အဝိဇ္ဇာတဏှာ လွတ်ကြောင်းရှာ တရားတော်
သစ္စာနှစ်ပါး
ဆောင်ပုဒ်-
မိုက်မဲ,တပ်မက်၊ ယင်းဒဏ်ချက်၊ နဲနက်ဒုက္ခပွေ။
လိမ္မာ,ချမ်းသာ၊ ဘိတ်မပါ၊ သံသာကရွတ်ခွေ။
ကျောက်ခဲရေကျ၊ ပမာန၊ ဒုက္ခသက်ဆိုးရှည်။
အသုတဝါ၊ ဉာဏ်မဲ့စွာ၊ သံသာခွေးနေသေ။
ငါပဲထင်ရှိ၊ ယူဒိဋ္ဌိ၊ ခင်ဘိတဏှာပွေ။
ခန္ဓာငါးအင်၊ လူနတ်ခွင်၊ မြဲဖြင်ပါယ်လေးထွေ။
ခန္ဓာငါးဝ၊ အနိစ္စ၊ ဒုက္ခ,အနတ္တေ။
ဖြစ်ပျက်ရှုဘိ၊ မှန်မြင်သိ၊ သန္တိမြိုက်လမ်းဖွေ။
သတိချပ်-
ဘုရားရွှေဉာဏ်၊ အမြင်သန်၊ ဟုတ်မှန်ထုတ်ဖော်ပြ။
ဉာဏ်မွဲထိုထို၊ မယုံလို၊ ပြစ်ဆိုစွပ်စွဲကြ။
လူလားမြောက်ဉာဏ်၊ မြတ်ဗုဒ္ဓံ၊ ဧကန်ယွင်းမခွ။
ငါတို့မမယ်၊ ကလေးငယ်၊ အရွယ်မွေးပေါက်စ။
ဘုရားမြတ်စွာ၊ မိန့်ဩဝါ၊ ကောင်းစွာလိုက်နာမှ။
သံသာဝဋ်တွင်း၊ ဆင်းရဲခြင်း၊ ကြောင်းရင်းသမုဒယ။
မိုက်မဲကြောင်းဖန်၊ ဆင်းရဲခံ နှစ်တန်စက်လှည့်ရ။
မိုက်မဲကင်းချုပ်၊ ဒုက္ခပြုတ်၊ ဝိမုတ်လွန်ချမ်းမြ။
တရားသား။ ။
ဘုရားက မြင်လို့ သိလို့ ပြောတာပဲ
ဘုန်းကြီးတို့ ဒကာ၊ ဒကာမတွေ ဒီကနေ့ အထူးသိမှတ်ပြီး လိုက်နာကြဖို့ သတိပေးလိုက်တယ်။ သတိ ပေးလိုတာက ‘ဘုရားဟောတော်မူတဲ့အတိုင်း ခြွင်းချက်မရှိ တသဝေမတိမ်း မှတ်ယူကြ၊ လိုက်နာကျင့်သုံးကြ’ဆိုတဲ့ စကားအချက်ပဲ ရိပ်မိကြပလား?။ ဘာကြောင့် ဒီစကားကို ထူးထူးခြားခြား ပြောရသလဲ? သတိပေးရသလဲ?လို့ မေး စရာရှိတယ်။
ဒကာ၊ ဒကာမတွေက မမြင်ကြဘူး။ ဘုရားက မြင်တယ်။ ဒကာတို့မမြင်လို့ မသိကြဘူး။ ဘုရားက မြင်လို့ သိလို့ ပြောတာပဲ။ ဘုရားက ပြောတဲ့စကားကို မယုံဘူးလို့ မဖြစ်ကြစေနဲ့။ ဘုရားက အမှန်ပြောတာ။ ဒကာတို့က မယုံရင် ဉာဏ်မမှီလို့ ဉာဏ်မလင်းလို့ မယုံတာပဲလို့ မှတ်လိုက်ကြ။ သဘောပါပလား? ဘုရားစကားကို မယုံဘဲနေရင် ဘုရားကို စွပ်စွဲတာပဲ ရှင်းကြရဲ့လား?။
ဘုရားက လူလားမြောက်တဲ့ ပုဂ္ဂိုလ်၊ ဖွယ်ဖွယ်ရာရာ နေရာတကျ သိမြင်တဲ့ပုဂ္ဂိုလ်၊ ဒကာတို့က မွေးပေါက်စ ကလေးငယ် လူမမယ်သားပဲ ရှိသေးတယ်။ ဘုရားက လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီတွေဖြည့်၊ ကျင့်ကြံအားထုတ် ထားလို့ အကုန်အစင်သိတဲ့ ပုဂ္ဂိုလ်မြတ်ဖြစ်တယ်။ ဒါကြောင့် ဒကာတို့က ဘုရားစကားကို မယုံမရှိကြစေနဲ့ စွပ်စွဲရာ ရောက်မယ်။ ဘုရားစကားကို စွဲစွဲမြဲမြဲ မှတ်ထားပြီး လိုက်နာကြရမယ်။
ဒကာ၊ ဒကာမတို့ ဘုရားစကားတော်အတိုင်း ဆရာဘုန်းကြီးက ကိုယ်စားလှယ်အဖြစ်နဲ့ ပြောပြရမယ်။ အဲဒီ တစ်ဆင့် ပြောပြတာကို မှတ်ထားပြီး မမြင်,မြင်အောင် ကြည့်ပါတော့မယ်လို့ ဆုံးဖြတ်ချက်ချပြီး မြင်အောင် ကြည့်ရ မယ်။ သဘောပါကြပလား?။
ဒုက္ခနဲ့ သမုဒယနဲ့ပဲ နေခဲ့ကြရတယ်
ဒကာ၊ ဒကာမတွေ ရှေးတုန်းက အခုထိအောင် နေခဲ့ကြတာဟာ ဘာတွေနဲ့ နေခဲ့ကြရသလဲ?ဆိုတော့ ရှေးက ခုအထိ ဒုက္ခနဲ့ သမုဒယနဲ့ပဲ နေခဲ့ကြရတယ်။ အမြဲတမ်း ဒုက္ခနဲ့ သမုဒယချည်း ဖြစ်နေကြရတယ်ဆိုတာ မှတ်လိုက်ကြ။ ဒကာတို့တစ်တွေ သံသရာမှာ နေခဲ့ရတာဟာ ဒီနှစ်ခု လှည့်နေရတာပဲရှိတယ်။ ဒီဒုက္ခနဲ့ သမုဒယနှစ်ခု လှည့်ခဲ့ရတယ် ရိပ်မိကြရဲ့လား?။
လေးခုထဲက နှစ်နဲ့ပဲ လှည့်နေရတာပဲ။ သမုဒယက မိုက်မဲမှု၊ ဒုက္ခက ဆင်းရဲမှု၊ မိုက်မဲတဲ့သစ္စာနဲ့ ဆင်းရဲတဲ့ သစ္စာပဲ ဒကာတို့ လှည့်ခဲ့ရတယ်။ ကောင်းတာ တစ်ခုမှမပါဘူး။ မဂ်ဖိုလ်ကို မရသမျှမှာ ဒါပဲလှည့်ရမယ်ဆိုတာ မှတ် လိုက်ကြ။ ဒကာ၊ ဒကာမတို့ သံသရာဆိုတာ ဒီမိုက်မဲမှုနဲ့ ဆင်းရဲမှုနှစ်ခု လှည့်နေတာဟာ သံသရာပဲ။ ဒီပြင် တခြား ဟာများ မှတ်မနေကြနဲ့။ လေးထဲက နှစ်ခုနဲ့ လှည့်ရတာ သံသရာပဲ။
ဒီမိုက်မဲမှု သမုဒယနဲ့ ဆင်းရဲမှု ဒုက္ခနှစ်မျိုးနဲ့ လှည့်ရတာဟာ ဝိဝဋမဟုတ်ဘူး။ ဝဋ်သစ္စာနှစ်ပါးပဲ။ အဲဒီတော့ ဒကာတို့တစ်တွေ သံသရာလှည့်ရတာဟာ ဝဋ်ကောင်သက်သက်အဖြစ်နဲ့ လှည့်ရတာ။ ဒကာတို့ဟာ ဝဋ်ကောင်သက် သက်ပဲဆိုရင် မလွဲပါဘူး ရှင်းကြရဲ့လား? ဖြစ်စဉ်နဲ့ ရှင်းလင်းပြီး ပြလိုက်တော့ အမှန်အကန် သိကြရပြီ။ ဒကာ၊ ဒကာမတွေ ကိုယ့်ဖြစ်စဉ် အမှန်အကန် သိကြပြီလား?။
မိုက်မဲမှုပြီး ဆင်းရဲမှု ဒီနှစ်ခုပဲ လှည့်ခဲ့ရတယ်
သံသရာတစ်လျှောက်လုံးမှာ မိုက်မဲမှုပြီး ဆင်းရဲမှု ဒီနှစ်ခုပဲ လှည့်ခဲ့ရတယ်။ တစ်ခါတလေ မရှိပါဘူးလို့များ မအောက်မေ့လိုက်ကြနဲ့။ ဝိပဿနာမရှုတဲ့အခါမှာ မိုက်မဲမှုရှိနေတယ်။ ဆင်းရဲမှုလည်း ရှိနေတယ်။ မသိလို့သာ မရှိဘူး ထင်နေတာပါ။ ရိပ်မိကြပလား?။ သံသရာတစ်လျှောက်လုံးမှာ ချမ်းသာတဲ့ နိဗ္ဗာန်ရောက်ကြောင်းဖြစ်တဲ့ မဂ်ဉာဏ်ကို ဘယ်အခါကမှ အနံ့အသက်မျှ မရခဲ့ဖူးဘူးဆိုတာ မှတ်ကြ။
ဒကာ၊ ဒကာမတွေ သဘောပါကြပလား?။ ဒကာတို့တစ်တွေ သံသရာရှည်သလောက် အကောင်းတစ်ခုမှ ကြားမညှပ်ခဲ့ရဘူး။ အဆိုးချည်း သွားနေကြရတယ်ဆိုတာ သံသယမဖြစ်ကြနဲ့။ နတ်ဖြစ်သူ သိကြားဖြစ်သူ ဗြဟ္မာဖြစ်သူ တွေ သမုတိနယ်က ကြည့်တော့ အကောင်းလို့ ထင်ကြတယ်။ ထင်ကြပေမယ့် အကောင်းမပါဘူး။ ဓမ္မနယ် ပရမတ္ထ နယ်က ကြည့်လိုက်တော့ မိုက်မဲမှုနဲ့ ဆင်းရဲမှု ဒီနှစ်ခုပဲ လှည့်နေရတယ် ပေါ်ကြပလား?။
မိုက်မဲမှုက သမုဒယသစ္စာ၊ ဆင်းရဲမှုက ဒုက္ခသစ္စာ၊ ကောင်းတာများ ပါသေးသလား?။ မပါပါဘူး။ အကောင်း မပါတာ အကောင်းထင်မိရင် အစအဆုံး မရှိလောက်အောင် မိုက်မဲဖို့၊ ဆင်းရဲဖို့ပဲ ရှိတော့တယ်ဆိုတာ မှတ်ကြတော့။ ဒကာ၊ ဒကာမတွေ သဘောပါကြရဲ့လား?။ ပဋိစ္စသမုပ္ပါဒ်ဟာ မိုက်မဲမှုက စတယ်။
မိုက်မဲမှု အဝိဇ္ဇာက စတာပဲ
ပဋိစ္စသမုပ္ပါဒ် ဒုက္ခစက်ကြီး စရ တာဟာ မိုက်မဲမှု အဝိဇ္ဇာက စတာပဲဆိုတာ သဘောပါကြပလား?။
မိုက်မှု အဝိဇ္ဇာက စတော့ အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်လာတယ်။ ဒီသင်္ခါရဆိုတဲ့ စေတနာဟာလည်း ဖြစ်လာပြီး ပျက်သွားရှာတယ်။ သင်္ခါရ စေတနာကလေး ဖြစ်ပြီးပျက်သွားတာဟာ ဒုက္ခသစ္စာ၊ ဖြစ်ပျက် ဒုက္ခသစ္စာကလေးပဲ မဟုတ်ပါလား? အဲဒီတော့ မိုက်မဲမှုအစ၊ ဆင်းရဲမှုအဆုံး၊ ဒါနှစ်ခုပဲရှိတယ်။ ဒကာ၊ ဒကာမတွေ ကျေနပ်ကြပလား?။
အဝိဇ္ဇာချုပ်သူက ကျေးဇူးပြုတော့ သင်္ခါရလာ၊ သင်္ခါရလာတော့ သင်္ခါရပစ္စယာ ဝိညာဏံဆိုပြီး ကျေးဇူးပြုလိုက် ပြန်တာပဲ။ သင်္ခါရက အကြောင်းသမုဒယ၊ ဝိညာဏ်က အကျိုးဒုက္ခပဲ၊ အဝိဇ္ဇာလည်း ဖြစ်ပြီးပျက်၊ သင်္ခါရလည်း ဖြစ် ပြီးပျက်၊ ဝိညာဏ်ဟာလည်း ဖြစ်ပြီးပျက်သွားပြန်တာပဲ။ အားလုံး ဖြစ်ပျက် ဒုက္ခသစ္စာချည်းပဲ။ အဲဒီတော့ မိုက်မဲမှုအစ အဝိဇ္ဇာက စလိုက်တော့ ဆင်းရဲမှု ဒုက္ခသစ္စာအကျိုး ရလာတာပဲ။ သဘောပါကြပလား?။
ဒကာ၊ ဒကာမတို့ မသိမိုက်မဲမှု သင်္ခါရကြောင့် ဆင်းရဲဒုက္ခဝိညာဏ် ပေါ်ရတယ်ဆိုတာ ရှင်းကြပလား?။ အဲဒီတော့ ဒကာ၊ ဒကာမတွေဟာ အတိတ်တုန်းက မသိမိုက်မဲမှု သင်္ခါရတို့ကြောင့် အခု ပစ္စုပ္ပန်မှာ ပဋိသန္ဓေဝိညာဏ် ကစပြီး ဆင်းရဲမှု ဒုက္ခသစ္စာတွေ ပေါ်နေတာပဲဆိုတာ မှတ်လိုက်ကြ။ ရိပ်မိကြပလား?။ ဒီအဓိပ္ပာယ်ကို စာထဲ ဖတ်နေလို့ မရဘူး။ ကိုယ့်သန္တာန်မှာ ဒီအတိုင်းဖြစ်နေတယ်။ ဖြစ်နေတာကို မသိကြလို့ပဲ။
ဝိညာဏ်ပြီးပြန်တော့လည်း ‘ဝိညာဏပစ္စယာ နာမရူပံ’တဲ့။ ဝိညာဏ်က အကြောင်း၊ နာမ်ရုပ်က အကျိုး၊ ဝိညာဏ်က သမုဒယ၊ နာမ်ရုပ်က ဒုက္ခ၊ ဒီမှာလည်း ဒုက္ခနဲ့ သမုဒယပဲ လာတယ်။ ဒကာ၊ ဒကာမတို့ နောက်,နောက် ကလည်း ဒီလိုပဲ။ အခုလည်း ဒီလိုပဲ လာနေတာပဲဆိုတာ အခုရှင်းပြတော့ ကိုယ်တွေ့ဉာဏ်မြင် သိကြရပြီ။ အဲဒီတော့ ဒီဇာတ်ကိုဖြင့် အခုအချိန်မှာ အမြန်ဆုံး ရုပ်သိမ်းကြရမယ်။
အခုနေအခါမှာ ဒီဇာတ်ကို မသိမ်းရင် မိုက်လက်စလည်း မသိမ်းနိုင် ဆင်းရဲလက်စလည်း မသတ်နိုင်တော့ ဘူးဆိုတာ မှတ်လိုက်ကြ။ ရှင်းကြရဲ့လား?။ နောက်နာမ်ရုပ်ကြောင့် သဠာယတနဖြစ်ပြန်တော့ အကြောင်းသမုဒယ ကြောင့် အကျိုးဒုက္ခ ပေါ်လာတာပဲ။ သမုဒယကြောင့် ဒုက္ခရတာပဲ။ ဒကာ၊ ဒကာမတို့ ဒီအဓိပ္ပာယ်ဟာ ‘သံယုတ်ပါဠိ တော်’မှာလည်း လာတယ်။ ‘ပဋိသမ္ဘီဒါမဂ် ပါဠိတော်’မှာလည်း လာတယ်ဆိုတာ မှတ်ကြ။
အကြောင်း မိုက်မဲမှုနဲ့ အကျိုး ဆင်းရဲမှု
ဒီပါဠိတော်တွေက ‘အကြောင်းအကျိုးပဲ ရှိတယ်၊ အကြောင်း မိုက်မဲမှုနဲ့ အကျိုး ဆင်းရဲမှု ဒီနှစ်ခုပဲရှိတယ်လို့’ ဟောတော်မူထားတယ်။ ရိပ်မိကြပလား?။ ဒကာ၊ ဒကာမတို့ ဘုံအထွေထွေ ဘဝအထွေထွေမှာ ဆိုင်းဘုတ်တွေ ပြောင်း လွဲှ ပြောင်းလွှဲနေပေမယ့် ဒီမိုက်မဲမှုနဲ့ ဆင်းရဲမှုနှစ်ခုကတော့ မပြောင်းလွှဲပါဘူး။ လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါ အထွေထွေ ဆိုတာတွေက အပြင်သဘောပဲ။ ဒီနှစ်ခုက အတွင်းသဘော ခန္ဓာအစစ်၊ ဒါကို အမှန်ယူရမယ်။ ဒီသမုဒယနဲ့ ဒုက္ခနှစ်ခု က အတွင်းသဘော အစစ်၊ ခန္ဓာအစစ်ပဲလို့သာ မှတ်လိုက်ကြ။ ဒါကို အမှန်ယူရမယ်။ ဒါက အတွင်းလည်ပုံပဲ ရိပ်မိ ပလား?။
အပြင်လည်ပုံက မိုက်မဲမှုကြောင့် လူ့ဘဝကို လိုချင်တဲ့တဏှာ၊ လူ့ဘဝကို လိုချင်တဲ့ ဒီလောဘတဏှာကြောင့် ခန္ဓာဒုက္ခသစ္စာကို ရလာတယ်။ ဒါက ပေါ်ပေါ်ထင်ထင် လှည့်နေတာ။ ဒါက အပြင်ဘက်မှာ လည်ပုံ၊ ရှင်းကြပလား?။ အတွင်းမှာကတော့ အယုတ်သစ္စာနှစ်ပါးပဲ လှည့်မယ်။ အမြတ်သစ္စာဆိုတာက လိမ္မာမှုနဲ့ ချမ်းသာမှု ဒီနှစ်ခုကိုဆိုတာ။ ဒကာ၊ ဒကာမတွေ လှည့်နေရတာ ဒီနှစ်ခု လုံးဝမပါကြဘူး။ သဘောပါကြရဲ့လား?။
လိမ္မာမှုက မဂ္ဂင်အကျင့်၊ ချမ်းသာမှု က နိဗ္ဗာန်
ဒကာ၊ ဒကာမတို့ ဆရာကောင်း သမားကောင်းနဲ့သာ မတွေ့မကြုံရရင် ဆင်းရဲပြီးမိုက်၊ မိုက်ပြီးဆင်းရဲ၊ အဲဒီနှစ်ခု ဆင်းရဲမှုနဲ့ မိုက်မဲမှုက ဘယ်အခါမှ မလွတ်တော့ဘူး။ ဒီနှစ်ခုပဲ ချာချာလည် ဒီနှစ်ခုထဲပဲ လှည့်ပတ်နေရ တော့မှာပဲ။ လိမ္မာမှုနဲ့ ချမ်းသာမှုဆိုတာ လုံးဝမပါတော့ဘူးလို့သာ မှတ်လိုက်ကြ။ လိမ္မာမှုက မဂ္ဂင်အကျင့်၊ ချမ်းသာမှု က နိဗ္ဗာန်။ ရိပ်မိကြပလား?။
နဂိုက ဒကာ၊ ဒကာမတွေ နေခဲ့ ထိုင်ခဲ့ရတာဟာ မှောင်ကြီးအတိ အမိုက်အတိပဲ။ ‘အန္ဓိဘူတော အယံ လောကော’တဲ့။ ဘုရားကဟောတာ ယုံမှားမရှိကြနဲ့။ နဂိုက မှောင်ကြီးအတိထဲမှာ လိမ္မာမှုနဲ့ ချမ်းသာမှုဆိုတဲ့ ဒီအကြောင်း နှစ်ခုဟာ လျှပ်စီးရောင်လောက်တောင် ဒကာတို့မှာ မလာဖူးပါဘူး။ ဒါကြောင့် မသေကြနဲ့ဦးလို့ တောင်းပန်နေရတယ်။ ဒီလိုအခွင့်အရေးမျိုး နောက်ဆိုတာ မလွယ်ပါဘူး။ ရိပ်မိကြရဲ့လား?။
ဒကာတို့တစ်တွေမှာ တစ်သံသရာလုံး အဝိဇ္ဇာ အမိုက်မှောင်ထဲ နေခဲ့ကြရတယ်။ အခုနှယ် အခွင့်သင့်တုန်းမှာ ဝိဇ္ဇာ ဥဒပါဒိဖြစ်အောင် လုပ်ရမယ်။ ဝိဇ္ဇာ ဥဒပါဒိဖြစ်မှ လိမ္မာမှုဖြစ်ကြမယ်။ လိမ္မာမှုဖြစ်ပါမှလည်း ချမ်းသာမှုနိဗ္ဗာန် ကို ရနိုင်ကြမယ်။ ဒကာ၊ ဒကာမတွေ ကိုယ့်အကြောင်း ကိုယ်သိကြတော့လို့ သတိပေးလိုက်ပါတယ်။ ဒကာတို့မှာ အယုတ်တရားကို ကိုယ်ပိုင်ရနေကြတယ်။ အမြတ်တရား နှစ်ပါးကိုတော့ မရကြဘူး။ ဒီတော့ကို တို့လောက် ဆိုးဝါးတာ ဖြင့် မရှိတော့ဘူးလို့သာ ဆုံးဖြတ်လိုက်ကြ။
လိမ္မာမှုမဂ္ဂင်နဲ့ ချမ်းသာမှု နိဗ္ဗာန်ဆိုတဲ့ ဒီအကြောင်းနှစ်ခုမလာရင် ‘ငါတော့ သွားပေါ့ သွားပေါ့’လို့သာ ဆိုလိုက်တော့ အမြတ်တရားနှစ်ခုမလာရင် အယုတ်တရားနှစ်ခုနဲ့ပဲ ချာချာလည်ပြီး မျောရမယ်။ နောက် မြုပ်ရမယ်။ ရိပ်မိကြပလား?။ ဒကာ၊ ဒကာမတွေ ရချင်တာက ဒီအမြတ်တရားနှစ်ခု လိမ္မာမှုနဲ့ ချမ်းသာမှု၊ အခုလက်ရှိရနေတာက အယုတ်တရားနှစ်ခု မိုက်မဲမှုနဲ့ ဆင်းရဲမှု ပေါ်ကြပလား?။
ကြိုးစားပြီး ရအောင် ယူလိုက်ကြပါ
ဒါကြောင့် ရချင်တာကို အရယူကြရမယ်။ ရချင်တာမို့လည်း နည်းကို အရယူကြရမယ်။ နည်းယူပြီး ရအောင် လုပ်ကြ၊ မလုပ်ရင် အောက်သံသရာ သစ္စာချည်းပဲ ရှိတယ်ဆိုတာ မှတ်ကြ။ အောက်သံသရာလည်ဖို့ရာ သမုဒယသစ္စာ နဲ့ ဒုက္ခသစ္စာချည်း လာမှာပဲ။ သံသရာဖြတ်လမ်း မပါတော့ဘူး။ အလွန် နစ်နာရတော့မယ်။ ဒါကြောင့် ကြိုးစားပြီး ရအောင် ယူလိုက်ကြပါဆိုတာ အထူးပဲ တိုက်တွန်းလိုက်ပါတယ်။
ပေးတဲ့သူက ပေးနိုင်တုန်း ပေးခွင့်ကြုံတုန်းမို့ ပေးရတာ။ ပေးတဲ့သူက ပေးပေမယ့် သေမင်းဆီမှာ ခန္ဓာကို အပ်ပြီးသား။ ယူတဲ့သူကလည်း သေမင်းထံမှာ ခန္ဓာအပ်ပြီးသားပဲ။ အပေးနဲ့အယူ အချိန်မမှီရင် မရဘူး။ အချိန်လွန် သွားရင် မရလိုက်ဘဲ နေကြမယ်။ ဒါကြောင့် ပေးတဲ့သူက တွင်တွင်ပေးနေတာ။ ယူတဲ့သူက သွက်သွက်ယူကြ။ ဒီညွှန် ပြတဲ့ နည်းလမ်းအတိုင်း အမြန်ဆုံး လုပ်ကြ၊ အင်မတန် မြန်မှရမယ်၊ သဘောပါကြပလား?။
အခု တရားဟောသူ တရားနာသူအားလုံးဟာ ခန္ဓာငါးပါး ရှိတဲ့သူချည်းပဲ။ ခန္ဓာက ဘာခန္ဓာလဲ?ဆိုတော့ အသေခန္ဓာ သေခြင်းဆင်းရဲရှိတဲ့ခန္ဓာ၊ သေခြင်းဆင်းရဲမှုဆိုတာက ခန္ဓာငါးပါးပဲ။ ရှင်းကြရဲ့လား?။ သူက ဒီစက္ကန့် အတွင်းမှာ ဗွေဖောက်ချင်ဖောက်မယ်။ အခု ဗွေဖောက်လိုက်ရင် အခု ဒုက္ခရောက်ရတော့မယ်။ ရိပ်မိကြရဲ့လား?။ ဒကာ၊ ဒကာမတွေ ရှေးကလည်း အရုပ်ဆိုးခဲ့ကြတယ်။ အခုလည်း ဆိုးဦးမယ်ဆိုရင် ကောင်းပါ့မလား?။ မကောင်းတော့ ဘူး။
ဒကာ၊ ဒကာမတွေ ရှေးက ဘယ်လိုနေခဲ့ကြရသလဲ? မိုက်မဲမှုနဲ့ ဆင်းရဲမှု ဒီနှစ်ခုနဲ့ပဲ နေခဲ့ကြရတယ်။ မိုက်မဲမှုနဲ့ ဆင်းရဲမှုဆိုတော့ အမှောင်ထဲမှာ မွေးပြီး အမှောင်ထဲမှာပဲ သေခဲ့ရတယ်ဆိုရင် မလွဲဘူး။ အမှောင်တိုက် အမိုက်တိုက်ထဲမှာ မွေးဖွားပြီး ဒီအထဲမှာ သေခဲ့ကြရ။ ဒီတော့ ဘာမှမမြင်ဘဲ ထင်သလိုရမ်းသွား ချောက်မှန်းလည်း မသိ၊ ကမ်းမှန်းလည်းမသိ ဒုက္ခအမျိုးမျိုး ရောက်ကြရတယ်။ အဲဒီတော့ ဒကာတို့ဟာ သံသရာ့ခရီးသည် ဒုက္ခိတတွေပဲ။ ခရီးကလည်းဝေး၊ ထော့နဲ့ထော့နဲ့နဲ့ ခြေနာနဲ့ သွားနေရတဲ့ ဒုက္ခိတခရီးသည်လိုပါပဲ။
အဝိဇ္ဇာ တဏှာ မချုပ်လို့ပဲ
ဘာကြောင့် ထော့နဲ့ ဒုက္ခိတ ခြေနာနဲ့ သွားသလို ဖြစ်ရသလဲ?ဆိုတော့ ဒါကို ဘုရားက လက်သည်ထုတ်ပြ တယ်။ ဒီလိုဖြစ်ရတာဟာ အဝိဇ္ဇာ တဏှာ မချုပ်လို့ပဲတဲ့။ အဝိဇ္ဇာ တဏှာ မချုပ်လို့ ဒီမိုက်မဲမှုနဲ့ ဆင်းရဲမှုနှစ်ခုမှာ နေရတာပဲလို့ ဟောတော်မူတယ်။ ရိပ်မိကြပလား?။ ဘုရားရှင်က ‘အဝိဇ္ဇာ၊ တဏှာ မချုပ်ရင် သမုဒ္ဒရာကြီးလေးစင်းက ရေတွေသာ ခြောက်ရင် ခြောက်ဖို့မြင်တယ်။ ပင်လယ်ရေတွေသာ အကုန်ခန်းသွားဖို့ မြင်တယ်။ မိုက်မဲမှုနဲ့ ဆင်းရဲမှု ဆုံးဖို့ မမြင်ဘူး’လို့ ဟောတော်မူထားတယ်။
ဒကာ၊ ဒကာမတို့ သမုဒ္ဒရာရေတို့ ပင်လယ်ရေတို့က နေငါးစင်းထွက်ရင် ခန်းခြောက်နိုင်တယ်။ အဝိဇ္ဇာ၊ တဏှာ မချုပ်သူမှာ နေငါးစင်းမက အစင်းတစ်ရာ ထွက်ပေမယ့်လည်း မိုက်မဲမှုနဲ့ ဆင်းရဲမှုက လွတ်ခွင့်မရဘူး။ မြင့်မိုရ်တောင်ကြီးသာ ပျောက်ကွယ်သွားဖို့ မြင်တယ်။ အဝိဇ္ဇာ၊ တဏှာ မချုပ်သူမှာ မိုက်မဲမှုနဲ့ ဆင်းရဲမှုက ဆုံးဖို့ မမြင်ဘူး။ နှစ်သိန်းလေးသောင်း တာပေါင်းအထုရှိတဲ့ မဟာပထဝီမြေကြီးသာ ပျောက်ရင်ပျောက်မယ် မြင့်မိုရ်ကြီးသာ ပျောက်ရင်ပျောက်မယ်၊ ပျောက်ကွယ်သွားနိုင်တယ်၊ အဝိဇ္ဇာ တဏှာ မချုပ်သူအဖို့ရာမှာ မိုက်မဲမှု ဆင်းရဲမှုတွေ ချုပ် ဖို့ မမြင်ဘူးလို့ ‘သံယုတ်ပါဠိတော်’မှာ ဟောတော်မူခဲ့တယ်။ ရှင်းကြရဲ့လား?။
ဒကာ၊ ဒကာမတို့ ဘုရားရွှေဉာဏ်တော်နဲ့ကြည့်ပြီး အတိအကျ ဟောတော်မူခဲ့တာ။ ပေါ့ပေါ့ကလေးလို့များ မမှတ်လိုက်ပါနဲ့။ အင်မတန်ကြီးကျယ်တဲ့ မဟာကရုဏာတော်နဲ့ မှာခဲ့တာမို့ လေးလေးစားစား သဘောထားပြီး မှတ်ယူ ကြ၊ လိုက်နာကြ။ အဝိဇ္ဇာ၊ တဏှာ မချုပ်သူအဖို့ရာမှာ ချမ်းသာဆိုတာ ဝေးပြီ။ သေခါနီးလို့ စုတိစိတ်ကျပြီး မျက်လုံး ကလေးများ မှိတ်လိုက်ရင် သုဂတိလို့ မထင်ပါနဲ့။ အပါယ်ပဲ တစ်ချက်တိမ်းလိုက်ရင် ကျောက်ခဲရေကျပဲ။ ဘယ်တော့မှ မပေါ်နိုင်တော့ဘူး။ ပေါ်နိုင်ဖို့ မလွယ်တော့ပါဘူး။ ရိပ်မိကြပလား?။
သောတာပတ္တိမဂ် မကျသေးသမျှ စိတ်မချရသေးဘူး
သောတာပတ္တိမဂ် မကျသေးသမျှ စိတ်မချရသေးဘူးလို့သာ မှတ်လိုက်ကြ။ သောတာပတ္တိမဂ်ကို မရသေးသမျှ အပါယ်သွား မလွတ်သေးဘူး။ ဒါကြောင့် အပါယ်သွားလွတ်အောင် ကြိုးစားကြရမယ်။ မနေ့က ဟောခဲ့တဲ့တရားမှာ အကြောင်းနှစ်ချက်နဲ့ ညီညွတ်ဖို့ပြောခဲ့ပြီ။ အကြောင်းနှစ်ချက်နဲ့ဆိုတော့ လွယ်ကူတယ်။ လွယ်ကူတာမို့ ရအောင်လုပ်ကြ။ အပါယ်သွားစိတ်ချရတဲ့ လက်ကိုင်တရားကို ရအောင်လုပ်ကြ။ သဘောပါကြပလား?။
ဒကာ၊ ဒကာမတွေ တွေ့ရကြုံရ ခံစားရမယ့်ဒုက္ခကို ဘုရားက သိတော်မူ၊ မြင်တော်မူလို့ အလွန်ကြီးမားတဲ့ သနားကရုဏာနဲ့ မှာတော်မူခဲ့တာဖြစ်တယ်။ ဒကာတို့တစ်တွေကို ဘုရားဟာ ဘယ်လောက်ကြင်နာတော်မူတယ်၊ သနား တော်မူတယ်ဆိုတာ စဉ်းစားကြ။ ကယ်တင်နိုင်မယ်ဆိုရင် ဥပမာ ‘ဒီဘက်စကြဝဠာက ဟိုဘက်စကြဝဠာထိအောင် လှံတွေစီပြီး အပြည့်ထောင်ထားပါ။ ဒီဘက်ကနေပြီး လှံသွားတွေ၊ လှံဖျားတွေပေါ်က နင်းပြီး ဟိုဘက်နခမ်းရောက် အောင် ဖြတ်ကျော်သွားနိုင်ခဲ့ရင် သတ္တဝါတွေ ဒုက္ခကလွတ်မယ်၊ ကယ်တင်နိုင်မယ်’ဆိုရင်တောင် ဘုရားက ဒီလံှဖျား တွေပေါ်နင်းပြီး ကူးသွားမယ်လို့ ဟောတော်မူတယ်။
ဘုရားဟာ ဒကာ၊ ဒကာမတို့အပေါ်မှာ ဘယ်လောက် ကရုဏာတော် ကြီးမားတယ်ဆိုတဲ့အချက် ပေါ်ကြ ပလား?။ ပေါ်ရင် ကြိုးစားပြီး ယူနိုင်အောင်သာ ယူကြတော့၊ မယူနိုင်လို့ မရလိုက်ရင် အကြီးဆုံးသော ရှုံးခြင်းကြီးနဲ့ ကြုံရပြီလို့သာ မှတ်ကြတော့။ ဒါကြောင့် အချိန်ရှိတုန်း အခွင့်အခါရတုန်းမှာ ကြိုးစားကြ။ သောတာပတ္တိမဂ်ကိုရရင် စိတ်ချရပြီ။ ရှင်းကြရဲ့လား?။
+++ “သဟာဝဿဒဿနသမ္ပဒါယ၊ လ၊ စတူဟာပါယေဟိစ ဝိပ္ပမုတ္တော”ပဲ။
ဒီမဂ်ကိုရမှ အပါယ်က လွတ် မယ်
‘သောတာပတ္တိမဂ်ဉာဏ်နဲ့ နိဗ္ဗာန်မြင်တဲ့အချိန်ကစပြီး အပါယ်လေးပါးက လွတ်မြောက်တော့တာပဲ’တဲ့။ ဘုရား က တာဝန်ခံချက်ပေးတယ်။ ကိုယ်တိုင်လည်း သိရမယ်။ ဘယ်သူပြောပြော မယုံနဲ့။ ဘုရားပြောနဲ့ ဆရာသမားပြောတာ ကို ယုံကြ။ ယုံပြီး လေးစားစွာ မှတ်ထား။ ကိုယ်တော်တိုင် ထောက်ခံချက်ပေးထားပြီ။ ဒီမဂ်ကိုရမှ အပါယ်က လွတ် မယ်။ ‘မင်းတို့တော့ အပါယ်လွတ်ပြီ’လို့ သာမညဆရာက စာနဲ့ ပေနဲ့ ပြောပေမယ့် မယုံကြနဲ့လို့ သတိပေးလိုက်တယ်။ ရှင်းကြရဲ့လား?။
အဲဒီတော့ ဒီသောတာပတ္တိမဂ်ကိုဖြင့် မရလို့ မဖြစ်တော့ဘူး။ ရအောင် ကြိုးစားမှ ဖြစ်တော့မှာပဲဆိုတဲ့ အချက် ပေါ်ကြပလား။ ဒကာ၊ ဒကာမတွေ ရှေးတုန်းက နေလာခဲ့ရတာဟာ မိုက်မဲမှုနဲ့ ဆင်းရဲမှု တစ်လှည့်စီပဲ။ လိမ္မာမှုနဲ့ ချမ်းသာမှုဆိုတာ ဘယ်တော့မှ မတွေ့ခဲ့ရဖူးဘူး။ မိုက်မဲမှုက အကုသိုလ်တွေ၊ အကုသိုလ်တွေဆိုတော့ အပါယ်မှာပဲ အနေကြာခဲ့ရတယ်။ သုဂတိဆိုတာ အလွန့်အလွန်နည်းပါတယ်။ ရိပ်မိကြပလား?။
ဒကာ၊ ဒကာမတို့ ရိပ်မိရင် ပြင်ကြဆင်ကြတော့။ အခုနေမှာ ပြင်ချိန်ဆင်ချိန် ရှိသေးတယ်။ ဒကာတို့တစ်တွေ အရင့်အရင်တုန်းက နေခဲ့ရတဲ့အချိန်တွေဟာ အချည်းနှီးပဲ။ နေပြီးသားဟာ အလကားပဲ။ အခု ကျန်နေသေးတဲ့အချိန် က အလွန်နည်းနေပြီ။ ဒီလိုကျန်တာက နည်းရတဲ့အထဲမှာမှ သားရေး၊ သမီးရေး၊ စီးပွားရေးတွေ ရှုပ်နေဦးမယ်ဆိုရင် လာရာလမ်း ပြန်ကြဖို့ပဲ ရှိတော့တယ်။ ဒကာတို့ လာရာလမ်းက အပါယ်ပဲ။ သဘောပါကြပလား?။
မဂ္ဂင်အလုပ်ကိုဖြင့် လုပ်ဖြစ်အောင် လုပ်ကြပါ
ဒါကြောင့် ကျန်နေတဲ့အချိန်ကလေး နည်းနည်းထဲမှာ မြန်မြန်ဆန်ဆန် ပြင်ကြရမယ်။ ပြင်ကြတော့။ ဒီအချိန် ကလေးက နည်းရတဲ့ကြားထဲမှာ ‘နင်တို့အတွက် ရှုပ်တယ်နဲ့’ လုပ်မနေလိုနဲ့။ ဘာအတွက်မှ မရှုပ်စေနဲ့။ ဒီပြင်ဟာက အပိုတွေပဲ။ မိမိနဲ့ မဆိုင်ဘူး အားလုံး ထားပစ်ခဲ့ရမှာချည်းပဲ။ ဒီအလုပ်ကမှ မိမိနဲ့ဆိုင်တဲ့အလုပ်။ ဒီဟာလုပ်မှ ကိုယ်ပိုင် ရမှာ။ အဲဒါကြောင့် ဒီမဂ္ဂင်အလုပ်ကိုဖြင့် လုပ်ဖြစ်အောင် လုပ်ကြပါလို့ လေးလေးနက်နက်ကြီး တိုက်တွန်းလိုက်တယ်။
ဒကာ၊ ဒကာမတို့ အဝိဇ္ဇာ၊ တဏှာက ဘာကြောင့်လုပ်နေသလို?ဆိုတော့ ‘အဿုတဝါ ပုထုဇ္ဇနော’ ဖြစ်နေလို့ ပဲ။ အဿုတဝါ ပုထုဇ္ဇနောဆိုတော့ အဝိဇ္ဇာ၊ တဏှာ ကြိုးဆွဲတိုင်း ကနေကြရတယ်။ အကြားအမြင်မရှိတဲ့ ပုထုဇဉ်ဖြစ် နေတော့ ဉာဏ်မျက်စိနဲ့ ဉာဏ်နားမရှိရှာဘူး။ ဒီအထဲမှာ အမိုက်က ပေါသေးတယ်။ ပုထုဇဉ်ဆိုတာ ကိလေသာ ထူပြော အမိုက်ပဲ ကျေနပ်ပလား?။
အဝိဇ္ဇာ၊ တဏှာ မချုပ်တာ မျက်စိကန်း၊ နားပင်း ကိလေသာ တောထနေလို့ပဲ။ အဿုတဝါ ပုထုဇ္ဇနောဆိုတော့ အဝိဇ္ဇာ တဏှာ မချုပ်ဘူး။ မချုပ်တော့ ခန္ဓာသံသရာက မိုက်မဲမှုနဲ့ ဆင်းရဲမှုပဲ လည်တော့တယ်ဆိုတာ ရိပ်မိကြပလား?။ ဒါ သုံးခု သံသရာလှည့်နေရတာပဲရှိတယ်။ ဒကာ၊ ဒကာမတွေ ကိုယ့်အဖြစ်မှန်ကို သိကြပလား?။ သိရင် သုတဝါ အရိယသာဝကောဖြစ်ဖို့ အရေးကြီးတယ်။ ဖြစ်အောင်လုပ်ရမယ်ဆိုတာ ပေါ်ကြပလား?။
သုတဝါဖြစ်မှ ဉာဏ်မျက်လုံးရမယ်
သုတဝါဖြစ်မှ ဉာဏ်မျက်လုံးရမယ်။ အရိယာသာဝကောဖြစ်မှ ပုထုဇဉ်အဖြစ်က လွတ်ကြမယ်။ နှစ်လုံးထဲ ပြင်လိုက်ရင် ပြီးပါတယ်။ နှစ်လုံးထဲ ပြင်ရင် ဉာဏ်မျက်လုံးနဲ့ ကိလေသာခေါင်းပါးတဲ့ အဖြစ်ရောက်မယ်။ ဘုန်းကြီးတို့ ဒကာ၊ ဒကာမတွေ ရှေးတုန်းက ဘာကြောင့် အဿုတဝါ ပုထုဇ္ဇနောဖြစ်ရသလဲ?လို့ဆိုတော့ ချည်တိုင်နဲ့ ကြိုးနဲ့ လည်ပတ်နဲ့ နေခဲ့ရလို့ပဲဆိုတာ မှတ်လိုက်ကြ။ ရိပ်မိကြရဲ့လား?။
ဥပမာအားဖြင့်ဆိုရင် ခွေးမှာ လည်ပတ်တပ်၊ ကြိုးနဲ့ဆွဲပြီး ချည်တိုင်မှာ ချည်ထားတော့ ဒီတိုင်၊ ဒီကြိုး၊ ဒီလည်ပတ်နဲ့ ဒီအနားမှာပဲ လှည့်ပတ်နေရတယ်။ ဘယ်တော့မှ မလွတ်တော့ဘူး။ ဒီခွေးဟာ နေတော့လည်း ဒီနားမှာပဲ နေရတယ်။ ကြိုးကလည်း မပြတ်၊ လည်ပတ်ကလည်း မပြုတ်၊ တိုင်ကလည်း မကျိုးဘူး။ အဲဒီတော့ ဒီခွေးဟာ နေတော့ လည်း ဒီအနား၊ အိပ်တော့လည်း ဒီအနားပဲ၊ စားတော့လည်း ဒီအနား၊ ကျင်ကြီးကျင်ငယ်စွန့်လည်း ဒီအနားမှာပဲ စွန့်ရတယ်။ ဒီတိုင်၊ ဒီကြိုး၊ ဒီလည်ပတ်နဲ့ ဒီအနားက လုံးဝမခွါနိုင်ဘူး။ ဒီအနားမှာပဲ လှည့်ပတ်နေရတယ်တဲ့။ အဲဒါ ဘုရားဟောတဲ့ ဥပမာစကားတော်ပဲလို့ မှတ်လိုက်ကြ။
ဒကာ၊ ဒကာမတွေ သဘောပါကြပလား?။ မနာကြနဲ့တော့ ဖြစ်စဉ်ကိုက်အတိုင်း ရွှေဉာဏ်တော်နဲ့ ကြည့်ပြီး ဟောပြခဲ့တာမို့ တို့အဖြစ်က ဒီ့ထက်ဆိုးလိမ့်ဦးမယ်လို့သာ ဆုံးဖြတ်ချက်ချကြ။ ဒကာ၊ ဒကာမတို့ ဘုရားက မိုက်မဲမှုနဲ့ ဆင်းရဲမှု လှည့်နေရတာဟာ ဒီခွေးဥပမာအတိုင်းပဲတဲ့။ သံသရာထဲ လှည့်ရတာဟာ ခန္ဓာချည်တိုင်မှာ သက္ကာယဒိဋ္ဌိ ကြိုးနဲ့ တဏှာလည်ပတ်နဲ့ လှည့်လည်ခဲ့ရတာပဲ။ ဒါကြောင့် ခွေးဥပမာနဲ့ တူတယ်ဆိုတာများ မှားသေးသလား?။
ခွေးနေနေ၊ ခွေးသေသေတဲ့ ဇာတ်
ဒီအတိုင်းပါပဲ။ ဒကာ၊ ဒကာမတို့အဖြစ်ဟာ ဘယ်လောက်နစ်နာသလဲ?။ စဉ်းစားကြည့်ကြ။ သံသရာတစ် လျှောက်လုံးမှာ မိုက်မဲမှုနဲ့ ဆင်းရဲမှုပဲ အချိန်က ကုန်ခဲ့ရတယ်။ ကြိုးတစ်ဆုံးကနေပြီး ဘယ်မှ လွန်မသွားတတ်ပါဘူး။ အဲဒီတော့ ‘ငါတို့တစ်တွေဟာ ခွေးနေနေ၊ ခွေးသေသေတဲ့ ဇာတ်ကို တစ်သံသရာလုံး ခင်းခဲ့ရပါကလား’လို့သာ မှတ် လိုက်ကြ။ ရိပ်မိကြပလား?။
ဒကာ၊ ဒကာမတို့ခွေးက အဿုတဝါပဲ။ ငါ့ကိုယ်လို့ထင်တာက သက္ကာယကြိုး၊ ဒိဋ္ဌိကြိုး ချည်လိုက်တာပဲ။ ငါ့ ကိုယ်မို့ ခင်ရမင်ရမှာပဲဆိုပြီး တဏှာလည်ပတ်က တပ်လိုက်ပြန်တယ်။ နောက်ပြီး ဒီကြိုး၊ ဒီလည်ပတ်နဲ့ ခန္ဓာချည်တိုင် မှာ ချည်ထားလိုက်တော့တယ်။ အဲဒီတော့ ဒီခန္ဓာငါးပါး ချည်တိုင်နားက တစ်ဖဝါးမှ မခွါနိုင်တော့ဘူး။ ခွါလို့ကော ရကြသေးရဲ့လား?။ မရတော့ဘူး ဒီနားမှာပဲ တရစ်ဝဲဝဲ လှည့်ပတ်နေရတော့တယ်။
ဒိဋ္ဌိကြိုးတဏှာ လည်ပတ်နဲ့ ခိုင်ခိုင်တုပ်ထားလိုက်တော့ ခန္ဓာချည်တိုင်နားက မခွါနိုင်ကြတော့ဘူး။ ခန္ဓာ ချည်တိုင်မှာပဲ နေကြရ၊ စားတော့လည်း ဒီနား၊ သွားတော့လည်း ဒီနား၊ အိပ်တော့လည်း ဒီအနားမှာပဲ အိပ်ရ၊ အညစ်အကြေးစွန့်တော့လည်း ဒီမှာပဲ စွန့်ရပြီး သေပြန်တော့လည်း ဒီအနားမှာပဲ သေရရှာတာပဲ။ ခန္ဓာချည်တိုင်က တစ်လှမ်းမှ မရွေ့နိုင်ပါဘူး။ ဒီလိုဖြစ်ရတာ ဘာကြောင့်လဲ?ဆိုတော့ ချည်တိုင်ကလည်း မကျိုး၊ လည်ပတ်ကလည်း မပြုတ်၊ ကြိုးကလည်း တန်းလမ်းနဲ့မို့ပဲ။ ပေါ်ကြပလား?။
သံသရာ ဘယ်လိုများ နေခဲ့ထိုင်ခဲ့ကြရသလဲ
ဒကာ၊ ဒကာမတွေ သံသရာ ဘယ်လိုများ နေခဲ့ထိုင်ခဲ့ကြရသလဲ?လို့ မေးရင် ဒီအတိုင်းပဲ နေခဲ့ကြရတယ်။ ခန္ဓာချည်တိုင်ကလည်း မကျိုး၊ သက္ကာယကြိုးကလည်း မပြတ်၊ တဏှာလည်ပတ်ကလည်း မပြုတ်နဲ့ဆိုတော့ ဒီတိုင်၊ ဒီကြိုး၊ ဒီလည်ပတ်နဲ့ပဲ နေခဲ့ကြရပါတယ်။ ဒါကြောင့် ဒကာတို့တစ်တွေဟာ ‘သံသရာမှာ ခွေးနေနေပြီး ခွေးသေ သေခဲ့ကြရတယ်’လို့သာ မှတ်လိုက်ကြ။ ရှင်းကြရဲ့လား?။
မနာကြနဲ့တော့ ဒကာ၊ ဒကာမတို့ ဖြစ်စဉ်ကိုက်အတိုင်းပဲ။ ဒီတိုင်ခြေမှာနေ၊ ဒီမှာပဲစား၊ ပြေးတော့လည်း ဒီနားမှာပဲ လှည့်ပတ်ပြေးနေရတယ်။ မွေးတော့လည်း ဒီနားမွေး သေး၊ ချီးယိုတော့လည်း ဒီနားပဲ။ အစာစားတော့ လည်း ဒီအနား။ တစ်သက်လုံး ဒီတိုင်နားနေပြီး ဒီတိုင်နားပဲ သေပွဲဝင်ရတာပဲ။ ကြိုးလည်းမပြတ်ခဲ့ဘူး။ လည်ပတ် လည်း မပြုတ်ခဲ့ဘူး။ ချည်တိုင်လည်း မကျိုးခဲ့ဘူး။ ဒကာ ဒကာမတွေ သဘောပါကြရဲ့လား?။
ဘုံအထွေထွေမှာ ခန္ဓာငါးပါး ချည်တိုင်ကြီးကို ရလာကြတယ်။ အဲဒီရလာတဲ့ ခန္ဓာချည်တိုင်ကို ငါ့ကိုယ်လို့ ထင်၊ ငါ့ကိုယ်လို့ထင်ပြီး သက္ကာယကြိုးနဲ့ ချည်လိုက်ပြန်တယ်။ နောက် ငါ့ကိုယ်မို့ ခင်ရမှာပဲဆိုတော့ တဏှာလည်ပတ် နဲ့ ထပ်ပတ်လိုက်ပြန်တော့ ခန္ဓာချည်တိုင်ကို မစွန့်နိုင်တော့ဘူး။ မစွန့်နိုင်တော့ ခိုင်တာပေါ့။ ရုန်းလို့ရပါဦးမလား?။ မရတော့ဘူး။
လည်ပတ်နဲ့ ကြိုးနဲ့ တိုင်ခြေမှာ လှည့်ပတ်ပြီး ပြေးနေရတာ
အဿုတဝါ ပုထုဇ္ဇနောဆိုတော့ လည်ပတ်နဲ့ ကြိုးနဲ့ တိုင်ခြေမှာ လှည့်ပတ်ပြီး ပြေးနေရတာပဲ။ ဒကာ၊ ဒကာမ တို့ ဒီလိုနေရတာဟာ ကျက်သရေရှိနိုင်ပါဦးမလား?။ ခွေးနေ နေရတာမို့ ကျက်သရေနည်းနည်းမှ မရှိဘူးဆိုတာ ဆုံး ဖြတ်ချက်ချကြ။ လူနတ်ဗြဟ္မာ စကြဝတေးအဖြစ်ရပေမယ့် အဿုတဝါဆိုရင် ခွေးအနက်ပဲရှိတယ်။ အဿုတဝါမို့ ခွေးပဲလို့သာ မှတ်လိုက်ကြ။ ဒါဟာ ဓမ္မသဘောအမှန်ပဲ။ ကျေနပ်ကြပလား?။
ဒါကြောင့်… အသိဉာဏ်ရှိတုန်းမှာ ဒီဇာတ်ကို သိမ်းကြရမယ်။ အသိဉာဏ်ရှိတုန်းမှာ ဒီဇာတ်ကို မသိမ်းမိ ရင် ခွေးဇာတ်မသိမ်းတာပဲလို့သာ မှတ်လိုက်ကြတော့။ ဒကာ၊ ဒကာမတို့အနေမှာ အမြန်ဆုံး သိမ်းပါရစေလို့တောင် ဆိုလောက်နေပြီ။ မဆိုလောက်သေးဘူးလား?၊ အဉ်တဉ်တဉ် လုပ်မနေကြနဲ့။ ‘အမြန်ဆုံး သိမ်းပါရစေ’လို့ ဆိုကြတော့။ သဘောပါကြရဲ့လား?။
ဒီဇာတ်ကို မသိမ်းချင်ရင် ဒီအတိုင်း သေခြင်းဆိုးနေပြီး သေခြင်းဆိုး သေရဖို့မှတစ်ပါး တခြားမရှိတော့ဘူး။ ရိပ်မိကြပလား?။ ဒီဇာတ်ကို သိမ်းချင်ရင် ပထမဆုံး ဒိဋ္ဌိပြုတ်အောင် လုပ်ရမယ်။ ဒုတိယ တဏှာပြတ်အောင် လုပ် ရမယ်။ ပထမ ဒိဋ္ဌိပြုတ်မှ တဏှာပြတ်မယ်၊ တဏှာပြတ်မှ ခန္ဓာချည်တိုင် ကျိုးမယ် ခန္ဓာချည်တိုင်ကျိုးမှသာ ဒီဇာတ် ကို သိမ်းနိုင်မယ်ဆိုတာ မှတ်လိုက်ကြ။ ကျေနပ်ကြပလား?။
ဒိဋ္ဌိပြုတ်အောင် အရင်လုပ်ရမယ်
ဒါကြောင့် ဒိဋ္ဌိပြုတ်အောင် အရင်လုပ်ရမယ်ဆိုတာ ဆုံးဖြတ်ချက် ချလိုက်ကြ။ ဒိဋ္ဌိ ဘာကြောင့်ဖြစ်လာရ သလဲ?ဆိုတော့ ‘ရူပံ အတ္တတော သမနုပဿတိ’တဲ့။ ရုပ်ကို ငါ့ကိုယ်ပဲလို့ စွဲယူလိုက်တယ်။ အဲဒါကြောင့် ဒိဋ္ဌိဖြစ်လာ ရတယ်။ ဒီအတိုင်း ဝေဒနာကို သညာကို သင်္ခါရတွေကို ဝိညာဏ်ကို ခန္ဓာငါးပါး အပေါင်းကို ငါ့ကိုယ်ပဲလို့ စွဲယူမိတယ်။ အဲဒီအတိုင်း စွဲယူနေလို့ ဖြစ်ရတာပဲ။ ရှင်းကြရဲ့လား?။
ဒိဋ္ဌိဖြုတ်ဖို့က ပထမပိုင်း တဏှာဖြုတ်ဖို့က ဒုတိယပိုင်း၊ သူ့အပိုင်းနဲ့ သူလုပ်မှရမယ်၊ အစဉ်လွဲရင် မရနိုင်ဘူး။ ဒါကြောင့် ဒိဋ္ဌိဖြုတ်မှုက အရင်လုပ်ရမယ့် လုပ်ငန်းပဲဆိုတာ မှတ်ထားကြ။ ဒကာ၊ ဒကာမတွေ ရှေးဦးစွာ ဒိဋ္ဌိဖြုတ်ရ မယ်ဆိုတာ သဘောပါကြပလား။ အဿုတဝါ ပုထုဇ္ဇနောဆိုတော့ ‘ရူပံအတ္တတောသမနုပဿတိ’ပဲ။ ဒါကြောင့် အဦးဆုံး ပုထုဇဉ်အဖြစ်က လွတ်ဖို့ ပထမမဂ်ကိုရဖို့ ဒိဋ္ဌိဖြုတ်ကြရမယ်။
ငါ့ကိုယ်စွဲ ဒိဋ္ဌိရှိရင် ခင်တဲ့ တဏှာလာမယ်။ ဘယ်သူ့ခင်တာတုန်းဆိုတော့ ခန္ဓာတိုင်ရောက်တော့တာပဲ ရှင်း ကြပလား။ ဒီတိုင်မကျိုးနိုင်တာဟာ သူက အစပဲ။ သူက စလိုက်တော့ တဏှာရောက်၊ နောက် ချည်တိုင်ရ။ အဲဒါကြောင့် အစကို ဖြုတ်ပစ်ရမယ်။ ဒီအစကို အမြစ်မဖြုတ်ရင် ဒကာ၊ ဒကာမတို့ဟာ ဒီအနေ ဒီအသေ ဒီအခြေက မလွတ်ရ တော့ဘူး။ မြင့်မိုရ်တောင်ကြီးသာ ပျောက်ကွယ်နိုင်တယ်။ ဒီတိုင်၊ ဒီကြိုး၊ ဒီလည်ပတ်နဲ့ ခွေးဇာတ်ကတော့ မလွတ်ရ တော့ပါဘူး။
ပဋိစ္စသမုပ္ပါဒ် အစကိုသိရင် ဒိဋ္ဌိပြုတ် တယ်
ဒီဇာတ်ကို သိမ်းချင်ရင်ဖြင့် ဒိဋ္ဌိကို အရင်ဖြုတ်ကြ။ နောက်တဏှာကို ဖြုတ်ရမယ်။ တဏှာလည်ပတ်ပြုတ်ရင် ခွင်ကျယ်သွားပြီ။ လွတ်လပ်ခွင့်ရသွားပြီဆိုတာ မှတ်ကြ။ ဒကာ၊ ဒကာမတို့ ဒိဋ္ဌိအရင်ဖြုတ်ရမယ်ဆိုတော့ ဒိဋ္ဌိဖြုတ်ချင် ရင် ဘာလုပ်ရမလဲ?။လို့ မေးရင် ‘ပဋိစ္စသမုပ္ပါဒ် အစကို သိအောင် လုပ်ရမယ်။ ပဋိစ္စသမုပ္ပါဒ် အစကိုသိရင် ဒိဋ္ဌိပြုတ် တယ်’ဆိုတာ မှတ်လိုက်ကြ။ ဒါကြောင့် ဒိဋ္ဌိဖြုတ်မယ့်ကြံရင် ပဋိစ္စသမုပ္ပါဒ်အစကို မိအောင် ဖမ်းရမယ်။ ရိပ်မိပလား?။
ဥပမာ… ကိုယ့်သန္တာန်မှာ အိမ်ကိုတွေးတဲ့ အတွေးစိတ်ကလေးတစ်ခု ပေါ်လာတယ်ဆိုတော့ အိမ်တည်း ဟူသော အကြောင်းကြောင့် တွေးစိတ်ပေါ်ရတာ။ အိမ်ဆိုတဲ့အကြောင်းက ကျေးဇူးပြုလို့ ပေါ်လာတဲ့ အိမ်တွေးစိတ် ဝိညာဏက္ခန္ဓာကလေးပဲ။ အဲဒီတော့ ဒီနေရာမှာ ဒီအတွေးစိတ်ကလေးဟာ ‘ငါလား? ဝိညာဏက္ခန္ဓာလား?’လို့ ဉာဏ်နဲ့ ကြည့်လိုက်ပါ။ ကြည့်လိုက်တော့ ‘ဝိညာဏက္ခန္ဓာ’ ငါမဟုတ်ပါကလားလို့ သိမြင်လာမယ်။ တွေးစိတ်ဟာ ခန္ဓာလေးပဲ လို့ သိမြင်မယ်။
ဒကာ၊ ဒကာမတွေ သဘောပါကြပလား?။ အဲဒီလိုသိရင် ဒိဋ္ဌိပြုတ်ပြီး ဒိဋ္ဌိတည်းဟူသော ကြိုးဟာ တဒင်္ဂ တော့ ပြုတ်သွားပြီလို့ မှတ်ကြ။ နောက် အပွားနဲ့ပြုတ်မှ အမြစ်ပါပြုတ်မယ် ရှင်းကြရဲ့လား?။ အဲဒါကြောင့် ကိုယ်သန္တာန် မှာ ပေါ်လာတဲ့ ပဋိစ္စသမုပ္ပါဒ်ကို ပေါ်တိုင်းပေါ်တိုင်း ဉာဏ်နဲ့ ကြည့်ပေးရမယ်။ ဉာဏ်နဲ့ကြည့်တော့ စိတ်ကလေးတစ်ခု ပေါ်တိုင်းပေါ်တိုင်း ‘ဝိညာဏက္ခန္ဓာ’ကလေးပဲဆိုတာ အမြင်မှန် အမြင်သန်လာမယ်။ ဒီလို အမြင်မှန် မြင်လာရင် ဒိဋ္ဌိပြုတ်ပြီ။
ဝိညာဏက္ခန္ဓာကလေးရဲ့ ဖြစ်ပျက်
ဒကာ၊ ဒကာမတို့ ဝိညာဏက္ခန္ဓာ ပေါ်လာတာသိရင် ဖြစ်ခြင်းကိုသိလို့ ချုပ်ခြင်းကိုလည်း သိတာပဲ။ ဝိညာ ဏက္ခန္ဓာကလေး ဖြစ်ပေါ်လာပြီး ချုပ်ပျက်သွားတာကို မြင်ရတယ်။ ဝိညာဏက္ခန္ဓာကလေးရဲ့ ဖြစ်ပျက်ကို မြင်သွား တယ်ဆိုတာ မှတ်ကြရမယ်။ သဘောပါကြပလား?။ ဒီလို ဝိညာဏက္ခန္ဓာကလေးရဲ့ ဖြစ်ပျက်ကို မြင်တာဟာ အနိစ္စ လည်းဟုတ်တယ်။ ဒုက္ခလည်းဟုတ်တယ်။ အနတ္တလည်း ဟုတ်တယ်ဆိုတာ မှတ်လိုက်ကြ။
ဒကာ၊ ဒကာမတွေက ဒီလိုဝိညာဏက္ခန္ဓာကလေးရဲ့ ဖြစ်ပျက်ကို မြင်တာ ဘာအကျိုးရှိသလဲ?လို့ မေးစရာ ရှိပါတယ်။ ဒီဝိညာဏက္ခန္ဓာလေးရဲ့ အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက်ကို သိမြင်တာဟာ တိုင်ကျိုးဖို့၊ ကြိုးပြတ် ဖို့၊ လည်ပတ်ပြုတ်ဖို့ လမ်းစဉ်ကိုရပြီ။ ဒီလမ်းအတိုင်း တန်းတန်းမတ်မတ် လိုက်သွားဖို့ပဲ ရှိတော့တယ်လို့ လာဆုံးဖြတ် ချက်ချကြ။
ဝိညာဏက္ခန္ဓာကလေးရဲ့ အနိစ္စသိရတဲ့အတွက် ဒိဋ္ဌိကွာတယ်။ အနိစ္စကိုသိရင် ငါ့ကိုယ် ငါ့ဟာစွဲတဲ့ ဒိဋ္ဌိမရှိဘူး။ ဒုက္ခသိရင် ခင်တဏှာ၊ မင်တဏှာ မရှိတော့ဘူး။ ရိပ်မိကြပလား?။ လမ်းစကိုတွေ့ရင် ဆုံးအောင် လိုက်ကြရမယ်။ လမ်းမှန်ရဖို့ လမ်းစကိုတွေ့ဖို့ ညွှန်ပြဖို့ရာ ဆရာသမားတာဝန်၊ ပြတဲ့လမ်းအတိုင်း ဖြောင့်ဖြောင့်တန်းတန်း လိုက်ဖို့က ဒကာ၊ ဒကာမတို့တာဝန်၊ ကိုယ့်တာဝန်ကိုယ် ကျေပြွန်ကြရမယ်။ ကျေနပ်ကြပလား?။
ဝိညာဏ်ပေါ်တိုင်းပေါ်တိုင်း မြင်အောင် ကြည့်ပေးကြ
မိမိသန္တာန်မှာ ဝိညာဏ်ပေါ်တိုင်းပေါ်တိုင်း မြင်အောင် ကြည့်ပေးကြ။ ပေါ်လာတဲ့ တရားလေးဟာ ပဋိစ္စ သမုပ္ပါဒ် စတာပဲ။ ဒါကြောင့် ပဋိစ္စသမုပ္ပါဒ် အစလည်းမြင်အောင် ကြည့်ရမယ်။ ပဋိစ္စသမုပ္ပါဒ် အဆုံးကိုလည်း မြင် အောင် ကြည့်ရမယ်ဆိုတာ မှတ်ထားကြ။ အဓိပ္ပာယ်ကတော့ ပေါ်လာတဲ့ တရားလေးကို ပေါ်လာတဲ့ အစကိုလည်း သိအောင်လုပ်ရမယ်။ ပေါ်လာပြီး ပျောက်ပျက်သွားတဲ့ အဆုံးကိုလည်း သိအောင် လုပ်ရမယ်။ ရှင်းကြရဲ့လား?။
ဒကာ၊ ဒကာမတွေ လိုရင်းအချုပ်ကို မှတ်ထားဖို့က တရားကလေးတွေ မိမိသန္တာန်မှာ ဖြစ်လာတာလည်း သိရမယ်၊ ပျက်သွားတာလည်း သိရမယ်။ ရှင်းရှင်းပြောရရင် ဓမ္မလေးတွေရဲ့ ‘ဖြစ်ပျက်’ကို သိရမယ်။ သိအောင် ဉာဏ်နဲ့ ကြည့်ပေးရမယ်ဆိုတာ မှတ်လိုက်ကြ။ ရှင်းကြပလား?။
ဖြစ်ပျက်တစ်လုံးနိုင်ရင် အကုန်နိုင်တယ်
မိမိသန္တာန်မှာ ပေါ်လာတဲ့ ဓမ္မလေးတွေကို ကြည့်ပေးကြ။ စိတ်ကြိုက်ရင် စိတ်ကြည့်၊ ရုပ်ကြိုက်ရင် ရုပ်၊ ဝေဒနာကြိုက်ရင် ဝေဒနာ၊ ကြိုက်ရာကို ကြည့်ပေး၊ ဉာဏ်နဲ့ကြည့်လို့ ဖြစ်ပျက်မြင်ရင် အတော်နေရာကျပြီ။ နောက် ဆက်ပြီး မုန်းအောင်၊ ဆုံးအောင် ဆက်သာကြည့်။ ဆုံးရင် ဒိဋ္ဌိကြိုးပြုတ်ပြီ။ နောက်ထပ် ဆက်ကြည့်လို့ ခင်ဇောပြတ်ရင် တဏှာလည်ပတ်ပြုတ်ရော တိုင်လည်း ကျိုးတော့တာပဲ။ ရှင်းကြပလား?။
ဒကာ၊ ဒကာမတို့ ဖြစ်ပျက်တစ်လုံးနိုင်ရင် အကုန်နိုင်တယ်ဆိုတာ မှတ်လိုက်ကြ။
