မြေပုံပျောက်ကွယ် ချာချာလယ် တရားတော်
နိဗ္ဗာန်မြေပုံ
၁။ နိဗ္ဗာန်။
၂။ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ။
၃။ ယောနိသော မနသိကာရ။
၄။ သုညတ ဓမ္မသဝန။
ဆောင်ပုဒ်
ထောက်ပြန်ခံစား၊ မှတ်သားပြုပြင်၊ သိဝိညာဉ်၊ ငါးအင်လက္ခဏာ။
သူ့သဘောမူ၊ သူဆောင်သူ၊ ငါသူဆိတ်သုဉ်းကွာ။
မိမိကိစ္စ၊ ရွက်ဆောင်ကြ၊ ဓမ္မသဘာဝါ။
ရုပ်နာမ်ဓမ္မ၊ သုညတ၊ ဖြစ်ကြပျက်သုဉ်းရှာ။
ခန္ဓငါးတွင်၊ ရှုဉာဏ်ဝင်၊ စိတ်စဉ်ဆယ့်တစ်ဖြာ
တစ်ခုမရှိ၊ တစ်ခုရှိ၊ သတိထက်ချပ်ကာ။
ဖြစ်ပေါ်ချုပ်ကြ၊ သုညတ၊ အနိစ္စဉာဏ်စိုက်ရာ။
ဉာဏ်မြင်များမြောက်၊ မုန်းဉာဏ်ပေါက်၊ ဆုံးရောက်နိဗ္ဗာနာ။
သတိချပ်
ဒိဋ္ဌိမည်နက်၊ သံသာစက်၊ မပျက်ထက်ချပ်ပါ။
ဖြူခွင့်မကြုံ၊ ဝဋ်သုံးဘုံ၊ မျောတုံမြှုပ်နစ်ခါ။
ဒိဋ္ဌိတန်းလန်း၊ နပ္ပကမ်း၊ နစ်မွမ်းပါယ်လေးရွာ။
ခန္ဓာငါးရပ်၊ ဝိညာဏ်ကပ်၊ မပြတ်ရှုကြည့်ရာ။
သုညတမြင်၊ ငါသူထင်၊ ကွာစင်သက္ကာယာ။
အပျက်မြင်က၊ သဿတ၊ ကွာပချုပ်စဲမှာ။
ဒိဋ္ဌိလွတ်ကင်း၊ ရှုမှတ်လျှင်း၊ ဖြုတ်ချဉ်းနိဗ္ဗုတာ။
ဒိဋ္ဌိစွဲတွေ၊ ရှုမှတ်နေ၊ မဂ်ခြေဝေးသည်သာ။
တရားသား
နိဗ္ဗာန်ဆိုတာ
ဒကာ,ဒကာမတို့ ဒီကနေ့ မနေ့ကတရားအဆက်ကို ဆက်ပြီးပြောရမယ်၊ မနေ့က နိဗ္ဗာန်သွားမြေပုံကို ပြတဲ့ တရား ဟောခဲ့ပြီ၊ မှတ်မိကြရဲ့လား။ နိဗ္ဗာန်သွားဖို့ဆိုတော့ အဲဒီနိဗ္ဗာန်ဆိုတာ ဘယ်လိုဟာလဲမေးရင် ဒုက္ခခပ်သိမ်း ဆင်းရဲခပ်သိမ်း ကင်းငြိမ်းရာ တစ်ထောင့်ငါးရာ ကိလေသာအပူဇာတ်သိမ်းရာဟာ နိဗ္ဗာန်ပဲဆိုတာ မှတ်ထားကြ။ ဒုက္ခကြောက်သူ၊ ဆင်းရဲကြောက်သူမှန်သမျှ နိဗ္ဗာန်ကို အရောက်သွားကြရမယ်။
နိဗ္ဗာန်ဆိုတာ အဆိုးတစ်ခုမှမပါဘူး။ အကောင်းချည့် စုနေတာဟာ နိဗ္ဗာန်ပဲ၊ ရိပ်မိကြပလား။ အဲဒီအလွန် ကောင်းမြတ်တဲ့ အလွန်ချမ်းသာအေးမြလှတဲ့ နိဗ္ဗာန်ကိုရချင်ပါတယ်, ရောက်ချင်ပါတယ်ဆိုရင် သူ့ကိုမူတယ်ထား၊ သူ့ကို မူတယ်ထားပြီး ရောက်ရာလမ်း ရောက်နိုင်တဲ့လမ်းကို ရှာကြရမယ်၊ သဘောပါပလား။ ရောက်ရာလမ်းကို မတွေ့ရင် မရောက်နိုင်ဘူး။ လမ်းမှန်ဆိုတာက အမြင်မှန်တဲ့လမ်း၊ ဒီအမြင်မှန် လမ်းမတော်မျိုးနဲ့မှ ရမယ်။
ဒကာ,ဒကာမတို့ နိဗ္ဗာန်နဲ့အနီးဆုံးဟာ ဘယ်သူလဲ။ ဘယ်တရားလဲဆိုတော့ သမ္မာဒိဋ္ဌိအမြင်မှန်တရားနဲ့၊ သမ္မာသင်္ကပ္ပ အမြင်မှန်ကိုပြတတ်တဲ့တရား၊ ဒီနှစ်ခုပဲဆိုတာ မှတ်ရမယ်၊ အဲဒီတော့…နိဗ္ဗာန်ကို ဒီနှစ်ခုရမှသာ ရောက်မယ်။ ဒီနှစ်ခုမှမရရင် မရောက်ဘူးလို့သာ ဆုံးဖြတ်ချက်ချကြ၊ ရှင်းကြပလား။ သမ္မာဒိဋ္ဌိနဲ့ သမ္မာသင်္ကပ္ပ၊ သူတို့ နှစ်ခုက ခွဲလို့မရဘူး။ အမြဲတွဲနေတယ်။ တွဲနေတဲ့တရားနှစ်ခုဆိုတာ မှတ်ကြ။
သမ္မာဒိဋ္ဌိက မျက်လုံး၊ သမ္မာသင်္ကပ္ပက မျက်မှန်
သမ္မာဒိဋ္ဌိက မျက်လုံး၊ သမ္မာသင်္ကပ္ပက မျက်မှန်နဲ့တူတယ်။ သူတို့နှစ်ခုဟာ ပညာမဂ္ဂင်ချည်းပဲ၊ ပညာမဂ္ဂင်ချင်း မို့ ခွဲမရဘူးလို့မှတ်ကြ၊ သဘောပါပလား။ အခုပြောတဲ့စကားဟာ “သမ္မာဒိဋ္ဌိသုတ်”မှာ လာတဲ့စကားပဲဆိုတာ မှတ်ရ မယ်၊ ကျေနပ်ပလား။ ကိုင်း…နိဗ္ဗာန်သွားမြေပုံကို အလုပ်ပါပြရမယ်၊ အလုပ်နဲ့တွဲပြမှ ရှင်းမယ်။
သမ္မာသင်္ကပ္ပဆိုတဲ့ ဒီအကြံနဲ့ သမ္မာဒိဋ္ဌိဆိုတဲ့ ဒီဉာဏ်ကိုရမှ ဒီနှစ်ခုကိုရမှသာ ဒီနှစ်ခုကို ပြည့်စုံမှသာ နိဗ္ဗာန် ကိုရမယ်။ ဒီနှစ်ခုပြည့်စုံချင်ရင် တရားနာပြီး နှလုံးသွင်းမှန်ရမယ်။ သဘောပါကြရဲ့လား။ တရားမနာဘဲ နှလုံးသွင်း မမှန်ဘဲနဲ့တော့ သမ္မာဒိဋ္ဌိမဖြစ်ဘူးဆိုတာ မှတ်ကြ။ သမ္မာဒိဋ္ဌိမဖြစ်ရင်လည်း ဘယ်တော့မှ နိဗ္ဗာန်ကိုမရနိုင်ဘူးဆိုတာ ဆုံးဖြတ်ချက်ချကြ။ ရှင်းပလား။
ဒကာ,ဒကာမတို့ ဒီသဘောတရားတွေဟာ တစ်ခုနဲ့တစ်ခု အကြောင်းအကျိုးဆက်ပြီးနေတယ်။ အစကိုရမှ အလယ်ရမယ်၊ အလယ်ရပြီးမှလည်း အဆုံးကိုရနိုင်မယ်။ ဥပမာဆိုရင်…က,ကြီး ခ,ကွေး မရဘဲနဲ့ ကကြီးရေကကို တက်လို့မရသလိုပဲဆိုတာ မှတ်လိုက်ကြ။ ရိပ်မိကြပလား။
တရားနာဖို့ဆိုတာ တရားကလည်း သုညတတရားကိုနာမှ၊ တရားတိုင်းကို ဆိုတာမဟုတ်ဘူး။ ဘာတရားလဲ။ ဘယ်လိုတရားလဲ။ သုညတတရား၊ ရှင်းကြပလား။ ခန္ဓာထဲမှာ အမှန်အရှိဖြစ်တဲ့ ရုပ်နဲ့နာမ်, ရုပ်ဓာတ် နာမ်ဓာတ် ပရမတ်တွေ၊ အဲဒါတွေကိုချုံးလိုက်ရင် “ဒုက္ခသစ္စာတွေပဲ”လို့ ဟောပြတဲ့တရား၊ အဲဒါမျိုးမှသာ ပုဂ္ဂိုလ်သတ္တဝါမဟုတ် မှန်းသိပြီး အမြင်မှန်ရောက်မယ်၊ သဘောပါကြပလား။
သုညတမြင်မှ ဒိဋ္ဌိစင်မယ်
အဲဒီတရားမှ ပုဂ္ဂိုလ်သတ္တဝါ ဆိတ်သုဉ်းတဲ့ သုညတတရားပဲဆိုတာ မှတ်လိုက်ကြ။ ဒကာ,ဒကာမတွေ ရိပ်မိ ကြပြီ၊ အခုပြောတာ မနေ့ကဟောခဲ့တဲ့တရားကို နည်းနည်းထပ်ပြီး ဖြည့်ပေးတာ၊ ဖြည့်စွက်ပေးတဲ့စကားပဲလို့ မှတ်ရ မယ်။ နိဗ္ဗာန်ကိုရချင်ရင် ရောက်ချင်ရင် သုညတတရားကိုနာမှသာ ရနိုင်ရောက်နိုင်မယ်။ ဘာ့ကြောင့်လဲလို့ဆိုတော့ တစ်သံသရာလုံး ဒိဋ္ဌိကြီးစိုးလာလို့ပဲ။ ဒီတော့…သုညတမြင်မှ ဒိဋ္ဌိစင်မယ်၊ ဒိဋ္ဌိစင်မှ နိဗ္ဗာန်ရမယ်။ ကျေနပ်ကြပလား။
ဒကာ,ဒကာမတွေမှာ သံသရာတစ်လျှောက်လုံး ဒိဋ္ဌိအစွဲနာလာကြတယ်၊ ဒိဋ္ဌိအစွဲဒဏ်ချက်က မသေးဘူး၊ ဒီတော့ ဒိဋ္ဌိအမြင်နဲ့ ပုဂ္ဂိုလ်သတ္တဝါထင်၊ ငါ, သူတပါး, ယောက်ျား, မိန်းမထင်,ထင်ပြီး အစွဲနာနေတယ်၊ ပေါ်ကြပလား။ အဲဒီလိုပုဂ္ဂိုလ်သတ္တဝါထင်သမျှ ဒိဋ္ဌိမစင်ဘူးဆိုတာ မှတ်ကြတော့၊ ပုဂ္ဂိုလ်သတ္တဝါထင်ရင် သုညတမမြင်ဘူး၊ သုညတ မမြင်ရင် ဘယ်တော့မှ ဒိဋ္ဌိမစင်ဘူး၊ ဒိဋ္ဌိမစင်သမျှ နိဗ္ဗာန်မရကြဘူးဆိုတာ ဆုံးဖြတ်ချက်ချ။
ဒကာ,ဒကာမတို့ ဒါကြောင့်…သုညတတရားလည်း နာရမယ်၊ တရားနာပြီး နှလုံးသွင်းကလည်း မှန်ကန် ရမယ်၊ နောက်တစ်ချက်က အမြင်မှန်နဲ့ အကြံကောင်းဖြစ်အောင်လည်း လုပ်ရမယ်၊ ဒီသုံးမျိုးပြည့်စုံမှ နိဗ္ဗာန်ရမယ်၊ ရှင်းကြပလား။ ဒီတော့…ဆုတောင်းဖို့ရာ ဘာမှမလိုတော့ဘူး၊ အလုပ်လုပ်ဖို့သာ လိုတော့တယ်ဆိုတာ ပေါ်ကြပလား။
နိဗ္ဗာန်သွားမြေပုံမှန်ပဲ
ဒကာ,ဒကာမတို့အတွက် ဒီမြေပုံအရေးကြီးတယ်။ ဒါဟာ နိဗ္ဗာန်သွားမြေပုံမှန်ပဲ။ ဒါကိုမှမသွားတတ်ရင်, မသွားချင်ရင် ရေ,ဟူသမျှ ဒကာတို့နစ်ဖို့, မျောဖို့, မြုပ်ဖို့၊ မီးဟူသမျှ ဒကာတို့ကိုလောင်ဖို့, မြိုက်ဖို့၊ ဘုံတွေဟာ ဒကာ တို့ အသေသွားဖို့ဆိုတာ မှတ်ကြ၊ မြေပုံပျောက်ရင် ရောက်ချင်ရာရောက် ကချင်တဲ့ချောက်ထဲ ကျရမယ်ဆိုတာ စိတ်သာချ ကြ။
သမထဆရာနဲ့တွေ့တော့ မသာကြီးချဖို့ ဗြဟ္မာပြည်ရောက်၊ ဒိဋ္ဌိဆရာနဲ့တွေ့တော့ အပါယ်ရောက်နဲ့ ပြေးပေါက် မတွေ့ရတော့ဘူး၊ ရိပ်မိကြရဲ့လား။ ဒကာ,ဒကာမတို့ သုညတပျောက်ရင် ဒိဋ္ဌိရောက်မယ်၊ ဒိဋ္ဌိရောက်ရင် ငါ့ကိုယ်, ငါ့ဟာဆိုပြီး အပါယ်ရောက် အပါယ်ဘုံသွား၊ အဲဒီတော့…သုညတတရားကို အပျောက်ခံလို့ ဖြစ်ပါ့မလား။ သုညတ တရားကိုဖြင့် ဘယ်နည်းနဲ့မှ အပျောက်ခံလို့မဖြစ်တော့ဘူး၊ ဘယ်အချိန်မှာမှ လက်လွတ်ထားလို့ မဖြစ်တော့ဘူးဆိုတာ ဆုံးဖြတ်ချက်ချကြ။
ဒကာ,ဒကာမတို့ သုညတတရားဟာ အလွန်ပဲ အရေးကြီးပါတယ်၊ ရိပ်မိကြပလား၊ သုညတကလည်း တရား နာပြီး နှလုံးသွင်းမှန်ဦးမှ ရမယ်၊ ဒါကြောင့် အင်္ဂါသုံးချက်လုံးဟာ အရေးကြီးတာချည်းပဲဆိုတာ မှတ်ထားကြ၊ သဘော ပါကြရဲ့လား။ သုညတကလည်း ပထမလောကီသုညတဖြစ်အောင် ကြိုးစားရမယ်။ လောကီသုညတဖြစ်မှသာ လောကုတ္တရာ သုညတရောက်မယ်။ ရှင်းကြရဲ့လား။
လောကီသုညတ လောကုတ္တရာသုညတ
ဒီနေရာမှာ ထူးခြားချက်ကို မှတ်ထားရမယ်၊ လုံးရပ်သဏ္ဌာန်, စတဲ့ အမြင်ပျောက်မှ လောကီသုညတ၊ လုံးရပ် သဏ္ဌာန်, စသည်ကင်းရင်လောက်၊ ပုဂ္ဂိုလ်, သတ္တဝါ, ပျောက်မှ လောကုတ္တရာသုညတ,ကို ရောက်မယ်၊ ဒကာ,ဒကာမ တို့ တစ်နံပါတ်က ရုပ်,နာမ်သာရှိတယ်၊ အဲဒါ…လောကီသုညတ၊ နှစ်နံပါတ်က ရုပ်,နာမ်မရှိ၊ ပုဂ္ဂိုလ်,သတ္တဝါမရှိ၊ အဲဒါ…လောကုတ္တရာသုညတ၊ ရှင်းကြပလား။ အဲဒီလိုထူးတာကို မှတ်ထားကြ။
နိဗ္ဗာန်တွေ့ချင်ရင် သုညတအစ တွေ့အောင်ရှာရမယ်။ သုညတအစတွေ့ရင် နိဗ္ဗာန်လမ်းစတွေ့တာပဲ။ အစ မှမတွေ့ရင် နိဗ္ဗာန်မတွေ့ဘူးဆိုတာ မှတ်ထားကြ၊ ဒကာ,ဒကာမတို့တတွေ ရှေးကလည်း ခန္ဓာငါးပါး, အာယတနဆယ့် နှစ်ပါး, ဓာတ်တစ်ဆယ့်ရှစ်ပါးပဲ၊ အခုလည်း ဒီဓမ္မအစဉ်တွေ ဖြစ်ပျက်နေတာပဲရှိတယ်။ ရုပ်က ဖောက်ပြန်တယ်။ ဝေဒနာက ခံစားတယ်၊ သညာက မှတ်သားတယ်။ သင်္ခါရက ပြုပြင်စီမံတယ်၊ ဝိညာဏ်က သိတယ် ကြံတယ်။
အဲဒီလို သူ့သဘောလက္ခဏာနဲ့ သူပဲ၊ သူ့အလုပ်နဲ့သူ၊ ဒီဓမ္မတွေထဲမှာ ပုဂ္ဂိုလ်လည်းမပါ။ သတ္တဝါလည်းမပါ။ ငါသူဆိုတာလည်း မပါဘူး၊ သူ့ကိစ္စနဲ့သူမို့ ပုဂ္ဂိုလ်သတ္တဝါ ရောလို့ကိုမရဘူး။ သဘောပါကြရဲ့လား။ ဒီသဘော အမှန်ကို သိရင် ပုဂ္ဂိုလ်သတွာ ဆိတ်သုဉ်းသွားတဲ့ သုညတပဲ၊ ရှင်းကြရဲ့လား။ သူ့အလုပ်သူလုပ်လို့ ရုပ်ဓမ္မ နာမ်ဓမ္မတွေဟာ သုညတတွေပဲလို့ မှတ်ကြ။ သုညတဓမ္မတွေချည်းပဲ။
ဝိညာဏ်ဓမ္မက သိမှု အလုပ်ကို သူလုပ်နေတယ်
ဒီရုပ်,နာမ်သုညတ ဓမ္မတွေဟာ ပုဂ္ဂိုလ်,သတ္တဝါနဲ့ မဆက်သွယ်ဘူး။ ဒီအထဲမှာ ငါမပါ ငါ့ဥစ္စာမပါဘူး၊ ငါ, သူတပါးမှ ဆိတ်သုဉ်းနေတဲ့သဘောပဲ။ ဒီလိုသိရင် သုညတဆိုက်တာပဲ။ သဘောပါကြပလား။ ဝိညာဏ်ဓမ္မက သိမှု အလုပ်ကို သူလုပ်နေတယ်။ သိမှုကိုလုပ်နေတာဟာ ဓမ္မကလုပ်နေတာ။ သိမှုလုပ်တဲ့အထဲမှာ ပုဂ္ဂိုလ်,သတ္တဝါ, ငါ,သူ မပါဘူး။ ဒါကိုသိရင် သုညတဆိုက်တာပဲ။ ရှင်းကြရဲ့လား။
ဒီလိုသိရတာ ဘာကြောင့်သိရတာလဲ။ ရိပ်မိကြရဲ့လား။ ဒီလိုသိရတာ “တရားနာပြီး နှလုံးသွင်းမှန်ကန်လို့ပဲ” ဆိုတာ မှတ်ကြ။ တရားနာပြီး နှလုံးသွင်းမှန်မှသာ သုညတဆိုက်မယ်ဆိုတာ ပေါ်ကြပလား။ ဒကာ,ဒကာမတို့ နိဗ္ဗာန် ကို အရောက်သွားချင်ရင် ဒီသုညတတရားက စပြီးဆွဲရမယ်၊ သုညတက စပြီးဆွဲမှသာ နိဗ္ဗာန်ရောက်နိုင်မယ်၊ သုညတ ဆိုက်မယ်ဆိုတာ ဒိဋ္ဌိဖြုတ်လိုက်တာပဲ။ သဘောပါကြပလား။
သုညတမဆိုက်ရင် ငါ ငါ့ဥစ္စာဝင်တာပဲ။ ငါ ငါ့ဥစ္စာဝင်လာရင် ဒိဋ္ဌိအစွဲနာပြီ။ ဒါကြောင့် သုညတမဆိုက်ရင် နိဗ္ဗာန်ကိုမရနိုင်တော့ဘူး။ ဘာကြောင့်လဲဆိုတော့ အကန့်အကွက်တွေ အများကြီးပါနေလို့ပဲဆိုတာ မှတ်လိုက်ကြ။ အဲဒါကြောင့် သုညတဟာ ဘယ်လောက်အရေးကြီးတယ်၊ အရေးပါတယ်ဆိုတာ ထင်ရှားပလား။ ရှေးကဒကာ,ဒကာမ တို့သန္တာန်မှာ ဒိဋ္ဌိအမဲကွက်ကြီးနဲ့ပဲ သံသရာလည်ခဲ့ကြရတယ်။ ဖြူတဲ့အခါ ဘယ်မှာမှမရှိခဲ့ဘူးလို့သာ မှတ်ကြ။
ဓမ္မတွေအပြင် ဘာမှအပိုမပါဘူး
ဒိဋ္ဌိကွာလို့ ဖြူတဲ့အခါပါခဲ့ရင် နိဗ္ဗာန်ရောက်တာ ကြာလှပြီ၊ ဖြူတဲ့အခါမပါလို့ အခုထိ နိဗ္ဗာန်မရောက်ကြသေး တာဆိုတာ ကျေနပ်ပလား။ ဒါကြောင့် ရုပ်တွေ့ရင် ရုပ်လို့မှတ်၊ ဝေဒနာတွေ့ရင် ဝေဒနာ၊ သညာတွေ့ရင် သညာ။ သင်္ခါရတွေ့ရင် သင်္ခါရပဲ။ စိတ်တွေ့တော့ စိတ်ပဲလို့သာမှတ်ကြ၊ မှတ်မိကြပလား။ ရုပ်ဓမ္မတွေ၊ ဝေဒနာဓမ္မတွေ စတဲ့ ဓမ္မ အမျိုးမျိုးတွေသာ လှည့်ပြီးပေါ်နေမှာပဲ။ ဓမ္မတွေအပြင် ဘာမှအပိုမပါဘူး။ ဒီဓမ္မတွေကို မြင်အောင်ကြည့်တတ် ရမယ်၊ ပေါ်လာတဲ့အခါမှာ ဪ…ဓမ္မသဘောတွေပဲ။ ငါလည်းမဟုတ်၊ ပုဂ္ဂိုလ်သတ္တဝါတွေဆိုတာလည်း ကြားမညှပ် ပါကလားလို့ သိရမယ်။
ဒကာ,ဒကာမတို့ သုညတတို့တွေ့ရင် နိဗ္ဗာန်မရောက်မှာမပူနဲ့တော့၊ ရောက်မှာသေချာတယ်လို့သာ မှတ်လိုက် ကြ၊ ဒကာ,ဒကာမတွေ နိဗ္ဗာန်မြေပုံကော မှတ်မိကြမလား။ တစ်,နှစ်,သုံး နိဗ္ဗာန်မြေပုံ မပျောက်ကြစေနဲ့၊ ဒီမြေပုံကို မြဲမြဲမှတ်ပြီး ကိုင်ထားကြ။ အခု ဝိပဿနာဉာဏ်ထွင်းပုံကို ပြောပြမယ်။ သုညတဆိုက်အောင် သွင်းပြမယ်။ သုညတ မဆိုက်ဘဲ ဝိပဿနာရှုနေရင် ဒိဋ္ဌိခံနေလို့ မရနိုင်ဘူး။
ဘုရားရှင်က “ခန္ဓာငါးပါးပေါ်မှာ ဒိဋ္ဌိကစွဲနေရက်နဲ့ ဝိပဿနာမရှုရဘူး။ ဒိဋ္ဌိစွဲရက်နဲ့ ဝိပဿနာရှုနေရင် မဂ်,ဖိုလ်ကို မရနိုင်ဘူး”ဆိုတဲ့အဓိပ္ပာယ်ကို “ခန္ဓဝဂ္ဂသံသုတ်၊ အနုရာဓသုတ်”မှာ အသေအချာ ဟောထားခဲ့တယ်၊ သဘောပါကြပလား။ ဒါကြောင့် ပထမဆုံး သုညတဆိုက်အောင်လုပ်ဖို့ အရေးကြီးတယ်၊ သုညတဆိုက်ပြီး ရုပ်ပဲ၊ ဝေဒနာပဲ၊ စိတ်ပဲ စသည်အားဖြင့်သိရင် သက္ကာယပြုတ်တယ်။
အပျက်ကိုမမြင်ပြန်ရင်လည်း သဿတက ဝင်ငြိဦးမယ်
ရုပ်,ဝေဒနာ စသည်သိပြီး အပျက်ကိုမမြင်ပြန်ရင်လည်း သဿတက ဝင်ငြိဦးမယ်။ ရုပ်,ဝေဒနာ စသည်လည်း သိပါမှ ဒီတရားတွေရဲ့အပျက် (အနိစ္စ)ကိုလည်းမြင်ပါမှ နိဗ္ဗာန်ရနိုင်မယ်။ ပထမ သက္ကာယပြုတ်ဖို့၊ ဒုတိယ သဿတ ဒိဋ္ဌိပြုတ်ဖို့ အရေးကြီးတယ်။ အဲဒါတွေပြုတ်မှ နိဗ္ဗာန်ရမယ်ဆိုတာ မှတ်ကြ၊ ရှင်းကြရဲ့လား။ ဒကာ,ဒကာမတို့ ဒါကြောင့် ခန္ဓာငါးပါးထဲက တစ်ပါးပါးပေါ်မှာပဲ၊ ပေါ်လာရင် ပေါ်တိုင်းပေါ်တိုင်း ကြည့်၊ ကြည့်ရင် သက္ကာယပြုတ်မယ်။
ဒီလိုပေါ်လာတဲ့ ခန္ဓာငါးပါးတွေကလည်း ပေါ်ပြီးတိုင်းပျက်ကြမှာပဲ၊ ပေါ်လာလိုက် ပျက်သွားလိုက်နဲ့ အနိစ္စ အခြင်းအရာကိုပြကြမယ်။ သူတို့က အနိစ္စပြရင် အနိစ္စပဲလို့ သိလိုက်သွားရမယ်။ ဒါကြောင့် ခန္ဓာဓမ္မလေးတွေ ပျက်, ပျက်သွားတဲ့အခါမှာ ပျက်တိုင်းပျက်တိုင်း ဉာဏ်ကရှုပေး၊ ဒီလိုရှုပေးရင် သဿတပြုတ်မယ်၊ သဘောပါကြပလား။
ဒါကြောင့်…ခန္ဓာငါးပါးပေါ်တိုင်း ပေါ်တိုင်းကြည့်၊ ကြည့်လို့ ပုဂ္ဂိုလ်,သတ္တဝါ,ငါ,သူမပါ ဓမ္မသဘောသက်သက် သာပဲဆိုတာ သိရင် သက္ကာယပြုတ်ပြီ၊ ဒီဓမ္မသဘောတွေဟာလည်း ဖြစ်လာပြီးပျက်သွား၊ ဖြစ်လာ ပျက်သွားနဲ့ မမြဲတဲ့ အနိစ္စသဘောကို မြင်အောင်ရှုပေး၊ ဒီလိုရှုလို့ အပျက်သဘောကိုမြင်ရင် သဿတစင်ပြီ။ အဲဒီလိုစင်မှသာ မဂ်ဖိုလ် နိဗ္ဗာန် ရနိုင်တယ်၊ ရှင်းကြပလား။
စိတ္တာနုပဿနာ ကို ပြလိမ့်မယ်
ကိုင်း…အခု ဘုန်းကြီးက သုညတဆိုက်အောင် ရှင်းပေးရမယ်။ သတိပဋ္ဌာန်းလေးပါးထဲက စိတ္တာနုပဿနာ ကို ပြလိမ့်မယ်ဆိုတာ မှတ်ကြ။ ဥပမာဆိုရင် မျက်လုံးထဲမှာ မြင်စိတ်ပေါ်လာတယ်ဆိုတော့ မြင်တာဟာ မြင်စိတ်က မြင်တာ၊ ပုဂ္ဂိုလ်သတ္တဝါက မြင်တာမဟုတ်ဘူး၊ ရိပ်မိကြရဲ့လား။ နားထဲမှာ ကြားစိတ်ကလေးပေါ်လာတာလည်း ကြား စိတ်ကသာ ကြားတာပဲ။ ပုဂ္ဂိုလ်,သတ္တဝါက ကြားတာမဟုတ်ဘူး။ နံစိတ်ပေါ်လည်း ဒီအတိုင်း၊ စားစိတ်ပေါ်လည်း ဒီအတိုင်းပဲ၊ ရှင်းကြရဲ့လား။ ကိုယ်ပေါ်မှာလည်း ယားစိတ်,နာစိတ်,မနာစိတ် ဒီဟာငါးခုက အပြင်ဘက်မှာ ရှုရမယ့် စိတ်ငါးခု၊ ဧည့်သည်စိတ်ငါးခုလို့ မှတ်ထားကြ။
နောက်ပြီးတော့ တစ်ခါတရံ ဝမ်းထဲမှာ ဝမ်းသာတဲ့စိတ်, ဝမ်းနည်းတဲ့စိတ်, ဝမ်းသာဝမ်းနည်းကင်းတဲ့စိတ် အမျိုးမျိုးထဲက တစ်ခုခုလာမယ်။ ဒီသုံးခုကလည်း ဧည့်သည်ပဲ။ ဧည့်သည်က အတွင်းဧည့်သည်လို့မှတ်ကြ။ တစ်ခါတလေ အလောဘ, အဒေါသလည်း လာချင်လာမယ်။ ဒါလည်း အတွင်းဧည့်သည်ပဲ။ နှစ်ခုပေါင်းတော့ အပြင်ဧည့်သည်စိတ် က ငါးခု၊ အတွင်းဧည့်သည်ကလည်း ငါးခု၊ အားလုံး ဆယ်ခု။
အိမ်သည်စိတ်က ရှုစိတ်နဲ့ ရှိုက်စိတ် နှစ်ခု၊ အားလုံးပေါင်းတော့ ဒကာတို့ရှုစရာ (၁၂) ဆယ့်နှစ်ခုပဲရှိတယ် ဆိုတာ မှတ်ထားကြ။ ဘယ်စိတ်မရှိရှိ, သူတို့နှစ်ခု ရှုစိတ်-ရှိုက်စိတ်ဆိုတဲ့ အိမ်သည်နှစ်ခုကတော့ အမြဲရှိတယ်၊ ဒီနှစ်ခု မရှိရင် သေလို့ပဲဆိုတာ မှတ်ကြတော့။ ဒကာ,ဒကာမတို့ ရှုစရာ ဒီဆယ့်နှစ်မျိုးပဲ။ မှတ်ထားကြ။ ဒါကို သတိပဋ္ဌာန် စာအုပ် ကြည့်လို့မရဘူး၊ သွားမကြည့်နဲ့၊ ရိပ်မိပလား။
စိတ်တွေက ဖြစ်တဲ့အခါတော့ တစ်မျိုးပဲဖြစ်ရိုးရှိတယ်
ဒီစိတ်တွေက ဖြစ်တဲ့အခါတော့ တစ်မျိုးပဲဖြစ်ရိုးရှိတယ်။ နှစ်ခုပြိုင်ပြီးမဖြစ်ဘူး။ ဒီတော့ ရှုတဲ့အခါမှာ တစ်ခု ထဲကိုပဲ ရှုရမှာ၊ ရှင်းပလား။ “ဧကော ဓမ္မော ဘိက္ခဝေ ဘာဝိတော”ဆိုတဲ့အတိုင်း ပေါ်လာတဲ့တရားတစ်ခုပဲ အရေး ကြီးတယ်ဆိုတာ မှတ်ကြ၊ သောမနဿ, ဒေါမနဿ, ဥပေက္ခာစိတ်တွေဟာ အတွင်းဧည့်သည်စိတ်တွေပဲ၊ ဆယ့်နှစ်မျိုး ထဲက တစ်မျိုးထဲပဲပေါ်မယ်၊ နှစ်မျိုးမပေါ်ဘူး၊ ပေါ်လာတာမလွတ်အောင် ရှုပေးကြ၊ ရှင်းကြရဲ့လား။
ဒကာ,ဒကာမတို့ ပေါ်လာတဲ့စိတ်ကို သိစေရမယ်၊ ပေါ်လာတဲ့ဟာ “ဒါဘာစိတ်ပဲ” စသည်အားဖြင့် သိအောင် ဂရုစိုက်ရမယ်၊ ဘာစိတ်ပဲလို့သိရင် သက္ကာယပြုတ်မယ်။ ဒါသိရုံနဲ့ဆို သဿတကျန်သေးတယ်၊ သဿတပြုတ်ချင်ရင် ဝိပဿနာရှုရမယ်၊ သဿတ,က ဝိပဿနာရှုမှ ပြုတ်မယ်ဆိုတာမှတ်ကြ၊ ဝိပဿနာရှုတဲ့အခါကျတော့ ရုပ်ဓမ္မ, နာမ် ဓမ္မလေးတွေဟာ တစ်ခုပေါ်လာပျက်သွား, တစ်ခုပေါ်လာပျက်သွားနဲ့ ဖြစ်,ဖြစ်ပြီး ပျက်,ပျက်သွားတာကို တွေ့ရမြင်ရ မယ်။
အဲဒီလိုဖြစ်ပေါ်လာပြီး ပျက်သွားတာမြင်မှ ဝိပဿနာဖြစ်တယ်။ အဲဒီလိုမြင်တော့ ဉာဏ်က “ဪ…ပေါ် လာတဲ့တရားဟာ ငါမဟုတ်ပါကလား၊ ငါမဟုတ်လို့ ပျက်သွားတာပဲ”လို့ ဆုံးဖြတ်ချက်ချနိုင်တယ်၊ သဘောပါပလား၊ အဲဒီလိုဉာဏ်နဲ့ဆုံးဖြတ်ပြီး ငါမဟုတ်မှန်းသိရင် သက္ကာယဒိဋ္ဌိပြုတ်ပြီဆိုတာ မှတ်လိုက်ကြ။ အဲဒီမှာ ဓမ္မလေးတွေ ပျက်, ပျက်သွားတာမြင်လို့ သိလို့လည်း သဿတပါပြုတ်တယ်။
အပွားများရင် အပယ်နဲ့ဖြုတ်နိုင်မယ်
ဒကာ,ဒကာမတွေ ကျေနပ်ပလား၊ ဝိပဿနာဟာ ဘယ်လောက်ကျေးဇူးများတယ်ဆိုတာ ပေါ်ကြပလား။ ဒီဒိဋ္ဌိတွေအသိနဲ့ပြုတ် အပွားနဲ့ပြုတ် ပြုတ်ကုန်တော့ နိဗ္ဗာန်နဲ့ အတော်နီးသွားပြီ၊ မဝေးတော့ဘူး၊ ကပ်နေပြီ၊ ကြိုးစား လိုက်ရင် တစ်ထစ်ပဲကျန်တော့တယ်၊ အပွားများရင် အပယ်နဲ့ဖြုတ်နိုင်မယ်။ ဒီပယ်ပြီးဖြုတ်ဖို့ တစ်ထစ်ပဲလိုတော့တယ် ဆိုတာ မှတ်ကြ။ သဘောပါပလား။
ဒကာ,ဒကာမတို့ မှတ်မိကြပလား။ ရုပ်,နာမ်အဖြစ်ကိုမြင်ရင် သက္ကာယပြုတ်တယ်၊ ရုပ်,နာမ်အပျက်ကို မြင် ရင် သဿတပြုတ်တယ်၊ ရုပ်,နာမ်အဖြစ်အပျက်ကိုမြင်တော့ ဒိဋ္ဌိနှစ်ခုလုံးပြုတ်တယ်။ ဒါကြောင့် “ဖြစ်ပျက်”မှတပါး ရှုစရာမရှိဘူး။ ဖြစ်ပျက်ကိုရှုကြလို့ ဘုန်းကြီးကပြောတာပဲ။ ရိပ်မိကြပလား။
ဝမ်းထဲမှာ ဝိပဿနာဉာဏ်ငါးခုထားပြီး ရှုကြ။ အဲဒီငါးခုနဲ့ ပေါ်လာသမျှဖြစ်ပျက်ရှု၊ မြင်စိတ်ပေါ်လာ၊ ဖြစ်ပြီး ပျက်သွား၊ ကြားစိတ်ပေါ် ဖြစ်ပြီးပျက်, ပေါ်လာသမျှ မဂ္ဂင်ငါးပါးရှိတဲ့ မဂ်နဲ့ရှုပေး၊ မဂ်နဲ့ရှုပေးတော့ အပျက်နဲ့မဂ်နဲ့ ကိုက်သွားတယ်၊ ရှေ့ကဖြစ်ပျက်၊ နောက်ကမဂ်၊ ရုပ်နာမ်ကဖြစ်ပျက်၊ ရှုတဲ့ဉာဏ်က မဂ်ပဲ၊ သဘောပါကြပလား။ ဒီမဂ် ကလေးတွေဟာ သက္ကာယနဲ့ သဿတဖြုတ်နေတာပဲ။ သာမညများ မမှတ်နဲ့၊ အပါယ်သွားမယ့်တရားနှစ်ခုကို ဒီမဂ်က ဖြုတ်နေတာပဲ။
မြင်စိတ်ကဖြစ်ပျက်၊ ရှုတာက မဂ်
ဒကာ,ဒကာမတို့ မြင်စိတ်ပေါ်လာ၊ ဉာဏ်က ဖြစ်ပေါ်ရှုလိုက်၊ ရှုလိုက်တော့ မြင်စိတ်ကဖြစ်ပျက်၊ ရှုတာက မဂ်ဖြစ်သွားတာပဲ၊ သဘောပါကြရဲ့လား။ ဖြစ်ပေါ်လာတာလည်း စက္ခုဝိညာဏ် မြင်စိတ်၊ ပျက်သွားတာလည်း ဒီမြင် စိတ်ပဲ၊ ဒီစိတ်ကလေးဟာ ပုဂ္ဂိုလ်, သတွာမဟုတ်လို့သာ ပျက်စီးသွားတာပဲ။ ဖြစ်လာပြီး ပျက်မသွားနဲ့လို့ တားလို့ဆီးလို့ မရဘူး။ သူ့သဘာဝအတိုင်း ဖြစ်လာပြီး ပျက်သွားတာပဲ။ ဒီသဘောကလေးဟာ ပုဂ္ဂိုလ်အလိုမပါ။ သတ္တဝါအကြိုက် မလိုက်မပါ,ပါကလားလို့ သိရတယ်။ အဲဒီလိုသိတာဟာ ‘သုညတ’မြင်တာပဲ။
ဓမ္မလေးတွေဖြစ်လာပြီး ပျက်သွား, ဖြစ်လာပြီးပျက်သွားနဲ့ ရှုတဲ့ဉာဏ်က ဖြစ်လာပြီးမရှိဘူး, ဖြစ်လာပြီး မရှိ ဘူးနဲ့ သိသိနေရမယ်။ အဲဒီလိုဉာဏ်ကမရှိဘူး မရှိဘူးလို့ သိတာမြင်တာဟာ သုညတမြင်တာပဲလို့ မှတ်ကြ။ သုညတ မြင်တယ်ဆိုတာ ဖြစ်ပေါ်လာတဲ့တရားလေးတွေ ပျောက်,ပျောက်သွားတာ ပေါ်တဲ့နေရာတွင် သုညတဖြစ်,ဖြစ်သွားတာ ကို မြင်တာပဲ။ အဲဒီလိုမြင်ရင် သုညတအမြင်ပဲ၊ ရှင်းပလား။
ဒကာ,ဒကာမတို့ မြင်စိတ်ကလေးဟာ မြင်ပြီးဝမ်းသာတယ်၊ သဘောကျတာ မြင်ရတော့ မြင်စိတ်နောက်က ဝမ်းသာစိတ်လိုက်လာတယ်၊ အဲဒီဝမ်းသာစိတ်ကလည်း ဖြစ်ပြီးပျက်သွားပြန်တာပဲ၊ အဲဒီဝမ်းသာစိတ်ကလေး ဖြစ်ပြီး ပျက်သွားတာကို ရှုတဲ့မဂ်ကမြင်တယ်၊ ရှုတဲ့မဂ်က နောက်ကကပ်ပြီးလိုက်လာတော့ ကိလေသာ ကြားမဝင်ဘူး၊ ကြား မဝင်တော့ မြင်စိတ်ဖြစ်ပျက်လည်းမြင်တယ်၊ ဝမ်းသာစိတ် ဖြစ်ပျက်ကိုလည်း မြင်တယ်၊ ရှင်းကြရဲ့လား။
အကြောင်းအကျိုးဆက်နေတာကိုမြင်ရင် ဥစ္ဆေဒဒိဋ္ဌိပြုတ်ပြီ
အဲဒီတော့ကား…မြင်တဲ့စိတ်က ကျေးဇူးပြုလို့ ဝမ်းသာ၊ ဝမ်းသာစိတ်ကလေးပေါ်လာရတယ်၊ မြင်စိတ်နဲ့ ဝမ်းသာစိတ် အကြောင်းအကျိုးဆက်ပြီး ပေါ်ခွင့်ပေးတာပဲ၊ ဒီလိုအကြောင်းအကျိုးဆက်နေတာ သိရပြန်တော့ ဥစ္ဆေဒ ဒိဋ္ဌိလွတ်တော့တာပဲ၊ မြင်စိတ်နဲ့ ဝမ်းသာစိတ် အကြောင်းအကျိုးဆက်နေတာကိုမြင်ရင် ဥစ္ဆေဒဒိဋ္ဌိပြုတ်ပြီဆိုတာ မှတ် ကြ။ ဒါ…ဒိဋ္ဌိသုံးမျိုးဖြုတ်လိုက်တာပဲ၊ ဖြုတ်နိုင်တဲ့နည်းပဲ၊ ကျေနပ်ကြပလား။
ဒကာ,ဒကာမတို့ နိဗ္ဗာန်ရောက်ချင်ရင် ပထမ ငါးပေလမ်းအတိုင်းလိုက်ရမယ်။ ငါးပေလမ်းပြီးရင် ရှစ်ပေ လမ်းသွားရင်းနဲ့ ရောက်မယ်၊ ရှစ်ပေလမ်းနင်းမိရင် နိဗ္ဗာန်ရောက်တော့တာပဲ။ ငါးပေလမ်းက မဂ္ဂင်ငါးပါးရှိတဲ့ ဝိပဿနာ လမ်း၊ ရှစ်ပေလမ်းက မဂ္ဂင်ရှစ်ပါးနဲ့ မဂ်ဆိုတာမှတ်ကြ။ သဘောပါကြရဲ့လား။
နိဗ္ဗာန်သွားချင်ရင် သုညတဆိုတဲ့ ငါးပေလမ်းက သွားမှဖြစ်မယ်၊ သို့မဟုတ်ရင် ဒိဋ္ဌိသုံးမျိုးခံနေမယ်၊ ခံနေရင် မရောက်နိုင်ဘူး။ ရှင်းကြရဲ့လား။ ငါးပေလမ်းက ဖြစ်ပျက်မြင်တဲ့လမ်း၊ ဖြစ်ပျက်မြင်ရင် ဒိဋ္ဌိသုံးမျိုးပြုတ်တော့တာပဲ၊ သူတို့သုံးခု ရှင်းလင်းပြီးသွားမှ နိဗ္ဗာန်ရောက်နိုင်တယ်ဆိုတာ မှတ်လိုက်ကြ။ သဘောပါကြပလား။
ကြားစိတ်ပေါ်လာလည်း ဖြစ်ပျက်ရှု၊ ရှုတော့ ကြားစိတ်ကဖြစ်ပျက်၊ ရှုတဲ့ဉာဏ်က မဂ်ဖြစ်သွားတယ်၊ အဲဒီတော့ သဿတ ဥစ္ဆေဒသက္ကာယ အကုန်ပြုတ်သွားတယ်၊ မဂ်ဝင်လိုက်တော့ နောက်လာမယ့် ကိလေသာတွေလည်း မလာ တော့ဘဲ အကုန်ချုပ်သွားတာပဲ၊ အဲဒါကြောင့် “ကိလေသာ မာရေန္တော နိဗ္ဗာနံ ဂစ္ဆတီတိ မဂ္ဂေါ” ကိလေသေ၊ ကိလေသာ တို့ကို။ မာရေန္တော၊ ပယ်သတ်လျက်။ နိဗ္ဗာနံ၊ နိဗ္ဗာန်သို့။ ဂစ္ဆတိ၊ သွားတတ်၏။ ဣတိ၊ ထို့ကြောင့်။ မဂ္ဂေါ၊ မဂ်မည်၏”လို့ ဆိုတာပဲ၊ ရိပ်မိကြပလား။
မဂ်က ကိလေသာတွေကိုသတ်ပြီး နိဗ္ဗာန်ကိုသွားတတ်တဲ့ သဘောရှိ
အဲဒီစကားအတိုင်း ကိလေသာတွေကို သတ်,သတ်ပြီး မဂ်က နိဗ္ဗာန်ကိုသွားတတ်တဲ့ သဘောရှိတယ်ဆိုတာ မှတ်ထားကြ။ ဒကာ,ဒကာမတို့ ဘာလာလာ ဖြစ်ပျက်သာရှုချ၊ ဝမ်းသာစိတ် ဝမ်းနည်းစိတ် ဝမ်းသာဝမ်းနည်းစိတ် လာချင်တာလာ ဖြစ်ပျက်သာရှုပစ်၊ ရှုတဲ့အခါ ဖြစ်ပြီးမရှိ, ဖြစ်ပြီးမရှိနဲ့ မရှိတာချည့်မြင်ပစေ၊ ဒီလိုရှုတော့ ပေါ်တဲ့တရား က ဖြစ်ပျက်၊ ရှုတာက မဂ်ဖြစ်သွားတယ်။ ရှင်းကြပလား။
မိမိဉာဏ်ထဲမှာ ရှုစရာမှတ်စရာ ဘာမှမပေါ်ဘူး။ ဘာမှမရှိဘူးဆိုရင် ရှုစိတ်နဲ့ ရှိုက်စိတ် ဒီနှစ်ခုကိုလှည့်ပေး၊ နှာသီးဝမှာ ဝင်တိုင်းထွက်တိုင်း သိ,သိနေတဲ့ ဝင်သိ-ထွက်သိ စိတ်နှစ်ခုကိုရှုရမယ်၊ သဘောပါကြပလား။ ကိုယ်တိုင် ရှုကြည့်တဲ့အခါကျတော့ သူများပြောမဟုတ်ဘူး၊ ကိုယ်တိုင်လုပ်လို့ ကိုယ်တိုင်သိ ကိုယ်တိုင်တွေ့သိရမယ်ဆိုတာ မှတ် ကြ၊ ဖြစ်,ဖြစ်ပြီး ပျက်,ပျက်သွားတာ ကိုယ်ပိုင်ဉာဏ်နဲ့ မြင်ရမယ်၊ ရှင်းကြပလား။
ဒကာ,ဒကာမတို့ မြင်စိတ်ကြားစိတ် နံစိတ်ပေါ်ရာကိုသာ လိုက်ရှု၊ ပေါ်လာတာမလွတ်ဖို့ မိအောင်ရှုနိုင်ဖို့ အရေးကြီးတယ်၊ ရှေ့ကသုညတ၊ နောက်ကမဂ္ဂ၊ ရှေ့က ဒုက္ခသစ္စာ နောက်ကမဂ္ဂသစ္စာ၊ ဒီနှစ်ခု အစဉ်ပဲတန်းနေစေ ရမယ်၊ ကြားထိုးစိတ် ကိလေသာအဝင်မခံရစေနဲ့၊ နိဗ္ဗာန်ရချင်ရင် ဒီနှစ်ခုဆက်နေဖို့ လိုတယ်ဆိုတာ မှတ်ထားကြ၊ နိဗ္ဗာန်ရချင်ရင် သုညတ,က ကျေးဇူးပြုမှရမယ်။
ပင့်ကူဥပမာ အတိုင်း ရှုဖို့ပြောခဲ့တယ်
ဒကာ,ဒကာမတို့ သန္တာန်မှာပေါ်မယ့်တရားက ၁၂ မျိုး၊ ပေါ်လာတဲ့အခါမှာတော့ တစ်ခုပဲပေါ်ရင် ဖြစ်ပျက် ကိုလိုက်ပေး၊ ဥပမာ မြင်တယ်ဆိုတော့ မြင်စိတ်ကဖြစ်ပျက်၊ ရှုတာက မဂ်ဆိုပြီး ဖြစ်ပျက်နဲ့မဂ် ကိုက်သွားတယ်။ ရိပ် မိကြပလား။ အရင်ရက်တွေတုန်းက “လှုပ်ရာကိုလိုက် လှုပ်တဲ့ကြိုးမရှိရင် အလယ်ချက်မှာထိုင်”ဆိုပြီး ပင့်ကူဥပမာ အတိုင်း ရှုဖို့ပြောခဲ့တယ်၊ မှတ်မိကြရဲ့လား။
အဲဒီပြောခဲ့တဲ့ ဥပမာအတိုင်း ဘေးဒွါရငါးခုက ပေါ်လာရင် ပေါ်လာတာဖြစ်ပျက်ရှု၊ တစ်ခုမှမလာရင် အလယ် ချက် အဿာသပဿသ မနောဒွါရမှာထိုင်ရှု။ ဒီရှုစိတ် ရှိုက်စိတ်နှစ်ခုက မပြတ်ရှိနေတယ်၊ ရှင်းကြရဲ့လား။ အလုပ်, လုပ်ဖို့ သူတို့နှစ်ခုကတော့ အမြဲတမ်းရှိနေတာပဲ၊ သဘောပါကြရဲ့လား။ ဒကာ,ဒကာမတို့ မအားလို့ အလုပ်ကများလို့နဲ့ ဆင်ခြေကန်မနေကြနဲ့တော့၊ ဒကာတို့အလုပ်က ဘယ်တော့မှ ပြတ်မှာမဟုတ်ဘူး၊ သံသရာ့အလုပ် လုပ်ရိုးအလုပ်တွေ၊ ဒီအလုပ်တွေ မပြီးပြတ်ဘဲနဲ့ အပါယ်သွားရမယ်။
အခု ဘုန်းကြီးပြောတဲ့ ဝိပဿနာအလုပ်လုပ်ရင် သံသရာစခန်းသိမ်းမယ်၊ သံသရာ့ဒုက္ခဟူသမျှ အကုန်ပြတ် တယ်၊ ကျေနပ်ကြပလား၊ မယူနိုင် ယူနိုင်အောင်သာ ကြိုးစားယူကြလို့ ထူးထူးခြားခြား တိုက်တွန်းလိုက်တယ်။ ရှုတော့ သံသရာပြတ်တယ်၊ မရှုဘဲနေရင် သံသရာဆက်မယ်၊ ရိပ်မိကြပလား။
မရှုဘဲနေရင် မြင်စိတ်ပေါ်တော့ မြင်တယ်, လိုချင်တယ်, စွဲလမ်းတယ်, အားထုတ်တယ်၊ မြင်တာနဲ့ တဏှာ, ဥပါဒါန်ကမ်, စတဲ့ဟာတွေလာမယ်၊ သံသရာချဲ့မယ်၊ မြင်ကြရဲ့လား။ ရှုတော့မြင်စိတ်နောက်က မဂ်ဝင်လာတယ်။ ဒီမဂ်က ပစ္စုပ္ပန်ဒိဋ္ဌိစတဲ့ ကိလေသာတွေကို ဖျက်ဆီးပစ်တယ်။ အနာဂတ်ဒုက္ခဇာတ်တွေလည်း သိမ်းတယ်၊ ရိပ်မိပလား။ ရှေ့ပိုင်းက ဒိဋ္ဌိဖြစ်တယ်၊ နောက်ပိုင်းက သံသရာဖြတ်တယ်။ ဒီသံသရာဆိုတာ ဒုက္ခဖြတ်လိုက်တာပဲလို့ မှတ်ကြ။
၁၂-ခုရှိပေမယ့် တစ်ခုထဲပဲလုပ်ရမှာ
ဒကာ,ဒကာမတို့ ရှုရမယ့် ၁၂-ခုဆိုတာ မများဘူး။ ၁၂-ခုရှိပေမယ့် တစ်ခုထဲပဲလုပ်ရမှာ၊ တစ်ခုတည်းကိုရှုရ မှာ များတယ်ဆိုပြီး မညည်းနဲ့၊ ညည်းရင် အင်မတန်မှ အောက်ကျမယ်ဆိုတာ သတိပေးလိုက်တယ်။ ဒကာ,ဒကာမတွေ တစ်ခုထဲကိုမှ များနေရင် ဘယ့်နှယ်ဆိုမလဲ။ တစ်ခုမှများရင် ဘာမှမသိတဲ့ လူ,အဝိဇ္ဇာဖြစ်မယ်။ ဘာမှမသိတဲ့ အဝိဇ္ဇာ ဖြစ်ရင် အဝိဇ္ဇာပစ္စယာ သင်္ခါရာ သင်္ခါရာပစ္စယာ ဝိညာဏံ၊ ဝိညာဏပစ္စယာ နာမရူပံ၊ နာမရူပပစ္စယာ သဠာယတနံ၊ သဠာယတနပစ္စယာ ဖဿော၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ၊ တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ကမ္မဘဝေါ၊ ကမ္မဘဝပစ္စယာ “အပါယ်”ဇာတိပဲ၊ တစ်ခါတည်း အပါယ်သံသရာကြီး လည်သွားမယ်၊ ရိပ်မိကြရဲ့လား။
ဒီဥစ္စာဟာ မျက်လုံးစိတ်နဲ့ အပါယ်သွားတာပဲ၊ မြင်စိတ်နဲ့ အပါယ်သွားနေတာလို့ မှတ်ကြ၊ မြင်စိတ်ကလေး ပေါ်လာတာကို မသိလို့မရှုတော့ “ဒုက္ခေအညာဏံ”ပဲ၊ ဒုက္ခသစ္စာကိုမသိတဲ့ အဝိဇ္ဇာပဲ။ ဒကာ,ဒကာမတို့ တစ်နေကုန် တစ်ခါမှမမြင်ရင် ဒကာတို့ဟာ အပါယ်ချည်းသွားနေတာပဲလို့သာ မှတ်ကြ၊ ရိပ်မိကြရဲ့လား။
ဒကာ,ဒကာမတွေက ပြောတတ်ကြတယ်။ “ကျုပ်တို့က မကောင်းတာဆို ဘာမှမလုပ်ဘူးတဲ့၊ အကုသိုလ်ဟူသမျှ အကုန်ရှောင်ကြဉ်တယ်။ ဘယ်သူနဲ့မှလည်း ဘာမှမဖြစ်ဘူး”တဲ့။ အဲဒါ ပေါ့ပေါ့တန်တန်တွေးပြီး သာမညအသိကလေးနဲ့ ပြောနေကြတာ၊ အဲဒီလိုပြောတာ ကာယကံ ဝစီကံပဲ ပြောနေကြတာ၊ ဒကာတို့မှာ မနောကံကျတော့ ဗွက်ပေါက်နေတယ်၊ မနောကံက ကြောက်စရာအကောင်းဆုံးပဲဆိုတာ မှတ်လိုက်ကြ၊ ရိပ်မိကြရဲ့လား။
ဝိပဿနာဆိုတာ မနောကံကိုထိန်းတာ
ဒကာတို့မှာ ကြောက်စရာကံကို မတားမိဘဲဖြစ်နေတယ်။ ဒကာတို့မသိမှုဟာ ဘယ်လောက်အပြစ်ကြီးတယ် ကြီးလိမ့်မယ်ဆိုတာ ရိပ်မိကြရဲ့လား။ မသိမှုအဝိဇ္ဇာ အပါယ်စက်ရဟတ်ကို အဆက်မပြတ်အောင် လှည့်ပေးတော့မယ် ဆိုတာ စိတ်သာချကြ။ ဒီအကုသိုလ်ကို မဂ္ဂင်ငါးပါးနဲ့ရှုမှ နိုင်မယ်၊ မနောကံကို ဒီကံနဲ့မှတားနိုင်မယ်၊ ဝိပဿနာဆိုတာ မနောကံကိုထိန်းတာ၊ သဘောပါကြရဲ့လား။ မနောကံအရေးကြီးတယ်၊ ကောင်းတဲ့နေရာမှာလည်း သူအရေးအကြီးဆုံး၊ မကောင်းတဲ့နေရာမှာလည်း သူအရေးအကြီးဆုံး။
ဒါကြောင့် ဒီမနောကံကို သိမ်းနိုင်အောင် ကြိုးစားရှုကြ၊ မရှုရင် ဘယ်နည်းနဲ့မှ မဖြစ်တော့ဘူးလို့ ဆုံးဖြတ်ပြီး ရှုပေးကြ။ ရှုတော့ ရှေ့ပိုင်းကဖြစ်ပျက်၊ နောက်က မဂ်ဖြစ်တယ်။ အဲဒါလိုပေါ်လာသမျှ အဆက်မပြတ်ရှုပေး၊ ဖြစ်ပျက် -မဂ်၊ ဖြစ်ပျက်-မဂ်ဆိုပြီး နှစ်ခုထဲပဲ တန်းအောင်ရှုပေး၊ ဒီအတိုင်း အရှု-အပွားများလာတော့ မုန်းလာမယ်၊ နောက် မုန်းရာကနေ ခဏ,ခဏ သေနေတာဟာ ဝိညာဏက္ခန္ဓာဆိုတဲ့ မိမိခန္ဓာကြီးပဲ။
ဒီမိမိခန္ဓာကြီးဟာ ဒုက္ခပဲ၊ ဒီထက်ကြီးကျယ်တဲ့ ဒုက္ခမျိုးဖြင့် ရှိကိုမရှိတော့ဘူးဆိုပြီး ကြည့်နေရင်းက စိတ် ၁၂ မျိုးလုံး အကုန်ချုပ်သွားတော့တာပဲ။ အဲဒါ ဒုက္ခသစ္စာချုပ်တာပဲ။ ဒုက္ခတွေချုပ်တဲ့နေရာမှာ နိရောဓပေါ်လာတယ်။ သိတာက မဂ္ဂင်ရှစ်ပါးပြည့်တဲ့ မဂ္ဂသစ္စာပဲ။ အဲဒီအခါမှာ အပါယ်သံသရာသွားမယ့်ဟာကို မဂ္ဂင်ကသတ်လိုက်တယ်။ ရှင်းကြရဲ့လား။
ဒီမဂ်က ဘဝများစွာကနဲ့ ဒီဘဝမှာရှိတဲ့ အကုသိုလ်တွေအတွက်လည်း အကုန်သတ်ချလိုက်တယ်။ ဒါကြောင့် ပထမပေါ်လာတဲ့တရား ဖြစ်,ပျက်မြင်အောင်၊ နောက်,မုန်းအောင် နောက်,ဆုံးအောင် ကြည့်ပေးကြ၊ ကြိုးစားအားထုတ် ကြ။
ကိုင်း…ယနေ့ ဒီတွင်တော်ကြဦး၊ နက်ဖြန်မှဆက်ကြစို့။
