တိုင်ချိုး ကြိုးဖြတ် လည်ပတ်ဖြုတ် တရားတော်
သတိ
ဝိပဿနာအစ၊ ဖြစ်ပျက်အမြင်ကစ။
ဝိပဿနာအဆုံး၊ ဖြစ်ပျက်အဆုံး မြင်မှဆုံး။
ဆောင်ပုဒ်
တရားမနာ၊ သူတော်စွာလုပ်၊ အဟုတ်မကျင့်၊ ဖင့်နွှဲလင့်၊ ကျွတ်ခွင့်လမ်းမရှိ။
ကမ္ဘာပျက်ချေ၊ သမုဒ်ရေချောက်၊ မြေလုံးပျောက်ခါ၊ ဖြစ်နိုင်ရာ၊ မြတ်စွာဟောပြဘိ။
ထက်အောက်ပတ်ချာ၊ ယူဇနာဆောင်း၊ ရှစ်သောင်းလေးထောင်၊ မြင့်မိုရ်တောင်၊ ပျောက်အောင် နီးသေး၏။
မနာမကျင့်၊ တရားနှင့်ဝေး၊ အလှေးဗာလ၊ အဿုတ၊ မြုပ်ရ စုံးစုံးချည့်။
တိုင်လည်းမကျိုး၊ ကြိုးလည်းမပြတ်၊ လည်ပတ်မပြုတ်၊ လူမဟုတ်၊ ကျိုးယုတ် ခွေးတရှိ။
တရားသား
တရားလည်းမနာ သူတော်ကောင်းအလုပ် မလုပ်ကြဘူးဆိုရင်
ဒီကနေ့ မနေ့က တရားအဆက်ကို ပြောရမယ်။
မနေ့ကအဆက်က ခန္ဓာချည်တိုင် ကျိုးဖို့၊ သက္ကာယကြိုးပြတ်ဖို့၊ တဏှာလည်ပတ်ပြုတ်ဖို့၊ တရားလည်းမနာ သူတော်ကောင်းအလုပ်လည်း မလုပ်ကြဘူးဆိုရင် ကျွတ်ဖို့၊ လွတ်ဖို့ မမြင်ဘူး။ ကမ္ဘာကြီးပျက်ဖို့ နေငါးစင်းထွက် သမုဒ္ဒရာကြီးလေးစင်း ရေတွေခန်းရင် ခန်းမယ်။ ဒီလို တရားမနာ တရားအားမထုတ်ရင် ကျွတ်လမ်း မမြင်တော့ဘူး။ တိုင်းကျိုး ကြိုးပြတ် လည်ပတ်ပြုတ်ဖို့ မမြင်တော့ဘူးလို့ မှတ်ကြ။
ဒါမှမဟုတ်ရင် တရားအားမထုတ်တဲ့သူအဖို့ရာ၊ တရားမနာတဲ့သူအဖို့ရာ မြေကြီးပျောက်ဖို့သာ မြင်တယ်။ အောက်အထက် အစောက်၊အ ကျယ်၊ ထုထည် ယူဇနာပေါင်း (၈၄၀၀၀) စီရှိတဲ့ မြင့်မိုရ်တောင်ကြီးဟာ ပျောက်ရင် ပျောက်ဖို့သာ မြင်တယ်။ ကျွတ်ဖို့၊ လွတ်ဖို့ မမြင်ဘူးလို့ ဘုရားဟောတော်မူတယ်။ အရိယာသာဝက မဖြစ်သမျှ ကျွတ် ခွင့်မရနိုင်ဘူး။
မြုပ်သမား၊ မျောသမား သက်သက်ပဲ
‘သုတဝါအရိယ သာဝကော’ဖြစ်ပါမှ ကျွတ်လွတ်ခွင့်ကိုရမယ် မဖြစ်ရင် ‘အသုတဝါ ပုထုဇ္ဇနော’ ဖြစ်နေလို့။ အဲဒါ သိပ်ကြောက်စရာကောင်းလှပါတယ်။ အရိယာသာဝကမဖြစ်ရင် ဘယ်တော့မှ တိုင်ကျိုး၊ ကြိုးပြတ် လည်ပတ် ပြုတ်ဖို့ မမြင်တော့ဘူး။ ဘယ်မြင်ပါတော့မလဲ ‘အသုတဝါ ပုထုဇ္ဇနော’ဆိုတာ ကိလေသာတောထနေတဲ့ သုတမရှိတဲ့ ပုထုဇဉ်ပဲလို့ ဆိုလိုတယ်။ မျက်စိကန်း၊ နားပင်း၊ ကိလေသာ တောထတဲ့ မြုပ်သမား၊ မျောသမား သက်သက်ပဲ။
တို့ဒကာတွေ ဒီနှစ်စားထဲမှာ ဘယ်အစားထဲပါတုံး?လို့ ဆန်းစစ်ကြည့်ကြ။ မျက်စိကန်း၊ နားပင်း၊ ကိလေသာ တောထဆိုတဲ့ နာမည်ဟာ ရပ်က၊ ရွာက၊ ချစ်လို့၊ မြတ်နိုးလို့ မှည့်တဲ့ နာမည်မဟုတ်ဘူး။ ဖြစ်စဉ်နဲ့ ညီညွတ်လို့ ရထား တဲ့ နာမည်ပဲလို့ မှတ်ကြ။ နားကန်း၊ မျက်စိကွယ် ကိလေသာ တောထ၊ အဲဒါခင်ဗျားတို့ နာမည်ရင်းပဲ မဟုတ်လားလို့ မေးလိုက်ပါတယ်။
ဒီနာမည်၊ ဆိုင်းဘုတ် မပြုတ်ကြရင် ဘယ်တော့မှ ကျက်သရေမင်္ဂလာ မရှိဘူး။ ဒါကြောင့် ဒီဆိုင်းဘုတ်ပြုတ် အောင် လုပ်ရလိမ့်မယ်။ ‘သုတဝါ အရိယ သာဝကော’ဖြစ်အောင် လုပ်ကြ။ ရှင်းပလား?။ သုံးတတ်ကြတယ် ပုထုဇဉ် ဆိုတော့ မှားသေးတာပဲတဲ့။ တို့ဒကာတွေက အဲဒါကို အကောင်းကြီး မှတ်နေကြတယ်။ အသေအချာဆိုတော့ ကိလေသာ တောထနေလို့ သည်းခံပါလို့ဆိုတာနဲ့ အတူတူပါပဲ။
မျက်စိကန်း၊ နားပင်း၊ ကိလေသာတောထ
‘အသုတဝါ ပုထုဇ္ဇနော’က မျက်စိကန်း၊ နားပင်း၊ ကိလေသာတောထ ဆိုတော့ ဘယ်နေရာမှ အသုံးမကျဘူး လို့ မှတ်လိုက်ကြ။
‘အသုတဝါ ပုထုဇ္ဇနော’အဖြစ်က ဘယ်လောက်ဆိုးသလဲ။ ခန္ဓာငါးပါးချည်တိုင်က မခွါနိုင်။ ခန္ဓာငါးပါးခင်၊ ကိုယ့်ကိုယ်ကိုယ်ခင်လို့ ပူတယ်၊ အိုက်တယ်ဆိုပြီး ယပ်ကလေးများတောင် ခပ်ပြီး ပူဇော်ကြတယ်။ ဘုရားကို ဘယ်နှစ်ခါ လောက် ယပ်ခတ်ပြီး ပူဇော်ကြဖူးသလဲလို့ မေးရင် အခက်ပဲ။ ကိုယ့်ကိုယ်ကိုယ် ခင်လို့ ရေချိုးပေးကြ၊ အဝတ်နူးနူး ညံ့ညံ့ကလေးများ ဝတ်ပြီး ပူဇော်ကြ။ အစားအသောက် ကောင်းကောင်းမွန်မွန်ကလေးနဲ့ ပူဇော်လိုက်ကြ။ အဲဒါခင်လွန်း လို့ မင်လွန်းလို့ ပူဇော်နေကြတာပါ။
ခင်တာက တဏှာ၊ ကိုယ်ပြုမှ ကိုယ်နုမယ်တဲ့။ သက္ကာယဒိဋ္ဌိက လာလိုက်သေးတယ်။ ခင်တာက တဏှာ၊ ထင်တာက ဒိဋ္ဌိ၊ ခန္ဓာ ငါလုပ်ပြီး အဟုတ်ကြီး ထင်နေကြတယ်။ ဘယ်မှာ ကောင်းနိုင်ပါတော့မလဲ။ ဒီသဘောတွေကို အဟုတ်အမှန် သိစေချင်လို့ ဘုရားက ကျကျနန ဟောတော်မူခဲ့တယ်။ ဘုန်းကြီးကလည်း သေသေချာချာ ချဲ့ထွင်ပြီး ဟောပြနေတာ။ ခင်ဗျားတို့တစ်တွေက ပေတေတေ ကပ်တတ်တတ် လုပ်နေကြရင် တော်ပါ့မလား?။ စဉ်းစားကြ။
ဘုန်းကြီးက လည်ပတ်ဖြုတ်ပေးနေတာ
ဒီက ဘုန်းကြီးက လည်ပတ်ဖြုတ်ပေးနေတာဟာ အင်မတန် ကရုဏာကြီးလွန်းလို့ပဲဆိုတာ သံသယမရှိကြနဲ့။ ရိပ်မိကြပလား?။
မိမိဟာ ခန္ဓာနဲ့ ဘာတော်သတုံး?လို့ မေးရင် ငါ့ကိုယ်တဲ့ အဲဒါဒိဋ္ဌိပဲ။ ဒိဋ္ဌိဟာ ဘယ်လောက်ကြောက်စရာ ကောင်းသလဲ?။ ငါမဟုတ်တဲ့ ခန္ဓာငါးပါး ငါထင်ပြီး ငါလုပ်နေတယ်။ အမှန်အရှိကို ဉာဏ်နဲ့သိရင်-
ပိတ်ပိတ်တုံး ကန်းနေရတဲ့အထဲမှာ တို့ဒကာတွေက တိုင်ကျိုးမှာ ကြောက်ရှာလွန်းလို့ ‘လူမသေ ငွေမရှား’ ဆိုပြီး အနာရောဂါ ပေါ်လာရင် ပစ္စည်းပုံတိုက်ပြီး ကုကြ၊ သကြ၊ မွမ်းမံကြတယ်။ အဲဒါ ခန္ဓာငါထင်ပြီး ခန္ဓာခင်လွန်း လို့။ ကန်းပါတယ်ဆို နားကပင်းပြီး ကိလေသာတော့ထလိုက်သေးတယ်။ ဘာမှမမြင်တော့ ဘာမဆို အကောင်းချည်း မှတ်ထင်နေကြတယ်။ ဒီက မျက်စိမြင်တဲ့သူက အသေအချာ ညွှန်ပြနေတာ။ ခင်ဗျားတို့ အဖြစ်ဆိုးတွေမြင်လို့ပဲဆိုတာ မှတ်ကြ။ ရိပ်မိကြပလား?။
ဘုရားမပွင့်ရင် အရိယာသာဝက မဖြစ်နိုင်ဘူး
ဘုရားမပွင့်ရင် အရိယာသာဝက မဖြစ်နိုင်ဘူး။ အရိယာသာဝကမဖြစ်ရင် ခွေးသေသေ၊ ခွေးနေနေမှတစ်ပါး ဘာမှမရှိဘူးလို့မှတ်။
တိုင်မကျိုး၊ ကြိုးမပြတ်၊ လည်ပတ်မပြုတ်တဲ့ ခွေးအဖြစ်ဆိုးမျိုးပဲ။ ဒီအဖြစ်ဆိုးက မလွတ်သမျှ ‘ဆပ်ကပ်ပွဲ’ ရုံ ပြောင်းနေရသလို တစ်ပြောင်းတည်း ပြောင်းနေရမှာပဲ။ ဒီဆပ်ကပ်ရုံက ဟိုဆပ်ကပ်ရုံပြောင်း၊ ဟိုဘက်ကပြီးပြန် တော့ တခြားရုံပြောင်း ပြကြဦး။ ဆပ်ကပ်ပြပွဲဝင် တိရစ္ဆာန်တွေကတော့ အကောင်အမျိုးမျိုး၊ အသွင်အမျိုးမျိုးဖြစ်ပေ မယ့် လက်ရင်းမတော့ ဒီအကောင်၊ ဒီအကောင်ပါပဲ။
တို့ဒကာတွေ ဒီတိုင်၊ ဒီကြိုး၊ ဒီလည်ပတ်တန်းလန်းကြီးနဲ့ ဘယ်ရုံများ ပြောင်းပြချင်ကြသေးတုံး?။ အရပ်တကာ၊ ရုံတကာလှည့်ပြီး ကိုယ့်ကိုယ်ကိုယ် အရှက်ခွဲကြဦးမလား?။ ပြောင်းချင်ရင် အရှက်မရှိလို့ပဲဆိုတာ မှတ်ပါ။ မရောက်ဖူး တဲ့နေရာ၊ မနေဘူးတဲ့အရပ်၊ ဆပ်ကပ်မပြဘူး မကဘူးတဲ့ ဘဝရယ်လို့ မရှိတော့ဘူး။ အရှက်တကွဲ၊ အကျိုးနည်းလည်း စုံခဲ့ပြီ။ အရပ်တကာဖြင့် စုံခဲ့ပေါ့။ ရုံတကာဖြင့် နှံ့ခဲ့ပါ့။ မရောက်ဖူးတဲ့နေရာ မရှိပါဘူး။ ရောက်ရာဌာန ဘုံဘဝ အသင်္ချေမှာ ဒီတိုင်၊ ဒီကြိုး၊ ဒီလည်ပတ်နဲ့ချည်းပဲ။
အရှင်သာရိပုတ္တရာ မထေရ်က ဘဝသံသရာတစ်လျှောက်မှာ မိမိရဲ့ဖြစ်စဉ်ကို ပြန်ကြည့်လိုက်တော့ မဖြစ်ဖူး တဲ့ဘဝမျိုး မရဘူးတဲ့။ စည်းစိမ်မျိုးရယ်လို့ မရှိဘူး။ ဖြစ်ဖူးတဲ့ဘဝ၊ ရဖူးတဲ့စည်းစိမ်ချည်းပါပဲလို့ ဟောခဲ့တယ်။
ဒီတော့ သတ္တဝါအားလုံးအဖို့ရာ ဘယ်အဖြစ်မှာမှ အဆန်းမဟုတ်တော့ဘူး။ ကမ္ဘာ့တံထွာ ဓမ္မတာလက်ရိုး တရားပါပဲ။ ဒီလက်ရိုးတရားသာမဟုတ်ဘဲ ရုပ်အစု၊ နာမ်အစု၊ သင်္ခါရအစု ဒုက္ခမှုတွေမှာ နောက်ထပ် နစ်မွန်းချင်ကြ သေးရင် အခုနပြောတဲ့ ခွေးသေသေ၊ ခွေးနေနေရရုံမှအပ ဘာမျှမရှိတော့ဘူး။ ရှင်းကြပလား?။
တိုင်ခင်ချင်ကြသေးသလား?။ မခင်ချင်ရင် နည်းလမ်းရခိုက် လုံ့လစိုက်ကြ၊ မိမိသန္တာန်မှာ အမှန်အရှိက ရုပ်ဖြစ်ပျက်၊ နာမ်ဖြစ်ပျက်ပဲ ရှိတယ်။ ဒီဖြစ်ပျက်ကို ဉာဏ်ဖြင့် မြင်အောင် ရှုကြ၊ ဖြစ်ပျက်မြင်ရင် ချည်တိုင် မခင်တော့ ပါဘူး။ မျက်စိမြင်ပြီ၊ နားပါးပြီ၊ ကိလေသာပါးပြီလို့ မှတ်ကြ။ မရှုမိဘဲနေရင် တဏှာဝင်မယ်။ ဒိဋ္ဌိဝင်မယ်။ ရှုနေတော့ တဏှာ-ဒိဋ္ဌိ သေမယ်။
သောတာပန် အမြန်တည်ချင်ရင် စိတ္တာနုပဿနာရှု
ကြိုးစားကြ။ မဂ်အမြန်ရချင်ရင် သောတာပန် အမြန်တည်ချင်ရင် စိတ္တာနုပဿနာရှု စိတ်ကိုရှုကြ။ ဘာစိတ် ပေါ်ပေါ် ဖြစ်ပျက်၊ ကောင်းတဲ့စိတ် မကောင်းတဲ့စိတ် ပေါ်ချင်တာပေါ် ဖြစ်ပျက်သာရှုပစ်၊ မလွတ်စေနဲ့ လွတ်ရင် ကိလေသာ ကြားဝင်လာမယ်။ ကိလေသာကြားဝင်ခံရင် ကြာမယ်လို့မှတ်ကြ။ စားချင်တဲ့စိတ်၊ အိပ်ချင်တဲ့စိတ်၊ ဘုရား ရှိခိုးစိတ် ပေါ်သမျှရှု၊ ကြပ်ကြပ်ရှုရင် ဖြစ်ပြီးပျက်သွားတာချည်း မြင်လာမယ်။
ဖြစ်ပျက်ဟာ များများမြင်လေ အဆင့်အတန်းတက်လေ ဉာဏ်ရင့်လာလေပဲ။ အဲဒီကမှ ဖြစ်ပျက် ကုန်အောင် လိုက်ရမယ်။ ဖြစ်ပျက်မကုန်ရင် ဒီဘဝ မပြီးသေးဘူး။ ဒါကြောင့် ဖြစ်ပျက်ကုန်အောင် လုပ်ကြ၊ ဖြစ်ပျက်ကုန်ဖို့က အမြင်များလို့ ကြိုးစားရှုရင် မကြာခင် မုန်းလာမယ်၊ မုန်းလာရင် မကြာခင် ဆုံးသွားတယ်။ အဲဒီအဆုံးမျိုး လေးကြိမ် ပြီးရင် ဖြစ်ပျက်ကုန်တော့တာပဲ။
ဝိပဿနာအဆုံး ဖြစ်ပျက်အဆုံး မြင်မှ
ဒါဟာ အဂ္ဂီဝစ္ဆပုဏ္ဏားကို ဟောတဲ့ အဓိပ္ပာယ်လို့မှတ်။ ဖြစ်ပျက်ကုန်ရင် ဥပါဒါန်ကုန်တယ်။ ဥပါဒါန်ကုန်ရင် နောက်ခန္ဓာမလာတော့ဘူး။ သတ္တဝါအဖြစ် မလာတော့ဘူး။ ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်ဆိုတဲ့ ခေါ်ဝေါ်ခြင်း က လွတ်ပြီ။ လွတ်တာဟာ နိဗ္ဗာန်ပဲလို့ ဟောတော်မူတယ်။
တို့ဒကာတွေအတွက်က စိတ်ကိုမြင်အောင်ရှု၊ နောက်မုန်းအောင်ရှု၊ နောက်ဆုံးအောင်ရှုကြ။ ခန္ဓာငါးပါးဆုံးရင် ဆုံးတဲ့အချိန်မှာ နိဗ္ဗာန်တွေ့ကြမယ်။ နိဗ္ဗာန်တွေ့တာနဲ့ တိုင်ကျိုး ကြိုးပြတ် လည်ပတ်ပြုတ်မယ်လို့ ဆုံးဖြတ်ချက်ချ။ သဘောပါကြရဲ့လား?။
တို့ဒကာတွေ တိုင်ကျိုးချင်ရင်၊ ကြိုးပြတ်ချင်ရင်၊ လည်ပတ်ပြုတ်ချင်ရင်၊ ကျွတ်လမ်းလွတ်လမ်း ရချင်ရင် ဝိပဿနာအလုပ် လုပ်ကြရမယ်။ ကိုယ့်အလုပ် မှန်, မမှန် ခရီးရောက်,မရောက် သိချင်ရင် ဝိပဿနာကအစ ဖြစ်ပျက် အမြင်ကစ ဝိပဿနာအဆုံး ဖြစ်ပျက်အဆုံး မြင်မှဆုံးတယ်လို့ မှတ်ကြ။ သဘောပါကြပလား?။
