အကြောင်းပြစကား
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
အထူး သတိပြုရန်အချက်
+++ ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရိံ၊
ဓမ္မော သုစိဏ္ဏော သုခမာဝဟတိ။
ဧသာနိသံသော ဓမ္မေ သုစိဏ္ဏေ၊
န ဒုဂ္ဂတိံ ဂစ္ဆတိ ဓမ္မစာရီ။ ။
(ဓမ္မပဒပါဠိတော်-သာရိပုတ္တတ္ထေရဝတ္ထု)
ဘာသာပြန်
တရားတော်မြတ်ကို ကျင့်ကြံကြိုးကြုတ် အားထုတ်သောသူကို စင်စစ်ဧကန် အမှန်မုချအားဖြင့် တရားတော်က စောင့်ရှောက်ပေ၏။ ကောင်းစွာ ကျင့်အပ်သည့် တရားမြတ်သည် ချမ်းသာအမျိုးမျိုးကို ရွက်ဆောင်လေ၏။ ဤသို့သော သဘာဝသည်ကား တရားတော်ကို ကျင့်ဆောင်ရာတွင် ဖြစ်မြဲ, ရမြဲသော အကျိုးတရားပေတည်း၊ တရားတော်ကို ကျင့်ဆောင်သူသည် အပါယ် အစရှိ ဒုဂ္ဂတိ ဟူသမျှသို့ မလားမရောက်ရတော့ချေတကား။
အခွင့်ကောင်း
အမရပူရမြို့မင်္ဂလာတိုက်၌ ယာပိုထိလေးလီမျှညီ သီတင်းသုံးတော်မူသော ကျေးဇူးရှင် မိုးကုတ်ဆရာတော် ဘုရားကြီး ဟောကြားတော်မူအပ်သည့် ဝိပဿနာတရားတော်များကို ဤစာရေးကူးတင်ဆက်သူသည် ၁၃၂၀ ခု၊ တပို့တွဲလဆန်း (၁၀) ရက်နေ့မှ အစပြု၍ ‘မိတ္ထီလာမြို့ ပထမလမ်းမတော် ပန်းထိန်တန်းရပ်နေ ဦးကျော်မောင်-ဒေါ်စန္ဒီ’တို့၏ ကျေးဇူးပြုချက်အရ အခွင့်ကောင်းကြုံရ ကံကောင်းထောက်မသဖြင့် နာကြားခွင့်ကို ရရှိခဲ့ပါသည်။
အရှင်ဆရာတော်၏ ဟောစဉ်မှာ တစ်ချိန်ဟောလျှင် တစ်နာရီတိတိသာ ဟောလေ့ရှိပြီး ဟောသည့် တရား အစဉ်တွင်လည်း စကားလုံး အပိုမပါ တိကျမှန်ကန်လှစွာသော သဘာဝနှင့် ပရမတ္ထအနက် သစ္စာအချက်တို့ကိုသာ ဟောပြတော်မူလေ့ရှိပါသည်။
အရှင်ဆရာတော်၏ ဟောကြားပုံမှာ တစ်မျိုး တစ်ဘာသာ ထူးခြားလှပြီး နာကြား၍ အားမရနိုင်အောင်ပင် ဖြစ်ပါသည်။ ကြားနာရသူတို့၏ ဟဒယနှလုံးသားကိုလည်း ယူကျုံးဆွဲငင်နိုင်စွမ်း ရှိလှပါသည်။ သဘာဝအချက် ဓမ္မ အနက်တို့ကို ကွက်ကွက်ကွင်းကွင်း ရှင်းလင်းသိသာအောင် ကျနစွာ ဟောပြတော်မူလေ့ရှိပါသည်။
ထို့ကြောင့်ပင်လျှင် ဓမ္မမိတ်ဆွေအများတို့၏ နှုတ်ဖျား၌ ဥဒါန်းစကား ပြောဆိုကြသည်မှာ…
”ဆရာတော်၏တရားကို တစ်ကြိမ်မျှ နာကြားရလျှင် ထပ်ခါတလဲလဲပင် ကြားနာချင်နေတော့တာပါပဲ”ဟူ၍ လည်းကောင်း။
”ဒီဆရာတော်တရားကို နာကြားရလို့မှ အကျွတ်တရား မရသေးဘူးဆိုလျှင် ဒီဘဝမှာ ကျွတ်လမ်းမမြင်တော့ ပါဘူး”ဟူ၍လည်းကောင်း ဖြစ်ပါတော့သည်။
ဓမ္မရတနာပီတိဖြာ
ဆရာတော်၏ တရားတော်ကို ကြားနာရဆဲအခါများတွင် ဤစာရေးသူနှင့်တကွ ဓမ္မအဆွေတော်များတို့ပါ သဒ္ဓါကဲမောက် ဉာဏ်အစဉ် ထွန်းတောက်လျက် ဝမ်းမြောက်ခြင်း ဓမ္မပီတိ သုခ ဓမ္မသံဝေဂများကို ထိုက်သည့်အား လျော်စွာ ရရှိခံစားကြရပါသည်။
သံဝေဉာဏ်စက်ဆုံးဖြတ်ချက်
သံဝေဂဉာဏ်များ တဖွားဖွား တိုးတက်ထက်သန်လာသည့် အားလျော်စွာ တရားတော်ကို ကြားနာရ၍ ရက် ပေါင်း (၂၀) ကျော်မျှ ကြာရှိလျှင်ပင် တိကျသော ဆုံးဖြတ်ချက်တစ်ခုကို ယတိပြတ် ချမှတ်လိုက်ပါတော့သည်။
ဆုံးဖြတ်ချက်ကား
ငါသည် ယခုကဲ့သို့ အမှတ်တမဲ့နေပြီး အမှတ်တမဲ့ သေသွားရမူ အပါယ်ကျဖို့က ပို၍ သေချာလှသည်။
ကြုံတောင့် ကြုံခဲ ကြုံတွေ့လာရသည့် မြတ်စွာဘုရား သာသနာခေတ် လူ့အဖြစ်တွင် သဒ္ဓါစစ်လည်းရ၊ သဒ္ဓမ္မ ကိုလည်း ယခုပင် နာကြားရပေပြီ။
အလဟဿ အချည်းအနှီး အချိန်မစီးသည့် လူ့အန္ဓအဖြစ်ဖြင့် အနစ်အမွန်းမခံသင့်၊ အမြုပ် အမျော မခံအပ်၊ ဘယ်နည်းနှင့်မှ မခံနိုင် မခံလိုတော့ပြီ။
အချိန်မလွန်ခင် အလုပ်ခွင်ဝင်မှ တော်မည်၊ ဝင်တော့အံ့၊ ကိုယ့်ကိုယ်တိုင် စိတ်ချရအောင် မဆုတ်မနစ် တအားသစ်၍ ပဓာနအလုပ်ကို ကြိုးစားအားထုတ်တော့အံ့ဟူ၍ ဖြစ်၏။
ဗောဓိရိပ်သာ ခိုလှုံကာ
ထိုသို့ ဆုံးဖြတ်ပြီးနောက် (၂) လခန့်မျှ ကြာရှိသောကာလ ၁၃၂၁ ခု၊ တန်ခူးလပြည့်ကျော် (၁) ရက်နေ့အကျ တွင် မန္တလေးမြို့တောင်ပြင် ဗောဓိကုန်းရပ်ရှိ ဗောဓိရိပ်သာ ကမ္မဋ္ဌာန်းတိုက်သို့ အကြောင်းအားလျော်စွာ သွားရောက် ခိုလှုံခွင့်ကို ရရှိပါတော့သည်။
ထိုဗောဓိရိပ်သာတွင် အားထုတ်ခွင့်ရသဖြင့် (၁၀) ရက်တာမျှ တရားတော်ကို နှလုံးသွင်းမိလျှင်ပင် ပင်ကို အသိ၊ ပင်ကိုအမြင်၊ ပင်ကိုအထင်တို့သည် တက်တက်စင် လွဲမှားခဲ့သည့်အဖြစ်ကို ဧကန်ဒိဋ္ဌ တွေ့ရှိသိမြင်ရပါတော့ သည်။ ထိုအသိဉာဏ်နှင့်အတူ။
ဥဒါနဂီတိ
ဗောဓိနန်း ရိပ်သာယာ၊ ချဉ်းကပ်ခါကျွနု်ပ်။
မြတ်ဆရာထံတော်မှောက်မှာ၊ ဇွဲတောက်ကျင့်ထုတ်။
ပစ္စတ္တ ဝေဒိတာ၊ ဘယ်ဗြဟ္မာ ဘယ်နတ်၊
ငြင်းဆိုနိုင် မပိုင်ခွင့်၊ ရဲရင့်ဆုံးဖြတ်။
ကြိမ်ကြိမ်ထပ် ရှိပူဇော်၊ ကော်ရော်လို့ ညွှတ်တွား၊
အံ့ဖွယ်ဂုဏ် ဘုံနန္တမှာ၊ ထွန်းပစေသား။ ။
ဟူသော ဥဒါန်းစကားကို ရေးသားကျူးရင့်မိသည့် ကျူးရင့်နိုင်သည့်အခြေသို့ ဆိုက်ရောက်ခဲ့ပါသည်။
ကျေးဇူးဂုဏ်အင် တုံ့ဆပ်အင်
ထိုအခြေကား ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရား၏ တရားတော်ကို ကြားနာရသဖြင့်သာ ဆိုက် ရောက်လာသည်ဟုဆိုက မှားသည်ဟု မဆိုနိုင်ပါ။ အဓိကကျေးဇူးရှင်များတွင် တစ်ပါးအပါဝင်ပင် မှန်လှပါပေသည်။
ထို့ကြောင့်ရကား ‘ဣဓေဝ သုဘဒ္ဒ ဘိက္ခူ သမ္မာဝိဟရေယျုံ အသုညော လောကော အရဟန္တေဟိ အဿ’ ဟူသော သုတ်မဟာဝါ ပါဠိတော် မဟာပရိနိဗ္ဗာနသုတ်လာ စကားတော်အရ ဘုရားရှင်၏ မဟာကရုဏာတော်၊ ကျေးဇူးတော်၊ ဂုဏ်တော်များ၊ တရားတော်, သံဃာတော်တို့၏ ကျေးဇူးတော်, ဂုဏ်တော်များ၊ အရှင်မိုးကုတ်ဆရာတော် ၏ စေတနာတော်, ကျေးဇူးတော် ဂုဏ်တော်များကို တုံ့ဆပ်သောအနေအားဖြင့်လည်းကောင်း၊ ဓမ္မာစရိယ ဓမ္မဒေသက, ဓမ္မလမ်းညွှန် ဆရာမွန်-ဆရာမြတ်အပေါင်းတို့၏ ကျေးဇူးတော်ကို ပူဇော်လေးမြတ် ပေးဆပ်သည့်အနေအားဖြင့်လည်း ကောင်း၊ ဓမ္မအဆွေတော်များ၏ ဆန္ဒကို ပြည့်ဝစေသောအားဖြင့်လည်းကောင်း အဇ္ဈတ္တမှ လှုံ့ဆော်အပ်သည့် စေတနာ ဗလဝသဒ္ဓါဆန္ဒတို့ကြောင့်လည်းကောင်း၊ ဤတရားတော်အစဉ်ကို ဒုတိယအကြိမ် ကြားနာရစဉ် ရေကူးမှတ်သား၍ အများအကျိုးအတွက် တင်ဆက်လိုက်ရပါသည်။
သတိတမန်အရင်းခံ
အနည်းငယ် သတိချပ်၍ သိမှတ်ထားရန် အချက်မှာ ဤတရားဟောစဉ်ကို အသံဖမ်းကြိုးခွေ (တိပ်ရကော်ဒါ) မှတစ်ဆင့် ရေကူးယူရပါသဖြင့် များစွာသော အခက်အခဲများနှင့် ရင်ဆိုင်ရပါသည်။ အသံမပီသဘဲ မကွဲပြားသည့် အချက်များကိုလည်း တွေ့ရှိရသည်။ လက်ရေးနှေးသဖြင့် မမှီလိုက်၍ အနည်းအကျဉ်း ကြွင်းကျန်ရစ်ခဲ့သော အရာများ ရှိပေမည်။ ဟောစဉ်တွင် နာကြားရခြင်း၌ ကောင်းမွန်သလောက် ရေးရာတွင် တစ်မျိုးတစ်မည် ဖြစ်နေတတ်သည် လည်း ရှိပါသည်။
ဤသို့သော အကြောင်းများကြောင့် ဆရာတော်၏ အာဘောဂ အနက် သဘာဝအချက်တို့ကိုသာ ဦးစားပေး လျက် မူမပျက်စေရအောင် အတတ်နိုင်ဆုံး ကြိုးစား၍ ရေးသားတင်ဆက်လိုက်ရပါသည်။
သို့ရာတွင် စကားဆက်ခြားရာ လေယူလေထား စကားတန်ဆာများနှင့်တကွ သဘာဝအချက် ဓမ္မအနက်တို့ နှင့် ကွဲလွဲဆန့်ကျင်စွာ ပြစ်ဆာစွန်းငြိ တစိုးတစိမျှ ပြောပစရာ အကယ်၍ကား တွေ့ရှိရပါငြားအံ့။ ဤစာရေးကူး တင်ဆက်သူ၏ တာဝန်၊ ဤသူ၏ အပြစ်ပင်ဖြစ်သည်ဟု ဝန်ခံကတိပြုပါကြောင်း မူလဟောကြားရင်း ဆရာတော်ဘုရား နှင့် လုံးဝမသက်ဆိုင်ကြောင်း ကြိုတင်သတိချပ်စေရန် တောင်းပန်အပ်ပါသည်။
လေးလေးနက်နက် စဉ်းစားရန်အချက်
+++ အဇ္ဇေဝ ကိစ္စံ အာတပံ၊ ကောဇညာ မရဏံ သုဝေ။
န ဟိ နော သင်္ကရန္တေန၊ မဟာသေနေန မစ္စုနာ။
(ဘဒ္ဒေကရတ္ထသုတ်ပါဠိတော်)
ဘာသာပြန်
ဒီယနေ့ပင်လျှင် မလုပ်လျှင် မဖြစ်သည့် ဝိပဿနာ ဘာဝနာလုပ်ငန်းကို လျင်မြန်ဆောစွာ မဆုတ်တမ်း ပြုလုပ်ရာ၏။ အရိုးပင်ကျေပစေ၊ အရေပင် ခန်းစေတော့ တကယ်တမ်း ပြုလုပ်အပ်၏။ နက်ဖြန်, သဘက်, တစ်ရက် ရက်၌ ဆက်ဆက်မုချသေရမည်လည်း မသိနိုင်။ ငါတို့အဖို့ စစ်သည်အင်အား အလွန်များသော ထိုသေမင်းနှင့် နေ့ရက် အချိန်နာရီကို ချိန်းဆိုထားခြင်းမရှိသည်မှာ အမှန်ဖြစ်ချေသည်တကား။
+++ မာဝေါခဏံ ဝိရာဓေထ၊ ခဏာတီတာ ဟိ သောစရေ။
သဒတ္ထေ ဝါယမေယျာထ၊ ခဏော ဝေါ ပဋိပါ တိတော။
(အပဒါန် ပါဠိတော်)
ဘာသာပြန်
အို သူတော်စွာတို့ အသင်တို့ကား အရိယာသစ္စာ သိပိုင်ရာရ ကောင်းမြတ်သော ခဏကို ကုန်လွန်ချော်သွား အလကား မဖြစ်ကြပါစေလင့်၊ အကြောင်းကိုဆိုသော် ခဏကောင်းကို လွန်သွားရသူတို့မှာ နောင်ခါ နောင်တစိုးရိမ် ခြင်း ပြင်းပြကုန်၏။ သို့အတွက် မိမိ၏ အကျိုးစီးပွား၌ လုံ့လကြိုးကုတ် မရရအောင် အားထုတ်ကြရာ၏။ အသင်တို့ဖို့ ဗုဒ္ဓုပ္ပါဒ ကောင်းမြတ်သည့် ခဏကြီးကား ယခုထင်ထင် ရှေ့တွင် မျက်မှောက်ဆိုက်ရောက် ရရှိကြပေပြီတကား…။
အထူးသတိချပ်
ဤတရားတော်များကို အသံဖမ်း ကြိုးခွေမှ (တိပ်ရကော်တာ) တစ်ဆင့်ကူးယူ ရေးသားရသဖြင့် ချို့ယွင်းချက် များ ပါရှိကောင်း ပါရှိပေလိမ့်မည် အကယ်၍ ချို့ယွင်းချက် အပြစ်တစ်စုံတစ်ရာ တွေ့မြင်၊ ဖတ်ရှုရပါက ဤစာရေးသူ ၏ တာဝန်သာဖြစ်ကြောင်း မူလဟောကြားတော်မူရင်း ဆရာတော်ဘုရားနှင့် လုံးဝမသက်ဆိုင်ကြောင်း လေးလေး နက်နက် သတိချပ်၍ သိမှတ်ထားကြစေလိုပါကြောင်း ထပ်လောင်း၍ ရေးသားတင်ပြအပ်ပါသတည်း။
