ဒွါရခြောက်ပါး ဉာဏ်စေစား တရားတော်။
ဆောင်ပုဒ်။
ဒွါရခြောက်ခွင်၊ ဉာဏ်နှင့်ယှဉ်၊ အစဉ်ရှုကြည့်မှတ်။
အဆင်းရုပ်ကြည်၊ အသိမှီ၊ တွေ့ပြီခံစားတတ်။
ခံစားရလျှင်၊ နှစ်သက်ဝင်၊ ချဲ့ထွင်သံသာဓာတ်။
မဝင်နှစ်သက်၊ တစ်ချက်ချက်၊ မပျက် ရှုဉာဏ်ကပ်။
မရှုနေက၊ သမုဒယ၊ ဒုက္ခစက်ရဟတ်။
ရှုကြည့်သူမှာ၊ နိရောဓာ၊ မဂ္ဂါနှစ်ပါးမြတ်။
သတိချပ်။
ကိုယ်ပြုသမျှ၊ ဖြစ်ပျက်ရ၊ ပဋိစ္စစက်ရဟတ်။
ပဋိစ္စဝဲ၊ လွန်ဆင်းရဲ အမြဲလှည့်ကာပတ်။
မျက်လုံးအခါ၊ ဖွင့်မှားရှာ၊ ကမ္မာသင်္ချေထပ်။
ထိုနည်းကံစု၊ ကျန်ငါးခု၊ အကု တင်းကျမ်းကြပ်။
ပါယ်ရိက္ခာတွေ၊ စုမိချေ နေ-သေ နှစ်ရေးကြပ်။
ကျွေးမျိုးရိက္ခာ၊ ဝဋ်ဒုက္ခာ၊ ကျေငှာလုလ္လကပ်။
ဒုက္ခလွတ်နည်း၊ တဏှာမီး၊ အပြီးဉာဏ်နှင့်သတ်။
တရားသား။ ။
မျက်လုံးကို မမှားအောင် ဖွင့်တတ်ကြဖို့
ဒကာ-ဒကာမတွေ မနေ့က တရားမှာ မျက်လုံးဖွင့်ပုံ၊ မျက်လုံးပေါက်က သံသရာလယ်ပုံ၊ မျက်လုံး ဖွင့်တဲ့အခါ ဉာဏ်နဲ့ အုပ်ပြီးဖွင့်ပုံကို သင်ပေးခဲ့ပြီ၊ အဲဒါကို ကြပ်ကြပ်သတိပြုကြဖို့၊ ဉာဏ်နဲ့သတ်ကြဖို့၊ မျက်လုံးကို မမှားအောင် နေရာတကျ ဖွင့်တတ်ကြဖို့ လိုတယ်လို့ ရိပ်မိကြ၊ ဒါမှမရိပ်မိရင် အထိနာကြလိမ့်မယ်၊ ယခု မျက်မှောက်မှာ အထိနာရင် သံသရာမှာ ပြောစရာမရှိတော့ဘူးလို့ မှတ်ကြ။
မျက်လုံးကလေး တစ်ခါအဖွင့်မှားတာနဲ့ ထိချက်နာရတယ်၊ ရူပါရုံရဲ့ ထိချက်ကြောင့်ပဲ၊ ရူပါရုံထိချက်က အသည်းနာတယ်၊ ဒကာ-ဒကာမတွေ ကိုယ့်သား,သမီးလေးများ သွေးရဲရဲသံရဲရဲနဲ့ မြင်ရရင် ဘယ်လိုဖြစ်နေသလဲ?၊ တစ်ခါတည်း မျက်ရည်ကျလာတော့တယ်၊ အဲဒီလိုဖြစ်တာ ထိချက်နာဖို့ပဲလို့ မှတ်ကြ၊ သဘောပါပလား?။ ဒါကြောင့် ဒကာ-ဒကာမတွေကို ထိချက် မနာရအောင် မျက်လုံးဖွင့်တဲ့အခါ ဉာဏ်နဲ့အုပ်ဖွင့်ကြလို့ သတိပေးလိုက်တယ်။
မျက်လုံးဖွင့်တာဟာ အဖွင့်မတတ်ရင် ကံကျအောင်သွားတယ် ကံက တဏှာ, ဥပါဒါန်ရဲ့ ဩဇာခံပဲ၊ တဏှာ, ဥပါဒါန် ဩဇာခံဆိုရင် ကောင်းကျိုးပေးနိုင်ဖို့မရှိဘူး၊ မကောင်းကျိုးသာ ရဖို့ရှိတော့တယ်၊ ရိပ်မိပလား?။ ကံကောင်းလို့- မကောင်းလို့နဲ့ မဆိုင်ဘူး၊ ဒီကံက တဏှာ, ဥပါဒါန်ရဲ့ ဩဇာခံဖြစ်လေတော့… ဒီတဏှာ, ဥပါဒါန်တို့က ခိုင်းရာ, စေရာ အပါယ်သွားရမှာ၊ အပါယ်ဇာတိရကြမှာပဲ၊ သဘောပါပလား?။
အပါယ်ကျရတာ ဘာ့ကြောင့်လဲ?
သတ္တဝါတွေ အပါယ်ကျရတာ ဘာ့ကြောင့်လဲ?၊ ဒီမျက်လုံးကလေး မဖွင့်တတ်ကြလို့ပဲဆိုရင် မမှားပါဘူး၊ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သံသရာကြီး ဒီကျအောင် လည်လာကြရတာဟာ ဘယ်သူ့လက်ချက်ထင်သလဲ?၊ မျက်လုံးမဖွင့်တတ်လို့ သံသရာကြီး ဒီကျအောင်လည်ရတာပဲဆိုတာ ဆုံးဖြတ်ချက်ချ၊ ပေါ်ကြပလား?၊ ဒီဟာအစက ပါလာတာ မဟုတ်ပါဘူး၊ ဒကာတို့တစ်တွေ ကိုယ်လုပ်လို့ဖြစ်လာတဲ့ ပဋိစ္စသမုပ္ပါဒ်ပဲလို့ မှတ်ကြ၊ ရှင်းပလား?။
ဒကာ-ဒကာမတွေ သံသရာကြီးထဲမှာ ပဋိစ္စသမုပ္ပါဒ်လမ်းအတိုင်း လျှောက်ပြေးနေကြရတာ၊ ဒီလိုပြေးနေရတာ ဘယ်သူ့ကြောင့်မှ မဟုတ်ဘူး၊ ကိုယ်ကိုယ်တိုင် လုပ်လို့ ပြေးရတာပဲ၊ ဒကာတို့ လုပ်သမျှ ဒကာတို့ ရကြတာပဲဆိုတာ မှတ်လိုက်ကြ၊ သံသရာတစ်လျှောက်မှာ ဉာဏ်မပါဘဲနဲ့ ရမ်းသွားကြ-ရမ်းလုပ်ကြ၊ ဒီတော့… တစ်ခုမှ အမှန်မကျကြဘူး၊ မှားတာနဲ့ လွဲတာချည့် လုပ်မိကြတော့တယ် ဒါကြောင့် တို့ဒကာတွေ ဉာဏ်အရေးကြီးတယ်၊ ပညာဟာ အဓိက အရေးကြီး တယ်လို့ ပြောလိုက်ပါတယ်။
ဒကာ-ဒကာမတွေ စိတ်ထဲက ဘုရားတွေတည်၊ ကျောင်းတွေဆောက်၊ လှူကြဒါန်းကြနဲ့၊ တို့တော့ အပါယ်မသွား တော့ဘူးလို့ အောက်မေ့နေကြတယ်၊ ကိုယ့်ဟာကိုယ် စိတ်ချနေကြတယ်၊ ကိုယ်ပိုင်ဉာဏ်နဲ့ပဲ စဉ်းစားကြပါ၊ မလွယ်ပါ ဘူး၊ ဒီမျက်လုံးဖွင့်တိုင်း ဖွင့်တိုင်း လုပ်နေတဲ့ ကံတွေစုမိတဲ့ ကံတွေကသာ များပါတယ်၊ ဒီလိုဒွါရခြောက်ခုက ကံတွေ ကသာများပြီး ဒကာတို့ လှူဒါန်းပေးကမ်းတဲ့ ကံက အလွန်နည်းပါတယ်၊ ဒီတော့ အပါယ်လွတ်ဖို့ လွယ်ပါ့မလား?၊ မလွယ်ဘူး၊ မျက်လုံးတစ်ပေါက်အတွက်တောင် မနိုင်နိုင်ပါဘူးလို့ ပြောလိုက်ပါတယ်၊ ရိပ်မိကြပလား?။
နားပေါက်ကလည်း ကြားတိုင်း, ကြားတိုင်း ကံတွေစုမိတာ
ဒကာတို့တစ်တွေ အလေးအနက်စဉ်းစားကြ၊ နားပေါက်ကလည်း ကြားတိုင်း, ကြားတိုင်း ကံတွေစုမိတာ အပါယ်ရောက်ကြောင်းကျမှ ရပ်တော့တာချည့်ပဲ၊ ဒကာတို့က ပေါ့ပေါ့ကလေးနဲ့ ကျုပ်တို့ ဘာအကုသိုလ်မှ မရှိဘူး၊ မကောင်းတာဟူသမျှ ဘာမှမလုပ်ဖူးတဲ့၊ ပြောတတ်ကြတယ်၊ ဒီလိုပြောတာ အမှန်မသိလို့ ပြောတာ၊ အမှန်မမြင်တော့ အထင်နဲ့ ရမ်းပြောနေတာပဲရှိတယ်၊ သဘောပါပလား?၊ လေးလေးနက်နက်စဉ်းစားကြ၊ နားက ကြားတိုင်း- ကြားတိုင်းပဲ အပါယ်ကံတွေ စုစုနေမိတယ်၊ ခဏ, ခဏ နေ့တိုင်းကြားနေရတော့ ဒကာတို့မှာ အပါယ်ရိက္ခာတွေ နားတစ်ပေါက်ထဲ နဲ့တွင် အများကြီး စုမိရက်-စုမိရက် ဖြစ်နေကြတော့တာပဲ၊ ရှင်းပလား?။
ဒီသဘောအတိုင်း နှာခေါင်း, လျှာ, ကိုယ်, စိတ် ဆိုတဲ့ ဒွါရတွေကလည်း အပါယ်ရိက္ခာတွေ ထပ်တလဲလဲ စုမိ နေကြတာပါပဲ၊ တဒွါရ တဒွါရမှာ အများကြီး အများကြီး၊ ဒီသဘောအတိုင်း သွားကြမှာပဲ၊ ဒီတော့ တို့-ဒကာတွေ ဘယ်လိုများ စဉ်းစားကြမလဲ?၊ အလွန်ကြီးတဲ့ အရေးပါလားလို့ ဆုံးဖြတ်ချက်ချ၊ ဒါကြောင့် တို့-ဒကာတွေ ဝိပဿနာ အလုပ်မှ ကယ်နိုင်ယူနိုင်မှာ ဝိပဿနာအလုပ် လုပ်ကြလို့ တိုက်တွန်းလိုက်တယ်၊ ဝိပဿနာကင်းရင်ဖြင့် သက်သာဖို့ မမြင်တော့ဘူး၊ ဒီကံက မနောကံပဲ၊ ဒါန, သီလဟာ ကာယကံ-ဝစီကံလောက်သာ လုပ်နိုင်တာ။
အပါယ်လမ်း ခြောက်ပေါက်ပိတ်နိုင်အောင် ဝိပဿနာ ရှုကြရမယ်
မနောကံ အတွက်က ပိုပြီးအရေးကြီးတယ်၊ သူက ရှေ့သွားဖြစ်တယ်၊ ဒီကံနဲ့ လုပ်တဲ့ အပါယ်သွားပေါက် ခြောက်ပေါက်က အမြဲတမ်း ဟင်းလင်းကြီး ပွင့်နေတယ်၊ ရိပ်မိကြပလား?။ ဆရာသမားက ဒီအပေါက်တွေ ပိတ်မပေးခဲ့ ရင် ကျွတ်ဖို့ လွတ်ဖို့ မမြင်တော့ဘူးလို့ မှတ်လိုက်ကြ၊ ဒါကြောင့်… ဒီ-အပါယ်လမ်း ခြောက်ပေါက်ပိတ်နိုင်အောင် ဝိပဿနာ ရှုကြရမယ်၊ ဝိပဿနာရှုရင် တဏှာ-ဥပါဒါန်ပြုတ်မယ်၊ တဏှာ-ဥပါဒါန် ပြုတ်ရင် ဒီ-ကံပါပြုတ်မယ်၊ ဒီ-ကံက ကြောက်စရာမရှိဘူး၊ တဏှာ-ဥပါဒါန်ကို ကြောက်ရမယ်။
တဏှာ-ဥပါဒါန်က သမုဒယသစ္စာပဲ၊ ဒုက္ခကို သူလုပ်ပေးတာ သူလုပ်ပေးလို့ ဒုက္ခအစုရကြတာ၊ သူ့ကိုသာ ကြောက်ဖို့လိုတယ်လို့ မှတ်ကြ၊ ဒါကြောင့် ဒကာတို့တစ်တွေ သူ့ကို ပြုတ်အောင် ဖြုတ်ကြဖို့ လုပ်ကြရမယ်၊ သူ့-ဖြုတ် ရင် ကံတွေ အကုန်လုံး အဟောသိကံ ဖြစ်ကြမယ်၊ ရှင်းကြပလား?။ ဒကာတို့ ဒီဘဝမှာ လုပ်ထားကြ စုထားကြတဲ့ ကံတွေ၊ သေသည်၏အခြားမဲ့မှာ ရဖို့ရောက်ဖို့ကံတွေက အဆင်သင့်ပဲ၊ ဒီကသေပြီး ဇာတိချောက်ထဲ ဇရာချောက်ထဲ ကျရမယ်၊ နောက်-ဗျာဓိချောက်, မရဏချောက် ဒကာတို့ လုပ်တဲ့ကံက ချလို့ ကျကြရမှာ၊ ရှင်းကြပလား?။
ဆရာကောင်းကို ရှာကြ
ဒါကြောင့် ဘုရားက ဒကာတို့တစ်တွေကို သနားတော်မူလို့ ထပ်ခါတလဲလဲ အကြိမ်ပေါင်းများစွာ နှစ်ရာကျော် သုံးရာမက မှာကြားတော်မူခဲ့တယ်၊ “နည်းမှန်ပြတတ်တဲ့ ဆရာကောင်းကို ရှာကြ” “ယထာဘူတံ ဉာဏာယ သတ္ထာ ပရိယေသိ တဗ္ဗော” လို့ မှာတော်မူခဲ့တာပဲ၊ ဒါကြောင့် အခုဆရာသမားက ဟောပြောပြပေးနေရတာ၊ ဒါကို သာမညများ မမှတ်လိုက်ကြနဲ့၊ အလွန်ကြီးတဲ့ အရေးပဲလို့ မှတ်ပြီး အလွန်ကို အရေးကြီးလို့သာ မှာတော်မူတာပဲလို့ ဆုံးဖြတ်ချက်ချ၊ သဘောပါကြပလား?။
ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ဉာဏ်ကမပါတော့ ဒီလမ်းကလွဲရင် ဒီပြင်မရှိကြဘူး ဒီလမ်းကလွဲလို့လည်း မသွားတတ်ကြဘူး၊ ဒီလမ်းချည့်ပဲ၊ ဒီဇာတိ, ဇရာ, ဗျာဓိ, မရဏ လမ်းချည့်ပါပဲ၊ ရိပ်မိပလား?။ ဒကာတို့တစ်တွေ အခု လူ့ပြည်လာပြီး ဘာတွေ စုမိနေသလဲ သိကြရဲ့လား?။ ဒီဒွါရခြောက်ခုနဲ့ရင်းပြီး ဒီမကောင်းတဲ့ကံတွေ စုမိကြတာပဲ ရှိပါတယ်၊ ရှင်းကြပလား?။
ဒကာ-ဒကာမတို့ ပြုထားတဲ့ ဒါန၊ သီလ၊ ကုသိုလ်ပြုသမျှကလေးဟာ ဒီကံလောက်မများဘူး၊ ဒီကံနဲ့ နှိုင်းစာလို့ မရနိုင်လောက်အောင် ကွာပါတယ်၊ သူက အမြဲတမ်း ရှိပြီး အမြဲတမ်းဖြစ်နေတာ၊ တဒွါရမဖြစ် တဒွါရဖြစ်ဆိုသလို လပ်တဲ့အခါရယ်လို့ မရှိတော့ဘူး၊ ဒီတော့ ဒီ-ကံတွေအတွက် ဒကာတို့တစ်တွေမှာ အများကြီး ဝန်လေးရမယ်၊ လေးမှန်း မသိလို့သာ အေးအေးဆေးဆေး နေနိုင်ကြတာပါ၊ ဒါကို ဉာဏ်နဲ့ကြည့်ပြီး အမှန်သိအောင် ကြိုးစားကြ၊ ညွှန်ကြားတဲ့ ဆရာသမားနဲ့ ကြုံကြိုက်တုန်းမှာ ပေါ့မနေကြနဲ့လို့ ပြောလိုက်ပါတယ်။
ကြောက်ရမှာက တဏှာ ကြောက်ရမှာ
မျက်လုံးဖွင့်တာ တဏှာ-ဥပါဒါန်ဆိုပြီး ကံရောက်တော့တာပဲ၊ ကျန်တဲ့ နား, နှာ, လျှာ, ကိုယ်, စိတ်ကလည်း ဒီလိုစုမိနေတာပဲ၊ ဒီထဲမှာ ဒကာတို့တစ်တွေက အကုသိုလ်ကံ- မကောင်းတဲ့ကံ ကြောက်ပါတယ်လို့ ပြောကြတယ်၊ အမှန်က ကံကိုကြောက်ဖို့ မလိုဘူး၊ မကောင်းတဲ့ကံ မကြောက်နဲ့၊ ကြောက်ရမှာက တဏှာ ကြောက်ရမှာ၊ တဏှာကို ကြောက်ကြလို့ သတိပေးလိုက်တယ်၊ တဏှာကြောက်ရင် တဏှာမလာအောင်, တဏှာချုပ်အောင် လုပ်ရမယ်၊ တဏှာ ချုပ်ရင် “တဏှာ နိရောဓော နိဗ္ဗာနံ”ပဲ၊ နိဗ္ဗာန်ပေါ်တာပဲလို့ မှတ်ကြ၊ ရှင်းကြပလား?။
ဒါကြောင့်… ကံထက် တဏှာ-ဥပါဒါန် ကြောက်ကြ၊ ဒါကြောက်ပြီး ချုပ်အောင် လုပ်ရမယ်၊ မလာရင် တဏှာ ပယ်လိုက်တာပဲ၊ တဏှာ-သမုဒယ ပယ်လိုက်တော့ ကံတွေရှိသမျှ အကုန် အဟောသိကံ ဖြစ်သွားမယ်၊ သိမ်းဆည်း ထားတဲ့ တဏှာဥပါဒါန်က မရှိဘူး၊ မရှိအောင် မဂ်က ပယ်ချလိုက်တော့ ကံတွေ ရှိသမျှ ဖရိုဖရဲဖြစ်ကုန်ကြတော့တယ်၊ သဘောပါကြပလား?။ ဒါကြောင့် တို့-ဒကာ-ဒကာမတွေ တဏှာသတ်နိုင်တဲ့ ဉာဏ်အရေးကြီးတယ်လို့ ဆုံးဖြတ်ချက်ချ၊ ဒွါရခြောက်ခု ဖွင့်တိုင်း တဏှာမကူးခင် ဉာဏ်နဲ့ ဦးအောင်သတ်ကြ။
တဏှာတော့ မကူးကြစေနဲ့
တဏှာ-ဥပါဒါန်နဲ့ သိမ်းဆည်းတဲ့ အကုသိုလ်ကံတွေဟာ ဒွါရ (၆) ခု တံခါးခြောက်ပေါက်က နေရာမလပ်ဘူး၊ ဘယ်-အပေါက်ကမှ မကောင်းဘူး၊ ရှုဉာဏ်မပါရင် ဉာဏ်ဦးမစီးရင် ဖွင့်တိုင်း-ဖွင့်တိုင်း ကိလေသာထု တက်ဖို့ပဲရှိတယ်၊ ကိလေသာတော ထ,ဖို့ပဲရှိတယ်၊ ရှင်းကြပလား?။ ဒါကြောင့် မျက်လုံးဖွင့်လို့ မြင်စိတ်ပေါ်ရင် ဒီမြင်စိတ်ကို ဖြစ်ပျက်ရှု၊ ဒါမမိရင် ဝေဒနာမိအောင်ရှု၊ တဏှာတော့ မကူးကြစေနဲ့၊ တဏှာကူးရင် ကံ ထပ်စုဦးမယ်၊ တဏှာမကူးခင် တချက်ချက် မိအောင် ရှုပေးကြ၊ သဘောပါပလား?။
မျက်လုံးဖွင့်တော့ အဆင်းနဲ့တည့်ပြီး မြင်စိတ်ပေါ်၊ ဖဿဖြစ်၊ ဝေဒနာလာ၊ တဏှာ-ဥပါဒါန်က ဆက်တိုက် လာတော့တာပဲ၊ ဒွါရတစ်ခုခုဖွင့်လိုက်တိုင်း အကုသိုလ်ထုတွေချည့် လာနေမှာပဲ၊ ခြားထဲမှာ မဂ္ဂင်ငါးပါးနဲ့ ရှုဉာဏ် ဝင်ပေးရမယ်၊ ရှုဉာဏ်နဲ့မှ တားနိုင်, ဆီးနိုင်, ပိတ်ပင်နိုင်မယ်၊ သူမပါရင် ဘယ်လိုမှ မတတ်နိုင်ဘူး၊ ကိလေသာတောထ, မှာချည့်ပဲ မှတ်လိုက်ကြ၊ နားလည်ကြပလား?။ ကျုပ် အကုသိုလ်ကြောက်လို့ အကုသိုလ်ဝင်မှာ စိုးလို့ မေတ္တာပို့နေပါတယ်၊ ပရိတ်ရွတ်နေပါတယ်ဆိုပေမဲ့ မရဘူး ပရိတ်ရွတ် မေတ္တာပို့နေတဲ့ ခြားထဲကကို တဏှာ, ဥပါဒါန်, ကံတွေလာနေကြတာ ပါ၊ ရိပ်မိကြပလား?။ အကုသိုလ်ကြောက်ရင် မျက်လုံးပိတ်ထားကြဖို့ရှိတော့တယ် ကျေနပ်ပလား?။
ဒုက္ခကင်းအောင် ဘာလုပ်ရမလဲ?
ဒီ-ဉာဏ်မပါရင် ဘုရားရှိခိုးရင်းလည်း မလွတ်ပါဘူး၊ တဏှာ ဥပါဒါန်, ကံတွေ လာနေတာပဲ ဒီတော့… ဘုရားရှိခိုးတဲ့အခါ ဒီခန္ဓာကို မလိုချင်လို့၊ ဒီဒုက္ခခန္ဓာက လွတ်အောင် ကျွတ်အောင်လို့ ရှိခိုးတယ်လို့ အာရုံထားကြ၊ အာရုံထားပြီး ရှိခိုးကြ၊ ဒါမှ အကုသိုလ်က ကံမကောင်းတာက လွတ်မှာ၊ သဘောပါကြပလား? ဒကာ-ဒကာမတွေကို မေးလိုက်တယ်၊ ဒုက္ခလွတ်အောင်, ဒုက္ခကင်းအောင် ဘာလုပ်ရမလဲ?၊ လက်သယ်အရင်းကျကျ ဘယ်သူ့ဖြတ်မှ ဒုက္ခ ဇာတ်သိမ်းမလဲ?။ တဏှာဖြတ်မှ တဏှာဖြတ်ရင် ဒုက္ခဇာတ် အကုန်သိမ်းမယ်လို့ မှတ်ကြ။
စူဠပုံရဲ့အစကို မဟာပုဏ္ဏမထေရ်ကို ဘုရားရှင်က ဟောတာမှာလည်း တဏှာဖြတ်မှ ဒုက္ခဇာတ်သိမ်းမယ်၊ ဒုက္ခငြိမ်းအောင်, ဒုက္ခဇာတ်သိမ်းအောင် တဏှာဖြတ်ရမယ်၊ တဏှာပြတ်တဲ့အကျင့်၊ တဏှာချုပ်တဲ့အလုပ်ကို လုပ်ရမယ် လို့ ဟောတော်မူထားတယ်၊ တဏှာနိရောဓော နိဗ္ဗာနံ၊ တဏှာချုပ်ရင် ကံကို မကြောက်နဲ့တော့၊ တဏှာချုပ်ရင် ကံတွေ အကုန်ရုပ်သိမ်းပြီး နိဗ္ဗာန်လာတာပဲ သဘောပါကြပလား?။ ဒီတော့ တို့ဒကာ-ဒကာမတွေ တဏှာချုပ်အောင် မဂ္ဂင်အလုပ် လုပ်ကြရမယ်၊ ရှင်းကြပလား?။
ဥပမာ အဆင်းရုပ်ကလေးကို ဉာဏ်နဲ့ကြည့်ရင် ဖောက်ပြန်ပျက်စီးနေတာသာ တွေ့ရမယ်၊ အဆင်းရုပ်ကလေး ဖောက်ပြန်တိုင်း, ပြောင်းတိုင်း-ပြောင်းတိုင်း “အဆင်းရုပ် ငါ့ကိုယ်, ငါ့ဟာ, ငါ့ဥစ္စာမဟုတ်”လို့ ရှုဉာဏ်ဝင်လိုက်၊ မဂ္ဂင်ဝင်ပေးလိုက်၊ ရှုဉာဏ်မဂ္ဂင်ငါးပါးပါတယ်၊ ရှင်းပလား?။ ဒီလိုရှုနိုင်ရင် ဒီအထဲမှာ မြင်စိတ်, မျက်လုံးရုပ်, ဖဿတွေ ပါ ချုပ်သွားရော၊ နောက်… လာမဲ့ မကောင်းတာတွေ အကုန်ချုပ်တော့တာပဲ၊ ကျေနပ်ပလား?။
ပေါ်လာသမျှ အမိအရ မလွတ်တမ်း ရှုပေး
ဒီလိုမရှုမိရင် မြင်စိတ်ကို မိအောင်ရှု၊ မြင်စိတ် ဖြစ်ပျက်ပဲ၊ ဒီမြင်စိတ်ကလေးဟာ စက္ခုနဲ့ ရူပါရုံ တိုက်ဆိုင်လို့ သာ ပေါ်လာတာပဲ၊ အကြောင်းကုန်တော့- သူလည်းမရှိဘူး၊ ငါ့ကိုယ်-ငါ့ဟာ ငါ့ဥစ္စာ မဟုတ်ပါဘဲကလားလို့ သိရင် အနတ္တသိတာပဲ၊ ဒီနည်းအတိုင်း တံခါးခြောက်ပေါက်မှာ ပေါ်လာသမျှ အမိအရ မလွတ်တမ်း ရှုပေး၊ ဉာဏ်နဲ့ ကြည့်ပေး ကြရမယ်၊ ရှုတော့…
၁-ငါ့ကိုယ်, ငါ့ဟာ, ငါမဟုတ်တာက အနတ္တ၊ ဒုက္ခသစ္စာ။
၂-ရှုတာက ရှုတဲ့ ဉာဏ်က မဂ္ဂ မဂ္ဂသစ္စာ။
၃-သေတာက တဏှာ, သမုဒယ၊ သမုဒယ သစ္စာ။
၄-ငြိမ်းတာ-ချုပ်တာက နိရောဓ၊ နိရောဓသစ္စာ။
၁-မြင်စိတ် ဖြစ်ပျက်က ဒုက္ခ။
၂-သိတာက သိတဲ့ဉာဏ်က မဂ္ဂ။
၃-တဏှာ-ဥပါဒါန်သေတာက သမုဒယသေတာ။
၄-သမုဒယသေတော့ ဒီနေရာမှာ နိရောဓ ပေါ်လာတယ်၊ ကျေနပ်ပလား?။
ငါ့ကိုယ် ငါ့ဟာ, ငါ ထင်တာက သမုဒယပဲ
ဒကာ-ဒကာမတွေ အခုပြောမှာက “ဆ,ဆက္ကသုတ်” မှာလာတဲ့ အဓိပ္ပာယ်လို့ မှတ်ကြရမယ်၊ မျက်လုံးရုပ်ကို ငါ့ကိုယ် ငါ့ဟာ, ငါ ထင်တာက သမုဒယပဲ၊ အထင်ခံရတာက ဒုက္ခသစ္စာ၊ မျက်လုံးက ဒုက္ခသစ္စာလို့ မှတ်ကြ၊ မရှုဘဲနေတဲ့ အတွက် တဏှာ မာန, ဒိဋ္ဌိဖြစ်လာတယ်၊ အဲဒီလို မရှုဘဲနေတဲ့အခါ တဏှာ, မာန ဒိဋ္ဌိတွေက သမုဒယသစ္စာပဲလို့ မှတ်ကြ၊ သဘောပါကြပလား?၊ ဝိပဿနာမရှုမိရင် ဒီဒုက္ခနဲ့ သမုဒယ နှစ်ပါးမှာပဲ ချာချာလည်နေကြရမယ်၊ ဒုက္ခပြီး သမုဒယ၊ သမုဒယပြီးတော့ ဒုက္ခ၊ ဒီနှစ်ပါးအပြင် ဘာမှဖြစ်စရာမရှိဘူး၊ ရိပ်မိကြပလား?။
တို့-ဒကာ-ဒကာမတွေမှာ ဆရာသမားနဲ့ မတွေ့ရခင်က ဒီနှစ်ပါးပဲ ဆက်တိုက်ဖြစ်နေကြတော့တယ်၊ သဘောပါ ပလား?၊ အခုလို ဆရာသမားနဲ့ တွေ့ရတော့မှ ဆရာသမားက နည်းလမ်းညွှန်ပြလို့ အမှန်ရပြီး ရှုတတ်ကြတယ်၊ ရှုဉာဏ်ရလို့ ရှုတော့… ငါ့ကိုယ်, ငါ့ဟာ, ငါ မဟုတ်ပါလားလို့ အမှန်မြင်ရတယ်၊ မြင်တော့ ရှုတာက မဂ္ဂ၊ တဏှာ စသည်ချုပ်တာက သမုဒယသေတာ မြင်စိတ်က ဒုက္ခသစ္စာ၊ ရှုတာက မဂ္ဂသစ္စာ ဖြစ်လာတယ်၊ ပေါ်ကြပလား?။ ခန္ဓာမှာပေါ်သမျှ ဖြစ်ပျက်ရှုပေးကြ၊ ရှုတော့… ဖြစ်ပျက်ချည့် မြင်နေရမယ်၊ မြင်နေတော့ ဖြစ်ပျက်အနတ္တ။
ရှုတဲ့သူမှာ နိရောဓသစ္စာ၊ မဂ္ဂသစ္စာ နှစ်ပါး ရကြမယ်။
မရှုတဲ့သူမှာ ဒုက္ခသစ္စာ၊ သမုဒယသစ္စာ နှစ်ပါးရကြမယ်။
ရုပ် နာမ်, အနတ္တ အဆုံးမှာ
ရှုတော့ အနတ္တမြင်ရမယ်၊ အနတ္တ အမြင်များတော့ အနတ္တ မုန်းလာမယ်၊ အနတ္တ မုန်းပြီးရင် အနတ္တဆုံးသွား ပြီး နိရောဓသစ္စာပေါ်လာတယ်လို့ မှတ်ကြ၊ အနတ္တအဆုံးမှာ အနတ္တပဲ ဝင်လာတယ်လို့ မှတ်ရမယ်၊ အဓိပ္ပာယ်က ရုပ် နာမ်, အနတ္တ အဆုံးမှာ ရုပ်နာမ်မရှိတဲ့ အနတ္တပေါ်လာတယ်လို့ ဆိုလိုတယ်၊ ရှင်းကြရဲ့လား?။
ဒါကြောင့် ဒကာ-ဒကာမတွေ မိမိခန္ဓာမှာ ဉာဏ်နဲ့ ရှုကြ၊ ဘာလာလာ မလွတ်အောင် ရှုပေး၊ မျက်လုံးစိတ် ကလေး ပေါ်လာလည်း ဖြစ်ပျက်ရှုပေး၊ အရှုများလို့ ဉာဏ်တက်လာရင် အမှန်မြင်မယ်၊ ဉာဏ်ထဲက ငါ့ကိုယ်, ငါ့ဟာ, ငါမဟုတ်လို့ ပျက်သွားတာပဲလို့ အနတ္တဉာဏ်ပေါ်မယ်၊ ဒွါရခြောက်ခု ဘယ်က ဝင်လာလာ, ဘာပဲတွေ့တွေ့ ဖြစ်ပျက်မိ အောင် ရှုပေးကြ၊ စိတ်တွေလာတိုင်း ဖြစ်ပျက်ရှုကြ၊ ရှုမှ နိရောဓနဲ့ မဂ္ဂင် နှစ်ခုပေါ်မှာ မရှုရင် ဒုက္ခ သမုဒယ ဒုက္ခ အစုကြီး ပြန်ရဖို့ပဲရှိတယ်၊ သဘောပါကြပလား?၊ ကြိုးစားကြ။
ဒါကြောင့် ရှုတတ်အောင် ရှုကြလို့ တိုက်တွန်းလိုက်တယ်၊ ဒကာ-ဒကာမတွေ ရှုတတ်ကြပလား?။ မရှင်းမလင်း ဖြစ်နေရင် ဆရာသမား လျှောက်ထား၊ အချင်းချင်း ဆွေးနွေးမေးမြန်းကြ၊ မရှုတတ်ရင် တပည့်တော်တို့ မျက်လုံးပေါက်က အနာရ၍ သေခြင်းဆိုးနဲ့ သေရပါလို၏လို့ ဆိုလိုတာပဲ၊ ကျေနပ်ပလား?။ ပေါ့တန်နေဖို့ အချိန်မဟုတ်တော့ဘူးလို့ အထူးတလည် သတိပေးလိုက်ပါတယ်။
ကိုင်း… ယနေ့ ဒီတွင်ပဲ တော်ကြဦးစို့၊ အချိန်စေ့သွားပြီ။
