ဒုက္ခစက်ရဟတ် မဂ်ဉာဏ်ဖြတ် တရားတော်
ဆောင်ပုဒ်။
သတ္တဝါအစ၊ အဝိဇ္ဇာက၊ ဖြစ်ထ,ကြောင်းကျိုးဆက်။
ခန္ဓာရုပ်နာမ်၊ မသိမှန်၊ ဒုက္ခံသစ္စာနက်။
မသိမှုက၊ ပေါ်လာရ၊ ဦးစ, အဝိဇ္ဇာစက်။
ဘယ်သူမပြု၊ မိမိမှု၊ ယခုသိဖို့တွက်။
ဒုက္ခပတ်ချာ၊ လှည့်ခံရှာ၊ သံသာမှောင်တွင်းနက်။
ဒုက္ခစက်ရဟတ်၊ မဂ်ဉာဏ်ဖြတ်၊ အမြတ်နိဗ္ဗူတက်။
သတိချပ်။
ပဋိစ္စဖြစ်မှု၊ ကြောင်းကျိုးစု၊ မဂ်ရှုဉာဏ်နှင့်ကပ်။
ဒုက္ခ-သမုဒယ၊ စက်လှည့်ကြ၊ ဖြစ်ထ, ကြောင်းကျိုးစပ်။
ရှုဉာဏ်ဝင်လာ၊ အဝိဇ္ဇာ၊ ချုပ်ကာ ကြောင်းကျိုးပြတ်။
အဝိဇ္ဇာချုပ်လျှင်၊ ဝိဇ္ဇာဝင်၊ မဂ်မြင် နိဗ္ဗူမြတ်။
အထူးမှတ်။
ခန္ဓာအမြင်၊ ရှင်းလင်းလျှင်၊ မဂ်မြင်ကျ၏မှတ်။
ပဋိစ္စသမုပ္ပ၊ ဉာဏ်မြင်သန်၊ မဂ်ဉာဏ်မြင်တပ်တပ်။
အသိရှင်းလာ၊ ဉာတသာ၊ ပရိညာဟူ၍မှတ်။
ကျင့်မှုရှိမှ၊ တိရဏ၊ ပဟာန စုံပြည့်လတ်။
တရားသား။ ။
ဘယ်လိုမြင်မှ မဂ်ရဆိုတဲ့အဖြစ် ရောက်ပါမလဲ
ဒကာ-ဒကာမတွေ တစ်နေ့သ၌မှာ မြတ်စွာဘုရားသခင် သာဝတ္ထိပြည်မွန် ဇေတဝန်ကျောင်းတော်မှာ သီတင်းသုံးနေတော်မူဆဲအခါ ကစ္စာယနအနွယ်ဖြစ်တဲ့ ရဟန်းတစ်ပါးက ဘုရားထံ လျှောက်ထားမေး မြန်းတယ်-တဲ့၊ “မြတ်စွာဘုရား၊ မဂ်ရတယ်, မဂ်ရတယ်ဆိုတာမှာ… ဘယ်လိုမြင်မှ မဂ်ရဆိုတဲ့အဖြစ် ရောက်ပါမလဲ?” လို့ လျှောက်မေးလိုက်တယ်၊ ဒီအခါ…
ဘုရားရှင်က…”အဝိဇ္ဇာ၊ သင်္ခါရ၊ ဝိညာဏ်၊ နာမ်, ရုပ်၊ သဠာယတန ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်-ဆိုတဲ့ ပဋိစ္စသမုပ္ပါဒ်ဖြစ်စဉ် ခန္ဓာအမြင် ရှင်းမှ မဂ်အမြင်ကျမယ်”လို့ ဟောတော်မူတယ်။
ဒကာ-ဒကာမတွေ သဘောပါပလား?။ ဒီအတူပဲ မဂ်အမြင်ရချင်ရင် ပဋိစ္စသမုပ္ပါဒ် အမြင် ရှင်းရမယ်လို့ မှတ်ကြ၊ ဒါက သံယုတ်ပါဠိတော်မှာ လာတဲ့ အဓိပ္ပာယ်ပဲ၊ ဒီတော့… တို့ဒကာ ဒကာမတွေကို ဒီကနေ့ ခန္ဓပဋိစ္စ သမုပ္ပါဒ် ရှင်းလင်းပြရမယ်။ သတ္တဝါအစ ဘယ်က စ,သလဲ?၊ သတ္တဝါအစ, ဟာ သစ္စာမသိတဲ့ အဝိဇ္ဇာက စ,တယ်၊ ဒါကြောင့် “သတ္တဝါအစ-အဝိဇ္ဇာက” ဆိုတဲ့အချက်ကို မြဲမြဲမှတ်ထားကြ၊ ရိပ်မိကြပလား?။
အဝိဇ္ဇာဆိုတာ
အဝိဇ္ဇာဆိုတာ ကိုယ့်ခန္ဓာ ရုပ်နာမ်, ဒုက္ခသစ္စာမသိတာကို ခေါ်တယ်၊ မိမိမသိမှုကြောင့် ပေါ်လာတဲ့ မိမိအဝိဇ္ဇာ ပဲ၊ တခြားကလည်း လာတာမဟုတ်၊ သူများက လုပ်ပေးတာလည်း မဟုတ်၊ မိမိ မသိမှုကြောင့်ဖြစ်တဲ့ အဝိဇ္ဇာပဲ၊ ဒါဟာ… ဘယ်သူမပြု မိမိမှုလို့ပဲ မှတ်လိုက်ကြ၊ ဒကာ-ဒကာမတွေ အခုကိုယ်ပိုင်ရထားတဲ့ ခန္ဓာကြီးကို သူက လုပ် ပေးလိုက်တာ ဒီ-မသိမှုကြောင့် ရလာတဲ့ ခန္ဓာ ဒီ-မသိမှုက ထူထောင်လိုက်တာပဲ၊ ရှင်းကြပလား?။
ရုပ်နာမ်ခန္ဓာဟာ ဒုက္ခသစ္စာကြီးပဲ၊ ဒီဒုက္ခသစ္စာကို ဒုက္ခသစ္စာမှန်းမသိတော့ အဲဒီမသိတဲ့ အဝိဇ္ဇာက မရ-အရ ထူထောင်ယူလိုက်တော့တာပေါ့၊ သဘောပါပလား?။ အမှန်စင်စစ် ရုပ်နာမ်ဟာ ဒုက္ခသစ္စာ၊ အသုဘဆိုလည်း ဟုတ်တာပဲ၊ ဒါကို အမှန်အကန် မသိတော့ အကောင်းထင်ပြီး တောင်းယူထူထောင်ယူလို့ရလာကြတာပဲ၊ နားလည်ကြ ပလား?။ အခု ဒကာတို့တစ်တွေ တရားနာလာကြတာလည်း ဒီဒုက္ခသစ္စာ ရုပ်, နာမ်, ခန္ဓာကြီး ထမ်းပြီး လာကြရတာပဲ။
သူ့-လက်ချက်ကြောင့် ဒုက္ခရောက်ကြရတာ
ဒီလို ဒုက္ခဝန်ထုပ်-ဝန်ပိုးကြီး ထမ်းလာရတာဟာ ထမ်းလာနိုင်တာဟာ အစကတည်းက ဒုက္ခသစ္စာမှန်းမသိ ကြလို့ပဲ၊ ဒီအသုဘ ဒုက္ခသစ္စာ မသိမှုဟာ အဝိဇ္ဇာပဲလို့ မှတ်ကြ၊ ရိပ်မိကြပလား?။ ရုပ်, နာမ်က ဒုက္ခသစ္စာ မသိမှုက အဝိဇ္ဇာ၊ ဒကာတို့တစ်တွေ ဒီသဘောအမှန် မသိကြလို့ ဒီဒုက္ခရုပ်နာမ်ကြီးကို အဝိဇ္ဇာက လုပ်ထားတာပဲ၊ သတ္တဝါတွေ ဒုက္ခရောက်အောင် သူလုပ်တာ၊ သူ့-လက်ချက်ကြောင့် ဒုက္ခရောက်ကြရတာလို့ မှတ်ကြ။
ဒကာ-ဒကာမတွေ ဒါန, သီလ စတဲ့ ကုသိုလ်တွေအမျိုးမျိုးပြုပြီး ဒီရုပ်နာမ်ရအောင် ဆုတောင်း ယူထားကြ တာပါ၊ အဲဒါ- ဒုက္ခသစ္စာ တောင်းယူတာ၊ ဒုက္ခသစ္စာ ရတာပါပဲ၊ အသုဘကို ဆုတောင်းယူထားတာလို့ ဆိုလည်း မမှားပါဘူး၊ မသိမှု အဝိဇ္ဇာ ဒဏ်ချက်ဟာ ဘယ်လောက် ဆိုးဝါးသလဲ စဉ်းစားကြ၊ ပေါ်ကြပလား?။ ဒကာတို့တစ်တွေ ဆုတောင်းယူထားတော့ အခုကိုယ်ပိုင်ရထားကြပြီမဟုတ်လား၊ ခွဲမရ-ခွါမရ ထားပစ်ခဲ့လို့လည်း မရနိုင်တော့ဘူး။
ဒကာတို့တစ်တွေ မသိလို့ လုပ်မိလုပ်ရာလုပ်ပြီး၊ တောင်းမိတောင်းရာ တောင်းလို့ ဒီဒုက္ခခန္ဓာကြီး ရထားကြတာ၊ အဲဒါ… ဘယ်သူမပြု မိမိမှုပဲလို့သာ ဆုံးဖြတ်ချက်ချ။ အဲဒါဟာ… “အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ၊ သင်္ခါရ ပစ္စယာ ဝိညာဏံ” ဆိုတဲ့ သုံးခုထဲ ဒကာတို့တစ်တွေ အခုရောက်နေကြပြီ၊ အဝိဇ္ဇာ အရင်းခံနဲ့ ဒုက္ခခန္ဓာ ကိုယ်ပိုင်ရထားတော့… ဟန်မကျနိုင်ကြဘူး၊ ချို့ယွင်းတဲ့အခါ ပြင်ကြရ-ဆင်ကြရ၊ ဖောက်ပြန်လာတော့လည်း ပြင်ရ-ဆင်ရနဲ့ နေရာကျတယ်လို့ကို မရှိတော့ပါဘူး၊ ရိပ်မိကြရဲ့လား?။
အကျိုးတရားမို့ ရပြီးသားကို ပြင်လို့ မရဘူး
ဒကာ-ဒကာမတွေ ဒုက္ခခန္ဓာဆိုတော့ ပြင်လို့-ဆင်လို့ မရနိုင်ပါဘူး၊ သူ့သဘောအတိုင်း ဒုက္ခလက္ခဏာ- အသုဘလက္ခဏာတွေ ပြနေမှာပဲ၊ စိတ်တိုင်းမကျတိုင်း ပြင်ပေးနေကြ ပေမဲ့လည်း အပိုပါပဲ၊ အပြင်များလေ အပျက်များလို့ ပြင်ရလေလေပဲ၊ သဘောပါပလား?။ ဒကာတို့ အခုရထားတာက အကျိုးတရားကြီးပဲ၊ အကျိုးတရားမို့ ရပြီးသားကို ပြင်လို့ မရဘူးလို့ မှတ်ကြ၊ ပြင်ပေးမနေကြနဲ့၊ ပြင်လေ-ဆိုးလေ နေမှာပဲလို့ ပြောလိုက်ပါတယ်။
မသိတာက အဝိဇ္ဇာ၊ မသိတော့ ပြုမိပြုရာ ပြုကြ၊ ပြုမိပြုရာ ပြုတာက သင်္ခါရ၊ ပြုတော့… ဒကာတို့ အခု ရထားကြတာက ဝိညာဏ်၊ ကောင်းတာတစ်ခုမှမပါပါဘူး၊ ဒုက္ခအစု ဒုက္ခခန္ဓာသာ ရကြတာပဲ၊ ဒုက္ခခန္ဓာ ဝိညာဏ်ဆိုတဲ့ ဇာတိ ရလာမှတော့ ဇာတိကနေ ဇရာမရဏဘက် ဒိုင်းဒိုင်းသွားနေတော့တာပဲ၊ ကြာလေ အိုလာလေ၊ အိုလေလေ ပြင်ရဆင်ရလေပဲ၊ ရိပ်မိပလား?။ ဒကာတို့တစ်တွေ ရထားတဲ့ခန္ဓာ ကောင်းတာတစ်ခုမှ မပါတာမို့ ပြင်နေကြ ဆင်နေကြ လည်းပဲ အပိုရှိမှာပဲ၊ ပြင်ကျိုး-ဆင်ကျိုး မနပ်ပါဘူး ရှေးက ဆေးလေးဝါးလေးနဲ့ ပြင်ကြရ၊ အခုနေမှာ ဓာတ်စာပါ ပြင်ပေးနေရပြီ၊ သဘောပါပလား?။ တည့်မှ တည့်ပါ့မလား ဆိုပြီး အစားအသောက်ကလေးကအစ ပြင်ရ-ဆင်ရနဲ့ ပြင်နေကြရပြီ ရှင်းကြပလား?။
ရတာက အနတ္တ-ဒုက္ခခန္ဓာ၊ သူ့သဘောသူဆောင်ရွက်နေမှာပဲ ဒကာတို့အကြိုက် တစ်ခုမှ မလိုက်ပါဘူး၊ အခု ဝိညာဏ်လက်ရှိရထားလိုက်တော့… ဝိညာဏပစ္စယာ-နာမရူပံဆိုတဲ့အတိုင်း ဝိညာဏ်နဲ့ ရုပ်နာမ်ခွဲလို့ မရဘူး၊ အတူဖြစ်ကြတယ်၊ ဒီတော့… နာမရူပ ပစ္စယာ သဠယတနံ သဠာယတန ပစ္စယာ ဖဿော၊ ဖဿ ပစ္စယာ ဝေ ဒနာ၊ ဝေဒနာ ပစ္စယာ တဏှာ, ဥပါဒါန်, ကံ ဇာတိ, ဇရာ, မရဏ, သောက, ပရိဒေဝ, ဒုက္ခ, ဒေါမနဿ ဥပါယာသ ဆိုတဲ့ ဆင်းရဲအစု ဒုက္ခအစုကြီး ဆက်တိုက်လာမယ်၊ ကောင်းမလားလို့ ပြင်ကြ-ဆင်ကြပေမဲ့ မကောင်းပါဘူး၊ မကောင်း ဆိုးဝါး ဟူသမျှ ခွဲခွါလို့ မရနိုင်ကြဘူး၊ ရိပ်မိပလား?။
အမှန်ကတော့ ဒုက္ခအစုကြီးပါ
တို့-ဒကာတွေ ဒီမျက်မှောက်ဘဝမှာ ဝိညာဏ်ကစပြီးဖြစ်တာ ရှေ့နှစ်ခုအဝိဇ္ဇာနဲ့ သင်္ခါရက အတိတ်က ဖြစ်ခဲ့ တာ၊ အလယ်က အခုဖြစ်တာ နောက်လာမဲ့ဟာတွေက နောက်ဆက်တိုက် အနာဂတ်ဖြစ်ကြမှာ၊ အားလုံးဒုက္ခ အစုကြီး တွေပဲ၊ ပဋိစ္စသမုပ္ပါဒ်လို့သာဆိုတယ်၊ အမှန်ကတော့ ဒုက္ခအစုကြီးပါ၊ ဘာမှအပိုမပါဘူးဆိုတာ ဆုံးဖြတ်ချက်ချ၊ နဂိုကမှ မကောင်းတဲ့ဟာ ကောင်းဦးမလားလို့ ထင်ပြီး ပြင်ကြ ဆင်ကြပေမဲ့လည်း မရပါဘူး၊ တစ်ခါပြင် တစ်ခါထပ်ဆိုး၊ နှစ်ခါပြင်တော့ နှစ်ခါဆိုးဖို့ပဲရှိတယ်၊ သဘောပါကြပလား?။
မျက်လုံးက စ,လည်း ဒုက္ခအတန်းကြီး၊ နားပေါက်က စ,လည်း ဒုက္ခအတန်းကြီး၊ ဘယ်ဒွါရကပဲစစ ဒုက္ခအတန်း ကြီးလာမှာပဲ၊ ရှင်းကြပလား?၊ ဒီတော့ ဒကာ-ဒကာမတွေ ဒီဒုက္ခအတန်းကြီး ပြတ်အောင်, ဖြတ်တတ်ဖို့လိုတယ်၊ ဖြတ်တော့ ဉာဏ်နဲ့ဖြတ်ရမှာ၊ အဲဒီဉာဏ်ရမှသာ လွတ်လမ်း, ကျွတ်လမ်း ရကြမှာ၊ ဒီဉာဏ်မှ မရရင် ဒုက္ခလွတ်လမ်း မမြင်တော့ဘူး၊ ဒါကြောင့် ဒီဉာဏ်ရအောင် ဆရာဘုန်းကြီးက သင်ပြပေးနေတာ၊ ပေးထိုက်လို့ပေးရင်, ယူထိုက်အောင် ယူလိုက်ကြလို့ သတိပေးလိုက်တယ်၊ ပေါ်ကြပလား?။
ဒကာတို့တစ်တွေ ဘာကိုပဲ ဖြစ်အောင်လုပ်ကြ,လုပ်ကြ လာမှာက ဒုက္ခအစဉ်အတန်းကြီး လာမှာပဲ၊ ဒီတော့ လုပ်သမျှကိုယ်ပိုင်ရမှာက ဒုက္ခသစ္စာ ရကြမှာပါ၊ ရိပ်မိကြပလား?။ ဖြစ်ပေါ်လာသမျှက ဒုက္ခသစ္စာ၊ ဖြစ်စေတဲ့ အကြောင်း က သမုဒယသစ္စာ၊ ဒီနှစ်မျိုးမှာ ပတ်ချာလည်နေမှာပဲ၊ ကြာလေ နစ်လေ နစ်ကြဖို့ပဲရှိပါတယ်၊ ဒီတော့ ဒကာ-ဒကာမ တွေက အမှန်အကန်သိအောင်လုပ်ရမယ်၊ သိဖို့အရေးကြီးတယ်ဆိုတာ ဆုံးဖြတ်ချက်ချဖြစ်စေတဲ့ အကြောင်းက သမုဒယ သစ္စာ၊ ပေါ်လာတဲ့အကျိုးက ဒုက္ခသစ္စာ၊ ဒါကို သိကြရမယ်။
ဥစ္ဆေဒအယူ မရှိတော့ဘူး
ဘာ့ကြောင့်-ညာ့ကြောင့်လို့ ကြောင့်ပါတာ သမုဒယလို့ မှတ်ကြ၊ ဥပမာ ဝိညာဏ်ကြောင့် နာမ်ရုပ်ဖြစ်တယ် ဆိုတဲ့နေရာမှာ ဝိညာဏ်က သမုဒယသစ္စာ၊ နာမ်ရုပ်က ဒုက္ခသစ္စာ၊ နောက်ပြီး နာမ်ရုပ်ကြောင့် သဠာယတနဖြစ်တယ်၊ ဒီမှာကျတော့ နာမ်ရုပ်က သမုဒယသစ္စာ၊ သဠာယတနက ဒုက္ခသစ္စာ၊ ဒီသဘောအတိုင်းပဲ ရှေ့ကဖြစ်စေတဲ့ အကြောင်း က သမုဒယ၊ ဖြစ်လာတဲ့အကျိုးက ဒုက္ခသစ္စာ ဆိုတာပဲလို့ သိကြရမယ်။
ဒီလိုအကြောင်းအကျိုး အဆက်ဆက် ဖြစ်တာ-ပျက်တာ သိရရင် ဘယ်လိုကျေးဇူးများသလဲ?၊ ဒီသဘော အမှန်သိတော့ “သေရင်-ပြတ်တယ်” ဆိုတာ မဟုတ်ပါလားလို့ ကိုယ်တိုင်ဧကန်သိရမယ်၊ မိမိဉာဏ်ထဲမှာ ကမ္မဘဝ ပစ္စယာ ဇာတိပဲ၊ ဪ…အကြောင်းနဲ့အကျိုး ဆက်စပ်ပြီးနေတယ်၊ ဒါပေမဲ့ အကြောင်းကတော့… မလိုက်မပါဘူး၊ အကြောင်းနဲ့အကျိုး အဆက်ဆက် ဖြစ်ပျက်နေတာပါကလားလို့ အမှန်အကန် သိမြင်လာတော့တယ်။
ဒါကိုသိရင် ဥစ္ဆေဒအယူ မရှိတော့ဘူး၊ သေရင်ပြတ်တယ်လို့ ယူတဲ့ မိစ္ဆာအယူပြုတ်ပြီလို့ မှတ်ကြ၊ သေရင် မပြတ်ဘူး၊ အကြောင်းအကျိုး ဆက်နေတာပဲ၊ အကြောင်းအကျိုး မပြတ်ပါလားလို့ အမှန်သိရမယ်၊ သိရင် ဒီ-မိစ္ဆာအယူ စင်သွားပြီလို့ မှတ်ကြ၊ ရှင်းကြပလား?။ ဒီလိုသိတော့ သိတဲ့နေရာမှာ မသိမှုအဝိဇ္ဇာချုပ်သွားတယ်၊ အဝိဇ္ဇာချုပ်ရင် ဝိဇ္ဇာဖြစ်တာပဲ၊ အဝိဇ္ဇာချုပ်တော့ သင်္ခါရချုပ်၊ သင်္ခါရချုပ်တော့ ဝိညာဏ်ချုပ်၊ နောက်လာမဲ့ ဒုက္ခအစုကြီး အကုန်ချုပ် သွားတော့တယ်၊ ရိပ်မိကြပလား?။
အဝိဇ္ဇာချုပ် ဆိုတာ
အဝိဇ္ဇာချုပ် ဆိုတာ အဝိဇ္ဇာဖြစ်ပြီး ပျက်သွားတာကို ဆိုတာမဟုတ်ဘူး၊ အမှန်အကန်မြင်တာကို ဆိုတာ၊ ခန္ဓာထဲကြည့်တော့… အမှန်အတိုင်း မြင်တာကိုဆိုတာလို့ မှတ်ကြ၊ အမှန်မြင်ဆိုတာ ခန္ဓာမှာ ဝေဒနာပေါ်လာတယ်၊ အဲဒီပေါ်လာတဲ့ဝေဒနာဟာ ဖြစ်ပီးပျက်သွားတော့တယ်၊ ဒီအခါမှာ ဉာဏ်က ဪ-ဝေဒနာဟာ ဖြစ်လည်းဖြစ်တယ်- ပျက်လည်းပျက်တယ်ကိုးလို့ အမှန်မြင်တာကို ပြောတာပဲ၊ ဒကာ-ဒကာမတွေ သဘောပါကြပလား?။
ဒီလို အမှန်အကန်မြင်တော့… အမှန်အကန်မြင်တဲ့သူမှာ အဝိဇ္ဇာစတဲ့ ဒုက္ခအစုကြီး ချုပ်သွားတယ်၊ ကျေနပ် ပလား?။ အမှန်ကန်မြင်တဲ့အကျိုးဟာ ဘယ်လောက်ကြီးမားတယ် များပြားတယ်ဆိုတာ နှိုင်းစရာမရဘူး၊ အမှန်အကန် မြင်တာဟာ အဖြစ်အပျက်ကလေးကို မြင်တာမို့ မဂ်အမြင် မဂ်အမြင်ပဲဆိုတာ ဆုံးဖြတ်ချက်ချ၊ အားကိုးဖို့ မကောင်းကြ ဘူးလား?။ ကောင်းတာသိရင် ကြိုးစားကြ၊ သာမညများ မမှတ်လိုက်ပါနဲ့၊ ဖြစ်တာနဲ့ ချုပ်တာ မြင်တာဟာ မဂ်ရတာပဲ၊ ဒီအချုပ်ကို တွေ့မြင်ရင် တစ်ခုချုပ်တော့ တစ်ခုချုပ်တာပဲလို့ မြင်ရမယ်၊ တစ်ခုချုပ်ရင် နောက်တစ်ခုလည်း ချုပ်မယ် လို့မြင်တော့ သဿဘဒိဋ္ဌိစင်သွားပြီလို့ မှတ်ကြ။
မဂ်အမြင်ပဲ
ဘုရားက “ဒီဟာကို သံသယမရှိအောင် မြင်လို့ရှိရင် မဂ်အမြင်ပဲတဲ့၊ အကြောင်းဖြစ်ရင် အကျိုးဖြစ်တယ်၊ အကြောင်းချုပ်ရင် အကျိုးချုပ်တယ်လို့ မြင်ရင် မဂ်အမြင်ပါပဲတဲ့၊ ဒီအမြင်ဟာ သဿတ, အမြင်နဲ့ ဥစ္ဆေဒအမြင် နှစ်ခုမှ လွတ်၍ ဒီနှစ်ခုကြားက မြင်တဲ့အမြင်ဖြစ်လို့ မဂ်အမြင်ပဲလို့ ဟောတော်မူတယ်။
ဒကာ-ဒကာမတွေ သဘောပါပလား? လေးလေးစားစားနဲ့ မှတ်ယူကြလို့ ပြောလိုက်ပါတယ်၊ မဂ်အမြင်ဆိုတာ ဖြစ်တာကိုလည်း မြင်ရမယ်၊ ပျက်တာကိုလည်း မြင်ရမယ်၊ ရုပ်နာမ် တစ်ခုခုရဲ့အဖြစ်နဲ့အပျက်ကို မြင်တဲ့အမြင်ဟာ မဂ်အမြင်ပဲလို့ ဆုံးဖြတ်ချက်ချ။ ရှင်းကြပလား?။ မဂ်အမြင်ဆိုတာ သဿတ,အမြင် ဥစ္ဆေဒအမြင်နှစ်ခုကြားထဲက ထိုးထွင်းဖောက်ဖျက်ပြီးမြင်တဲ့ အမြင်ပဲလို့ မှတ်လိုက်ကြ။
သဿတ ဥစ္ဆေဒဆိုတဲ့ အမြင်နှစ်ခုမှာ ဒိဋ္ဌိတွေ အကုန်ဝင်နိုင်တယ်၊ ဒီနှစ်ခုကြားက ဖြတ်တောက်ပြီး မြင်တာ ဆိုတော့… မဂ်အမြင်ဟာ ဒိဋ္ဌိတွေ အကုန်နှင်ထုတ်ပြီး မြင်တဲ့အမြင်ပဲလို့ ဆိုနိုင်တယ်၊ သဘောပါပလား?။ ဒါကြောင့် ဒီအမြင် မဂ်အမြင်ရအောင် ကြိုစားကြလို့ တိုက်တွန်းလိုက်တယ်၊ ဒီအမြင်ရရင် သာမညလူ မဟုတ်တော့ဘူး၊ အဆင့် အတန်း တက်သွားပြီ၊ တို့-ဒကာ-ဒကာမတွေအတွက် ဒီလောက်မြင်ရင် လောကီမဂ် အမြင်ရကြပြီဆိုတာ မှတ်ကြ၊ ဒိဋ္ဌိအယူ-မိစ္ဆာအယူကတော့… လွတ်မြောက်ကြပြီလို့ ပြောလိုက်ပါတယ်။
အသိဉာဏ် စင်ကြယ်သွားပြီ
ဒကာ-ဒကာမတွေ အခုအခါ မိမိတို့ အသိဉာဏ် စင်ကြယ်သွားပြီ၊ ဒီလိုစင်ကြယ်သွားတာ တရားနာလို့ စင်ကြယ်တာ၊ ဒီလိုစင်တာက အသိနဲ့ စင်တာလို့ မှတ်ထားကြ၊ ဒါလောက်နဲ့ ကျေနပ်နေလို့ မရသေးဘူး၊ တကယ်တမ်း စိတ်မချရသေးဘူး၊ တကယ်တမ်း စိတ်ချရအောင် အားကိုးရအောင် ဘယ်နည်းနဲ့ စင်မလဲ?။ အားထုတ်ပြီးစင်မှ တကယ်စိတ်ချရပြီဆိုတာ မှတ်လိုက်ကြ၊ ဒီတော့ ဒကာ-ဒကာမတွေ “အားထုတ်လို့ စင်တဲ့အစင်ကမှ ပိုပြီး အရေးကြီးပါ လားလို့ ဆုံးဖြတ်ချက်ချ၊ သဘောပါပလား?။
ဒါကြောင့် တရားလည်း ကြိုးစားနာယူကြ၊ တရားနာလို့ သိတဲ့အသိနဲ့လည်း တင်းတိမ်မနေကြနဲ့၊ တရားကိုလည်း အဟုတ်တမ်း အားထုတ်ကြလို့ လေးလေးနက်နက် သတိပေးလိုက်ပါတယ်၊ ကျေနပ်ပလား?။ အသိရှင်းရုံနဲ့ဟာက ဉာတပရိညာပဲ ရှိသေးတယ်၊ သိမှုနဲ့ ဒိဋ္ဌိနှစ်ခု နှင်ပစ်လိုက်တာပဲ ရှိသေးတယ်၊ ဒါနဲ့ မပြီးသေးဘူး၊ လိုသေးတယ်၊ အား ထုတ်မှုနဲ့ အသိရှင်းမှ “တိရဏ ပဟာန ပရိညာဖြစ်မယ်၊ အခုနာလို့ အသိရှင်းတာက သုတမယ၊ အားထုတ်မှုနဲ့ သိတာက ပစ္စက္ခဓမ္မဖြစ်ကြမှာ၊ ရှင်းကြပလား?။ ပစ္စက္ခဓမ္မဖြစ်အောင် လုပ်ကြ။
အားထုတ်မှုနဲ့ ရှင်းတော့ ဒကာ-ဒကာမတွေ မိမိတို့ဝမ်းထဲမှာ စိတ်ဝိညာဏ်ကလေး ဖြစ်ပေါ်လာတယ် ဆိုပါ တော့… စိတ်ဝိညာဏ်ကလေး ဖြစ်လာတော့ သူဟာ သင်္ခါရကြောင့်ဖြစ်တာပဲ၊ သင်္ခါရပစ္စယာ ဝိညာဏံ၊ ဒါကို ဉာဏ်နဲ့ ရှုမြင်ရမယ်၊ နောက် ဖြစ်စေတဲ့ သင်္ခါရကလည်း ဒုက္ခ၊ ဖြစ်ပေါ်လာတဲ့အကျိုး ဝိညာဏ်ဟာလည်း ဒုက္ခပဲလို့ ဉာဏ်က ရှုတော့ ဒုက္ခလေးဖြစ်ပြီး ဒုက္ခလေး ချုပ်သွားတာ မြင်ရမယ်၊ ရိပ်မိပလား?။ ဝိညာဏ်စိတ်ကလေး တစ်ခုခုဖြစ်ပေါ်လာ တိုင်း ရှုဉာဏ် လိုက်ပေးရမယ်၊ ရှုဉာဏ်လိုက်ရင် လိုက်နိုင်သလောက် အမှန်အကန် မြင်ရမယ်။
ဒုက္ခဖြစ်ပြီး ဒုက္ခချုပ်သွားတာပဲ
ရှုတော့… အကြောင်းက သမုဒယသစ္စာ၊ အကျိုးက ဒုက္ခသစ္စာ၊ အကျိုးဖြစ်ပေါ်ပြီး ချုပ်သွားတာကို မြင် ရမယ်၊ အဲဒါ-ဒုက္ခဖြစ်ပြီး ဒုက္ခချုပ်သွားတာပဲလို့ သိရမယ်၊ သဘောပါကြပလား?။
ဒကာ-ဒကာမတွေ ကိုယ့်သန္တာန်မှာ ဉာဏ်နဲ့ကြည့်ရမယ်၊ ရုပ်ဘက်ကပဲကြည့်ကြည့်၊ ဝေဒနာပဲကြည့်ကြည့်၊ စိတ်ဘက်ကနေ ကြည့်ကြည့် ဒုက္ခသစ္စာပဲ ဉာဏ်နဲ့ကြည့်ရင် ဒုက္ခသစ္စာ အမှန်သိရမယ်၊ ဥပမာ ခန္ဓာမှာ ဝေဒနာလေး တစ်ခု ပေါ်လာလည်း ဒီအတိုင်းပါပဲ၊ ဉာဏ်နဲ့ကြည့်ရင် ဖြစ်ပြီးပျက်စီးသွားတဲ့သဘော ဖြစ်ပျက် ဒုက္ခသစ္စာပဲ မြင်ရမယ်၊ ရှင်းပလား?။ ဒါဟာ အားထုတ်ယူမှ မြင်တဲ့အမြင်ပဲလို့ မှတ်ကြ၊ အားမထုတ်ရင် ဒီအမြင်မရဘူး ဒီအမြင်မှ ကိုယ်တိုင် ဒိဋ္ဌ ပစ္စက္ခအမြင်ပဲလို့ ဆုံးဖြတ်ချက်ချကြ၊ ကျေနပ်ပလား?။
အဲဒီလို ပစ္စက္ခအမြင်ဖြစ်မှ သမ္မာဒိဋ္ဌိ အမြင်ဖြစ်မယ်၊ ကိုယ်တိုင် ဒိဋ္ဌိ ပစ္စက္ခမြင်မှသာ သမ္မာဒိဋ္ဌိ အမြင်လို့ မှတ်လိုက်ကြ၊ ခန္ဓာမှာ ဝေဒနာလေး ပေါ်လာရင် ဖဿကြောင့် ပေါ်လာတဲ့ဝေဒနာပဲလို့ သိရမယ်၊ သူ့ကို ဖြစ်စေတဲ့ ဖဿဟာလည်း ဖြစ်ပြီးပျက်တာပဲ၊ ပေါ်လာတဲ့ ဝေဒနာဟာလည်း ဖြစ်ပြီး ပျက်တာပဲ ရှိတယ်၊ ဒီလိုဖြစ်ပြီးပျက်တဲ့သဘော ကိုလည်း ဉာဏ်နဲ့မြင်ရမယ်၊ ရိပ်မိပလား?။ မဂ်အမြင်ဆိုတာ ဒီလိုဖြစ်ပျက်မြင်တဲ့ အမြင်ပဲဆိုတာ မှတ်ကြ၊ ဖြစ်ပျက် မမြင်သမျှ မဂ်အမြင် မရနိုင်ကြဘူး၊ ဒါကြောင့် ဒကာ ဒကာမတွေ ပထမဖြစ်ပျက်မြင်အောင် ကြည့်ပေးကြရမယ်၊ သဘောပါရဲ့လား?။
ဖြစ်ပျက်မြင်မှုသာပဓာန
ရုပ်ဖြစ်ဖြစ်၊ ဝေဒနာဖြစ်ဖြစ်၊ သညာဖြစ်ဖြစ်၊ သင်္ခါရပဲဖြစ်ဖြစ်၊ ဝိညာဏ်ပဲဖြစ်ဖြစ် ရုပ်တရား- နာမ်တရား ကလေး တစ်ခုခုရဲ့ ဖြစ်ပျက်မြင်မှုဟာ မဂ်အမြင်ပဲလို့ ဆုံးဖြတ်ချက်ချ၊ ရှင်းပြီနော်၊ ဒါကြောင့် ဒကာ-ဒကာမတွေ မိမိခန္ဓာမှာ ဉာဏ်နဲ့ကြည့်ပေး၊ ရုပ်တွေ့ ရုပ်ရှု၊ ဝေဒနာတွေ့ရင် ဝေဒနာပဲရှု၊ ဝိညာဏ်တွေ့ရင် ဝိညာဏ်ရှု၊ အများမလို ဘူး၊ တစ်ခုထဲကို အမှန်အကန် သိအောင် စိုက်ရှုကြ၊ ဘာတွေ့တွေ့ ရှုပေး၊ ဖြစ်ပျက်မြင်မှုသာပဓာန၊ ဒီအမြင်ဟာ, ခန္ဓာမှာ ဒုက္ခဖြစ်၍ ဒုက္ခချုပ်တာ မြင်တဲ့ အမြင်ပဲလို့ ဆုံးဖြတ်ချက်ချ၊ ရှင်းကြပလား?။
ဒီအမြင်ကို အားထုတ်မှု အလုပ်နဲ့ ရှင်းမှ မြင်နိုင်ကြမယ်၊ အားထုတ်မှုမပါရင် မရဘူး၊ ဒါ့ကြောင့်… ကြိုး စားအားထုတ်ကြဖို့ တာဝန်ဟာ တို့-တာဝန်ပဲလို့ ရိပ်မိကြ၊ ပေါ်ကြပလား?။ ဘုန်းကြီးတို့ တာဝန်က အသိမှန်ရအောင် ရှင်းပေးခဲ့ပြီ၊ ကျန်တဲ့တာဝန်က ဒကာတို့တာဝန်၊ ကိုယ့်တာဝန် ကိုယ်ကျေပြွန်ကြလို့ သတိပေးလိုက်တယ်၊ ရှုတော့ ဖြစ်ဒုက္ခနဲ့ ပျက်ဒုက္ခကို မြင်ရမယ်၊ အဲဒီရုပ်နာမ်ဖြစ်ပျက် ဒုက္ခက ဒုက္ခသစ္စာ၊ မြင်တာက မဂ္ဂသစ္စာ၊ မြင်တုန်းမှာ သမုဒယသေတယ်၊ အဲဒါ သမုဒယသစ္စာ သေတော့ ဒီနေရာမှာ နိရောဓ ပေါ်တယ်၊ အဲဒါ… နိရောဓသစ္စာပဲလို့ မှတ်ကြ၊ ကျေနပ်ပလား?။
ကိုင်း… ယနေ့ နာရီစေ့သွားပြီ၊ နက်ဖြန်မှပဲ ဆက်ကြစို့။
