20510

သက္ကာရန်ညစ် တွန်းလှန်ပစ် တရားတော်

ဆောင်ပုဒ်

မျက်လုံးကြည်စွာ၊ မြင်စရာ၊ မြင်ကာ ဆင်းသိစိတ်။

အကြောင်းညီကာ၊ မြင်စိတ်လာ၊ ချုပ်ရှာမြန်တဆိတ်။

မြင်စိတ်ပေါ်ခိုက်၊ ဉာဏ်စူးစိုက်၊ အလိုက်ဝိပသ်ချိတ်။

ဖြစ်ပျက်ဉာဏ်မြင်၊ ဒိဋ္ဌိနှင်၊ ကွာစင်ဝိစိကိစ်။

ဆက်လက်ရှုသော်၊ မုန်းဉာဏ်ပေါ်၊ ဆုံးသော်မဂ်ဉာဏ်စိတ်။

မဂ်ဉာဏ်ဆိုက်ရောက်၊ ပါယ်မျိုးပျောက်၊ ကဲမောက်ပီတိညိတ်။

သတိချပ်

အကုသလ၊ ဟူသမျှ၊ သက္ကာယကြောင့်ဖြစ်။

ဒိဋ္ဌိသက္ကာ၊ ရှိသူမှာ၊ ဖြာဖြာအကုဖြစ်။

ပဉ္စာနန္တရာယ်၊ အသွယ်သွယ်၊ အလွယ်သူ့ကြောင့်ဖြစ်။

သူ့ကိုရုပ်သိမ်း၊ အကုငြိမ်း၊ အောင်ကိန်းနိဗ္ဗူလှစ်။

ထို့ကြောင့်လျှင်စွ၊ သက္ကာယ၊ ဖျက်ချဒိဋ္ဌိညစ်။

ဒိဋ္ဌ်ဖြုတ်ချင်၊ ခန္ဓာခွင်၊ ဉာဏ်ဝင်ရှုကြည့်လစ်။

ဖြစ်ပျက်မြင်မြောက်၊ ဉာဏ်ထွင်းဖောက်၊ ကွာပျောက်ဒိဋ္ဌိစစ်။

ဒိဋ္ဌိလွတ်ကင်း၊ ဝိစိရှင်း၊ ပါယ်ခင်းလွတ်စင်စစ်။

တရားသား

အကုသိုလ်ဟူသရွေ့ဟာ သက္ကာယဒိဋ္ဌိကြောင့်

ဒကာ ဒကာမတွေ ထူးထူးခြားခြား မှတ်သားထားကြဖို့ ပြောရမယ်၊ ဘာလဲလို့ဆိုတော့ အလုံးစုံသော အကုသိုလ်ဟူသရွေ့ဟာ သက္ကာယဒိဋ္ဌိကြောင့်ဖြစ်တာပဲ၊ ဒီသက္ကာယဒိဋ္ဌိကို မဖြုတ်ရင်၊ ဘယ်လိုအကုသိုလ်မျိုးမဆို အကုန်ဖြစ်နိုင်တယ်၊ အမိသတ်မယ်၊ အဘလဲ သတ်ချင်သတ်မယ်၊ ရဟန္တာလဲသတ်မယ်၊ သံဃာကို သင်းခွဲမယ်၊ ဘုရားကို သွေးစိမ်းတည်အောင် လုပ်ချင်လုပ်မယ်၊ သူရှိနေရင် အကုသိုလ်ဟူသမျှ ဖြစ်ပေါ်ဖို့ မခဲယဉ်းတော့ဘူးလို့သာ မှတ်ကြ။

ဒါကြောင့် အကုသိုလ်ကိုကြောက်ရင် ဒီ သက္ကာယဒိဋ္ဌိကိုဖြုတ်ကြရမယ်၊ အကုသိုလ်အကုန်သိမ်းချင်ရင် သက္ကာယ ဒိဋ္ဌိသိမ်းလိုက်ရင် ပြီးတယ်ဆိုတာ မှတ်လိုက်ကြ၊ ရှင်းကြပလား။ ခန္ဓာမှာအမှန်ရှိတာက ရုပ်နဲ့နာမ်ပဲရှိတယ်၊ ဒီအမှန်ရှိတဲ့ ရုပ်၊ နာမ်က သက္ကာယပဲ၊ ဒါနှစ်မျိုးကို ငါ၊ သူထင်တော့ ဒိဋ္ဌိဖြစ်တာပဲ၊ ဒါကြောင့် ရုပ်ပေါ်၊ နာမ်ပေါ်မှာ ငါထင်ဟူသရွေ့ သက္ကာယဒိဋ္ဌိပဲလို့ မှတ်လိုက်ကြ၊ ရိပ်မိပလား။

ဒကာ ဒကာမတို့ ရှင်းကြရဲ့လား။ ခန္ဓာမှာပေါ်တာက သက္ကာယဒီဟာကို ငါထင်ရင် ဒိဋ္ဌိပဲ၊ ဥပမာ-ကိုယ့်သန္တာန် မှာ မြင်စိတ်ပေါ်တယ်ဆိုတော့ အဲဒီမြင်စိတ်ဟာ သက္ကာယပဲ၊ ဒါကို ငါမြင်တယ်လို့ ဆိုလိုက်တော့ ဒိဋ္ဌိဖြစ်သွားတယ်၊ နှစ်ခုပေါင်းတော့ သက္ကာယဒိဋ္ဌိပဲ၊ ရိပ်မိကြပလား။ မြင်စိတ်ဟာ သူဟာသူနေတုန်းက သက္ကာယသက်သက်ပဲ၊ ဒိဋ္ဌိနဲ့မရော သေးဘူး၊ မြင်စိတ်ကို ငါလုပ်ပြီး ငါမြင်တာပဲဆိုတော့ သက္ကာယဒိဋ္ဌိဖြစ်သွားတယ်၊ သဘောပါကြပလား။

သက္ကာယက နဂိုရှိ၊ ဒိဋ္ဌိက အထင်မှားမှု

ဥပမာ-အစားကလေးတခုခု စားလိုက်တဲ့အခါ ကောင်းတယ်ဆိုတော့ ဘယ်သူကောင်းတာတုန်းလို့မေးတော့ ငါကောင်းတာပဲ-တဲ့၊ အဲဒါ ဝေဒနာကို ငါလုပ်လိုက်တော့ သက္ကာယဒိဋ္ဌိဖြစ်တာပဲ၊ ရှင်းကြရဲ့မို့လား။ ဒကာ ဒကာမတွေ ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်ဆိုတာတွေဟာ သက္ကာယတွေပဲ၊ ဒီအပေါ်မှာ ငါထင်လို့ ငါပဲလို့ ယူလိုက်တော့ ဒိဋ္ဌိဖြစ်သွားတာပဲဆိုတာ မှတ်ကြ၊ သက္ကာယက နဂိုရှိ၊ အမှန်ရှိ၊ ဒိဋ္ဌိက နဂိုမရှိ၊ အမှန်မဟုတ်၊ နောက်မှလာတဲ့ အထင်မှားမှု။

ဒကာ ဒကာမတို့ ဘုရားရှင်လဲ ခန္ဓာငါးပါးရှိတာပဲ၊ ဒါပေမယ့် ဘုရားက ဗောဓိပင်နှင့် ရွှေပလ္လင်မှာတုန်းက ဒိဋ္ဌိအကုန်ပြုတ်တယ်၊ သက္ကာယသာရှိတယ်၊ ဒိဋ္ဌိမရှိတော့ဘူး၊ ဒါကြောင့် ခန္ဓာငါးပါးက သက္ကာယ၊ ဒီခန္ဓာငါးပါးကို ငါထင်တာက ဒိဋ္ဌိ၊ သဘောပါကြပလား။ ဒီသက္ကာယဒိဋ္ဌိရှိရင် အကုသိုလ်ဟူသမျှ ဖြစ်နိုင်တယ်၊ သက္ကာယဒိဋ္ဌိဖြုတ်ရင် အပါယ်သွား အကုသိုလ်ဟူသမျှ အကုန်ပြုတ်တယ်ဆိုတာ မှတ်ကြ၊ ရှင်းကြပလား။

ဒီသက္ကာယဒိဋ္ဌိဟာ တခြားသောအကုသိုလ်တွေထက် ကြောက်စရာကောင်းတယ်ဆိုတာ မှတ်လိုက်ကြ၊ သူက အကုသိုလ်ထဲလဲဝင်နိုင်တယ်၊ အကုသိုလ်ထဲလဲဝင်နိုင်တယ်၊ ဒီတော့ ဒီသက္ကာယဒိဋ္ဌိကြောင့်ပဲ မဖြစ်ထိုက်တဲ့ အကုသိုလ် ကြီးတွေ အကုန်ဖြစ်ရတယ်၊ အကုသိုလ်ရေသောက်မြစ်ဟာ သူပဲ၊ ဒါကြောင့် ဒီသက္ကာယဒိဋ္ဌိဟာ အလွန်ကြောက်ဖို့ ကောင်းတဲ့တရားပဲဆိုတာ မှတ်လိုက်ကြတော့၊ ရိပ်မိကြပလား။

ဒိဋ္ဌိပြုတ်/မပြုတ် ဘယ်လိုသိရမလဲ

ဒီမိစ္ဆာဒိဋ္ဌိကို ကမ္မသကတာ သမ္မာဒိဋ္ဌိနဲ့ဖြုတ်လို့လဲမရဘူး၊ ဈာန်တရားနဲ့လဲမရဘူး၊ ဝိပဿနာနဲ့မှရမယ်၊ ပြုတ်မယ် ဆိုတာမှတ်ကြ၊ နိဗ္ဗာန်ဟင်းလင်းပွင့်ပြီး အပါယ်တံခါးပိတ်အောင် ဝိပဿနာလုပ်ကြရမယ်၊ သဘောပါကြပလား။ ဝိပဿနာ လုပ်ရင် ဒိဋ္ဌိအကုန်ပြုတ်မယ်၊ ပြုတ်တော့ အပါယ်တံခါးပိတ်၊ နိဗ္ဗာန်တံခါးပွင့်တော့တာပဲ၊ ကျေနပ်ပလား။ ဝိပဿနာပြုတ်မှ ဒိဋ္ဌိကပြုတ်မယ်၊ အလုပ်ဝင်တဲ့အခါ ဒိဋ္ဌိပြုတ်မပြုတ် ဘယ်လိုသိရမလဲဆိုတော့ ဓမ္မပေါ်မှာ သိရမယ်လို့မှတ်ကြ။

ဥပမာ-မြင်စိတ်ပေါ်တယ်ဆိုတော့ ကံကြောင့်ဖြစ်တဲ့ အကြည်ရုပ်နဲ့ အဆင်းရုပ် (ပန်းစတဲ့) သဘောနဲ့တည့်တော့ အကြည်မှာပေါ်တယ်၊ အဲဒါကြောင့် “စက္ခုံစ ပဋိစ္စ ရူပေစ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ” တဲ့၊ မြင်စိတ်ဟာ မျက်လုံးအကြည်ဆိုတဲ့ အကြောင်းတခုနဲ့ မြင်စရာအဆင်းဆိုတဲ့ အကြောင်းတခုကြောင့် ပေါ်ရတာပဲ၊ ဒကာ ဒကာမတွေ ရိပ်မိကြပလား။ စဉ်းစားကြည့်ကြ၊ မြင်စိတ်ဟာ ဓမ္မသက်သက်ပဲ၊ ရှင်းကြရဲ့လား။

ဒီဟာကို “ဘာကြည့်တုန်း၊ ဘာမြင်တုန်း” မေးတော့ “ပန်းမြင်တယ်” “ဘယ်သူကပြောတုန်း” ဆိုတော့ “ငါကိုယ် တိုင် မြင်ခဲ့တာပဲ” တဲ့၊ မြင်စိတ်ကလေးက သက္ကာယ၊ ဒါလေးကို ငါထင်တော့ ဒိဋ္ဌိဖြစ်သွားတယ်၊ ပေါ်ကြပလား။ အဲဒီ တော့ “ဝိညာဏံ အတ္တတော သမနုပဿတိ” ဝိညာဏံ၊ မြင်စိတ်ကို။ အတ္တတော၊ ငါပဲလို့။ သမနုပဿတိ၊ မှတ်ထင်ယူစွဲ၏။ ဆိုတဲ့အတိုင်း ဖြစ်သွားတော့တာပဲ၊ အမှန်က ဒီမြင်စိတ်ကလေးဟာ ဝိညာဏက္ခန္ဓာလေးပဲ၊ သူကဝိညာဏ်မို့သိတာ၊ နဂိုကထဲက ဒီထဲမှာ ငါမပါဘူး၊ ရှင်းပလား။

အကြောင်းနဲ့တိုက်ဆိုင်လို့ ပေါ်ရတာ

ဥပမာ-မီးခြစ်ဆံနဲ့ မီးခြစ်အိမ်နဲ့ထိလိုက်တော့ မီးတောက်ပေါ်ရသလို၊ ဒီမြင်စိတ်ဟာလဲ အကြောင်းညီညွတ်လို့ ပေါ်ရတာပဲ၊ ဒီမြင်စိတ်ဟာလဲ သူ့ချည်းပေါ်တာမဟုတ်ဘူး၊ အဲဒီမှာ ခံစားတဲ့ဝေဒနာ၊ မှတ်တတ်တဲ့သညာ၊ စေ့ဆော်တဲ့ သင်္ခါရ၊ ဒီသုံးခုအပေါင်းနဲ့ နာမက္ခန္ဓာ လေးပါးလုံး ပေါ်ရတာလဲ၊ အဲဒီနာမ်တရားတွေဟာ ငါလား၊ သူလား၊ ငါ့ဥစ္စာလား၊ မဟုတ်ကြဘူး၊ သူတို့အကြောင်းနဲ့တိုက်ဆိုင်လို့ ပေါ်ရတာ၊ မြင်ကြပလား။

သူ့အသက်တမ်းကလဲ ဖြစ်တယ်၊ ပျက်တယ်၊ ဒီနှစ်ခုပဲ အသက်တမ်းရှိတယ်၊ ဒါကို နောက်က ဉာဏ်နဲ့လိုက်ပေး ရမယ်ဆိုတာသာ မှတ်လိုက်ကြ၊ သဘောပါကြရဲ့လား။ ပေါ်လာတာကို ဝိပဿနာရှုပေးကြပါလို့ ဆိုလိုတယ်၊ ဘာပေါ်ပေါ် မလွတ်စေနဲ့၊ ဉာဏ်နဲ့လိုက်ပေး၊ ဉာဏ်နဲ့လိုက်တော့ ဒါဟာ ငါမဟုတ်လို့ ပျက်တာပဲလို့ သိနိုင်တယ်၊ မလိုက်ရင် မသိနိုင်ဘူး။

ဒကာ ဒကာမတို့ ဝိညာဏ်လေးတခု ပေါ်လာ နောက်ဉာဏ်နာမ်ဖြစ်၍ နာမ်ပျက်တာပဲ သိအောင်လိုက်ပေး၊ ဝိပဿနာရှုပေးကြ၊ ဒီတော့ နာမ်ဖြစ်၍ နာမ်ပျက်တယ်လို့ သိလာတယ်၊ အဲဒီတော့မှ “စက္ခုဝိညာဏံ အနိစ္စတော ဇာနတော ပဿတော မိစ္ဆာဒိဋ္ဌိ ပဟီယတိ” ဒီစက္ခုဝိညာဏ် မြင်စိတ်ကလေးကို ဖြစ်ပျက်မြင်တဲ့အတွက် မိစ္ဆာဒိဋ္ဌိပြုတ် သွားတယ်၊ အဲဒါ သံယုတ်ပါဠိတော်မှာဟောတဲ့ စကားတော်ပဲလို့မှတ်ကြ၊ ရှင်းပလား။

ခန္ဓာကို ဉာဏ်နဲ့ကြည့်ကြ

ဘုရားက အကြည့်ခိုင်းတာ၊ ဘုရားက ခန္ဓာကို ဉာဏ်နဲ့ကြည့်ကြဆိုပြီး ခိုင်းတော်မူတာကို ဘုန်းကြီးက ကိုယ်စားလှယ် လုပ်ပြီး တဆင့်ဟောပြပေးနေတာပဲ၊ ဒါဟာ ဒကာတို့ကို ငရဲမျိုးစေ့ဖြုတ်ပေးနေတာပဲလို့ မှတ်လိုက်ကြ၊ ဒီကြားထဲကမှ ဒကာတို့က ယက်ကန်၊ ယက်ကန်နဲ့ နက်ဖြန်မှလေး၊ သန်ဘက်ခါမှလေးနဲ့ လုပ်နေကြရင် တော်ပါ့မလား။ တပည့်တော်တို့ ငရဲမျိုးစေ့ ကြီးပွားအောင် လုပ်ပါရစေအုံးဆိုတာနဲ့ အတူတူပဲ။

ဒကာ ဒကာမတို့ ဖြည်းဖြည်းမှဆိုရင် ငရဲမီး အားကောင်းလာမယ်၊ ဒကာတို့ ဆင်ခြေလဲသလောက်ဟာ ငရဲမီး ပွားဖို့ အားကောင်းဖို့ လုပ်နေတာပဲလို့သာ မှတ်ကြတော့၊ ရိပ်မိရဲ့လား။ ငရဲမီးအားနည်းတုန်းမှာ ငြိမ်းရ၊ သတ်ရတာ လွယ်ကူမှာစိုးလို့၊ မီးအားကောင်းကောင်းနဲ့မှ အလောင်အမြိုက်ခံချင်သေးလို့ဆိုရင် မှားပါ့မလား။ ဒီသဘောပဲဆိုတာ ရိပ်မိကြတော့။

ဒါကြောင့် အခုအချိန် အကောင်းဆုံးပဲလို့ ဆုံးဖြတ်ပြီး လုပ်ကြရမယ်၊ ဒီတော့ ဘာလာလာရှုကြ၊ မြင်စိတ်ပေါ် နောက်က မဂ္ဂင်ငါးပါးနဲ့ရှုပေး၊ အဲဒီလို ရှုပေးနိုင်ရင် ငရဲမီးစကို ငြိမ်းလိုက်တာပဲ၊ ရိပ်မိကြရဲ့လား။ ဒီလို ရှုလိုက်သွားရင် သက္ကာယချုပ်တာပဲ၊ ဝိပဿနာဟာ သက္ကာယချုပ်ဆေးပဲ၊ သူချုပ်ရင် သူနဲ့ယှဉ်ဘက် ဒိဋ္ဌိတွေလဲ ပြုတ်တော့တာပဲ၊ သဘောပါကြပလား။

ဖြစ်တာ၊ ပျက်တာ၊ ဟူသရွေ့ ဓမ္မဖြစ်၍ ဓမ္မပျက်တာပဲ

ဒါကြောင့် ပေါ်သမျှ မပြတ်မလပ်အောင် ရှုပေးကြ၊ ကိုယ့်သန္တာန်မှာ ဖြစ်တာ၊ ပျက်တာ၊ ဟူသရွေ့ ဓမ္မဖြစ်၍ ဓမ္မပျက်တာပဲလို့သိရမယ်၊ ဒီလိုသိရင် ပုဂ္ဂိုလ်မရှိ၊ သတ္တဝါမရှိဘူးလို့ သံသယကင်းပျောက်တယ်၊ ယုံမှားခြင်းက လွန်မြောက် သွားတယ်၊ ဒါကြောင့် ဘုရားရှင်က “တိဏ္ဏဝိစိကိစ္ဆော၊ လွန်မြောက်ပြီးသော ဝိစိကိစ္ဆာရှိသည်။ ဟောတိ၊ ဖြစ်၏”လို့ ဟောတော်မူတာနဲ့ ညီညွတ်သွားပြီလို့ မှတ်ကြ။

ဒကာ ဒကာမတို့ ဒီအတိုင်း ယုံမှားကင်းအောင် ဉာဏ်နဲ့မြင်ရင် အပါယ်လေးပါးမှ ကင်းလွတ်ရပါလို၏လို့ တောင်းဖို့မလိုတော့ဘူး၊ အပါယ်က လွတ်ပြီလို့သာ မှတ်လိုက်ကြတော့၊ ရိပ်မိကြပလား။ ဓမ္မက ခန္ဓာမှာပေါ်ပြီး ပျက်သွား တာပဲအမှန်ရှိတယ်၊ ဒါကို ဉာဏ်ကဓမ္မဖြစ်၍ ဓမ္မပျက်တာပဲလို့ ဆုံးဖြတ်ချက်ချနိုင်ရင် ဆုတောင်းဖို့မလိုဘူးလို့သာ မှတ်လိုက်ကြ၊ ဒီဉာဏ်လွတ်အောင် လုပ်ပေးနိုင်တယ်၊ ရိပ်မိပလား။

ဉာဏ်က ဓမ္မဖြစ်၍ ဓမ္မပျက်တာပဲလို့ ဆုံးဖြတ်နိုင်တော့၊ ငါလဲမလာ၊ ငါဟုတ်မှဟုတ်ရဲ့လားဆိုတဲ့ တွေးတောမှု မလာဘူး၊ ဘာမှသံသယမရှိတော့ဘူး၊ အဲဒီအခါမှ ဒိဋ္ဌိရော ဝိစိကိစ္ဆာ အတွဲလိုက်ပြုတ်တော့တာပဲ၊ ဒီလိုပြုတ်သွားတော့ အပါယ်မျိုးစေ့ ပျောက်ကုန်တော့တာပဲဆိုတာ မှတ်လိုက်ကြ၊ ဒါကြောင့်မို့ ဉာဏ်အလုပ် လုပ်ရမယ်၊ ဉာဏ်အလုပ်လုပ်ရင် ဆုတောင်းဖို့မလိုဘူး၊ ဒီဉာဏ်အလုပ်ကို မလုပ်ဘဲနဲ့ ဆုသာတောင်းနေလို့တော့ အပိုပဲလို့သာမှတ်ကြတော့၊ ရှင်းပလား။

ဉာဏ်အလုပ် မလုပ်ရင် ဘာဖြစ်မလဲ

ဒီဉာဏ်အလုပ် မလုပ်ရင် ဘာဖြစ်မလဲ၊ မြင်စိတ်ကလေးပေါ်လာတယ်ဆိုတော့ “ငါမြင်တယ်” ငါမြင်တာပဲဆို တော့ ဒိဋ္ဌိလိုက်လာတယ်၊ ငါဟုတ်မှဟုတ်ရဲ့လားဆိုတော့ ဝိစိကိစ္ဆာလိုက်လာတယ်၊ မြင်ကြရဲ့လား။ ဒကာ ဒကာမတို့ ဝိပဿနာဉာဏ်မလာရင် ဒါထဲက တခုခုလိုက်လာမယ်ဆိုတာ ရိပ်မိကြရဲ့လား။ ဒါတွေလိုက်တော့ ဘာအပြစ်ရှိသလဲလို့ မေးစရာရှိတယ်။

ဒကာ ဒကာမတို့ ဝိစိကိစ္ဆာလိုက်တော့ မောဟပဲ၊ မောဟဆိုတော့ အဝိဇ္ဇာ၊ အဲဒီတော့ အဝိဇ္ဇာ၊ သင်္ခါရ၊ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ကံ ဒါတွေလိုက်တယ်၊ ဒိဋ္ဌိလိုက်တော့ ဒိဋ္ဌိက လောဘ၊ လောဘဆိုတော့ တဏှာ၊ ဥပါဒါန်၊ ကံ ဒါတွေလိုက်တယ်၊ မရှုမိတဲ့အတွက် ပဋိစ္စသမုပ္ပါဒ် ဒုက္ခစက်ကြီး ဆက်တိုက် နောက်နောက်ကလာတယ်၊ ဒီတော့ သူတို့နှစ်ခု ဘာလာလာ အပါယ်ကျဖို့ အပါယ်ကံတွေ စုမိမှာပဲ ရိပ်မိကြရဲ့လား။

ဝိပဿနာဉာဏ် အရေးကြီးတယ်

ဒကာ ဒကာမတို့ ဒါကြောင့် ဝိပဿနာဉာဏ် အရေးကြီးတယ်ဆိုတာ ပေါ်ကြပလား။ ဝိပဿနာဉာဏ် လာရင် လာ၊ မလာရင် မြင်စိတ်ကလေးနောက်က တဏှာ၊ ဥပါဒါန်၊ ကံသော်လည်းကောင်း၊ အဝိဇ္ဇာသင်္ခါရသော်လည်းကောင်း လာမယ်ဆိုတာ မှတ်ကြတော့၊ မြင်စိတ်ကလေးကိုဖြစ်ပျက်မရှုမိရင် ပဋိစ္စသမုပ္ပါဒ် အစကသော်လည်းကောင်း။ အလယ် ကသော်လည်းကောင်း၊ ဖောက်ဝင်လာမယ်၊ ဝင်လာရင် ဝေဒနာပစ္စယာ တဏှာ၊ တဏှာပစ္စယာ ဥပါဒါနံ လိုက်လာပြီး သံသရာချောက်ထဲ ထိုးဆင်းသွားရတော့တာပဲ။

ဒါကြောင့် သံသရာစတာ အဝိဇ္ဇာ၊ တဏှာကစတယ်၊ တချို့နေရာမှာ ဒိဋ္ဌိကစတယ်လို့ မှတ်ကြရမယ်၊ သဘောပါ ပလား။

ဒကာ ဒကာမတို့ ဆန်မရှိ၊ ထင်းမရှိ၊ ရေမရှိရင် မစားရရုံပဲရှိမယ်၊ အပါယ်တော့မကျဘူး၊ ဒါက စားစရာထက် ပိုပြီး အရေးကြီးပါကလားလို့ မှတ်ကြ၊ ဒီအလုပ် မလုပ်မိရင် ဘယ်လောက်ပဲ ချမ်းသာချမ်းသာ ဘာတွေပဲရှိနေရှိနေ အပါယ်လွတ်ဖို့မလွယ်ဘူး၊ မလွတ်ဘူးလို့ပဲ မှတ်ကြပေတော့၊ ဒကာတို့တတွေက အရေးမကြီးရမှာ ကြီးနေပြီး အရေးကြီးရ မှာ မကြီးဘူးလို့ သိနေကြ၊ မှတ်နေကြတယ်။

ပြင်ကြဆင်ကြတော့၊ အချိန်မရှိတော့ဘူး

ဒကာ ဒကာမတို့ ကိုယ့်အိမ်ကိုယ့်ရာနဲ့ မနေရလို့ မျက်နှာငယ်ရုံ၊ အောက်ကျရုံပဲရှိမယ်၊ ဒီထက်ပိုပြီး အပြစ်မကြီး ဘူး၊ ဒီအလုပ်မှမလုပ်မိရင် သံသရာမှာ ဒီထက်ကြီးတဲ့အပြစ် မရှိတော့ဘူးလို့သာ ဆုံးဖြတ်ချက်ချကြ၊ အခုတော့ ဒကာတို့က တလွဲပြောင်းပြန်ဖြစ်နေကြတယ်၊ နိဗ္ဗာန်အသာထားအုံး ပစ္စည်းပစ္စယနဲ့ အိမ်နဲ့ရာနဲ့မဟုတ်ရင် မျက်နှာငယ် မယ်၊ အောက်ကျမယ်ဆိုပြီး လုပ်နေကြတယ်၊ ဒါကို လုပ်ရအုံးမယ်၊ နိဗ္ဗာန်အရေးမကြီးသေးဘူးတဲ့။

ဒကာတို့တတွေက ဟိုဟာလုပ်ရအုံးမယ်၊ ဒါလေးလုပ်ရအုံးမယ်၊ အရောင်းအဝယ်နဲ့ပြည့်စုံအောင် ရှာအုံးမယ်၊ ဒါကို နောက်မှပဲလုပ်ရမယ်နဲ့ ဖြစ်နေကြတယ်၊ ဒကာတို့ကို အထူးတလည် သတိပေးလိုက်ပါတယ်၊ “အနာမျိုးစုံအောင် ပေါက်၊ စုံအောင်ပေါ်မှ ပျောက်တဲ့ဆရာ ရှာအုံးမယ်ဆိုလို့တော့ မရဘူး” လို့သာ မှတ်လိုက်ကြတော့၊ သဘောပါကြပလား။ အလုပ်လွဲတွေ ပြင်ကြဆင်ကြတော့၊ အချိန်မရှိတော့ဘူး၊ နေဝင်တော့မယ်လို့ ပြောလိုက်တယ်။

ဒါကြောင့် မြင်စိတ်ပေါ်ရင် သင်္ခါရ အနိစ္စပဲဆိုပြီး ရှုပေး၊ ပေါ်တိုင်း ပေါ်တိုင်း ရှုဉာဏ် ဝိပဿနာဉာဏ်လိုက်ပေး၊ ဒီလိုလိုက်ပေးရင် မြင်စိတ်ကလေး အနိစ္စရောက်တာကို ဉာဏ်ကမြင်မယ်၊ အဲဒီလိုမြင်ရင် “စက္ခုဝိညာဏံ အနိစ္စတော ဇာနတော ပဿတော မိစ္ဆာဒိဋ္ဌိ၊ ပဟီယတိ” ဒိဋ္ဌိကို ပယ်ချလိုက်တယ်၊ ဒီတော့ နောက် ပဋိစ္စသမုပ္ပါဒ် ပြတ်သွားတယ်၊ ရှုဉာဏ်ဝင်လိုက်တဲ့အတွက် ပဋိစ္စသမုပ္ပါဒ် ပြတ်တာပဲ ရှင်းပလား။

ပဋိစ္စသမုပ္ပါဒ်ဆက်ရင် ဘယ်သူမှမတက် နိုင်ဘူး

မြင်စိတ်နောက်က ဒိဋ္ဌိလာရင် ပဋိစ္စသမုပ္ပါဒ် ဆက်မှာပဲ၊ ဝိစိကိစ္ဆာလာရင်လဲ ဆက်မှာပဲ၊ ဝိပဿနာဝင်ရင်ဝင်၊ မဝင်ရင် ဆက်မှာပဲ၊ ဘုရားတားပေမယ့် မရတော့ဘူး၊ ရှင်းကြရဲ့လား၊ ရှုဉာဏ်မလာရင် ဘုရား၊ တရား ကိုးကွယ်ပါ၏ ဆိုပေမယ့် မရဘူး၊ ပဋိစ္စသမုပ္ပါဒ်တန်းပြတ်မှသာ ရမယ်ဆိုတာ မှတ်လိုက်ကြ၊ ပဋိစ္စသမုပ္ပါဒ်ဆက်ရင် ဘယ်သူမှမတက် နိုင်ဘူး၊ ရိပ်မိကြပလား။

ဒါကြောင့် ဒီတရားအတိုင်း လုပ်ကြရမယ်၊ ဒီအဓိပ္ပါယ်တွေ ဘုရားဟောပြလို့ သိရတာ၊ ကျေးဇူးတော်အနန္တ၊ ဂုဏ်တော်အနန္တ ပြည့်စုံတဲ့ပုဂ္ဂိုလ်က ပြောခဲ့လို့ သိရတာမို့ လိုက်နာမှပဲလို့ ဆုံးဖြတ်ချက်ချကြ၊ မဂ်ရတဲ့သူလဲ ဝိပဿနာ ရှေ့က လာရတာပဲ၊ မရသေးလဲ ဝိပဿနာရှေ့က လာရတာပဲ၊ ဘုရားရှင်ကိုယ်တော်မြတ်ကြီးလဲ အတူတူပဲဆိုတာ မှတ်လိုက်ကြ၊ သဘောပါကြပလား။

ဒကာ ဒကာမတို့ ဓမ္မဖြစ်၍ ဓမ္မပျက်တာပဲဆိုတာ သိဖို့အရေးကြီးတယ်၊ ဒါကိုသိရင် ဘာမှမကြောက်နဲ့၊ နောက်က တဏှာ၊ ဥပါဒါန်၊ ကံတွေမလာဘူး၊ အဝိဇ္ဇာ၊ သင်္ခါရတွေလဲ မလာဘူး၊ ဒါကြောင့် အပါယ်လေးပါး တံခါးပိတ်တယ်ဆိုတာပဲ၊ ဒါတွေက အပါယ်ပို့ပေးတာမို့ သူတို့မလာတော့ အပါယ်ပိတ်သွားတာပဲ၊ သူတို့မလာတာ ဝိပဿနာက တားလိုက်လို့ပဲ၊ ဒါကြောင့် အပါယ်ကို ဝိပဿနာက တားနိုင်တယ်ဆိုတာ ပေါ်ကြပလား။

အပါယ်တံခါးပိတ်တယ်ဆိုတာ

အပါယ်တံခါးပိတ်တယ်ဆိုတာ အနာဂတ်အကြောင်း ဖြတ်လိုက်တာပဲဆိုတာ မှတ်လိုက်ကြ၊ ဒကာ ဒကာမတွေ ဘုရားတယ်၊ ကျောင်းဆောက်၊ ကန်တွေတူး၊ လှူချင်တာတွေလှူဒါန်းပြီး နိဗ္ဗာန်တောင်းပေမယ့် မရဘူး၊ ဒီ-ပဋိစ္စသမုပ္ပါဒ် မပြတ်ရင် အပါယ်သွားစေပဲ၊ ကိုယ့်ပဋိစ္စသမုပ္ပါဒ်ကို သူများဖြတ်ပေးလို့လဲ မရဘူး၊ ကိုယ်တိုင်ဖြတ်မှလွတ်မှာ၊ ဖြတ်ဖို့ဆို တော့လဲ ဝိပဿနာနဲ့ဖြတ်မှ လွတ်မှာ၊ ဒါနဲ့မဖြတ်ရင် အပါယ်မလွတ်ဘူးဆိုတာ မှတ်ကြတော့။

ဒကာ ဒကာမတို့ သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ၊ ဒီငါးပါးနဲ့ပြည့်စုံမှ ဆုတောင်းလို့ပြည့်တယ်၊ ပြည့်နိုင်တယ်လို့ ပဏ္ဏာသပါဠိတော်မှာလာတယ်၊ ဒီလိုပြည့်ရတာဟာ ပညာပါလို့ပဲ၊ ပညာပါမှသာ ပြည့်နိုင်တယ်ဆိုတာမှတ်ရမယ်၊ ရိပ်မိ ကြပလား။ ဒကာ ဒကာမတို့ ဆုတောင်းလို့ပြည့်တယ်ဆိုတာ ဒီဝိပဿနာအလုပ် ပါမှသာပြည့်နိုင်တယ်လို့ ပြောတာပဲဆိုတဲ့ အဓိပ္ပါယ်ကိုမှတ်ရမယ်၊ ဒီဝိပဿနာအလုပ်မလုပ်လို့ ပညာမပါရင် မပြည့်ဘူးလို့သာ မှတ်ကြတော့။

ဒကာ ဒကာမတို့ ဘုန်းကြီးက တိတိကျကျ ပြောလိုက်ပါတယ်။ ပဋိစ္စသမုပ္ပါဒ်ပြတ်မှသာ တောင်းတဲ့ဆုပြည့်မယ်၊ မပြတ်ရင် မပြည့်ဘူးလို့ ရိပ်မိပလား။ ဒါကြောင့် ဒကာ ဒကာမတို့ သူများပြောသံကြားမှာ လမ်းမဆုံးကြနဲ့တော့၊ အခုဉာဏ် မြင်နဲ့ သိအောင်ကြည့်ကြ၊ အလုပ်ခွင်ဝင်မှ သေချာတယ်၊ ပညာဦးစီးမှလို့ ဆိုလိုတယ်၊ ပညာကို ဦးမစီးသမျှ ပဋိစ္စသမုပ္ပါဒ် မပြတ်ဘူး၊ မပြတ်ရင် ဘာလုပ်လုပ်မရဘူး၊ အပါယ်ကျဖို့က သေချာတယ်၊ ရိပ်မိကြရဲ့လား။

အလုပ်နဲ့ဖြတ်တာမှ သေချာတယ်

ဒကာ ဒကာမတို့ မနေ့က ပါးစပ်ပြော၊ ဒီကနေ့အလုပ်နဲ့ဖြတ်တာမှ သေချာတယ်၊ ဒကာတို့တတွေ နောက်နောက် ဘဝ၊ အသင်္ချေ၊ အနန္တက ဘယ်လိုအကုသိုလ်အကြွေးတွေရှိရှိ၊ ဘာတွေပဲလုပ်ခဲ့လုပ်ခဲ့ အကုန် အဟောသိကံ ဖြစ်တယ်ဆို တာ မှတ်လိုက်ကြ၊ မဂ္ဂင်ငါးပါးက ရှစ်ပါးပြည့်ရင် အဟောသိကံဖြစ်တာပဲ၊ ဒါကြောင့် အခု အခွင့်အခါကောင်းတုန်း ကြိုးစားလိုက်ကြ၊ ဖင့်နွှဲမနေနဲ့တော့၊ လုပ်ဖို့က လွယ်ပါတယ်၊ ငွေစုတဲ့အခါ တိုးစုသလို၊ တိုးစုလိုက်ရုံပဲ ရိပ်မိပလား။

ဒီအခါမျိုးမှာမှ ပျင်းနေကြရင် မလုပ်ချင်ကြသေးရင် ဒကာတို့ဟာ သွားနေကျလမ်းအတိုင်း သွားမြဲသွားကြတော့ လို့ ပြောလိုက်ပါတယ်၊ မပျင်းကြနဲ့။ မပေါ့ကြနဲ့တော့၊ လုပ်ယူမှရမှာမို့ လုပ်ယူကြ၊ ဆုတောင်းလဲမမှန်ဘူး၊ အပြောလဲမမှန် ဘူး၊ အလုပ်သဘောမှမှန်တယ်၊ သဘောပါရဲ့လား။ အလုပ်သဘောက ဒကာတို့ရောက်ရမယ့် သွားရမယ့် အနာဂတ် အကြောင်းတွေကို ဖြတ်ပစ်လိုက်တယ်၊ မဂ္ဂင်ရှစ်ပါးပြည့်တော့ ရှေ့နောက်အကုန်ပြတ်တယ်ဆိုတာ မှတ်ကြ။

ဒကာ ဒကာမတို့ သဘောပါကြပလား။ မြင်စိတ်ပေါ်လို့ ဖြစ်ပျက်ရှုတော့ နောက်က တဏှာမလာဘူး၊ တဏှာ မလာတော့ နောက်သံသရာပြတ်တယ်၊ မြင်စိတ်လာလို့ မရှုမိရင် သံသရာဆက်တယ်၊ ရှုရင် ဓမ္မဖြစ်၍ ဓမ္မပျက်တာပဲလို့ သိရင် တိဏ္ဏဝိစိကိစ္ဆော ဖြစ်တာပဲ၊ ဒီတော့ ဆုမတောင်းဘဲနဲ့ ပြည့်တယ်၊ ဆုတောင်းမတောင်းဘဲနဲ့ ပြည့်တာ အပါယ်လမ်း စဉ်ပြတ်လို့ပဲဆိုတာ မှတ်ကြတော့၊ ရိပ်မိကြပလား။

ဘာပေါ်ပေါ် ဖြစ်ပျက်ရှုကြ

ဒါကြောင့် ဘာပေါ်ပေါ် ဖြစ်ပျက်ရှုကြ၊ စိတ်လာလာ၊ ဝေဒနာလာလာ၊ သညာ၊ သင်္ခါရ၊ လာချင်တာလာ၊ လာတိုင်းမလွတ်အောင်သာ ဖြစ်ပျက်ရှုပေး၊ ဒကာတို့ ဉာဏ်ထဲပေါ်ရာ ရှုချင်တာရှု၊ ရှုရင် မိစ္ဆာဒိဋ္ဌိအကုန်လုံးပြုတ်တယ်၊ ရှင်းပလား။ ဥပမာ-ဒကာတို့ရဲ့ နှလုံးသွေးမှာတည်တဲ့ မနောအကြည်က အိမ်မှာရှိနေတဲ့ သေတ္တာထဲက ရွှေ၊ ငွေဘက်ကို လှည့်လိုက်တော့ ဝိညာဏ်ပေါ်တယ်၊ ဘာဝိညာဏ်လဲ၊ မနောဝိညာဏ်၊ မြင်ပလား။

အဲဒါကြောင့် “မနဉ္စ ပဋိစ္စ ဓမ္မေစ ဥပ္ပဇ္ဇတိ မနောဝိညာဏံ”။ ဒီမနောဝိညာဏ်လေးကို ဉာဏ်ကဖြစ်ပျက်၊ ဖြစ်ပျက်လို့ ရှုရမယ်၊ ရှုလိုက်တော့ “မနောဝိညာဏံ အနိစ္စတော ဇာနတော ပဿတော မိစ္ဆာဒိဋ္ဌိ ပဟီယတိ”။

ဒါလေးကို ဖြစ်ပျက်ရှုလိုက်တဲ့အတွက် မဂ္ဂင်ငါးပါးပေါ်လာတယ်။ ဒီနေရာမှာ မဂ်ဝင်လိုက်တော့ နောက်က မိစ္ဆာဒိဋ္ဌိမလလာတော့ဘူး၊ ဝိစိကိစ္ဆာလဲ မလာတော့ဘူး၊ ရှင်းကြရဲ့လား။ ဒါကြောင့် ကြံစည်တဲ့စိတ် ဝမ်းထဲပေါ်ရင် ဖြစ်ပျက်ရှုချကြ၊ ရှုလိုက်တော့ ပဋိစ္စသမုပ္ပါဒ်ကြီး ပြတ်ထွက်သွားတယ်၊ ရှုဉာဏ်ဝင်လိုက်တော့ “ဝေဒနာပစ္စယာ တဏှာ၊ ဝေဒနာပစ္စယာဒိဋ္ဌိ” ဆိုတဲ့ လာနေကျ နိယာမတရား အစဉ်တန်းကြီး ပျက်သွားတယ်။

နိယာမတရားသဘောဆိုတာ

ဒကာ ဒကာမတွေ သဘောပါကြရဲ့လား။ ဒကာ ဒကာမတို့ နိယာမတရားသဘောဆိုတာ ဖြစ်ရိုးဖြစ်စဉ် ထုံးတမ်း စဉ်လာ သဘာဝပဲလို့မှတ်ရမယ်၊ မိုးရွာရင်အစို၊ နေပူရင် အခြောက်ဆိုတဲ့စကားလို နိယာမဆိုတာလဲ ဒီသဘောအတိုင်း မှတ်ရမယ်၊ ဒါကို သဘောကျရင် အခုလောကမှာရှိနေတဲ့ လူတွေ၊ တိရစ္ဆာန်တွေ အားလုံးဟာ ဥတုနိယာမလှည့်တာ အကုန်ခံကြရတယ်၊ ဥတုကပူရင်ပူတယ်၊ အေးရင် အေးရတာပဲ။

ဓမ္မနိယာမဆိုတာလဲ သူ့ဖြစ်ရိုးဖြစ်စဉ် ထုံးတမ်းအတိုင်း ဖြစ်မြဲဓမ္မတာပဲ၊ ဒီနိယာမတွေကို ဘယ်သူမှ တော်လှန် ပစ်လို့ မရဘူး၊ ဒါပေမယ့် အခုနေမှာ ဘုရားရှင်ပွင့်တော်မူလို့ ဘုရားက နည်းပေးလို့ ဒီနိယာမဆိုးကြီးကို တော်လှန်နိုင်ဖို့ နည်းရကြပြီ၊ အခုလိုအချိန်မှာ နိယာမဖြစ်လို့ ဒီကလွတ်အောင်လုပ်မယ်ဆိုရင် ဖြစ်နိုင်တယ်၊ ပြင်ဖို့ဆင်ဖို့အချိန်ရသေး တယ်၊ ရိပ်မိကြပလား။

ဒီလိုရလာတဲ့ နည်းနည်းကျန်တဲ့အချိန်ကလေးကို ထပ်ပြီး နှုတ်မပြစ်ကြနဲ့တော့၊ အလွန်နည်းနေတဲ့ အချိန်ကလေး ကိုဖြတ် ထပ်မနှုတ်ပါနဲ့တော့၊ နှုတ်ရင် ဒီထက်မိုက် မရှိတော့ဘူးလို့သာ ဆုံးဖြတ်ချက်ချကြ၊ ဒကာ ဒကာမတို့ “နောက်” ဆိုတာ ဘယ်နည်းနဲ့မှ မလွယ်တော့ပါဘူး၊ အချိန်မဆွဲနဲ့၊ မရွှေ့နဲ့၊ ဆင်ခြေမလဲနဲ့၊ အခုက အမြန်ဆုံးနေရာကျအောင် လုပ်ကြတော့၊ သဘောပါကြရဲ့လား။

ဝိပဿနာမရှုရင် ဒိဋ္ဌိချင်း မိုးမွှန်နေမယ်

ဝိပဿနာမရှုရင် ဒိဋ္ဌိချင်း မိုးမွှန်နေမယ်၊ ဒကာတို့က ဒီဒိဋ္ဌိနဲ့ ကြွားလုံးထုတ်လိုက်သေးတယ်၊ “ဟောဒီပစ္စည်းဟာ ငါကြံလို့ရလာတာ”၊ “ငါ့အကြံဉာဏ် ဘယ်လောက်ကောင်းသလဲ” နဲ့ ကြွားလုံးထုတ်တာ၊ အဲဒါဟာ ဝိပဿနာမရှုတဲ့ဓမ္မက ပြောနေတာပဲလို့ ရိပ်မိကြ။ ငါမဟုတ်၊ ငါမပါ၊ ဝိပဿနာမရှုလို့ ပြောတဲ့စကားပဲဆိုတာ မှတ်လိုက်ကြ၊ ရိပ်မိကြပလား။ လူကြီးတွေက ပြောချင်၊ ကြွားချင်ကြတယ်၊ အမှန်က တဏှာ၊ ဥပါဒါန်၊ ကံက ကြွားတာပဲ၊ ရှင်းကြရဲ့လား။

ကြွားလုံးထုတ်တာ အကြံလုံး၊ အစည်လုံးကထုတ်တာ၊ ကြွားလုံးထုတ်တဲ့ပုဂ္ဂိုလ်ဟာ ပဋိစ္စသမုပ္ပါဒ်က ထုတ်တာပဲ လို့မှတ်ကြ၊ “ဝိတက္ကဝိစာရာ ဝစီသင်္ခါရော” တဲ့၊ ဒကာ ဒကာမတို့ ကြွားရင် အပါယ်သွားမယ့်သူပဲလို့သာ မှတ်လိုက်ကြ၊ ရိပ်မိကြပလား။ ဒီလို ကြွားလုံးမျိုးကို လူကြီးတွေက ထုတ်ကြတာများတယ်၊ “မင်းတို့ ငါမရှိရင် သိလိမ့်မယ်” တဲ့၊ ငါဒိဋ္ဌိ၊ ငါတဏှာ၊ ဥပါဒါန်၊ ကံ၊ ဒါတွေနဲ့ သေသွားရင် အပါယ်ပဲ၊ သံသယမရှိနဲ့တော့။

ဒိဋ္ဌိလာတော့ ဒိဋ္ဌိကတဏှာ၊ ဒိဋ္ဌုပါဒါန်၊ ကမ္မဘဝ၊ အပါယ်ဇာတိ၊ ကမ္မဘဝပစ္စယာ ဇာတိက အပါယ်ဇာတိပဲရှိ တယ်၊ ရိပ်မိကြပလား၊ ဒါကို ဝိပဿနာမဂ်နဲ့ ဖြတ်မှသာရမယ်၊ အပါယ်ကြောက်ရင် ကြိုးစားသာ ရှုကြတော့၊ မရှုမိတဲ့ အချိန်ဟာ အပါယ်ရိက္ခာစုမိနေတာပဲ၊ ကြိုးစားသာရှု၊ အရှုအပွားများလာရင် တချက်ချက်မှာ မဂ္ဂင်ရှစ်ပါး ပြည့်လာမယ်၊ အဲဒီမဂ္ဂင်ရှစ်ပါးပြည့်တဲ့ မဂ်စစ်ကို ရမှသာ အပါယ်လွတ်ဖို့သေချာတယ်၊ ဒကာ ဒကာမတွေ ကျေနပ်ပလား။

ကိုင်း-ယနေ့ အချိန်စေ့ပြီ၊ ဒီတင်တော်ကြအုံး။

**********