20312

အိပ်တတ်, နိုးတတ်, သုနက္ခတ် တရားတော်

အထူးမှတ်ရန်…

ရုပ်နာမ်သင်္ခါရ မမြဲတဲ့ အနိစ္စမြင်လျှင် သဿတဒိဋ္ဌိစင်သည်။

ပဋိစ္စသမုပ္ပါဒ် အကြောင်းအကျိုး အစဉ်အဆက်မြင်လျှင်… ဥစ္ဆေဒ ဒိဋ္ဌိစင်သည်။

ဖြစ်ပျက်ဒုက္ခမြင်၍ ငါ့ကိုယ်-ငါ့ဟာ မစွဲလျှင် သက္ကာယဒိဋ္ဌိစင်သည်။

ဤဒိဋ္ဌိသုံးပါးစင်၍ စင်ကြယ်စွာ မြင်မှုသည် သောတာပတ္တိမဂ်အမြင် ဖြစ်သည်။

ဆောင်ပုဒ်။

သဿတုစ္ဆေဒ၊ လွတ်ကင်းက၊ မဂ္ဂအမြင်မှတ်။

ဖြစ်ပျက်ဒုက္ခ၊ သင်္ခါရံ၊ မြင်ပြန် မဂ် မြင်မြတ်။

မမြဲသိမြင်၊ သဿတစင်၊ မှန်မြင် တပါးမှတ်။

ကြောင်းကျိုးစဉ်ဆက်၊ ဉာဏ်မြင်သက်၊ ကွာပျက် ဥစ္ဆဒတ်။

ဖြစ်ပျက်ဆင်းရဲ၊ ငါ-မစွဲ၊ ကွာရှဲ သက္ကာယတ်။

ဒိဋ္ဌိသုံးမြင်၊ လွတ်ကင်းစင်၊ ဉာဏ်မြင် သောတာပတ်။

သတိချပ်။

အိပ်ရာနိုးသော်၊ နိုးစိတ်ပေါ်၊ ဉာဏ်မြှော်ရှုမှတ်ကြည့်။

မရှုမိကာ၊ အဝိဇ္ဇာ၊ ပဋိစ္စာ စဉ်တန်းလှည့်။

ရုပ်နာမ်ဖြစ်ပျက်၊ ရှုဉာဏ်စွက်၊ ဝဋ်စက် ချုပ်ငြိမ်း၏။

အိပ်နိုးကောင်းစွာ၊ မင်္ဂလာ၊ ဉာဏ်ဝါလုလ္လထည့်။

အိပ်တတ်-နိုးတတ်၊ အကျင့်မြတ်၊ မပြတ် ဉာဏ်နှင့်ကြည့်။

မကျင့်ရှောင်လွှဲ၊ အကျိုးနည်း၊ ရောက်မြဲ ဒုဂ္ဂတိ။

တရားသား။ ။

မဂ်ဉာဏ်ဝမ်းထဲ ပေါ်တဲ့အခါ မြင်တဲ့အမြင်

ဒကာ-ဒကာမတို့ ဒီကနေ့မှာလည်း မနေ့က တရားကိုပဲ ဆက်ရလိမ့်မယ်၊ ကစ္စာယနအနွယ်ရဟန်း တစ်ပါးက မဂ်အမြင်ကိုမေးလို့ ဘုရားရှင်က ဖြေပြတဲ့အချက်ပဲလို့ မှတ်ကြ၊ အဲဒီရဟန်းက ဘုရားထံမှာ သွားပြီး “အရှင်ဘုရား၊ အဲဒီမဂ်ဉာဏ်ရတဲ့အခါ၊ မဂ်ဉာဏ်ဝမ်းထဲ ပေါ်တဲ့အခါ မြင်တဲ့အမြင်ကို ရှင်းပြပါဘုရား”လို့ မေးလျှောက်တယ်လို့ မှတ်ကြ။

ဒကာ-ဒကာမတွေကို ဘုရားက ပြန်ဖြေတဲ့အဖြေကို အကျယ်ရှင်းပြီး ဘုန်းကြီးက ပြောပြလိမ့်မယ်၊ ဒကာ- ဒကာမတွေ သိကြရမှာက မိမိတို့ အခုရထားတဲ့ ခန္ဓာကြီးဟာ ပဋိစ္စသမုပ္ပါဒ် ခန္ဓာကြီးပဲလို့ သိထားကြရမယ်၊ ပဋိစ္စ သမုပ္ပါဒ် ခန္ဓာကြီးဖြစ်လေတော့… ဒကာတို့တစ်တွေ အခု မျက်လုံးကလေးဖွင့်လိုက်တယ် ဆိုရင်ပဲ မြင်တယ်၊ မြင်စိတ် ပေါ်တယ်၊ မြင်တော့… မြင်ရင် တွေ့ချင်၊ တွေ့ချင်လို့ တွေ့ရတော့ အကောင်းအဆိုး ရွေးချင်၊ နောက် သဘောကျ တာ မကျတာ တစ်ခုခုလာမယ်၊ ဒီကနေပြီး နောက်-နောက်အကြောင်းအကျိုးတွေ ဆက်သွားတော့မယ်၊ သဘောပါရဲ့ လား?။

တဏှာ နှစ်သက်တယ်၊ ဥပါဒါန်စွဲလမ်းတယ်၊ ကံ-ကမ္မဘဝဆိုပြီး သိမ်းဆည်းလိုက်တယ်၊ နောက်-ဇာတိ စတဲ့ ဒုက္ခအစုကြီး ဆက်တိုက်ပွားတော့တာပဲ၊ ရိပ်မိကြပလား?။ နားဖွင့်လည်း ကြားစိတ်ပေါ်၊ ကြားလိုက်တော့ တွေ့ချင် တယ်၊ တွေ့တော့ အကောင်းအဆိုး ရွေးချယ်၊ ကောင်းတော့ သဘောကျ၊ မကောင်းတော့ သဘောမကျ၊ နောက် လိုချင်, နှစ်သက်, စွဲလမ်း စတဲ့ ပဋိစ္စသမုပ္ပါဒ်တန်းကြီးစဉ်တိုက်လာမှာပဲ၊ ဒီနည်းအတိုင်း နှာခေါင်းပေါက်ကလာလည်း ပဋိစ္စသမုပ္ပါဒ်တန်းကြီး၊ လျှာပေါက်-ကိုယ်ပေါက်-စိတ် မနောပေါက် အတူတူပဲ၊ အားလုံး ပဋိစ္စသမုပ္ပါဒ် ဒုက္ခတန်းကြီး တွေချည့်လာနေတာပဲ၊ သဘောပါကြပလား?။

ဘာပေါ်ပေါ် ပဋိစ္စသမုပ္ပါဒ်ပဲ

ဒါကြောင့် ဒကာ-ဒကာမတို့ ခန္ဓာဟာ ရုပ်နာမ်အဆက်ဆက် အကြောင်းအကျိုး အစဉ်အတိုင်း ဖြစ်နေတဲ့ ခန္ဓာကြီးပဲလို့ မှတ်လိုက်ကြ၊ ရှင်းပလား?။ မျက်လုံးဖွင့်တော့ မြင်စိတ်ပေါ်၊ မြင်တော့ ကောင်းတာဆိုရင် လိုချင်၊ လို ချင်ပြီး စွဲလမ်း၊ စသည်အားဖြင့် တန်းသွားတော့တာပဲ၊ ကျေနပ်ပလား?။ ကျန်တဲ့ ငါးဒွါရ-ငါးပေါက်ကလည်း ဒီနည်း ပါပဲ၊ ဒါကြောင့် ဒကာ-ဒကာမတွေ မိမိခန္ဓာမှာ ဘာပေါ်ပေါ် ပဋိစ္စသမုပ္ပါဒ်ပဲလို့သာ မှတ်ကြ၊ ပေါ်ချင်တာ ပေါ်၊ ပေါ်လာသမျှဟာ ခန္ဓာ့ပဋိစ္စသမုပ္ပါဒ်ချည့်ပဲ၊ ရှင်းပလား?။

ကိုယ့်သန္တာန်မှာ ဖြစ်ပေါ်နေတဲ့ ခန္ဓာ့ပဋိစ္စသမုပ္ပါဒ်ကို ဉာဏ်နဲ့မြင်အောင် ရှင်းထားရမယ်၊ အမှန်မြင်အောင် ကြည့်ထားရမယ် သိအောင် ကြိုးစားကြ၊ ရိပ်မိပလား?။ ဒကာ ဒကာမတွေ မနက်လင်းလာရင် အိပ်ရာက နိုးတယ်၊ နိုးတော့ နိုးစိတ်ပေါ်လာမယ်၊ အဲဒီအခါမှာ ကိုယ့်သန္တာန်မှာဖြစ်တဲ့ “နိုးစိတ်” ကိုယ့်ရုပ်နာမ် ကိုယ်သိရမယ်၊ တကယ်လို့ ကိုယ့်ရုပ်နာမ်ဖြစ်ပျက်ကိုမှ မတွေးမိတော့ဘူး၊ မသိတော့ဘူးဆိုရင် အဲဒါ အဝိဇ္ဇာနဲ့ နိုးတာပဲလို့ မှတ်ကြ၊ အဝိဇ္ဇာနဲ့ နိုးတော့ ပဋိစ္စသမုပ္ပါဒ် အစက စ,ပြီး လည်သွားတော့တာပဲ၊ ရှင်းပလား?။

ဒကာတို့က အဝိဇ္ဇာနဲ့ အိပ်ကြတယ်

ဘုရားက အဝိဇ္ဇာဟူသော အိပ်ပျော်ခြင်းမှ နိုးတယ်၊ ဒကာတို့ကတော့… အဝိဇ္ဇာနဲ့ အိပ်ကြတယ်၊ နိုးပေမဲ့ လည်း ကိုယ့်ရုပ်နာမ် ဖြစ်ပျက်ကို မသိ၊ မတွေးမိလေတော့ အဝိဇ္ဇာနဲ့ နိုးကြရတာပဲ ဘာမှ ထူးခြားချက်မပါပါဘူး၊ အိပ်ပျော်တာနဲ့ အတူတူပဲ၊ အဝိဇ္ဇာချည့်ဖြစ်နေတာပဲ ရှိပါတယ်၊ ရိပ်မိကြပလား?၊ ဒကာတို့ဟာက ဘယ်လို အစားထဲက လဲလို့ မေးလိုက်ပါတယ်၊ နေရာတကာမှာ ဘုရားကို ဘဲ့တိုက်ပြီးနေကြတာလား? အရွဲ့တိုက်ပြီး နေကြတာလား?လို့ ဆိုထိုက်-မဆိုထိုက် ပေါ်ကြပလား?။

ကိုယ့်သန္တာန်မှာ ပေါ်တဲ့ ရုပ်နာမ်ကို ဉာဏ်နဲ့တွေးကြ၊ တွေးရမှာက နိုးတဲ့အခါ အိပ်ပျော်တဲ့ ရုပ်နာမ်မပါလာ ဘူး၊ အခုနိုးလို့ ခုပေါ်တဲ့ နိုးစိတ်ဟာလည်း ခုချုပ်သွားတာပဲ၊ ခုရုပ်နာမ်တွေလည်း ဖြစ်ပျက်တွေပဲလို့ အမှန်အကန်တွေး ရမယ်၊ သိရမယ်၊ သိအောင် ဉာဏ်နဲ့ကြည့်ပေးကြ၊ ဒကာ-ဒကာမတွေ အိပ်ရာနိုးတော့… ကြံစိတ်, စည်စိတ်တွေက လာတယ်၊ ကာယသင်္ခါရ, ဝစီသင်္ခါရတွေ ဆက်တိုက်လာတော့တာပဲ၊ အဲဒါ ဉာဏ်မပါလို့ ဉာဏ်နဲ့ မနိုးမိလို့ အဝိဇ္ဇာပစ္စယာ သင်္ခါရာဖြစ်တာပဲ၊ ရိပ်မိပလား?။

အိပ်ရာနိုးတော့ နိုးစိတ်ပေါ်၊ ဉာဏ်နဲ့ဖြစ်ပျက်ရှု၊ နောက်တစ်မျိုးလာလည်း ဉာဏ်နဲ့ဖြစ်ပျက်ရှုပေး၊ ဒီလိုရှုပေးရင် အဝိဇ္ဇာမဝင်နိုင်ဘူး အဝိဇ္ဇာ အဝင်နည်းရင် နည်းသလောက် သက်သာတယ်၊ ဉာဏ်ဆိုတဲ့ အဝိဇ္ဇာမဝင်ရင် ခုနပြောတဲ့ အဝိဇ္ဇာပစ္စယာ သင်္ခါရာပဲ ရှိတယ်၊ သဘောပါကြပလား?။ ကိုယ့်အိပ်ရာထဲမှာ ဟိုလှိမ့်ဒီလှိမ့် လှိမ့်တဲ့သဘောက ကာယ သင်္ခါရတွေပဲ၊ ကြံစိတ်တွေ တွေးတောစိတ်တွေ လာတော့… ဝစီသင်္ခါရတွေပဲ၊ ဒါကြောင့် “ဝိတက္ကဝိစာရာ ဝစီသင်္ခါရ ရော”တဲ့၊ ကြံစည် စိတ်ကူးတဲ့သဘောဟာ ဝစီသင်္ခါရပဲလို့ ဟောတော်မူတယ်၊ ရှင်းပလား?။

ကောင်းသော နိုးခြင်း မဖြစ်သေးဘူး

ဒကာ-ဒကာမတွေ ကိုယ်အန္တရာယ်ကင်းချင်တော့… ပရိတ်ရွတ်ကြတယ်၊ ပရိတ်ရွတ်တော့ “သုနက္ခတ္တံ သုမင်္ဂလံ သုပဘာတံ သုဟုဋ္ဌိတံ စတဲ့ ဂါထာကို ရွတ်ဆိုကြတယ်၊ ဂါထာသာရွတ်ကြတာ ဒကာတို့ ကိုယ်တိုင်ကတော့… ကောင်းသော နိုးခြင်း မဖြစ်သေးဘူး၊ ကောင်းသောအိပ်ခြင်း ကောင်းသောနိုးခြင်း ဖြစ်ပါမှ ကောင်းသောနက္ခတ်ကြုံ ရမယ်၊ ကောင်းသော မင်္ဂလာနဲ့ ပြည့်စုံကြမယ်၊ ဒါနဲ့ ပြည့်စုံမှ အန္တရာယ် လုံခြုံမယ်ဆိုတာ မှတ်လိုက်ကြ။ ဒကာတို့တစ်တွေ ခုချိန်ကျအောင် ကောင်းသောနိုးခြင်း မရှိကြသေးဘူးဆိုရင် တော်ပါ့မလား? စဉ်းစားကြ။

ဒကာတို့ အိပ်ရာက နိုးတဲ့အခါ ဒုက္ခက္ခခန္ဓဿဖြစ်မဲ့ ပဋိစ္စသမုပ္ပါဒ် အတန်းကြီးနဲ့ချည့် နိုးလာကြရတယ်၊ ဒီနေ့လည်း ဒီဒုက္ခအစုကြီးနဲ့ပဲ နိုးလာကြတယ်ဆိုရင် ဘယ်တော့များ ကောင်းသောနိုးခြင်းဖြစ်ပါ့မလဲ မဖြစ်ပါဘူး၊ ကြပ်ကြပ် စဉ်းစားကြပါ။ အိပ်နေတော့လည်း ငါ-ဘာဖြစ်တယ်လို့ မသိကြ၊ နိုးလာတော့လည်း ငါ-ဘာဖြစ်တယ်လို့ မသိကြဘူး ဒကာ-ဒကာမတွေ အခုအချိန်ကျအောင်ပဲ ဒီနည်းနဲ့ ဒီအတိုင်း အိပ်နေကြတာပါ၊ ဒီနည်းနဲ့ အသေ,ဖြစ်နေ တာပဲ ရှိတယ်ဆိုရင် မမှားဘူး၊ ရိပ်မိကြရဲ့လား?။

ဒီအခြေ ဒီအနေနဲ့ဆိုတော့ အသက် ၅၀-၆၀ ရှိပြီဆိုပေမဲ့လည်း မဟုတ်သေးဘူးလို့ မှတ်ရမယ်၊ အဝိဇ္ဇာနဲ့နေ အဝိဇ္ဇာနဲ့ အသေဖြစ်နေပြီး အသက်တမ်းနုတ်နေလို့ အချိန်ကြာပေမဲ့ လူဖြစ်နေတာ မဟုတ်ဘူးလို့ မှတ်လိုက်ကြ၊ ကျေနပ်ပလား?။ အဝိဇ္ဇာက အသေကောင် လုပ်ထားတဲ့ အချိန်တွေလို လူဖြစ်တဲ့အချိန်လို့ ဆိုနိုင်ပါ့မလား? ဒီလို အနုတ်ခံရတဲ့အချိန်တွေဟာ ကိုယ်ကျိုးနည်းတဲ့အချိန်တွေပဲလို့ မှတ်ကြ၊ အိပ်ချိန်တွေဟာ အနုတ်ခံရတဲ့အချိန်တွေဆိုတာ ပေါ်ပလား?။

အိပ်ချိန်က အသက်တမ်းတစ်ဝက်လောက် နုတ်ယူလိုက်ပြီ

ဒကာတို့မှာ အိပ်ချိန်က အသက်တမ်းတစ်ဝက်လောက် နုတ်ယူလိုက်ပြီ၊ ကိုယ်အကျိုး, ကိုယ်စီးပွားလုပ်ဖို့ အချိန်မကျန်တော့ဘူး ဒီကြားထဲက ဒကာတို့တစ်တွေမှာ မနက်လင်းလာတာ ဒုက္ခအစုရောက်ဖို့ ရဖို့၊ အိပ်နေတော့လည်း ဘာမှအဓိပ္ပာယ်မရှိဘူး၊ ဒီတော့ ဘယ်လိုဆိုကြမလဲ? ဒကာတို့ဟာ “လူ့ထင်းတုံး”တွေ လားလို့ ဆိုထိုက်-မဆိုထိုက် စဉ်းစားကြ၊ ဒီအခြေဒီအနေမျိုးနဲ့ အသက်ရှည်နေတာ အလဟဿအချည်းအနှီးပဲ၊ ဘာမျှအချိန်မစီးဘူးလို့သာ ဆုံးဖြတ် ချက်ချလိုက်ကြ၊ နားလည်ကြပလား?။ နုတ်တဲ့အချိန်က များနေတော့ အချိန် သိပ်မရနိုင်တော့ဘူး။

ဒါကြောင့် ဒကာ-ဒကာမတွေ အိပ်တဲ့အခါ-နိုးတဲ့အခါက စ,ပြီး ဉာဏ်ပါကြဖို့ အရေးကြီးတယ်၊ ဉာဏ်နဲ့ဖြစ်ပျက် ရှုပြီး အိပ်ကြလို့ သတိပေးလိုက်တယ်၊ ရှင်းကြပလား?။ ဒကာတို့တစ်တွေ ကိုယ့်ရုပ်နာမ် ဖြစ်ပျက်ကို ရှုပြီး အိပ်ကြ နိုးကြတော့၊ ဒါမှမဟုတ်လို့ ရုပ်နာမ်ဖြစ်ပျက် မမြင်ဘဲနဲ့တော့ ကောင်းသောအိပ်ခြင်းလည်း မဟုတ်ဘူး၊ ကောင်းသော နိုးခြင်းလည်း မဟုတ်ကြဘူးလို့ မှတ်လိုက်ကြ၊ ဒီလိုဆိုတော့… ဒကာ-ဒကာမတွေ အခု နေကြတာဟာ မကောင်းသော အိပ်ခြင်း မကောင်းသောနိုးခြင်းနဲ့ နေကြရတာပဲဆိုရင် မလွဲပါဘူး ရိပ်မိပလား?။

ဘာမှ တန်ဖိုးမရှိနိုင်တော့ဘူး

ဒီလိုဆိုတော့… ဒကာတို့တစ်တွေ မနုဿဆိုတဲ့ ဒုလ္လဘဆုကြီး ကြိုးစားပမ်းစားနဲ့ တောင်းယူလို့ရလာတာဟာ အလကားနေမှာပဲ၊ ဘာမှ တန်ဖိုးမရှိနိုင်တော့ဘူး၊ နိုးတာနဲ့ အိပ်တာပဲရှိတော့တာပဲ ပေါ်ကြပလား?။ ဒကာတို့ လေးလေး နက်နက် စဉ်းစားကြ ကိုယ်တိုင်ဘယ်အခြေရောက်နေပလဲဆိုတာ မြင်ကြမယ်၊ နိုးလမ်းက ဒုက္ခရောက်အောင်လို့ နိုးတာ အိပ်ခြင်းက အသက်တမ်း နုတ်အောင်လို့ အိပ်တာပဲရှိတယ်၊ ကောင်းတာ တစ်ကွက်မှမပါပါဘူး အသက်တမ်း တိုတိုနဲ့ ဒုက္ခရောက်ပြီး သေခြင်းဆိုး သေရပါလို၏လို့ ဆိုတာနဲ့ မခြားပါဘူး ရိပ်မိကြရဲ့လား။

ဒါနဲ့များ ဒကာတို့ဟာ ရွတ်လိုက်ရတဲ့ ပုဗ္ဗဏှသုတ်၊ ပြောပဲမပြောချင်တော့ဘူး၊ ရွတ်လိုက်ရတာ “သုနက္ခတ္တံ- သုမင်္ဂလံ သုပဘာတံ၊ သုဟုဋ္ဌိတံ”တဲ့၊ ကောင်းသော နက္ခတ် ကောင်းသောမင်္ဂလာ, ကောင်းသော နံနက်မိုးသောက်, ကောင်းသောနိုးခြင်းနဲ့ ပါးစပ်က ရွတ်နေပေမဲ့ ဒကာတို့ဟာက တစ်ခုမှ ကောင်းသော နိုးခြင်းကို မပါကြဘူး ရိပ်မိ ပလား?။ ကောင်းသောနက္ခတ်, ကောင်းသောမင်္ဂလာ ဖြစ်ပါဦးမလား? မဖြစ်ပါဘူး။ ဒီတော့ အိပ်တဲ့အခါ ကောင်းသော အိပ်ခြင်းဖြစ်အောင် ရုပ်နာမ်ဖြစ်ပျက်ရှုပြီး အိပ်ကြ၊ နိုးတဲ့အခါလည်း ရှုကြ။

ပဋိစ္စသမုပ္ပါဒ်ပြတ်ရင် နိဗ္ဗာန်ရဖို့ သေချာပြီ

ဒီလိုမှ ရုပ်နာမ်ဖြစ်ပျက်ရှု မအိပ်ကြရင် ရှုပြီးမနိုးကြရင် ဒကာ ဒကာမတွေဟာ အနေဆိုးပြီး အသေဆိုး သေကြရမယ် ဆိုတာ ယုံမှားမရှိကြနဲ့ မုချပဲလို့သာမှတ်ကြတော့၊ ကျေနပ်ပလား?။ အသေဆိုး, အနေဆိုး မကြုံချင်ကြ တာ မှန်ရင်ဖြင့် လိုက်နာကြလို့ တိုက်တွန်းလိုက်တယ်၊ ရှုပြီးအိပ်, ရှုပြီးထ,တဲ့အခါကျတော့… ပဋိစ္စသမုပ္ပါဒ် ဒုက္ခတန်း ကြီး မလာတော့ဘူး၊ ပဋိစ္စသမုပ္ပါဒ် ဒုက္ခစက်ဝန်းပြတ်တယ်။ ရှုမိရင် ရှုတဲ့နေရာက စ,ပြတ်တာပဲ၊ ပဋိစ္စသမုပ္ပါဒ်ပြတ်ရင် နိဗ္ဗာန်ရဖို့ သေချာပြီ၊ ဒကာတို့ ဉာဏ်အားကောင်းရင် ကောင်းသလောက် အနှေးနဲ့အမြန် ဧကန်ရတော့မယ်ဆိုတာ မှတ်လိုက်ကြ။

ဒကာ-ဒကာမတို့ “နိဗ္ဗာန်ရရပါလို၏၊ နိဗ္ဗာန်ရရပါလို၏”နဲ့ လုပ်မနေကြနဲ့တော့၊ နိဗ္ဗာန်ရချင်တာ တကယ်မှန်တာ ဖြင့် ဒီကနေ့ကစပြီး အိပ်တတ် နိုးတတ်အောင် လုံ့လစိုက်ကြ။ အိပ်တတ်နိုးတတ်ကြတော့လို့ တိုက်တွန်းလိုက်တယ်၊ ဒကာ-ဒကာမတို့ ဘုရားရှင်က “ဓာရဏပရိတ်”မှာ ဟောထားတယ် “သူ-ဘယ်တော့မှ ဝိပဿနာ ဖြစ်ပျက်နဲ့ မကင်း ဘူး”တဲ့၊ “သဗ္ဗံ ကာယကမ္မံ ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရိဝတ္တံ၊ သဗ္ဗံ ဝစီကမ္မံ ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရိဝတ္တံ၊ သဗ္ဗံ မနော ကမ္မံ ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရိဝတ္တံ”တဲ့၊ ဘုရားက ကံသုံးပါးလုံးမှာ အမြဲတမ်း ဉာဏ်ပါတယ်၊ ဘယ်တော့မှ ဉာဏ်နဲ့ မကင်းဘူးတဲ့၊ ရှင်းကြပလား?။ အမြဲတမ်း ဝိပဿနာဖြစ်ပျက်နဲ့ နေတယ်လို့ မှတ်ကြ။

ဝိပဿနာဖြစ်ပျက် ရှုပြီးအိပ်ကြ

ဒါကြောင့် ဒကာ-ဒကာမတွေ ဒီကနေ့က စပြီး ကောင်းသောအိပ်ခြင်း၊ ကောင်းသောနိုးခြင်းဖြစ်အောင် ဝိပဿနာဖြစ်ပျက် ရှုပြီးအိပ်ကြ၊ ဝိပဿနာဖြစ်ပျက်နဲ့နေကြလို့ သတိပေးလိုက်တယ် ဒကာတို့တစ်တွေ ကိုယ်တိုင်က ကောင်းအောင်မလုပ်ရင် ကောင်းသော,နက္ခတ် ကြုံပါ့မလား? စဉ်းစားကြ၊ သုနက္ခတ္တံ-သုမင်္ဂလံ ဆိုတာဟာ ကောင်းကင် ကဟာဆိုတာ မဟုတ်ဘူးလို့ မှတ်ကြ၊ ကောင်းတဲ့အလုပ်အကိုင်, ကောင်းတဲ့အပြောအဆိုနဲ့ ကောင်းတဲ့စိတ်နှလုံးကိုသာ ဆိုတာပဲ ကျေနပ်ပလား?။

ဒကာတို့တစ်တွေက ပုဏ္ဏားသဘောကျအောင် လိုက်ရံနေကြ အားပေးအားမြှောက်လုပ်နေကြတယ် သဘောပါ ကြပလား?။ အမှန်စင်စစ်က ကောင်းသော စိတ်နှလုံး၊ ကောင်းသောအကြံအစည်ကို သုနက္ခတ်-သုမင်္ဂလာ ခေါ်တာပါ၊ ကိုယ့်ဝမ်းထဲက ကောင်းတာတစ်ခုမှ မပါရင် သုနက္ခတ်-သုမင်္ဂလာ ကောင်းသောနက္ခတ်မင်္ဂလာ မလာနိုင်ဘူးဆိုတာ တစ်ထစ်ချမှတ်လိုက်ကြ၊ ရှင်းကြပလား?။ ဒကာတို့ဟာ နောက်ကို ပုဏ္ဏားအရံနောက်လိုက်အလုပ်တွေ လျှော့ကြလို့ ပြောလိုက်ပါတယ်။

ဒါကြောင့် ဒီကရှေ့ သုနက္ခတ်သုမင်္ဂလာဖြစ်အောင် မိမိခန္ဓာမှာ ဉာဏ်နဲ့ကြည့်ပေးကြ၊ ဉာဏ်နဲ့ကြည့်ရင် ရုပ် နာမ် သင်္ခါရ ဖြစ်ပျက်အရှိကို အမှန်အကန် သိရမယ်၊ သိရင် ကောင်းသော နက္ခတ် မင်္ဂလာဖြစ်ပြီလို့ ဆုံးဖြတ်ချက်ချ၊ ကျေနပ်ပလား?၊ သင်္ခါရဆိုတာ ပြုပြင်တဲ့အကြောင်းရှိလို့ ပေါ်လာတာ၊ ပြုပြင်မှ ပေါ်လာတဲ့တရားဟာ သင်္ခါရလို့ မှတ်ကြ၊ ဒီလိုပြုပြင်လို့ ပေါ်လာတဲ့သင်္ခါရဟာ မမြဲဘူး၊ အနိစ္စချည်းပဲ၊ ဖြစ်ပျက်ပဲ ရှိပါတယ်လို့ ဟောတော်မူတယ်၊ ဒါကြောင့် “အနိစ္စာဝတ သင်္ခါရာ ဥပ္ပါဒဝယဓမ္မိနော”လို့ ဆိုတာပဲ၊ သဘောပါကြပလား?။

အကြောင်းကြောင့် ဖြစ်ပေါ်ရတာ

သင်္ခါရဆိုတာ အကြောင်းကြောင့် ဖြစ်ပေါ်ရတာ၊ ဒါကြောင့် ပစ္စယာလို့ ဆိုတယ်၊ ပစ္စယာဆိုတဲ့ စကားလုံးပါတာ ဟူသရွေ့ သင်္ခါရချည့်ပဲလို့ မှတ်ကြ၊ ရှင်းပလား?။ မိမိခန္ဓာ ဉာဏ်နဲ့ကြည့်တော့ သားစိတ်ကလေးပေါ်တယ်ဆိုရင် သားက ပြုပြင်လို့ ပေါ်လာတာမို့ အဲဒီပေါ်လာတဲ့ “သားစိတ်”ကလေးဟာ… သင်္ခါရပဲ၊ သူ့ကို ဉာဏ်နဲ့ အကဲခတ်လိုက် တော့… ပေါ်လာပြီး ပျောက်သွားတော့တာပဲရှိတယ်၊ ဖြစ်ပြီးပျက်တာပဲရှိတယ်လို့ မှတ်ကြ၊ နောက်လည်း အကြောင်းက ပြုပြင်ပေးရင် ဆိုင်ရာ-ဆိုင်ရာ သင်္ခါရတွေပေါ်မယ်၊ ပေါ်လာသမျှအားလုံးဟာ ပျက်သွားတဲ့ အနိစ္စချည့်ပဲရှိတယ်၊ ရိပ်မိပလား?။

ဒါကြောင့် ပစ္စယာပါတာဟူသရွေ့ သင်္ခါရချည့်ပဲလို့ မှတ်ကြ ဒကာတို့ သိဖို့က အခု ပေါ်တာလည်း သင်္ခါရ၊ ချုပ်သွားတာလည်း သင်္ခါရ၊ နောက်ပေါ်မှာလည်း သင်္ခါရ၊ အားလုံး သင်္ခါရချည့်ပဲလို့ သိကြရမယ်၊ ရှင်းကြပလား?။ ဒကာ-ဒကာမတွေ သဿတအယူနဲ့ ဥစ္ဆေဒအယူ ဒီ-အယူမှားနှစ်ခုရဲ့ကြားထဲက သွားရမှာမို့ သင်္ခါရကို မြင်ဖို့ အရေးကြီး တယ်လို့ စွဲစွဲမြဲမြဲကြီး မှတ်လိုက်ကြ။ မှတ်မိကြပလား?၊ ဒီသင်္ခါရဟာ ဖြစ်လည်းဖြစ်တယ်၊ ပျက်လည်း ပျက်တယ်လို့ သိကြရမယ်၊ သဘောပါပလား?။

ဖြစ်ဒုက္ခနဲ့-ပျက်ဒုက္ခသာ ရှိပါကလား

ဒီသင်္ခါရဟာ အကြောင်းက ပြုပြင်လို့ ပေါ်လာတဲ့တရားပဲ၊ ဒီပေါ်လာတဲ့သင်္ခါရတရားဟာလည်း ဖြစ်လည်း ဖြစ်တာပဲ၊ ပျက်လည်းပျက်တာပဲ၊ ပေါ်လာသမျှဟာ ဒီအဖြစ်နဲ့ အပျက်မှာ လမ်းဆုံးရတာချည့်ပဲလို့ သိရမယ်၊ ဒီလိုသိရင် သမ္မာဒိဋ္ဌိ အမြင်ပဲလို့သာ မှတ်ကြတော့၊ ရှင်းပလား?။ ဒီလိုမြင်တဲ့အမြင်ဟာ သဿတ, ဥစ္ဆေဒ နှစ်ခုကြားထဲက ဖောက်ထွင်းပြီး မြင်တာဖြစ်လို့ သမ္မာဒိဋ္ဌိအမြင်ပါပဲ၊ ကျေနပ်ပလား?။ သဿတ, ဥစ္ဆေဒ အမြင်နှစ်ခုက လွတ်ရင် စင်ကြယ်တဲ့အမြင်၊ မဂ်အမြင်ပဲလို့သာ မှတ်လိုက်ကြ၊ အမှန်အရှိက ဖြစ်ဒုက္ခနဲ့-ပျက်ဒုက္ခသာ ရှိပါကလားလို့ သိရင် မဂ်အမြင်ပဲလို့ ဆုံးဖြတ်ချက်ချ။

ဒကာ-ဒကာမတွေ သဘောပါကြပလား?။ အရေးကြီးတဲ့အချက်က ဖြစ်ပျက်မြင်ဖို့ပဲ ဆိုတာ ပေါ်ကြပလား?။ ဒါကြောင့် မိမိခန္ဓာမှာ ဉာဏ်နဲ့ကြည့်ပေးကြ၊ စိတ်ကြိုက်ရင် စိတ်ကိုကြည့်ပေး၊ ဝေဒနာကြိုက်ရင်-ဝေဒနာကြည့်၊ ကြိုက်တာ တစ်ခုခုကို ဉာဏ်နဲ့ကြည့်၊ ဖြစ်ပျက်မြင်အောင် ကြည့်ဖို့သာ အဓိကအချက်ပဲလို့ မှတ်ကြ၊ ဖြစ်ပျက်မြင်အောင် ဉာဏ်နဲ့ ကြည့်တော့ ခန္ဓာမှာ ဒုက္ခဖြစ်တာနဲ့ ဒုက္ခပျက်တာပဲမြင်ရမယ်၊ ရှင်းကြပလား?။ ဒါကြောင့် ပထမဆုံးအနေနဲ့ ဖြစ်တာနဲ့ ပျက်တာ မြင်နိုင်ဖို့ မြင်အောင်ကြည့်ဖို့ဟာ အဓိကအချက်ပဲလို့ မှတ်ကြ၊ သဘောပါပလား?။

ဖြစ်ပျက်မြင်ရင် အာဂ, လူပဲ

မိမိခန္ဓာမှာ ဉာဏ်နဲ့ကြည့်လို့ ရုပ် နာမ် ဖြစ်ပျက် အနိစ္စမြင်ရင်-သိရင်မညံ့တော့ဘူး၊ ဖြစ်ပျက်မြင်ရင် အာဂ, လူပဲလို့ ဆုံးဖြတ်ချက်ချ၊ ရိပ်မိပလား?။ ရုပ်နာမ်သင်္ခါရ မမြဲတာသိတော့ သဿတ, စင်တယ်၊ ဆက်မှားအယူ စင်ကြယ် သွားပြီ၊ ရုပ်နာမ်သင်္ခါရ အကြောင်းအကျိုး အဆက်ဆက်မြင်တော့ ဥစ္ဆေဒ စင်တယ်။ ပြတ်မှားအယူစင်ကြယ်သွားပြီ၊ ဖြစ်ဒုက္ခ ပျက်ဒုက္ခမြင်လို့ ငါ့ကိုယ်, ငါ့ဟာ စွဲစရာမရှိတော့ဘူး၊ မရှိလို့ ငါ့ကိုယ်, ငါ့ဟာ မစွဲတော့ သက္ကာယဒိဋ္ဌိပါစင် သွားရော၊ ဒီလို ဖြစ်ပျက်မြင်တာနဲ့ သဿတ, ဥစ္ဆေဒ သက္ကာယဆိုတဲ့ ဒိဋ္ဌိသုံးလုံး တစ်ခါတည်း စင်သွားတော့တယ်၊ သဘောပါပလား?။

ဒီဒိဋ္ဌိသုံးလုံးစင်ပြီး မြင်တဲ့အမြင်ဟာ သောတာပန် အမြင်ပါပဲ၊ ဒကာ-ဒကာမတွေ ကျေနပ်ပလား?။ ဒီလို မြင်တဲ့ဉာဏ်အမြင်ဖြစ်ရင် သောတာပန်အမြင်ပဲလို့သာ ဆုံးဖြတ်ချက် ချကြ။ ရှင်းပလား?။ ဖြစ်ဒုက္ခနဲ့ ပျက်ဒုက္ခသိမြင် နေရင် မြင်နေတာဟာ ဒုက္ခသစ္စာကို ပိုင်းခြားတာပဲ၊ ဒုက္ခသစ္စာကို ပိုင်းခြားတယ်ဆိုတာ ဖြစ်ဒုက္ခ ပျက်ဒုက္ခကို ဉာဏ်နဲ့ မြင်နေတာကို ဆိုတာပဲလို့ မှတ်ကြ ရိပ်မိကြပလား?။ အဲဒီအခါမှာ…

အပိုင်းအခြားခံရတာက အပိုင်းအခြားခံရတဲ့ ဖြစ်ပျက်သင်္ခါရက ဒုက္ခသစ္စာ။

ဒီ-ဖြစ်ပျက်ဒုက္ခသစ္စာကို ပိုင်းခြားတဲ့ ပိုင်းခြားပြီးသိတဲ့ဉာဏ်က မဂ္ဂသစ္စာ။

ဉာဏ်က ပိုင်းခြားနေတဲ့အခါ သမုဒယ ချုပ်နေတယ်၊ အဲဒါ သမုဒယသစ္စာ။

ဉာဏ်နဲ့ ပိုင်းခြားနေတဲ့အခါ နောက်က ပဋိစ္စသမုပ္ပါဒ် ခန္ဓာမလာဘူး၊ အဲဒါ… နိရောဓသစ္စာ။

ဖြစ်ပျက်မြင်တာဟာ ဒုက္ခသစ္စာပိုင်းခြားတာပဲ

နောက်က ပဋိစ္စသမုပ္ပါဒ် ခန္ဓာမလာတော့ “ခန္ဓာနိရောဓော နိဗ္ဗာနံ”ပဲ၊ ရှင်းကြပလား?။ ဒကာ-ဒကာမတွေ ဘယ်လောက်များ နေရာကျသွားသလဲ?။ ဖြစ်ပျက်မြင်မှုဟာ တန်ဖိုးမဖြတ်နိုင်ပါကလား၊ ဒါကိုသိပြီးတော့… ဖြစ်ပျက် မြင်ဖို့အရေးဟာ… တို့-အရေးပဲလို့ မှတ်လိုက်ကြ။ ဖြစ်ပျက်မြင်တာဟာ ဒုက္ခသစ္စာပိုင်းခြားတာပဲ၊ ရှင်းပလား?။ ဒီတော့… ဒကာ-ဒကာမတွေ “ဒုက္ခသစ္စာ ပိုင်းခြားနေဖို့အလုပ်ဟာ တို့အလုပ်ပဲလို့ ဆုံးဖြတ်ချက်ချကြ၊ ဆုံးဖြတ်ပြီး တော့ တကယ်တမ်း အားထုတ်ကြလို့ တိုက်တွန်းလိုက်တယ်” ကြိုးစားကြ။

ရုပ်နာမ် သင်္ခါရ အပျက်မြင်ရင် သဿဘ, သေတယ်။

ရုပ်နာမ် သင်္ခါရ အဖြစ်မြင်ရင် ဥစ္ဆေဒ, သေတယ်။

ဖြစ်ပျက်မြင်လို့ ငါ မထင်ရင် သက္ကာယ, သေတယ်။

ဖြစ်ပျက်မြင်တာက လောကီမဂ်အမြင်၊ ေဩာ်… ခန္ဓာမှာ ဖြစ်ပျက်ဒုက္ခသာ ရှိပါကလားလို့ ဖြစ်ဒုက္ခ ပျက်ဒုက္ခကို ပိုင်းခြားပြီး ပျောက်သွားအောင် မြင်တဲ့အမြင်ဟာ လောကုတ္တရာ မဂ်အမြင်ပဲလို့မှတ်၊ ဒုက္ခကြီး ပျောက် သွားအောင် မြင်တဲ့အမြင်ဟာ လောကုတ္တရာ မဂ်အမြင်ပဲလို့ မှတ်လိုက်ကြ၊ ရှင်းပလား?။ မဂ်အမြင်နှစ်မျိုး၊ လောကီ မြင်နဲ့-လောကုတ္တရာမြင် ကွဲပြားပုံ ခြားနားပုံကိုလည်း အထူးသိမှတ်ထားကြရမယ်၊ လောကီမြင်က မဂ္ဂင်ငါးပါး၊ လော ကုတ္တရာမြင်နဲ့မှ ရှစ်ပါးပြည့်မယ်၊ အဲဒါကမှ စိတ်ချရတယ်၊ သဘောပါပလား?။

ဖြစ်ဒုက္ခနဲ့ ပျက်ဒုက္ခပဲ ရှိတာပဲလို့ သိနေရမယ်

မိမိခန္ဓာမှာ ဘာပေါ်ပေါ် ရုပ်, ဝေဒနာ, သညာ, သင်္ခါရ ဝိညာဏ်ပေါ်လာသမျှ ဖြစ်ဒုက္ခနဲ့ ပျက်ဒုက္ခပဲ ရှိတာပဲလို့ သိနေရမယ်၊ သိအောင် ဉာဏ်နဲ့ မလွတ်တမ်းရှုမှတ်ပေးရမယ်၊ ရိပ်မိပလား?။ ဒီလိုနဲ့ တစ်စတစ်စ ဉာဏ်တိုး တက်ပြီး ထက်သန်လာတော့ မဂ်ဉာဏ်ရတော့မယ်၊ ဒီအလုပ်ဟာ ပထမတော့… လောကီမဂ်အမြင်မှန်နဲ့ နောက် လောကုတ္တရာမဂ် အမြင်မှန် ဒီနှစ်မျိုးပဲလို့မှတ်ထားကြ၊ ပထမဖြစ်ပျက်တွေ အများမြင်မယ်-တွေ့မယ်၊ နောက် ဒုတိယ ဖြစ်ပျက်တွေဟာ ဖျတ်ခနဲဆို ပျောက်သွားတယ် ပျောက်သွားလို့ ဖြစ်ပျက်ဒုက္ခ ချုပ်တဲ့နေရာမှာ နိဗ္ဗာန်ပေါ်လာမယ်၊ ရှင်းကြပလား?။

ဖြစ်ပျက်တွေကို ရှုနေရင်းက တစ်နေရာမှာ ဖျတ်ခနဲဆို ချုပ်သွားတော့… နောက်က ဒိဋ္ဌိစတဲ့ ကိလေသာ တွေချုပ်၊ ပဋိစ္စသမုပ္ပါဒ်ခန္ဓာပါချုပ်မယ်၊ ကိလေသာနဲ့ ခန္ဓာနှစ်ခုလုံး ပြိုင်ချုပ်တယ်၊ ဒီပြိုင်ချုပ်တဲ့နေရာမှာ နိရောဓနဲ့ မဂ္ဂ ပြိုင်ပေါ်လာကြတယ်၊ ရှင်းကြပလား?။ ဒါကြောင့် ဒကာ-ဒကာမတွေ ပထမ မိမိခန္ဓာ ဖြစ်ပျက်မြင်အောင် ဉာဏ်နဲ့ကြည့်ပေးဖို့၊ နောက်, ဖြစ်ပျက်မြင် နောက် အများအပြားမြင်၊ မြင်တဲ့အတိုင်း ဆုံးအောင် ဆက်လိုက်၊ လိုက်တော့ … ဉာဏ်အားလျှော်စွာ အနှေးအမြန် ဆိုသလို ဆုံးတော့တာပဲ၊ ဆုံးရင် သစ္စာလေးချက် တစ်ပြိုင်နက် ကိစ္စပြီးတာပဲ၊ ကျေနပ်ပလား?။

ကိုယ်တိုင်ဖျင်းတာ ကိုယ်မရိပ်မိကြဘူး

ဒါကို ဒကာ-ဒကာမတွေက ကိုယ်တိုင်ဖျင်းတာ ကိုယ်မရိပ်မိကြဘူး ပါရမီလှည့်ချလိုချ၊ နောက်ဘုရားမှ ဆိုလိုဆို၊ ကိုယ်အသုံးမကျတာ ကိုယ်မသိကြဘူး၊ ဆင်ခြေထူတာနဲ့ အပါယ်စာချည့် ဖြစ်ခဲ့ကြရတယ်၊ နောက်ဆင်ခြေစကား မပြောကြနဲ့တော့၊ အခုလုပ် အခုရမယ်ဆိုတာ ပြောလိုက်ပါတယ်၊ အားမလျှော့ကြနဲ့၊ ကြိုးစားယူကြ အချိန်က သိပ်မရှိ တော့ဘူး၊ ရိပ်မိကြရဲ့လား?။

ဒကာ-ဒကာမတွေ သံသယမရှိကြနဲ့တော့၊ ဘယ်အချိန်မှာမဆို၊ ဘယ်သူပဲဖြစ်ဖြစ် လုပ်ရင် ရမယ်ဆိုတာ မှတ်လိုက်ကြ၊ ဒါဟာ အလွတ်ပြောတာ မဟုတ်ပါဘူး၊ မြတ်စွာဘုရားသခင် ပရိနိဗ္ဗာန် ဝင်စံတော်မူခါနီးအချိန်မှာ သုဘဒ္ဒပရဗိုဇ် ရောက်လာတယ်၊ ဘုရားရှင်ထံ သုဘဒ် ဝင်လာပြီးတော့ လျှောက်ထားမေးမြန်းတယ်၊ အဲဒါ… နောင် လာ-နောက်သား တပည့်သာဝက ဒကာ-ဒကာမတွေအတွက် အားကိုးစရာအချက်ပဲလို့ မှတ်ကြ၊ သုဘဒ်က “အရှင် ဘုရား၊ အရှင်မရှိတဲ့ နောက်အခါမှာ အရိယာကွယ်မှာပါကလားဘုရား”လို့ လျှောက်ထားတယ်၊ ဒီတော့… ဘုရား က…

”အို-သုဘဒ် သစ္စာတရားကို ဟောပြတတ်တဲ့ ဆရာနဲ့ ကောင်းစွာ ကျင့်ကြံအားထုတ်သူရှိရင် အရိယာ အချိန်မရွေး ရှိနိုင်တယ်၊ ဘယ်တော့မှ ရဟန္တာ မဆိတ်သုဉ်းနိုင်ဘူး” ဆိုတဲ့ အဓိပ္ပာယ်စကားကို မိန့်ကြား တော်မူလိုက်တယ်၊ ရှင်းကြပလား?။

ဒကာတို့ တာဝန်တစ်ခုပဲ ကျန်တော့တယ်

”ဣဓေဝ သုဘဒ္ဒ ဘိက္ခူ သမ္မာ ဝိဟာရေယျုံ၊ အသုညော လောကော အရဟန္တေဟိအဿ” တဲ့၊ ကျေနပ် ပလား?။ ဒါကြောင့် ဒကာ-ဒကာမတွေ ကြိုးစားဖို့သာ တို့-တာဝန်ပဲလို့ ဆုံးဖြတ်ချက်ချ။

ဘုရားကလည်း သူ့-တာဝန် သူ-ကျေပြွန်အောင် ဆောင်ရွက်ပေးခဲ့ပြီ၊ ဆရာသမားကလည်း အခုဆောင်ရွက်ပေး နေတယ်၊ ဒကာတို့ တာဝန်တစ်ခုပဲ ကျန်တော့တယ်ဆိုတာ ရိပ်မိပလား?။ ဘုရားမရှိလို့ မဟုတ်ဘူး၊ ဘုရားလည်း ရှိတယ်၊ တရားလည်းရှိတယ်၊ ဆရာသမားလည်းရှိတယ်၊ အချိန်အခါလည်းကောင်းတယ်၊ ဘာများလိုတာရှိသေးတုံး…? အားလုံး ညီညွတ် ပြည့်စုံနေကြပြီ၊ ဒကာတို့က မကျင့်ရင် ဆိတ်သုဉ်းမယ်၊ ဒကာတို့ ကျင့်ကြံ အားထုတ်နေကြသမျှ ဘယ်တော့မှ မဆိတ်သုဉ်းနိုင်ဘူး ဆိုတာ မှတ်လိုက်ကြ၊ ပေါ်ကြပလား?။

အခုလိုအချိန်အခါမျိုးမှာ ဘာမှပြောဖို့မရှိပါဘူး၊ နောင်အနှစ်ပေါင်း (၂၀၀၀) နှစ်ထောင်ကျော်မှာ လာမဲ့ ဓာတုပရိနိဗ္ဗာန်ပွဲမှာတောင်မှ အရိယာတွေ အများအပြား ပေါ်လာကြရဦးမှာပဲ၊ ဒီတော့ ခုအချိန်ဟာ အလွန်ကောင်းမွန် ပြည့်စုံတဲ့အချိန်ပါလားလို့ ဆုံးဖြတ်ချက်ချပြီး ကြိုးစား အားထုတ်ကြပါလားလို့ လေးလေးနက်နက်ကြီး တိုက်တွန်းလိုက် တယ်။

ကိုင်း… ယနေ့ ဒီတွင်ပဲ တော်ကြဦးစို့ အချိန်စေ့သွားပြီ။

**********