နှလုံးသွင်းမှား အပါယ်သွား တရားတော်
ဆောင်ပုဒ်
ကူလီလုပ်ငန်း၊ သပြေပန်း၊ ဝန်ထမ်းများစေငှာ။
ထိုနည်းမချွတ်၊ ခန္ဓာဝဋ်၊ ခင်မွတ်ဆုပန်ရှာ။
ခန္ဓာရတွေ၊ ဒုက္ခပွေ၊ များရှေသံသရာ။
ခန္ဓာမခင်၊ အမှန်မြင်၊ ကောင်းစဉ်နှလုံးသာ။
နှလုံးသွင်းမှန်၊ မြေကောင်းမွန်၊ စိုက်ရန်မျိုးဝိဇ္ဇာ။
ရေအလောဘ၊ သွန်းလောင်းမှ၊ မဂ္ဂနိဗ္ဗာနာ။
ခန္ဓာဓမ္မ၊ သဘာဝ၊ ဉာဏကွပ်ကဲကာ။
ဖြစ်ပေါ်ချုပ်ပျောက်၊ ဉာဏ်ထွင်းဖောက်၊ ဆုံးရောက်နိဗ္ဗူတာ။
သတိချပ်
ဒုက္ခလက်ငင်း၊ ဆင်းရဲညှဉ်း၊ ခပင်းဘယ်ကြောင်းလျှား။
နှလုံးသွင်းလွဲ၊ လွန်မိုက်မဲ၊ တပ်စွဲခန္ဓာပွား။
အယောနိမှာ၊ အဝိဇ္ဇာ၊ တဏှာကြောင်းရင်းမှား။
မြေညံ့,မျိုးချာ၊ ရေဆိုးမြွာ၊ ပေါက်လှာဆိပ်မျိုးများ။
မြေညံ့,မျိုးလွဲ၊ အစိုက်လွဲ၊ ပေါက်လွဲဆိပ်သီးပွား။
အိုနာသေကျေ၊ ဒုက္ခပွေ၊ ပူထွေဝိုင်းရံထား။
သံသာတလျှောက်၊ ဒုက္ခရောက်၊ ကျွမ်းမှောက်ကိုးယိုကား။
ခွင့်သာသောထွေ၊ အခုနေ၊ လွယ်လင်ပြင်သင့်သား။
သိမှတ်ရန်။ ။
သတ္တဝါများသည် နှလုံးသွင်းမှားယွင်းမှု၊ အယောနိသော မနသိကာရ မြေပေါ်တွင် အမှန်အကန် မသိမှု အဝိဇ္ဇာမျိုးစေ့ကို စိုက်ပျိုးမိ၍၊ တပ်မက်မှု တဏှာရေတွေကို သွန်းလောင်းမိသဖြင့် ဒုက္ခခန္ဓာ အဆိပ်ပင်ကြီး ပေါက်ပွားလာသော ဆင်းရဲဒုက္ခမျိုး အထွေထွေအသီးအပွင့်တွေကို စားသုံးနေကြ ရရှာလေသည်။
တရားသား
တွေးမိတိုင်း ရင်လေးစရာ
ဒကာ,ဒကာမတို့ အခုလိုအသက်အရွယ်က ကြီးပြင်းလာတော့ ကြောင့်ကြမှုတွေ အများကြီးပိုလာရတယ်။ အစားအသောက်အတွက်က တစ်မျိုး၊ နေမှုထိုင်မှုအတွက်ကလည်း တစ်သွယ်၊ ဘယ်တော့ ဘာဖြစ်မလဲဆိုတာကလည်း တဖုံနဲ့ ကိုယ့်အကြောင်း ကိုယ့်အတွက်ခြုံပြီး ကြည့်လိုက်ရင် အေးကွက်တစ်ခုမှ မပါဘူး၊ တွေးမိတိုင်း ရင်လေးစရာနဲ့ စိတ်မအေးစရာချည့်ပဲ။ ဟုတ်ကြရဲ့လား။
ဒီတော့…ဒီပရိသတ်ထဲမှာ ဒုက္ခကင်းသူ, စိတ်ချမ်းသာကိုယ်ချမ်းသာ နေရသူရယ်လို့ တစ်ဦးတလေမှ မပါ ကြဘူး၊ ရိပ်မိကြရဲ့လား။ ဒကာ,ဒကာမတို့ အဲဒီလိုဆင်းရဲပေါင်းစုံ ဒုက္ခလက်ရှိနဲ့ နေနေရတာ ဘာကြောင့်လဲ။ ဘာ့ကြောင့် ဒုက္ခလက်ရှိဖြစ်နေကြရသလဲဆိုတာ သိကြရဲ့လား။ အဲဒါ…ဒကာတို့တတွေဟာ အရင့်အရင်က “အစိုက်လွဲလို့ အပေါက် လွဲ၊ အပေါက်လွဲလို့ အသီးလွဲ” အဲဒီလိုလွဲခဲ့ကြတဲ့ အပြစ်ကြောင့်ပဲဆိုတာ မှတ်လိုက်ကြတော့၊ ရှင်းကြရဲ့လား။
အခု ဒကာ,ဒကာမတွေမှာ လက်ရှိရထားတဲ့ ခန္ဓာကြီးဟာ ဒုက္ခတွေ ပတ်ချာဝိုင်းနေတယ်။ အိုဘေး,နာဘေး, သေဘေးဆိုတဲ့ ဒုက္ခတွေရယ်၊ စိုးရိမ်ပူဆွေး၊ ငိုကြွေးကြောင့်ကြစတဲ့ ဒုက္ခအမျိုးမျိုးတွေရယ်၊ ဒုက္ခမျိုးစုံ ဝိုင်းရံနေတယ်။ ဒီခန္ဓာကြီးဟာ အို,နာ,သေစတဲ့ ဒုက္ခအမျိုးမျိုးတွေ ဘာကြောင့်ဖြစ်ရသလဲ။ နှစ်ဆယ့်ငါးပါးဆိုတဲ့ ဘေးတွေ၊ ကိုးဆယ့် ခြောက်ပါးဆိုတဲ့ အနာရောဂါဘေးတွေ၊ အဲဒီလိုဒုက္ခမျိုးစုံတွေ ပြုံပြီးနေတယ်၊ အဲဒါ ဘာကြောင့်လဲ၊ သိကြရဲ့လား။
မဟုတ်သီး, မဟုတ်ပွင့်တွေ သီးပွင့်လာကြလို့
ဒကာတို့တတွေ ရှေးတုန်းက “မဟုတ်တဲ့မြေပေါ်မှာ မဟုတ်တဲ့မျိုးစေ့စိုက်ပြီး မဟုတ်တဲ့ရေတွေ လောင်းတဲ့ အတွက် အခုဘဝမှ မဟုတ်ပင်ပေါက်ပြီး မဟုတ်သီး, မဟုတ်ပွင့်တွေ သီးပွင့်လာကြလို့ အခုလိုဒုက္ခရောက်ရတယ်” ဆိုတာ မှတ်လိုက်ကြ၊ ရိပ်မိကြရဲ့လား။
ဒကာ,ဒကာမတွေဟာ သံသရာက “နှလုံးသွင်းမမှန်မှုဆိုတဲ့ မြေပေါ်မှာ မသိမှုဆိုတဲ့ မျိုးစေ့ကိုစိုက်ပြီး တပ် မက်မှုဆိုတဲ့ ရေတွေလောင်းမိခဲ့ကြလို့” အခု ဒုက္ခခန္ဓာပင်ကြီးပေါက်လာပြီး ဒုက္ခသီး, ဒုက္ခပွင့်တွေ သီးပွင့်လာတဲ့အတွက် အခုလို ဒုက္ခရောက်ကြတယ်ဆိုတာ ဆုံးဖြတ်ချက်ချကြ။
အခုနေမှာ ဒီခန္ဓာကြီးအတွက် အစားအသောက်ရှာဖွေရ၊ အဝတ်အထည် ဆည်းရ၊ ဝတ်ပေးရ၊ ကျွေးရမွေးရ ရေမိုးချိုးပေးရ၊ ချွေးသုတ်ပေးရ၊ ယပ်ခတ်ပေးရ၊ ကျင်ကြီးကျင်ငယ် အညစ်အကြေးစွန့်ရ၊ ဒီကြားထဲက အိုမှု,နာမှုက အချိန်မဆိုင်းဘူး။ အိုရက် နာရက် သေမယ့်ဘက်လည်း ဝိုင်းဝိုင်းပြေးနေရရှာတယ်၊ သဘောပါကြရဲ့လား။ အဲဒါတွေ ဟာ ခန္ဓာဒုက္ခပင်ကြီးက သီးပွင့်တဲ့အသီးတွေ အပွင့်တွေပဲလို့သာ မှတ်လိုက်ကြ။
နှလုံးသွင်းမမှန်မှုက မြေနဲ့တူတယ်
ဒီလိုဖြစ်ရတာ ဘာကြောင့်လဲ။ သံသရာက နှလုံးသွင်းမှားခဲ့မိလို့ပဲ၊ လူပဲ နတ်ပဲ ဗြဟ္မာပဲဆိုပြီး နှလုံးသွင်းမှား ခဲ့ကြတယ်။ နှလုံးသွင်းမမှန်မှုက မြေနဲ့တူတယ်လို့ မှတ်ထားကြ။ ဒီမြေပေါ်မှာ မသိတဲ့အဝိဇ္ဇာမျိုးစေ့ကို စိုက်မိပြန်တယ်၊ ဘယ်လောက်များများ စိုက်သလဲဆိုတော့ တသံသရာလုံးစိုက်တာပဲ။ ရိပ်မိကြရဲ့လား။ ဒကာတို့တတွေ နောက်,နောက် တုန်းက ဘယ်လိုများ နေထိုင်ခဲ့ကြသလဲ။ ဘယ်လိုတည်ထောင်ကြသတုန်းလို့မေးရင် ဘယ်လိုထင်ကြသလဲ။
ဒကာတို့တတွေ နောက်,နောက်တုန်းက အယောနိသော မနသိကာရကြောင့် အဝိဇ္ဇာချည်း ဖြစ်နေခဲ့ကြတယ်၊ ဒါနဲ့ပဲ အမြဲအဖော်လုပ်ပြီး နေခဲ့ကြရတယ်ဆိုတာ မှတ်ကြ၊ ဒါကြောင့် အဝိဇ္ဇာအစ, အယောနိသော မနသိကာရက စ,တယ်လို့ပဲ မှတ်ကြတော့၊ သဘောပါရဲ့လား။ နှလုံးသွင်းမှားလို့ အဝိဇ္ဇာဖြစ်ရတယ်၊ နှလုံးသွင်းကမမှန်တော့ အမှန် အကန် မသိနိုင်တော့ဘူး၊ ရှင်းကြရဲ့လား။
ဒကာ,ဒကာမတွေ ကိုယ့်အိမ်ကိုယ့်ရာ မိမိတို့နယ်မြေရောက်ရင် နှလုံးသွင်းမှားကြတော့မယ်၊ ဒါက သား၊ ဒါက သမီး၊ ဒါက ငါ့ရွှေ၊ ဒါက ငါ့ငွေ၊ ငါ့ဆွေမျိုးတွေဆိုပြီး နှလုံးသွင်းမှားကြတော့တာပဲ။ အဲဒါ ဘာကြောင့်လဲ၊ အဲဒါ အဝိဇ္ဇာကြောင့်ပဲ၊ အာယောနိသောကြောင့် အဝိဇ္ဇာဖြစ်၊ အဝိဇ္ဇာကြောင့်လည်း အယောနိသော မနသိကာရဖြစ်ပြန်တာ ပဲ၊ ဒီတော့ မသိတဲ့တရားက ပိုလာတယ်။
သံသရာတစ်လျှောက်လုံး နှလုံးသွင်းမှားခဲ့ကြတယ်
ဒကာ,ဒကာမတို့ဟာ ဒီနည်းအတိုင်း သံသရာတစ်လျှောက်လုံးမှာ နှလုံးသွင်းမှားလာခဲ့ကြတယ်။ မှန်တဲ့အခါ ရယ်လို့ မပါခဲ့ကြဘူး။ အမြစ်တွယ်နေကြပြီ။ အခုနေမှာမှ ဒီနှလုံးသွင်းမှားမှုကို ဘုရားတို့,ဆရာသမားတို့က ပြင်မပေး ဘူး, မပြင်ဘူးဆိုရင် အဝိဇ္ဇာချုပ်လမ်း မမြင်နိုင်တော့ဘူး။ အမှောင်တိုက်ထဲမှာ တိုက်ချင်သလိုတိုက်, ခိုက်ချင်သလို ခိုက်ပြီး သွားရတော့မှာပဲဆိုတာ ယုံမှားမရှိကြနဲ့။
အခု တရားပွဲကပြန်လို့ ကိုယ့်အိမ်ရောက်ရင်ပဲ နှလုံးသွင်းမှားမှုတွေ ဆက်တိုက်လာတော့မယ်၊ နှလုံးသွင်းမှား တာနဲ့ နောက်က အဝိဇ္ဇာ တန်းလိုက်လာတော့တာပဲ။ အဝိဇ္ဇာလည်းလိုက်လာရော အမှောင်တိုက်ထဲလည်း တန်းရောက် သွားတော့တာပဲ။ ဘာမှ အမှန်အကန် မမြင်နိုင်တော့ဘူး။ သဘောပါကြရဲ့လား။ ဒကာတို့တတွေ နောက်,နောက်တုန်း က ဘယ်လိုနေခဲ့သလဲဆိုတော့ ဘယ်အခါမှ နှလုံးသွင်းမမှန်ခဲ့ဘူး။ ရိပ်မိကြရဲ့လား။
အလင်းမရလို့ ဘယ်အခါမှ အမှန်မကျခဲ့ဘူး၊ နှလုံးသွင်းမှားနဲ့ အဝိဇ္ဇာချည့်ပဲ၊ သားရယ်, သမီးရယ်, ဆွေရယ်, မျိုးရယ်ဆိုတော့ အနိစ္စ, ဒုက္ခ, အနတ္တဆိုတဲ့ အမှန်တရားတွေ ကွယ်ပျောက်ကုန်တယ်။ ငါ့သား, ငါ့သမီးပဲလို့ တကယ် မှတ်ပြီး တကယ်ခင်လိုက်တယ်။ အဲဒါဟာ မသိတဲ့မျိုးစေ့မှာ တဏှာရေတွေလောင်းလိုက်တာပဲလို့သာ မှတ်ကြ။
မသိမှုအဝိဇ္ဇာက မျိုးစေ့၊ ခင်မင်တဲ့တဏှာက ရေ
ဒကာ,ဒကာမတို့ နှလုံးသွင်းမှားမှုက မြေ၊ မသိမှုအဝိဇ္ဇာက မျိုးစေ့၊ ခင်မင်တဲ့တဏှာက ရေ၊ အဲဒီလို ဥပမာ- ဥပမေယျတူတယ်။ နှလုံးသွင်းမှားမှု အယောနိသော မနသိကာရမြေပေါ်မှာ မသိမှု အဝိဇ္ဇာမျိုးစေ့ချပြီး ခင်မင်မှု တဏှာရေတွေ လောင်းလိုက်ပြန်တယ်၊ လောင်းလိုက်တော့ ဘာပင်ပေါက်လာသလဲ။ တဏှာအကြောင်းတရားရှိတော့ ခန္ဓာပင်ကြီး ပေါက်လာရတယ်၊ ဒုက္ခခန္ဓာ အဆိပ်ပင်ကြီးပဲဆိုတာ မှတ်လိုက်ကြ။
ဒါကြောင့် ဒကာ,ဒကာမတွေမှာ ဒီဒုက္ခခန္ဓာအဆိပ်ပင်နဲ့ ခွဲမရ-ခွါမရ၊ ဒုက္ခအဆိပ်သီး အဆိပ်ပွင့်တွေကို မစားချင်,စားချင် စားသုံးနေကြရတော့တာပဲ၊ ပေါ်ကြပလား။ ဒီအဆိပ်သီး အဆိပ်ပွင့်တွေကို မသုံးချင်, မစားချင်ရင် ဖြင့် ခင်မင်မှုတဏှာချုပ်အောင် လုပ်ကြရမယ်။ ရှင်းကြရဲ့လား။ တဏှာချုပ်ရင် ခန္ဓာပင်မပေါက်ဘူး၊ ခန္ဓာပင်မပေါက် ရင် ဒုက္ခသစ္စာ မလာတော့ဘူးဆိုတာ မှတ်ကြ။
ဒကာတို့တတွေအားလုံး ကိုယ်စီကိုယ်င ခန္ဓာငါးပါးရထားကြတယ်။ ငါးပါးလုံးအတွက် အသာထားပါဦး၊ ရူပက္ခန္ဓာ တစ်ခုတည်းအတွက်ပဲ စဉ်းစားကြည့်ကြဦး။ သူ့အတွက် ရောက်နေရတဲ့ဒုက္ခတွေ ဘယ်လောက်များသလဲ ဆိုတာ ပေါ်ကြမယ်၊ ရူပက္ခန္ဓာအတွက်နဲ့ ထီးဆောင်းပေးရ၊ ဖိနပ်စီးပေးရ၊ ခြုံစရာရုံစရာ အဝတ်အထည်အမျိုးမျိုးတွေ ချုပ်လုပ်ပေးရ၊ နေလုံမိုးလုံ လေလုံအောင် အိုးအိမ်တိုက်တာဆောက်ပေးရနဲ့ အားရတယ်လို့ ရှိသေးသလား။
ရူပက္ခန္ဓာကို အခွန်ဆက်နေရတာပဲ
သူတစ်ခုတည်းအတွက်နဲ့ပဲ ဒကာတို့မှာ အားလပ်ခွင့်ကို မရနိုင်ကြတော့ဘူး၊ ရိပ်မိကြရဲ့လား။ အဲဒါတွေဟာ ရူပက္ခန္ဓာကို အခွန်ဆက်နေရတာပဲဆိုတာ မှတ်ကြ၊ ဒကာတို့က ရူပက္ခန္ဓာရဲ့ကျွန်တွေ၊ ရူပက္ခန္ဓာက သခင်ပဲ။ ရူပက္ခန္ဓာ က ခိုင်းသမျှစေသမျှ ဒကာတို့က အစစအရာရာမှာ မချွတ်မယွင်း လုပ်ကိုင်ဆောင်ရွက်ပေးနေကြရတယ်။ ကျွန်ခံနေ ကြရတယ်လို့သာ မှတ်ကြတော့။ ရိပ်မိကြပလား။
ခံစားမှုဆိုတဲ့ ဝေဒနာက္ခန္ဓာအတွက်လည်း ကျွန်ခံနေရတာပဲ၊ သူ့အတွက် ကျွန်ခံရတာ ပိုလို့တောင်များလိမ့် ဦးမယ်၊ မနက်လင်းလာရင် ဘာမှမစဉ်းစားနိုင်သေးဘူး။ ချို,ချဉ်,စပ်,ငန်,ဖန်,ခါး,ဆိမ့် စတဲ့အရသာအမျိုးမျိုး၊ အစား အသောက်အမျိုးမျိုးနဲ့ အခွန်ဆက်ရတယ်၊ လုပ်ကိုင်ကျွေးရတယ်၊ သူ့အတွက်ပဲ ရှာရဖွေရ နေ့ရှိသမျှ အချိန်ရှိသမျှ အားရတယ်လို့ မရှိကြဘူး။ ဒီဝေဒနာအတွက် အများဆုံးကျွန်ခံရတယ်ဆိုရင် မလွဲဘူး၊ ရိပ်မိကြရဲ့လား။
သညာက္ခန္ဓာအတွက် စာသင်ကျောင်းပို့ရ၊ ပညာအမျိုးမျိုးကို သင်ကြရ၊ သင်္ခါရက္ခန္ဓာအတွက်နဲ့ အမျိုးမျိုးပြုရ ပြင်ရနဲ့ ဒီခန္ဓာငါးပါးပဲ လှည့်ပြီးကျွန်ခံနေကြရတယ်၊ အားလပ်ခွင့်ကလေးများ ရကြသေးရဲ့လား။ အားလပ်ခွင့်ရမရ ဆိုတာ ရူပက္ခန္ဓာတစ်ခုတည်းကိုပဲ ကျေနပ်အောင် ကျေကုန်အောင် အခွန်မဆက်နိုင်ကြပါဘူး၊ သဘောပါကြရဲ့လား။ ဒကာတို့မှာ သူ့အတွက်နဲ့ပဲ မပြီးနိုင်ကြဘူး။
ရူပက္ခန္ဓာက နုတဲ့အဝတ်အထည်ကလေးကို ဝတ်ချင်တယ်ဆိုတော့ ဝယ်ပေးလိုက်ရ၊ ဝေဒနာက္ခန္ဓာက ကောင်း တဲ့အစာ အရသာရှိတဲ့အစာကလေးမှ စားချင်တယ်ဆိုပြန်တော့ ရှာကြံဖန်တီးပေးလိုက်ရနဲ့ သူတို့ကျွန် လှည့်ခံနေရတာ ပဲ။ အဲဒီလိုအလိုလိုက် အကြိုက်ဆောင်ပြီး ပြုရစုရပေမယ့် ပြုကျိုး,စုကျိုး နပ်ပါရဲ့လား။ အမျိုးမျိုး ကျွန်ခံပေးရပေမယ့် အို,နာ,သေက မရပ်ဘူး။ အိုဖို့,နာဖို့,သေဖို့ သူ့သဘာဝအတိုင်း အရောက်ပြေးနေတာပဲ၊ အိုရက်,နာရက်က သေဘက် ပြေးနေတာပဲ ရှိတယ်။
အဆိပ်ပင် ခန္ဓာကြီးရထားလို့
ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ အခု ဘယ်အခြေဘယ်အနေ ရောက်နေကြပလဲ။ အဆိပ်ပင် ခန္ဓာကြီးရထားလို့ မကောင်းသီး မကောင်းပွင့် မျိုးစုံနေကြပြီ။ မကောင်းတဲ့ အသီးအပွင့်စုံလို့ သားပူ, သမီးပူ ဆွေပူမျိုးပူ ပစ္စည်းပူစတဲ့ အပူမျိုးစုံတွေ ဒုက္ခမျိုးစုံတွေ ဝိုင်းဝိုင်းလည်နေကြပြီး မြင်ကြရဲ့လား။ အခုနေမှာ မပြင်နိုင်မဆင်နိုင်ကြရင်ဖြင့် နောက် လည်းပဲ အပူသီး အပူပွင့်တွေပဲ လာဦးမှာပဲဆိုတာ မှတ်လိုက်ကြ။
ခန္ဓာဒုက္ခပင်ကြီးက လက်ရှိဖြစ်နေလေတော့ အခုလည်း အပူမျိုးစုံ ဒုက္ခမျိုးစုံနဲ့၊ နောက်နားကျလည်း တွေ့ရ ဦးမှာပဲ၊ ရိပ်မိကြရဲ့လား။ သောက, ပရိဒေဝ, ဒုက္ခ, ဒေါမနဿ, ဥပါယာသတွေ ဇရာ ဗျာဓိ မရဏ၊ အို,နာ,သေဘေးတွေ အဲဒီအသီးအပွင့်တွေက ကျက်သရေနည်းနည်းမှ မရှိပါဘူး၊ သုသာန်သွားမယ့်ဟာတွေပဲ၊ သဘောပါကြရဲ့လား။ လူမြင် မကောင်းလို့ အလောင်းထုတ်ပြီး သချုႋင်းကုန်းစွန့်ရမယ့်ဟာတွေပဲ လာဖို့ကျန်တော့တယ်၊ ကျေနပ်ပလား။
အဲဒီလိုဖြစ်ရတာ ဘာကြောင့်လဲ။ တဏှာရေလောင်းမိတဲ့အတွက်ကြောင့်ပဲဆိုတာ မှတ်ကြတော့၊ ရိပ်မိပလား။ တဏှာရေလောင်းလို့ ဒီအဆိပ်ပင် ခန္ဓာပင်ပေါက်ရတာ၊ တဏှာရေ ဘာကြောင့်လောင်းမိသလဲ။ မသိတဲ့အဝိဇ္ဇာကြောင့် ပဲ။ ဘာကြောင့်မသိသလဲဆိုတော့ နှလုံးသွင်းမှားလို့ပဲ။ အယောနိသော မနသိကာရဆိုတဲ့ နှလုံးသွင်းမှားမှုဟာ ဘယ် လောက်အပြစ်ကြီးသလဲဆိုတာ ပေါ်ကြပလား။
ယောနိသော မနသိကာရ ဖြစ်မှ ဝိဇ္ဇာဖြစ်မယ်
ဒကာတို့တတွေ မှားပြစ်က ပြင်လို့မရဘူး၊ ဒုက္ခအသီးအပွင့်တွေ အခုလည်းသီးတုန်း ပွင့်တုန်း၊ နောက်လည်းပဲ ဒီကမျိုးစေ့ကျပြီး အပင်ပေါက်ဦးမယ်၊ ရိပ်မိကြရဲ့လား။ ပေါက်ပြီးပြန်တော့ သီးဦးပွင့်ဦးမယ်၊ ကောင်းနိုင်စရာ မမြင် တော့ဘူး။ အခုလက်ရှိ ခန္ဓာအသီးအပွင့်တုံးအောင် “ယောနိသော မနသိကာရ”လိုတယ်၊ အယောသိသောက ယောနိသောဖြစ်အောင်ပြင်မှ ဒုက္ခအသီးအပွင့်တုံးမယ်။ ဒါကြောင့် “ယောနိသော မနသိကာရ” ဖြစ်အောင် ကြိုးစား ရမယ်။
ဒကာ,ဒကာမတို့ “ယောနိသော မနသိကာရ”ဖြစ်မှ ဝိဇ္ဇာဖြစ်မယ်၊ ဝိဇ္ဇာဖြစ်ရင် တဏှာအခင်မလာဘူး။ တဏှာပြင်ပြီးသား အလောဘဖြစ်မယ်။ အဲဒါမှ ဒုက္ခခန္ဓာပင် ပျောက်မယ်ဆိုတာမှတ်လိုက်ကြ၊ ရှင်းကြရဲ့လား။ ဒီဒုက္ခ ခန္ဓာပင်ကို ဉာဏ်နဲ့မြင်အောင် ကြည့်ပေးရမယ်၊ ခန္ဓာမှာ ရှာကြည့်လိုက်တော့ တစ်နေ့တခြား ဆွေးမြေ့ကုန်ခန်းပြီး ငယ်မှုတွေပျောက် ငယ်မူငယ်ရုပ်တွေပျောက်ပြီး ရွတ်တွထိုင်းမှိုင်း ကိုင်းချိလာတာတွေကို တွေ့ရမယ်။
အတွင်းမှာလည်း သောကမီး, ပရိဒေဝမီး, ဒုက္ခမီး, ဒေါမနဿမီး စတဲ့မီးအမျိုးမျိုးတွေ အမြဲတစေ လောင် မြိုက်နေကြတယ်၊ နောက်ဆုံး အဲဒီကပြီးပြန်တော့ မရဏမီးကြီး အလောင်ခံရ။ နောက် အပါယ်ခန္ဓာမျိုးစေ့ကျရမယ်၊ မြင်ကြရဲ့လား။ ခန္ဓာ့သဘော အမှန်လမ်းစဉ်ဟာ ဒါတွေပဲရှိတယ်၊ မပြင်ရင် ဒီလမ်းစဉ်ပဲ အမြဲတမ်းလျှောက်နေရမယ် ဆိုတာ သံသယမရှိကြနဲ့၊ ရိပ်မိကြရဲ့လား။
”အယောနိသော မနသိကာရ”ဆိုတဲ့ နှလုံးသွင်းမှားမှုမြေပေါ်မှာ အဝိဇ္ဇာဆိုတဲ့ မသိမှုမျိုးစေ့ကိုစိုက်ပြီး တဏှာ ဆိုတဲ့ ခင်မင်မှုကို ရေဆိုးရေပုပ်တွေ သွန်းလောင်းမိတဲ့အတွက် ဟော…အခု ဒုက္ခခန္ဓာ အဆိပ်ပင်ကြီးပေါက်လာ ပြီး အသီးအပွင့်တွေ သီးပွင့်လာခဲ့တယ်။ အခု အသီးအပွင့် ဒုက္ခအစုလည်း လက်ရှိ၊ နောက်အသီးအပွင့် ဒုက္ခအစုတွေ ကလည်း ကျန်သေးတယ်၊ လာလိမ့်ဦးမယ်။ အဲဒါ နှလုံးသွင်းမှားမှု အရင်းခံလက်ချက်ပဲ။
ကိုယ့်အကြောင်း ကိုယ်သိအောင် ဉာဏ်နဲ့တွေးကြ
ဒကာ,ဒကာမတို့ ကိုယ့်အကြောင်း ကိုယ်မသိကြဘူး၊ သိအောင်လုပ်ကြ၊ ကိုယ့်အကြောင်း ကိုယ်သိအောင် ဉာဏ်နဲ့တွေးကြ၊ မတွေးရင် မသိဘူး။ ကိုယ့်အကြောင်းမှကိုယ်မတွေးရင် အလွန်မသိတဲ့သူပဲ၊ မတွေးလို့ မသိတဲ့သူဆိုရင် ဖြင့် အလွန်မိုက်တဲ့သူပဲဆိုတာ ဆုံးဖြတ်ချက်ချကြ၊ သဘောပါရဲ့လား။
ကိုယ့်အကြောင်းကိုယ် သိသူဖြင့် ဒီအဆိပ်ပင်တော့ ပေါက်လာပြီ၊ ဒီအပင်က နောက်ထပ်ပြီး အဆိပ်သီးမသီး ဖို့ ဒီအပင်မျိုး နောက်ထပ်ပေါက်အောင် မပြုပြင်တော့ဘူး။ ဒီအပင်ကိုဖြင့် မခင်တော့ဘူးဆိုပြီး ဒီအဆိပ်ပင်ကို သေ စေချင်တယ်၊ သေစေချင်တော့ မြေဆိုးလည်းမခင်ဘူး၊ မျိုးစေ့ညံ့လည်း မချတော့ဘူး၊ ရေဆိုးတွေလည်း မလောင်းတော့ ဘူး၊ မလောင်းတော့ အဆိပ်ပင်မပေါက်လာတော့ဘူး၊ မြေမရှိ, မျိုးစေ့မရှိ၊ ရေမလောင်း အပင်မပေါက်တော့ တစ်ခါ တည်း အဆိပ်မျိုး ဒုက္ခဇာတ်သိမ်းတော့တာပဲ၊ ကျေနပ်ပလား။
ဒကာ,ဒကာမတို့ ကောင်းမွန်တဲ့ယောနိသော မနသိကာရမြေရှိရင် ဝိဇ္ဇာမျိုးစေ့ကျပြီး အလောဘရေကို လောင်းလိုက်တော့ အဆိပ်ခန္ဓာပင်မျိုးပြုတ်တယ်။ အဲဒါ…နိဗ္ဗာန်ပဲဆိုတာ မှတ်ကြ။ အလောဘ,က မလိုချင်တာ၊ မလိုချင်တော့ မဂ်လာတယ်။ မဂ်လာတော့ ခန္ဓာပင်ပေါက်ခွင့် မရတော့ဘူး။ ဒါကြောင့် “ယောနိသော မနသိကာရ” အရေးကြီးတယ်ဆိုတာ ရိပ်မိကြပလား။
အယောနိသော မနသိကာရကို ပြင်ဆင်ရမယ်။ သူတစ်ခုကိုပြင်ရင် ကျန်တဲ့သုံးခုပြင်ဖို့ မလိုတော့ဘူး။ ဒါကြောင့် ဒီတစ်ခုကိုဖြင့် အမြန်ဆုံးပြင်ပစ်ရမယ်။ သူ့ကိုပြင်မှ အဝိဇ္ဇာက ဝိဇ္ဇာဖြစ်မယ်။ အဝိဇ္ဇာရဲ့အမြစ်က “အယောနိသော မနသိကာရ”ပဲ။ ဒါကြောင့် ဒီအဝိဇ္ဇာရဲ့အမြစ်ကို ပထမဦးဆုံးဖြတ်ရမယ်ဆိုတာ မှတ်လိုက်ကြ။ ဒီအဓိပ္ပာယ်က “အဂုၤတ္ထိုရ် ပါဠိတော်”မှာ လာတဲ့အဓိပ္ပာယ်ပဲ။
သံသရာရှည်ခဲ့တာ ဘာကြောင့်လဲ
ဒကာ,ဒကာမတွေ သံသရာရှည်ခဲ့တာ ဘာကြောင့်လဲ။ နှလုံးသွင်းမှားခဲ့လို့ ရှည်ခဲ့တာပဲ။ သံသရာရှည်တာဟာ နှလုံးသွင်းမှားခဲ့လို့၊ မှားတော့ မဟုတ်တဲ့အဝိဇ္ဇာလာတယ်။ အဝိဇ္ဇာလာတော့ ရမ်းပြီး ခင်လိုက်တော့တာပဲ။ ခင်တဲ့တဏှာ လာတော့ ခန္ဓာပင်ပေါက်ပြီး ဒုက္ခအမျိုးမျိုးရောက်ပြီး သံသရာခရီးသည်အဖြစ်က မလွတ်နိုင်ခဲ့ကြဘူး။ သံသရာရှည် တယ်ဆိုတာ ပေါ့ပေါ့များမမှတ်ကြနဲ့ ဒုက္ခရှည်တာပဲ။
ရှင်အနုရာဓမထေရ်ဟာ ဖြစ်ပျက်တွေမြင်ပြီး တရားအားထုတ်ပေမယ့် မဂ်ဖိုလ်ကို မရနိုင်ဘူး။ ဘာကြောင့်လဲ ဆိုတော့ နှလုံးသွင်းမမှန်ရှာလို့ပဲ။ နှလုံးသွင်းမမှန်ရင် ဘယ်တော့မှ မဂ်ဖိုလ်မရဘူးဆိုတာ မှတ်လိုက်ကြ၊ ရှင်းကြရဲ့လား။ ဒါကြောင့် ဒကာ,ဒကာမတွေက အခုအချိန်မှာ မှန်အောင်ပြင်ကြရမယ်။ မပြင်လို့ မဖြစ်တော့ဘူးလို့သာ ဆုံးဖြတ်ချက် ချကြ။
ဒီအရေးဟာ အကြီးဆုံးသောအရေးပဲ၊ ဒီထက်ကြီးတဲ့အရေးဖြင့် မရှိတော့ဘူးလို့သာ မှတ်ကြတော့၊ သဘော ပါကြရဲ့လား။ ဒါဟာ သံသရာ့ရေသောက်မြစ်ပဲ။ ဒါကြောင့် ဒီသံသရာရေသောက်မြစ်ကို အမြန်ဆုံးဖြတ်ပစ်ဖို့ အရေး ကြီးတယ်။ သူ့ကိုမဖြတ်နိုင်သမျှ ဒုက္ခလက်စ ဘယ်အခါမှ မသတ်တော့ဘူး။
နှလုံးသွင်းမမှန်ခြင်းကြောင့် အဝိဇ္ဇာမသိမှုဖြစ်တယ်
ဒကာ,ဒကာမတို့ နှလုံးသွင်းမမှန်ခြင်းကြောင့် အဝိဇ္ဇာမသိမှုဖြစ်တယ်။ မသိခြင်းကြောင့် တဏှာခင်မင်မှု ဖြစ်တယ်။ ခင်မင်ခြင်းကြောင့် ဒုက္ခခန္ဓာအဆိပ်ပင်ကြီး ပေါ်လာရတယ်။ မြင်ကြရဲ့လား။ အဲဒီတော့ ဒုက္ခသံသရာ ဘယ်မှာဆုံးနိုင်ပါတော့မတုံး။ ခန္ဓာပင်ပေါက်လာတာက ဇာတိပိ ဒုက္ခသစ္စာ၊ နောက်ဆက်ပြီး ဇရာပိ ဒုက္ခသစ္စာ၊ ဗျာဓိပိ ဒုက္ခသစ္စာ၊ မရဏမ္ပိ ဒုက္ခသစ္စာ၊ ဒီကပြီးပြန်တော့လည်း ဇာတိပိဒုက္ခသစ္စာပဲ ပြန်ဆက်ရတာပဲ။ ဒုက္ခအဝိုင်းကြီး မှာ ပတ်ချာလည်နေရတယ်ဆိုရင် မှားမလား၊ မမှားတော့ဘူး၊ သဘောပါကြရဲ့လား။
မရဏဒုက္ခပြီးပြန်တော့ ဇာတိဒုက္ခထက် ပခုံးပြောင်းရပြန်တာပဲ။ တစ်ခါ, ဗျာဓိမရဏ ဒုက္ခဆက်ထမ်းဦး။ ဒီကပြီးတော့လည်း ဟိုဘက် ပဋိသန္ဓေဒုက္ခ ဆက်ထမ်းလိုက်ဦး။ ဒီကနေပြီး ဇရာခန္ဓာဆက်, ဗျာဓိခန္ဓာဆက်, မရဏ ခန္ဓာဆက်, ဒီကပြီးလည်း ဟိုဘက်ဇာတိခန္ဓာ ပြန်ထမ်းဦး။ ဒကာ,ဒကာမတို့ ဘယ်မှာကောင်းတာပါသေးတုံး။ သံသရာ့ ခရီးသည် လူဆင်းရဲကျွန်ဘဝကြီးပါပဲ၊ ရိပ်မိကြရဲ့လား။
ဒကာ,ဒကာမတို့ ဒုက္ခကင်းတဲ့အချိန် ဒုက္ခပြတ်တဲ့အခါများ ပါသေးရဲ့လား၊ မပါကြဘူး။ တစ်ဒုက္ခပြီး တစ်ဒုက္ခ၊ ဒုက္ခအဆက်မပြတ်တဲ့ “ဒုက္ခစက်ရဟတ်ကြီး” လည်နေတာပဲရှိတယ်။ သေချာကြပလား။ ဒါကြောင့် “သဂါထာဝဂ္ဂ သံယုတ်ပါဠိတော်” ဝဇိရာသုတ်မှာ…
ဒုက္ခမေဝ ဟိ သမ္ဘောတိ၊
ဒုက္ခ တိဋ္ဌတိ ဝေတိ စ။
နာညတြ ဒုက္ခာ သမ္ဘောတိ၊
နာညံ ဒုက္ခာ နိရုဇ္ဈတိ။ ။
ဒီလို အသေအချာ ဟောတော်မူခဲ့တာပဲဆိုတာ မှတ်လိုက်ကြ။ ရိပ်မိကြပလား။
ကူလီဝန်ထမ်းသမားတွေ
ဒကာ,ဒကာမတို့ ဒီကလွတ်ချင်တဲ့သူဆိုရင် လူတော်ပဲ၊ အင်မတန်တော်တဲ့လူပဲလို့သာ မှတ်ကြတော့။ အသိပညာ ရှိတဲ့သူမှသာ ဒီကလွတ်ချင်မှာ၊ မသိတဲ့သူကတော့ လူ့ခန္ဓာ, နတ်ခန္ဓာ, ဗြဟ္မာ့ခန္ဓာ ရ,ရပါလို၏ဆိုပြီး တောင်းယူနေဦးမှာ ပဲ။ အဲဒီလိုတောင်းတာဟာ သဘောအားဖြင့် ကူလီဝန်ထမ်းသမားတွေ “သပြေပန်း”ကလေးတွေ အိတ်ကပ်ထဲ ဆောင် ထားကြသလိုပဲ နေတယ်လို့သာ မှတ်ကြ။
သင်္ဘောကူလီတွေ ရထားကူလီတွေဟာ လပ်ကောင်းအောင် အထုပ်များများ ဝန်များများထမ်းရအောင်လို့ ဆိုပြီး အောင်ပန်းတစ်ခုအနေနဲ့ သပြေပန်းကလေးတွေကို အိတ်ထဲထည့်ပြီး ဆောင်ထားကြတယ်။ အဲဒါ ဝန်များများ ထမ်းရ, ပိုးရအောင်လို့ပဲ၊ နောက်ပြီး မြင်းလှည်းတွေမှာ ရှေ့ကပန်းကလေးတွေ တပ်ထားကြ။ အဲဒါလည်း ဝန်များများ သယ်ချင်ကြ၊ ထမ်းချင်ကြလို့ပဲ၊ ရိပ်မိကြပလား။
ဒကာတို့တတွေလည်း ဝန်များများထမ်းချင်ကြလို့ ကူလီဆုဝန်ထမ်းဆုချည်း တောင်းနေကြသလားလို့ မေးစရာ ရှိတယ်။ အခု ခန္ဓာဝန်ထမ်းရတာ ခြေခွင်နေကြပြီ၊ နောက်,ခြေခွင်ပြီး ပုံပုံကျအောင်လည်း ‘လဲ’ရဦးမယ်။ ဉာဏ်နဲ့မြင် အောင် ကြည့်ကြ။ အခုမတွေ့သေးပေမယ့် နောက်မကြာခင်တွေ့ရမယ်။ အိုကြည့်, နာကြည့်, သေကြည့်၊ ပင်ပန်းတာ ဆင်းရဲတာ ဒုက္ခရောက်တာ မပြောနိုင်အောင် ကြုံတွေ့ရမယ်၊ ရိပ်မိကြရဲ့လား။
အလွန်လေးတဲ့ဝန်ကိုမှ လေးမှန်းမသိ
ဒကာ,ဒကာမတို့ သူ့နာမည်နဲ့သူ ခန္ဓာငါးပါး ထမ်းနေကြရတယ်။ ဒီခန္ဓာကလည်း ဒုက္ခခန္ဓာ၊ ဒုက္ခသစ္စာခန္ဓာ ဆိုတော့ ထမ်းရတာမလွယ်ဘူး၊ လွယ်ကြရဲ့လား။ ဒကာတို့အထင်က ပေါ့ချင်ပေါ့နေဦးမှာပဲ။ အလွန်လေးတဲ့ဝန်ကိုမှ လေးမှန်းမသိ၊ နောက်ထပ်ထမ်းချင်လို့ တောင်းယူနေဦးမယ်ဆိုရင် ဒီထက်မိုက်ဖြင့် မရှိတော့ဘူးလို့သာ မှတ်ကြတော့။ သင်္ဘောကူလီတွေ သပြေပန်းဆောင်တဲ့ ဥပမာလိုပါပဲ။ ဒကာ,ဒကာမတွေ သင်္ဘောကူလီ ဝန်ထမ်းသမားများနဲ့ ထူးခြား သေးသလား။
ဒီခန္ဓာက မမြဲတဲ့အနိစ္စခန္ဓာ၊ ဆင်းရဲတဲ့ဒုက္ခခန္ဓာ၊ ကိုယ်သဘော ကိုယ့်ဆန္ဒအတိုင်းမဖြစ်တဲ့ အနတ္တခန္ဓာကြီး ပါ။ ကိုယ့်အထုပ် မဟုတ်ပါဘူး။ ခန္ဓာဝန်ထမ်းအလုပ်ဟာ ကူလီအလုပ်ပါပဲ။ အကောင်းကြီးလို့များ ထင်မနေလိုက် ကြနဲ့။ ကောင်းတာဆို တစ်ခုတလေမှမပါဘူးဆိုတာ သိကြတော့၊ မြင်ကြတော့လို့ သတိပေးလိုက်တယ်။
ဒကာတို့တတွေ အရင်က ဒီကူလီဆုကို တောင်းခဲ့တာတွေ ဒီဆုနဲ့ပြည့်နေကြပြီ၊ တောင်းလို့သာ ပြည့်နေကြ တာ၊ ဘယ်သူကတောင်းတာလဲဆိုတော့ တဏှာကလိုချင်လို့တောင်းတာ၊ ဘာလို့တောင်းတာလဲဆိုတော့ အမှန်မသိလို့ မသိတဲ့အဝိဇ္ဇာကြောင့် လိုချင်လို့တောင်းတာပဲ။ နောက်တစ်ခါ ဘာလို့မသိတာလဲဆိုပြန်တော့ နှလုံးသွင်းကမမှန်လို့ပဲ။ နှလုံးသွင်းမှားတဲ့ “အယောနိသော မနသိကာရ” အရင်းခံလို့ပဲ ရှင်းကြပလား။
နှလုံးသွင်းမမှန်တဲ့အပြစ်ဟာ ဘယ်လောက်ကြီးသလဲ
နှလုံးသွင်းမမှန်တဲ့အပြစ်ဟာ ဘယ်လောက်ကြီးသလဲ။ စဉ်းစားကြည့်ကြ။ လက်ရှိဝန်ထုပ်ကလေးက သေးလို့ ငယ်လို့ ဝန်ထုပ်ကြီးကြီးထမ်းချင်လို့ စကြာဝတေး မန္ဓတ်ဆုတောင်း နတ်,ဗြဟ္မာဆုတောင်း တောင်းယူနေကြတယ်။ အဲဒါ သာမညမမှတ်နဲ့၊ နှလုံးသွင်းမှားမှုနဲ့ ဝန်ထုပ်ကလေးကနေပြီး ဝန်ထုပ်ကြီးကြီးတောင်းနေတာပဲ။ “တပည့်တော် ဝန်ထုပ်ကြီးကြီး ထမ်းရပါလို၏”ဆိုပြီး ဘုရားရှေ့တော်မှာ နှလုံးသွင်းမှားနေကြတာ တော်ရောလား။
ဒကာတို့တတွေ မှားတာက ဒီပြင်နေရာမဟုတ်ဘူး။ ဘုရားကိုယ်တော်ကြီးရှေ့မှာ ဆုတောင်းတာဆိုတော့ ဒကာတို့ဟာ အလွန်ကိုဆိုးဝါးနေကြပြီ၊ ပေါ်ကြပလား။ အခုတောင် လက်ရှိရထားတဲ့ခန္ဓာက ဒုက္ခဒဏ်ရာ, ဒုက္ခဒဏ်ချက် တွေအပြည့်နဲ့ နေရတော့ ကျက်သရေမင်္ဂလာ မရှိကြဘူး၊ မြင်ကြရဲ့လား။ ဒီခန္ဓာက ဘယ်လိုထားလို့မှ မကောင်းဘူး၊ အမြဲတမ်းဖောက်ပြန်ရက်, ပျက်စီးချွတ်ယွင်းရက်ချည်း နေတာပဲ။
အိပ်ရာကောင်းကောင်းနဲ့ မွေ့ယာကလေး နူးနူးညံ့ညံ့နဲ့ ကောင်းကောင်းမွန်မွန် ကျကျနနထားပေမယ့် မရ ဘူး။ ဟိုဘက်စောင်းရ၊ ဒီဘက်ပြောင်းပေးရ အငြိမ်ကိုမနေရဘူး၊ အစားကောင်း အသောက်ကောင်း အမျိုးမျိုးတွေ ကျွေးပေမယ့်လည်း သူက ကိုယ့်အကြိုက်ကို တစ်ခုမှမဆောင်ရွက်ဘူး။ မစားရတော့ ဆာလို့၊ စားပြီးပြန်တော့ ဗိုက် တောင့်လို့-အောင်လို့ အစာမကျေလို့ ရင်ပြည့်လို့နဲ့ ဒုက္ခအမျိုးမျိုးရောက်ရ၊ အဲဒါ ဒဏ်ရာဒဏ်ချက်တွေပဲ။
ဒကာတို့တတွေ နောက်နောက်က အများကြီးလက်လွန်ခဲ့ကြပြီ။ အခုတစ်ခါ ဘုရားရှေ့တော်သွားပြီး မှားကြ ဦးမယ်ဆိုရင် ဘယ့်နှယ်များပြောရမတုံး။ မြေကြီးထဲတွင်းတူးပြီး မိုက်ဦးမယ့်သူတွေပဲလို့သာ ပြောဖို့ရှိတော့တယ်။ သဘောကျရဲ့လား။ ဘုရားဟောတော်မူတာက “လူ့ဘဝ, နတ်ဘဝ, ဗြဟ္မာဘဝဆိုတဲ့ ဘဝအထွေထွေဟာ မျက်စိတစ် မှိတ်မျှ ငါဘုရားကောင်းတယ်လို့ မဟောဘူး”တဲ့။ အဲဒါ အင်္ဂုတ္ထိုရ်ပါဠိတော်မှာ လာတယ်၊ ရိပ်မိကြပလား။ ဒကာတို့ တတွေက ဘုရားစကားတော်ကို အရွဲ့တိုက်နေမယ်ဆိုရင် “ဒေဝဒတ်မျိုးတွေလား”လို့ မေးဖို့ပဲရှိတော့တယ်။
တဏှာ ရေများများ လောင်းလိုက်တာပဲ
ဒကာတို့ဟာက ဘုရားရှေ့ ကျကျနနထိုင်ပြီး “အကြိမ်ကြိမ် ခံစားစံစားရပါလို၏”နဲ့ လုပ်နေကြတာ တဏှာ ရေများများ လောင်းလိုက်တာပဲ၊ တဏှာရေများများလောင်းမိတာ ဘာလို့လဲ၊ မသိလို့။ အမှန်အကန်မသိရှာလို့ပဲ။ မသိတာက ဘာကြောင့်လဲဆိုပြန်တော့ နှလုံးသွင်းမှားလို့ပဲ၊ ပေါ်ကြပလား။
အယောနိသော မနသိကာရက အရူး၊ အဝိဇ္ဇာက မမြင်တဲ့အကန်း၊ တဏှာက အရမ်းခင်တယ်၊ အရူးအကန်း မို့ အရမ်းခင်လိုက်တော့ ကမ်းမမြင်လောက်အောင် မှားချက် နာကြရတော့တာပဲ။ မှားချက်နာမှုနဲ့ အခု ဒုက္ခခန္ဓာကြီး ခွဲမရ ခွါမရဖြစ်နေကြပြီ၊ ပြေးမလွတ် ရုံးမလွတ် ဇွတ်ပေပြီး မခံချင်လည်းခံ, ခံချင်လည်းခံကြရတော့မှာပဲ။ အဲဒါ… နှလုံးသွင်းမှားချက် ဒဏ်ရာပဲ။
ဒါကြောင့် ယောနိသော မနသိကာရဖြစ်ဖို့လိုတယ်၊ နှလုံးသွင်းမှန်ရင် အဝိဇ္ဇာချုပ်၊ တဏှာချုပ်, ဒုက္ခခန္ဓာ လည်းချုပ် နိဗ္ဗာန်ရတာပဲ၊ အယောနိသောက စမိရင် အဆိပ်မျိုး အဆိပ်ပင် အဆက်ပြတ်စရာမရှိတော့ဘူး။ အခုအချိန် ကစပြီး နှလုံးသွင်းမှားတာ မှန်အောင်ပြင်ကြရမယ်၊ အရင်းခံ လက်သည်တရားကသူပဲ၊ အရင်းကျတဲ့တရားတစ်ခုကို ပြင်လိုက်ရင် ကျန်တာအကုန် ကိစ္စပြီးတယ်။
ဒကာ,ဒကာမတို့ နှလုံးသွင်းမှန်ဖို့ဆိုတော့ ကိုယ့်သန္တာန်မှာဖြစ်ပေါ်နေတဲ့ ဖြစ်စဉ်ကိုသိမှသာ မှန်မယ်၊ ဖြစ်စဉ် အမှန်ကို သိရအောင် အခုရှင်းပြီးပြပေးရမယ်၊ လေးလေးစားစားနဲ့ မှတ်ယူကြ။ ဒကာ,ဒကာမတို့ အခုတရားနာနေရင်း က ကိုယ့်မနောစိတ်ကလေးနဲ့ အာရုံပြုပြီး အိမ်ပြန်ကြည့်ကြစမ်း၊ ဒီလိုအိမ်ပြန်ပြီး တွေးကြည့်လိုက်တော့ အိမ်မှာ စိတ်မချစရာတစ်ခုခုကို တွေးမိမယ်။ ဥပမာ-အတွင်းပစ္စည်းသော်လည်းကောင်း၊ သား,သမီးသော်လည်းကောင်း တွေး မိမယ် ဆိုကြစို့။
အခုမှတွေးလို့ပေါ်လာတဲ့ ခန္ဓာငါးပါးပဲ
အဲဒီအခါမှာ ဟိုကအတွင်းပစ္စည်းလေးက ဓမ္မာရုံ၊ ဒီကမနောအကြည်နဲ့ သွားတိုက်လိုက်တော့ တွေးစိတ်ကလေး ပေါ်လာရတယ်၊ သဘောပါပလား။ ဓမ္မာရုံရယ်, မနောအကြည်ရယ် တည့်ပေးလိုက်တော့ တွေးစိတ်ပေါ်လာရတယ်။ အဲဒီမှာ နာမက္ခန္ဓာလေးပါးတွဲပြီး ပေါ်လာတာပဲ၊ ဘယ်မှာပေါ်တာတုံးဆိုတော့ ဟဒယဝတ္ထုပေါ်မှာ ပေါ်လာကြတာ၊ အားလုံးပေါင်းတော့ ခန္ဓာငါးပါးပဲ၊ ရှင်းကြရဲ့လား။
ဒီခန္ဓာငါးပါးဟာ အရင်ထဲကပေါ်နေတာလားဆိုတော့ မဟုတ်ဘူး၊ အခုပေါ်လာတာ၊ အခုမှတွေးလို့ပေါ်လာတဲ့ ခန္ဓာငါးပါးပဲ၊ ရှင်းကြရဲ့လား။ အခုပေါ်တဲ့အသစ် ခန္ဓာငါးပါး ဒါတွေဟာ ငါလား,သူလား၊ ယောက်ျားလား,မိန်းမလား လို့မေးရင် ဘာမှမပါဘူး၊ ခန္ဓာငါးပါး ဓမ္မသက်သက်ပဲ၊ အကြောင်းအကျိုးဆက်ပြီး ကျေးဇူးပြုလို့ပေါ်လာရတဲ့ ဓမ္မလေး တွေသက်သက်ပဲ၊ ပုဂ္ဂိုလ်,သတ္တဝါဆိုစရာ တစ်ခုမှမပါဘူး၊ သဘောပါကြပလား။
ဒီစကားကို တစ်ခါပြန်ပြီးပြောဦးမယ်၊ အခု တရားနာရင်းက အိမ်ပြန်ပြီး စဉ်းစားကြည့်လိုက်၊ သေတ္တာထဲမှာ ကျကျနနသိမ်းထားတဲ့ “အတွင်းပစ္စည်းအထုပ်ကလေး”ကို တွေးမိတယ်၊ အဲဒါကိုရှင်းပြမယ်၊ ဒကာ,ဒကာမတွေ စဉ်းစား ပြီး နာယူပါ၊ အဲဒီအတွင်းပစ္စည်း အထုပ်ကလေးက ဓမ္မာရုံ၊ သူ့ဆီကို မနောအကြည်နဲ့လှည့်လိုက်တော့ ေဩာ်… အတွင်းပစ္စည်းလေးပဲဆိုတဲ့ တွေးစိတ်ပေါ်လာတယ်။
”မနဉ္စ ပဋိစ္စ ဓမ္မေစ ဥပ္ပဇ္ဇတိ မနောဝိညာဏံ၊ တိဏ္ဏံ သင်္ဂတိ ဖဿော”။
ဒီတွေးစိတ်နောက်က ဒါလေးရှိတာကောင်းတယ်၊ အရေးဆိုရင် ဒါလေးပဲအားကိုးရမှာပဲတဲ့ ဆိုတော့…
”ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ၊ တဏှာပစ္စယာ ဥပါဒါန”။
“ရှေ့ရေးအတွက် ခက်မှာစိုးလို့”တဲ့ ပြောတတ်ကြတယ်
ဒါတွေလိုက်လာတယ်၊ ဟုတ်ကြရဲ့လား။ ကိုယ်လုပ်နေကျအလုပ်မို့ ကိုယ်တိုင်သိကြရမှာပါပဲ။ ဒကာတို့က ဒီအထုပ်ကလေးတော့ ဘယ်ကိစ္စပေါ်ပေါ် မဖျက်ဘူးတဲ့၊ ဘယ်အချိန်ကျမှ သုံးမှာလဲဆိုတော့ ခံတွင်းတွေပျက်ပြီး မစားနိုင်တဲ့အချိန်မျိုးရောက်ခါမှ သုံးမှာပဲတဲ့၊ ရိပ်မိကြရဲ့လား။ ဒကာကြီးတို့ဆို အခု ၇၀ ကျော်နေပြီ၊ စားပါတော့လား ဆိုတော့ “ရှေ့ရေးအတွက် ခက်မှာစိုးလို့”တဲ့ ပြောတတ်ကြတယ်။
ဒီအထုပ်ကလေးရှိနေတော့ ဒါလေးရှိနေသ၍ တဏှာကခင်တွယ်၊ ဥပါဒါန်ကစွဲလမ်း၊ ကာယကံက ခဏခဏ ဖွင့်ကြည့်၊ ဝစီက ငါ့ပူစရာမရှိဘူးတဲ့နဲ့ပြော၊ အဲဒါတွေဟာ နောက်ဘဝ အပါယ်ဇာတိရဖို့အတွက် ရိက္ခာစုနေတာပဲဆိုရင် လွဲပါ့မလား၊ မလွဲဘူး။ အပါယ်ရိက္ခာစုတာ ဆောင်းတာပဲလို့သာ မှတ်ကြ၊ ကျေနပ်ကြပလား။
ပထမတွေးလုံးပေါ်၊ နောက်သာယာတာပေါ်၊ နောက်စွဲလမ်းတဲ့ ဥပါဒါန်ပေါ်၊ ဒီအထဲမှာ ငါဆိုတာပါသလား၊ မပါဘူး၊ သူဆိုစရာကောပါရဲ့လား၊ မပါဘူး။ ပုဂ္ဂိုလ်,သတ္တဝါဆိုစရာ ဘာတစ်ခုမှမပါပါဘူး။ ပရမတ္ထဓမ္မ ဒုက္ခသစ္စာတွေ ပေါ်တာပဲ၊ သဘောပါကြရဲ့လား။ ဒီကနေ နောက်ဆက်ပြီး ကံလာ,ဇာတိလာ,ဇရာ,မရဏ စတဲ့ဟာတွေပါ ဆက်တိုက် လာတော့တာပဲ။
အဲဒီတော့ “ဥပါဒါနပစ္စယာ ကမ္မဘဝေါ၊ ကမ္မဘဝပစ္စယာဇာတိ၊ ဇာတိပစ္စယာ ဇရာ၊ မရဏ၊ သောက၊ ပရိ ဒေဝ၊ ဒုက္ခ၊ ဒေါမနဿ၊ ဥပါယာသာ သမ္ဘဝန္တိ”။
ပဋိစ္စသမုပ္ပါဒ် ဓမ္မတွေပဲရှိတယ်
ဒီလိုပေါ်လာတာဟာ ပဋိစ္စသမုပ္ပါဒ် ဓမ္မတွေပဲရှိတယ်။ ဒီအထဲမှာ ငါ, သူတပါး, ယောက်ျား, မိန်းမဆိုတာ မပါဘူး။ အကြောင်းအကျိုးဆက်နေတဲ့ ဓမ္မသက်သက်တွေပဲ၊ အဲဒီလိုသိရင် နှလုံးသွင်းမှန်ပြီ။ ယောနိသော မနသိကာရ ဖြစ်ပြီဆိုတာ မှတ်ကြ။ ဒီလိုသိရင် နေရာကျပြီ။ မညံ့တော့ဘူးဆိုတာ ဆုံးဖြတ်ချက်ချကြ။
အာရုံဒွါရတိုက်ဆိုင်ရင် ဓမ္မတစ်မျိုးပဲပေါ်တယ်။ ပထမတွေးစိတ်၊ နောက် ဖဿ၊ နောက် ဝေဒနာ၊ နောက် တဏှာ၊ ဥပါဒါန်၊ ကံ။ ဒီနောက် ဒီဘဝစုတိ၊ စုတိပြီး ပဋိသန္ဓေ၊ နောက် ဒုတိယပဋိသန္ဓေလာမှာပဲဆိုပြီး ဉာဏ်နဲ့တွေး ရမယ်၊ ဒါတွေဟာ အာရုံနဲ့ဒွါရ တိုက်ဆိုင်လို့ အကြောင်းအကျိုးဆက်ပြီးပေါ်တဲ့ ဓမ္မတွေပဲလို့ တွေးရမယ်။ ဒီထဲမှာ ပုဂ္ဂိုလ်သတ္တဝါ မပါ။ ပဋိစ္စသမုပ္ပါဒ် ဓမ္မတွေပဲ၊ တစ်ခုပေါ်တစ်ခုချုပ်၊ တစ်ခုဖြစ် တစ်ခုပျက်၊ ဒီအတိုင်း လှည့်နေတဲ့ သဘောမျှပဲ။ ဒါပဲလှည့်နေမှာပဲလို့ ဉာဏ်နဲ့တွေးကြ။
အခု ဒကာ,ဒကာမတွေကို “ခန္ဓာဝဂ္ဂသံယုတ်ပါဠိတော်”မှာလာတဲ့ “ရှင်အနုရာဓမထေရ်”ဝတ္ထုကို ထုတ်ပြော ရမယ်။ နှလုံးသွင်းမှားမှုနဲ့ မှန်မှု ခြားနားချက်ကို ပေါ်လွင်အောင်ပြလိမ့်မယ်လို့ မှတ်ကြ။ မြတ်စွာဘုရားသခင် ဝေသာ လီပြည် မဟာဝုန်တောမှာ သီတင်းသုံးနေတော်မူတဲ့အခါ ဖြစ်တယ်။ အဲဒီအခါမှာ အနုရာဓဆိုတဲ့ရဟန်းကလည်း ဒီတောမှာပဲ ဘုရားနဲ့ မနီးမဝေး ကျောင်းကလေးတစ်ကျောင်းမှာ နေထိုင်လျက်ရှိတယ်။
ပြဿနာလေးချက်ကို တိတ္ထိတွေက မေးမြန်းလိုက်တယ်
အဲဒီလိုနေတဲ့အခါ တစ်နေ့မှာတော့ တိတ္ထိပရိဗိုဇ် ရဟန်းများစွာတို့ဟာ အဲဒီရှင်အနုရာဓထံကို ဝင်လာကြပြီး စကားစမြည်း ပြောဆိုနှုတ်ဆက်ကြနဲ့ နောက်ဆက်ပြီး ရှင်အနုရာဓကို ပြဿနာလေးချက် မေးမြန်းကြတယ်။ အဲဒီ မေးတဲ့လေးချက်က ဘယ်လိုလဲဆိုတော့ တိတ္ထိတွေက-
ငါ့ရှင် အနုရာဓ။
သတ္တဝါသေရင် ဖြစ်သေးသလား။
သတ္တဝါသေရင် မဖြစ်တော့ဘူးလား။
သတ္တဝါသေရင် ဖြစ်ချည်တစ်လှည့် မဖြစ်တစ်လှည့်လား။
သတ္တဝါသေရင် လုံးဝမဖြစ်ဘူး၊ နောက်မှဖြစ်တယ်ဆိုမလား။
အဲဒီပြဿနာလေးချက်ကို တိတ္ထိတွေက မေးမြန်းလိုက်တယ်။ ဒီနေရာမှာ ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ သိထားဖို့က “သတ္တဝါသေရင် ဖြစ်သေးသလား”လို့ တိတ္ထိတွေက မေးတဲ့အထဲမှာ သတ္တဝါဆိုတာကို မပါဘူး။ ဓမ္မဖြစ်ပြီး ဓမ္မပျက်တာပဲရှိတယ်။ ဒါကိုသိရင် ငါသေစရာလည်းမရှိဘူး၊ ငါသေပြီး ဘာဖြစ်မှာတုံးဆိုတာလည်း လုပ်ဖို့မရှိဘူး၊ ဒကာ,ဒကာမတွေ ရိပ်မိကြရဲ့လား။
ဓမ္မဖြစ်၍ ဓမ္မပျက်တာပဲရှိတယ်လို့ အမှန်အကန်သိထားရင် သတ္တဝါသေရင် မဖြစ်တော့ဘူးလား၊ ဖြစ်ချည် တစ်လှည့် မဖြစ်ချည်တစ်လှည့်လား။ လုံးဝမဖြစ်ဘူး၊ နောက်မှဖြစ်တယ်ဆိုမလား ဆိုတဲ့မေးခွန်းတွေ လာစရာမရှိတော့ ဘူး။ ဘာမှဆိုစရာ မရှိဘူးလို့သာမှတ်ကြ၊ ရှင်းကြပလား။ တစ်သံသရာလုံးမှာ ဓမ္မတွေတန်းလာတာပဲ ရှိတယ်။ ဒီပြင် ဘာမှမရှိဘူး၊ သဘောပါကြရဲ့လား။
အဲဒီလို အနုရာဓကို တိတ္ထိတွေကမေးတော့ ရှင်အနုရာဓက “ဘုရားက ဒီအယူမယူပါဘူး”လို့ ဖြေလိုက်တယ်။ ဒီလိုဖြေလိုက်ပေမယ့် သူ့ဉာဏ်ထဲမှာ မရှင်းဘူး။ သူကိုယ်တိုင်က မရှင်းတော့ ဒီလောက်ပဲ အဖြေပေးနိုင်တယ်။ အဲဒီလို ဖြေတော့ တိတ္ထိတွေက “ဒီကိုယ်တော်က ငယ်သေးတယ်၊ ရဟန်းဖြစ်တာ မကြာသေးဘူး။ မလိမ္မာသေးဘူး၊ အမိုက် ကလေးပဲ ရှိသေးတယ်”လို့ ပြစ်တင်စွပ်စွဲပြောဆိုပြီး ပြန်သွားကြတယ်။
သူ့မှာ သံသယဖြစ်လာတယ်
အဲဒီလိုနဲ့ တိတ္ထိတွေပြန်သွားတော့ သူ့မှာ သံသယဖြစ်လာတယ်၊ “သတ္တဝါ ရှိလေသလား”တဲ့၊ သတ္တဝါသေပြီး နိဗ္ဗာန်သွားသေသလားတဲ့။ သူ့မှာ ဝိစိကိစ္ဆာလာတယ်။ ဘာကြောင့်လဲဆိုတော့ ဒိဋ္ဌိမပြုတ်သေးလို့ လာတာပဲဆိုတာ မှတ်ကြ။
ဒါနဲ့ သူကစဉ်းစားတယ်။ သူတို့ နောက်တစ်ခါလာမေးရင် ခက်လိမ့်မယ်၊ မဖြေတတ်လို့မှားရင် ဘုရား,တရား စွပ်စွဲရာကျမယ်။ ဒီအကြောင်း ဘုရားလျှောက်ဦးမှပဲလို့ စဉ်းစားပြီး ဘုရားထံဝင်ပြီး အကြောင်းစုံလျှောက်ထားတယ်။
ဒကာ,ဒကာမတို့ အနုရာဓဟာ ဘုရားနဲ့လည်းကပ်နေတာပဲ။ ဝိပဿနာဖြစ်ပျက်တွေလည်း လုပ်နေတာပဲ။ ဒါပေမဲ့ သူ့မှာ ဒိဋ္ဌိ ဝိစိကိစ္ဆာကရှိနေတယ်။ ဒိဋ္ဌိဝိစိကိစ္ဆာမပြုတ်လို့ မဂ်, ဖိုလ်ကို မရနိုင်ရှာသေးဘူး။ ဒါကြောင့် ဘုန်း ကြီးတို့ ဒကာ,ဒကာမတွေကို သတိပေးရတယ်။
အားထုတ်မှုကို နောက်ထား၊ ဒိဋ္ဌိ ဝိစိကိစ္ဆာဖြုတ်မှုကို ရှေ့ထားကြဖို့ ခန္ဓာပဋိစ္စသမုပ္ပါဒ်ကို အရင်ရှင်းဖို့ အရေးကြီးတယ်ဆိုတာ မှတ်လိုက်ကြ၊ အနိစ္စ ဒုက္ခ အနတ္တရှုမှုကို နောက်ထား၊ ပဋိစ္စသမုပ္ပါဒ်ရှင်းမှုကို ရှေ့ ထားကြ၊ သဘောပါကြပလား။
အဲဒါနဲ့…အနုရာဓရဟန်းဟာ ဘုရားရှင်ထံသွားပြီး အကြောင်းမျိုးစုံကို လျှောက်ထားလိုက်တယ်။ “တပည့် တော်မှာ ဒီလိုအကြောင်းနဲ့ မရှင်းမလင်းဘဲဖြစ်နေလို့ အဖြေပေးပါဦး”လို့ဆိုပြီး လျှောက်ထားမေးမြန်းလိုက်တယ်လို့ မှတ်ကြ။ အဲဒါ…သူ့ဉာဏ်ထဲမှာ မရှင်းလို့ပဲဆိုတာ ပေါ်ကြပလား။ ဒီတော့ ဘုရားရှင်လက်ထက်တော်မှာကိုပဲ မလွယ် ပါလား။ ဒီအရေးဟာ လွယ်ကူတဲ့အရေး မဟုတ်ပါကလားဆိုတာ ရိပ်မိကြပလား။ ဒိဋ္ဌိဝိစိကိစ္ဆမပြုတ်ရင် မလွယ်ဘူး လို့သာ မှတ်ကြ။
ရှေးရှေးတုန်းက ပုတီးစိပ်နေကြတယ်
ဒကာတို့တတွေ ရှေးရှေးတုန်းက အနိစ္စအမြဲမရှိ၊ ဒုက္ခဆင်းရဲခြင်း၊ အနတ္တကိုယ်မဟုတ်ဆိုပြီး ပုတီးစိပ်နေကြ တယ်။ အဲဒါ ရမ်းပြီးစိပ်နေကြတာပဲ ရှိတယ်။ အနိစ္စ ဒုက္ခ ရမ်းပြီးစိပ်နေရင် ဘာမှမဟုတ်ဘူးဆိုတဲ့သဘောပဲ။ ဥပမာ ကျောင်းဝင်းထဲရှိ ကြက်ကို စွန်ကကုတ်တော့ ကြက်မပါဘဲနဲ့ အမှိုက်ကလေးတစ်စ မြက်ကလေးတစ်ပင် ပါသွားတယ် ဆိုတော့ အဲဒီမြက်ပင်ပါတဲ့ ကုသိုလ်လောက်ပဲဆိုတာ မှတ်လိုက်ကြ၊ ရှင်းကြပလား။
ဒါကြောင့် အခု ဘုန်းကြီးကညွှန်ပြပေးတဲ့ အတိုင်းသာ တန်းတန်းမတ်မတ်လိုက်ကြ၊ ဒီလမ်းစဉ်အတိုင်းလိုက် ပါမှ ကိုယ်လုပ်သလောက် အားထုတ်ကြိုးစားသလောက် အကျိုးရကြမယ်၊ အခု အစကပြခဲ့တဲ့ အဓိပ္ပာယ်ကိုဆက်ရ မယ်။
မနောအကြည်က ဓမ္မာရုံဘက်လှည့်လိုက်တော့ တွေးစိတ်ကလေးပေါ်လာတယ်။ ဒီနောက် ဖဿ, ဝေဒနာ, တဏှာ, ဥပါဒါန်, ကမ္မဘဝ၊ ဒီနောက် ဒီဘဝနောက်ဆုံး စုတိ၊ စုတိပြီး နောက်ဘဝ ပဋိသန္ဓေ၊ ပဋိသန္ဓေက ဘာပဋိသန္ဓေ တုံးဆိုတော့ အပါယ်ပဋိသန္ဓေ ရှင်းကြရဲ့လား။
ဒီအထဲမှာ ဓမ္မတွေချည်းပဲ၊ ဓမ္မပြီး ဓမ္မ, ဓမ္မပြီး ဓမ္မနဲ့ ခန္ဓာဓမ္မ အစဉ်တွေချည်းပဲ။ ငါ, သူတပါး, ယောက်ျား, မိန်းမ, ပုဂ္ဂိုလ်, သတ္တဝါဆိုစရာ ဘာတစ်ခုမှမပါဘူး။ ရှင်းကြရဲ့လား။ ဒီသဘောအဓိပ္ပာယ်ကို သိဖို့လိုတယ်။ ဉာဏ်နဲ့ ကျကျနန သိကြရမယ်။ ဒါကိုသိရင် နှလုံးသွင်းမှန်ပြီ။ “ယောနိသော မနသိကာရ”ဖြစ်ပြီ။ ဒါဟာ အရေးကြီးတဲ့အချက် ပဲဆိုတာ မှတ်ကြ၊ ယောနိသော မနသိကာရဖြစ်ရင် အဝိဇ္ဇာချုပ်ပြီး ဝိဇ္ဇာလာ, တဏှာချုပ်၊ အလောဘ,လာ ခန္ဓာဒုက္ခပါ အကုန်ချုပ်၊ ချုပ်ရင် နိဗ္ဗာန်ပဲ၊ ရိပ်မိကြပလား။
ခန္ဓာဓမ္မတွေက… ဒုက္ခသစ္စာ။
အဝိဇ္ဇာ တဏှာက… သမုဒယသစ္စာ။
ခန္ဓာနဲ့ ကိလေသာချုပ်တဲ့နေရာပေါ်တာက… နိရောဓသစ္စာ။
ဝိဇ္ဇာက… မဂ္ဂသစ္စာ။
ဒကာ,ဒကာမတွေ သဘောပါကြပလား။ တရားက မဆုံးသေးဘူး၊ မနက်ဖြန်မှ ဆက်ကြစို့။
ကိုင်း…ဒီတွင်ပဲ တော်ကြဦး။
