မျက်လုံးနှစ်လုံး၊ အမြင်နှစ်မျိုး
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
မန္တလေးမြို့၊ ဦးချစ်ဆွေဓမ္မာရုံ၌
ဟောကြားဆုံးမတော်မူအပ်သော
မျက်လုံးနှစ်လုံး၊ အမြင်နှစ်မျိုး
သေတတ်ကြပြီလား
နောက်လာမည့် လက်မဲ့ခန္ဓာကလဲ ဖြစ်ပျက်ဒုက္ခသစ္စာပဲ လာမှာပဲဆိုတာကလဲ ဒီခန္ဓာနဲ့ တစ်တန်းတည်း တစ်စားတည်း ဖြစ်နေသောကြောင့် တောင့်တစရာများ ရှိသေးသလား (မရှိပါဘူး)။
အဲဒီတော့ လက်ရှိခန္ဓာ ဖြစ်ပျက်မြင်ပြီး ဖြစ်ပျက်ရှုရင်း မတ္တနဲ့ ပစ္စဝေက္ခဏာကျပြီး သကာလ သေလိုက်လို့ရှိရင် သေခါနီးမှာ သမသိသီ ရဟန္တာတောင် ဖြစ်နိုင်တယ် (မှန်ပါ့) သေတာနဲ့ ရဟန္တာ ဖြစ်တာနဲ့ မရှေးမနှောင်းပဲ (မှန်ပါ့)။
အဲဒါကြောင့် သေတတ်ကြပြီလားလို့ မေးတယ် (သေတတ်ပါပြီ ဘုရား) ဘယ်လိုရှုသေမယ် (ဝိပဿနာရှုပြီး သေရပါမယ်) ဝိပဿနာရှုသေမယ်။ ဒီအချိန် နိဗ္ဗာန်မြင်ချင်လဲ မြင်လာမယ်။ မမြင်ရင်လဲ ခန္ဓာဖြစ်ပျက် မြင်လာမယ်။ မြင်ချင်တာမြင်။ ဘာမှသွားရာဂတိ မရှိဘူး နောက်ခန္ဓာမလာမှပဲ။ ခန္ဓာဖြစ်ပျက်မမြင်ဘဲ နိရောဓ မျက်မှောက်ပြုပြီးမှ တစ်ခါသေပြန်တယ် ဆိုလို့ရှိရင်လဲ နောက်ခန္ဓာ မလာတာပဲ (မှန်ပါ့)။
အဲဒါကြောင့် ခန္ဓာဖြစ်ပျက်ကို ရှုပြီး သေတဲ့နည်းသည် အကောင်းဆုံးပဲဆိုတာ သဘောကျပြီလား (ကျပါပြီ)။
ဒါဖြင့် ဒီခန္ဓာမခင်နဲ့ နောက်ခန္ဓာမတောင့်တနဲ့။ ဤသေနည်းဟာ အကောင်းဆုံး (မှန်ပါ့) ဒါသေနည်းသင်လိုက် တာပဲ။ ရှင်းပြီလား (ရှင်းပါပြီ)။
အဲဒီတော့ ငါဘယ်လိုများ သေရမှာပါလိမ့်မတုန်းဆိုတဲ့ ဝိစိကိစ္ဆာမလာစေနဲ့ (မှန်ပါ့)။
ဒါသေနည်း အကောင်းဆုံးပဲ
လက်ရှိခန္ဓာကို မခင်တွယ် အောင် ဖြစ်ပျက် ရှုနေမယ် လက်မဲ့ခန္ဓာကကြီးကိုလဲ မတောင့်တတော့ဘူး ဆိုလို့ရှိရင် ဒါသေနည်း အကောင်းဆုံးပဲလို့ ဘုရားက ဆန္နသုတ်မှာ ဟောတော်မူသောကြောင့် လေးလေးနက်နက် မှတ်ထားကြပါလို့ သတိပေးလိုက်တယ်နော် (မှန်ပါ့)။
ကောင်းပြီ ဒကာ ဒကာမတို့ ခန္ဓာဆိုတာ စွဲလမ်းလို့ရတာလို့ မှတ်ထားကြစမ်းပါ (မှန်ပါ့)။
ဪ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ယခုခန္ဓာငါးပါးကြီး ရထားတာဟာ ဘယ့်နှယ်ကြောင့် ဒီခန္ဓာငါးပါး ကြီး အခု၊ ဆရာဘုန်းကြီး ဟောလိုက်တော့လဲ ဒုက္ခသစ္စာတွေဆိုတာသိသိလျက်နဲ့လဲ ခွဲမရခွါမရ ဖြစ်ပြီး သကာလ နေလိုက်တာ ဘယ့်နှယ်ကြောင့်ပါလိမ့်မလဲလို့ မေးဖို့လိုတော့ စွဲလမ်းပြီး တပည့်တော်တို့ ယူထားလို့ပါ ဘုရားလို့ပဲ အဖြေထွက်ရမယ် (မှန်ပါ့)။
ဘယ်သူ့ကြောင့် ရထားသတုန်း (စွဲလမ်းတဲ့ ဥပါဒါနကြောင့် ရထားပါတယ်) စွဲလမ်းတဲ့ ဥပါဒါန်ကြောင့် ရထားတယ်ဆိုတာ သဘောကျပြီလား (ကျပါပြီ)။
အဲဒါကြောင့် စွဲလမ်းတဲ့ ဥပါဒါန်ကြောင့် ရထားခြင်းကြောင့် ဥပါဒါနပစ္စယာ ကမ္မဘဝေါ။ ကမ္မဘဝ ပစ္စယာ ဇာတိဆိုတဲ့ခန္ဓာ ငါးပါးကြီးကို ခင်ဗျားတို့ ရထားတယ် (မှန်ပါ့)။ သဘောကျပြီလား (ကျပါပြီ)။
အရင်ဘဝက စွဲလမ်းတဲ့ ဥပါဒါန်ကြောင့်
ဒါဖြင့် အခုခန္ဓာငါးပါးကြီးရထားတာ လက်သည်ရှာရင် အရင်ဘဝက စွဲလမ်းတဲ့ ဥပါဒါန်ကြောင့် ရထားတယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ)။
နောက်ဘဝက စွဲလမ်းတယ် မိမိခန္ဓာကြီး မိမိစွဲလမ်းတဲ့ ဥပါဒါန်ကြောင့် ဥပါဒါန ပစ္စယာကမ္မဘဝေါ မဖြစ်ဘူးလား (ဖြစ်ပါတယ်)။ ကမ္မဘဝပစ္စယာကြောင့် အခုတော့ဖြင့် ဇာတိတို့ ဇရာတို့နဲ့ အတူတူ မနေရဘူးလား (နေရပါတယ်)။
ဇာတိက ပဋိသန္ဓေက ပြီးခဲ့တော့ အခုဇရာနဲ့ အဖော်လုပ်မနေရဘူးလား (လုပ်နေပါတယ်) ဇရာရုပ်နာမ်ကြီးနဲ့ ဘာလုပ်နေကြသတုန်း (အဖော်လုပ်နေကြရပါတယ်)။
ဘာဖြစ်လို့ အဖော်လုပ်ပြီး သကာလ နေကြပါ လိမ့်မတုန်းဆိုတော့ နောက်တုန်းကဘုရားတပည့်တော်တို့ လက်ရှိခန္ဓာငါးပါးစွဲခဲလို့ ယခုဇရာခန္ဓာကိုယ်ကြီးနဲ့ အဖော်လုပ် နေရတယ်ဘုရား။ မရဏခန္ဓာကိုယ်ကြီးကလဲ တပည့်တော်တို့မှာ အခုရမည့်ဆဲဆဲပဲဘုရား ဆိုရင်ကော (မလွဲပါဘူး)။
အခုဘာနဲ့ အဖော်လုပ်နေသတုန်း (ဇရာနဲ့အဖော်လုပ်နေရပါတယ်)။ ဇရာနဲ့ အဖော်လုပ်နေတုန်းပဲ စိတ်ချ လက်ချပဲ သူနဲ့ရိုးမြေက ပေါင်းလို့ရပါ့မလားတဲ့။ မရဏခန္ဓာကြီးနဲ့ ကြုံရဦးမှာလား (ကြုံရမှာပါ ဘုရား)။
ဇရာနဲ့အဖော်လုပ်နေရတယ်
ဪ အခုအဖော်လုပ်နေတာက ဘယ်သူပါလိမ့် (ဇရာနဲ့အဖော်လုပ်နေရပါတယ်) ဇရာခန္ဓာငါးပါး (မှန်ပါ့)။
အင်း သူနဲ့ချည့် နေရလု့ိရှိရင်လဲ မဟုတ်သော်လဲ တော်သေးရဲ့ပေါ့ဗျာ။
နောက်ကျတော့ ဇရာကတော်ပြီ မင်းနဲ့ငါနဲ့ပေါင်းရတာကြာပြီ မရဏလက်တွင်းကို အပ်ပါတော့မယ်ဆိုပြီး သကာလ အပ်လိုက်တော့ ခင်ဗျားတို့ဘယ်သူနဲ့ အဖော်လုပ်ရမှာတုန်း (မရဏနဲ့ အဖော်လုပ်ရမှာပါ) ဒါဖြင့် သူသတ်ယောကျာ်းနဲ့ အဖော်လုပ်ရတော့မယ် (မှန်ပါ့) အဲဒါကလဲ သိပ်မဝေးကြတော့ဘူး (မှန်ပါ့) သူသတ်ယောကျာ်းနဲ့ အဖော်လုပ်ရမှာ ဝေးကြသေးရဲ့လား (မဝေးပါဘူး ဘုရား)။
ဪ ဒါဖြင့်ဒကာ ဒကာမတို့ နွားသတ်ရုံဆွဲသွားတဲ့ နွားကတွန်စရာ မြူးစရာမရှိလောက်အောင်ဘဲ သူ့မှာဖြင့် ထိတ်လန့်ဖို့ကောင်းတာတောင် တွန်လိုက်တယ် မြူးလိုက်တယ် ခွါကလေးတွေယက်လိုက် ချိုကလေးတွေ သွေးလိုက်ဆိုရင် ဖြင့် တိရစ္ဆာန်၏ စိတ်ပေါ်တာပဲလို့ တွေးကြရလိမ့်မယ်နော် (မှန်ပါ့)။
ဘယ်လိုတွေးကြမတုန်း (တိရစ္ဆာန်စိတ် ပေါ်ပါတယ်) ဘာဖြစ်လို့တုန်း နွားသတ်ရုံဆွဲမှန်းမသိလို့ (မှန်ပါ့) မရဏဆိုတဲ့ သေမင်းနဲ့ အဖော်လုပ်ရမှာ သူသိရဲ့လား (မသိပါဘူး) မသိတော့သူဟာ ဇရာလက်တွင်းမှာ ပျော်တယ် (မှန်ပါ့)။
ဘယ်နေရာ ပျော်နေသတုန်း (ဇရာလက်တွင်း ပျော်နေပါတယ် ဘုရား) ဇရာလက်တွင်းမှာ ပျော်နေတယ်ဆိုတာ မသေခင်ပျော်, သေခါနီးပျော်ပေါ့ဗျာ (မှန်ပါ့)။
မသေခင်ပျော်, သေခါနီးပျော်
ဘယ်နှယ့်ဆိုကြပါ့မလဲ (မသေခင်ပျော် သေခါနီးပျော်ပါ ဘုရား) ရှင်းရှင်းပြောကြပါဆိုတော့ ဒကာ ဒကာမတွေ သေခါနီးပျော်ပဲ (မှန်ပါ့)။
ဘယ်လိုဆိုကြပါ့မလဲ (သေခါနီးပျော်ပါ ဘုရား) ခုနင်က နွားဟာလေ (မှန်ပါ့) နွားသတ်ရုံဆွဲသွားတုန်းပဲ ဦးဘတင်ရဲ့ လမ်းမှာတွန်လိုက်တာနဲ့ ခွါကလေးနဲ့ မြေယက်လိုက်တာနဲ့ ဟင်ဒါဘာပျော်ဆိုကြမလဲ (သေခါနီးပျော်ပါ ဘုရား) ဦးခင်မောင် ဘာပျော်တုန်းဗျ (သေခါနီးပျော်ပါ ဘုရား)။
သေခါနီးပျော်ဆိုတာ ရှေ့နားရောက်လို့ နွားသတ်ရုံထဲ ရောက်သည်နဲ့တပြိုင်နက်တည်း လည်လှီးဒါးနဲ့ အလှီးခံရ တော့မယ် ဆိုတာကတော့ဖြင့် ဧကန်ပဲမဟုတ်လား (ဧကန်ပါ ဘုရား) အဲဒီကျလို့ရှိရင် မရဏနဲ့ သူအဖော်လုပ်ရတော့မယ် သေမင်းနဲ့ အဖော်လုပ်ရတော့မယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ)။
ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီနွားကိုမြင်သဖြင့် ဪ တိရစ္ဆာန်များ မသိတတ်လိုက်တဲ့ဖြစ်ခြင်း မပြောပါနဲ့တော့။ ခင်ဗျားတို့က ဘေးကနေကြည့်နေ (မှန်ပါ့)။
နွားသတ်ရုံ ဆွဲသွားတဲ့ နွားကနေပြီး ဦးဘတင် ခွါယက်ပြီး မြူးလိုက်တာနဲ့ တွန်လိုက်တာနဲ့ဆိုတော့ တိရစ္ဆာန်၏ မသိမှုဟာ တယ်ဆိုးပါးကလားဆိုတဲ့ အခြေအနေကို ခင်ဗျားတို့ ဝေဖန်နိုင်ပါတယ် (ဝေဖန်နိုင်ပါတယ် ဘုရား) မဝေဖန်နိုင် ဘူးလား (ဝေဖန်နိုင်ပါတယ် ဘုရား)။
နောက်ကျတော့ များမကြာမီဘဲ တစ်နာရီ နှစ်နာရီ သုံးနာရီ လေးနာရီအတွင်းမှာပဲ နွားသတ်ကုလား၏ လက်ထဲမှာပဲ သူဟာဆုံးရှုံးခြင်းသို့ မရောက်ရဘူးလား (ရောက်ပါတယ်) ဒါဖြင့်ဒကာ ဒကာမတို့ သေမင်းနဲ့ အဖော်လုပ် သွားပြီ (မှန်ပါ့) နဂိုတုန်းကတော့ကို သေမင်းဆီပို့တဲ့လူနဲ့ အဖော်လုပ်နေတယ် (မှန်ပါ့)။
လမ်းတုန်းက ဘယ်သူနဲ့ အဖော်လုပ်သတုန်း (သေမင်းဆီပို့တဲ့လူနဲ့ အဖော်လုပ်ပါတယ်)။ အဲ ဇရာဆိုတာ သေမင်းဆီပို့တဲ့လူပဲ (မှန်ပါ့) အဲ သေမင်းဆီပို့တဲ့လူနဲ့ အဖော်လုပ်နေတယ် နောက်ကျတော့ သေမင်းဆီပို့တဲ့လူက နွားသတ်ရုံထဲလဲ သွင်းလိုက်ပါရော သူသေမင်းနဲ့ အဖော်လုပ်ရတယ် (မှန်ပါ့) ရှင်းကြပြီလား (ရှင်းပါပြီ)။
အင်း ဒါဖြင့် နွားမိုက်သည်ကားလို့ဆိုရင် တွန်တယ်မြူးတယ်ဆိုတာ တိရစ္ဆာန်စိတ်ပေါက်လို့သာလျှင် တွန်နိုင်တယ် မြူးနိုင်တယ်လို့ ဦးဘတင်ဆိုလေဗျာ (မှန်ပါ့) အားလုံး ဒကာ ဒကာမတွေ ဆိုထိုက်ပြီလား (ဆိုထိုက်ပါပြီ)။
တိရစ္ဆာန်စိတ်ပေါက်လို့
တွန်နိုင်တယ် မြူးနိုင်တယ်ဆိုတာ ဘယ်စိတ်ကြောင့်ပါလိမ့် (တိရစ္ဆာန်စိတ်ပေါက်လို့ပါ) တိရစ္ဆာန်စိတ်ပေါက်တဲ့ အတွက်ဪ ငါသည်ကား နွားသတ်ရုံပို့တဲ့ လူနဲ့ပျော်နေရတယ်။ နွားသတ်ရုံပို့တဲ့လူနဲ့ဖြင့် နည်းနည်းမှ စိတ်ချမ်းသာစရာ မရှိဘူး။
သူ့ဆီကနေပြီး ရုန်းကန်ထွက်ဖို့သာ စိတ်ကူးရှိဖို့ကောင်းတယ် (မှန်ပါ့) ဒီနွားဟာလေ (မှန်ပါ့) ဘယ်လိုကောင်းပါ လိမ့် (ရုန်းကန်ထွက်ဖို့သာ စိတ်ကူးရှိဖို့ ကောင်းတယ်)။ မကောင်းဘူးလား (ကောင်းပါတယ် ဘုရား)။
အခုတော့ ရုန်းကန်ထွက်ချင်တဲ့စိတ်လား သွားရင်းပျော်တဲ့စိတ်လားလို့ အကဲခတ်စမ်းပါဦး (သွားရင်းပျော်တဲ့ စိတ်ပါ ဘုရား)။
သွားရင်းပျော်နေတဲ့ စိတ်ဖြစ်သောကြောင့် ဪမသိတတ်လိုက်တာ တိရစ္ဆာန်များမှာ ဟိုနားကျရင် သူဟာ နွားသတ်ကုလား၏ လက်တွင်းမှာ လည်စင်းသေရတော့မယ်ဆိုတာ သူမသိရှာလို့ပဲ (မှန်ပါ့)
အခုလဲနွားသတ်ကုလားဆီမှာ သူသည်ကားလို့ဆိုရင် အတူနေရတာလဲ မရိပ်မိရှာဘူး (မှန်ပါ့) ရိပ်မိသေးရဲ့လား (မရိပ်မိပါဘူး) တယ်လဲဆိုးဝါးနေပါ ကလား (ဆိုးဝါးပါတယ် ဘုရား) လမ်းလဲမသိ, ရောက်တော့လဲ မသိဖြစ်နေတယ် (မှန်ပါ့)။
ဦးခင်မောင် ဘယ့်နှယ်တုန်း (လမ်းမှာလဲမသိ, ရောက်တော့လဲမသိ ဖြစ်နေပါတယ်) လမ်းတုန်းက အဖော်လဲ ငါ့ရန်သူအဖော်လို့သူသိရဲ့လား (မသိပါဘူး) ဟိုရောက်တော့လဲ ငါ့မှာရန်သူအစစ်နဲ့ တွေ့ရလိမ့်မယ်လို့ ဆိုတာကော (မသိပါဘူး)။
မသိချက်ပြင်းထန်နေတာ
ဪ သူ့မသိချက်သည်ကား တိရစ္ဆာန်စိတ် ရှိနေလို့ မသိချက်ပြင်းထန်နေတာဘဲလို့ ဆိုလိုက်ပါတော့ (မှန်ပါ့)။
ကဲ တိရစ္ဆာန်စိတ်ရှိရင် မသိချက်ပြင်းထန်တယ် ဒကာ ဒကာမတွေ မှတ်လိုက်စမ်းပါ (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ)။
ခုနင်က တိရစ္ဆာန်မြင်လို့ရှိရင်လဲ ခင်ဗျားတို့ ရမ်းပြောတဲ့စကားလို့ ဆိုရမှာလား အမြင်အထင်ပြောတဲ့ စကားလို့ ဆိုရမှာလား (အမြင်အထင် ပြောတဲ့စကားပါ ဘုရား) သူတိရစ္ဆာန်စိတ်ရှိလို့ပေါ့ဗျာ မသိချက်ပြင်းထန်နေတာ။ သေမင်းဆီ ပို့မည့်လူကိုကော သူသည်သိသေးရဲ့လား (မသိပါဘူး) ရောက်တော့ သေရမည်ဆိုတာကော (မသိပါဘူး)။
သေမင်းဆီ ပို့တဲ့လူကိုလဲ သူမသိဘူး (မှန်ပါ့) ရှေ့ကကြိုးဆွဲသွားတဲ့လူဟာ သေမင်းဆီပို့တာပဲ (မှန်ပါ့) ဟိုရောက် တော့ သေမင်းနဲ့ တွေ့လိမ့်မယ်ဆိုတာကော သူသိသေးရဲ့လား (မသိပါဘူး) အဲပို့တဲ့လူလဲမသိ၊ တွေ့မှာလဲမသိဆိုတော့ တိရစ္ဆာန်စိတ်ပဲ တိရစ္ဆာန်များ၏ ဖြစ်ထွေဟာ ကြောက်စရာကောင်းလိုက်တာလို့ ဦးခင်မောင်တို့မြင်ရင် ညည်းမှာပဲ (မှန်ပါ့) မညည်းကြပေဘူးလား (ညည်းကြပါမယ်) ဘာကြောင့်ညည်းသတုန်း နှစ်ဖက်မသိလို့ဗျ (မှန်ပါ့) ဆွဲခေါ်သွားတဲ့ လူကောသူသိရဲ့လား (မသိပါဘူး) ရောက်တဲ့နေရာဌာနမှာ ဆုံးရှုံးရမှာကော (မသိပါဘူး) တယ်လဲနစ်နာပါလား ဒကာ ဒကာမတို့ (နစ်နာပါတယ်) ဘာစိတ်မို့တုန်း (တိရစ္ဆာန်စိတ်မို့ပါ)။
လူစင်စစ်မှာဖြင့် မပေါ်ကောင်းတာ အမှန်ပဲ
ကိုင်း ဒီစိတ်မျိုးဟာ ကျုပ်တို့မပေါ်ကောင်းဘူးဆိုတာတော့ဖြင့် လူစင်စစ်မှာဖြင့် မပေါ်ကောင်းတာ အမှန်ပဲလို့ ဘုန်းကြီးများက သတိပေးလိုက်တယ် (မှန်လှပါ)။
လူစင်စစ်မှာဖြင့် (မပေါ်ကောင်းပါဘူး) မပေါ်ကောင်းပါဘူး။ ဦးဝက လန့်နေပြီထင်တယ် စိတ်ရှိရင် လန့်မယ် (မှန်ပါ့)။
ဒကာ ဒကာမတွေ ကျုပ်တို့ခင်ဗျားတို့လဲ ချိန်ကြည့်တဲ့အခါကျလို့ရှိရင်ဖြင့် ယခုဟာ ဇရာထဲမှာလူတိုင်း ရောက်နေပါပြီ (မှန်ပါ့) ဇရာထဲမှာ ချွင်းချက်မရှိ ရောက်နေကြတယ်ဆိုရင်ကော ငြင်းဖို့ကန်ဖို့ လိုသေးသလား (မလိုပါဘူး ဘုရား) ဇရာထဲမုချရောက်နေကြပြီ (ရောက်ပါပြီ ဘုရား)။
ဦးဘအုန်း ဇရာထဲမှာ မုချမရောက်သေးဘူးလား (ရောက်ပါပြီ) ဒါဖြင့် နွားသတ်သမားဆီဆွဲဖို့တဲ့ ဇရာ၏ လက်တွင်းမှာဖြင့် ကျုပ်တို့မုချရောက်ပြီဆိုတာ သဘောကျပြီလား (ကျပါပြီ)။
အဲဒီဇရာထဲ ရောက်နေလျက်နဲ့ ကျုပ်တို့သည် သားနဲ့ပျော် သမီးနဲ့ပျော် ဟိုလူနဲ့ဣဿာဖြစ်, ဒီလူနဲ့မစ္ဆရိယဖြစ်, ဟိုလူနဲ့မတည့်, ဒီလူနဲ့မတည့်, ဟိုလူ့အပေါ်မောက်ချင်, ဒီလူ့အပေါ်ကြွားချင်နဲ့ ဆိုတာဟာ လမ်းမှာတွန်တဲ့ သဘောတွေ ခွါယက်တဲ့သဘောတွေက သိပ်ပါတယ် (မှန်ပါ့ ဘုရား) မပါကြဘူးလား (ပါပါတယ် ဘုရား) ဘာပါတုန်းဗျ။
တွန်တာတွေ ခွါယက်တာတွေပါတယ်ဆိုတော့ ကျုပ်တို့ဟာ ခုနင်ကနွားတော့ မသိရှာဘူးဆိုငြားသော်လဲ ကိုယ့်မှာလဲ ကိုယ့်၏ဖြစ်ထွေလဲ ကိုယ်မသိတဲ့ အဓိပ္ပါယ်လဲ ရောက်နေတယ် (မှန်ပါ့) ဒါဖြင့် ပုံသဏ္ဍာန်သာ ပြောင်းတယ်စိတ်ထား အတူတူပဲ (မှန်ပါ့)။
ပုံသဏ္ဍန်သာ ပြောင်းတယ်
ဘယ်လိုဆိုကြမလဲ (ပုံသဏ္ဍန်သာ ပြောင်းတယ် စိတ်ထားအတူတူပါပဲ) ပုံသဏ္ဍာန်ကတော့ နှစ်ချောင်းကိုးဗျ (မှန်ပါ့) လူကနှစ်ချောင်း နွားကလေးချောင်း။ (မှန်ပါ့ ဘုရား) ဒီတော့ ပုံသဏ္ဍာန်ကတော့ (ပြောင်းပါတယ် ဘုရား) စိတ်ထားကတော့ (အတူတူပါဘဲ ဘုရား) ဦးခင်မောင် စိတ်မဆိုးနဲ့နော် (မှန်ပါ့)။
သားနဲ့သမီးနဲ့ ဆွေနဲ့မျိုးနဲ့ ပျော်ပြီးတော့ သူတော်ကောင်းဘက်ကို လစ်ဟင်းတဲ့အဖြစ်ကို ကြည့်လိုက်လို့ ရှိရင်ဖြင့် ဒါပျော်လို့ လစ်ဟင်းနေတာပဲ (မှန်ပါ့) စိတ်၏ ကြောင့်ကြလို့ (လစ်ဟင်းတာပါ ဘုရား) သားအတွက် စိုးရိမ်၊ သမီးအတွက်စိုးရိမ်လို့ လစ်ဟင်းနေတာပေ့ါဗျာ (မှန်ပါ့) တစ်နည်းအားဖြင့် သူတို့နဲ့ ပျော်နေရလို့ကော (လစ်ဟင်းပါတယ် ဘုရား)။
အင်း ဒါဖြင့် လစ်ဟင်းနေတဲ့ အဖြစ်သည်ကားလို့ဆိုရင် ဒကာ ဒကာမတို့ မသိလို့လစ်ဟင်းတာ (မှန်ပါ့) ကိုယ့်မှာတော့ဖြင့် နွားသတ်ရုံပို့တဲ့ နွားဆွဲကုလားနဲ့ အတူတူနေရပြီဆိုတာ ဇရာနဲ့ပဲ အဖော်လုပ်နေရတာ သေချာနေတယ် (မှန်ပါ့) မသေချာဘူးလား (သေချာပါတယ်)။
သေမင်းဆီပို့မှာ
ဇရာကဘယ်ရောက်အောင် ပို့မှာပါလိမ့် (သေမင်းဆီပို့မှာပါ)။ သေမင်းဆို တဲ့ မရဏဆီကို အရောက်ပို့မှာဆိုတာက အထူးသေချာတယ် (သေချာပါတယ်) ရှောင်လို့ကွင်းလို့ကိုပဲ လွတ်ရေးကျွတ်ရေး မြင်သေးရဲ့လား (မမြင်ပါဘူး)။ ရှောင်လို့ကွင်းလို့ လွတ်ရေးကျွတ်ရေး မမြင်တာလဲ အထင်အရှားပါပဲ (မှန်ပါ့) အဲဒီအထဲမှာ သားနဲ့သမီးနဲ့ ဆွေနဲ့မျိုးနဲ့ ပြုံးကြရွှင်ကြ ရောင်းကြ ဝယ်ကြ နေတာသည်ကား လို့ဆိုရင် တစ်ခါတလေ မာန်ကလေး တက်လာလိုက် တစ်ခါတလေ ပြုံးလိုက်တစ်ခါတလေ အရောင်း အဝယ်ကလေး ဖြောင့်လာလို့ရှိရင်လဲစီးပွားဂုဏ်နဲ့ မာန်ကလေးဘာကလေး တက်လိုက်ပေါ့ဗျာ (မှန်ပါ့)။
တစ်ခါတလေလဲ အရောင်းအဝယ်ဖျင်းတဲ့အခါ ဒေါမနဿတွေ ဖြစ်လိုက် ဒီလိုနဲ့ပဲ အချိန်ကုန်ပြီး သကာလ လာခဲ့ကြရတော့ ဪ ငါသည်ကားလို့ဆိုရင်ဖြင့် အခုသေမင်းဆီ ပို့နေတာပဲ ဇရာနဲ့ နေရပါရဲ့လားလို့ ပြန်ပြီးမတွေးမိဘူး (မတွေးမိပါဘူး ဘုရား)။
ဒီနေရာက ရုန်းမယ်ကန်မယ်ဆိုတဲ့ စိတ်ကော လာရဲ့လား (မလာပါဘူး) မဂ္ဂင်အလုပ်တွေလုပ်ပြီး ရုန်းကန်ထွက်ပါတော့မယ်လို့ကော (မလာပါဘူး)။
မလာတော့ခုနင်က ပြောခဲ့တဲ့နွားသတ် ယောင်္ကျားဆွဲတဲ့ နွားသည်ကားလို့ဆိုရင်ဖြင့် ရုန်းချင်ကန်ချင်တဲ့ စိတ်ဘဲလာသလား အဆင်သင့်ဘဲ ပျော်ရင်းရွှင်ရင်းနဲ့ ပါသွားသလားဆိုတာသာ သတိထားကြပေတော့ (ပျော်ရင်းရွှင်ရင်းနဲ့ ပါသွားပါတယ်) ပျော်ရင်း ရွှင်ရင်းနဲ့ ပါသွားတယ်ဆိုတာ ဒကာ ဒကာမတွေ ငြင်းဆန်ဖို့လိုသေးသလား (မလိုပါဘူး)။
သေမင်းဆီပို့တဲ့နွားဆွဲသမားနဲ့ တူတဲ့ဇရာ
ဪ တို့အနေသည်ကားလို့ဆိုရင် သေမင်းဆီပို့တဲ့နွားဆွဲသမားနဲ့ တူတဲ့ဇရာနဲ့ နေရတာတောင်မှ တို့သည် တိရစ္ဆာန်စိတ် မပျောက်သေးပါကလား ဆရာဘုန်းကြီးသတိမပေးလို့ရှိရင် ဒီစိတ်တိရစ္ဆာန်စိတ်နဲ့ မခြားပါလား (မှန်ပါ့) ဆိုထိုက်မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား) ဘာစိတ်ပါလိမ့်ဗျာ (တိရစ္ဆာန်စိတ်ပါ ဘုရား) ဒါကိုပြင်လိုက်ပါဦးလို့ ပြောလိုက် တယ် (မှန်ပါ့)။
ပြင်လိုက်ပါဦး အချိန်ကလေးရတဲ့အခါ ဟုတ်လားအိမ်မှာ နေတဲ့အခါမှာ ဖြစ်လို့ရှိရင်လဲ ဒီခန္ဓာကြီးနဲ့ဖြင့် လွတ်အောင်ရုန်းပါ့မယ်၊ နို့မဟုတ်ရင် ဇရာနဲ့အဖော်လုပ်နေဦးမှာပဲ (မှန်ပါ့)
သူနဲ့မခွဲရသေးလို့ရှိရင် သေမင်းနဲ့အဖော် လုပ်ရဦးမှာပဲ (မှန်ပါ့) ဒီခန္ဓာနဲ့မခွဲရရင် ဇရာနဲ့ကော (အဖော်လုပ်ရဦးမှာပါပဲ) သေမင်းဆိုတဲ့ မရဏနဲ့ကော (အဖော် လုပ်ရဦးမှာပဲ)။
ဪ မင်းအတွက်နဲ့ မင်းနဲ့တူတူနေရတဲ့အဖြစ်ကဖြင့်ကွာ နွားသတ်ရုံပို့တဲ့ ကုလားနဲ့တူတူနေရသလိုဘဲ ဇရာနဲ့ချည့် အဖော်လုပ်နေရတယ်ဆိုတာကော ဒကာ ဒကာမတွေ မမှန်ဘူးလား (မှန်ပါတယ်) ဒီကရှေ့၌ သေမင်းနဲ့ အဖော်လုပ်ရမယ်ဆိုတာကော (မှန်ပါတယ်)။
ဒါခန္ဓာရှိလို့လုပ်တာ။ နဂိုက ခန္ဓာစွဲလမ်းခဲ့တဲ့ သတ္တိဟာဖြင့် အခုတော့ဖြင့် ကိုယ်ကျိုးလှလှနည်းပေါ့ ဆိုတာ ပေါ်လာတယ် (မှန်ပါ) မပေါ်လာဘူးလား (ပေါ်လာပါတယ်)။
နဂိုကတော့ ခင်ဗျားတို့ ခန္ဓာရချင်လို့ ခန္ဓာရခဲ့ကြတယ် (မှန်ပါ့) နောက်ဘဝက ခန္ဓာစွဲလမ်းလို့ ဒီဘဝခန္ဓာရခဲ့ ကြတယ် (မှန်ပါ့)။
ဒီဘဝခန္ဓာငါးပါး ဘာဖြစ်လို့ရကြသတုန်း
ဒီဘဝခန္ဓာငါးပါး ဘာဖြစ်လို့ရကြသတုန်း (စွဲလမ်းလို့ရပါတယ်) နောက်ဘဝက ကိုယ့်ခန္ဓာကို မစွန့်နိုင်တဲ့ စွဲလမ်းမှုကြောင့် ဒီဘဝမှာ ဘာရပြန်သတုန်း (ခန္ဓာငါးပါးရပါတယ်) ခန္ဓာငါးပါးဘဲ ပြန်ရတယ် (မှန်ပါ့) ရချင်လို့ ရတာလား နောက်ဘဝခန္ဓာကို မစွန့်နိုင်လို့ ရတာလား (နောက်ဘဝခန္ဓာ မစွန့်နိုင်လို့ ရတာပါ)
ဒါသေသေချာချာမှတ်ပါ ဦးခင်မောင် နောက်ဘဝခန္ဓာစွန့်နိုင်တဲ့ ပုဂ္ဂိုလ် ဒီဘဝခန္ဓာမရဘူး (မှန်ပါ့) နောက်ဘဝ ခန္ဓာမစွန့်နိုင်ဘဲနဲ့ သေမင်းလက်တွင်း အပ်လိုက်ရလို့သာ စွန့်ခဲ့ရတယ်။ စွဲလမ်းမှုကတော့ မပြေသေးဘူးဆိုလို့ရှိရင် ဒီဘဝခန္ဓာပြန်ရမယ် (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ)။
ဒါဖြင့် ဒီခန္ဓာရခြင်းသည် ဒကာ ဒကာမတို့ပဲ စဉ်းစားပါတော့ ဘယ့်နှယ့်ကြောင့် ဒီခန္ဓာရပါလိမ့်မလဲဆိုတဲ့ လက်သည်ဖော်စမ်းပါဦး (နောက်ဘဝခန္ဓာစွဲလမ်းလို့ပါ ဘုရား) အတိတ်ဘဝခန္ဓာကို (စွဲလမ်းလို့ပါ ဘုရား) အတိတ်ဘဝ ခန္ဓာကိုခင်ခဲ့တယ် စွဲလမ်းခဲ့တယ် ဥပါဒါန်မဖြစ်ခဲ့ဘူးလား (ဖြစ်ခဲ့ပါတယ်) ဒါကြောင့်ယခုဘဝမှာ ဘာနဲ့နေကြတာလဲ (ခန္ဓာနဲ့နေခဲ့ရပါတယ်)။
ဪ ဒါဖြင့်ဟိုဘဝက စွဲလမ်းခဲ့တဲ့ ခန္ဓာကြောင့် ဒီဘဝခန္ဓာသစ်နဲ့ အဖော်လုပ်နေရတာဘဲ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ)။
တရားမများသေးပါဘူး နှစ်လုံးတည်းရှိသေးတယ် တရားမများသေးပါဘူး ဒကာ ဒကာမတို့ နှစ်လုံးတည်းရှိသေး တယ် (မှန်ပါ့)။
ယခုအိုဘေးနာဘေး သေဘေးတွေနဲ့ ရောထွေးနေတဲ့ ခန္ဓာကိုယ်ကြီး ရရတာဟာ ရချင်လို့အလကားရတာ လား သိကြားဗြဟ္မာဘုရားလာပြီး ဖန်ဆင်းပြီး သူတို့က ဂွတိုက်ပြီး ပေးလို့မေးဖို့လိုပါတယ် (မှန်ပါ့) ဘယ်လိုရတာပါလိမ့်။
အတိတ်ဘဝက ခန္ဓာကိုယ်စွဲလမ်းသောကြောင့်
(အတိတ်ဘဝက ခန္ဓာကိုယ်စွဲလမ်းသောကြောင့်ပါ ဘုရား) အတိတ်ဘဝက ခန္ဓာကိုယ်စွဲလမ်းသောကြောင့် ယခုဘဝ ခန္ဓာကြီးနဲ့ လှလှရရပါတယ် (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ)။
ဘယ်လိုဆိုကြပါ့မလဲ (အတိတ်ဘဝက ခန္ဓာကိုယ်စွဲလမ်းသောကြောင့် ယခုဘဝခန္ဓာလှလှရရပါပြီ) ပေါ်ကြ ပြီလား (ပေါ်ပါပြီ) ဒါဖြင့်အတိတ်ဘဝက ခန္ဓာမှာသူဥပါဒါန်ရှိတာပေါ့ (မှန်ပါ) ရှိတော့ဒီဘဝမှာ ပစ္စုပ္ပန်ခန္ဓာကြီးဟာ မရပေဘူးလား (ရပါတယ်)။
ဒါဖြင့် ဒကာ ဒကာမတို့ ဟိုဘက်ဘဝ ဥပါဒါန်ကြောင့် ဒီဘက်ဘဝခန္ဓာပေါ်တာဘဲ (မှန်ပါ့) အတိတ်ဘဝက ဥပါဒါန်ကြောင့် (ဒီဘက်ဘဝခန္ဓာပေါ်ပါတယ်) ရှင်းပြီလား (ရှင်းပါပြီ)။
ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ပျော်ရွှင်နေတာသည် နွားပျော်တိရစ္ဆာန်ပျော်ဆိုတာကော ဟုတ်ကြ ရဲ့လား (ဟုတ်ပါတယ် ဘုရား) အခုဘယ်သူနဲ့ အဖော်လုပ်နေသတုန်း (ဇရာနဲ့အဖော်လုပ်နေရပါတယ်) နွားသတ်ရုံကို ဆွဲပို့နေတဲ့ နွားဆွဲကုလားနဲ့တူတဲ့ ဇရာနဲ့ပျော်နေတာ (မှန်ပါ့)။
နွားသတ်ရုံကို ဆွဲပို့နေတဲ့ နွားဆွဲကုလားသည်ကားလို့ ဆိုရင်ဖြင့် နွားသတ်ရုံမှတစ်ပါး လမ်းဘယ်မှမကွေ့ မကောက်တော့ပါဘူး။ အဲဒီဘဲ အဖြောင့်ပို့မယ် ဆိုတာကတော့ အထူးတလည်သေချာတယ် (မှန်ပါ့) မသေချာဘူးလား (သေချာပါတယ်) ရှောင်လို့လွှဲလို့ သူပို့ဦးမှာလား (မပို့ပါဘူး) မပို့ပါဘူးတဲ့။ ခင်ဗျားတို့လဲ အခုဇရာနဲ့အဖော်လုပ်ပြီး သကာလ နေတာလား ရုန်းချိန်ကန်ချိန်ဟာ အခုအချိန်ပဲနော် (မှန်ပါ့)။
ရုန်းချိန်ကန်ချိန်ဆိုတာ အလုပ်လုပ်ချိန်
ဘယ်လိုဆိုကြမလဲ (ရုန်းချိန်ကန်ချိန်ဟာ ယခုအချိန်ပါ ဘုရား) အားလုံးဒကာ ဒကာမတွေ ဒီအချိန်ဘာချိန်ပါလိမ့် (ရုန်းချိန်ကန်ချိန်ပါ ဘုရား) အဲရုံးချိန်ကန်ချိန်ဆိုတာ ဘုန်းကြီးတခြားကို ဟောတာမဟုတ်ပါဘူး ရုန်းချိန်ကန်ချိန်ဆိုတာ ဒကာ ဒကာမတို့ သေသေချာချာမှတ်ပါ အလုပ်လုပ်ချိန်ကို ဆိုပါသည်။ (မှန်လှပါ)။
ရုန်းချိန်ကန်ချိန်ဆိုတာ ဘာပါလိမ့် (အလုပ်လုပ်ချိန်ပါ ဘုရား) သူ့ကိုမုန်းချိန်လို့ ခေါ်တယ် (မှန်ပါ့) သူ့ကိုမုန်းချိန် စွန့်ချိန်ဒါဟာ ရုန်းချိန်ကန်ချိန်ဘဲ သူ့ကိုမုန်းအောင် ရွံအောင်လုပ်ရမယ် (မှန်ပါ့) ဟိုဘက်သတ်ကာနီးမှဆိုတော့ ဘယ့်နှယ် တတ်နိုင်ဦးမှာတုန်း (မတတ်နိုင်ပါဘူး) မတတ်နိုင်ဘူးဆိုတော့ ယခုအချိန်ကစပြီး ရုန်းချိန်ကန်ချိန်လဲရောက်ပြီ၊ တွန်ချိန် မြူးချိန်တော့ မဟုတ်ဘူး (မှန်လှပါ) ဦးခင်မောင် ဒါအရေးမကြီးဘူးလားဗျာ (ကြီးပါတယ်)။
ကိုင်းဒါဖြင့် စီးပွားကလေးကို တိုးတက်ပြီး ရှာမည်ကြံလိုက် ဪ မင်းနှယ်ဖျင်းအလိုက်တာကွာ၊ နွားသတ်ရုံနဲ့ နီးနီးကလေးကွ၊ မင်းကိုအခုဆွဲနေတဲ့ဇရာက အဲဒီကို အရောက်ပို့မည့်အထဲ မင်းက စီးပွားလိုချင်သေးသလား စီးပွားရလို့ မင်းကဖြုန်းချင်သေးသလား မင်းသားတွေ သမီးတွေအတွက် စိုးရိမ်ပြီး သကာလ နေသေးသလား မင်းအတွက် မစိုးရိမ်ဘူး လားလို့ ကိုယ့်ကိုယ်ကိုယ်လဲမေးပါဦး (မှန်ပါ) မမေးသင့်ဘူးလား (မေးသင့်ပါတယ်)၊
သားတွေသမီးတွေအတွက် မင်းထား သင့်သလောက်ထားခဲ့ပေါ့ကွာ ကိုယ့်အတွက်ကိုယ် ရုန်းချိန်ကန်ချိန်ရောက်တဲ့ ဥစ္စာရုန်းပါတော့လားလို့ မဆိုသင့်ဘူးလား (ဆိုသင့်ပါတယ်)။
ရုန်းဖြစ်အောင်ရုန်းပါ
အဲ ရုန်းချိန်ကန်ချိန်ရောက်လို့ ရုန်းရမည့်အချိန်ကာလကို ဒကာ ဒကာမတွေ ရုန်းဖြစ်အောင်ရုန်းပါဆိုတာကို သတိပေးရတယ် (မှန်လှပါ) ရှေ့ကိုရုန်းနိုင်လိမ့်မယ်လို့ အခြေမရှိတော့ဘူး (မှန်လှပါ)။
သေပွဲဝင်မှတော့ ဘယ့်နှယ်လုပ်ကြ မတုန်း (မရုန်းနိုင်ပါဘူး ဘုရား) ဒါဖြင့်အခုအချိန်ဟာ ရုန်းချိန်ကန်ချိန်ပဲ (မှန်ပါ)။
ဘယ်ချိန်ပါလိမ့် (ရုန်းချိန် ကန်ချိန်ပါ ဘုရား) ကန်ပြီး သကာလ ရုန်းပါဆိုတာပြောတာပါပဲ၊ အဲဒါဒါလောက် ပြောနေတာသည် တခြားမဟုတ်ဘူး အခုအချိန်မှာမှ ဉာဏ်ကအားကောင်းတုန်း (မှန်ပါ) စားသောက်လို့လဲကောင်း နေလို့-ထိုင်လို့ ခိုင်းလို့စေလို့လဲ ခန္ဓာကိုယ်ကြီးက ကောင်းတုန်း, ဉာဏ်ကလေးက ရွှင်ရွှင်ပြပြနဲ့ အလုပ်ဝတ္တရားမြင်နိုင်တဲ့ အခြေအနေရှိတုန်းမို့ ဘုန်းကြီးတို့ဒကာ ဒကာမတွေ သည်ကားလို့ဆိုရင် အလုပ်လုပ်ကြပါလို့ပြောတာပါပဲ (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ)။
ဘာလုပ်ရမှာပါလိမ့် (ဝိပဿနာလုပ်ရမှာပါ ဘုရား) အဲဝိပဿနာလုပ်တာသည် ရုန်းကန်တဲ့အလုပ်ပဲလို့ ဆုံးဖြတ် ချက်ချပါ (မှန်ပါ)။
ဝိပဿနာလုပ်တာသည်ကားလို့ဆိုရင် သေမင်းပြည်ပို့ငြားသော်လည်း နောက်ကိုလွတ်မြောက်သွားနိုင်တဲ့ လမ်းကြောင်းပဲ ရှင်းပြီလား (ရှင်းပါပြီ)။
ရုန်းချိန် ကန်ချိန်ဟာ ဘယ်အချိန်ပါလိမ့်
ကဲဒါဖြင့် ရုန်းချိန် ကန်ချိန်ဟာ ဘယ်အချိန်ပါလိမ့်ဗျာ (အခုအချိန်ပါ ဘုရား) အခုအချိန်ပဲဆိုတာ သဘောပါ ကြပြီလား (ပါပါပြီ) ကောင်းပြီ၊ အခုအချိန်ပဲဆိုတာ သဘောပါတော့မှ ဪဒို့ဖြင့် အချိန်တိုင်းအချိန်တိုင်း ခန္ဓာကိုယ်ကြီး မပေါ်-ပေါ်အောင် လုပ်ပါတော့မယ် (မှန်ပါ) သဘောကျပြီလား (ကျပါပြီ)။
ရွံမုန်းငြီးငွေ့တဲ့ဉာဏ် ဘာလုပ်ရမတုန်း (မပေါ်-ပေါ်အောင်လုပ်ရပါမယ်)၊ ဒါရုန်းကန်နေတာပဲ၊ မင်းနဲ့အတူတူ မနေဘူးကွ၊ မင်းရှိတဲ့အတွက် ဇရာနဲ့အဖော်လုပ်ရတယ် (မှန်ပါ) မင်းရှိတဲ့အတွက် မရဏနဲ့ (အဖော်လုပ်ရပါတယ်) ဘယ်မှာကောင်းသတုန်း ခန္ဓာငါးပါးရှိတာ ဘယ်သူနဲ့အဖော်လုပ်ရသတုန်း (ဇရာမရဏနဲ့ပါ ဘုရား)။
ဒါဖြင့် မင်းရှိလို့ပဲ ဇရာနဲ့ အဖော်လုပ်ရတယ်၊ မရဏနဲ့ အဖော်လုပ်ရတယ်၊ မင်းကိုပဲရွံအောင် မုန်းအောင်လုပ်တဲ့ ဝိပဿနာဉာဏ် မဂ်ဉာဏ် ဖိုလ်ဉာဏ်မရ-ရအောင်လုပ်ပါတော့မယ်ဆိုရင်ဖြင့် ခုနင်ကဇရာနဲ့ အဖော်လုပ်တဲ့ခန္ဓာနဲ့လဲ အိုးစားကွဲမှာပဲ မရဏနဲ့အဖော်လုပ်တဲ့ ခန္ဓာကိုယ်နဲ့ကော (အဖော်လုပ်မှာပါ ဘုရား)။
အဲဒီတော့ ခင်ဗျားတို့ ဟောနေတာ အအိုလွတ်အသေလွတ် ဟောနေတာ (မှန်လှပါ) သဘော ပါကြပြီလား (ပါပါပြီ)။
အဲဒီတော့ ဘုန်းကြီးက အအိုလွတ် အသေလွတ်ဟောပြီးတော့ နေတယ်၊ ခင်ဗျားတို့က သားတွေသမီးတွေ ဆွေတွေ၊ မျိုးတွေနဲ့ပြောချင်ရာပြော ဆိုချင်ရာဆို ဝတ်ချင်ရာဝတ်၊ စားချင်ရာစားပြီး သကာလ နေမယ် ရုန်းကန်တဲ့အလုပ် ကို မလုပ်ဘူးဆိုလို့ရှိရင် ခင်ဗျားတို့ခုနင်က နွားသတ်ရုံဆွဲတဲ့ နွားတွန်မြူးခွါယက်ပြီး သကာလ တိရစ္ဆာန်စိတ်ပေါက်နေတဲ့ အခြေအနေဟာ ကိုယ်မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)၊ ဒါဖြင့်လူ့တိရစ္ဆာန်တွေလို့ ပြောရင်ကောလွဲပါ့မလား (မလွဲပါဘူး)။
ပြင်ချိန်ဘယ်လောက်များ ကျန်သေးသတုန်း
ဒါကြောင့် ဆရာသမားနဲ့ တွေ့နေတဲ့အချိန် ဒကာ ဒကာမတွေက ရုန်းကန်ပြီး သကာလ ကဲ လူ့တိရစ္ဆာန် ပေါက်တဲ့ အလုပ်ကိုတော်ပြီကွာ သိမ်းတော့မယ်ကွာ ဟုတ်လား ဇာတ်သိမ်းတော့မယ်ဆိုပြီး ပြင်ဖြစ်အောင် ပြင်ပါလို့ လေးလေးနက်နက် သတိပေးလိုက်တယ် (မှန်ပါ) ပြင်ချိန်ကော နည်းနည်းပဲ ကျန်တော့လို့ ပြောတာ (မှန်ပါ)။
ပြင်ချိန်ဘယ်လောက်များ ကျန်သေးသတုန်း (နည်းနည်းပဲကျန်ပါတော့တယ်) နည်းနည်းကျန်တယ်၊ ရှေ့နေခဲ့တာ ကတော့ နေပြီးလို့ ဪ နေလို့ရပြီလို့ဆိုလို့ရပါတယ်၊ နှစ်ပေါင်းဘယ်လောက် (မှန်ပါ) ရှေ့ဘယ်လောက်နေရမှာတုန်းလို့ ဆိုတော့မသိဘူးတဲ့ (မှန်ပါ)။
ဒီတော့ဒီဘက်က နည်းမနေဘူးလား (နည်းနေပါတယ်)၊ နည်းတာကို နည်းတဲ့အထဲမှာဖြင့် မနှုတ်ပါနဲ့ ဆိုတဲ့ဥစ္စာ ခဏခဏသတိပေးတယ် (မှန်ပါ)။
နည်းတဲ့အထဲမှာဖြင့် သားရေးသမီးရေး စီးပွားရေးနဲ့ မနှုတ်ကြပါနဲ့တော့ ရုန်းကန်တဲ့ အလုပ်နဲ့သာနေကြပါတော့ ဆိုတဲ့ ဥစ္စာသတိပေးရတယ် (မှန်ပါ) မပေးသင့်ဘူးလား (ပေးသင့်ပါတယ်)။
ကောင်းပြီ ဒါဟာသံဝေဂလား၊ ဖြစ်စဉ်ကိုက်လားဆိုတာလဲ စဉ်းစားပါဦး (ဖြစ်စဉ်ကိုက်ပါ ဘုရား) ဒါဖြစ်စဉ် ကိုက်တဲ့သံဝေဂမဟုတ်ဘူး၊ ကိုယ့်မှာတကယ်တွေ့နေလို့ တကယ်ပြောနေတာ (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ)။
ဒီနေ့အရိယာမျက်လုံးတပ်ပေးလိမ့်မယ်
ဒါဖြင့် ခင်ဗျားတို့ ဒီနေ့အရိယာမျက်လုံးတပ်ပေးလိမ့်မယ်လို့ ဆုံးဖြစ်ချက်ချပါ (မှန်ပါ) ခင်ဗျားတို့ ပြုံးနိုင်ရွှင်နိုင် တယ်ဆိုတာ အရိယာမျက်လုံးမရှိလို့ ပြုံးနိုင်တာ (မှန်ပါ) ပြုံးနိုင်တယ် ရွှင်နိုင်တယ် သားနဲ့ သမီးနဲ့ ပျော်နိုင်တယ် စီးပွားဥစ္စာရတနာကို တိုးခွေ့ပြီး သကာလ ရှာနိုင်တယ်ဆိုတာ ဘယ်မျက်လုံး မရှိလို့ပါလိမ့် (အရိယာမျက်လုံးမရှိလို့ပါ)။
ဘယ်မှာအရိယာ မျက်လုံးရှိမလဲတဲ့ ဘာကြောင့်တုန်းဆိုတော့ မိမိခန္ဓာအတွက်လဲ ရှာတာပဲ၊ သားသမီးခန္ဓာ အတွက်ကော (ရှာပါတယ်) ဒါတွေဟာ၊ မိမိဖြစ်နေကတည်းက အရိယာမျက်လုံးမဟုတ်ဘူး (မှန်ပါ) သားသမီးဖြစ်နေကတည်းကလဲ (အရိယာမျက်လုံးမဟုတ်ပါဘူး) ဆွေမျိုး ဉာတကာဖြစ်နေကတည်းကလဲ (အရိယာမျက်လုံးမဟုတ်ပါဘူး)။
ဒါဖြင့် ဒကာ ဒကာမတို့ ရှာတာဖွေတာသည်ကားလို့ဆိုလို့ ရှိရင်ဖြင့် ဦးခင်မောင် မျက်လုံးများနဲ့ရှာတာပဲ (မှန်ပါ)။
ဘယ်လိုဆိုကြပါ့မယ် (မျက်လုံးများနဲ့ရှာတာပါ)။
ပုထုဇဉ်မျက်လုံးရှိနေတဲ့အတွက် ဒကာ ဒကာမတို့ အမှားတွေချည်းလုပ်နေတယ်နော် (မှန်ပါ) အရိယာမျက်လုံး ကလေးတပ်ပေးလိုက်မယ် ဆိုလို့ရှိရင် တို့လုပ်သ၍ဟာ အမှားချည့်ပါလား ဆိုတာလာတော့မယ် (မှန်ပါ) မလာပါနဲ့ ဆိုလို့ရသေးရဲ့လား (မရပါဘူး)။
အရိယာမျက်လုံး တပ်ကြပါစို့
ကိုင်း ဒါဖြင့် အရိယာမျက်လုံး တပ်ကြပါစို့၊ ဒါဟာ မာဂဏ္ဍီပရိဗိုဇ် အရိယာမျက်လုံးတပ်ပေးတဲ့တရားကို နာရမည့်နေ့ပဲလို့ ဦးခင်မောင် မှတ်ရလိမ့်မယ်နော် (မှန်ပါ)။
ခင်ဗျားတို့ ခန္ဓာငါးပါးရအောင် ဆုတောင်းကြတာဟာ ခန္ဓာထဲမှာ ရူပက္ခန္ဓာကိုတောင့်တပြီး ရုပ်လှလှဖြစ်ရပါ လို၏ဆိုရင် ဆေးရုံလှလှဖြစ်ရပါလို၏။ နောက်ဘဝစိတ်ကောင်းကလေးနဲ့ ဖြစ်ရပါလို၏ဆိုရင် လူမမာကြီးဖြစ်ရပါလို၏၊ လက်ခံနိုင်တဲ့ လူမမာ ဖြစ်ရပါလို၏၊ (မှန်ပါ)။
နောက်ဘဝ ကောင်းကောင်းမွန်မွန်ဖြစ်ရပါလို၏ဆိုရင် ဝေဒနာမျိုးစုံ တွေ့ရပါလို၏ (မှန်ပါ) နောက်ဘဝ အမှတ်သညာကောင်းရပါလို၏ဆိုရင် မသင့်တဲ့အစာကြီး စားမိပါရစေ (မှန်ပါ) ရိပ်မိပြီလား (ရိပ်မိပါပြီ)။
ကောင်းပြီ နောက်ဘဝလဲ ဒီလိုပဲ စေတနာကောင်းပါရစေ ဆိုလို့ရှိရင်ဖြင့် အနာရအောင် တွန်းတဲ့လူကို ပင်လျှင် ကျုပ်တို့သည် မခွဲမခွါပဲနဲ့ နေရပါလို၏၊ ဒါပဲရှိတယ် ခင်ဗျားတို့ (မှန်ပါ) ဒီ့ပြင် ဘာရှိသေးသတုန်း (ဘာမှမရှိပါဘူး) သဘောပါကြပြီလား (ပါပါပြီ)။
ဒါဖြင့် ခန္ဓာငါးပါးမှာ စွဲလမ်းစရာများပါရဲ့လား (မပါ-ပါဘူး) ဘယ်ဟာကြိုက်ကြသတုန်း (ဘယ်ဟာမှမကြိုက်ပါ ဘူး) ဆေးရုံဖြစ်ချင်သလား (မဖြစ်ချင်ပါဘူး) လူနာလက်ခံသမား ဖြစ်ချင်သလား အနာကြီးကြီးပေါက်ချင်သလား (မပေါက်ချင်ပါဘူး) မသင့်တဲ့အစာများစားမိချင်သလား (မစားမိချင်ပါဘူး) အနာဖြစ်ကြောင်းတွေကို ကြိုးစားချင် သလား (မကြိုးစားချင်ပါဘူး)။
ဒါဖြင့် ခင်ဗျားတို့ ခန္ဓာကိုယ်ထဲမှာဖြင့် ဒကာ ဒကာမတို့ သာယာစရာ နှစ်သက်စရာတခုမှမပါဘူး (မပါပါ ဘုရား)။ ပါရဲ့လား (မပါ-ပါဘူး) မပါတော့ ဒီခန္ဓာကြီးကို နောက်ဘဝ ဒီလိုလူခန္ဓာဖြစ်ရပါလို၏ဆိုတဲ့ စွဲလမ်းတဲ့ဥပါဒါန် လာလို့ရှိရင်ဖြင့် ဥပါဒါနပစ္စယာကမ္မဘဝေါ-လာမှာပဲ (မှန်ပါ) ကမ္မဘဝပစ္စယာ ဇာတိဆိုရင် ဒီခန္ဓာငါးပါးပြန်လာတယ် (မှန်ပါ)။
ဇာတိဆိုရင် ခန္ဓာဘယ်နှစ်ပါးလာသတုန်း (ငါးပါးလာပါတယ်) ဇာတိဆိုတာ ပြောတော့သာဇာတိ ဖြစ်တာက တော့ ခန္ဓာငါးပါးပဲ (မှန်ပါ)။
ခန္ဓာငါးပါးဘယ့်နှယ်ကြောင့် ရပါလိမ့်
ဪ ဒီခန္ဓာငါးပါးဘယ့်နှယ်ကြောင့် ရပါလိမ့်မတုန်းလို့ဆိုတော့ ဒီကမ္မဘဝကြောင့် (မှန်ပါ) ဆိုနိုင်ပြီလား (ဆိုနိုင်ပါတယ်)။
ဒီကမ္မဘဝက ဘယ့်နှယ်ကြောင့် ဒီကံဖြစ်ရပါလိမ့်မတုန်းဆိုတော့ (ဥပါဒါန်ကြောင့်ပါ) သူစွဲလမ်းလို့ သူက ဘယ်သူ့စွဲလမ်းပါလိမ့်မတုန်းမေးတော့ (ခန္ဓာငါးပါးပါ) ခန္ဓာငါးပါးကို စွဲလမ်းတယ်၊ အတိတ်ဘဝက ခန္ဓာငါးပါးကို စွဲလမ်းတယ် (မှန်ပါ) စွဲလမ်းခြင်းကြောင့် ကံပေါ်လာတယ်၊ ကံပေါ်လာလို့ အနာဂတ်ဘဝမှာ ခန္ဓာငါးပါးပြန်ရတယ် (မှန်ပါ) သဘောကျပြီလား (ကျပါပြီ)။
ဪ ခင်ဗျားတို့ ခန္ဓာငါးပါးဟာ သိကြားဗြဟ္မာ ဘုရားလာပြီး ပေးတာမဟုတ်ဘူး၊ (မှန်ပါ) ပေးတာဟုတ်သေးရဲ့ လား (မဟုတ်ပါဘူး) ခင်ဗျားတို့စွဲလမ်းမှု ဥပါဒါန်ကြောင့်ရတဲ့ ခန္ဓာငါးပါး (မှန်ပါ) ပေါ်ကြပြီလား (ပေါ်ပါပြီ)။
သိကြား ဗြဟ္မာဘုရားလာပြီး ဖန်ဆင်းတယ်ဆိုတာ မပြုတ်သေးဘူးလား (ပြုတ်ပါပြီ) ဗြဟ္မာတွေကကော ဖန်ဆင်းနိုင်ရဲ့လား (မဖန်ဆင်းနိုင်ပါဘူး)။
ဒါဟာ ဘုန်းကြီးတို့ ယခုဘဝထားစမ်းပါ ဒကာ ဒကာမတို့ ယခုဘဝမထားချင်လို့ရှိရင်လဲ ဒါဟာ လာလတ္တံ့ဘဝ ထားပါ၊ (မှန်ပါ)။
ကဲ ယခုဘဝခန္ဓာငါးပါးကြီးကို သိပြီဆိုပါတော့၊ ဒီခန္ဓာငါးပါးကြီးကို ဒကာ ဒကာမတွေက ဪကိုယ့် အသားအရေကလေး ကြည့်လိုက်ပြန်လဲ နေရာကျပါသေးရဲ့ ဒါဟာဥပါဒါန်ပဲဗျ (မှန်ပါ) စိတ်ကူးစိတ်တမ်း ကလေးကြည့် လိုက်ပြန်တော့ (နေရာကျပါသေးရဲ့)။
မိမိခန္ဓာကိုယ်ပေါ်မှာလဲ ဥပါဒါန်မရှိဘူးလား
လက်ရှိခန္ဓာကြီးကို ခင်ဗျားတို့က နေရာကျပါသေးရဲ့ဆိုတော့ စွဲလမ်းနေသေးတယ် (မှန်ပါ) မိမိခန္ဓာကိုယ်ပေါ်မှာလဲ ဥပါဒါန်မရှိဘူးလား (ရှိပါတယ်) ဒါကလေးဟာ သားသမီးခန္ဓာဖြစ်ခဲ့ရင်ကော (စွဲလမ်း ပါတယ်) ခင်ပွန်းခန္ဓာဖြစ်ခဲ့သော် (စွဲလမ်းပါတယ်) ခင်ပွန်းမ ခန္ဓာဖြစ်ခဲ့သော် (စွဲလမ်းပါတယ်)။
ဪ ဒီဥစ္စာသည်ဒကာ ဒကာမတို့ ခုနင်ကပြောခဲ့တဲ့ ငါးချက်ကိုမသိဘူး (မှန်ပါ) ရောဂါတုံး ရောဂါခဲကြီး ပါလား ရောဂါနဲ့ ပတ်သက်နေတာကြီးပါကလားလို့ သိရဲ့လား (မသိပါဘူး)၊ အလိုစွဲလမ်းတာ စွဲလမ်းလို့အားထုတ်တာ (မှန်ပါ) အားထုတ်လို့ အနာဂတ်ဘဝမှာ ခန္ဓာငါးပါးပြန်ရတယ် (မှန်ပါ)။
ဒါဖြင့် ဒကာ ဒကာမတို့ အခုအနာဂတ်ဘဝရမည့် ခန္ဓာငါးပါးသည် ဘယ်သူမှလုပ်ပေးတာ မဟုတ်ဘူး ကိုယ့်စွဲလမ်းမှုကြောင့် ကိုယ်ရတာ (မှန်ပါ)။
ဘယ်လိုဆုံးဖြတ်ချက်ချကြမလဲ (ကိုယ့်စွဲလမ်းမှုကြောင့် ကိုယ်ရတာပါ) ကြောက်စရာ တယ်ကောင်းပါလား (ကောင်းပါတယ် ဘုရား)။
ဒကာ ဒကာမတို့ ဘယ့်နှယ်ကြောင့် နောက်ဘဝဒီလိုခန္ဓာ ကြီးရမှာပါလိမ့်မလဲလို့မေးတော့ လက်ရှိဒီဘဝ ခန္ဓာငါးပါးကို ဘုရားဟောတော်မူသလို ဆရာသမားပြောတဲ့အတိုင်း ဆေးရုံအဖြစ်လဲ မသိဘူး (မှန်ပါ) ဝေဒနာအဖြစ် ကော (မသိပါဘူး) မသင့်တဲ့အစာအဖြစ်ကော (မသိပါဘူး) ချောက်တွန်းတဲ့စေတနာအဖြစ်ကော (မသိပါဘူး)။
ဪ ဒါဖြင့်ခင်ဗျားတို့ ခန္ဓာငါးပါး၏ အပြစ်အနာအဆာ မသိတဲ့အတွက် စွဲလမ်းတယ် (မှန်ပါ)။ စွဲလမ်းတော့ အားထုတ်တယ်၊ အားထုတ်တော့ အနာဂတ်မှာ (ရပြန်ပါတယ်) ရပြီးတော့ ရတဲ့နေရာမှာ ခင်ဗျားတို့က စွဲလမ်းဦးမယ် (မှန်ပါ) မစွဲလမ်းပေဘူးလား (စွဲလမ်းပါတယ် ဘုရား) စွဲလမ်းရင်အားထုတ်ဦးမှာပဲ အားထုတ်ရင် ဘာတုန်း (ရဦးမှာပါပဲ) ဒါဖြင့်လှည့်နေမှာပဲ (မှန်ပါ)။
ဖြုတ်ချိန်ဘယ်နည်းနဲ့မှ မရှိတော့ပါဘူး
ဒါအခုဆရာသမားများနဲ့ တွေ့တုန်းမှခင်ဗျားတို့ ဒီအလှည့်အပတ်ကြီးကို မဖြုတ်တော့ပါဘူးဆိုရင်ဖြင့် ဖြုတ်ချိန် မရှိဘူး (မှန်လှပါ) ရှိသေးရဲ့လား (မရှိပါဘူး)။
ဖြုတ်ချိန်ဘယ်နည်းနဲ့မှ မရှိတော့ပါဘူး၊ ဒီအတိုင်းပဲ ဒီလူမမာကြီးနဲ့ပဲ သံသရာ့ခရီးသည်ကြီးနဲ့ပဲ နွားသတ်ရုံဆွဲတဲ့လူနဲ့ ပေါင်းလိုက် နွားသတ်သမား ဆိုတာနဲ့ ဒီခန္ဓာနဲ့ပေါင်းလိုက်၊ ဦးခင်မောင် ဒါနဲ့ပဲလှည့်ပြီး အချိန်ကုန်မှာပဲ (မှန်ပါ)။
ဘယ်လောက်များ နစ်နာတယ်ဆိုတာ ပေါ်ကြပြီလား (ပေါ်ပါပြီ) အရတော်လေ စွလို့ခင်ဗျားတို့ မထင်လိုက်ပါနဲ့ (မှန်ပါ) ဘာကြောင့်ရတာတုန်းဆိုတော့ စွဲလမ်းလို့ရတာ (မှန်ပါ)။
လက်ရှိခန္ဓာကြီးစွဲလမ်းတာက ဥပါဒါန်မဟုတ်လား (မှန်ပါ) ဥပါဒါန်ကြောင့် ဘာဖြစ်သတုန်း (ကမ္မဘဝဖြစ်ပါ တယ်) ကဲဖြစ်လို့ ဘာဖြစ်သတုန်း (ရပါတယ် ဘုရား) အဲနောက်ခန္ဓာငါးပါး ပြန်ပေါ်တယ် (မှန်ပါ) နောက်ခန္ဓာငါးပါး ဆိုတဲ့ ဇာတိပြန်ပေါ်တယ် (မှန်ပါ)။
ဥပါဒါန်ဆိုတာမှာလဲ ကိုယ့်ဥပါဒါန်က ချောတယ်လှတယ် ခန့်တယ်လို့ ယူလိုက်လို့ရှိရင် ကာမုပါဒါန် (မှန်ပါ) ဒါငါ့ဟာတွေပဲဆိုရင် အတ္တဝါဒုပါဒါန် (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ)။
ဒါဟာချောတယ် လှတယ်ယဉ်တယ်ဆိုရင် (ကာမုပါဒါန်ပါ) ဒါတွေဟာပြတ်သွားပြီ ဘာမှမဖြစ်တော့ဘူးယူရင် (ဒီဋ္ဌုပါဒါန်ပါ) ဒါဟာငါ့ဟာလို့ထင်နေသေးရင် အတ္တဝါဒုပါဒါန်၊ ၃-ချက်ပဲ (မှန်ပါ)။
ဒါကြောင့် ၁-နံပါတ်က ကာမုပါဒါန်၊ ၂-နံပါတ်က ဒိဋ္ဌုပါဒါန် ၃-နံပါတ်က အတ္တဝါဒုပါဒါန်၊ ရှင်းပြီလား (ရှင်းပါပြီ) ဒါကြောင့် ဥပါဒါနပစ္စယာကမ္မဘဝေါလာတာ (မှန်ပါ)။
ဒါဖြင့် လက်ရှိခန္ဓာကြီးဟာ ချောတယ် ယဉ်တယ် လှတယ် ခိုင်ခန့်တယ်ဆိုရင် ဘာပါလိမ့် (ကာမုပါဒါန်) ကာမုပါဒါန်တဲ့ ကာမကိုစွဲလမ်းတယ်၊ ဒီဒကာမကို ဒီကဥပါဒါန်က စွဲလမ်းတယ် (မှန်ပါ) ဒါကကာမကိုး၊ ဒါကမစွဲလမ်း ဘူးလား (စွဲလမ်းပါတယ်) အဲဒီတော့ ကာမနဲ့ဥပါဒါန်နဲ့ပေါင်းရင် ဘယ်နှယ့်ဆိုကြမလဲ (ကာမုပါဒါန်ပါ)။
ဒိဋ္ဌိ + ဥပါဒါန်ပဲ
ဒီဟာကို သေသည်၏အခြားမဲ့၌ ပြတ်သွားတယ်၊ ဘာမှမဖြစ်တော့ဘူး စသည်နဲ့ ယူတဲ့အခါ ဒိဋ္ဌမဖြစ်ဘူးလား (ဖြစ်ပါတယ်) အဲဒါက ဒိဋ္ဌိ + ဥပါဒါန်ပဲ၊ မှားတဲ့ဒိဋ္ဌိ ဒီအပေါ်မှာ မရှိဘူးလား (ရှိပါတယ်) ဒီကျတော့ ဒိဋ္ဌုပါဒါန်ဖြစ်သွား ရော (မှန်ပါ)။
ဒီဟာ ငါ့ကိုယ်ငါ့ဟာပဲလို့ဆိုရင် အတ္တဝါဒုပါဒါန်၊ သဘောကျပြီလား (ကျပါပြီ) အတ္တဝါဒ+ဥပါဒါန် အတ္တဟု ယူခြင်း၌ စွဲလမ်းခြင်း ဒီလိုကောမနေဘူးလား (နေပါတယ်)။
ဒကာ ဒကာမတို့ ခန္ဓာငါးပါးအကြောင်းကို ခင်ဗျားတို့ ကောင်းကောင်းမသိလို့ စွဲလမ်းတာ (မှန်ပါ)။
ကဲ စွဲလမ်းလိုက်တော့ ဥပါဒါနပစ္စယာ (ဘဝေါ) ဘဝပစ္စယာ (ဇာတိ) ဟော သေတော့ဇာတိဖြစ်လာတယ် (မှန်ပါ) ဇာတိက ဘယ်နှစ်ပါးပါလိမ့် (ခန္ဓာငါးပါးပါ)။
ဪ ဒီခန္ဓာငါးပါးဟာ ဒကာ ဒကာမတို့ ဘယ့်နှယ်ကြောင့် အသစ်ပေါ်ပြန်ပါလိမ့်မတုန်း ဇရာမရဏနဲ့ အဖော် လုပ်တတ်တဲ့ ခန္ဓာငါးပါးဟာတိုတော့ နောက်ဘဝက စွဲလမ်းတဲ့ ဥပါဒါန်ကြောင့် (မှန်ပါ) ဒီခန္ဓာငါးပါးဟာ ဘာနဲ့အဖော် လုပ်သတုန်း (ဇရာမရဏနဲ့ အဖော်လုပ်ပါတယ်) သူဟာ အရုပ်ဆိုးတာနဲ့ချည့် အဖော်လုပ်တယ် (မှန်ပါ)။
ဇရာဆိုတာ သူ့ကိုရိုက်နှက်တာ၊ မရဏဆိုတာ သူ့ကိုသတ်တာ (မှန်ပါ) အဲဒါနဲ့မှ သူအဖော်လုပ်တယ် (မှန်ပါ) ဪ ဒါဖြင့်ခင်ဗျားတို့ ကျုပ်တို့ရထားတဲ့ခန္ဓာကိုယ်ဟာဖြင့် ကျုပ်တို့ပစ္စည်းမဟုတ်ဘူး ကျုပ်တို့ကို ဘာမှငဲ့လုံးမရှိဘူး၊ ရှိရဲ့လား (မရှိပါဘူး) ကျွေးရှင်မွေးရှင်တွေ ငဲ့ပါရဲ့လား (မငဲ့ပါဘူး)။
ခင်ဗျားတို့ကဖြင့် ဖီးလိုက်ကြရတာ လိမ်းလိုက်ကြရတာ သူ့အတွက်ဟင် (မှန်ပါ) စိန်ဆင်ရ ရွှေဆင်ရ မြဆင်ရနဲ့အမျိုးမျိုး အဖုံဖုံခြယ်ရလှယ်ရ အမွှေးအကြိုင်တွေပေးရနဲ့ သူကဖြင့် အဖော်လုပ်နေ တာက ရိုက်တဲ့ဇရာနဲ့ အဖော်လုပ်နေတယ် (မှန်ပါ) သတ်မည့်မရဏနဲ့ (အဖော်လုပ်ပါတယ်) ခင်ဗျားတို့ ပြုပြင်ပေးတဲ့ ပုဂ္ဂိုလ်များ အလိုလိုက် အကြိုက်ပေးပြီးနေမယ်လို့ တစ်ခါတလေများ ပြောဘူးရဲ့လား (မပြောဖူးပါဘူး ဘုရား)။
ခန္ဓာငါးပါးကို ဥပါဒါန်အမျိုးမျိုးနဲ့ စွဲနေလိုက်တယ်
မပြောဘူးတာတောင် ခင်ဗျားတို့ကလဲ ဒီခန္ဓာငါးပါးကို ဥပါဒါန်အမျိုးမျိုးနဲ့များ စွဲနေလိုက်ကြသေးတယ် (မှန်ပါ) ပြောများပြောရင် ခင်ဗျားတို့ မျက်ရည်ကျတယ်၊ ခင်လွန်းလို့ မပြောပဲနဲ့တောင်ခက်နေသေးတယ်၊ (မှန်ပါ) ရိပ်မိပြီလား (ရိပ်မိပါပြီ)။
မပြောပဲနဲ့တောင် စွဲလမ်းလိုက်တဲ့ ဖြစ်ခြင်းဟုတ်လား (မှန်ပါ) ပြောများ ပြောမယ်ဆိုရင် ထွေထွေရာရာနဲ့ ချွဲချွဲပြစ်ပြစ် ပြောမယ်ဆိုလို့ရှိရင် ခင်ဗျားတို့ ဥပါဒါန်ပြင်းချက် မပြောနဲ့တော့ဟုတ်လား (မှန်ပါ) ဘယ်လောက်များ ဆိုးနေသတုန်း (ဆိုးပါတယ် ဘုရား) ပေါ်ပြီလား (ပေါ်ပါပြီ) ဒကာ ဒကာမတွေ အရုပ်ဆိုးအကျည်းတန်ပုံတော့ ကမ်းကုန် နေပါပေါ့လား (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ)။
ဒါဖြင့် အနာဂတ်ခန္ဓာငါးပါးကို ဘယ့်နှယ်ကြောင့်ရသတုန်း (စွဲလမ်းလို့ရပါတယ်) ဘယ်ဟာကို စွဲလမ်းတာပါလိမ့် (ခန္ဓာငါးပါးကို စွဲလမ်းပါတယ်) အတိတ်ခန္ဓာကိုစွဲလမ်းခဲ့လို့ ပစ္စုပ္ပန်ခန္ဓာငါးပါးရခဲ့တယ် (မှန်ပါ) အနာဂတ်ခန္ဓာငါးပါး တော့ ဘယ့်နှယ်ကြောင့် ရမှာပါလိမ့် (ပစ္စုပ္ပန်ခန္ဓာငါးပါးကို စွဲလမ်းလို့ပါ ဘုရား) တယ်နာပါလား (နာပါတယ် ဘုရား)။
ကောင်းပြီ ဒါဖြင့် ခင်ဗျားတို့ ပစ္စုပ္ပန်ခန္ဓာငါးပါးဟာ တကယ့်အရုပ်ဆိုး အကျည်းတန်တဲ့ ခန္ဓာငါးပါးလို့ မသိမှု ကြောင့် ဥပါဒါန်နဲ့စွဲတယ် (မှန်ပါ) ဥပါဒါန်နဲ့ စွဲလမ်းလိုက်တော့ ဒီကံတွေက ဥပါဒါန်၏ နောက်လိုက်ဆိုတော့ အားထုတ် ရရှာတာပဲ (မှန်ပါ)။
ဘယ်သူနဲ့ အဖော်လုပ်သတုန်း
အားထုတ်တော့ ဒီခန္ဓာငါးပါးဟာ ဘယ့်နှယ်နေသတုန်း (ရပါတယ်) ရလာတော့သူက ဘယ်သူနဲ့ အဖော်လုပ်သတုန်း (ဇရာ မရဏနဲ့အဖော်လုပ်ပါတယ်) သူကလဲ ဇရာမရဏနဲ့ အဖော်လုပ်တယ်ဆိုတော့ ဒကာ ဒကာမ တို့ကို ငဲ့သေးရဲ့လား (မငဲ့ပါဘူး)။
ငါကအဖော်လုပ်ချင်တာနဲ့ လုပ်မယ်ဆိုတော့ ရိုက်မည့်သူရယ်၊ သတ်မည့်သူရယ်နဲ့မှ ခန္ဓာငါးပါးက အဖော်လုပ်တယ် (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ)။
ဘယ်သူနဲ့ အဖော်လုပ်နေကြသတုန်း (ရိုက်မည့်သူသတ်မည့်သူနဲ့ အဖော်လုပ်ပါတယ်) ခင်ဗျားတို့များ ငဲ့ရဲ့လား (မငဲ့ပါဘူး)။
ကိုင်းဒါဖြင့် ဒကာ ဒကာမတို့ ဒါဟာအများတွေ ချည့်ပြနေတာ၊ အမှန်မြင်နိုင်အောင် အရိယာမျက်လုံး တပ်ပေး ပါတော့မယ်တဲ့၊ ဒီခန္ဓာငါးပါး ခင်တာလဲ မသိလို့ခင်တာ ဒီဥပါဒါန်တွေ စွဲလမ်းတာလေ (မှန်ပါ) မသိတော့ ဒကာ ဒကာမတွေ ဒီခန္ဓာငါးပါးကလဲ မပေါ်ပေဘူးလား (ပေါ်ပါတယ်) ပေါ်တာလဲ မသိလို့ပေါ်တာ။
ခင်မိတာလဲ (မသိလို့ပါ) မသိလို့ခင်မိတော့ ဒကာ ဒကာမတွေ မသိတာတစ်မျိုးပေါ်လာတာပဲ၊ မပေါ်လာဘူးလား (ပေါ်လာပါတယ်) ရှင်းပြီလား (ရှင်းပါပြီ)။
အနာကင်းခြင်းသည် လွန်ကဲသောလာဘ်
အဲဒီတော့ အာရောဂျ ပရမာ လာဘံလို့ ဘုရားက ရွတ်တော်မူတယ် အနာကင်းခြင်းသည် လွန်ကဲသောလာဘ် ကြီးပဲလို့ဆိုလိုတယ်၊ နိဗ္ဗာနံပရမံသုခံ-နိဗ္ဗာန်သည်သာလျှင် ချမ်းသာစစ်ပဲတဲ့၊ (မှန်ပါ) အဋ္ဌင်္ဂိကောစမဂ္ဂါနံ၊ ခေမံအမတ ဂါမိနံ-မဂ္ဂင်ရှစ်ပါးသည်သာလျှင် ဘေးမရှိသော မသေရာသို့ ရောက်တဲ့တရားပဲ (မှန်ပါ)။
အဲဒါဟောလိုက်တော့ မာဂဏ္ဍီက သူ့ခန္ဓာကြီးကို ပုတ်ပြပြီး ဒါပဲဘုရားတဲ့ အနာကင်းတယ်ဆိုတာ ဒီခန္ဓာငါးပါးပဲတဲ့ (မှန်ပါ) နိဗ္ဗာန်ဆိုတာလဲ ဒီခန္ဓာငါးပါးပဲတဲ့ (မှန်ပါ)။
ဒကာ ဒကာမတို့ မာဂဏ္ဍီပရိဗိုဇ်က မပြောဘူးလား (ပြောပါတယ်) အနာကင်းတယ်ဆိုတာလဲ (ဒီခန္ဓာငါးပါး ပါပဲ) သူ့ခန္ဓာငါးပါးပဲတဲ့၊ သူ့ခန္ဓာကိုယ်ကို ပုတ်ပြတယ် (မှန်ပါ) သဘောကျပြီလား (ကျပါပြီ) နိဗ္ဗာန်ဆိုတာကော (သူ့ခန္ဓာကိုယ်ပါပဲတဲ့)။
ဪ ဒါဖြင့် ခုနင်ကဘုန်းကြီးစချီပြီး ပြောခဲ့တဲ့တရာနဲ့ ဦးခင်မောင်ရေ အများကြီးလွဲသွားပြီ (လွဲသွားပါပြီ ဘုရား) မလွဲသေးဘူးလား (လွဲပါတယ်)။
အို-ဒါက တပည့်တော်တို့ စာပေကျမ်းဂန်အဆိုနဲ့ ညီညွှတ်တယ်ဆိုတာ ဒီဂါထာကို ဝိပဿီမြတ်စွာဘုရား လက်ထက်ကစပြီး ဘုရားအဆူဆူ ဟောတော်မူလာကြတာ (မှန်ပါ)။
နှစ်ပိုဒ်ကပျောက်နေတယ်
ကဿပမြတ်စွာ ဘုရားဟောပြီးတော့ ဒီဂါထာက သူတို့ပုဏ္ဏားတွေစာပေးထဲ ရောက်သွားတယ်၊ ပုဏ္ဏားတွေ အစဉ်အဆက် ဆောင်လာကြတယ်။ (မှန်ပါ) ဆောင်ပေမဲ့လဲ ဂါထာမှာ လေးပိုဒ်ရှိတဲ့အနက် နှစ်ပို့ဒ်ကိုသာ သူတို့ဆီမှာရှိတယ်၊ တကယ့်ချက်ကောင်း နှစ်ပိုဒ်ကပျောက်နေတယ် (မှန်ပါ) သဘောကျပြီလား (ကျပါပြီ)။
အာရောဂျပရမာလာဘံ နိဗ္ဗာနံပရမံသုခံဆိုတဲ့ နှစ်ပါဒသာ သူတို့ဆီမှာရှိတယ် (မှန်ပါ) အဋ္ဌင်္ဂိကောစမဂ္ဂါနံ၊ ခေမံအမတ ဂါမိနံဆိုတဲ့ မဂ္ဂင်လမ်းကျတော့ သူတို့ဆီမှာမရှိတော့ဘူး (မှန်ပါ)။ ခင်ဗျားတို့ ဥုံတွေဖွတွေလုပ် နေကြတဲ့ဂါထာမျိုးတွေလို သူတို့စာပေမှာတော့ ဖြစ်နေမှာပေါ့ (မှန်ပါ)။
တချို့က ဘုရားတစိတ်တဒေသပါတယ် ကက္ကုသန်ကောဏဂုံ ကဿပစသည်ဖြင့် ပါတော့ပါတယ် (မှန်ပါ) နာမည်သာပါတာနော် လုပ်စဉ်မပါဘူး (မှန်ပါ) သဘောကျပြီလား (ကျပါပြီ)။
အဲဒီလိုဖြစ်ပြီး ဂါထာက တစ်ပိုင်းပျောက်ပြီးတော့ တစ်ပိုင်းကိုပုဏ္ဏားတွေက ဆောင်ထားတော့ သူတို့မှာတော့ ဘယ်လိုနေရာတွေမှာ သုံးမှာတုန်းဆိုတော့ စီးပွားဥစ္စာရတနာ ရလိုတဲ့နေရာစတဲ့ လောကီ အစီအမံတွေမှာသာ သုံးမှာပေါ့ (မှန်ပါ)။
အာရောဂျပရမာ လာဘံ နိဗ္ဗာနံ ပရမံ သုခံ ဒီနှစ်ပါဒပဲ သူတို့ရွတ်နိုင်ကြတယ်၊ ရှင်းပြီလား (ရှင်းပါပြီ) ခင်ဗျားတို့ စိန္တမဏိဂါထာရွတ်သလိုကျ နေမှာပေါ့ (မှန်ပါ) စိတ်အလိုအတိုင်းပြီးတယ်ကိုး သူတို့အယူက (မှန်ပါ)။
သူတို့ရွတ်ပေးရုံနဲ့ ကိုယ်ပြည့်ရမယ်ဆိုတော့ ဟုတ်နိုင်ပါ့မလား
သူတို့ရွတ်တိုင်းပြီးရမှာလား ဒကာ ဒကာမတို့ ပုဏ္ဏားများက စိန္တာမဏိ, စိန္တာမဏိစသည်နဲ့ ရွတ်တယ်၊ ရွတ်တော့ ခင်ဗျားတို့က သူပြောတဲ့အတိုင်းပြည့်ပါလို၏ဆိုတော့ပ စိန္တာမဏိဆိုတဲ့ဥစ္စာက စိတ်အလိုပြည့်ရမှာကိုးဗျ၊ ဟိုပုဂ္ဂိုလ်က ရွတ်ပေးတာနဲ့ ဒီပုဂ္ဂိုလ်၏ စိတ်၏အလိုပြည့်ရမှာလား (မပြည့်နိုင်ပါဘူး)။
ဘယ်ပြည့်နိုင်ပါ့မလဲ ကိုယ့်ဟာကိုယ်ပြည့်အောင် လုပ်ပါလား သူတို့ရွတ်ပေးရုံနဲ့ ကိုယ်ပြည့်ရမယ်ဆိုတော့ ဟုတ်နိုင်ပါ့မလား (မဟုတ်နိုင်ပါဘူး)။
ဘယ့်နှယ်လုပ်ရမှာတုန်း (ကိုယ့်ဟာကိုယ်ပြည့်အောင် လုပ်ရမှာပါ) ကိုယ့်ဟာကိုယ်လုပ်ရင် ကိုယ်ပြည့်မယ် မဟုတ်လား (မှန်ပါ) အခုတော့ အငှားရွတ်တာနဲ့ ပြည့်လိမ့်မယ်ထင်တော့ ဘုရားကိုးဆူ ဆရာလို ဖြစ်နေတယ် ဟိုသူက ချည့်အော်နေတာပဲ အိမ်ရှင်ကတော့ဘာမှမလုပ်ဘူး (မှန်ပါ) ဒီလိုကျမနေဘူးလား (နေပါတယ်)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ အဋ္ဌင်္ဂိကောစ မဂ္ဂါနံဆိုတဲ့အပိုဒ်မပါဘူးနော် (မပါ-ပါဘူး) ခေမံအမတဂါမိနံဆိုတဲ့ အပိုဒ်ကော (မပါ-ပါဘူး) ဒါဖြင့်ဂါထာလေးပိုဒ် သုံးဆယ့်နှစ်လုံးရှိတဲ့အနက်က တဝက်သာပါတော့တယ် ဆယ့်ခြောက်လုံး (မှန်ပါ) ကျန်ဆယ့်ခြောက်လုံးကတော့ ကွယ်သွားတာပေါ့ဗျာ (မှန်ပါ) တနည်းတော့လဲ မိစ္ဆာဒိဋ္ဌိလက်ထဲ ရောက်သွားတော့ သူတို့လိုတာတင် သုံးတော့တာပေါ့ဗျာ (မှန်ပါ) ကျင့်စရာအခဏ်းပါသေးရဲ့လား (မပါ-ပါဘူး)။
အဲဒီတော့ မာဂဏ္ဍီက ကျုပ်တို့စာပေမှာပဲ ဒီအတိုင်းလာတဲ့အတွက် ရှင်ကြီးဂေါတမ ရွတ်လိုက်တော့ သိပ် သဘောကျတယ် (မှန်ပါ)။
အာရောဂျပရမာလာဘံဆိုတာ ဘာတုန်း
အာရောဂျပရမာလာဘံဆိုတာ ဘာတုန်းဆိုတော့ဒီခန္ဓာကြီးပဲဆိုပြီး သူ့ခန္ဓာကြီး ပုတ်ပြတာပဲ၊ နိဗ္ဗာနံပရမံသုခံ ဆိုတာလဲ ဒီခန္ဓာကြီးပဲတဲ့ (မှန်ပါ) သူ့ခန္ဓာကြီးဟာ ကျန်းမာနေတယ် ချမ်းသာနေတယ်၊ ဒါနိဗ္ဗာန်ပဲတဲ့ ဒီလိုယူထားတာကိုး (မှန်ပါ)။
ဒကာ ဒကာမတွေလဲ ဒီအတိုင်း ယူထားကြတာပဲ၊ ဒီခန္ဓာကိုယ်ကြီးဟာ ဘယ်အချိန်ကြည့်လိုက်ကြည့်လိုက် အိပ်ရာထဲမလဲ သေးရင် ကျန်းမာတယ်ပြောနေကြတာပဲ (မှန်ပါ)။
ခင်ဗျားတို့ဟာ အိပ်ရာထဲလဲမှ မကျန်းမာတယ်လို့ သိတယ် (မှန်ပါ)။ ဒီအတိုင်းပကတိ မမာနေတာကျတော့ (မသိပါဘူး)။
ဝိပဿနာ မျက်လုံးကလေး တပ်ကြည့်စမ်းပါ ဒီအတိုင်းမမာတာတွေ့ပါလိမ့်မယ် (မှန်ပါ) ဝိပဿနာ မျက်လုံး တပ်ကြည့်စမ်းပါ ဒကာ ဒကာမတို့ ရုပ်ကလေးမမာတာလဲ ခဏခဏဖျားပြီး ခဏခဏ သေတာတွေ့ပါလိမ့်မယ် (မှန်ပါ) နာမ်ကလေးတွေ မမာတာကော (ခဏခဏဖျား, ခဏခဏသေပါတယ် ဘုရား) သဘောကျပြီလား (ကျပါပြီ)။
ဝိပဿနာမျက်လုံးကလေး တပ်ကြည့်လိုက်ပါတဲ့၊ တပ်ကြည့်လိုက်ပြီဆိုမှဖြင့် ခဏခဏဖျား, ခဏခဏအို, ခဏခဏသေတာကလေးတွေဟာ တွေ့ပါလိမ့်မယ်၊ မတွေ့ပေဘူးလား (တွေ့ပါတယ်) နို့ မာဂဏ္ဍီက အာရောဂျပရမာ လာဘံဆိုတော့ ခန္ဓာကိုယ် ပုတ်ပြတော့မှန်သေးရဲ့လား (မမှန်ပါဘူး) ဝိပဿနာမဂ်နဲ့ကြည့်ပြီး ပြောတာ ဟုတ်သေးရဲ့လား (မဟုတ်ပါဘူး) ဒါဖြင့် စုံလုံးကန်းပြောတာပေါ့ (မှန်ပါ)။
မဂ္ဂင်ငါးပါးနဲ့တော့ အနာရှိတာမြင်တယ်
ဘုန်းကြီးတို့ ဒကာ ဒကာမတွေကျတော့ ဘုန်းကြီးက သင်ထားတယ်။ တချို့လဲ အားထုတ်ထားကြတော့ကို ဒီခန္ဓာငါးပါးချုပ် ဆုံးသွားတဲ့အခါကျတော့လဲ ဒုက္ခဆုံးသွားတော့ နိဗ္ဗာန်လို့မဆိုဘူးလား (ဆိုပါတယ်) အဲဒါကျတော့ မဂ္ဂင်ရှစ်ပါးရတော့ မမြင်ဘူးလား (မြင်ပါတယ်) မဂ္ဂင်ငါးပါးနဲ့တော့ အနာရှိတာမြင်တယ် (မှန်ပါ) မဂ္ဂင်ရှစ်ပါးနဲ့ကျတော့ အနာဆုံးတာမြင်တယ် (မှန်ပါ)။
မဂ္ဂင်ငါးပါးနဲ့ကျတော့ (အနာရှိတာမြင်ပါတယ်) မဂ္ဂင်ရှစ်ပါးနဲ့ကျတော့ (အနာဆုံးတာမြင်ပါတယ်) အနာမရှိတာ မြင်တယ် ဆိုကြပါစို့ သူ့စကားအလိုက်နော် (မှန်ပါ)။
ဒါဖြင့် အနာမရှိတာက နိဗ္ဗာန်၊ အနာရှိတာက ခန္ဓာ (မှန်ပါ) ပေါ်ကြပြီလား (ပေါ်ပါပြီ)။
သူကတစ်ခါတည်း အာရောဂျပရမာလာဘံဆိုတော့ ခန္ဓာကြီးပုတ်ပြတော့ အနာရှိတာကော သိသေးရဲ့လား (မသိပါဘူး) နိဗ္ဗာနံပရမံသုခံဆိုရင် သူ့ခန္ဓာကြီးပုတ်ပြပြန်တော့ ဒုက္ခသစ္စာခန္ဓာကိုယ်ကြီး နိဗ္ဗာန်လုပ်နေပြန်တော့ သာပြီးမခက်ဘူးလား (ခက်ပါတယ် ဘုရား) အခုဘုန်းကြီးရှင်းပြတော့ ဝိပဿနာမဂ်နဲ့ ကြည့်လိုက်တော့ အနာရှိတာက ခန္ဓာအနာမရှိတာက (နိဗ္ဗာန်ပါ ဘုရား) ဒီလိုကြည့်ရမှာ (မှန်ပါ)။
အဲဒါသည် ဦးခင်မောင် မျက်လုံးတပ်ပြီဒီနေ့ (မှန်ပါ) ကိုယ့်ခန္ဓာကိုယ်ကြည့်လိုက်စမ်း အနာရှိတာ မြင်လို့ရှိရင် (ဝိပဿနာမျက်လုံးပါ) ခန္ဓာကြည့်လို့ရှိရင်ဖြင့် အနာရှိတာ သက်သက်ပဲ၊ ခဏခဏဖြစ်ပျက်နေတာမဟုတ်လား (မှန်ပါ)၊ အဲဒီတော့ ခန္ဓာကြီးဟာ ဘယ်အခါမှ အနာမကင်းဘူးလို့ မသိဘူးလား (သိပါတယ်) ဒါဟာမဂ္ဂင်ငါးပါးနဲ့မြင်တာ (မှန်ပါ)။
နောက်ကျတော့ ဒကာ ဒကာမတွေက နိဗ္ဗိန္ဒတွေတက်ပြီး ဆုံးသွားတဲ့အခါကျတော့ မဂ္ဂင်ရှစ်ပါးလဲစုံပါရော ခန္ဓာမပျောက်ဘူးလား (ပျောက်ပါတယ်) ခန္ဓာပျောက်သွားတော့ အနာမရှိတာကော မမြင်ဘူးလား (မြင်ပါတယ်)။
ဒါကခင်ဗျားတို့ ကြိုးစားဖို့ တပ်ပေးတဲ့မျက်လုံး (မှန်ပါ) အနာရှိတာ သိအောင်ကို ကြည့်ရမယ် (မှန်ပါ) အနာရှိနေလို့ အနာရှိတာ အကြည့်ခိုင်းတာ (မှန်ပါ) ဖြစ်ပျက်နေတယ်ဆိုတာ ခဏခဏမွေး, ခဏခဏနာ, ခဏခဏသေ နေတာမဟုတ်လား (မှန်ပါ) ဒါအနာကင်းတယ်လို့ ဆိုနိုင်ပါ့မလား (မဆိုနိုင်ပါဘူး)။
ဖြစ်ပျက်မြင်ရင်ပဲ မဂ်မျက်လုံးတစ်ခုရပြီ
အဲဒီလိုဖြစ်ပျက်မြင်ရင်ပဲ ဒကာ ဒကာမတို့ မဂ်မျက်လုံးတစ်ခုရပြီ (မှန်ပါ) ဖြစ်ပျက်ဆုံးသွားလို့ရှိရင် ဒီခန္ဓာငါးပါး ပါ မမြင်တော့ပါဘူးဘုရား ဆုံးသွားပြီဘုရား၊ သူ့ကိုမလိုချင်တာနဲ့ ဆုံးသွားတယ်ဘုရားဆိုရင် အနာကိုကင်းတာ (မှန်ပါ) သဘောကျပြီလား (ကျပါပြီ)။
ဒါဖြင့် အနာရှိတာသိမှု ဝိပဿနာမဂ် (မှန်ပါ) အနာပျောက်တာသိမှု (လောကုတ္တရာမဂ်ပါ) ရှင်းပြီလား (မှန်ပါ)။
ဒီနှစ်မဂ်ကိုလဲ ခွဲမှတ်ရမယ် (မှန်ပါ) အဲဒီတော့ ဒီမျက်လုံးနှစ်လုံးစလုံးဟာ ဆေးကုလို့ ပျောက်လာတဲ့ မျက်လုံး ချည်းပဲ (မှန်ပါ)။
အဲဒါရွာထဲရပ်ထဲ ဝိပဿနာဘာမှဝါသနာမပါတဲ့ ပုဂ္ဂိုလ်သွားမေးလို့ရှိရင် ကျန်းမာရဲ့လားမေးရင် သွားလာနေ တာပဲ အိပ်ရာထဲ လဲမနေပဲနဲ့ ကျန်းမာရဲ့လားမေးရင် ခင်ဗျားရူးနေသလားတောင် ဆိုချင်ဆိုဦးမှာသူက (မှန်ပါ)။ မဆိုပေဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
အဲဒီတော့ အရောဂျပရမာလာဘံဆိုတာ ဒကာ ဒကာမတွေ ယနေ့သိသွားတယ်၊ ဒီခန္ဓာကြီးကိုမရှိမှ အာရောဂျ ပရာမာလာဘံ (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ)။
ဒီခန္ဓာကိုယ်မရှိမှ ဘာတုန်းအာရောဂျပရမာလာဘံပါ) အဲဒါမှနိဗ္ဗာနံပရမံသုခံလဲ ဖြစ်ပါတယ် (မှန်ပါ)။
ခန္ဓာရှိလို့ရှိရင်တော့ ဘယ်တော့မှ အနာမကင်းဘူး ဘယ်အချိန်ကြည့်လိုက် ကြည့်လိုက် ဖောက်ပြန်နေတာပဲ (မှန်ပါ) သဘောပါပြီလား (ပါပါပြီ)။
မဂ္ဂင်ရှစ်ပါးနဲ့မြင်တဲ့ ပုဂ္ဂိုလ်ဟာ
ဒါဖြင့် မဂ္ဂင်ငါးပါးနဲ့ မြင်တဲ့ပုဂ္ဂိုလ်ဟာ ဖြစ်ပျက်မြင်ပါလိမ့်မယ် (မှန်ပါ) မဂ္ဂင်ရှစ်ပါးနဲ့မြင်တဲ့ ပုဂ္ဂိုလ်ဟာ ဖြစ်ပျက်ဆုံးတာ မြင်ပါလိမ့်မယ် (မှန်ပါ) ခန္ဓာငါးပါးကို စောင့်ရှုရလိမ့်မယ်ဆိုတာ သဘောကျပြီလား (ကျပါပြီ)။
ဒါဖြင့် အဲဒီလိုမြင်တတ်တဲ့ ပုဂ္ဂိုလ်ဟာ ဖြစ်ပျက်မြင်တဲ့ ပုဂ္ဂိုလ်ဟာ အနာရှိတာသိတယ် (မှန်ပါ) ဖြစ်ပျက်အဆုံးကို မြင်တဲ့ပုဂ္ဂိုလ်ဟာ (အနာမရှိတာကို သိပါတယ်)။
ဒါဖြင့်အနာရှိတာသိတာလဲ ခင်ဗျားတို့ဥပါဒါန်ချုပ်တာပဲ (မှန်ပါ) အနာမရှိတာသိတာလဲ (ဥပါဒါန်ချုပ်တာပါပဲ ဘုရား)။
အနာရှိတာသိတော့ ဥပါဒါန်က ဒီခန္ဓာငါးပါးစွဲလမ်းသေးရဲ့လား (မစွဲလမ်းပါဘူး) အဲ ဝိပဿနာမဂ်ကလဲ ဒကာ ဒကာမတို့ အနာရှိတာသိတဲ့အတွက် ဥပါဒါန်ချုပ်, ကံချုပ်ဟုတ်လား နောက်ခန္ဓာငါးပါး လာပါဦးမလား (မလာပါ ဘူး)။
မလာရင်ပျက်တော့မှာပဲ ဒကာ ဒကာမတို့ မျိုးစေ့အောင်ပြီ (မှန်ပါ) ကဲတစ်ခါ ဒီထက်အောင်အောင်လဲ အခုချက်ချင်း ပဲ ဒီခန္ဓာငါးပါးကြီး မလိုချင်ပါဘူးဆိုပြီး ဆုံးအောင်ကြည့်လိုက် မရနိုင်ပေဘူးလား (ရနိုင်ပါတယ် ဘုရား) အဲဒီကဲ့သို့ ဆုံးအောင်ကြည့်လိုက်ပြီဆိုတော့လဲ ဒီကဥပါဒါန်က မချုပ်သေးဘူးလား (ချုပ်ပါတယ်) မလိုချင်တော့ ချုပ်သွားတယ် (မှန်ပါ) ဥပါဒါန်ချုပ်က ကံကတော့ (ချုပ်ပါတယ် ဘုရား) ဒီဘက်ကကော (ခန္ဓာငါးပါးချုပ်ပါတယ်)။
ခန္ဓာငါးပါးချုပ်သွားတဲ့အခါကျလို့ရှိရင် ဪ ဒီထဲမှာဥပါဒါန်နှိပ်စက်နေတာကိုးဆိုတာ ပေါ်လာတယ် (မှန်ပါ)။
ပစ္စုပ္ပန်ခန္ဓာငါးပါး ခင်ခြင်းကြောင့် ဥပါဒါန်ပေါ်တယ်၊ ဒါကြောင့် အနာဂတ်ခန္ဓာငါးပါးဆိုတဲ့ တရားရပြန်တယ် (မှန်ပါ) သဘောပါကြပြီလား (ပါ-ပါပြီ)။
ဝိပဿနာမဂ်မျက်လုံး လောကုတ္တရာမဂ်မျက်လုံး
ဒါဖြင့် ဒကာ ဒကာမတို့ ယနေ့မျက်လုံး ဘယ်နှစ်လုံးတပ်ပေးလိုက်သတုန်း (နှစ်လုံးပါ ဘုရား) ဝိပဿနာမဂ် မျက်လုံးတစ်လုံး၊ လောကုတ္တရာမဂ်မျက်လုံးတစ်လုံး ဘယ်နှစ်လုံးတုန်း (နှစ်လုံးပါ ဘုရား) ဝိပဿနာမဂ်မျက်လုံးက ဘာကိုမြင်သတုန်း (ခန္ဓာအနာရှိတာ မြင်ပါတယ်)။
ခန္ဓာငါးပါးဖြစ်ပျက် အနာတွေကိုမြင်တယ် (မှန်ပါ) လောကုတ္တရာ မဂ်မျက်လုံးက (အနာမရှိတာ မြင်ပါတယ်) အနာမရှိတာဟာ နိဗ္ဗာန်ပဲ (မှန်ပါ) အနာရှိတာက ခန္ဓာ (မှန်ပါ)။ ဒါဖြင့် မျက်လုံးဘယ်နှစ်လုံး ဒီနေ့တပ်ပေးသတုန်း (နှစ်လုံးပါ ဘုရား)။
အဲဒီတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေအားထုတ်ကြည့် အနာရှိတာ မြင်တဲ့မျက်လုံး အရင်ရလိမ့်မယ် (မှန်ပါ)။ နောက်မှအနာပျောက်တာ မြင်တဲ့မျက်လုံး ဒုတိယအဆင့်ရမယ် (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ)။
