အဓိပတိလက်နက် ရန်ဖြိုဖျက် တရားတော်
အဓိပတိသုံးပါး
(၁) မိမိကိုယ်အား လေးမြတ်ထား၍ တအားထုတ်ကာ ကျင့်ကြံပါ၊ ‘အတ္တာဓိပတိ’။
ဆောင်ပုဒ်
ပဓာနအလုပ်၊ ကြိုးစားအားထုတ်၊ အဟုတ်ကျင့်ခါတွင်။
ကာမ,ဗျာပါ၊ ဝိဟိံသာ၊ သုံးဖြာဝိတက်ဝင်။
ဝိတက်ဝင်က ဓိပတေယျ၊ ခွင်းရလက်နက်ပင်။
ဓိပတိသုံးပါး၊ လက်ကိုင်ထား၊ တရားရမြန်လျှင်။
သတိချပ်
သာဝကဉာဏ်ရာ၊ ပါရမီဟာ၊ ပြောစရာမရှိစင်။
သူများ ပါးစပ်ဖျား၊ လမ်းဆုံးငြား၊ မှောက်မှားသံသာခွင်။
နိဗ္ဗာန်လိုလား၊ လွန်ကြိုးစား၊ အားပါးထုတ်ခဲ့လျှင်။
နိရောဓမြတ်၊ ခန္ဓာဓာတ်၊ ဆုံးလတ်ဉာဏ်တွင် တွေ့မြဲပင်။
တရားသား။
အဓိပတိသုံးပါး
ဒီကနေ့ ညမှာ အဓိပတိသုံးပါးကို မှတ်ရမယ်၊ တရားအားထုတ်တဲ့အခါ ကွပ်ကဲဖို့၊ ဆုံးမဖို့ မိမိကိုယ်ကို အားပေးတိုက်တွန်းဖို့ အဓိပတိ သုံးပါးတဲ့။
ကိလေသာ ကြားမခိုရင် တရားရ အမြန်ဆုံးပဲ
အဓိပတိလက်နက် တစ်ချက်ချက်ကို ထက်မြက်အောင် အသုံးပြုနိုင်ရင် ဝိတက်ရန်သူတွေဟာ အနားကိုတောင် မသီလာနိုင်တော့ဘူး။ ဝိတက်မလာလို့ ကိလေသာ ကြားမခိုရင် တရားရ အမြန်ဆုံးပဲ။ ဒါကြောင့် ဝင်လာရင် ကြိုးစား တိုက်ထုတ်ပစ်ကြရမယ်။ တိုက်ထုတ်တဲ့နည်းက…
”မင်း… အခု ဘာလုပ်နေတာလဲ။ တရားအားထုတ်တယ်ဆို မင်းလာတာက မတရားတွေချည်းပါလား။ မင်းကိုယ်စောင့်နတ်က မင်းအကြောင်း အကုန်သိတယ်” စသည်ဖြင့် ကိုယ့်ကိုယ်ကိုယ် ဆုံးမကြရမယ်။
”ပြောတော့ တရားအားထုတ်တာတဲ့။ အပြောဟုတ်သလောက် အလုပ်က တခြားဖြစ်နေရင် ရှက်ဖို့ကောင်း လိုက်တာ” စသည်ဖြင့်လည်း အားထုတ်ဆဲမှာ ကြားထိုးတဲ့ ဝိတက်တွေ ဝင်နေရင် ဆုံးမရမယ်။ အဝင်ခံနေရရင် ရှက်စရာမကောင်းပါလား။ လေးလေးနက်နက် စဉ်းစားကြ။ စဉ်းစားကြည့်ရင် ရိပ်မိပါလိမ့်မယ်။
ဒီလို အကုသိုလ်မှု ဝိတက်စုတွေ ဝင်လာတာ ဝင်နေတာဟာ ဘာကြောင့်လဲ?။ အရှက်အကြောက်မရှိလို့ ဟိရီဩတ္တပ္ပကင်းလို့ပဲဆိုတာ ထင်ရှားတယ်။ မရှက်တာ မကြောက်တာ ဘာလို့လဲ?။ အဝိဇ္ဇာဝင်လို့။ အဝိဇ္ဇာဝင်တော့ မကောင်းတာတွေ ဖြစ်သမျှ ရှက်ရကောင်းမှန်း ကြောက်ရကောင်းမှန်း မသိတော့ဘူး။ စုံလုံးကန်းသွားပြီလို့ ဆိုရမှာပဲ။ မဆိုထိုက်ဘူးလား?။
ကိလေသာ တောထနေတာ
ကိုယ့်ကိုယ်ကိုယ်များ ပေါက်လွှတ်ပဲစား မထားကြနဲ့။ ရှက်စရာကြီး။ နတ်တွေတောင် ပြုံးလိမ့်မယ်။ တရား အားထုတ်တာလား?။ အရှက်မရှိလို့ လုပ်နေတာလား? ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ကြ။
”မင်းကိုယ်မင်းတော့ လုံလှပြီထင်နေမှာပေါ့ မလုံဘူး။ မင်းစိတ်မှာက ဝိတက်တွေ ဗလပွေနဲ့ ကိလေသာ တောထနေတာ နှက်နှက်ကိုကြမ်းလို့ပဲ။ ဗရမ်းဗတာ သောင်းကျန်းနေလိုက်တာဟယ်။ တကတည်း နဂိုက အရူးအကန်း မို့ ပျောက်အောင် ကုနေတာမဟုတ်လား?။
”မင်းအကြောင်းကို ကိုယ်စောင့်နတ်တွေ၊ အိမ်စောင့်နတ်တွေ၊ သာသနာတော်စောင့်နတ်တွေ၊ တောစောင့်နတ် တောင်စောင့်နတ်တွေ စတဲ့ နတ်ဗြဟ္မာတွေ အရိယာဝိဇ္ဇာတွေက အကုန်သိကြတယ်။ မင်းမို့ မရှက်တာ ရှက်ဖို့များ ကောင်းလိုက်တာ” စသည်ဖြင့်လည်း ‘အတ္တာဓိပတိ-လောကာဓိပတိ’ ကွပ်ကဲပြီး ဆုံးမရမယ်တဲ့။
နောက်ပြီး သွက္ခာတော အစ၊ အလယ်၊ အဆုံး ကောင်းခြင်းသုံးပါးနှင့် မဟာကရုဏာတော်ရှေ့ထားပြီး ကောင်းစွာ ဟောကြားတော်မူထားတဲ့ တရားတော်မြတ် ဖြစ်ပေတယ်။ ဒီတရားတော်ဟာ ‘ဓမ္မော ဟဝေ ရက္ခတိ ဓမ္မ စာရိ’ ဆိုတဲ့အတိုင်း ကိုယ့်သဒ္ဓါ၊ စေတနာ၊ ပညာအလျောက် လုပ်သလောက် ရမှာ ဧကန်မုချပဲ။
ကိုယ်တိုင် ဒိဋ္ဌ ဧကန်သိရမယ်
လောကီကုသိုလ်များလို အဟောသိကံ ဖြစ်တတ်တဲ့ ထုံးစံမရှိဘူး။ ‘ဧဟိပဿီက’ဆိုတာ လာခဲ့၊ ရှုကြည့်လှည့်၊ ကျင့်ကြည့်လှည့် ကျင့်ကြည့်ရင်ဖြင့် ‘သန္ဒိဋ္ဌိက’တဲ့။ ကိုယ်တိုင် ဒိဋ္ဌ ဧကန်သိရမယ်။ အကျိုးခံစားရမယ်။ ဘယ်သူက ပြောဖို့မှ မလိုဘူးတဲ့။ တရားအရသာကို ထိုက်သလို ခံစားရမယ်။
”အစမထင်တဲ့ သံသရာတစ်ခွင်မှာ တစ်ခါဖူးမျှ မတွေ့မကြုံရသေးတဲ့ တရား၊ မသိမမြင်ဖူးသေးတဲ့ တရား။ ကံအားလျော်စွာ ခုမကြာခင် ဧကန် ဒိဋ္ဌ တွေ့မြင်သိရှိရတော့မှာပါကလား။ အရိုးကျေကျေ အရေခန်းခန်း မဆုတ်တမ်း ဇွဲလုံ့လနဲ့ ယောကျ်ားစွမ်းပြတော့မယ်ဟဲ့” စသည်ဖြင့် တိုက်တွန်းဆုံးမ အားပေးကြရမယ်။
‘သွက္ခာတော’ဆိုတာ ကောင်းကောင်းကျင့်ဖို့ နိဗ္ဗာန်သွားဖို့ ဟောတာ။ စိတ်က ပေါ့ပေါ့တန်တန်ဖြစ်နေရင် ‘မင်းဟာ သာသနာဖျက်လား’လု့ိ မေးရမယ်။ တရားတော်ဆိုတာ ကိုယ်ကဂရုစိုက်ရင် တရားကပြန်ပြီး အကျိုးပြုလိမ့် မယ်ဆိုတာ ဆင်ခြင်စဉ်းစားရမယ်။ တရားဂုဏ်တော်များကို ဉာဏ်မှီသလောက် အောက်မေ့ပြီး အားပေးကြပါ။
ချို့ယွင်းတဲ့အချက်များ ရှိနေရင်လည်း တရားတော်ဆိုတာ ချို့ယွင်းတာမျိုး မဟုတ်ဘူး။ တရားတော်ရဲ့ ချို့ယွင်း ချက်မဟုတ်။ မိမိကသာ ချို့ယွင်းနေတာဖြစ်တယ်ဆိုပြီး စဉ်းစားလိုက်ပါ။ အောက်မေ့လိုက်ပါ။ ‘သန္ဒိဋ္ဌိကော’တဲ့။ အဟုတ် အားထုတ်ရင် ကိုယ်တိုင်မြင်ရ သိရမယ်။ ‘အကာလိကော’တဲ့။ အချိန်ဆွဲနေတာမဟုတ်ဘူး။ အချိန်မရွေးဘူး။ လုပ် သလောက် အကျိုးပေးမယ်တဲ့။ အဲဒါ ဓမ္မာဓိပတိ ကွပ်ကဲဖို့နည်းပဲ။
အဓိပတိသုံးပါးထဲက တစ်ပါးပါး လက်ကိုင်ထား
ဒီအဓိပတိသုံးပါးထဲက တစ်ပါးပါး လက်ကိုင်ထားပြီး အားထုတ်ရင် ရနိုင်ပါတယ်။ ဒီနည်းအတိုင်း ကြိုးစား ကြ။ ကြိုးစားရင် နိဗ္ဗာန်ဟာ လက်တစ်ကမ်းမှာပဲရှိတယ်လို့ ဘုရားက ဟောတော်မူတယ်။ မင်းတို့ကြိုးစားရင် နိဗ္ဗာန် ဟာ ကိုယ့်အနီးအနား ခန္ဓာမှာပဲ ရှိပါတယ်။ ခန္ဓာရဲ့ ဖြစ်၊ ပျက် အဆုံးမှာ ရှိတယ်လို့ ဟောခဲ့တယ်။
တချို့တွေ လက်သုံးစကားရှိသေးတယ်။ ပင်ကိုကမှ ဖျင်းရတဲ့အထဲမှာ ပျင်းတာနဲ့ရောပြီး ပြောတတ်ကြတယ်။ ‘ပါရမီက လိုသေးတယ်၊ ပါရမီရှိမှ ဖြစ်နိုင်တာ၊ ကျုပ်တို့က ပါရမီမရှိသေးလို့တဲ့’ ဒကာတို့က နဂိုကမှ ဖျင်းရ၊ ညံ့ရတဲ့ အထဲ ပျင်းတာကလေးက ဝင်စွက်လိုက်တော့ ခက်ကုန်တော့တာပေါ့။
”သာဝကဉာဏ်အရာမှာ ပါရမီမလိုဘူးဆိုတဲ့အချက်ကို ရင်ဝမှာ သံမှိုနှက်သလို မြဲမြဲစွဲစွဲကြီး မှတ်ထားကြ” နောက်ကို ပါရမီစကား မပြောကြနဲ့။ မလိုဘူးဆိုတာ တစ်ထစ်ကျ မှတ်လိုက်ကြ။
တချို့က ပြောကြသေးတယ်။ “ကျုပ်တို့တော့ဗျာ ပါရမီကို အရင်ဖြည့်ဦးမှ ပါရမီမှမရှိသေးရင် တရားအား ထုတ်ပေမယ့် အလကားနေမှာပဲ။ ပါရမီဆိုတာလည်း လွယ်တဲ့ဟာမဟုတ်ဘူး” ဘာညာနဲ့ ရမယ်ရှာတတ်ကြတယ်။
တို့ဒကာတွေ ဒီလိုပြောတတ်တဲ့ သူများစကား နားယောင်မိရင် လွဲကြလိမ့်မယ်။ သူများစကား နားမယောင် ကြနဲ့။ သူများပါးစပ်မှာ လမ်းမဆုံးကြစေနဲ့။ သူများပါးစပ်ဖျား လမ်းဆုံးနေကြရင် တစ်သံသရာလုံး မှောက်တော့မယ် ဆိုတာ သေသေချာချာ မှတ်ကြတော့။
ပညာဆိုတဲ့ ချိန်ခွင်နဲ့ စက်ကြည့်ကြ
သာမည ဗဟုသုတလေးနဲ့ အပေါ်ယံရှပ်ပြီး သာမညပြောတတ်တဲ့ ဆရာမျိုးတွေရဲ့စကားကို ယုံမိရင် မှားကြ လိမ့်မယ်။ ဘယ်ဆရာက ဘာပဲပြောပြော ပညာဆိုတဲ့ ချိန်ခွင်နဲ့ စက်ကြည့်ကြဖို့ လေးလေးနက်နက်ကြီး သတိပေးလိုက် ပါတယ်။ ဒီလို ထပ်ခါတလဲလဲ သတိပေးနေတာ ဘယ်သူ့အတွက်လဲ?။ စဉ်းစား၊ မှားခြင်းမှားရင် ကိုယ်သာ အနစ်နာ ခံရမှာ ဘယ်နတ်ဗြဟ္မာ ဘယ်ဆရာကမှ ကယ်မ,နိုင်မှာ မဟုတ်ဘူး သဘောပါကြရဲ့လား?။
သတိပေးလိုက်ပါတယ်။ ပါရမီကို မတွေးပါနဲ့လို့ သစ္စာကိုမြင်အောင် ဟောပြနိုင်တဲ့ ဆရာ။ ဟောပြတတ်တဲ့ ဆရာကို ရလို့ သစ္စာကို ထောင်နိုင်တဲ့နား ထောင်တတ်တဲ့နား ပါကြရင် အခု မျက်မှောက်ဘဝမှာတင်ပဲ မဂ်ဖိုလ်ကို ရကြမယ်။ မုချရရမယ်လို့ ပြောလိုက်ပါတယ်။
ကြိုးစားလိုက်နာကြ၊ ကျင့်ကြံအားထုတ်ကြ။ သစ္စာတရားကို မမြင်ရဘဲနှင့် သေသွားရင် လှလှကြီး ဒုက္ခတွေ့ တော့မယ်။ လောကီစီးပွားဆိုတာ ခိုင်တာမြဲတာမဟုတ်ဘူး။ မခိုင်မြဲလို့ ဖရိုဖရဲနဲ့ ပြိုကွဲပျက်စီးနေတာ မျက်မြင်ပဲမဟုတ် ပါလား?။ ငြင်းစရာများ လိုသေးသလား။
လောကုတ္တရာ စီးပွားကမှ မြဲတာ။ အမြဲရှိ အစဉ်ရှိနေတာဟာ လောကုတ္တရာစီးပွား။ လောကီဆိုတာ ဘဝ ဘဝက သူဌေးကြီးတွေ၊ သူကြွယ်ကြီးတွေ ဟော… အခု ကုန်းကောက်စရာ မရအောင်ကို မွဲပြာကျနေတယ်။ သံသရာမှာ အမွဲဘဝတွေကသာ များတယ်။ ဒီတော့ ဒီဘဝ ဒီအတိုင်းနေပြီး ဒီအတိုင်းသေကြရင် အမွဲနေနေပြီး အမွဲသေသေရမှာပဲ။ ဒီလိုနဲ့ အမွဲနေနဲ့ အမွဲသေတွေသာ ထပ်ခါတလဲလဲ ဖြစ်နေရမှာပဲ။
သေသွားလည်း ဘာမှမပါဘူး
စဉ်းစားကြည့်ပါ။ ဒကာတို့ မွေးလာတော့ ဘာများပါခဲ့ကြသေးသလဲ?။ မွေးလာတုန်းက ဘာမှမပါ ဗလာ တုံးလုံးကလေးပဲ မဟုတ်လား။ သေသွားတော့ကော ဘာတွေများပါဦးမယ်ထင်တုံး?။ သေသွားလည်း ဘာမှမပါဘူး။ ပါတာတောင် ချွတ်ယူလိုက်ကြသေးတယ် မဟုတ်လား?။ အိမ်မှာ ဘာမှသုံးမရတဲ့ အဟောင်းအနွမ်း အစုတ်အပြတ် ကလေးတောင်မှ ထည့်ရကောင်းမလား?၊ မထည့်ရကောင်းမလား? စဉ်းစားနေသေးတယ်။
ဒါလောက်ဆို အနည်းဆုံး လက်နှီးတော့ ရသေးတယ်။ နှမြောစရာကြီးပဲ။ အို… ဒါပေမဲ့ လူမြင်မတော် ပါဘူးလေ။ ဒါလောက်ကလေးတော့ ထည့်ဦးမှ တော်မှာဆိုပြီး မလွှဲသာ လွှဲသာမို့သာ ထည့်လိုက်ရတာ။ ရှင်းကြပလား?။
ဒီလိုနဲ့ပဲ ထပ်တလဲလဲ အမွဲနေ၊ အမွဲသေ ကြုံကြရတာ ဘာလို့လဲ? သိကြပလား?။ ခိုင်တာမြဲတာကို မရှာမိ လို့။ ခိုင်တာမြဲတာ မတွေ့ရတော့ အမွဲလက်စပဲ မတုံးနိုင်ကြတော့ဘူး။ ဒါကြောင့် သိတတ်တဲ့ဘဝမှာ ခိုင်တာမြဲတာ ရှာကြရမယ်။ ရှာဖို့ မသင့်သေးဘူးလား?။
ခိုင်တာမြဲတာဟာ နိဗ္ဗာန်တရားပဲ။ ရတနာဒကာတို့ရဲ့ အထွတ်အထိပ်လည်း ဖြစ်တယ်။ ချမ်းသာဒကာတို့ မှာလည်း နိဗ္ဗာန်ဟာ အမြတ်ဆုံးဖြစ်တယ်။ ရှိသမျှ ရတနာတို့၏ ထွတ်ချာ၊ ချမ်းသာဒကာတို့ရဲ့ အမြတ်ဆုံးဖြစ်တဲ့ နိဗ္ဗာန်ကို ‘ဧကန်ရမှ အေးမှာပဲ’လို့ ဆုံးဖြတ်ချက်ချကြ။ ဒါကြောင့်လည်း ‘နိဗ္ဗာနံ ပရမံသုခ’လို့ ဟောတော်မူတာပါ။
နိဗ္ဗာန်ရမှ အေးမှာဆိုတော့
ဒီလို နိဗ္ဗာန်ရမှ အေးမှာဆိုတော့ မေးစရာရှိတယ်။ နိဗ္ဗာန်ဟာ ရောက်ကောင်းတဲ့ ဘုံဌာနလိုဟာလား?လို့ ရကောင်းတဲ့ ဝတ္ထုပစ္စည်းလို တရားမျိုးလား?လို့ မေးစရာရှိတယ်။ ဒီတော့ ဒီနေရာမှာ မိလိန္ဒမင်းကြီးက မေးလို့ အရှင်နာဂသိန် ရဟန္တာမထေရ်က ဖြေကြားပုံကို ပြောပြရမယ်။
မိလိန္ဒမင်းကြီးက။ ။ အရှင်ဘုရား… နိဗ္ဗာန်ဟာ အထည်ဒြဗ်သဏ္ဌာန်နဲ့ ထင်ရှားရှိပါသလား?၊ ထင်ရှားမရှိဘူး လား?လို့ မေးလျှောက်တော့…
ရှင်နာဂသိန်မထေရ်က။ ။ “ဒကာတော်မင်းကြီး နိဗ္ဗာန်ဟာ ဒြဗ်သဏ္ဌာန်နဲ့တော့ ထင်ရှားမရှိဘူး”လို့ ဖြေတော်မူ လိုက်တယ်။ ဒီတော့…
မင်းကြီးက။ ။ “ဒါဖြင့် ဘုရား… နိဗ္ဗာန်ဟာ ထင်ရှားမရှိဘူးဆိုရင် နိဗ္ဗာန်ကို အာရုံပြုတယ်ဆိုတဲ့စကားဟာ အလကားစကား မဖြစ်ပေဘူးလား”လို့ မေးပြန်တယ်။ ဒီတော့…
ရှင်နာဂသိန်က။ ။ မင်းကြီး ပညာရှိများဟာ ဥပမာနဲ့ပြောရင် အဓိပ္ပာယ်ကို နားလည်ရမယ်။ ဒါကြောင့် ဥပမာနဲ့ ပြောမယ်။ “မင်းကြီး ဝါးလုံးထဲမှာ အရင်က မီးပါသလား?”။
မင်းကြီး။ ။ မပါခဲ့ပါ ဘုရား။
အရှင်နာဂသိန်။ ။ ဒါဖြင့် ဒီဝါးနှစ်လုံးကို အားထုတ်ပါးထုတ် အချင်းချင်း ပွတ်တိုက်ပါများရင် မီးမထွက်လာပေ ဘူးလား?။
မင်းကြီး။ ။ မီးထွက်ပေါ်လာပါတယ် ဘုရား။
အရှင်နာဂသိန်။ ။ ဒီတော့ ဒီဝါးလုံးထဲမှာ နဂိုက မီးမပါပေမယ့် ပွတ်တော့ မီးထွက်လာရတယ် မင်းကြီး။ ဒီဥပမာ အတိုင်းပါပဲ။ မပွတ်ရင် မီးမထွက်သလို နိဗ္ဗာန်ဟာလည်း အားထုတ်မှ ပေါ်လာတယ်။ အားထုတ်တဲ့ပုဂ္ဂိုလ်မှသာ မြင် နိုင်တယ်၊ တွေ့နိုင်တယ်၊ အားမထုတ်ရင် မမြင်နိုင်ပေဘူး။
”အားမထုတ်တဲ့သူအတွက် မတွေ့ရပေမယ့် အားထုတ်တဲ့သူအဖို့ရာတော့ နိဗ္ဗာန်ဟာ ကိုယ့်အနားမှာပဲ ရှိနေ တယ်။ ဒါကြောင့် နိဗ္ဗာန်ရချင်လို့ အားထုတ်တဲ့သူများဟာ မနေမနား မီးပွတ်သော ယောကျ်ားကဲ့သို့ အားထုတ်ရမယ်” လို့ ဆိုခဲ့တာပဲလို့ မိန့်ကြားဖြေဆိုတော်မူတယ်။
နိဗ္ဗာန်ဆိုတာ မဂ်တည်းဟူသော “ဘာဝေတဗ္ဗကိစ္စ ပွားများခြင်းကိစ္စနဲ့ အားထုတ်ယူမှ ရနိုင်မယ်ဆိုတာ သန္ဓိဋ္ဌာန်ချမှတ်ထားကြ။ ကိုယ့်အနားမှာ ရှိတယ်ဆိုတော့ ဘယ်အနားမှာ ရှိပါလိမ့်မလဲ?လို့ တွေးမနေနဲ့။ မိမိခန္ဓာ အဆုံးမှာပဲ ရှိနေတာ ကိုယ့်ခန္ဓာက ဘယ်မှ ခွါမသွားဘူး။ အဲဒါမြင်အောင်ကြည့်ဖို့က ကိုယ့်တာဝန်ပဲလို့ ဆုံးဖြတ်ချက် ချ။
နိဗ္ဗာန်ဟာ ခန္ဓာအဆုံးမှာ
နိဗ္ဗာန်ဟာ ခန္ဓာအဆုံးမှာ (ဝါ) ခန္ဓာမှာပဲ တည်ရှိနေတယ်ဆိုတဲ့အချက်ကို ‘သဂါထာဝဂ္ဂ သံယုတ်ပါဠိတော် ဒေဝပုတ္တသံယုတ်နဲ့ စတုကင်္ဂုတ္တရပါဠိတော်’များမှာ တွေ့မြင်နိုင်ပါတယ်။ ရောဟိတနတ်သားကို ဟောတဲ့ စကားအချက် ပဲ။
+++ “အပိစာဟံ အာဝုသော ဣမသ္မိံယေဝ ဗျာမမတ္တေကဠေ ဝရေ သသညိမှိ သမနကေ လောကဉ္စ ပညပေမိ၊ လောကသမုဒယဉ္စ လောကနိရောဓဉ္စ လောကနီရောဓဂါမိနဉ္စ ပဋိပဒန္တိ”။
ဒီစကားတော်ကို လေးလေးနက်နက် မှတ်သားပြီး ကိုယ်တွေ့သိရအောင် အခုချက်ချင်း ထအားထုတ်ရင် မကောင်းပါလား?။
မိမိခန္ဓာမှာ သေသေချာချာ ဉာဏ်နဲ့ လိုက်ရှာရင် ရုပ်အစုရယ်၊ နာမ်အစုရယ် ဒါပဲရှိတယ်။ ဒီပြင် ဘာမှမရှိ ဘူး။ ဒီရုပ်အစု နာမ်အစုတွေကလည်း အမြဲတည်တံ့ပြီး ခိုင်မာပြီးနေကြတာ မဟုတ်ပါဘူး။ ဖြစ်ပေါ်လာလိုက် ပျက် သွားလိုက်၊ ဖြစ်ပေါ်လာလိုက် ပျက်သွားလိုက်နဲ့ ဖြစ်ပြီးရင်း ပျက်သွားရင်း တစ်ဖြစ်ထဲဖြစ်ပြီး တစ်ပျက်ထဲ ပျက်နေကြ တာပါ။ အဲ… အသစ် အသစ် ရုပ်နာမ်တွေ ဖြစ်ပေါ်လိုက် ပျက်စီးသွားလိုက် ဒီလို အဆက်မပြတ် လှည့်ပတ် ဖြစ် ပျက်နေတာပဲ ရှိတာပါ။
ဒီလို ရုပ်အစု၊ နာမ်အစုတွေ ဖြစ်ပျက်ဖြစ်ပျက်နဲ့ ဖြစ်ပျက်စက်ကြီးဟာ ဒလစပ် မရပ်မနား လည်နေတာက လွဲရင် ဘာမှမရှိဘူး။
တစ်ခုခုကို စူးစိုက်ပြီး ရှုမှတ်ရမယ်
ဒီတော့ မိမိခန္ဓာမှာ ရုပ်ဖြစ်ပျက်၊ နာမ်ဖြစ်ပျက်ဆိုတဲ့ တစ်ခုခုထဲက တစ်ခုခုကို စူးစိုက်ပြီး ရှုမှတ်ရမယ်။ အားထုတ်ပွားများရမယ်။ ရှုတဲ့အခါ ရုပ်ကြိုက်ရင် ရုပ်ရှု၊ နာမ်ကြိုက်ရင် နာမ်ရှုကြ။ ‘ဧကောဓမ္မော’ဆိုတဲ့အတိုင်း တစ်ပါးပါးမှာ ဉာဏ်သက်ရာ ထင်ပေါ်ရာကို စူးစိုက်ပြီး ‘ဖြစ်ပျက်-ဖြစ်ပျက်’လို့ ရှုပွားအားထုတ်ရမယ်၊ ရှင်းပလား?။
တို့ဒကာတွေ ပါရမီစကားနဲ့ ရိုးမယ်များ ဖွဲ့ကြဦးမလား?။ မဖွဲ့ကြနဲ့တော့။ ပါရမီမဟုတ်ဘူး။ ဝါးပွတ်တာကို ကြည့်၊ ဝါးပွတ်တဲ့ဥပမာကို အမြဲကိုင်ထားကြ။ သဘောပါကြပလား?။
နောက်ပြီး နိဗ္ဗာန်ဟာ ထင်ရှားမရှိဆိုပေမယ့် အားထုတ်တဲ့သူအတွက် မုချရှိတယ်ဆိုတဲ့အကြောင်း အရှင် နာဂသိန်က စကြဝတေးမင်းကြီး ဥပမာနဲ့ ဟောပြပါသေးတယ်။
စကြဝတေးမင်းကြီးဟာ ဖာသာလဝါ ပေါ့ပေါ့တန်တန် နေခဲ့လို့ရှိရင် စကြာရတနာဟာ ဆိုက်ရောက်မလာ နိုင်ဘူး။ ပုံတောင်းစကြာနဲ့ ရတနာခုနစ်ပါးတို့ဟာ နဂိုက နေရာတစ်ခုခုမှာ သူ့အလိုလိုရှိနေနှင့်တာမျိုးလည်း မဟုတ် ပေဘူး။ စကြဝတေးမင်းကြီးက နဝင်္ဂသီလများကို စင်စင်ကြယ်ကြယ် ဆောက်တည်ပြီး သင်္ဂဟလေးပါး စတဲ့ မင်းကျင့် ဝတ်များနဲ့အညီ ကျင့်သုံးတော့မှ သူ့ကျင့်ဝတ် သူ့အကျင့်တရား အားလျော်စွာ ရတနာခုနစ်ပါး အလိုလို ဖြစ်ပေါ် ဆိုက်ရောက်လာရတယ်။
ဒီဥပမာလို နိဗ္ဗာန်တရားဟာလည်း အားထုတ်သူ ကျင့်ကြံသူရဲ့ အကျင့်အားလျော်စွာ ဆိုက်ရောက်လာရ တယ်လို့ မှတ်ကြ။
နိဗ္ဗာန်ရဖို့ အလုပ်ဟာ အားမထုတ်ရင် မရဘူး။ အားထုတ်သူမှ ရမှာ။ အားထုတ်ရမှာဖြစ်လို့ ‘သမ္မပ္ပဓာန် တရားလေးပါး’ကို ဟောတော်မူတာပဲ။ သမ္မပ္ပဓာန်ဆိုတာ ‘လုံ့လဝီရိယ’နဲ့ အားထုတ်ရမယ်လို့ ဆိုတာပဲလို့ မှတ်ကြ။
