ပင့်ကူပမာ တရားရှာ တရားတော်
မှတ်ချက်။ ။ စိတ္တာနုပဿနာ ရှုနည်း အသေးစိတ်ပါဝင်ပါသည်။ သေချာလေ့လာပါ။
ဉာဏ်သုံးဆင့်အမြင်
(၁) ရုပ်, နာမ် ဖြစ်ပျက်မြင်လျှင် ယထာဘူတဉာဏ်။
ကွာခြားပုံ
ယထာဘူတဉာဏ်, နိဗ္ဗိန္ဒဉာဏ်နှစ်ပါးက ဖြစ်,ပျက်မြင်သည်။
မဂ်ဉာဏ်က မဖြစ်မပျက် မြင်သည်။
ဆောင်ပုဒ်-
ပင့်ကူပမာ၊ ကျင့်သုံးရာ၊ ပဥှာမိလိန္ဒ။
အလယ်ချက်ထိုင်၊ လှုပ်ကြိုးကိုင်၊ လျင်နိုင်ဖမ်းအုပ်ရ။
ကြိုးမလှုပ်လျှင်၊ လယ်ချက်တွင်၊ မြဲပင်ပြန်ထိုင်ချ။
ဥပမာ
အဿာပဿာ၊ မနောဒွါ၊ မြဲစွာဉာဏ်စိုက်ချ။
ပဉ္စအာရုံ၊ ပေါ်လာတုံ၊ ကြိုက်ကြုံရှုကြည့်ရ။
ငါးအာရုံမြင်၊ ချုပ်စဲလျှင်၊ မြဲဖြင်မနောဒွါရ။
ဥပမေယျ
သတိချပ်-
ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ်၊ ထိုထိုမရွေးဘိ။
သတိလေးပါး၊ တစ်ပါးပါး၊ ရှုပွားဉာဏ်ဖြင့်ကြည့်။
ခုနစ်ရက်ပင်၊ ရှုပွားဝင်၊ နုံ့လျှင်နာဂါမိ။
သတိပဋ္ဌာန်ခေါ်၊ ပါဠိတော်၊ ရှင်တော်ဟောမိန့်ရှိ။
ဒိဋ္ဌိသက္ကာ၊ စိတ်၌သာ၊ များစွာစွဲဝင်ငြိ။
သောတာပန်ကို၊ မြန်တည်လို၊ စိတ်ကိုပွားပါဘိ။
ပေဋကောပဒေသ၊ ပါဠိရ၊ ဖွင့်ဟဟောထုတ်၏။
တရားသား။
ဝိပဿနာအလုပ် လုပ်မှ အေးကွက်ရမယ်
ဒီကနေ့မှာ မနေ့ကပြောခဲ့တဲ့ တရားအဆက်ကို ပြောရမယ်။ တို့ဒကာတွေ နေ့မအား၊ ညမအား အေး အေးနေရမလားလို့ အေးကွက်ရှာကြတယ် အေးကွက်များ ရကြပလား? မရပါဘူး။ မရတာ အရှာမှားနေကြလို့ မှတ် ရမယ်။ ဝိပဿနာအလုပ် ဒီအလုပ်ကျမှ အေးကွက်ကိုရမယ်။ ဒီပြင်မှာ ရှာလို့မရပါဘူး။ မရှိတဲ့နေရာ သွားရှာလို့ ဘယ်မှာရနိုင်ပါမလဲ?။
ဝိပဿနာအလုပ် ဒီအလုပ်လုပ်မှ အေးကွက်ရကြမှာပဲ။ ဒီအလုပ်လုပ်ပြီးရင် အအေးဆုံး၊ အမြတ်ဆုံးဖြစ်တဲ့ ဒုက္ခချုပ်ရာ ‘နိဗ္ဗာန်’ကို ရမယ်ဆိုတာ မှတ်ကြ။ ငါသေရင် ဘယ်များသွားဦးမလဲဆိုတာ စဉ်းစားစရာ မလိုတော့ဘူး။ ဘယ်ရောက်မှာပါလိမ့်မတုံးလို့ မတွေးနဲ့တော့။ ဒီအခုပြောတဲ့စကားဟာ ဒကာတို့ကိုယ်တိုင်ရတော့ ကိုယ်ပိုင်ဆုံးဖြတ် နိုင်ကြပါလိမ့်မယ်။ ဘယ်သူကမှ ပြောစရာမလိုဘူး။
၁-ယထာဘူတဉာဏ်၊ ၂-နိဗ္ဗိန္ဒဉာဏ်၊ ဒီနှစ်ဉာဏ်က ဝိပဿနာဉာဏ်၊ ၃-နံပါတ်က မဂ်ဉာဏ်ပဲ။ အေးကွက် ရဖို့ ကိုယ်ပိုင်ဆုံးဖြတ်နိုင်ဖို့ ဒီဉာဏ်သုံးဆင့်နဲ့ တက်ရမှာ။ ခန္ဓာငါးပါး တစ်ပါးပါးမှာ ဖြစ်ပျက်နေတဲ့သဘောကို ကျကျ နန မြင်အောင် ပထမကြည့်၊ ဒုတိယခန္ဓာဖြစ်ပျက်ကိုပဲ မုန်းလာအောင်ကြည့်၊ မုန်းလာတော့ တစ်ချက်ချက်မှာ ဆုံး သွားပါရော အဲဒီဆုံးသွားတာဟာ မဂ်ဉာဏ်ဝင်လာတာပဲ။
ကြည့်တဲ့အခါမှာ အစဉ်အတိုင်းကြည့်ရမှာ
ကြည့်တဲ့အခါမှာ အစဉ်အတိုင်းကြည့်ရမှာ။ ယထာဘူတဉာဏ် မရသေးဘဲ၊ မရင့်သေးဘဲ နိဗ္ဗိန္ဒဉာဏ်ကူးလို့ မရဘူး။ နိဗ္ဗိန္ဒဉာဏ် မရသေးဘဲနဲ့လည်း မဂ်ဉာဏ်မကူးနိုင်ဘူးဆိုတာ တထစ်ချ မှတ်ထားကြ။ ဒီလိုသဘောမှန် လမ်းမှန် အတိုင်းလုပ်သွားရင် ခုနစ်ရက်နဲ့တောင် ရနိုင်ပါတယ်။ ရမှရပါမလားဆိုတဲ့ ဝိစိကိစ္ဆာမျိုး ဘယ်တော့မှ မလာစေနဲ့။ ကိုယ့်အညွန့်ကိုယ် သံသယရှိပြီး မချိုးလိုက်ကြနဲ့။
သတိပဋ္ဌာန် ပါဠိတော်မှာ ဘုရားရှင်ဟောထားတာ ထင်ရှားရှိပါတယ်။
+++ “ယောဟိ ကောစိ ဘိက္ခဝေ ဣမေ စတ္တာရော သတိပဌာနေ ဧဝံ ဘာဝေယျ သတ္တာဟံ တဿဒွိန္နံ ဖလာနံ အညတရံ ဖလံ ပါဋိကင်္ခံ ဒိဋ္ဌေဝ ဓမ္မေ အညာ”
လူဖြစ်ဖြစ်၊ ရဟန်းဖြစ်ဖြစ်၊ ဘယ်သူပဲဖြစ်ဖြစ် ‘ဒီသတိပဋ္ဌာန်လေးပါးကို ကျကျနနပွားရင် အခုမျက်မှောက် တွင်ပဲ ခုနစ်ရက်နဲ့ အရဟတ္တဖိုလ်ကို ရနိုင်တယ်’လို့ ဆိုလိုရင်းဖြစ်တယ်။
ဘုန်းကြီးကတော့ စိတ္တာနုပဿနာ သတိပဋ္ဌာန်ကို ပိုပြီးအားရတယ်။ ဒါကြောင့်လည်း စိတ္တာနုပဿနာကို အဓိကထားပြီး ဟောပြနေတာပဲ။ ဘာလို့လဲဆိုတော့ သက္ကာရဒိဋ္ဌိသဘောဟာ စိတ်မှာသာ ဖြစ်လေ့ရှိတယ်။ ဒီတော့ ပထမဆုံး သက္ကာရဒိဋ္ဌိကို ပယ်သတ်နိုင်ဖို့ရာ စိတ်ကို ရှုရမှာပဲ။ တို့ဒကာတွေ သောတာပန် အမြန်တည်ချင်ရင် စိတ္တာ နုပဿနာကို ရှုကြရမယ်။ သောတာပန် အမြန်တည်နိုင်တဲ့နည်းဟာ စိတ္တာနုပဿနာပဲလို့ မှတ်ကြ။
သောတာပန် အမြန်တည်တဲ့နည်းဟာ စိတ္တာနုပဿနာ
ဒီစကားဟာလည်း ကိုယ့်သဘောချည်း ပြောနေတာမဟုတ်ဘူး။ ပေဋကောပဒေသ ပါဠိတော်နှင့် သမ္မောအဋ္ဌ ကထာမှာ ဒီအတိုင်းဟောထားတာ ရှိတယ်လို့မှတ်ကြ။ ဒီတော့ ‘သောတာပန် အမြန်တည်တဲ့နည်းဟာ စိတ္တာနုပဿနာ ပဲ’လို့ အရှင်ကစ္စာယနကလည်း ဟောတယ်။ ဘုန်းကြီးကလည်း ဟောတယ်လို့မှတ်။
စိတ်ကိုရှုတဲ့နည်းက ပထမ တရားထိုင်တော့မယ်လို့ စိတ်ကူးလိုက်ရင်ပဲ ရှေးဦးစွာ ထိုင်ချင်တဲ့စိတ်ကလေး ပေါ်လာမယ်။ အဲဒီလိုပေါ်လာတဲ့ ထိုင်ချင်တဲ့စိတ်ကလေးကို အကဲခတ်လိုက်ပါ ‘ထိုင်ချင်တယ်’ဆိုတာနဲ့ ကိုယ့်သန္တာန် မှာ ထိုင်ချင်စိတ်ကလေး ပေါ်လာပြီး တည်တံ့မနေဘူး၊ ဖြစ်လာပြီး ဖြုတ်ဆို ပျက်သွားတာပါပဲ။ အကဲခတ်ရင် ဒါကို တွေ့ရမယ်။
ကိုယ့်သန္တာန်မှာ ပေါ်လာတဲ့ ထိုင်စိတ်ကလေးဟာ ထိုင်လည်းပြီးရော မရှိတော့ဘူး။ ဒါကို ဉာဏ်နဲ့မြင်အောင် ကြည့်။ ကြည့်တော့ ဒီထိုင်ချင်စိတ်ကလေး မရှိတော့ဘူးလို့ သိတယ်။ ဒီလိုသိတာ ယထာဘူတဉာဏ်ပဲ။ ဒီဉာဏ်က စိတ်ကလေးဖြစ်ပြီး ပျက်သွားတာကို သိတယ်။ မရှိတာက အနိစ္စ၊ သိတာက မဂ္ဂ။ ဒါကြောင့် ‘ဝိပဿနာအစ ထိုင်ချင် တဲ့စိတ်က’လို့ မှတ်ထားလိုက်ကြ။
ထိုင်ချင်တဲ့စိတ် ကောင်း၊ မကောင်းကို မတွေးတောနဲ့။ ကောင်း၊ မကောင်းတွေးရင် လောဘ၊ ဒေါသ တစ်ခုခု ဖြစ်မယ်။ ထိုင်ချင်တဲ့စိတ် ဖြစ်ပျက်တွေးရင် ဝိပဿနာဖြစ်မယ်။ ဖြစ်ပျက်အရှိကိုတွေးတော့ ဖြစ်ပျက်ကို သိတယ်။ ဒီလိုဖြစ်ပျက်ကိုသိမှ ယထာဘူတဉာဏ် ရတာပဲ။
ဘာမှမပေါ်ရင် ရှူစိတ်၊ ရှိုက်စိတ်ကိုရှု
ဘာမှမပေါ်ရင် ရှူစိတ်၊ ရှိုက်စိတ်ကိုရှု။ လေကိုရှူထုတ်တော့ ‘ရှူစိတ်’ရှိုက်သွင်းတော့ ‘ရှိုက်စိတ်’ သူက အဖြစ် အပျက်ကို တစ်လှည့်စီ ပြနေတာ။ ရှူစိတ်ဖြစ်ပျက်၊ ရှိုက်စိတ်ဖြစ်ပျက်၊ ထွက်သိစိတ်ဖြစ်ပျက်၊ ဝင်သိစိတ်ဖြစ်ပျက်၊ ကိုယ့်ဉာဏ်မှာ သဘောပါသလို ဉာဏ်သက်သလို တစ်ခုခုကိုရှု ဖြစ်ပြီးပျက်သွားတာကို မိအောင်ရှုဖို့ အရေးကြီးတယ်။ များများမိရင် မြန်မြန်တက်မယ်။ အမိနည်းရင် အတက်နှေးမယ်။ ရှူစိတ်ကြားမှာ ကိလေသာခြားရင် ကြာနေမှာပဲ။ ကိလေသာမခြားအောင် ကြိုးစားကြ။ အချိန်က သိပ်မရတော့ဘူး။
ရှုစရာမရှိဘူး အားတယ်ဆိုရင် အတော်ဆိုးဝါးသွားမယ်။ အဝိဇ္ဇာဝင်လာမယ်။ သူက အဆင်သင့် အမြဲစောင့် နေတာ မအားကြစေနဲ့။ အဝိဇ္ဇာဝင်တာနဲ့ ပဋိစ္စသမုပ္ပါဒ် အစကနေပြီး အညံ့ခံလိုက်ရတော့မယ်၊ ရှင်းကြပလား?။
ထိုင်နေတဲ့အခါ ရှူစိတ်၊ ရှိုက်စိတ်ကလေးဟာ တစ်ခါတစ်ရံ အလွန်နူးညံ့သွားတတ်တယ်။ နူးညံ့တော့ ရှုလို့ မကောင်းတတ်ဘူး။ မကောင်းပေမယ့် အသိကလေးကတော့ ရှိနေမှာပဲ။ ရှိနေရင် အဲဒီအသိစိတ်ကလေးကိုပဲရှု။ ‘အို ရှုလို့ အာရုံမရပါဘူး’ဆိုရင် ဘေးကပေါ်တာ ထင်ရှားတာကို ဖမ်းရှု၊ ဘေးက အသံတစ်ခုခုကြားလာမယ်။ ကြားရင် ကြားစိတ်ပေါ်လာမယ်။ ဒီကြားစိတ်ကလေး ဖြစ်ပျက်ကိုရှု၊ နံစိတ်ပေါ် ဖြစ်ပျက်ရှု၊ ဘာပေါ်ပေါ်လိုက်ရှု ဘေးအာရုံ မပေါ်လာပြန်တော့ ထွက်သိစိတ်၊ ဝင်သိစိတ် ဖြစ်ပျက်ပြန်ထိုင် ရှူစိတ် ရှိုက်စိတ် ဖြစ်ပျက်ပြန်ထိုင်။
ပေါ်သမျှစိတ် ဖြစ်ပျက်ရှုကြ
ဘာစိတ်ပေါ်ပေါ် ပေါ်ချင်တာပေါ် သူက အနတ္တပဲ။ ပေါ်ချင်တာပေါ်မှာပဲ။ ပေါ်တဲ့အခါမှာသာ ဉာဏ်နဲ့ မိအောင် ရှုဖို့လိုတယ်။ ပေါ်သမျှစိတ် ဖြစ်ပျက်ရှုကြ။ မိမိဉာဏ်မှာ ထင်ရှားရာ ပေါ်လွင်ရာကို ကြည့်လိုက်ရမယ်။
ဒီနေရာမှာ မိလိန္ဒပဥှာ ပါဠိတော်လာ စကားအဓိပ္ပာယ်ကို ပြောရမယ်။
တစ်နေ့သောအခါမှာ မိလိန္ဒမင်းကြီးက အရှင်နာဂသိန်မထေရ်ကို မေးမြန်းလျှောက်ထားတယ်တဲ့။
”အရှင်ဘုရား အဘယ်မျှလောက်သော အင်္ဂါရပ်နဲ့ ပြည့်စုံမှ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုနိုင်ပါသလဲ?” ဒီတော့ အရှင်နာဂသိန်က “မင်းကြီး ပင့်ကူရဲ့ အင်္ဂါရပ်တစ်ပါးနဲ့ ပြည့်စုံရင်လည်း အရဟတ္တဖိုလ်ကို မျက်မှောက်ပြု နိုင်ပါတယ်”လို့ ဖြေကြားတော်မူတယ်။
ပင့်ကူများလို ကျင့်သုံးရမယ်
အဓိပ္ပာယ်က ဝိပဿနာ ယောဂီပုဂ္ဂိုလ်ဟာ ပင့်ကူများလို ကျင့်သုံးရမယ်လို့ ဆိုလိုတယ်။ ပင့်ကူများဟာ ချက်ကျတဲ့နေရာမှာ ဒွါရက အမျှင်ကလေးတွေထုပ်ပြီး ကွန်ရက်အဝိုင်းကြီး လုပ်ထားကြတယ်။ နောက် ကွန်ရက်ဝိုင်း အလယ်ချက်ကနေစောင့်၊ တောင်ဘက်ကြိုးက လှုပ်တော့ တောင်ဘက်လိုက်သွားလိုက်၊ မိတဲ့ပိုးမွှားအကောင် ဖမ်းစား ပြီး အလယ်ချက် ပြန်ထိုင်နေလိုက် မြောက်ဘက်ကြိုးကလှုပ်တော့ မြောက်ဘက်လိုက်သွားလိုက်၊ မိတဲ့ ခြင်ကောင် ယင်ကောင် ပိုးမွှားများ စားသောက်ပြီး အလယ်ချက်ပြန်ထိုင်လိုက် ဒီနည်းအတိုင်း လှုပ်သမျှကြိုးဘက် လိုက်လိုက်ပြီး အလယ်ချက် ပြန်ထိုင်လိုက်နဲ့ နေထိုင် ကျင့်သုံးတတ်တဲ့ အလေ့ရှိတယ်။
ဒီဥပမာလိုပဲ ‘တရားအားထုတ်တဲ့ ယောဂီပုဂ္ဂိုလ်ဟာ ဒွါရခြောက်ခုမှာ သတိပဋ္ဌာန်ဆိုတဲ့ ကွန်ရက်ကြိုးခြောက် ကြိုးထားရမယ်။ အဲဒါ ဒွါရခြောက်ကြိုးမှာ ငြိကပ်လာတဲ့ ခြောက်အာရုံကိလေသာ ခြင်ကောင် ယင်ကောင်တွေကို မိအောင် ပညာနဲ့ လိုက်သတ်ရမယ်။ ဒီလိုမလွတ်အောင် သတ်နိုင်ခဲ့ရင် မကြာခင် အရဟတ္တဖိုလ်ကို မျက်မှောက်ပြုနိုင် ပါတယ်’လို့ ဆိုလိုရင်းဖြစ်တယ်။
မနောဒွါရမှာ အမြဲထိုင်၊ ပေါ်လာတဲ့ ပဉ္စဒွါရမှာ လိုက်ရှု
ဒါကြောင့် ဘေးက ပေါ်လာသမျှ အာရုံစိတ်တွေကို မလွတ်စေရအောင် ဖြစ်ပျက်ရှုပေးရမယ်။ မနောဒွါရမှာ အမြဲထိုင်၊ ပေါ်လာတဲ့ ပဉ္စဒွါရမှာ လိုက်ရှု၊ ပဉ္စဒွါရ ချုပ်စဲနေတဲ့အခါ အလယ်ချက် မနောဒွါရမှာ ပြန်ထိုင်၊ အဿာသ ပဿာသ ရှူစိတ် ရှိုက်စိတ် ဖြစ်ပျက်ရှု၊ ဒီနည်းအတိုင်း ခန္ဓာမှာ မပြတ်အောင် မလတ်အောင် ရှုပေးကြရမယ်။
ဒီလို အရှုအမှတ်များလာတော့ ကြာရင် ‘ခန္ဓာမှာ ဖြစ်သမျှ စိတ်တွေဟာ ခိုင်တာမြဲတာရယ်လို့ ရှာမရဘူး။ ဖြစ်ပြီးပျက်တာပဲ ရှိပါကလား။ ငါ့စိတ်၊ ငါ့စိတ်လို့ ထင်နေတာဟာ ဘာမျှမဟုတ်ပါလား အလကားပါပဲလား၊ ငါ့စိတ် ဆိုတာ မရှိပါပဲကလား’လို့ အဟုတ်အမှန်ကို ကိုယ်ပိုင်ဉာဏ်နဲ့ မြင်လာမယ်။ ဒီအခါမှာ ကိုယ်တိုင်ဆုံးဖြတ်ချက်ချနိုင် မယ်။ ဘယ်သူကမှ ပြောပြနေစရာ မလိုတော့ဘူး။ ယထာဘူတဆိုတဲ့ ဟုတ်တိုင်းမှန်စွာ မြင်သိလာတဲ့ ဉာဏ်ရပါပြီ၊ ရှင်းကြပလား?။
ဒီနည်းလမ်းနဲ့ ဥပမာကို အရှင်နာဂသိန်မထေရ်ကလည်း ဟောတယ်။ အရှင်အနုရုဒ္ဓါမထေရ်ကလည်း ဒီအတိုင်း ဟောတော်မူခဲ့တယ်လို့ မှတ်ထားကြ။
အဲဒီစကားက-
+++ စိတ္တံ နိယမေ ဆသုဒွါရေသု၊ သတိပဋ္ဌာန ဝရုတ္တမေ။
ကိလေသာ တတ္ထ လဂ္ဂါစေ၊ ဟန္တဗ္ဗာတေ ဝိပဿိနာ။
ဘာသာပြန်
ယောဂီသူမြတ်သည် အာရုံလပ်လျှား ခြောက်တံခါးတို့၌ စိတ်အမှတ်ရှိမှုဖြင့် စောင့်ရှောက်ခြင်းပြုရာ၏။ ထိုဒွါရခြောက်ပါး ခြောက်တံခါးတို့မှာ ကိလေသာတရား ငြိကပ်လာငြားအံ့။ ဝိပဿနာယောဂီသည် မြတ်သော သတိ ပဋ္ဌာန်လေးပါး တံခါးကွန်ရက်ကိုပြုကာ ထိုငြိလာသည့် ကိလေသာတို့ကို သတ်ဖြတ်အပ်သတည်း။
ဒါကြောင့် ထွက်လေဝင်လေ စိတ်မှာ အမြဲထိုင်ထား မျက်စိကလှုပ် မျက်စိလိုက်၊ လိုက်ပြီး အလယ်ပြန်ထိုင်၊ နားကကြားရင် ကြားရာဉာဏ်နဲ့ ဖြစ်ပျက်လိုက်၊ ဒီနည်းအတိုင်း ဒွါရခြောက်ပါးမှာ ပေါ်လာသမျှ စိတ်ကို ဖြစ်ပျက် လိုက်ရှု၊ ပြီးရင် အလယ်ချက် ထွက်သိ,ဝင်သိ ဖြစ်ပျက်ပြန်ထိုင်၊ အဲဒါ စိတ္တာနုပဿနာပဲ။
ဖြစ်ပျက်သာ တွေ့စေရမယ်
ခန္ဓာအတွင်း စူးစိုက်ရှုတဲ့အခါ ဖြစ်ပျက်ကို တွေ့စေရမယ်။ အာရုံခြောက်ပါးပေါ်ရာ သိစိတ် ဖြစ်ပျက်လိုက်ရှု ဖြစ်ပျက်သာ တွေ့စေရမယ်။ မြင်လို့ကောင်းတယ်၊ ကြားလို့ကောင်းတယ်ဆိုတာ မလိုက်တော့ တဏှာမဖြစ်တော့ဘူး။ တဏှာ အလိုလိုသေတယ်။ မြင်စိတ်၊ ကြားစိတ် ဖြစ်ပျက်ရှုတော့ ဝိပဿနာဖြစ်တာပေါ့။
ရှုတဲ့အခါ ဖြစ်ပျက်မတွေ့ရင် အစာမကြေသေးဘူး။ ဖြစ်ပျက်တွေ့မှ အစာကြေမယ်။ အစာမကြေရင် မကြာခင် သေတတ်တယ်။ သေမင်းက ဝမ်းထဲမှာ အမြဲရှိပြီးနေတာ။ ဒီတော့ ဒီနည်းကို အမြန်လုပ်ကြရမယ်။ ဒါလုပ်ပြီးမှ စိတ် ချရမယ်။ သဘောပါကြရဲ့လား?။
အလုပ်မလုပ်ရသေးတော့ အိုဘေး၊ နာဘေးမသိ။ သေမဲ့ဘေးလည်းမသိ၊ နောက်လာမယ့် အပါယ်ဘေးလည်း မသိကြတော့ဘူး။ ဘာဘေးမှ မသိနိုင်တာ စုံလုံးကန်းလို့ စုံလုံးကန်းအဖြစ်နဲ့ဆိုတော့ ဖြစ်ချင်သလို ဖြစ်နေကြတော့ တာပေါ့။ ဥပမာဆိုရင် နွားသတ်ရုံဆွဲသွားတဲ့နွားနဲ့ မခြားတော့ပါဘူး။
နွားသတ်ရုံဆွဲသွားတဲ့နွား
နွားသတ်ယောကျ်ားက သတ်မဲ့နွားကို နွားသတ်ရုံဘက် ဆွဲသွားတယ်။ အဲဒီနွားဟာ သားသတ်ရုံမရောက်ခင် လမ်းခုလတ်မှာ ဒီပြင်နွားဖော်တွေ့တော့ =ဝပ်ထရိန်း-ဝပ်ထရိန်း+နဲ့ တွန်သံပေးတယ်။ နောက် ဒေါတွေ၊ မာန်တွေထပြီး ချိုသွေးလိုက်သေးတယ်။ ခွါများတောင် ယက်တဲ့အခါ ယက်လိုက်သေးတယ်။ အဲဒီနွားဟာ အခုမကြာခင် နွားသတ်ရုံ ရောက်ရင် သေရတော့မယ်။ လည်လှီးခံရတော့မယ်ဆိုတဲ့ အဖြစ်ဆိုးကို မသိရှာဘူး။ မသိလို့သာ တွန်နိုင်တာ၊ ချိုသွေး နိုင်တာ၊ ခွါယက်နိုင်တာပါ။
တို့ဒကာတွေလည်း ဒီနည်းနဲ့ မခြားလှဘူးဆိုရင် မှားသလား?။ ‘ငါ့ဘာအောက်မေ့လို့လဲ’ဆိုတာ တွန်သံပေး တာ။ ‘ငါ့အကြောင်းသိစေမယ် ဘာမှတ်သလဲ’ဆိုတာ ချိုသွေးတာ။ ‘တွယ်လိုက်ရ၊ အုပ်ထည့်လိုက်ရ မျိုးပြုတ်သွားမယ်’ ဆိုတာဟာ ခွါယက်တာပဲ မဟုတ်လား?။ နွားသတ်ရုံသွားတဲ့နွား လမ်းမှာ တွန်တုန်း၊ ချိုသွေးတုန်း၊ ခွါယက်တုန်းဆိုရင် တော်ပမလား စဉ်းစားကြ။ ဘုန်းကြီးက ဒကာတို့ဖြစ်စဉ်ကိုက်အတိုင်း ပြောနေတာ။ ကြမ်းလှချည့်လား မအောက်မေ့ ကြနဲ့ ရှင်းကြပလား? ကိုယ့်ဝမ်းထဲမှာ သေမင်းက ပါနေတာ။ အခုသေမလား တော်တော်နေရင် သေမလား? မသိ နိုင်ဘူး။ အသေက မဦးခင် ကိုယ်က အရင်ဦးအောင် လုပ်ထားကြ။
ဒီအလုပ်လုပ်ရင် အဝိဇ္ဇာဥခွံပါးမယ်။ တဏှာရေလည်း ခန်းခြောက်မယ်။ ဉာဏ်ခြေသည်းလက်သည်းများလည်း ထက်မြက်လာမယ်။ အနည်းဆုံး ယထာဘူတဉာဏ်ရ ဒီဉာဏ်နဲ့ သေသွားဦး ဉာဏ်စွန်းပါလို့ အပါယ်က လွတ်နိုင်တယ်။ အသေကောင်းပဲ နောက်ဒုတိယဘဝမှာလည်း စိတ်ချလိုက်တော့ မဂ်ဖိုလ်ကို မုချရနိုင်ပါတယ်။ ဒီဉာဏ်မှ မရသေးဘဲ သေသွားရရင် ပစ္စည်းမဲ့ လူတန်းစား ကိုယ်ကျိုးနည်းပြီး သေရတာနဲ့ အတူတူပဲလို့ မှတ်ကြ။
ယထာဘူတဉာဏ် ရင့်သန်လာရင် နိဗ္ဗိန္ဒဉာဏ် ရမယ်
ဒီယထာဘူတဉာဏ်ရလို့ ရင့်သန်လာရင် နိဗ္ဗိန္ဒဉာဏ်ကို ရလာမယ်။ နိဗ္ဗိန္ဒဉာဏ်ကို ဘုန်းကြီးက တက်ပေးမယ် ဆိုလို့လည်းမရ ဒကာတို့ တက်ပါမယ်ဆိုလည်း မရပါဘူး။ သူ့ဉာဏ်ရဲ့ သဘာဝအတိုင်း အလုပ်လုပ်သလောက် တက် နိုင်မယ်။ ဒကာတို့ သဒ္ဓါဝီရိယပညာ အားလျော်စွာ အနှေးအမြန်တက်မယ်ဆိုတာမှတ်။ ဥပမာ သရက်သီးဟာ သူ့အချိန် ကျမှ မှည့်သလိုပါပဲ။ အသီးသီးသီးချင်း မမှည့်ဘူး။ ရင့်ပြီး မှည့်ချိန်တန်မှ မှည့်လာမယ်။ ဒီအတိုင်းပဲ ရှုမှတ်တဲ့ လုံ့လ အား ဉာဏ်အားအလျောက် ဖြစ်ပေါ်လာမယ်။
ယထာဘူတဉာဏ် အမြင်များရင် နိဗ္ဗိန္ဒဉာဏ် တက်နိုင်တယ်။ ဖြစ်ပျက်ကို အတော်စိပ်စိပ်တွေ့လာရင် နိဗ္ဗိန္ဒ ဉာဏ်ဖြစ်တော့တာပဲ။ ဥပမာ ကိုယ့်အိမ်ရှေ့က ဖြတ်ဖြတ်ပြီး မသာတွေ အလောင်းတွေ တစ်လောင်းပြီးတစ်လောင်း သင်္ဂြိုဟ်သွားတာ မြင်နေရတယ်ဆိုပါတော့။ တစ်လောင်းပြီးတစ်လောင်း ဆက်တိုက်ကြီးမြင်နေရဖန်များလာတော့ စိတ်ထဲမှာ ရွံမုန်းစက်ဆုပ်လာပြီး မကြည့်ချင်၊ မမြင်ချင်တော့ဘူး။
ပထမမြင်ခါစတော့ ဘယ်လိုပါလိမ့်ဆိုပြီး ပြတင်းက ထွက်ရပ်ပြီး ကြည့်နေမိတယ်။ မြင်ရဖန်များလာတော့ မကြည့်ချင်လောက်အောင် မုန်းတီးစက်ဆုပ်လာတော့တယ်။ ဒီသဘော ဒီဥပမာလိုပါပဲ ရုပ်နာမ်တို့ရဲ့ အဖြစ်အပျက် တွေချည်း အမြင်များလာတော့ ရွံမုန်းငြီးငွေ့လာရတော့တယ်။ ငြီးငွေ့ရွံမုန်းဆိုပေမယ့် ဒေါသမုန်းမျိုးတော့ မဟုတ်ဘူး လို့ မှတ်ရမယ်။ ဖြစ်ပျက် အမြင်စိပ်လာမှ တက်လာမှ ဒီဉာဏ်ပေါ်လာပြီလို့မှတ်။
ဖြစ်ပျက်စိပ်တာနဲ့ အာရုံက နိဗ္ဗိန္ဒဉာဏ်ပေါ်လာရော
ဖြစ်ပျက်ကြဲကြဲမြင်ရင် ယထာဘူတ၊ စိပ်စိပ်မြင်ရင် နိဗ္ဗိန္ဒပဲ။ ယထာဘူတဉာဏ်က ကျေးဇူးပြုလို့ ဖြစ်ပျက်စိပ်၊ ဖြစ်ပျက်စိပ်တာနဲ့ အာရုံက နိဗ္ဗိန္ဒဉာဏ်ပေါ်လာရော ရှင်းကြပလား?။
မသာချတာကြည့်မှ ရွံမုန်းမှာ မကြည့်ရင် မမုန်းဘူး။ ဒီတော့ ကိုယ့်မသာကိုယ်ကြည့်ကြ ကိုယ့်ခန္ဓာမှာ အမြဲ မပြတ် ဖြစ်ပြီးပျက် ဖွားပြီးသေနေတဲ့ ရုပ်မသာ၊ နာမ်မသာတွေကို ဂရုစိုက်ကြည့်ကြ။ ကြည့်ဖန်များလာတော့ မသာ တွေဟာ ကြည့်မဆုံးနိုင်အောင် မြင်ရလိမ့်မယ်။ အဲဒီအခါမှ ဪ… ဒုက္ခပါပဲ မသာတွေဟာ ကြည့်လို့ မဆုံးနိုင်ပါ ကလားဆိုပြီး များများမြင်ရလေလေ ရွံမုန်းလေလေ ဖြစ်လာရော။ အဲဒီလိုမြင်လာရင် ဒီနေရာမှာ မနေချင်တော့ဘူး။ ဒီအဖြစ်မျိုးလည်း မကြုံမတွေ့ချင်တော့ပါဘူး။
ဖြစ်ပျက်ကြည့်ပါများလေ အမြင်ကစိပ်လာလေ ရွံမုန်းလာလေ၊ ဖြစ်ပျက်ကို ထပ်တလဲလဲကြည့်လေ စိပ်သထက် စိပ် မုန်းသထက်မုန်း၊ ကြာတော့ ဒီအဖြစ်မမြင်ချင် ဒီခန္ဓာမလိုချင် ဒီခန္ဓာက လွတ်ချင်လာပြီ လွတ်ရာကိုရှာပြီ။ ဒီလို ဖြစ်ပျက်ကြာကြာရှုတော့ မလိုချင် လွတ်ချင်ရာက မဖြစ်ရာ မပျက်ရာဘက်ကို ပြေးဝင်သွားတော့တယ်၊ မဖြစ်ရာ မပျက်ရာကို မြင်တာဟာ ‘နိဗ္ဗာန်ကို မဂ်ကမြင်တာ’တာပဲ။
မဂ်ဉာဏ်က အသင်္ခတကို အာရုံပြုတယ်
ဝိပဿနာက သင်္ခါရတရား၊ သင်္ခတကို အာရုံပြုတယ်။
မဂ်ဉာဏ်က အသင်္ခတကို အာရုံပြုတယ်။
ယထာဘူတဉာဏ်၊ နိဗ္ဗိန္ဒဉာဏ်နှစ်ပါးက ဝိပဿနာသမ္မာဒိဋ္ဌိအမြင်၊ ပုထုဇဉ်အမြင် သင်္ခတအမြင်ပဲ။
မဂ်ဉာဏ်က၊ မဂ်သမ္မာဒိဋ္ဌိအမြင်၊ အရိယာအမြင် အသင်္ခတအမြင်။
(၁) ဖြစ်ပျက်ပွားလို့ ဖြစ်ပျက်မြင်ရင် ယထာဘူတဉာဏ်။
(၂) ဖြစ်ပျက်ပွားလို့ ဖြစ်ပျက်မုန်းရင် နိဗ္ဗိန္ဒဉာဏ်။
(၃) ဖြစ်ပျက်ပွားလို့ ဖြစ်ပျက်ဆုံးရင် မဂ်ဉာဏ်။
(၁) ယထာဘူတဉာဏ်၊ နိဗ္ဗိန္ဒဉာဏ် နှစ်ပါးအမြင်က… ဖြစ်ပျက်။
(၂) မဂ်ဉာဏ်အမြင်က မဖြစ်မပျက်လို့မှတ်။
မဂ်ဉာဏ်က အေးငြိမ်းတာကို မြင်တယ်။ နိဗ္ဗာန်မြင်ရင် ဝမ်းထဲက သက်သက်အေးတာပဲ။ ရေအလုံးပေါင်း (၁၀၀၀) တစ်ထောင်နဲ့ အလောင်းခံရသထက်မကအောင်ဘဲ အေးချမ်းပါတယ်။
တရားက ‘ဧဟိပဿိကော’တဲ့။ ကယ်တင်ဖို့ အဆင်သင့်ရှိပြီး အဆင်သင့်စောင့်ပြီးနေတာ။ ဒကာတို့က ပူချင် ရှာကြတော့ တရားနားကို မကပ်ချင်ကြဘူး။ ဒါလည်း အဟုတ်မသိကြသေးလို့သာပါ။ သိအောင် ညွှန်ပြတဲ့ပုဂ္ဂိုလ်နဲ့ ကြုံကြိုက်တုန်း ကြိုးစားယူကြ။ စိတ္တာနုပဿနာရှုကြ။ ဒီစကားကို သတိပဋ္ဌာန်မှာ ဟောထားတယ်။ ကိုင်း… ရှင်းကြ ပလား?။
