20306

အနတ္တဉာဏ်မြင် နိဗ္ဗာန်ဝင် တရားတော်

အနတ္တနှစ်မျိုး

(၁) အုပ်ချုပ်ရေးရှိသော-အနတ္တ။

(၂) အုပ်ချုပ်ရေးမရှိသော-အနတ္တ။

(၁) အကြောင်း အနတ္တဖြစ်၍ အကျိုးအနတ္တဖြစ်သော ကြောင်း,ကျိုးဆက်ဆက် ဖြစ်ပျက် အနတ္တ၊ ရုပ်, နာမ်, အကြောင်းအကျိုး ဆက်ဆက်များ ခန္ဓာငါးပါး။

(၂) သတ္တဝါအလို၊ ပုဂ္ဂိုလ်အကြိုက်၊ ကိုယ့်စရိုက် မလိုက်မပါသော အနတ္တ၊ ရုပ်,နာမ် ခန္ဓာငါးပါး။ ။

ဆောင်ပုဒ်။

တဏှာ,မာန၊ ဒိဋ္ဌိက၊ သုံးဝ ပပဉ္စာ။

ပပဉ္စပင်၊ ရှိလေလျှင်၊ ချဲ့ထွင်သံသရာ။

လူ,နတ်,တိရစ္ဆာန်၊ သံသာရံ၊ ဖန်ဖန်လှည့်လည်ကာ။

အို,နာ,သေ,မွဲ၊ ရှင်သေကွဲ၊ ဆင်းရဲထက်ကြပ်ပါ။

မသိမိုက်တူး၊ ပျော်ယစ်မူူး၊ အရူးသွက်သွက်ခါ။

ရုပ်, နာမ်, ပေါ်တွင်၊ ဖြစ်ပျက်မြင်၊ ဉာဏ်ဝင် အနတ္တာ။

အနတ္တနောက်မှ မဂ်ဝင်က၊ သေကြပပဉ္စာ။

ပပဉ္စဓာတ် သေအောင်သတ်၊ အမြတ်နိဗ္ဗူတာ။

သတိချပ်။

ဘုရားပွင့်မှ၊ ပေါ်လာရ၊ အနတ္တဒေသနာ။

ဘုရားနှင့်ကြုံ၊ နာခွင့်ဆုံ၊ ကြည်ယုံအားသစ်ရာ။

မသိမိုက်မဲ၊ တစ်ခါလွဲ၊ ဆင်းရဲသက်ရှည်ကြာ။

အပူမဆုံး၊ ငိုမဆုံး၊ ပျက်ပြုန်းရခန္ဓာ။

အပူကြီးဆိုက်၊ လောင်မီးမြိုက်၊ ပန်းဟိုက်ငရဲရွာ။

တရားသား။ ။

အနတ္တက နှစ်မျိုးရှိတယ်

ဒကာ, ဒကာမတွေကို ဒီကနေ့ ညမှာ အနတ္တသဘောကို ပြောလိမ့်မယ်လို့ မှတ်ကြ၊ ပထမအနေနဲ့

အနတ္တက နှစ်မျိုးရှိတယ်၊ အဲဒီနှစ်မျိုးရဲ့အဓိပ္ပာယ်ကို ခွဲခြားပြီး ပြောလိမ့်မယ်ဆိုတာ သိထားကြ၊ အနတ္တဆိုတဲ့သဘောဟာ ပင်ကိုယ်သဘာဝ စွန့်တဲ့အဓိပ္ပာယ်ပါပဲ၊ အခုပြောမဲ့ အနတ္တက သံယုတ်ပါဠိတော် အနတ္တ လက္ခဏသုတ်မှာလာတဲ့ အနတ္တလို့ မှတ်ကြ၊ သဘောပါကြပလား?။

ဒကာ, ဒကာမတွေ မိမိခန္ဓာမှာ ဉာဏ်နဲ့ရှာကြည့်ရင် အနတ္တသဘာဝအမှန်သဘောကို တွေ့ကြ,မြင်ကြမယ်လို့ မှတ်လိုက်ကြ ခန္ဓာရဲ့သဘောက ပူလိုက်, အေးလိုက်, လှုပ်လိုက်, ငြိမ်လိုက်နဲ့ အမြဲတစေ ဖောက်ပြန်ပျက်စီးနေတယ်၊ မဖောက်ပြန်တဲ့အချိန် မပျက်စီးတဲ့အချိန်ရယ်လို့ လုံးဝမရှိပါဘူး၊ မိနစ်, စက္ကန့်မလပ်အောင် ဖောက်ပြန်ပျက်စီးနေကြ တယ်လို့ မှတ်ကြ၊ ဒါကို ကိုယ်တိုင်,ကိုယ်ကျ အမှန်သိရအောင် ကိုယ့်ခန္ဓာမှာ ဉာဏ်နဲ့ ကြည့်ရမယ်လို့ ဆုံးဖြတ်ချက်ချ၊ ခန္ဓာကိုယ်ထဲမှာ ဉာဏ်နဲ့စိုက်ကြည့်ရင် အမှန်သဘာဝ သိရ, မြင်ရမယ်လို့ ပြောလိုက်ပါတယ် သဘောပါကြပလား?။

အစိုးမရ အနတ္တသဘော

ခန္ဓာမှာ ဉာဏ်နဲ့ကြည့်တော့ ရုပ်သဘော, နာမ်သဘောတွေဟာ ပူချည်-အေးချည်၊ ကောင်းချည်-ဆိုးချည် စသည်ဖြင့် သူ့သဘောနဲ့သူ ဖြစ်လာပြီး, ပျက်သွား၊ ဖြစ်လာပြီး, ပျက်သွားနဲ့ နေကြတာပဲ တွေ့ရမယ်၊ ဒီထဲမှာ ငါရှိ သလား?၊ သူရှိသလား?၊ ပုဂ္ဂိုလ်သတ္တဝါရှိသလား? ဆိုပြီး သေသေချာချာ ဉာဏ်နဲ့ ရှာကြည့်တော့ ပင်ကိုယ်သဘောစွန့်တဲ့ အစိုးမရ အနတ္တသဘောပဲ မြင်ရတယ်၊ ရုပ်ကြည့်တော့ အခု အေးပြီး ချက်ချင်း ပူတယ်၊ ဝေဒနာကြည့်တော့လည်း အခု သုခ၊ တော်တော်ကြာ ဒုက္ခဖြစ်၊ နောက်, တော်တော်ကြာပြန်တော့ ဥပေက္ခာရောက်၊ မပိုင်မနိုင်တဲ့သဘောတွေပဲ။

ဒကာ, ဒကာမတွေ ဒီထဲမှာ တစ်ခုမှ မပိုင်ကြ မဆိုင်ကြပါဘူး ရိပ်မိကြပလား?၊ သညာကြည့်တော့လည်း ဒီသဘောပါပဲ၊ သူမှတ်လိုက်, ငါလို့မှတ်လိုက်, သားမှတ်လိုက်, သမီးမှတ်လိုက်နဲ့ သူ့သဘောအတိုင်း သူဖြစ်နေတာပါ၊ အပိုတစ်ခုမှ မပါဘူး စေတနာလည်း ထို့အတူပါပဲ ဝိညာဏ်လည်း ဒီအတိုင်းပဲ ရုပ်နာမ်ခန္ဓာ ဘာကိုပဲကြည့်ကြည့်၊ အစိုးမရတဲ့သဘော ပင်ကိုယ်သဘော စွန့်တဲ့သဘောချည့်ပါပဲ၊ ရှင်းကြပလား?၊ ဒါကြောင့်, ဘုရားက “သဗ္ဗေဓမ္မာ အနတ္တာ”တဲ့၊ တရားမှန်သမျှဟာ အနတ္တချည့်ပဲလို့ ဟောတာပဲ တို့ဒကာတွေ သဘောပါပလား?။

သူ့သဘောအတိုင်း သူဖြစ်နေတာပဲ

ကာရကော ဝေဒကော နတ္ထိ, သယံ ဝါသီ အနတ္တာပဲ၊ ပြုလုပ်သူ ခံစားသူမရှိဘူး၊ သူ့သဘောအတိုင်း ဖြစ်ပျက် နေကြတဲ့ သဘာဝတွေပဲ၊ မိမိခန္ဓာမှာ ကြည့်ရင် အမှန်သိရမယ်၊ ခန္ဓာထဲ ကြည့်လိုက်တော့ ပေါ်လာလိုက်, ပျောက်သွား လိုက်၊ ပေါ်လာလိုက်, ပျောက်သွားလိုက်နဲ့ သူ့သဘောအတိုင်း သူဖြစ်နေတာပဲ တွေ့ရမယ်၊ အဲဒါ အနတ္တပဲလို့ ဆုံးဖြတ် ချက်ချ၊ သဘောပါပလား?၊ မိမိခန္ဓာထဲမှာ ကြည့်လို့ ဒီအနတ္တ သဘောမှန်ကိုတွေ့ရင် နောက်က မဂ္ဂင်လိုက်ပေးမယ်၊ အနတ္တနောက်က မဂ်လာတော့ သံသရာချုပ်သွားတယ်၊ သံသရာစခန်း သတ်သွားရော၊ ရိပ်မိကြပလား?။

သဘောကလေးက- အနတ္တ၊ မြင်တာက-မဂ္ဂ၊ သေတာက- ပပဉ္စ။

အမြင်ခံ တရားက – အနတ္တ၊ မြင်တတ်တဲ့ တရားက – မဂ္ဂ၊ သေတာက – ပပဉ္စ။

ပပဉ္စဆိုတာ သံသရာချဲ့ထွင်တတ်တဲ့တရား၊ တဏှာ, မာန, ဒိဋ္ဌိကို ဆိုတာပဲလို့ မှတ်ကြ၊ ရှင်းကြပလား?၊ ဒီအကျိုးတရားတွေ ရစေချင်လို့ ဒီအနတ္တသဘောအမှန်ကို ဉာဏ်နဲ့မြင်အောင် ကြည့်ပေးကြလို့ ဟောခဲ့တယ်။

ကမ္မဿ ကာရကော နတ္ထိ၊ ဝိပါကဿစ ဝေဒကော။

သုဒ္ဓဓမ္မာ ပဝတ္တန္တိ၊ ဧဝံတံ သမ္မဒဿနံ။

အဓိပ္ပာယ်က။ ။ ”အကြောင်းတရားကို ပြုလုပ်ပေးသူ မရှိ၊ အကျိုးတရားကို၊ ခံစားသူလည်း မရှိ၊ သက်သက်သော သဘာဝရုပ်နာမ် တရားတွေသာဖြစ်၍ နေကြလေ၏ ဤသို့သော သဘောအမှန်ကို၊ ဉာဏ်ဖြင့် မြင်အောင်ကြည့်အပ်ပေ၏” လို့ ဆိုလိုတယ်။ ။

အိုပွဲ, နာပွဲ, အသေပွဲ ကြုံရ တော့မယ်

ဒကာ, ဒကာမတွေ အခု လူ့သံသရာထဲမှာ ရောက်နေကြတယ်၊ ရောက်နေတော့ အိုပွဲ, နာပွဲ, အသေပွဲ ကြုံရ တော့မယ် လွှဲဖယ်လို့ မရနိုင်ကြတော့ဘူး၊ အခုပဲ တပွဲပွဲနဲ့ ကိုယ်တိုင်နွှဲနေကြရပြီ၊ ဒီကနေ နောက်, ပဋိသန္ဓေလာတဲ့ အခါလည်း ဒီ, အိုပွဲ, နာပွဲ, သေပွဲ ဆိုက်ရဦးမှာပဲ၊ လူဖြစ်တော့ လူ့ပဋိသန္ဓေနဲ့ အို, နာ, သေ၊ နတ်ဖြစ်တော့ နတ်ပဋိသန္ဓေ, အို, နာ, သေ၊ တိရစ္ဆာန်ပဋိသန္ဓေလည်း ထို့အတူပါပဲ၊ ဒကာ, ဒကာမတွေ မြင်ကြပလား?၊ မြင်အောင်ကြည့်ကြပါ၊ မမြင်ကြရင်ဖြင့် ပြင်ချိန်က သိပ်မရတော့ပါဘူး၊ ရိပ်မိကြပလား?။

ဒကာတို့တစ်တွေ လူ့သံသရာထဲမှာ အိုလမ်း, နာလမ်း, သေလမ်းဆိုတဲ့ ဒီလမ်းကြမ်းပေါ်မှာ လျှောက်နေကြ ရတာ၊ မလျှောက်ချင်လည်း လျှောက်၊ လျှောက်ချင်လည်း လျှောက်ရမှာပဲ၊ မလျှောက်ချင်လို့ မနေရပါဘူး၊ ဒါ ဘာ ကြောင့်လဲ? ရိပ်မိကြရဲ့လား? ဒကာတို့က ခန္ဓာရထားလို့ ခန္ဓာရှိလို့ပဲ ခန္ဓာရှိသူမှန်သမျှ ခရီးမဆုံးတဲ့သူမှန်ရင် ဒီသုံး လမ်း ဒီနေရာသုံးခုပဲ ဆိုက်နေရမှာပဲ၊ ဒီနေရာသုံးခုကလွဲရင် ဒီပြင်မရှိတော့ပါဘူး၊ သဘောပါပလား?၊ ဒီလမ်းဆိုး လမ်းကြမ်းသွားရတဲ့ကြားထဲက သားသေတာ, သမီးသေတာ, ခင်ပွန်းသေတာတွေက ခြားထိုးသေးတယ်၊ နဂိုက အင် မတန်ဆိုးနေတဲ့ အနာပေါ်မှာ တုတ်ကျတာထက် ဆိုးဝါးသေးတယ်၊ ဒီကြားထဲမှာ ကွဲရတာလည်း ခြားထိုးဦးမှာပဲ။

ဒကာ, ဒကာမတွေ ရိပ်မိပလား?၊ ဘယ်ဟာများ ကောင်းတာပါသေးတုန်း?လို့ မေးလိုက်ပါတယ်၊ တချို့က နတ်ပြည်နတ်ရွာကောင်းတယ်လို့ ပြောကြမယ်၊ ဘယ်သူပြောပြော-မယုံကြနဲ့လို့ သတိပေးလိုက်တယ်၊ ဘယ်မှာပဲရောက် ရောက် ဒီ-အို, နာ, သေ, သုံးခုနဲ့ တွေ့ကြမှာချည့်ပဲ၊ ခြားထိုးတာလည်း တွေ့ရမှာပဲ၊ မွဲတာ ကွဲတာလည်း တွေ့ရမယ်၊ ဒီဟာကို ဘယ်သူမှ မလွှဲနိုင် မရှောင်နိုင်ကြဘူး၊ ဒကာတို့တစ်တွေ သိရမှာက ဒီ အို, နာ, သေတွေဟာ ခန္ဓာကလာတာ၊ ခန္ဓာကလာတာမို့ ခန္ဓာရှိသူ ခန္ဓာရသူမှန်က ခွဲခွါလို့ မရကြဘူးဆိုတဲ့အချက်ပဲ၊ ရှင်းပလား?။

ပင်ကိုယ်ကိုက ဒုက္ခခန္ဓာ

ဒီခန္ဓာက ပင်ကိုယ်ကိုက ဒုက္ခခန္ဓာ ဖြစ်နေတော့ ဘယ်သွားသွား ဒီ အို, နာ, သေနဲ့ ခြားထိုးတဲ့ မွဲ,ကွဲ ဒုက္ခ သစ္စာချည့် ရကြမှာပဲ၊ သံသရာထဲမှာ ဘယ်မှာပဲရောက်ရောက် သံသရာ့ခရီးသည်တွေဟူသမျှ ဒုက္ခပင်လယ်ဝေနေမှာ ချည့်ပဲလို့ မှတ်လိုက်ကြ၊ ရိပ်မိပလား?၊ ဒါကို မရိပ်မိရင် အကောင်းကြီး ထင်ပြီး ကျေနပ်နေကြမယ်၊ ဒီအခြေအနေနဲ့ဖြင့် ဟုတ်လှပြီလို့ ထင်ပြီး ပြုံးကြ, ရွှင်ကြ၊ မော်ကြ, ကြွားကြနဲ့ မေ့မေ့လျှော့လျှော့ အချိန်ကုန်ကြမယ်၊ ဒါကြောင့်… မပေါ့ကြနဲ့လို့ သတိပေးလိုက်တယ်၊ ပေါ့နေရင် တိုက်ရိုက်တွေ့တာလည်း မသိ၊ ခြားထိုးတာလည်း မသိဘဲနေကြမယ်၊ သဘောပါကြပလား?။

ဒကာ, ဒကာမတွေ ကိုယ့်အခြေ ကိုယ့်အနေနဲ့ မမော်နိုင် မကြွားနိုင်ကြသေးဘူး၊ မပြုံးကြနဲ့ဦး၊ ပြုံးရင် တိုက်ရိုက်လာတာလည်း မမြင်, ခြားထိုးတာလည်း မမြင်နိုင်တော့ဘူး၊ မမြင်ရင် ရူးလို့ပဲလို့ ဆိုတာမှတ်လိုက်ကြ၊ ဒါဟာ ခန္ဓာ့လမ်းစဉ်ပဲ၊ သူ့လမ်းစဉ်က အို, နာ, သေနဲ့ ခြားထိုးတာက မွဲတာ, ကွဲတာတွေပဲ၊ ရှင်းပလား? ဒကာတို့တစ်တွေ နောက်နောက်ကလည်း ဒါတွေနဲ့ နေခဲ့ကြရတာပဲ၊ ရှေ့လည်း ဒါပဲတွေ့ရမှာပဲ၊ ရိပ်မိပလား?၊ ခန္ဓာရှိသူမှန်သမျှဟာ သံသရာ့ခရီးသည်မို့သာ တွေ့ရတာ အခုတွေ့ရတာဟာ သံသရာ့ခရီးသည်မို့ပဲဆိုတာ ဆုံးဖြတ်ချက်ချ။

ပပဉ္စသေမှသာ သံသရာ့ခရီးဆုံးကြမယ်

ဒါတွေကို တွေ့ရမှာကြောက်ရင် ပပဉ္စသေအောင် လုပ်ရမယ် ပပဉ္စသေမှသာ သံသရာ့ခရီးဆုံးကြမယ် ခရီး မဆုံးသမျှ ဒါတွေက မလွတ်နိုင်ကြဘူး၊ ဒါတွေက လွတ်ချင်ရင် ပပဉ္စကို သတ်ကြလို့ ပြောလိုက်ပါတယ်၊ သဘောပါ ပလား?၊ သေသေချာချာ ဉာဏ်နဲ့စဉ်းစားရင် အနတ္တမြင်ဖို့ အရေးကြီးတယ်၊ အနတ္တမြင်မှ မဂ်က ဝင်လာမယ်၊ ဝင်လာ တော့ ပပဉ္စရုပ်သိမ်းသွားတော့တယ်၊ ဒါကြောင့် ပထမ အနတ္တမြင်အောင် ကြည့်ရမယ်ဆိုတာ ဆုံးဖြတ်ချက်ချ၊ ပပဉ္စ ရုပ်သိမ်းတယ်ဆိုတာ သံသရာစခန်း သတ်တာပဲလို့ မှတ်ကြ၊ ရှင်းပလား?။

ဒကာ, ဒကာမတွေ သံသရာစခန်းသတ်ချင်ရင် အနတ္တဉာဏ်ရအောင် ကြိုးစားကြ၊ မဂ်ရမှ အေးမယ်၊ မဂ်မရ သမျှ ခရီးသည်ပဲ ခရီးသည်ဆိုရင် အို, နာ, သေ, မွဲ, ကွဲနဲ့ ဘယ်အခါမှ အိုးစားမကွဲတော့ဘူးဆိုတာ မှတ်လိုက်ကြ၊ သဘောပါကြပလား?၊ အိုးစားမကွဲသမျှ ဒုက္ခပင်လယ်ဝေနေကြမှာပဲ၊ ဒီတော့ အပူကြီးပူကြဖို့ပဲ ရှိတယ်၊ အအေးတော့ တွေးဖို့ မရှိတော့ဘူးလို့ မှတ်ကြ၊ အအေးမတွေးတော့ အနွေးပဲ အကောင်းဆုံးလုပ်နေရတော့မှာပဲ၊ အနွေးဆိုတာ နှလုံးသွေးပွက်လို့ ထွက်ကျလာတဲ့ မျက်ရည်ပူကို ပြောတာ ကျေနပ်ကြပလား?။

အနတ္တဉာဏ် ရအောင် အားထုတ်ကြရမယ်

တို့ဒကာတွေ အပူကြောက်တာ ဒုက္ခကြောက်တာမှန်ရင် အေးချင်တာ တကယ်ဟုတ်ရင်ဖြင့် အနတ္တဉာဏ် ရအောင် အားထုတ်ကြရမယ်၊ အားထုတ်တဲ့နည်းက မိမိခန္ဓာဉာဏ်နဲ့ ကြည့်ပေးကြဖို့ပဲ၊ ကိုယ်ခန္ဓာမှာ ဉာဏ်နဲ့ကြည့်ရင် ဝေဒနာတစ်ခုခုတော့ တွေ့ရမယ်၊ ဥပမာ… အိုက်တယ်ဆိုတော့ ပူတဲ့ အိုက်တဲ့ ဒုက္ခဝေဒနာပဲ၊ သူ့ကို စိုက်ကြည့်တော့ မမြဲတဲ့အဖြစ်ကို တွေ့ရမယ်၊ ဖြစ်ပေါ်ပြီး ပျက်စီးသွားတဲ့သဘောပဲ ရှိတယ်လို့ ဉာဏ်နဲ့မြင်ရမယ်၊ မမြဲတော့ မမြဲတဲ့ သဘောဟာ အစိုးတရပိုင်ဆိုင်လို့ရတဲ့ သဘောမဟုတ်ဘူး၊ တားလို့ ဆီးလို့ မရဘူး၊ အဲဒါဟာ အနတ္တပဲ၊ ဒီတော့ ဝေဒနာ အနတ္တာလို့ ဉာဏ်လိုက်ရမယ်။

လိုက်တတ်ကြပလား? ခန္ဓာမှာ ဉာဏ်နဲ့ကြည့်ရင် တစ်ခုခုတော့ ဧကန်တွေ့ရမယ်၊ တစ်ခုမရှိရင် တစ်ခုတော့ ရှိနေတာပဲ ကိုယ့်ဉာဏ်မှာ ပေါ်လာတာ မလွတ်အောင် မိအောင်ရှုဖို့ လိုရင်းပဲ၊ သုခပေါ်ပေါ်, ဒုက္ခပေါ်ပေါ်, ပေါ်ချင် တာပေါ်ပစေ အနတ္တပဲလို့သာ ရှုချကြ၊ သဘောပါပလား?၊ ဒါကြောင့် ဘုရားက အနတ္တလက္ခဏသုတ်မှာ…

”ဝေဒနာ ဘိက္ခဝေ အနတ္တာ၊ ဝေဒနာစ ဟိဒံ ဘိက္ခဝေ အတ္တာ အဘဝိဿ, နယိဒံ ဝေဒနာ အာဗာဓာယ သံဝတ္တေယျ၊ လဗ္ဘေထစ ဝေဒနာယ ဧဝံ မေ ဝေဒနာ ဟောတု ဧဝံ မေ ဝေဒနာ မာ အဟောသီတိ၊”လို့ ဟောတော်မူခဲ့တယ်။ ။

ဝေဒနာဟာ ကိုယ့်အလိုမပါတဲ့ အနတ္တပဲ

အဓိပ္ပာယ်ကတော့… “ဝေဒနာဟာ ကိုယ့်အလိုမပါတဲ့ အနတ္တပဲ၊ ဝေဒနာဟာ အတ္တဟုတ်ခဲ့ရင် အနာမဖြစ် (ပေါက်)ရဘူး၊ ဝေဒနာဟာ ငါ့အဖို့ရာ ဒီလိုဖြစ်စေ, ဒီလိုမဖြစ်စေနဲ့လို့ တောင့်တလို့ ရနိုင်ရမယ်တဲ့”။

ကိုယ်ဖြစ်ချင်သလို မဖြစ်ဘူး၊ တောင်းတလို့ မရဘူး၊ သူ့လမ်းစဉ်သူ သူ့သဘာဝအတိုင်းသာ ဖြစ်နေတာပဲ၊ ဒါကြောင့်… ဒီဝေဒနာကို တစိမ်းသဘော, မပိုင်တဲ့သဘောမို့ အနတ္တပဲလို့ ဆုံးဖြတ်ချက်ချ၊ ရှင်းကြပလား?၊ ဝေဒနာ ဖြစ်ပေါ်တဲ့အခါ ဒုက္ခမလာပါနဲ့ သုခလာပါလို့ တောင်းတလို့လည်း မရဘူး၊ သုခမို့ မပျက်ပါစေနဲ့လို့ တောင်းတလို့လည်း မရဘူး၊ ဒီတော့- သုခလာလာ, ဒုက္ခပဲလာလာ ကိုယ့်အလိုမပါတာမို့ အနတ္တချည့်ပဲလို့ မှတ်လိုက်ကြ၊ ကိုယ့်အလို-ကိုယ့်အကြိုက်ကို နည်းနည်းမှ မလိုက်မပါပါဘူး၊ ဒါကြောင့် အနတ္တချည့်ပဲ မှတ်လိုက်ကြ၊ ရှင်းကြပလား?။

ဝေဒနာရှိနေတုန်းလည်း အနတ္တ၊ ဝေဒနာပျောက်ပျက်သွားလည်း အနတ္တပဲ၊ ဉာဏ်နဲ့ခန္ဓာမှာ စောင့်ကြည့်နေရင် ဝေဒနာက္ခန္ဓာဆိုတဲ့ ခန္ဓာကိုယ်က အနတ္တပဲ ပြသွားတာပါပဲ၊ ဒါကြောင့် ဘုရားက ခန္ဓာမှာပေါ်လာသမျှ ဘာပေါ်ပေါ် အနတ္တရှုချကြ၊ အားလုံး အနတ္တချည့်ပဲတဲ့၊ အနတ္တဆိုတာ သတ္တဝါအလို, ပုဂ္ဂိုလ်အကြိုက် ကိုယ့်စရိုက်ကို မလိုက်ဘူးလို့သာ မှတ်လိုက်ကြ၊ ကျေနပ်ပလား?၊ အနတ္တဆိုတာ ခန္ဓာငါးပါးပါပဲ၊ ခန္ဓာဟာ သူ့ထုံးစံ သူ့လမ်းစဉ်အရ ဆောင်ရွက်မှာပဲ၊ ဘယ်သူ့အလိုမှ မလိုက် မပါ,ပါဘူး၊ ရှင်းကြပလား?။

အနတ္တဉာဏ်ရအောင် လုပ်ကြရမယ်

ဘုန်းကြီးတို့ ဒကာ, ဒကာမတွေက ဒါကို အမှန်အကန် မသိကြတော့ ကျုပ်မြေးတဲ့ ကျုပ်သားတဲ့၊ ကျုပ်မြေး- ကျုပ်သားနဲ့ ဘယ်တော့မှ မခွဲဘူးဆိုပြီး အနတ္တကို အတ္တထင်လို့ မျက်ရည်ကျရပြန်တာပဲ၊ ကိုယ့်အလိုမလိုက်၊ ကိုယ့် အကြိုက် မဆောင်ရွက်ဘဲ အမြဲဖြစ်ပျက်နေတဲ့ ရုပ်နာမ် အနတ္တတွေ၊ ဒါကို ဉာဏ်နဲ့မမြင် အနတ္တကို အတ္တလို့ထင်၊ ဒီအထင်မပြုတ်သမျှ သောကပရိဒေဝ ဒုက္ခ, ဒေါမနဿ, ဥပါယာသပွဲတွေ အကြီး-အကျယ် တွေ့ကြရ ကြုံကြရမယ်ဆို တာ မှတ်ကြ၊ ဒါတွေ ကြောက်ရင် အတ္တအထင်ပြုတ်အောင် အနတ္တဉာဏ်ရအောင် လုပ်ကြရမယ်၊ ဒါကြောင့် ခန္ဓာမှာ ပေါ်လာသမျှ အနတ္တရှုချကြလို့ တိုက်တွန်းလိုက်တယ်။

ခန္ဓာပြတဲ့အတိုင်း မြင်ကြဖို့ အရေးကြီးတယ်၊ ခန္ဓာနဲ့ ဉာဏ်အချီအချ ညီစေရမယ်၊ ခန္ဓာပြနဲ့ ဉာဏ်အမြင်နဲ့ ကိုက်ညီရမယ်လို့ လေးလေးစားစား မှတ်ထားကြ၊ ခန္ဓာနဲ့ဉာဏ် အချီအချ မညီရင် အတ္တလက္ခဏသုတ် ဖြစ်ပြီးလို့သာ မှတ်ကြတော့၊ သဘောပါပလား?၊ ဒီနှစ်ချက်ကို ညီညွတ်အောင် ကြိုးစားဖို့ဟာ ဒကာတို့ တာဝန်ပဲလို့ ဆုံးဖြတ်ချက်ချ။

ဘုရားပွင့်တိုင်း, ပွင့်တိုင်း အနတ္တလက္ခဏသုတ်ကို ဟောတယ်၊ သတ္တဝါတွေ သနားလို့ ကယ်ချွတ်ဖို့ နိဗ္ဗာန် ချမ်းသာ ရစေဖို့ ဟောရတာ၊ ဒကာတို့က အတ္တလက္ခဏသုတ်နဲ့ ငိုကြ, ယိုကြ, အပါယ်သွားကြဆိုရင် တော်ပမလား?၊ ဘုရားအလိုတော်ကျပါ့မလား?၊ စဉ်းစားကြ၊ ဒကာ, ဒကာမတွေက ဒါပဲ ဝါသနာပါနေကြတယ်၊ ဒါက မြေးအရင်းတဲ့၊ ရင်းသမျှတော့ ပြောမဖြစ်ဘူးတဲ့၊ အနတ္တကို အတ္တလုပ်နေကြတာ၊ ဘုရားကို ထော်လော်ကန့်လန့် လုပ်နေကြတာ၊ ဒကာ, ဒကာမတွေကို မေးလိုက်ပါတယ်၊ တို့ဒကာတွေ “ထော်လော်ကန့်လန့်သမားတွေ”လား? လို့ အသေအချာ စဉ်းစားကြ။

ခန္ဓာမှာ ဉာဏ်နဲ့ကြည့်ကြတော့

ကိုယ့်အလုပ် မဟုတ်မှန်းသိပြီး ပြင်ကြ ဆင်ကြတော့၊ အချိန်သိပ်မရတော့ဘူး၊ ခန္ဓာမှာ ဉာဏ်နဲ့ကြည့်ကြတော့ ခန္ဓာက အမှန်ပြတော့ အမှန်မြင်ကြ၊ အမှန်သိကြမယ် သဘောပါပလား?၊ ရုပ်ဖြစ်ဖြစ်, နာမ်ဖြစ်ဖြစ် ကြည့်ချင်တာ တစ်ခုကိုကြည့်၊ ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ် ငါးခုထဲက တစ်ခုကြည့်ရင် ပြီးပါတယ်၊ ကြည့်ရင်-ဖြစ်ပေါ်ပြီး ပျက်စီးနေတဲ့ ဒုက္ခသစ္စာကို မြင်ရမယ်၊ တားမရ, ဆီးမရ, တောင့်တလို့မရ မပိုင်မဆိုင်တဲ့သဘောဖြစ်လို့ အနတ္တချည့်ပဲလို့ ရှုပေးရမယ်၊ ဖြစ်ပျက်, အနတ္တ နောက်က-ရှုဉာဏ်လိုက်ပေးရင် ပပဉ္စမလာနိုင်ဘူး၊ သဘောပါကြပလား?၊ ကြိုးစားယူကြ။

ဒီတော့ ။ ။”ခန္ဓာက = အနတ္တ၊ မြင်တဲ့ဉာဏ်က-မဂ္ဂ၊ ငြိမ်းတာက ပပဉ္စ၊ သိမ်းတာက-သောက, ပရိဒေဝ စတဲ့

ဒုက္ခအစု”ပဲလို့ မှတ်ကြ၊ “ဝိပရိဏာမ လက္ခဏံ ဒုက္ခသစ္စံ”လို့ … ဆိုတဲ့အတိုင်း ‘ဖောက်ပြန်ပျက်စီး နေတဲ့သဘော လက္ခဏာဟာ ဒုက္ခသစ္စာပဲ၊ ကိုယ့်အလိုလည်းမလိုက်၊ အကြိုက်သဘောလည်းမပါလို့ ဒီခန္ဓာက အနတ္တ ဒုက္ခသစ္စာပဲလို့ မှတ်လိုက်ကြ၊ ရှင်းကြပလား?၊ ခန္ဓာက အနတ္တ, ဒုက္ခသစ္စာ၊ သောက, ပရိဒေဝ သိမ်းတော့ “အသောကံ, ဝိရဇံ, ခေမံ, လာတော့တာပဲ၊ အသောကံ၊ စိုးရိမ်သောက ဗျာပါရလည်းမရှိ။ ဝိရဇံ၊ ကိလေသာဟူ ရမက်တဏှာမြူလည်း မရှိ။ ခေမံ၊ ဘေးမျိုးကင်း၍ ငြိမ်းအေးခြင်းလည်းရှိ၏” တို့ဒကာတွေ ကျေနပ်ပလား?။

၁…. အလိုမလိုက် အကြိုက်မပါတဲ့သဘောက အနတ္တ ဒုက္ခသစ္စာ။

၂…. ဒီသဘောကို သိတာက-မဂ္ဂ၊ မဂ္ဂသစ္စာ။

၃…. ဒီတော့ မစွဲလမ်း မသိမ်းပိုက်တာက သမုဒယသေတာ၊ သမုဒယသစ္စာ။

၄…. ငြိမ်းတာက နိရောဓ၊ နိရောဓ သစ္စာ။

ဒကာ, ဒကာမတွေ ဒီအလုပ်မလုပ်ရင် ကြုံရတွေ့ရမဲ့အဖြစ်ဆိုးကို မြင်တော်မူ သိတော်မူလို့ သနားလို့၊ ဘုရားက ဟောထားခဲ့တာ၊ ဘုန်းကြီးတို့ကလည်း ကိုယ်စားလှယ်အနေနဲ့ တစ်ဆင့်ဟောပြနေတာ၊ ပေါ့ပေါ့ကလေးများ မမှတ်လိုက်ကြပါနဲ့၊ လေးလေးစားစား သဘောထားပြီး မလုပ်ရင် မဖြစ်တော့ဘူးလို့သာ ဆုံးဖြတ်ချက်ချကြလို့ သတိပေး လိုက်ပါတယ်၊ ဒကာတို့က ဒုက္ခသစ္စာနောက်က မဂ္ဂသစ္စာလိုက်ပေးဖို့၊ ဒုက္ခသစ္စာနဲ့ မဂ္ဂသစ္စာ တည့်ဖို့အလုပ်ဟာ ကိုယ့် အလုပ်ပဲ လိုရင်းအလုပ်ပဲလို့ မှတ်လိုက်ကြ၊ ဒီဟာညီရင် ကျန်တဲ့နှစ်ပါး အလိုလို ပြီးပါတယ်၊ ရှင်းကြပလား?။

ဖြစ်လိုက် ပျက်လိုက်နဲ့ နေတာတွေ့ရမယ်

ခန္ဓာမှာ ပေါ်လာတဲ့ ဝေဒနာတစ်ခုခုကိုကြည့်ရင် ဖြစ်လိုက် ပျက်လိုက်နဲ့ နေတာတွေ့ရမယ်၊ ဒီဝေဒနာလေး ဟာ ခေါ်လို့လာတာမဟုတ်လို့ မပိုင်ဘူး၊ နင်လို့ သွားတာ မဟုတ်လို့လည်း မဆိုင်ဘူး၊ သူ့သဘောအတိုင်း ဖြစ်ပေါ်လာပြီး၊ သူ့သဘောအတိုင်း ပျက်စီးသွားတာပဲ၊ ဒီတော့-ဒီဝေဒနာဟာ မပိုင်, မဆိုင်တဲ့သဘောမို့ အနတ္တပဲ၊ ဒါကို ဉာဏ်ရောက် ရမယ် ရှင်းပလား?၊ ဘာဝေဒနာပေါ်ပေါ် ဝေဒနာပေါ်လာတိုင်း ရှုကြည့်ပေးကြ၊ သဘောပါပလား?၊ ဉာဏ်နဲ့မလစ် အောင် ရှုကြည့်ပေးရင် အမှန်အကန် အနတ္တသဘောကို သိကြရမယ်။

ဒါကို သိတာက- မဂ္ဂ၊ သေတာက- ပပဉ္စ၊ ငြိမ်းတာက- နိရောဓ၊ ရှင်းပလား?၊ အခုပြောခဲ့တဲ့ အနတ္တက “လာချင်သလို လာပြီး သွားချင်သလို သွားလို့ အုပ်ချုပ်ရေးမရှိတဲ့ အနတ္တ”လို့ မှတ်ထားကြ၊ ဒီဟာက အနတ္တလက္ခသုတ် မှာလာတဲ့ အနတ္တပဲ၊ အခု အုပ်ချုပ်ရေးရှိတဲ့ အနတ္တကိုပြောရမယ်၊ အခုပြောမှာကလည်း “ခန္ဓဝဂ္ဂ သံယုတ်ပါဠိတော်” မှာလာတဲ့ အဓိပ္ပာယ်ပဲလို့ မှတ်ကြ၊ အုပ်ချုပ်ရေးမရှိတဲ့ အနတ္တက အနတ္တလက္ခဏသုတ်မှာ လာတယ် အုပ်ချုပ်ရေးရှိတဲ့ အနတ္တက သဟေတု အနတ္တသုတ်မှာလာတယ်လို့ ခွဲခြားပြီးမှတ်ကြ။

အုပ်ချုပ်ရေးရှိတဲ့အနတ္တက ဘာလဲဆိုတော့ ဥပမာ, ဝေဒနာဖြစ်လာတယ်ဆိုရင် အဲဒီဝေဒနာဟာ “ဖဿပစ္စ ယာဝေဒနာ” ဆိုတဲ့အတိုင်း ဖဿ,ကြောင့် ဖြစ်ပေါ်လာတာပဲ၊ ဒီတော့ ဒီဝေဒနာဟာ ဖဿရဲ့ ဩဇာခံပဲပေါ့၊ ဖဿက သူ့ကို အုပ်ချုပ်တယ်၊ ဖဿမရှိရင် ဝေဒနာမလာဘူး၊ ဒီတော့-ဝေဒနာပေါ်တိုင်း, ပေါ်တိုင်း ဖဿကြောင့် ပေါ်တာပဲလို့ သိကြရမယ်၊ ဖဿကအကြောင်း၊ ဝေဒနာက အကျိုး၊ ဒါဟာ အုပ်ချုပ်ရေးရှိတဲ့ အနတ္တပါပဲ၊ ရှင်းကြပလား?။

အကြောင်းအနတ္တမို့ အကျိုးအနတ္တ

ဖဿနဲ့ ဝေဒနာဟာ ပြိုင်တူပေါ်တာ၊ အမေချုပ်တော့ သားချုပ်တယ်၊ အကြောင်းချုပ်တော့ အကျိုးချုပ်တယ် “ဖဿနိရောဓာ ဝေဒနာနိရောဓော”ပဲ၊ အကြောင်းအနတ္တမို့ အကျိုးအနတ္တဖြစ်တယ်လို့ မှတ်ကြ၊ သဘောပါပလား?၊ “ယောပိ ဟေတု ယောပိ ပစ္စယော ဝေဒနာယ ဥပ္ပါဒါယ သောပိ အနတ္တာ”တဲ့၊ ဝေဒနာကိုဖြစ်စေတဲ့ ဖဿကလည်း အနတ္တပဲလို့ ဆိုလိုတယ်၊ အကြောင်းက အနတ္တဖြစ်တော့ အကျိုးလည်း အနတ္တလာမှာပဲဆိုတာ ဆုံးဖြတ်ချက်ချ၊ အနတ္တက ပေးတဲ့ဟာ အနတ္တရမှာပဲဆိုတာ ထင်ရှားတယ်။

”လောကမှာ သူ့ဟာသူ ဖြစ်တဲ့တရား မရှိဘူး၊ အကြောင်းကင်းတဲ့တရား မရှိဘူး”လို့၊ ဥပရိပဏ္ဏာသပါဠိ တော်မှာ ဟောတော်မူထားတယ်။

ဒီနေရာမှာ ဒကာ-ဒကာမတွေ သတိပြုဖို့က “သူ့ဟာသူဖြစ်တဲ့ အနတ္တ”လို့ ယူရင် ဒိဋ္ဌိတစ်ပိုင်းပါတယ်ဆိုတဲ့ အချက်ပဲ၊ ဒီလိုယူရင် ဒိဋ္ဌိ မကွာဘူး၊ အခု နောက်ပြောတဲ့ အနတ္တကမှ ဒိဋ္ဌိကွာတာ၊ ကွာလွယ်တာ၊ သဘောပါကြပလား?၊ ဒါကြောင့်… တို့ဒကာ, ဒကာမတွေအတွက် ဒုတိယအနတ္တကို လေးလေးနက်နက် မှတ်ထားကြရမယ်၊ ကျကျနန သိထားရမယ်လို့ ပြောလိုက်ပါတယ်၊ ရှင်းကြပလား?။

အနတ္တအကုန်ပိုင်ရင် နိဗ္ဗာန်ရောက်ကြမယ်

ဒီအနတ္တဉာဏ်ပိုင်ရင် အမေအနတ္တမို့ သားအနတ္တဖြစ်တာပဲ ကိုးလို့ အမှန်အကန်သိရင် ဘာမှငိုစရာမရှိတော့ ဘူး၊ ပူစရာ, ဆွေးစရာ မလိုတော့ဘူး၊ အပူဇာတ်သိမ်းနိုင်ကြပြီ ရိပ်မိပလား? ဒါကြောင့် တို့ဒကာ-ဒကာမတွေ ဒီရုပ်, နာမ်, ခန္ဓာ,တွေဟာ အကြောင်းတရား သူ့ဖြစ်ပေါ်စေတဲ့တရားကိုက အနတ္တမို့ ဖြစ်ပေါ်လာတဲ့ အကျိုးတရားတွေဟာ လည်း အနတ္တ ရုပ်, နာမ်, အနတ္တ ခန္ဓာတွေပဲဆိုတာ မှတ်ကြ၊ ရုပ်, နာမ်, သင်္ခါရမျိုးရိုးက အနတ္တမျိုးရိုး၊ ဒီမျိုးရိုးအမှန် ကို သိကြဖို့ အချိန်တော်ပြီလို့ သတိပေးလိုက်ပါတယ်။

ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ အနတ္တအကုန်ပိုင်ရင် တစ်မျိုးတစ်ဆွေလုံး နိဗ္ဗာန်ရောက်ကြမယ်၊ ဒါကို ပိုင်ဖို့ အရေး အလွန်ပဲ ကြီးပါတယ်၊ ပိုင်အောင်ကြိုးစားကြ၊ ဒါ မပိုင်သေးသမျှ အပူလက်စ မသတ်နိုင်ကြဘူး၊ မျက်ရည်စ မသိမ်းနိုင်ကြဘူး၊ မျက်ရည်ကျတာ အနတ္တမပိုင်ကြလို့ဘဲလို့ မှတ်ကြ၊ ရှင်းကြပလား?၊ ဒကာတို့တစ်တွေ မျက်ရည်ကျတာ ငိုကြ, ယိုကြ ဒါဟာ ကိုယ့်အမျိုး ကိုယ်မသိလို့သာဘဲဆိုရင် မှားသလား?၊ မမှားပါဘူး၊ ဒီအချိန် ဆရာသမားနဲ့ တွေ့တဲ့ နေ့ကစပြီး ကိုယ့်အမျိုးကိုယ်သိအောင် ကြိုးစားကြလို့ အထူးတလည် တိုက်တွန်းလိုက်ပါတယ်၊ ကျေနပ်ကြပလား?။

ကိုင်း… ယနေ့ ဒီတွင်ပဲ တော်ကြဦးစို့၊ နာရီစေ့သွားပြီ။

**********