#ကာယမိမံ (အလုပ်ပေး)
မှတ်ချက်။ ။မိုးကုတ်ရိပ်သာများ၌ အဖွင့်များသော ကာယမိမံ အလုပ်ပေးတရားဖြစ်ပါသည်။ (1960-11-13) သိကြားမင်းသောတာပန်တည်သော တရားတော် မှထုတ်နှုတ်ထားခြင်းဖြစ်သည်။ ဤတရားတော်၌ ဖြစ်ပျက်ကိုသာယာတဲ့ တဏှာကလဲ ချုပ်ပါရော ဖြစ်ပျက်လဲ ချုပ်တာပဲ-ဟု ဆရာတော်ကြီး ဟောကြားထားပါသည်။ ထို့ကြောင့် မိမိဉာဏ်အောက်၌ ဖြစ်ပျက်မချုပ်သေးလျှင် ဖြစ်ပျက်ပေါ်မှာ သာယာတဲ့ တဏှာ မချုပ်သေးလို့ လို့မှတ်ယူရမည်ဖြစ်သည်။
ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး အမရပူရမြို့၌
ဟောကြားသောတရားတော်
“ကာယမိမံ ဝိပဿနာရှုနည်း”
(13-11-60)
book-35
(၁၁-၁၁-၆၁)
ဒကာ- ဒကာမတွေ ဝိပဿနာရှုနည်းကို ရှေးဦးစွာ ပြောမယ်- (မှန်လှပါ ဘုရား)၊ ဝိပဿနာရှုနည်းက ရှင်သာရိ ပုတ္တရာကဟောထားတယ်။
ကာယမိမံ သမ္မသထ၊ ပရိဇာနာထ ပုနပ္ပနံ၊
ကာယေသဘာဝံ ဝိဒိတွာန၊ ဒုက္ခဿန္တံ ကရိဿတိ။
ဤကဲ့သို့ ဟောထားတော့ဒကာဒကာမတွေသည် ဘုရားရှေ့မှာဖြစ်စေ၊ ကိုယ့်အိပ်ရာ ထဲမှာ ဖြစ်စေ ထိုင်ပြီး သကာလ မိန်းမဖြင့် ဒူးတုပ်၊ ယောက်ျားဖြင့် တင်ပျဉ်ခွေပြီး သကာလ ထိုင်ချင် သလိုထိုင်၊ အိပ်ချင်သလိုအိပ် ကိစ္စ မရှိပါဘူးတဲ့။ သို့သော် အသက် မှန်မှန်ရှူပြီး သကာလ လေလေး ထွက်တာလဲ သိလို့၊ လေလေး ဝင်တာလဲ သိလို့ ဒီလိုချည်း သိပြီး သကာလ နေရာမှ ပထမ ရှေးဦးစွာတော့ဖြင့် ထွက်တာသိ ဝင်တာသိပဲ လုပ်နေပါ။ ဒီထဲကမှ ဟိုနေရာက အောင့်သလို လာလို့ရှိရင် ထွက်တာသိ ဝင်တာ သိ ဖြုတ်လိုက်ပါ။
ထွက်တာသိ ဝင်တာသိ ဖြုတ်ပစ်လိုက်ပါတော့လို့ သတိပေးလိုက်တယ် (မှန်လှပါ ဘုရား)၊ ထွက်တာသိ ဝင်တာ သိ ဖြုတ်ပြီးအောင့်တဲ့ နေရာ ကလေးကို ဉာဏ်က လှည့်လိုက်၊
သြော်- ဒါဖောက်ပြန်တာပါ လား၊ အင်း-ဖောက်ပြန်လာတာ နဂိုက မအောင့်ဘူး၊ ခုမှဒီနေရာလေးက အောင့်လာတယ်။ အဲဒီဖောက်ပြန်တဲ့ နေရာကလေး ကြည့်လိုက်ပြီဆိုမှဖြင့် ဖောက်ပြန်တာ ကလေးက ပျက်စီးသွားတယ်။
အောင့်တဲ့နေရာဉာဏ်လှည့်လိုက်ပါ
ထွက်တာသိ ဝင်တာသိ လုပ်နေတုံး တစ်နေရာက ဖြစ်လာသတုံး- (အောင့်လာပါတယ် ဘုရား)၊ အောင့်တဲ့ အခါကျတော့ ထွက်တာသိ ဝင်တာသိ ဖြုတ်လိုက်ပါ- (မှန်လှ ပါ ဘုရား)၊ အောင့်တဲ့နေရာကလေးဉာဏ်လှည့် လိုက်ပါ (မှန်လှပါ ဘုရား)၊ ခြေသလုံးကအောင့်ရင် ခြေသလုံး၊ ပေါင်က အောင့်ရင်ပေါင်၊ ခါးကအောင့်ရင်ခါး၊ နောက်ကျောအောင့် လို့ရှိရင်လဲ အောင့် တဲ့နေရာကလေး ဉာဏ်လှည့်လိုက်ပါ။
အဲဒါကလေးက ဘာပါလိမ့်မလဲဆိုတော့ ပင်ကို သဘောမှဖောက်ပြန်လာတာ။ အဲဒီဖောက်ပြန်တဲ့ နေရာကလေးကိုဒကာသစ်၊ ဒကာကြွယ်၊ ဦးလှဘူးတို့က ဉာဏ်လှည့် လိုက်ပြီဆိုမှဖြင့် ဉာဏ်ပေါ်နေတဲ့အတွက် သတ္တဝါသန္တာန်မှာ အောင့်တဲ့ စိတ်ကလေးက ချုပ်သွားပြီး ဉာဏ်စိတ်ကလေးက ပေါ်နေတယ်၊ ဉာဏ်စိတ်ကလေးပေါ်နေတော့ အောင့်တာ လေးက ဖောက်ပြန်ပြီး သကာလ ပျက်စီးသွားတာ တွေ့ပါလိမ့်မယ်။ ဖောက်ပြန်ပြီး ပျက်စီးသွားတာ တွေ့ပါလိမ့်မယ်။
ဤကဲ့သို့ ဖောက်ပြန်ပျက်စီး သွားတာတွေ တွေ့တဲ့ အခါကျတော့ ဒီခန္ဓာကိုယ်ကြီး စိုက်ကြည့်နေလို့ ဖောက်ပြန် ပျက်စီးတာ တွေ့တာလို့မှတ်လိုက်ပါနော် (မှန်လှပါ ဘုရား)။
အဲ့ဒီတော့ဖောက်ပြန်ပျက်စီးတာက အနိစ္စ၊ ဒုက္ခသစ္စာ။ အနိစ္စဆိုလဲ ဟုတ်တာပဲ၊ ဒုက္ခသစ္စာ ဆိုလဲ ဟုတ်တာပဲ၊ သြော် – ဒါကဒုက္ခသစ္စာ၊ ဖောက်ပြန်ပျက်စီးပြီလို့ သိနေတာကလေးက လောကီ မဂ္ဂသစ္စာ၊ ဒါဒီနေရာကလေးက အောင့်တာ ကလေးကပျောက်သွားလို့ ဟိုနေရာက အောင့်တာ ပေါ်လာတယ်။ ဟိုစိတ်ကလေး စားချင်တဲ့စိတ်ကလေး ပေါ်လာတယ်၊
အဲဒါကိုလဲ စားချင်တဲ့ စိတ်ကလေးကိုလဲရှိ၊ မရှိကြည့် ပေးပါ။ ကြည့်လိုက်တဲ့ အခါကျလို့ ရှိရင်ဖြင့် ကြည့်တဲ့ဉာဏ် ပေါ် လာလို့ရှိရင်ဖြင့် သတ္တဝါသန္တာန် နှစ်စိတ်မပေါ်ကောင်းတဲ့ အတွက် စားချင်တဲ့ စိတ်ကလေးက ဒကာကြွယ်၊ ဒကာသစ် တို့ ဖြစ်ပြီး ပျက်သွားတယ် – (မှန်လှပါ ဘုရား)၊ သူလဲခုမှ ဖောက်ပြန်ပြီးလာတာ အခုပဲ ပျက်စီးသွားတယ်၊ အဲဒီတော့ ဖောက်ပြန်ပျက်စီး သွားတာဘာသစ္စာ ခေါ်ကြမလဲ (ဒုက္ခသစ္စာပါ ဘုရား)။
အသိဉာဏ်က မဂ္ဂသစ္စာ
အင်း ဒုက္ခသစ္စာကို ဘုန်းကြီးတို့ ဒကာ၊ ဒကာမ တွေက သိလိုက်တော့ အသိခံရတာက ဒုက္ခသစ္စာ၊ အသိ ဉာဏ်က မဂ္ဂသစ္စာလို့အောက်မေ့ကြပါ (မှန်လှပါ ဘုရား) ဒီလိုချည်းပဲ ခန္ဓာကိုယ်ထဲ လှည့်လိုက်ပြီးသကာလ နေတော့ အသိ ခံတာကဒုက္ခသစ္စာ၊ အသိဉာဏ်က မဂ္ဂသစ္စာဆိုတော့
သြော် ခန္ဓာကိုယ်ထဲမှာ ဒုက္ခသစ္စာရယ် သိနေတဲ့ မဂ္ဂ သစ္စာရယ်။
ဤသစ္စာနှစ်ခုသာ ရှိပြီးသကာလ နေတော့ သမုဒယ သစ္စာဆိုတဲ့ လောဘက ချုပ်ငြိမ်း ရုပ်သိမ်းပြီး သကာလ နေတော့တယ်။ ဒီလောဘ ချုပ်ငြိမ်းနေတော့ လောဘတဏှာ ချုပ်တော့ တဏှာချုပ်တော့ ဥပါဒါန် မချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား)။ ဥပါဒါန်ချုပ်တော့ ကံချုပ်တယ်၊ ကံချုပ်တော့ အနာဂတ်ဘဝလာလတ္တံ့ဖြစ်တဲ့ ပဋိသန္ဓေနေမှု၊ အိုမှု သေမှုရော (ချုပ်ပါတယ် ဘုရား)။
ဪ ဒါဘယ့်နှယ်ကြောင့် ချုပ်ပါလိမ့်မလဲလို့ ဒကာကြွယ်၊ ဒကာသစ်တို့၊ ဦးလှဘူးတို့က မေးလို့ရှိရင်ဖြင့် ဖောက်ပြန် ပျက်စီးတာ မြင်နေတဲ့ မဂ်က ချုပ်စေတာ ဆိုတာ သေချာပြီလား (သေချာပါတယ် ဘုရား)။
ဝိပဿနာဆိုတာ ဘာပါလိမ့်
ဒါဖြင့် ဒီခန္ဓာကိုယ်ကြီးကို ဝိပဿနာရှု ဆိုတာ ခန္ဓာကိုယ်စောင့်ကြည့်တဲ့ အလုပ်လို့ မှတ်လိုက်စမ်းပါ(မှန်လှ ပါ ဘုရား)၊ ဝိပဿနာ အလုပ်ဆိုတာ ဘာပါလိမ့် (ခန္ဓာကိုယ် စောင့်ကြည့်တဲ့ အလုပ်ပါ ဘုရား)။
ဒါကြောင့် “ ကာယမိမံ သမ္မသထ ” ဣမံကာယံ၊ ဤခန္ဓာကိုယ်ကြီးကို။ သမ္မသထ၊ စောင့်ကြည့်ပြီး သုံးသပ်စမ်း ပါကွာ၊ ရှင်သာရိပုတ္တရာက မှာရှာတယ်၊ ခန္ဓာကိုယ်ကြီး စောင့် ကြည့်ပြီး သုံးသပ် စမ်းပါ၊ ဆင်ခြင်စမ်းပါ ဆိုတော့ ဖြစ်ပျက်မဂ် မလာပေဘူးလား (လာပါတယ် ဘုရား)။
ပျက်စီး သွားတာ ဖြစ်ပျက်၊ စောင့်ကြည့်တာ – (မဂ်ပါ ဘုရား)။ သြော် – မဂ်ဆိုတာက ဒကာ၊ ဒကာမတို့စောင့် ကြည့်မှ ရတယ်လို့ မှတ်စမ်းပါ (မှန်လှပါ ဘုရား)။
စောင့် မကြည့်ရင် (မရပါ ဘုရား)၊ မရဘူး၊ ရှာရင်တော့ မရဘူး။ စောင့်ကြည့်ရင်တော့ (ရပါတယ် ဘုရား)၊ တောထဲက ကျားတွေက အပြေးတော့ မသန်ပါဘူး တဲ့ အဖမ်းတော့မြန်သလို မိလိန္ဒပဉ္စာက စောင့်ဖမ်းပါလို့လဲ သေသေချာချာ ဟောထားတယ် (မှန်လှပါ ဘုရား)။
ဒါကြောင့် ဘုန်းကြီးတို့ဒကာ- ဒကာမတွေက အိမ် ရောက်လို့ရှိရင် ဘုန်းကြီး ပြောတဲ့ အတိုင်းသာ လုပ်ကြစမ်းပါ။
ခန္ဓာကိုယ်စောင့်ကြည့်နေ၊ ဘာနဲ့စောင့်ရမလဲဆိုတော့ ရှူမှုလေး မှန်မှန်ရှူ ရှိုက်မှုလေး မှန်မှန်ရှိုက်၊ ရှိုက်ရာကမှ အထူး တရားလေး ပေါ်လာလို့ရှိရင် ဪ ဒါဝိပရိဏာမလက္ခဏာ ဒုက္ခသစ္စာ ပါလားလို့ စောင့်ကြည့်လိုက် (မှန်လှပါ ဘုရား)။
နောင်ခန္ဓာမလာတာ နိရောဓသစ္စာ
ဒါဖြင့် “ဝိပရိဏာမလက္ခဏာ ဒုက္ခသစ္စံ” က ဒုက္ခသစ္စာ၊ စောင့်ကြည့်တာလေးက (မဂ္ဂသစ္စာပါ ဘုရား)၊ သေတာက သမုဒယသစ္စာ နောင်ခန္ဓာ မလာတာက နိရောဓသစ္စာ၊ နိရောဓ ဆိုတော့ သြော် တို့သစ္စာ အလုပ် လုပ်နေပါ ကလားဆိုတာ ပေါ်မလာဘူးလား (ပေါ်လာပါတယ် ဘုရား)။
ဪ ဒါဖြင့် ဝိပဿနာအလုပ်ဆိုတာ အားလုံး တရားနာတဲ့ ဒကာ-ဒကာမတွေ စောင့်ကြည့်တဲ့ အလုပ် (မှန်လှပါ ဘုရား)။
ဝိပဿနာအလုပ် ဆိုတာ ဘာပါလိမ့် (စောင့်ကြည့်တဲ့ အလုပ်ပါ ဘုရား)၊ စောင့်ကြည့်တဲ့ အလုပ် ဆိုတော့ တပည့်တော်တို့ဖြင့် မလုပ်တတ်သေးပါဘူး ဘုရားဆိုရင် စောင့် မကြည့်လို့သာ မှတ်ပေတော့ (မှန်လှပါ ဘုရား)။
သစ္စာလေးပါးအလုပ် လုပ်နေတာ
စောင့်ကြည့်တော့ ခန္ဓာကိုယ်ကြီးက ဟိုနေရာကပြ၊ ဒီနေရာကပြ၊ ဟိုနေရာကပြလိုက်၊ ဒီနေရာကပြလိုက်နဲ့ ပြတဲ့ နေရာ ကိုပဲ စောင့်ကြည့်နေတဲ့ အခါကျလို့ရှိရင် ပြတာက ဒုက္ခသစ္စာ၊ သိတာကမဂ္ဂသစ္စာ၊ သေတာက (သမုဒယ သစ္စာပါ ဘုရား)။
နောင်ခန္ဓာ မလာတာက (နိရောဓသစ္စာပါ ဘုရား)၊ နိရောဓသစ္စာ ဆိုတာ ဪ တို့တစ်တွေ သစ္စာ လေးပါးအလုပ် လုပ်နေပါကလားဆိုတာ မပေါ်လာဘူး လား(ပေါ်လာပါတယ် ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။။
ဒကာကြွယ်ရေ ဒကာကြွယ်တို့လုပ်တော့လဲ စောင့်ကြည့်ရတယ်မဟုတ်လား(မှန်ပါ့ ဘုရား)၊ လိုက် ဖမ်းရင် မိပါ့မလား (မမိပါ ဘုရား)။ .
အေး ဒါကြောင့် ဘုန်းကြီးတို့ဒကာ၊ ဒကာမတွေ စောင့်ကြည့်လို့ရှိရင် ခန္ဓာကိုယ်ကြီးက ပင်ကိုက အနာ ခန္ဓာ ကိုယ်ကြီးကိုး (မှန်လှပါ ဘုရား)။
အနာတွေပဲ မပြရပေဘူးလား (ပြပါတယ် ဘုရား)၊ အနာခန္ဓာကိုယ်ကြီးမို့ အနာခန္ဓာတွေပြတော့ ဒီအနာ ခန္ဓာတွေကလဲ ဖြစ်လိုက်၊ ပျက်လိုက်၊ ဖြစ်လိုက်၊ ပျက်လိုက်၊ ဖြစ်လိုက်၊ ပျက်လိုက်နဲ့ ပြနေတော့ ဪ ဒီဥစ္စာ ဖြစ်ပျက်က ဒုက္ခသစ္စာ သိတာက မဂ္ဂသစ္စာပါလားဆိုတာ အခု အချိန်မှာ ဉာဏ်ထဲမှာ ပေါ်လာတယ် (မှန်လှပါ ဘုရား)။
ထိုကဲ့သို့ ပေါ်လာတဲ့ အခါကျလို့ရှိရင်ဖြင့် ကိလေသာ ကြားမညှပ်လို့ရှိရင် ဖြစ်ပျက်နဲ့ မဂ်နဲ့ ကြားထဲမှာ ကိလေသာ ကြားမခြားလို့ရှိရင် ခုနစ်ရက်နဲ့ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် ရပါတယ် (မှန်လှပါ ဘုရား)၊ ဖြစ်ပျက်နဲ့ မဂ်နဲ့ကြားထဲမှာ ကိလေသာ မခိုရင် (ခုနစ်ရက်နဲ့ ရနိုင်ပါတယ် ဘုရား)၊ ဒကာကြွယ် မမြန်လား (မြန်ပါတယ် ဘုရား)။
ဘာကြောင့်သံသရာရည်ရပါလိမ့်
ဘုန်းကြီးက ဟောတာလား၊ ဘုရားသခင် ကိုယ်တော် မြတ်ကြီးက ဟောတာလားလို့ ဆိုတော့ သတိပဋ္ဌာန် ပါဠိတော် မှာ သေသေချာချာ ရှိလေသောကြောင့် ဒကာ၊ ဒကာမတွေ စောင့်ကြည့်တဲ့ အလုပ် မလုပ်ခဲ့သောကြောင့် သံသရာရှည် ရပါတယ်ဆိုတာ သဘောကျပလား (ကျပါတယ် ဘုရား)။
ဪ ဒါဖြင့် ဝိပဿနာဆိုတာ အားစိုက်ရှုရ တာလား၊ ဒကာ၊ ဒကာမတို့ စောင့်စားပြီး ရှုရတာလား (စောင့်စားပြီး ရှုရပါတယ် ဘုရား)၊ သေသေချာချာပြောနေပါ တယ် ဒကာ၊ ဒကာမတို့ (မှန်ပါ့ ဘုရား)၊ လေးလေးစား စားနဲ့ မှတ်စမ်းပါ (မှန်ပါ့ ဘုရား)။
လေးလေးစားစားနဲ့ မှတ်လိုက်တဲ့အခါကျတော့ စောင့်ကြည့်တဲ့ အလုပ်တွေက ခန္ဓာကိုယ်ထဲမှာ ဘာမှ ကြည့် စရာမရှိရင်ဖြင့် သြော် လေကလေးထုတ်တဲ့စိတ် ကလေးလဲ ထုတ်ပြီး ပျက်တာပဲ(မှန်ပါ ဘုရား)။
လေကလေးပြန်သွင်းတဲ့စိတ်ရော (သွင်းပြီး ပျက်ပါတယ် ဘုရား)၊ အဲဒါကလေး ဘယ်ကမှ မရှိတော့ဘူးဆိုရင် သူပြန်ထိုင်လိုက် (မှန်လှပါ ဘုရား)၊ သဘောကျပလား (ကျပါတယ် ဘုရား)။
ဟာ သူ့ပြန်ထိုင်ရင်းမတ္တနဲ့ပဲ ဟိုနေရာက ယား သလို၊ ဒီနေရာကအောင့်သလို၊ ဒီနေရာက ကောင်းသလိုလို လာပြန်လို့ရှိရင် သူ့ဖြုတ်ပစ်လိုက် (မှန်လှပါ ဘုရား)၊ ခုနင်က ယားတဲ့နေရာ အောင့်တဲ့နေရာတွေ လှည့်လည်ပြီး ဪ ဒါတွေဒုက္ခသစ္စာပါလား၊ ဒါတွေ ဒုက္ခသစ္စာပါ လားလို့ ရှုပါ (မှန်လှပါ ဘုရား)။။
ကောင်းတဲ့စိတ်ကလေးလဲ ဖြစ်ပြီးပျက်တော့ ဒုက္ခ ရောက်တာပဲ (မှန်လှပါ ဘုရား)၊ ဆိုးတဲ့ စိတ်ကလေးလဲ ဖြစ်ပြီးပျက်တော့ (ဒုက္ခရောက်ပါတယ် ဘုရား)။ အလယ် အလတ် စိတ်ကလေးလဲ ဖြစ်ပြီးပျက်တော့ (ဒုက္ခရောက်တာပါပဲ ဘုရား)။
အဲဒီဒုက္ခသစ္စာတွေ ချည်းပဲ ပိုင်ပိုင်နိုင်နိုင် ဖြစ်ပျက်က ဒုက္ခသစ္စာ၊ သိတာက မဂ္ဂသစ္စာလို့ ဒကာ၊ ဒကာမတွေ ကြိုးစား နေကြမယ် ဆိုလို့ရှိရင် ကြာတော့ ဒုက္ခသစ္စာ တွေ့တာက ဘုရားက။
“သံခိတ္တေန ပစ္စုပါဒါနက္ခန္ဓာပိ ဒုက္ခာ”လို့ ဟောသော ကြောင့် ခန္ဓာငါးပါးစလုံးပြတဲ့ ဥစ္စာတွေ အနိစ္စလဲမပြ၊ ဒုက္ခလဲမပြ၊ အနတ္တလဲမပြ၊ အသုဘလဲမပြဘဲနဲ့ ဒကာကြွယ်၊ ဒကာသစ်တို့ ဒုက္ခသစ္စာပဲ ပြတယ် (မှန်လှပါ ဘုရား)။
လူ့ဘဝရတာ ဒုက္ခသစ္စာရတာ
အဲဒီကဲ့သို့ ပြလာပြီဆိုမှဖြင့် လူ့ဘဝရတာ ဒုက္ခသစ္စာရတာကိုးလို့ ပေါ်ပေါ်လွင်လွင်ကြီး သိမလာ ပေ ဘူးလား (သိလာပါတယ် ဘုရား)၊ လူ့ဘဝရတာ ဘာ ရတာပါလိမ့် (ဒုက္ခသစ္စာကြီးရတာပါ ဘုရား)၊ ဒုက္ခသစ္စာ ကြီးရတယ် ဆိုတာ မသေချာဘူးလား.(သေချာပါတယ်)။
အဲဒီကဲ့သို့ ဒုက္ခသစ္စာကြီး ရတာကိုပိုင်ပိုင်နိုင်နိုင် သိနေတော့ တစ်ကိုယ်လုံးမှာ ဟိုကယား၊ ဒီကနာ၊ ဒီကအောင့်၊ ဟိုကကိုက်၊ ဒီကခဲ၊ ဟိုကတစ်မျိုးတစ်ဖုံပေါ်၊ ပေါ်လာ တာဟူသရွေ့ ပျောက်တာပဲတွေ့ရ၊ စောင့်ကြည့်တဲ့ပုဂ္ဂိုလ် မတွေ့ရဘူးလား (တွေ့ရပါတယ် ဘုရား)။
ဒါဖြင့် ဝိပဿနာ အလုပ်ဆိုတာ ဘယ်လိုလုပ်ရမှာပါလိမ့်မလဲ လို့မေးရင် ဘယ့်နှယ်ဖြေကြမလဲ (စောင့်ကြည့် ရပါတယ် ဘုရား)၊ စောင့်ကြည့်တာပဲတဲ့၊ အကြည့်ခံရတာက ဒုက္ခသစ္စာ၊ ကြည့်ဉာဏ်က မဂ္ဂသစ္စာ၊ အကြည့်ခံရတာက (ဒုက္ခသစ္စာပါ ဘုရား)။ ကြည့်ဉာဏ်က (မဂ္ဂသစ္စာ ပါဘုရား )။ မဂ္ဂသစ္စာ ဆိုတော့ သြော် မဂ်ဟာဆုတောင်း အလုပ်လား၊ စောင့်ကြည့်တဲ့ ဉာဏ်အလုပ်လား (စောင့် ကြည့်တဲ့ ဉာဏ်အလုပ်ပါ ဘုရား)။
စောင့်ကြည့်တဲ့ ဉာဏ်အလုပ်လို့ ဒကာ၊ ဒကာမတွေ ကအသိကြီး သိလာပြီဆိုမှဖြင့် သြော် ခန္ဓာကိုယ်ကြီးဟာ သုခကြားမညှပ် ဒုက္ခသစ္စာ တရစပ်ပါလားဆိုတာ ပေါ်ပါလိမ့် မယ်(ပေါ်လာပါတယ် ဘုရား)၊သုခကြားမညှပ်(ဒုက္ခ သစ္စာ တရစပ်ပါ ဘုရား)၊ ဒုက္ခသစ္စာ တရစပ်ပါလားဆိုတာ မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား)။
နိဗ္ဗိန္ဒဉာဏ်
ထိုကဲ့သို့ ပေါ်လာတဲ့အခါကျတော့မှ သြော် ဒုက္ခသစ္စာ ကြီးပါလား၊ သုခဆိုတာဘာမှ မပေါ်လာပါလား ဆိုတော့ ဒုက္ခတွေမြင်ပြီး ငြီးငွေ့ လာပါလိမ့်မယ် (မှန်လှပါ ဘုရား)၊ ဒါဖြင့် ဖြစ်ပျက် မြင်တာသည် ယထာဘူတဉာဏ် (မှန်လှပါ ဘုရား)၊ ဖြစ်ပျက် ဒုက္ခသစ္စာကြီး မုန်းလာတာ သည် (နိဗ္ဗိန္ဒဉာဏ်ပါ ဘုရား)၊
ကြာတော့ ဉာဏ်က ထက်ထက်၊ ထက်ထက်၊ ထက် ထက်ပြီး ကြည့်ပါများလာတော့ ဘုန်းကြီးတို့ဒကာ၊ ဒကာမ တွေ၌ တဲ့ ဒီဒုက္ခကြီးနဲ့ဖြင့် မနေချင်ပါဘူးဆိုတာ မနေချင်တဲ့ ဉာဏ် မလာပေဘူးလား (လာပါတယ် ဘုရား)။
မဂ်စစ်ပေါ်မယ်
မနေချင်တဲ့ ဉာဏ်လာတဲ့ အခါကျတော့ ခုနင်က ဒုက္ခ တွေ အကုန်ပျောက်သွား ပါလိမ့်မယ် (မှန်လှပါ ဘုရား)။ မနေချင်တဲ့ ဉာဏ်လာတော့ ဘာတွေပျောက်သလဲ၊ (ဒုက္ခ တွေပျောက်ပါတယ် ဘုရား)၊ ဒါဖြင့် ဒုက္ခပျောက်၍ ဒုက္ခ ဆုံးတာက နိရောဓသစ္စာ၊ ဒုက္ခအဆုံးသိတာက (မဂ္ဂသစ္စာပါ ဘုရား)။
မဂ္ဂသစ္စာဆိုတော့ မဂ်စစ်ပေါ်လာလိမ့်မယ်၊ (မှန်ပါ့ ဘုရား)၊ ဒုက္ခပျောက်ရင် မဂ်စစ်ပေါ်လိမ့်မယ်၊ ဒုက္ခတွေ့ရင် ဝိပဿနာမဂ်ပေါ်လိမ့်မယ် (မှန်လှပါ ဘုရား)။ ဒုက္ခတွေ့ ရင် (ဝိပဿနာမဂ် ပေါ်လာ လိမ့်မယ် ဘုရား)။
ဒုက္ခတွေ မရှိဘူးဘုရား၊ ရှုစရာကို မရှိဘူးဘုရား ဆိုရင်ဖြင့် ဘာပေါ်လာမလဲ (မဂ်စစ် ပေါ်လာ လိမ့်မယ် ဘုရား)၊ မဂ်စစ် ပေါ်လာလို့ ဒုက္ခ မရှိတာက နိရောဓသစ္စာ (မှန်လှပါ ဘုရား)၊ မဂ်စစ် ပေါ်လာလို့ ဒုက္ခ မရှိတာက နိရောဓသစ္စာ (မှန်လှပါ ဘုရား)။ မရှိမှန်း သိတာက (မဂ္ဂသစ္စာ ပါ ဘုရား)။
အဲဒီကျအောင် စောင့်ကြည့်ရင်း မတ္တနဲ့ ဆုံးသွား အောင်လိုက်လိုက်လို့ရှိရင်ဖြင့် “ဒုက္ခဿအန္တံ ကရိဿတိ” ဒုက္ခဿ၊ ဒုက္ခ၏၊ အန္တံ- အဆုံးကို၊ ကရိဿတိ- မဂ်ဉာဏ်က မျက်မှောက် ပြုလိမ့်လဲ့လို့ ရှင်သာရိပုတ္တရာ ကလဲဟော၊ ဘုရားကလဲ ဟောသည် ဖြစ်လေသောကြောင့် ဘုန်းကြီးတို့ ဒကာ၊ ဒကာမတွေ ယနေ့ကစပြီး စောင့်ကြည့်တဲ့ အလုပ်လုပ်စမ်းပါ (မှန်လှပါ ဘုရား)၊
ဖြစ်ပျက်တွေ လာသရွေ့ကို စောင့်သာကြည့်ပါလို့ သတိပေးလိုက်တယ်(မှန်လှပါ ဘုရား)၊ ဖြစ်ပျက်တွေ လာ သရွေ့ကို (စောင့်သာ ကြည့်ရပါမယ် ဘုရား)၊ စောင့်ကြည့်ပါ။ ဒီပြင်ဘာမှ မလုပ်ပါနဲ့ စောင့်ကြည့်တော့ ကြာတော့ ဖြစ်ပျက်တွေ ဒကာကြွယ်တို့၊ ဦးလှဘူးတို့ စိပ်လာလိမ့်မယ် (မှန်လှပါ ဘုရား)။
စိပ်လာပြီ ဆိုမှဖြင့် စိပ်ပေမယ့် မပျင်းနဲ့၊ သြော် အသေတယ်များပါကလား၊ ဪ ဒုက္ခတွေ တယ်များ ပါလား၊ ဪ ဒုက္ခတွေ တယ်များပါလားလို့ သူက ဘယ်လောက်ပဲများများ ကိုယ်က ဒုက္ခတွေ များတယ်လို့သာ မြင်အောင်ကြည့်နေ (မှန်လှပါ ဘုရား)၊ ကြာတော့ သြော် ဖြစ်လာတာကလဲ ဒုက္ခ၊ ပျက်သွားတာကလဲ ဒုက္ခ၊ အဲဒီကဲ့သို့ ဒုက္ခကို အဖြစ်လဲ မသာယာ၊ အပျက်လဲမသာယာ၊ အဖြစ်ရော (မသာယာပါ ဘုရား)၊ အပျက်ရော (မသာယာပါ ဘုရား)။
မသာယာပါဘူးတဲ့၊ ထိုကဲ့သို့ မသာယာတဲ့အခါကျ တော့ ဖြစ်ပျက်ကို သာယာတဲ့ တဏှာကလဲ ချုပ်ပါရော ဖြစ်ပျက်လဲ ချုပ်တာပဲ (မှန်လှပါ ဘုရား)၊ သာယာတဲ့ ဒိဋ္ဌိ လဲချုပ်ပါရော (ဖြစ်ပျက်လဲ ချုပ်တာပါ ဘုရား)၊ ဖြစ်ပျက် လဲချုပ်သွားတယ် ဆိုတော့ ဖြစ်ပျက် ချုပ်တာ နိဗ္ဗာန်၊ ချုပ်မှန်း သိတာ မဂ်ဉာဏ်၊ ဖြစ်ပျက် ချုပ်တာက (နိဗ္ဗာန်ပါ ဘုရား)။ ချုပ်မှန်းသိပြီဆိုတာက (မဂ်ဉာဏ်ပါ ဘုရား)။
ဪ ဒါဖြင့် ဒကာကြွယ်တို့၊ ဒကာသစ်တို့ နိဗ္ဗာန် ဝေးသေးလား နီးသလား (နီးပါတယ် ဘုရား)၊ နီးလျက်နဲ့ မရောက်တာ-ဘာကြောင့်ပါလိမ့်မလဲလို့ မေးတော့ စောင့်ကြည့်တဲ့အလုပ်လဲ မလုပ်ဘူး (မှန်လှ ပါ ဘုရား)၊ စောင့်ကြည့်တဲ့ အလုပ်ကို (မလုပ်ပါ ဘုရား)။
တဏှာက ငရဲအိုးဖန်တီးနေသော
ဒါကြောင့် ခင်ဗျားတို့သည် သံသရာထဲမှာ ငရဲအိုး တွေကလဲ ငရဲမီးတွေ တောက်ပြီး တပွက်ပွက် ဆူနေတာဟာ ဒီခန္ဓာကြီးကို ခင်တွယ်တဲ့ တဏှာလောဘက မချုပ်တာနဲ့ပဲတဲ့။ ဒကာ၊ ဒကာမတို့ တဏှာကနေပြီး ငရဲအိုးကိုဖန်တီးနေတယ်။ (မှန်လှပါ ဘုရား)။
ဒိဋ္ဌိကနေပြီး ငရဲအိုးဖန်တီးနေတာ (မှန်လှပါ ဘုရား)၊ ဒါကြောင့် ခင်ဗျားတို့ကတော့ တရားနာလျက် ဒုက္ခ ကမချုပ်တော့ကို နောက်တဏှာက ကျန်မနေဘူးလား (ကျန်နေပါတယ် ဘုရား)။
နောက်တဏှာ ကျန်တော့ တဏှာက ဘယ်ခန္ဓာလုပ် ရပါမလဲဆိုပြီး အချိုးကျသူကစီမံနေတယ် (မှန်လှပါ ဘုရား)၊ အချိုးကျစီမံပြီးသကာလ နေတော့ တဏှာက ငရဲသွားတဲ့ တဏှာလဲရှိတယ်၊ သုဂတိသွားတဲ့တဏှာလဲရှိ တယ် (မှန်လှပါ ဘုရား)။
အဲဒီကဲ့သို့ တဏှာကအမျိုးမျိုး အဖုံဖုံ စုတိစီမံလိုက် ငရဲအိုးတွေ စီမံလိုက်ဆိုတာ တဏှာ မချုပ်လို့ဖြစ်ရတာ (မှန်ပါ ဘုရား)၊ ဒိဋ္ဌိမချုပ်လို့ (ဖြစ်ရတာပါ ဘုရား)။
ဝိစိကိစ္ဆာ မချုပ်လို့ (ဖြစ်ရတာပါ ဘုရား)၊ အခု တော့ဖြင့်ဒကာ၊ ဒကာမတွေ စောင့်ကြည့် ဖြစ်ပျက်မြင်ရင် ယထာဘူတဉာဏ်၊ ဖြစ်ပျက် မုန်းရင် (နိဗ္ဗန္ဒဉာဏ်ပါ ဘုရား)။။
ဖြစ်ပျက်တွေများ ရှုရင်းမတ္တနဲ့ ဖြစ်ဒုက္ခ ပျက်ဒုက္ခမှ တပါးဘာမှ မရှိဘူးလို့၊ လိုချင်စရာ ရချင်စရာ ဘာမှမရှိဘူး လို့ခန္ဓာကို ဆုံးဖြတ်ချက် ချလို့ရှိရင်လဲ အဲဒါ ဒုက္ခသစ္စာ ပိုင်းခြားသိတာပဲ (မှန်လှပါ ဘုရား)။။
ထိုကဲ့သို့ပိုင်းခြားသိလိုက်တဲ့ အခါကျလို့ရှိရင် ဒုက္ခ တွေဒကာကြွယ် ဘာဖြစ်သွားသလဲ (ချုပ်သွားပါတယ် ဘုရား)၊ ဒုက္ခတွေဆုံးသွားတယ် (မှန်လှပါ ဘုရား)။
ဒုက္ခဆုံးတာ ဘာခေါ်ကြမယ်(နိဗ္ဗာန်ပါ ဘုရား)၊ ဆုံးပေါ့လို့သိတာက (မဂ်ဉာဏ်ပါ ဘုရား)။
နိဗ္ဗာန်သည် ခန္ဓာအဆုံးမှာ ရှိတယ်
ဪ ဒါဖြင့်ဘုန်းကြီးတို့ဒကာ ဒကာမတွေ နိဗ္ဗာန်သည် ခန္ဓာအဆုံး ရှိတယ်ဆိုတာ ယနေ့ တစ်ထစ်ချမှတ် ဖို့ (မှန်ပါ့ ဘုရား)။
နိဗ္ဗာန်သည် အထက်မှာရှိသလား၊ အောက်မှာရှိ သလား၊ ဘေးမှာရှိသလားလို့မေးရင် ဘယ့်နှယ်ဖြေကြမလဲ (ခန္ဓာအဆုံးမှာ ရှိပါတယ် ဘုရား)။
ငရဲမီးငြိမ်း၍ ငရဲအိုးသိမ်းပါတယ်
အဲ ခန္ဓာဆိုတာ ဖြစ်ပျက်ပဲ (မှန်လှပါ ဘုရား) အဲဒီဖြစ်ပျက် အဆုံးမှာ နိဗ္ဗာန်ရှိတယ်ဆိုတာ ယနေ့ညကစပြီး ဘုန်းကြီးတို့ဒကာ ဒကာမတွေ ကြိုးစားလို့ရှိရင်ဖြင့်တဲ့ အပါယ်လေးပါး တံခါးတွေတင် မဟုတ်ပါဘူး၊ ငရဲမီးငြိမ်း၍ ငရဲအိုး သိမ်းပါတယ်ဆိုတာကို ကိုယ့်ဉာဏ်က မဂ်ဉာဏ်ကနေ သိမ်း လိုက်တယ်လို့ ဆုံးဖြတ်ချက်ချလိုက် (မှန်လှပါ ဘုရား)။
ဘယ်သူက သိမ်းတာပါမ့် (မဂ်ဉာဏ်က သိမ်းကာပါ ဘုရား)၊ ဒကာကြွယ် ရှင်းပြီလား (ရှင်းပါပြီ ဘုရား)၊ သဘောပါပလား (ပါပါတယ် ဘုရား)။ ဒါက အလုပ်စဉ်ကလေး ရှေ့ပိုင်းက ပြတာပါ။
သာဓု၊ သာဓု၊ သာဓု။