အဝိဇ္ဇာငါးထပ် ဦးစွာလှပ် တရားတော်
ဆောင်ပုဒ်-
ကမ္မဿကတာ၊ အဝိဇ္ဇာ၊ ဦးစွာ တွန်းလှန်ချ။
နာမ ရူပံ၊ မှောင်ထုရန်၊ ခွါလှန်ဒုတိယ။
ပဋိစ္စသမုပ္ပါ၊ ခွါလှစ်ရာ၊ ဝိဇ္ဇာ တတိယ။
လက္ခဏာဉာဏ်ဖုံး၊ အမှောင်တုံး၊ ချေမှုန်း စတုတ္ထ။
သစ္စာဖုံးကွယ်၊ မှောင်ညစ်ကျယ်၊ ဖြတ်ပယ် ပဉ္စမ။
တစ်ကွာပြီးလျှင်၊ နှစ်ကိုပင်၊ ခွါစဉ်ယထာက္ကမ။
သတိချပ်-
အဝိဇ္ဇာငါးတန်၊ စဉ်တိုင်းလှန်၊ အမြန်မဂ်ရမည်။
ဆင့်ဆင့်ခွါမှ၊ သဘာဝ၊ ကျနမှန်ကန်သည်။
မခွါဘဲလျှင်၊ လုပ်ငန်းဝင်၊ ဉာဏ်စင်မတက်ပြီ။
ဉာဏ်စဉ်တက်ခါ၊ ရတုံပါ၊ လွန်စွာ ကြာတတ်သည်။
ထိုကြောင့်ဦးစွာ၊ အဝိဇ္ဇာ၊ လှန်ခွါပစ်ရမည်။
အဝိဇ္ဇာကွာမှ၊ စင်ကြယ်လှ၊ ဒုက္ခမြင်သိမည်။
ဒုက္ခသိလျှင်၊ မှန်လေးမြင်၊ ငြိမ်းခွင်ရောက်တော့သည်။
ငြိမ်းခွင်ရောက်လို၊ များလူဗိုလ်၊ ချိန်တိုသေနီးပြီ။
တရားသား။
ဒီကနေ့မှာပဲ မနေ့က အဆက်ကိုပဲ ဟောရမယ်။ ဒီတရားဟာ အင်မတန်မှ နာရခဲတယ်။ ကြိုးစားပြီး လိုက်နာကြ။ ပထမ အဝိဇ္ဇာ၊ ဒုတိယ အဝိဇ္ဇာ၊ တတိယ အဝိဇ္ဇာ၊ စတုတ္ထ အဝိဇ္ဇာ၊ ပဉ္စမ အဝိဇ္ဇာ၊ အရင်ရက်တွေကလည်း ပြောခဲ့ပြီးပြီ။
ဒီငါးထပ်ကို အရင်ခွါရမယ်
ဒီဟာတွေ မလှန်မလှောဘဲနဲ့ သောတာပတ္တိမဂ်ဉာဏ် မရနိုင်ဘူး။ ဒီမဂ်ဉာဏ်မှ အပါယ်တံခါးက ပိတ်မှာ။ ဒါကြောင့် အားမထုတ်ခင် ဒီငါးထပ်ကို အရင်ခွါရမယ်။ မခွါဘဲနဲ့ အားထုတ်ရင် ရဖို့မလွယ်ဘူး။ ပထမ တစ်အဝိဇ္ဇာ ကို ခွါ။ တစ်ပြီးမှ နှစ်ကိုခွါ၊ နှစ်ပြီး သုံး၊ သုံးပြီး လေး၊ လေးပြီးမှ ငါး နံပါတ်အဝိဇ္ဇာကို ခွါရမယ်။ အစဉ်အတိုင်း ခွါမှရမယ်လို့ မှတ်ကြ။
တချို့တွေ အားထုတ်တာ ကြာလှပြီး ဘာမှမဖြစ်သေးဘူးတဲ့။ အဲဒါ ဒီငါးထပ်ဖုံးနေလို့ပဲ။ အလုပ်စဉ်ဝင်လို့ မရနိုင်တာ အဆင့်ဆင့် မကွာခဲ့လို့ပဲဆိုတာ မှတ်လိုက်ကြ။ ဒီငါးထပ်အုပ်တဲ့အကြောင်း သုတ္တနိပါတ် ပါဠိတော်မှာလည်း ဟောတယ်။ ပဋိသမ္ဘိဒါမဂ် ပါဠိတော်မှာလည်း ဟောထားတာရှိတယ်။ ဒီငါးထပ်ဖယ်ရှင်းမှ ရနိုင်ကြမယ်။ ဖယ်ရှင်းတဲ့ အခါ တစ်ကစပြီး ငါးအထိ အစဉ်အတိုင်း ရှင်းရမယ်၊ ခွါပစ်ရမယ်။
အခုမှသာ ကံကောင်းကြလို့ ဒီနည်းလမ်းကို ရကြတာ။ လူဖြစ်တဲ့နေ့ကစပြီး ဒီလိုတွန်းလှန်ရမယ်ဆိုတဲ့ သဘော တရား နားမလည်ကြဘူး။ ကြားကိုမှ မကြားခဲ့ပါဘူး။ ဆရာကောင်းနဲ့သာ မတွေ့ရရင် အလွန်ဆိုးဝါးတဲ့ အဖြစ်ဆိုးနဲ့ ကြုံရမယ်။ သဘောပါကြရဲ့လား?။ ကမ္မဿကတာဉာဏ်ရလို့ ဒကာတို့မှာ တစ်နံပါတ်ဥခွံ ကွာပြီ။
ဒီဉာဏ်နဲ့ မသေသင့်သေးဘူး
ဒီဉာဏ်နဲ့ မသေသင့်သေးဘူး။ မသေပျော်သေးဘူး လိုသေးတယ်။ လေးခုက အုပ်နေသေးလို့ အမှောင်တိုက်ထဲ အမိုက်တိုက်ထဲမှာ ရှိနေသေးတယ်။ နှစ်နံပါတ်အလင်းက မိမိသန္တာန်ရှိတာ ယောကျ်ားတွေလား၊ မိန်းမတွေလားလို့ မထင်မြင်ဘဲ နာမ်နဲ့ရုပ်ပဲ ရှိတယ်လို့ သိတယ်။ သိရင် နှစ်အဝိဇ္ဇာ ကွာပြီ။ နာမ်ရုပ်ကလွဲလို့ ဘာမျှမရှိလို့ သိမြင်ရင် ကွာတာပဲ။
နှစ်ထပ်ကွာတော့ အမိုက် သုံးသင်းက အုပ်နေသေးတယ်။ နိဗ္ဗာန်မြင်ဖို့နဲ့တော့ ဝေးပါသေးတယ်။ ဒီအမိုက် တိုက်ကို ဘယ်သူပို့လိုက်သလဲ ဒီဘဝ လူဖြစ်လာတဲ့အစကိုကြည့်ရင် ကိုယ့်ကိုယ်တိုင် ဝင်ပြီး အောင်းနေရတာ သိလိမ့် မယ်။ ဒီတော့ အမိုက်တိုက်က ထွက်ရအောင် တတိယအဝိဇ္ဇာ ခွါကြရမယ်။ ဒီအထပ်ဟာ ပဋိစ္စသမုပ္ပါဒ် အကြောင်း အကျိုးသိရင် ကွာသွားပြီ။
ကိုယ်ရခဲ့တာဟာ ဇာတိ၊ ဇာတိကြောင့် ဇရာ၊ ဇရာကြောင့် မရဏ စတဲ့ အကျိုးတွေ အဆက်ဆက် ရလာ ကြတယ်။ ဇာတိချုပ်ရင် ဇရာမရဏ ချုပ်မှာပဲ။ သောကပရိဒေဝ စသည်လည်းချုပ်ရော ဇာတိမရှိ ဇရာမရှိ နိဗ္ဗာန်၊ မရဏမရှိရင်လည်း နိဗ္ဗာန်ပဲ။ ဒီလိုသိတဲ့ဉာဏ်က တွန်းလှန်ထုတ်လိုက်ရင် တတိယဥခွံကွာတယ်။ တို့ဒကာ ဒီအတိုင်း သာ လှန်သွားရင် ပါရမီစောင့်ဖို့ မလိုဘူး။ ဒီဟာတွေ တွန်းလှန်ကြဖို့ပဲ ရှိတယ်။
အလင်းသုံးခု ရသွားပြီ
အမိုက်နှစ်သင်း ကျန်တော့တယ်။ အလင်းသုံးခု ရသွားပြီ။ တို့ဒကာတွေ နားမလည်တာ လည်အောင်ပြောနိုင် ဖို့ တော်တော့ ပါရမီနဲ့ မဆုံနိုင်ကြဘူး။ အင်မတန်ကံထိုက်လို့ ဆုံစည်းရတဲ့အခါ ငါ ဘယ်အခြေရောက်ပြီလဲလို့ ကိုယ်ပိုင် ဉာဏ်နဲ့ ကြည့်ကြစမ်းပါ ကိုယ့်အဖြစ်မှန်ကိုယ်သိရင် ကြိုးစားလိုက်နာကြ ရိပ်မိကြပလား?
‘အာလောကော ဥဒပါဒိ’ မဖြစ်သေးဘူး။ နှစ်ထပ်က အုပ်ထားသေးတယ်။ လေး၊ ငါးက အရေးကြီးတဲ့အချက် စတုတ္ထလေးအချက်က ပိုပြီးအရေးကြီးတယ်လို့ မှတ်ကြ။ ‘အာလောကော ဥဒပါဒိ’ဆိုတာ အဝိဇ္ဇာအုပ်နေလို့ မှောင်နေ တဲ့အထဲက ထွက်နိုင်လို့ အလင်းရပြီလို့ ပြောတာ။ ဆရာကောင်း သမားကောင်းနဲ့ မတွေ့ရရင် အလင်း ဘယ်တော့မှ မရနိုင်ဘူးလို့မှတ် တို့ဒကာတွေ ဆရာကောင်း သမားကောင်းနဲ့ မတွေ့မကြုံရတဲ့ အဖြစ်ဆိုးလောက် ဆိုးတာ ဘာမှ မရှိဘူး။ အခု ဒကာတို့ တော်တော်သေးတယ်လို့ ဆုံးဖြတ်ကြ။ ‘ဒကာတို့ တရားအားထုတ်တာ ဘာလုပ်ဖို့တုံး’ဆိုတော့ ‘ကုသိုလ်ရဖို့ပေါ့’တဲ့။ နိဗ္ဗာန်ရောက်တဲ့ဉာဏ် မပါဘူး။ မပါတာမသိလို့ ဒီထဲမွေး ဒီထဲသေ ဥခွံထဲမှာ လိမ့်နေရတယ် ဆိုတော့ ဘယ်ကလာဉာဏ်ပေါ်နိုင်တော့မလဲ။ မှောင်ထဲမွေး၊ မှောင်ထဲသေ၊ မှောင်ထဲမှာပဲ နေကြရတော့ အလင်းဓာတ် မလာနိုင်ဘူးပေါ့။
စတုတ္ထထပ်ကို အရေးတကြီး ခွါရလိမ့်မယ်
စတုတ္ထအထပ် ခွါတော့မယ်ဆိုတော့ ဝိပဿနာဉာဏ်နဲ့ ခွါရလိမ့်မယ်။ ဝိပဿနာတရား မဟောဘူးဆိုရင် မကွာဘူး။ ဒီစတုတ္ထထပ်ကို အရေးတကြီး ခွါရလိမ့်မယ်။ သူနဲ့ဆိုင်တဲ့ အဝိဇ္ဇာနဲ့ ခွါမှရမယ်။ အလွန်အရေးကြီးတယ် လို့ မှတ်ကြ။ အဲဒီဉာဏ်မလုပ်ရင် ‘ဝိဇ္ဇာဥဒပါဒိ အာလောကောဥဒပါဒိ’ မဖြစ်နိုင်ဘူး။ ‘မဂ်ဉာဏ် ရရပါလို၏၊ နိဗ္ဗာန် ရရပါလို၏’ ဘယ်လိုလုပ် ဆုတောင်းဆုံတောင်း မရဘူး။ ဝိပဿနာဉာဏ်မှ မရရင် မရဘူးလို့မှတ်။
ဆုတောင်းလို့မရတော့ ဘာလုပ်ရမလဲ ဝိပဿနာဉာဏ်ရအောင် အလုပ်လုပ်ရမယ်။ ဝိပဿနာ အားထုတ် ရမယ် တောင်းလို့မရ လုပ်ယူမှရမှာဆိုတာ တစ်ထစ်ချ မှတ်လိုက်ကြ။ နာရုံနဲ့လည်း မရနိုင်ဘူး။ ဒါကြောင့် အားထုတ် ယူကြရမယ်။ ဘယ်လိုထုတ်ရမလဲ။ ပထမဆုံး မိမိခန္ဓာမှာ ဖြစ်ပြီးပျက်တဲ့တရားပဲ ရှိတယ်လို့ သိမှတ်ထားရမယ်။ နာမ်ဆိုတာလည်း ဖြစ်ပြီးပျက်တာပဲ။ ရုပ်ဆိုတာလည်း ဖြစ်ပြီးပျက်တာပဲ။ အချုပ်မှာ အဖြစ်နဲ့အပျက် ဖြစ်ပျက်ပဲရှိတယ် ဆိုတာ သိရမယ်။
ဒါကို ဉာဏ်နဲ့သိရအောင် ရှုတတ်ဖို့ သတိပဋ္ဌာန်လေးပါး ဟောပြထားတော်မူခဲ့တယ်။ ကာယာနုပဿနာ သတိပဋ္ဌာန်၊ ဝေဒနာနုပဿနာ သတိပဋ္ဌာန်၊ စိတ္တာနုပဿနာ သတိပဋ္ဌာန်၊ ဓမ္မာနုပဿနာ သတိပဋ္ဌာန်။
ဒီလေးပါးပဲ။ ဒီလေးပါးထဲက ပုဂ္ဂိုလ်အလိုက် စရိုက်အားအလျော် တစ်ပါးပါးကို ရှုပွားရမယ်။ ဒါပေမဲ့ သောတာ ပတ္တိ မဂ်ဉာဏ် အမြန်ရချင်ရင် ‘စိတ္တာနုပဿနာ’ကို ရှုရမယ်။ ဒီအဓိပ္ပာယ်ကို အရှင်မဟာကစ္စာယနဟောတဲ့ ပေဋကော ပဒေသ ပါဠိတော်မှာ အထင်အရှား ထုတ်ဆိုမိန့်ကြားထားတယ်။
သောတာပန် အမြန်ဖြစ်ချင်ရင် စိတ္တာနုပဿနာ ရှုကြ
‘သောတာပန် အမြန်ဖြစ်ချင်ရင် စိတ္တာနုပဿနာ ရှုကြ’တဲ့။ ‘စိတ္တာနုပဿနာဟာ သောတာပန် အမြန်တည် နိုင်တဲ့သဘောရှိတယ်’တဲ့။ ‘အနိစ္စသညာ ဝိညာဏဿ ပရိညာတာ’ စသည်ဖြင့် ဟောထားခဲ့တယ်။ သမ္မောဟဝိနောဒနီ အဋ္ဌကထာကလည်း ဒိဋ္ဌိဟာ စိတ်မှာ အစွဲနာတယ်။ ဒါကြောင့် ဒိဋ္ဌိဝိပ္ပလ္လာသ ရှိသူတွေဟာ စိတ္တာနုပဿနာ ရှုကြလို့ မိန့်ဆိုထားတယ်။
ဒီတော့… စိတ္တာနုပဿနာက စကိုင်ကြရမယ်။ ဘုန်းကြီးက ဟောတာမဟုတ်ဘူး အရှင်မဟာကစ္စးည်းက ဟောတာ။ ဥပမာ ‘ငါ့စိတ်က မရဘူး၊ ငါပြောတာ နားမထောင်ဘူး၊ ငါပြောတာမဟုတ်ဘူး၊ ငါအိပ်ချင်တာ ငါစားချင် တာ ငါတွေးချင်တာ ငါသင်နေတာ နားမထောင်ဘူးလား’ အဲဒါ သညာစိတ် ပညာစိတ်ကို ငါထင်နေတာ။
စိတ်ပေါ်မှာ ဒိဋ္ဌိအများဆုံးပဲ။ ဒါကြောင့် စိတ်အရှုခိုင်းရတာ ဒိဋ္ဌိအမြန်ကွာအောင်လို့ စိတ္တာနုပဿနာ ရှုလိုက် တော့ စိတ်တွေ ဖြစ်ပျက်နေတာကို မြင်ရမယ်။ စိတ်ဖြစ်ပျက် မြင်ရင် ‘စိတ်တွေ ဖြစ်ပျက်နေတာပဲ၊ ငါမှမဟုတ်ဘဲကိုး၊ ဪ… လက်စသတ်တော့ အထင်လွဲနေတာ ငါမဟုတ်ပါကလား’လို့ဆိုပြီး ‘ငါ’ကွာမယ် ‘ငါ’ဆိုတာမရှိမှန်း သိလာမယ်။ ရှင်းပလား?။
အနာနဲ့ဆေး သင့်အောင်ပေးမှ ရောဂါပျောက်မယ်။ တို့ဒကာမှာ ဒိဋ္ဌိနာရှိတယ်။ ဒါကြောင့် ဒိဋ္ဌိနာနဲ့ သင့်တဲ့ စိတ္တာနုပဿနာဆေးကို ပေးရတာလို့ မှတ်ကြ။ သောတာပန်အမြန်တည်ချင်ရင် ‘ဝိပဿနာအစ စိတ္တာနုပဿနာက’လို့ မှတ်ထားကြ။
‘ငါစားချင်တယ်’ စားချင်တာ လောဘစိတ်၊ လောဘ ‘ငါ’လုပ်ပြန်ပြီ။ ‘ငါ့စိတ် ပျံ့လွင့်တယ်’ဆိုတာ ဥဒ္ဓစ္စကို ငါလုပ်တာ။ ‘ငါဝေတေတေနေတယ်’တဲ့ အဲဒါ ‘ငါ’လုပ်လိုက်တာပဲ။ ‘ငါကျင်ငယ်စွန့်ချင်တယ်’တဲ့။ ဒုက္ခစိတ်ကို ‘ငါ’ ထင်နေတာ။
ဒိဋ္ဌိနာက များနေတော့ စိတ္တာနုပဿနာဆေးကို ကြိုးစား သောက်
အနာနဲ့ဆေး ကိုက်အောင်ပေး ပျောက်ရေးမခက်ပါ။ ဒိဋ္ဌိနာက များနေတော့ စိတ္တာနုပဿနာဆေးကို ကြိုးစား သောက်ကြရမယ်။
ရောဂါဖြစ်လာရင် သူနဲ့တည့်အောင်ပေးမှ တည့်မယ့်ဆေး သောက်မှ ပျောက်မှာပဲ။ ဆေးဆိုတိုင်း ဝယ်သောက် နေလို့ မပျောက်ပါဘူး။ သဘောပါကြရဲ့လား?။
ဒိဋ္ဌိနာဖြစ်နေရင် စိတ္တာနုပဿနာ ဆေးစားမှရတယ်။ တဏှာနာဖြစ်လာရင် အသုဘဆေးနဲ့ ကုမှရမယ် ရှင်းကြပလား?။
ဘာစိတ်ပေါ်ပေါ် ဖြစ်ပျက်ရှုပေး။ စားချင်စိတ်ပေါ်ရင် စားချင်တဲ့စိတ်ကိုရှု။ ရှုရင် စိတ်မမြဲမှုသိတဲ့ ဝိဇ္ဇာဉာဏ် အဟုတ်သိလာရင် ငါကွာသွားပြီ။ တရားထိုင်ချင်တဲ့စိတ်ပေါ်ရင် အဲဒီစိတ် ဖြစ်ပျက်ရှု၊ ရှုတော့ ထိုင်ချင်စိတ်ကလေး ဖြစ်ပြီး ပျက်သွားတာသိမယ်။ မရှိတာက အနိစ္စ၊ သိတာက မဂ္ဂ။ ဒီပြင် ဘာစိတ်မှမပေါ်ရင် ထွက်တဲ့စိတ် ဝင်တဲ့စိတ် ရှု။ ထွက်ပြီးပျောက် ဝင်ပြီး ပျောက်သွားတာ တွေ့ရမယ်။
ဘေးကပေါ်လာရင် ပေါ်သမျှ မလွတ်အောင်ရှု။ ကျောကယားရင် ယားတာရှု။ တံတွေးမျိုချင်တဲ့စိတ်ပေါ်ရင် မျိုချင်တဲ့စိတ်ရှု။ ဒကာ ဒကာမတို့ ရှုစရာမရှိဘူးဆိုရင် သေလို့ပဲဆိုတာမှတ်။ ရှုစရာမရှိဘူးဆိုရင် ‘မင်း’သေပလား?၊ ညည်းသေပလား?လို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြ။ ဘာစိတ်ပေါ်ပေါ် ရှုရင် ပျောက်သွားတာကို တွေ့ရမယ်။ ဖြစ်ပေါ် လာလိုက် ပျောက်သွားလိုက် ပျောက်သွားတဲ့စိတ်က အနိစ္စ၊ ရှုတဲ့စိတ်က မဂ္ဂ။
ဖြစ်ပျက်မုန်းလာရင်ဖြင့် စတုတ္ထဥခွံ ကွာပြီ
အရှုအပွားများရင် များသလောက် စတုတ္ထဥခွံ ပါးမယ်။ ပဉ္စမဥခွံကတော့ အုပ်လျက်ပဲ ရှိသေးတယ်။ ဖြစ်ပျက် မြင်လို့ ဖြစ်ပျက်မုန်းလာရင်ဖြင့် စတုတ္ထဥခွံ ကွာပြီလို့မှတ်ကြ။ စတုတ္ထဥခွံက ဉာဏ်နှစ်ဉာဏ်နဲ့ တွန်းလှန်ရမှာ နှစ်ဉာဏ် က ယထာဘူတဉာဏ်နဲ့ နိဗ္ဗိန္ဒဉာဏ်ပဲ။ ဝိပဿနာရှုတယ်ဆိုတာ စတုတ္ထဥခွံကို ခွါနေတာပဲလို့ မှတ်ကြ။
ဒါကွာရင် အမိုက်တသင်း ကျန်သေးတယ်။ အလင်းလေးခု ရသွားပြီ။ ဥပမာ- ကျင်ကြီးငါးပုံတစ်ပုံ ကျန်နေရင် ဘာလုပ်မလဲ။ အိမ်သုံးထားချင်ကြသေးသလား? ဆေးပစ်ရမှာပဲ ငါးနံပါတ် အဝိဇ္ဇာအုပ်ထားကော ကျက်သရေမင်္ဂလာ ရှိသေးသလား? မရှိဘူး ခွါပစ်ရဦးမှာပဲ။
အခုကျန်နေတာ ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာဆိုတဲ့ သစ္စာလေးပါး မသိတဲ့ အဝိဇ္ဇာ။ ဒီအဝိဇ္ဇာဟာ မဂ္ဂအဝိဇ္ဇာပဲ။ သစ္စာထဲမှာမှ နိဗ္ဗာန်ပါလာမှာ။
ဒီအဝိဇ္ဇာဟာ ကျင်ကြီးတစ်ပုံပဲ သည်တစ်ပုံ ဆေးရတော့မယ်။ အိမ်သုံးမထားချင်ရင် သစ္စာသိအောင်လုပ်ကြ။ ကျင်ကြီးလေးပုံတော့ ဆေးပြီးပြီ။ သည်တစ်ပုံ ကျန်နေသေးတယ်။ ဒီတစ်ပုံက တခြားအပုံတွေထက် အရေးကြီးတယ်။ ဒီကျန်တာက နိရောဓသစ္စာကို ဖုံးထားတာ ရှင်းကြပလား?။
ငါးမကွာဘဲသေလည်း အဝိဇ္ဇာနဲ့ သေတာပဲ
ဒီငါးအဝိဇ္ဇာက မကွာသေးဘူး။ ငါးမကွာဘဲသေလည်း အဝိဇ္ဇာနဲ့ သေတာပဲ။ မတော်လောက်သေးဘူး အလုံး မပျောက်သေးဘူး။ အလုံးမှ မပျက်သေးဘဲ သေလည်း ဘာမှ သိပ်မထူးသေးဘူး။ ဥခွံထဲမှာ အတူတူသေရတာပဲလို့ မှတ်ကြ။ ဒီတော့ တစ်ဥထဲကိုဖြင့် မကွာကွာအောင် ခွါမယ်ဆိုတဲ့ ဆုံးဖြတ်ချက် ချကြ။ ဥပမာ လိပ်ဥနဲ့ ကြက်ဥ ဘယ် ဥထဲမှာပဲနေနေ နေလို့မတော်ဘူး။ ဒီအတိုင်းပါပဲ။ အဝိဇ္ဇာက မလွတ်သေးရင် ဘယ်အဝိဇ္ဇာပဲဖြစ်ဖြစ် နေရာမကျသေး ဘူးလို့ မှတ်ကြ၊ သဘောပါကြပလား?။
ဒီငါးနံပါတ်ဥခွံက မထွက်နိုင်သေးရင် နိဗ္ဗာန်မရသေးဘူး ဘာကြောင့်လဲ?။ အဝိဇ္ဇာက သစ္စာမသိအောင် ဖုံးထားတဲ့ အဝိဇ္ဇာဖြစ်လို့ပဲ။ သစ္စာမှမသိရင် ဘယ်တော့မှ နိဗ္ဗာန်မရပါဘူး။ ဥပမာ ‘မင်းဖို့ ရေခပ်ခဲ့တယ် ဘယ်မလဲ? ဟော မမြင်လား?၊ ဇီးဖြူရွက်နဲ့ ရေထုပ်ပြီး မင်းဖို့ ယူခဲ့တယ်’ဆိုရင် ယုံစရာရှိသလား?။ ယုံစရာမရှိဘူး။ ဒီဥပမာလိုပဲ သစ္စာမသိဘဲနဲ့ နိဗ္ဗာန်ရတယ်ဆိုရင် ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူးဆိုတာမှတ်။ သစ္စာမသိဘဲ အဝိဇ္ဇာမကွာဘဲ နိဗ္ဗာန် ရတယ်ဆိုတာဟာ မဖြစ်နိုင်။ အရာမဟုတ်ဘူး။ ရှင်းပလား?။
သစ္စာသိတယ်ဆိုတဲ့နေရာမှာ သစ္စာတစ်ချက်ခုတ်မှာ လေးချက်ပြတ်တယ်။
ဒုက္ခသစ္စာ…ပိုင်းခြားသိရမယ်။
သမုဒယသစ္စာ…ပယ်ရမယ်။
နိရောဓသစ္စာ…မျက်မှောက်ပြုရမယ်။
မဂ္ဂသစ္စာ…ပွားများရမယ်ဆိုတဲ့ လေးချက်ပဲ။
အဓိပ္ပာယ်
ဒုက္ခသစ္စာ တစ်ချက် ပိုင်းခြားပြီး သိမြင်ရင် ကျန်တဲ့သုံးချက် တစ်ပြိုင်နက် ကိစ္စပြီးပါတယ်။ တခြားသီးသန့် လုပ်စရာမလိုပါဘူး။ ဒါကြောင့် ဒုက္ခသစ္စာ ပိုင်းခြားဖို့ အရေးကြီးတယ်လို့ မှတ်ကြ။
ဒုက္ခသစ္စာကို ပိုင်းခြားသိရမယ်
‘ဒုက္ခသစ္စာကို ပိုင်းခြားသိရမယ်။ သိနိုင်ရင် သမုဒယပယ်၊ နိရောဓ မျက်မှောက်ပြု၊ မဂ္ဂသစ္စာပွားများ’ဆိုတဲ့ ကိစ္စလေးရပ်စလုံး ပြီးနိုင်တယ်။ ဒါကြောင့် ဒုက္ခသစ္စာ ပိုင်းခြားနိုင်တဲ့ဉာဏ် အရေးကြီးတယ်လို့ ဆုံးဖြတ်ချက်ချကြ။ ဒါကြောင့် ‘ဒုက္ခေ ဒိဋ္ဌေ စတ္တာရိသစ္စာနိ ဒိဋ္ဌာနိ ဟောန္တီတိ အာမန္တာ’လို့ ကထာဝတ္ထု ပါဠိတော်မှာ ဟောတော်မူထားတယ်။
သစ္စာသိရင် ပဉ္စမ ၅ နံပါတ် ဥခွံကွာသွားပြီ။ ပိုင်းခြားပုံ သေသေချာချာပြောမယ်။ ပန်းဝင်နေရာဟာ အရေးကြီးတဲ့အချက်လို့ မှတ်ကြ။ အရင်က ဝိပဿနာ ဝိဇ္ဇာဉာဏ် အခုပြောရမှာက မဂ်ဝိဇ္ဇာဉာဏ်ပဲ အရင်က ဟောခဲ့ သမျှ ဒီနေရာမှာမှ အချုပ်ပဲ ဒါပိုင်ဖို့ အရေးကြီးတယ်။
မိမိခန္ဓာမှာ ဖြစ်ပေါ်တဲ့စိတ်ကို စောင့်ကြည့်။ ကြည့်တော့ ဖြစ်ပြီးပျက်သွားတာကို တွေ့ရမယ်။ ဖြစ်ပေါ်လာသမျှ ဖြစ်ပြီးပျက် ဖြစ်ပြီးပျက်နဲ့ ဖြစ်ပြီးပျက်သွားတာတွေချည်း တွေ့ရမယ်။ ဒီလိုနဲ့ ကြာကြာကြည့်တော့ စိတ်မတွေ့ဘဲ ဖြစ်တာရယ် ပျက်တာရယ်ဆိုတဲ့ ဖြစ်ပျက်ဒုက္ခကိုသာ တွေ့ရတော့တယ်။
ဒုက္ခအဆက်ဆက်ချည်း လှည့်နေတာ
ဥပမာ- အနာပေါက်တာနဲ့ အနာပေါက်လို့ သေတာဟာ တူညီသလိုပါပဲ။ ဖြစ်တာက အနာပေါက်တာနဲ့ တူ တယ်။ ပျက်သွားတာက အနာပေါက်လို့ သေတာနဲ့တူတယ်။ တို့ဒကာတွေ အနာပေါက်တာရယ်၊ အနာကြောင့် သေတာ ရယ်၊ ဘယ်ဟာကြိုက်ကြတုံး? ဘယ်ဟာမှ မကြိုက်ပါဘူး။ ဖြစ်တာက အနာပေါက်တာ ပျက်တာက သေတာပဲ။ သုခ ကြားမညှပ်ပါဘူး။ ဒုက္ခအဆက်ဆက်ချည်း လှည့်နေတာပါ။
ခန္ဓာမှာရှိတဲ့ စိတ်ကလေးတွေဟာ ဖြစ်လာ ပျက်သွား၊ ဖြစ်လာ ပျက်သွားနဲ့၊ ဖြစ်တာနဲ့ပျက်တာပဲ ရှိတယ်။ ဒါကို ဉာဏ်နဲ့ အထပ်ထပ်ကြည့်တော့ အနာပေါက်သေ၊ အနာပေါက်သေဆိုတဲ့အချက်ကို ကွက်ကွက်ကွင်းကွင်း ပိုင်းခြား နိုင်လာမယ်။ ဒီနည်းအတိုင်း မြင်ပါများလာတော့ မလိုချင်တော့ဘူး။ မုန်းလာပြီ၊ စွန့်ချင်လာပြီ။ စွန့်ချင်၊ မလိုချင်တော့ ဖြစ်ပျက်ဒုက္ခတွေဟာ ဆုံးသွားတာပဲ။
ဖြစ်ပျက်ဒုက္ခဆုံးတော့ မဖြစ်မပျက် သုခနိဗ္ဗာန်ပေါ်လာတယ်။ ဒုက္ခချုပ်တော့ သုခရောက်ရတာပဲ။ ရှင်းကြ ပလား?။
