ခန္ဓာငါးရပ် သူစိမ်းမှတ် တရားတော်
ဆောင်ပုဒ်
အခိုင်းသမား၊ နာမ်ရှေ့သွား၊ ရုပ်ကား နောက်လိုက်သာ။
နာမ်က,စားချင်၊ ရုပ်က,ပင်၊ ယူငင် စားသောက်ပါ။
နာမ်က,သွားချင်၊ ရုပ်က,ပင်၊ လှမ်းငင် သွားရရှာ။
နာမ်ခိုင်းစေက၊ ရုပ်လုပ်ရ၊ နှစ်ဝ ဝိသေသာ။
ခန္ဓာ့ဖြစ်စဉ်၊ ဉာဏ်ရှုလျှင်၊ အစဉ် နာမ်ရုပ်သာ။
ရုပ်နာမ်သဘော၊ သူ့အပြော၊ စောကြော ဉာဏ်ဖြင့်ရှာ။
နုမာ,ဖွဲ့စေး၊ ပူအေး,ထောက်ကန်၊ လှုပ်ရှားပြန်၊ တန်တန်ရုပ်ဘာဝါ။
သိကြံ,ခံစား၊ မှတ်သား,ပြုပြင်၊ အတင်တင်၊ များဖြင် နာမ်ခြင်းရာ။
ဉာဏ်ယှဉ်သတိ၊ စောင့်၍ကြည့်၊ စဉ်လှည့် ပတ်ခါခါ။
အကြောင်းညီခိုက်၊ ဖြစ်လာကျိုက်၊ ပျက်လိုက် ရုတ်ခြည်းသာ။
လျှပ်စစ်နွယ်မျှ၊ မြန်ခဏ၊ ဖြစ်ထ ပျောက်ပျက်ရှာ။
တပ်တပ်ဉာဏ်ထင်၊ သူစိမ်းမြင်၊ ခင်မင် ချုပ်စဲကွာ။
ခင်မင်ကင်းချုပ်၊ တဏှာပြုတ်၊ ဝိမုတ် နိဗ္ဗုတာ။
တရားသား
တရားနေကြတာ ဘယ်သူတွေလဲ?
ဒကာ၊ ဒကာမတို့ အခု တရားနေကြတာ ဘယ်သူတွေလဲ?လို့ မေးရင် ဘယ်သူတွေမှ မဟုတ်ဘူး။ နာမ်နဲ့ ရုပ်ပဲရှိတယ်လို့ ဖြေကြရမယ်။ ဒကာ၊ ဒကာမတို့ ငါလို့၊ သူလို့ ထင်ကြမယ်။ ဒကာ၊ ဒကာမတို့ အထင်တွေဟာ အလွဲ တွေမို့ ခေတ္တခဏ ဘေးချိတ်ထားလိုက်ပါ။ အခုအချိန်ကစပြီး ဘုရားပြောတာနဲ့ ဆရာသမားပြောတာကို အမှန်ယူကြ လို့ ပြောလိုက်ပါတယ်။
အခု ဒကာ၊ ဒကာမတွေအားလုံးဟာ ထိုင်ပြီး တရားနာနေကြတယ်။ ဒီထိုင်နေတာဟာ ဘယ်သူလဲ?ဆိုတာ့ နာမ်နဲ့ရုပ်ပဲ။ ထိုင်ချင်တဲ့တရားက နာမ်၊ ထိုင်တဲ့ဟန်က ရုပ်၊ ထိုင်တာဟာ နာမ်ကခိုင်းလို့ ရုပ်ကလုပ်ရတာလို့ မှတ်ကြ။ နာမ်က အခိုင်းသမား၊ ရုပ်က အလုပ်သမား။ အမှန်စင်စစ်က အခိုင်းနဲ့အလုပ် နှစ်ယောက်ပဲ ရှိပါတယ်။ ဘယ်သူ, ဘယ်ဝါ၊ သူ, ငါ, ယောကျ်ား, မိန်းမ မဟုတ်ဘူး။ အခိုင်းအလုပ် နှစ်မျိုးသာရှိတယ်။ ရိပ်မိကြရဲ့လား?။
နာမ်၊ ရုပ်နှစ်ခုကို ဉာဏ်တစ်ခုနဲ့ ကြည့်
မနေ့ကတရားမှာ ဝိပဿနာရှုဖို့ ပြောခဲ့တယ်။ နာမ်၊ ရုပ်နှစ်ခုကို ဉာဏ်တစ်ခုနဲ့ ကြည့်ဖို့ မှာခဲ့တယ်။ မှတ်မိ ကြရဲ့လား?။ မနေ့က နာမ်နဲ့ရုပ်က ပြောလိမ့်မယ်လို့ မှာခဲ့ပြီးပြီ။ အဲဒါ ကြမ်းကြမ်းပဲ ပြောမလား?၊ သိမ်သိမ်မွေ့မွေ့ ပဲ ပြောမလား?ဆိုတာ ဉာဏ်တစ်ခုနဲ့ စောင့်ကြည့်ရမယ်။ ဉာဏ်နဲ့ကြည့်တဲ့အခါ အတုံးအခဲ ကြမ်းကြမ်းထမ်းထမ်း မြင်ရင်၊ တွေ့ရင် နိဗ္ဗာန်ရောက်မယ့်အမြင် မဟုတ်သေးဘူးလို့ မှတ်လိုက်ကြ။
နိဗ္ဗာန်ရောက်မယ့် အမြင်ဆိုတာ သဘောသဘာဝလေးတွေ တစ်ခုနဲ့တစ်ခု ပြတ်ပြတ်သွားတာ မြင်ရမယ်။ ပြတ်ပြတ်ပြီး ပျောက်သွားတာကို မြင်ရမယ်။ ဒီနာမ်နဲ့ရုပ်တို့သဘောက ဒီအတိုင်းပဲ ရှိတယ်။ သူ့သဘောက ဒီအတိုင်းမို့ ဒီအတိုင်းပဲ မြင်ရမယ်။ ဉာဏ်နဲ့ကြည့်တော့ ခုပေါ်, ခုမရှိ၊ အခုပေါ်ပြီး, အခုမရှိ၊ ယားတဲ့ဟာ, နာတဲ့ဟာ ခုမရှိ၊ ဒီသဘောကို ဉာဏ်နဲ့မှ ထိုးဖောက်နိုင်မယ်။ ဒီတရားနှစ်ခုလုံး သိမ်မွေ့လို့ပဲဆိုတာ မှတ်ကြ။
မျက်လုံးနဲ့ နားနဲ့ မြင်လို့၊ ကြားလို့ မရဘူး။ ဉာဏ်နဲ့သာ ရမယ်။ ရုပ်ကပြလည်း သိမ်မွေ့တာပဲ၊ နာမ်ကပြလည်း သိမ်မွေ့တာပဲ။ သိမ်မွေ့တဲ့တရားသဘောလေးတွေမို့ ဉာဏ်နဲ့ကြည့်မှသာ တွေ့မယ်ဆိုတာ မှတ်လိုက်ကြ။ ရိပ်မိကြပလား?။ ရုပ်ကလည်း ပေါ်ပျက်၊ နာမ်ကလည်း ဖြစ်ပျက်၊ အဲဒီလိုဆိုတော့ အလွန်သိမ်မွေ့မှာမို့ ဒါကို ဉာဏ်နဲ့မှ မှန်အောင်ပစ် နိုင်တယ်။ ဉာဏ်နဲ့မှန်အောင် ပစ်နိုင်ဖို့ အရေးကြီးတယ်ဆိုတာ မှတ်ရမယ်။ ရှင်းပလား?။
ဉာဏ်နဲ့မှသာ မြင်နိုင်တယ်
စက္ခု စတဲ့ ဒီဒွါရငါးခုနဲ့ ကြည့်လို့မမြင်ဘူး။ ထိုးထွင်းတဲ့ဉာဏ်နဲ့မှသာ မြင်နိုင်တယ်။ အဲဒီလိုမြင်မှ အမြင်မှန် ပဲ။ ဒီလိုမြင်ရင် ယထာဘူတဉာဏ်ကို ရပြီဆိုတာ မှတ်တော့။ အဲဒီလို ဉာဏ်နဲ့ရှုလို့ မြင်ရင် အမြင်မှန်ပဲလို့သာ မှတ် လိုက်ကြတော့။ ပါဠိလိုတော့ ‘ယထာဘူတ’လို့ ဘုရားက ဟောတယ်။ ဒကာတို့ လွယ်လွယ်မှတ်တတ်ဖို့က အမြင်မှန်’ လို့သာ မှတ်ထားကြ။ သဘောပါပလား?။
ဒကာ၊ ဒကာမတို့ ဒီအမြင်မှန်၊ ဒီဉာဏ်ကိုရရင် ဒီဘဝမှာတင် ကိစ္စပြီးမယ့်လူတွေပဲလို့သာ မှတ်လိုက်ကြ။ ဒါကို တိဟိတ်မှသာ မြင်မယ်။ ဒီအမြင်ကိုရရင် သူများမမေးနဲ့တော့ တိဟိတ်ပုဂ္ဂိုလ်ပဲလို့ ဆုံးဖြတ်လိုက်ကြ။ ရှင်းကြ ပလား? ရုပ် ပူတာ အေးတာ သူ့နေရာမှာပဲ၊ ပျောက်သွားတာမြင်ရင် အလွန်သိမ်မွေ့တာကို မြင်တာပဲ။ ဒွိဟိတ်ဆိုရင် မမြင်နိုင်ဘူး။ ဒကာ၊ ဒကာမတွေ ကျေနပ်ပလား?။
ကိုယ်တိုင်လုပ်ကြည့်
ပရမတ္ထတရားမှာ အထည်မရှိဘူး။ ဉာဏ်နဲ့ကြည့်တဲ့အခါမှာ အထည်၊ ဒြပ်၊ သဏ္ဌာန် မတွေ့ရဘူး။ သဘော မျှသာ ရှိတယ်ဆိုတာ မှတ်ကြ။ ထက်မြက်စူးရှတဲ့ဉာဏ်နဲ့ ကြည့်မှ တွေ့နိုင်တဲ့ အလွန်သိမ်မွေ့နူးညံ့လှတဲ့ သဘောကလေး မျှသာ ရှိတယ်လို့ သတိပေးလိုက်တယ်။ ရုပ်သဘောမှာဆိုရင် အေးသဘော၊ ပူသဘောလေးတွေ ပေါ်လာ။ ဒါလေးတွေ ပျောက်သွားတာ ဉာဏ်နဲ့မြင်ရင် တိဟိတ်ပဲ။ ဒီအမြင်ဟာ ဒီဘဝမှာ ကိစ္စပြီးနိုင်တဲ့အမြင် ပြီးမယ့်အမြင်ပဲလို့သာ ဆုံး ဖြတ်လိုက်ကြ။
ဒကာ၊ ဒကာမတို့ ကိစ္စပြီးမယ်ဆိုတာဟာ ကုသိုလ်ဖြစ်ရုံနဲ့ ပြီးမှာမဟုတ်ဘူး။ ဒီဉာဏ်ရရင် ဒီဘဝဟာ ဒုက္ခ ခပ်သိမ်း ငြိမ်းမယ့်ဘဝပဲလို့ ဆိုလိုတယ်။ ဒီဉာဏ်ကိုရတဲ့ပုဂ္ဂိုလ်ဟာ နိဗ္ဗာန်ရမယ်ဆိုတာ တထစ်ချမှတ်လိုက်ကြ။ ဘာ ကြောင့်လဲ?လို့မေးရင် တိဟိတ်အဖြစ် ထင်ရှားလို့ပဲလို့ မှတ်ကြတော့။ သဘောပါကြပလား?။ အလွန်သိမ်မွေ့တဲ့ ရုပ်၊ နာမ်သဘောကိုမြင်ရင် ကျွတ်တန်းဝင်မယ့်လူပဲ သူများမမေးနဲ့တော့ ဗေဒင်လည်း မမေးနဲ့။ ကျမ်းတတ်ပုဂ္ဂိုလ်လည်း မမေးနဲ့တော့။ သေချာတယ်လို့ပဲ မှတ်လိုက်ကြ။
ဒကာ၊ ဒကာမတို့ ကျေနပ်ကြပလား?။ ရုပ်နာမ်တို့ရဲ့ သိမ်မွေ့တဲ့ ဖြစ်ပျက်ကိုမြင်ရင် စိတ်သာချတော့။ သူ များတွေမေးနေရင် တွေးလုံးနဲ့ ပြောမှာပဲ။ တွေးလုံးနဲ့ပြောရင် အမှန်မကျနိုင်ဘူး။ မမေးနဲ့တော့။ ရှင်းကြရဲ့လား?။ ကိုယ်တိုင်လုပ်ကြည့်လို့ အလုပ်က ပြောနေမှတော့ သံသယရှိဖို့ မလိုတော့ဘူး။ ဆုလေးတောင်းရုံနဲ့လည်း မရဘူး။ မတောင်းကြနဲ့တော့။ ရိပ်မိကြပလား?။
ဖြစ်ပျက်တွေ့ရင် တိဟိတ်
ကိုယ့်အကြောင်း ကိုယ်သိချင်ရင် ဖြစ်ပျက်ရှု စမ်းကြည့်ကြ။ ဖြစ်ပျက်တွေ့ရင် တိဟိတ်ပဲ။ ဒီဘဝမှာ ကျွတ် တန်းဝင်မယ့်အဖြစ်ပဲဆိုတာ မှတ်လိုက်ကြ။ ဖြစ်ပျက်တွေ့ရင် နောက်ထပ် ဆရာမရှာနဲ့တော့ ဒီလမ်းအတိုင်းသာ ဖြောင့်ဖြောင့်တန်းတန်း ဆက်လိုက်ကြ။ ဒီအရေးဟာ သေးသေးကွေးကွေး မဟုတ်ဘူး။ နိဗ္ဗာန်ရရပါလို၏ဆိုရုံနဲ့ တာဝန် မခံနိုင်ဘူး။ ဒီရုပ်နာမ် ဖြစ်ပျက်ကိုမြင်ရင် တာဝန်ခံမယ်ဆိုတာ ဘုန်းကြီးက ကတိပေးလိုက်ပါတယ်။
ဒီအဓိပ္ပာယ်ကို ‘ဓမ္မပဒ ပါဠိတော်မှာ’ အလုံအလောက် ဟောထားတာရှိတယ်။ ဒါကြောင့် ရုပ်နာမ်ဖြစ်ပျက် မြင်ရင် နိဗ္ဗာန်ရဖို့ သေချာပြီ။ ဒီအမြင်ဟာ နိဗ္ဗာန်ရမယ့် အမြင်မှန်ပဲလို့သာ ဆုံးဖြတ်ချက်ချလိုက်ကြ။
ဒကာ၊ ဒကာတို့ ကိုယ့်ကိုယ်ကိုယ် စစ်ဆေးကြည့်ရမယ်။ ဥပမာ- ဘယ်ဘက်၊ လက်မောင်းကို ညာဘက်၊ လက်ညှိုးလက်သည်းကလေးနဲ့ ခြစ်ပြီး ကြည့်လိုက် ဒီလိုခြစ်လိုက်တဲ့အခါ ပေါ်ပြီး ပျောက်လိုက်သွားတာပဲ။ အဲဒါဟာ နာတဲ့နာမ်တွေ ပေါ်ပြီး ပျောက်တာပဲ။ ဒီဟာကို ကိုယ်တိုင်လုပ်ကြည့် ကြည့်ရင် တွေ့ရ သိရမယ်။ ဒီမှာပေါ်ပြီး ဒီမှာ တင်ပျောက်တာပဲ။ ပေါ်တဲ့ဟာ ပေါ်တဲ့နေရာမှာပဲ ပျောက်ရတယ်။ ရှင်းကြရဲ့လား?။
မူလ ရှေ့ကပေါ်တဲ့ဟာ အဲဒီမူလနေရာ ရှေ့မှာတင် ပျောက်သွားတယ်။ ဒီမှာနာတာ ဒီမှာတင်ပျောက်တယ်။ ဟိုမှာနာတာ ဟိုမှာတင်မရှိဘူး။ ဖြစ်တဲ့နေရာမှာတင် ချုပ်ပျက်သွားတယ်ဆိုတာ မှတ်ကြ။ အဲဒီလိုလုပ်ပြီး ဉာဏ်နဲ့ကြည့်ရင် ဖြစ်ပြီးပျက်သွားတဲ့သဘောကို တွေ့ရမယ်။ ဉာဏ်ဆိုတာ တွေးလုံး၊ သေသေချာချာ ဉာဏ်နဲ့တွေးကြည့်ရင် အမှန်အကန် သိရမယ်။ သဘောပါကြပလား?။ ဉာဏ်နဲ့ တွေးကြည့်ကြ။
အနိစ္စရုပ်နာမ်တွေပဲ
အညှော်နံ့ကလေး နံလာတယ်ဆိုရင် အဲဒီအညှော်နံ့ဟာ နံပြီးတာနဲ့ ဒီနေရာတင် ပျောက်သွားတာပဲ။ စား စိတ်ပေါ်လည်း ဒီမှာတင်ပျောက်တာပဲ။ အဲဒါဟာ ရုပ်နာမ်က ပြောတာပဲ။ သူပြောတာကို ဉာဏ်နဲ့ကြည့်ကြည့်တော့ ကိုယ့်ရုပ်နာမ်မဟုတ်၊ ဖြစ်ပျက်ရုပ်နာမ်ပဲလို့ သိရတယ်။ ဒီရုပ်နာမ်သဘောတွေဟာ ငါ့ကိုယ်၊ ငါ့ဟာမဟုတ်၊ ငါမဟုတ်၊ ဖြစ်ပျက် ရုပ်နာမ်၊ အနိစ္စရုပ်နာမ်တွေပဲ။ သဘောပါကြရဲ့လား?။
ဒီသဘောကို ဉာဏ်နဲ့တွေးကြည့်တော့ ကိုယ်ပိုင်မဟုတ်တာကို ရုပ်နာမ်က ပြောတယ်။ ဒါကို ကြက်ကန်းစွဲ စွဲပြီးတော့ ငါပဲလို့ စွဲချလိုက်တယ်။ မဟုတ်ဘဲနဲ့ ရမ်းစွဲလိုက်တာ ဒီကစွဲတုန်း ဟိုကမရှိဘူး။ ရုပ်နာမ်က ဖြစ်ပျက်သွားပြီ မရှိတော့ဘူး။ အဲဒီတော့ မရှိတာဟာ ငါ့ဟာဆိုလို့ ဖြစ်ပါ့မလား?။ မဖြစ်ပါဘူး။ စိတ်နံှ့သူဆိုရင် ဒီအသုံးကို မသုံးနဲ့ တော့လို့ သတိပေးလိုက်တယ်။ ရိပ်မိပလား?။
ဒကာ၊ ဒကာမတို့ ဒီအသုံးကို မသုံးနဲ့တော့ဆိုတာဟာ ငါမဟုတ်လို့ ငါအဖြုတ်ခိုင်းတာပဲလို့ မှတ်ရမယ်။ ငါ အဖြုတ်ခိုင်းတာ ဘုန်းကြီးက ခိုင်းတာမဟုတ်ဘူး။ ရုပ်နာမ်က ခိုင်းတာပဲဆိုတာ မှတ်ကြ။ ဒကာ၊ ဒကာမတို့ ဒီနာမ်ရုပ် အပေါ်မှာ ‘ကျားနာစွဲ၊ ကြက်ကန်းစွဲ၊ လိပ်ကန်းစွဲ’ မစွဲနဲ့တော့လို့ သတိပေးလိုက်တယ်။ ရုပ်နာမ်က သူ့သဘောအတိုင်း ဖြစ်ပျက်နေတယ်။ သူ့သဘောအတိုင်း ဖြစ်ပျက်နေတာကို ဉာဏ်ကမြင်နေတော့ အဲဒါဟာ ‘ပရတော’ သူစိမ်းပြင်ပ ဖြစ်နေတာပဲ။ ရိပ်မိကြရဲ့လား?။
ရုပ်နာမ်က သူ့သဘောအတိုင်း သူစိမ်းပြင်ပ ဖြစ်နေတာကို ဉာဏ်က မြင်နေ၊ သိနေမယ်။ အဲဒီလိုသိနေတော့ ဒိဋ္ဌိတဏှာပြုတ်၊ ဥပါဒါန်ပြုတ်၊ ကမ္မတာပြုတ်၊ နောက်လာမယ့် ဇာတိ၊ ဇရာ၊ မရဏ စတဲ့ဟာတွေလည်း အကုန်ပြုတ် တော့တာပဲ။ ဒကာ၊ ဒကာမတွေ သဘောပါကြရဲ့လား။
ခန္ဓာပေါ်မှာ သူစိမ်းမြင် မြင်ရမယ်
ဥပမာဆိုရင် မိမိရဲ့ ခပ်လှမ်းလှမ်း တစ်နေရာမှာ လေတိုက်လို့ သစ်ပင်လှုပ်နေတယ်ဆိုပါတော့။ အဲဒီသစ်ပင် ဟာ အဝေးမှာ လှုပ်တာ သူ့လေနဲ့ သူလှုပ်တာ။ အဲဒီလို အဝေးက သစ်ပင်လှုပ်တာမြင်ရင် ကိုယ့်အိပ်ရာနဲ့ဝေးတော့ သူ့သဘောပဲကိုးလို့ ထားလိုက်နိုင်တယ်။ ကိုယ်နဲ့ ဘာမှမဆိုင်ဘူးဆိုတဲ့စိတ်ကို ထားနိုင်တယ်။ အဲဒီအတိုင်းပဲတဲ့။ ဒကာ၊ ဒကာမတို့ ခန္ဓာပေါ်မှာ ဒီအတိုင်းမြင်ရမှာ။ ရုပ်နာမ်တွေအပေါ်မှာ ဒီလိုပဲ သူစိမ်းမြင် မြင်ရမယ်ဆိုတာ မှတ်လိုက်ကြ။ ခန္ဓာပေါ်မှာ သူစိမ်းမြင် မြင်ရမယ်။ ရိပ်မိကြပလား?။
ဒကာ၊ ဒကာမတို့ ဉာဏ်ရှေ့ရောက်တဲ့ ရုပ်နာမ်ကို ကြောက်လည်းမကြောက်နဲ့၊ စိုးရိမ်မှု ကြောင့်ကြမှုလည်း မပြုနဲ့။ ပရတောဆိုတဲ့အတိုင်း သူစိမ်းပြင်ပ အမြင်ဉာဏ်နဲ့ မြင်အောင် ကြည့်ပေးရမယ်။ လေတိုက်လို့ သစ်ပင်လှုပ်တာ မြင်ရတဲ့အခါ ကြောက်လည်း မကြောက်သလို၊ မစိုးရိမ်သလိုပဲ သဘောထားရမယ်။ ဒကာတို့တစ်တွေက ကိုယ့်သစ်ပင် ဆိုရင် လှုပ်ချင် လှုပ်နေကြဦးမယ်။ ဒါကြောင့် ဘာမှမဆိုင်တဲ့ အဝေးက သစ်ပင်လို သဘောထားရမယ်ဆိုတာ မှတ် လိုက်ကြ။
ဘာနဲ့မှမဆိုင်တဲ့ သစ်ပင်လှုပ်သလို သူ့သဘောအတိုင်း ဖြစ်ပျက်နေတဲ့ခန္ဓာကို မြင်အောင်ကြည့်ပေးကြ။ ဒီလိုမြင်လို့ သူစိမ်းထင်ရင် သက္ကာယချုပ်တာပဲ။ သက္ကာယချုပ်တော့ နောက်ကတဏှာချုပ်၊ ဥပါဒါန်ချုပ်၊ ကံချုပ်၊ နောက်ဇာတိ၊ ဇရာ၊ မရဏတွေ မလာတော့ဘူး။ အကုန်ချုပ်တော့တာပဲ။ ဒကာ၊ ဒကာမတွေ သဘောပါကြရဲ့လား?။ သူစိမ်းမြင် မြင်အောင် ကြည့်နိုင်တဲ့ဉာဏ်ဟာ ဘယ်လောက်ကျေးဇူးများသွားသလဲ?။ ရိပ်မိကြရဲ့လား?။
‘သူသဘောပဲကိုး’လို့ ဉာဏ်က ဆုံးဖြတ်ချက်ချနိုင်ရမယ်
ဒကာတို့တစ်တွေက ‘မိမိရုပ်နာမ် သူစိမ်းကြည့် ကြည့်ဖို့မလွယ်ဘူး ဘုရား’နဲ့ လာချင်လာမယ်။ ဒီဆင်ခြေမျိုး ကို လက်သင့်မခံကြနဲ့။ မလာကြစေနဲ့။ မိမိနဲ့အတူမွေးပေမယ့် ရုပ်၊ နာမ်၊ ခန္ဓာက ကိုယ့်အလိုမပါဘူး။ ကိုယ့်အလို မလိုက်လို့၊ ကိုယ့်အကြိုက်မပါတာမို့ သူစိမ်းပဲလို့သာ ဆုံးဖြတ်ချက်ချက်ကြ။ ရှင်းကြရဲ့လား?။
ဒီရုပ်နာမ်ခန္ဓာဟာ ကိုယ့်အလိုမပါလို့ သူစိမ်းချည်းပဲ။ ဒါကိုဉာဏ်က သူစိမ်းမြင်၊ မြင်ဖို့ အရေးကြီးတယ်။ ဖြစ်ပေါ်လာလိုက်၊ ပျောက်ပျက်သွားလိုက်၊ ဖြစ်လာလိုက် ပျက်စီးသွားလိုက်နဲ့ တားမရ ဆီးမရနဲ့ သူ့သဘော သူဆောင် ရွက်နေကြတာပဲ။ အဲဒီအခါမှာ ဪ… ‘သူသဘောပဲကိုး’လို့ ဉာဏ်က ဆုံးဖြတ်ချက်ချနိုင်ရမယ်။ ဒကာ၊ ဒကာမ တွေ သဘောပါကြပလား?။
အဲဒီလိုဉာဏ်က ‘ရုပ်နာမ်သက်သက် ဖြစ်ပျက်တွေပဲ။ ဒီထဲမှာ ငါမပါဘူး။ မိမိနဲ့ ဘာမှမဆိုင်ဘူး။ ရုပ်နာမ် အနိစ္စတွေပဲ။ သူစိမ်းသဘောတွေပဲ’လို့ ဉာဏ်က ဆုံးဖြတ်နိုင်ရင် သက္ကာယချုပ်၊ တဏှာချုပ်၊ ဥပါဒါန်ချုပ်၊ ကံ၊ ဇာတိ၊ ဇရာ၊ မရဏ စတဲ့ တရားတွေ မလာတော့ဘူး။ မလာတော့ အပါယ်ဇာတိ၊ လူဇာတိ၊ နတ်ဇာတိတွေ အကုန်သေတော့ တာပဲ။ ကျေနပ်ပလား?။
လောကမျက်လုံးနဲ့ ကြည့်တော့ ‘ကိုယ့်သားသမီးလေးပဲ ချစ်ရ၊ ခင်ရ၊ ကြင်နာရမှာပေါ့။ အခုတော့ သူလုပ်ပုံ က သူစိမ်းသဘောပဲ’နဲ့ ပြောကြတယ်။ ဥပမာ- ကလေးတွေ ဒဏ်ရာအနာတရနဲ့ လဲကွဲပြီးနေတာ တွေ့ရတော့ ‘စောင့် ရှောက်သူက သူစိမ်းထင်ပါရဲ့’နဲ့ ပြောကြဆိုကြတယ်။ အဲဒါဟာ စောင့်ရှောက်သူက မကြည့်မိတော့ တဏှာဒိဋ္ဌိက သူစိမ်းကြည့် ကြည့်တယ်လို့ ပြောလိုက်တာပဲ။
သူစိမ်းမြင် မြင်ရင် နိဗ္ဗာန်ရမယ်
တဏှာ၊ ဒိဋ္ဌိတို့က ဘုရားစကားနဲ့ ကန့်လန့်လုပ်တယ်။ အမှန်တရား၊ သစ္စာတရားနဲ့လည်း ပြောင်းပြန်လုပ်တယ်။ ပြောင်းပြန်ကန့်လန့်လုပ်ပြီး ဒကာတို့ကို အပါယ်ချည်း ပို့မယ်ဆိုတာ မှတ်လိုက်ကြ။
ဒကာ၊ ဒကာမတွေကို ဘုန်းကြီးက မေးလိုက်ပါတယ်။ ‘အပါယ်ကျချင်သလား?၊ နိဗ္ဗာန်ရချင်သလား?’လို့။ အပါယ်မကျချင်ဘူး၊ နိဗ္ဗာန်ရချင်တယ်တဲ့။ မှန်မှန်ပြောကြ။ နိဗ္ဗာန်ရချင်တာမှန်ရင် သူစိမ်းဖြစ်လို့ သူစိမ်းကြည့် ကြည့် ကြ၊ သူစိမ်းမြင် မြင်ရင် နိဗ္ဗာန်ရမယ်။ ရှင်းပလား?။
ရုပ်နာမ်ခန္ဓာက သူ့သဘော သူဆောင်နေတာပဲ။ အေးလိုက်၊ ပူလိုက်၊ ငြိမ်လိုက်၊ လှုပ်လိုက်၊ အေးချင်တဲ့အခါ အေး၊ ပူချင်တဲ့အခါပူ၊ ဘယ်သူမှ လုပ်လို့မရဘူး။ ဒကာတို့ လုပ်လို့ဖြစ်တာမဟုတ်ဘူး။ ဒီလိုဖြစ်စေ ဟိုလိုဖြစ်စေ၊ ဘယ်လိုဖြစ်စေ ညာလိုဖြစ်စေ တောင့်တလို့လည်း မရ၊ ပြုပြင်လို့လည်း မရ။ သူ့သဘောအတိုင်း သူဆောင်ရွက်နေတာ ပဲ ရှိတယ်။ သဘောပါကြရဲ့လား?။
သူစိမ်းကို ဆွေမျိုးလုပ်ခဲ့မိလို့ အပါယ်ချည်းပဲ ရောက်ခဲ့ရတယ်
ဒကာ၊ ဒကာမတွေ အရင်တုန်းက သူစိမ်းကို ဆွေမျိုးလုပ်ခဲ့မိလို့ အပါယ်ချည်းပဲ ရောက်ခဲ့ရတယ်။ ဒကာတို့ အပါယ်ရောက်ကြရတာဟာ သူစိမ်းကို ဆွေမျိုးလုပ်ခဲ့မိလို့ပဲဆိုတာ မှတ်လိုက်ကြ။ ရိပ်မိကြပလား။ ဒကာတို့က ကြံဖန် လုပ်နေတာ။ ရိုးရာအလုပ်တွေ ပြင်ကြတော့၊ အမှန်ရောက်အောင် လုပ်ကြတော့၊ မလုပ်မိရင် ငရဲကြီးကြီး မီးများများ နဲ့ နေရမယ်လို့သာ မှတ်ကြတော့။
သဘောပါကြရဲ့လား?။ ငရဲအိုးကြီးကြီး၊ ငရဲအိုးသေးသေး၊ မီးများများ၊ မီးနည်းနည်းဆိုတာတွေဟာ ဒကာတို့ လုပ်တာပဲ။ ဘယ်သူမှ လုပ်ပေးတာမဟုတ်ဘူး။ ကိုယ်တိုင်လုပ်ယူတာပဲဆိုတာ ဆုံးဖြတ်ချက်ချကြ။ ရှင်းပလား?။ အဲဒါတွေဟာ ဉာဏ်မှန်မရတဲ့သူတွေ လုပ်တာပဲ။ ဉာဏ်မှန်မရရင် ဒါတွေချည်း ထပ်တလဲလဲ လုပ်မိနေမယ်။ အပါယ် လုပ်ငန်းအပြင် ခြားညှပ်စရာ မမြင်တော့ဘူး။
ဒကာတို့က ပြောတတ်ကြတယ် ‘သူ့အကြောင်းနဲ့ သူ့အကျိုးကိုး’တဲ့။ အဲဒီလိုလည်း သိကြတယ်။ ငရဲလည်း ကြောက်တယ်။ ပါးစပ်က ကြောက်တယ်ဆိုပြီးတော့ ငရဲပဲ တည်ဆောက်နေကြမယ်ဆိုရင် နေရာကျပါဦးမလား?။ နေရာမကျတော့ဘူး။ ရိပ်မိကြပလား?။ ဒီတော့ ဘုန်းကြီးက သတိပေးလိုက်တယ် ‘ငရဲမကြောက်ကြနဲ့။ ဒကာတို့ အထင်တွေကို ကြောက်ကြ၊ ကိုယ့်အထင်လွဲမှုကို ကြောက်ကြပါ’လို့ သတိပေးလိုက်တယ်။ ပေါ်ကြပလား?။
သူစိမ်းကို ငါ့ကိုယ် ငါ့ဟာလုပ်၊ မှားသောပုဂ္ဂိုလ် မှားလမ်းသွား၊ မှန်သောပုဂ္ဂိုလ် မှန်တဲ့လမ်းသွား၊ မှားလမ်းက အပါယ်လမ်း၊ မှန်တဲ့လမ်းက နိဗ္ဗာန်လမ်း၊ ရိပ်မိကြပလား?။ အပါယ်လမ်းသွားတာ အမြင်မှားနဲ့ သွားကြလေရဲ့လို့သာ မှတ်လိုက်ကြ။ အမြင်မှန်က အပါယ်တံခါးပိတ်တယ်။ သူစိမ်းကို သူစိမ်းမြင်မြင်ရင် အမြင်မှန်ရလို့ အပါယ်တံခါး ပိတ်တာပဲ။ ရှင်းကြရဲ့လား?။
ဘာကြောင့် အပါယ်တံခါး ပိတ်ရသလဲ?
ဘာကြောင့် အပါယ်တံခါး ပိတ်ရသလဲ?။ ခန္ဓာ, ရုပ်နာမ်ကို အမြင်မှန်, မြင်တော့ တဏှာချုပ်၊ ဥပါဒါန်ချုပ်၊ ကံချုပ်၊ ဇာတိချုပ်၊ ဇာတိချုပ်တော့ အမြင်မှန်ကြောင့် နိဗ္ဗာန်သွား။ အပါယ်သွားကြောင်းချုပ်။ နိဗ္ဗာန်သွားကြောင်းပေါ်။ ကျေနပ်ပလား?။ အပါယ်သွားကြောင်းနဲ့ လွတ်ကြောင်းဟာ အမြင်မှားနဲ့ အမြင်မှန် နှစ်ခုမှာ တည်နေတယ်။
အပါယ်သွားကြောင်းနဲ့ လွတ်ကြောင်းနှစ်ခုဟာ အမြင်မှားနဲ့အမြင်မှန် နှစ်မျိုးမှာ မှီနေတယ်။ ဒီနှစ်ခုပဲ ရှိတယ် ဆိုတာ ပေါ်ကြပလား?။ ဒကာ၊ ဒကာမတွေ ‘ခရေစေ့တွင်းကျ’ ပြောနေတယ်။ လေးလေးစားစားနဲ့ မှတ်ယူကြ။ ရုပ် နာမ်ဖြစ်ပျက် မမြင်ဘဲ ငါ, သူ မြင်ရင် အမြင်မှား၊ ရုပ်နာမ်ဖြစ်ပျက် မြင်တာတောင်မှ အတုံးအခဲမြင်ရင် အမြင်မှားပဲ ဆိုတာ ပြောခဲ့တယ်။ သိမ်မွေ့တာမြင်မှ အမြင်မှန်ပဲ။ ရှင်းကြပလား?။
ဘုရားရှင်က ခန္ဓာငါးပါးကို ‘ပရတော၊ သူစိမ်းလို့’ မြင်ရမယ်လို့ ဟောတော်မူခဲ့တယ်။ ပရတောဆိုတဲ့အမြင် ဟာ ဒီလိုသိမ်သိမ်မွေ့မွေ့ မြင်တဲ့ ရုပ်နာမ်ဖြစ်ပျက် အမြင်ပဲဆိုတာ မှတ်ကြ။ ရုပ်နာမ် ဖြစ်ပျက်မြင်တယ်ဆိုပေမယ့် သိမ်သိမ်မွေ့မွေ့မြင်မှ ဝိပဿနာအမြင်၊ အမြင်မှန်ပဲ။ ကြမ်းရင် သမထ-မြင်၊ ပညတ်မြင်။ အမြင်မှန်မဟုတ်သေးဘူး ဆိုတာ မှတ်ထားကြ။ သဘောပါကြပလား?။
အမြင်မှန်က သိမ်မွေ့နူးညံ့တာ
အမြင်မှန်နဲ့ အမြင်မှားကို သိမ်မွေ့တာ၊ ကြမ်းတမ်းတာနဲ့ ခွဲခြားရမယ်။ အမြင်မှန်က သိမ်မွေ့နူးညံ့တာ။ အမြင်မှားက ကြမ်းတမ်းတာ ဒီနှစ်ခုနဲ့ ခွဲခြားပြီး သိရမယ်။ ရှင်းကြပလား?။ ဒကာ ဒကာမတို့ သိမ်မွေ့တာနဲ့ ကြမ်းတမ်း တာ ဒီနှစ်ခု ကွဲပြားတာက တော်သေးတယ်။ အမြင်မှားကျတော့ မရတော့ဘူး။ အမြင်မှားကို ပြင်ဖို့က ပိုပြီးအရေးကြီး တယ်ဆိုတာ မှတ်ရမယ်။ ကျေနပ်ပလား?။
ဒကာ၊ ဒကာမတွေ တိတိကျကျ မှတ်ထားဖို့ အချုပ်တားကို ပြောရမယ်။ ‘ရုပ်နာမ်၊ ဖြစ်ပျက် သိမ်မွေ့တဲ့ အမြင်၊ သူစိမ်း (တစိမ်း) သွားမြင်စေချင်တယ်’ ဒါအချုပ်စကားပဲ။
ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ကိလေသာထု ထူလွန်းလို့ နားမလည် လည်အောင်၊ မရှင်းတာ ရှင်းအောင် ဆိုပြီး ဟိုဘက်ကလှည့်သွင်း၊ ဒီဘက်ကလှည့်သွင်းနဲ့ သွင်းပေးနေရတယ်။ ကိလေသာထု ထူလွန်းလို့ ဉာဏ်မရောက် ရောက်အောင် လှည့်ပြောနေရတယ်။ သေသေချာချာ နာရီသုံးမတ်ကြာအောင် ပြောနေရတာမို့ သာမညမမှတ်နဲ့ လေးလေးစားစားနဲ့ အဝါးဝအောင် မှတ်ယူကြဖို့ တိုက်တွန်းလိုက်တယ်။
သိမ်မွေ့တဲ့ ရုပ်နာမ်ကို တစိမ်းသဘောမြင်ဖို့ဟာ လိုရင်းအချက်
ဒကာ၊ ဒကာမတွေ မှတ်မိကြရဲ့လား?။ သိမ်မွေ့တဲ့ ရုပ်နာမ်ကို တစိမ်းသဘောမြင်ဖို့ဟာ လိုရင်းအချက်ပဲ။ ရိပ်မိကြပလား?။ အခုပြောတာ တစ်လုံးတည်းပဲ ရှိသေးတယ် မများသေးဘူး။ ပြန်ပြောပါဦးမယ် ဒီတရားမှာ ‘သိမ်မွေ့ တဲ့ ရုပ်နာမ်ကို တစိမ်းသဘော မြင်ဖို့ဟာ လိုရင်းအချက်ပဲ’။ ရှင်းကြပလား?၊ ဘယ်မှာမြင်ရမှာလဲ?၊ မိမိခန္ဓာမှာ မြင် ရမှာလို့ပဲ ဒကာတို့က နှုတ်တက်နေကြတယ်။
‘မိမိ’ အစွဲနှုတ်တက်နေတာကိုက ဒီအတိုင်းပဲ ရှိသေးတယ်။ အမှန်က ရုပ်နာမ်ကြည့်ရမှာပါ။ ဒီကရှေ့ ရုပ်နာမ် ကို ကြည့်ကြ၊ ရုပ်နာမ်ကို ဉာဏ်ရောက်ပါစေ။ အပြောဟာ အပြောပဲ ထားလိုက်ကြ။ မိမိ မိမိနဲ့ စွဲမထားကြနဲ့ အမှတ် နာနေကြတယ်။ ဒကာတို့တစ်တွေမှာ အမှတ်လွဲတွေ နာနေလို့ ဒါလောက်ဟောနေရတာ။ တရားအကျဉ်းချုပ်ကတော့ တစ်လုံးတည်းရှိသေးတယ်။ ရိပ်မိကြရဲ့လား?။
သိမ်မွေ့တဲ့ ရုပ်နာမ်ဖြစ်ပျက်ကို သူစိမ်းအမြင်နဲ့ မြင်အောင်ကြည့်ပါ။ သူစိမ်းအမြင်နဲ့မြင်ရင် ပရတော ဖြစ် သွားပြီ။
ဒကာတို့တစ်တွေက ဘုရားစကားတော်နဲ့ ဖီလာလုပ်နေကြတယ်ဆိုရင် ငြင်းဖို့ရှိသေးသလား?။ “ဒါက တို့အရပ် သား၊ ဒါက တို့မြို့သား၊ ကမ္ဘာဦးက ဗြဟ္မာက မွေးတာမို့ တို့အမျိုးချည်းပဲ။ သူစိမ်းကို မပါဘူး”တဲ့။ ဟုတ်ကြရဲ့လား?။ ဘုရားက သူစိမ်းဖြစ်စေချင်တယ်။ ဒကာတို့က သူစိမ်းမရှိတော့ဘူး။ ဒကာတို့က ဘုရားကို ပြိုင်နေကြတာလား?လို့ မေးလိုက်ပါတယ်။ ပေါ်ကြပလား?။ ကြပ်ကြပ်စဉ်းစားကြ။
ခန္ဓာငါးပါးကို သူစိမ်းကြည့် ကြည့်ပါ
ခန္ဓာငါးပါးကို သူစိမ်းကြည့် ကြည့်ပါ။ သူစိမ်းမြင် မြင်အောင်လုပ်ပါလို့ ဟောဒါ ဘာကြောင့်လဲ?။ ဘယ်လို ကျေးဇူးများသလဲ?။ သူစိမ်းမြင်တော့ အခင်လွတ်တယ်။ အခင်လွတ်တော့ တဏှာ၊ ဥပါဒါန်ကံတွေ ချုပ်တယ်။ နောက် ဇာတိလည်း ချုပ်တယ်။ ဇာတိချုပ်တော့ ‘အဇာတိံ နိဗ္ဗာနံ’ပဲ။ သဘောပါကြရဲ့လား?။ ဒါ ဘယ်သူဟောတာတုံး?ဆို တော့ အရှင်သာရိပုတ္တရာ ဟောတာပဲလို့ မှတ်လိုက်ကြ။
ဒကာ၊ ဒကာမတို့ ဒီတရားဟာ မနေ့ကဟောတဲ့ တရားကို ဆက်ပြီးပေးတာပဲ။ ရှင်သာရိပုတ္တရာ ဟောတဲ့ မနေ့ကတရားကို ဆက်တာ အင်မတန် ဉာဏ်ကြီးတဲ့ပုဂ္ဂိုလ် ဟောထားတာ။ သူ့ဉာဏ်က နှစ်သင်္ချေနဲ့ ကမ္ဘာတစ်သိန်း ကျင့်မှရတာ။ ဒါလောက်ကြာအောင် ကျင့်ရတာ။ ဒါလေးဟောချင်လို့ ကျင့်ရတာပဲဆိုရင် မမှားဘူး။ အတော် ခဲခဲ ယဉ်းယဉ်း ကျင့်လို့ ဟောနိုင်တာ။ ပညာအရာမှာ ဧတဒဂ်ရတဲ့ ပုဂ္ဂိုလ်ပဲ။ ရိပ်မိကြရဲ့လား?။
အခု ဒကာ၊ ဒကာမတွေမှာ တစ်နာရီလောက် အချိန်ကလေးအတွင်းမှာ ဒီတရားကို ရကြတယ်။ အလွန် တိုတောင်းတဲ့အချိန်အတွင်းမှာ အင်မတန် နက်နဲတဲ့တရားကို အလွယ်တကူနဲ့ ရကြတယ်ဆိုတာ အလွန်ကံကောင်းကြလို့ သာပဲ။ အလွယ်နဲ့ ရလို့ဆိုပြီး အလဟဿ၊ အလေနတော သဘောမထားလိုက်ပါနဲ့၊ ဖြုန်းတီးမပစ်ကြနဲ့လို့ သတိပေးလိုက် တယ်။ အလွယ်နဲ့ရတဲ့ငွေကို ဖြုန်းပစ်သလို ဖြုန်းတတ်ကြလို့ မဖြုန်းကြနဲ့လို့ ပြောရတယ်။
အလွဲသုံးစား မလုပ်လိုက်ကြနဲ့
ဒကာ၊ ဒကာမတွေ တရားတော်ရဲ့ တန်ဖိုးကိုလည်း နားလည်ကြပါ၊ မိမိရဲ့ တန်ဖိုးကိုလည်း ရိပ်မိကြပါ။ နည်းတဲ့အခွင့်အရေးလည်း မဟုတ်ဘူး။ သာမညအဖြစ်မျိုးလည်း မဟုတ်ကြဘူး။ အင်မတန် ကြီးကျယ်တဲ့ အခွင့်အရေး ကို အင်မတန် မြင့်မြတ်တဲ့ အခြေအနေနဲ့ ရလာကြတာပါ။ ဒါကြောင့် အလွဲသုံးစား မလုပ်လိုက်ကြနဲ့လို့ အကြီးအကျယ် သတိပေးလိုက်ပါတယ်။ ကျေနပ်ကြရဲ့လား?။
ဒကာတို့ဟာ ဒီတရားမျိုး၊ ဒီနားမျိုးနဲ့ ကြုံတောင်းကြုံခဲ ကြုံရတာမို့ ဒီဘဝမှာတင် ကျွတ်တန်းဝင်မယ့် ပုဂ္ဂိုလ် တွေ ဝင်နိုင်တဲ့သူတွေချည်းပဲဆိုရင် မလွဲဘူး။ ဒါကြောင့် ကြိုးစားယူကြ။ ဖြစ်ပျက်ရုပ်နာမ်ကို သူစိမ်းမြင် မြင်အောင် ကြည့်ပေးကြ။ ဒကာ၊ ဒကာမတို့ ‘ဖြစ်ပျက်ရုပ်နာမ်ကို သူစိမ်းအမြင်နဲ့ မြင်အောင်သာကြည့်ရင် ဒီဘဝမှာ ကိစ္စကပြီး တယ်’ဆိုတာ မှတ်လိုက်ကြ။ ရှင်းကြပလား?။
ဒကာ၊ ဒကာမတို့ အရှင်သာရိပုတ္တရာ ကိုယ်တော်ကြီးကို ငဲ့ဖို့ မသင့်ဘူးလား?။ သူ့အတွက် ငဲ့ဖို့ကောင်းတယ် ဆိုတာ ရိပ်မိကြ။ ဒီတရားဟာ နှစ်သင်္ချေနဲ့ ကမ္ဘာတစ်သိန်းတရားပဲ။ အလွန်ဂရုစိုက်ပြီး မမေ့အောင် လုပ်ကြရမယ်။ ပေါ့ပေါ့ကလေး မလုပ်လိုက်ကြနဲ့။ ရိပ်မိကြပလား?။ ကိုယ့်ကိုယ်ကိုယ် သနားသဖြင့်လည်း ကြိုးစားကြရမယ်။ ကိုယ်တော် ကြီးရဲ့ ကျေးဇူးတွေကို ဆပ်ရာရောက်အောင် မမေ့သင့်ဘူးဆိုတာ မှတ်လိုက်ကြ။
နိဗ္ဗာန်ရချင်ရင် ရုပ်နာမ်ဖြစ်ပျက်ကို သူစိမ်းမြင် မြင်အောင် ကြည့်
+++ သုခုမံ တေ ပဋိဝိဇ္ဈန္တိ၊ ဝါလဂ္ဂံ ဥသုနာ ယထာ။
ယေ ပဉ္စက္ခေန္ဓေ ပဿန္တိ၊ ပရတော နောစ အတ္တိတော။ ။
(ထေရဂါထာ ပါဠိတော်)
ယေ-အကြင်ပုဂ္ဂိုလ်တို့သည်၊ ပဉ္စက္ခန္ဓေ-ခန္ဓာငါးပါး ရုပ်နာမ်တရားတို့ကို၊ ပရတော-သူစိမ်းပြင်ပ အနေအား ဖြင့်၊ ပဿန္တိ-ရှုမြင်နိုင်ကြကုန်၏၊ အတ္တတော-ငါ့ကိုယ် ငါ့ဟာ ငါဟူသော အနေအားဖြင့်၊ နောစပဿန္တိ-မရှုမမြင်နိုင် ကြကုန်၊ တေ-ထိုပုဂ္ဂိုလ်တို့သည်၊ ဝါလဂ္ဂံ-သားမြီးဖျားကို၊ ဥသုနာ-မြားဖြင့်၊ ပဋိဝိဇ္ဈန္တိယထာ-ဖောက်ထွင်းခွဲလစ် စူးဝင် အောင် ပစ်နိုင်ကုန်သကဲ့သို့၊ သုခုမံ-ရုပ်နာမ်ဘာဝ၊ ပရမတ္ထအစု-ဓာတ်အနုကို၊ ပဋိဝိဇ္ဈန္တိ-ဉာဏ်မြားဖောက်ခွင်း ထိုး ထွင်းနိုင်သော သူတို့မည်ပါပေကုန်၏။
ဒကာ ဒကာမတို့ ရုပ်နာမ်ဖြစ်ပျက်ကို သူစိမ်းသဘောမြင်အောင် ကြည့်နိုင်ရင် နိဗ္ဗာန်ရမယ်တဲ့။ သဘောပါ ကြရဲ့လား?။ ဒါကြောင့် နိဗ္ဗာန်ရချင်ရင် ရုပ်နာမ်ဖြစ်ပျက်ကို သူစိမ်းမြင် မြင်အောင် ကြည့်ပေးကြ။ ဒီလိုမြင်အောင် ကြည့်နိုင်ရင် နိဗ္ဗာန်ကို အမြန်ရမယ်ဆိုတဲ့ အဓိပ္ပာယ်ကို မှတ်မိကြလား?။
ဒကာတို့ လုပ်ပုံတွေက ပြောင်းပြန်ချည်းပဲ။ ဘုရားက သူစိမ်းဖြစ်စေချင်တယ်။ ဒကာတို့တစ်တွေက သူစိမ်း မဖြစ်တဲ့အပြင် ‘ငါတို့ကို ဘယ်လိုအမျိုးမှတ်လို့တုံး?’။ တို့က ဇာမဏီမျိုးတွေတဲ့။ အမွေးတစ်ပင်တောင် အထိမခံဘူး’ နဲ့။ အလွန်ဆိုးဝါးနေကြတယ်။ ဘုရားကို ထော်လော်ကန့်လန့် လုပ်သလို ကျနေကြပြီ။ ရိပ်မိကြရဲ့လား?။
သားမြီးဖျား ဥပမာ
ခန္ဓာရုပ်နာမ် ဖြစ်ပျက်ကို သူစိမ်းသွားမြင်အောင် ကြည့်ပေးကြ။ သဘောပါကြပလား?။ ဥပမာအားဖြင့် အလွန်သေးငယ်တဲ့ သားမြီးဖျားကို အလယ်က ဖောက်ထွင်းသွားအောင် မြားနဲ့ ပစ်နိုင်ဖို့ရာ အလွန်တရာ ခဲယဉ်းပါ တယ်။ အဲဒီခဲယဉ်းတဲ့ဟာကို ဖောက်ထွင်းသွားအောင် ပစ်နိုင်သလို အင်မတန် နူးညံ့သိမ်မွေ့တဲ့ ရုပ်နာမ်ကို သူစိမ်း မြင် မြင်ဖို့ ပိုပြီးခဲယဉ်းတယ်။ အဲဒီခဲယဉ်းတာကို မြင်အောင် ကြည့်နိုင်မှ နိဗ္ဗာန်ရောက်မယ့် ပုဂ္ဂိုလ်ဖြစ်မယ်ဆိုတာ မှတ်လိုက်ကြ။
ဒကာ၊ ဒကာမို့ ဒီခန္ဓာဟာ ဝိပါကဝဋ်ကောင်ကြီးဖြစ်လို့ ဒီဖြစ်ပျက်ဒုက္ခနဲ့ပဲ နေရမယ်။ ဒီဖြစ်ပျက်ဒုက္ခ ဝိပါက ဝဋ်ကြီးကို ပထမ သူစိမ်းသဘော မြင်အောင်ကြည့်။ နောက် ဆက်ပြီး မုန်းအောင်၊ ရွံ့အောင်ကြည့်။ ဒီလိုအကြည့် များရင် မုန်းလို့၊ ရွံ့လို့ ဒီအပေါ်မှာ မချစ်ခင်တော့ဘူး။ ဒီဒုက္ခသစ္စာ ဝိပါက်ကောင်ကြီးနဲ့ဖြင့် နေဘဲမနေချင်တော့ပါ ဘူးဆိုပြီး တစ်နေရာမှာ မဂ်ဉာဏ်လာတာပဲ မဂ်ဉာဏ်လည်းလာရော သူစိမ်းတွေ အကုန်ချုပ်။ ဒုက္ခရောက်နေတဲ့ ရုပ်နာမ်တွေပျောက်။ နိရောဓပေါ်လာတာပဲ။ ရှင်းကြပလား?။
အဲဒါကြောင့် ဖြစ်ပျက်ရုပ်နာမ်ကို ပထမ သူစိမ်းမြင် မြင်အောင်၊ ဒုတိယ မုန်းအောင်၊ တတိယ ဆုံးအောင် ကြည့်ပေးကြလို့ တိုက်တွန်းလိုက်တယ်။ ကျေနပ်ကြပလား?။
