ရုပ်,နာမ်,သင်္ခါရ,အနိစ္စ တရားတော်
ဆောင်ပုဒ်
မိမိခန္ဓာ၊ ဉာဏ်ရှုကာ၊ ဖြစ်လှာပျက်သုဉ်းကြ။
ပြုပြင်ပေါ်ထွက်၊ ပေါ်ပြီးပျက်၊ သက်သက်အနိစ္စ။
အကြောင်းပြုပြင်၊ ကျိုးထင်ထင်၊ အစဉ်ဖြစ်ပျက်ကြ။
ဓမ္မသဘော၊ ငါမနှော၊ လောလောခန္ဓာပြ။
ခန္ဓာပြမှု၊ အစဉ်ရှု၊ ငါးခုမဂ္ဂင်္ဂ။
ရှုကြည့်များထွေ၊ ရွံမုန်းလေ၊ ဆုံးခြေနိဗ္ဗာန။
ခန္ဓာတစ်ခု၊ ဖြစ်ပျက်ရှု၊ ရမှုနိရောဓ။ ။
သတိချပ်
ကံ, စိတ်, ဥတုဟာ၊ ကြောင်းလေးဖြာ၊ ပေါင်းကာပြုပြင်ကြ။
သင်္ခါရသာ၊ ပြုပြင်ရှာ၊ ခန္ဓာ ဤငါးဝ။
ဆုတ်ယုတ်ကြီးပွား၊ အစားစား၊ သူကားပြုပြင်မှ။
ကိုယ်ပိုင်မနှော၊ သဘောဝေါ၊ ဓမ္မောသက်သက်မျှ။
ပြုပြင်စီမံ၊ ငုံ့၍ခံ၊ ဧကန်အနတ္တ။
သူ,ငါမစွက်၊ ကြောင်းကျိုးဆက်၊ သက်သက်သဘာဝ။
ကျားလေးချောင်းတူ၊ အကြောင်းကူ၊ ပြုတ်မူဗိုင်းဗိုင်းကျ။
တရားပြကွက်၊ ဉာဏ်ခွဲဝက်၊ မပျက်ရှုကုန်ကြ။ ။
တရားသား
သင်္ခါရတရားဆိုတာ ဘာလဲ
ဒကာ,ဒကာမတို့ ဒီကနေ့ သင်္ခါရတရားဆိုတဲ့အချက်ကို ရှင်းပြရမယ်၊ မကြားမနာရသေးတဲ့ သူတွေအတွက် ကြားနာရဖို့ နားဖူး,ကြားဖူးတဲ့သူတွေအတွက်လည်း ပိုမိုပြီးမှတ်မိကြဖို့ ဒီတရားကိုဟောရလိမ့်မယ်၊ သင်္ခါရတရားဆိုတာ ဘာလဲလို့ဆိုရင် “ပြုပြင်ထားတဲ့တရား”ပဲလို့ ပထမ, အကျဉ်းချုပ်ပြီး မှတ်ထားကြရမယ်။
သင်္ခါရဆိုတာ အားလုံးသော ဒကာ,ဒကာမတွေရဲ့ ခန္ဓာငါးပါးဟာ ဒီခန္ဓာကြီးတစ်ခုလုံးဟာ သင်္ခါရတရားပဲ လို့ မှတ်လိုက်ကြလို့ ဘုရားရှင်က ဒီလိုပဲဟောတော်မူခဲ့တယ်။ ဘုရားရှင်ရဲ့ စကားတော်မှန်ကန်ပုံ ဉာဏ်နဲ့ဝေဖန်ကြည့် ကြရမယ်။ အခုလက်ရှိခန္ဓာကြီးဟာ ပြုပြင်ထားကြလို့ ဖြစ်ပေါ်နေတာ၊ ဘယ်လိုပြုပြင်ထားလဲဆိုတော့ မြင်တတ်အောင် ကြားတတ်အောင် ပြုပြင်ထားတယ်။
အခု ဒကာ,ဒကာမတွေ မျက်လုံးကလေးက မြင်တတ်တယ်၊ နားက ကြားတတ်တယ်၊ နှာခေါင်းက နမ်းရှု တတ်တယ်၊ လျှာကလျက်တယ် စားတတ်တယ်၊ ကိုယ်ကာယက တွေထိတတ်တယ်၊ မနောစိတ်က ကြံစည်တတ် သိတတ် တယ်၊ အဲဒါတွေဟာ အတိတ်ကံကပြုပြင်ထားလို့ ဖြစ်နေကြတာ။ ကံသင်္ခါရက ပြုပြင်ထားတာပဲဆိုတာ မှတ်လိုက်ကြ၊ ရိပ်မိကြရဲ့လား။ ဒကာတို့ အတိတ်ကပြုလုပ်ခဲ့တဲ့ ကံတရားက ပြုပြင်ထားလို့ ဖြစ်နေကြတာ။
ဒီတော့ ခန္ဓာမှာ “ဒို့ပိုင်တာမပါဘူး”လို့ မှတ်ကြရမယ်။ ကံ သင်္ခါရတရားက ပြုပြင်ထားလို့သာ ဖြစ်နေရတာ။ သူကဖြုတ်လိုက်ရင် ဒီခန္ဓာအကုန်ပြုတ်မယ်။ သူဖြုတ်ရင် ပြုတ်မယ်။ ဒကာ,ဒကာမတွေ ဘာမှမတတ်နိုင်ကြဘူး။ အားလုံး လက်မြှောက်အရှုံးပေးကြမှာချည့်ပဲ။ ဒါကြောင့် ဒီခန္ဓာမှာ “ဒို့ပိုင်တာ ဒို့ဆိုင်တာ ဘာတစ်ခုမှမပါဘူး”လို့ သာ ဆုံးဖြတ်ချက်ချ။ ရိပ်မိကြပလား။
ပြုပြင်တဲ့တရားက ကံ, စိတ်, ဥတု, အာဟာရ
ခန္ဓာတစ်ခုလုံးမှာရှိတဲ့ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်တွေဟာ သူကပြုပြင်ထားလို့ သူပြုပြင်သလိုသာ ဖြစ်ပေါ်နေရတာပဲ။ ဒကာ,ဒကာမတို့လုပ်လို့ ဖြစ်ချင်လို့ဖြစ်တာ တစ်ခုမှမပါဘူး။ ကံသင်္ခါရလုပ်လို့ သူပြုပြင်ပေးလို့ ဖြစ်ကြရတာ။ မြင်လောက်အောင် အားထုတ်ပေးပေမယ့် မြင်လောက်တဲ့ရုပ်ကလေးပါမှသာ မြင်နိုင်တယ်။ မပါရင် မမြင်နိုင်ပါဘူး။ အဲဒါ ကံကပြုပြင်လို့ပဲ၊ ဒကာ,ဒကာမတွေ သဘောပါကြပလား။
နောက်ပြီး ဥတုက ပြုပြင်ပေးတာလည်းရှိသေးတယ်၊ တကယ်လို့ ရာသီဥတုက ကြမ်းတမ်းလာမယ်၊ ဆိုးရွား လာမယ်ဆိုရင် မကြိုက်နိုင်ဘူး၊ နှလုံးမသာမယာ-ဒေါမနဿ စသည်ဖြစ်လာမယ်။ အဲဒီလိုဖြစ်ရတာဟာ ဥတုကပြုပြင် လို့ ဖြစ်လာရတာ၊ တချို့စိတ်တွေ တချို့ရုပ်တွေဟာလည်း ဥတုကပြုပြင်လို့ ဖြစ်ကြရတာပဲ။ အေးတဲ့အခါမှာ အေးလို့ စိတ်တစ်မျိုးတစ်မျိုး၊ ရုပ်ကလည်း တစ်မျိုးတစ်မျိုး ဖြစ်လာကြရတယ်။ ပူတော့ပူလို့၊ အိုက်တော့လည်း အိုက်လို့တစ်မျိုး ဖြစ်လာကြရတာပဲ၊ သဘောပါကြရဲ့လား။
အာဟာရက ပြုပြင်လို့လည်း ဒီခန္ဓာတွေဖြစ်ကြရတယ်။ အစာအာဟာရက ပြုပြင်တော့ အသားအရေတွေ စိုစိုပြည်ပြည်ဖြစ်လာတယ်၊ ဆံပင်မွေးညှင်းတွေ သန်မာလာတယ်၊ ဝဖြိုးလာတယ်၊ အဲဒါတွေဟာ အာဟာရက ပြုပြင် ပေးလို့ပဲ၊ ရိပ်မိကြပလား။ စိတ်ကလည်း ပြုပြင်ပေးရတာပဲ၊ စိတ်သင်္ခါရက ပြုပြင်ပေးလို့ စိတ်တွေကြည်လင်လာတယ်၊ တက်ကြွလာတယ်။ အဲဒီတော့ ဒီခန္ဓာတစ်ခုလုံးဟာ ကံရယ်, စိတ်ရယ်, ဥတုရယ်, အာဟာရရယ်ဆိုတဲ့ ဒီသင်္ခါရတွေက ပြုပြင်ပေးလို့သာ ဖြစ်နေကြရတာပဲလို့ မှတ်လိုက်ကြ၊ ရှင်းကြပလား။
အဲဒီတော့ “ပြုပြင်တဲ့တရားက ကံ, စိတ်, ဥတု, အာဟာရ” “ပြုပြင်လို့ ပေါ်လာတဲ့တရားက သင်္ခါရ” ဒီနှစ်ခု ကို ခွဲခြားပြီးမှတ်ထားလိုက်ကြ။
ပြုပြင်လို့ ပေါ်လာတဲ့တရားက ခန္ဓာငါးပါး
ဒကာ,ဒကာမတို့ “ပြုပြင်လို့ပေါ်လာတဲ့ တရားတွေက ဘာတွေလဲ”လို့ဆိုပြန်တော့ ခန္ဓာငါးပါးပဲ။ အဲဒါကြောင့် ခန္ဓာငါးပါးဟာ သင်္ခါရခန္ဓာငါးပါးပဲလို့ မှတ်လိုက်ကြ၊ ဒီခန္ဓာငါးပါးဟာ အကြောင်းလေးမျိုးက ပြုပြင်ပေးလို့ ပေါ်လာ ရတာ၊ ကြီးပွားအောင်လည်း ဒီကံ, စိတ်, ဥတု, အာဟာရဆိုတဲ့ အကြောင်းလေးပါးက ပြုပြင်ပေးတာပဲ၊ ဆုတ်ယုတ် အောင်လည်း ဒီလေးပါးက ပြုပြင်ပေးတာပဲ၊ ရှင်းကြပလား။
အဲဒီတော့ ဒကာ,ဒကာမတွေရဲ့ ခန္ဓာငါးပါးဟာ သူများပြုပြင်ထားတဲ့ ခန္ဓာငါးပါး၊ သူများပြုပြင်သမျှခံရတဲ့ ခန္ဓာငါးပါးပဲ၊ ဒီထဲမှာ ကိုယ်ပိုင်တာ ကိုယ်ဆိုင်တာရယ်လို့ မပါပါဘူး။ ဒီခန္ဓာငါးပါးအပေါ်မှာ စီမံတဲ့အရှင်သခင်က လေးယောက်ရှိနေတယ်။ ဒီအရှင်သခင်လေးယောက်ရဲ့ စီမံသမျှကို ခံယူနေရတယ်ဆိုတာ သဘောပါကြပလား။
ဒီခန္ဓာငါးပါးဆိုတာဟာ ကံပြုပြင်တဲ့ သဘောတရားတွေ၊ စိတ်ကပြုပြင်တဲ့ သဘောတရားတွေ၊ ဥတုကပြုပြင် ထားတဲ့ သဘောတရားတွေ၊ အာဟာရက ပြုပြင်စီမံထားတဲ့ သဘောတရားတွေ၊ အဲဒီလိုအကြောင်းလေးပါး အရှင်သခင် လေးဦးက ပြုပြင်စီမံထားတဲ့ သဘောတရားအစုတွေပဲ၊ သူတို့ပြုပြင်တဲ့ သဘောတရားတွေ စုနေတာဟာ ဒီခန္ဓာငါးပါး ပါပဲ၊ သဘောပါကြပလား။
ဥပမာဆိုရင် ဒီခန္ဓာအိမ်ဟာ ကျားလေးချောင်းနဲ့ထောက်ပြီး တည်တံ့နေရတယ်။ ဒီကျားလေးချောင်းထဲက တစ်ချောင်းပြုတ်ရင် ဒီခန္ဓာအိမ်ကြီးဟာ တည်တံ့မနေနိုင်ဘူး။ ဗိုင်းဗိုင်းလဲဖို့ ရှိတော့တယ်ဆိုတာ မှတ်ကြတော့။ ဒီ အကြောင်းတရား လေးပါးဆိုတဲ့ ကျားလေးချောင်းထဲက တစ်ချောင်းပြုတ်ရင် ဘယ်သူမှမတတ်နိုင်တော့ဘူး။ ဗုံးခနဲ လဲသေဖို့ပဲရှိတယ်ဆိုတာ ရိပ်မိကြပလား။
ခန္ဓာငါးပါးမှာ ကိုယ်ပိုင်ကိုယ်ဆိုင်မပါလို့ အနတ္တတရား
ဒါကြောင့် “ဒီခန္ဓာငါးပါးမှာ ကိုယ်ပိုင်ကိုယ်ဆိုင်မပါလို့ အနတ္တတရားပဲ”လို့ မှတ်လိုက်ကြ။ “အရှင်သခင်စီမံ သမျှ ခေါင်းငုံ့ပြီးခံကြရ၊ ကိုယ့်အလိုကိုယ့်အကြိုက် မလိုက်မပါတာမို့ ဒီခန္ဓာငါးပါးကို အနတ္တတရားဧကန်ပဲ”လို့သာ ဆုံးဖြတ်ချက်ချကြ။
ဒကာ,ဒကာမတို့ ဒီသဘောအမှန်ကို ကိုယ့်ဉာဏ်နဲ့ကိုယ် ဆုံးဖြတ်ချက်ချနိုင်အောင် ဘာလုပ်ရမလဲ။ ဝိပဿနာ ရှုကြရမယ်၊ ဝိပဿနာရှုချင်တော့ “သင်္ခါရတရား” ဒါမှမဟုတ် “အနတ္တတရား”လို့ သတ်မှတ်ထားလိုက်၊ ဒီလိုသတ်မှတ် ပြီး ဒကာ,ဒကာမတွေ သိထားဖို့က “သင်္ခါရတရားဟူသရွေ့ ခေတ္တချည့်ပဲ”ဆိုတာ သိထားကြရမယ်၊ ကျားလေးခုထောက် ထားလို့ ထောက်သခိုက်ကလေးမှာသာ တည်တံ့နိုင်တာ၊ တစ်ခုပြိုင်ရင် ဗိုင်းဗိုင်းလဲတာပဲ၊ ဒါကြောင့် သင်္ခါရဟာ အထောက်ကလေးရှိတုန်းမှာ ခေတ္တခဏတည်နေတာပဲလို့ မှတ်ကြ။
ဒီခန္ဓာကြီးကို ကံက “မင်း…မသာဖြစ်လိုက်တော့”လို့ အမိန့်ပေးမယ်၊ စိတ်ကလည်း အမိန့်ပေးမယ်၊ ဥတု ကလည်း အမိန့်ပေးမယ်၊ အဲဒီလို အရှင်သခင်တစ်ခုခုက “မသာဖြစ်လိုက်တော့”ဆိုတော့ တစ်ခါတည်း မသာဖြစ်ရတော့ တာပဲ။ သဘောပါကြပလား။ ဒါဘာကြောင့်လဲဆိုရင် “သူများစီမံသလို ခံနေရတာမို့ပဲ၊ စီမံသမျှခံရတဲ့ သင်္ခါရခန္ဓာမို့ ပဲ။ ဒီတော့ ဒကာ,ဒကာမတွေက အငှားထိန်းပြီး အငှားကျောင်းရတာဟာ ဒီခန္ဓာပဲ”လို့သာ မှတ်လိုက်ကြ၊ ရှင်းကြပ လား။
ဘုန်းကြီးတို့ ဒကာ,ဒကာမတွေက ဒီလိုအငှားထိန်း အငှားကျောင်းရတဲ့ဘဝကနေပြီး “ငါ့ဘာထင်လို့တုံး”လို့များ ဆိုလိုက်ကြသေးတယ်။ “ငါ့ကို ဘာအောက်မေ့လို့တုံး”တဲ့၊ ကြိမ်းလိုက်မောင်းလိုက်နဲ့ လုပ်နေကြသေးတယ်။ ဒီလိုလုပ် တာဟာ တော်ပါရဲ့လား။ မသိသားဆိုးဝါးချက်က ပြင်းလွန်းလို့သာ ဒီအသံမျိုးထွက်ရက်နိုင်တာပါ။ အမှန်အကန်သိရ ရင် ဒီအသံမျိုး မထွက်ဝံ့တော့ပါဘူး။ ဒကာ,ဒကာမတွေဟာ ကံတို့, စိတ်တို့, ဥတုတို့, အာဟာရတို့က မထောက်ပံ့ရင် ဗိုင်းဗိုင်းလဲဖို့ပဲ ရှိတယ်ဆိုတာမှတ်ကြ။
အရွယ်နဲ့မလိုက်အောင် အရူးထတတ်ကြတယ်
ဒကာ,ဒကာမတွေက ဆရာသမားရှေ့မှာတော့ ပြောပြထားလို့ ရိပ်မိသလိုလိုရှိကြတယ်။ ဒီကပြန်သွားလို့ အိမ်ကျရင်ပဲ “မင်းတို့တတွေ ငါရှိလို့သာ ပြောင်နေကြတာ၊ ငါမရှိ သိလိမ့်မယ်”တဲ့။ ဒီကြွားလုံးဟာ အရူးထတဲ့အခါမှာ ပေါ်တတ်ကြတယ်၊ ရိပ်မိကြပလား။ ဒိဋ္ဌုမ္မတ္တကဆိုတဲ့ ဒိဋ္ဌိအရူးထတဲ့အခါမှာ ကြားတဲ့အသံပဲ။ အဲဒီအခါမျိုးမှာ ကြွား တတ်တယ်ဆိုတာ မှတ်ကြ၊ ရှင်းကြပလား။
ဘုန်းကြီးတို့ ဒကာ,ဒကာမတွေက အရွယ်နဲ့မလိုက်အောင် အရူးထတတ်ကြတယ်။ ဉာဏ်မပါရင် မသိကြဘူး။ ဉာဏ်မပါတော့ မိမိကိုယ်တိုင် အရူးထတာကိုလည်းမသိ၊ သူများအရူးထတာကိုလည်း မသိနိုင်တော့ဘူး။ မသိတော့ တစ်ယောက်က အရူးထတာကို အများကဝိုင်းပြီး ထောက်ခံကြတော့တာပဲ။ ဒကာ,ဒကာမတို့ ဒီကိစ္စကို ဉာဏ်မပါရင် မသိနိုင်ကြဘူး။ ဉာဏ်ပါမှသာ ဒါကိုသိမယ်။
ဉာဏ်ပါလို့ ဒါကိုသိတော့ “ခန္ဓာသင်္ခါရဟာ အနတ္တတရားပဲ”၊ “ဒီခန္ဓာသင်္ခါရဟာ အနတ္တတရားကြီးကိုး”လို့ လည်း သိရမယ်။ ဒီလိုသိဖို့လည်း အရေးကြီးတယ်၊ မသိရင် မောဟုမ္မတ္ထကပဲ။ မောဟုမ္မတ္ထကဆိုတာ မောဟရူးလို့ဆိုတာ ပဲ၊ ရှင်းကြပလား။
ဒကာ,ဒကာမတို့ ဒီခန္ဓာမှာ သေသေချာချာ ဉာဏ်နဲ့ကြည့်တော့ ဆံပင်ကလေးတစ်ပင်မှ ကိုယ့်ဟာမပါဘူး။ ကိုယ်စိုးကိုယ်ပိုင် တစ်ခုမှမပါဘူးဆိုတာ မှတ်လိုက်ကြ။
အမှန်အကန်မသိတော့ အဝိဇ္ဇာရူး
ဒါကို အမှန်အကန်မသိတော့ အဝိဇ္ဇာရူး မောဟရူးက ထလာတော့တာပဲ။ ကိုယ့်အိမ်ကိုယ့်ရာမှာ သောက, ဗျာပါရများသူ၊ စိုးရိမ်ကြောင့်ကြများသူများမှာ အရူးထတဲ့အချိန် ပိုပြီးများလာတယ်ဆိုတာ မှတ်လိုက်ကြ၊ ရိပ်မိကြပလား။ ဒီလိုဆိုတော့ လူကြီးများ ခေါင်းဆောင်ရှေ့သွားလူကြီးလုပ်သူတွေမှာ ပိုပြီးများတယ်ဆိုတာ မှတ်ကြရမယ်။ အိမ်ထောင် တစ်ခုမှာ ခေါင်းဆောင်လုပ်ရင်လည်း ပိုဆိုးပြီဆိုတာ မှတ်ကြတော့။
ဒကာ,ဒကာမတွေ လူကြီးလုပ်ရတာ တော်တော်ကျေနပ်နေကြသလား။ လူကြီးဆိုပေမယ့် လူကြီးကလည်း ဒိဋ္ဌိများတဲ့လူကြီး၊ အဝိဇ္ဇာများတဲ့လူကြီးပဲ၊ ဒီလိုလူကြီးမျိုးဖြစ်ရတာ သက်သာခွင့်လမ်းမမြင်ဘူူး၊ အကြီးအကျယ်ချောက်ကျ ဖို့ပဲ ရှိတယ်ဆိုတာ သတိပေးလိုက်ပါတယ်။ ဒကာ,ဒကာမတို့ ကျားလေးချောင်းထောက်ပြီး ကြွားလုံးထုတ်နေလို့ဖြင့် မတော်ကြတော့ဘူးဆိုတာ ရိပ်မိကြ။ သဘောပါကြရဲ့လား။
ရိပ်မိရင်ပြင်ကြတော့၊ မပြင်ရင် “ဂျိုင်းထောက်နဲ့လူက လိုက်ရိုက်မယ်”ဆိုသလို ဥပမာတူနေမယ်၊ ဘေးလူတွေ က ဂျိုင်းထောက်နဲ့လူမြင်ရတော့ သူ့စွမ်းရည်မရှိတာ သိရသလို သူကလိုက်ရိုက်ဦးမယ် ဆိုပြန်တော့ ဘယ့်နှယ်ထင်ကြ မတုံး။ ဒီဥပမာအတူပဲ၊ ဒီခန္ဓာဟာ သူများပြုပြင်ပေးတဲ့ အကြောင်းလေးခုဆိုတဲ့ ဂျိုင်းထောက်နဲ့ နေနေရတာပါ။ သူစွမ်းသူစ ဘာတစ်ခုမှ မပါပါဘူး။
ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ အခုတရားနာနေဆဲမှာ ထိုင်နေကြတယ်၊ ဒီလိုအခုထိုင်နေကြရတာဟာ ကိုယ့် စွမ်းရည်သတ္တိ မပါပါဘူး။ နောက်က ထောက်ပံ့ပြုပြင်ပေးတဲ့ အကြောင်းရဲ့စွမ်းရည်သတ္တိပဲ၊ သဘောပါကြပလား။ ကံတို့ စိတ်တို့ ဥတုတို့ အာဟာရတို့က အကူအညီမပေးတော့ရင် စားဆဲဖြစ်တဲ့ ထမင်းလုတ်ကလေးတောင် လှမ်းမယူ နိုင်အောင် ဖြစ်ရမယ်၊ သဘောပါကြပလား။
တဏှာရူး၊ မာနရူး၊ ဒိဋ္ဌိရူးတွေက အများသားပဲ
ဒကာ,ဒကာမတို့တတွေက သင်္ခါရ အနတ္တကိုမသိတော့၊ မာနထောင်နေကြတယ်။ မာနထောင်ပြီး ဒိဋ္ဌိတဏှာ တို့က ခင်လိုက်ကြမင်လိုက်ကြ တွယ်တာလိုက်ကြနဲ့ နေကြတယ်။ ဒီလိုနေကြတာဟာ မသိလို့ပဲ၊ မသိတော့ မသိတဲ့နောက် က တဏှာမာန ဒိဋ္ဌိတွေလာတော့တာပဲ၊ ရှင်းကြရဲ့လား။ မသိတာက မောဟရူူး၊ မသိတော့ ဒီနောက်က တဏှာရူး၊ မာနရူး၊ ဒိဋ္ဌိရူးတွေက အများသားပဲ၊ ရိပ်မိကြပလား။
ဒီလိုဖြစ်ရတာ ဘာ့ကြောင့်လဲ။ အနတ္တကိုမသိလို့ ခန္ဓာဟာ အနတ္တပဲလို့ မသိရှာကြဘူး။ မသိရင် အတ္တဝင်လာ တာပဲ။ အတ္တဝင်တော့ တဏှာ, မာန, ဒိဋ္ဌိဆိုတဲ့ ပပဉ္စတရား သံသရာချဲ့တတ်တဲ့တရားတွေ ဝင်လာတော့တာပဲ၊ ဒကာ,ဒကာမတို့ ပပဉ္စဝင်တော့ ဘာအပြစ်ရှိသလဲ။ ဒါတွေဝင်တော့ သံသရာဒုက္ခကြီး ရှည်တော့မယ်။ ဒုက္ခအမျိုးမျိုး တွေ ခံရဦးတော့မှာပဲဆိုတာ မှတ်ကြ။
ဒါကြောင့် ဒုက္ခကြောက်ရင် ပပဉ္စမလာအောင် လုပ်ရလိမ့်မယ်။ ဒါတွေမလာမှ ဒီပပဉ္စတွေချုပ်မှ သံသရာ ဒုက္ခကြီးချုပ်မယ်။ သူ့ချုပ်အောင်လုပ်ဖို့ဆိုတော့ ခန္ဓာကို အနတ္တဉာဏ်ပေါက်အောင် ကြိုးစားဖို့ပဲလိုတယ်၊ ရှင်းကြရဲ့ လား။ ဒကာတို့တတွေဟာ သားနဲ့သမီးနဲ့၊ အမိနဲ့၊ အဘနဲ့ဆိုသလို ခင်ကြမင်ကြတာဟာ ဒီသင်္ခါရအနတ္တကို မသိကြလို့ပဲ။
ဒါကိုအမှန်သိလို့ ဒီဉာဏ်ကိုသာရကြရင် မခင်မင်နိုင်ကြတော့ဘူးဆိုတာ မှတ်လိုက်ကြ၊ သဘောပါကြပလား။ ဒီအဓိပ္ပာယ်ဟာ ဘုရားရှင်ဟောတော်မူခဲ့တဲ့ အဓိပ္ပာယ်ပါပဲ။ ရိပ်မိကြပလား။ ဘုရားရှင်က ဧကန်သိ ကိုယ်တော်တိုင် မြင်တော်မူတာမို့ ဟောပြာခဲ့တာ။ ဒကာတို့လည်း အလုပ်လုပ်ကြည့်ရင် ကိုယ်တိုင်သိရမယ်ဆိုတာ ဘုန်းကြီးက သတိ ပေးလိုက်တယ်။ ရှင်းကြပလား။
ဥပကနဲ့ သူ့သား သုဘဒ္ဒပရဗိုဇ်
ဒကာ,ဒကာမတို့ ဒီနေရာမှာ ကြားဖြတ်ပြီး ဥပကနဲ့ သူ့သား သုဘဒ္ဒပရဗိုဇ်တို့အကြောင်းကို ထည့်ပြောရမယ်၊ ဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာ ပဉ္စဝဂ္ဂီငါးဦးတို့ကို ကယ်ချွတ်တော်မူဖို့ရာ မဟာဗောဓိမဏ္ဍိုင်က မိဂဒါဝုန်တောကို ခြေလျင်ခရီးနဲ့ ကြွလာတော်မူတယ်၊ အဲဒီလိုကြွလာတဲ့အခါ လမ်းခုလတ်မှာ “ဥပကတက္ကဒွန်း”နဲ့ တွေ့ဆုံတော်မူတယ်။
အဲဒီအခါမှာ ဥပက,က…
”အရှင်မြတ်ဘုရား၊ အရှင်၏အသရေတော် ဣန္ဒြေသိက္ခာတော်များဟာ အလွန်ကြည်လင် သန့်ရှင်းပြီး ငြိမ်သက် တည်ကြည်လှပါတယ်၊ အရှင့်ဆရာ ဘယ်သူပါလဲ၊ ဘယ်သူ့တပည့်ပါလဲ”
စသည်အားဖြင့် မေးမြန်းလိုက်တယ်။ အဲဒီလိုမေးမြန်းလိုက်တဲ့အခါကျတော့… ဘုရားရှင်က..
”ငါ့မှာ ဆရာမရှိဘူး၊ ငါဟာ လောကတစ်ခုလုံးရဲ့ ဆရာဖြစ်တယ်၊ ငါ့အမည် အနန္တဇိနဖြစ်တယ်” စသည်ဖြင့် အဖြေပေးလိုက်တော့…
ဥပကတက္ကဒွန်းက…
”အင်း…ဟုတ်လောက်စရာရှိပါရဲ့”လို့ဆိုပြီး မျက်နှာလွဲသွားတော့တယ်ဆိုတာ မှတ်ကြ။
ဒကာ,ဒကာမတို့ ဥပကဟာ ဘုရားနဲ့ ပထမဦးဆုံးတွေ့ရတာပဲ၊ ဒါပေမဲ့ အဲဒီတုန်းက ကျွတ်လွတ်ခွင့်ကို ရခဲ့ ပါရဲ့လား။ မရနိုင်ခဲ့ဘူး၊ ဘာကြောင့်လဲ၊ ဣန္ဒြေမရင့်ကျက်သေးလို့ ကျွတ်ခွင့်မရနိုင်သေးဘူး၊ မကျွတ်နိုင်သေးဘူးဆိုတဲံ အဓိပ္ပာယ်ကို အထူးသတိပြုကြရမယ်၊ ဣန္ဒြေမရင့်ကျက်သေးရင် မကျွတ်သေးဘူးဆိုတာ မှတ်လိုက်ကြ၊ ရှင်းပလား။
ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ ဣန္ဒြေရင့်ရာရင့်ကြောင်းတော့ မလုပ်ကြဘဲ ဘယ်ဘုရားနဲ့ တွေ့ကြုံရပါလို၏ ဆိုပြီး ဆုကိုသာတောင်းနေကြတယ်။ အလုပ်မပါလို့ ဣန္ဒြေမရင့်သေးရင် ဘုရားအဆူဆူ တွေ့ကြုံရပေမယ့် ဘာမှ မတတ်နိုင်ဘူး၊ အဓိပ္ပာယ်က ပေးသူကမ်းသူတွေက ဘယ်လောက်ပဲပေးပေး ကမ်းပေမယ့်လို့ ယူရမယ့်လူက ခံယူနိုင်တဲ့ “ခံခွက်ခံတောင်း”ပါမှသာ ပေးလို့ဖြစ်တယ်၊ ရနိုင်တယ်လို့ ဆိုလိုတယ်။ သဘောပါကြပလား။
အဲဒါနဲ့ ခုနစကားကို ပြန်ဆက်ရမယ်။ အဲဒီဥပက,ဟာ ဘုရားနဲ့တွေ့ပြီးနောက် အိမ်ထောင်တွေဘာတွေကျပြီး သုဘဒ္ဒခေါ်တဲ့ သားတစ်ယောက်ကိုရတယ်။ တိုတိုပြောရရင် အဲဒီဥပကကြီးဟာ ဒီသုဘဒ်ဆိုတဲ့ သားတစ်ယောက်ရပြီး တဲ့နောက် သံဝေဂတရားများရလို့ ဟိုစဉ်တုန်းက တွေ့မြင်နှုတ်ဆက်ရဘူးတဲ့ အားကိုးတစ်ခုနဲ့ ဘုရားရှင်ထံရောက်လာ ပြီး အကျွတ်တရားရသွားတယ်ဆိုတာ မှတ်ကြရမယ်။
သုဘဒ္ဒပရိဗိုဇ်မှာ ပြဿနာသုံးခု
အဲဒီလိုနဲ့ အဲဒီဥပကရဲ့သား သုဘဒ္ဒပရိဗိုဇ်ဟာ သူ့မှာ ပြဿနာသုံးခု မေးချင်တာရှိနေတယ်ဆိုတာ သိကြ ရမယ်။ အရွယ်ရောက်တဲ့အချိန်ကစပြီး ဒီပြဿနာသုံးချက်ကို ဆရာအမျိုးမျိုးထံမှာ ချဉ်းကပ်ပြီး မေးမြန်းပေမယ့် သူကျေနပ်အောင် အဖြေမရခဲ့ဘူး။ ဘုရားအမည်ခံနေတဲ့ တိတ္ထိဂိုဏ်းက ဆရာတွေထံမှာမေးပေမယ့် အဖြေမပေးနိုင် ကြဘူးတဲ့။ အဲဒီလိုနဲ့ သူ့စိတ်ထဲမှာ အလုံးမကျနိုင်ဘဲ ဖြစ်နေခဲ့တယ်။
ဒကာ,ဒကာမတို့ သိထားဖို့ရာက ဘုရားဖြစ်တော်မူစနဲ့ သုဘဒ်ကိုမွေးဖွားတဲ့ အချိန်ကာလနဲ့ အလွန်မကွာလှ ဘူးဆိုတာ သိကြရမယ်။ အဲဒီသုဘဒ်က သူမေးချင်တဲ့ပုစ္ဆာသုံးချက်ကို အရင်ပေါ်နေတဲ့ တိတ္ထိဆရာကြီးခြောက်ယောက် တို့ထံမှာ မေးပေမယ့် မဖြေနိုင်ကြတော့ မကျေမနပ်ဖြစ်နေတယ်။ အဲဒါနဲ့ သူက “ရှင်ဂေါတမဟာလည်း ဘုရားအမည် ခံပဲ၊ သူ့ကိုလည်း မေးကြည့်ဦးမှပဲ၊ ဒါပေမဲ့ ရှင်ဂေါတမက ဘုရားဖြစ်တာမကြာလှသေးဘူး၊ ငယ်သေးတယ်” ဆိုပြီး မမေးဘဲ ဆိုင်းငံ့နေတယ်တဲ့။
သုဘဒ်ပရိဗိုဇ်စိတ်ထဲက ဘုရားကို အထင်အမြင်သေးပြီး သူကတော့ငယ်သေးတယ်၊ ဖြေနိုင်မယ် မထင်သေး ဘူးဆိုပြီး ဆိုင်းငံ့နေတယ်ဆိုတာ မှတ်ကြရမယ်၊ သဘောပါပလား၊ ဒကာ,ဒကာမတို့ သူမေးချင်တဲ့မေးခွန်းသုံးခုဆိုတာက
၁။ ကောင်းကင်သွားသူဟာ ခြေရာထင်သလား။
၂။ အရှင့်သာသနာမှတပါး အခြားသာသနာမှာ သောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တာဆိုတဲ့ သမဏရှိသလား။
၃။ သင်္ခါရတရားများဟာ ခိုင်တယ်မြဲတယ်လို့ ရှိသလား။
အဲဒီပြဿနာသုံးချက်ကို သူ့စိတ်က အလွန်သိချင်နေတယ်၊ အဖြေလည်း ဘယ်ကမှမရခဲ့ဘူး။ ဒါပေမဲ့ ဘုရား ရှင်ကိုတော့ အထင်အမြင်သေးနေလို့ မမေးဖြစ်သေးဘူး၊ ငယ်သေးတယ်ဆိုပြီး စောင့်ဆိုင်းနေတယ်ဆိုတာ သဘောပါ ကြပလား။
ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူတော့မယ်
အဲဒီလိုနဲ့နေရာက နောက် ဘုရားရှင်ဟာ သက်တော်ရှစ်ဆယ်, ဝါတော်က လေးဆယ့်ငါးဝါပြည့်လို့ မလ္လာမင်း တို့ရဲ့ အင်ကြင်းဥယျာဉ်တော်မှာ ပရိနိဗ္ဗာန်ပြုဖို့ အချိန်အခါဆိုက်ရောက်လာခဲ့တယ်။ အဲဒီလို အချိန်ဆိုက်ရောက်လာ တော့ သုဘဒ်ကလည်း ဒီသတင်းကိုကြားရတယ်။ ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူတော့မယ်ဆိုတဲ့ သတင်းစကားကြားရ တော့ သုဘဒ်က “အင်း…ငါမေးချင်တဲ့ ပြဿနာသုံးခုကို မမေးရရင် ဒုက္ခပဲ”လို့ အကြံဖြစ်ပေါ်လာတယ်ဆိုတာ မှတ်ကြရမယ်။
ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ ဒီနေရာမှာ သိထားကြဖို့က ဘုရားရှင်ဟာ ဒီသုဘဒ်ပရဗိုဇ်ကို မချွတ်ရသေး ရင် ပရိနိဗ္ဗာန် စံတော်မမူသေးဘူးဆိုတဲ့အချက်ပဲ၊ သူ့ကိုမချွတ်ရသေးရင် မစံသေးဘူး၊ သူလာသည့်တိုင်အောင် စောင့် မှာပဲဆိုတာ မှတ်ကြရမယ်။ ဝိပဿနာရှုပြီး စောင့်နေတာပဲလို့မှတ်ကြ။ ဘုရားရှင်က ဝေဒနာကိုရှုပြီး သုံးလတိုင်တိုင် ဖလသမာပတ်နဲ့ နိဗ္ဗာန်ကိုချုပ်စပ်ပြီး စောင့်တော်မူတယ်။ ခန္ဓာကိုယ်ကို ဖရိုဖရဲမကြဲအောင် သမာပတ်နဲ့ ချုပ်စပ်ထား တယ်ဆိုတာ မှတ်ကြ။
ဒကာ,ဒကာမတို့ ဝိပဿနာရှုမှတ်တဲ့ ကျေးဇူးဟာ အင်မတန်ကြီးမားတယ်၊ ဒီလုပ်ငန်းကို ကိစ္စပြီးအောင် လုပ်ထားလိုက်ရင် တစ်နေ့မှာ သေမယ့်ဝေဒနာ လာဦးတော့ ဖြစ်ပျက်ဆုံးပြီး နိဗ္ဗာန်မြင်နေရင် မသေနိုင်ဘူး။ အသေ ကို တားနိုင်တယ်၊ သဘောပါကြရဲ့လား။ ဒကာတို့လုပ်နေတဲ့ အခုတရားက သေခြင်းကိုတားနိုင်တယ်။ ဖလသမာပတ်နဲ့ တားရင်ရတယ်၊ နိဗ္ဗာန်ကို အာရုံပြုနေတာကို ပြောတာလို့ မှတ်လိုက်ကြ၊ ရှင်းကြပလား။
အဲဒီ သုဘဒ္ဒပရိဗိုဇ်က ဘုရားချွတ်ရမယ့် ဘုရားရဲ့သာဝက ဝေနေယျပဲဆိုတာ မှတ်ကြရမယ်။ ဒကာ,ဒကာမတို့ ဘုရားဝေနေယျဆိုတာ ဘုရားနဲ့မှ ကျွတ်တန်းဝင်ရမယ့်သူပဲဆိုတာ မှတ်လိုက်ကြ၊ သဘောပါကြပလား။ ဒီအဓိပ္ပာယ်ကို သိရတော့ “ကျန်တဲ့သာဝကတွေအတွက်က သူ့ဆရာနဲ့သူ ရှိကြတယ်၊ ဘုရားချွတ်လို့ မကျွတ်ဘူး၊ သူ့ဆရာချွတ်မှသာ ကျွတ်တန်းဝင်ကြရမယ်”ဆိုတဲ့သဘောကို သေသေချာချာ မှတ်ထားကြ၊ ရိပ်မိကြပလား။
သာဝကဝေနေယျဆိုတာ သူ့ဆရာနဲ့သူပဲ
အဲဒီတော့ကာ သာဝကဝေနေယျဆိုတာ သူ့ဆရာနဲ့သူပဲ ဆိုတဲ့အချက်ကို သဘောပေါက်ကြပလား။ ဘုန်းကြီး တို့ ဒကာ,ဒကာမတွေလည်း အခုအခါမှာ ထောင်တတ်တဲ့နားနဲ့ ဟောပြတဲ့ဆရာသမားနဲ့ အင်မတန် အခွင့်သင့်နေကြ ပြီ။ ဒီလိုဆိုတော့ “ငါတို့ဟာ ဒီဆရာသမားနဲ့ ဒီတရားနဲ့ အဟုတ်တမ်းကြိုးစားရင် ကျွတ်တန်းဝင်နိုင်တဲ့သူတွေပဲ” ဆိုပြီး ဆုံးဖြတ်ချက်ချကြ။ ကျေနပ်ပလား။
အခု သာသနာတော်မှာပဲ သစ္စာတရားနာရလို့ နှလုံးသွင်းမှန်ကန်ရင် ဧကန်ကျွတ်နိုင်ကြပါတယ်၊ အရေးကြီး တာက သစ္စာတရား နှလုံးသွင်းမှန်မှုဖြစ်တဲ့ “ဝိပဿနာလုပ်ငန်း”ဟာ အရေးအကြီးဆုံးအချက်ပဲ၊ ဝိပဿနာမှမလုပ် ရင် မရဘူးလို့သာ မှတ်ကြ။
ဒကာ,ဒကာမတို့တတွေက နောက်ဘုရားစောင့်ချင်တဲ့သူနဲ့ အချိန်ရွေ့ နာရီရွေ့ ရွေ့နေတဲ့သူနဲ့ ဆင်ခြေဆင် လက်တွေက အလွန်ပဲများတတ်ကြပါတယ်။ ဝိပဿနာကိုမလုပ်ရင် ဘုရားနဲ့တွေ့ပေမယ်လို့ ဘာမှမတတ်နိုင်ကြဘူး။ ဒါကြောင့် အခုနေမှာ အခွင့်အခါရတုန်း အချိန်အခါရှိတုန်း ကြိုးစားယူကြရမယ်၊ ရှင်းကြရဲ့လား။
ဒါနဲ့ အထက်ကပြောခဲ့တဲ့ သုဘဒ်အကြောင်းကို ပြန်ဆက်ရမယ်။ ဘုရားရှင်က သိတော်မူပြီးသားဖြစ်တယ်။ “သုဘဒ်ဟာ ပရိနိဗ္ဗာန်စံခါနီး အချိန်အပိုင်းကလေးမှာမှ လာမှာပဲ။ အဲဒီအခါမှာ ကျွတ်တန်းဝင်မယ့်သူပဲ”လို့ သိမြင် တော်မူတယ်။ ဒီလိုနဲ့ ဘုရားရှင်ကလည်း နောက်တစ်နေ့မနက် အာရုံတက်အချိန်မှာ ပရိနိဗ္ဗာန်စံတော်မူမယ်ဆိုတာ ဒီလိုနေ့ ညနေမိုးချုပ်ချုပ်မှာ သုဘဒ်ပရိဗိုဇ်ဟာ ဘုရားရှင်ထံ အရောက်ပြေးလာခဲ့တယ်ဆိုတာ မှတ်ကြ။
အရှင်အာနန္ဒမထေရ်က တားမြစ်တယ်
အဲဒီလိုနဲ့ သုဘဒ်ပရဗိုဇ် ဘုရားရှင်ထံဝင်လာမယ်လုပ်တော့ အရှင်အာနန္ဒမထေရ်က တားမြစ်တယ်၊ ရှင် အာနန္ဒာရဲ့ စိတ်ထဲက “ဒီတိတ္ထိဂိုဏ်းသားတွေဟာ ဘုရားရှင်ကို တောင်မေးမြောက်မေး မေးတတ်ကြတယ်။ ဒီလိုမေး နေရင် ဘုရားရှင် ပင်ပန်းတော်မူလိမ့်မယ်၊ ဘုရားရှင်ကလည်း အလွန်အားနည်းတော်မူလှတဲ့အချိန် ရောက်နေပြီ။ ဒါကြောင့် ဘုရားထံအဝင်မခံဘဲ တားထားမှသာ ဖြစ်တော့မှာပဲ”လို့ဆိုပြီး သုဘဒ်ကို ဘုရားထံဝင်ခွင့်မပြုဘူး။
အဲဒီအချိန်မှာ သူတို့အချင်းချင်း ပြောဆိုမေးမြန်းကြတဲ့အသံကို ဘုရားရှင် ကြားသိတော်မူတာနဲ့ ဘုရားရှင် က “အာနန္ဒာ၊ သုဘဒ်လာချင်တာ လာပါစေ၊ လွတ်လိုက်ပါ၊ ဝင်ခွင့်ပြုလိုက်ပါ”ဆိုတဲ့ အဓိပ္ပာယ်နဲ့ အမိန့်ပေးလိုက်လို့ ဝင်ခွင့်ရတာနဲ့ ဘုရားရှင်ထံဝင်ပြီး သူသိချင်တဲ့ ပြဿနာသုံးချက်ကို မေးမြန်းလျှောက်ထားလိုက်တယ်ဆိုတာ မှတ်ကြ၊ ဒကာ,ဒကာမတွေ သဘောပါကြပြီ မဟုတ်လား။
ဒကာ,ဒကာမတို့ သုဘဒ်က ဘုရားရှေ့တော်ရောက်တယ်ဆိုရင်ပဲ သူသိချင်နေတဲ့ ပုစ္ဆာသုံးချက်ကို မေးမြန်း လိုက်တယ်။
”အရှင်ဘုရား၊ ကောင်းကင်မှာ ခြေရာရှိပါသလား”
”အို…သုဘဒ္ဒ၊ ကောင်းကင်မှာ ခြေရာမရှိဘူး”
”အရှင်ဘုရား အဆုံးအမ သာသနာမှတပါး တခြားမှာ မဂ်ပုဂ္ဂိုလ်, ဖိုလ်ပုဂ္ဂိုလ်, သမဏရှိပါသလား”
”ဤသာသနာမှတပါး တခြားပြင်ပမှာ မဂ်ဖိုလ်ပုဂ္ဂိုလ် သမဏဆိုတာမျိုး မရှိဘူး”
”အရှင်ဘုရား၊ သင်္ခါရတရားများဟာ မြဲတယ်လို့ ရှိပါသလား”
”အို…သုဘဒ္ဒ၊ သင်္ခါရတရားများဟာ မြဲတယ်လို့မရှိဘူး”
သုဘဒ်ပရဗိုဇ်မေးတဲ့ ပုစ္ဆာသုံးချက်ကို အဲဒီလို ဘုရားက အဖြေပေးလိုက်တယ်လို့ မှတ်ကြရမယ်၊ သဘောပါ ကြပလား။
သာသနာဆိုတာ နှစ်ကိုမခေါ် အဆုံးအမကိုခေါ်တာပဲ
ဒီနေရာမှာ ဒကာ,ဒကာမတွေ သိထားဖို့က သာသနာဆိုတာ နှစ်အပိုင်းအခြားကို ခေါ်တာမဟုတ်ဘူး။ သာသနာဆိုတာ နှစ်ကိုမခေါ် အဆုံးအမကိုခေါ်တာပဲ ဆိုတဲ့အချက်ကို သိကြရမယ်။ ဟောတဲ့အတိုင်း လိုက်နာကြ၊ ကျင့်ကြံအားထုတ်ကြလို့ ဆိုတာဟာ သာသနာပဲ။ “သာသနာ ၅၀၀၀”ဆိုတဲ့စကားတွေဟာ သာသနာမဟုတ်ဘူး၊ ရှင်းကြရဲ့လား။
ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ သုဘဒ်မေးတဲ့ ပုစ္ဆာဒုတိယအချက်ကို အထူးသတိချပ်ကြရမယ်။ “အရှင်ဘုရား အဆုံးအမမှတပါး ကျန်တဲ့အဆုံးအမမှာ သမဏဆိုတဲ့ မဂ်ဖိုလ် ပုဂ္ဂိုလ်ရှိသလား”လို့မေးတော့ ဘုရားရှင်က “ကျန်တဲ့ အဆုံးအမသာသနာမှာ သောတာပန် သကဒါဂါမ်, အနာဂါမ်, ရဟန္တာဆိုတဲ့ သမဏမရှိဘူး၊ နိဗ္ဗာန်ရောက်ကြောင်း တရား မဟုတ်ဘူး”လို့ ဖြေတော်မူလိုက်တယ်။
ဒီနေရာမှာ သာသနာဆိုတာ အဆုံးအမတော်ပဲ၊ ဆုံးမတော်မူထားတဲ့အတိုင်း လိုက်နာဖို့၊ ကျင့်ကြံဖို့၊ အားထုတ် ဖို့သာ လိုရင်းအချက်ပဲ။ နှစ်ကိုမဆိုဘူး၊ ရိပ်မိကြပလား။ အခုဟောပြတာ အခုလုပ်ရင် ဒုက္ခခပ်သိမ်း၊ ငြိမ်းရာရောက် မယ်၊ ဘုရားရှင် ဆုံးမတော်မူတဲ့အတိုင်း လိုက်နာအားထုတ်ရင် သောတာပန်, သကဒါဂါမ်, အနာဂါမ်, ရဟန္တာ ဘယ် အခါမဆို ဖြစ်နိုင်တယ်၊ ရှင်းကြရဲ့လား။
ဒကာ,ဒကာမတို့ သာသနာဆိုတာ ဆရာ့အတွက်ကို မဆိုဘူး၊ လိုက်နာသူကိုဆိုတာ၊ လိုရင်းက အဆုံးအမ, သာသနာဆိုတာ လိုက်နာသူအပေါ်မှာ လုံးဝ,တည်နေတယ်၊ လိုက်နာရမယ့်သူက မလိုက်နာရင် ဘုရားရှင်ရှိနေလည်း မဆိုင်၊ မရှိလည်းဘဲ မဆိုင်ဘူး။ ဘုရားရှင်ထင်ရှားရှိတာ, မရှိတာဟာ ဒကာ,ဒကာမတို့နဲ့ မဆိုင်ဘူး။ ဒီဘုရားရှင်ဟော ထားတဲ့ စကားတော်အတိုင်း အဆုံးအမအတိုင်း လိုက်နာမှု, မလိုက်နာမှုအပေါ်မှာသာ တည်တယ်၊ သာသနာတည် တယ်ဆိုတာ အဲတာပဲ၊ ရှင်းကြပလား။
ခန္ဓာမှာ ဉာဏ်နဲ့ရှုမှတ်နေဖို့တာဝန်က ဒကာ,ဒကာမတို့တာဝန်
ဒကာ,ဒကာမတွေ ရိပ်မိကြပလား။ အခု ဆရာဘုန်းကြီးက ဘုရားရှင်ဟောတော်မူခဲ့တဲ့ စကားတော်တွေကို ကိုယ်စားလှယ်အနေနဲ့ တစ်ဆင့်ဟောပြနေတယ်။ ဒီတော့ကာ ဆရာဘုန်းကြီး ပြောတဲ့အတိုင်း လိုက်နာကြဖို့ပဲရှိတယ် ဆိုတာ ပေါ်ကြပလား။ ဒါကြောင့် ဆရာဘုန်းကြီးပြောတဲ့အတိုင်း ရှုပေးကြ။ အဲဒီလိုရှုပေးနေရင် မဂ်က သူ့ဟာသူ လောကုတ္တရာမဂ်ဖြစ်အောင် ဆောင်သွားမယ်။
ဒီလိုဆိုတော့ မပြတ်မလပ် ခန္ဓာမှာ ဉာဏ်နဲ့ရှုမှတ်နေဖို့တာဝန်က ဒကာ,ဒကာမတို့တာဝန်၊ မဂ်စစ်ရအောင် ဆောင်ရွက်သွားဖို့တာဝန်က လောကီမဂ်ရဲ့ တာဝန်ပဲဆိုတာ မှတ်လိုက်ကြ။
ဒါကြောင့် ဒကာ,ဒကာမတွေက ဘုရားနဲ့မတွေ့ရဘူးဆိုပြီး ဝမ်းမနည်းကြပါနဲ့ဆိုတာ သတိပေးလိုက်ပါတယ်။ ဘုရားနဲ့မတွေ့ရပေမယ့် ဘုရားဆုံးမခဲ့တဲ့အတိုင်းသာ လိုက်နာရင် ကိစ္စပြီးပါတယ်ဆိုတာ ဘုန်းကြီးက ကတိပေးလိုက် ပါတယ်၊ ကျေနပ်ကြပလား။
ဘုရားရှင်ချွတ်မှ ကျွတ်ရမယ့်သာဝက၊ ဘုရားရှင်ရဲ့ဝေနေယျဆိုတာ “ပဉ္စဝဂ္ဂီငါးဦးအစ, သုဘဒ္ဒပရဗိုဇ်အဆုံး” ပဲ ရှိပါတယ်၊ ကျန်နေတဲ့သာဝကတွေက ဘုရားနဲ့မဆိုင်ဘူး။ သူ့ဆရာနဲ့ သူ့သာဝက အသီးသီးရှိကြတယ်။ ဒါကြောင့် ဘုရားနဲ့မတွေ့ပေမယ့် ဝမ်းမနည်းပါနဲ့ဆိုတာ သတိပေးရတယ်။ သဘောပါကြပလား။ ဒကာ,ဒကာမတို့ဟာ ကိုယ့် ဆရာနဲ့ ကိုယ့်သာဝက အသီးသီးလာကြတာပါ။ ဘာမှအားငယ်စရာ မရှိပါဘူး။
သူ့သာဝကနဲ့သူ ကျွတ်တန်းဝင်ကြရတာပဲ
ဒကာ,ဒကာမတို့ ဘုရားရှင်ကိုယ်တော်မြတ်ကြီး မရှိတဲ့နောက် အိန္ဒိယတို့ သီဟိုဠ်တို့မှာ ကျွတ်တာတွေမနည်း ပါဘူး။ အဲဒါတွေဟာ သူ့သာဝကနဲ့သူ ကျွတ်တန်းဝင်ကြရတာပဲ။ အဲဒီတော့ ကျွတ်တန်းဝင်မယ့်သူဟာ ဘုရားရှိသော မရှိသော မဆိုင်ဘူး။ သူ့သာဝကနဲ့ သူပဲဆိုတာ မှတ်လိုက်ကြ၊ ရှင်းကြပလား။
ကိုင်း…ဒါဖြင့် သန္နိဋ္ဌာန်ချ မှတ်ထားကြ။ ဘုရားက သုဘဒ်ကိုဟောတဲ့အချက်မှာ “သင်္ခါရတရားဟာ မြဲ တယ်လို့ မရှိဘူး”တဲ့၊ သဘောပါကြပလား။ ဒီတော့ သင်္ခါရတရားမှန်သမျှ ဘယ်တော့မှမမြဲဘူး၊ ဘယ်ဟာမှမမြဲဘူး၊ ဖြစ်ပြီးပျက်တာချည်းပဲဆိုတာ မှတ်ကြရမယ်။
သင်္ခါရတရား မမြဲဘူးဆိုတာ အခု ဒကာ,ဒကာမတွေ လက်တွေ့ကြည့်ပါလား။ မိမိခန္ဓာမှာ ဉာဏ်နဲ့ကြည့်တော့ လက်တွေ့သိကြရမယ်။ သင်္ခါရတရားမမြဲလို့ အခု တရားနာနေရင်းက ယားလာလို့ ဖျောက်ပေးရ၊ ယားပြီးတော့လည်း ပျောက်သွားပြန်တာပဲ။ ညောင်းလာလိုက်, ကိုက်ခဲလာလိုက်, ပျောက်သွားလိုက်နဲ့ တစ်မျိုးပြီးတစ်မျိုး ပြုပြင်ပြောင်းလဲ နေတာပဲ၊ မြင်ကြပလား။
အခု တထိုင်ထဲမှာကိုပဲ ဉာဏ်နဲ့ကြည့်ရင် ထင်ရှားပါတယ်၊ ထိုင်နေရင်းက ဇက်ကတောင့်လာ၊ ပြုပြင်ပေးလိုက် တော့ ပျောက်သွား၊ နောက်, ခါးဆစ်ထဲက အောင့်လာပြန်၊ ပြုပြင်ပေးလိုက်ပြန်တော့ ပျောက်သွားပြန်တာပဲ။ ကျောထဲ က ယားယံလာတော့ ဒကာတို့က ဒီယားတာလေးကို ဖျောက်ပေးလိုက်ပြန်တော့…ပျောက်သွားတာပါပဲ။ ဒီလိုနဲ့ ခန္ဓာထဲမှာ အမျိုးမျိုးဖြစ်ပေါ်လာလိုက်, ပျောက်ပျက်သွားလိုက်နဲ့ အမြဲတမ်းဖြစ်ပြီး ပျက်နေတာပဲရှိပါတယ်၊ ရိပ်မိကြ ပလား။
ရုပ်ကလည်း ဖောက်ပြန်၊ ဝေဒနာကလည်း ဖောက်ပြန်၊ စိတ်ကလည်း ဖောက်ပြန်ပျက်စီးနေတာပဲ။ ဥပမာ စိတ်ကူးကလေးတစ်ခု ပေါ်လာလည်း ပေါ်ပြီးပျက်တာပဲ၊ ဘာစိတ်ပေါ်ပေါ်, ပေါ်လိုက်ပျောက်လိုက်ပဲ။ အဲဒါဟာ သင်္ခါရမမြဲတာ ပြနေတာပဲ။ သဘောကျကြပလား။ ဒီသင်္ခါရတရား ရုပ်နာမ်တွေဟာ အကြောင်းပြုပြင်သလို ခံနေကြ ရတာပဲ ရှိတယ်ဆိုတာ မှတ်ကြ။
ကိုယ့်အလုပ် မဂ္ဂင်အလုပ်ကို လုပ်ကြရမယ်
ဒီတော့ကို ဒကာ,ဒကာမတွေက ဆရာဘုန်းကြီးညွှန်ပြတဲ့အတိုင်း လိုက်နာကြဖို့ပဲ၊ ညွှန်ပြပေးတဲ့အတိုင်း ရှုမှတ် ပွားများတဲ့ ကိုယ့်အလုပ် ကိုယ်လုပ်ကြဖို့ပဲ လိုတယ်ဆိုတာ ဆုံးဖြတ်ချက်ချကြ။ ကိုယ်လုပ်ရမယ့်အလုပ်ကို ကိုယ်လုပ်ရင် မမြဲတာကို ခန္ဓာက ပြောလိမ့်မယ်၊ ရှင်းကြပလား။ ဒါကြောင့် ကိုယ့်အလုပ် မဂ္ဂင်အလုပ်ကို လုပ်ကြရမယ်။ လုပ်ရင် သင်္ခါရမမြဲတာကို ခန္ဓာကပြောလိမ့်မယ်၊ ကျေနပ်ပလား။
ဒကာ,ဒကာမတို့ အခုဒီနေရာမှာ သုဘဒ်မေးတဲ့ပြဿနာကို ပြန်ပြီးဆက်ကြရမယ်၊ သုဘဒ်ပရဗိုဇ် မေးလျှောက် တဲ့ ပြဿနာသုံးချက်က နောက်ဆုံးအချက်ဖြစ်တဲ့ “သင်္ခါရတရားဟူသမျှ” မမြဲတဲ့အကြောင်း အကျယ်တဝင့်ရှင်းလင်း ပြီး ဟောပြတော်မူလိုက်တယ်။
ဘုရားရှင်က…
အာကာသေဝ ပဒံ နတ္ထိ
သမဏော နတ္ထိ ဗာဟိရေ။
သင်္ခါရာ သဿတာ နတ္ထိ။
နတ္ထိ ဗုဒ္ဓါန မိဉ္စိတံ။ ။
”ကောင်းကင်မှာလည်း ခြေရာမရှိ၊ ဘုရားသာသနာတော်မှတပါး ပြင်ပ, သာသနာမှာလည်း မဂ္ဂဋ္ဌာန်, ဖလဋ္ဌာန်, ရဟန်းမည်သည်မရှိ၊ မြဲမြံခိုင်ခံ့ကုန်သော ရုပ် နာမ် ခန္ဓာ သင်္ခါရတရား တစ်စုံတရာမျှမရှိကြ၊ ဘုရားရှင်တို့အား တုန်လှုပ်ခြင်းမရှိပါချေ”
လို့ ဆိုတဲ့အဓိပ္ပာယ်နဲ့ အကျယ်ရှင်းပြီး ဟောပြလိုက်တော့ သုဘဒ်ဟာ တစ်ထိုင်ထဲမှာပဲ အနာဂါမ်တည်သွား တော့တယ်ဆိုတာ မှတ်ကြရမယ်။
ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ ကျေနပ်ကြပလား။ သုဘဒ်ဟာ ဘယ်လောက်နေရာကျသွားသလဲဆိုတာ ပေါ်ကြပလား။ အဲဒီသုဘဒ်က သူ့အတွက်သာ နေရာကျတာမဟုတ်သေးဘူး။ နောင်လာနောက်သား ဒကာ,ဒကာမတို့ အတွက်ပါ အကျိုးများအောင် ဆောင်ရွက်ပေးခဲ့တယ်ဆိုရင် မလွဲဘူး။ ဒီသုဘဒ်ရဟန်းက အနာဂါမ်တည်ပြီးတော့ နောက်ဆုံး ပြဿနာတစ်ချက်ကို မေးပြန်တယ်၊ ဘယ်လိုလဲဆိုတော့…
အရှင်ဘုရားသာသနာဟာ ရုပ်သိမ်းသွားတော့မှာပါလား
”အရှင်ဘုရား၊ အရှင်မရှိတဲ့နောက်မှာ အရှင်ဘုရားသာသနာဟာ ရုပ်သိမ်းသွားတော့မှာပါလား၊ ဘုရား သာသနာအတွက် ရတော့မှာပါလား”လို့ သုဘဒ်က လျှောက်ထားမေးမြန်းလိုက်တယ်။ အဲဒီမေးခွန်းဟာ အခုဘုန်းကြီး တို့ ဒကာ,ဒကာမတွေအတွက် မေးပေးတဲ့ မေးခွန်းသက်သက်ဆိုရင် မမှားနိုင်ဘူး၊ သဘောပါပလား။
အဲဒီလို သုဘဒ်က နောင်လာမယ့်နောက်သားတွေအတွက် ကြောင့်ကြတဲ့အနေ၊ ငဲ့ကွက်စိုးရိမ်တဲ့အနေနဲ့ မေးမြန်းလျှောက်ထားတော့…
ဘုရားရှင်က…
”ဣဝေ သုဘဒ္ဒ ဘိက္ခူသမ္မာ ပိဟရေယျုံ
အသုညောလောကော အရဟန္တဟိ အဿ”တဲ့။
ဒီငါဘုရား သာသနာတော်ထမ်း ရဟန်းတွေဟာ ကောင်းကောင်းမွန်မွန် ကျကျနန နေထိုင်ကျင့်သုံး သွားကြမယ်ဆိုရင် လောကကြီးမှာ ဘယ်အခါမှ ရဟန္တာမဆိတ်သုဉ်းပါဘူး”
ဆိုတဲ့အဓိပ္ပာယ်စကားကို မိန့်ကြားဖြေဆိုတော်မူခဲ့တယ်။ ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ ကောင်းကောင်းကြီး သဘောပါကြပလား။ ဒကာတို့အတွက် အားငယ်စရာရှိသေးသလား၊ ဘာလိုသေးသလဲ။ အားလုံး ညီညွတ်ပြည့်စုံနေပြီ။ ဘုရားက “ဒီအဆုံးအမ ဒေသနာတော်တွေရှိနေလို့ ကျင့်ကြံနေသမျှ သာသနာ, ရဟန္တာ မဆိတ်သုဉ်းဘူး”တဲ့။
သုဘဒ်က ဒကာတို့တတွေအတွက်ပါ မေးသွားတယ်ဆိုတာ မှတ်ကြရမယ်။ အားငယ်စရာ နှလုံးမသာယာစရာ ဘာမှမရှိတော့ဘူး၊ ကျွတ်တန်းဝင်နိုင်ဖို့ ဘုရား သက်တော်ထင်ရှား ရှိတာ, မရှိတာနဲ့ မဆိုင်ဘူးဆိုတာ ရိပ်မိကြပလား။ တကယ်ဆိုင်တာက ဒကာတို့အားထုတ်မှု မထုတ်မှုနဲ့ဆိုင်တယ်၊ အားထုတ်ရင်ရမယ်၊ မထုတ်ရင် မရဘူးလို့ ဆုံးဖြတ် ချက်ချ၊ ရှင်းကြပလား။
ပျင်းပြီး မလုပ်ဘဲနေရင်တော့ မတတ်နိုင်ဘူး
ဘုန်းကြီးတို့ ဒကာ,ဒကာမတွေအတွက် လိုအပ်တာတစ်ချက်ပဲရှိတယ်။ အဲဒီတစ်ချက်က “ကိုယ်တိုင်ဖျင်းတာ, ပျင်းတာပဲ၊ ပြင်ကြရလိမ့်မယ်”ဆိုတဲ့အချက်ပဲ၊ ရိပ်မိကြပလား၊ ဒီတော့ ကိုယ့်အပြစ်ကိုမြင်ပြီး ကိုယ်တိုင်ပြင်ကြရမယ်၊ ဒီအထဲက ဖျင်းတာကိုတော့ ဆရာဘုန်းကြီးက ကူနိုင်တယ်၊ ပျင်းတာကိုတော့ မတတ်နိုင်ဘူး။ ဒကာတို့က ပျင်းပြီး မလုပ်ဘဲနေရင်တော့ မတတ်နိုင်ဘူး၊ အဲဒီအပျင်းကိုတော့ ကိုယ်တိုင်အားထုတ်ပြင်ကြ။
ဖျင်းတာကို ဘုန်းကြီးကကူညီပေးမယ်၊ ပျင်းတာတစ်ခုကိုတော့ ဒကာတို့တာဝန်ပဲဆိုတာ မှတ်လိုက်ကြ၊ ရိပ်မိ ကြပလား။ အပျင်းက ဆယ့်ခြောက်မျိုးတောင်ရှိနေတယ်၊ နိုင်အောင်မှ ပြင်နိုင်ကြပါ့မလား။ အေးလွန်းလို့၊ ပူလွန်းလို့၊ စောသေးလို့ စတဲ့အပျင်း (၆) မျိုးကို အဂုၤတ္ထိုရ်မှာ ဟောထားတာရှိတယ်။ ဒါကြောင့် ဒီအပျင်းကိုဖြင့် နိုင်အောင်တိုက် ထုတ်ပစ်ဖို့ဟာ တို့တာဝန်ပဲလို့ ဆုံးဖြတ်လိုက်ကြ။
ပျင်းတာကို ဆရာသမားက တာဝန်ယူလိုက်ပြီ။ ပျင်းတာတစ်ခုကို ဒကာတို့က တာဝန်ယူ၊ ယူပြီး ဆရာသမား က ညွှန်ပြပေးတဲ့အတိုင်း လိုက်နာကြ၊ သဘောပါကြပလား။ လိုက်နာဖို့ဆိုတော့ ခန္ဓာမှာ ဉာဏ်နဲ့ကြည့်ပေးဖို့ပဲ။ ခန္ဓာမှာ ဉာဏ်နဲ့ကြည့်တဲ့ ပဉ္စင်္ဂီက မဂ်လုပ်ငန်းကိုလုပ်ကြဖို့ပဲ။ ခန္ဓာမှာ ဘာလာလာ အနိစ္စလက္ခဏာ မမြဲတာကို ရှုနေကြရမယ်၊ ရိပ်မိကြပလား။
ပေါ်တိုင်း မမြဲဘူးလို့ရှုရင် ပဉ္စင်္ဂီက မဂ်ပဲ
ခန္ဓာမှာ ပေါ်လာသမျှ ဉာဏ်နဲ့ကြည့်ပြီး “မမြဲဘူး၊ မမြဲဘူး”လို့ရှုပေး၊ ဓမ္မလေးတစ်ခု ပေါ်တိုင်းပေါ်တိုင်း မမြဲဘူး မမြဲဘူးလို့ရှုရင် ပဉ္စင်္ဂီက မဂ်ပဲ။ အဲဒီလိုရှုရင် ရင့်ကျက်လာတော့ ပဉ္စင်္ဂီကမဂ်က သူ့ဟာသူ အဋ္ဌင်္ဂီကမဂ်ဖြစ်အောင် ဆောင်သွားမယ်၊ သဘောပါကြပလား။ ပေါ်လာသမျှ မပြတ်အောင် ရှုနေဖို့သာ ကိုယ့်တာဝန်ပဲ။
ဒကာ,ဒကာမတို့ နိဗ္ဗာန်ကလည်း ခန္ဓာအဆုံးမှာ ကပ်နေတယ်၊ အဝေးရှာဖို့မလိုဘူး၊ ခန္ဓာဆုံးအောင်သာရှုကြ၊ ကြိုးစားရှုရင် ခန္ဓာဆုံးသွားမယ်၊ ခန္ဓာဆုံးရင် နိဗ္ဗာန်တွေ့တာပဲ၊ ကျေနပ်ပလား။ ဒါကြောင့် နိဗ္ဗာန်ရချင်ရင် ခန္ဓာမှာ ရှုကြ၊ ခန္ဓာမှာရှုတော့ ဝေဒနာရှုရှု၊ စိတ်ပဲရှုရှု၊ ရုပ်ပဲရှုရှု၊ ရှုချင်တာတစ်ခုခုကိုရှုကြ၊ သဘောပါပလား။
အများမလိုဘူး၊ တစ်ခုထဲကိုရှု၊ ဒီတစ်ခုထဲကို ဆုံးအောင်လိုက်ရမယ်၊ ဆုံးရင် နိဗ္ဗာန်တွေ့တာပဲ။ ဒကာ,ဒကာမ တို့ သုဘဒ်ပရဗိုဇ်ဟာ “သင်္ခါရာ သဿတာ နတ္ထိ” သင်္ခါရတရားဟာ မမြဲဘူးဆိုပြီး ဘုရားက ရှင်းလင်းဟောပြလိုက် တော့ အဲဒီနားမှာပဲနှလုံးသွင်း၊ နှလုံးသွင်းလို့ ဉာဏ်ရှင်းပြီး အဲဒီနားတင်ပဲ အနာဂါမ်တည်သွားတယ်၊ ရိပ်မိကြပလား။
ဒါကြောင့် ဆရာဘုန်းကြီး နည်းပေးထားတဲ့အတိုင်း မိမိခန္ဓာမှာပေါ်လာတဲ့ သင်္ခါရလေးတွေကို “မမြဲဘူး၊ မမြဲဘူး” ဒါမှမဟုတ်လည်း “ဖြစ်ပျက်ဖြစ်ပျက်”လို့ နှလုံးသွင်းပေးရမယ်။ ရှုမှတ်ပွားများပေးရမယ်။ အဲဒီလိုပေးရင် မကြာခင် ခန္ဓာသင်္ခါရဆုံးပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုတော့တာပါပဲ၊ သဘောပါကြပလား။
ဒါဖြင့် ကြိုးစားပြီးရှုပေးကြ၊ မလစ်ကြစေနဲ့။
ကိုင်း… ယနေ့ ဒီတွင်ပဲတော်ကြဦး။
