20205

ဒိဋ္ဌိကွာမှ ချမ်းသာရ တရားတော်

ဆောင်ပုဒ်

ရုပ်,နာမ်လောက၊ ခိုင်မြဲစွာ့၊ ယူက သဿတာ။

ရုပ်,နာမ်မမြဲ၊ ပြတ်ယူစွဲ၊ ခေါ်မြဲ ဥစ္ဆေဒါ။

အဆုံးရှိ၏၊ ဥစ္ဆေသိ၊ မရှိ သဿတာ။

အသက်ကိုမူ၊ တခြားယူ၊ အတူယူလည်း ဥစ္ဆေဒါ။

သတ္တဝါသေမူ၊ ဖြစ်သေးယူ၊ တစ်လှည့်ယူလည်း ဧကစ္စာ။

သတ္တဝါသေက၊ မဖြစ်ကြ၊ ပြတ်က ဥစ္ဆေဒါ။

မဖြစ်မဟုတ်၊ ဖြစ်မဟုတ်၊ စွဲထုတ် အမရာ။

သတိချပ်

ဒိဋ္ဌိမိစ္ဆာ၊ ရှိသူမှာ၊ သေခါပါယ်လက်ငင်း။

သက္ကာယပင်၊ ရှိလေလျှင်၊ ပါယ်ခွင် မလွတ်ကင်း။

ဥပမာ

မြစ်ငယ်ငါးရာ၊ စီးရေဟာ၊ ငါးဖြာ မြစ်မ ဆင်း။

မြစ်ငါးဖြာမှ၊ သမုဒ္ဒ၊ စီးရ မြဲထုတ်ချင်း။

ထိုနည်းပမာ၊ သက္ကာယာ၊ ခြောက်နှစ်ဖြာသို့ဆင်း။

ခြောက်နှစ်,ရင့်လာ၊ နိယတာ၊ သုံးဖြာ ဒိဋ္ဌိမင်း။

ဒိဋ္ဌိသုံးရပ်၊ နိယတတ်၊ ချိုးကပ် ဝီစိတွင်း။

ထို့ကြောင့်မြန်စွာ့၊ သက္ကာယ၊ ပယ်ချ ခုရုတ်ချင်း။

တရားသား

ဒီကနေ့ အင်မတန် ကြောက်စရာကောင်းတဲ့ မိစ္ဆာဒိဋ္ဌိ အယူဝါဒအကြောင်းကို သိကြရမယ်။ မိစ္ဆာအယူ သိရရင် မိမိမှာ လက်မခံကြဖို့ အရေးကြီးတယ်။

ဒီနေရာမှာ ‘အဂ္ဂိဝစ္ဆ’ဆိုတဲ့ မိစ္ဆာဒိဋ္ဌိ ပုဏ္ဏားတစ်ယောက်က ဘုရားရှင်ထံ မေးမြန်းတဲ့အချက်၊ ဘုရားရှင်က ပြန်ကြားဖြေဆိုတဲ့အချက်ကို ထုတ်ပြမယ်။ ဒီအဓိပ္ပာယ်ဟာ ‘မဇ္ဈိမ ပဏ္ဏာသ ပါဠိတော်’မှာ လာတယ်လို့ မှတ်ကြ။

အဂ္ဂိဝစ္ဆ အမေး မြတ်စွာဘုရား အဖြေ

ဘုရားရှင် ဇေတဝန်ကျောင်းတော်မှာ သီတင်းသုံးနေတော်မူဆဲ တစ်နေ့သောအခါကျတော့ အဲဒီ အဂ္ဂိဝစ္ဆ ဆိုတဲ့ မိစ္ဆာပုဏ္ဏားဟာ ဘုရားထံ သူသိလိုတဲ့ ပြဿနာများကို မေးတယ်။ ဒီအခါ ဘုရားရှင်က ကျေးဇူးများဖွယ်အချက် များကို ပြန်ကြားဖြေဆိုတော်မူတယ်။

အဲဒီအချက်များက-

”အို… အရှင်ဂေါတမ လောကကြီး ဝါ ရုပ်နာမ်ဟာ မြဲပါသလား?”

”အို… အဂ္ဂီဝစ္ဆ ဒီအယူက မှားတဲ့ မိစ္ဆာဒိဋ္ဌိအယူဝါဒပဲ”

”ဒါဖြင့် လောကကြီး ဝါ ရုပ်နာမ်ဟာ မမြဲဘူးလား?”

”အဂ္ဂီဝစ္ဆ ဒီအယူလည်း မိစ္ဆာအယူပဲ”

”လောကဆိုတဲ့ ရုပ်နာမ်ဟာ အဆုံးရှိပါသလား?”

”ဒါလည်းပဲ မိစ္ဆာအယူပဲ”

”ဒါဖြင့် လောကဆိုတဲ့ ရုပ်နာမ်ဟာ အဆုံးမရှိဘူးလား?”

”ဒါလည်းပဲ မိစ္ဆာဒိဋ္ဌိဝါဒပဲ”

”အသက်နဲ့ ကိုယ်ဟာ အတူတူလား?”

”ဒါလည်း ဒိဋ္ဌိအယူဝါဒပဲ”

”ဒါဖြင့် အသက်နဲ့ကိုယ်ဟာ တခြားစီလား?”

”ဒါလည်း မိစ္ဆာဒိဋ္ဌိအယူပဲ”

”သတ္တဝါသေရင် ဖြစ်သေးသလား?”

”ဒါလည်းပဲ မိစ္ဆာဒိဋ္ဌိ ယူပဲ”

”ဒါဖြင့် သတ္တဝါသေရင် မဖြစ်တော့ဘူးလား?”

”ဒါလည်း ဒိဋ္ဌိအယူဝါဒပဲ”

”သတ္တဝါသေရင် ဖြစ်တစ်လှည့် မဖြစ်တစ်လှည့်လား?”

”ဒါလည်းပဲ မိစ္ဆာဒိဋ္ဌိအယူပဲ”

”ဒါဖြင့် သတ္တဝါသေရင် ဖြစ်သည်လည်းမဟုတ်၊ မဖြစ်သည်လည်း မဟုတ်လား?”

”အို… အဂ္ဂိဝစ္ဆ ဒီအယူလည်း မိစ္ဆာဒိဋ္ဌိ အယူဝါဒပေပဲ”

သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိ

ဒီနေရာမှာ တို့ဒကာတွေ သိထားဖို့က လောကကြီးဟာ ဝါ ရုပ်နာမ်ဟာ မြဲတယ်လို့ယူရင် သဿတဒိဋ္ဌိအယူပဲ။ ရုပ်နာမ်လောက မမြဲဘူးလို့ အပြတ်ယူရင် ဥစ္ဆေဒဒိဋ္ဌိအယူပဲ။ အဆုံးရှိတယ်လို့ အပြတ်ယူရင် ဥစ္ဆေဒ အဆုံးမရှိဘူးလို့ အဆက်ယူရင် သဿတအယူ။ အသက်နဲ့ကိုယ် တခြားစီယူယူ အတူတူပဲယူယူ ဥစ္ဆေဒဒိဋ္ဌိအယူ သတ္တဝါတွေသေရင် ဖြစ်တဲ့အခါ ဖြစ်သေးတယ်ယူယူ ဖြစ်တစ်လှည့် မဖြစ်တစ်လှည့်လို့ယူယူ ဧကစ္စသဿတဒိဋ္ဌိလို့မှတ်။ မဖြစ်တော့ဘူးလို့ ယူရင် ဥစ္ဆေဒအယူ၊ ဖြစ်သည်လည်းမဟုတ် မဖြစ်သည်လည်းမဟုတ်လို့ ယူရင် အမရာဝိက္ခေပဒိဋ္ဌိလို့ မှတ်ကြ။ သဘော ပါကြရဲ့လား?။

ဒါ အကျဉ်းချုပ်အနေ ပြောတာ။ ဒီဒိဋ္ဌိတွေဟာ နာမည်ကုန်အောင် တပ်ရင် ခြောက်ဆယ့်နှစ်မျိုးရှိတယ်။ ခြောက်ဆယ့်နှစ်ပါးရှိရှိ၊ ဘယ်လောက်ပဲ ရှိနေရှိနေ အထူးသတိချပ်ထားဖို့က ‘သက္ကာယဒိဋ္ဌိပြုတ်ရင် ဒိဋ္ဌိအားလုံးပြုတ် တယ်’ဆိုတာပါပဲ။ ဒါကြောင့် ဒီဒိဋ္ဌိမျိုးတွေ အမြစ်ပြုတ်အောင် သက္ကာယဒိဋ္ဌိ တစ်လုံးတည်းကို အမြစ်ပြုတ်အောင် လုပ်ကြရမယ်။

သက္ကာယဒိဋ္ဌိ အမြန်ဖြုတ်

မလုပ်ရင် မဖြစ်ဘူးလို့ ဆုံးဖြတ်ချက်ချ။ ဘာကြောင့် မလုပ်ရင် မဖြစ်သလဲ?။ သက္ကယဟာ အရင်းခံ၊ အခြေခံ သဘောရှိတယ်။ ဒီသက္ကာယမကင်းသမျှ တောက်ပြန်သွားနိုင်တယ်။ သံသရာကျင်လည်တဲ့အခါမှာ အကြောင်းအားလျော် စွာ ဆိုသလို အခွင့်မသင့်ရင် မိစ္ဆာဒိဋ္ဌိ အကြီးစားကြီး ဖြစ်သွားနိုင်တယ်။ ဒါကြောင့် ဒီသက္ကာယဒိဋ္ဌိ အမြန်ဖြုတ်လို့ ပြော လိုက်တယ်။

ဥပမာ- ချောင်းမြောင်း မြစ်လက်တက်နဲ့တကွ မြစ်ငယ်ငါးရာက စီးဆင်းလာတဲ့ရေဟာ တစ်ချိန်မှာ မြစ်ကြီး ငါးစင်းသို့ ရောက်ကြရတယ်။ အဲဒီမြစ်ကြီးငါးစင်း ရေဟာလည်း စီးဖန်များတော့ နောက်ဆုံး မဟာသမုဒ္ဒရာကြီး လေးစင်းမှာ ပေါင်းဆုံကြရတယ်။ ဒီသဘောအတိုင်း သက္ကာယအမြင်ရှိသူဟာ မိတ်ကောင်းမရရင် ခြောက်ဆယ့်နှစ်ပါး ဆိုတဲ့ ဒိဋ္ဌိအယူထဲ ရောက်သွားနိုင်တယ်။ အဲဒီခြောက်ဆယ့်နှစ်မျိုးထဲရောက်ရင် နိယတမိစ္ဆာဒိဋ္ဌိဆိုတဲ့ ကမ္ဘာ့သစ်ငုတ် ဖြစ်ဖို့ မခဲယဉ်းတော့ဘူး။

အဲဒီကမ္ဘာ့သစ်ငုတ် သံသရာ့သစ်ငုတ် ဖြစ်သွားရင် ဘုရားအဆူဆူ ကယ်ချွတ်ပေမယ့် အတော်အတန်နဲ့ ကျွတ်ခွင့်၊ လွတ်ခွင့် မမြင်တော့ဘူး။ အတော်ကလေးကို ခဲခဲယဉ်းယဉ်း ကြုံရဖို့ရှိတယ်။ ဒါကြောင့် တို့ဒကာတွေ နေ မဝင်ခင် တင်ကူးပြီးတော့ လုပ်ရမယ့်အလုပ်ကို ကြိုးစားလုပ်ကြပါလို့ ကြပ်ကြပ်ကြီး သတိပေးလိုက်ပါတယ်။

ဒိဋ္ဌိစွဲနေရင် ဒိဋ္ဌိရှိနေသမျှ ယထာဘူတဉာဏ်၊ နိဗ္ဗိန္ဒဉာဏ်၊ မဂ်ဉာဏ်ဆိုတဲ့ ဉာဏ်သုံးချက်ဟာ အတက်မပေါက် နိုင်တော့ဘူး။ အရွက်လူဖို့၊ ဖူးဖို့၊ ပွင့်ဖို့၊ အသီးသီးနိုင်ဖို့ လမ်းပိတ်သွားပြီလို့ မှတ်ကြ။ ရှင်းကြပလာ?။ အဲဒါနဲ့ အဂ္ဂီဝစ္ဆ ပြန်ဆက်ဦးစို့။ အဂ္ဂီဝစ္ဆပုဏ္ဏားက သူ့ပြဿနာကို ဆက်လက်ပြီး မေးပြန်တယ်။

ငါဘုရားရဲ့ အယူဝါဒပဲ

”ဒီလိုဖြင့် အရှင်ဂေါတမက ဘယ်ဒိဋ္ဌိအယူရှိပါသလဲ?”

”အို… အဂ္ဂီဝစ္ဆ ငါဘုရားကား ဒိဋ္ဌိအယူဟူသမျှကို ပယ်သတ်ပြီးပြီ”

”ဒါဖြင့် အရှင်ဂေါတမ သိမြင်တဲ့ တရားသဘော ပြောပြပါဦး”

အဂ္ဂီဝစ္ဆ ငါသိမြင်အပ် သိမြင်ပြီး သဘောကား-

”ရုပ်တရားဖြစ်တယ်၊ ရုပ်တရားပျက်တယ်၊ ဝေဒနာဖြစ်တယ်၊ ဝေဒနာပျက်တယ်၊ သညာဖြစ်တယ်၊ သညာ ပျက်တယ်၊ ဝိညာဏ်ဖြစ်တယ်၊ ဝိညာဏ်ပျက်တယ်၊ အားလုံး ရုပ်၊ နာမ် သင်္ခါရတရားစုဟာ ဖြစ်ပြီးပျက်ကြတဲ့သဘော ရှိတယ်။ ဒါ ငါဘုရားရဲ့ အယူဝါဒပဲ”

”ဒီလိုဆိုရင် အရှင်ဂေါတမဟာ ဘယ်အကျိုးကို မျှော်ကိုးလို့ ဒီအယူဝါဒကို ယူထားပါသလဲ?”

အိုပုဏ္ဏား ဒီအယူယူတဲ့အတွက် တဏှာ၊ မာန၊ ဒိဋ္ဌိဆိုတဲ့ ပပဉ္စအယူသေတယ်။ ပပဉ္စအယူ မရှိတော့ဘူး။ ဒီတဏှာ၊ မာန၊ ဒိဋ္ဌိဆိုတဲ့ တရားသုံးခုဟာ သံသရာချဲ့တတ်တဲ့ တရားသုံးခုပဲ။ ဒီအယူမရှိတော့ သံသရာမချဲ့နိုင်တော့ ဘူး။ ဒီလို ရုပ်၊ နာမ်၊ ခန္ဓာ မမြဲဘူးလို့ယူတဲ့ အယူက ပဋိစ္စသမုပ္ပါဒ် စက်ရဟတ်ပြတ်တဲ့အယူ ဒုက္ခစက်ကြီး ပြတ်တဲ့ အယူဝါဒပဲလို့ ဘုရားက ဖြေဆိုတော်မူတယ်။

ရုပ်၊ နာမ်ဖြစ်ပျက်ကို တွေ့မှသာ ဗုဒ္ဓဘာသာဝင်

ဒီတော့ တို့ဒကာတွေ ရုပ်၊ နာမ်ဖြစ်ပျက်ကို တွေ့မှသာ ဗုဒ္ဓဘာသာဝင် အစစ်အမှန်ဖြစ်တယ်လို့ မှတ်လိုက် ကြ။ ရုပ်ဖြစ်ပျက်၊ နာမ်ဖြစ်ပျက် တစ်ချက်ချက်မှာ ဉာဏ်မပိုင်သေးသမျှ ဗုဒ္ဓဘာသာအစစ် မဟုတ်ကြသေးဘူးလို့ ဆုံးဖြတ်ချက်ချ။ ရိပ်မိကြပလား?။

ဗုဒ္ဓဘာသာ အယူဟာ ဒီနေရာက စတယ်လို့မှတ်။ ရုပ်၊ နာမ် ဖြစ်ပျက် မမြင်သေးရင် လူမဖြစ်သေးဘူး။ လူကြီးမဟုတ်သေးဘူး။ ကလေးဘဝမှာပဲ ရှိသေးတယ်လို့ စွဲထားကြ။ ဖြစ်ပျက်မမြင်ရင် ဒိဋ္ဌိမပြုတ်ဘူး။ ဒိဋ္ဌိမပြုတ်ရင် ဒီခန္ဓာ ငါထင်စွဲမယ်။ ငါ့ကိုယ်လို့စွဲမယ်။ ငါရှိတော့ ငါ့ဥစ္စာရှိလာတယ်။ ငါ့ကိုယ်ငါဟာဆိုတဲ့ ဒိဋ္ဌိတဏှာရှိတော့ အဲဒီ အပေါ်မှာ မာနက ငါကွဆိုပြီး အုပ်ချလိုက်တော့တာပေါ့။

ဒါကြောင့် ဒိဋ္ဌိရှိနေရင် တဏှာမာနတွေ ဝင်ပြီး သံသရာနယ်ချဲ့ သွားတော့မယ်။ သံသရာနယ်ချဲ့တတ်လို့ ဒိဋ္ဌိမပြုတ်သမျှ သံသရာသစ်ငုတ်ပဲလို့ တစ်ထစ်ချ မှတ်ပေတော့။

ဘုရားရှင်က သတိပဋ္ဌာနသုတ်မှာ-

+++ဣတိရူပံ ဣတိရုပဿ သမုဒယော၊ ဣတိရူပဿ အတ္ထင်္ဂမော၊ ဣတိ ဝေဒနာ ဣတိဝေဒနာယ သမု ဒယော၊ ဣတိဝေဒနာယ အတ္ထင်္ဂမော။

ဤကား ရုပ် ဤကား ရုပ်ဖြစ်ခြင်း၊ ဤကား ရုပ်ချုပ်ခြင်း၊ ဤကား ဝေဒနာ ဤကား ဝေဒနာဖြစ်ခြင်း၊ ဤ ကား ဝေဒနာချုပ်ခြင်း စသည်ဖြင့် ဟောတော်မူတယ်။ အဲဒါဖြစ်ပျက်ကို ဟောတာပဲ။

ဖြစ်ပျက်အရှိကို အမှန်သိမြင်ရင်

အဲဒီလို ခန္ဓာအရှိမှာ ဉာဏ်နဲ့ကြည့်ရင် ရုပ်ဖြစ်ပျက် ဝေဒနာဖြစ်ပျက်၊ သညာဖြစ်ပျက်၊ သင်္ခါရဖြစ်ပျက်၊ ဝိညာဏ်ဖြစ်ပျက်ဆိုတဲ့ ခန္ဓာဖြစ်ပျက် တစ်ချက်ချက်ကို တွေ့မြင်ရမယ်။ အဲဒီရုပ်နာမ် ဖြစ်ပျက်အရှိကို အမှန်သိမြင်ရင် သိမြင်တာနဲ့ တစ်ပြိုင်နက် ဒိဋ္ဌိချုပ်ရတယ်။ ဒိဋ္ဌိချုပ်တော့ ဥပါဒါန်လည်း ချုပ်တော့တာပဲ။ ဒိဋ္ဌိဆိုတာ တဏှာပဲ။ မာနကလည်း တဏှာထဲဝင်တယ်။ ဥပါဒါန်က ကာမုပါဒါန်၊ ဒိဋ္ဌုပါဒါန်၊ သီလဗ္ဗတုပါဒါန်၊ အတ္တဝါဒုပါဒါန်ဆိုတဲ့ လေး ပါးချုပ်တာကို ပြောတာ။ ဥပါဒါန်ချုပ်တော့ ဘဝ၊ ဇာတိ စတဲ့ ဒုက္ခတွေ အကုန်ချုပ်တော့တာပါပဲ။

‘ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ’ ဘုရားကိုးကွယ်ပါ၏ဆိုတာ ဒုက္ခကြောက်လို့ ဘုရားကိုးကွယ်ကြတာပါ။ ကိုးကွယ်ရုံနဲ့ မရဘူး။ ကိုးကွယ်ရုံ ကိုးကွယ်နေလို့တော့ ဒုက္ခက မလွတ်နိုင်သေးဘူး။ ဘုရားအယူအတိုင်း လိုက်နာမှ၊ သူ့တရားအတိုင်း ကျင့်ကြံမှ ဒုက္ခကလွတ်မယ်။ ဒုက္ခလွတ်ချင်ရင် ဟောတဲ့အတိုင်း လိုက်နာကျင့်ကြံကြ။ ရှင်းပလား?။

ဥပါဒါန်ချုပ်ရင် ဘယ်သွားဖြစ်ပါသလဲ

နောက်ပုဏ္ဏားက ဆက်လက်မေးပြန်တယ်-

”အရှင်ဂေါတမ ဥပါဒါန်ချုပ်ရင် ဘယ်သွားဖြစ်ပါသလဲ?”

”အဂ္ဂီဝစ္ဆ ဥပါဒါန်ချုပ်ရင် ဒုက္ခတွေအားလုံး ချုပ်ဆုံးသွားပြီ။ ဘယ်သွားတယ်လို့ ငါဘုရား ဖြေတော်မမူဘူး”

”ဒါဖြင့် ဥပါဒါန်ချုပ်ရင် ဘယ်မှသွားမဖြစ်တော့ဘူးလား?”

”ဒီလိုလည်း ငါဘုရား ဖြေတော်မမူဘူး”

”ဒါဖြင့် ဥပါဒါန်ချုပ်ရင် ဖြစ်တစ်လှည့် မဖြစ်တစ်လှည့်လား?”

”ဒီလိုလည်း ငါဘုရား ဖြေတော်မမူဘူး”

”ဒါဖြင့် ဥပါဒါန်ချုပ်ရင် ဖြစ်သည်လည်းမဟုတ်၊ မဖြစ်သည်လည်း မဟုတ်လား?”

”ဒီလိုလည်းပဲ ငါဘုရား ဖြေတော်မမူဘူး”

”အို အရှင်ဂေါတမ အရှင်ဖြေဆိုသမျှ အကုန်သဘောကျပါတယ်။ ဒါပေမဲ့ ဒီနောက်မေးတဲ့ လေးချက်မှာတော့ သဘောမကျ မကျေနပ်နိုင်ပါ”

”အို အဂ္ဂီဝစ္ဆပုဏ္ဏား ရုပ်၊ နာမ် ခန္ဓာတွေရှိလို့သာ သတ္တဝါရှိတယ်လို့ ဆိုတာ။ အမှန်စင်စစ်မှာ ရုပ်ရှိ၊ ဝေဒနာ ရှိ၊ သညာရှိ၊ သင်္ခါရရှိ၊ ဝိညာဏ်ရှိ၊ ရုပ်တရား၊ နာမ်တရား၊ ခန္ဓာငါးပါးမျှသာရှိတယ်။ ဒီရုပ်နာမ်ခန္ဓာကလွဲရင် ပုဂ္ဂိုလ် မရှိ၊ သတ္တဝါမရှိ၊ ယောကျ်ား၊ မိန်းမ မရှိ။ ဒါကြောင့် ဥပါဒါန်ချုပ်လို့ ခန္ဓာငြိမ်းရင် ဒုက္ခဇာတ်လည်း သိမ်းတော့တာပဲ။ သံသရာလည်း ဆုံးတော့တာပဲ။ နောက်ထပ် သံသရာမှာ ကျင်လည်ဖို့ မရှိတော့ဘူး။ သံသရာခရီးသည်တွေ ဥပါဒါန် ချုပ်တဲ့နောက် သံသရာခရီးဆုံးပြီလို့ မှတ်ရမယ်”လို့ ဟောကြားမိန့်မြွက်တော်မူလိုက်တယ်။

တို့ဒကာတွေ သဘောပါကြရဲ့လား?။ ဒါကြောင့် တို့ဒကာတွေ ဥပါဒါန်ချုပ်အောင် ကြိုးစားကြ။ ဥပါဒါန်ချုပ် ရင် နောက်ခန္ဓာ မလာတော့ဘူး။ သတ္တဝါအဖြစ် မလာတာ့ဘူး။ ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်လို့ ခေါ်ဝေါ်မှု လွတ်ကင်းတဲ့ နိဗ္ဗာန်ရကြမယ်။ ရှင်းကြပလား?။

ကိုင်း… ဒီတွင်ပဲ တော်ကြဦး။

**********