သုဒ္ဓဝိပဿနာ လွတ်လမ်းရှာ တရားတော်
ဆောင်ပုဒ်။
ရှေ့ဝိပဿနာ၊ နောက်မဂ္ဂါ၊ မိန့်မှာသံယုတ္တ။
သုသိမကို၊ ထုတ်ဟဆို၊ နည်းတိုဖြတ်လမ်းပြ။
နိဗ္ဗာန်ရချင်၊ များလူရှင်၊ ကျင့်စဉ်မှတ်နာကြ။
သုဒ္ဓမှန်စွာ၊ ဝိပဿနာ၊ မြန်စွာအားထုတ်မှ။
သမထမှီး၊ ကျိုးမပြီး၊ သေနီးချိန်နည်းလှ။
သမထဟုန်၊ အရှိန်ကုန်၊ အောက်ဘုံစဉ်တိုက်ကျ။
သံသာတဝှမ်း၊ ဈာန်ပျံလမ်း၊ အဆန်းမဟုတ်လှ။
တရားသား။ ။
ရှေ့ပိုင်းကဝိပဿနာ၊ နောက်ပိုင်းကမဂ်ဉာဏ်
ဒကာ, ဒကာမတို့ ဒီကနေ့မှာလည်း မနေ့က တရားအဆက်ကိုပဲ ပြောရမယ်၊ ဒီကနေ့ သုသိမဝတ္ထု အဆုံးသတ်ပြောလိမ့်မယ်လို့ မှတ်ကြ၊ ဒကာ-ဒကာမတွေ မနေ့က “ပညာနဲ့ ဝိပဿနာရှုပြီး ကိလေသာ ကုန်ခန်းအောင်လုပ်လို့ နိဗ္ဗာန်ရတယ်” ဆိုတဲ့အချက်ကို ပြောခဲ့ပြီ၊ နားလည်ကြပလား?၊ ဘုရားက သုသိမကို ပြောပြတဲ့ အဓိပ္ပာယ်စကားပဲ၊ ဘုရားက သုသိမကို ပြောတဲ့စကားမှာ “ရှေ့ပိုင်းက-ဝိပဿနာ၊ နောက်ပိုင်းက-မဂ်ဉာဏ်ပဲ”တဲ့၊ ရှင်းကြပလား?၊ ဓမ္မဋ္ဌိတိဉာဏ်ဆိုတာ ဝိပဿနာဉာဏ်၊ နိဗ္ဗာနေ ဉာဏံ ဆိုတာ နိဗ္ဗာန်မြင်တဲ့ မဂ်ဉာဏ်ကို ဆိုတာပဲလို့ မှတ်ကြ။
သုသိမ ရဟန်းက ဘုရားရှင်ထံမှာ “နားမလည်လို့ အကျယ်ဖြေပါဦး”လို့ ထပ်ပြီး လျှောက်ထားတော့ ဘုရားရှင် က… “ရှေ့ပိုင်းက-ဝိပဿနာ၊ နောက်ပိုင်းက-မဂ်ဉာဏ်ပဲ”လို့ ဖြေပြန်တယ်၊ နောက် ဆက်လက်ပြီး “မင်း-လျှာမရှည်နဲ့၊ မင်း“နားမလည်လို့ သမထအနေနဲ့ မေးနေတာပဲ၊ မြဲမြဲမှတ်ထား သမထနဲ့ မဂ်ဖိုလ် မရနိုင်ဘူး၊ သမထတည်းဟူသော အကြောင်းကြောင့် မဂ်ဖိုလ်တည်းဟူသော အကျိုးတရား ဘယ်တော့မှ မပေါ်နိုင်ဘူး” ဒီ အဓိပ္ပာယ်စကားကို မိန့်မှာ တော်မူတယ်လို့ မှတ်ကြ၊ သဘောပါရဲ့လား?။
တိုတိုနဲ့ ခရီးရောက်အောင် အားထုတ်ကြ
ဘုန်းကြီးတို့ ဒကာ, ဒကာမတွေ အခု, သံယုတ်ပါဠိတော်မှာ ဘုရားက သုသိမကို ဟောလို့ သိကြရပြီ၊ ဒါသိရရင် အရှည်မလိုက်ကြနဲ့၊ တိုတိုနဲ့ ခရီးရောက်အောင် အားထုတ်ကြလို့ ပြောလိုက်ပါတယ်၊ အရှည်လိုက်နေလို့ရှိရင် ဒုက္ခရောက်ဖို့မြင်တယ် အချိန်အလွန်နည်းနေပြီ၊ သိကြရဲ့လား?၊ သိရင် သိတဲ့အတိုင်း ကြိုးစားကြ သုဒ္ဓဝိပဿနာရှုကြ၊ ဒါနဲ့မှ အဆင်ပြေမယ်၊ အသေက အလွန်နီးနေပြီ၊ ဒကာတို့အတွက် ရှေ့က ဝိပဿနာဖြစ်ပျက်၊ နောက်က မဂ် ဒီလမ်းစဉ်အတိုင်း လုပ်ရမယ်။
မိမိခန္ဓာမှာ ဖြစ်တာနဲ့ ပျက်တာကို ရှုရမှာ၊ ပထမခန္ဓာထဲမှာ ဖြစ်တယ်, ပျက်တယ်ဆိုတဲ့ တရားလေးကို ရှုပါ ဆိုတာဟာ ဝိပဿနာပါပဲ၊ ဒီလိုရှုလို့ ဉာဏ်ရင့်လာရင် နောက် မဂ်ဉာဏ်လိုက်လာမယ်၊ ရိပ်မိကြပလား?၊ ဒါမှမဟုတ်လို့ သမထနဲ့ ဝင်ရှုတ်နေရင် နစ်ချင်, မြှုပ်ချင်သေးလို့ ဆိုတာ မှတ်လိုက်ကြ၊ သမထနဲ့ နိဗ္ဗာန်မရနိုင်ဘူး၊ သမထနဲ့ အချိန် မဖြုန်းကြနဲ့တော့၊ ဝိပဿနာဆတ်ဆတ်ကိုသာ ရှုကြ၊ ကျေနပ်ပလား?၊ ရှေ့က ဝိပဿနာ ဖြစ်ပျက် နောက်က မဂ် ဒီနည်းလက်ကိုင်ထားကြ။
ဒကာ, ဒကာမတွေ ကမ္ဘာလောကဓာတ်ကြီး ပျက်တော့မယ်ဆိုရင် မပျက်ခင် အနှစ်တစ်သိန်း ကာလကနေပြီး လောကဗျူဟာနတ်တွေက “ဒီနေ့ကနောက် အနှစ်တစ်သိန်းရှိရင် ကမ္ဘာကြီး ပျက်စီးတော့မယ်” ဆိုတဲ့အကြောင်းနဲ့ ကြွေးကြော်ကြတယ်၊ အဲဒီလို ကြွေးကြော်သံ ကြားတဲ့အခါမှာ လောကထဲမှာရှိတဲ့လူတွေဟာ အင်မတန် ကြောက်လန့် ကြတယ်၊ ကြောက်လန့်ကြတာနဲ့အမျှ ကိုယ်ရေးကြုံတော့ သက်လုံကောင်းတယ်ဆိုသလို အားကြိုးမာန်တက် ကြိုးစား ကြတော့တယ်၊ အသီးအသီး ဗြဟ္မဝိဟာရတရား အားထုတ်ကြလို့ ဈာန်တန်ခိုးတွေရကြပြီး အကုန်လုံးပဲ ဗြဟ္မာ့ပြည် ရောက်ကြရတယ်၊ နားလည်ကြပလား?။
သမထအရှိန်အဟုန်က ဗြဟ္မာ့ပြည်ပဲ
သတ္တဝါတိုင်းဟာ ဒီလိုနည်းနဲ့ပဲ ကမ္ဘာပျက်တိုင်း အများဆုံး ဗြဟ္မာပြည်ရောက်ကြရတယ်လို့ မှတ်ကြ၊ ဒါ-သမထတန်ခိုးနဲ့ ရောက်ရတာ၊ သမထအရှိန်အဟုန်က ဗြဟ္မာ့ပြည်ပဲ ရောက်အောင်တတ်နိုင်တယ်၊ ဒီထက်မပိုဘူး၊ အခု ဒကာ, ဒကာမတွေ အရှိန်အဟုန်ကုန်တော့ ဒီသမထနဲ့ပဲ အခု လူ့ပြည်ကို ပြန်လာခဲ့ကြရပြီ၊ ဒါ-သမထနဲ့ နိဗ္ဗာန် မရောက်လို့ဘဲ ဆိုတဲ့အချက်ကို သိကြရမယ် သမထက သူ့အရှိန်ကုန်ရင် ကျရင်ရာမှာ ကျနိုင်တယ်၊ ရှင်းကြပလား?၊ ဒါကြောင့် သမထက အားကိုးမရဘူး၊ သူနဲ့လမ်းမဆုံးဘူး၊ အဆန်းတရားလည်း မဟုတ်တော့ပါဘူးလို့ ပြောလိုက်ပါ တယ်။
ဒကာ-ဒကာမတွေ အခု, နိဗ္ဗာန်ရှာနေကြတယ်၊ သမထနဲ့အချိန်ကုန်ရင် ကိုယ်ကျိုးနည်းကြဦးမယ်လို့ မှတ် လိုက်ကြ၊ ဒါကြောင့် သမထဖယ်ထားပြီး ဝိပဿနာသက်တယ်၊ သုဒ္ဓဝိပဿနာ လက်နက်ကို မြဲမြဲကိုင်ထားကြ၊ ဒကာတို့ တစ်တွေ သမထနဲ့ နိဗ္ဗာန်မရဘူး၊ နိဗ္ဗာန်ရချင်ရင် လိုချင်ရင် ဝိပဿနာလုပ်ရမယ်ဆိုတာ အမြဲ အစွဲ ဆုံးဖြတ်ချက်ချ လိုက်ကြ ရှင်းကြပလား?၊ ဒီလိုနဲ့-သုသိမက “အရှင်ဘုရားက သမထက မဂ်ဖိုလ်မရဘူး, မဟုတ်ဘူး ဟောလို့ ဒီအတိုင်းပဲ မှတ်ထားပါတယ်” လို့ ပြန်လျှောက်တယ်လို့… မှတ်ကြ။
လက်တွေ့ပြတဲ့ တရားဆိုတာ
ဒီအခါ-ဘုရားရှင်က “သုသိမတော့ လက်တွေ့ပြလိုက်မှပဲ၊ ဒါမှနေရာကျလိမ့်မယ်” ဆိုပြီး လက်တွေ့ပဲ ပြတော် မူလိုက်တယ်၊ ရိပ်မိကြပလား?၊ ဒီလက်တွေ့ပြတဲ့ တရားဆိုတာလည်း တခြားမဟုတ်ပါဘူး၊ ဒကာ, ဒကာမတွေ ဘုန်းကြီး ဟောပြထားတဲ့ အခု ဒကာတို့ လက်တွေ့လုပ်နေတဲ့ ဝိပဿနာကို ပြတာပါပဲ၊ သဘောပါပလား?၊ ဒီတရားက သတိပဋ္ဌာန် လေးပါးထဲက တစ်ပါးပါး ကြိုက်ရာတစ်ခုခု အားထုတ်ရင်ပြီးပါတယ်၊ အရှုခံတရားကလည်း ခန္ဓာငါးပါးထဲက တစ်ပါးပါး ကိုင်ရမှာပဲ၊ နားလည်ကြပလား?။
ဥပမာ… ခန္ဓာထဲမှာ ဝေဒနာ သုံးခုရှိတယ် ဆိုတာ ဒကာ ဒကာမတွေ အားလုံး သိကြပြီးဖြစ်တယ်၊ ချမ်းသာတော့- သုခဝေဒနာ၊ ဆင်းရဲတော့- ဒုက္ခဝေဒနာ၊ အသင့်အတင့်ပဲဆိုတော့ ဥပေက္ခာဝေဒနာ၊ ဒီသုံးခုဟာ တစ်ခုမရှိ တစ်ခုတော့ အမြဲရှိပြီးနေတာပဲ၊ ဒါကြောင့်မို့ ဒကာတို့ဟာ ဝေဒနာနဲ့ အသက်ရှင်နေကြတယ်ဆိုရင် မမှား နိုင်ဘူးလို့ မှတ်ကြ၊ ဒကာတို့က မရှုလို့ မမြင်တာပဲရှိတယ်၊ သူတို့သုံးခု တစ်ခုခုကတော့ ရှိနေမှာပဲ ရှင်းပလား?၊ ရှုရင် မြင်ရမယ် ရှုတော့-ကိုယ့်စိတ်ချမ်းသာတယ် ဆိုတဲ့အခါ ချမ်းသာလုံးကလေး ပေါ်လာမယ်၊ ပေါ်လာရင် အဲဒါ…ဖြစ် ပျက်ရှုပေး။
ရှေ့က ဖြစ်ပျက်ပြရင် နောက်က ရှုဉာဏ်ကပ်လိုက်ပေး
ချမ်းသာလုံးကလေးတွေ့တော့ ရှုလိုက်၊ ရှုလိုက်တော့ ဖြစ်ပြီး ပျက်သွားလို့ ဒုက္ခရောက်သွားတာပဲလို့ ဉာဏ်က မြင်လာမယ်၊ ဒီတော့-သုခဝေဒနာဖြစ်ပျက်၊ ရှုတဲ့ဉာဏ်က မဂ်ပဲ၊ သဘောပါပလား?၊ ရှေ့က ဖြစ်ပျက်ပြရင် နောက်က ရှုဉာဏ်ကပ်လိုက်ပေး၊ လိုက်ပေးတာ မဂ်ဉာဏ်ပဲ၊ ဝိပဿနာ မဂ်ဉာဏ်လို့ မှတ်ကြ၊ ရှေ့ပိုင်းက ဖြစ်ပျက်မြင်အောင်လုပ်၊ ဒီလုပ်တာဟာ ဝိပဿနာဉာဏ်ပဲ၊ ဒီနည်းအတိုင်း ဘာပေါ်ပေါ် ဘာလေးပဲမြင်မြင် ဖြစ်ပျက်မြင်အောင် ကြည့်ရမယ်၊ သဘောပါပလား? ဒကာ, ဒကာမတွေ ဒီအဓိပ္ပာယ်စကားဟာ ဘုရားကိုယ်တော်တိုင်ဟောထားတာမို့ သံသယဖြစ်ဖို့ မရှိတော့ဘူး၊ ကြိုးစားကြဖို့ပဲ လိုတယ်ဆိုတာ မှတ်ကြ။
ဝိသေသေန ပဿတီတိ ဝိပဿနာတဲ့၊ ဝိပဿနာဆိုတာ ဝိသေသ ပဿနပဲ၊ အထူးအားဖြင့် ရှုတဲ့တရား၊ ဖြစ် ပျက်မြင်အောင် အထူးရှုရမဲ့တရားပဲလို့ မှတ်ကြ၊ ဒါကြောင့်- ခန္ဓာမှာ လာသမျှဉာဏ်နဲ့ ထူးထူးခြားခြားမြင်အောင် ရှုပေးကြရမယ်၊ ရှင်းပလား?၊ ဒုက္ခဝေဒနာလာလည်း ဖြစ်တာပျက်တာပဲ၊ သုခလာလည်း ဖြစ်ပျက်ပဲ၊ ဒီဖြစ်တာပျက်တာ မြင်အောင်ရှုပေး၊ ဒါမှ ဒီလိုဖြစ်ပျက်မြင်အောင် ရှုနိုင်မှသာ ဝိပဿနာဖြစ်မယ်၊ သဘောပါပလား? ဒါကြောင့်- ဝိပဿနာဆိုတာ အရင်က ရှုတာထက် ရှုနေကျထက် ထူးထူးခြားခြား ရှုတာကို ဆိုတယ်လို့ မှတ်ကြ၊ ရှင်းပလား?။
ဝိပဿနာရှုဆိုတာ ဉာဏ်နဲ့ ရှုတာ
ဝိပဿနာရှုတယ်ဆိုတာ ခါတိုင်းရှုတာထက်ထူးတယ်၊ ခါတိုင်း ဒကာတို့ရှုတာက ဒိဋ္ဌိနဲ့ ရှုနေကြတာ၊ ဉာဏ်မပါ ဘူး ဉာဏ်မပါတော့ အမှန်မကျဘူးပေါ့၊ သူက စိတ်ကြိုက် အလိုက်ရှုနေတာပဲလို့ မှတ်ကြ ဝိပဿနာရှုဆိုတာ ဉာဏ်နဲ့ ရှုတာ၊ ဉာဏ်နဲ့ ခန္ဓာမှာ ပေါ်သမျှအကုန်ရှုရမယ်၊ လောကုတ္တရာချန်ပြီး ကျန်တာတွေ အကုန်ရှုရမှာပဲလို့ မှတ်ကြ၊ သဘောပါပလား?၊ ဒကာ, ဒကာမတွေ ခါတိုင်းရှုတာက ဒိဋ္ဌိဖြစ်တယ်၊ အခု ဝိပဿနာရှုတာက ဒိဋ္ဌိပြုတ်တယ်၊ အရှုချင်းက ဒိဋ္ဌိကွာတာနဲ့ ဒိဋ္ဌိမကွာတာ ခြားနားတယ်လို့ မှတ်ကြ၊ ရှင်းပလား?။
ဘုရားရှင်က သုသိမကို ဒီအတိုင်း ရှုခိုင်းတယ်ဆိုတာ မှတ်ကြ၊ ဘုရားရှင်က သုသိမကို ဆက်ပြီးမေးမြန်းတယ်၊ “အို- သုသိမ၊ မိမိသန္တာန်မှာ အခုပေါ်လာတဲ့ စိတ်ကလေးဟာ နိစ္စလား? အနိစ္စလား?တဲ့၊ ဒီတော့- သုသိမက သူ့ ခန္ဓာမှာ ကြည့်ပြီး သူမြင်တဲ့အတိုင်းပဲ “အနိစ္စပါဘုရား”လို့ ဖြေတယ်၊ ဘုရားက “ဒါဖြင့်ရင် (မိမိ) ကိုယ့်သန္တာန်မှာ ဖြစ်ပြီးပျက်တဲ့ ဒီစိတ်ကလေးကို ဒုက္ခဆိုမလား? သုခလို့ ဆိုမလား?တဲ့၊ ဒီတော့ သုသိမက “ဒီ-ဖြစ်ပြီး ပျက်သွားတဲ့ စိတ်ကလေးကို ဒုက္ခလို့ပဲ ဆိုရပါမယ်ဘုရား”လို့ ဖြေတယ်။
ဒီစိတ်ကလေးကို ငါ့ကိုယ်, ငါ့ဟာ, ငါ့ဥစ္စာလို့ မဆိုနိုင်ပါ
ဒါနဲ့ ဘုရားက ဆက်လက်မေးမြန်းတယ်၊ ‘သုသိမ ဒီလို မိမိသန္တာန်မှာ အနိစ္စရောက်သွားတဲ့ စိတ်ကလေးဟာ အသင်က ဒုက္ခလို့ဖြေတယ်၊ အဲဒီဒုက္ခဖြစ်တဲ့စိတ်ကလေးကို ငါ့ကိုယ်, ငါ့ဟာ, ငါ့ဥစ္စာလို့ ဆိုနိုင်သလား?၊ လို့ မေးတော့ သုသိမက “ဒီစိတ်ကလေးကို ငါ့ကိုယ်, ငါ့ဟာ, ငါ့ဥစ္စာလို့ မဆိုနိုင်ပါဘုရား” လို့ ဖြေဆိုတယ်၊ ဒကာ ဒကာမတွေ ဒီလို သုသိမဖြေတာဟာ ဝိပဿနာဉာဏ်နဲ့ ဖြေတာပဲ ဘာသမထမှ မပါဘူးဆိုတာ မှတ်ကြ၊ ရှင်းကြရဲ့လား?။
ဘုရားက တချို့နေရာတွေမှာတော့ ဟောတော်မူပါတယ်၊ သမာဓိံ ဘိက္ခဝေ ဘာဝေထ၊ သမာဟိတော ဘိက္ခဝေ ယထာဘူတံ၊ ပဇာနာတိ”တဲ့၊ ဒီလိုဟောပေမဲ့ အားကြီးပါးကြီး သိပ်လုပ်နေဖို့ မဟုတ်ဘူးလို့ မှတ်ကြ၊ ဒီအဓိပ္ပာယ်သွား ဟာ ဒီအခုပြောနေတဲ့ ဝတ္ထုသွားနဲ့ပဲ ထင်ရှားပါတယ် ကျေနပ်ပလား?၊ ဒါကြောင့် သံသယမဝင်ဘဲ ဖြစ်ပျက်မြင်အောင် ရှုဖို့ပဲ လိုတယ်ဆိုတာ မှတ်ကြ၊ ရှုတော့ ဖြစ်ပျက် တစ်ခုမြင်ရင် အနိစ္စ, ဒုက, အနတ္တ, သုံးခုလုံး ဝင်လာတယ်၊ ကျန် နှစ်ခု သီးခြားရှုနေဖို့ မလိုတော့ဘူး၊ ရှင်းကြပလား?။
ဘုရားက သုသိမကို “ပုဗ္ဗေ ခေါ သုသိမ ဓမ္မဋ္ဌိတိ ဉာဏံ” ဆိုတဲ့နေရာမှာ အဋ္ဌကထာက “ဓမ္မဋ္ဌိတိဉာဏန္တိ ဝိပဿနာဉာဏံ” လို့ ဖွင့်ဆိုထားတယ်၊ ဒီတော့ ရှေ့က ဓမ္မဋ္ဌိတိဉာဏ်ဆိုတာ ရှေ့က ဝိပဿနာဉာဏ်ဆိုတာပဲ ဆိုတဲ့ အဓိပ္ပာယ်ပေါ်ပလား?၊ ဒကာ, ဒကာမတွေ မှတ်ထားဖို့က ဓမ္မဋ္ဌိတိဉာဏ်ဆိုတာ ဝိပဿနာဉာဏ်၊ နိဗ္ဗာနေဉာဏံ ဆိုတာ နိဗ္ဗာန်မြင်တဲ့ မဂ်ဉာဏ်ကိုဆိုတာပဲလို့ မှတ်ထားကြ၊ ရှင်းကြပလား?၊ အဲဒါနဲ့-ဘုရားရှင်က သုသိမရဟန်းကို ဆက်ပြီးမေးမြန်းတယ်လို့ မှတ်ကြ။
ဘာစိတ်ပဲဖြစ်ဖြစ် အနိစ္စ, ဒုက္ခ, အနတ္တ
မိမိသန္တာန်မှာ ဖြစ်ပေါ်တဲ့ ကြမ်းတမ်းတဲ့စိတ်၊ နူးညံ့တဲ့စိတ်၊ အတိတ်ကဖြစ်တဲ့စိတ်၊ ပစ္စုပ္ပန်မှာဖြစ်တဲ့စိတ်၊ အနာဂတ်မှာ ဖြစ်မဲ့စိတ်၊ အဲဒီစိတ်တွေဟာ နိစ္စလား? အနိစ္စလား? စသည်အားဖြင့် တစ်ခုစီ တစ်ခုစီ ခွဲခြားပြီးမေး ပြန်တော့ သုသိမက ဖြစ်တဲ့စိတ်အကုန် ဘာစိတ်ပဲဖြစ်ဖြစ် အနိစ္စ, ဒုက္ခ, အနတ္တ ချည့်ပါပဲ… ဆိုတဲ့အကြောင်းနဲ့ ပြန်လည်ဖြေကြားတယ်၊ ဘုရားက ဒါဖြင့် ဒီတရားတွေအပေါ်မှာ ငြီးငွေ့အောင် ရှုပေးရမယ်လို့ ဟောပြန်တယ်။
နောက်, သုသိမကလည်း ငြီးငွေ့အောင် ဆက်ရှုလို့ ငြီးငွေ့တော့ ဘုရားက ငြီးငွေ့တော့ စွဲသေးသလား?လို့ မေးတော့ မစွဲတော့ပါဘူးလို့ ဖြေတယ်၊ ဒီလိုနဲ့ နောက်ဆက်လက်ပြီး ရှုတော့ မကြာခင် ရဟန္တာဖြစ်သွားတယ်လို့ မှတ်ကြ၊ ဒါကို အကျဉ်းချုပ်ပဲ မှတ်ကြတော့၊ ဒကာ, ဒကာမတွေသိဖို့က သုသိမဟာ ရည်ရွယ်ချက်မပါဘဲနဲ့ ရဟန္တာဖြစ် ရတယ် ဆိုတဲ့အချက်ပဲ၊ ဒါက ပါရမီကိုးလို့ လုပ်မနေနဲ့ဦး၊ ရှေးစကားတွေမှာ လမ်းမဆုံးကြစေနဲ့လို့ သတိပေးလိုက်ပါတယ်။
ပါရမီစကား ထည့်မပြောကြနဲ့တော့
မှတ်ချက်။ ။ ဒုလ္လဘတရားငါးပါးနှင့်ပြည့်စုံနေ၍ ပါရမီပြည့်ပြီးသားဖြစ်သည်ကိုရည်ရွယ်၍ ဆိုသည်။
သာဝက အရာမှာ ပါရမီမလိုဘူးဆိုတာမှတ်၊ ပါရမီစကား ထည့်မပြောကြနဲ့တော့၊ သုသိမ သူခိုးတောင်ရတယ်၊ ရသေးတယ်ဆိုရင် ဒကာ-ဒကာမတွေ အနေနဲ့က ဆန္ဒကလည်းရှိ၊ အခါအခွင့်ကလည်း ညီညွတ်နေတာမို့ ငါတို့တစ်တွေ မုချရရမယ်လို့သာ ဆုံးဖြတ်ချက်ချကြ၊ ဆုံးဖြတ်ချက်ချပြီး ကြိုးစားအားထုတ်ကြဖို့ပဲ လိုတော့တယ်၊ သဘောပါပလား?၊ အဲဒါနဲ့ နောက်တော့ သုသိမက သူမှားပါပြီ အပြစ်ကို သည်းခံတော်မူပါဆိုတဲ့အကြောင်းနဲ့ ဝန်ချတောင်းပန်တယ်လို့ မှတ်ကြ။
အဲဒီအခါမှာမှ သုသိမရဟန်းကို ဘုရားက “မင်း-ကောင်းကင်ပျံနိုင်သလား? သူ့စိတ်အကြံ သိနိုင်သလား?” လို့ မေးလိုက်တော့၊ သုသိမက တပည့်တော် မှားပါပြီဆိုတဲ့အကြောင်းနဲ့ ဝန်ချတောင်းပန် ကန်တော့တယ်၊ ဒါနဲ့ ဘုရားရှင်က “မင်း သမထတန်ခိုးကြောင့် မဂ်ရတာလား?” “မဟုတ်ပါ ဝိပဿနာကြောင့် မဂ်ဖိုလ်ရပါတယ်ဘုရား” ပြန်ပြီးဖြေတယ်။ ဘုန်းကြီးတို့ ဒကာ-ဒကာမတွေ သဘောပါပလား?၊ ဒါကြောင့်… ဝိပဿနာအရေးကြီးတယ်ဆိုတဲ့ အဓိပ္ပာယ် ထင်ရှားတယ်၊ ဒီတော့ ဝိပဿနာမှသာ အားကိုးရာရမှာလို့ ဆုံးဖြတ်ချက် ချကြ၊ ရှင်းပလား?။
ဖြစ်ပျက် မြင်ရင် ဝိပဿနာအစပဲ
ဒါကြောင့်… ဒကာ-ဒကာမတွေ ဝိပဿနာလုပ်ရမယ်၊ ဝိပဿနာလုပ်စဉ်က ခန္ဓာမှာ ဉာဏ်နဲ့ကြည့်၊ ဖြစ်ပျက် မြင်ရင် ဝိပဿနာအစပဲ၊ ဖြစ်ပျက်မုန်းရင် ဝိပဿနာ အလယ်ရောက်ပြီ၊ ဖြစ်ပျက်ဆုံးရင် ဝိပဿနာ အဆုံးပဲလို့ မှတ်ကြ၊ ဝိပဿနာ ဆုံးရင် မဂ်ရပြီ၊ ဝိပဿနာဆုံးဆိုတာ ရုပ်နာမ်ချုပ်ဆုံးတာကို ပြောတာပဲလို့ မှတ်ကြ၊ ရှင်းပလား?၊ ရုပ်နာမ်နှစ်ခုချုပ်တာ ဘဝချုပ်တာလို့ မှတ်၊ ရုပ်နာမ်ချုပ်တာ ဆုံးတာ တစ်ခါမြင်ရင် ပထမ-မဂ်ရတာပဲ၊ ဒီလို အဆင့်ဆင့် လေးခါမြင်ရင် ရဟန္တာပဲ၊ ရဟန္တာဖြစ်ရင် ဘဝအကုန်ချုပ်ပြီလို့ မှတ်ကြ၊ သဘောပါပလား?။
ဒကာ-ဒကာမတွေ အထူးသတိချပ်ပြီး သိမှတ်ထားကြဖို့က ဖြစ်ပျက်မြင်ရင် ဒီဘဝမှာ မဂ်ဖိုလ်ကို မုချရမယ်၊ ရမှာသေချာပြီလို့ မှတ်ထားကြ၊ ရတော့မယ်လို့ ဆုံးဖြတ်ချက်ချ၊ ကျေနပ်ပလား?၊ ဒွိဟိတ်လား? တိဟိတ်လား? ဆိုတဲ့ သံသယလည်း ဝင်မရှုတ်စေနဲ့၊ ဒွိဟိတ်, တိဟိတ်, သိရအောင် ဖြစ်ပျက်ရှာတဲ့အလုပ်နဲ့ စမ်းကြည့်ကြ၊ ဖြစ်ပျက်မြင်ရင် တိဟိတ်ပဲလို့သာ ဆုံးဖြတ်ချက်ချလိုက်တော့ သဘောပါပလား?၊ ဒကာ-ဒကာမတွေ စောဒက မလိုတော့ဘူး၊ သိရအောင် ဝိပဿနာအလုပ်နဲ့ စမ်းကြည့်ကြပါလို့ ပြောလိုက်တယ်။
ဖြစ်ပျက်မြင်အောင်ကြည့်
ဝိပဿနာရှုရင် ဖြစ်ပျက်မြင်အောင်ကြည့်ဖို့ အရေးကြီးတယ် ဖြစ်ပျက်မြင်ရင် ဝိပဿနာဖြစ်ပြီ၊ ဒါကြောင့် “ဝိပဿနာအစ ဖြစ်ပျက်အမြင်က-စ”လို့ မှတ်လိုက်ကြ၊ ဖြစ်ပျက်မှ မမြင်သေးရင် ဝိပဿနာကို မဟုတ်သေးဘူးလို့ မှတ်ကြ၊ ဒါကြောင့် ဝိပဿနာစစ်ရင် ဖြစ်ပျက်မြင်ရမယ်၊ မမြင်သေးရင် သမထပဲ ရှိသေးတယ်လို့မှတ်၊ ဖြစ်ပျက်မြင်ရင် လောကီမဂ္ဂင်ငါးပါးရမယ်၊ ဒီမြင်တဲ့ဖြစ်ပျက်ကို မုန်းအောင်ရှု၊ နောက်,ဆက်ပြီးဆုံးအောင်ရှု၊ ဖြစ်ပျက် ဆုံးအောင်ရှုမှ ရှစ်ပါးပြည့်မယ်၊ ရှင်းကြပလား?။
ဒကာ-ဒကာမတွေ အခုပြောတဲ့အဓိပ္ပာယ်ကို သိရတော့ မဂ်ဖိုလ်နိဗ္ဗာန်ဆိုတာ ဆုတောင်းရင်ရပါ့မလား?၊ လုပ်မှသာရမှာလား? ဆိုတာ ရှင်းသွားပြီ၊ ဒါကြောင့် ဆုတောင်းဖြုတ်။ လုပ်မှရမှာမို့ လုပ်ယူကြဖို့ပဲ၊ သုသိမဝတ္ထု သာဓကနဲ့ ဒီထက်ရှင်းတာဖြင့် မရှိတော့ဘူး၊ ဒါသိရရင် မြန်မြန်လုပ်ကြလို့ အထူးတလည် တိုက်တွန်းလိုက်ပါတယ်၊ ရိပ်မိပလား?၊ ဝိပဿနာ ရှုတဲ့အခါမှာ အသုဘကောင် မြင်နေမယ်၊ လေတန်းတွေ မြင်နေမယ်၊ အဲဒီလို ထွေထွေရာရာ မြင်နေရင် သမထပဲ၊ ဝိပဿနာ မဟုတ်သေးဘူး၊ ဖြစ်ပျက်မှတစ်ပါး ဘာမြင်မြင် ဝိပဿနာ မဟုတ်သေးဘူးလို့သာ မှတ်လိုက်ကြ၊ ရှင်းပလား?။
လိုရင်းအချုပ်က ရှေ့က ဖြစ်ပျက်၊ နောက်က-မဂ်
ဒကာ-ဒကာမတွေ ဒီတရားကို ပြောလာတဲ့ရက်တွေ များပြီ၊ ပြောရတာက ဒကာ, ဒကာမတို့ ယုံမှား သံသယ အတွက် ထောက်ခံချက်ရဖို့ ဝတ္ထုထုတ်ပြနေရလို့ပဲဆိုတာမှတ်ကြ၊ အခု တရားနာရတော့ ထောက်ခံချက် လုံလောက် သွားပြီ၊ ဘုရားကိုယ်တော်တိုင်ကလည်း ဟောထားတယ်၊ ရဟန္တာတွေကလည်း ဟောခဲ့တယ်၊ သုသိမကလည်း သူ့ကိုယ် တွေ့နဲ့ ထောက်ခံချက် ပေးထားပြီမို့ ယုံယုံကြည်ကြည် လေးလေးစားစားနဲ့ လိုက်နာကြတော့ အားထုတ်ကြတော့လို့ ပြောလိုက်ပါတယ်၊ ကျေနပ်ပလား?၊ ဒီတရားမှာ လိုရင်းအချုပ်က ရှေ့က ဖြစ်ပျက်၊ နောက်က-မဂ်၊ ဒါ-လိုရင်းအချက်ပဲ။
ရှေ့က-ဖြစ်ပျက်မြင်တဲ့ ဝိပဿနာဉာဏ်။
နောက်က-ဖြစ်ပျက်အဆုံးမြင်တဲ့ မဂ်ဉာဏ်။
ဒီနှစ်ချက်နဲ့ မဂ်ဖိုလ်နိဗ္ဗာန်ရနိုင်တယ်၊ ဒီနှစ်ချက်ပဲလိုတယ်၊ ဒီနှစ်ချက်နဲ့ပဲ ရအောင် အားထုတ်ကြပါလို့ တိုက်တွန်းလိုက်တယ်၊ သဘောပါပလား?။
ကိုင်း…ယနေ့ ဒီတွင်ပဲ တော်ကြဦးစို့ အချိန်စေ့သွားပြီ။
**********
နိဂုံးစကား
”ယော ခေါ အာနန္ဒ ဘိက္ခုဝါ ဘိက္ခုနီဝါ ဥပါသကောဝါ ဥပါသိကာဝါ ဓမ္မာနုဓမ္မပ္ပဋိ ပန္နော ဝိဟရတိ သာမီစိပ္ပဋိပ္ပန္နော အနုဓမ္မာစာရီ၊ သော တထာဂတံ သက္ကရောတိ ဂရုံ ကရောတိ မာနေတိ ပူဇေတိ အပစိယတိ ပရမာယ ပူဇာယ၊ တသ္မာတိဟာနန္ဒ ဓမ္မာနုဓမ္မပ္ပဋိပ္ပန္နော ဝိဟရိဿာမ သာမီစိပ္ပဋိပ္ပန္နော အနုဓမ္မစာရိနောတိ၊ ဧဝဥှိ ဝေါ အာနန္ဒ သိက္ခိတဗ္ဗံ။
ဘာသာပြန်။ ။ အာနန္ဒာ, အမှတ်မထင်၊ အကြင်သို့သော၊ ဘိက္ခု, ဘိက္ခုနီ, ဥပါသကာ, ဥပါသကီသည်၊ လောကုတ္တရာ၊ သမ္မာပဋိပတ်၊ အကျင့်မြတ်၌၊ တရားအားလျော်စွာ၊ ကျင့်ထုတ်ကာနေ၏၊ ရိုသေလေးနာ၊ ကျင့်ကြံ ကာနေ၏၊ လျောက်ပတ်စွာသာ ကျင့်ကာနေ၏၊ ထိုသည့်အကျင့်မြတ်၊ ပဋိပတ်ဖြင့် နေသောသူသည်သာ၊ ငါဘုရားအား မြတ်သော ပရမပူဇာဖြင့်၊ အရိုအသေပြုသည်၊ အလေးအမြတ်ပြုသည်၊ မြတ်နိုးသည်၊ ပူဇော်သည်၊ (စစ်စစ်ဧကန်၊ အမှန်မုချ) မည်ပေ၏၊ အာနန္ဒာ၊ ထို့ကြောင့်- (အသင်တို့သည်) ငါဘုရား သာသနာတော်မှာ လောကုတ္တရာ သမ္မာ ပဋိပတ်၊ အကျင့်မြတ်၌၊ လျှောက်ပတ်စွာ ကျင့်ကာနေအံ့ ရိုသေလေးနာ၊ ကျင့်ထုတ်ကာနေအံ့၊ တရားအားလျော်စွာသာ၊ ကျင့်ကြံကာနေအံ့-ဟူ၏၊ အာနန္ဒာ ဤသို့ နည်းလမ်းကျကျ ငါဆုံးမသည့်အတိုင်းသာလျှင် ကျင့်ကြံကာ နေထိုင်အပ်ပေ၏။
(မဟာပရိနိဗ္ဗာနသုတ် ပါဠိတော်)
တိုက်တွန်းချက်
ဤရွေ့ဤမျှ၊ ရေးသားတင်ပြခဲ့ပြီးသော ဒေသနာတော်အစူ အစဉ်တို့ဖြင့် ဤ- “မိုးကုတ်ဝိပဿနာ- ဒုလ္လဘ ဒေသနာ” မည်သော၊ ဟောစဉ်နှင့် ကျင့်စဉ်တရားတော်များ (တတိယတွဲ)ကို ဤနေရာတွင်ပင် တစ်ခန်းရပ်ကာ အဆုံးသတ်ရပါလေပြီ။
ဤသည့် အဆုံးသတ်စကားရပ်အနေတွင် ဓမ္မအဆွေတော် စာရှုသူတို့အား လေးစားသော တိုက်တွန်းချက် ဖြင့် ကမ္ပတ်ဖုံးက အဆုံးသတ်လိုပါသည်။ ။ ထို-တိုက်တွန်းချက်ကား… အထက်ဖော်ပြရာပါ “မဟာပရိနိဗ္ဗာနသုတ် ပါဠိတော်” စကားရပ်ကို အလေးအမြတ်ပြုပြီးကာ၊ ဘုရားရှင်၏ အလိုတော်ကျ “မြတ်သောပရမပူဇာ” ဖြင့် အရိုအသေ ပြုကာ၊ အလေးအမြတ်ပြုကာ၊ မြတ်နိုးတနာပြုကာ၊ ပူဇော်သမှုပြုကာ၊ ကျင့်ကြံကြိုးကုတ် အားထုတ်ခြင်းဖြင့်သာ ပူဇော် ကြပါကုန်။
ဤသို့ တရားတော်ကို ကျင့်ကြံအဟုတ်၊ အားထုတ်ခြင်းသည်သာ ဘုရားရှင် အလိုတော်ကျ ဖြစ်သည့် “ပရမပူဇာ မြတ်သော ပူဇော်ခြင်း” ဟုတ်မှန်ကြောင်း ကောင်းကောင်းကြီး သတိချပ်တော်မူနိုင်ကြပါစေကုန်၊ ဟူ၍-ဖြစ်ပါသတည်း။
အရမ္ဘထ နိက္ကမထ၊ ယုဉ္ဇထ ဗုဒ္ဓသာသနေ။
ဓုနာထ မစ္စုနောသေနံ၊ နဠာဂါရံဝ ကုဉ္ဇရော။
”သဂါထာ ဝဂ္ဂသံယုတ် အာရုဏဝတီသုတ်”
ဘာသာပြန်။ ။ သုံးလူ့မြတ်စွာ သာသနာတော်တွင်း၌၊ ဖြုတ်ခြင်းလျင်စွာ၊ ရှေးဦးစွာသော လုံ့လဖြင့် အားထုတ်ကြ ကုန်လော့၊ သံသရာဝဋ်အတွင်းမှ လွတ်ကင်းထွက်မြောက်ကြောင်း လုံ့လဖြင့် အားထုတ်ကြကုန်လော့၊ အစမှ အဆုံးတိုင် ရုန်းနိုင် ထွက်နိုင်သည့် လုံ့လဖြင့် အားထုတ်ကြကုန်လော့၊ ဗလစွမ်းဟုန်၊ အားမုံခိုင်ဖြီး၊ ဆင်ပြောင် ကြီးသည်၊ ချည်းနှီးနှစ်စင်၊ ကျူပင်ကျူရိုးတို့ဖြင့် လျှိုးတိုးဆောက်လုပ်ထားသည့် အိမ်ငယ်ကလေးကို၊ မနှေးလွယ်တုံ့ မှုန့်မှုန့်ညက်ကျေ၊ ဖျက်ချေနင်းနယ်ဘိသို့၊ သေမင်း၏ စစ်သည်ဗိုလ်ပါအများကို၊ ထွားထွားမှုန့်ကျေညက်အောင် ချေဖျက် နင်းနယ်လိုက်ကြပါကုန်လော့။ ။
တာဝန်ခံတင်ဆက်သူ
ဦးမြင့်ဆွေ
”မူလ ဓမ္မာစရိယ”
မိတ္ထီလာ။
၁၃၂၃-ခု ပြာသိုလပြည့်နေ့။
