ကိုယ်ရေး ပဌမ စိုးကြောင့်ကျ တရားတော်
ဆောင်ပုဒ်။
ခန္ဓာရထွေ၊ အို, နာ, သေ၊ လမ်းရှည် အမြဲသွား။
ခန္ဓာရလျှင်၊ ဒီလမ်းစဉ်၊ မြဲဖြင့် ဒုက္ခပွား။
မိမိအကြိုက်၊ ဘယ်မလိုက်၊ စရိုက် ထုံးစံအား။
ကိုယ့်ကိုယ်ကိုယ်ပင်၊ သနားလျှင်၊ မဂ္ဂင် အားထုတ်ပွား။
ကိုယ့်တွက်ပြီးမူ၊ တစ်ပါးသူ၊ ကယ်ယူ ဉာဏ်စေစား။
ကိုယ့်တွက်ပထမ၊ ဒုတိယ၊ သူများအတွက် ထား။
ကိုယ်ကျိုးမပါ၊ ယောင်ချာချာ၊ လေးဖြာ ပါယ်ချိုးစား။
သတိချပ်။
သုံးပါးရတနာ၊ ကိုးစားရာ၊ နှုတ်မှာ အမြဲရွတ်။
အလုပ်မပါ၊ နှုတ်ချည့်သာ၊ ဘဇာကျိုးမြင့်မြတ်။
မလုပ်ပျင်းသူ၊ ဆင်ခြေထူ၊ ငါမူ မိုက်ရူးမှတ်။
ကိုယ့်ကိုယ်ကိုယ်သာ၊ မှန်ရှေ့မှာ၊ မချာ ဉာဏ်သုံးသပ်။
မိုက်ရူးပျောက်ရန်၊ ဒုက္ခမှန်၊ သိရန် ဘာဝေတဗ်။
လူ့တိရစ္ဆာန်၊ ရွာရပ်သံ၊ ဟုတ်မှန် ယောင်မှားတတ်။
ရပ်ရွာစကား၊ လိုက်နာမှား၊ ပါယ်သွားဟင်းလင်းလပ်။
တရားသား။ ။
တရားအားထုတ်ကြ
ဒီကနေ့ မနေ့က တရားအဆက်ကိုပဲ ပြောရမယ်၊ ဒကာ ဒကာမတွေကို “တရားအားထုတ်ကြ တရားအားထုတ်ကြ” ဆိုပြီး တရားအားထုတ်ခိုင်းတာ သာမညကလေးများ မမှတ်လိုက်ကြနဲ့၊ အကြောင်းရှိလို့ ခိုင်းတာပဲဆိုတာ ဆုံးဖြတ်ချက်ချ၊ ဘုန်းကြီးကလည်း အကြောင်းရှိလို့ ဟောပြနေတာလို့ သိကြရမယ်၊ ဒီတော့- ဘုန်းကြီးကလည်း အကြောင်းရှိ၊ ဒကာတို့ကလည်း အကြောင်းရှိဆိုတော့…အတိုင်နဲ့အဖောက်ညီအောင် လုပ်ကြပါလို့ တိုက်တွန်းလိုက်တယ်။
ဘုန်းကြီးတို့က ကယ်ချွတ်ရေး၊ ဒကာတို့က လွတ်ရေးကျွတ်ရေး၊ အရေးနှစ်ရေး ရှိတဲ့အနက်က ကိုယ့်အရေး ကိုယ်သတိပြုကြဖို့ ပြောတယ်၊ ပေါ်ကြပလား?။ ဒကာ-ဒကာမတို့ လက်ရှိ ရထားကြတဲ့ခန္ဓာက ငြိမ်နေတာ မဟုတ်ဘူး၊ အိုတဲ့ဘက် ဒိုင်းဒိုင်းသွားနေတာ၊ အိုတဲ့ဘက် သွားတော့- အိုတဲ့ဘက်ရောက်၊ နောက်- အနာဘက်သွား၊ နောက်- သေဘက်သွား၊ ဒီလမ်းစဉ်အတိုင်း မရပ်မနား သွားနေရတာပါ၊ ဒီပြင် တခြားကိစ္စတွေမှာ မသွားချင်ရင် မသွားဘဲ နေလို့ရသေးတယ်၊ ဒီကိစ္စကိုတော့… ဘယ်နည်းနဲ့မှ ရှောင်လွှဲလို့ မရနိုင်ကြဘူး။
ခန္ဓာက သူ့လမ်းစဉ် သူလုပ်မှာပဲ
ခန္ဓာ ကိုယ်ပိုင်ရထားတော့ ဒီလမ်း ဒီစခန်းက မသွားလို့ကို မရတော့ဘူး၊ ရိပ်မိကြပလား? ဒီအနာတော့ ပျောက်ပြီ အေးပေါ့ ကောင်းပေါ့လို့ မဆိုနိုင်ဘူး၊ နာတာကနေ အသေသွား၊ အိုပြီးနာ နာပြီးတော့ သေဦး၊ ဒါဟာ ခန္ဓာရသူရဲ့ လမ်းစဉ်ပဲ၊ ဒီတော့ တို့-ဒကာတွေက ဪ-ဒီလမ်း, ဒီစခန်းဟာ မသွားမဖြစ်တဲ့လမ်းပဲ၊ လွှဲဖယ်လို့တော့ ဖြင့် မရနိုင်ဘူးဆိုတာ ဆုံးဖြတ်ချက်ချကြ၊ ပေါ်ကြပလား?၊ ဒီခန္ဓာရမှဖြင့် ဒီအို, နာ, သေလမ်း တန်းတန်းကြီးသွားကြ ဖို့ပဲ၊ ခန္ဓာက သူ့လမ်းစဉ် သူလုပ်မှာပဲ၊ ဒကာတို့အကြိုက် နည်းနည်းမှ မလိုက်မပါပါဘူး။
ဒီခန္ဓာရဲ့သဘောက သူ့သဘာဝအတိုင်း သူဆောင်ရွက်နေမှာပဲ၊ ဒကာတို့အကြိုက်, သတ္တဝါတွေအကြိုက်ကို လုံးဝ မလိုက်ဘူးလို့ မှတ်ကြ၊ သတ္တဝါတွေ ပညာမျက်စိနဲ့ ကြည့်ရင် ဒီခန္ဓာက အလုပ်အသွားမမှန်ဘူး၊ ဖောက်ပြန် ပျက်စီးနေတဲ့ သဘောပဲရှိတယ် အိုလိုက်, နာလိုက်, သေလိုက် အကြိုက်တစ်ခုမှ မပါဘူး၊ အကောင်းတစ်ခုမှ မပါပါဘူး၊ ဒါကို ဒကာတို့တစ်တွေက ဖောက်ပြန်တဲ့အမြင်နဲ့ ကြည့်နေကြလို့ အကောင်းချည့်ထင်နေကြတာပါ ရိပ်မိကြပလား?။
ဘုရားက ဉာဏ်ထက်တဲ့ပုဂ္ဂိုလ်၊ ဉာဏ်ထက်တော့ သတ္တဝါဖြစ်စဉ်, သတ္တဝါအကြောင်းစုံ အကုန်သိမြင်တော်မူ တယ်၊ သတ္တဝါတွေရရဲ့အဖြစ်ဟာ ဘယ်လောက်ထိအောင် ဆိုးဝါးနေတယ်, ဘယ်လောက် ဆိုးဝါးကြလိမ့်ဦးမယ်ဆိုတာ သိမြင်တော်မူတော့ အလွန် သနားတော်မူတယ်၊ သနားတော်မူလို့ ကယ်ချွတ်ရေးကို ကြိုးပမ်းတော်မူရတယ်။ ဘုရားဖြစ် ချင်တာဟာ သတ္တဝါတွေကို သနားလွန်းလို့ပဲ၊ သနားလို့သာ ဆုပန်တော်မူတာလို့ မှတ်ကြ၊ ရိပ်မိကြပလား?
ဘုရားဖြစ်အောင် ကျင့်တယ် ဆိုတာ
ဆုပန်တော်မူပြီး အနစ်နာအမျိုးမျိုးခံပြီး ဘုရားဖြစ်အောင် ကျင့်တော်မူခဲ့တယ်၊ ဘုရားဖြစ်အောင် ကျင့်တယ် ဆိုတာ ဘုရားက ကိုယ့်အတွက် ကိုယ့်အရေးကို အရင် ပြီးစီးအောင် လုပ်တယ်လို့ မှတ်ရမယ်၊ အရင်ကျတာက ကိုယ့် အရေး၊ ဒကာ-ဒကာမတွေ သတိပြုဖို့က ကိုယ့်အရေးက သူများအရေးထက် အရေးကြီးတယ် ဆိုတဲ့အချက်ပဲ၊ သဘော ပါကြပလား?။ ဒီတော့… တို့-ဒကာတွေကို သနားတယ်ဆိုရင် ကိုယ့် အရေးပြီးတဲ့ ပုဂ္ဂိုလ်ပဲလို့ မှတ်ကြ၊ ရိပ်မိကြ ပလား?။
ဘုရားက သတ္တဝါတွေ သနားတယ်ဆိုတာ သူ့အတွက် လုံလောက်မှ သတ္တဝါတွေကို သနားတာလို့ မှတ်ရမယ်၊ ဒီတော့- ဒကာ-ဒကာမတွေ အနေမှာ ကိုယ့်အရေး မပြီးသေးသမျှ သူများကို သနားနေရင် လမ်းစဉ်မဟုတ်သေးဘူးလို့ ဆုံးဖြတ်ချက်ချကြ၊ ဘုရားက ဘယ်လိုလုံလောက်အောင် လုပ်ထားသလဲ? ဆိုတော့ ကိုယ့်အရေး ကိုယ့်ကိစ္စပြီးစီးအောင် လုပ်ထားပြီးလို့ပဲ ဒါဟာ ဗောဓိပင်နဲ့ ရွှေပလ္လင်မှာ သဗ္ဗညုတ,ဉာဏ်တော် ရတဲ့အချိန်ကစပြီး သူ့အရေး သူ့ကိစ္စအတွက် ပြီးစီးပီလို့ မှတ်ရမယ်။
ဒီတော့… တို့-ဒကာတွေက ကိုယ့်ကိုယ်ကိုယ် သနားမှုက ပထမ၊ သူများ သနားမှုက ဒုတိယ-ဆိုတဲ့ အချက်ကို လေးလေးနက်နက် မှတ်ထားကြလို့ အထူးသတိပေးလိုက်ပါတယ်။
ဘုရားက ဇာတိဒုက္ခ, ဇရာဒုက္ခ, မရဏဒုက္ခဆိုတဲ့ ဒုက္ခသစ္စာတွေ သိနေတယ်၊ ဒုက္ခတွေ သိနေတော့ လွတ်အောင် လုပ်မှပဲလို့ စဉ်းစားတယ်၊ လွတ်နိုင်ဖို့ လွတ်အောင်လုပ်ဖို့ရာ ဘုရားဖြစ်အောင်လုပ်မှ ဖြစ်နိုင်မှာပဲလို့ သိတော်မူတော့… ဘုရားဖြစ်အောင် ကြိုးစားတော်မူခဲ့တယ်၊ ဘုရားဖြစ်ချင်စိတ် ပေါ်တာဟာ ဘာ့ကြောင့်လဲ?၊ သူ့ဇာတိ, သူ့ဇရာ, သူ့မရဏကြောင့်ပဲလို့ မှတ်ကြ၊ သဘောပါကြပလား?။ သူ့ဉာဏ်အမြင်မှာ ကောင်းတာတစ်ခုမှ မပါဘူး၊ မကောင်းဆိုးဝါး တဲ့၊ ဒုက္ခသစ္စာချည့်ပဲလို့ မြင်တော့ ဘုရားဖြစ်မှ လွတ်မှာပဲဆိုပြီး ဘုရားဖြစ်ဖို့ သဗ္ဗညုတဉာဏ်ကို ရှာခဲ့တယ်၊ သဘော ပါကြပလား?။
ဘုရား ဘာ့ကြောင့်ဖြစ်သလဲ?
ဘုရား ဘာ့ကြောင့်ဖြစ်သလဲ?လို့ မေးရင် ဇာတိ, ဇရာ မရဏကြောင့်ဖြစ်တယ်လို့ ဖြေရမယ်၊ ဇာတိ, ဇရာ, မရဏကြောင့်သာ ဘုရားဖြစ်တယ်ဆိုရင် ငြင်းကွက် မရှိတော့ဘူး၊ ကျေနပ်ကြပလား?။ ဒကာ-ဒကာမတွေ သိထားဖို့ က…
(၁) နံပါတ် သူ-ဘုရားဖြစ်ချင်တဲ့အရေး။
(၂) နံပါတ် သူတစ်ပါး ကယ်ချွတ်ရေး။
ဆိုတဲ့ အချက်နှစ်ချက်ပဲ၊ ဒီတော့… ဒကာတို့တစ်တွေက ကိုယ့်ဇာတိ, ကိုယ့်ဇရာ, ကိုယ့်မရဏဆိုတဲ့ ဒုက္ခ တွေလွတ်ကြောင်း ကြိုးစားသင့်တယ်လို့ ဆုံးဖြတ်ချက်ချကြ။
ဆုံးဖြတ်ချက်ချပြီး အခုထ,လုပ်ကြလို့ တိုက်တွန်းလိုက်တယ်၊ ဒီ…ဒုက္ခတွေက လွတ်မြောက်ပြီး နိဗ္ဗာန်ရောက် နိုင်တဲ့ သာဝကပါရမီဉာဏ် အလို့ငှာ ကြိုးစားသင့်ကြတယ်လို့ လေးလေးနက်နက်ကြီး သတိပေးလိုက်ပါတယ်၊ ဆရာ သမားက သနားလို့ အထူးတလည် တိုက်တွန်းနေတာ၊ ဒါကိုမှ မလုပ်မိကြရင် ဒုက္ခဇာတ်သိမ်းလမ်း မမြင်တော့ဘူး ရိပ်မိကြပလား?။
မေ့လျော့ပေါ့တန်နေကြဖို့ အချိန်မဟုတ်တော့ဘူး၊ အလွန်အရေးကြီးနေပြီ၊ အခုထ,ပြီး အားထုတ်ကြ။ ဝိပဿနာ အလုပ်လုပ်ကြ၊ မသိလို့သာ အေးနေနိုင်ကြတာပါ၊ သိတဲ့သူက သနားလို့ တိုက်တွန်းနေတာဖြစ်လို့ အခုလုပ်မှပဲဆိုပြီး မြန်မြန်လုပ်ကြဖို့ပဲ ရှိတော့တယ် ပေါ်ကြပလား?။ ဝိပဿနာအလုပ်, ဒီအလုပ်လုပ်မှ အားကိုးရာ-အားထားရာ ရကြမယ်၊ ဒီပြင် အားကိုးစရာ မမြင်တော့ဘူး၊ ဒီတော့…ဝိပဿနာလုပ်ရင်းက ပျင်းစိတ်ဝင်လာရင် လက်သင့်မခံကြနဲ့၊ ပျင်း လာရင် မင်းလောက်မိုက်တာ မရှိတော့ဘူးလို့ ကိုယ့်ကိုယ်ကိုယ် ဆုံးမပြီး ကြိုးစားအားထုတ်ကြ။
ကိုယ့်ခန္ဓာက အခု အိုဘက်သွားနေတာ
ကိုယ့်ခန္ဓာက အခု အိုဘက်သွားနေတာ၊ ဒီ-အိုတာကနေ နာဘက်သွား, သေဘက်သွား၊ နောက်- ဇာတိ ပဋိ သန္ဓေဘက် သွားနေတာ၊ အိုဒုက္ခပြီး နာဒုက္ခ၊ နာဒုက္ခပြီး သေဒုက္ခ၊ အသေဒုက္ခပြီးပြန်တော့ ပဋိသန္ဓေဒုက္ခ ဒီဒုက္ခအစု တွေသာ ဆက်တိုက်လာနေတာပဲ၊ ဒီပြင် ဘာမှ အပိုမပါပါဘူး။ ဒီဒုက္ခအစု ဘာကြောင့် လာနေသလဲ? ဒကာတို့တစ်တွေ က ခန္ဓာလက်ရှိဖြစ်နေကြလို့ ဒုက္ခခန္ဓာ ကိုယ်ပိုင်ရထားကြလို့ပဲဆိုတာ မှတ်လိုက်ကြရှင်းကြပလား?။
ဘာ့ကြောင့် ဝိပဿနာ လုပ်ရသလဲ? ဇာတိဒုက္ခ၊ ဇရာဒုက္ခ၊ မရဏ ဒုက္ခဆိုတဲ့ ဒုက္ခလမ်းကြမ်းချည့် သွားရမှာ- လျှောက်ရမှာ ကြောက်လို့ ဝိပဿနာ လုပ်ရတာ။ ဇာတိ စတဲ့ တရားတွေဟာ ဘာပဲကြည့်ကြည့် ကောင်းစားရေး မပါ ဘူး၊ ဒုက္ခအစု ဆင်းရဲထုချည့်ပဲ၊ ဒီဆင်းရဲတွေက လွတ်အောင်-ကျွတ်အောင် လုပ်ရတာလို့ မှတ်ကြ၊ ရိပ်မိကြပလား?။ ဒီကြားထဲက ပျင်းလာရင်… ဗျာဓိ မရဏ ဒုက္ခတွေမြင်လို့ သနားလို့ ဟောတော်မူတာပဲလို့ မှတ်ကြ၊ သဘောပါကြ ပလား?။ ဒါနဲ့မှ အားမထုတ်ချင်ရင် ကိုယ့်ထက်မိုက်ဖြင့် မရှိတော့ဘူးလို့ ဆုံးဖြတ်ချက်ချ၊ အားမထုတ်သူအတွက်မှာ ဇာတိကိုယ်ပိုင်, ဇရာကိုယ်ပိုင်, ဗျာဓိကိုယ်ပိုင်, မရဏကိုယ်ပိုင်ပဲလို့သာ မှတ်ကြပေတော့၊ ရှင်းကြပလား?။
ကိုယ့်ကိုယ်ကိုယ် ချစ်သနားတာဖြင့် အားထုတ်ကြဖို့ပဲ၊ အားထုတ်ရင် ဇာတိချုပ်ရာ, ဇရာချုပ်ရာ, ဗျာဓိချုပ်ရာ, မရဏချုပ်ရာဖြစ်တဲ့ နိဗ္ဗာန်ကို ကိုယ်ပိုင်ရကြမယ်၊ နိဗ္ဗာန်ကိုယ်ပိုင်ရချင်ရင် ကိုယ်တိုင်ကြိုးစားမှ ဖြစ်မယ်၊ ဒကာ-ဒကာမတွေက ကိုယ့်အတွက်မပူ၊ သူများအတွက်တော့ ပူတတ်ကြတယ်၊ ဘုရားက သူ့အရေးပြီးမှ သူများအရေးလုပ် တယ်၊ တို့-ဒကာတွေကတော့ ကိုယ့်အရေးမပီးခင်က သူများအရေး၊ သားရေး၊ သမီးရေး၊ စီးပွားရေးတွေ လုပ်နေကြ တယ်၊ ဒကာတို့ဟာ ဖီလာကန့်လန့်သမားတွေလား?လို့ မေးထိုက်-မမေးထိုက် စဉ်းစားကြ။
ဘုရား စကား နားမထောင်တဲ့သူဆိုရင်
ဒကာ-ဒကာမတွေက ဘုရားကိုးကွယ်ပါ၏၊ တရားကိုးကွယ်ပါ၏၊ သံဃာကိုးကွယ်ပါ၏နဲ့ ဆိုကြတယ်၊ ပါးစပ် ကသာ ဆိုနေကြတော့ ဆိုတာပဲရှိတယ်၊ နှုတ်စကားသာပေတဲ့ အလုပ်သွားမပါကြဘူး၊ ဘုရားအယူဝါဒ အလိုတော်ကျ အတိုင်း လုပ်တာ မဟုတ်သေးဘူးလို့ မှတ်ကြ၊ အလုပ်သွားမပါသေးရင် ဘုရားအလိုတော်ကျနဲ့ ဝေးသေးတယ်၊ ဘုရား စကား နားမထောင်တဲ့သူဆိုရင် ဘယ်လိုအစားထဲကလဲ? ကိုယ့်ဟာကိုယ် အရုပ်ဆိုးတာသိရအောင် မှန်ထောင်ကြည့်ကြ ဦးလို့ ပြောလိုက်ပါတယ်။
တို့ဒကာတွေက ဆင်ခြေဆင်လက်တွေနဲ့ ပြောတတ်ကြတယ်၊ စိတ်ကူးထားပါတယ်, အကြံက မမြောက်နိုင်ဘူး၊ လုပ်မလို့ဟာ ဒီကလေးက လူလားမမြောက်သေးလို့၊ သမီးကလေး စိတ်မချသေးလို့တဲ့၊ အဲဒါ ဘုရားလမ်းစဉ်ကို သွေဖီ လိုက်တာပဲ၊ ဘုရားက ကိုယ့်အရေးကို ပထမ၊ သူများအရေးကို နောက်မှ လုပ်တယ်၊ ဒကာတို့တစ်တွေ ဘုရားလမ်းစဉ် မလိုက်လို့ သွေဖီနေကြရင် ဗုဒ္ဓဘာသာဝင် မဟုတ်သေးဘူးလို့ မှတ်လိုက်ကြ၊ ရိပ်မိကြပလား?။ ဒါကြောင့် ရိပ်မိရင် ဒါကိုပြင်ကြ-ဆင်ကြပါလို့ လေးလေးနက်နက် သတိပေးလိုက်ပါတယ်။
မိုက်ရူးရဲမို့ပဲလို့ ဆိုထိုက် မဆိုထိုက်
သူများလက်ညှိုးထိုးပြီး သူများအရေးလုပ်နေကြရင် ဘုရားက နားကြားပြင်းကပ်လိမ့်မယ်၊ သွေဖီရေးသမားတွေ, ကပ်ဖဲ့သမားတွေပဲဆိုပြီး မြင်ပြင်းကပ်ဖို့ပဲရှိတယ်၊ သဘောပါကြပလား?။ လူကြီးတွေက လူငယ့်အတွက် ပူနေကြတာ၊ သေသေချာချာ စဉ်းစားကြည့်ကြ၊ ကိုယ်က ရေနစ်နေတာ၊ သူတို့က ကုန်းပေါ်က လူတွေပါ၊ ကိုယ်က ဇရာရေ-ဗျာဓိ ရေနစ်လို့ အသက်ကြီးပြီး, မရဏရေက နစ်ရတော့မယ်၊ အခုလား, တော်တော်နေမှလားလို့ မသိနိုင်ဘူး၊ မရဏရေ မကြာခင် နစ်တော့မယ်၊ နှာခေါင်းဆိုက်နေပြီ သိကြရဲ့လား?၊ ရေနစ်တာက မိုက်လို့နစ်တာ၊ သူများ သနားနေတာက ရူးလို့၊ အဲဒီတော့ မိုက်ရူးရဲမို့ပဲလို့ ဆိုထိုက် မဆိုထိုက် ဝေဖန်ကြည့်ကြ၊ ကျေနပ်ပလား?။
ဒကာ ဒကာမတွေ ကိုယ့်ကိုယ်ကိုယ် ရေနစ်နေတာတောင် နစ်နေကြမှန်း မသိနိုင်ကြဘူး၊ အခု ဆရာသမား က ဖော်ပြလို့ သိကြရပြီ၊ ဒီကရှေ့ ကိုယ့်ကိုယ်တိုင် ရေနစ်နေတာ သိကြတော့၊ သိပြီး တရားအလုပ်, လုပ်ကြ၊ မလုပ်ရင် အရူးမပျောက်သေးလို့ပဲ ဆိုတာ မှတ်ကြ၊ ရှင်းပလား?။ ဒကာတို့တစ်တွေမှာ မရဏ ရေက-လည်ပင်းရောက်နေပြီ၊ မကြာခင်အတွင်းမှာ မြုပ်ရတော့မယ်၊ ဒါကိုသိပြီး ဒီကရှေ့ မိုက်တာရူးတာ ဖျောက်ကြတော့၊ ကိုယ်တိုင်က မဖျောက်ရင် အရူးလက်စ, အမိုက်လက်စ, ဘယ်ခါမှ မသိမ်းတော့ဘူး။
သစ္စာမြင်ရင် အမိုက်ပျောက်တယ်
ဒီလက်စ, သိမ်းချင်ရင် သစ္စာအလုပ် ဝိပဿနာ အလုပ်လုပ်ကြရမယ်၊ သစ္စာမြင်ရင် အမိုက်ပျောက်တယ်၊ ရူးတာက သမုဒယကြောင့် ရူးတာ၊ သူ့ပယ်ရင် အရူးပျောက်တာပဲ၊ သဘောပါကြပလား?၊ ဒါကြောင့် အမိုက်နဲ့ အရူး ပျောက်အောင် သစ္စာအလုပ်လုပ်ကြ၊ ဒုက္ခသစ္စာတစ်ခုထဲကို ပိုင်ပိုင်နိုင်နိုင်သိအောင် ကြိုးစားကြ၊ များများမဟုတ်ဘူး ဖြစ်ပျက်ဟာ ဒုက္ခသစ္စာ အစစ်ပဲလို့ သိအောင်လုပ်ကြ၊ သစ္စာမြင်မှ မိုက်ရူးပျောက်မယ်၊ ရှင်းကြပလား?။
ဒကာတို့တစ်တွေ မျက်လုံးမမြင်သေးလို့ ဒါတွေ ဘုန်းကြီးက ထုတ်ပြရတာ၊ ထုတ်ပြလို့မြင်ရင် လွတ်အောင် ကြိုးစား,အားထုတ်ကြ၊ ဘုန်းကြီးတို့က, ကယ်ချွတ်ရေး၊ ဒကာတို့က လွတ်ရေး ကျွတ်ရေး၊ ဘုန်းကြီးတို့က ဟောရေး ညွှန်ပြရေး၊ ဒကာတို့က လိုက်နာရေး ကျင့်ကြံရေး၊ အရေးနှစ်ရေးအနက်က ကိုယ့်အရေး ကိုယ့်တာဝန် ကိုယ်ကျေပြွန် အောင် အားထုတ်ကြဖို့ပဲ၊ မထုတ်ချင်ရင်, မထုတ်သေးရင်ဖြင့် ကလေးတွေ လူလားမမြောက်သေးတာနဲ့ လူကြီးအသေ ကောင် ဖြစ်ရတယ်ဆိုတဲ့ကိန်း ကြုံကြမယ်၊ ရိပ်မိကြပလား?။
ကိုယ့်အရေးက တစ်,ထား၊ သူများအရေး နှစ်,ထား
ရပ်ထဲ, ရွာထဲမှာ မွေးဖွား၊ ဒီမှာ အနေများပြီး ရပ်စကား-ရွာစကားကိုပဲ နားထောင်နေကြတယ်၊ ရွာမှာ ရပ်မှာ ပြောတဲ့စကား အဟုတ်ကြီးများ မှတ်မနေကြနဲ့၊ “သူက လူ့တိရစ္ဆာန်ပဲတဲ့၊ ကိုယ့်သားသမီးတောင် မခင်မင်ဘူးတဲ့” နဲ့၊ ပြောတတ်ကြတယ် ဒါကို အမှန်ထင်ပြီး မနေကြနဲ့၊ မမှန်တဲ့ ရွာစကား ရပ်စကား နားမယောင်ကြနဲ့လို့ ပြောလိုက်တယ်။ ကိုယ့်အရေးက တစ်,ထား၊ သူများအရေး နှစ်,ထား၊ ဒါမှ ဗုဒ္ဓဘာသာစစ်တယ်၊ ဒါဟာ ဘုရားရှင်ရဲ့ အယူဝါဒပဲလို့ မှတ်ကြ၊ ကျေနပ်ကြပလား?။
ဒကာ-ဒကာမတွေ ရိပ်မိကြပလား?၊ နှစ်အရေးဝင်လာရင် တစ်,အရေး ဆုတ်ယုတ်မယ်၊ တစ်,အရေး မပြီးခင် နှစ်,အရေးအဝင်မခံကြနဲ့၊ နှစ်,အရေးဝင်လာရင် တစ်,အရေးပြန်ဆုတ်ကြ ကိုယ့်အရေး ဝိပဿနာ ပြန်ကောက်ကြလို့ ဆိုလိုတယ်၊ ကိုယ်က အပါယ်တံခါး ဟင်းလင်းကြီး ပွင့်နေတာလား?၊ ဒီကြားထဲက သူများအရေး အရင်လုပ်နေရင်, သူများအရေး ဝင်ရှုပ်နေရင် အလွန်မိုက်လို့ပဲဆိုတာ ဆုံးဖြတ်ချက်ချ၊ လူလိမ္မာ မှန်ရင်ဖြင့် ကိုယ့်အရေးပြီးအောင် အမြန်ဆုံး အားထုတ်ကြလို့ တိုက်တွန်းလိုက်ပါတယ်။
နိဗ္ဗာန်မြင်တဲ့အမြင်ဟာ ဘယ်လို
ဒါနဲ့ တစ်နေ့က ပြောခဲ့တဲ့ ဝတ္ထုစကား ဆက်ပြောရမယ်၊ တို့ဒကာ-ဒကာမတွေ ကျကျနန သိထားဖို့က ဖြစ် ပျက်တရားတစ်ခုသာ လိုရင်းအချက်ပဲလို့ ဆုံးဖြတ်ချက်ချကြ၊ ရဟန္တာကြီးလေးပါးက နိဗ္ဗာန်မြင်တဲ့အမြင်ဟာ ဘယ်လို မြင်တဲ့အမြင်ပဲလိ့ု ဖြေဆိုထားတဲ့အချက်မှာ…
(၁) က, အာယတန ၆-ပါး ဖြစ်ပျက်။
(၂) က, ခန္ဓာငါးပါး ဖြစ်ပျက်။
(၃) က, ဓာတ်ကြီးလေးပါး ဖြစ်ပျက်။
(၄) က, ဖြစ်တဲ့-ပျက်တဲ့ တရား။
ရှုကြ၊ ဒါမြင်ရင် နိဗ္ဗာန်မြင်တဲ့အမြင်ပဲလို့ အသီးသီး ဖြေဆိုကြတယ်၊ ဒီနေရာမှာ ဒကာတို့တစ်တွေက အစွဲ အမြဲ မှတ်ထားဖို့ရာဟာ ဘာပဲဖြစ်ဖြစ် ဖြစ်ပျက်ပဲ ရှုရမယ်ဆိုတဲ့ အဓိပ္ပာယ်ပဲလို့ သိထားကြ။
ဘယ်တရားကိုပဲပြောပြော လိုရင်းအချက်က “ဖြစ်ပျက်ပဲ” တန်းနေတာ၊ နိဗ္ဗာန်မြင်ချင်ရင် ဖြစ်ပျက်မြင်မှ နိဗ္ဗာန်မြင်ရမယ်၊ ဖြစ်ပျက် မမြင်သမျှ နိဗ္ဗာန် မရကြဘူးလို့ မှတ်ကြ၊ ရှင်းကြပလား?။ ဒကာ-ဒကာမတွေရဲ့ ဆန္ဒအတိုင်း ကိုယ်နှစ်သက်ရာတစ်ခုခုကို ရှု၊ စိတ်ကြိုက်ရင် စိတ်ရှု၊ ရုပ်ကြိုက်ရင် ရုပ်ရှု၊ စိတ်ရှုရင် စိတ်,ဖြစ်ပျက်၊ ရုပ်ရှုရင် ရုပ်, ဖြစ်ပျက်၊ ရှုချင်ရာတစ်ခုခု စိုက်ရှုကြ၊ ရိပ်မိကြပလား?။
ရဟန္တာကြီးလေးပါးနဲ့ ဘုရားက ဟောထားတာဖြစ်လို့ “ဖြစ်ပျက်မြင်တဲ့လမ်း”ကလွဲလို့ဖြင့် တခြား နိဗ္ဗာန်သွားလမ်း မရှိတော့ဘူးလို့ စွဲစွဲမြဲမြဲ မှတ်လိုက်ကြ။
ပေါက်ပင်ဥပမာ
ဒါနဲ့ အဲဒီ မရှင်းမလင်းဖြစ်နေတဲ့ ပုထုဇဉ်ရဟန်းက ဘုရားထံ သွားလျှောက်ထားမေးမြန်းလိုက်တော့ ဘုရားက ဥပမာ စကားနဲ့ မိန့်ကြားတော်မူတယ်လို့ မှတ်ကြ၊ “ဥပမာ ဆိုပါတော့ကွာ “တီဘီရောဂါ” မြစ်ခြောက်နာ, စွဲတဲ့ လူ တစ်ယောက်ဟာ ဆေးဆရာထံသွားပြီး ဆေးတောင်းတယ်တဲ့၊ ဆရာကလည်း ဆေးရယ်လို့ ဖော်ပေးမနေတော့ဘဲ ဒီရောဂါပျောက်အောင်ဟာ ပေါက်ပြာချပြီး ပျားရည်နဲ့သောက်ရင် ပျောက်ပါတယ်ကွာလို့ ပြောလိုက်တော့ အဲဒီလူနာက ဆရာပြောတဲ့အတိုင်းသောက်လို့ တီဘီမြစ်ခြောက်နာ ပျောက်ကင်းသွားတယ်-တဲ့။
နောက်-ဆေးဆရာဟာ နာမည်ကြီးလာပြီး ဟိုက-ဒီကဆိုသလို ရောက်လာတဲ့ တီဘီမြစ်ခြောက်နာရောဂါသည် တွေကို ကုသပေးလိုက်တာ နောက်ထပ်လေးယောက်ဟာ ရှင်းရှင်းကြီး ပျောက်ကင်းသွားကြတယ်၊ ဒါနဲ့ နောက်ထပ် ရောဂါသည်တစ်ယောက်က ဒီသတင်းကြားလို့ အဲဒီ ဆရာကြီးဆီ သွားပြီး ဆရာကြီးရဲ့ ဂုဏ်သတင်းကြားလို့ လာရတဲ့ အကြောင်းနဲ့ ချီးကျူးပြောဆိုပြီး ဆေးကုမ,ပေးဖို့ အကြောင်းနဲ့ တောင်းဆိုလိုက်တယ်။
“ပေါက် ပင်”ရှာခဲ့လို့ ပြောလိုက်တယ်
ဒါနဲ့ ဆရာကြီးက မင်း- ဆေးစားချင်တာဖြင့် ပေါက်ပင်ရဖို့လိုတယ်၊ ငါက ဆေးပေးရမှာဖြင့် မင်းက “ပေါက် ပင်”ရှာခဲ့လို့ ပြောလိုက်တယ်၊ ဒီတော့ ပေါက်ပင် ထွက်ရှာတယ်တဲ့၊ ဒါပေမဲ့ ဒီလူနာတောသားက ပေါက်ပင်ကို မမြင် ဖူး, မသိဖူးဘူးတဲ့၊ ဒါနဲ့ ပထမ ရောဂါပျောက်ဖူးတဲ့လူဆီ သွားမေးလိုက်တယ်-တဲ့၊ “ပေါက်ပင်ဆိုတာ ဘယ်လိုနေသလဲ” လို့၊ ဒီတော့… အဲဒီလူက ပေါက်ပင်ဆိုတာကွာ မီးလောင် ငုတ်တိုလို မဲတဲတဲဟာပဲလို့ ပြောလိုက်တော့… ဒီတောသား လူနာက ဒီအတိုင်းမှတ်ထားလိုက်တယ်။
ဒါပေမဲ့ သူ့စိတ်ထဲမှာ မရှင်းတော့ ဒုတိယပျောက်ဖူးတဲ့လူဆီ သွားမေးပြန်တယ်၊ ပေါက်ပင်ဆိုတာ ဘယ်လို နေသလဲ?လို့ ဒီတော့…ဒုတိယလူက “ပေါက်ပင်ဆိုတာ အမဲသားတစ်လို နီနေတာပဲ”လို့ ပြောလိုက်တယ်၊ ဒီလိုပြော တော့ ပိုရှုပ်သွားတာပေါ့၊ ဒါနဲ့ အဲဒီအတိုင်းပဲ မှတ်ထားပြီး တတိယပျောက်ဖူးတဲ့လူဆီ သွားမေးပြန်တယ်တဲ့၊ တတိယ လူက “ပေါက်ပင်ဆိုတာ သန်လျက်အိမ်ကြီးတွေလို သီးတဲ့အပင်ပဲ”လို့ ပြောလိုက်တယ်။
ဒီအခါမှ ပိုရှုပ်သွားပြန်တာပေါ့၊ ဒါနဲ့ အဲဒီအတိုင်းပဲ မှတ်ထားပြီး စတုတ္ထပျောက်ဖူးတဲ့လူ့ထံ သွားမေးပြန်တယ်၊ စတုတ္ထလူက “ပေါက်ပင်ဆိုတာကွာ ညောင်ပင်လို အုပ်အုပ်ဆိုင်းဆိုင်းနေတာပဲ” လို့ ပြောလိုက်တော့ သူ့စိတ်ထဲမှာ အလွန်ကို ရှုပ်သွားတော့တယ်တဲ့၊ ဒီဥပမာအတိုင်းပဲ မင်းမှာလည်း တောသားလူနာနဲ့ တူနေပြီလို့ ဘုရားက မိန့်တော် မူတယ်။
အဓိပ္ပာယ်သွားက အတူတူ ချည့်ပဲ
နောက်-ဘုရားက ဆက်လက်ပြီး သူတို့ပြောတဲ့ ပေါက်ပင်ဟာ အနေအထိုင်သာကွာပြီး အရသာ, ဩဇာ မကွဲပြားသလို ရဟန္တာကြီးလေးပါးပြောတဲ့ စကားဟာလည်း အပြောအဆိုသာ ကွဲပြားတာ၊ အဓိပ္ပာယ်သွားက အတူတူ ချည့်ပဲ၊ သူတို့အားထုတ်တဲ့အတိုင်း… အားလုံး မှန်ကြတယ်၊ မင်း-ဉာဏ်မရှင်းလို့ မသိတာ၊ ဒီပြင်ဟာ အသာထား၊ “ဥဒယ-ဝယ”ဆိုတဲ့ဖြစ်ပျက်တရား တစ်ခုသာ အဓိကထားပြီး မှတ်ပေတော့လို့ ဟောတော်မူလိုက်တယ်။
”အရသာ”ကိုယူရင် “ဥဒယ-ဝယ”ဖြစ်ပျက်ဟာ အဓိကပါပဲလို့ ဟောတော်မူတဲ့အချက်ကို လေးလေးနက်နက် မှတ်ထားကြ။
တို့ဒကာ, ဒကာမတွေ ရှင်းကြပလား? တရားဟာ ပြားချင်တာပြားပါစေ၊ ဘယ်လောက်ပြားပြား-ပြားနေ ပစေ… ကိုယ်က ဖြစ်ပျက်မြင်အောင် ကိုင်ထားကြ၊ ဖြစ်ပျက်မြင်ဖို့ အရေးကြီးတယ်၊ ဒါသာ လိုရင်းစွဲ၊ ဖြစ်ပျက်မြင်မှ နိဗ္ဗာန်ရကြမှာ၊ သဘောပါကြပလား?။
ကိုင်း, ယနေ့ ဒီတွင် တော်ကြဦး အချိန်စေ့သွားပြီ။
