20403

အဖော်ကောင်းမှ ချမ်းသာရ, တရားတော်။

ဆောင်ပုဒ်

သစ္စာသိက၊ သံသာရ၊ ဒုက္ခတိုမည်သာ။

သစ္စာမသိ၊ ဒုက္ခဖိ၊ ရှေဘိသံသရာ။

သစ္စာဟောရန်၊ ပွင့်ကြမှန်၊ ဗုဒ္ဓံ ဝါဠုကာ။

သစ္စာသိချင်၊ ဝိပဿနာပင်၊ မြဲမြင်ရှုကြည့်ရာ။

ခန္ဓာငါးတွင် ဖြစ်, ပျက်, မြင်၊ ဉာဏ်လျှင်ဝိပဿနာ။

ဖြစ်, ပျက်, မြင်ဘိ၊ သစ္စာသိ၊ သတိမလွတ်ရာ။

ပညာရှေ့သွား၊ မုန်းအောင်ပွား၊ ဆုံးငြားမဂ်စစ်လာ။ ။

သတိချပ်

အဖေါ်တဏှာ၊ လုပ်မိရှာ၊ သံသာဒုက္ခပြော။

အိုနာ, သေလမ်း၊ နပ္ပကမ်း၊ တင်းကျမ်းဆန်စုံမျော။

တဏှာအမိုက်၊ ပေါင်းသင်းကြိုက်၊ စိုက်စိုက်ပါယ်တကြော၊

အမိုက်တဏှာ၊ အပေါင်းခွါ၊ ပညာပြောင်းစိတ်စော။

ပညာပေါင်းရှိ၊ အမှန်သိ၊ လွတ်၏ဒုက္ခတော။

ခန္ဓာငါးခွင်၊ ပညာဝင်၊ မှန်မြင်နိဗ္ဗူတော။

တရားသား။

သစ္စာမသိ‌လို့ သံသရာရှည်

ဒကာ ဒကာမတွေ သတ္တဝါတွေဟာ ဘာကြောင့် သံသရာ ဝဋ်ဒုက္ခက မလွတ်နိုင်ကြသလဲ? ဘာကြောင့် သံသရာဝဋ်ဒုက္ခက မလွတ်နိုင်ကြသလဲ? ဘာကြောင့် သံသရာရှည်ရသလဲ? အမှန်တရားလေးခု၊ သစ္စာ လေးပါးကို မသိကြလို့ သံသရာရှည်တယ်လို့ မှတ်ကြ။ ဒီအမှန်လေးပါး သစ္စာတရားကို သိကြရင်ဖြင့် သံသရာတိုမယ် ဆိုတဲ့ အဓိပ္ပါယ်လဲ ပေါ်ကြပြီ။ ဒီတော့ အကျဉ်းချုပ် မှတ်ထားဖို့က သစ္စာသိရင် သံသရာတိုမယ်၊ သစ္စာမသိရင် သံသရာ ရှည်မယ်ဆိုတဲ့အချက်ကို မြဲမြဲစွဲစွဲ မှတ်လိုက်ကြ၊ ရှင်းပလား?

သံသရာတစ်လျှောက်မှာ သစ္စာမသိရင် ပုံစံအမျိုးမျိုး၊ အဖြစ်အမျိုးမျိုး ကြုံရမယ်။ အငယ်ကလေးဖြစ်လိုက် အကြီးကြီး ဖြစ်လိုက်၊ အလုံးဖြစ်လိုက်, အပြားဖြစ်, အပုဖြစ်, အရှည်ဖြစ်နဲ့ ပုံစံကလည်း အမျိုးမျိုး လူ့အဖြစ်, နတ်အဖြစ်, တိရစ္ဆာန်အဖြစ်, ခွေး, ဝက်, ကြက်, ငှက်, ဖြုတ်, ခြင်, ယင်, မှက် အဖြစ်စတဲ့ အဖြစ်ကလဲ အမျိုးမျိုးစုံရာက ထပ်ဖို့ပဲ ရှိတယ်၊ သဘောပါပလား? ဒကာ ဒကာမတွေ ငါဘုရားလဲ သံသရာတစ်လျှောက်မှာ ဒီနည်းအတိုင်း အမျိုးမျိုးပဲ ကျင်လည်ခဲ့ရတာပါပဲ။ သစ္စာသိလို့ အခုဘုရားဖြစ်တော်မူလာတာ သတ္တဝါတွေ သစ္စာတရား ဟောပြလို့ပွင့်လာရတာပဲလို့ ဟောတော်မူတယ်။

သစ္စာတရားဟောပြဖို့ ငါဘုရားပွင့်လာတာပဲ

ဘုရားက သစ္စာမသိခင်က သံတရာတစ်လျှောက်မှာ ပုံစံအမျိုးမျိုး၊ အဖြစ်အမျိုးမျိုးနဲ့ ကျင်လည်ခဲ့ရပြီ။ သင်တို့ တစ်တွေလဲ ဒီအတိုင်းဘဲ အဖြစ်အမျိုးမျိုး ပုံစံကလဲ အမျိုးမျိုး အထွေထွေနဲ့ ကျင်လည်ခဲ့ကြရတာပါဘဲ။ အခုအခါမှာ ငါဘုရားဟာ အမှန်တရား, သစ္စာလေးပါး သိမြင်ပြီး ဘုရားဖြစ်တော်မူခဲ့တယ်။ ဒီအချိန်မှာ သံသရာဒုက္ခအမျိုးမျိုးတွေက ကျွတ်လွတ်ခွင့်ရပြီ။ သံသရာ ဇာတ်သိမ်းခဲ့ပြီ။ ဒါကြောင့် သင်တို့သတ္တဝါတွေရဲ့ သံသရာဒုက္ခမြင်လို့ သိလို့ ဒီဒုက္ခက လွတ်မြောက်နိုင်အောင် သစ္စာတရားဟောပြဖို့ ငါဘုရားပွင့်လာတာပဲလို့ ဟောတော်မူတယ်၊ သဘောပါပလား။

ဒီတော့ သံသရာဒုက္ခက လွတ်ချင်ရင် သံသရာတိုချင်ရင် ဘာလိုသလဲ၊ သစ္စာသိဖို့လိုတယ်ဆိုတဲ့အဓိပ္ပါယ် ပေါ်ကြပြီ၊ ရှင်းကြပလား၊ ဒါကြောင့် ဒကာ ဒကာမတွေ သစ္စာသိအောင် လုပ်ရမယ်၊ သစ္စာသိအောင် ဘာလုပ်ရမလဲ။ မေးစရာရှိတယ်၊ ဝိပဿနာအလုပ် လုပ်ရမယ်လို့ မှတ်လိုက်ကြ။ ဒါကြောင့် ဒကာ ဒကာမတွေ သစ္စာသိချင်ရင် ဝိပဿနာ ရှုရမယ်။ ဝိပဿနာမရှုရင် မသိနိုင်ဘူး။ ဝိပဿနာရှုမှသာ သစ္စာသိနိုင်မှာ၊ မရှုရင် ပြောသံကြားသစ္စာပဲ သိရမယ်ဆိုတာ မှတ်ကြ၊ သဘောပါပလား။

ဝိပဿနာရှုမှသာ သစ္စာကို အဟုတ်သိဖြစ်မယ်

ဝိပဿနာရှုမှသာ သစ္စာကို အဟုတ်သိဖြစ်မယ်၊ အဲဒီလိုသိမှသာ သမုဒယသေမှာ၊ သမုဒယသေအောင်သိတဲ့ အသိမှ သစ္စာသိအစစ်ပဲလို့ ဆုံးဖြတ်ချက် ချကြ၊ ရှင်းပလား။ တဆင့်ကြား အနုဿဝသိမျိုး၊ စာသိမျိုးမဟုတ်ဘူး၊ မဂ် ဉာဏ်နဲ့ ထိုးထွင်းပြီးသိတဲ့ အသိမျိုးသာလိုတယ်လို့ မှတ်လိုက်ကြ၊ သဘောပါကြပလား။

သစ္စာသိရမယ်ဆိုတော့ သစ္စာကို တခြားမှာ သွားသိဖို့မဟုတ်ဘူး၊ သစ္စာက မိမိခန္ဓာထဲမှာရှိတယ်၊ ခန္ဓာထဲမှာရှိတဲ့ ရုပ်ကလေး၊ နာမ်ကလေးတွေကိုမြင်အောင်၊ သိအောင်၊ ကြည့်ရမှာပဲ။ ခန္ဓာမှာ ရုပ်၊ နာမ်ကလေးတစ်ခုခု ပေါ်လာရင် ဘယ်လိုဖြစ်သလဲလို့ ဉာဏ်နဲ့အကဲခတ်ကြည့်ရင် ပေါ်လာတဲ့ ရုပ်နာမ်ကလေးဟာ ဖြစ်ပြီးပျက်သွားတာကို တွေ့ရမြင်ရ မယ်။

အဲဒီလိုဉာဏ်နဲ့ဖြစ်ပျက် ဒုက္ခသစ္စာကိုမြင်ရ တွေ့ရမှ သစ္စာသိတာပဲလို့ မှတ်ကြ၊ သဘောပါပလား။ သစ္စာသိဖို့ အချက်မှာ ဉာဏ်လိုတယ်၊ ပြောသံကြားသိ စာသိမလိုဘူး၊ ရှင်းပလား၊ ခန္ဓာအရှိကို ဉာဏ်နဲ့သိဖို့လိုတယ်လို့ မှတ်လိုက်ကြ။

ဒါကြောင့်

နတ္တိ ဈာန မပညဿ၊ ပညာ နတ္ထိ အဈာယိနော။

ယမှိ ဈာနဉ္စ ပညာစ၊ သဝေ နိဗ္ဗာန သန္တိကေ။

လို့ “ဓမ္မပဒပါဠိတော ဘိက္ခုဝဂ်” မှာ ဘုရားရှင် ဟောတော်မူခဲ့တယ်လို့ မှတ်ကြ။

အဓိပ္ပါယ်က

အပညဿ၊ သစ္စာ ရှုပွားတတ်သည့် ပညာမရှိသောသူအား။ ဈာနံ၊ အနိစ္စစသော အခြင်းအရာအားဖြင့် ရှုပွားခြင်းသည်။ နတ္ထိ၊ မရှိ။ အဈာယိနော၊ အနိစ္စ, စသည်ဖြင့် မရှုမပွားသောသူအား။ ပညာ၊ သစ္စာကိုသိတတ်သော ပညာသည်။ နတ္ထိ၊ မရှိ။

ယမှိပုဂ္ဂလေ၊ အကြင်ပုဂ္ဂိုလ်၌။ ဈာနဉ္စ၊ ဝိပဿနာ၊ ရှုပွားခြင်းသည်လည်းကောင်း။ ပညာစ၊ သစ္စာကို ရှုပွားတတ် သော ပညာသည်လည်းကောင်း။ အတ္ထိ၊ ရှိ၏။ သ,သော၊ ထိုပုဂ္ဂိုလ်သည်။ ဝေ၊ စင်စစ်ဧကန် အမှန်မုချအားဖြင့်။ နိဗ္ဗာ နသန္တိကေ၊ နိဗ္ဗာန်နှင့် နီးလှပါပေ၏။ လို့ ဆိုတယ်။

ပညာရှိတဲ့သူ ရှုတတ်တယ်

ဒကာ ဒကာမတွေ ပညာမရှိရင် မရှုတတ်ဘူး၊ ပညာရှိတဲ့သူ ရှုတတ်တယ်။ မရှုတတ်ရင် ပညာမရှိလို့ပဲ၊ ရှုတတ် ရင်ပညာရှိလို့ဆိုတာ မှတ်ကြ၊ ရိပ်မိပလား။ ရှုတတ်ရင် နိဗ္ဗာန်ရောက်ပြီ၊ ရောက်တော့မှာ သေချာပြီလို့သာ မှတ်လိုက်၊ ရှင်းကြပလား။ မရှုတတ်ရင် ဘာဖြစ်မလဲ၊ မရှုတတ်လို့ မရှုတော့ သစ္စာမသိ။ ဖြစ်, ဒုက္ခ၊ ပျက်ဒုက္ခ မမြင်ဘူး၊ ကိုယ့်ဒုက္ခ ကိုယ်မသိဘူး။ မသိတော့ နိဗ္ဗာန်မရောက်နိုင်တော့ဘူး၊ ပေါ်ကြပလား၊ ဒါကြောင့် ရှုတတ်အောင် ရှုရမယ်။

ကိုယ့်ခန္ဓာရဲ့ ဖြစ်ဒုက္ခ, ပျက်ဒုက္ခ မရှုတတ်၊ မရှုတတ်လို့ မရှုတဲ့သူဟာ ကိုယ့်ခန္ဓာ အကောင်းအမြတ်ကြီးထင်၊ ကိုယ့်ခန္ဓာနဲ့ မခွဲချင်တော့ဘူး။ ပညာကို မပါတော့ဘူး၊ ပညာမပါတော့ အမှန်မသိ၊ မသိတော့ မခွဲချင်တော့ဘူးပေါ့။ ဒါကြောင့် ပညာမပါရင် မရဘူးဆိုတာမှတ်ကြ၊ ရိပ်မိကြပလား။ မရှုတတ်၊ ရှုတတ်၊ မရှုရင်လဲ မဖြစ်တော့ဘူးလို့သာ ဆုံးဖြတ်ချက်ချ။ မရှုရင် အမှန်အကန်မသိတော့ဘူး၊ မသိတော့ ခန္ဓာကို တဏှာနဲ့ခင်, တဏှာနဲ့ အဖော်လုပ်နေမယ်၊ သားနဲ့မခွဲချင်၊ သမီးနဲ့မခွဲချင်၊ မယားနဲ့မခွဲချင်၊ အဲဒါ တဏှာနဲ့ အဖော်လုပ်နေတာပဲ၊ သဘောပါကြပလား။

တဏှာ အဖော်လုပ်နေကြသမျှ

တဏှာ အဖော်လုပ်နေကြသမျှ ဘယ်အခါမှ ဒုက္ခနဲ့ အိုးစားမကွဲတော့ဘူးလို့သာ မှတ်ကြ။ တဏှာက သမုဒယ သစ္စာ၊ အကြောင်းတရား သူက ဒုက္ခစက်ကို လယ်အောင်၊ သံသရာရှည်အောင် လုပ်မယ့်တရားပဲ။ ခန္ဓာခင်တဲ့ တဏှာရှိတဲ့၊ တဏှာပစ္စယာ (စွဲလမ်းတဲ့) ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ကမ္မဘဝေါ၊ (ကာယကံ၊ ဝစီကံ၊ မနောကံတွေလာ) နောက် ပဋိ သန္ဓေ၊ ဇာတိ၊ ဇရာ၊ မရဏ၊ သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ၊ ဥပါယာသ၊ ပဋိစ္စသမုပ္ပါဒ်၊ ဒုက္ခစက်ကြီး ဆက်ပြီး လာတော့တယ်၊ သဘောပါကြပလား။ ဒါကြောင့် တဏှာက ဒုက္ခရှည်အောင်၊ သံသရာရှည်အောင်လုပ်တဲ့ လက်သည် တရားခံပဲဆိုတာ မှတ်လိုက်ကြ။

ဒါကြောင့် ဘုရားရှင်က “သုတ္တနိပါတ် ပါဠိတော်” မှာ ဒီအဓိပ္ပါယ်စကားကို ဟောကြားတော်မူခဲ့တယ်ဆိုတာ မှတ်ရမယ်၊ ကျေနပ်ပလား။

တဏှာ ဒုတိယော ပုရိသော၊ ဒီဃမဒ္ဓါန သံသာရံ။

ဣတ္ထဘာဝညထာဘာဝံ၊ သံသာရံ နာတိဝတ္တတိ။

”တဏှာအဖော်ရှိတဲ့ (တဏှာနဲ့ အဖော်လုပ်နေကြတဲ့) သတ္တဝါများဟာ၊ အလွန်တရာ ရှည်မြင့်စွာသော သံသရာ ကာလပတ်လုံး၊ ဟိုဘဝမှာဖြစ်ရ၊ ဒီဘဝမှာဖြစ်ရနဲ့ (ဖြစ်,ပျက်) သံသရာကြီးကို ဘယ်တော့မှ မလွန်မြောက်နိုင်ကြဘူး။ ဒီဖြစ်ပျက်ဒုက္ခသစ္စာ သံသရာကြီးထဲမှာပဲ တဝဲလယ်လယ် လှည့်ပတ်နေရမယ်လို့” ဆိုလိုရင်း အဓိပ္ပါယ်ရှိတယ်လို့ မှတ်ကြ၊ သဘောပါပလား။

အဖော်ပြောင်းကြပါအုံး

ဒကာ ဒကာမတို့ ဒါကြောင့် တဏှာအဖော်လုပ်မိတဲ့သူများဟာ ဟိုဘဝကနေ၊ ဒီဘဝမှာဖြစ်ကြရ၊ ဟိုဘဝက ဒီဘဝကူးပြောင်းပြီး သံသရာရှည်ကြရ၊ ဒုက္ခတောကကို မလွတ်မြောက်နိုင်ကြဘူး၊ ဒီဒုက္ခပြီး ဟိုဒုက္ခပြောင်းရ၊ ဟိုဒုက္ခက ပြီးပြန်တော့လဲ ဒီဒုက္ခဘက် ပြန်ပြောင်းရနဲ့၊ ဒုက္ခတောပဲ လှည့်ပတ်တိုးနေရတော့တယ်၊ တဒုက္ခပြီး တဒုက္ခ၊ ဒုက္ခကကို မလွန်မြောက်နိုင်အောင် အဖြစ်ဆိုးကြုံရတယ်၊ ဒါကြောင့် ဒကာ ဒကာမတွေ အဖော်ပြောင်းကြပါအုံးလို့ သတိပေးလိုက် ပါတယ်၊ ရှင်းကြပလား။

တဏှာကို အဖော်မလုပ်ကြနဲ့တော့၊ အဖော်ပြောင်းကြတော့ဆိုတော့ ဘယ်အဖော်ပြောင်းရမလဲ၊ မေးစရာရှိ တယ်။ ဒီတော့ ရှုတတ်တဲ့ဉာဏ် အဖော်ပြောင်းကြ၊ ရှုတတ်တဲ့ဉာဏ်နဲပ ပေါင်းကြပါတော့လို့ ပြောလိုက်ပါတယ်၊ သဘောပါ ကြပလား။ ဒကာ ဒကာမတွေ ရှေးရှေးက သံသရာတလျှောက်လုံးမှာ မှောက်ချင်တိုင်းမှောက်၊ ကျချင်တဲ့ချောက်ကျပြီး လာခဲ့ကြရတယ်၊ ဒီလိုလာခဲ့ရတာဟာ ဘယ်သူ့ကြောင့်လဲ။ ဒီတဏှာကြောင့်ပဲ၊ သူ့အဖော်လုပ်မိလို့ပဲဆိုတာ မှတ်လိုက်ကြ၊ ရိပ်မိကြရဲ့လား။

ဒကာ ဒကာမတွေ သူ့လက်ချက်နဲ့ ခုထိအောင်ပဲ လက်ရှိခန္ဓာ ဒုက္ခသစ္စာကြီး ရထားကြတယ်။ ရှေးကလာခဲ့တာ အိုဘေး၊ နာဘေး၊ သေဘေးစတဲ့ ချောက်အမျိုးမျိုးကျပြီး လာခဲ့ရတာလဲ သူ့ကြောင့်ပဲ၊ အခုလက်ရှိ ဒုက္ခခန္ဓာနဲ့ သူ့ကျွန် ခံနေကြရတယ်၊ ဒါလဲ သူ့ကြောင့်ပဲ၊ ရိပ်မိပလား။ တဏှာအဖော်လုပ်မိလို့ အိုဘေး၊ နာဘေး၊ သေဘေးကြီးထမ်းပြီး လည်နေကြရတယ်၊ ဒီလိုအဖြစ်ဆိုးမျိုးတွေ ကြုံနေတာ၊ တဏှာအဖော်လုပ်မိလို့ပဲဆိုတာ မှတ်ကြ။ ဒီတောင့် ပြောင်းမှပဲ ဖြစ်တော့မယ်ဆိုတဲ့အဓိပ္ပါယ် ပေါ်ကြပလား။

ခန္ဓာရှုတတ်တဲ့ဉာဏ်ကို အဖော်လုပ်ကြပါ

ပေါ်ကြရင် ခန္ဓာရှုတတ်တဲ့ဉာဏ်ကို အဖော်လုပ်ကြပါတော့၊ မလုပ်ရင်မဖြစ်တော့ဘူးလို့ မှတ်လိုက်ကြ၊ ရိပ်မိကြ ပလား။ ဒကာ ဒကာမတွေ အရင်က တဏှာနဲ့ပဲနေခဲ့ကြ၊ သူ့ပဲအဖော်လုပ်ခဲ့ကြ၊ သူ့ကြောင့်ပဲ ငရဲကျ၊ အပါယ်လေးပါးရှိသမျှ ကိုယ်ပိုင်ချည့်ဖြစ်ပြီး အနေဆိုးနေခဲ့ရတယ်၊ စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာကို မရှိခဲ့ကြဘူး။ အဲဒါ တဏှာအဖော်လုပ်မိလို့၊ အတွင်း အပေါင်းအသင်းလွဲခဲ့လို့ပဲ၊ သဘောကျရဲ့လား။ ဆရာသမားက သနားလို့ ဒကာတို့တတွေ ချောက်အမျိုးမျိုး မကျစေချင်လို့ တိုက်တွန်းနေရတာ ကြိုးစားယူကြ။

ဒီအချိန်အခါမျိုးမှာ မလိုက်နာလို့ အဖော်ကောင်းနဲ့ မပေါင်းမိရင်ဖြင့် ပြောဖို့မရှိတော့ဘူး၊ အိုဘေးချောက်၊ နာဘေးချောက်၊ သေဘေးချောက်တွေဟာ ကိုယ့်ဟာချည့်၊ ဒကာတို့ပိုင်ပစ္စည်းချည့်သာ မှတထားကြ၊ ရှင်းပလား၊ သူများဝမ်းထဲမှာ အရှက်တကွဲ အကျိုးနည်းနဲ့ ပဋိသန္ဓေ နေခဲ့ရ၊ အရှက်တကွဲ အကျိုးနည်းနဲ့ အိုပွဲကြီးတွေ့ရ၊ နာပွဲကြီးလဲ တွေ့ရ၊ အခါပေါင်း အကြိမ်ပေါင်းမပြောနဲ့ ကမ္ဘာပေါင်း မည်မျှလို့ကို မသိနိုင်ကြတော့ပါဘူး၊ ရိပ်မိကြရဲ့လား။

မိုက်လွန်းလို့ ရူးလွန်းလို့သာပဲ

ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ဒါကိုပဲ အကောင်းကြီး မှတ်နေကြတယ်။ တချို့တွေ မမာတဲ့အခါများ ပြောတတ်တဲ့ စကားရှိတယ်၊ “မမာရပေမယ့် ဓာတ်စာများများစာလို့ ဆရာကောင်း၊ သမားကောင်းတွေနဲ့ ကုရ, သရ, လို့ ဧည့်သည်လာတော့လဲ ကောင်းကောင်းမွန်မွန် ဧည့်ပါခံလို့ တယ်နေရာကျပါလား၊ ဒီလိုဆိုတော့လဲ မမာရပေမယ့် အတော်သားပဲ” လို့ဆိုပြီး အားကျနေကြတာရှိသေးတယ်။ မမာတာကို အားကျနေတာ သာမညများ မမှတ်လိုက်နဲ့ မိုက်လွန်းလို့ ရူးလွန်းလို့သာပဲဆိုတာ ဆုံးဖြတ်ချက်ချ၊ ရှင်းကြပလား။

ပြည့်ပြည့်စုံစုံနဲ့ ဒီလိုတော့လဲ မမာစမ်းချင်တယ်-တဲ့။ ရူးချက်၊ မိုက်ချက်သန်လွန်းလို့ ထွက်လာတဲ့စကားပဲ၊ နဂိုက အပေါင်းအသင်းလွဲခဲ့လို့ ဒီဒုက္ခကြီး ဗျာဓိဆိုတဲ့ နာဒုက္ခကြီးနဲ့ ခွဲမရ၊ ခွါမရ ကိုယ်ပိုင်ရနေကြရတာ၊ အပေါင်းအသင်း လွဲလို့ ဒီဒုက္ခသစ္စာကြီး သယ်ဆောင်နေကြရ၊ ထမ်းပိုးနေကြရ၊ ကျွေးရ၊ မွေးရ၊ ပြုရ၊ စုရ၊ ကုသရနဲ့၊ အားရတယ်လို့ မရှိ တော့ဘူး။ သူ့အတွက်ပဲ ကြောင့်ကြစိုက်နေရတယ်၊ ဒီဒုက္ခကြီးပဲ သယ်ဆောင်ထမ်းပိုးနေရတယ်၊ ရှင်းကြပလား။

ဒီဒုက္ခခန္ဓာကို အကောင်းအမြင်ထင်တာဟာ တော်တော်တန်တန်ရူးတာမိုက်တာ မဟုတ်ဘူးလို့သာ ဆုံးဖြတ်ချက် ချကြ၊ ကျေနပ်ပလား။

တဏှာအဖော်လုပ်မိတာနဲ့

ဒကာ ဒကာမတွေ အလေးအနက် စဉ်းစားကြ၊ ခန္ဓာရှိတော့ ဗျာဓိလာတာပဲ၊ အဲဒါ တဏှာအဖော်လုပ်မိလို့ ခန္ဓာလက်ရှိ ရလာခဲ့တာ၊ ခန္ဓာရှိလို့ အနာရှိတော့၊ မမာတဲ့အခါ သူတကာတွေ လာပြီးမေးကြ၊ မြန်းကြလုပ်တာ အကောင်း များမမှတ်ကြနဲ့၊ လူ့ဝတ္တရား၊ သူ့ဝတ္တရားဆိုပြီး မတော်လို့မေး၊ မကောင်းလို့ မေးကြတာပါ၊ တဏှာအဖော်လုပ်မိတာနဲ့ မကောင်းလို့ အမေးခံရတာပဲလို့ မှတ်လိုက်ကြ၊ ရိပ်မိပလား။ နောက် သေတော့လဲ မကောင်းလို့ လိုက်ပို့ကြ။ ပြီးတော့ အခေါင်းဖွင့်ကြည့်ပြီး၊ တံတွေးထွေးပြီး ပြန်ခဲ့ကြ၊ အလောင်းဖွင့်တော့ အပုပ်နံ့ နံလွန်းလို့ ပေါ်ကြပလား။

တဏှာ အဖော်လုပ်မိတာ ဘယ်လောက် အဖြစ်ဆိုးသလဲ။ စဉ်းစားကြ။ နောက် ကျန်တဲ့လူတွေက တွင်းတူးမြှုပ်၊ မြေဖို့၊ ခြေနဲ့တက်နင်းလိုက်ကြ၊ ခြေနဲ့မနင်းရင် ခွေးစားမှာက သေချာတယ်၊ ခွေးစားမှာကြောက်လို့ ခြေနဲ့နင်း၊ နင်းပြီး ပြန်သွားကြ၊ တဏှာအဖော်လုပ်မိတဲ့ အပြစ်တွေပဲ၊ ဒကာ ဒကာမတွေ ဘယ်ဒင်းကြိုက်သတုန်း၊ ခွေးစားတာ ကြိုက်သလား၊ ခြေနဲ့နင်းတာ ကြိုက်သလား၊ အေး-မကြိုက်လဲ ခွေးစား၊ ခြေနင်း၊ ခံရအုန်းမှာပဲ၊ ဘယ်ဟာမှမကြိုက်ရင် ကြိုးစားကြ။

မကြိုက်တာမှန်ရင် လွတ်အောင်လုပ်ကြ

မကြိုက်တာမှန်ရင် လွတ်အောင်လုပ်ကြ။ အသေဆိုတာ ခြေနင်းဖတ်ရယ်၊ ခွေးစားခံရယ်၊ မလွှဲသာလို့ လိုက်ပို့ လာတဲ့လူတွေကလဲ မျက်နှာမသာမယာနဲ့ အရှက်တကွဲ အကျိုးနည်းကြုံရတယ်၊ ဒါ ဘာကြောင့်လဲ၊ တဏှာအဖော်လုပ်မိ လို့ အသုဘဖြစ်ရတာပဲ၊ သဘောပါပလား။ သူ့အတွက်နဲ့ကျွေးတော့ မွေးတော့ တချို့တွေက “အသုဘအိမ်ကမို့” မသာအိမ်က ထမင်းဟင်း မစားချင်ဘူးတဲ့၊ ဒီအိမ်ကဟာဆို ဘာမှမစားချင်ဘူးတဲ့၊ အရှက်ကွဲလိုက်တဲ့ဖြစ်ခြင်း၊ ပြောစရာ မရှိတော့ဘူး၊ အဲဒါ တဏှာအဖော်လုပ်မိလို့ပဲ၊ ကျေနပ်ပလား။

တဏှာအဖော်မလုပ်ဘဲ၊ ဉာဏ်နဲ့အဖော်လုပ်ကြ၊ ဉာဏ်အဖော်လုပ်တော့၊ “ဓါတ်တော်လုပွဲ” ကြုံရတယ်။ ပူဇော် ထိုက်တယ်ဆိုပြီး သူမရ၊ ငါမရ လုယက်ပြီး ကိုးကွယ်ဖို့ယူကြတယ်၊ ရှင်းပလား။ တဏှာသေမှ ပူဇော်ထိုက်တာ ဖြစ်မယ်။ ဓါတ်တော်ပူဇော်ပွဲခံရမယ်။ ခွေးစား၊ ခြေနင်းအဖြစ်ကလွတ်တယ်၊ ပေါ်ကြပလား။ ဒါဟာ အပေါင်းအသင်းကွာလို့ဆိုတာ သက်သေခံပါပဲ၊ ဒကာ ဒကာမတွေ ဘယ်ဟာကြိုက်သတုန်း၊ အေး-အပူဇော်ခံကြိုက်ရင် ပူဇော်ပွဲဖြစ်အောင် ရှုတတ်တဲ့ ဉာဏ်ကို အဖော်လုပ်ကြတော့။

အရှက်ကွဲတာပဲ

နည်းပေးညွှန်ကြားတဲ့ ဆရာသမားကြုံတုန်းကြိုးစား၊ ဒါမှမဟုတ်ရင် တသက်လုံး ဖုံးလာသမျှဟာ အဲဒီအခါမှ အရှက်တကွဲကျိုးနည်း ကြုံရမယ်ဆိုတာ မှတ်လိုက်ကြ။ သူသုံးနေကျ အဝတ်အထည်လေးတောင်မှ “ဒါအကောင်းတွေ မထည့်နဲ့တဲ့၊ ကောင်းတာနှုတ်ယူကြတဲ့၊ ထည့်ရင် အလကားပဲ” တဲ့၊ အဲဒါ အရှက်ခွဲခံရတာပဲ၊ သုဿာန်ရောက်တော့လဲ ဝိုင်းပြီး ခြေနဲ့နင်းလိုက်ကြ၊ အရှက်ကွဲလိုက်တာ ကမ်းကုန်ပါရော။ နောက်ကျပြန်တော့ သူမကောင်းတဲ့လမ်းများ သွားလေ သလား၊ ရောက်ရာဘဝက အငတ်ပြဿနာ ဖြေရှင်းနိုင်ပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆွမ်းများသွတ်ကြအုန်းတဲ့၊ သပိတ် သွတ် အမျှဝေကြနဲ့၊ အဲဒါ အရှက်ကွဲတာပဲ၊ ရိပ်မိကြရဲ့လား။

ဒီလို လူတကာတွေဖိတ်ပြီး၊ အရှက်ခွဲခံရပေမယ့်လဲ သူ့အတွက် မသေချာပါဘူး၊ အမျှပေးလို့ ရနိုင်တဲ့အဖြစ်က အလွန့်အလွန်နည်းပါတယ်၊ အရှက်ကွဲ အဖတ်တင်ရုံရှိမှာက များပါတယ်။ ဒါ ဘာကြောင့်လဲ၊ တဏှာပေါင်းမိလို့ အဖော်လွဲလို့ အမိုက်ကိုပေါင်းမိလို့ပဲဆိုတာ မှတ်လိုက်ကြ။ ဒါကြောင့် အမှန်သိရရင် ပြင်ကြ၊ အပေါင်းအသင်း ပြောင်း ပြစ်ကြ။ အမိုက်ကိုခွါ၊ အလိမ္မာကို ပေါင်းကြပါလို့ နက်နက်နဲနဲ တိုက်တွန်းလိုက်ပါတယ်၊ သဘောကျပလား။

မိုက်တဲ့တဏှာကို မပေါင်းနဲ့

ဘုရားက မင်္ဂလာတရားတော်မှာ “အသေဝနာစ ဗာလာနံ” အမိုက်ကိုမပေါင်းနဲ့။ မိုက်တဲ့တဏှာကို မပေါင်းနဲ့။ “ပဏ္ဍိတာနဉ္စ သေဝနာ” အလိမ္မာကို ပေါင်းကြ၊ ပညာကိုပေါင်းကြ” လို့ ဟောတော်မူတယ်။ ဘုရားရှင် ဟောလိုရင်းက ပုဂ္ဂိုလ်ကိုဆိုတာမဟုတ်ဘူး၊ တရားကိုဆိုတာပဲလို့ မှတ်လိုက်ကြ၊ ရိပ်မိကြရဲ့လား။ ဗာလာဓမ္မာအရ၊ အကုသိုလ်တရားကို ကောက်ရတယ်။ ပဏ္ဍိတာဓမ္မာအရ၊ ကုသိုလ်ကိုကောက်ရတယ်။ ဒီဟာ ဓမ္မသင်္ဂဏီပါဠိတော်မှာလာတယ်။ ဒါကြောင့် ဒီအဓိပ္ပါယ်ဟာ ထင်ရှားတယ်ဆိုတာ ဆုံးဖြတ်ချက်ချ။

ဒါကြောင့် ဒီလိုအမှန်အကန် သိရတဲ့အချိန်ကစပြီး ပညာနဲ့ပေါင်းကြ၊ ပညာကို အဖော်လုပ်ကြ၊ တဏှာနဲ့ အိုးစားခွဲကြတော့၊ နှေးနှေးကွေးကွေးနဲ့ အေးဆေးမနေကြနဲ့၊ အချိန်က သိပ်မရတော့ဘူး၊ မြန်မြန်ဆန်ဆန် လုပ်ကြပါလို့ သတိပေးလိုက်တယ်၊ အသက်ကြီးတော့ အသက်ကြီးလို့ သေချိန်ကနီးနေပြီ၊ အခုလား၊ တော်တော်နေတော့လား၊ မသိနိုင် ဘူး၊ အသက်ငယ်တော့လဲ ငယ်လို့လုပ်ရမှာပဲ၊ “အဇ္ဇေဝါ သုဝေဝါ” နက်ဖြန် သန်ဘက် ချိန်းချက်မရှိဘူး၊ စိတ်မချရဘူး၊ ရိပ်မိကြရဲ့လား။

ဒါကြောင့် အခုသိရရင်၊ အခုလုပ်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်၊ သဘောပါကြပလား။ ဒကာ ဒကာမတို့ မြတ်စွာဘုရားသခင် ကုရုတိုင်းမှာ သီတင်းသုံးတော်မူစဉ်အခါမှာ၊ ရဟန်းများကို အတွင်းသုံးသပ်ကြ၊ အတွင်းသုံးသပ်ကြ လို့ မိန့်ကြားတော်မူတယ်၊ အဲဒီအခါမှာ ရဟန်းတစ်ပါးက တပည့်တော် အတွင်းသုံးသပ်ပါတယ်ဘုရားလို့ လျှောက်ထား တော့၊ ဘုရားက အသင် ဘယ်လိုများ သုံးသပ်ပါသလဲ” လို့ မေးတော်မူတဲ့အခါ “တပည့်တော် ဆံပင်၊ မွေးညင်း စတဲ့ သုံးဆယ့်နှစ်ပါးသော ကောဋ္ဌာသ၊ အသုဘ၊ ဘာဝနာကို ပွားများပါတယ်ဆိုတဲ့အကြောင်းနဲ့ လျှောက်ထားတယ်။

အို,သေဟာ ဒုက္ခသစ္စာပါလား

ဒီတော့ ဘုရားရှင်က ဒီလိုမဟုတ်ဘူး၊ ဒီကောဋ္ဌာသကို သုံးသပ်ခိုင်းတာ မဟုတ်ဘူး၊ အမှန်က မင်းတို့သန္တာန်မှာ ဇရာဆိုတဲ့ အိုခြင်းတရား၊ မရဏဆိုတဲ့ သေခြင်းတရားတွေရှိတယ်၊ ဒီလိုရှိတဲ့ ဇရာ၊ မရဏ၊ အို,သေဟာ ဒုက္ခသစ္စာပါလား လို့ သုံးသပ်ရမယ်၊ ဒီလိုသုံးသပ်ကြလို့ မိန့်ကြားဟောပြတော်မူတယ်၊ ဒကာ ဒကာမတွေ သဘောပါပလား။

ဒကာ ဒကာမတို့ အခုရထားတဲ့ ခန္ဓာကြီးက ဇာတိကနေ တောက်လျှောက် ဇရာဖက်လာခဲ့ပြီး မရဏဖက်၊ ဒိုင်းဒိုင်းပြေးနေတာ၊ ရိပ်မိကြရဲ့လား၊ တချိန်ထက်တချိန်၊ တစက္ကန့်ထက်၊ တစက္ကန့်ဆိုသလို ခန္ဓာထဲမှာ ဇရာဆိုတဲ့ အိုခြင်းက နှိပ်စက်နေတာ၊ သူက အသေဘက် အရောက်ပို့ပေးနေတာပဲ၊ ရှင်းပလား။ ဒီ အိုတတ်၊ သေတတ်တဲ့ ခန္ဓာ ကို ဒုက္ခသစ္စာပါလားလို့ သုံးသပ်ကြရမယ်၊ သုံးသပ်တတ်ကြပလား၊ ဒီလိုဉာဏ်နဲ့သုံးသပ်တော့၊ ဒုက္ခသစ္စာမှန်း အမှန်အကန် သိမြင်နိုင်ကြမယ်။

ဒီခန္ဓာမှာ အိုတာနဲ့ သေတာပဲရှိတယ်၊ အို, သေ, ဒုက္ခကလွဲရင် ဘာမှမရှိပါကလားလို့ ဉာဏ်နဲ့တွေးရမယ်၊ သုံးသပ်ရမယ်၊ အဖန်ဖန်ဆင်ခြင်ရမယ်၊ ဒီလိုဉာဏ်နဲ့တွေးတော့၊ တွေးတာက မဂ္ဂသစ္စာ၊ ရှိတာက ဒုက္ခသစ္စာပဲ၊ ရှင်းကြ ပလား။ ဒါကြောင့် သုံးသပ်ကြ၊ ကိုယ့်ခန္ဓာထဲမှာ အို, သေ, ဒုက္ခသစ္စာကလွဲလို့ ဘာမှမရှိပါကလားလို့ တွေးကြ။ ခန္ဓာ မှာ အမှန်ရှိတာက ရုပ်နဲ့နာမ်ပဲရှိတယ်၊ ရုပ်၊ နာမ်ရှိရင် ဇရာ, မရဏရှိတယ်၊ ဒိပြင် အပိုစွက်စရာ ဘာမှမရှိဘူး၊ ရှင်း ပလား။

ခန္ဓာမှာ အကျဉ်းချုပ် နာမ်နဲ့ ရုပ်ပဲရှိတယ်

ဒကာ ဒကာမတို့ ခန္ဓာမှာ အကျဉ်းချုပ် နာမ်နဲ့ ရုပ်ပဲရှိတယ်ဆိုတာ သိကြပြီ၊ နာမ်, ရုပ်ရှိရင် ဇရာ, မရဏ, အိုသေက လွတ်ပါ့မလား။ မလွတ်နိုင်ဘူး၊ ဒါကိုသိရရင် မေ့မေ့လျော့လျော့နေလို့ ဖြစ်ပါ့မလား။ မဖြစ်တာသိရင် ကြိုးစားကြ။ ဒကာတို့တတွေက အခုနေမှာ ဥပမာအားဖြင့် အဆိပ်လဲစားမိထားပြီ၊ အဆိပ်စားပြီး၊ ခပ်ပျော်ပျော်ကလေး ပဲ နေပါတော့မယ်ဆိုသလို ကျနေကြပြီ။ ဇရာ, မရဏ, အို, သေ ဒုက္ခသစ္စာလဲ ကိုယ်ပိုင်ရထားတယ်၊ မေ့မေ့လျော့လျော့လဲ နေမယ်ဆိုတော့ ဘယ်လိုအစားမျိုးတွေတုန်း” လို့ မေးလိုက်ပါတယ်။

ဒီလိုဆိုရင် ဒကာတို့ဟာ လူကောင်းတွေမှ ဟုတ်ကြပါရဲ့လား။ အဆိပ်လဲစားမိထားပြီ၊ ခပ်ပျော်ပျော်လေးလဲ နေနိုင်ကြတယ်ဆိုရင် ပင်ကိုယ်စိတ်ပျောက်နေတဲ့ အရူးမို့ပဲ၊ ဆိုသင့်၊ မဆိုသင့်၊ ကြပ်ကြပ်စဉ်းစားကြ၊ သဘောပါကြပလား။ ဒါဖြင့် အေးအေးဆေးဆေး လုပ်မနေကြနဲ့၊ သုံးသပ်ကြ၊ သုံးသပ်တတ်တဲ့ဉာဏ်နဲ့ အဖော်လုပ်ကြ၊ တဏှာနဲ့ အဖော်မလုပ် ကြနဲ့တော့၊ ဉာဏ်အဖော်လုပ်ကြ၊ ကျေနပ်ပလား။

ဒကာတို့တတွေ ရှေးကနေခဲ့ ထိုင်ခဲ့ကြတာ ဘယ်လိုများပါလဲလို့မေးရင် တပည့်တော်တို့ တသံသရာလုံး တဏှာနဲ့ ပဲ အဖော်လုပ်ပြီး နေခဲ့ကြပါတယ် ဖြေရမှာပဲ၊ ဒါပေမယ့် ဒကာတို့ဟာ အို, သေ သံကိုတော့ နည်းနည်းမှ မကြားချင်၊ မကြားလိုဘူး မဟုတ်လား၊ မကြားချင်ပေမယ့် ကိုယ်တိုင်ကြုံ၊ ကိုယ်တိုင်တွေ့ရမှာက သေချာပြီးသားချည်းပဲ၊ ရိပ်မိကြ ပလား။ ကိုယ်တိုင်ကတော့ တဏှာအဖော်လုပ်နေမယ်၊ အို, သေ, သံကိုတော့ မကြားချင်ပါဘူးဆိုရင် ဟုတ်နိုင်ပါ့မလား။

အို, သေမြင်နေရင် တဏှာသေတယ်

ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး၊ အဲဒီလူတော့သွားပြီ၊ အို, သေက ရှောင်လို့လဲ မလွတ်ပါဘူး။ ကိုယ့်အထဲမှာရှိနေတဲ့ အို, သေက ပြေးမလွတ်နိုင်တော့ဘူး၊ ပေါ်ကြပလား။ အို, သေကြောက်လို့ ဒီအသံမကြားချင်တာဖြင့် တဏှာနဲ့ခွဲကြ၊ ဉာဏ်နဲ့ပေါင်းကြ၊ ဉာဏ်နဲ့ပေါင်းပြီး အို, သေမြင်အောင် ကြည့်ရမယ်၊ အို, သေမြင်နေရင် တဏှာသေတယ်၊ တဏှာသေရင် နောက်လာမယ့်ခန္ဓာတွေ ဟိုဘဝ ဒီဘဝတွေ မသွားရတော့ဘူး၊ ရှင်းကြပလား။

ဒကာ ဒကာမတွေ အို, သေ ကြောက်ရင် အို, သေ, ဉာဏ်နဲ့ကြည့်၊ ဉာဏ်နဲ့ အို, သေမြင်တော့ ရှေ့ဆက်ပြီးတွေး၊ ဒီ အို, သေ ဘယ်ကလာပါလိမ့်မလဲ၊ ဘယ်ကလာတာလဲလို့ ဉာဏ်နဲ့တွေးတော့ အို, သေခန္ဓာငါးပါးက လာတယ်ဆိုတာ သိရမယ်၊ ဒကာ ဒကာမတွေ အို, သေ ဘယ်ကလာသလဲ။ ခန္ဓာငါးပါးကလာတယ်၊ ရိပ်မိကြပြီ။ ဒီတော့ ခန္ဓာက အကြောင်းသမုဒယသစ္စာ၊ အို, သေက အကျိုးဒုက္ခသစ္စာပဲ။ ခန္ဓာငါးပါးက အကြောင်း၊ အို, သေက အကျိုးလို့သိတာက သိတဲ့ဉာဏ်က မဂ္ဂသစ္စာ။ ေဩာ်-ဒီလိုဆိုတော့ သူတို့နှစ်ခုမရှိမှ အေးမှာပဲ၊ သူတို့နှစ်ခုမရှိမှ အို, သေက လွတ်မှာပဲ၊ အဲဒီ အို, သေလွတ်ရာက နိရောဓသစ္စာပဲ၊ ရှင်းပလား။

အို, သေ ဘာကြောင့်ပေါ်တယ်

ဒကာ ဒကာမတွေ ပြန်ပြီးပြောပါဦးမယ်၊ အို, သေ ဘာကြောင့်ပေါ်တယ်၊ အို, သေ ခန္ဓာကြောင့်ပေါ်တယ်၊ ခန္ဓာ ဘာကြောင့်ပေါ်သလဲ၊ တဏှာကြောင့်ပေါ်တယ်၊ ခင်တတ်၊ မင်တတ်တဲ့ တဏှာကြောင့် ခန္ဓာရခဲ့တာ၊ သူ့လက်သည် က တဏှာပဲ၊ ပေါ်ကြပလား။ တဏှာကြောင့် ခန္ဓာရ၊ ခန္ဓာရလို့ အို, သေရတာပဲ၊ ဒီတော့ အို, သေဟာ တဏှာကြောင့် ရတယ်ဆိုတာ ရှင်းကြပလား။ ဒါကြောင့် အို, သေကြောက်ရင် တဏှာနဲ့မပေါင်းနဲ့၊ ဉာဏ်နဲ့ပေါင်းပြီး တဏှာချုပ်အောင် လုပ်ကြ၊ တဏှာချုပ်မှ အို, သေက လွတ်ကြမယ်၊ ကျေနပ်ပလား။

ဒါကြောင့် တဏှာက သမုဒယသစ္စာ၊ ခန္ဓာက ဒုက္ခသစ္စာ၊ သိတာက သိတဲ့ဉာဏ်က မဂ္ဂသစ္စာ၊ အကြောင်းအကျိုး တွေ ချုပ်တာက ချုပ်ရာက နိရောဓသစ္စာ၊ သဘောကျရဲ့လား။

ဒကာ ဒကာမတွေ တဏှာဟာ လက်သည်တရားခံပဲဆိုတာ ပေါ်ကြပြီ၊ ဒီလိုသိပြီး ဒီကနေ ဆက်တွေးအုံး၊ “ဒီတဏှာ” ဘယ်ကလာသလဲလို့ ဆက်ပြီး ဉာဏ်နဲ့တွေးကြ။ ခင်မင်မှုတဏှာဟာ ဘယ်ပေါ်မှာ ခင်မင်တာလဲ။ ဘယ် အပေါ်မှီပြီး ဖြစ်လာတာလဲ၊ ဒီလိုဆက်တွေးတော့ အာယတနခြောက်ပါးကို တွေ့ရမယ်။ ဒီတဏှာဟာ အာယတန ခြောက်ပါးကဖြစ်တာ၊ အာယတနခြောက်ပါးကြောင့် လာတာပဲဆိုတာ ပေါ်ကြမယ်။ အာယတန ခြောက်ခုမရှိရင် မလာဘူး၊ သူတို့ရှိလို့သာလာတာပဲ၊ ရှင်းပလား။

ခြောက်ပါးကြောင့် တဏှာဖြစ်လာရတယ်

စက္ခု၊ သောတ, ဃာန၊ ဇိဝှါ၊ ကာယ၊ မနဆိုတဲ့ အာယတန ခြောက်ပါးကြောင့် တဏှာဖြစ်လာရတယ်၊ တဏှာဖြစ် တော့ တဏှာ၊ ဥပါဒါန်၊ ကမ္မဘဝ သံသရာဆက်ပြီး နောက် ဇာတိဒုက္ခ၊ ဇရာဒုက္ခ၊ ဗျာဓိဒုက္ခ၊ မရဏဒုက္ခစတဲ့ “ဒုက္ခ အစုကြီး” လိုက်လာတော့တာပဲ၊ ရိပ်မိပလား။ ဒီတော့ တဏှာ၊ ဥပါဒါန်၊ ကံတွေက ဒုက္ခသစ္စာ၊ အာယတနခြောက်ပါးက သမုဒယသစ္စာ၊ သိတာက မဂ္ဂသစ္စာ၊ ဒုက္ခသမုဒယနှစ်ခုလုံး ချုပ်တာက နိရောဓသစ္စာပဲ၊ ရှင်းကြပလား။ ဒီလိုသိကြရမယ်၊ ဒါကို သိသိသွားကြရမယ်။

ဒကာ ဒကာမတွေ သဘောပါကြပလား။ ဒီလိုသိသိသွားအောင် ကြိုးစားကြ။ ဥပမာအားဖြင့် သစ်ပင်ဟာ အမြစ်ကိုဖြတ်ရင် ပင်လုံး ခြောက်သွားရတယ်၊ တပင်လုံးခြောက်တဲ့နောက်တော့ အကိုင်းအခက် အရွက်အလက်တွေ လုံးဝမထွက်နိုင်တော့ဘူး၊ ဒီဥပမာအတိုင်းပဲ၊ ရေသောက်မြစ်နဲ့တူတဲ့ ဒီအာယတန ခြောက်ပါးကို ဖြတ်ရမယ်၊ အာယတန ခြောက်ပါးအရင်းခံကိုဖြတ်လိုက်ရင် ကိစ္စပြီးတယ်ဆိုတာ မှတ်ကြ။ ဒီအာယတနကို ဘာနဲ့ဖြတ်ရမလဲ၊ ဉာဏ်နဲ့ဖြတ်ရမယ်၊ မလိုချင်တဲ့ဉာဏ်နဲ့ဖြတ်ရင် ပြတ်တယ်လို့ မှတ်လိုက်ကြ။ သဘောပါကြပလား။

ဖြတ်တတ်တဲ့ဉာဏ် လက်ကိုင်ထား

ဒကာ ဒကာမတို့ အာယတနခြောက်ခုကို မလိုချင်တဲ့ဉာဏ်နဲ့ ဖြတ်လိုက်ရင်၊ တဏှာသေ၊ ခန္ဓာလဲချုပ်၊ အိုသေလဲ ငြိမ်းတော့တာပဲ၊ ရှင်းပလား။ ဒါကြောင့် အို, သေကြောက်ရင် အို, သေလွတ်အောင် ဖြတ်တတ်တဲ့ဉာဏ် လက်ကိုင်ထား ကြရမယ်၊ ဒီဉာဏ် လက်ရှိဖြစ်အောင် လုပ်ရမယ်ဆိုတဲ့အချက် လေးလေးနက်နက် မှတ်လိုက်ကြ။ ဒါကြောင့် ရှုတတ်တဲ့ ဉာဏ် အဖော်လုပ်ရမယ်လို့ဆိုတာပဲ၊ အာယတနခြောက်ပါး ရှုတတ်တဲ့ဉာဏ်ကိုပြောတာ၊ သူနဲ့မှဖြတ်နိုင်မှာပဲ၊ ရိပ်မိကြ ပလား။

ဒီဉာဏ်နဲ့ အာယတနကို ဖြတ်ရမယ်၊ အို, သေရခဲ့တာ သူ့ကြောင့်ပဲ၊ သူလက်သည်ပဲ၊ ဒါကြောင့် သူ့ကို ရှုဉာဏ်နဲ့ ဖြတ်ရမယ်၊ သူ့ဖြတ်နိုင်မှ အို, သေက လွတ်ကြရမယ်ဆိုတာ မှတ်ကြ။ ဒကာ ဒကာမတွေ အို, သေရတာ ဒီအာယတနက လက်သည်ပဲ၊ အာယတန ခြောက်ပါးဆိုတာက “စက္ခု၊ သောတ, ဃာန၊ ဇိဝှါ၊ ကာယ၊ မန” ဆိုတဲ့ခြောက်ပါး၊ ခြောက်ပါး ဆိုပေမယ့် ချုံ့လိုက်ရင် ရုပ်နဲ့နာမ်ပဲ။ ရှုတဲ့အခါမှာ နှစ်ခုမလိုဘူး၊ ရုပ်ကြိုက်ရင်ရုပ်၊ နာမ်ကြိုက်ရင်နာမ်၊ တစ်ခုထဲ တလုံးထဲကိုရှုပါ၊ ရှုရမှာ၊ နားလည်ကြပလား။

ရှုတတ်ကြပလား။ “ဧကော ဓမ္မော” ဆိုတဲ့အတိုင်း၊ တလုံးထဲကို ပိုင်အောင်ရှုရမယ်။ ရှုတော့ စိတ်ရှုကြပေါ့။ အာယတနကို မှီဖြစ်တဲ့ စိတ်ခြောက်မျိုး၊ မျက်လုံးစိတ်၊ နားစိတ်၊ နှာခေါင်းစိတ်၊ လျှာစိတ်၊ ကိုယ်စိတ်၊ မနောစိတ်၊ ဒီခြောက်မျိုးကိုရှု၊ ခြောက်မျိုး တစ်ခုခုပေါ်ရာ မိအောင်၊ ပိုင်အောင်ရှု၊ သဘောပါပလား။ မရှုမိရင် မရှုတာနဲ့ တဏှာလာ မှာပဲ၊ တဏှာလာလို့ တဏှာအဖော်လုပ်မိရင် ဟိုဘဝ၊ ဒီဘဝပြေးရမယ်၊ ဒုက္ခကျော မျောလေအုန်း၊ မြုပ်လေအုန်းတော့ပဲ ဆိုတာမှတ်ကြ၊ ရှင်းပလား။

ဘာစိတ်ပေါ်ပေါ်ရှု

ခန္ဓာမှာ ဘာစိတ်ပေါ်ပေါ်ရှု၊ သားလေးတွေးတဲ့စိတ်၊ သမီးကလေးတွေးတဲ့စိတ်၊ ပေါ်လာသမျှ ဖြစ်, ပျက်ရှုချ၊ မရှုမိရင် ဆွေးစိတ်လာမယ်၊ တွေးစိတ်မမိရင်၊ ဆွေးစိတ်ကို မလွတ်စေနဲ့၊ ရှုပစ်၊ ရိပ်မိပလား၊ ဆွေးစိတ်မလာရင် ဒေါသလာမယ်၊ ဒါလဲ ဖြစ်, ပျက်ရှု၊ ရှုရင် မဂ်လာမယ်၊ အရှုခံစိတ်က ဖြစ်, ပျက်၊ ရှုတဲ့ဉာဏ်က မဂ်ပဲ၊ ဒါကို မရှုမိလိုက်ရင် ဒီဘဝမကောင်းလို့ နောက်ဘဝအတွက် ကောင်းချင်တဲ့တဏှာ ဝင်လာမယ်၊ ကောင်းတာရချင်တဲ့ တဏှာလာတော့ ဘာဖြစ်သလဲ။

”တဏှာပစ္စယာ ဥပါဒါနံ ဥပါဒါနပစ္စယာ ကမ္မဘဝေါ ကမ္မဘဝပစ္စယာ ဇာတိ၊ ဇာတိက အပါယ်လေးပါးဇာတိ၊ အပါယ် ပဋိသန္ဓေ၊ အဲဒါတွေ ဆက်တိုက်လာမယ်၊ ရိပ်မိကြရဲ့လား၊ အဲဒါမရှုမိရင် ဘာဇာတိလာလာ အို, နာ, သေတွေ ဆက်မယ်၊ အို, နာ, သေက မလွတ်တော့ဘူး၊ သဘောပါပလား။ ဒါကြောင့် ဘာစိတ်လာလာ ဖြစ်, ပျက်, ရှုပစ်၊ ရှုတော့ လာတဲ့စိတ်ကလေးက ဖြစ်, ပျက်၊ ရှုတာက မဂ်, ဖြစ်လာမယ်၊ ရှင်းပလား။ တွေးစိတ်ကလေး မရှုမိရင် ဒီဘက် ပဋိစ္စသမုပ္ပါဒ် တန်းသွားမယ်။ တန်းရင် အသေဆိုးမယ်လို့သာ မှတ်လိုက်ကြ၊ ကျေနပ်ပလား။

လာသမျှကို မလွတ်အောင် ဖြစ်, ပျက်ရှု

ဒီနည်းအတိုင်း စိတ်ခြောက်မျိုးထဲက လာသမျှကို မလွတ်အောင် ဖြစ်, ပျက်ရှု၊ ရှုရင် အရှုအပွားများသလောက် ဉာဏ်တက်လာမယ်၊ ဖြစ်ပျက်တွေ များများမြင်လာမယ်၊ နောက် မုန်းလာမယ်၊ နောက် တချက်ချက်မှာ ဖြစ်, ပျက်တွေ ဆုံးသွားမယ်၊ ရှင်းပလား။ ဖြစ်, ပျက်တွေ ဆုံးသွားတာက ဒုက္ခသစ္စာ၊ ဒုက္ခတွေချုပ်ဆုံးတော့ နောက်ကသေတာက သမုဒယသစ္စာ၊ ဒုက္ခချုပ်တဲ့နေရာပေါ်တာက နိရောဓသစ္စာ၊ ဒုက္ခဆုံးရာ မြင်တဲ့ဉာဏ်က မဂ္ဂသစ္စာ၊ ကျေနပ်ပလား။

ကိုင်း-ယနေ့ ဒီတင်ပဲ တော်ကြစို့၊ နာရီစေ့ပြီ။

**********