ်မှာမှမရှိဘူးလို့သာ မှတ်လိုက်ကြ။ ဥပပီဠက ကံတွေ, ဥပဃာတကကံ တွေဟာ ခွေးတွေပဲ။ ဒီခွေးတွေက ဘယ်ဘုံဘယ်ဘဝမှာမဆို ရှိနေတယ်၊ ရိပ်မိကြရဲ့လား။ ဒကာတို့တတွေက “ဘယ်နေ့ မှာ ဘာလုပ်မယ်၊ ဘယ်နှစ်မှာ ဘာစိတ်ကူးရှိတယ်”နဲ့ လုပ်နေကြတယ်။ အဲဒါ ရှေ့ကိုသာကြည့်ကြတာ နောက်,မကြည့် ဘူး။ ရှေ့သာကြည့်နေကြပြီး နောက်က ခွေးကိုက်မှာကိုမသိကြဘူး။

ဒကာ,ဒကာမတွေ အားလုံး ခွေးဆွဲမလွတ်ဘူး။ ခွေးဆွဲလွတ်မှ နေရာကျမယ်၊ သဘောပါကြရဲ့လား။ ခွေးဆွဲ လွတ်မှ စိတ်ချလက်ချနေကြရမယ်။ သို့မဟုတ်ရင် စိတ်မချလက်မချနဲ့ ဒုက္ခမျှင် မပြတ်တော့ဘူး၊ ရှင်းကြရဲ့လား။ ဒကာတို့တတွေက ကုသိုလ်ကံကလိုက်လာတော့ ဝမ်းသာပါရဲ့တဲ့။ အဲဒါ ခွေးကိုက်ခံရတာ ကြိုက်လို့ပဲဆိုတာ ငြင်းဖို့ မရှိဘူး။

ကောင်းကံဆိုးကံ ဆိုတဲ့ ကံနှစ်ကံက ချယ်လှယ်နေ

ဒကာ,ဒကာမတို့ ခန္ဓာရှိသူမှန်သမျှဟာ အရူးလိုက်နေတာနဲ့ အတူတူပဲလို့သာ မှတ်လိုက်ကြ။ ကောင်းကံဆိုးကံ ဆိုတဲ့ ကံနှစ်ကံက ခန္ဓာရှိသူတိုင်းကို ခုတစ်မျိုး, ခုတစ်မျိုး အမျိုးမျိုးချယ်လှယ်နေတယ်။ သူတို့စီမံသမျှ သူတို့လုပ်သမျှ ချည်းပဲ။ ခုကောင်း, ခုမကောင်းနဲ့ အမျိုးမျိုးလုပ်နေတယ်၊ “ဟီနပဏီတဘာဝါယ”ဆိုတာ ဒီခွေးနှစ်ကောင်ကို ဆိုတာ ပဲလို့သာ မှတ်ကြတော့။

ဒကာ,ဒကာမတွေ သဘောပါကြပလား။ နောက်နောင်ကို ဒကာ,ဒကာမတွေဟာ စိတ်ကူးကြံစည်မယ်ကြံရင် အရင်မေးကြည့်ကြ။ “ခွေးနှစ်ကောင်ထဲက ဘယ်ခွေးက ရှေ့ရောက်နေသလဲလို့ အရင်မေးကြည့်ကြ၊ ခွေးဖြူကလား၊ ခွေးနက်ကလား၊ ဘယ်ခွေးက ရှေ့ရောက်ရောက် ခွေးကိုက်ခံပြီးသေရမှာကတော့ မုချပါပဲ၊ ကျေနပ်ကြပလား။

ခွေးဖြူကကိုက်မလား၊ ခွေးနက်ကပဲ ကိုက်မလား။ ဘယ်ခွေးကဖြစ်ဖြစ် ကိုက်မှာပဲ၊ ကိုက်ရင်လည်း သေမှာပဲ။ ဒါဖြင့် ဘယ်ခွေးကိုက်တာ ကြိုက်ကြတုံး။ အေး… မကြိုက်ရင် လွတ်အောင်လုပ်ကြရမယ်၊ လွတ်အောင်မလုပ်ရင် မဖြစ်တော့ဘူးဆိုတာ ပေါ်ကြပလား။

ဝဋ္ဋကုသိုလ်ကလည်း ရူးတာပဲ၊ အကုသိုလ်ကျတော့ ပြောစရာမရှိတော့ဘူး။ သွက်သွက်ခါအောင် ရူးတော့မယ် ဆိုတာ စိတ်သာချတော့။ ဒီခွေးတွေဟာ ဘာကြောင့်ကိုက်သလဲ၊ ခွေးကိုက်တာ ခန္ဓာရှိလို့ကိုက်တာ၊ ခန္ဓာမရှိရင် မကိုက် ပါဘူး၊ အခု ဘုန်းကြီးတို့က ဒကာ,ဒကာမတွေမှာ ခွေးကိုက်ခံနေရပြီ။ အခု အသေတော့မကိုက်သေးဘူး၊ မကြာခင်မှာ ဒီခွေးကိုက်နာနဲ့ပဲ သေရတော့မယ်၊ ရိပ်မိကြရဲ့လား။

သစ္စာသိမှသာ ခွေးကိုက်မသာက လွတ်နိုင်ကြမယ်

ဒီလိုနည်းနဲ့ ခွေးကိုက်ခံ၊ ခံရပြီးသေ၊ သေပြီး မသာချခဲ့ရ၊ သံသရာမှာ ခွေးကိုက်မသာချည်း ချခဲ့ရတယ်။ နောက် ဒီမသာမျိုးချတာ မခံချင်ကြသေးသလား။ အေး…ခွေးကိုက်မသာ လွတ်ချင်ရင် သစ္စာသိအောင် လုပ်ကြ ရမယ်၊ သစ္စာသိမှသာ ခွေးကိုက်မသာက လွတ်နိုင်ကြမယ်၊ ရှင်းကြရဲ့လား။

ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ ရှေးတုန်းက ဘယ်လိုများ နေခဲ့ထိုင်ခဲ့ကြရသလဲ။ ခွေးကိုက်ချည်းခံပြီး နေခဲ့ ကြရတယ်။ ဘယ်လိုများ သေခဲ့ကြရသလဲဆိုတော့ ခွေးကိုက်ခံပြီး သေခဲ့ကြရတယ်။ အရင်က သေခဲ့သမျှမှာ ခွေးကိုက် မသာချည်းပဲလို့သာ မှတ်လိုက်ကြ၊ ဒကာ,ဒကာမတွေ ကျေနပ်ပလား။

ကံတွေက ကံရူးဆိုတော့ ဟိုပို့ဒီပို့၊ ဟိုခွေးကကိုက်သတ်၊ ဒီခွေးကကိုက်သတ်၊ ဟိုကောင်ကကိုက်လိုက်, ဒီကောင် က ကိုက်လိုက်နဲ့ အမြဲကိုက်နေတာပဲ။ ဆိုင်းဘုတ်ကတော့ လူပဲ နတ်ပဲ ဗြဟ္မာပဲလို့ဆိုတယ်။ သေတော့ ခွေးကိုက်သေ တာချည်းပဲ။ ခွေးကိုက်လွတ်တာ တစ်ခုမှမပါဘူး။ ဒီတော့ ဘာခန္ဓာဖြစ်ဖြစ် ခန္ဓာရသမျှ ခွေးကိုက်က မလွတ်ကြဘူး ဆိုတာ မှတ်လိုက်ကြ။

ခွေးကိုက်မခံချင်ရင် ခန္ဓာမရှိအောင်လုပ်ရမယ်၊ ခန္ဓာမရှိရင် ခွေးကိုက်မခံရဘူး၊ အသေလည်း မရှိတော့ဘူး၊ သဘောပါကြပလား။ လူ့ခန္ဓာ, နတ်ခန္ဓာ, ဗြဟ္မာခန္ဓာ ဘာခန္ဓာမှမလွတ်ဘူး။ ဘာခန္ဓာမှမလိုချင်မှ၊ မလိုချင်ရင် ဘဝ တဏှာကင်းတယ်၊ ခန္ဓာကို မခင်မင်ရင် တဏှာစင်တယ်၊ နောက်, ခန္ဓာမဖြစ်ချင်ရင် တဏှာစင်တာပဲ။ အဲဒီလို တဏှာစင်သွားရင် ခွေးကိုက်လည်းလွတ်, အသေလည်းလွတ်ပြီဆိုတာ မှတ်ကြ၊ ရှင်းကြပလား။

ဒုက္ခသစ္စာမှာ သုံးနာမည်ရတယ်

ခန္ဓာဆိုသမျှ ဒုက္ခသစ္စာချည်းပဲ။ ဒါကြောင့် တို့ဒကာ,ဒကာမတွေ ခွေးကိုက်လွတ်ချင်ရင် သစ္စာသိအောင်လုပ် ရမယ် ပြောတာ ရိပ်မိကြပလား။ သစ္စာဆိုတာ ခန္ဓာဟာ ဒုက္ခသစ္စာဆိုတော့ ဒု-တစ်ပုဒ်၊ ခ-တစ်ပုဒ်၊ သစ္စာကတစ်ပုဒ်၊ ဒုက္ခသစ္စာမှာ သုံးနာမည်ရတယ်။

ဒု-က စက်ဆုပ်စရာ။

ခ-က အသုံးမကျတာ။

သစ္စာက အမှန်။

သုံးခုပေါင်းလိုက်တော့ ခန္ဓာဆိုတာ စက်ဆုပ်စရာ၊ အသုံးမကျတာ အမှန်ပဲတဲ့။ ဒါကြောင့် ခန္ဓာက စက်ဆုပ် စရာ၊ အသုံးမကျတာ အမှန်တရားဆိုတဲ့ နာမည်သုံးခုရတယ်၊ သဘောပါကြပလား။

”ရူပက္ခန္ဓာဆိုတာလည်း စက်ဆုပ်စရာ အသုံးမကျတာအမှန်ပဲ။

”ဝေဒနာက္ခန္ဓာကလည်း စက်ဆုပ်စရာ အသုံးမကျတာအမှန်ပဲ။

”သညာက္ခန္ဓာ, သင်္ခါရက္ခန္ဓာ, ဝိညာဏက္ခန္ဓာ ဆိုတာတွေဟာလည်း စက်ဆုပ်စရာ အသုံးမကျတာ အမှန်ချည်းပဲ။

သူတို့နာမည်တွေကိုက အသုံးမကျတာချည်းပဲ။ ခန္ဓာတစ်ပါးတစ်ပါးမှာ သုံးနာမည်စီ အသီးသီးရကြတယ်။ ဒါဟာ ခန္ဓာရဲ့ နာမည်အရင်းပဲ၊ ရှင်းကြရဲ့လား။

ခန္ဓာရဲ့နာမည်ရင်းက “စက်ဆုပ်စရာ အသုံးမကျတာအမှန်”

ဒကာ,ဒကာမတွေ သဘောပါကြပလား။ ခန္ဓာရဲ့နာမည်ရင်းက “စက်ဆုပ်စရာ အသုံးမကျတာအမှန်” ဒီနာမည် က လက်ဖက်ကျွေး၊ မုန့်ဟင်းခါးတိုက်ပြီး မှည့်ထားတဲ့နာမည်မဟုတ်ဘူး။ ကျွေးမွေးပြီးမှည့်တာနဲ့ မပတ်သက်ဘူး၊ သူ့ သဘာဝအတိုင်း ရ,ထားတဲ့ နာမည်ရင်းပဲဆိုတာ မှတ်လိုက်ကြ။ ဒကာတို့တတွေက နာမည်မှည့်တဲ့အခါ “အရင်းတဲ့ အညွန့်တဲ့”နဲ့ ပြောကြတယ်။ အဲဒါ အရူးပြော, အနှမ်းပြော, ပြောတာပဲလို့သာ ဆုံးဖြတ်ချက်ချ။

အခုနာမည်က အရင်းတို့ အညွန့်တို့ဆိုတာ မပါဘူး၊ စက်ဆုပ်စရာ အသုံးမကျတာအမှန်ဆိုတာ ခန္ဓာပဲ၊ သူ့ နာမည်ရင်းပဲ၊ ခန္ဓာမှန်သမျှ ဘာခန္ဓာပဲဖြစ်ဖြစ် ဒီနာမည်ပဲရတယ်၊ စက်ဆုပ်စရာ အသုံးမကျတာ အမှန်ချည်းပဲ၊ ရှင်းကြပလား။ အဲဒီတော့ ခန္ဓာလိုချင်သူဆိုရင် ဘယ်လိုပြောရမလဲ၊ အရူးမို့ပဲလို့သာပြောကြ၊ နတ်ခန္ဓာတောင်း, ဗြဟ္မာ ခန္ဓာတောင်း, လူ့ခန္ဓာတောင်းနဲ့ ဒါတွေတောင်းတာဟာ အရူးတောင်း, တောင်းတာပဲလို့သာ မှတ်လိုက်ကြတော့၊ သဘော ပါကြပလား။

ဒကာ,ဒကာမတို့ အဲဒီခန္ဓာငါးပါး တစ်ပါးပါးကို စက်ဆုပ်စရာ အသုံးမကျတာအမှန်ပဲလို့ သိကြရမယ်။ အဲဒီလို သိရင် ကိစ္စပြီးပြီ။ ခန္ဓာငါးပါး တစ်ပါးပါးကို စက်ဆုပ်စရာ အသုံးမကျတာအမှန်ပဲလို့ ဉာဏ်နဲ့ပိုင်ပိုင်နိုင်နိုင်သိရင် ကိစ္စပြီးပြီ၊ ရှင်းကြရဲ့လား။ အဲဒီလိုသိအောင် ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်နိုင်အောင် ကြိုးစားကြရမယ်။

ဥပမာ စားချင်စိတ်ကလေး ပေါ်လာတယ်ဆိုတော့ အဲဒါ ဒုက္ခသစ္စာကလေးပေါ်လာတာပဲ။ သူရောက်လာတဲ့ အချိန်မှာ “စားချင်လိုက်တာဆိုတာက လောဘ၊ ခုထက်ထိ မကျက်သေးဘူးလားဆိုတော့ ဒေါသလာတယ်” သူရောက် လာတဲ့အချိန်မှာ မိမိကိုနှိပ်စက်တယ်၊ မကျက်သေးဘူးလားဆိုတော့ သူတပါးကိုနှိပ်စက်တယ်။ ဒီတော့ ဒီစားချင်စိတ် ကလေးဟာ သူတပါးနဲ့ ကိုယ့်ကိုနှိပ်စက်တယ်။ အဲဒါ ဒုက္ခသစ္စာကလေးပဲ။

စားချင်စိတ်က နှိပ်စက်

ဒီလောက်ဆိုးတာ ရှာမှရှားပါပဲ။ ဒီစားချင်စိတ်က ကိုယ့်ကိုနှိပ်စက်ရုံနဲ့ မပြီးသေးဘူး။ သူတပါးကိုလည်း နှိပ်စက်လိုက်သေးတယ်ဆိုတော့ ရှာမှရှားပေါ့။ ဒီစားချင်တဲ့ လောဘကလေးဟာ နီးတာကိုနှိပ်စက်တယ်၊ ဝေးတာကို လည်း ရမ်းလိုက်သေးတယ်။ ဝေးတာကိုရမ်းပြီး နီးတာကိုနှိပ်စက်။ ဥပမာဆိုရင်…ငှက်ပျောပင်ကို ငှက်ပျောသီးက သတ်သလိုပဲဆိုတာ မှတ်ကြရမယ်။

ငှက်ပျောပင်ဟာ ဒီအပင်က ဒီအသီး,သီးပေမယ့် ဒီအသီးက ဒီအပင်ကိုပြန်သတ်တာပဲ။ ဒီအပင်သီးရင် ဒီအပင်လဲရတော့တာပဲ၊ ရှင်းကြရဲ့လား။ အဲဒါကြောင့် “ဒုက္ခဿ ပီဠနတ္ထော”တဲ့။ သတ္တဝါကို ညှာတာမဖက် အမြဲနှိပ်စက် တတ်တဲ့ သဘောရှိတယ်။ အဲဒါ ဒုက္ခသစ္စာ ခန္ဓာပဲ၊ သူ့နာမည်ရင်းကိုက မကောင်းဘူး။ “စက်ဆုပ်စရာ အသုံးမကျတာ အမှန်”တဲ့၊ ရိပ်မိကြပလား။

ဒကာ,ဒကာမတို့ ခန္ဓာငါးခုထဲမှာ နှစ်သက်စရာလည်းမပါဘူး။ အသုံးကျတာလည်းမပါဘူး။ စက်ဆုပ်စရာနဲ့ အသုံးမကျတာချည့်ပါတာ မှန်တယ်ဆိုတာ ရိပ်မိကြပလား။ ရုပ်သဘာဝလည်း အခုဘဝ အဆင်းအရောင်ပျက်စီး ဖောက်ပြန်နေတယ်၊ နောက်ဘဝမှာလည်း အပါယ်ကောင်ဖြစ်အောင် လုပ်တတ်တယ်၊ ဝေဒနာတို့, သညာတို့ သင်္ခါရ တို့ကလည်း အတူတူပဲ၊ တစ်ခုမှကောင်းတာ မပါဘူး။

စိတ်ဟူသရွေ့လည်း အတူတူချည်းပဲ၊ သူ့နာမည်ဆိုးသလောက် ဆိုးတာချည်းပဲ။ သူ့နာမည်က ဘာတဲ့တုံး။ “စက်ဆုပ်စရာ အသုံးမကျတာအမှန်”တဲ့။ ဒကာ,ဒကာမတွေ ကျေနပ်ကြပလား။ ဒီလိုဆိုးလာတာ ဘယ်လောက်ကြာ ပလဲ။ ရှေးတုန်းက သံသရာရှည်သလောက် ကြာခဲ့ပြီ။ အခုလည်း မဂ်နဲ့မပါယ်နိုင်သရွေ့ သက်ဆိုးရှည်ဦးမှာပဲ။ နောက် လည်း ဒီသဘောပဲဆိုတာ မှတ်လိုက်ကြ။

ရှုတဲ့အခါမှာ စိတ်ကိုရှု

ဒါကြောင့် ရှုတဲ့အခါမှာ စိတ်ကိုရှု၊ ဘာစိတ်လာလာ “စက်ဆုပ်စရာ အသုံးမကျတာအမှန်”ချည့်ပဲဖြစ်အောင် ရှုကြ၊ ရှုတဲ့အခါတော့ တစ်ခုတည်းကိုသာရှု အများမလိုဘူး။ ရုပ်ရှုရင်ရုပ်၊ ဝေဒနာရှုရင်လည်း ဝေဒနာ၊ စိတ်ရှုလည်း စိတ်၊ တစ်ခုတည်းလိုတယ်။ စိတ်ရှုတဲ့အခါတော့ ဒွါရခြောက်ခုမှာ ရှုရမယ်၊ ဘယ်ဒွါရက ဘာစိတ်လာလာ ဒုက္ခဖြစ်၍ ဒုက္ခပျက်တာပဲလို့သာ ရှုကြ၊ ရှုတတ်ကြပလား။

ဒုက္ခသစ္စာကို ဉာဏ်နဲ့မြင်အောင် ကြည့်နိုင်ရင် ခွေးကိုက်လွတ်မှာပဲ၊ အေး…ခွေးကိုက်လွတ်ချင်ရင် ဘာစိတ် လာလာ မလွတ်စေနဲ့၊ မိအောင်သာလိုက်ရှု၊ ရှုတဲ့အခါ ရှုတဲ့ဉာဏ်က ဒုက္ခဖြစ်၍ ဒုက္ခပျက်တာပဲမြင်ရမယ်။ ဖြစ်ဒုက္ခနဲ့ ပျက်ဒုက္ခပဲ ရှိတယ်ဆိုတာသိရမယ်။ အဲဒီလိုရှုလို့ အရှုအပွားများလာရင် တစ်ချက်ချက်မှာ ဒုက္ခချုပ်သွားမယ်။ ဒုက္ခချုပ် ရင် “ဒုက္ခနိရောဓော နိဗ္ဗာနံ”လာမှာပဲ၊ ကျေနပ်ပလား။

ဒကာ,ဒကာမတို့ သန္တာန်မှာလာသမျှ လောကီချည့် လာမှာပဲ။ လောကုတ္တရာတော့ တစ်ခါမှမဖြစ်ဘူးလို့ လာမှာမဟုတ်ဘူး။ ဒီတော့ ဘာလာလာ လောကီချည့်ပဲ။ လောကီစိတ်ဟူသရွေ့ စက်ဆုပ်စရာ အသုံးမကျတာအမှန် ချည့်ပဲ။ ဒီသဘောအမှန်အကန်ကိုသိအောင်, မြင်အောင် ကြည့်ပေးရမယ်၊ သဘောပါကြပလား။ လာသမျှ “စက်ဆုပ် စရာ အသုံးမကျတာ အမှန်ချည့်ပဲ”ဆိုတာ မြင်အောင်ရှုပေးကြ။

ဒါကြောင့်…

ဘုရားရှင်က “သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာပိ ဒုက္ခာ”လို့ ဟောတော်မူခဲ့တာပဲဆိုတာ မှတ်လိုက်ကြ၊ ရှင်းပလား။ ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ ရှုရမှာက လေးမျိုးရှိတယ်။

၁။ ကာယနုပဿနာ။

၂။ ဝေဒနာနုပဿနာ။

၃။ စိတ္တာနုပဿနာ။

၄။ ဓမ္မာနုပဿနာလို့ လေးမျိုးရှိတယ်။

မိမိတို့ဉာဏ်မှာ အထင်ရှားဆုံးကိုရှု

လေးမျိုးရှိပေမယ့် ဘုန်းကြီးကတော့ စိတ္တာနုပဿနာကိုပဲ တိုက်တွန်းတယ်၊ ရှုတဲ့အခါ စိတ္တာနုပဿနာကို ရှုကြ၊ ဒါပေမဲ့ ရှုတဲ့အခါ ရှုမှတ်ဆဲအခါမှာ မိမိတို့ဉာဏ်ဝမှာ အထင်ရှားဆုံး အပေါ်လွင်ဆုံးဖြစ်တဲ့ “အနုပဿနာ”ကို ရှုကြဖို့ဆိုတာကို အထူးသတိပေးလိုက်ပါတယ်။

မိမိတို့ဉာဏ်မှာ အထင်ရှားဆုံးရှုမှတ်လို့ အားအရဆုံးဖြစ်တဲ့ အနုပဿနာဟာ မိမိတို့စရိုက်နဲ့ ကိုက်ညီတဲ့ မိမိနဲ့လျော်တဲ့ နည်းလမ်းအမှန်ပဲ၊ အဲဒါမှလည်း မြန်မြန်ခရီးရောက်နိုင်တယ်။ ခရီးပေါက်လွယ်တယ်၊ ဒကာ,ဒကာမတွေ ရှင်းလင်းကြရဲ့လား။

ဒါကြောင့် ခွေးကိုက်ခံလွတ်ချင်ရင် ကြိုးကြိုးစားစားနဲ့ လိုက်နာအားထုတ်ကြ။ ပေါ့တန်နေဖို့၊ မေ့လျော့နေဖို့ အချိန်မဟုတ်တော့ဘူးဆိုတာ ထူးထူးခြားခြား သတိပေးလိုက်ပါတယ်။

ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ အထူးသတိချပ်ဖို့က

၁။ သစ္စာတရားကိုလည်း နာကြားရမယ်။

၂။ နှလုံးသွင်းလည်း မှန်ကန်ရမယ်။

ဒီအင်္ဂါနှစ်ချက် ညီဖို့ပဲလိုတယ်၊ ဒီနှစ်ချက်နဲ့ ညီညွတ်ရင် ဒီဘဝမှာတင် ကိစ္စပြီးပါတယ်ဆိုတဲ့အချက်ပဲ၊ ရိပ်မိ ကြပလား။ ဒါကြောင့် ကြိုးစားပြီးယူကြ၊ အချိန်များများ မရတော့ဘူး၊ ရိပ်မိကြရဲ့လား။

ကိုင်း… ယနေ့ ဒီတွင်ပဲတော်ကြဦးစို့။

**********