264

ရှာမှီးခြင်းကိုပြောင်းလိုက်ပါ

အသံဖိုင်ခေါင်းစဉ်= ခန္ဓာကြီး၏ သွားနေကြလမ်းစဉ်တရားတော်

စာအုပ်ခေါင်းစဉ်= ရှာမှီးခြင်းကိုပြောင်းလိုက်ပါ

အသံမ​ကြည်ပါ။

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိ

မိုးကုတ်ဆရာတော်ဘုရားကြီး

မိုးကုတ်မြို့၌ ဟောကြားတော်မူသော တရားတော်

ရှာမှီးခြင်းကိုပြောင်းလိုက်ပါ

(နှစ်ဆန်းတစ်ရက်နေ့)

(၁၇-၄-၆၂)

ယခုတရားနာနေကြတဲ့ ဒကာ, ဒကာမတွေမှာ ဇာတိဆိုတဲ့ ပဋိသန္ဓေ နေခဲ့ကြပြီဆိုရင် မောင်နိုင် မလွဲပါ ဘူး (မလွဲပါ ဘုရား)၊ ပဋိသန္ဓေ နေပြီးကြပြီနော် (မှန်ပါ့)။

အခုဘယ်အခြေအနေရောက်နေပြီလဲ

ယခု ဘယ်အခြေအနေ ရောက်နေသလဲ လို့ မေးလို့ရှိရင်ဖြင့် ဇရာဆိုတဲ့ အိုမှုထဲ ကြီးရင့်တဲ့ဘက် ရောက်လာပြီ ဆိုရင်လည်း မလွဲဘူး (မလွဲပါဘူး ဘုရား)။

နောက်ကျတော့ ဒီ ဒကာ,ဒကာမတွေ ဘာနဲ့ တွေ့ကြ ဆုံကြ, ကြုံကြမှာလဲလို့ မေးတော့ ဗျာဓိ ဆို တဲ့ အနာနှိပ်စက်တာနဲ့ တွေ့ရမယ် (မှန်ပါ့)။

နောက်ကျတော့ ဒီဒကာ,ဒကာမတွေ ဗျာဓိက ကျော်သွားတဲ့အခါကျတော့ သေမှုဆိုတဲ့ မရဏနဲ့တွေ့ ရမယ် (မှန်ပါ့)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ,ဒကာမတွေမှာ ဇာတိ က လာတယ်၊ ယခု ဇရာရောက်နေတယ်၊ အိုမှုရောက် နေပြီ (မှန်ပါ့)၊ အိုမှုကနေပြီး သကာလ ဒကာ,ဒကာမ တွေ ဘယ်သွားကြမှာတုံး (ဗျာဓိဆီပါ)၊ ဗျာဓိဆိုတဲ့ အနာနှိပ်စက်တဲ့ဆီ သွားကြမယ် သဘောကျပလား (ကျပါပြီ ဘုရား)။

ဘယ်သွားကြမလို့လဲ (ဗျာဓိဆီ သွားမလို့ပါ ဘုရား)၊ မန္တလေးရေတံခွန်သွားမလို့ မဟုတ်ပါဘူး၊ ခန္ဓာ က နာတဲ့ဆီသွားနေတယ်လို့ မှတ်ရမယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဟာ ခန္ဓာ့လမ်းစဉ်

အဲဒီနာပြီးတဲ့အခါကျလို့ရှိရင် သူရပ်ဆိုင်းမှာ လားတဲ့၊ ဘယ်ကိုဆက်လက်ပြီးသွားမှာလဲ လို့ အမေးထုတ်လို့ရှိရင် သေမှုဆီသွားမယ် (မှန်ပါ့ ဘုရား)၊ ဒါ ဟာ ခန္ဓာ့ လမ်းစဉ်ပဲ (မှန်ပါ့)။

ဒကာ,ဒကာမတို့ ဘယ်သူ့လမ်းစဉ်လည်း (ခန္ဓာ့လမ်းစဉ်ပါ ဘုရား)။

ဒါဖြင့် ဒီဒကာ,ဒကာမတွေဟာ ဇာတိလည်း ကိုယ်ပိုင်ရခဲ့ပြီးသား၊ ဇရာကလည်း ကိုယ့်ပစ္စည်း အဖြစ်နဲ့ ဦးဘရှင်းရှိပြီးသား (မှန်ပါ့)၊ ဗျာဓိကလည်း ရှေ့ကိုတွေ့ဦးမှာပဲ (မှန်ပါ့)၊ အနာနှိပ်စက်တာလေ (မှန် လှပါ)၊ မရဏဆိုတဲ့ မြို့ပြင်ထုတ်တဲ့ အလုပ်ကလည်း တွေ့ရဦးမှာလားမေးရင် ဘယ့်နှယ် ဖြေကြမလဲ (တွေ့ရ ဦးမှာပါ ဘုရား)။

ဒါဖြင့် ဒီဒကာ,ဒကာမတွေမှာ ဒီလေးမျိုးဟာဖြင့် ကိုယ်တွေ့ တွေ့ပြီးသားရယ်၊ တွေ့ဆဲရယ်၊ တွေ့လတ္တံ့ ရယ် မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)၊ တွေ့ ပြီးသားက ဇာတိ (မှန်ပါ့)၊ တွေ့ဆဲက ဇရာ၊ တွေ့ လတ္တံ့က ဗျာဓိရယ်၊ မရဏရယ် (မှန်ပါ့)၊ ဘယ်နှမျိုး ပါလိမ့် (လေးမျိုးပါ ဘုရား)။

တွေ့ပြီးသားက ဘာပါလိမ့် (ဇာတိပါ ဘုရား)၊ တွေ့ဆဲက (ဇရာပါ)၊ ဇရာပဲ အခုအိုနေပြီ (မှန်ပါ့)၊ ဒကာ,ဒကာမတွေ တွေ့လတ္တံ့က ဘာပါလိမ့် (ဗျာဓိ၊ မရဏပါ ဘုရား)၊ ဗျာဓိနဲ့မရဏ၊ ဗျာဓိ ဆိုတာက အနာ နှိပ်စက်တာ၊ နောက်သေရမယ် (မှန်ပါ့)။

တွေ့ပြီးသား၊ တွေ့ဆဲ၊ တွေ့လတ္တံ့

ဒါဖြင့် ဒီလေးခုဟာ တွေ့ပြီးသား၊ တွေ့ဆဲ၊ တွေ့ လတ္တံ့၊ လေးခုမရှိဘူးလား (ရှိပါတယ် ဘုရား)။

ဒါဖြင့် ကိုယ်ပိုင်ပစ္စည်း ဘယ်နှခု ရှိကြသတုံးမေးရင် ဘယ့်နှယ်ဖြေပါ့မလဲ (လေးခုပါ ဘုရား)၊ ကိုယ်ပိုင် ပစ္စည်း လေးခုရှိကြတယ် (မှန်ပါ့)။

လေးခုရှိတော့ ဘုန်းကြီးက ရှင်းပြမယ်၊ လေးခုရှိတော့ ဘုန်းကြီးက ရှင်းပြပါမယ် ဒကာ, ဒကာမတို့၊ ဇာတိ, ဒုက္ခသစ္စာ (မှန်ပါ့)၊ ဇရာဟာ ဘာသစ္စာ (ဒုက္ခသစ္စာ ပါ ဘုရား)၊ တွေ့လတ္တံ့ ဗျာဓိက (ဒုက္ခသစ္စာပါ)၊ နောက်ဆက်ပြီး တွေ့လတ္တံ့ မရဏသေမှုကကော (ဒုက္ခ သစ္စာပါ ဘုရား)။

ဪ ဒုက္ခသစ္စာလေးချက် တွေ့ပြီ၊ တွေ့ဆဲ၊ တွေ့ လတ္တံ့ ဆိုတော့ ဒီလေးခုဟာဖြင့် တွေ့ပြီးတာလည်း မိမိနဲ့ပဲ တွေ့ဆဲလည်း မိမိနဲ့ တွေ့နေတာပဲ၊ တွေ့လတ္တံ့ တွေကိုလည်း မိမိရှောင်ကွင်းလို့မလွတ်ဘူး (မှန်ပါ့)၊ ဆိုနိုင်ကြရဲ့ လား (ဆိုနိုင်ပါတယ်)၊ ဦးအောင်ဇံဝေ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)၊ သေသေချာချာ မှတ်ပါလို့ သတိပေးလိုက်ပါတယ် (မှန်ပါ့ ဘုရား)။

ဒုက္ခသစ္စာတွေ

အဲဒီ တွေ့ဆဲ၊ တွေ့ပြီး၊ တွေ့လတ္တံ့တွေဟာ သစ္စာ ချည်းပဲ (မှန်ပါ့)၊ သစ္စာဖွဲ့လိုက်တော့ ဘာသစ္စာတွေ ဖြစ်သွားသတုံး (ဒုက္ခသစ္စာတွေပါ ဘုရား)၊ ဦးညိုကြီး ဘာ သစ္စာ ဖြစ်သတုံး (ဒုက္ခသစ္စာပါ ဘုရား)၊ ဒုက္ခသစ္စာတွေ ချည်း ဖြစ်နေတယ် (မှန်ပါ့)။

ဒုက္ခသစ္စာက နောက်တွေ့ဖို့ ကောင်းသလား၊ ရှောင် ဖို့ကောင်းသလား၊ ဒကာ,ဒကာမတွေ မေးလိုက်ပါတယ်နော် (ရှောင်ဖို့ကောင်းပါတယ် ဘုရား)။

ဪ ရှောင်ဖို့ကောင်းတယ်၊ နောင်ကို ဒီဒုက္ခ လေးချက်ကိုဖြင့်ကွာ ရှောင်ရမှာပဲဆိုတာ စိတ်ထဲ မွေးကြ တာပေါ့ (မှန်ပါ့)။

သို့သော်လည်းတဲ့ ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ မှာ ရှောင်ရမှာပဲဆိုတဲ့ဥစ္စာကလည်း ဇာတိ,ဒုက္ခ သစ္စာ။ ဇရာ ဒုက္ခသစ္စာ၊ ဗျာဓိဒုက္ခသစ္စာ၊ မရဏဒုက္ခသစ္စာလို့ သိတဲ့ ပုဂ္ဂိုလ်မှ ရှောင်မှာပဲဘုရား ဆိုတဲ့ အသံကလေး ထွက်နိုင် တယ် (မှန်ပါ့)၊

ဦးအောင်ဇံဝေ နို့မဟုတ်ရင် ထွက်နိုင်ပါ့မလား (မထွက်နိုင်ပါ ဘုရား)၊ သစ္စာသိမှနော် (မှန်ပါ့)၊ သစ္စာသိမှ ရှောင်ရမှာပဲ ဆိုတဲ့ စကားကလေး သုံးနိုင်ပါတယ် (မှန်ပါ့)၊ သစ္စာမသိရင် (မသုံးနိုင်ပါ ဘုရား)၊ မသုံးနိုင် ဘူးဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။

အခုတော့ ဘုန်းကြီးတို့ ဒကာ,ဒကာမတွေမှာ ဇာတိရှိလျက်နဲ့ ဇာတိတွေ့ပြီးသား ဖြစ်ပါလျက်နဲ့ ဇာတိ ရှာကြတယ်။

ဇာတိတွေ့ပြီးသား ဖြစ်ပါလျက်သားနဲ့ ဘာတဲ့ (ဇာတိရှာကြပါတယ် ဘုရား)၊ ဇရာတွေ့ဆဲ ဖြစ်ပါ လျက်သား နဲ့ ဘာရှာသတုံး (ဇရာရှာပါတယ် ဘုရား)၊ ဗျာဓိ၊ မရဏ တွေ့လတ္တံ့ ဖြစ်ပါ လျက်သားနဲ့ ဘာရှာကြသတုံး (ဗျာဓိ၊ မရဏရှာပါတယ် ဘုရား)၊ မိုက်ချက်သန်လိုက်တာလို့ ဆို

လိုက်ပါတယ် (မှန်ပါ့)။

ဘယ်နှယ့်ဆိုကြပါ့မယ် (မိုက်ချက်သန်ပါတယ် ဘုရား)၊ ဦးညိုကြီး ဘယ့်နှယ်ဆိုမတုံး မိုက်ချက် သန်တယ် (မှန်ပါ့ ဘုရား)၊ နောက်က ဒကာ,ဒကာမတွေ ဘယ်လို ဆိုကြပါ့မလဲ (မိုက်ချက်သန်ပါတယ် ဘုရား)။

ဇာတိ ကိုယ်တိုင်တွေ့ပြီးသား ဖြစ်ပါလျက်သားနဲ့ ဇာတိရှာတယ် (မှန်ပါ့)၊ ဇရာဆိုတာ အခုကိုယ်တိုင် တွေ့နေရတယ် (မှန်ပါ့)။

ပျိုရုပ်တွေမရှိတော့ဘူး

ကျုပ် အိုလာပြီ မသွားနိုင် မလာနိုင်တော့ဘူး၊ ဇရာကိုယ်တိုင် တွေ့ပြီး သကာလ အရုပ်အဆင်းတွေ ပျက် ကုန်ပါပြီ၊ ပျိုရုပ်တွေ မရှိပါဘူး၊ အိုရုပ်တွေနဲ့ နေရပါတယ်ဆို တာ ကိုယ်တိုင် တွေ့နေလျက်သားနဲ့ နောက်ဇရာကို ရှာ မယ်ဆိုရင်ဖြင့် ဘုန်းကြီးပြောတာ မမှားပါဘူး (မမှားပါ ဘုရား)၊ နောက်ရှာတဲ့ပုဂ္ဂိုလ် မိုက်ချက်သန်တယ်လို့ ဆိုလိုက် ပါတယ် (မှန်ပါ့)၊ ငြင်းဖို့ရာရှိသေးရဲ့လား (မရှိပါ ဘုရား)။

ဗျာဓိ၊ မရဏတွေဟာ တွေ့လတ္တံ့မှ ဟုတ်ပါရဲ့လား၊ ဒီဘဝမှာ (တွေ့လတ္တံ့ပါ ဘုရား)၊ အနာနှိပ်စက်တဲ့ ကိစ္စ၊ သေရမည့်ကိစ္စဟာ ဦးအောင်ဇံဝေ ဟုတ်မဟုတ် (ဟုတ် ပါတယ် ဘုရား)။

မိုက်ချက်သန်တယ်

အဲဒီတော့ တွေ့လတ္တံ့ ဖြစ်ပါလျက်သားနဲ့ အခုဟာ တောင် တွေ့လတ္တံ့ မကျော်လွှား နိုင်သေးဘဲနဲ့ နောင်တစ်ဖန် အသစ်ရှာဦးမယ်ဆိုရင် မိုက်ချက် သန်တယ် (မှန်ပါ့)၊ မဆို ထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။

ကြပ်ကြပ်စဉ်းစားပါ၊ ကြပ်ကြပ်စဉ်းစားပါ။ ဘုန်းကြီး တို့ ဒကာ,ဒကာမတွေကို နားလည်အောင် ပြောနေတယ် (မှန်ပါ့ ဘုရား)။ ဒါဖြင့် ရှာမှီးခြင်းလွဲနေပြီ (မှန်ပါ့)၊ နောက်ထပ် ရှာတဲ့ပုဂ္ဂိုလ်ဟာ ရှာမှီးခြင်း လွဲကုန်ပြီ ဦးဘရှင်းရေ (မှန်ပါ့)။

ဘယ့်နှယ်ဆိုကြမလဲ (ရှာမှီးခြင်းလွဲပါတယ်)၊ ရှာ မှီးခြင်းလွဲကုန်ပြီလို့ပဲ ဆိုရပါလိမ့်မယ် (မှန်ပါ့ ဘုရား)။

ဘယ်လိုဆိုကြမလဲ (ရှာမှီးခြင်းလွဲကုန်ပါပြီ ဘုရား)၊ ရှာမှီးခြင်းလွဲကုန်ပါပြီ။

တပည့်တော်တို့ ဘယ်ရှာရမတုံးဘုရား၊ ဟာ ရှာတာပေါ့ကွာ၊ မင်းတို့သည်ကားလို့ဆိုရင် အကြမ်းကို အရင်ပြောပြပါ့မယ်၊ အနုနောက်မှပြောမယ်နော် (မှန်ပါ့)၊ ဘာတုံးဆိုတော့ အချို့ လှူဒါန်း ပေးကမ်းပြီးတော့ လူဖြစ် ရပါလို၏၊ နတ်ဖြစ်ရပါလို၏ (မှန်ပါ့ ဘုရား)။

ဇာတိရှိလျက်နဲ့ ဇာတိရှာတယ်

လှူဒါန်း ပေးကမ်းပြီး လူချမ်းသာ၊ နတ်ချမ်းသာ ဖြစ်ရပါလို၏ဆိုတဲ့ ဒကာ,ဒကာမတွေဟာ ဇာတိ ရှိလျက်နဲ့ ဇာတိရှာတာ (မှန်ပါ့)၊ ဇရာရှိလျက်နဲ့ (ဇရာရှာပါတယ်)၊ ဗျာဓိမရဏရှိလျက်နဲ့ (ဗျာဓိမရဏ ရှာပါတယ် ဘုရား)။

ကဲ မောင်နိုင်တို့ပဲ မောင်ထွန်းအောင်တို့ပဲ။ ဦးအောင်ဇံဝေတို့ပဲ ဆုံးဖြတ်ချက်ချပါတော့ လွဲမလွဲ (လွဲပါတယ်)၊ မလွဲဘူးလား၊ လွဲသလား ရှာတာ (လွဲပါတယ် ဘုရား)။

လွဲနေပြီ ဆိုတာ သတိထားပါ (မှန်ပါ့) မောင်နိုင် သဘောကျပလား (ကျပါပြီ)၊ ဦးအောင်ဇံဝေ နောက်ထပ် ရှာရင် (လွဲပါတယ်)၊ လွဲတယ်ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

ဤဘဝ စုတေမနေ သေလွန်ရလို့ရှိရင် လှူမှု၊ တန်းမှု၊ ပေးမှု၊ ကမ်းမှုကြောင့် နောင်ဘဝ လူချမ်းသာ နတ်ချမ်းသာ ဖြစ်ရပါလို၏ဆိုရင်ဖြင့် ဇာတိရွာ၊ ဇရာရှာ၊ ဗျာဓိရှာ၊ မရဏ ရှာတာပဲ (မှန်ပါ့ ဘုရား)၊ ရှာမှီးခြင်း လွဲကုန်ပြီ (လွဲပါ တယ် ဘုရား)။

ဦးအောင်ဇံဝေ ဘယ့်နှယ်တုံး သဘောကျရဲ့လား (ကျပါတယ် ဘုရား)၊ ရှာမှီးခြင်းလွဲသလား မှန်သလား (လွဲပါတယ် ဘုရား)၊ သေသေချာချာမှတ်ပါ (မှန်ပါ့)။ ဒကာကြီးလှိုင် ဘယ်နှယ့်တုံး လွဲသလား (လွဲပါတယ် ဘုရား)။

ဒါက ဘယ်ပုဂ္ဂိုလ်တွေတုံးလို့ မေးတဲ့အခါကျတော့ ဘုန်းကြီးက နာအောင်ပြောတယ်လို့ မောင်နိုင်က မထင်နဲ့နော် (မှန်ပါ့)၊ စုံလုံးကန်း လမ်းသွားနေတာ (မှန်ပါ့)၊ စုံလုံးကန်း လမ်းသွား နေတာကွလို့ နာမည် ပေးလိုက်တယ် (မှန်ပါ့)။

ဒီဘဝမှာလည်း ဇာတိ၊ ဇရာ၊ မရဏ၊ ဒုက္ခ သစ္စာကို သူမမြင်ဘူး (မှန်ပါ့)၊ နောင်လာမည့် ဇာတိ၊ ဇရာ၊ မရဏ ကိုလည်း ဒုက္ခသစ္စာလို့ သူမြင်သေးရဲ့လား (မမြင်ပါ ဘုရား)။

စုံလုံးကန်း ဖြစ်သွားတယ်

ဒါဖြင့် ဒီဘဝ မမြင်တာက တစ်ဖက်ကန်း၊ နောက် လှမ်းမမြင်တာက (တစ်ဖက်ကန်းပါ)၊ တစ်ဖက်ကန်း ပေါင်း လိုက်တော့ နှစ်ဖက်ကန်းဖြစ်သွားတယ် (မှန်ပါ့)၊ စုံလုံးကန်း ဖြစ်သွားတယ် (မှန်ပါ့ ဘုရား)။

ဦးဘရှင်း- ဘယ့်နှယ်ထင်သတုံး (စုံလုံးကန်းပါ ဘုရား)၊ တကယ်ကြောက်စရာ ကောင်းပါကလား (ကောင်းပါတယ်)၊ ဒကာကြီးလှိုင် ဘယ့်နှယ်တုံး (အင် မတန်ကြောက်စရာ ကောင်းပါတယ်)၊ အားလုံး ဒကာ,ဒကာမတွေ (အင်မတန်ကြောက်စရာ ကောင်းပါတယ် ဘုရား)။

ခင်ဗျားတို့ သစ္စာမသိတဲ့ ပုဂ္ဂိုလ်ဟူသရွေ့မှာဖြင့် အခုဘုရားရှေ့မှာ ပန်းတွေလှူ၊ ဆွမ်းတော်ပွဲတွေ ကပ်ပြီး ဒီဘဝက စုတေမနေ သေလွန်ရသည်ရှိသော် ဤဆွမ်း၊ ဤကွမ်းကို လှူဒါန်း ပေးကမ်းရတဲ့ အကြောင်းကြောင့် နိဗ္ဗာန် မရမီစပ်ကြား လူချမ်းသာ၊ နတ်ချမ်းသာ၊ ဗြဟ္မာချမ်းသာ ဖြစ်ရပါလို၏ဆိုတော့ ခုနက ဒုက္ခသစ္စာလေးချက် တောင်းယူ လိုက်တယ် (မှန်ပါ့)။

ဘာတောင်းယူလိုက်သတုံး (ဒုက္ခသစ္စာလေးချက် တောင်းယူပါတယ် ဘုရား)။

ဒကာကြီးလှိုင် လွဲကုန်ပြီဗျ (မှန်ပါ့လွဲပါတယ်)၊ ဦးဘရှင်း (လွဲပါတယ် ဘုရား)၊ ဘုန်းကြီးက ဆောင်ဟော နေသလား၊ သူ့ကိုက လွဲနေတာလား (သူ့ကိုက လွဲနေ တာပါ ဘုရား)။

ဦးညိုကြီး မသိတော့ ခင်ဗျားတို့ရှေ့တင် တောင်းနေတဲ့ ပုဂ္ဂိုလ်တွေ တစ်ပုံကြီးမြင်ရမယ် (မှန်ပါ့)၊ ခင်ဗျားတို့ ကိုယ်တိုင်မှောက်မှားခဲ့တာကော (ရှိပါတယ် ဘုရား)။

ရှိတယ်ဆိုရင် လွဲပါ့မလား (မလွဲပါ)၊ နောက်က ဒကာ,ဒကာမတွေ သဘောပါပလား (ပါ, ပါပြီ ဘုရား)။

နောက်ဘဝလူချမ်းသာ ဖြစ်ရပါလို၏

ဒါဖြင့် ဇာတိရှိလျက်နဲ့ ဘာရှာတာတုံး (ဇာတိ ရှာပါတယ်)၊ အံမာ, ဘုရားရှေ့သွားရှာတယ် (မှန်ပါ့)၊ ဘုရားကို တိုင်တည်ပြီးတော့ အရှင်ဘုရား နောက်ဘဝ လူချမ်းသာ ဖြစ်ရပါလို၏။

ဘုရားရှေ့မှာ ဆွမ်းတော်ပွဲနဲ့၊ ဖယောင်းတိုင်မီးနဲ့ နောက်ဘဝဇာတိကို ပေးသနားတော်မူပါ ဘုရား၊ ဒုက္ခ သစ္စာ (မှန်ပါ့)။

ဇရာ ပေးသနားတော်မူပါဘုရား၊ ဗျာဓိအနာနှိပ်စက် တာကြီး ပေးသနားတော်မူပါ၊ မရဏ သေမှုကြီး တစ်ခုကို လည်း နောက်ထပ် ပေးသနားတော်မူပါဦး (မှန်ပါ့ ဘုရား)။

ဒါတောင် ပြည့်မှပြည့်ပါ့မလားလို့ ခင်ဗျားတို့က သံသယများရှိနေသေးတယ်၊ တောင်းတော့ တောင်းတာပဲ ပြည့်မှ ပြည့်ပါ့မလား၊ ပြည့်ပါတယ် ဒါတွေက မပြည့်မရှိပါ ဘူး (မှန်ပါ့ ဘုရား)။

ရှာမှီးခြင်းသိပ်လွဲနေပြီ

ဘယ့်နှယ်တုံး ဦးအောင်ဇံဝေ သိပ်မလွဲသေးဘူးလား (လွဲပါတယ်)၊ ဒါဖြင့် ရှာမှီးခြင်း ဘယ့်နှယ် နေသတုံး မောင်နိုင်ရ (မှားပါတယ်)၊ နောက်က ဒကာ,ဒကာမတွေ (ရှာမှီးခြင်းလွဲပါတယ်)၊ ရှင်းပလား (ရှင်းပါပြီ)၊ ရှာမှီး ခြင်း သိပ်လွဲနေပြီ (မှန်ပါ့ ဘုရား)။

အဲဒီတော့ကိုတဲ့၊ ခင်ဗျားတို့ နောက်ကဒီလိုချည်း ရှာလာတော့ ဒီအတိုင်းချည်းပဲ ရှာမှီးခြင်း လွဲတော့ ဒီဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏ နောက်တစ်ခါလာပြန်တော့ကော (ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏပါ ဘုရား)၊ နောက်တစ်ခါ လာ ပြန်တော့ကော (ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏ)၊ အံမာလေး ဒကာ, ဒကာမတို့ မီးခိုးမဆုံး၊ မိုးမဆုံးဖြစ်နေတယ် (မှန်ပါ့ ဘုရား)။

မီးခိုးမဆုံး၊ မိုးမဆုံး

မောင်ထွန်းအောင် ဘယ့်နှယ်ဆိုမတုံး (မီးခိုးမဆုံး၊ မိုးမဆုံးပါ ဘုရား)၊ မောင်သိန်း (မီးခိုး မဆုံး၊ မိုးမဆုံးပါ ဘုရား)၊ သေချာပလား (သေချာပါပြီ)၊ အားကြီးလွဲ ကုန်ပြီ (လွဲပါတယ်)၊ အားကြီးလွဲကုန်ပြီ။

အဲဒါက ခင်ဗျားတို့ နားလည်မှုကို ဪ မရှာ မှီးတတ်လို့ ဖြစ်ရရှာတယ်၊ ရှာမှီးခြင်းကို သင်ဦးမှပါ (မှန်ပါ့)၊ အခုတရားက မရှာမှီးကောင်းတာတွေကို အရင် ပြနေတယ်လို့ မှတ်ရမယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဒီလိုရှာနေတဲ့ ပုဂ္ဂိုလ်တွေလည်း ဦးညို ဘယ်လောက်များ၊ များသတုံးလို့မေးရင် ဘယ့်နှယ် ဖြေ မတုံး (မရေတွက်နိုင်အောင် ပေါများပါတယ်)၊ ဦးဘရှင်း သွားပြီ ဒီလူတွေ (မှန်ပါ့)၊ ဒီလူတွေ သွားပြီ (မှန်ပါ့ ဘုရား)။

ဒုက္ခတွေလာပါစေတော့

ဒီလူတွေဟာ ဒကာ,ဒကာမတို့ ခင်ဗျားတို့ကဖြင့် ဪ သူတို့မှာ ကုသိုလ်ကြီးလိုက်တာ လှူဒါန်း ပေးကမ်း ပြီး သကာလ ဆုမျိုးစုံတွေများတောင်းပြီး နေလိုက်ကြတာ ဝမ်းမြောက်စရာလို့ ဆိုမလား၊ ဒုက္ခတွေ လာပါစေတော့လို့ ဆိုမလား (ဒုက္ခတွေ လာပါစေတော့လို့ ဆိုရမှာပါ ဘုရား)။

အင်း သိပ်လွဲကုန်ပါပေါ့လား (မှန်ပါ့)၊ ဒကာ ကြီးလှိုင် သိပ်လွဲကုန်ပြီ (မှန်ပါ့)၊ ဦးဘရှင်း စဉ်းစားကြည့် စမ်းပါ (လွဲပါတယ်)၊ ကိုပေါ်တို့ကော (လွဲပါတယ်)၊ ဦးအောင်ဇံဝေ သိပ်လွဲသွားပြန်ပြီ (လွဲပါတယ် ဘုရား)။

နောက် ဒကာ,ဒကာမတွေ ကိုယ့်အကြောင်း ကိုယ် သိကြပလား (သိပါပြီ)၊ ဒီလိုများ နောက်က လုပ်ခဲ့ကြ သလားလို့ ဒီဘဝမှာ မသိတုန်းက လုပ်ခဲ့ကြပလားလို့မေးရင် မလိမ်နဲ့ ခင်ဗျားတို့ ဒီဆုတောင်း တောင်းခဲ့သလား၊ မတောင်း ခဲ့ဘူးလား (တောင်းခဲ့ပါတယ်)၊ တယ်လည်း မိုက်ချက် သန်ပါလား (သန်ခဲ့ပါတယ် ဘုရား)။

မရှိလို့ တောင်းတာလား၊ ရှိပြီးသားတောင်းတာ လား (ရှိပြီးသားတောင်းတာပါ ဘုရား)၊ ဟာ, မပု သေသေ ချာချာလွဲပြီ (လွဲပါပြီ ဘုရား)။

သေသေချာချာလွဲပြီ၊ ဆည်မရအောင် လွဲတာပဲ (မှန်ပါ့)၊ ဆည်မရအောင် လွဲတာပဲ ဦးဘရှင်းတို့ မှီလိုက်ရုံ ရှိလို့ တော်သေးတယ်နော် (မှန်ပါ့ ဘုရား)၊ အခုဉာဏ်ပေး တဲ့ ပုဂ္ဂိုလ်နဲ့ မှီလိုက်ရုံရှိလို့ တော်သေးတယ် (မှန်ပါ့)။

နို့မဟုတ်လို့ရှိရင်ဖြင့် ဇာတ်မျောကြီးချည့် ခင်းမှာ (မှန်လှပါ ဘုရား)၊ ဒုက္ခရောက်မည့် ဇာတ်ချည့် (ခင်း ပါတယ်)၊ ခင်းတာပဲဆိုတာ သေချာပလား (သေချာပါ တယ် ဘုရား)။

သနားလွန်းလို့ ဟောနေပါတယ်

အဲဒါ, သနားလွန်းလို့ ဟောနေပါတယ်ဆိုတာကို လည်း နောက်က ဒကာ, ဒကာမတွေက မှတ်ပါ (မှန်ပါ့)။

ခင်ဗျားတို့ အင်မတန်မှ အမြင်မှားပြီး ရှာမှီးခြင်း လွဲနေလို့ ဟောရပါတယ် (မှန်ပါ့)။

ဒါက ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် ငါ ဘုရားမဖြစ်တာ လက်သည်ရှာတော့ ရှာမှီးခြင်း လွဲလို့ပေါ့ တဲ့ (မှန်ပါ့ ဘုရား)။

ငါဘုရားမဖြစ်တာ ဘာတဲ့ (ရှာမှီးခြင်း လွဲလို့ပါ ဘုရား)၊ ဘုရားက မူလပဏ္ဏာသ ပါဠိတော် ပါသရာသိသုတ်မှာ သေသေချာချာဟောတယ်၊ ငါဘုရားမဖြစ်တာ ရှာမှီးခြင်း လွဲမှုတွေကြောင့်ပေါ့တဲ့ (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ ဘုရားမဖြစ်တာ ဘာလို့ပါလိမ့် (ရှာမှီးခြင်း လွဲလို့ပါ ဘုရား)။

ခင်ဗျားတို့ သိထားတာက ပါရမီမပြည့်သေးလို့ ဘုရားမဖြစ်သေးဘူးလို့ အောက်မေ့နေတယ် (မှန်ပါ့)၊ ရှာမှီးခြင်းလွဲနေလို့ ဇာတိ၊ ဇရာ၊ မရဏချည့် ပြန်လှည့်နေ တယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘယ့်နှယ်ကြောင့်ပါလိမ့် (ရှာမှီးခြင်းလွဲလို့ပါ)။ နောက်တော့ကွာ ငါ့မှာ မနည်းကြိုးစားရတယ်၊ ရှာမှီး ခြင်း မလွဲအောင် မနည်းကြိုးစားရတယ်၊ ဇာတိရှိလျက်နဲ့ဖြင့် ဇာတိအပြစ်မြင်မှ တော်တော့မယ် ဆိုတဲ့စိတ် ပြောင်းယူရ တယ် (မှန်လှပါ ဘုရား)။

ဇာတိရှိလျက်နဲ့ဖြင့် ဇာတိကိုအပြစ်မြင်အောင် ငါ ကြည့်မှပဲ၊ ဇာတိကော မုန်းအောင်ကြည့်မှပဲ၊ ဇာတိကို မလို ချင်အောင်ကြည့်မှပဲလို့၊ ငါ့မှာ ပြောင်းယူရတယ်ကွတဲ့၊ အဲဒီတော့မှ ဘုရားဖြစ်လာတယ် (မှန်ပါ့)။

ဇရာကို သိပြီး သကာလ ဇရာကိုမုန်းပြီး ဇရာကို မလိုချင်တော့မှ ငါဘုရားဖြစ်လာတယ် (မှန်ပါ့) ဗျာဓိ ကို ငါတွေ့၊ ဗျာဓိကို ငါမုန်း၊ ဗျာဓိကို ငါမလိုချင်တော့မှ ဘာတုံး (ဘုရားဖြစ်လာပါတယ် ဘုရား)။

မရဏကို ငါမြင်၊ မရဏကိုမုန်း၊ မရဏကို မလိုချင်တော့မှ ဘာဖြစ်လာသတုံး (ဘုရား ဖြစ်လာပါတယ် ဘုရား)၊ ဘုရားဖြစ်လာတယ်၊ အံမာ ဦးဘရှင်း, ရှင်းသွား ပြီ (ရှင်းသွားပါပြီ ဘုရား)။

နိဗ္ဗာန်မရတာ ရှာမှီးခြင်းလွဲလို့

မောင်နိုင် ဒီတရားသေသေချာချာမှတ်ပါ။ အဖိုး တန်လွန်းလို့နော် (မှန်ပါ့)၊ ဘုရားဟာ ဘုရားဖြစ်ခဲ့တာ ဘာကြောင့်ပါလိမ့်မတုံး၊ နိဗ္ဗာန်မရတာ ဘာကြောင့်ပါလိမ့် မတုံးလို့ မေးတော့မှ ယနေ့ ဒကာ ဒကာမတွေဟာ အဖြေမှန်ကြီးထွက်လာတယ် (မှန်ပါ့)၊ ရှာမှီးခြင်းလွဲလို့ (မှန်ပါ့)။

ဦးအောင်ဇံဝေ, ဘာတဲ့တုံး (ရှာမှီးခြင်းလို့ပါ) သေသေချာချာမှတ်ပါ၊ ရှာမှီးခြင်းလွဲလို့ပါ၊ ခင်ဗျားတို့ မျက်စိ လည်နေတာ (မှန်ပါ့)။

ဘုရားကလည်း သူလည်ခဲ့တဲ့အကြောင်းကို တာဝန် ခံပါတယ် (မှန်ပါ့)၊ ခင်ဗျားတို့ ကိုယ်တိုင်ကလည်း ဒီဆရာ ဘုန်းကြီးနဲ့ တွေ့လို့မှ ဒီဉာဏ်မျက်လုံးကို ထည့်မပေးတော့ ဘူး၊ ရှာမှီးခြင်း အလွဲအချော်တွေကို လုပ်နေကြဦးမယ်ဆို ရင်ဖြင့် ဇာတိဇရာ မရဏလှည့်နေမှာပဲ (မှန်ပါ့ ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒုက္ခသစ္စာချည်းလှည့်နေတယ်

ဘာလှည့်နေမှာတုံး (ဇာတိ၊ ဇရာ၊ မရဏ လှည့် နေမှာပါ ဘုရား)၊ သိပ်ကြောက်စရာ ကောင်းပါကလား (ကောင်းပါတယ် ဘုရား)၊ ဒုက္ခသစ္စာချည်း လှည့်နေတယ် (မှန်ပါ့)။

ဘာတွေလှည့်နေသလဲ (ဒုက္ခသစ္စာချည်း လှည့် နေပါတယ် ဘုရား)၊ မောင်သိန်း ကြောက်စရာ ပါလား (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ကောင်းပြီတဲ့၊ ဒါဖြင့် ခင်ဗျားတို့ ရှာမှီးခြင်း လွဲ တယ်။ မလွဲတယ် ခင်ဗျားတို့ပဲ ဘုရားက ပြောလိုက်တယ်။ မင်းတို့သားသမီးတွေဟာတဲ့၊ အဲဒါ ဇာတိ၊ ဇရာ၊ မရဏ ဖြစ်ကြောင်းတွေ၊ သဘော ကျသွားပလား (ကျသွားပါပြီ ဘုရား)။

သားသမီးတွေဟာ (ဇာတိ၊ ဇရာ၊ မရဏဖြစ် ကြောင်းတွေပါ ဘုရား)။

ရွှေ,ငွေ,ကျောက်သံပတ္တမြားတွေဟာ ဘာတုံး

အသက်ရှိ သတ္တဝါတွေ၊ ရွှေငွေ ကျောက်သံပတ္တ မြားတွေဟာတဲ့၊ ဇာတိ၊ ဇရာ၊ မရဏ ဖြစ်ကြောင်းကွ တဲ့၊ သဘောပါပလား (ပါ,ပါပြီ ဘုရား)။

ဒါ ဘာကြောင့်တုံး ဇာတိ၊ ဇရာ၊ မရဏဖြစ်ကြောင်း ဆိုတော့ ဒကာ, ဒကာမတွေက ဖြုန်းခနဲ မပေါ်သေး ဘူးပေါ့ဗျာ (မှန်ပါ့ ဘုရား)၊ ပေါ်ပါလိမ့်မယ်၊ ရှင်းရှင်းလင်းလင်း ပေါ်ပါလိမ့်မယ် ကိုမြင့်နော် (မှန်ပါ့)။

သားသမီးတွေဟာ ဘာတုံး

ခင်ဗျားတို့ သားသမီးတွေဟာ ဘာတုံး၊ ဇာတိ၊ ဇရာ၊ မရဏ ရှာနေတာပဲ (မှန်ပါ့)။

ခင်ဗျားတို့ သားသမီးတွေရှိနေတာသည် မသုံးတတ် လို့ရှိရင် ဇာတိ၊ ဇရာ၊ မရဏ ရှာနေတာ (မှန်ပါ့)၊ ပစ္စည်း ဥစ္စာ ရတနာတွေကော (ဇာတိ၊ ဇရာ၊ မရဏ ရှာနေတာ ပါ ဘုရား)။

ကိုင်း ဒါတွေဟာ မင်းတို့ ဇာတိရှိလျက်နဲ့ ဇာတိ ရှာတဲ့ သဘောတွေကွ၊ သားတွေ၊ သမီးတွေ၊ ပစ္စည်းတွေ၊ အခြံအရံတွေဟာ ဇာတိ၊ ဇရာ၊ မရဏ သောက ပရိဒေဝ တွေကွတဲ့။ သေသေချာချာ ဟောတယ်နော် (မှန်ပါ့)။

ပစ္စည်းဥစ္စာတွေဟာ ဘာတုံး

သားသမီးနဲ့ပစ္စည်းဥစ္စာ ရတနာတွေဟာ ဘာတဲ့ တုံး (ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏတွေပါ)၊ ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏရှာတဲ့အလုပ်တွေပဲ (မှန်ပါ့)။

ကိုင်း ဒါကို သေသေချာချာ ဟောတော့မယ် ဒကာ, ဒကာမတို့ ရှေ့သဘောကလေး ကောင်းကောင်း ကလေး မှတ်ထားလိုက်၊ အခုပြောတဲ့ သဘောကလေး၊ ငါတို့သားတွေ၊ သမီးတွေ၊ ပစ္စည်းတွေဟာ ဇာတိ၊ ဇရာ၊ မရဏတွေပါကလားလို့ မှတ်ထားလိုက်ပါ (မှန်ပါ့)။

ကိုင်း ပြောပါတော့မယ်၊ ကိုယ့်သားသမီးရယ်လို့ ဖြစ်လာကြတဲ့အခါကျတော့ ဒကာ,ဒကာမ တွေက မခင်ပါနဲ့ ဆိုလို့ရသေးရဲ့လား (မရပါ ဘုရား)။

တဏှာ ဥပါဒါန် ကံ

အင်း ခင်လိုက်ပြီ၊ ခင်တော့ မောင်နိုင်က ပဋိစ္စ သမုပ္ပာဒ်ထဲ ဘယ်တရား ယူရမလဲ (တဏှာပါ ဘုရား)၊ တဏှာယူမယ်၊ ခင်ရုံတင်ပဲနေသလား၊ ဒကာ,ဒကာမတို့ စွဲလမ်းသေးသလား (စွဲလမ်းပါတယ် ဘုရား)၊ ဥပါဒါန် ရောက်ပြီ (မှန်ပါ့)။

ဥပါဒါန်ရောက်တော့ ကာယကံ၊ ဝစီကံနဲ့ ပွေ့လား၊ ချီလားလုပ်ပါရဲ့လား (လုပ်ပါတယ် ဘုရား)။

ဒါဖြင့် ဘယ်ရောက်သွားသတုံး (ကမ္မဘဝပါ ဘုရား)၊ ကမ္မဘဝရောက်သွားတယ်၊ ကာယကံ၊ ဝစီကံလို့ ခေါ်ထားပြီး (မှန်ပါ့)၊ ပြောလိုက်၊ ဆိုလိုက်နဲ့ ကမ္မဘဝ မရောက်သေးဘူးလား (ရောက်ပါပြီ ဘုရား)၊ ကမ္မဘဝ ပစ္စယာ (ဇာတိ)၊ ဇာတိပစ္စယာ (ဇရာ၊ မရဏပါ ဘုရား)။

နောက်ထပ်ဖြစ်ကြောင်းတွေ

ဟော တွေ့ပြီ၊ ဒါ, သားသမီးကြောင့်ပဲ၊ ဒီသား သမီးတွေဟာတဲ့ ခင်ဗျားတို့၏ ဇာတိ၊ ဇရာ၊ မရဏ နောက် ထပ်ရှာတာ (မှန်ပါ့)၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

အခုရှိတဲ့ သားသမီးတွေဟာ ခင်ဗျားတို့၏ ဇာတိ၊ ဇရာ၊ မရဏ နောက်ထပ်ဖြစ်ကြောင်းတွေ (မှန်ပါ့)၊ ဦးဘရှင်း ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

အမွှမ်းတင်ထားတဲ့ ကျောက်ကလေးတွေ

ကိုင်း, ခင်ဗျားတို့ ရ,ထားတဲ့ ကျောက်ကလေး တွေ၊ ခင်ဗျားတို့ အမွှမ်းတင်ထားတဲ့ ကျောက်ကလေးတွေ ဘယ်အခါမဆို ရောင်းကောင်းတဲ့ ဈေးကောင်းတဲ့ ကျောက်ကောင်းကလေးတွေ ဒါကလေး တွေလည်း ရှိလိုက်တဲ့ အခါ ကျတော့ မခင်ဘူးလား (ခင်ပါတယ် ဘုရား)။

ခင်တာက ဘာတုံး (တဏှာပါ ဘုရား)၊ တဏှာ လာရင် စွဲစွဲလမ်းလမ်းကော ဒါကလေးမှပဲ အားကိုးရတယ် ဆိုတာကော (လာပါတယ် ဘုရား)၊ ဥပါဒါန် (လာပါ တယ် ဘုရား)။

နောင်တစ်ဖန် ဇာတိ၊ ဇရာ၊ မရဏ

ဟော ခင်ဗျားတို့ ပစ္စည်းတွေဟာလည်းတဲ့ သူ တို့ကြောင့် နောင်တဖန် ဇာတိ၊ ဇရာ၊ မရဏ ရှာမှီးခြင်း ဖြစ်တာပဲ (မှန်ပါ့ ဘုရား)။

ဒါဖြင့် အခုဇာတိရှိလျက်နဲ့ ဇာတိရှာတယ်ဆိုတာ ဒီပစ္စည်းတွေပဲ (မှန်ပါ့)၊ ဒီပစ္စည်းတွေကြောင့် ဖြစ်လာတယ် (မှန်ပါ့ ဘုရား)၊ ဒီသားသမီးတွေကြောင့် (ဖြစ်လာပါ တယ် ဘုရား)၊ ဒကာ,ဒကာမတို့ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဥပမာမယ် ကျွဲ၊ နွား၊ မြင်းရှိတဲ့ ပုဂ္ဂိုလ်တွေလည်း ကိုယ့်ကျွဲ၊ နွားကလေးကို ကိုယ်ခင်တာပဲ (မှန်ပါ့)၊ ခင်ရင် ဘာလာမယ် (တဏှာလာပါတယ်)၊ စွဲလမ်းရင် (ဥပါဒါန် လာပါတယ်) သူ့ကိုကျောင်းရ၊ မွေးရဆိုလို့ရှိရင် ကာယကံ ဝစီကံနဲ့ ဘာတုံး (လာပါတယ်)၊ လာရင် ဘာလုပ်မတုံး (ကမ္မဘဝပါ ဘုရား)၊ ကမ္မဘဝပစ္စယာ (ဇာတိ)၊ ဇာတိ ပစ္စယာ (ဇရာမရဏ)။

ကျွဲ၊ နွားပစ္စည်းတွေဟာ ဘာတွေတုံး

ကိုင်း ဒါဖြင့် ကျွဲ၊ နွားပစ္စည်းတွေဟာလည်း ဘာ တွေတုံး (ဇာတိ၊ ဇရာ၊ မရဏတွေပါ ဘုရား)၊ ရှင်းကြ ပလား (ရှင်းပါပြီ ဘုရား)။

ဘာတွေရှာကြပါလိမ့် (ဇာတိ၊ ဇရာ၊ မရဏတွေ ပါ ဘုရား)၊ ဇာတိ၊ ဇရာ၊ မရဏတွေဆိုတာ သေချာကြ ပလား (သေချာပါပြီ ဘုရား)။

ဪ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ,ဒကာမတွေမှာ ငွေရှာတာလည်း ဇာတိ၊ ဇရာ၊ မရဏရှာတာပဲ (မှန်ပါ့)။

ခင်ဗျားတို့ကတော့ ပရိယာယ်နဲ့တော့ သုံးလိုက်ပါ တယ်တဲ့၊ လှူဖို့၊ တန်းဖို့၊ ပေးဖို့၊ ကမ်းဖို့ (မှန်ပါ့)၊ စင် စစ်တော့ ဘာရှာတာ ထင်ကြသတုံး (ဇာတိ၊ ဇရာ၊ မရဏ ရှာတာပါ ဘုရား)။

သားသမီးကလေးတွေ ကိုယ်ပိုင်သားသမီးကလေး တွေကို ခင်ကြ၊ မင်ကြတာကတေ့ (ဇာတိ၊ ဇရာ၊ မရဏ ရှာတာပါ ဘုရား)၊ သူများသားသမီးကလေးကို ကြင်နာကြ တာတွေကော (ဇာတိ၊ ဇရာ၊ မရဏ ရှာတာပါ ဘုရား)။

သံသရာရှည်ခဲ့တဲ့လက်သည်တွေ

ဪ တို့သံသရာရှည်ခဲ့တဲ့ လက်သည်တွေ့ပါပေါ့လား၊ သားနဲ့သမီးနဲ့ ပစ္စည်းတွေပါလား (မှန်ပါ့)၊ တွေ့ကြပလား (တွေ့ပါပြီ ဘုရား)၊ ဘာတွေ့သလဲ (သားသမီးနဲ့ ပစ္စည်းတွေ့ပါတယ် ဘုရား)။

သားသမီးနဲ့ပစ္စည်းတွေဟာ ဒါတွေအတွက်နဲ့ ဘာတွေ ရမယ် ထင်ကြသတုံး (ဇာတိ၊ ဇရာ၊ မရဏ တွေ့တာ ပါ ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဪ ဒါဖြင့် ဇာတိရှိလျက် ဘာရှာနေကြသတုံး (ဇာတိရှာပါတယ် ဘုရား)၊ ဇရာရှိလျက်နဲ့ (ဇရာရှာပါ တယ်)၊ ဗျာဓိအနာ နှိပ်စက်တာရှိလျက်နဲ့ (ဗျာဓိရှာပါ တယ်) နောက်ဗျာဓိရှာတာပဲ (မှန်ပါ့)၊ မရဏရှိလျက်နဲ့ (မရဏရှာပါတယ်)၊ မရဏရှာတာ ဆိုတော့ ခင်ဗျားတို့ မှာဖြင့် ရှာမှီးခြင်းဖြင့် သေသေချာချာ လွဲကုန်ပြီ (လွဲပါ တယ် ဘုရား)။

သို့သော်လည်း ခင်ဗျားတို့ ဦးဘရှင်းတို့လူစု ကိုပေါ် တို့လူစု အားကျနေတာ ရှိသေးတယ်၊ သူက တစ်သောင်း ရအောင်ရှာရင် ငါက သောင်းငါးထောင် ရအောင် ရှာမကွ ဆိုပြီးတော့ သူက ဇာတိတစ်ခါ ရလို့ရှိရင် ငါက ဇာတိ နှစ်ခါရအောင ်ရှာမယ်ကွ (မှန်ပါ့)၊ သူက ဇရာနှစ်ခါရရင် ငါက သုံးခါရအောင် ရှာမကွ၊ ဒီပစ္စည်းတွေက (မှန်ပါ့)၊ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

ငါကိုယ်တော်တိုင် ရှာမှီးခြင်းလွဲခဲ့လို့

ဒကာကြီးလှိုင် သဘောပါရဲ့လား (ပါ,ပါတယ် ဘုရား)၊ ဒါဟာ မူလပဏ္ဏာသပါဠိတော်မှာ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ငါကိုယ်တိုင် ရှာမှီးခြင်းလွဲလို့ ဇာတိ ဇရာ မရဏတွေပြန်ရတယ်ကွ (မှန်ပါ့)။

မင်းတို့လည်း ဒီသားသမီးနဲ့ပစ္စည်းတွေကို ရှာနေကြ လို့၊ ခင်နေကြလို့၊ မင်နေကြလို့ ရှိရင်ဖြင့် ဇာတိ၊ ဇရာ၊ မရဏပဲ ပြန်ရမယ်တဲ့ (မှန်ပါ့)၊ နိဗ္ဗာန်မရဘူးတဲ့ (မှန် ပါ)၊ ဘာဖြစ်လို့တုံး ရှာမှီးခြင်းလွဲလို့ (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အင်မတန် နက်နဲတဲ့တရား

အင်မတန် နက်နဲတဲ့တရားနော် (မှန်ပါ့)၊ ပေါ်ကြ ရဲ့လား (ပေါ်ပါတယ် ဘုရား)၊ ရှာမှီးခြင်းဖြင့် လွဲကုန်ပြီ (မှန်ပါ့)၊ မလွဲသေးဘူးလား (လွဲပါပြီ ဘုရား)။

ခင်ဗျားတို့ သားသမီးနဲ့ ပစ္စည်းဥစ္စာ ရတနာတွေ ဟာ ဘာတဲ့တုံး (ဇာတိ၊ ဇရာ၊ မရဏ ရှာတာပါ ဘုရား)။

ဇာတိရှာတာတွေ၊ ဇရာ ရှာတာတွေ၊ ဗျာဓိ ရှာတာတွေ၊ မရဏရှာတာတွေ (မှန်ပါ့)၊ ပဋိစ္စသမုပ္ပာဒ်နဲ့ ဆက် လိုက်တော့ မှန်ကြပါရဲ့လား (မှန်ပါတယ် ဘုရား)၊ ပဋိစ္စသမုပ္ပာဒ်နဲ့ ဆက်ကြည့် လိုက်တဲ့အခါ မှန်တယ်နော်၊ (မှန်ပါ့)။

ကျောက်ကောင်းကလေးရတယ်ဆိုရင်

ကျောက်ကောင်းကလေးရတယ်ဆိုလို့ရှိရင် မရောင်း ရက်၊ မစားရက် လူမမြင်အောင်ထား၊ ဘယ်လောက်ထိအောင် ကံကောင်းတယ်လို့ ထင်ဖြစ်လိုက်တယ်ဆိုတဲ့ ဥစ္စာ သာယာ ပစ်လိုက်တယ် ဆိုတာတော့ မောင်နိုင် ပြောဖို့ လိုသေးသလား (မလိုပါ ဘုရား)၊

လူမသိစေနဲ့ဆိုတော့ ဒါကလေးခင်တွယ်လွန်းလို့ ဆိုတဲ့အဓိပ္ပာယ် မရှင်းဘူးလား (ရှင်းပါတယ် ဘုရား)။

ဒါဖြင့် ခင်တွယ်တာ ဘာခေါ်ကြမလဲ (တဏှာ ပါ ဘုရား)၊ စွဲလမ်းတာ (ဥပါဒါန်ပါ)၊ လုံခြုံအောင်သိမ်းတာ (ကမ္မဘဝပါ ဘုရား)၊ ကမ္မဘဝပစ္စယာ (ဇာတိ)၊ ဇာတိပစ္စယာ (ဇရာမရဏ)၊ ကဲ မောင်အောင်သိန်း ဘယ့်နှယ်နေသတုံး၊ ရှာမှီးခြင်း လွဲမလွဲ (လွဲပါတယ် ဘုရား)။

ဒါကြောင့် ခင်ဗျားတို့ကို သေသေချာချာ ဟောပါ တယ်။ ဘုန်းကြီးလည်း အသက် ထင်ရှားရှိတုန်း၊ ခင်ဗျား တို့လည်း ထောင်နိုင်တဲ့ နားရှိတုန်းကို ခင်ဗျားတို့လုပ်နေ တဲ့ သားသမီးနဲ့ ပစ္စည်းဥစ္စာ ရတနာတွေဟာ ဇာတိ၊ ဇရာ၊ မရဏ ရှာမှုလုပ်နေတယ် (မှန်ပါ့)၊ ပဋိစ္စသမုပ္ပာဒ်နဲ့ ဆက် လိုက်တော့မှ ဦးညိုကြီးပေါ်ရဲ့လား (ပေါ်ပါတယ် ဘုရား)။

ပရိယာယ်တွေ မသုံးလိုက်ပါနဲ့

အဲဒီတော့ ခင်ဗျားတို့ ပရိယာယ်တွေ မသုံးလိုက် ပါနဲ့၊ တပည့်တော်တို့ ဒါကလေး ထားတာက ဘုရား လှူဖို့၊ တန်းဖို့၊ ပေးဖို့၊ ကမ်းဖို့ထား ရပါတယ် ဘုရားလို့ပြောတော့ ပါးစပ်ပြောတာက ခင်ဗျားတို့ ပဋိစ္စသမုပ္ပာဒ်နဲ့ ကိုက်ကြည့်တော့ ပါးစပ်က ပြောတာနဲ့ဟာက တခြားစီဖြစ်နေတယ် (မှန်ပါ့ ဘုရား)။

ပဋိစ္စသမုပ္ပာဒ်နဲ့ ကိုက်ကြည့်တော့ ဒီကျောက်ကလေး အိုစာ၊ မင်းစာထားတဲ့ ကျောက်ကလေး၊ တိုက်ကလေး တစ်လုံးတည့်ထားလည်း လခကလေးနဲ့ အိုစာ၊ မင်းစာ ဆိုတော့ ဒါကလေး သာယာတာက ဘာပါလိမ့် (တဏှာ ပါ ဘုရား)၊ စွဲလမ်းတာက (ဥပါဒါန်ပါ)၊ ဒါကလေး မပျက် စီးအောင် စောင့်ရှောက်နေတာက (ကမ္မဘဝပါ ဘုရား)၊ ကမ္မဘဝပစ္စယာ (ဇာတိပါ)၊ ဇာတိပစ္စယာ (ဇရာမရဏ ပါ ဘုရား)။

ဖြစ်ကြောင်းလက်သည်ပဲ

ဇရာ၊ မရဏလို့ဆိုပြန်တော့ ဪ, ဒီပစ္စည်းဟာလည်း နောက်က ဇာတိ၊ ဇရာ၊ မရဏရှာတဲ့ ပစ္စည်းပါကလားဆို တာ ပေါ်လာတယ် (ပေါ်လာပါတယ်)၊ သူလက်သည်ပဲ (မှန်ပါ့)၊ ပေါ်ကြရဲ့လား (ပေါ်ပါတယ် ဘုရား)။

ဘာခေါ်ကြမယ် (လက်သည်ပါ)၊ ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏဖြစ်ကြောင်း လက်သည်ပဲ (မှန်ပါ့)၊ ပေါ်ကြ ပလား (ပေါ်ပါပြီ ဘုရား)။

ဘုရားဟောတော်မူတာနော် (မှန်ပါ့)၊ ဘုန်းကြီး တို့ကလည်း ဘုရားဟောတော်မူတာကို ပေါ်လွင်အောင် ပြောလာပါတယ် (မှန်ပါ့)၊ ဘုရားက ပဋိစ္စသမုပ္ပာဒ် ဆက် မပြဘူးစာမှာ၊ စင်စစ်တော့ ပါပြီးသား (မှန်ပါ့ ဘုရား)။

အခုဆက်ပြလိုက်တော့ တို့ရှာနေတဲ့ ပစ္စည်းဟာ ဇာတိ၊ ဇရာ၊ မရဏ ရှာနေတာပါကလား (မှန်ပါ)၊ တဏှာ၊ ဥပါဒါန်၊ ကံပြီးတော့ ဇာတိ ဇရာ မရဏ လာမှာပါပဲ (မှန်ပါ့)၊ မလာပေဘူးလား (လာပါတယ် ဘုရား)။

တဏှာတော့လာမှာပဲ

အဲဒါကို ခင်ဗျားတို့က ဘယ်လိုပရိယာယ်သုံးသုံး ဒီဥစ္စာကို ခင်တွယ်လို့ရှိရင် ဒီပဋိစ္စသမုပ္ပာဒ်က အလယ်က ဖောက်စတဲ့ ပဋိစ္စသမုပ္ပာဒ် တဏှာတော့လာရမှာပဲ (မှန်ပါ့ ဘုရား)

တဏှာလာရင်လည်း ဥပါဒါန် မရပ်ပါဘူး (မှန်ပါ့)၊ ဥပါဒါန် မရပ်ရင်လည်း ကမ္မဘဝက (မရပ်ပါ)၊ ဥပါဒါန ပစ္စယာ ကမ္မဘဝက (မရပ်ပါ)၊ ကမ္မဘဝပစ္စယာဇာတိက (မရပ်ပါ)၊ ဇရာ မရဏတွေက (မရပ်ပါ ဘုရား)။

ဒါဖြင့် ဒီပစ္စည်းတွေဟာ ဒကာ,ဒကာမတွေ ဘုရားက ရှာမှီးခြင်းလွဲခြင်းကြောင့် ဇာတိ၊ ဇရာ၊ မရဏ ဆိုတာ ဒီပစ္စည်း တွေက လာတာကွတဲ့ (မှန်ပါ့)၊ ဒီသား၊ ဒီသမီးတွေက လာတာပါ၊ ပေါ်ကြပလား (ပေါ်ပါပြီ)၊ ရှင်းကြရဲ့လား (ရှင်းပါပြီ ဘုရား)။

တို့ကတော့ကွာတဲ့ ငါရှာခြင်းလွဲလို့ သံသရာရှည် ခဲ့တာ ငါနောက်ကျတော့ ရိပ်မိပြီး သိလာတော့ ဒီဟာတွေ ငါ့အပြစ်မြင်တယ် (မှန်ပါ့)၊ ဒီဟာတွေငါအပြစ်ရှုတာပဲ (မှန်ပါ့)၊ ဇာတိရှိလျက်နဲ့ ဇာတိ လွတ်ရာရှာမဟေ့ (မှန်ပါ့ ဘုရား)။

ဇရာရှိလျက်နဲ့ ဇရာလွတ်ရာကို (ရှာပါမယ်)၊ ဗျာဓိ ရှိလျက်နဲ့ ဗျာဓိလွတ်ရာကို (ရှာပါမယ်)၊ မရဏ ရှိလျက်နဲ့ မရဏလွတ်ရာကို (ပါမယ်)၊ မရဏလွတ်ရာကို ရှာမယ် ဆိုပြီး ငါရှာလိုက်တော့မှ ဘုရားဖြစ်လာတာပေါ့တဲ့ (မှန် ပါ ဘုရား)။

ဒါတွေအပြစ်မြင်မှ နိဗ္ဗာန်ရမယ်

ကြည့်စမ်း ဒါတွေကို အပြစ်မြင်ပြီး လွတ်ရာရှာတော့ မှ (ဘုရားဖြစ်ပါတယ် ဘုရား)။

ကိုင်း ဒကာ,ဒကာမတွေ နိဗ္ဗာန်ရချင်လည်း ခင်ဗျားတို့ ရှာမှီးခြင်းလွဲလို့တော့ မဖြစ်တော့ပါဘူ (မှန်ပါ့)၊ ဒီဟာတွေအပြစ်မြင်မှရတော့မယ် (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဪ ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ် ကြီး အခုဟောလိုက်တော့၊ ဪ ဒါဖြင့် တို့လုပ်နေတာ တွေဟာ သားကလေးလည်း ရှိမှတော်တယ်၊ ပစ္စည်းကလည်း ရှိမှတော်တယ်ဆိုတော့ ဇာတိ၊ ဇရာ၊ မရဏ ရှိမှတော် တယ်ဆိုတဲ့ အဓိပ္ပာယ်ရောက်တယ် (မှန်ပါ့ ဘုရား)။

သမီးကလေးလည်း ရှိမှတော်တယ်၊ သားကလေး လည်း ရှိမှတော်တယ်၊ လူမလေး ခွေးမခန့် ဖြစ်တတ်တယ်။ သမီးကလေး မရှိလို့ရှိရင်လည်း အိုတဲ့အခါ ခက်တယ်၊ ပစ္စည်း မရှိလို့ရှိရင်လည်း လူမလေး ခွေးမခန့်ဖြစ်တတ်တယ် ဆိုတော့ ဒါကလေးတွေကို ပြောတာ (မှန်ပါ့ ဘုရား)။

ဒါကလေးတွေ ရှိလို့ရှိရင် ဘာတွေလာသတဲ့တုံး ဘုရား က (ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏ လာပါတယ်)၊ ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏ လာတယ်၊ ခင်ဗျားတို့ကလည်း ဒါတွေရှာထားတယ် (မှန်ပါ့)၊ ရှာထားတော့ ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏတွေကို ရှာပြီးသား မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။

ဉာဏ်နားနဲ့ထောင်ကြည့်တော့မှ ဪ ဟုတ်ပါ လားဆိုတာ ပေါ်လာတယ် (မှန်ပါ့)၊ ဉာဏ်နားနဲ့ မထောင် ရင်တော့ သေချာပလား (သေချာပါပြီ ဘုရား)။

တွေးပြီး သကာလ ဪ ဘုရားဟောတော်မူ တာကို ဆရာဘုန်းကြီးက ပေါ်လွင်အောင် ပြောနေတာ၊ ဒါ ကလေးတွေကို ခင်တာကတဏှာ၊ စွဲလမ်းတာက ဥပါဒါန်၊ အားထုတ်တာက ကမ္မဘဝ ဟင် (မှန်ပါ့ ဘုရား)။

အကျိုးပေးမှာက ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏဆို တော့ ဦးဘရှင်း ငြင်းဖို့ လိုသေးသလား (မလိုပါ၊ ဒကာကြီးလှိုင် ပေါ်ရဲ့လား (ပေါ်ပါတယ် ဘုရား)။

သံသရာရှည်နေတာ ဘာကြောင့်ပါလိမ့်

အဲဒီတော့ ဘုရား ဘာ့ကြောင့် ဖြုန်းခနဲဘုရားမဖြစ် ပါလိမ့်မတုံးလို့ မေးတဲ့အခါ ရှာမှီးခြင်း လွဲနေလို့ (မှန်ပါ့)။

ဒီဒကာ,ဒကာမတွေလို့ သံသရာရှည်နေတာ ဘာ့ကြောင့်လိမ့် (ရှာမှီးခြင်းလွဲလို့ပါ ဘုရား)။

ရှာမှီးခြင်းလွဲနေလို့၊ ခင်ဗျားတို့အိမ်ကျရင်ပဲ ရှာမှီး ခြင်းက တစ်ခါတည်းလွဲပြီ (မှန်ပါ့)၊ လွဲပြီ ဘယ်သူ ရှိလားဟေ့၊ ဘယ်သူဘယ်သွားသတုံး၊ မမေးသေးဘူးလား (မေးပါတယ်)၊ မေးလို့ရှိရင်လည်း ဒါသည်ကားလို့ ဆိုရင် ခင်လို့မေးတာလား၊ မုန်းလို့မေးတာလား (ခင်လို့ မေးတာပါ ဘုရား)။

ခင်ရင်တဏှာ (မှန်ပါ့)၊ စွဲလမ်းရင် (ဥပါဒါန်ပါ ဘုရား)၊ မေးတဲ့ကာယကံ၊ ဝစီကံက (ကမ္မဘဝပါ)၊ ကမ္မ ဘဝပစ္စယာ (ဇာတိပါ)၊ သေသည်၏အခြားမဲ့၌ ဇာတိလာမယ် (မှန်ပါ့ ဘုရား)၊ ဒါဖြင့် ဒီသားသမီး ကလေးတွေ ဟာ ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏဖြစ်ကြောင်း (မှန်ပါ့)၊ ပစ္စည်းတွေဟာကော (ဇာတိ၊ ဇရာ၊ မရဏဖြစ်ကြောင်း ပါ ဘုရား)။

ဒါဖြင့် ဒီဟာတွေကို ကျုပ်တို့က ပစ္စည်းများအောင် သားသမီးတွေနဲ့ ခြွေခြွေရံရံ ဖြစ်အောင်ကို ကြိုးစားနေတာ သည် ဇာတိ၊ ဇရာ၊ မရဏဖြစ်ကြောင်းတွေပဲ (မှန်ပါ့ ဘုရား)။

ဒါဖြင့် အခု ကိုယ်အလိုရှိနေတာတွေဟာ ဘာတွေ ရှာနေကြတာတုံးမေးရင် ဘယ့်နှယ် ပြောကြမလဲ (ဇာတိ၊ ဇရာ၊ မရဏရှာနေတာပါ)၊ ဒုက္ခလေးချက် ရှာနေတာကိုပေါ့ (မှန်ပါ့ ဘုရား)၊ ဘယ့်နှယ် ဆုံးဖြတ်ချက်ချမလဲ (ဒုက္ခလေးချက် ရှာနေတာပါ ဘုရား)။

ဘာဖြစ်လို့မအားတာတုံး

အို အရှင်ဘုရားတို့ကပြောတော့ အလွယ်ကလေး တပည့်တော်တို့မှာ တစ်နေ့မှမအားဘူးတဲ့၊ ဟ ဘာဖြစ် လို့ မအားတာတုံး ပြောပါဦး (ဒုက္ခလေးချက်ရှာနေရတာပါ)၊ ဒုက္ခလေးချက် ရှာနေရလို့ ဘုရား (မှန်ပါ့)၊ စားသောက်ဖို့ ရှာနေရတာပါ (မှန်ပါ့)၊ သမီးပျောက်လို့ (ရှာရပါတယ်)၊ ပစ္စည်း နည်းလို့ (ရှာရပါတယ် ဘုရား)။

ဟာ ဒကာ,ဒကာမတွေက တောင်ကလူက မြောက် မြောက်ကလူက တောင်၊ မောင်နိုင် ဘာတွေရှာနေ ကြတာတုံး (ဒုက္ခလေးချက်ရှာတာပါ ဘုရား)။

ဒုက္ခလေးချက်ရှာနေကြတာ

ဒုက္ခလေးချက်ရှာနေကြတာ (မှန်ပါ့)၊ မပုတို့ ဘာ ရှာနေကြတာလဲ (ဒုက္ခလေးချက်ရှာတာပါ)၊ ဒါတောင် ဖတ်ဖတ်မောလို့ ပြောသေးတယ် (မှန်ပါ့)၊ မရနိုင်လို့တဲ့၊ ရယ်စရာ ကောင်းလိုက်တာ (မှန်ပါ့)၊ သဘောပါကြလား (ပါ,ပါပြီ)၊ တယ်လည်း ဆိုးပါကလားတဲ့ (ဆိုးပါတယ် ဘုရား)။

ဒီဥစ္စာ ပေါ်လွင်အောင် ဒီတစ်ခါ အပြောဆုံးပါပဲ (မှန်ပါ့)၊ ရှေးတုန်းက ပြောတာကတော့ ဆု တောင်းနဲ့ သာ ပြောနေတယ် (မှန်ပါ့ ဘုရား)၊ ယခုတော့ ယခုရှိတဲ့ပစ္စည်း နဲ့ ဘုရားကဟောပြန်တယ် (မှန်ပါ့ ဘုရား)။

ကဲ ဦးဘရှင်းတို့ နေပူသွားလိုက်၊ ဘာသွားတာ တုံးလို့ မေးကြစမ်းပါ (ဒုက္ခလေးချက် အရှာသွားတာပါ)။ ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏ အရှာသွားတာ (မှန်ပါ့ ဘုရား)။

သင်္ကြန်ပြီးရင် ဘာရှာမယ်စိတ်ကူးသတုံး

ဒကာ,ဒကာမတွေ သဘောကျပလား (ကျပါပြီ ဘုရား)။ သင်္ကြန်ပြီးလို့ရှိရင်ဖြင့် ဘာများ ရှာကြမယ် စိတ်ကူး ကြသတုံး (ဇာတိ၊ ဇရာ၊ မရဏရှာပါမယ်)၊ အံမာလေး ကြောက်စရာ ကြီးပါလား၊ သင်္ကြန်ပြီးရင် ဇာတိ၊ ဇရာ၊ မရဏ ရှာမတဲ့ (မှန်ပါ့)။

သင်္ကြန်ပြီးရင်ဘာလုပ်ကြမှာတုံး

ဒကာကြီးလှိုင် ခင်ဗျား ယီးတီးယားတား လုပ်မနေနဲ့ အိုခြင်းဆိုးကြီးနဲ့ လည်းတွေ့နေပြီ (မှန်ပါ့)၊ သဘောပါ ကြပလား (ပါ,ပါပြီ)၊ သင်္ကြန်ပြီးရင် ဘာလုပ်ကြမှာတုံး (ဇာတိ၊ ဇရာ၊ မရဏ ရှာမှာပါ)၊ ဘာသစ္စာတွေတုံး (ဒုက္ခသစ္စာပါ ဘုရား)။

ဪ မရှိလို့ရှာတာလား၊ ရှိပြီးသားပေါ်အောင်လို့ ရှာတာလား (ရှိပြီးသား ပေါ်အောင်လို့ ရှာတာပါ)၊ ဟာ အနာက တစ်လုံးပေါက်နေတဲ့အထဲ နောက်တစ်လုံး ထပ် ဆင့်ချင်တာက အတော် လွန်ပြီ (မှန်ပါ့)။

သေသေချာချာ ဉာဏ်နဲ့တွေးမှ ဦးဘအုန်း ပေါ်လာ တယ် (မှန်ပါ့)၊ ဉာဏ်နဲ့မတွေးရင် (မပေါ်ပါ)၊ မပေါ်နိုင် ဘူးတဲ့ မျက်စိလည်နေတာ၊ ခင်ဗျားတို့ ရှင်းပလား (ရှင်း ပါပြီ)၊

ကိုင်း,ဒါဖြင့် ဒကာ,ဒကာမတို့ ခင်ဗျားတို့အတွက် ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဘုရားဖြစ်ပြီး ကြည့်လိုက် တဲ့အခါကျတော့ ဟိုအိမ်ကြည့်လိုက်ပြန်လည်း ဘာတွေများ ရှာနေကြပါလိမ့် (ဇာတိ၊ ဇရာ၊ မရဏ ရှာနေကြပါတယ်)၊

ကုသိုလ်ပြုတာတောင်မှ မပြုတတ်လို့ရှိရင် ဇာတိ၊ ဇရာ၊ မရဏရှာတယ်၊ ဒီအတိုင်း စီးပွားရှာတာများတော့ ပြောဖို့ လိုသေးသလား (မလိုပါ ဘုရား)။

လူချင်းတူတူ သူချင်းမျှမျှ

စားဖို့၊ သောက်ဖို့၊ နေဖို့ထိုင်ဖို့ လူချင်းတူတူ၊ သူချင်း မျှမျှ ဖြစ်ဖို့ ရှာတာများတော့ ပြောဖို့ လိုသေးသလား (မလို ပါ ဘုရား)၊ ဘာရှာကြပါလိမ့် (ဇာတိ၊ ဇရာ၊ မရဏ ရှာ ပါတယ် ဘုရား)။

ဒါနဲ့ ဘုရားဟောတဲ့ တရားအတိုင်း ဘုန်းကြီးတို့က ပြောတော့ ဒကာ,ဒကာမတွေ သင်္ကြန်ပြီးတဲ့ အခါကျလို့။ ရှိရင်ဖြင့် ဘယ်ဟာကို လက်ဦးထားကြမတုံးလို့ မေးလို့ ရှိရင်ဖြင့် ဦးဘရှင်းတို့ တစ်ပြိုင်နက် အဖြေထွက်လိမ့်မယ် (မှန်ပါ့)၊ မထွက်ဘူးလား (ထွက်ပါတယ် ဘုရား)။

ဘာအရှာထွက်ကြမယ် (ဇာတိ၊ ဇရာ၊ မရဏ အရှာထွက်မှာပါ ဘုရား)၊ သိပ်ကြောက်စရာ ကြီးပါလား (မှန်ပါ့)၊ ကြောက်စရာမှ အကြီးဆုံးပါလား (မှန်ပါ့)။

သင်္ကြန်ရက်အောင့်လိုက်ရလို့ ဟာသွားတယ်

ခင်ဗျားတို့က အခု ၃-၄ ရက် အောင့်လိုက်ရတာ ကိုပဲ အတော်ဟာသွားတယ်လို့ အောက်မေ့ချင် အောက်မေ့သေးတယ်၊ တချို့မသိတဲ့ပုဂ္ဂိုလ် (မှန်ပါ့)။

ဘယ့်နှယ်အောက်မေ့ကြသတုံး (ဟာတယ်လို့ အောက်မေ့ပါတယ်)၊ အတော်ဟာ သွားတယ်တဲ့၊ ဘာတွေများဟာ သွားသတုံး ပြောပါဦး (ဇာတိ၊ ဇရာ၊ မရဏပါ ဘုရား) အံမာလေး ဖြစ်မှဖြစ်ရပလေ မောင်နိုင်ရေ (မှန်ပါ့)။

ဦးအောင်ဇံဝေ နက်နက်နဲနဲတွေးမှ ဒီအဓိပ္ပာယ်က ပေါ်လာတယ် (မှန်ပါ့ ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် အပြစ်မြင်မည့်ဥစ္စာ မြင်သေးရဲ့လား (မမြင်ပါ ဘုရား)၊ မမြင်တဲ့အပြင် ရှာမှီးခြင်း အလုပ်, လုပ်တယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အေး သင်္ကြန်တွင်းမှာ လာတဲ့ကျောက်ကလေး၊ သင်္ကြန်တွင်းမှာလာမည့် အော်ဒါကလေးတွေ၊ သင်္ကြန်တွင်း မှာလာမည့် အဝယ်အခြမ်း ကိစ္စကလေးတွေတောင်မှ ဒီ ရက်တော့ မတော်သေးပါဘူး ဆိုပြီး နောက်ရက်ချိန်းဆွဲတဲ့ အခါမှာလည်း ရှိချင်ရှိမယ် (မှန်ပါ့)၊ မရှိပေဘူးလား (ရှိပါတယ်)၊ အဲဒါက ဇာတိ၊ ဇရာ၊ မရဏကို ချိန်းချက် ပေးပြီးရှာတာ (မှန်ပါ့)။

ဘယ့်နှယ်ဆိုကြမလဲ (ဇာတိ၊ ဇရာ၊ မရဏကို ချိန်းချက်ပေးပြီး ရှာတာပါ)၊ ဒကာလှိုင်ကြီး ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ခင်ဗျားတို့အလုပ်ဟာလွဲနေလို့

ခင်ဗျားကို လုပ်မစားစေချင်အောင်ဗျာ၊ အောက်မေ့ မနေနဲ့နော် (မှန်ပါ့)၊ ခင်ဗျားတို့ လုပ်မစားချင်အောင် ဟောတာမဟုတ်ဘူးတဲ လုပ်စားနေတဲ့ အဓိပ္ပာယ်ကို ခင်ဗျားတို့ အလုပ်ဟာ လွဲနေလို့ နောင်ကိုကြဉ်နည်းကို ဟော မှာပါ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)၊ လွဲတာက အလွန် လွဲဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒကာ,ဒကာမတို့ ဇာတိ၊ ဇရာ၊ မရဏဆိုတာ ခင်ဗျားတို့က အခုရှာထားမှ နောက်ရမှာ ကိုး (မှန်ပါ့)၊ အခုရထားတာက နောက်ဘဝကရှာခဲ့တာ (မှန်ပါ့)။

အခုဆက်ရှာတာက (နောက်ဘဝအတွက်ပါ)၊ နောက်ဘဝအတွက်ရှာထားတော့ ခင်ဗျားတို့ ကလည်း ဇာတိ မပြတ်မှ ဒုက္ခမပြတ်မှ နေတတ်တယ် (မှန်ပါ့)။

အသေချင်းထပ်မှ နေတတ်တယ်

ဇရာဒုက္ခ မပြတ်မှ (နေတတ်ပါတယ် ဘုရား)၊ ဗျာဓိ ဒုက္ခမပြတ်မှ (နေတတ်ပါတယ်)၊ မရဏဒုက္ခ မပြတ်မှ (နေတတ်ပါတယ်)၊ အသေချင်းထပ်မှ နေတတ်တယ် (မှန်ပါ့)၊ အနာချင်းထပ်မှ (နေတတ်ပါတယ် ဘုရား)။

ဟာ ဦးအောင်ဇံဝေ မိုးကြိုးပစ်သည်ထက် နာ သေးတယ်၊ ခင်ဗျားတို့ မသိလိုက်တဲ့ဖြစ်ခြင်း (မှန်ပါ့)၊ ဦးညိုကြီးတို့၊ ဦးဘရှင်းတို့ ပေါ်ပလား (ပေါ်ပါပြီ)၊ နောက်က ဒကာ,ဒကာမတွေ (ပေါ်ပါပြီ ဘုရား)။

ပြင်မပေးရင် ကိုယ်ကျိုးနည်းပြီ

ဒါ့ကြောင့် ခင်ဗျားတို့အတွက်ဟာဖြင့် အသိဉာဏ် ကျယ်ကျယ်နဲ့ ဆရာဘုန်းကြီးနဲ့တွေ့ ရတော့၊ ဪ တို့လို ပုဂ္ဂိုလ်ကမှ ပြင်ဆင်မပေးလို့ရှိရင် ကိုယ်ကျိုးတော့ လှလှကြီးနည်းတော့မှာပဲဆိုတာ သေသေချာချာ ပေါ်လာ တယ် (ပေါ်လာပါတယ် ဘုရား)။

မောင်အောင်သိန်းတို့၊ ဦးဘအုန်းတို့ မပေါ်သေးဘူး လား (ပေါ်ပါပြီ ဘုရား)၊ ကြည့်စမ်းပါလား၊ ဒကာ,ဒကာမ တို့ ဆိုးရွားလိုက်တာ (မှန်ပါ့)။ “ ဒါဖြင့် ဘုရားဟာ ဘာ့ကြောင့် ဘုရားမဖြစ်ပါလိမ့်မတုံး ရှာမှီးခြင်းလွဲနေလို့ (မှန်ပါ့)။

ဒီ ဒကာ,ဒကာမတွေ ဘယ့်နှယ်ကြောင့် သံသရာ ထဲမှာ အို,နာ,သေနဲ့ပဲ အဖော် လုပ်နေရပါလိမ့်မတုံး မေး တော့၊ ဘယ့်နှယ်ဖြေမလဲ (ရှာမှီးခြင်းလွဲလို့ပါ ဘုရား)။

ဘယ့်နှယ်ကြောင့် အပါယ်လေးပါးနဲ့ အဖော်လုပ်နေ ရပါလိမ့်မလဲ (ရှာမှီးခြင်းလွဲလို့ပါ)၊ သောက ဆိုတဲ့ စိုးရိမ် ခြင်း၊ ပရိဒေဝ ဆိုတဲ့ ငိုကြွေးမှုတွေ ခဏ,ခဏ ကြုံရတာကကော (ရှာမှီးခြင်းလွဲလို့ပါ)၊ ရှာမှီးခြင်း လွဲလို့ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ တယ်လည်း ဆိုးပါကလား ဆိုတာ ပေါ်လာတယ် (မှန်ပါ့ ဘုရား)၊ မပေါ်လာဘူးလား (ပေါ်လာ ပါတယ် ဘုရား)။

ဟာ ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ သိပ်ပြီးတော့၊ ကြောက်စရာကောင်းပါလား (မှန်ပါ့)၊ အင်မတန်မှ ကြောက်စရာ ကောင်းတော့တယ်ဆိုတာ မပေါ်လာသေးဘူး လား (ပေါ်လာပါတယ် ဘုရား)။

သံသရာစခန်းကို သတ်ကြပါစို့

ဒါဖြင့် တို့သံသရာစခန်းကို သတ်ကြပါစို့၊ သံသရာ စခန်းဖြင့် တို့သတ်မှ တော်တော့မယ် ဆိုတော့ ရှာမှီခြင်း တည့်မှ သတ်မှာကိုး (မှန်ပါ့)။

သံသရာစခန်း သတ်ကြပါစို့ဆိုတော့ ဘယ်လို သတ် ပါလိမ့် (ရှာမှီးခြင်းတည့်မှ သတ်ပါတယ် ဘုရား)၊ ရှာမှီး ခြင်းတစ်ခါတည်း တည့်သွားမှသာလျှင် သံသရာစခန်း သတ်မယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

အဲဒါကြောင့် ယနေ့ဖြင့် ရှာမှီးခြင်း တည့်အောင်ဖြင့် ဒကာ,ဒကာမတို့ မပြောရင်ဖြင့် မဖြစ်တော့ပါဘူး (မှန်ပါ့)၊ ဖြစ်ပါ့မလား (မဖြစ်ပါ ဘုရား)။

ကိုင်း, ဒါဖြင့် ဒီလိုလုပ်ကြစို့တဲ့၊ ဒီပစ္စည်း ရှာရတာ လည်း ဘယ်သူ့အတွက်တုံး (ဇာတိ၊ ဇရာ၊ မရဏ အတွက်ပါ)၊ ကဲ အခုရှာနေတာကနော် ဒီခန္ဓာကြီးအတွက် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ပစ္စည်းရှာနေရတာ ခန္ဓာကြီးအတွက်

ဒီပစ္စည်းရှာနေရတာ (ခန္ဓာကြီးအတွက်ပါ ဘုရား)၊ ဒီကျွဲနွားတွေ မွေးနေရတာကော (ခန္ဓာကြီး အတွက်ပါ ဘုရား)၊ ဒီသားသမီးတွေကို စောင့်ရှောက်နေရတာကော (ခန္ဓာကြီးအတွက်ပါ ဘုရား)၊ ဒီခန္ဓာကြီး လုံလောက်ဖို့ (မှန်ပါ့)။

ဪ ,ဒါဖြင့် ဒီခန္ဓာ အပြစ်မြင်လို့ ဒီခန္ဓာမလိုချင် ရင် ဟိုဟာတွေ လွတ်မယ် (မှန်ပါ့)။

ဒီခန္ဓာအပြစ်မြင်၍ ဒီခန္ဓာအပေါ်၌ တည့်သွားလို့ရှိရင်ဖြင့် ရှာမှီးခြင်းလွဲတဲ့ ကိစ္စလာပါ့မလား (မလာပါ ဘုရား)။

ဒါဖြင့် ဘယ်အပေါ်မှာ သတ္တုကျတယ် ဆိုတာဖြင့် (ခန္ဓာပေါ်မှာ သတ္တုကျပါတယ်)၊ ဒါကြောင့် ဦးဘရှင်း တို့ကို ဟောနေတယ်၊ ဦးဘအုန်းတို့ကို ဟောနေတယ်၊ ခန္ဓာဉာဏ်ရောက်မှ ပြီးမကွ (မှန်ပါ့)။

ခန္ဓာဉာဏ်ရောက်မှ ကိစ္စပြီးမယ်

ဘယ်လိုဟောပါလိမ့် (ခန္ဓာဉာဏ်ရောက်မှ ပြီးမှာ ပါ ဘုရား)၊ ခန္ဓာဉာဏ်ရောက်မှ ပြီးမကွဆိုတဲ့ အဓိပ္ပာယ်နဲ့ သေသေချာချာ ပြောနေပါတယ် (မှန်ပါ့)၊ ခန္ဓာဉာဏ် မရောက်လို့ရှိရင် (မပြီးပါ ဘုရား)၊ သဘော ကျပလား (ကျပါပြီ ဘုရား)။

ဒါ့ကြောင့် ခန္ဓာဉာဏ်ရောက်တဲ့ အလုပ်ဟာဖြင့် အထူး အရေးကြီးတော့တယ် ဆိုတာဖြင့် ဒကာ,ဒကာမတွေ ဒါမှရှာမှီးခြင်းတည့်တော့မယ် (မှန်ပါ့)၊ ခန္ဓာဉာဏ်ရောက်တော့ ခန္ဓာအပြစ် မြင်လာတယ် (မှန်ပါ့)၊ အပြစ်မြင်လာ တော့ မုန်းလာပြီ (မှန်ပါ့)၊ မုန်းလာတဲ့အခါ မလိုချင်လာ ပြီ (မှန်ပါ့)။

ဒီခန္ဓာမလိုချင်တဲ့ အခါကျတော့ ဒီခန္ဓာ မလိုချင်ရင် ရှာမှီးခြင်းတည့်သွားပြီ (မှန်ပါ့)၊ နောက် ဇာတိ၊ ဇရာ၊ မရဏ လာဦးမလား (မလာတော့ပါ ဘုရား)။

ဒါဖြင့် မပုတို့ ဘယ်လိုစဉ်းစားကြမတုံး၊ ဒီခန္ဓာပေါ် ဉာဏ်ရောက်မှ ကိစ္စပြီးမယ် (မှန်ပါ့)။

ဘယ်လိုပါလိမ့် (ခန္ဓာပေါ်ဉာဏ်ရောက်မှ ပြီးမှာပါ ဘုရား)၊ ဦးဘရှင်း ဘယ်လို ဆုံးဖြတ်ချက် ချမလဲ (ခန္ဓာ ပေါ် ဉာဏ်ရောက်မှ ကိစ္စပြီးမှာပါ ဘုရား)။

ဘယ်ကလာလာ ခန္ဓာမှာဆိုက်မှကိုက်မယ်

ဒါဖြင့် ဘုန်းကြီးသင်နေတဲ့အလုပ်ဟာ ဘယ်က လာလာ ဒီဆိုက်မှကိုက်မယ် (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘယ်ကလာလာ ဒီမဆိုက်လို့ရှိရင်ဖြင့် မကိုက်သေး ဘူးဆိုတဲ့ အဓိပ္ပာယ်ဖြင့် ဒကာ,ဒကာမတွေ သေသေချာချာ မှတ်ပါ (မှန်ပါ့)။

ဒါကြောင့် ခင်ဗျားတို့ ရှာမှီးခြင်းလွဲတာသည် ခန္ဓာ ကိုယ်ဉာဏ်နဲ့မတည့်လို့ လွဲနေတာ (မှန်ပါ့)။

ခန္ဓာကိုဉာဏ်နဲ့ တည့်လိုက်တဲ့အခါကျတော့ ခန္ဓာက ပြောလာလို့ရှိရင်ဖြင့် ခင်ဗျားတို့ ရှာမှီးခြင်း လွဲမှာ မဟုတ်ပါ ဘူး (မှန်ပါ့)၊ လွဲပါမလား (မလွဲပါ ဘုရား)။

ဒါဖြင့် ဒကာ, ဒကာမတို့ရှာမှီးခြင်း လွဲတာဟူသရွေ့ သည် ဒီခန္ဓာအတွက်ဆိုပြီး သကာလ သားသမီး လည်း ရှိမှတော်မယ်၊ ပစ္စည်းကော (ရှိမှတော်မှာပါ)၊ ကျွဲ၊ နွား၊ မြေ အစရှိသည်ကော (ရှိမှတော်မှာပါ ဘုရား)။

ရှိတော့ ဒါတွေကို ခင်၊ ခင်တော့ တဏှာပဲ၊ တဏှာက ဥပါဒါန်သွား၊ ဥပါဒါန်ကနေပြီး ကံသွား၊ ကံကနေပြီး ဇာတိ၊ ဇရာ၊ မရဏသွား (မှန်ပါ့)၊ ဒိပြင်ဟာတွေကဖြင့် ရှာမှီးခြင်းလွဲနေပြီ (မှန်ပါ့)၊ မဟုတ်ဘူးလား (မှန်ပါ့)။

ကြီးကြီးကျယ်ကျယ် ရှိလေလေ ကြီးကြီး ကျယ်ကျယ် အားထုတ်လေလေ၊ ကြီးကြီး ကျယ်ကျယ် ဇာတိတွေရလေလေ (မှန်ပါ့)၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ဒါ ဘယ့်နှယ်ကြောင့်တုံး လို့ မေးတဲ့အခါကျ တော့ ခင်ဗျားတို့ ရှာမှီးခြင်းလွဲတာနော် (မှန်ပါ့)။

ဒုက္ခသစ္စာမြင်ရင်တော့ တည့်သွားလိမ့်မယ်

အဲဒီတော့ ဒီအလွဲတည့်ချင်ပါတယ်လို့ ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ ပြောလို့ရှိရင် ဒီအလွဲ ဘယ်လိုလုပ်မှ တည့်မလဲလို့ မေးဖို့မလိုဘူးလား (လိုပါတယ် ဘုရား)၊ ဒီ အလွဲဟာ ဘာတုံး ဒုက္ခသစ္စာမြင်မှ တည့်မယ် (မှန်ပါ့)။

ဒီအလွဲဟာ (ခန္ဓာသစ္စာမြင်မှ တည့်မှာပါ ဘုရား)၊ ခန္ဓာဒုက္ခသစ္စာမြင်ရင်တော့ တည့်သွား ပါလိမ့်မယ် (မှန်ပါ့)၊ ခန္ဓာဒုက္ခသစ္စာမမြင်သေးသရွေ့ ကာလပတ်လုံး (မတည့်သေးပါ ဘုရား)။

မတည့်သေးဘူးတဲ့၊ နို့မဟုတ်လို့ရှိရင် သားရှိမှ တော်မယ်၊ မြေးရှိမှတော်မယ်၊ ပစ္စည်းရှိမှ တော်မယ်၊ တိုက်တာ ရွှေ၊ ငွေရှိမှတော်မယ်ဆိုတော့ ဦးအောင်ဇံဝေ ဒီဟာတွေဟာ တော်မယ် ဟူသရွေ့သည် ဇာတိ၊ ဇရာ၊ မရဏ ရှာတာ (မှန်ပါ့ ဘုရား)။

ရှာမှီးခြင်းလွဲရင် ဒုက္ခပြန်ရမှာ

တော်မယ် ဟူသရွေ့သည် (ဇာတိ၊ ဇရာ၊ မရဏ ရှာတာပါ ဘုရား)၊ ကိုင်း ဒါဖြင့် ဒီနေ့တရားဖြင့် ခင်ဗျားတို့ ရှာမှီးခြင်းကဖြင့် တို့မှာ အလွဲနဲ့အချော်ချည့်ပဲဆိုတာ ပေါ် ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ငါလည်း ရှာမှီးခြင်း လွဲတာနဲ့ကွာ ဘုရား မဖြစ်ဘူးကွတဲ့ (မှန်ပါ့)၊ မင်းတို့လည်း ရှာမှီးခြင်းလွဲရင် ဒုက္ခကြီးပဲ ပြန်ရမှာပဲ (မှန်ပါ့)၊ ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏပြန်ရမယ် (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာ,ဒကာမတို့ ရှာမှီးခြင်း မလွဲအောင် ဇာတိ ရှိလျက်နဲ့ ဇာတိမရအောင် မရှိတဲ့နေရာ ရှာရမယ် (မှန် ပါ)၊ ဇရာရှိရင် (ဇရာမရှိတဲ့နေရာ ရှာရပါမယ်)၊ ဒါမှ တည့်မယ် (မှန်ပါ့)၊ ဗျာဓိရှိလျက်နဲ့ဖြင့် (ဗျာဓိမရှိတဲ့ နေရာ ရှာရပါမယ်)၊ မရဏဆိုတဲ့ သေမှုရှိလျက်နဲ့ (သေမှုမရှိတဲ့ နေရာ ရှာရပါမယ်)၊ ဒီလိုဆိုရင် တည့်ပြီး (မှန်ပါ့)။

ဒါရှာရမှာ

ဒါကြောင့် အဇာတိံ- ပဋိသန္ဓေ မနေရာ စင်စစ်ဖြစ် သော၊ အဇရံ- မအိုရာ စင်စစ်ဖြစ်သော၊ အဗျာဓိံ- မနာရာ စင်စစ်ဖြစ်သော၊ အမတံ- မသေရာစင်စစ်ဖြစ်သော၊ သိဝံ -အေးချမ်းလှစွာသော၊ နိဗ္ဗာနံ- နိဗ္ဗာန်ဆိုတော့ ဒါ ရှာရ မှာ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဇာတိမရှိရာကို ဘာလုပ်ရမယ် (ရှာရမှာပါ)၊ ဇရာ မရှိရာကို (ရှာရမှာပါ)၊ မရဏမရှိရာ (ရှာရမှာပါ)၊ ဒါဆိုတော့ ရှာမှီးခြင်း ဘယ့်နှယ်နေသတုံး (တည့်ပါတယ် ဘုရား)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

သားသမီးနဲ့ ပစ္စည်းရှာရင် ဘာတဲ့ (ရှာမှီးခြင်း လွဲပါတယ် ဘုရား)၊ ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏမရှိရာ ရှာခဲ့ သော် (ရှာမှီးခြင်း တည့်သွားပါပြီ ဘုရား)၊ ရှာမှီးခြင်း တည့် သွားပြီ ဒကာကြီးလှိုင် ရိပ်မိရဲ့လား (ရိပ်မိပါပြီ ဘုရား)၊ ဦးဘအုန်းတို့ ရိပ်မိပြီ (မှန်ပါ့)။

အင်မတန် အရေးကြီးတော့တယ် ဆိုတာ ခင်ဗျားတို့ ဘာမှ ဘုန်းကြီးကို ပြောဆိုနေဖို့ မလိုပါဘူး (မလိုပါ ဘုရား)၊ အင်မတန် အရေးကြီးတော့တယ် ဆိုတာ ကိုပေါ်တို့ ဦးဘရှင်းတို့ ပေါ်လောက်ပါပြီ (ပေါ်ပါပြီ ဘုရား)။

နိဗ္ဗာန်မရတာ လက်သည်ပေါ်သွားပြီ

ဒါဖြင့် ခင်ဗျားတို့ နိဗ္ဗာန်မရတာ လက်သည် ယနေ့ ပေါ်သွားပြီး (ပေါ်ပါပြီ)၊ ဘာကြောင့်ပါလိမ့် (ရှာမှီးခြင်း၊ လွဲနေလို့ပါ ဘုရား)၊ ရှာမှီးခြင်း လွဲနေလို့မရတာ (မှန်ပါ့)။

ဒီ ဒကာ,ဒကာမတွေဟာ အခုတော် တော်ကြာ မျက်ရည်ကျရပြန်ပြီ၊ တော်တော်ကြာ ပူရပြန် တော်တော်ကြာ ဆွေးရပြန်ပြီ၊ တော်တော်ကြာ မင်းဒဏ်၊ စိုးဒဏ်သင့်ပြန်ပြီ၊ ဟင် (မှန်ပါ့)။

တော်တော်ကြာ ခန္ဓာထဲ မီးဟုန်းဟုန်းတောက်ပြန် ပြီဟ ဘာဖြစ်ကြတာတုံးလို့ မေးတော့မှ ဘယ့်နှယ်ကြောင့် ဒါတွေတွေ့ရပါလိမ့်မတုံး ဆိုတော့မှ (ရှာမှီးခြင်း လွဲနေလို့ပါ ဘုရား)၊ အို သားသမီး ကြောင့်ဖြစ်ရတယ် ပစ္စည်းကြောင့် ဖြစ်ရတယ် ဆိုတော့ နဂိုကရှာထားတာ လွဲနေတယ် (မှန်ပါ့ ဘုရား)။

နဂိုက ရှာထားတာ (လွဲနေပါတယ်)၊ ရှာမှီးခြင်း လွဲတော့ သောက, ပရိဒေဝ, ဇာတိ, ဇရာ, မရဏတွေ မရဘူးလား (ရပါတယ် ဘုရား)။

ရှာမှီးခြင်းကိုပြောင်းလိုက်ပါ

ဒကာ,ဒကာမတွေပြင်ချင်ကြရဲ့လားလို့မေးရင် ဘယ့် နှယ်ဖြေပါ့မလဲ (ပြင်ချင်ပါတယ်)၊ ပြင်ချင်လို့ ရှိရင်ဖြင့် တဲ့ ရှာမှီးခြင်းကိုပြောင်းလိုက်ပါ (မှန်ပါ့ ဘုရား)။

ဇာတိရှိတဲ့ပုဂ္ဂိုလ်သည် ဘာရှာရမယ် (ဇာတိမရှိ ရာကိုရှာရပါမယ်)၊ ဇရာရှိတဲ့ပုဂ္ဂိုလ်သည် (ဇရာမရှိရာကို ရှာရပါမယ်)၊ ဗျာဓိရှိတဲ့ပုဂ္ဂိုလ်သည် (ဗျာဓိမရှိရာကိုရှာရ ပါမယ်)၊ မရဏရှိနေတဲ့ ပုဂ္ဂိုလ်သည် (မရဏမရှိရာကိုရှာရ ပါမယ်)၊ အဲဒါမှကိုက်တယ် (မှန်ပါ့ ဘုရား)။

အဲဒီတော့ကွာတဲ့၊ ဒီလိုမှရှာမှီးခြင်းတည့်မယ်လို့ ငါ ဘုရားသခင် ကိုယ်တော်မြတ်ကြီး သေသေချာချာ မင်းတို့ကို ဟောပါတယ်တဲ့၊ မင်းတို့ နိဗ္ဗာန် မရတာဟာ ပါရမီ မရှိလို့ လေး ဘာလေး ဆိုတာ အပိုပါ (မှန်ပါ့)၊ ရှာမှီးခြင်းလွဲလို့ ဖြစ်နေကြတာ (မှန်ပါ့ ဘုရား)။

ရှာထားတာက တစ်မျိုး

ကိုပေါ်တို့ လူစုက ရှေးကတော့ ပါရမီမရှိလို့ ထင်ပါရဲ့ နိဗ္ဗာန်နဲ့ဝေးနေတယ်တဲ့၊ ကိုယ်ရှာထား တာကဖြင့် လွဲ နေတယ် (မှန်ပါ့)၊ နိဗ္ဗာန်ရှာတာလား၊ ဇာတိ၊ ဇရာ၊ မရဏ ထပ်ရှာတာလား (ဇာတိ၊ ဇရာ၊ မရဏ ထပ်ရှာတာပါ)။ ပြီးတော့ ဒီထဲကနေပြီး နိဗ္ဗာန်ရချင်သတဲ့၊ ရှာထားတာက တစ်မျိုး၊ ရချင်တာက တစ်မျိုး (မှန်ပါ့ ဘုရား)။

ပါးစပ်က လိုချင်သောကတစ်မျိုး

ရှာထားတာကတော့ ကိုယ့်မှာ အိတ်ဝင်သပိတ်ဝင် ဖြစ်နေပြီ (မှန်ပါ့)၊ အခုပါးစပ်ကရချင်တာက တစ်မျိုး ဖြစ်နေတော့ အထမြောက်ပါ့မလား (မမြောက်ပါ)၊ ပေါ် ပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ,ဒကာမတွေမှာဖြင့် ဒီ ဉာဏ်မျက်လုံးကိုဖွင့်ပေးမည့်သူ မရှိလို့ရှိရင်ဖြင့် ပစ္စည်းရှိမှ တော်မယ် ဆိုတာကလေးဟာလည်း လာနေမှာပဲ (မှန်ပါ့)၊ သားသမီးရှိမှ (တော်မှာဆိုတာ လာပါမယ် ဘုရား)။

လာမှာပဲ၊ လာရင် သူဘာတွေရှာထားတာတုန်း (ဇာတိ၊ ဇရာ၊ မရဏ ရှာတာပါ)၊ ဇာတိ၊ ဇရာ၊ မရဏ ရှာထားတာ (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

တရားတော်က ရေအဆန်ကိုပြောရမှာ

ဪ ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ် ကြီးက ငါတရား မဟောချင်ပါဘူးကွာတဲ့၊ မောင်နိုင် ငြီးသင့် မငြီးသင့် (ငြီးသင့်ပါတယ် ဘုရား)။

ငါတရားမဟောချင်ဘူးတဲ့၊ ငါ့ တရားကလည်း ပြောင်းပြန်ပြောရမှာ၊ သူတို့ကလည်း ရေစုန် စီးနေတာ၊ ငါက အဆန်ကိုပြောရမှာ (မှန်ပါ့)၊ ရေအဆန်ကို ပြောရမှာ (မှန်ပါ့)။

သူတို့က ရေစုန်စီးချင်ကြတယ်

သူတို့ကလည်း ရေစုန်စီးချင်တယ်၊ ခက်ပြီဆိုပြီး ဘုရားသခင် ကိုယ်တော်မြတ်ကြီး ကရုဏာတော် ရှိလျက်နဲ့ တရားက နက်လွန်းလို့ ဘယ့်နှယ်လုပ်ဟောရပါ့မတုံး (မှန်ပါ့ ဘုရား)။

အခု ယနေ့ ဘုန်းကြီးဟောကြည့်တာကိုပဲ မောင် နိုင် ကိုယ့်အလွဲ ကိုယ့်အချော်တွေဟာ နည်းသလား (မနည်းပါ)၊ ဒကာ,ဒကာမတွေ ကိုယ်လွဲချော်နေတာတွေဟာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဒီလိုလုပ်ကြပါစို့ဗျာ၊ နာရီကလည်း နီးနေပြီနော် (မှန်ပါ့)၊ ဇာတိရှိလျက်နဲ့ ဇာတိ လွတ်ရာ ရှာ ရအောင် (မှန်ပါ့)၊ ဇရာရှိတဲ့ပုဂ္ဂိုလ်က (ဇရာလွတ်ရာ ရှာရပါမယ်)၊ ဗျာဓိရှိတဲ့ပုဂ္ဂိုလ်က (ဗျာဓိ လွတ်ရာ ရှာရပါ မယ်)၊ မရဏရှိတဲ့ပုဂ္ဂိုလ်က (မရဏလွတ်ရာ ရှာရပါမယ်)။ ဒီလေးခုဟာ ရှိလျက်နော် (မှန်ပါ့)၊ ဒါဖြင့် လွတ်ရာ ရှာကြစို့ (မှန်ပါ့ ဘုရား)။

ဒီလေးမျိုး မရှိဘူးလား (ရှိပါတယ်)၊ ဒါဖြင့် ဘာ လုပ်ကြမယ် (လွတ်ရာရှာရပါမယ်)၊ လွတ်ရာ ရှာကြပါစို့ ဆိုတဲ့အဓိပ္ပာယ်ဖြင့် ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ခန္ဓာကို မလိုချင်မှကိုက်မယ်

ကိုင်း ဒါဖြင့် လွတ်ရာ ရှာကြရအောင်နော် (မှန်ပါ့ ဘုရား)၊ လွတ်ရာရှာတော့ကိုတဲ့ ဒကာ, ဒကာမတွေ သတိပဋ္ဌာန်လေးပါးထဲက ဘုန်းကြီးပြောတဲ့ ဒီခန္ဓာဆိုတာကို ခန္ဓာကိုအပြစ်မြင်ပြီး သကာလ ခန္ဓာကိုမုန်း၊ ခန္ဓာကို မလိုချင် လို့ရှိရင် ဒီခန္ဓာကြောင့် ဇာတိဖြစ်ရတယ် (မှန်ပါ့)။

ဒီခန္ဓာကြောင့် (ဇရာဖြစ်ရပါတယ်)၊ ဒီခန္ဓာပေါ်လို့ ဗျာဓိဖြစ်တယ် (မှန်ပါ့)၊ ဒီခန္ဓာပေါ်လို့ (မရဏဖြစ်ရပါ တယ်)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီတော့ ဒီခန္ဓာကို မရှာမှီးမှပဲ ကိုက်မယ် (မှန်ပါ့)၊ ကိုင်း ဒါဖြင့် ဒီခန္ဓာဆိုတာလည်း ဒကာ,ဒကာမတို့ စိတ္တာနုပ ဿနာ ပြောပါတယ်နော် (မှန်ပါ့)၊ စိတ္တာနုပဿနာက မောင်နိုင် မှတ်လိုက်စမ်းပါ ဝိညာဏက္ခန္ဓာပဲ (မှန်ပါ့ ဘုရား)။

စိတ္တာနုပဿနာသည် (ဝိညာဏက္ခန္ဓာပါ)၊ ဒါဖြင့် ဒီခန္ဓာပဲ မကျဘူးလား (ကျပါတယ် ဘုရား)။

ခန္ဓာကို အပြစ်မြင်ရမယ်၊ မုန်းရမယ်

အဲဒီခန္ဓာကို အပြစ်မြင်ရမယ်၊ ဒီခန္ဓာကို မုန်းရ မယ်၊ ဒီခန္ဓာကို မလိုချင်လို့ရှိရင်ဖြင့် ကျန်တဲ့သူနဲ့ တွဲလျက် ခန္ဓာတွေလည်း ပါမသွားဘူးလား (ပါသွားပါတယ်)၊ ပါ သွားလို့ရှိရင် နောက်ပဋိသန္ဓေ နေခြင်း ဆင်းရဲ၊ အိုခြင်းဆင်းရဲ၊ နာခြင်းဆင်းရဲ၊ သေခြင်းဆင်းရဲဟာ လာပါဦးမလား (မလာပါ ဘုရား)။

ဪ ဒါဖြင့် ဒီခန္ဓာကနေ ဖြုတ်မှရမယ် (မှန် ပါ့)၊ ဘယ်ကနေဖြုတ်ရမလဲ (ခန္ဓာကနေ ဖြုတ်ရပါမယ် ဘုရား)။

ဒါဖြင့် နိဗ္ဗာန်လိုချင်ရင် ဒီခန္ဓာမှ ခင်ဗျားတို့ ယခု ပြောတဲ့ အပြစ်မြင်တဲ့ အလုပ်ကို မလုပ်တော့ ပါဘူး၊ မုန်းတဲ့ အလုပ်ကို မလုပ်တော့ပါဘူး၊ မလိုချင်အောင် ကြည့်ရတဲ့ အလုပ်ကို မလုပ်တော့ ပါဘူး ဆိုရင်ဖြင့် ဇာတိ၊ ဇရာ၊ မရဏ ပြန်ရမှာပဲ (မှန်ပါ့)၊ မရပေဘူးလား (ရမှာပါ)၊ ဦးညို ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

အဲဒီတော့ ခင်ဗျားတို့ သေသေချာချာဆရာသမား ပြောတာကို ဂရုစိုက်ပြီး သကာလ ဟုတ်ပါ ကလား၊ ဒီခန္ဓာကိုအပြစ်မြင်မှ, ဒီခန္ဓာမုန်းမှ ဒီခန္ဓာမလိုချင် မှသာလျှင် ဇာတိ၊ ဇရာ၊ မရဏ ရှာမှီးခြင်း အလုပ်က လွတ်မှာပါကလား၊ တွေ့ရမည့်အလုပ်ဟာ လွတ်မှာပါက လား (မှန်ပါ့ ဘုရား)၊ ဆိုတာ ကောင်းကောင်းပေါ်လာ တယ် (ပေါ်ပါတယ် ဘုရား)။

ဝိပဿနာနဲ့ ကင်းလို့တော့မရပါ

ဒါဖြင့် ဝိပဿနာနဲ့ကင်းလို့ (မရပါ)၊ ဦးဘကြီး ဘယ့်နှယ်တုံး ဝိပဿနာနဲ့ကင်းလို့တော့ (မရပါ)၊ မရ နိုင်တော့ ချမ်းသာလိုချင်တဲ့ပုဂ္ဂိုလ်ဟာ ဝိပဿနာ လုပ်ရ မယ် (မှန်ပါ့ ဘုရား)။

ချမ်းသာလိုချင်တဲ့ ပုဂ္ဂိုလ်ဟာ (ဝိပဿနာလုပ်ရ ပါမယ်)၊ ချမ်းသာလိုချင်ရင် ဝိပဿနာလုပ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဘာဖြစ်လို့တုံး၊ ဇာတိဒုက္ခဟာလည်း ဒုက္ခသစ္စာ ပဲ (မှန်ပါ့)၊ မလိုချင်ပါဘူးဘုရား၊ အဇာတိဆိုတဲ့ ချမ်းသာ လိုချင်ပါတယ် ဆိုရင် ဝိပဿနာလုပ် (မှန်ပါ့ ဘုရား)။

ဇရာဆိုတာလည်း ဒုက္ခသစ္စာ၊ ဆင်းရဲတာပဲ၊ အဲဒီ ဇရာမရှိချင်ပါဘူးဆိုရင်လည်း ဘာလုပ်ရမလဲ (ဝိပဿနာ လုပ်ရပါမယ် ဘုရား)။

ဗျာဓိအနာနှိပ်စက်တယ်ဆိုတော့ ခန္ဓာကို နှိပ်စက် နေတာပဲ (မှန်ပါ့)၊ အနာရှိချင်ပါဘူး ဆိုရင်လည်း ဘာလုပ်ရမလဲ (ဝိပဿနာ လုပ်ရပါမယ် ဘုရား)။

ဟာ အသေတွေ အလောင်းချင်းထပ်နေတာလည်း တပည့်တော်တို့ မဖြစ်ချင်ပါဘူးဆိုရင် (ဝိပဿနာ လုပ်ရ မှာပါ ဘုရား)၊ ဝိပဿနာလုပ်ရမယ်၊ ဒကာကြီးလှိုင် မလုပ် ရင် (မဖြစ်ပါ)။

စိတ္တာနုပဿနာ

ကဲ ဒါဖြင့် သေချာတော့ ဝိပဿနာဆိုတာ စိတ္တာနုပဿနာကို ပြောတာ မောင်နိုင် အခု ဘယ်နှရက် ရှိသွားပလဲ (သုံးရက်ရှိသွားပြီ)၊ ဒီနေ့ပါဆို သုံးရက် ရှိသွား ပြီနော် (မှန်ပါ့ ဘုရား)။

ဒါကလေးတော့ လုပ်ကြပါ။ စိတ္တာနုပဿနာ လုပ်ရင် ဝိညာဏက္ခန္ဓာပါပဲ၊ ဒီခန္ဓာကို သူ့ကို အပြစ်မြင်အောင် ကြည့်ရလိမ့်မယ် (မှန်ပါ့ ဘုရား)။

ကိုယ်ပေါ်မှာပေါ်တဲ့စိတ်

ဒါ့ကြောင့် ခဏ,ခဏ ပြောတယ်၊ ဒကာ,ဒကာမတို့ ခင်ဗျားတို့ ရှုစရာသည် မြင်စိတ်တစ်မျိုး၊ ကြားစိတ် (တစ် မျိုးပါ)၊ နံစိတ် (တစ်မျိုးပါ)၊ စားစိတ် (တစ်မျိုးပါ)၊ ယားစိတ်၊ ယံစိတ်၊ ကောင်းစိတ်၊ နာစိတ်ကော (တစ်မျိုးပါ)၊ အဲဒါက ကိုယ်ပေါ်မှာ ပေါ်တယ်နော် (မှန်ပါ့ ဘုရား)။

ဝမ်းထဲမှာပေါ်တဲ့စိတ်

ဝမ်းထဲမှာ လောဘစိတ်ဆိုတာ ဝမ်းထဲပေါ်တယ်။ ဒေါသစိတ်ကော (ဝမ်းထဲပေါ်ပါတယ်)၊ မောဟဆိုတဲ့တရား (ဝမ်းထဲပေါ်ပါတယ်)၊ အလောဘဆိုတဲ့ လှူချင်၊ ပေး ချင်၊ ကမ်းချင်၊ တန်းချင် တာကော (ဝမ်းထဲပေါ်ပါတယ်)၊ အဒေါသဆိုတဲ့ မေတ္တာ တွေကော (ဝမ်းထဲ ပေါ်ပါတယ်)၊ ပြီးတော့ကို လေထုတ်တဲ့ စိတ်ကလေးဟာကော (ဝမ်း ထဲပေါ်ပါတယ်)၊ လေပြန်ရှိုက်တဲ့ စိတ်ကလေးဟာကော (ဝမ်းထဲ ပေါ်ပါတယ် ဘုရား)။

လေထုတ်တဲ့စိတ်၊ လေသွင်းတဲ့စိတ်

အဲဒါတွေ အခု ပေါ်တိုင်း ပေါ်တိုင်း ဒကာ, ဒကာမတွေ အမြဲတမ်း ရှုစရာက လေထုတ်စိတ်နဲ့ လေသွင်း စိတ်၊ ဒီစိတ်ကလေးကို ရှုရမယ် (မှန်ပါ့)။

နောက်တော့ ဒါတွေ ရှုရင်းမတ္တနဲ့ မြင်စိတ်ပေါ်လာ လည်း မျက်လုံးထဲမှာ မြင်စိတ်ကလေး ဟာလည်း ဖြစ်ပြီး ပျက်တာပဲ အနိစ္စရှု (မှန်ပါ့)၊ ကြားစိတ်ကလေး ပေါ်လာ ရင် (ကြားစိတ်ကလေး ဖြစ်ပျက်ရှုရပါမယ်)၊

ဟို အမြဲတမ်း သူများ မပေါ်ရင် ရှုရမှာသည် အိမ်သည်စိတ်ကိုရှု (မှန်ပါ့ ဘုရား)၊ တစ်ခါမြင်စိတ် ကလေး ပေါ်လာရင် မြင်စိတ် ဖြစ်ပျက်ရှု၊ မြင်စိတ်ကလေး မရှိပြန်ဘူးဆိုရင် အိမ်သည် နှစ်ခု ပြန်ကောက် (မှန်ပါ့ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ကဲ ယားစိတ်၊ ယံစိတ်ကလေး ပေါ်လာပြန်ရင် ကော မောင်နိုင် ဘာလုပ်ရမလဲ (ဖြစ်ပျက် ရှုရပါမယ်)၊ သူကပြီးတော့ ဘယ်သွားရှုရမလဲ (အိမ်သည်ပြန်ရှုရ ပါမယ်)၊ အိမ်သည်ပြန်ရှုရမယ် (မှန်ပါ့)၊ အိမ်သည် ဆိုတာ က အမြဲသက်စောင့် နေတယ် (မှန်ပါ့ ဘုရား)၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)၊ ထွက်စိတ်၊ ဝင်စိတ်ကို ပြန်ရူရမယ် (မှန်ပါ့)။

ရှုပါများလာတော့ မုန်းတယ်

ကဲ ဒီလိုရှုလိုက်တဲ့ အခါကျတော့ မိမိခန္ဓာကြီး၏ ဖြစ်ပျက်အနိစ္စမမြင်ဘူးလား (မြင်ပါတယ် ဘုရား)၊ ဪ သူဟာ ဒီလိုအပြစ်မြင်နေတာကိုး ဆိုတာ မလာပေဘူးလား (လာပါတယ်)၊ ခဏ,ခဏ သေနေတဲ့ အမျိုးပါကလား ဆိုတာ မသိဘူးလား (သိပါတယ် ဘုရား)။

အဲဒီတော့ သူ့ဇာတိဆိုတဲ့ဖြစ်မှု၊ မရဏဆိုတဲ့သေမှု ကြိုက်သေးရဲ့လား (မကြိုက်တော့ပါ ဘုရား)။

ဒါဖြင့် ရှုဖန်များလာတော့ မုန်းတယ် (မုန်းပါ တယ်)၊ ကြာလာတော့ မုန်းရုံမကဘူး၊ ဒီခန္ဓာ ကိုယ်ကြီးဖြင့် အခုဖြစ်ပျက်တွေကိုဖြင့် မလိုချင်ပါဘူးဆိုတာ မလာဘူးလား (လာပါတယ် ဘုရား)။

မလိုချင်တော့ ဖြစ်ပျက်တွေ ချုပ်ငြိမ်းသွားတယ်

မလိုချင်ပါဘူးဆိုတာ လာသည်နဲ့တစ်ပြိုင်နက်တည်း ဒကာ, ဒကာမတို့ ဖြစ်ပျက်တွေ ချုပ်ငြိမ်း သွားတယ် (မှန် ပါ့)၊ ချုပ်ငြိမ်းသွားတော့ ခန္ဓာချုပ်ငြိမ်းတယ် (မှန်ပါ့)။

ဇာတိ၊ ဇရာ၊ မရဏ ခန္ဓာကြီး ဘယ့်နှယ်နေသတုံး (ချုပ်ငြိမ်းသွားပါတယ်)၊ ချုပ်ငြိမ်းသွားတဲ့ အခါကျတော့ ဇာတိ၊ ဇရာ၊ မရဏမရှိတဲ့ နိဗ္ဗာန်ဟာ ပေါ်မလာဘူးလား (ပေါ်လာပါတယ် ဘုရား)။

နိဗ္ဗာန်နဲ့ ဉာဏ်နဲ့သွားတွေ့တယ်

အဲဒီပေါ်လာတဲ့အခါကျတော့မှ နိဗ္ဗာန်နဲ့ ဉာဏ်နဲ့ သွားမတွေ့ဘူးလား (တွေ့ပါတယ် ဘုရား)။

တွေ့တော့မှ ဪ လွတ်ပဟေ့ ကျွတ်ပဟေ့ ရှာမှီးခြင်း အခုတည့်တယ်၊ မသေရာဆိုတာ ဒါပဲဟေ့ ဆိုပြီး အဲဒီကျမှ ပြုံးပြီးတော့နေရမယ် (မှန်ပါ့)၊ ရှင်း ပလား (ရှင်းပါပြီ ဘုရား)။

ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။