20508

ကိုယ်တိုင်ဆုံးဖြတ် မဂ်ဉာဏ်မြတ်

(သောတာပန်အမြင်)

ဆောင်ပုဒ်

ခန္ဓာငါးခွင်၊ ဉာဏ်ရှုဝင်၊ အမြင်ဖြောင့်တန်းစွ။

ဓမ္မပေါ်ကာ၊ ပျက်ဓမ္မာ၊ သူငါရှာမရ။

ဓမ္မဖြစ်ပျက်၊ ဓမ္မဆက်၊ လှည့်လျက်ကြောင်းကျိုးမျှ။

ပုဂ္ဂိုလ်သတ္တဝါ၊ ဆိတ်သုဉ်းကွာ၊ မပါကျားနှင့်မ။

ခန္ဓာတဏှံ၊ ပယ်စွန်လှန်၊ ဉာဏံဝိပဿန။

ယုံမှားကင်းပျောက်၊ ဉာဏ်ထွင်းဖောက်၊ ကူးမြောက်မဂ်စစ်ရ။

သတိချပ်

သာသနာတွင်းမှာ ကြုံခဲစွာ၊ ဝိပဿနာမြတ်ဓမ္မ။

ဝိပဿနံ၊ လွဲချော်ပြန်၊ လူ့ကံခေနည်းလှ။

ဝိပသ်ဉာဏ်မွဲ၊ မဂ်ဖိုလ်လွဲ၊ ကျိုးနည်းနာကြည်းစွ။

အရတော်စွာ၊ ကြိုက်ကြုံခါ၊ မြန်စွာအားသစ်မှ။

မဂ်ဉာဏ်ထွင်းဖောက်၊ ဘေးဆိုးပျောက်၊ လွန်မြောက်ဝိဒိဋ္ဌ်က။

ဝိဒိဋ္ဌ်ကင်းကွာ၊ ဩရသာ၊ သကျာမြတ်ဇိန။

တရားသား

ဝိပဿနာ သမ္မာဒိဋ္ဌိအမြင်

ဒကာ ဒကာမတို့ ဒီကနေ့ညမှာ မနေ့ညက တရားအဆက်ကိုပဲ ထပ်ပြီးပြောရမယ်၊ မနေ့ကပြောခဲ့တာ မှာ သမ္မာဒိဋ္ဌိငါးမျိုး၊ အဲဒီထဲက ဒီကနေ့အတွက် ဝိပဿနာသမ္မာဒိဋ္ဌိ၊ မဂ္ဂသမ္မာဒိဋ္ဌိ၊ ဖလသမ္မာဒိဋ္ဌိ၊ ဒီသုံးမျိုးကိုထပ်ပြီး ရှင်းလင်းပြောရမယ်၊ ဒီသုံးခုက လိုရင်းအချက်ပဲဆိုတာ မှတ်လိုက်ကြ။

ဒကာ ဒကာမတို့ ဝိပဿနာ သမ္မာဒိဋ္ဌိအမြင်က ဖြစ်ပျက်ကိုသာမြင်တယ်၊ ခန္ဓာကိုမမြင်ဘူး၊ ခန္ဓာမမြင်လို့ ဒီဉာဏ်က ခန္ဓာစွန့်တယ်ဆိုတာ မှတ်ရမယ်၊ ဝိပဿနာဉာဏ်က ခန္ဓာမမြင်ဘူးဆိုတာ ရိပ်မိကြပလား။ ခန္ဓာမမြင်ရင် နောက်က ပဋိစ္စသမုပ္ပါဒ် ဆက်ပါအုံးမလား။ မဆက်တော့ဘူး၊ မဆက်တော့ နောက်က တဏှာ၊ ဥပါဒါန်၊ ကံတွေကို စွန့်တာပဲ၊ သဘောပါကြပလား။

အဲဒါကြောင့် ဒီ-ဝိပဿနာဉာဏ်ဟာ အလွန်ကျေးဇူးများတဲ့ တရားပဲဆိုတာ မှတ်လိုက်ကြ၊ ဒီ-ဝိပဿနာတရား ဟာ သာသနာတွင်းမှာမှ ပေါ်တဲ့တရားမို့ အလွန်ပဲ အရေးကြီးပါတယ်၊ ဝိပဿနာတရားဟာ သာသနာတွင်းတရားပဲဆို တာ မှတ်ကြတော့ ရိပ်မိပလား။ သာသနာပအခါမျိုးမှာ ဒီဝိပဿနာတရားမျိုး မရနိုင်ဘူးဆိုတဲ့ အဓိပ္ပါယ်ပေါ်ကြပလား။

မဂ်သမ္မာဒိဋ္ဌိက နိဗ္ဗာန်လဲမြင်တယ်

မဂ်၊ သမ္မာဒိဋ္ဌိက သူကလဲ ခန္ဓာစွန့်ပြီးသား၊ နိဗ္ဗာန်လဲမြင်တယ်၊ နောက် ကိလေသာတွေကိုလဲ ပယ်စွန့်တာမို့ သူက သုံးကိစ္စဆောင်ရွက်တယ်၊ ဝိပဿနာဉာဏ်က နှစ်ကိစ္စဆောင်ရွက်တယ်၊ မဂ်ဉာဏ်က သုံးကိစ္စဆောင်ရွက်တယ်၊ ရှင်းကြပလား။ ဒကာ ဒကာမတွေ မိမိတို့ တရားအားထုတ်တာ ဘယ်သမ္မာဒိဋ္ဌိ ရောက်ပလဲဆိုတာ ကိုယ်တိုင်သိကြဖို့ ရှင်းလင်းပြပေးနေတယ်ဆိုတာ မှတ်ကြရမယ်။

ဝိပဿနာသမ္မာဒိဋ္ဌိ ရောက်နေရင် စူဠသောတာပန်ပဲ၊ စူဠသောတာပန်ဆိုတော့ တဘဝ၊ နှစ်ဘဝလောက်ပဲ အပါယ်အတွက် စိတ်ချရတယ်၊ မသေချာလှသေးဘူး၊ ဒါလောက်နဲ့ တင်းတိမ်နေလို့ မဖြစ်နိုင်သေးဘူးဆိုတာ မှတ်ရမယ်၊ မဂ်သမ္မာဒိဋ္ဌိရောက်ရင် မဟာသောတာပန်ပဲ၊ အဲဒီရောက်မှ လုံးဝစိတ်ချရမယ်၊ ရိပ်မိကြပလား။ ဒါကြောင့် မဂ်သမ္မာဒိဋ္ဌိ ကိုဖြင့် မရ,အရ ကြိုးစားမှပဲလို့သာ ဆုံးဖြတ်ချက်ချကြ။

ဝိပဿနာ သမ္မာဒိဋ္ဌိက နိဗ္ဗာန်တည်းဟူသော ဆွဲကိုင်ရာကို ကောင်းကောင်း မရသေးဘူး၊ မရသေးတော့ ကိလေသာကို စွန့်တယ်ဆိုပေမယ့် အမြစ်နှင့်တကွ မပြတ်သေးဘူး၊ ပြတ်အောင် မစွန့်နိုင်သေးဘူး၊ မဂ်သမ္မာဒိဋ္ဌိကတော့ နိဗ္ဗာန်ကိုဆွဲကိုင်ပြီး ကိလေသာကို ဖြတ်တဲ့အတွက် ဒိဋ္ဌိနဲ့ဝိစိကိစ္ဆာတို့ကို အမြစ်ပါဖြတ်တယ်ဆိုတာ မှတ်ထားကြ၊ အပါယ် မျိုးစေ့ အမြစ်ပါပြတ်လို့ စိတ်ချရတာပဲလို့ မှတ်လိုက်ကြ၊ ရှင်းကြရဲ့လား။

ဖလသမ္မာဒိဋ္ဌိဆိုတာက

ဒကာ ဒကာမတို့ ငါးနံပါတ် ဖလသမ္မာဒိဋ္ဌိဆိုတာက လေးနံပါတ်နောက်က ကပ်လျက်လာတာပဲ၊ မဂ်ရပြီးရင် ဖိုလ်ကို တောင့်တဖို့မလိုဘူး၊ မဂ်က အနန္တရပစ္စည်းနဲ့ ကျေးဇူးပြုတဲ့အတွက် ဟဒယဝတ္ထုပေါ်မှာ မဂ်ပြီးတော့ ဖိုလ်ပဲလာ တယ်ဆိုတာ မှတ်ကြ၊ သဘောပါကြပလား။ ဒါကြောင့် ဒီ-ဖိုလ်သမ္မာဒိဋ္ဌိအတွက် အထူးတလည် အားထုတ်ယူဖို့ မလိုတော့ ဘူး၊ မဂ်ရအောင် အားထုတ်ဖို့ကသာ အဓိကပဲလို့မှတ်လိုက်ကြ၊ ရှင်းပလား။

ဒကာ ဒကာမတွေ တရားအားထုတ်တဲ့အခါ ကိုယ့်ဟာကိုယ် သောတာပန်တည်ပလား၊ မတည်သေးဘူးလား။ သိနိုင်ဖို့ ဆုံးဖြတ်ချက်ချနိုင်ဖို့ အမြင်နှစ်မျိုးကို ပြောပြမယ်၊ ဒီအမြင်နှစ်မျိုးက “မူလပဏ္ဍာသ ပါဠိတော်မှာ” လာတဲ့ စကားပဲလို့ မှတ်ကြ၊ “သစ္စကပရဗိုဇ်” ကမေးလို့ ဘုရားရှင်က ဖြေတော်မူတဲ့စကားအချက်ပဲလို့ မှတ်ရမယ်၊ ရိပ်မိကြပလား။ သစ္စကပရဗိုဇ်က ဘုရားဆီသွားပြီး ဝါဒပြိုင်မယ်၊ ဝါဒနဲ့နှိပ်စက်မယ်ဆိုတဲ့အကြံနဲ့ ရောက်လာခဲ့တယ်ဆိုတာ မှတ်ကြ။

သစ္စကပရဗိုဇ်ဟာ ဘုရားထံရောက်လာပြီးတော့ ပြဿနာများကို အမေး-အဖြေလုပ်တဲ့အခါမှာ အရှုံးကြီးရှုံးပြီး လက်မှိုင်ချရတော့တယ်၊ အဲဒီအခါမှ ဘုရားရှင်က ဆက်လက်ပြီး လက္ခဏာရေးတရားများကို ရှင်းလင်းဟောပြတော်မူ လိုက်တယ်၊ ဒါပေမယ့် မကျွတ်ဘူး၊ သစ္စကပရဗိုဇ်ဟာ ကျွတ်လွတ်ခွင့်ကို မရရှာဘူး၊ အဲဒါ မကျွတ်ထိုက်လို့ မကျွတ်တာဘဲလို့ မှတ်ကြ။

အဲဒါနဲ့ သစ္စကဟာ မေးစရာ ပြဿနာအချက်အလက်တွေ ကုန်သွားတော့ သူသိချင်တဲ့အချက်ကို ဆက်ပြီး မေးပြန်တယ်တဲ့။

ဘာအကြောင်းကြောင့်ပါလဲ

သစ္စက။

”အရှင်ဘုရား-ပုရာဏကဿပ, မက္ခလိဂေါသာလစတဲ့ ဒိဋ္ဌိဆရာကြီးတို့ရဲ့ တပည့်တပန်း တွေဟာ ဒီဆရာထံက ဟိုဆရာထံ ကူးလိုက်ကြ၊ ပြောင်းလိုက်ကြ၊ ဒီအယူဝါဒကနေ ဟိုအယူဝါဒ ကူးပြောင်းကြနဲ့ အပြောင်းအလွဲရှိကြပါတယ်၊ ဒါပေမယ့် အရှင်ဘုရား သာသနာဝင်ဖြစ်တဲ့ တပည့်တပန်း သာဝကတွေကတော့ တိတ္ထိတွေထံ ကိုလဲ ပြောင်းမသွားကြဘူး၊ တခြားအယူဝါဒများကို ပြောင်းရွှေ့မယူကြဘူး၊ ဒါဟာ ဘာအကြောင်းကြောင့်ပါလဲ၊ အဲဒါ ဘယ်သဘောပါလဲဘုရား။

မြတ်စွာဘုရားအဖြေ

”အို-သစ္စက၊ ဒိဋ္ဌိဆရာခြောက်ယောက်တို့ရဲ့ တပည့်တပန်းတွေက တဦးထံက တဦးထံ ကူးပြောင်းကြ၊ အယူဝါဒတခုကတခု ပြောင်းလွဲကြတာဟာ အယူမမြဲကြလို့ပဲ၊ ငါဘုရားသာသနာမှာရှိတဲ့ တပည့်သာဝက တွေကတော့ အမြင်မှန်ရကြလို့ အယူမြဲသွားကြပြီဖြစ်တဲ့အတွက် ဘယ်အယူ ဘယ်ဝါဒမှ မပြောင်းမလွဲကြတော့တာပဲ”လို့ ဖြေတော်မူလိုက်တယ်။

”သဗ္ဗံ ရူပံ၊ လ၊ သဗ္ဗံ ဝိညာဏံ၊ နေတံ မမ၊ နေသော ဟမသ္မိ၊ နမေ သော အတ္တာတိ၊ ဧဝမေတံ ယထာဘူတံ၊ သမ္မပ္ပညာယ ပဿတိ၊ ဧတ္ထာဝတာ ခေါ အဂ္ဂိဝေဿန မမ သာဝကော သာသနကရော ဟောတိ၊ ဩဝါဒ ပတိကရော”။

ဉာဏ်နဲ့ထိုးထွင်းပြီး သိတဲ့သူများဟာ ဒီအတိုင်းဖြစ်ရတယ်

ဒကာ ဒကာမတွေ သဘောပါကြပလား။ တရားအားထုတ်လို့ တရားသဘောကို အမှန်အကန် ဉာဏ်နဲ့ထိုးထွင်းပြီး သိတဲ့သူများဟာ ဒီအတိုင်းဖြစ်ရတယ်ဆိုတာ မှတ်ကြ၊ စာပြော၊ ဆရာပြော၊ သူပြော၊ လူပြောနဲ့မဟုတ်ဘူး၊ ကိုယ်တိုင်ဧကန် အမြင်မှန်ရကြလို့ပဲဆိုတာ မှတ်ရမယ်၊ ဒကာ ဒကာမတို့ ဒီအမြင်မျိုးရအောင် ကိုယ်တိုင်သိ၊ ကိုယ်တိုင်မြင်၊ ကိုယ်ဆုံးဖြတ် ချက်ချနိုင်တဲ့ အခြေရောက်အောင် အားထုတ်ကြဖို့ပဲ။

ဝိပဿနာကို အားထုတ်တော့ ခန္ဓာအစဉ်မှာ ဖြစ်ပျက်တွေမြင်၊ မြင်တော့ ဉာဏ်က ပုဂ္ဂိုလ်မရှိ၊ သတ္တဝါမရှိ၊ ငါမရှိ၊ သူမရှိဆိုတဲ့ အမှန်သဘာဝတွေပဲမြင်တယ်၊ ဉာဏ်က ဖြစ်ပျက်ပဲတွေ့မြင်နေတယ်၊ ပုဂ္ဂိုလ်သတ္တဝါဆိုတာ မမြင်တော့ ဘူး၊ ဝိပဿနာရှုတဲ့သူမှာ ကိုယ့်ခန္ဓာကြည့်ကြည့်၊ သူတပါးခန္ဓာပဲကြည့်ကြည့်၊ ဓမ္မတခုဖြစ်၊ တခုပျက်၊ တခုဖြစ်၊ တခုပျက်နဲ့ ဓမ္မတွေ ဖြစ်ပျက်နေတာပဲ တွေ့ရမယ်၊ မြင်ရမယ်၊ ဒကာ ဒကာမတွေ ရိပ်မိကြပလား။

ဒီအတိုင်း ရှုသွားလို့ ဝိပဿနာလမ်းဆုံးကို တကြိမ်ရောက်သွားတယ်ဆိုရင်ပဲ ပုဂ္ဂိုလ်၊ သတ္တဝါရှိသလား၊ မရှိ သလားဆိုတဲ့ သံသယက လွန်မြောက်သွားတယ်၊ ဒီဓမ္မတွေအပေါ်မှာ ယုံမှားသံသယ လုံးဝမရှိတော့ဘူး၊ အဲဒီအခါမှာမှ-

တိဏ္ဏဝိစိကိစ္ဆော၊ ယုံမှားခြင်းကို လွန်မြောက်သည်။

ဝိဂတ ကထံကထော၊ သို့လော သို့လော တွေးတောခြင်းကင်းသည်။

ဝေသာရဇ္ဇပ္ပတ္ထော၊ တရားတော်၌ ရဲရင့်ခြင်းသို့ ရောက်သည်။

အပရပ္ပစ္စယော၊ ဘုရားသာသနာတော်မှတပါး အားထားကိုးစားရာ မရှိသည်။

အဲဒီလို အင်္ဂါ အချက်အလက်တွေနဲ့ ပြည့်စုံသွားတယ်၊ ဒါကြောင့် ငါဘုရားသာသနာတော်က ဘယ်ဘာသာ အယူဝါဒကိုမှ မပြောင်းကြတော့ဘူးဆိုတဲ့ အကြောင်းနဲ့ သစ္စကကို ဘုရားရှင်က အဖြေပေးလိုက်တယ်ဆိုတာ မှတ်ကြရ မယ်၊ ရှင်းကြပလား၊ ဒကာ ဒကာမတွေ ကျေနပ်ပလား။ ဒီအဓိပ္ပါယ်စကားဟာ လိုက်နာဖို့လဲဟုတ်တယ်၊ ကိုယ့်ဟာကိုယ် ချိန်ထိုးဖို့ စံတင်ဖို့လဲဖြစ်တယ်ဆိုတာ မှတ်ကြ။

သာဝကအစစ်အမှန် ဖြစ်သွားတဲ့သူ

ဒကာ ဒကာမတို့ ဘုရားရှင်ရဲ့ သာဝကအစစ်အမှန် ဖြစ်သွားတဲ့သူဟာ ဘယ်အခါမှ မဖောက်ပြန်တော့ဘူးဆို တာလဲမှတ်ရမယ်၊ သူက ဉာဏ်နဲ့ ခန္ဓာမှာ စိုက်တဲ့အခါမှာလဲ ပုဂ္ဂိုလ်၊ သတ္တဝါဆိုစရာ အဟုတ်မရှိဘူးဆိုတဲ့ အချက်ကို အမှန်သိတယ်၊ အမှန်မြင်တယ်ဆိုတာ မှတ်လိုက်ကြ၊ ရိပ်မိကြပလား။ သူကိုယ်တိုင် ကိုယ်ပိုင်ဒိဋ္ဌဉာဏ်နဲ့ မြင်ပြီး၊ သိပြီးသား ဖြစ်လေတော့ ဘယ်သူပြောစရာမှလဲ မလိုတော့ဘူး၊ တခြားဘာသာအယူဝါဒကို ပြောင်းဖို့မရှိတော့ဘူး၊ ရှင်းကြရဲ့လား။

ဒကာ ဒကာမတို့ ဘာသာတခြား၊ အယူတပါး ပြောင်းတယ်ဆိုရင် ပြောင်းတဲ့သူဆိုရင် ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာမပယ်နိုင် သေးလို့သာဘဲ၊ မပယ်ရသေးတဲ့သူမို့ပဲဆိုတာ မှတ်ကြတော့၊ သဘောပါကြရဲ့လား၊ အခုနေမှာ ဘုရားဒကာ၊ ကျောင်းဒကာ တွေရဲ့ သားသမီးဖြစ်နေပေမယ့် ဝိစိကိစ္ဆာကလေး ရှိနေသေးရင် စိတ်မချရသေးဘူး၊ အယူတိုင်းကို ပြောင်းချင်ပြောင်းမယ်၊ ဘာသာတိုင်းကို ကူးချင်ကူးသွားမယ်ဆိုတာ မှတ်ကြ။

သံယောဇဉ်ကြောင့်ပဲဖြစ်ဖြစ်၊ ငွေနဲ့ပစ္စည်းနဲ့ ဖြားယောင်းလို့ပဲဖြစ်ဖြစ်၊ ပြောင်းသွားမယ်၊ ပြောင်းသွားနိုင်တယ် ဆိုတာ မှတ်လိုက်ကြ၊ တရားကို ကိုယ်တိုင်အားထုတ်ပြီးလို့ ကိုယ်တိုင် အမြင်မှန်ရထားမှသာ မြဲစွဲမယ်၊ ပြောင်းလွဲဖို့ မရှိတော့ဘူး၊ ဖောက်ပြန်ဖို့ မရှိတော့ဘူး၊ ခန္ဓာမှာကြည့်တော့ ဓမ္မဖြစ်ပြီး ဓမ္မပျက်တာပဲရှိတယ်လို့ သိတယ်၊ ဓမ္မဖြစ်ပျက် ကလွဲရင် ဘာမှမရှိဘူးလို့သိပြီး ဝိစိကိစ္ဆာလွန်မြောက်မှသာ မြဲမယ်ဆိုတာ ဆုံးဖြတ်ချက်ချကြ။

သောတာပန် အမြင်ပဲ

ဒီလိုမှမဟုတ်သေးရင် မဟာမေဒင်၊ ခရစ္စယံစတဲ့ အခြားဘာသာတွေပြောင်းမယ်၊ နောက်ဘဝတွေမှာလဲ မိစ္ဆာအယူအမျိုးမျိုးကို ပြောင်းသွားနိုင်တယ်၊ ဘယ်အချိန်မှာမှ စိတ်မချရဘူးလို့သာမှတ်ကြ၊ ခန္ဓာမှာ အခုပေါ်တာကို အခုဉာဏ်နဲ့ကြည့်၊ ဖြစ်တာနဲ့ ပျက်တာပဲရှိတယ်၊ ပုဂ္ဂိုလ်၊ သတ္တဝါဆိုစရာ လုံးဝမရှိဘူးလို့ ဉာဏ်နဲ့မြင်ရင် သောတာပန် အမြင်ပဲလို့မှတ်ကြ။

ဒီအဓိပ္ပါယ်စကားဟာ ဘုရားကို သစ္စကပရဗိုဇ်ကမေးလို့ဖြေတဲ့ စကားပဲလို့ မှတ်ကြ၊ ခန္ဓာမှာဉာဏ်နဲ့ကြည့်တော့ စိတ်ကိုပဲကြည့်ကြည့်၊ ဝေဒနာပဲကြည့်ကြည့်၊ ဘာကိုပဲကြည့်ကြည့်၊ ဖြစ်တာနဲ့ ပျက်တာပဲရှိတယ်၊ ပုဂ္ဂိုလ်၊ သတ္တဝါဆိုစရာ လုံးဝမရှိပါကလားလို့ ဆုံးဖြတ်နိုင်တဲ့အမြင်ဟာ သောတာပန်အမြင်ပဲလို့ ဟောတော်မူတယ်ဆိုတာ သဘောပါကြပလား။

ယုံမှားခြင်းကို လွန်မြောက်သွားပြီ (တိဏ္ဏဝိစိကိစ္ဆော)

ဒီဉာဏ်အမြင်ရရင် တိဏ္ဏဝိစိကိစ္ဆော ယုံမှားခြင်းကို လွန်မြောက်သွားပြီ၊ ဖြစ်တာနဲ့ပျက်တာပဲ ဒီထဲမှာ သူမပါ ငါမပါဘူးလို့သိပြီးတော့၊ ဝိဂတ ကထံကထော၊ တွေးတောခြင်းကင်းသွားပြီ ဆိုတဲ့အချက်တွေနဲ့ ပြည့်စုံသွားတော့တယ်၊ ဒီလိုဖြစ်ရင် “နိယတ” ဖြစ်ပြီ၊ မကောင်းတဲ့ဌာန ဘယ်ကိုမှ မသွားတော့ဘူး၊ နိဗ္ဗာန်ပဲ အရောက်သွားတော့တယ်ဆိုတာ မှတ်ကြတော့၊ သဘောပါပလား။

ဒီလို ဉာဏ်အမြင်ရလာတဲ့သူမှာ သူ့စိတ်ထဲ၊ သူ့ဉာဏ်ထဲမှာ ရဲရဲတင်းတင်းကြီး ဖြစ်လာတယ်၊ သူ့ဉာဏ်နဲ့သူ ဘယ်သူက ဘာပြောပြောမရဘူး၊ ဘယ် နတ်ဗြဟ္မာ၊ တန်ခိုးရှင်တွေက ပြောပေမယ့်အပိုပဲ၊ သူ့ဉာဏ်ထဲမှာ ပုဂ္ဂိုလ်၊ သတ္တဝါ ဆိုစရာလုံးဝမရှိဘူးဆိုတဲ့ အချက်ကို ယတိပြတ် ရဲရဲကြီး ဆုံးဖြတ်ချက်ချနိုင်တယ်၊ အဲဒီအမြင်ဟာ သောတာပန် အမြင်ပဲ၊ အဲဒါ အပါယ်တံခါးပိတ်တဲ့ အမြင်ပဲ ရိပ်မိကြရဲ့လား၊ အဲဒါ သစ္စကကို ဟောတဲ့အဓိပ္ပါယ်လို့ မှတ်ကြ။

ဒကာ ဒကာမတို့ လုပ်ရင် ဒီအမြင်ရဖို့ မခဲယဉ်းပါဘူး၊ လုပ်ဖို့ပဲလိုတော့တယ် ဆိုတာ မှတ်လိုက်ကြ၊ မခဲယဉ်းတာကို ဖြင့် အခု အမြန်ဆုံးလုပ်ကြတော့လို့ သတိပေးလိုက်ပါတယ်၊ အချိန်ဆွဲရင် ဆွဲသလောက် ဒုက္ခရောက်ဖို့နီးတယ်၊ မကြာခင် ပဲလား၊ တော်တော်နေမှလားဆိုတာသာ မပြောနိုင်တာ၊ ဒုက္ခရောက်မှာကတော့ သေချာတယ်လို့သာ မှတ်လိုက်ကြ၊ ရိပ်မိကြရဲ့လား။

သောတာပန်တည်အောင်လို့ ဟောနေတာပဲ

ဒကာ ဒကာမတို့ ဝိပဿနာလုပ်ကြစို့ဆိုတော့ ဒကာတို့ အခုကြားတဲ့စိတ်ကလေး ပေါ်လာတယ်၊ ဒီအခါမှာ ဉာဏ်နဲ့ အကဲခတ်လိုက်၊ ခတ်လိုက်တော့ အခု ကြားစိတ်ကလေး ရှိသေးသလား၊ မရှိဘူး၊ ဖြစ်ပြီးပျက်သွားရှာပြီ၊ ဒီစိတ်ကလေးဟာ ဖြစ်ပြီးပျက်တာပဲရှိတယ်၊ ဒါကို ဉာဏ်နဲ့မြင်အောင် ကြည့်ပေးကြဖို့ပဲ၊ ဒါ နေ့တိုင်း ဟောပြနေတဲ့ စကားတွေပဲ၊ ဒါဟာ သောတာပန်တည်အောင်လို့ ဟောနေတာပဲ၊ ဘာမှမခဲယဉ်းပါဘူး၊ လုပ်တတ်ကြပလား။

ဒါကြောင့် ဘာပေါ်ပေါ်ရှုကြ၊ မြင်စိတ်လာလဲရှု၊ ကြားစိတ်၊ နံစိတ်၊ စားစိတ်၊ ကြံစိတ်၊ တွေးစိတ်၊ လာချင်တာလာ မှာပဲ၊ လာတဲ့အခါသာ မလွတ်စေနဲ့၊ ဘာလာလာ ဖြစ်ပြီးပျက်သွားတာပဲ၊ အဲဒါကို ဉာဏ်နဲ့မြင်ရမယ်၊ ရုပ်ကြည့်ကြည့်၊ စိတ်ကြည့်ကြည့်၊ ခန္ဓာငါးပါးလုံး ကြည့်ချင်တာကြည့်၊ ဖြစ်ပျက်ချည်းပဲ တွေ့ရမယ်၊ ဉာဏ်နဲ့ကြည့်တော့ ပုဂ္ဂိုလ်၊ သတ္တဝါ မပါဘူးလို့ ဆုံးဖြတ်ချက် ချနိုင်ရမယ်၊ ချနိုင်ရင် သောတာပန်အမြင်ရပြီ၊ ဘယ်မှမပြောင်းတော့ဘူးဆိုတာ မှတ်တော့၊ ရှင်းပလား။

အဲဒါကြောင့် ဒကာ ဒကာမတွေ မဂ်ဆိုက်တဲ့အလုပ် လုပ်ကြဖို့ တိုက်တွန်းနေတာပဲ၊ မဂ်ဆိုက်တဲ့အလုပ်ကို မလုပ်သေးသ၍ စိတ်ချရဖို့ တကွက်မှ မရှိသေးဘူးဆိုတာ မှတ်လိုက်ကြ၊ အကြီးအကျယ် ဖောက်ပြန်သွားနိုင်တယ်။ မုဆိုး၊ တံငါကြီးတွေ ဖြစ်သွားနိုင်တယ်၊ မဂ်မရသေးသမျှ ဘယ်အခါမှ အတည်တကျ မဖြစ်နိုင်သေးဘူး၊ ဒီကနေ့ သီလဝန္တကြီး ဆိုပေမယ့်လဲ နက်ဖြန် ဒုဿီလကြီး ဖြစ်သွားနိုင်တယ်၊ ရှင်းပလား။

ဒကာ ဒကာမတွေဟာ ပစ္စည်းရှာကြ၊ တိုက်တွေတာတွေ တည်ကြ၊ အိမ်ကြီးတွေဆောက်ကြ၊ ရွှေတွေဝယ်ထားကြ၊ ငွေတွေစုထားကြနဲ့ ဘာလုပ်ဖို့လဲလို့မေးတော့ “အရေးရှိရင် သုံးနိုင်ဖို့၊ အကြောင်းရှိရင် စိတ်အေးရဖို့ပဲ” တဲ့ ဖြေကြမယ်၊ ဟုတ်ကြရဲ့လား၊ ဒီသဘောအတိုင်းပဲ၊ ဒီလို လောကီရေးရာမှာတောင် စိတ်အေးရဖို့ လုပ်ကြသေးတာပဲ၊ လောကီမှာ လုပ်ထားသလို လောကုတ္တရာ ရေးရာမှာကော မလုပ်သင့်ကြဘူးလား။ အကြီးအကျယ် လုပ်သင့်တယ်၊ အမြန်ဆုံးလုပ်သင့် တယ်ဆိုတာ မှတ်လိုက်ကြ။

ရဲရဲတင်းတင်း ဆုံးဖြတ်ချက်ချနိုင်ရင် ပြီးတာပဲ

ဒီအလုပ်လုပ်ရမှာ ဒကာတို့ လောကီရေးရာတွေလောက် မခဲယဉ်းပါဘူး၊ လွယ်ပါတယ်၊ မလုပ်ရင်သာ ခက်မယ် ဆိုတာ ပြောလိုက်ပါတယ်၊ လုပ်တော့ ဘယ်လောက်ကြာကြာလုပ်ရမှာလဲ၊ ဘယ်အခြေရောက်အောင် လုပ်ရမှာလဲလို့မေး ရင် ဉာဏ်ထဲမှာ ပုဂ္ဂိုလ်မရှိ၊ သတ္တဝါမရှိ၊ ဓမ္မဖြစ်ပျက်သာ အမှန်ရှိတယ်လို့ ရဲရဲတင်းတင်း ဆုံးဖြတ်ချက်ချနိုင်ရင် ပြီးတာပဲဆိုတာသာ မှတ်လိုက်ကြ၊ ရှင်းကြရဲ့လား။

ဒကာ ဒကာမတွေက နားရည်ဝပြီး ပြောဆိုတတ်ကြတယ်၊ အရပ်ထဲမှာ အများတကာ ပြောကြ၊ ဆိုကြတဲ့ စကားတွေကို ကိုယ်ဉာဏ်လုပ်ပြီး ပြောနေကြတာ၊ “ပုဂ္ဂိုလ်မရှိ၊ သတ္တဝါမရှိ” တဲ့၊ အဲဒါ သူများပါးစပ်ထဲတွင် လမ်းဆုံးတဲ့ စကားတွေပဲ၊ အဲဒီပြောတဲ့အသံက သူတပါးနဲ့စပ်တဲ့အသံပဲ၊ ကိုယ့်ဉာဏ်မဟုတ်ဘူးဆိုတာ မှတ်လိုက်ကြ၊ အပရပ္ပပစ္စယော ဆိုတာ ဒီဟာမျိုးနဲ့ ဆန့်ကျင်ဘက်ပဲ၊ သူတပါးနဲ့မစပ်ဘူး၊ ကိုယ်တိုင်မြင်နဲ့စပ်တယ်၊ အဲဒါ အပရပ္ပစ္စယောဆိုတာ ဒိဋ္ဌိ ဝိစိကိစ္ဆာပြုတ်ပြီလို့ ဘုရားကပြောလိုက်တာပဲ၊ သဘောပါပလား။

ဒကာ ဒကာမတို့ သူများပြောမလိုဘူး၊ ကိုယ့်ဉာဏ်နဲ့ကိုယ်ရှုပြီး မှန်မှ အစစ်အမှန် ဖြစ်တယ်ဆိုတာ မှတ်ကြ၊ ရှင်းပလား။ ဆရာပြောသိမျိုး၊ အရပ်ပြောသိမျိုး၊ စာတွေ့သိမျိုးတွေ မလိုဘူးဆိုတာ မှတ်ထားကြ၊ အဲဒီအသိမျိုးက သညာမှာပဲ လမ်းဆုံးနေတယ်၊ ပညာသိမဟုတ်ဘူး၊ အခုပြောတဲ့ အဓိပ္ပါယ်တွေဟာ သစ္စကပရဗိုဇ်ကမေးလို့ ဘုရားက ဖြေတဲ့စကား အဓိပ္ပါယ်ပဲဆိုတာ မှတ်ကြ၊ ရိပ်မိပလား။

ဒကာ ဒကာမတို့ ဝိပဿနာအလုပ်က လုပ်ရင်မခက်ဘူး၊ ခန္ဓာမှာဉာဏ်နဲ့ကြည့်ပေးဖို့ပဲ၊ စိတ်ကလေးတခုပေါ်လာ ရင် ဉာဏ်နဲ့ကြည့်၊ ဖြစ်ပြီးပျက်သွားတာပဲမြင်မယ်၊ ဘာစိတ်လာလာ ဆက်သာကြည့်၊ အမြင်များသလောက် ဉာဏ်တက် လာမယ်၊ ကြပ်ကြပ်ကြည့်လေ ဉာဏ်တက်လေ နိဗ္ဗာန်နဲ့နီးလေပဲဆိုတာ မှတ်ကြ၊ အကြည့်အမြင်များလို့ ကိုယ့်ဉာဏ်မြင်နဲ့ ကိုယ်တိုင်ဆုံးဖြတ်နိုင်ရင် “သမ္မတ္တနိယတာ” ဖြစ်တာပဲ၊ အပါယ်မသွားတော့ဘူး၊ ကတိမြဲပြီလို့သာ မှတ်ကြတော့။

ဆုံးဖြတ်နိုင်အောင် အချက်လေးချက်

ကိုယ့်ဉာဏ်အမြင် မရှင်းသေးရင် ငရဲမျိုးစေ့ မကုန်သေးဘူးဆိုတာ မှတ်ကြ၊ ဉာဏ်အမြင်ရှင်းမှသာ ငရဲမျိုးစေ့ ကုန်မယ်၊ ငရဲမျိုးစေ့ကုန်စေချင်ရင် ဉာဏ်မရှင်းသေးသမျှ အေးနေလို့မရဘူး၊ အမြန်ဆုံးရှင်းသွားအောင် ကြိုးစားကြ၊ ဒကာ ဒကာမတွေ အလုပ်ခွင်ဝင်တဲ့အခါမှာ ဆုံးဖြတ်နိုင်ဖို့ အရေးကြီးတယ်၊ ဆုံးဖြတ်နိုင်အောင် အချက်လေးချက်ကို မှတ်ထားရမယ်။

၁-ယုံမှားခြင်းကို လွန်မြောက်တယ်။

၂-သို့လော သို့လော တွေးတောခြင်း ကင်းတယ်။

၃-ရဲရင့်ခြင်းသို့ ရောက်တယ်။

၄-ရတနာသုံးပါးမှတပါး ကိုးစားအားထားရာမရှိခြင်း။

ဒီအချက်လေးချက်နဲ့ညီရင် ဂတိမြဲပြီ၊ နိယတဂတိတော ဆိုတာဖြစ်သွားပြီ၊ အပါယ်မကြောက်နဲ့တော့၊ သူတော် ဥစ္စာ ရတနာခုနှစ်ပါးနဲ့ ပြည့်စုံသွားပြီမို့ လူချမ်းသာအစစ်ကြီး ဖြစ်ပြီဆိုတာ မှတ်လိုက်တော့၊ ဒီရတနာကမှ ရတနာအစစ် ဧကန်ဖြစ်တယ်၊ ဒီရတနာကလွဲလို့ ဒိပြင်ဥစ္စာတွေဟာ ရတနာစစ်၊ ရတနာမှန် မဟုတ်ကြဘူးဆိုတာ မှတ်ထားကြ၊ ရှင်းကြပလား။

ဒကာ ဒကာမတို့တတွေမှာ ဘာတွေပဲရှိနေရှိနေ ရတနာမစစ်သေးတော့ ပူနေရတယ်၊ လောကီရေးရာ တိုက်တာ အိုးအိမ်၊ ရွှေငွေဘဏ္ဍာ ရတနာအမျိုးမျိုးတွေ ရှိနေကြပေမယ့် အေးကွက်ကို မရရှာကြဘူး၊ အမြဲတမ်း ပူပန်နေရ၊ ကြောင့်ကြနေရ၊ စိုးရိမ်နေရတာပဲ၊ အဲဒါရတနာအစစ် မဟုတ်သေးလို့ပဲဆိုတာ ဆုံးဖြတ်ချက်ချကြ။

ရတနာစစ် ရတနာမှန်ဆိုတာ

ဒါမျိုးတွေက နှစ်သက်ခြင်းကို မပေးနိုင်ဘူး၊ ရတနာစစ် ရတနာမှန်ဆိုတာ “ရတိံ ဇနေတီတိ ရတနာနိ” ဆိုတဲ့အတိုင်း နှစ်သက်ခြင်းကို ပေးနိုင်ရမယ်၊ ရိပ်မိကြပလား။ ရတနာအတုအယောင်တွေနဲ့ချည်းသာ တင်းတိမ်မနေကြ နဲ့၊ တကယ်အားကိုးလောက်တဲ့ ရတနာစစ်ကိုရအောင် လုပ်ကြတော့လို့ ထူးထူးခြားခြား တိုက်တွန်းလိုက်တယ်။

ဒကာ ဒကာမတွေ ဒါကြောင့် အိမ်ကျရင် ဝိပဿနာအလုပ်ကို လုပ်ဖြစ်အောင်လုပ်ကြ၊ ပေါ့မနေကြနဲ့တော့၊ အချိန်က သိပ်မကျန်တော့ဘူးဆိုတာ ရိပ်မိကြရဲ့လား။ ခန္ဓာပေါ်လာသမျှ ဉာဏ်နဲ့ ကြည့်ပေးကြ၊ ဝေဒနာပေါ် ဖြစ်ပျက်ရှု၊ အေးရုပ်ပေါ်မယ်၊ ပူရုပ်ပေါ်မယ်၊ ပေါ်သမျှအားလုံး ဖြစ်ပျက်ချည်းပဲ၊ ဓမ္မဖြစ်၍ ဓမ္မပျက်တာပဲရှိတယ်လို့ ဉာဏ်နဲ့မြင် အောင်ရှုကြ။

ဒီလိုလာသမျှ မလွတ်တမ်းရှုနိုင်ရင် သောတာပန်တည်ဖို့ အလွန်မကြာပါဘူး၊ ဒကာ ဒကာမတို့ ရှုအားအပေါ်မှာ အနှေးအမြန် တည်တယ်ဆိုတာမှတ်ကြ၊ ကိလေသာခြားလို့ ရှုအားညံ့ရင် ကြာမယ်၊ ရှုအားကောင်းလို့ ကိလေသာမခြား ရင် မြန်မယ်ဆိုတာ မှတ်ထားကြ၊ ရှင်းပြီလား။ သောတာပန်ဖြစ်ရင် ကိုယ်တိုင်ဆုံးဖြတ်နိုင်တဲ့ အချက်လေးချက်နဲ့ ပြည့်စုံတော့တာပဲ။

ကိုယ်ဉာဏ်ထဲ ဖြစ်ပေါ်တဲ့သဘာဝ အချက်တွေပဲ

အထက်ကပြောခဲ့တဲ့အတိုင်း ပုဂ္ဂိုလ်၊ သတ္တဝါလုံးဝမရှိဘူးလို့ ယုံမှားကင်းသွားမယ်၊ သို့လော-သို့လော မတွေး တောတော့ဘူး၊ ဒီတရားတော်နဲ့ ပတ်သက်သမျှ အထူးရဲရဲရင့်ရင့် ဝံ့ဝံ့စားစားရှိသွားပြီ၊ ဘုရားသာသနာတော်ကလွဲရင် ကိုးစားရာ အားထားရာ မရှိဘူးဆိုတာတွေ ဖြစ်လာမယ်၊ အဲဒါတွေဟာ ကိုယ်တိုင်သိ၊ ကိုယ်ဉာဏ်ထဲ ဖြစ်ပေါ်တဲ့သဘာဝ အချက်တွေပဲဆိုတာ မှတ်ကြရမယ်။

ဒကာ ဒကာမတို့ အခုရှုမှတ်ဖို့နည်းလမ်းကို ဘုန်းကြီးက ညွှန်ပြပေးနေတယ်၊ ဒီအရင်ရက်တွေကလဲ ပြောခဲ့ပြီးပြီ၊ ဒါနဲ့မှ ခဲယဉ်းနေသေးသလား။ မခဲယဉ်းတာသိရရင် ကြိုးစားကြ၊ ရှုကြည့်ကြ၊ ဥပမာ-စားချင်စိတ်ကလေး ပေါ်လာတယ် ဆိုတော့ “စားချင်စိတ်” ကလေးဆိုတာ “စိတ်” ပါလို့ဆိုတော့ ဒီအထဲမှာ “ငါ” မပါဘူး၊ စားချင်စိတ်ဆိုကတည်းက စိတ်ဆိုတာ ငါပါပါ့မလား၊ မပါဘူး၊ ဒီနေရာတွင်ပဲ မှတ်လိုက်ရမယ်၊ ရှင်းကြရဲ့လား။

ဝေဒနာလေးပေါ်လာလဲ ဝေဒနာဖြစ်ပျက်ပဲ၊ ရုပ်ကလေးတခု ပေါ်လာလဲ ဖြစ်ပျက်ပဲ၊ လာသမျှဟာ အနိစ္စမှာ လမ်းဆုံးတာချည်းပဲ၊ ပေါ်လာသမျှ ဓမ္မချည်းပဲဆိုတာ သိရမယ်၊ ဒီဓမ္မဟာ အနိစ္စမှာ လမ်းဆုံးတာချည်းပဲလို့ မြင်ရမယ်၊ ဒီအတိုင်း ဉာဏ်ထဲမှာရှင်းရင် ရဲရဲတင်းတင်း ဆုံးဖြတ်နိုင်ရင် အိမ်မှာနေရင်း လုပ်လို့လဲဖြစ်ပါတယ်၊ အရေးကြီးတာတခုက လုပ်ဖြစ်အောင် လုပ်ကြဖို့ပဲဆိုတာ မှတ်ကြ။

ဓမ္မအပေါ်မှာ နှလုံးသွင်းတည့်ဖို့အရေး

ကုရုတိုင်း တတိုင်းလုံးမှာ ရှိကြတဲ့ ယောက်ျား၊ မိန်းမတွေအားလုံးလောက်ဟာ ဒီလိုနှလုံးသွင်းတည့်တာနဲ့ အိမ်မှာနေရင်းက ကိစ္စပြီးကြတယ်၊ အပါယ်တံခါးပိတ်ရေးကိစ္စ၊ ပြီးနိုင်ကြတယ်ဆိုတာမှတ်ကြ၊ ဒါကြောင့် ပေါ်လာတဲ့ ဓမ္မအပေါ်မှာ နှလုံးသွင်းတည့်ဖို့အရေးဟာ အကြီးဆုံးပဲလို့ မှတ်လိုက်ကြ၊ ရိပ်မိကြပလား။ ဒကာ ဒကာမတို့ပေါ်တာကို နှလုံးသွင်းတည့်ဖို့ အရေးကြီးတယ်ဆိုတာ မှတ်မိကြပလား။

ဥပမာ-ဝေဒနာလေး ပေါ်လာတယ်၊ ပျက်မယ့်တရားမို့ ပျက်သွားတယ်၊ ဒီလိုသိရင် နှလုံးသွင်းတည့်တာပဲ၊ စိတ်ကလေးတခုပေါ်လာ၊ ပျက်မယ့်တရားပဲ၊ ဟော-ပျက်သွားပြီလို့ သိလိုက်ရမယ်၊ အဲဒီလိုသိရင် တည့်တာပဲ၊ ဘာလာလာ ဓမ္မကပြတာနဲ့ နှလုံးသွင်းနဲ့ တည့်စေရမယ်၊ ဓမ္မက ဖြစ်ပျက်ပြရင် ဖြစ်ပျက်ကိုပဲ သိရမယ်၊ ရှင်းကြရဲ့လား။ ရှေ့က နှလုံးသွင်းတည့်ရင် နောက်က ဝိပဿနာဖြစ်တာပဲလို့မှတ်ကြ၊ ရှေ့က နှလုံးသွင်းတည့်ရင် နောက်ကဝိပဿနာဖြစ်တယ် ဆိုတာ ရှင်းပလား။

ဒါကြောင့် “အင်္ဂုတ္ထိုရ်ပါဠိတော်” ဘုရားကိုယ်တော်တိုင် ဟောတော်မူတဲ့အချက်က “ယောနိသော မနသိကာရော ဘိက္ခဝေ၊ ဥပ္ပန္နာ အကုသလာ ဓမ္မာ ပဟီယန္တီ”တဲ့။

နှလုံးသွင်းမှန်ကန်ဖို့အချက်

အဓိပ္ပါယ်က ယောနိသော မနသီကာရဖြစ်ရင် အကုသိုလ်ဟူသမျှ ပယ်စွန့်ပြီးသားဖြစ်တယ်လို့ ဆိုလိုရင်းဖြစ် တယ်၊ ဒါကြောင့် ယောနိသော မနသိကာရ နှလုံးသွင်းမှန်ကန်ဖို့အချက်ဟာ အလွန်အရေးကြီးပါကလားလို့ ဆုံးဖြတ်ချက် ချကြ၊ ရိပ်မိကြပလား။

ဘုရားရှင် ရွှေလက်ထက်တော်အခါက သူဖုန်းစား သုပ္ပဗုဒ္ဓဟာ ဘုရားတရားတော်ကို တော်ရာကချောင်းမြောင်း ပြီး နာယူလို့ သောတာပန်တည်သွားတယ်၊ သူက ချောင်းပြီး နာယူတာဖြစ်ပေမယ့် ခန္ဓာအရှိနဲ့ နှလုံးသွင်းနဲ့တည့်လို့ ကိုက်ညီလို့သာ သောတာပန်တည်တာပဲဆိုတာ မှတ်လိုက်ကြ၊ ဒီ-သုပ္ပဗုဒ္ဓလို ချောင်းနားထောင်တဲ့ ပုဂ္ဂိုလ်တွေ အများ အပြားပဲ မဂ်,ဖိုလ် ရသွားကြတယ်၊ အဲဒါ ယောနိသောမှန်ပဲလို့ဆိုတာ မှတ်ကြ၊ ဒကာ ဒကာမတွေ ယောနိသော အရေးကြီး တာ ပေါ်ပလား။

”သဗ္ဗေ သင်္ခါရာ အနိစ္စာ၊ သဗ္ဗေ ဓမ္မာ အနတ္တာ” ဖြစ်ပေါ်လာသမျှ တရားအားလုံးဟာ အနိစ္စပဲ၊ တရားအလုံးစုံဟာ အနတ္တပဲ၊ ဓမ္မပေါ်ပြီး ဓမ္မပျက်တာပဲရှိတယ်၊ ဓမ္မပေါ်တိုင်း၊ ပေါ်တိုင်း ဖြစ်ပျက်သွားတာကို ဉာဏ်နဲ့မြင်ရမယ်၊ ဓမ္မပေါ် တယ်လို့သိရင် ယောနိသော မနသိကာရဖြစ်တာပဲ၊ ဓမ္မပျက်သွားတယ်လို့သိရင် ဝိပဿနာ နောက်က လိုက်လာတာပဲ၊ ရှင်းကြပလား။

ဖလသမာပတ်

ဒကာ ဒကာမတို့ ရှေ့က ယောနိသော မနသိကာရရှိမှသာ နောက်က ဝိပဿနာဖြစ်နိုင်တယ်ဆိုတာ မှတ်ထားကြ၊ မနေ့ကပြောခဲ့တဲ့တရားမှာ မဂ်ဉာဏ်နောက်က ဖိုလ်ဇော နှစ်ကြိမ်၊ သုံးကြိမ်လိုက်တယ်ဆိုတဲ့အကြောင်း ပြောခဲ့တယ်၊ ဒီကနေ့တရားမှာ ဝိပဿနာနောက်က ဖိုလ်တွေအများကြီး လိုက်တယ်ဆိုတာ အထူးမှတ်ရမယ်၊ သဘောပါကြပလား။

သောတာပတ္တိဖိုလ်ပုဂ္ဂိုလ်က မဂ္ဂင်နဲ့ ဓမ္မလေးတွေကို မြင်နေတယ်၊ ဒီလိုဓမ္မလေးတွေမြင်ရာက ဖြစ်ပျက်ချုပ်ပြီး နိရောဓသစ္စာဘက် ကူးသွားတယ်၊ သောတာပန်ပုဂ္ဂိုလ်က ရှုနေရင်းက ဒုက္ခသစ္စာချုပ်ပြီး နိရောဓသစ္စာပေါ်တာပဲ၊ ဝိပဿနာနောက်က ဖိုလ်ဇောတွေ အများကြီးလိုက်လာတယ်၊ အဲဒီအခါမှာ မဂ်ဇော လုံးဝမပါဘူး၊ အဲဒီကျတော့ “နိဗ္ဗာနံ ဖလဿ၊ နိဗ္ဗာနံ ဖလဿ အာရမ္မဏပစ္စယေန ပစ္စယော” ချည်းပဲ၊ နိဗ္ဗာန်အရေအတွက်မရှိအောင် တွေ့ရတယ် ဆိုတာမှတ်ကြ။

ကိုင်း-ယနေ့ ဒီတင်ပဲ တော်ကြအုံးစို့။

**********