သာသနာတွင်းမှာ ကြုံခဲစွာ တရားတော် အမှတ်(၁)
ဆီမီးညှိထွန်းရာတွင်
(၁) မီးစာလောင်ကျွမ်းခြင်း။
သစ္စာကိုသိမြင်ရာတွင်
(၁) ဒုက္ခသစ္စာကို ပိုင်းခြားသိမြင်ခြင်း။
ဆောင်ပုဒ်
ဆီမီးဥပမာ၊ လေးသစ္စာ၊ သိရာတကွနက်။
မီးစာလောင်လျှင်း၊ ဆီကုန်ခြင်း၊ လင်းချင်းမှောင်ကွယ်ပျက်။
ဒုက္ခသိမြင်၊ သမုကြဉ်ကိုက်၊ နိရော်ဆိုက်၊ မဂ်၌ပွားများလျက်။
ဒုက္ခိသက၊ လေးကိစ္စ၊ ပြီးထ တစ်ပြိုင်နက်။
သတိချပ်ရန်
ဒါန, သီလ၊ သမထ၊ သာသနာပမျိုး။
သစ္စာသိလျှင်၊ သာသနာဝင်၊ ကွာစင်အမိုက်ဆိုး။
ကာဠဒေဝီလ၊ တာပသ၊ ဆုံးစွာ့ လူဖြစ်ကျိုး။
ဘုရားပွင့်မှ၊ သစ္စာပြ၊ ကြုံရခဲဘိကိုး။
အသက်ကြီးလည်း၊ ချိန်မစီး၊ ချည်းနှီးရှည်သက်ဆိုး။
အခါကောင်းတွင်၊ သာသနာဝင်၊ လျှင်လျှင်ဖြစ်ဖို့ကြိုး။
မကြိုးသူမှာ၊ ပါယ်လေးရွာ၊ ပမာ ကိုယ့်အိမ်အိုး။
တရားသား
ဗုဒ္ဓုပ္ပါဒ နဝမ ခဏ
ဒို့ဒကာတွေ အင်မတန် ကံကောင်းကြလို့ ဗုဒ္ဓုပ္ပါဒ နဝမ ခဏဆိုတဲ့ သာသနာတွင်း ကာလနဲ့ ကြုံတွေ့ကြရတယ်။ ဒီလိုကြုံတွေ့လာရတဲ့ အခွင့်အခါကောင်းကြီးကို အချည်းအနှီး ဖြုန်းတီးမပစ်ကြပါနဲ့လို့ လေးလေးနက်နက်ကြီး သတိ ပေးလိုက်ပါတယ်။ သာသနာတွင်းမှာ သာသနာပ ကိစ္စတွေနဲ့ အချိန်ကုန်သွားရင် ကိုယ်ကျိုးတွင်မက သံသရာကျိုးပါ နည်းကြတော့မယ်။
သာသနာပ ကိစ္စမျိုးနဲ့ တင်းတိမ်နေကြရင် သာသနာတွင်းဖြစ်ပေမယ့် သူတို့အတွက် သာသနာပလို့ပဲ မှတ်ရ မယ်။ အဲဒါနစ်နာခြင်းတစ်မျိုးပဲ။ အဲဒါဟာ ဇာတိ၊ ဇရာ၊ မရဏက လာခဲ့ပြီး ဇာတိ၊ ဇရာ၊ မရဏကိုပဲ သွားရတဲ့ အဖြစ်ဆိုးပဲဆိုတာ မှတ်လိုက်ကြ။ ဒီလို ဇာတိ၊ ဇရာ၊ မရဏက လာရပြီး ဇာတိ၊ ဇရာ၊ မရဏဆီကိုပဲ သွားရတဲ့အဖြစ်ဟာ တခြားမဟုတ်ပါဘူး။ ဆရာကောင်း မကြုံရလို့ပဲ။
ဆရာကောင်း မကြုံကြိုက်ရတဲ့အဖြစ်၊ ဆရာကောင်းနဲ့ မတွေ့ရတဲ့အဖြစ်ဟာ ဘယ်လောက်ကြီးဆိုးမယ်ဆိုတာ ကြပ်ကြပ်စဉ်းစားကြ၊ ဒါကြောင့် ဘုရားရှင်ကလည်း ‘ဟုတ်တိုင်းမှန်စွာ ဟောပြောပြသ ဆိုဆုံးမတတ်တဲ့ ဆရာကောင်း ကို ရှာကြရမယ်’လို့ အကြိမ်ပေါင်း ၂၂၈ ကြိမ်တိုင်တိုင် မှာတော်မူခဲ့တာပဲ။ ဒီတော့ ဆရာကောင်းဟာ ဘယ်လောက် အရေးကြီးတယ်ဆိုတာ ပေါ်ကြပလား?။
ရုပ်နာမ်ခွဲခြားနိုင်တဲ့ ဆရာမျိုး၊ ရုပ်နာမ်ကွဲတာမျိုးဟာ သာသနာပ အခါမှာလည်းရှိတယ်။ ဒီအကြောင်းဟာ ကာဠဒေဝီလရသေ့ဆရာကြီးများကို ကြည့်ရင် သိနိုင်ကြပါတယ်။ ဒီတော့ ရုပ်နာမ်သိရုံနဲ့လည်း တင်းတိမ်နေကြလို့ မဖြစ်သေးဘူးဆိုတာ မှတ်ကြ။ နောက်ပြီး ပဋိစ္စသမုပ္ပါဒ် အကြောင်းအကျိုး သိရုံနဲ့လည်း သာသနာတွင်း မရောက်သေး ဘူးလို့ မှတ်ရမယ်။ သာသနာပဘဲ ရှိသေးတယ်။ ဒါကြောင့် ဒီလောက်နဲ့လည်း ကျေနပ်လို့ မဖြစ်သေးပါဘူး။
သစ္စာမသိသေးရင် သာသနာပပါပဲ
သာသနာနဲ့ ကြုံကြိုက်နေပေမယ့် သစ္စာမသိသေးရင် သာသနာပပါပဲ။ သစ္စာမသိဘဲနဲ့ သေသွားရင် သာသနာပ နဲ့ပဲ သေတယ်လို့ ဆိုရတယ်။ သစ္စာသိမှသာ သာသနာတွင်း ကြုံကြိုက်တယ်လို့ ခေါ်ဆိုနိုင်တယ်။ သစ္စာသိမှသာ သာ သနာ့အရသာကို သိမယ် သဘောပါကြရဲ့လား?။
သစ္စာတရားဆိုတာ ဘုရားပွင့်မှသာ ပေါ်နိုင်တယ်။ ဘုရားမပွင့်တဲ့အခါ သစ္စာပေါ်နိုင်ဖို့ အခွင့်မရှိဘူး အရာ မဟုတ်ဘူး။ ဘယ်လိုပုဂ္ဂိုလ်တစ်ဦးတစ်ယောက်မှလည်း မဟောပြနိုင်ဘူး။ သာသနာပအခါပွင့်ကြတဲ့ ပစ္စေကဗုဒ္ဓါများဟာ သစ္စာတရားကို ကိုယ်တိုင်သိကြပေမယ့် သူတစ်ပါးကို ဟောမပြနိုင်ကြဘူး။ ဟောပြနိုင်စွမ်း မရှိရှာကြဘူး။ “ဒီတော့ သစ္စာတရားပေါ်ဖို့ သစ္စာကို ကြားနာရဖို့ ဘယ်လောက်ခဲယဉ်းတယ်ဆိုတာ ရိပ်စားမိလောက်ပါတယ်”။
ဒါကြောင့် တို့ဒကာတွေ အခွင့်ကောင်း၊ အခါကောင်းနဲ့ ကြုံကြိုက်တုန်းမှာ ကြိုးစားယူလိုက်ကြ။ ဒီလို အင်မတန် မွန်မြတ်တဲ့ အခွင့်ကောင်းနဲ့မှ လွဲကြမယ်ဆိုရင် အချိန်မစီးနိုင်တော့ဘူး။ မွေးသက်ကြီးပေမယ့် အချည်းအနှီးပါပဲ။ ဆရာကောင်း၊ သမားကောင်းနဲ့ တွေ့တဲ့အချိန်မှာမှ အရမယူမိရင်အလွဲဒီပြင် မရှိတော့ပါဘူး။ သစ္စာသိအောင် လုပ်ယူ ရမယ်။ သစ္စာသိမှ သာသနာတွင်းရောက်တာ အစစ်မှန်တယ်၊ ရိပ်မိကြပလား?။
အရိယာတို့သိတဲ့ အသိမျိုးမှ အသိစစ်၊ အသိမှန်
ဒီနေရာမှာ သစ္စာသိတယ်ဆိုပေမယ့်လည်း သာမန်သိ ပုထုဇဉ်သိမျိုးကို အသိလို့ မဆိုလိုဘူး။ အရိယာပုဂ္ဂိုလ် များသိတဲ့ အသိမျိုးကိုသာ အသိလို့ဆိုရတယ်။ အရိယာတို့သိတဲ့ အသိမျိုးမှ အသိစစ်၊ အသိမှန်လို့ မှတ်ကြ။ ‘သမ္မောဟ ဝိနောဒနီ အဋ္ဌကထာ’မှာ ဒီအဓိပ္ပာယ်ကို ဖွင့်ပြခဲ့တာရှိတယ် သမ္မောအဋ္ဌကထာ ဖွင့်ပြထားတာမှာ-
ပုထုဇဉ်တို့ သစ္စာသိနည်းက ထိုးထွင်းသိမဟုတ်ဘူး။ ‘စက္ခုံဥဒပါဒိ ဉာဏံဥဒပါဒိ’ စသည် မဖြစ်ဘူး။ ကိုယ်ပိုင် ဉာဏ်နဲ့ ကိုယ်တိုင် ထိုးထိုးထွင်းထွင်းသိတဲ့ တကယ့်အသိမျိုး မဟုတ်ဘူးလို့ မှတ်ကြ။ ရှင်းကြပလား?။
အရိယာတို့သိတဲ့ အသိက သစ္စာလေးပါးကို ကိုယ်တိုင်ကိုယ်ကျ ထိုးထွင်းပြီး သိကြတယ်။ ‘ဒိဋ္ဌဓမ္မော ပတ္တဓမ္မော ဝိဒိတဓမ္မော ပရိယောဂါဠှဓမ္မော တိဏ္ဏဝိစိကိစ္ဆော ဝိဂတကထံကထော ဝေသာရဇ္ဇပ္ပတ္တော’ဆိုတဲ့ အဖြစ်မျိုးနဲ့ ကိုယ်တိုင် သိတာလို့ မှတ်ကြ။
အရိယာတို့ သစ္စာသိတဲ့အခါမှာ
အရိယာတို့ သစ္စာသိတဲ့အခါမှာ ဥပမာအားဖြင့် ဆီမီးခွက် ညှိထွန်းလိုက်သလိုပါပဲ။ မီးခွက် မီးထွန်းလိုက်တဲ့ အခါမှာ မီးစာကျွမ်းခြင်း၊ ဆီကုန်ခန်းခြင်း၊ အမှောင်ပျောက်ခြင်း၊ အလင်းရောက်ခြင်းဆိုတဲ့ လေးကိစ္စ အခါထဲပြီးစီးသလို သစ္စာသိတဲ့ နေရာမှာလည်း-
ဒီတော့ တို့ဒကာတွေ ဒုက္ခသစ္စာ တစ်ပါးတည်းလောက်တော့ လုပ်ဖို့ လွယ်ပါတယ်။ မလွယ်ဘူးဆိုတာ မလုပ် လို့ မလွယ်တာလို့ မှတ်ကြ။ ဒီတစ်ပါးတော့ မခဲယဉ်းပါဘူး လုပ်ပါတော့မယ်လို့ ဆုံးဖြတ်ချက်ချိကြ။ ဒီတစ်ကိုမှ မလုပ် ချင်ကြရင် သုညပဲ ကျန်တော့တယ်။ သုညဆိုရင် ဥထဲက ဘယ်တော့မှ မထွက်တော့ဘူး ဥထဲမွေး၊ ဥထဲနေ၊ ဥထဲမှာပဲ သေကြမဲ့ ဖိုးသုညတွေလားလို့ မေးထိုက်၊ မမေးထိုက် စဉ်းစားကြ။
သစ္စာမသိသေးရင်
သစ္စာမသိသေးရင် အပါယ်လေးပါး ရှိသမျှပစ္စည်း ကိုယ့်ပစ္စည်း အပါယ်လေးပါးရှိသမျှဟာ ကိုယ်ပိုင်ပဲလို့ မှတ်ထားကြ။ တစ်ခါတစ်ရံလောက် အပါယ်လေးဘုံက ပေါ်လာရတဲ့အခါ သုံးဆယ့်တစ်ဘုံမှာ မီးဟုန်းဟုန်းတောက်သမျှ ကိုယ့်ဖို့၊ ကိုယ့်လောင်ဖို့လို့ မှတ်ကြ၊ သဘောပါကြရဲ့လား?။
သတ္တဝါမှန်သမျှဟာ အကုသိုလ်မရှိသူ၊ အကုသိုလ်ကင်းတဲ့သူရယ်လို့ မပါကြပါဘူး။ အကုသိုလ်မှုတွေဟာ ဘဝအဆက်ဆက်က ပါလာကြတာ မြေမှုန့်-အထုထက်ပင် များချင်များလေဦးမယ်။ ဒီအကုသိုလ်ထု မကောင်းမှုကြွေး တွေကို ဘာနဲ့များ ဆပ်ကြမလဲ?။ ဘယ်လိုလုပ်ပြီး ကျေကုန်အောင် ဆပ်ကြမလဲ?။ ဒီသစ္စာလေးပါး မသိရင် ခန္ဓာနဲ့ ဆပ်ရမယ်၊ ခန္ဓာနဲ့ဆပ်တော့ ဘယ်လောက်ကြာအောင်များ ဆပ်ရမှာလဲ?။ မကျေကျေအောင် ခန္ဓာအမျိုးမျိုးနဲ့ လှည့် ပြီး အကုန်ဆပ်ကြရမှာ ဘယ်လောက်ကြာမတုန်းဆိုတာ အဆုံးမမြင်တော့ဘူး။
ဒီသစ္စာကို သိလိုက်ရင် ကြွေးအားလုံး အခုကျေမယ်။ နောက်ခန္ဓာနဲ့ ဆပ်စရာမလိုတော့ဘူး။ အင်္ဂုလိမာလကို ကြည့်ကြ။ ဘဝအဆက်ဆက်ကပါလာတဲ့ ကြွေးတွေအပြင် အဲဒီဘဝမှာတင် အကုသိုလ်ကြွေးတွေ အများကြီး တင်လိုက် သေးတယ်။ ဒါပေမဲ့ သစ္စာကိုသိတာနဲ့ တစ်ပြိုင်နက် အဲဒီကြွေးတွေအကုန် ကျေတော့တယ်။ ဆပ်ဖို့ မလိုတော့ဘူး။
မေ့မေ့လျော့လျော့ ပေါ့ပေါ့တန်တန်များ မနေလိုက်ကြပါနဲ့
ဒကာတို့တစ်တွေ သံသရာကြွေးတွေ အနန္ထိနဲ့ ပေါ့ပေါ့တန်တန်နေနေကြမယ်ဆိုရင် ခန္ဓာနဲ့ကုန်းရုန်းပြီး မကျေ ကျေအောင် ဆပ်ရဦးတော့မယ်။ မေ့မေ့လျော့လျော့ ပေါ့ပေါ့တန်တန်များ မနေလိုက်ကြပါနဲ့လို့ သတိပေးလိုက်ပါတယ်။
+++”ပမတ္တဿ နာမ စတ္တာရော အပါယာ သကဂေဟသဒီသာ”
”မေ့လျော့ပေါ့တန်သူအဖို့ရာ အပါယ်လေးဘုံဟာ ကိုယ့်အိမ်ကိုယ့်ရာနဲ့ တူပါတယ်”လို့ ဓမ္မပဒမှာ ဟောတော် မူခဲ့တယ်။ ဥပမာဆိုရင် ဒကာတို့တစ်တွေ ဈေးထွက်ရောင်းကြ ညနေအချိန်တန်တော့ အိမ်ပြန်လာကြရတယ်။ ကိစ္စရှိလို့ ခရီးတိုရှည်သွားကြ လာကြ၊ အချိန်တန်တော့လည်း ကိုယ့်အိမ်ပဲ ပြန်လာကြရတယ်။ ဘယ်ကိုပဲသွားကြသွားကြ ခဏ လောက်ပဲ။ အချိန်တန်တော့ ကိုယ့်အိမ် ကိုယ်ပြန်တဲ့ လူချည်းပဲ။
ကိုယ့်အိမ်ကို မပြန်တဲ့လူရယ်လို့ မရှိပါဘူး။ ပြန်တဲ့လူချည်းပဲ။ ဒါ ဘာကြောင့်လဲ?။ ကိုယ့်အိမ်ပိုင်အိုးပိုင်ကို ပြန်ရမှာပဲပေါ့။ ခင်ဗျားတို့လည်း မေ့မေ့လျော့လျော့နေကြရင် ကိုယ့်အိမ်ကို ပြန်ကြဦးပေါ့။ ရိပ်မိကြပလား?။ ဘုန်းကြီး က ချောက်ဟောနေတယ်လို့ မမှတ်လိုက်နဲ့။ ခင်ဗျားတို့ တကယ်သွားရမှာမို့ သနားလို့ ပြောနေတာပါ။
ဒီအကုသိုလ်ကံတွေကို ဉာဏ်နဲ့ ဆပ်မှသာကျေမယ်
ဒကာတို့တစ်တွေမှာ နောက်-နောက်ဘဝ သံသရာအဆက်ဆက်က ပါလာကြတဲ့ အကုသိုလ် ‘အပရာပရိယ ဝေဒနိယ’ကံတွေ ‘ဥပပဇ္ဇဝေဒနိယ’ကံတွေက မနည်းဘူး။ ဒီအကုသိုလ်ကံတွေကို ဉာဏ်နဲ့ ဆပ်မှသာကျေမယ်။ ဉာဏ်နဲ့မှ မဆပ်နိုင်ရင် ခန္ဓာနဲ့ ဆပ်ကြရလိမ့်မယ်။ ခန္ဓာနဲ့သာဆပ်ကြရင် ဘယ်တော့မှ မပြီးပြတ်နိုင်ဘူး။ လွတ်ရက်ကျွတ်ရက် မမြင်နိုင်တော့ဘူးလို့ မှတ်ကြ။ ရိပ်မိကြပလား?။
သစ္စာမသိတဲ့အဖြစ်ဟာ ဘယ်လောက်ဆိုးတယ်၊ ဆိုးလိမ့်မယ်ဆိုတာ စဉ်းစားကြ။ ကြပ်ကြပ်စဉ်းစားကြ။
လောကမှာ ဘယ်သူ့မှ အားကိုးရာ မမြင်ဘူး။ ဘယ်သူမှလည်း မကယ်နိုင်၊ မယူနိုင်ပါဘူး။ ကယ်မယ့်သူ၊ ယူမယ့်သူဟာ မဂ်ပဲရှိပါတယ်။ တခြား ဘာမှမရှိဘူး။ မဂ်မှတစ်ပါး သစ္စာမှတစ်ပါး အားထားစရာ ကိုးကွယ်စရာ မရှိ ဘူးလို့ မှတ်လိုက်ကြ။
‘ဓမ္မော မေ သရဏံ အညံနတ္ထိ’တဲ့။ ဒကာတို့တစ်တွေ ငယ်ငယ်ကတည်းက ဆိုလာကြတယ်။ ဘာကိုဆိုတာ ရယ်လို့ကော သိကြရဲ့လား?။ ‘တရားတော်ဟာ ငါ၏ ကိုးကွယ်အားထားရာပဲ။ တရားတော်မှတစ်ပါး အားထားစရာ၊ ကိုးကွယ်စရာ ဘာမျှမရှိပါတကား’လို့ဆိုတဲ့ အဓိပ္ပာယ်ပဲ။ တရားတော်ဆိုတာ သစ္စာတရားကိုဆိုတာလို့ မှတ်ကြ၊ သဘော ပါကြပလား?။
ဒုဂ္ဂတိမှာသာ အနေရများတယ်
သံသရာကျင်လည်တဲ့အခါ ဒုဂ္ဂတိမှာသာ အနေရများတယ်။ ‘သကဂေဟ သဒိသာ’ဆိုတဲ့အတိုင်း ဒုဂ္ဂတိဟာ အိုးပိုင်၊ အိမ်ပိုင်အဖြစ်နဲ့ ရှိနေကြတယ်။ တစ်ခါတစ်ရံ သုဂတိဘုံဘဝဆိုတာဟာ ကောင်းကင်မြှောက်လိုက်တဲ့ ခဲ၊ ဥပမာလိုပါပဲ။ ကောင်းကင်မြှောက်တဲ့ ခဲ၊ အရှိန်တက်နေသလောက်ဟာ သုဂတိနေရတာပဲ။ အောက်ကျပြီး မြေကြီး ထဲမှာ နေရတဲ့သဘော၊ နေရတဲ့အချိန်ဟာ ဒုဂ္ဂတိနယ်မှာ နေရတာနဲ့ အတူတူပါပဲ။
ဒီတော့ ဒီလိုအခါကောင်းမျိုးမှာ သစ္စာမသိရင် မဖြစ်ကြဘူးဆိုတာ ဆုံးဖြတ်ပြီး မရအရ ကြိုးစားယူလိုက်ကြလို့ တိုက်တွန်းလိုက်တယ်။
