ရေစက်ချတရားတော်
”ဘန္တေ၊ အရှင်ဘုရားတို့။ မယံ၊ တပည့်တော်တို့သည်။ ရာဂါဒိဟိ၊ ရာဂအစရှိကုန်သော။ ဧကာဒသဂ္ဂိ ဟိ၊ တစ်ဆယ့်တစ်မီး၊ ညီးညီးပြောင်ပြောင်၊ တောက်လောင်ကုန်သော မီးတို့သည်။ ပရိပီဠီတံ၊ အလွန်အကဲ ညှင်းဆဲနှိပ်စက် အပ်ထသော”။
ဒကာဒကာမတို့ ရာဂ၊ ဒေါသစတဲ့ မီးဆယ့်တစ်မီးတို့ဟာ ခန္ဓာမှာ အမြဲရှိနေတယ်၊ မီးလောင်နေတာက အဝေးမှာမဟုတ်ဘူး၊ မိမိခန္ဓာမှာ လောင်နေတာပဲဆိုတာ မှတ်ကြ၊ လူ့ဘဝ၊ နတ်ဘဝ၊ ဗြဟ္မာဘဝတွေဆိုတာ မီးလောင်ခံရ တဲ့ ဘဝတွေချည်းပဲ၊ ကိလေသာမီးက အဲဒီ လူ၊ နတ်၊ ဗြဟ္မာ၊ ခန္ဓာတွေကို အမြဲတစေ၊ လောင်မြိုက်နေကြတယ်၊ ရိပ်မိ ကြရဲ့လား။
မီးက – သမုဒယသစ္စာ၊
လောင်စာက – ဒုက္ခသစ္စာ၊
ကိလေသာမီးက – သမုဒယသစ္စာ၊
လောင်စာ၊ ခန္ဓာအမျိုးမျိုးက – ဒုက္ခသစ္စာပဲ။
ရှင်းကြရဲ့လား။ မီးက-ကိလေသာ၊ ခန္ဓာက-လောင်စု၊ ရိပ်မိကြပလား။ “ဧကာဒသဂ္ဂီ ဟိ၊ ရာဂအစရှိသော၊ တစ်ဆယ့်တစ်ပါးသောမီးတို့ဖြင့်။ ပရိပီဠိတံ၊ အလွန်အကဲ၊ ညှင်းဆဲနှိပ်စက်၍နေထသော။ သံသာရဘယံ၊ ချားရဟတ်ပမာ၊ ချာချာလည်ပတ်လျက်၊ တဖြစ်ထဲဖြစ်၊ တပျက်ထဲပျက်၍နေတဲ့ သံသရာဘေးကြီးကို။
ပဋိသန္ဓေ၊ အို၊ နာ၊ သေ သံသရာထဲ မှာပဲ ဒိုင်းဒိုင်းပြေးနေ
ဒကာဒကာမတို့ ခန္ဓာက-ပဋိသန္ဓေနေ၊ အို၊ နာ၊ သေ ခန္ဓာကြီး၊ ခန္ဓာက-သူ့လမ်းစဉ်အတိုင်း၊ သူ့ထုံးစံအတိုင်း၊ ပဋိသန္ဓေနေရတဲ့ဆင်းရဲ၊ အိုဆင်းရဲ၊ နာဆင်းရဲ၊ အသေဆင်းရဲဆိုတဲ့ ဆင်းရဲတွေ ပတ်ချာရံနေတဲ့ ခန္ဓာပဲ၊ ဒီဆင်းရဲတွေထဲ မှာပဲ ချားရဟတ်များလို ချာချာလှည့်ပြီး သွားနေရတယ်၊ ဒကာဒကာမတို့ ခန္ဓာက ဒီပဋိသန္ဓေ၊ အို၊ နာ၊ သေ သံသရာထဲ မှာပဲ ဒိုင်းဒိုင်းပြေးနေကြရတယ်။ ပဋိသန္ဓေနေ၊ ဒီပြီးတော့-အို၊ အိုရင်းက နာ၊ နာပြီးသေကြ၊ သေပြီးတော့လဲ နောက် ပဋိသန္ဓေ၊ ဘယ်တော့မှ မဆုံးနိုင်အောင်၊ ဒုက္ခပတ်ချာလည်နေရတယ်၊ မြင်ကြရဲ့လား။
”သံသာရဘယံ၊ ချားရဟတ်ပမာ၊ ချာချာပတ်လျက် တဖြစ်ထဲဖြစ်၊ တပျက်ထဲပျက်၍နေတဲ့ သံသရာဘေးကြီးကို။ ဘီတာ၊ အလွန်အမင်း၊ ကြောက်ခြင်း၊ ရွံ့ခြင်း၊ ပြင်းပြပါကုန်သည်ဖြစ်၍။ တတော၊ ထိုသံသရာ ဝဋ်ဒုက္ခကြီးမှ။ မုတ္တာ၊ ကျွတ်လွတ်ကြကုန်သည်။ ဟုတွာ၊ ဖြစ်၍။ နိဗ္ဗာနံ၊ ဒုက္ခခပ်သိမ်း၊ ချုပ်ငြိမ်းရာမှန်၊ မြတ်နိဗ္ဗာန်ကို။ သစ္ဆိကရဏတ္ထာယ၊ မငြိုမငြင်၊ ဆောလျင်ကူးမြောက်၊ အသော့ရောက်၍၊ မျက်မှောက်ပြုရပါခြင်းအကျိုးငှာ။ ဉာဏစက္ခုနာ၊ အမှန်ကိုမြင်တတ် သော ဉာဏ်စက္ခုဖြင့်။ ဂဝေသန္တော၊ ရှာမှီးလတ်သော်။ “ဘိက္ခဝေ၊ သံသရာရေး၊ လာမည့်ဘေးကို၊ မြှော်တွေးကြောက်ငြား၊ အို-ချစ်သားတို့။ ပုညံ၊ ကုသိုလ်ကောင်းမှု၊ အစုစုသည်။ သုခံ၊ လူ၊ နတ်၊ နိဗ္ဗာန်၊ သုံးတန်သောချမ်းသာကို။ ဇနေဟိ၊ မုချမသွေ၊ ဖြစ်စေတတ်ပေ၏။”
သုံးတန်သော ချမ်းသာကို ဧကန်ပေးတော့မယ်
ဒကာဒကာမတွေ ကုသိုလ်ကောင်းမှုပြုရင် ဒီကုသိုလ်က လူချမ်းသာ၊ နတ်ချမ်းသာ၊ နိဗ္ဗာန်ချမ်းသာဆိုတဲ့ သုံးတန်သော ချမ်းသာကို ဧကန်ပေးတော့မယ်။ သူက-သုံးတန်ပေးပေမယ့် ဒကာဒကာမတို့က ရွေးချယ်ယူရမယ်၊ မရွေးမချယ်ဘဲယူရင်၊ ပေးတာကို မျက်လုံးမှိတ်ကောက်ယူတာနဲ့ အတူတူပဲ၊ မျက်လုံးမှိတ်ပြီး၊ ရမ်းကောက်ရင် ဘာရမယ် ထင်သလဲ၊ လူ၊ နတ်ချမ်းသာ ဒုက္ခသစ္စာတွေပဲ ရမယ်ဆိုတာ မှတ်ကြ၊ သဘောပါရဲ့လား။
ဒကာဒကာမတို့ ပေးပေမယ့် ရွေးကြရမယ်၊ ကောင်းတာ၊ ဆိုးတာမရွေးချယ်ဘဲ မျက်လုံးမှိတ်ပြီးယူရင် တော်ပါ့ မလား။ မတော်ပါဘူး၊ ဒါကြောင့် ရွေးချယ်ယူကြဖို့ သတိပေးလိုက်တယ်။ ဒကာဒကာမတို့ လူချမ်းသာယူတော့ လူ့ဘဝ အစမှာ ဇာတိကိုရတယ်၊ ဒီဇာတိဟာ ဘာသစ္စာလဲ၊ ဇာတိပိဒုက္ခသစ္စာပဲ၊ ရိပ်မိကြပလား။ ဒီနောက် ဇရာဆိုတဲ့ အိုဘေး လာမယ်။ ဒီဇရာကကော ဘာသစ္စာလဲ၊ ဒုက္ခသစ္စာပဲ။ အိုဘေးနဲ့အတူ ဗျာဓိဆိုတဲ့ နာဘေးလဲလာမယ်၊ ဒီနာဘေးကကော ဘာသစ္စာလဲ၊ ဗျာဓိပိဒုက္ခသစ္စာပဲ။ နောက် မရဏဆိုတဲ့ သေဘေးကြီးလဲ လာမယ်၊ ဒီသေဘေး၊ မရဏကကော၊ မရဏမ္ပိ ဒုက္ခသစ္စာပဲ။
ဒကာဒကာမတို့ တော်လောက်၊ တန်လောက်ကြရောပေါ့၊ မရွေးတတ်ရင် ဒီဒုက္ခသစ္စာတွေ ရကြမယ်၊ နတ်ချမ်း သာဆိုတာလဲ ကြည့်ပါအုန်း၊ ပထမ နတ်ပဋိသန္ဓေ၊ ဇာတိက စ,ရမယ်၊ အဲဒီဇာတိကကော ဘာသစ္စာလဲ၊ ဇာတိပိဒုက္ခ သစ္စာပဲ၊ ဒီနောက် နတ်ဇရာဒုက္ခသစ္စာ၊ နတ်ဗျာဓိ ဒုက္ခသစ္စာ၊ နတ်မရဏ ဒုက္ခသစ္စာ၊ ဒီဒုက္ခသစ္စာပဲ လှည့်ပတ်သွားနေရာမှာ ပဲ၊ မြင်ကြရဲ့လား။
ဒုက္ခမကြိုက်ရင် ဒီလိုလုပ်ကြ
ဒကာဒကာမတွေ ဒီတရားပွဲထဲမှာ ဆင်းရဲချင်သူ၊ ဒုက္ခကြိုက်သူများ ပါကြသေးသလား။ အေး-ဒုက္ခမကြိုက်ရင် ဒီလိုလုပ်ကြ။ လူ၊ နတ်ချမ်းသာဆိုပေမယ့်လဲ၊ ချမ်းသာစစ်၊ ချမ်းသာမှန် ဟုတ်ပါရဲ့လား၊ မဟုတ်ဘူး။ လူ့ဇာတိ၊ နတ်ဇာတိ၊ ဒုက္ခသစ္စာ၊ လူဇရာ၊ နတ်ဇရာ၊ ဒုက္ခသစ္စာ၊ လူဗျာဓိ၊ နတ်ဗျာဓိ၊ ဒုက္ခသစ္စာ၊ လူမရဏ၊ နတ်မရဏ၊ ဒုက္ခသစ္စာ၊ ဒီဒုက္ခ စက်ရဟတ် ပတ်ချာလှည့်တာပဲရှိတယ်၊ ဟုတ်ရဲ့လား။
ဒီတော့ လူချမ်းသာက ဘာသစ္စာလဲ၊ ဒုက္ခသစ္စာ၊ ဒုက္ခသစ္စာမို့ မလိုချင်ဘူးဆိုတဲ့စိတ်ကို ပြောင်းပစ်ကြ။ နတ် ချမ်းသာ ဘာသစ္စာလဲ။ ဒုက္ခသစ္စာ။ မလိုချင်ဘူးဆိုတဲ့စိတ်ထား ပြောင်းပစ်လိုက်ကြ၊ သဘောပါပလား။
ဒကာဒကာမတွေ စိတ်ထားတတ်ဖို့ အလွန်အရေးကြီးတယ်၊ စိတ်ထားမတတ်လို့ ဒုက္ခချားရဟတ် လည်ခဲ့တာ။ တသံသရာလုံး အဆုံးအစမမြင်နိုင်ခဲ့ကြဘူး၊ တချို့တွေက-ပြောတတ်ကြတယ်၊ “ဒါနဟာ သံသရာရှည်တယ်တဲ့” ဒါန၊ သံသရာရှည်တယ်ပြောတာဟာ မသိလို့သာ ပြောတာပဲလို့ မှတ်ကြ။ ဒါနက သံသရာမရှည်ဘူး၊ မသိမှုက သံသရာရှည် တာပဲ၊ ဒါနက သံသရာမရှည်၊ အရွေးမတတ်လို့ သံသရာရှည်နေရတာပဲ၊ ရိပ်မိကြပလား။
အတိတ်ဘဝက မသိမှုနဲ့ အရွေးမတတ်ခဲ့လို့
အတိတ်ဘဝက မသိမှုနဲ့ အရွေးမတတ်ခဲ့လို့ ဒုက္ခသစ္စာသွားရွေးမိခဲ့ကြတယ်။ ဟော-အခု ဒုက္ခသစ္စာကြီး ကိုယ်ပိုင်ရထားကြပြီ၊ သေချာရဲ့လား၊ အဲဒါ သုခသစ္စာ နိဗ္ဗာန်ရှိလျက်နဲ့ မရွေးမိခဲ့လို့၊ အရွေးမတတ်လို့ပဲဆိုတာ မှတ်ကြ။ ပေါ်ကြပလား။ ဒကာဒကာမတွေ သံသရာရှည်တာဟာ ဒါနက ရှည်တာလား။ သစ္စာမသိလို့ အရွေးမတတ်လို့ ရှည်တာ လား။ သစ္စာမသိလို့ ရှည်တာပါ။ ကိုယ်ဖျင်းလို့ ကိုယ်အ,လို့ ရှည်တာပဲဆိုတာ ဆုံးဖြတ်ချက်ချ။
ဒါနကံကတော့ ပေးရမှာပဲ၊ လူချမ်းသာ၊ နတ်ချမ်းသာ၊ နိဗ္ဗာန်ချမ်းသာ ပေးမှာပဲ၊ ဒါပေမယ့် ကိုယ်ကရွေးတတ်မှ၊ နိဗ္ဗာန်ချမ်းသာကောက်မှ အမှန်ရောက်မယ်၊ ဥပနိသျပစ္စယောနဲ့ ရောက်စေဆိုပြီး ဒါနက နိဗ္ဗာန်ရောက်စေတယ်၊ ရှင်းကြ ပလား။ သစ်သီးကို မရွေးတတ်ရင် ဖန်လဲစားရ၊ ချဉ်လဲစားရ၊ ခါးလဲစားရသလိုနေမယ်၊ ချိုတာစားချင်ရင် အချိုသီး ရွေးချယ်တတ်ဖို့ အရေးကြီးသလိုပဲဆိုတာ မှတ်ကြ။ နောက် ဒါနကို မစွဲကြနဲ့၊ ကိုယ့်အပြစ်ကိုစွဲကြ။
နိဗ္ဗာန်ရောက်နိုင်ပါတယ်
ပဋ္ဌာန်းပစ္စည်းဆက်ပြီး ဒါန, နိဗ္ဗာန်ရောက်နိုင်ပါတယ်။ “သံဃေ ဒိန္နံ မဟပ္ဖလံ” သံဃေ၊ သံဃာတော်၌။ ဒိန္နံ၊ ပေးလှူရခြင်းသည်။ မဟပ္ဖလံ၊ များမြတ်သော အကျိုးကိုဖြစ်စေ၏လို့ ဟောတော်မူတာပဲ၊ များသောအကျိုး၊ မြတ်သော အကျိုး၊ နိဗ္ဗာန်တိုင် ရောက်စေနိုင်တယ်၊ နောက်ကို ဒကာဒကာမတွေ ဒါနသံသရာ ရှည်တယ်ဆိုတဲ့စကား မယုံမှားမိကြစေ နဲ့လို့ သတိပေးလိုက်တယ်၊ ရှင်းပလား။
”ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ “ဧကာဒသဂ္ဂီ ဟိ၊ ရာဂအစရှိသော၊ တစ်ဆယ့်တစ်ပါးသော မီးတို့ဖြင့်။ ပရိပီဠိတံ၊ အလွန်အကဲ၊ ညှင်းဆဲနှိပ်စက်၍နေထသော။ သံသာရဘယံ၊ ချားရဟတ်ပမာ၊ ချာချာလည်ပတ် လျက်၊ တဖြစ်ထဲဖြစ်၊ တပျက်ထဲပျက်၍နေတဲ့ သံသရာဘေးကြီးကို။ ဘီတာ၊ အလွန်တရာ ကြောက်ခြင်း၊ ရွံ့ခြင်း၊ ပြင်းပြပါကုန်သည်ဖြစ်၍။ တတောမှ၊ မုတ္တာသည်။ ဟုတွာ၊ ၍။ နိဗ္ဗာနံ၊ ကို။ သစ္ဆိကရဏတ္ထာယ၊ ငှာ။ ဉာဏစက္ခုံ၊ ဉာဏ်စက္ခုကို။ ဂဝေသန္တော၊ ရှာမှီးရှုကြည့်လတ်သော်။ “ဘိက္ခဝေ၊ သံသရာရေး၊ လာမည့်ဘေးကို၊ မြှော်တွေးကြောက်ငြား၊ အို-ချစ်သားတို့။ ပုညံ၊ ကုသိုလ်ကောင်းမှု၊ အစုစုသည်။ သုခံ၊ လူ၊ နတ်၊ နိဗ္ဗာန်၊ သုံးတန်သောချမ်းသာကို။ ဇနေဟိ၊ မုချမသွေ၊ ဖြစ်စေတတ်ပေ၏။ ဣတိ၊ ဤသို့။ ဝုတ္တံ၊ သုံးလူ့ဆရာ၊ စောသတ္ထာသည်၊ ကောင်းစွာထုတ်ဖော်၊ ဟောကြားတော် မူအပ်သော စကားတော်မြတ်ကို။ မနသိကတွာ၊ အာရုံစူးစိုက်၊ နှလုံးပိုက်မိကြကုန်သည်ဖြစ်၍။ တိသရဏေန၊ သရဏဂုံသုံးပါးနှင့်။ သဟ၊ တကွ။ အဋ္ဌင်္ဂသီလာနိ၊ အင်္ဂါရှစ်ပါးနှင့်ပြည့်စုံ သော သီလတော်မြတ်တို့ကို။ သမာဓိယိတွာ ဂဏှိတွာ၊ ကောင်းစွာကျင့်သုံးခံယူ ဆောက်တည်ပြီး၍။ ဣမာနိ စီဝရာဒိ နာနာဒါတဗ္ဗဝတ္ထုနိ၊ ဤကထိန်လျာသင်္ကန်း အစရှိသော အထူးထူးသော လှူဖွယ်ဝတ္ထု အစုစုတို့ကို။ သံဃဿ၊ မင်္ဂလာတိုက်၌၊ ပုရိမဝါမှထသော သံဃာတော်မြတ် အား။ ဒေမ၊ မအိုမသေ၊ အမြဲနေသော နိဗ္ဗာန်ကိုရည်မှန်း၍ လှူဒါန်းဆက်ကပ်ပါကုန်၏ဘုရား။
ဒကာဒကာမတို့ မင်္ဂလာတိုက်၌ ပုရိမဝါမှ ထမြောက်တော်မူကြသော သံဃာတော်အား ရည်မှန်း၍ မအို၊ မသေ၊ အမြဲနေတဲ့ နိဗ္ဗာန်ကို ရောက်လိုလို့ ရလိုလို့ လှူဒါန်းပါ၏။ သံသရာဒုက္ခဝဋ်မှ ကျွတ်လိုတဲ့ စိတ်ထားနဲ့ လှူဒါန်းပါ၊ ရှင်းပလား။
”ဘန္တေ၊ အရှင်ဘုရား။ ဣမိနာပုညကမ္မေန၊ ဤသို့ သံဃာတော်မြတ်အား၊ အခြံအရံ ပဒေသာနှင့်တကွသော သံဃိကဒါန ကထိန်သင်္ကန်းကို လှူဒါန်းဆက်ကပ်ရသော ဤကုသိုလ်စေတနာကြောင့်လည်းကောင်း၊ ဣမိနာသီလပုညေန၊ ဤသို့ ဆောက်တည်အပ်သော သီလကုသိုလ်စေတနာကြောင့်လည်းကောင်း။ အညေဟိ ပုညေဟိ၊ အနမတဂ္ဂ သံသရာမှ ယခုနေ့ကျအောင် ပြုလုပ်ဆည်းပူးအပ်ကုန်သော ကုသိုလ်စေတနာ အဖြာဖြာတို့ကြောင့်လည်းကောင်း။ မယံ၊ တပည့် တော်၊ တပည့်တော်မတို့သည်။ အဇာတိ၊ ပဋိသန္ဓေ တည်နေရခြင်းမရှိသော။ အဇရံ၊ ခန္ဓာရွတ်ယို၊ အိုရခြင်းမရှိသော။ အဗျာဓိံ၊ ဆင်းရဲပြင်းစွာ နာရခြင်းမရှိသော။ အမတံ၊ ခန္ဓာလဲကြွေ၊ သေရခြင်းမရှိသော။ သီဝံ၊ ဇာတိ, ဇရာ၊ ဗျာဓိ, မရဏစသည် ထောင်သောင်း၊ ဘေးအပေါင်းတို့ ကောင်းကောင်းကြီး ငြိမ်းအေးရာဖြစ်သော နိဗ္ဗာန်ရွှေပြည်မြတ်ကို။ ဣစ္ဆိတဝရေန၊ မိမိတို့အလိုရှိအပ်သော ဆုထူးဆုမြတ်နှင့်တကွ။ သစ္ဆိကရေယျာမ၊ မကြာမတင်၊ ဆောလျင်ကူးမြောက်၊ အသော့ရောက်၍၊ မျက်မှောက်ပြုရပါလိုကုန်၏ ဘုရား”။
”ဘန္တေ၊ အရှင်ဘုရား။ ဣမဿ ပုညဿ၊ အခြံအရံ ပဒေသာနှင့်တကွ၊ သံဃိကဒါ၊ ကထိန်လျာသင်္ကန်းကို လှူဒါန်းဆက်ကပ်ရသော ဤကောင်းမှု၏။ ဘာဂံ၊ အဖို့အစုကို။ ဂုဏဝိသိဋ္ဌာနံ၊ ဂုဏ်ကျေးဇူးအထူးကြီးကြပေကုန်သော။ မာတာပိတုနဉ္စ၊ မိခင်၊ ဖခင်၊ ကျေးဇူးရှင်တို့အားလည်းကောင်း။ အာစရိယာနဉ္စ၊ ဆရာသခင်၊ ကျေးဇူးရှင်တို့အားလည်း ကောင်း။ ဣမာသံ ပရိသာနဉ္စ၊ ဤအလှူမင်္ဂလာမဏ္ဍပ်သို့ ကြွရောက်လာတောင်း ပရိသတ်အပေါင်းတို့အားလည်းကောင်း၊ ယမရာဇဿစ၊ ငရဲသေဋ္ဌ်နင်း ယမမင်းအားလည်းကောင်း။ ဒေဝရာဇဿစ၊ နတ်တို့သေဋ္ဌ်နင်း သိကြားမင်းအားလည်း ကောင်း။ ဧကတိံသဘဝေ၊ သုံးဆယ့်တစ်ဘုံ၌။ စရန္တာနံ၊ ကျင်လည်ကျက်စား၊ ပြေးသွား၍ နေကြကုန်သော။ သဗ္ဗသတ္တာနဉ္စ၊ အလုံးစုံသော သတ္တဝါတို့အားလည်းကောင်း။ ဘာဇေမ၊ အမျှ၊ အမျှ၊ အမျှ ပေးဝေငှပါကုန်၏။
”တေ သတ္တာ၊ ထိုသတ္တဝါ၊ အပေါင်းတို့သည်။ အမှေဟိ၊ တပည့်တော်နှင့်။ သမံ၊ ထပ်တူညီမျှ။ ပုညဘာဝံ၊ ကောင်းမှုအဖို့ကို။ လဘိတွာ၊ ရကြကုန်၍။ သုခိတာ၊ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြကုန်သည်။ မုဒိတာ၊ ပီတိမောက်လွှမ်း၍ ဝမ်းမြောက်သောစိတ် ရှိကြကုန်သည်။ ဘဝန္တု၊ ဖြစ်ကြပါစေကုန်သတည်း။
အားလုံး ကုသိုလ်အဖို့ အမျှ အမျှ အမျှ ယူတော်မူကြပါခင်ဗျား။ သာဓု-သာဓု-သာဓု။
********
“နိဂုံးစကား”
ဤရွေ့ဤမျှ ရေးသားပြဆိုခဲ့ပြီးသည့် ဒေသနာတော်အစူအစဉ်တို့ဖြင့်၊ “မိုးကုတ်ဝိပဿနာ ဒုလ္လဘဒေသနာ” စတုတ္ထတွဲမည်သော ဤဟောစဉ်နှင့် ကျင့်စဉ် သစ္စာလေးပါး တရားတော်များကို ကမ္ပတ်ဖုံးကာ-အဆုံးသတ်လိုက်ရပေပြီ။
ထိုသို့ နိဂုံးကမ္ပတ်၊ အဆုံးသပ်ရာတွင်၊ ဓမ္မအဆွေတော် အများစုတို့အား ထပ်ပွားသတိ၊ အမြဲတမ်းရှိကြပါစေရန် ထပ်မံ၍ သတိပေး ရေးသားတိုက်တွန်းအပ်ပါသည်။ ထိုတိုက်တွန်းချက်ကား –
(၁) သမ္မာသမ္ဗုဒ္ဓ၊ အတုလမြတ်စွာသည်၊ အများသူငါ သတ္တဝါဝေနေယျတို့၏ ကောင်းကျိုးကို လေးဆယ့်ငါး ဝါကာလပတ်လုံး၊ နေ့မနေ-ညမနား၊ စွမ်းပကားကြီးကြီးဖြင့်၊ အားသည်းဆောင်ရွက်၊ ဟောမြွက်ကယ်တင်တော်မူပြီးကာ မဟာပရိနိဗ္ဗာန၊ စုတိဖြင့်၊ နိဗ္ဗုတိကြငှာန်းသို့၊ ကြွမြန်းစံဝင်တော်မူခဲ့ပါလေပြီ။
(၂) ထိုနည်းတူစွာ၊ ဘုရားရှင်၏ ကိုယ်တော်စာ၊ ပရံပရာစရိယ၊ သာဝက၊ တပည့်သားအဆက်ဆက်တို့မှာ လည်း မိမိတို့စွမ်းအားအလျောက်၊ သတ္တဝါဝေနေယျတို့အား ဟောကြားညွှန်ပြ၊ ဆုံးမကယ်ချွတ်တော်မူကြလေပြီ။
(၃) အထူးအားဖြင့်၊ ဤဒေသနာတော် အစူအစဉ်များကို ဟောကြားပြသ၊ ဆိုဆုံးမတော်မူခဲ့သော “ကျေးဇူး တော်ရင်-အရှင်မိုးကုတ်ဆရာတော်ဘုရားကြီး” သည်လည်း၊ ရှင်တော်မြတ်ဘုရား၏ ကြီးမားသော ကျေးဇူးတော်များကို၊ မြှော်ခေါ်တုန့်ဆပ်လျက်၊ သာဝကအစားစား၊ လူအများတို့၏ ကောင်းကျိုးကို၊ နှစ်ပေါင်းသုံးဆယ်ကျော်မျှ၊ ဒေသနာဓမ္မ၊ နည်းလမ်းအဝဝတို့ဖြင့်။ ဂနသေချာစွာ၊ ဟောကြားညွှန်ပြ၊ ကယ်မချီးမြှင့်တော်မူပြီး၍၊ ပရိနိဗ္ဗာနစုတိဖြင့်၊ သန္တိမြိုက်နန်း သို့ ကြွလျှမ်းစံတော်မူခဲ့ပါချေပြီ။
ဤအရာဝယ်၊ အနန္တ၊ ကရုဏာတော်သခင် ဘုရားရှင်နှင့် ထိုထိုသာဝက၊ အာစရိယသူမြတ်၊ အဆက်ဆက်တို့ပါ၊ အရှင်မိုးကုတ်ဆရာတော်ဘုရားကြီးတို့၏၊ တာဝန်ကား-ကျေပွန်ကုံင၊ လုံးဝပြည့်စုံတော်မူကြသဖြင့်၊ တုန့်ဆပ်၍ပင် ကုန်နိုင်ရာသောအကြောင်း မမြင်မိပါချေ။
ထိုထိုကျေးဇူးတော်ရှင် အပေါင်းတို့၏ တာဝန်ဝတ္တရားကား လုံးဝပုံသေ၊ ကျေပြွန်တော်၊ ကုံငတော်မူခဲ့ကြပေပြီ သို့ဖြစ်ပါချေသော်-မည်သူတို့၏ တာဝန်သည်သာ ကြွင်းကျန်ပါတော့သနည်း။ ကျွနု်ပ်တို့၏ တာဝန်သာလျှင် ကြွင်းကျန် နေပါတော့သည်။ ထိုကြွင်းကျန်နေသည့်တာဝန်ကို မည်ကဲ့သို့သောနည်းဖြင့် ကျေပြွန်အောင် တုံ့ဆပ်ကြပါမည်နည်း။
သမ္မာသမ္ဗုဒ္ဓ ဘုရားမြတ်နှင့်တကွ၊ အာစရိယသူမြတ်အသီးသီး၊ အရှင်ဆရာတော်ဘုရားကြီးတို့၏ အလိုတော်၊ ဆန္ဒတော်များနှင့် လျော်ညီစွာ၊ ဝါ၊ သဘောတော်ကျ ဖြစ်ရပါစေရန်၊ “ဓမ္မာနုဓမ္မပဋိပတ္တိ” တရားတော်အား လျော်ညီစွာ ကျင့်ကြံအားထုတ်၍ ပူဇော်ခြင်း” ဟူသော ထူးမြတ်သော ဓမ္မပူဇာ၊ ပရမပူဇာ၊ အကျင့်ဖြင့်၊ ကျေပွန်အောင် တုန့်ဆပ်ရန် သာ ဧကန်မုချ လျော်ကန်သင့်မြတ်လှပါပေသည်။
ထို့ကြောင့် အကျွနု်ပ်တို့သည် အချိန်မနှောင်းမီ ယခုကစ၍ ထူးမြတ်သည့် ပရမပူဇာဖြင့် ပူဇော်တုံ့ဆပ်ကြပါကုန် စို့၊ အမြန်ဆုံး၊ ပရမပူဇာဖြင့်၊ ပူဇော်တုန့်ဆပ်နိုင်ကြပါစေခလို။ ဟူ၍ ဖြစ်ပါသတည်း။
************
ကျေးဇူးရှင် မိုးကုတ်ဆရာတော်ဘုရားကြီး၏ “ဘုန်းဘွဲ့ပူဇာ၊ မင်္ဂလာဂါထာ”
ဝိမလံ ဝိမလံ ကရံ၊
မဂ္ဂံ မဂ္ဂံ သုဒေသကံ။
လဟုံ ဆန္ဒာနုရူပေန၊
ထေရံ ပူဇေမ ဓမ္မိကံ။
ဝိမလံ၊ ပဋိစ္စစကြာ။ ဝဋ်သံသာဝယ်၊ ခန္ဓာကိန်းလတ်၊ အရှုပ်ဇာတ်ဖြင့်၊ မြုပ်တတ်မျောစေ၊ ကိလေသာအယုတ်တွေ ကို၊ နင်းချေတိုက်ဖျက် ဉာဏ်လက်နက်စွဲကိုင်၊ ဇွဲခိုင်ခိုင် ကျင့်သုံးသဖြင့်၊ နှလုံးဓါတ်စင်ဖြူ၊ အပူတွေငြိမ်းအေးလျက်၊ ညစ်ကြေးကင်းကွာ၊ စင်ကြယ်စွာလည်း ရှိပေထသော။ ဝိမလံ၊ ညစ်ကြေးကင်းကွာ၊ စင်ကြယ်စွာရှိသဖြင့်၊ သမုတိဂုဏ်လျှံ၊ ဘဒ္ဒန္တဝိမလ၊ ထေရဘုန်းမော်၊ ဘွဲ့အမည်တော်လည်း ရှိပေထသော။
ဝိမလံ၊ ညစ်ကြေးကင်းကွာ၊ စင်ကြယ်စွာ ရှိသည်၏အဖြစ်ကြောင့်၊ တပည့်များစွာ၊ ဒါယကာ၊ ဒါယိကာမ၊ အာဝကအစားစား၊ ဝေနေယျအများတို့အား၊ ဆိုးရွားညစ်တေ၊ ဆယ်ကိုလေမှ၊ စင်စေဆေးကြော၊ နေ့ညဉ့်သောလျှင်၊ ဓမ္မောသဓ၊ အနဂ္ဃဝိပဿနာ၊ မြိုဃဩဇာကို၊ ဝေကာတိုက်ကျွေး၊ ဟောချွတ်ရေးဖြင့်၊ ညစ်ကြေးလွတ်ကင်း၊ စင်ကြယ်ခြင်းကို။ ဝါ၊ ညစ်ကြေးကင်းပ၊ စင်ကြယ်ခြင်းရှိကြလေအောင်၊ ကရံ၊ နှစ်ပေါင်းများစွာ သုံးဆယ်ကြာမျှ၊ ဉာဏ်ဝါဆီမီး မေတ္တာကြီး ဖြင့်၊ အားသည်းကြိုးကုတ်၊ လွန်အားထုတ်၍၊ အဟုတ်မြဲခိုင်၊ ပြုစွမ်းတော်မူနိုင်ပေထသော။
မဂ္ဂံ-မဂ္ဂံ၊ ဘဝများစွာ၊ သံသရာက၊ အဝိဇ္ဇာမှောင်တွင်း၊ မိုက်တသင်းမို့၊ အလင်းမရ၊ ကြီးဒုက္ခဝယ်၊ ရမ်းဆဆိုးဝါး၊ တီကောင်သွားလျှင်၊ လွဲမှားကြိမ်ဖန်၊ လမ်းမှန်မရ၊ သံသရာခရီးသွား၊ ဒုက္ခသည်အများတို့အား၊ ဤကားလမ်းလွဲ၊ ရှောင်သွေ ဖယ်လော့၊ ဤပဲလမ်းမှန်၊ သွားကြရန်တည့်၊ ဖန်ဖန်ဆင်းရဲ၊ ဒုက္ခဝဲမှ၊ ခွါရဲလွတ်ကြောင်း၊ မဂ်လမ်းကောင်းနှင့် မကောင်း ပယ်ရန်၊ လမ်းနှစ်တန်ကို။ သုဒေသကံ၊ အကြောင်းနှင့်အကျိုး၊ ဆင့်ဆင့်ဖြိုးလျက်၊ ပွားတိုးစဉ်ဆက်၊ ခန္ဓာစက်၌၊ ဖြစ်ပျက် ဒုက္ခ၊ သဘာဝဖြင့်၊ ဂနသေချာ၊ ဖွင့်ထုတ်ကာလျှင်၊ ချင်းရာစေ့စုံ၊ ကိုယ်တွေ့ကြုံလျက်၊ ဉာဏ်ဟုန်ထွင်းဖောက်၊ ခရီးရောက် အောင်၊ ပြီးမြောက်ခွဲဝေ၊ ညွှန်းပြတော်မူနိုင်ပေထသော။
ထေရံ၊ ပိဋကတ္ထယဆေက၊ ဂန္ထကာရကံ၊ “အဂ္ဂမဟာပဏ္ဍိတ” ထိုမှတဖြာ၊ မင်္ဂလာရာမာဓိပတိ၊ ဝိပဿနာဒေသ က၊ မဟာဓမ္မကထိက၊ ပါကဋတဆူ၊ ဖြစ်တော်မူသည့်၊ ကျေးဇူးတော်ရင်၊ အရှင် “မိုးကုတ်ဆရာတော်ဘုရားကြီး” ကို၊ ပူဇေမ၊ မြတ်လေးသဒ္ဓါ၊ ရိုသေစွာဖြင့်၊ ပဏာချင့်မြှော်၊ ရှိခိုးပူဇော်ကြပါကုန်၏ဘုရား။
ဆန္ဒာနုရူပေန –
”ဈာယထ ဘိက္ခဝေ မာ ပမာဒတ္ထ၊ မာ ပစ္ဆာ ဝိပ္ပဋိသာရိနော၊ အဟုဝတ္ထ၊ အယံ ဝေါ အမှာကံ အနုသာသနီ”။
ရွှေခွန်းချီလျက်၊ သာကြည်ဟောဖော်၊ မိန့်ခွန်းတော်လာ၊ ဒေသနာဩဝါဒ၊ ဘုရားရှင်၏ ဆန္ဒတော်အရ၊ အလို တော်ကျ၊ ဖြစ်ရလေအောင်။
ဆန္ဒာနုရူပေန –
”ဘုန်းကြီးတို့ ဒကာဒကာမတွေ ပေါ့ပေါ့တန်တန် မနေလိုက်ကြပါနဲ့၊ ဝိပဿနာတရား အားထုတ်ကြ၊ မဂ္ဂင်အလုပ် လုပ်ကြ။ အချိန်က သိပ်မရတော့ဘူး၊ ကြိုးစားလိုက်ကြ၊ သေခါနီးမှ နှလုံးမသာမယာ မဖြစ်ကြစေနဲ့၊ နောင်တကြီးစွာ မရကြစေနဲ့။ အခုနှယ်အချိန်အခါရတုန်း၊ အခွင့်အခါကောင်းတုန်းမှာ မဂ်ရအောင် ကြိုးစားလိုက်ကြ။ မဂ်ကမှသာ ကယ်နိုင်၊ ယူနိုင်ကြမယ်၊ မဂ်ကိုမှမရရင် ဒုက္ခကြီး လှလှရောက်တော့မယ်ဆိုတာ မှတ်လိုက်ကြ။” အစရှိသည်ဖြင့် သတိပေး ဆုံးမတော်မူအပ်သော၊ အရှင်ဆရာတော်ဘုရားကြီး၏ အလိုတော်ကျ သဘောဆန္ဒနှင့် ညီညွတ်ရလေအောင်။
ဓမ္မ က၊ တရားအားလျော်စွာ။ ဓမ္မိကံ၊ ရှေ့မှာဓမ္မ၊ နောက်ကအနုပဋိပတ္တိ၊ ညီဘိအလျော်၊ မြတ်သောပူဇော်ခြင်း ပရမပူဇာမျိုးဖြင့်။ လဟုံ၊ ဘာကြောင့်၊ ညာကြောင့်၊ စိုးမနှောင့်စေလျက်၊ ဘာတွက်၊ ညာတွက်၊ မငဲ့ကွက်သဖြင့်၊ နေ့ရက် ရှည်ကြာ၊ ချိန်ဆွဲပါ၍၊ ကွေ့ကာရှောင်ဖယ်၊ ဆင်ခြေတွေ မလဲတော့ဘဲ၊ လွန်ကဲသဒ္ဓါ၊ ဆောလျင်စွာဖြင့်။
မယံ ဖြစ်ပျက်ဒရစပ်၊ ခန္ဓာဓာတ်၌၊ ရှုလတ်ဉာဏ်မြှော်၊ တပည့်တော်သည်။ ပူဇေမ၊ ဝိပဿနာ၊ ဆရာချမှတ်၊ လမ်းစဉ်မြတ်ဖြင့်၊ အဟတ်အဟုတ်၊ ပတ်တကုတ်လျှင်၊ မဆုတ်တမ်းသာ၊ ကျင့်ထုတ်ပူဇော်ခြင်းဖြင့်၊ လျှင်းလျှင်းမကြား၊ ပူဇော်ကြပါကုန်အံ့ဘုရား။
မှတ်ချက်
ဤဂါထာကား-အရှင် ဆရာတော်ဘုရားကြီး၏ “ထီးဖြူတော်ဖွင့်မင်္ဂလာ အခမ်း အနားတွင်” ဖတ်လျှောက် ပူဇော်အပ်သော ဂါထာဖြစ်ပါသည်။ ဤအရာ၌၊ ဓမ္မအဆွေတော်များတို့ အားလည်း သဒ္ဓါပွား စေရန် ရည်သန်လျက်၊ အနည်းငယ်ပြင်ဆင်၍၊ ထည့်သွင်းလိုက်ရခြင်းဖြစ်ပါသည်။
တာဝန်ခံ-ရေးကူးတင်ဆက်သူ
ဦးမြင့်ဆွေ “မူလဓမ္မာစရိယ”
မိတ္ထီလာ။
၁၃၂၄-ခု၊ တန်ဆောင်မုန်းလ။
(စတုတ္ထတွဲ ပြီးပါပြီ)။
